အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
အခန်း ၉၃ ကောင်တီမင်းသမီးကို စွပ်စွဲပြစ်တင်ခြင်း
မီးဖွားပြီး တစ်လတာကာလကို ကောင်းမွန်စွာ ဖြတ်ကျော်ပြီးနောက် စုန့်တင်းရှန်းက အားအင်များ အပြည့်အဝဖြင့် ပြန်ကျန်းမာလာခဲ့သည်။ နို့ထိန်းတစ်ယောက် ငှားရမ်းထားနိုင်သောကြောင့် အခြားမိခင်များကဲ့သို့ အလွန်အမင်း မပင်ပန်းခဲ့ဘဲ တစ်လအတွင်း သူမ၏ကိုယ်အလေးချိန်ပင် အနည်းငယ် တက်လာခဲ့သည်။
သူမ၏ အသားအရေက ပိုမိုဝင်းပလာပြီး နူးညံ့ဖူးအိနေကာ ဗာဒံစေ့ပုံစံ မျက်ဝန်းများက တောက်ပနေသည်။ သူမ၏ပါးပြင်လေးများက ပန်းရောင်သန်းနေပြီး ယခင်ကထက် အများကြီး ပိုမိုလှပနေသည်။
"နင်က တကယ်ကို ကောင်းမွန်တဲ့ဘဝနဲ့ နေနိုင်ခဲ့တာပဲ”
လီရှီက ကလေးများအတွက် အဝတ်ဟောင်းလေးများကို ပြင်ဆင်ပေးရင်း သက်ပြင်းတချက်ချကာ ပြောလာပြန်သည်။
"နင်အမေ တုန်းကဆိုရင် နင်အစ်မကို နို့တိုက်ရတုန်းက ပထမဆုံးရင်သွေးဆိုတော့ နို့ရည် ကောင်းကောင်း မထွက်ခဲ့ဘူး၊ ဒါပေမယ့် သူ အရမ်း မပင်ပန်းခဲ့ဘူး၊ နင့်အစ်ကိုကိုလည်း မွေးလာရော အဲဒီကလေးက အငမ်းမရ စားတာအေ၊ ဝံပုလွေကျနေတာပဲ၊ နင်အမေဆိုရင် သူ နို့တွေကို ကိုက်ထားလို့ တစ်ညလုံး မအိပ်ရဘူး၊ တော်သေးတာက အဲဒီအချိန်က နင်ရဲ့ အဒေါ်လည်း ကလေးမွေးထားလို့ နင်အစ်ကိုကို ဝိုင်းပြီး နို့တိုက်ပေးလို့သာ သူ ကြီးလာနိုင်တာ"
ထိုစကားကို ကြားလိုက်ရချိန်တွင် ဖန့်ရှီကလည်း သက်ပြင်းချရင်း ဝင်ပြောလိုက်သည်။
"ဟုတ်တယ်၊ အဲ့တုန်းက သူ ကျွန်မကို ကိုက်လိုက်တာဆိုတာ ရင်သားတွေကို ရောင်ကိုင်းနေတာပဲ၊ အဲ့ဒါတောင် ကလေး နို့စို့တဲ့အခါ သူ့ကို ထိခိုက်မှာစိုးလို့ ဆေးတောင် မလိမ်းရဲခဲ့ဘူး၊ တကယ့်ကို ဒုက္ခရောက်ခဲ့ရတာ၊ အခုတော့ အာ့နွီကို ကြည့်လိုက်၊ ကလေး မွေးပြီးတာနဲ့ နို့ထိန်း ငှားလိုက်ရုံပဲ၊ ဝမ်မိသားစုကလည်း နို့ထိန်းတစ်ယောက် ထပ်ပို့ပေးလိုက်သေးတယ်၊ ဘာအတွက်မှ ပင်ပန်းစရာ မလိုတော့ဘူး"
စုန့်တင်းရှန်းက ပြုံးနေပြီး အနှီးများမှ ထွက်နေသော သမီးဖြစ်သူ၏ လက်နုနုလက်ကို အသာအယာ ဆုပ်ကိုင်လိုက်သည်။
"မွေးခါစတုန်းက သူတို့နှစ်ယောက် အရွယ်အစား ကွာခြားချက်က အရမ်းသိသာတယ်နော်၊ အခုတော့ တော်တော်လေး တူလာကြပြီ"
ဖန့်ရှီက ထောက်ခံလိုက်သည်။
"အင်း... ဟုတ်တယ်၊ တော်တော်လေး ထွားလာကြတယ်၊ ပြီးတော့ နင့်သားကလည်း အစားအသောက်ကို အင်မတန် မက်မောတာလေ၊ သူ့အတွက် စားပြီးတာနဲ့ သူ့အစ်မရဲ့စားစရာကို မျက်စိကျနေတာ၊ အခုမှ တစ်လပဲ ရှိသေးတယ်၊ နောက်လတွေဆို ပိုတောင် ထွားလာဦးမှာ၊ အခု နင် ကလေးတွေကို နို့တိုက်စရာ မလိုတော့ဘူးဆိုတော့ မီးဖွားပြီး ကောင်းကောင်းမွန်မွန် စားသောက် အနားယူနိုင်တယ်၊ ငါတို့ဘဝတွေက တကယ်ကို တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတာပဲ"
စုန့်တင်းရှန်းက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် မေးလိုက်ပြန်သည်။
"ဒါနဲ့ အမေ... အစ်ကိုကို မွေးတုန်းက ဒီလောက် ပင်ပန်းခဲ့တာကို ဘယ်လိုလုပ်ပြီး နောက်ထပ် ကလေးတွေ အများကြီး ထပ်မွေးနိုင်ခဲ့တာလဲ"
ဖန့်ရှီက သမီးဖြစ်သူကို မျက်စောင်းထိုးကာ စူစူဆောင့်ဆောင့် ပြန်ပြောလိုက်သည်။
"ဒါက ရှင်းနေတာပဲ မဟုတ်သာ၊ ငါသာ ကလေးတွေ ထပ်မမွေးရင် နင် ဘယ်လိုလုပ်ပြီး ရောက်လာမှာလဲ၊ ပြီးတော့ ငါလည်း ဒီလောက်အများကြီး မွေးနိုင်မယ်လို့ ဘယ်လို ကြိုသိမှာလဲ၊ အဲဒါက နင်အဖေကိုပဲ သွားမေးရမယ့် မေးခွန်းပဲ"
လီရှီက တဟားဟား ရယ်မောပြီးမှ ဝင်ပြောလိုက်သည်။
"နင့်အမေက ကံကောင်းတဲ့သူပါအေ၊ သူက နင့်အစ်ကို တစ်ယောက်တည်းအတွက်ပဲ ပင်ပန်းခဲ့တာပါဟယ်၊ နင့်ကို မွေးတော့လည်း နင့်ရဲ့ ပဉ္စမအဖွားနဲ့ ဆဋ္ဌမအဖွား အဖွားတွေမှာ ကလေးတွေ ရှိနေတော့ နင် နို့ငတ်တယ်ဆိုတာ မရှိခဲ့ဘူး၊ ငါ ထင်တာတော့ နင် အခုလို ထက်မြက်နေတာက အဲဒီတုန်းက နို့အမျိုးမျိုးကို သောက်ခဲ့ရလို့ ဖြစ်မယ်"
သူမတို့ စကားပြောနေစဉ်မှာပင် သမီးလေးက နိုးလာခဲ့သည်။ သူမ၏ ကျောက်မျက်ရတနာကဲ့သို့ မျက်လုံးအဝိုင်းလေးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပါးစပ်လေးက တလှုပ်လှုပ် ဖြစ်နေလေသည်။
လီရှီက လှမ်းပြောလိုက်သည်။
"နိုးလာပြီ၊ ငါတို့ရဲ့ ပေါင်ယာလေး နိုးလာပြီ၊ တစ်ယောက်နိုးရင် နောက်တစ်ယောက်လည်း နိုးတော့မှာ၊ ဒီနှစ်ယောက်က နိုးတာနဲ့ စားဖို့ သောက်ဖို့ပဲ သိတဲ့ ကလေးတွေ၊ နို့ထိန်းတွေကို အဆင်သင့် ပြင်ခိုင်းလိုက်တော့"
ပေါင်ယာ၏ မျိုးဆက်တွင် ညီအစ်မလေးယောက်ရှိသည်။ ကျင်းချောင်းအာ၏ အမြွှာသမီးများက တာ့နွီအာနှင့် အာ့နွီအာဖြစ်လာပြီး ကျောက်တီ၏ သမီးလေးကို စန်းနွီအာဟု ခေါ်ကြသည်။ ဤသမီးငယ်လေးကို "စစ်နွီအာ"ဟု မခေါ်ချင်သောကြောင့် လီရှီက ‘ပေါင်ယာ(ရတနာလေး)’ ဟု အမည်ပေးထားခဲ့သည်။
သားငယ်လေး၏ အမည်ပြောင်က "ရှန့်ရှ" ဖြစ်ပြီး ကျေးလက်၏ဓလေ့အရ ကလေးများအား စောင့်ရှောက်ရလွယ်ကူစေရန် ထိုကဲ့သို့ နာမ်နှိမ်ထားသော အမည်ပြောင်များ ပေးလေ့ရှိသည်။ ထို့အပြင် ဤကလေးငယ်က မွေးစတွင် သူ့အစ်မထက် အနည်းငယ် ပိုသေးငယ်ပြီး နုနယ်လွန်းသည်။ ထို့ကြောင့် စစ်သူကြီး၏ သားဦးလည်း ဖြစ်သော သူ့ကို "ဘာပဲဖြစ်ဖြစ် တည်မြဲကျန်ရစ်မည့်သူ" ဟု အဓိပ္ပာယ်ရသော " ရှန့်ရှ" ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။
(ရှန့်ရှားကလေ အကျန်လေးလို ခေါ်တာပါ)
အနီးအနားတွင် ပန်းထိုးပေးနေသော ကျန်းကျူးက “ဟုတ်ကဲ့”ဟု ပြန်ပြောကာ သူမ၏ ပန်းထိုးကွင်းကို ဘေးချပြီး အပြင်သို့ ခပ်မြန်မြန် ထွက်သွားတော့သည်။
ဖန့်ရှီက ကျန်းကျူး၏ လက်ရာကို ယူကြည့်ပြီး ချီးကျူးနေသည်။
"ဒီပန်းထိုးလက်ရာကို ကြည့်စမ်းပါဦး၊ ချောင်းအာထက်တောင် အများကြီး ပိုကောင်းသေးတယ်၊ ရွှေ့ဇီတို့ရော အခုဆို ဘယ်လိုနေကြမလဲ မသိဘူး၊ နေသားမှ ကျရဲ့လား"
စုန့်တင်းရှန်းက ပြောပြလိုက်သည်။
"ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အားလုံးအဆင်ပြေကြောင်း စာတစ်စောင် ရောက်ထားသေးတယ် မဟုတ်လား"
"ဘာပဲဖြစ်ဖြစ် အိမ်ဆိုတာက ဘယ်အရာနဲ့မှ မလဲနိုင်ဘူး၊ အိုက်ယား ပေါင်ယာလေး၊ ရှူးပေါက်လိုက်ပြန်ပြီလား"
ဖန့်ရှီက တီကောင်လေးလို တွန့်လိမ်နေသော မြေးမလေးကို ကြည့်ကာ ပတ်ထားသော အနှီးများကို အမြန်ဖြေပေးလိုက်သည်။
ထင်ထားသည့်အတိုင်းပင် ပေါင်ယာလေးက အနှီးများ ရွှဲစိုနေအောင် ဆီးသွားထားရုံတင်မကဘဲ သွားလေးဖြဲကာ ရယ်ပြနေသေးသည်။
ထိုအခိုက်အတန့်တွင် ကျန်းကျူးက အခန်းထဲသို့ ဝင်လာပြီး ပြောလာခဲ့သည်။
"နို့ထိန်းက အပြင်မှာ စောင့်နေပါတယ်၊ ပြီးတော့ သခင်ကြီးဝမ်ရဲ့ ကုန်လှည်းတန်းလည်း ပြန်ရောက်နေပါပြီတဲ့၊ သခင်မကြီး မှာထားတဲ့ ပစ္စည်းတွေ အကုန်ရောက်လာပြီလို့ သတင်းပို့ခိုင်းလိုက်ပါတယ်၊ သခင်မ သွားကြည့်ချင်သေးလား"
စုန့်တင်းရှန်းက ကလေးများနှင့် ခဏတဖြုတ် ဆော့ကစားပြီးနောက် သူမ၏ ဝတ်ရုံကို ယူဝတ်ကာ ဖန့်ရှီနှင့် လီရှီတို့ကို နှုတ်ဆက်ပြီး အပြင်ထွက်လာခဲ့သည်။
နို့ထိန်းက ကလေးအား နို့တိုက်နေသည်ကို ကြည့်ရင်း လီရှီက ဖန့်ရှီကို လှမ်းပြောနေပြန်သည်။
"ငါ အကြီးဆုံးသားကို မွေးတုန်းကတော့ ဒီတစ်ယောက်တည်းကို ကောင်းကောင်းမွန်မွန် ပြုစုနိုင်ရင် တော်ပြီလို့ တွေးခဲ့တာ၊ ဒါပေမယ့် တကယ့်ကို ပင်ပန်းခဲ့ရတယ်၊ နင်တို့ရဲ့အဖိုးနဲ့ အဖွားက လူကောင်းတွေပါ၊ ဒါပေမယ့် သူတို့က ဆင်းရဲကြတယ်လေ၊ အထူးသဖြင့် နင်တို့အဖေက အပြင်ထွက်ပြီး ပိုက်ဆံရှာနေရတော့ ငါက တစ်ယောက်တည်း ကလေးတွေကိုလည်း ကြည့်ရင်း အိမ်မှုကိစ္စတွေလည်း လုပ်ရင်းနဲ့ အချိန်တွေကို ဖြတ်ကျော်ရတာ၊ အဲ့တုန်းကတော့ ဘဝက တကယ်ကို ခက်ခဲလွန်းတယ်လို့ ခံစားခဲ့ရတာပေါ"
"နင်ရဲ့ အဖိုးနဲ့ အဖွားကလည်း အရမ်းကို အေးဆေးလွန်းတယ်၊ ကလေးတွေ ကြီးလာပြီး အိမ်ခွဲပေးပြီးတာနဲ့ ဘာကိုမှ ထပ်မပူတော့ဘူး၊ ဘယ်သူ ကောင်းကောင်းနေရလဲ၊ ဘယ်သူက ခက်ခဲနေလဲဆိုတာကတာ့ ကိုယ့်အရည်အချင်းအပေါ်မှာပဲ မူတည်တယ်၊ ငါကတော့ သူတို့နဲ့ မတူဘူး၊ အိမ်တွေ ခွဲပေးပြီး ကလေးတွေ ကြီးလာပြီ ဆိုပေမယ့် နင်တို့တွေ ဒုက္ခရောက်မှာကို ငါ စိုးရိမ်နေတုန်းပဲ"
ဖန့်ရှီက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"အမေ၊ တကယ်တော့ အမေက မေတ္တာတရားအကြီးမားဆုံးလူပါ၊ အဖေနဲ့ အမေသာ ဒီလောက် ချစ်ခင်ကြင်နာမှု မရှိခဲ့ရင် ကျွန်မတို့မိသားစုတွေ အခုလို အခြေအနေ ဖြစ်လာမှာ မဟုတ်ဘူး"
"ဒါကြောင့်လည်း လောကကြီးမှာ လူကောင်းတွေက ကောင်းတဲ့အကျိုးကို ခံစားရတာပေါ့၊ ကိုယ်က သူများအပေါ် ကောင်းရင် သူများကလည်း ကိုယ့်အပေါ် ပြန်ကောင်းကြမှာပဲ တစ်ယောက်တည်း၊ ဟန်ဆောင်ကောင်းတဲ့ လူနည်းစုနဲ့ လူယုတ်မာတွေကတော့ ခွ တစ်ယောက်တည်း ချွင်းချက်ပေါ့ တစ်ယောက်တည်း၊ ဒါပေမယ့် သူတို့ကလည်း မိသားစုဝင်တွေမှ မဟုတ်တာ၊ ငါတို့ ဂရုစိုက်နေစရာ မလိုပါဘူး တစ်ယောက်တည်း၊ အခုပဲ ကြည့်လေ ငါက နင်တို့အပေါ် ကောင်းယ်၊ နင်တို့ကလည်း တစ်ယောက်ကို တစ်ယောက် ဖေးဖေးမမနဲ့ နေကြတယ်၊ ငါတို့မိသားစုက ပိုပြီး တိုးတက်လာတယ်၊ ကျူးဇီက မင်းသားရဲ့ သား မဟုတ်ခဲ့ရင်တောင်၊ အာ့နွီက ကောင်တီမင်းသမီး မဖြစ်ခဲ့ရင်တောင် ငါတို့မိသားစုက အရမ်းကြီး ဆိုးရွားနေမှာတော့ မဟုတ်ပါဘူး"
"အဲ့ဒါတော့ ဟုတ်ပါတယ်၊ အာ့နွီက ကျွန်မတို့မှာ ရှိသမျှ ပိုက်ဆံတွေအကုန်လုံးကို စုပြီး ဒီအိမ်ကြီးကို ဝယ်ခဲ့တာလေ၊ အခု ပြန်တွေးကြည့်တော့ သူ့ရဲ့ ဆုံးဖြတ်ချက်က တကယ့်ကို မှန်ကန်ခဲ့တာပဲ"
"အာ့နွီက အမြော်အမြင် ရှိတယ်၊ ထက်မြက်တယ်၊ အလုပ်လုပ်တာရော စကားပြောတာရော အကုန် တော်တယ်၊ ငါတို့မိသားစုတစ်စုလုံးရဲ့ ထက်မြက်မှုတွေက သူ့ဆီကနေ ရောက်လာတာပဲ"
လီရှီက အပ်ကို သူမ၏ ခေါင်းထဲသို့ ဖြည်းဖြည်းလေး ထိုးသွင်းကာ အသာအယာ ပွတ်သပ်ရင်း သူမ၏လက်ထဲမှ အင်္ကျီလေး ဆက်ချုပ်နေပြန်သည်။
(t/n: အပ်ပိုချွန်အောင် ဆံပင်နဲ့ သွေးတာပါတဲ့)
ကလေးအဝတ်အစားများက နူးညံ့ပြီး သက်သောင့်သက်သာ လိုအပ်သည်။ အကြိမ်ကြိမ် လျှော်ဖွတ်ပြီး ဝတ်ဆင်ပြီးမှသာ ထိုသို့ နူးညံ့လာခြင်း ဖြစ်သည်။ အထည်သား မည်မျှနူးညံ့စေကာမူ အဝတ်အစားအသစ်များ၏ အသားကို အနည်းငယ်တော့ ကြမ်းတမ်းနေတတ်သည်။ ထို့ကြောင့် သူမတို့က ကလေးအဝတ်အစားများကို လုံးဝ ဟောင်းနွမ်းမသွားမချင်း နောင်တစ်ချိန် အသုံးပြုရန် သေသေချာချာ သိမ်းဆည်းထားလေ့ ရှိကြသည်။
"နင်တို့ရဲ့ ပဉ္စမအဒေါ်ရော အလုပ်များနေတုန်းပဲလား"
လီရှီက မေးလိုက်ပြန်သည်။
ဖန့်ရှီက ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။
"သူ ဒီနေ့ ရွာက ဂေါ်ဖီထုပ်အခင်းတွေကို သွားကြည့်တယ်၊ သူက ကျွန်မတို့ထက်တောင် ပိုပြီး စိတ်ပူနေသေးတယ်"
မြို့ထဲတွင် ကုန်စုံဆိုင်ကို ဖွင့်နေသည့် ဇနီးမောင်နှံမှလွဲ၍ ပဉ္စမအဖွား၏ မိသားစုဝင် အများစုက ဤနေရာတွင် နေထိုင်ကြသည်။ အားလုံးက နှစ်သစ်ကူးအတွက် "ဂေါ်ဖီချဉ်စပ်" များပြုလုပ်ရန် ပြင်ဆင်နေကြသည်။
ယနေ့တွင် မည်သူ၏ဂေါ်ဖီခင်းက ပိုကောင်းသည်၊ မည်သည်အချိန်တွင် ရိတ်သိမ်းရမည် စသည်တို့ကို ကြည့်ရှုရန်ဖို့ မနက်စောစောကတည်းက ရထားလုံးဖြင့် ရွာသို့ ပြန်သွားခဲ့ကြသည်။
"တွေ့တယ်မလား၊ အာ့နွီက ငါတို့မိသားစုကို ကူညီဖို့နဲ့ ပိုက်ဆံရအောင် လမ်းစရှာပေးဖို့ အမြဲစဉ်းစားနေတာ၊ ဒီကလေးက ငါတို့မိသားစုထဲက ဘယ်သူ့ထက်မဆို စိတ်ထားကောင်းတယ်"
"ဟုတ်တယ်၊ ကျွန်မ သွားပြီး ကြက်တစ်ကောင်လောက် သတ်လိုက်ဦးမယ်၊ သူ ပြန်လာရင် ကြက်စွပ်ပြုတ် သောက်ရအောင်၊ ကျွန်မရဲ့ အာနွီအာက အမြဲတမ်း အလုပ်များနေတာ၊ ပင်ပန်းမှာကိုလည်း မကြောက်ဘူး"
သူမက ပြောပြောဆိုဆိုဖြင့် အပြင်သို့ အပြေးအလွှား ထွက်သွားတော့သည်။
လီရှီက ခဏလောက်တိတ်ဆိတ်နေပြီးမှ သူမဘာသာ ညည်းညူးနေပြန်သည်။
“ဘယ်အမေက ဒီလောက်ပျာယာခတ်နေလို့လဲ”
.......။......။.....
"အရှင်မင်းသမီး၊ ဒါတွေအားလုံးက တုန်းကန်းက တကယ့်ပင်လယ်စာအစစ်တွေပါ၊ ကြည့်ပါဦး၊ ကျွန်တော်တို့ အကောင်းဆုံးနဲ့ အကြီးဆုံးတွေကိုပဲ ရွေးခဲ့တာပါ"
ကုန်လာပို့သည့် တာဝန်ခံက စိတ်ပါလက်ပါ ရှင်းပြနေသည်။ သူက ပင်လယ်နားတွင် အနေကြာခဲ့ပုံရပြီး သူ၏မျက်နှာက နေလောင်ဒဏ်ကြောင့် ညိုမည်းနေသည်။ ပင်လယ်ပျော်တစ်ဦး၏ ထူးခြားသော လက္ခဏာများကိုလည်း အပြည့်အဝ ဖော်ပြနေသေးသည်။
စုန့်တင်းရှန်းက ပင်လယ်စာခြောက်များကို စစ်ဆေးကြည့်နေပြီး အမှန်တကယ် အကောင်ကြီးကာ သန့်ရှင်းနေကြောင်း တွေ့လိုက်ရသည်။ နေလှန်းရာတွင် သေသေချာချာ ဂရုစိုက်ထားပုံရပြီး သဲများ၊ ဖုန်များလည်း မကပ်နေခဲ့ပေ။
“ဒါပဲလား”
"ပြီးတော့ ဒါက တောင်ပိုင်းက အထူးထွက်ကုန်တွေပါ၊ သခင်ကြီးဝမ်က မင်းသမီးပေးတဲ့ စာရင်းအတိုင်း တစ်ခုချင်းစီကို အကောင်းဆုံးအရည်အသွေးတွေပဲ ရွေးချယ်ခိုင်းခဲ့တာပါ"
ထိုလူက ပြောနေရင်းဖြင့် အိတ်များကို တစ်အိတ်ပြီး တစ်အိတ် ဖွင့်ပြနေသည်။ ထိုအိတ်များထဲမှ ရနံ့မွေးသောအပင် အမျိုးမျိုး ထွက်ပေါ်လာသည်။
ဟင်းခတ်အမွှေးအကြိုင်ရနံ့များက လေထဲသို့ ပျံ့လွင့်လာပြီး စုန့်တင်းရှန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူမက ကျန်းကျူးကို ညွှန်ကြားရင်း ထိုလူကိုပါ ထပ်မေးလိုက်သည်။
"အရမ်းကောင်းတယ်၊ ကျန်းကျူး.... ဒီတာဝန်ခံအတွက် ငွေချေပေးလိုက်၊ ဒီနှစ်အတွက် ဘယ်လောက် ထပ်ရနိုင်ဦးမလဲ"
“ဒီလို အရည်အသွေးမျိုးဆိုရင်တော့ နောက်ထပ် လှည်းငါးစီး ဒါမှမဟုတ် ခြောက်စီးလောက်ပဲ ပို့နိုင်ပါတော့မယ်၊ အဲဒါက နောက်ဆုံး အကန့်အသတ်ပါ၊ တကယ်လို့ အရည်အသွေး နည်းနည်း လျှော့ယူမယ်ဆိုရင်တော့ အများကြီး ပို့ပေးနိုင်ပါတယ်"
စုန့်တင်းရှန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။
"ဒီလို အရည်အသွေးမျိုး လှည်းခြောက်စီးစာ ယူမယ်၊ ပြီးတော့ အရည်အသွေးနည်းနည်း နိမ့်တဲ့ထဲက လှည်းဆယ်စီးစာလောက် ထပ်ယူမယ်၊ နှစ်မျိုးလုံး ယူမယ်"
“ဟုတ်ကဲ့ပါ၊ အရှင်မင်းသမီးအတွက် အကောင်းဆုံးကုန်ပစ္စည်းတွေ ပို့ပေးပါ့မယ်”
သူမ၏ ပြတ်သားသော စကားကြောင့် ထိုတာဝန်ခံလည်း ဝမ်းသာသွားပြီး ငွေကိုယူကာ နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။
သူမတို့ဒေသက ပင်လယ်နှင့် ဝေးလံသောကြောင့် လတ်ဆတ်သော ပင်လယ်စာ ရှားပါးပြီး ငါးခြောက်နှင့် ကမာခြောက်လောက်သာ ရရှိနိုင်သည်။ ယခင်က ဝမ်မိသားစုက ပင်လယ်စာအချို့ ပို့ပေးခဲ့ဖူးသောကြောင့် စုန့်တင်းရှန်းက ပင်လယ်စာငံပြာရည်နှင့် ခရုဆီကို စမ်းသမ်းလုပ်ကိုင်ချင်နေသော်လည်း မိုးခေါင်မှုကြောင့် ထိုပင်လယ်စာများကိုလည်း ဟင်းချက်စားလိုက်ရသည်။
ကမာခြောက်က လတ်ဆတ်သောကမာလောက် စားမကောင်းသော်လည်း ဘာမှ မရှိသည်ထက်စာလျှင် ပိုကောင်းနေသေးသည်။ စုန့်တင်းရှန်းက သူမ၏ ဆော့စ်လုပ်ငန်းတွင် ထုတ်ကုန်အသစ်များ မိတ်ဆက်ရန် စီစဉ်နေခဲ့သည်။
သူမက ရှာလကာရည်၊ ပင်လယ်စာ ငံပြာရည်၊ ခရုဆီနှင့် ခေတ်သစ်တွင် လူကြိုက်များသော ဆယ့်သုံးမျိုးစပ်ဟင်းခတ်အမွှေးအကြိုင်တို့ကို ထုတ်လုပ်ရန် ပြင်ဆင်နေခဲ့သည်။
ရှာလကာရည်နှင့် ငံပြာရည်က အချိန်ယူပြီး ချက်လုပ်ရသော်လည်း ခရုဆီကတော့ ပိုမိုမြန်ဆန်သည်။ ဆယ့်သုံးမျိုးစပ်ဟင်းခတ်အမွှေးအကြိုင်အတွက်လည်း မြောက်ပိုင်းတွင် အမွှေးအကြိုင်ပစ္စည်းများ ရှားပါးသောကြောင့် တောင်ပိုင်းမှ အမျိုးပေါင်း ဒါဇင်နှင့်ချီသည့် ဟင်းခတ်အမွှေးအကြိုင်များကို သခင်ကြီးဝမ်မှတဆင့် အထူးမှာယူခဲ့ရသည်။
"သခင်မ... ဒါက ဘာလဲဟင်"
ကျန်းကျူးက ခြင်းတောင်းထဲမှ ပြည်ကြီးငါးခြောက်တစ်ခု ကိုင်ပြရင်း လှမ်းမေးလိုက်သည်။
"အိုး... ဒါကိုရော စားလို့ရတာလား"
စုန့်တင်းရှန်းက ရယ်မောရင်း ပြန်ဖြေလိုက်သည်။
"ဒီကုန်လှည်းတွေပေါ်မှာရှိတဲ့ အိတ်ခွံတွေကလွဲရင် အကုန်စားလို့ ရတယ်၊ ဒီည နင်တို့ မြည်းကြည့်ရအောင် ငါ ချက်ပေးမယ်၊ တစ်ခါစားပြီးရင် ထပ်စားဖို့ မျှော်လင့်နေရမယ်လို့ ငါ အာမခံတယ်"
"သခင်မ ကိုယ်တိုင်ချက်မှာလား၊ ပျော်စရာကြီး"
ကျန်းကျူးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
စုန့်တင်းရှန်း ဟင်းချက်သည့်အခါတိုင်း အရသာရှိသော ဟင်းလျာများ အမြဲ စားရလေ့ရှိပြီး လူတိုင်းဝေစုမရလျှင်ပင် သူမကတော့ စားခွင့်ရဦးမည် ဖြစ်သည်။
လက်ရှိတွင် ဆော့စ်အလုပ်ရုံက ပဲငံပြာရည်နှင့် ဆော့စ်အမျိုးမျိုးကိုသာ အဓိကထား ထုတ်လုပ်နေခဲ့သည်။ ထို့အပြင် စားသောက်ဆိုင်တွင်လည်း အချို၊ အစပ်၊ အချဉ် အရသာ သုံးမျိုးရှိသော ဟင်းရွက်ချည်များ ရောင်းကောင်းနေပြီး ဝယ်ယူသူများကြားထဲ၌ အလွန်ရေပန်းစားနေသည်။
ပဲငပိ ထုတ်လုပ်ရာတွင်တော့ စုန့်တင်းရှန်းက ရိုးရိုးပဲငပိကို အရသာပိုကောင်းပြီး ပိုနူးညံ့အောင် ပြုပြင်ထားခဲ့သည်။ ထို့အပြင် ပဲကြီးဖြင့် ပြုလုပ်သော အစပ်ပဲငပိကိုလည်း ထပ်မိတ်ဆက်ပေးခဲ့သည်။ အစပိုင်းတွင် စားရန် တွန့်ဆုတ်နေခဲ့ကြသော်လည်း ယခုရောင်းကောင်းနေပြီ ဖြစ်သည်။
နောက်ထပ်လူကြိုက်များသော စားစရာက ကြက်သွန်ဖြူငရုတ်အနှစ်ဖြစ်ပြီး ရနံ့မွှေးကာ ကြက်သွန်ဖြူ၏စပ်သောအရသာကြောင့် ထမင်းမြိန်စေသည်။ ထို့ကြောင့် ၎င်းက ဒေသခံများ၏ အကြိုက်ဆုံးစားစရာဖြစ်လာခဲ့သည်။
စုန့်တင်းရှန်း၏ စီးပွားရေးလုပ်ငန်းများက တစ်နေ့ထက်တစ်နေ့ ပိုကျယ်ပြန့်လာခဲ့သည်။ သူကြွယ်ကြီးဝမ်က ဆော့စ်အလုပ်ရုံမှ ထွက်ရှိသမျှ ထုတ်ကုန်များကို သူတစ်ဦးတည်း ဖြန့်ဖြူးလိုသော်လည်း ထွက်ရှိသမျှ၏ ထက်ဝက်ကိုသာ ရရှိခဲ့သည်။ ကျန်ရှိနေသည့် ထက်ဝက်ကိုတော့ ဝေ့ခရိုင်နှင့် အနီးနားရှိ ရွာများက အလုအယက် ဝယ်ယူစားသုံးနေကြသောကြောင့် ဖြစ်သည်။
မကြာသေးမီက ကြုံတွေ့ခဲ့ရသော မိုးခေါင်မှုကြောင့် ဒေသခံများတွင် စားနပ်ရိက္ခာ အပိုအလျှံ မရှိသော်လည်း နောက်နှစ်များတွင် အခြေအနေ ပိုမိုကောင်းမွန်လာမည်က သေချာသည်။ ထိုအချိန်ရောက်လာလျှင် တိုင်းပြည်အနှံမှ ကုန်သွယ်ရေးလမ်းကြောင်းများသို့ အပြည့်အဝ တင်ပို့နိုင်ရန် ကြိုးစားနေကြသည်။
သိုးမွှေးနှင့် ဆော့စ်အလုပ်ရုံများအပြင် စုန့်တင်းရှန်းက ပန်းဂျုံခေါက်ဆွဲနှင့် အာလူးမှုန့် ထုတ်လုပ်သည့် အလုပ်ရုံငယ်လေးတစ်ခုကိုပါ တည်ထောင်ထားခဲ့သည်။ သူမက ဧကရာဇ်မင်းမြတ် ချီးမြှင့်ထားသော မြေလွတ်မြေရိုင်းများတွင် ပန်းဂျုံနှင့် အာလူး အမြောက်အမြား စိုက်ပျိုးခဲ့သည်။ ယခု သူမ ပန်းဂျုံနှင့် အာလူးအမြောက်အမြား ရိတ်သိမ်းနိုင်ခဲ့ပြီး လယ်သမားများကလည်း ပန်းဂျုံခေါက်ဆွဲနှင့် အာလူးမှုန့်များ နေ့စဉ် ပြုလုပ်ကာ အလုပ်များနေကြသည်။
အချောသတ်ပြီးသွားသော ပန်းဂျုံခေါက်ဆွဲက အလွယ်တကူ စားသုံးနိုင်သလို သယ်ယူပို့ဆောင်ရန် လွယ်ကူပြီး တာရှည်ခံစားစရာလည်း ဖြစ်သည်။
အာလူးခေါက်ဆွဲများကလည်း ဖြူဖွေးလုံးဝန်းနေပြီး အချိန်အကြာကြီး ပြုတ်သည့်တိုင် ကွဲထွက်သွားခြင်း မရှိပေ။
အာလူးကို အစိမ်းလိုက်ထားလျှင် အညှောက်ထွက်လွယ်ပြီး ပုပ်သိုးလွယ်သော်လည်း ယခုကဲ့သို့ အခြောက်ခံကာ အမှုူန့်ပြုလုပ်ပြီး ထိုမှတဆင့် ခေါက်ဆွဲများအဖြစ် ပြုလိုက်ရာ နှစ်ရှည်လများ သိုလှောင်ထားရန် အဆင်သင့်ဖြစ်သွားခဲ့သည်။ ဤရိက္ခာများကို မြောက်ပိုင်းရှိ စစ်သူကြီးကျုံးထံသို့ ပို့ဆောင်ပေးလိုက်ပြီး ဒေသခံသိုးကျောင်းသမားများ၊ နွားမွေးသူများနှင့် ကုန်သွယ်ရာတွင် အဖိုးတန်ပစ္စည်းများ ဖြစ်လာခဲ့သည်။
စုန့်တင်းရှန်းက ဒေသခံလယ်သမားများလည်း ထိုထုတ်ကုန်များ ပြုလုပ်နိုင်ရန် ကူညီပေးဖို့ ကျွမ်းကျင်လုပ်သားနှစ်ဦးကိုလည်း ထိုနေရာသို့ စေလွှတ်ပေးခဲ့သည်။ သူတို့ အလွန်ကောင်းမွန်စွာ ကြိုဆိုခံခဲ့ရသည်။
ပန်းဂျုံနှင့် အာလူးများက အလွန်စျေးသက်သာပြီး ဆင်းရဲသားများ ဆာလောင်မှု သက်သာစေရန် အသုံးပြုလေ့ရှိသော အစားအစာများဖြစ်သည်။ သို့သော် အာလူးက သိမ်းဆည်းရန် ခက်ခဲလှသည်။ ၎င်းတို့ အပင်ပေါက်လာလျှင် စား၍ မရတော့သလို အစိမ်းရောင်ပြောင်းသွားလျှင်လည်း စားရန် မသင့်တော်တော့ပေ။ သို့သော် ပန်းဂျုံကတော့ ဂျုံစေ့အဖြစ် ပြုလုပ်ပြီး အခြောက်ခံထားပါက ကြာရှည်စွာ သိမ်းဆည်းထားနိုင်သည်။ ဗိုက်ဆာနေချိန်တွင် ရေနွေးဖြင့် ပြုတ်ပြီး ပဲငံပြာရည် တစ်ဇွန်းနှင့် ဟင်းသီးဟင်းရွက် လက်တစ်ဆုပ်စာ ထည့်လိုက်ရုံဖြင့် အရသာရှိသော အစားအစာကို ရရှိနိုင်သည်။
နောင်တစ်ချိန်တွင် မြောက်ပိုင်းသားများက ၎င်းကို "အသက်ကယ်ရိက္ခာ" ဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။
ဝေ့ခရိုင်တွင် ရှိနေသည့် စုန့်တင်းရှန်း၏ စားသောက်ဆိုင်တွင် မိတ်ဆက်လိုက်သော ဟင်းလျာအသစ် ဆယ့်နှစ်မျိုးကျော်ကလည်း ပြိုင်ဘက်များ မနာလိုဖြစ်ရလောက်သည်အထိ အောင်မြင်နေသည်။
ထိုအထဲတွင် ကမာသားယာဂု၊ ပြည်ကြီးငါးအစပ်သုတ်၊ ခရုဆီဖြင့် ကြော်ထားသော ဂေါ်ဖီထုပ်၊ ကြက်ဥကမာမွှေကြော်တို့လည်း ပါဝင်သည်။ အသားဟင်းအနေဖြင့် သိုးသားနှပ်၊ သိုးသားလုံးကြော်၊ ဝက်သားလုံကြော်၊ ဝက်နံရိုးကင်၊ သိုးနံရိုးကင်စသည်တို့ကို ရောင်းချပေးနေခဲ့သည်။ နောက်ဆုံးတွင် အအေးစားစရာဖြစ်သော ပန်းဂျုံခေါက်ဆွဲအေးနှင့် ကြက်အာလူးခေါက်ဆွဲပြုတ်တို့ကိုလည်း ရောင်းချခဲ့သည်။
မြောက်ပိုင်းသားများက ပင်လယ်စာ စားလေ့မရှိသောကြောင့် ပင်လယ်စာပြင်ဆင်နည်းများကို သိပ်မရင်းနှီးကြပေ။ တချို့က ပင်လယ်စာ၏ ညှီနံ့ကိုပင် မကြိုက်ကြပေ။ သို့သော်လည်း ဤဆိုင်မှ ဟင်းလျာများကတော့ ညှီနံ့ လုံးဝ မရှိဘဲ လတ်ဆတ်သောအရသာကို ပေးစွမ်းနိုင်သောကြောင့် လူကြိုက်များနေခြင်းပင်။
‘ဘာလို့ ငါတို့ရဲ့ ကြော်ထားတဲ့ အသားလုံးတွေက အဲ့ဆိုင်က အသားလုံးတွေနဲ့ ဒီလောက် အရသာကွာခြားနေရတာလဲ’
ဝေ့ခရိုင်တွင် စားသောက်ဆိုင် အမြောက်အများ ရှိပြီး ထိုစားသောက်ဆိုင်က ကျိုးယိနို၏အမည် ဖြစ်သွားလျှင်လည်း တခြားဆိုင်များက ဂရုမစိုက်ခဲ့ကြပေ။ မည်သို့ပင်ဖြစ်စေ စားသုံးသူများက ပိုင်ရှင်၏အမည်ကို ဂရုမစိုက်ကြဘဲ အစားအစာ၏ အရည်အသွေးကိုသာ ဂရုစိုက်ကြသောကြောင့် သူတို့အတွက် ဘာမှ မထူးခြားဟုသာ သတ်မှတ်ခဲ့ကြသည်။
‘စားဖိုမှူးကောင်းတွေ ရှိနေသရွေ့ ဖောက်သည် မရှိမှာကို ဘာလို့ စိုးရိမ်နေရမှာလဲ’
ထိုစားသောက်ဆိုင်ကို ပထမဆုံး ပြန်ဖွင့်ချိန်တွင် ဟင်းလျာစာရင်း ပြောင်းလဲသွားခဲ့သည်။ အရသာကောင်းသော်လည်း သူတို့ အတုယူရန် လွယ်ကူခဲ့သည်။ သို့သော် ယခု ဟင်းလျာများကတော့ အတုယူရန် မဖြစ်နိုင်တော့ဘဲ ဘာထည့်ထားမှန်း အရသာမခံနိုင် ဖြစ်နေကြသည်။
ဝေခရိုင်မှ အခြားစားသောက်ဆိုင်၏ ပိုင်ရှင်ဖြစ်သော လျိုမျိုးရိုးက သူ့ရှေ့မှ အသားလုံးကြော်နှစ်ပွဲကို ကြည့်ကာ မျက်နှာပျက်နေသည်။ တစ်ပွဲက သူ့ဆိုင်မှ ဖြစ်ပြီး နောက်တစ်ပွဲက စုန့်တင်းရှန်းဆိုင်မှ ဖြစ်သည်။ အရသာက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေသည်။
သူ စုန့်တင်းရှန်းဆိုင်မှ စားဖိုမှူးများကို ငွေပေး၍ ဆွဲဆောင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အကြောင်းက ထိုစားဖိုမှူးအားလုံးက ကျေးကျွန်စာချုပ် ချုပ်ဆိုထားသော ကျိုးမိသားစု၏ လူယုံတော် ကျေးကျွန်များ ဖြစ်နေကြသောကြောင့်ပင်။ ထို့အပြင် ဤဟင်းလျာများကို ကျိုးမိသားစု၏ စားဖိုမှူးများမှ သင်ကြားပေးခဲ့ကြောင်းလည်း သူ ကြားသိခဲ့ရသည်။ သူတို့အနေဖြင့် စားသောက်ဆိုင်မှ စားဖိုမှူးများကိုပင် ခိုးယူနိုင်ခြင်းမရှိဘဲ စစ်သူကြီးအိမ်တော်မှ စားဖိုမှူးများကို ခိုးယူရန်က လုံးဝ မဖြစ်နိုင်တော့ပေ။ ထိုသို့လုပ်ရဲသူ ရှိလာလျှင်လည်း ထိုလူက အသက်ရှင်ရသည်ကို ငြီးငွေ့နေသည့်သူသာ ဖြစ်ပေလိမ့်မည်။
ဆိုင်ရှင်လျိုတစ်ယောက် ဝက်သားဖြင့် လုပ်ထားသော အသားလုံးများကို ကြည့်ကာ လုံးဝ စဉ်းစားမရနိုင် ဖြစ်နေခဲ့သည်။
‘ဝက်သားနဲ့ လုပ်ထားတာချင်းအတူတူ ဘာကြောင့် ဒီလောက် အရသာကွာခြားနေရတာလဲ’
"သူဌေးလျို... ကျွန်တော် ဒီအသားလုံးကို မြည်းကြည့်ပြီးပြီ၊ အထဲမှာ ကြက်သွန်နီ၊ ဂျင်းနဲ့ ကြာစွယ်တွေ ပါနေတာတော့ သိသာပါတယ်။ ပြီးတော့ တခြားအမွှေးအကြိုင်တွေလည်း ပါနေတယ်၊ ဒါပေမယ့် အဲဒီအတိုင်း လိုက်လုပ်ကြည့်လည်း အရသာက အများကြီး ကွာနေတုန်းပဲ"
စားဖိုမှူးပိုင်က စိတ်ပျက်လက်ပျက် ပြောလာခဲ့သည်။
ဆိုင်ရှင်လျိုက ဒေါသတကြီး ပြန်မေးလိုက်သည်။
"အသားလုံးကို အရသာတူအောင် မချက်နိုင်တာကို ထားလိုက်ပါဦး၊ အဲဒီ ခရုဆီကိုရော မဖန်တီးနိုင်ဘူးလား"
စားဖိုမှူးပိုင်က မျက်နှာပျက်ပျက်ဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်တော် ကမာခြောက်တွေ ဝယ်ပြီး ဆီအမျိုးမျိုးနဲ့ ကြော်ကြည့်ပြီးပါပြီ၊ ဒါပေမယ့် အရသာ မတူဘူး၊ သူတို့ဆီက ခရုဆီက ပိုလတ်ဆတ်ပြီး အဆီနည်းတယ်"
အမှန်တကယ်တွင် အသားလုံးနှင့် ခရုဆီသာမက ဆိတ်နံရိုးနှင့် ဝက်နံရိုးများ၏ အရသာကိုလည်း သူတို့ လိုက်မမီနိုင် ဖြစ်နေကြသည်။ စုန့်တင်းရှန်း၏ ဆိုင်မှ အသားဟင်းများက ပိုမွှေးကြိုင်ပြီး ညှီနံ့ လုံးဝမရှိပေ။
‘အဲဒီဆိုင်ကနေ အသားပန်းကန် သေးသေးလေးတစ်ချပ်နဲ့ အရက်အနည်းငယ် ဝယ်လိုက်ရင် အေးချမ်းတဲ့ နေ့လည်ခင်းတစ်ခုကို အလွယ်တကူ ဖြတ်သန်းနိုင်လိမ့်မယ်၊ ဘဝကို အရမ်းသက်တောင့်သက်သာရှိစေတယ်’
‘ပြီးတော့ မြေအိုးထဲက ကမာကောင်ယာဂုကလည် တခြားယောက်သွားကမာတွေထက် အများကြီး စျေးပိုသက်သာတယ်၊ ညှီနံ့မရတဲ့အပြင် အရသာကလည်း ပြီးပြည့်စုံတယ်။ ပူပူနွေးနွေး ပန်းကန်လုံးကြီးတစ်လုံးလောက် သောက်လိုက်ရရင် စိတ်ချမ်းသာသွားသလို ခံစားရစေတယ်’
စားဖိုမှူးပိုင်ကိုယ်တိုင်ပင် စုန့်တင်းရှန်း၏ လက်အောက်၌ အလုပ်ပြောင်းလုပ်ရန် တိတ်တဆိတ် စဉ်းစားနေခဲ့သည်။
‘ဘယ်စားဖိုမှူးက ပညာအသစ်တွေ သင်ခွင့်ရမယ့် အခွင့်အရေးကို လက်လွှတ်ချင်မှာလဲ’
..........။.........။........
"ဘာ.... တင်းရှန်းက ဟင်းအသစ်တွေ ထပ်ချက်လိုက်ပြန်ပြီလား"
ကြင်ယာတော်မင်းသမီးကြီးက သူမ ရှေ့တွင် ရောက်နေသည့် ရင်းနှီးနေသော စားဖိုချောင်အစေခံမလေးနှစ်ဦးကို ကြည့်ကာ တအံ့တဩ မေးမြန်းနေသည်။
"ဒီကလေးမလေးကတော့... ကလေးမွေးပြီး ကောင်းကောင်းနားရမယ့်အစား ဘာတွေ လျှောက်လုပ်နေတာလဲ မသိတော့ဘူး"
မင်းသားကြီးက ရယ်မောရင်း ဝင်ပြောလိုက်သည်။
"ဒါက သူ့ရဲ့ပါရမီပဲ၊ ကိုယ်တို့တွေဆို သင်ရင်တောင် တတ်မှာမှ မဟုတ်တာ၊ မြန်မြန်... လုပ်ကြ၊ ငါတို့ မြည်းကြည့်ဖို့ သွားချက်ကြစမ်း၊ တင်းရှန်း ပို့ပေးလိုက်တာဆိုရင် သေချာပေါက် စားကောင်းမှာပဲ"
ကြင်ယာတော်မင်းသမီးကြီး : “….”
နောက်တစ်နေ့ နန်းတွင်းညီလာခံအပြီးတွင် ဧကရာဇ်မင်းမြတ်က မင်းသားကြီးရှစ်ကို သီးသန့်ခေါ်ယူ မေးမြန်းလာခဲ့သည်။
"ဦးရီးတော်ရှစ်... ငါကိုယ်တော် အဲဒီကလေးနှစ်ယောက်အတွက် ရွေးပေးလိုက်တဲ့ နာမည်တွေ ရောက်ပြီလား"
မင်းသားကြီးက အပြုံးဖြင့် ပြန်လျှောက်တင်လိုက်သည်။
"ရောက်သွားပါပြီ အရှင်မင်းမြတ်၊ ဒါပေမယ့် ကလေးတွေက ငယ်သေးတော့ အမည်ပြောင်တွေနဲ့ပဲ ခေါ်နေကြတုန်းပါပဲ၊ မြေးမလေးကို 'ပေါင်ယာ'လို့ ခေါ်ပြီး မြေးလေးကိုတော့ 'ရှန့်ရှ'လို့ ခေါ်ကြပါတယ်၊ ဟား ဟား ဟား"
ဧကရာဇ် : "...."
‘ပေါင်ယာကတော့ ထားပါတော့....ဒါပေမယ့် ရှန့်ရှဆိုတာက ဘာလဲ’
မင်းသားကြီးက ဧကရာဇ်၏ မျက်နှာအမူအရာကို ကြည့်ပြီး ထပ်မေးလိုက်သည်။
"အရှင်မင်းမြတ်က ဒီအကြောင်းကို မေးချင်လို့ ခေါ်လိုက်တာလား"
ဧကရာဇ်က မျက်နှာထားတင်းတင်းဖြင့် ဆက်မေးလိုက်သည်။
"ငါကိုယ်တော် ခန့်အပ်ထားတဲ့ ကောင်တီမင်းသမီးက ဦးရီးတော်တို့အတွက် စားစရာအသစ်တွေ ထပ်ပို့လိုက်တယ်လို့ ကြားတယ်"
မင်းသား:ကြီးရှစ် : "...."
‘အရှင်မင်းမြတ်က ဘာလို့ 'ငါကိုယ်တော် ခန့်အပ်ထားတဲ့’ ဆိုတဲ့ စကားလုံးတွေ ဒီလောက် အလေးပေးပြီး မေးနေရတာလဲ’
"ဟုတ်ပါတယ်... ကျွန်တော်မျိုးရဲ့ အကြီးဆုံးချွေးမက တကယ့်ကို သိတတ်ပါတယ်၊ သူကိုယ်တိုင်ချက်ထားတဲ့ ဆော့စ်တွေ အများကြီးပို့ပေးပြီး အရသာလည်း အတော် ကောင်းပါတယ်။ အခု အိမ်တော်က လူတွေ အထူးဟင်းလျာ ချက်ပြုတ်တတ်အောင် သင်ပေးဖို့ စားဖိုဆောင်အစေခံတွေကိုပါ လွှတ်လိုက်ပါတယ်၊ ဟင်းတွေရဲ့အရသာက တကယ့်ကို ထူးခြားဆန်းသစ်ပါတယ်"
ဧကရာဇ်က စိတ်ဝင်တစားဖြင့် မေးလာပြန်သည်။
"အိုး... ဘယ်လောက်တောင် ဆန်းသစ်နေလို့လဲ"
မင်းသားကြီးရှစ်က ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
"အရှင့်ရဲ့ အရီးတော်လို အစားအသောက် ရွေးတဲ့သူတောင် အဲဒီဟင်းတွေကြောင့် ထမင်းနှစ်ပန်းကန် ပိုစားမိပြီး ညဘက် အစာမကြေလို့ ခြံဝင်းထဲမှာ လမ်းထလျှောက်ခဲ့ရပါတယ်၊ ဟား ဟား ဟား"
ဧကရာဇ်က ထပ်မေးလာပြန်သည်။
"အင်း... အဲဒီလောက်တောင် ကောင်းတာလား"
မင်းသားကြီးကလည်း အခြေအနေကို ရိပ်မိသွားပြီး အမြန်လျှောက်တင်လိုက်သည်။
"ကျွန်တော်မျိုးက အရင် မြည်းစမ်းကြည့်ရုံတင်ပါ၊ တကယ် စားကောင်းတယ်ဆိုရင် အရှင့်ဆီကို သတင်းပို့ပြီး နန်းတွင်းစားဖိုမှူးတွေကို သင်ပေးခိုင်းမလို့ပါ၊ အရသာက သာမန်ပဲဆိုရင်တော့ အရှင့်ကို ဆက်သဖို့ အရှက်ရာစရာ ဖြစ်နေမှာကို စိုးရွံ့မိလို့ပါ"
ဧကရာဇ်က ဆက်ပြောလာခဲ့သည်။
"ငါကိုယ်တော် ခန့်အပ်ထားတဲ့ ကောင်တီမင်းသမီးက မြောက်ပိုင်းဒေသကို သိုလှောင်ရလွယ်ကူပြီး အရသာရှိတဲ့ ပန်းဂျုံခေါက်ဆွဲနဲ့ အာလူးမှုန့်တွေ ပို့ပေးတယ်လို့လည်း ကြားတယ်၊ ဒါတင်မကဘူး... ဒေသခံတွေကို လုပ်နည်းသင်ပေးဖို့ စစ်သူကြီးကျုံးဆီကို လူလွှတ်ပေးခဲ့သေးတယ်၊ ဒီလိုဆိုရင်တော့ အဲဒီမှာ ရှိနေတဲ့လူတွေ အာလူးပြုတ်နဲ့ ပန်းဂျုံကြော်လောက်ပဲ စားနေရတဲ့ဘဝကနေ တက်လှမ်းနိုင်လောက်ပြီ၊ သူတို့ရဲ့ လူနေမှုဘဝတွေလည်း တိုးတက်လာရောပေါ့"
မင်းသားကြီးက ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ကျွန်တော့်ရဲ့ အကြီးဆုံးချွေးမ ပြောတာကတော့ သူ့ရဲ့မြေရိုင်းတွေကို ပြုပြင် စိုက်ပျိုးပြီးရင် ဒီပစ္စည်းနှစ်မျိုးကိုပဲ ဆက်စိုက်ပျိုးနေမှာ မဟုတ်တော့တဲ့အတွက် တခြားနေရာတွေကို တာရှည်ခံအစားအစာလုပ်နည်းတွေ လက်ဆင့်ကမ်း သင်ပေးခဲ့တာပါတဲ့။ သူက တခြားနေရာတွေမှာ ထူးချွန်ချင်မှ ထူးချွန်မယ်၊ အစားအသောက်နဲ့ ပတ်သက်ရင်တော့ တကယ့်ကို စိတ်ရောကိုယ်ပါ မြှုပ်နှံထားတာပါ"
"ဒါက သူ အစားအသောက်အပေါ် စိတ်ဝင်စားရုံတင်မကဘဲ ပြည်သူတွေရဲ့ သာယာဝပြောရေးကိုပါ ထည့်သွင်းစဉ်းစားတာကို ပြနေတာပဲ၊ သူက ငါကိုယ်တော် ခန့်အပ်ထားတဲ့ ကောင်တီမင်းသမီးပါ၊ သူ့ရဲ့ စိတ်ဓာတ်နဲ့ အမျှော်အမြင်ကြီးမှုက ငါကိုယ်တော်ကိုတောင် အရှက်ရစေတယ်"
မင်းသားကြီးက အလျန်အမြန် ပြန်ဖြေလိုက်သည်။
"အရှင်မင်းမြတ်အနေနဲ့ အလွန်အကျွံ ချီးမွမ်းသလို ဖြစ်နေပါပြီ၊ ကျွန်တော့်ရဲ့ အကြီးဆုံးချွေးမက ဒီလောက်အထိ အများကြီး တွေးမိမယ် မထင်ပါဘူး၊ သူက လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာပဲ ဖြစ်မှာပါ"
"မှန်တယ်၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်၊ အတတ်ပညာတွေကို တစ်ယောက်တည်း ဆုပ်ကိုင်ထားပြီး သူများတွေ သိသွားမှာကို ကြောက်နေမယ့်အစား ဒီလိုမျိုး မျှဝေပေးတာက ပိုကောင်းတာပေါ့၊ ဒါနဲ့ ဦးရီးတော်ရှစ်... ကောင်တီမင်းသမီးက မြောက်ပိုင်းမှာ ဒီနှံစားသီးနှံတွေနဲ့ သိုးမွှေးကို လဲလှယ်နေတဲ့အပေါ် ဦးရီးတော်ရဲ့ အမြင် ဘယ်လိုရှိလဲ"
မင်းသားကြီးက ရုတ်တရက် အံ့အားသင့်သွားပြီး စိတ်ထဲမှ အော်ဟစ်နေခဲ့သည်။
"ဘုရားရေ... ငါ့ရဲ့ အကြီးဆုံးချွေးမက တကယ့်ကို ရဲတင်းလွန်းပါလား၊ မြောက်ပိုင်းနဲ့တောင် ကုန်သွယ်မှုတွေ စလုပ်နေပြီလား"
သူ ထိုသို့ တွေးနေသော်လည်း အပြင်ဘက်တွင်တော့ ထုတ်မပြောရဲပေ။ ရှင်ဘုရင်ကို ခစားရခြင်းက ကျားနှင့် အတူနေရသကဲ့သို့ ဖြစ်ပြီး စကားအသုံးအနှုန်း အနည်းငယ်လွဲသွားရုံဖြင့် ရလဒ်က ပြောင်းပြန်ဖြစ်သွားနိုင်ပေသည်။
သူက အလေးအနက် ပြန်လျှောက်တင်လိုက်သည်။
"လူမျိုးစုချင်း မတူကြပေမယ့် သူတို့အားလုံးက အရှင့်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ပြည်သူတွေပါပဲ၊ လူမျိုးစုတွေက အုပ်ချုပ်သူတွေကို ဘာလို့ ခဏခဏ ပုန်ကန်ကြတာလဲ၊ သူတို့ ဝဝလင်လင် မစားရလို့ မဟုတ်ဘူးလား၊ စစ်ပွဲတွေ ဖြစ်ရင် အရှင့်လက်အောက်က ပြည်သူတွေပဲ ဒုက္ခရောက်ရတာပါ၊ ကျွန်တော်မျိုး ထင်တာကတော့ ကောင်တီမင်းသမီးရဲ့ စိတ်ကူးက ရိုးရိုးလေးပါပဲ၊ သူတို့ ဝဝလင်လင် စားရမယ်၊ စိတ်အေးလက်အေး သိုးမွှေးမြူနိုင်မယ်၊ ပြီးတော့ အစားအစာရဖို့ သိုးမွှေးနဲ့ လဲလှယ်နိုင်မယ်ဆိုရင်..... ဗိုက်ဝနေတဲ့လူတွေမှာ ဘယ်သူကများ စစ်တိုက်ချင်ပါ့မလဲ"
"တစ်စုံတစ်ယောက်က ငါကိုယ်တော့်ဆီကို တိုင်ကြားစာတစ်စောင် ပို့ထားတယ်၊ ကောင်တီမင်းသမီးနဲ့ စစ်သူကြီးကျုံးတို့ ပူးပေါင်းပြီး မြောက်ပိုင်းက ပြည်သူတွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်နေတယ်လို့ စွပ်စွဲထားတယ်၊ ဒါကိုရော ဦးရီးတော် ဘယ်လိုထင်လဲ"
ထိုစကားကို ကြားလိုက်ရသည်နှင့် မင်းသားကြီး၏ ကျောပြင်တစ်ခုလုံးတွင် ချွေးစေးများ စိုရွှဲသွားတော့သည်။ သူက ချက်ချင်း ဒူးထောက်ပြီး ပြန်လျှောက်တင်လိုက်သည်။
"အရှင်မင်းမြတ်... စုန့်တင်းရှန်းက အရှင်မင်းမြတ်ကိုယ်တိုင် ခန့်အပ်ထားတဲ့ ကောင်တီမင်းသမီးပါ၊ သူ့ရဲ့ စိတ်နေစိတ်ထားကို အရှင် မသိဘဲ မနေပါဘူး၊ ကျွန်တော်မျိုး သိသလောက်တော့ ကောင်တီမင်းသမီးက ဝေခရိုင်မှာ မြေရိုင်းတွေ အများကြီးကို ဝယ်ယူခဲ့ပြီး မြေမရှိတဲ့ ပြည်သူတွေကို စိုက်ပျိုးခွင့် ပေးထားခဲ့ပါတယ်၊ ပထမ သုံးနှစ်အထိ မြေငှားခတောင် မယူဘဲ သူတို့ကိုယ်တိုင် စိုက်ပျိုးသမျှ ကောက်ပဲသီးနှံတွေကိုလည်း ပြန်ဝယ်ပေးခဲ့ပါတယ်၊ အဲဒီကနေ ထွက်လာတဲ့ ကောက်ပဲသီးနှံတွေကိုလည်း မြောက်ပိုင်းကို ချက်ချင်း ပို့ပေးခဲ့တာပါ၊ ဒါတင်မကပဲ သိုးမွှေးအတွက် ကိုယ်တိုင်လံလှယ်ပေးနေတဲ့သူက စစ်သူကြီးကျုံးပါ၊ စုန့်တင်းရှင်းက ငွေတပြားတောင် မယူဘဲ သိုးမွှေးကိုပဲ လက်ခံပြီး သိုးမွှေးလက်အိတ်တွေနဲ့ စောင်တွေကို ပြန်ပို့ပေးခဲ့တာပါ၊ လုပ်အားခကို သူ စိုက်ထုတ်ပေးခဲ့တာပါ၊ ကောင်တီမင်းသမီးနဲ့ စစ်သူကြီးကျုံးတို့က ပြည်သူကို ခေါင်းပုံဖြတ်တယ်လို့တော့ ကျွန်တော်မျိုး လုံးဝ မယုံကြည်နိုင်ပါဘူး"
ဧကရာဇ်က မင်းသားကြီးရှစ်ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် အပြုံးဖြင့် ပြန်ထူပေးလိုက်သည်။
"မှန်တယ်၊ ငါကိုယ်တော်လည်း မယုံဘူး၊ ဒါကြောင့်လည်း အဖြစ်မှန်ကို သိရအောင် မြောက်ပိုင်းကို လူလွှတ်ပြီး စုံစမ်းခိုင်းထားပြီးပြီ၊ ငါကိုယ်တော်ရဲ့ စစ်သူကြီးအိုကြီးနဲ့ ငါကိုယ်တော်ရဲ့ ကောင်တီမင်းသမီးကို ယုံကြည်ပြီးသားပါ၊ မင်းမျိုးမင်းနွယ်တွေ၊ အရာရှိတွေနဲ့ တခြားသူတွေလည်း သူတို့လို ပြည်သူနဲ့ တိုင်းပြည်အတွက် စိတ်ရင်းမှန်နဲ့ အလုပ်အကျွေးပြုကြဖို့ပဲ ငါကိုယ်တော် မျှော်လင့်နေမိတာပါ၊ အဲဒါဆိုရင် ငါကိုယ်တော်ရဲ့ စိတ်နှလုံးလည်း အေးချမ်းရပါပြီ"
မင်းသားကြီးရှစ်က ချက်ချင်း မထသေးဘဲ ဇွတ်အတင်း ဆက်လက်လျှောက်တင်နေသည်။
"အရှင်မင်းမြတ်... အခုလို စစ်သူကြီးအိုကြီးနဲ့ ကောင်တီမင်းသမီးကို စွပ်စွဲတဲ့သူတွေက မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာပါ၊ တကယ်လို့ ကျွန်တော်မျိုးရဲ့ ချွေးမသာ တကယ်ပဲ ငွေကို မက်မောတဲ့သူဆိုရင် အစကတည်းက စစ်သည်တွေအတွက် ဝတ်စရာနဲ့ ရိက္ခာတွေ ဒီလောက်အထိ ပို့ပေးနေမှာ မဟုတ်ပါဘူး၊ ဒါတင်မက သေးပါဘူး၊ ကောင်တီမင်းသမီးရဲ့ အလုပ်ရုံတွေမှာ အားကိုးရာမဲ့နေတဲ့ မုဆိုးမတွေနဲ့ မိဘမဲ့ကလေးတွေ အများကြီးကို အလုပ်အကိုင်ပေးထားတယ်လို့လည်း ကြားသိရပါတယ်၊ သူတို့ကို အလုပ်ရုံထဲမှာ နေရာပေး၊ အတတ်ပညာ သင်ပေးပြီး စားဝတ်နေရေးအတွက် ငွေကြေးထောက်ပံ့ပေးနေတာပါ၊ ဒီလို မွန်မြတ်တဲ့ အပြုအမူမျိုးကို တခြားသူသာဆိုရင် တစ်လောကလုံး သိအောင် ကြွားလုံးထုတ်နေမှာပါ၊ ဒါပေမယ့် ကောင်တီမင်းသမီးကတော့ ဘာမှ မပြောခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ သူက သူ့ကိုယ်သူ အရှင့်ရဲ့ ပြည်သူတစ်ယောက်၊ အရှင့်ရဲ့ ကောင်တီမင်းသမီးတစ်ယောက်လို့ ခံယူထားပြီး ပြည်သူတွေအတွက် လုပ်ဆောင်ပေးတာပါ၊ ဒါက အရှင့်ရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူညီထမ်းပိုးပေးတာလို့ပဲ သဘောထားနေလို့ပါ"
"အရှင်မင်းမြတ် မှတ်မိသေးလား... ဝေ့ခရိုင်မှာ မိုးခေါင်တုန်းက ကောင်တီမင်းသမီးက ကျိုင်းကောင်ဘေးကနေ ကာကွယ်ဖို့ မြေကို နက်နက်ထွန်ယက်ပြီး မီးရှို့တဲ့နည်းလမ်းကို အကြံပေးခဲ့တာလေ၊ အဲဒီနည်းလမ်းကို အနောက်မြောက်ဘက်က မိုးခေါင်တဲ့ဒေသတွေကို ပို့ပေးလိုက်တော့ ကျိုင်းကောင်အန္တရာယ် တကယ်ပဲ လျော့နည်းသွားခဲ့တယ်လေ၊ ဒါကလည်း ကြီးမားတဲ့ အကျိုးဆောင်မှုကြီးပါပဲ၊ ပြီးတော့ ကောင်တီမင်းသမီးရဲ့ အငယ်ဆုံးဦးလေးဆိုရင်လည်း စိုက်ပျိုးရေးပညာရပ်တွေကို ပြုစုဖို့ အခုထိ နေရာအနှံ့ လှည့်လည်နေရတုန်းပါ၊ သူတို့တစ်မိသားစုလုံးက အခုထိ အခန်း လေးငါးခန်းလောက်ပဲရှိတဲ့ အိမ်လေးထဲမှာ နေထိုင်နေကြတာပါ၊ မှတ်တမ်းမှူးစုန့်ရဲ့ ဇနီးဆိုရင်တောင် ခင်ပွန်းနဲ့အတူ လယ်ကွင်းတွေထဲအထိ လိုက်ပြီး ပြည်သူတွေနဲ့ စိုက်ပျိုးရေးအကြောင်း ဆွေးနွေးနေတာပါ၊ ကောင်တီမင်းသမီးကလည်း ဘာတစ်ခုမှ တောင်းဆိုခဲ့တာ မရှိပါဘူး၊ သူက မြို့တော်မှာ မနေချင်ဘဲ ဝေ့ခရိုင်ကိုပဲ ပြန်ချင်နေခဲ့တာပါ၊ တကယ်လို့ သူသာ ငွေကို မက်မောခဲ့ရင် မြို့တော်မှာနေတာက ပိုပြီး အခွင့်အရေး ရမှာ မဟုတ်ဘူးလား"
ဧကရာဇ်က စိတ်မရှည်သလို ပြန်ဖြေလိုက်သည်။
"သူ ဝေ့ခရိုင်ကို ပြန်သွားတာက မြို့တော်ကလူတွေက အရမ်းကို စိတ်ရှုပ်ဖို့ကောင်းတယ်လို့ ထင်နေလို့ ဖြစ်မှာပေါ့၊ ကဲပါ... တော်ပါတော့ ဦးရှီးတော်ရယ်၊ မြန်မြန် ထပါတော့၊ ငါကိုယ်တော်က ကောင်တီမင်းသမီးရဲ့ လုပ်ဆောင်ချက်တွေကို ဦးရီးတော်ထက်တောင် ပိုသိပါသေးတယ်၊ ငါကိုယ်တော် ပြောချင်တာက... တစ်ချို့လူတွေက ငါကိုယ်တော်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အားတက်သရော ဝိုင်းကူထမ်းပိုးပေးနေချိန်မှာ တစ်ချို့ကတော့ အနှောင့်အယှက်ပေးပြီး အချိန်ဆွဲနေကြတယ်၊ ငါကိုယ်တော် တကယ်ပဲ စိတ်အနှောင့်အယှက် ဖြစ်မိလို့ပါ"
မင်းသားကြီးရှစ်က မထချင်သေးဟန်ဖြင့် တွန့်ဆုတ်တွန့်ဆုတ် ထရပ်လိုက်သည်။
"အရှင်မင်းမြတ် စိတ်အနှောက်အယှက်ဖြစ်တာနဲ့ပဲ ဒီဦးရီးတော်ကိုတော့ ခြောက်လှန့်လို့ မဖြစ်ဘူးလေ၊ ကျွန်တော် ချွေးမခမျာလည်း ခံစားခဲ့ရတာတွေ မနည်းလှဘူး။ ဝေ့ခရိုင်ကို သွားနေတာတောင် သူ့ကို မကြည်ဖြူတဲ့လူတွေ ရှိနေသေးတာပဲ၊ တော်သေးတာပေါ့ သူ မြို့တော်မှာ မရှိလို့၊ မဟုတ်ရင် ဘယ်သူတွေကများ သူ့ကို ထပ်ပြီး မနာလိုဖြစ်နေဦးမလဲ မသိနိုင်ဘူး"
"ကောင်းပြီ၊ ကောင်းပြီ၊ ဦးရီးတော်ရှစ်ကို လန့်သွားအောင် လုပ်မိတာ ငါကိုယ်တော်ရဲ့အမှားပဲ၊ အဲဒီအတွက် လျော်ကြေးပြန်ပေးတဲ့အနေနဲ့ ငါကိုယ်တော်ကိုယ်တိုင် ဦးရီးတော်ကို အိမ်အထိ ပြန်လိုက်ပို့ပြီး ဦးရီးတော်တို့ ဇနီးမောင်နှံနဲ့အတူ နေ့လယ်စာ သုံးဆောင်ပါ့မယ်"
ဧကရာဇ်က ရယ်မောလျက် မင်းသားကြီးရှစ်၏ ဝတ်ရုံပေါ်မှ မရှိသော ဖုန်များကို ခါပေးရင်း အော်ဟစ်အမိန့်ပေးနေပြန်သည်။
"ဝမ်တန်းအာ... လာ၊ ငါကိုယ်တော် အဝတ်အစားလဲဖို့ ကူညီပေးဦး"
မင်းသားကြီးရှစ် : “…..”
.........။......။.......
စာရေးသူ၏မှတ်ချက်
မင်းသားကြီးရှစ် : “အရှင်မင်းကြီး၊ ခင်ဗျားက တကယ်ကို လူယုတ်မာလို ပြုမူနေတာပဲ”
ဧကရာဇ် : “ငါကိုယ်တော် တကယ်ကို ဒေါသထွက်နေတာပါ၊ ငါကိုယ်တော် ကုန်းဆင်းချင်လို့ မဟုတ်ပါဘူး”
မင်းသားကြီးရှစ် : “ဟား ဟား”
အခန်း ၉၄ စုန့်ရှင်းရန် သေဆုံးခြင်း
စုန့်တင်းရှန်းကတော့ မြို့တော်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို လုံးဝ မသိခဲ့ပေ။ မင်းသားကြီးနှင့် ကြင်ယာတော်မင်းသမီးတို့ကလည်း သူမ စိတ်အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သောကြောင့် ဘာမှ မပြောခဲ့ကြပေ။ အကယ်၍ သူမ သိခဲ့လျှင်လည်း သေချာပေါက် ဒေါသတကြီး ဆဲဆိုပေလိမ့်မည်။
‘ငါ ငွေတွေကို ရင်းနှီးမြှုပ်နှံနေတဲ့ အချိန်တုန်းကတော့ လူတိုင်းက သူရဲဘောကြောင်နေခဲ့ကြပြီး အခု အကျိုးအမြတ်လေး မြင်ရတော့မှ ဝိုင်းပြီး အမြတ်ထုတ်ချင်နေကြတာလား၊ အဲဒီလောက် လွယ်မယ်ထင်နေလား’
သို့သော် သူမ ထိုအရာများကို မသိသည့်တိုင် သူမ၏ စီးပွားရေးအမြင်က သူမ၏ ရင်းနှီးမြှုပ်နှံမှုကို မှန်မှန်ကန်ကန် ဆက်လက်စီမံခန့်ခွဲရန် တွန်းအားပေးနေခဲ့သည်။ လက်တွေ့တွင် သိုးမွှေးထည်လုပ်ငန်းက အမြတ်အစွန်း သိပ်မများလှပေ။ အဆင့်မြင့်အရည်အသွေးရှိသော ပစ္စည်းအတော်များများကို စစ်သည်များအတွက် ပေးခဲ့ရပြီး ကျန်ရှိသည့် အမြတ်ကလည်း အနည်းငယ်သာ ဖြစ်သည်။
သို့သော် ဟင်းခတ်အမွှေးအကြိုင်နှင့် ဆော့စ်လုပ်ငန်းကတော့ အလွန်အမြတ်အစွန်း များလှသည်။ ဆင်းရဲသော မိသားစုများပင်လျှင် တစ်နှစ်ပတ်လုံး ပဲငံပြာရည်၊ ခေါက်ဆွဲနှင့် ဟင်းသီးဟင်းရွက်ချဥ်များ ဝယ်ယူစားသုံးကြသည်။ ပစ္စည်းတစ်ခုချင်းစီက ကြေးပြားအနည်းငယ်သာတန်သော်လည်း အမြောက်အမြား ထုတ်လုပ်နိုင်မှုက ကြီးမားသော အမြတ်ကို ဖြစ်ထွန်းစေခဲ့သည်။ အရေးကြီးဆုံးအချက်က သူမ ပင်မနည်းပညာကို လက်ဝယ်ကိုင်ထားနိုင်သောကြောင့် မည်သည့်ပြိုင်ဘက်ကိုမျှ ကြောက်နေစရာမလိုခြင်းပင်။
ထို့ကြောင့် သူမက ဆော့စ်အလုပ်ရုံ၏ အမြတ်ငွေကို ရှယ်ယာ ဆယ်စု ခွဲဝေလိုက်သည်။ လုပ်ငန်းကို ကူညီစီမံ ကြီးကြပ်ခန့်ခွဲပေးသော အစ်ကိုကြီး စုန့်ကျွင့်ရှန်ကို တစ်စု၊ သူမ၏ မောင်လေးသုံးယောက်အတွက် တစ်စုစီ၊ အဘိုးနှင့် အဘွားအတွက် ရှယ်ယာတစ်စု ခွဲဝေပေးလိုက်သည်။
ကျန်ရှိနေသည့် ရှယ်ယာ ငါးစုထဲမှ နှစ်စုကို မင်းသားကြီးရှစ်၏အိမ်တော်သို့ ပို့ပေးခဲ့သည်။
ဤရှယ်ယာများကို ရရှိခဲ့သည့် မင်းသားကြီးက သူ့ကြင်ယာတော်နှင့် တိုင်ပင်လိုက်ပြီး ရှယ်ယာတစ်စုကို နန်းတော်သို့ ဆက်သရန် ဆုံးဖြတ်ခဲ့သည်။
တိုင်းပြည်၏ဘဏ္ဍာတိုက်က နှစ်ရှည်လများ သုံးစွဲမှုများနှင့် စစ်စရိတ်များကြောင့် အကျပ်အတည်း စိုက်နေပြီး စနစ်တကျ စီမံခန့်ခွဲနိုင်ရန် ရုန်းကန်နေရသည်။ ဧကရာဇ်မင်းမြတ်က ဘဏ္ဍာတိုက်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် သူ၏ ကိုယ်ပိုင်ငွေများကို အကြိမ်ကြိမ် ထုတ်သုံးခဲ့ရပြီး သူလည်း သမိုင်းတစ်လျှောက် အဆင်းရဲဆုံး ဧကရာဇ်ဖြစ်တော့မည်ဟုပင် သူကိုယ်သူ သံသယဝင်နေခဲ့သည်။ မင်းသားကြီးရှစ် ပို့လိုက်သော အမြတ်ရှယ်ယာက ဆယ်ပုံတစ်ပုံသာ ဖြစ်သော်လည်း သူတစ်ပါးကို အားကိုးနေရသော ဧကရာဇ်အတွက်တော့ ဤပမာဏက အလွန် အဖိုးတန်လှသည်။
ဧကရာဇ်မင်းမြတ်က တစ်ညလုံး စဉ်းစားပြီးနောက် ထိုအမြတ်ဝေစုကို အလကားမယူသင့်သလို ခံစားနေမိသည်။
ထို့ကြောင့် သူက "ထူးကဲရနံ့ရသာ" ဟူသော စာလုံးများကို အားပါပါဖြင့် ကိုယ်တိုင်ရေးသားကာ သူ့လက်မှတ်ကို ထိုးလိုက်ပြီး တံဆိပ်တုံးနှိပ်လိုက်သည်။ ထို့နောက် ဦးရီးတော်ရှစ်အတွက် အပြန်အလှန် လက်ဆောင်အဖြစ် ပေးသနားလိုက်သည်။
မင်းသားကြီးနှင့် ကြင်ယာတော်မင်းသမီးကြီးတို့က ထိုစာသားများပါသည့် စာရွက်ကို ရက်အတော်ကြာ ကြည့်ရှုရင်း စဥ်းစားနေခဲ့ကြသည်။ နောက်ဆုံးတွင် မြို့တော်ရှိ ကျွမ်းကျင်ပညာရှင်များကို ဖိတ်ခေါ်ကာ ရွှေရောင်ကမ္ဗည်းပြားတစ်ခု ပြုလုပ်ခဲ့ကြသည်။ ထို့နောက် နန်းတွင်းအစောင့်အရှောက်ဖြင့် ဝေ့ခရိုင်သို့ ပို့ဆောင်စေခဲ့သည်။
ထိုရွှေကမ္ဗည်းပြား ဝေခရိုင်သို့ ရောက်ရှိလာချိန်တွင် နှစ်သစ်ကူးလည်း နီးကပ်နေပြီ ဖြစ်သည်။ စုန့်တင်းရှန်းလည်း ထိုရွှေကမ္ဗည်းပြားကို လက်ခံလိုက်ပြီး အလွန်အမင်း အံ့အားသင့်နေခဲ့သည်။ ထိုရွှေရောင်ကမ္ဗည်းပြားနှင့်အတူ မိန်းမစိုးဝမ်၏ တပည့်ဖြစ်သူ မိန်းမစိုးငယ်တစ်ဦးလည်း လိုက်ပါလာခဲ့သည်။
သူက ညင်သာသောလေသံဖြင့် တိုးတိုးလေး ပြောလာခဲ့သည်။
"ဒါက ဧကရာဇ်မင်းမြတ်ကိုယ်တော်တိုင် ရေးထိုးထားတဲ့ ကမ္ဗည်းပြားဆိုတော့ ပေါ့ပေါ့ဆဆ ချိတ်ထားလို့ မရဘူးနော်၊ အလုပ်ရုံကို ပြန်မွမ်းမံသင့်တယ်၊ မဟုတ်ရင် အရှင်မင်းမြတ်ကို မလေးစားရာ ရောက်ပါလိမ့်မယ်"
စုန့်တင်းရှန်းက ခါးသက်သက် အပြုံးဖြင့် ကျေးဇူးတင်လိုက်သည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မြင်တဲ့အတိုင်း အခုက ရေခဲတွေ၊ နှင်းတွေ ဖုံးနေတာလေ၊ မြေကြီးတူးဖို့တောင် ခက်ခဲနေတဲ့အချိန်ဆိုတော့ အခုချက်ချင်း ပြင်ဆင်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး"
မိန်းမစိုးက ရယ်မောရင်း နှစ်သိမ့်ပေးလိုက်သည်။
"ဒါက ကိစ္စကြီးမှ မဟုတ်တာ၊ စိတ်မပူပါနဲ့၊ ကျွန်တော် ဒီမှာပဲနေပြီး ကောင်တီမင်းသမီးအတွက် ကူညီစောင့်ကြပ်ပေးပါ့မယ်၊ နွေဦးရောက်တာနဲ့ ပြုပြင်တာတွေ အမြန်လုပ်ကြတာပေါ့၊ ဒါတွေ ပြီးသွားမှပဲ ကျွန်တော် မြို့တော်ကို ပြန်ပါတော့မယ်"
ဧကရာဇ်မင်းမြတ် ရေးထိုးပေးထားသော ကမ္ဗည်းပြားကို ပေါ့ပေါ့တန်တန် ထားရန် မဖြစ်နိုင်သောကြောင့် စုန့်တင်းရှန်းက ထိုမိန်းမစိုးလေးနှင့် တိုင်ပင်ကာ ကမ္ဗည်းပြားကို အနီးအနားရှိ အကြီးဆုံးဘုရားကျောင်းတွင် ခေတ္တပူဇော်ထားရန် ဆုံးဖြတ်လိုက်သည်။ အကြည်ညိုခံ ဆရာတော်ကြီးများကို တရားတော်များ ရွတ်ဖတ်ရန် တောင်းဆိုခဲ့ပြီး ကောင်းချီးပေးရန်လည်း တောင်းဆိုခဲ့သည်။ အလုပ်ရုံ ပြုပြင်ပြီးစီးမှသာ ပြန်လည်ယူဆောင် ချိတ်ဆွဲမည် ဖြစ်သည်။
အမှန်စင်စစ် စုန့်တင်းရှန်းက ပါးပါးနပ်နပ် ကြံစည်ခဲ့ခြင်းပင်။ ထိုကမ္ဗည်းပြားကို မချိတ်ဆွဲရသေးခင်အထိ မည်သည့် ထိခိုက်ပျက်စီးမှုကိုမျှ ဖြစ်သွား၍ကမ္ဗည်းပြား မရပေ။
‘တကယ်လို့ ဒီကမ္ဗည်းပြားကို အိမ်မှာထားပြီး တစ်ခုခု မှားယွင်းခဲ့ရင် ငါ ခေါင်းပြတ်နိုင်တဲ့အထိ အန္တရာယ်ရှိတယ်လေ၊ ကမ္ဗည်းပြားကို ဘုရားကျောင်းမှာ သွားထားလိုက်တော့ ငါ့အတွက် စိတ်အေးရပြီ၊ ဘုန်းကြီးတွေနဲ့ ဝတ်ပြုဆုတောင်းသူတွေပဲ သွားလာတတ်တဲ့ နေရာဆိုတော့ ဘယ်သူကမှ လာပြီး လက်ဆော့ရဲတော့မှာ မဟုတ်ဘူး’
ကမ္ဗည်းပြားကို ဘုရားကျောင်းဆီသို့ ဘေးကင်းကင်း ပို့ဆောင်ပြီးနောက်မှသာ စုန့်တင်းရှန်း၏ ရင်ထဲမှ အပူလုံးကြီး ပြုတ်ကျသွားတော့သည်။ အေးစိမ့်နေသည့် ရာသီဥတုကြောင့် ဟင်းရွက်ချဥ်လုပ်ငန်းနှင့် သိုးမွှေးအလုပ်ရုံမှလွဲ၍ ကျန်အလုပ်ရုံများကို ပိတ်ထားလိုက်ကြပြီ ဖြစ်သည်။ စစ်သူကြီး၏ လက်အောက်ငယ်သားများက နေရာတိုင်းကို ကင်းလှည့်စောင့်ကြပ်ပေးသောကြောင့် ပြဿနာ တက်စရာအကြောင်းလည်း မရှိပေ။
ပေါင်ယာနှင့် ရှန့်ရှတို့ကလည်း ဝမ်းလျားမှောက်တတ်နေကြပြီ ဖြစ်သည်။ စုန့်တင်းရှန်းက သူမ၏ နေ့စဥ် အလုပ်များ ပြီးသည်နှင့် ကလေးများအား ချော့မြူရသည်ကို အင်မတန် နှစ်သက်လေ့ရှိသည်။ ကလေးနှစ်ယောက်စလုံးက ဝဝလင်လင် နို့စို့ရသောကြောင့် ဝဝဖြိုးဖြိုးနှင့် ကျန်းမာနေကြပြီး သူတို့၏လက်ကလေးများနှင့် ခြေထောက်ကလေးများကို ဆွဲညှစ်လိုက်လျှင် ကြာစွယ်နုလေးများအား ကိုင်ရသလို နူးညံ့အိစက်နေသည်။
မိန်းခလေးဖြစ်ပြီး ပေါင်ယာက ပိုသွက်လက်ပြီး သူမက သူမ၏ ကြီးမားသောခေါင်းလေးဖြင့် အိပ်ယာကို ထောက်ကာ ခြေနှင့် လက်ကလေးများကို အားပြုပြီး တစ်ပတ်လှန်ချတတ်သည်။ ကောင်လေးဖြစ်သည့် ရှန့်ရှကတော့ နည်းနည်းနှေးကွေးပြီး ခြေနှင့်လက်များကို ပျင်းရိပျင်းတွဲ လှုပ်ရှားပြီးမှ တရွေ့ရွေ့ လှန်ချတတ်သည်။ စုန့်တင်းရှန်းက သူ့ကို ကြည့်ပြီး ရယ်မောစနောက်နေလေသည်။
"သူ့ကို ကြည့်ရတာ လိပ်ကလေးနဲ့ အရမ်းတူတာပဲ"
လီရှီက သူမ လက်မောင်းကို လှမ်းပုတ်ပြီး ဆူပူလိုက်သည်။
"ဒါ နင့်သားလေ... ဘယ်လိုအမေမျိုးက ကိုယ့်သားကို လိပ်..."
လီရှီတစ်ယောက် စကားပင်ဆုံးအောင် မပြောနိုင် ဖြစ်နေခဲ့သည်။
စုန့်တင်းရှန်းက တဟားဟား အော်ရယ်ရင်း ပြန်ပြောလိုက်သည်။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ... သမီး နောက်ထပ်မပြောတော့ဘူး၊ ဒါပေမယ့် တကယ်တူနေတာလေ၊ ဟား ဟား"
"တော်တော့"
လီရှီက တကယ် စိတ်တိုသွားပြီး အော်ဟစ်လိုက်သည်။
နှစ်သစ်ကူး မတိုင်ခင် အိမ်ထောင်စုတိုင်းက စုဆောင်းထားသည့် ငွေများကို နှစ်သစ်ကူး ပစ္စည်းဝယ်ရန် သုံးစွဲကြသည်။ စုန့်တင်းရှန်းကလည်း ထိုအခွင့်အရေးကို အသုံးချပြီး ဟင်းခတ်အမွှေးအကြိုင် အသစ်နှစ်မျိုး မိတ်ဆက်လိုက်သည်။
ပထမတစ်မျိုးက ကမာဆော့စ်ဖြစ်ပြီး နောက်တစ်မျိုးက ခုနှစ်မျိုးစပ်ဟင်းခတ်အမွှေးအကြိုင်မှုန့် ဖြစ်သည်။
စားသောက်ဆိုင်တွင် သုံးသည့် ဟင်းခတ်အမွှေးအကြိုင်များကိုလည်း စုန့်တင်းရှန်း ကိုယ်တိုင် အထူးမှာယူထားတဲ့ ကြွေအိုးလေးများနှင့် ထည့်ထားပြီး အိုးပေါ်တွင် ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ပြုလုပ်ထားသော ကမ္ပည်းစားသားကို ရေးထိုးထားသောကြောင့် အင်မတန် ခန့်ညားထည်ဝါနေသည်။ လက်ဆောင်ပေးရန်အတွက်လည်း အင်မတန် မျက်နှာပန်းလှသော ပစ္စည်းတစ်မျိုး ဖြစ်လာခဲ့သည်။
ကုန်စုံဆိုင်ကတော့ ထိုပစ္စည်းများကို နည်းနည်းချင်း ခွဲရောင်းပေးနေခဲ့သည်။ မည်သူမဆို ဇလုံတစ်ခု သို့မဟုတ် မြေအိုးလေးတစ်လုံး ယူဆောင်လာခြင်းဖြင့် သူတို့လိုချင်သလောက် ပမာဏကို ဝယ်ယူနိုင်သည်။ ကမာဆီကို တစ်လျန်ကို ကြေးပြား ၃ ပြား၊ ခုနစ်မျိုးစပ်ဟင်းခတ်မှုန့် ၁ လျန်ကို ကြေးပြားငါးပြား သတ်မှတ်ထားသည်။ ၎င်းက စုန့်တင်းရှင်း သူမ၏မိသားစုနှင့် တိုင်ပင်ပြီး လူတိုင်းဝယ်ယူရန် သတ်မှတ်ထားသည့်စျေးနှုန်း ဖြစ်သည်။ ဈေးကွက်ထဲမှ တခြားအမွှေးအကြိုင်များထက် အနည်းငယ် ပိုဈေးကြီးသော်လည်း အိမ်တိုင်း ဝယ်စားနိုင်သည့် အနေအထားဖြစ်သည်။ သာမန်လူများ အနေဖြင့် အများကြီး မဝယ်နိုင်သော်လည်း နှစ်သစ်ကူးကာလတွင် ဟင်းလျာများ အရသာထူးကဲစေရန် ပမာဏအနည်းငယ်စီတော့ ဝယ်ကြသေးသည်။
ဟင်းခတ်အမွှေးအကြိုင်အပြင် စာမျက်နှာ ၃၀ ပါသည့် "ပင်လယ်စာ ယာဂု ချက်နည်း" စာအုပ်ငယ်လေးကိုလည်း တအုပ်လျှင် ကြေးပြားနှစ်ရာဖြင့် ရောင်းချပေးခဲ့သည်။ အမွှေးအကြိုင်များထက် ပိုဈေးကြီးသော်လည်း စင်ပေါ်တင်လိုက်သည်နှင့် ချက်ချင်း ရောင်းကုန်သွားခဲ့သည်။ စားသောက်ဆိုင်များနှင့် သူဌေးအိမ်များက အလုအယက် ဝယ်ခဲ့ကြခြင်း ဖြစ်သလို တချို့က လက်ဆောင်ပေးရန် ဝယ်ယူခဲ့ကြသည်။
သူကြွယ်ကြီးဝမ်၏ လက်အောက်မှ ဘဏ္ဍာထိန်းကြီးက စုန့်တင်းရှန်း၏ တောင်းဆိုချက်အရ ပြီးခဲ့သည့်နှစ်အတွင်း ပင်လယ်စာခြောက်များကို လှည်းအစီးပေါင်းများစွာ ပို့ဆောင်ပေးခဲ့သည်။
စုန့်တင်းရှန်းက ပင်လယ်စာခြောက်များကို ဟင်းတစ်ပွဲစာ သို့မဟုတ် ယာဂုတစ်အိုးစာအတွက် လိုအပ်သည့် ပမာဏအတိုင်း အချိုးကျ ထုတ်ပိုးစေသည်။ ထို့နောက် အမွှေးအကြိုင်နှင့် အရသာမှုန့်အထုပ်လေးများကိုပါ ထည့်ပေးလိုက်သည်။ ဝယ်သူများက ဒီအထုပ်ကို ဝယ်သွားပြီး ညွှန်ကြားချက်အတိုင်း ချက်ရုံသာဖြစ်သောကြောင့် အင်မတန် အဆင်ပြေလှသည်။
ဝေ့ခရိုင်တွင် ထိုသို့ရောင်းတဲ့သူ မည်သူမျှ မရှိသေးပေ။ စုန့်မိသားစုက ပထမဆုံး ထိုသို့ရောင်းချခဲ့ခြင်းပင်။ ထိုပစ္စည်းများက အခြောက်အခြမ်းများ ဖြစ်နေသောကြောင့် အချိန်ကြာကြာ သိမ်းထားနိုင်သည်။ ထို့ကြောင့် ဒေသခံများတင်မကဘဲ ကုန်သည်များကလည်း အမြောက်အမြား ဝယ်ယူခဲ့ကြသည်။ ရလဒ်အနေဖြင့် ရက်ပိုင်းအတွင်း ဆိုင်တစ်ဝက်လောက် ဟာလာဟင်းလင်း ဖြစ်သွားခဲ့သည်။
"လူတွေရဲ့ ဝယ်လိုအားက တကယ့်ကို ကြောက်စရာပဲ"
စုန့်ဟူထောင်က ပေသီးကို ခေါက်နေရင်း စုန့်တင်းရှန်းကို လှမ်းပြောလိုက်သည်။
"ဒါတွေ ဘယ်တော့မှ ကုန်ပါ့မလဲလို့ ကျွန်တော် တွေးနေတာလေ၊ အခုတော့ ရက်ပိုင်းအတွင်း တစ်ဝက် ကုန်သွားပြီ၊ ကြည့်နေလိုက်... နှစ်ကုန်ရင် ကျန်တာတွေလည်း ရှိတော့မှာ မဟုတ်ဘူး"
အမှန်စင်စစ် ထိုအရာက အစောဆုံးပေါ်ခဲ့သည့် "အသင့်စား စားစရာ" တစ်မျိုး ဖြစ်နေခဲ့သည်။ စုန့်တင်းရှန်းကတော့ စာရင်းဇယားများကို ကြည့်ရင်း နောက်ထပ် စိတ်ကူးအသစ်တစ်ခု ရလာပြန်သည်။
ယခုအခါ စုန့်မိသားစုဝင် ထက်ဝက်ကျော်က မိသားစုနှင့်အတူ နှစ်သစ်ကူးရန် ဝေ့ခရိုင်သို့ ပြန်ရောက်နေကြပြီ ဖြစ်သည်။ ပုံမှန်ရက်များတွင် သူတို့ အတူနေကြသည်ဆိုသော်လည်း နှစ်သစ်ကူးကာလတွင် ဆိုင်များကို ပိတ်ကာ အားလုံး စုပေါင်းနေထိုင်ကြပြီး ဖက်ထုပ်လုပ်ခြင်း၊ နှစ်သစ်ကူးဟင်းလျာများ ပြင်ဆင်ခြင်းတို့ဖြင့် အချိန်ဖြုန်းကြသောကြောင့် အမှန်တကယ် အနှစ်သာရရှိသော အချိန်အခါလေး ဖြစ်သည်။
ဤအတောအတွင်း စုန့်ဟူထောင်က ရွာတွင် ကျန်ရစ်နေသည့် ကျန်မိသားစုသုံးစုအတွက် နှစ်သစ်ကူးလက်ဆောင်များ တင်ဆောင်ပြီး ရွာသို့ ပြန်လာခဲ့သည်။
ယခုအချိန်တွင် ရွာရှိ အမျိုးသမီးအများစုကလည်း လက်အိတ်နှင့် ပဝါရက်လုပ်နည်းကို တတ်မြောက်နေကြပြီ ဖြစ်သည်။ သူတို့က စုန့်မိသားစုထံမှ သိုးမွှေးများကို ဝယ်ယူပြီး လက်အိတ်နှင့် ပဝါများ ရက်လုပ်ကာ ကုန်ချောများကို ပြန်လည်အပ်နှံကြသည်။ ဤအလုပ်က အမျိုးသားများ ရှာဖွေနိုင်သည်ထက် ပို၍ ဝင်ငွေကောင်းနေခဲ့သည်။ ထို့ကြောင့် ရွာသားများက စုန့်တင်းရှန်းကို "မင်းသမီးစုန့်" ဟု တလေးတစား ခေါ်ဝေါ်ကြပြီး ရွာတွင် ကျန်နေသည့် စုန့်မိသားစုနှင့် အဆင့်အတန်းခွဲခြားလိုက်ကြသည်။
ရွာတွင် ကျန်ရစ်သော စုန့်မိသားစုသုံးစုကတော့ ယခင်ကထက် ပို၍ ဆင်းရဲနွမ်းပါးသွားပုံရသည်။ စုန့်ရှင်းရန်က လေဖြတ်ပြီးကတည်းက လုံးဝ ပြန်လည်ကျန်းမာလာခြင်း မရှိတော့ဘဲ ကောင်းရှီကလည်း တစ်နေ့လုံး စိတ်တိုနေတတ်ပြီး လူတိုင်းကို အပြစ်တင်ငြူစူနေလေ့ရှိသည်။
စုန့်ဟူထောင်က တံခါးခေါက်လိုက်သော်လည်း စုန့်ရှင်းရန်၏ သားနှစ်ယောက်က အိမ်တွင် မရှိကြဘဲ ဘယ်ရောက်နေမှန်းပင် မသိရပေ။ ကောင်းရှီက အထဲမှ လှမ်းအော်လိုက်သည်။
"ဘယ်သူလဲ၊ တံခါးကို သော့မခတ်ထားဘူး၊ နင့်ဘာသာ အထဲကို ဝင်လာလို့ မရဘူးလား"
စုန့်ဟူထောင်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွားလိုက်သည်။ ပြတင်းပေါက်မှတစ်ဆင့် ဟူထောင်ကို မြင်လိုက်ရမှသာ ကောင်းရှီက အပြေးအလွှား ထွက်ကြိုလေသည်။
"နှစ်သစ်ကူးကြီးက ဘယ်သူများလဲလို့၊ ဟူထောင် ရောက်လာတာကိုး၊ မြန်မြန်... အထဲဝင်ပြီး နွေးအောင်လုပ်လိုက်ဦး၊ နင် မလာတာ တစ်နှစ်တောင် ရှိသွားပြီနော်"
စုန့်ဟူထောင်က လက်ဆောင်ပစ္စည်းများကို ကောင်းရှီ၏ ဘေးနားတွင် ချထားရင်း ပြန်ပြောလိုက်သည်။
"ကျွန်တော် အထဲဝင်ထိုင်လို့ မရတော့ပါဘူး၊ အမြန်ပြန်မှ ဖြစ်မှာ၊ လမ်းတွေမှာ နှင်းတွေ ဖုံးနေတော့ နောက်ကျရင် သွားရလာရ အရမ်း ခက်ခဲသွားနိုင်တယ်"
ကောင်းရှီက သူ့လက်ကိုအတင်းဆွဲကာ အိမ်ထဲသို့ ခေါ်ဆောင်သွားသည်။
"ရောက်လာမှတော့ မဝင်လို့ ဘယ်ဖြစ်မလဲ၊ မြန်မြန်လာပါ၊ တတိယအဖွားက နင့်အတွက် သကြားရည်ပူပူလေး ဖျော်ပေးမယ်"
စုန့်ဟူထောင်လည်း ရုန်းကန်ရန် မဖြစ်နိုင်သောကြောင့် အိမ်ထဲသို့ ဝင်သွားရတော့သည်။ ကန့်လန့်ကာကို ဖွင့်လိုက်သည်နှင့် အနံ့ဆိုးတစ်ခုက နှာခေါင်းထဲသို့ တိုးဝင်လာပြီး သူ မျက်မှောင်ကြုတ်လိုက်ရသည်။ ကောင်းရှီက စုန့်ဟူထောင်ကို ထိုင်ခုံပေါ်တွင် အတင်းတွန်းထိုင်ခိုင်းပြီး လက်ဆောင်ပစ္စည်းများကို ပြုံးရွှင် သိမ်းဆည်းနေသည်။
"မနှစ်က ငါ အလုပ်များနေလို့ မေ့သွားတာ၊ နောက်ရက်ကျရင် နင့်ရဲ့ ပဉ္စမဦးလေးနဲ့ အဋ္ဌမဦးလေးတို့ကို နင်တို့အိမ်ဆီ လွှတ်လိုက်မယ်၊ သူတို့ လူကိုယ်တိုင်လာပြီး လက်ဆောင်လာပို့လိမ့်မယ်"
စုန့်ဟူထောင်က ချက်ချင်း ငြင်းဆန်လိုက်သည်။
"မလိုပါဘူး၊ အပြင်မှာ လမ်းတွေ အရမ်း ချော်နေတယ်၊ ဦးလေးတို့က အသက်တွေ မငယ်ကြတော့ဘူး၊ ချော်လဲမှာ စိုးရတယ်"
သို့သော် ကောင်းရှီကတော့ ဇွတ်အတင်းပြောနေပြန်သည်။
"ဘယ်လိုလုပ် မသွားခိုင်းရမှာလဲ၊ ငါတို့က ဆွေမျိုးတွေပဲ၊ အနည်းဆုံးတော့ အကြီးတွေကို အရိုအသေပေးရမှာပေါ့"
စုန့်ဟူထောင်က စိတ်မသက်မသာဖြင့် အားတင်းကာ ထပ်ပြောလိုက်သည်။
"အဲဒီလိုတွေ လုပ်နေစရာ မလိုပါဘူး၊ သွားလိုက်ပြန်လိုက်နဲ့ အရမ်းပင်ပန်းပါတယ်၊ မလာလည်း ရပါတယ်"
ကောင်းရှီက နှုတ်ခမ်းကို စူလိုက်ပြီး ရုတ်တရက် မေးလိုက်ပြန်သည်။
"ဟူထောင်... နင်တို့အိမ်မှာ နင်ရဲ့ ပဉ္စမအဖွားနဲ့ ဆဋ္ဌမအဖွားတို့လည်း နေ နေကြတယ်ဆို"
ဟူထောင်ကတော့ စိတ်ထဲမှ တွေးမိလိုက်သည်။
‘ဒီမေးခွန်း လာတော့မယ်ဆိုတာ ငါ သိသားပဲ’
သို့သော် သူက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"သူတို့က ကျွန်တော်တို့အိမ်မှာ နေ နေတာ မဟုတ်ပါဘူး၊ အိမ်မှုကိစ္စလေးတွေ ကူလုပ်ပေးနေတာပါ"
ကောင်းရှီက ချက်ချင်း ထပ်ပြောလာသည်။
"ငါလည်း အဲဒီအလုပ်တွေကို ကူလုပ်ပေးနိုင်တယ်"
စုန့်ဟူထောင်က တိုက်ရိုက်ပြန်မဖြေဘဲ အိပ်ခန်းမဘက်ကို လှမ်းကြည့်ပြီးမှ ပြန်မေးလိုက်သည်။
"တတိယအဖိုးရော သက်သာရဲ့လား"
ကောင်းရှီက မဲ့ကာရွဲ့ကာ ပြန်ဖြေလိုက်သည်။
"သူ့အသက်အရွယ်နဲ့တော့ ဘယ်တော့မှ ပြန်ကောင်းလာမှာ မဟုတ်တော့ပါဘူး"
စုန့်ဟူထောင်က ထပ်ပြောလိုက်သည်။
"ဒါဆိုရင်တော့ တတိယအဖွားက တတိယအဖိုးကို ဂရုစိုက်ပေးလိုက်ပါဦး၊ တတိယအဖွား သွားရင် ဦးလေးနှစ်ယောက်ကိုရော ဘယ်သူ ကြည့်ပေးမှာလဲ၊ ပြီးတော့ ကျွန်တော်တို့အိမ်မှာလည်း အလုပ်သမား မရှားပါဘူး"
ကောင်းရှီ၏ မျက်နှာက ချက်ချင်း ပျက်သွားပြီး ရန်တွေ့တော့သည်။
"ဘာလို့ ပဉ္စမယောင်းမနဲ့ ဆဋ္ဌမယောင်းမကျတော့ သွားလို့ ရပြီး ငါကျတော့ သွားလို့ မရ ရတာလဲ"
ကောင်းရှီ၏ တုံ့ပြန်မှုကို မြင်လိုက်သည်နှင့် စုန့်ဟူထောင်က ခိုင်မာသော လေသံဖြင့် ပြန်ရှင်းပြလိုက်သည်။
"ဟုတ်တယ်၊ တခြားသူတွေ လာရပေမယ့် တတိယအဖွားတို့ မိသားစုထဲကတော့ ဘယ်သူမှ လာလို့ မရဘူး၊ တတိယအဖွား ကျွန်တော်တို့က ဘိုးဘေးတွေရဲ့ ရိုးရာဓလေ့တွေကို လိုက်နာချင်လို့ ရိုသေသမှုနဲ့ နှစ်သစ်ကူးလက်ဆောင် လာပေးတာပါ၊ ဒါပေမယ့် တတိယအဖွားက ပြဿနာရှာဖို့ပဲ တွေးနေမယ်ဆိုရင်တော့ နောက်ဆို ကျွန်တော် ဒီအိမ်ကို လာတော့မှာ မဟုတ်ဘူး"
သူက လွန်ခဲ့သောနှစ်များကလို အနိုင်ကျင့်ရလွယ်ကူသော ဆယ်ကျော်သက်ကောင်လေး မဟုတ်တော့ဘဲ ဝေ့ခရိုင်တွင် နာမည်ရနေသည့် လေးစားခံ ဆိုင်တာဝန်ခံတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် အသက်ကြီးသူအဖြစ် အခွင့်ကောင်းယူနေသည့် ကောင်းရှီ၏ ဖိနှိပ်မှုကို သူ အလျှော့မပေးနိုင်တော့ပေ။
ကောင်းရှီက စုန့်ဟူထောင် ဤမျှစကားပြောရ ခက်ခဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ၏မျက်နှာက ချက်ချင်း ပျက်သွားပြီး ပြန်မေးလာခဲ့သည်။
"နင်... နင့်အစ်မ ပြောခဲ့တာကို နင် မှတ်မိသေးရဲ့လား၊ သူက ငါတို့ကို အိုစာမင်းစာ ထောက်ပံ့မယ်လို့ ပြောခဲ့တာလေ၊ အဲဒါကို အခုထိ ထည့်တွက်လို့ရသေးလား"
စုန့်ဟူထောင်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ လှောင်ပြုံးဖြင့် ပြန်မေးလိုက်သည်။
"တတိယအဖွားက ပဉ္စမဦးလေးနဲ့ အဋ္ဌမဦးလေးတို့ကို ထောင်ထဲပို့ဖို့ ကြံနေတာလား၊ သားတွေကိုတင်မကဘဲ မြေးတွေကိုပါ စွန့်ပစ်ဖို့ အဆင်သင့်ဖြစ်နေပြီလား"
ကောင်းရှီက အေးစက်စက် နှာမှုတ်လှောင်ပြောင်းပြီး ဆက်ပြောလာခဲ့သည်။
"ဟွန့်.... သူတို့က ငါ့ကို အဲ့လို လုပ်ခိုင်းနေတာလေ၊ သူတို့ထဲက ဘယ်သူမှ မိဘကို မသိတတ်ကြဘူး၊ ကြည့်စမ်း... ဒီအိမ်ကြီးတစ်ခုလုံး ညစ်ပတ်ပေရေနေတာ နင် တွေ့တယ်မလား၊ လူနေလို့တောင် ရနိုင်လို့လား၊ သူတို့အဖေကလည်း ခန်ပေါ်မှာပဲ အိပ်၊ ခန်ပေါ်မှာပဲ စား လုပ်နေပြီး ငါ့ကိုပဲ အကုန်လိုက်သိမ်းခိုင်းနေတာ၊ ငါ့အသက်ကိုရော သူတို့ သိကြသေးရဲ့လား၊ ငါလည်း အသက် ၆၀ ရှိနေပြီ၊ အိုမင်းလာတာတောင် ကောင်းချီးတွေ မခံစားရဘူး၊ ငါ ကောင်းကောင်းမနေရရင် ငါက ဘာလို့ သူတို့ကို ဂရုစိုက်နေရမှာလဲ"
"အဲ့ဒီအဆုံးအဖြတ်ကို ကျွန်တော် အတည်မယူဘူး၊ တကယ်လို့ တတိယအဖွားနဲ့ တတိယအဖိုးအတွက် ကျွန်တော်တို့အိမ်က ထောက်ပံ့ပေးစေချင်ရင် ပဉ္စမဦးလေးနဲ့ အဋ္ဌမဦးလေးတို့ရဲ့ မိသားစုတွေနဲ့ အရင်ဆွေးနွေးလိုက်ပါ၊ သူတို့ကပါ သဘောတူတယ်ဆိုရင်တော့ ကျွန်တော့်ဆီကို သတင်းပို့လိုက်၊ ကျွန်တော် စီစဉ်ပေးမယ်"
ထို့သို့ပြောပြီးနောက် သူက ဆက်မထိုင်တော့ဘဲ အပြင်သို့ ထွက်လာခဲ့သည်။ သူ မထွက်သွားခင် စကားတစ်ခွန်းလည်း ချန်ထားခဲ့သေးသည်။
"တတိယအဖွား သေချာစဉ်းစားဦးနော်၊ ဒါက ပန်းကန်လုံးတစ်လုံး ဒါမှမဟုတ် ကြက်ဥတစ်လုံး ခိုးတာလောက် မလွယ်ဘူးဗျ"
လှည်းမောင်းပြီး အိမ်ပြန်နေသည့် စုန့်ဟူထောင်က သူ့ကိုယ်ပေါ်တွင် ထိုအနံ့ဆိုးကြီး စွဲကျန်နေသလို ခံစားနေရသည်။ ၎င်းက မစင်နံ့သက်သက် မဟုတ်ဘဲ ပုပ်သိုးနေသော အနံ့ဆိုးများကို သယ်ဆောင်လာပြီး အသက်သေလုနီးနီး လူအိုကြီးတစ်ဦး၏ အရိပ်အယောင်ကိုလည်း ခံစားရစေသည်။
သူ အိမ်ပြန်ရောက်ပြီး အခြေအနေကို ပြောပြလိုက်ချိန်တွင်လည်း စုန့်ရှင်းယိက ခေါင်းခဲသွားပြီး ခြံဝင်းထဲရှိ ကြိတ်ဆုံကျောက်တုံးပေါ်တွင် ထိုင်ကာ ဆေးတံဖွာနေသည်။
ပဉ္စမအဘွားနှင့် ဆဋ္ဌမအဘွားတို့ကလည်း ဝင်ပြောလာခဲ့သည်။
"ငါတို့ ဒီမှာနေတာ ကြာသွားလို့ သူ မနာလိုဖြစ်နေတာနေမှာပါ"
လီရှီကတော့ အေးအေးဆေးဆေး တုံ့ပြန်နေဆဲပင်။
"တကယ်လို့ သူက သူ့သားနဲ့မြေးတွေကို ထောင်ထဲပို့ရဲရင်တော့ ငါလည်း သူ သေတဲ့အထိ ထောက်ပံ့ပေးဖို့ ငွေကုန်ခံပေးနိုင်ပါတယ်အေ"
စုန့်တင်းရှန်းကတော့ အပြုံးလေးဖြင့် နှစ်သိမ့်လိုက်သည်။
"အဖွားတို့ စိတ်ပူနေဖို့ မလိုပါဘူး၊ တတိယအဖွားက ဒီကို လာပြီး ထောက်ပံ့ခိုင်းမှာ မဟုတ်ဘူး။ သူက ဒါကို အသုံးချပြီး သူ့သားနဲ့မြေးတွေကို ဖိအားပေးချင်နေတာ၊ သူ့ချွေးမတွေ၊ မြေးချွေးမတွေကိုအားလုံး သူ့ကို ဝိုင်းကူလုပ်ပေးအောင် ဖိအားပေးချင်တာပဲ ဖြစ်မှာပါ၊ သူ တကယ်လို့ ဒီကိုလာချင်တယ်ဆိုရင်တောင် အိမ်မှုကိစ္စတွေကို ကူညီစီမံခန့်ခွဲပေးဖို့ အသက်ကြီးတဲ့အစေခံတစ်ယောက်လောက် လွှတ်ပေးလိုက်မယ်။ ဒါကလည်း အိုစာမင်းစာ ထောက်ပံ့တာပဲ၊ ဒီအထိ ခေါ်လာနေဖို့ မလိုဘူး"
လီရှီက သက်ပြင်းချရင်း ပြောလာခဲ့သည်။
"သူကိုက တကယ် အရှက်မရှိတာပါ၊ အသက်ခြောက်ဆယ်အရွယ်မှာတောင် အိမ်မှုကိစ္စတွေကို လက်ဝါးကြီးအုပ်ချင်နေတုန်းပဲ၊ ရှက်စရာ မကောင်းဘူးလား၊ တမလွန်ရောက်သွားတဲ့ ဘေးဘိုးတွေတောင် သူ့ကို ဂရုမစိုက်လောက်ဘူး"
သို့သော် နှစ်သစ်ကူးပြီး ငါးရက်မြောက်နေ့မှာပင် ရွာမှ သတင်းတစ်ခု ရောက်လာခဲ့သည်။
"တတိယအဖိုးက မနေ့ညက နေမကောင်းဖြစ်ပြီး ဒီမနက်တော့ သူ့ခန္ဓာကိုယ်က အေးစက်နေပြီ၊ တတိယအဖွားက အားလုံး အိမ်ကို ပြန်လာဖို့ ပြောခိုင်းလိုက်တယ်"
စုန့်ရှင်းရှောင်း၏ မြေးများထဲမှ တစ်ယောက်ဖြစ်သည့် စုန့်ကျွင့်ချုံက သတင်းပို့ရန် ရောက်လာခဲ့သည်။
"တာ့ချုံ... မင်း ဘယ်လိုရောက်လာတာလဲ"
လီရှီက သူ့ကို လှမ်းမေးလိုက်သည်။
စုန့်ဟူထောင်က ရေတစ်ခွက် လှမ်းပေးလိုက်သောကြောင့် စုန့်ကျွင့်ချုံက ရေသောက်ပြီးမှ ပြန်ဖြေလာခဲ့သည်။
"ကျွန်တော့်ကို အိမ်က ကျွန်တော်ကို ပိုက်ဆံနည်းနည်း ပေးလိုက်တယ်၊ ကျွန်တော် မြို့အထိ အရင်ပြေးလာခဲ့တာ၊ အဲဒီကမှတစ်ဆင့် လှည်းတစ်စီးနဲ့ ဒီကို လိုက်လာတာပါ၊ စတုတ္ထအဖိုးတို့၊ အဖွားတို့... ဘယ်တော့ အိမ်ပြန်ကြမှာလဲ"
စုန့်တင်းရှန်းက ဝင်ပြောလိုက်သည်။
"ခဏလေး စောင့်ပါဦး၊ ငါတို့တွေ အမြန်ပြင်ဆင်ပြီး လိုက်ခဲ့မယ်။ မင်းလည်း မနက်စောစော လာရတာဆိုတော့ ဗိုက်ဆာနေလောက်ပြီ၊ ဟူထောင်... သူ့အတွက် မီးဖိုချောင်ကို ခေါက်ဆွဲတစ်ပန်းကန်လောက် အမြန်ချက်ခိုင်းလိုက်ပါဦး"
စုန့်ကျွင့်ချုံက စုန့်ဟူထောင်၏ လမ်းညွှန်မှုဖြင့် ဧည့်ခန်းတွင် ထိုင်စောင့်နေခဲ့သည်။
ကျိုးယိနိုက အကြံပေးလိုက်သည်။
"ကလေးတွေကိုတော့ အိမ်မှာပဲ အစေခံတွေ၊ နို့ထိန်းတွေနဲ့ ထားခဲ့ကြရအောင်၊ ကျန်းကျူးကိုလည်း ထားခဲ့ကြမယ်၊ သူတို့ကို ခေါ်မသွားတာ အကောင်းဆုံးပဲ"
စုန့်တင်းရှန်းက စိတ်ပျက်လက်ပျက် ပြန်ပြောလိုက်သည်။
"ရှင် မပြောရင်တောင် ကျွန်မ သူတို့ကို ခေါ်သွားဖို့ အစီအစဉ် မရှိပါဘူး၊ သူတို့ကို ခေါ်သွားလို့ ဘာအကျိုးရှိမှာလဲ၊ ကျွန်တို့ရဲ့ ဝဝကစ်က်စ ကလေးနှစ်ယောက်ကို မြင်သွားရက် ဟိုဘက်ကလူတွေက မနာလိုဖြစ်ပြီး ကလေးတွေကို ပစ်မှတ်ထားရင် ဘယ်လို လုပ်ကြမလဲ"
ကျိုးယိနိုက သူမ၏လက်လေးကို အသာအယာ ဆုပ်ကိုင်ရင်း နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့၊ ကိုယ် အစောင့်ရဲမက်တွေပါ ခေါ်သွားမှာလေ၊ သူတို့ ဘာမှ မလုပ်ရဲစေရဘူး"
စုန့်တင်းရှန်းက သက်ပြင်းချရင်း ညည်းညူနေပြန်သည်။
"ဒီလိုနှစ်သစ်ကူးလေးတောင် အေးအေးလူလူ မနေရဘူး၊ ဘာလို့ အရာရာက ဒီလောက်အထိ ကံမကောင်း ဖြစ်ရတာလဲ၊ ဟူထောင် ပြန်လာတာတောင် ရက်ပိုင်းလေးတင် ရှိသေးတယ်၊ တတိယအဖိုးက ထွက်သွားရတယ်လို့"
"အနည်းဆုံးတော့ တတိယအဖိုးက အသက်ခြောက်ဆယ်ကျော်နေပြီ၊ သူ အသက်က တော်တော်လေးကြီးနေပြီလို့ ပြောလို့ ရတယ်၊ သူ လေဖြတ်ထားတာရယ်၊ ဒီရက်ပိုင်း ရာသီဥတု အရမ်းအေးနေတာရယ်ကြောင့် ဖြစ်မှာပါ၊ ဒါပေမယ့် နှစ်သစ်ကူးပြီးမှ ဆုံးသွားတာဆိုတော့ အဆိုးထဲက အကောင်းပဲပေါ့"
စုန့်ရှင်းရန် ကွယ်လွန်သွားပြီ ဖြစ်သောကြောင့် စုန့်မိသားစု သုံးစုမှ လူများအားလုံးကို ရထားလုံးများပေါ်သို့ တတ်ပြီး ခရီးထွက်လာခဲ့ရသည်။ ကလေးငယ်များနှင့် အရွယ်ရောက်စ ကလေးများကိုတော့ အိမ်တော်ထိန်းနှင့် အစေခံများ၏ စောင့်ရှောက်မှုအောက်၌ ချန်ထားခဲ့ကြသည်။ အိမ်တော်တံခါးများကို သေချာပိတ်ထားလိုက်သည်နှင့် ဘာမှစိုးရိမ်စရာ မရှိပေ။
ကျိုးယိနို လှည်းတန်း၏ဘေးတစ်ဖက်တစ်ချက်စီတွင် မြင်းစီးရဲမက် ဆယ်ဦးစီ ခြံရံစေပြီး ရွာထဲသို့ ဦးဆောင် ဝင်ရောက်လာခဲ့သည်။
ကျယ်ဝန်းသော ရထားလုံးပေါ်တွင် ထိုင်နေသည့် စုန့်ကျွင့်ချုံကတာ့ အားကျမဆုံး ဖြစ်နေရှာသည်။ သူက သူ့ဘေးရှိ ဟူထောင်ကို ကြည့်ကာ မေးနေပြန်သည်။
"ဟူထောင်... နွေဦးရောက်ရင် မင်းတို့ အလုပ်သမား ထပ်ငှားဦးမှာလား၊ ငါ ငါ့မိန်းမကို ခေါ်လာပြီး အလုပ်လုပ်ခိုင်းလို့ ရမလား"
"လူငှားဖို့ကတော့ ရှိတယ်၊ မင်းအိမ်က သဘောတူရင် လာလုပ်ပေါ့၊ ဒါပေမယ့် ကြိုသတိပေးထားမယ်နော်၊ အလုပ်ကို သေသေချာချာ မလုပ်ရင်တော့ အထုတ်ခံရမှာပဲ၊ ဆွေမျိုးတွေမို့လို့ ပေါ့ပေါ့ဆဆ လုပ်လို့ရမယ်လို့ မထင်နဲ့၊ မင်း မသိသေးဘူး၊ ငါတို့ရဲ့ ဆော့စ်အလုပ်ရုံမှာ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ရေးပေးထားတဲ့ ကမ္ဗည်းပြား ရှိတယ်။ နွေဦးဆို စဖွင့်တော့မှာ၊ အဲဒီ ကမ္ဗည်းပြား အောက်မှာ မကောင်းတဲ့ အလုပ်တွေ လုပ်ရင် ခေါင်းပြတ်နိုင်တယ်လို့တောင် ပြောနေကြတယ်"
စုန့်ကျွင့်ချုံက ထိတ်လန့်တကြား ပြန်မေးလိုက်သည်။
"တကယ်လား"
"တကယ်ပေါ့၊ မင်းကရော ဧကရာဇ်မင်းမြတ်ရဲ့ ကမ္ဗည်းပြားအောက်မှာ ပြဿနာရှာရဲလို့လား၊ ငါတို့မိသားစုက မင်းကို ကာကွယ်ပေးနိုင်မယ်လို့တော့ မင်း မထင်နဲ့၊ သူတို့က မင်းကို ထောင်ထဲတန်းပို့လိုက်မှာ"
စုန့်ကျွင့်ချုံက ကြောက်ရွံ့သွားသော်လည်း ရွာတွင် အလုပ်လုပ်၍ ရနိုင်မည့် ငွေကြေးနှင့် နှိုင်းယှဥ် တွေးတောပြီး သတ္တိမွေးလိုက်သည်။
"ငါ ပြဿနာမရှာပါဘူး၊ ငါက စာမတတ်မယ့် ခွန်အားတော့ ရှိပါတယ်၊ ပင်ပန်းတဲ့ အလုပ်မှန်သမျှ လုပ်နိုင်ပါတယ်ကွ"
"ဒါဆို နွေဦးရောက်မှ ထပ်ပြောကြတာပေါ့၊ အခုလောလောဆယ်တော့ လူပြည့်နေတယ်၊ အလုပ်အရမ်းများတဲ့ အချိန်ကျရင်တော့ နေ့စားအလုပ်သမား ခေါ်လေ့ရှိတယ်"
စုန့်ကျွင့်ချုံက ဟူထောင်၏ သပ်ရပ်သစ်လွင်သော အဝတ်အစားများကို ကြည့်ရင်း အားကျနေသည်။ သူ၏ ဝါဂွမ်းအင်္ကျီက အသစ်ဟု ထင်ရသော်လည်း အမှန်တွင် အင်္ကျီအဟောင်းပေါ်တွင် အဝတ်ကြမ်းတစ်ထပ် ထပ်ဖုံးထားခြင်းသာ ဖြစ်သည်။ နှစ်သစ်ကူးပြီးနောက် အပေါ်ဝတ်အင်္ကျီကို ချွတ်လိုက်သည်နှင့် အဝတ်အစားဟောင်းများသာ ပြန်ဖြစ်သွားမေလိမ့်မည်။
သို့သော် စုန့်ဟူထောင်ကတော့ ခေါင်းမှ ခြေဖျားအထိ အသစ်စက်စက်များ ဝတ်ဆင်ထားပြီး ပညာရှင်တစ်ဦး၏ ချည်သားဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော စုန့်ဟူဇီကဲ့သို့ အတော်လေး ကျက်သရေရှိနေခဲ့သည်။
စုန့်ကျွင့်ချုံ၏ အကြည့်ကို အာရုံစိုက်ရန်ပင် ပျင်းရိနေသည့် စုန့်ဟူထောင်က စုန့်ကျွင့်ရှန်ဘက်သို့ လှည့်၍ စကားပြောနေလိုက်သည်။ ရထားလုံးပေါ်ရှိ အမျိုးသားများက လူငယ်များ ဖြစ်ကြပြီး မိသားစုဝင်ညီအစ်ကိုများ ဖြစ်ကြသောကြောင့် ခရီးစဉ်က ပျော်ရွှင်စရာ ကောင်းပြီး အချိန်က ကုန်သွားမှန်း ကုန်ဆုံးသွားခဲ့သည်။
ရထားလုံး ရွာထဲသို့ ဝင်သွားသည်နှင့် အသင့်စောင့်နေသော ရွာလူကြီးက အနားသို့ ချဉ်းကပ်လာသည်။ စုန့်ကျစ်ယွမ်နှင့် စုန့်ကျစ်ချန်တို့က ရထားလုံးပေါ်မှ အမြန်ဆင်းကာ မေးမြန်းလိုက်ကြသည်။
"ဒီလို အေးစက်တဲ့ ရာသီဥတုကြီးမှာ ဘာလို့ အပြင် ထွက်စောင့်နေရတာလဲ"
ရွာလူကြီးက အားတုံ့အားနာဖြစ်နေသလို မြှောက်ပင့်မှုလည်း ပါသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ကျွန်တော် ခရိုင်မင်းသမီးကို ဂါရဝမပြုရတာ ကြာနေလို့ပါ၊ ဒီနေ့ မင်းသမီး ကြွလာမယ်ဆိုတာ သိရတာနဲ့ လာရောက် ဂါရဝပြုတာပါ"
စုန့်ကျစ်ယွမ်က အနေခက်သွားဟန်ဖြင့် ပြန်ပြောလိုက်သည်။
"ဒီနေ့ ကျွန်တော်တို့က မိသားစုကိစ္စနဲ့ ပြန်လာတာပါ၊ ဒီလိုမျိုးတွေ လုပ်နေဖို့ မလိုပါဘူး၊ ကျွန်တော်တို့အားလုံးက ဒီရွာက လူတွေပါပဲ။ မြန်မြန် ထပါ"
သူက ပြောနေရင်းဖြင့် စုန့်ကျစ်ချန်းနှင့်အတူ ရွာလူကြီးကို ထူပေးလိုက်ကြသည်။
ရွာလူကြီးက ပြန်မသွားသေးဘဲ ရထားလုံးနောက်မှ လိုက်ပါလာသေးသည်။
"စုန့်လောင်စန်းက ဒီနေ့ပဲ ဆုံးသွားတာဆိုတော့ ကျွန်တော်လည်း သွားပြီး ကူညီပေးရမယ်လေ၊ ဒီလိုနှစ်သစ်ကူးအချိန်ကြီးမှာ... အော်... စုန့်လောင်စန်းခမျာလည်း ဘဝကို ကောင်းကောင်း မခံစားသွားရရှာဘူး"
ရထားလုံးထဲမှ စုန့်တင်းရှန်း၏အသံ ထွက်ပေါ်လာသည်။
"ရွာလူကြီး၊ ရွာလူကြီးက ဘာတွေ ပြောနေတာလဲ၊ ကျွန်မတို့ရဲ့ တတိယအဖိုးမှာ သားသမီးတွေ၊ မြေးတွေ၊ မြစ်တွေတောင် ရှိတာလေ၊ မျိုးဆက်လေးဆက် တစ်အိမ်တည်းမှာ နေကြတယ်၊ ဘယ်လိုလုပ်ပြီး သူက သူ့ဘဝကို ကောင်းကောင်း မခံစားသွားရဘူးလို့ ပြောနိုင်ရတာလဲ"
ရွာလူကြီးက အံ့အားသင့်သွားပြီး သူ့ပါးကို သူ ပြန်ရိုက်ကာ စကားပြင်လိုက်သည်။
"အာ.. ကျွန်တော် စကားမှားသွားတယ်။ သူ့ဘဝကို ကောင်းကောင်း မခံစားသွားရဘူးလို့ ပြောတာက တခြားဟာကို ဆိုလိုတာ မဟုတ်ပါဘူး၊ သူက အိပ်ရာထဲလဲနေတာ တစ်နှစ်ကျော်နေလို့ ပြောမိတာပါ၊ ကျွန်တော်က ပွင့်ပွင့်လင်းလင်း ပြောတတ်တော့ ခရိုင်မင်းသမီးနဲ့ စစ်သူကြီးတို့ ကျွန်တော့်ကို လှောင်ရယ်မှာကို မကြောက်ပါဘူး။ ကျွန်တော့်ဇနီး စုန့်လာင်စန်းရဲ့အိမ်ကို သွားတုန်းက အဲဒီက အနံ့က..."
စုန့်ရှင်းရန် အိပ်ရာထဲ မလဲသေးသည့်အချိန်များတွင် ကောင်းရှီက သူ့ကို ဂရုစိုက်ပေးခဲ့သည်။ ထို့အပြင် သူမက အပ်ချုပ်အတတ်ကို ကျွမ်းကျင်ပြီး စုန့်ရှင်းရန် ဝတ်သမျှ အဝတ်အစားအားလုံးက သူမ ကိုယ်တိုင်ချုပ်ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် သူ အလွန် သက်သောင့်သက်သာ နေနိုင်ခဲ့သည်။ သို့သော် စုန့်ရှင်းရန် အိပ်ရာထဲ လဲသွားပြီးနောက် ကောင်းရှီက ပြောင်းလဲသွားပုံရပြီး အစပိုင်းတွင် သူ့ကို ပြုစုပေးသော်လည်း နောက်ပိုင်းတွင် လျစ်လျူရှုလာခဲ့သည်။ နောက်ဆုံးတွင် သူတို့ တစ်ခန်းတည်းပင် အတူမနေကြတော့ပေ။
ရွာလူကြီးက ဆက်ပြောနေပြန်သည်။
"ကျွန်တော် စုန့်လောင်စန်းရဲ့ မိသားစုအကြောင်း အတင်းပြောချင်တာ မဟုတ်ပါဘူး၊ တစ်ယောက်ယောက်က အချိန်အကြာကြီး ဒီလောက်ထိ ဖျားနာနေရင် ကိုယ်တိုင်မွေးထားတဲ့ သားသမီးတွေတောင် မပြုစုချင်ကြဘူး၊ ချွေးမဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူးလေ၊ ကလေးတွေ မပြောနဲ့ သူ့မိန်းမကတောင် သူ့ကို မကြည်ဖြူတော့ဘူး"
စုန့်ကျစ်ယွမ်က သက်ပြင်းချနေခဲ့သည်။ စုန့်ရှင်းရန် မည်သို့ ကွယ်လွန်သွားသည်ကို သူ ခန့်မှန်းကြည့်နိုင်သည်။ ထို့ကြောင့်လည်း သူ့ဘဝကို ကောင်းကောင်း မခံစားသွားရဘူးဟု ရွာလူကြီး ပြောနေခြင်းသည်မှာ မထူးဆန်းတော့ပေ။ စုန့်ရှင်းရန်က ရုတ်တရက် ထွက်ခွာသွားသလို သူ့မိသားစုကလည်း ကြိုတင်ပြင်ဆင်မှုများ မရှိခဲ့ပေ။
ရထားလုံးက သူတို့၏ အိမ်ဝင်းဆီသို့ အရင်ပြန်လာခဲ့ပြီး လီရှန်းတို့ မိသားစုကလည်း သခင်များကို စောင့်ကြိုနေကြသည်။
"အားလုံး ဒီနေ့ ပြန်လာကြမယ်ဆိုတာ သိလို့ ကျွန်တော်တို့ အိမ်ဝင်းထဲက ခန်တွေကို အနွေးပေးထားပါတယ်၊ ပဉ္စမအဖွားနဲ့ ဆဋ္ဌမအဖွားတို့ရဲ့ ခန်တွေလည်း အဆင်သင့်ဖြစ်နေပါပြီ၊ ဒါပေမဲ့ ကျွန်တော်တို့အိမ်က ခန်တွေလောက်တော့ မနွေးပါဘူး၊ ဒီမှာပဲ ခဏလောက် အနားယူကြပါလား"
ပဉ္စမအဘွားကလည်း ရထားလုံးပေါ်မှ ဆင်းရင်း ကျေးဇူးတင်စကား ပြောလိုက်သည်။
"ကူညီပေးတဲ့အတွက် ကျေးဇူးပဲ၊ လူငယ်တွေကိုတော့ အိမ်ပြန်ပြီး သန့်ရှင်းရေး လုပ်ခိုင်းလိုက်မယ်၊ ငါတို့ လူကြီးတွေကတော့ ဒီမှာပဲ အရင် အနားယူကြမယ်"
လီရှန်းက ကျေးဇူးတင်ရန် မလိုကြောင်း နိမ့်နိမ့်ချချ ပြန်ပြောလိုက်ပြီး သူ့၏ ဇနီး၊ သားသမီးများနှင့်အတူ ရထားလုံးများကို ဆွဲသွားပြီး မြင်းများကိုလည်း မြက်ခြောက်များ ကျွေးရန် ခေါ်ဆောင်သွားသည်။
စုန့်တင်းရှန်းက အစောင့်များ အနားယူရန် အခန်းနှစ်ခန်း စီစဉ်ပေးလိုက်ပြီး အခြားသူများနှင့်အတူ အိမ်မကြီးထဲသို့ သွားကာ ခန်ပေါ်သို့ တက်ထိုင်လိုက်သည်။ လီရှန်း အတွင်းသို့ ဝင်လာချိန်တွင် ရွာ၏ အခြေအနေများကို မေးမြန်းလိုက်သည်။
"ရွာအကြောင်း နည်းနည်းလောက် ပြောပြပေးပါဦး၊ ရှင် သိသလောက်လေး မျှဝေပေးရင် ရပြီ"
"တကယ်တော့ ကျွန်တော်တို့လည်း လယ်ယာအလုပ်တွေ လုပ်ဖို့ကလွဲပြီး ရွာပြင်ကို သိပ်မထွက်ဖြစ်ပါဘူး၊ ဒါပေမယ့် စုန့်လောင်စန်းရဲ့ မိသားစုအကြောင်းတော့ နည်းနည်းပါးပါး သိပါတယ်။ သူတို့ရဲ့ မြေးတွေအားလုံးက သူတို့ရဲ့ ယောက္ခမအိမ်တွေကို ပြောင်းသွားကြတယ်၊ လစဉ် ပိုက်ဆံပို့ပေးပေမယ့် လူတွေ့ကတော့ လာမတွေ့ပါဘူး၊ ကျွန်တော်တို့ရွာက မြေတွေကိုတောင် တခြားသူတွေကို အငှားချထားကြပါတယ်၊ သူတို့က တခြားဘက်မှာ ဈေးသည်လုပ်တာတို့၊ ကြုံရာကျပန်း လုပ်တာတို့တွေ လုပ်ပြီး လုပ်ကိုင်စားသောက်နေတယ်လို့ ကြားရတယ်။ စုန့်လောင်စန်း လေဖြတ်ပြီးနောက်ပိုင်း အစပိုင်းမှာ သူ့သားနှစ်ယောက်က ကူညီပြုစုပေးခဲ့ကြတယ်၊ သူ့ချွေးမ ကျူးရှီကလည်း ကြိုးကြိုးစားစား လုပ်ပေးခဲ့တယ်။ ဒါပေမယ့် အဖွားကြီးရဲ့ ပါးစပ်က... နောက်ဆုံး သူတို့အားလုံးလည်း အိမ်မှာ မနေချင်ကြတော့ဘဲ ထမင်းစားပြီးတာနဲ့ အပြင်ကို ထွက်သွားတတ်ကြတယ်"
စုန့်လီက ဝင်မေးလိုက်သည်။
"အဲ့အဘွားကြီးက... လူတွေကို ဆဲဆိုနေတာလား"
"ဟုတ်ပါတယ်၊ တကယ်ပါ၊ ကျွန်တော် တစ်ခါ ကြားဖူးတယ်၊ သူ ပြောတဲ့ စကားတွေက တကယ်ကို နားဝင်ဆိုးလွန်းတယ်၊ သူ့ရဲ့ သားတွေနဲ့ ချွေးမတွေ မပြောနဲ့ ကျွန်တော်တို့လို တခါတနေ မတော်တဆ ကြားရတဲ့သူတွေတောင် သည်းမခံနိုင်လောက်အောင်ပါပဲ"
ဆဋ္ဌမအဖွားက သက်ပြင်းချရင်း ပြောလာပြန်သည်။
"တကယ့်ကို ဘေးဒုက္ခပဲ၊ တတိယယောင်းမက ဒီလောက်အထိ ဆဲရတာ ဝါသနာပါလိမ့်မယ်လို့ ဘယ်သူသိမှာလဲ၊ အရင်တုန်းကဆိုရင် သူ စကားကို လေသံအေးအေးလေးနဲ့ ပြောတတ်တာလေ၊ လူတွေက အသက်ကြီးလာလေလေ ပြောင်းလဲလာလေလေ ဖြစ်နေတာလား"
ပဉ္စမအဘွားကတော့ လှောင်သံဖြင့် မှတ်ချက်ပေးလိုက်သည်။
"ငါကတော့ သူ ပြောင်းလဲသွားတယ်လို့ မထင်ဘူး၊ သူ အရင်က ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့တာ၊ အခုမှ အမှန်တရား ပေါ်လာတာပဲ ဖြစ်ရမယ်"
"နောက်ထပ် ဘာရှိသေးလဲ"
စုန့်တင်းရှန်းက ထပ်မံမေးမြန်းလိုက်သည်။
လီရှန်းက ခဏမျှ စဉ်းစားနေပြီးမှ ပြန်ဖြေလိုက်သည်။
"ဒီနေ့ အစောပိုင်းတုန်းက စုန့်ကျစ်ရှန်း အပြင်ထွက်လာပြီး အကူအညီတောင်းလို့ ကျွန်တော် သွားကူညီခဲ့သေးတယ်၊ စုန့်လောင်စန်းရဲ့ ခန်ကို စမ်းကြည့်တော့ ရေခဲတုံးလို အေးစက်နေတာပဲ၊ ဘာအပူဓာတ်မှ မရှိတော့ဘူး၊ သူ့မျက်နှာကလည်း အရမ်းဖြူဖွေးနေပြီး မြင်ရတာ တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်"
ထိုစကားကို ကြားလိုက်ရသည့် အခန်းထဲရှိ လူအားလုံး မလိုလားအပ်ဘဲ ကြက်သီးမွေးညင်းများ ထသွားရသည်။