အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
အခန်း ၉၅ အိမ်မက်တစ်ခု
စုန့်ရှင်းရန်၏ အသုဘအခမ်းအနားက တော်တော်လေး စည်ကားသည်။ သူ၏သားနှင့် မြေးများက ငွေကြေးအချို့ ထည့်ဝင်ထားကြပြီး သားသမီးဝတ္တရား ကျေပွန်မှုကို ပြသရန် ခေါင်းတလားကဲ့သို့သော လိုအပ်သည်များကိုလည်း ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော် မြေမြှုပ်ခါနီး အိုးခွဲသည့်အချိန်တွင် အခြေအနေက အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
နာရေးအလံကိုင်ရသည့် ကိစ္စက မြေးအကြီးဆုံး၏ အလုပ်ဖြစ်ပြီး ပြဿနာ မဖြစ်ခဲ့သော်လည်း အိုးခွဲသည့် ကိစ္စကတော့ မိသားစု၏ သားအကြီးဆုံး လုပ်ဆောင်ရမည့်အလုပ် ဖြစ်သည်။ စုန့်ကျစ်ရှန်က သားအကြီးဆုံးဖြစ်သောကြောင့် သင်္ချိုင်းမြေတွင် မြေအိုးကို ကောက်ယူလိုက်စဉ် မျှော်လင့်မထားဘဲ သူ၏ညီဖြစ်သူ စုန့်ကျစ်ရန်၏ တားဆီးခြင်းကို ခံလိုက်ရသည်။
"အကြီးဆုံးအစ်ကို၊ ငါက မင်းကို အိုးမခွဲစေချင်တာ မဟုတ်ဘူး၊ ဒါပေမယ့် စဉ်းစားကြည့်ပါဦး၊ မင်းသာ အိုးခွဲမယ်ဆိုရင် အဖေက ပျော်ပါ့မလား"
အမှန်တကယ်တွင် စုန့်ကျစ်ရန်က စကားနည်းပြီး ပုံမှန်အားဖြင့် အလုပ်ကိုသာ ကြိုးကြိုးစားစားလုပ်တတ်သူ ဖြစ်သည်။ သို့သော်လည်း အလောင်းနံဘေးတွင် စောင့်နေရသည့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လူအများက သူ့ကိုသာ အိုးခွဲစေချင်ကြောင်း ပြောခဲ့ကြသည်။ ဖခင်ကွယ်လွန်လျှင် အကြီးဆုံးသားကသာ အိုးခွဲရမည်ဟု သူ အမြဲတွေးခဲ့သော်လည်း ယခုရက်ပိုင်းတွင် သူ့အတွေးများ စတင်ပြောင်းလဲလာခဲ့သည်။
'ငါကိုယ်တိုင် ခွဲရင်ရော မရဘူးလား'
'တကယ်လို့ ငါသာ ဒီအိုးကို ခွဲလိုက်ရင် လူတွေက ငါ့ကို အဖေ့အပေါ် သိတတ်တဲ့သားလို့ မြင်လာကြလိမ့်မယ်၊ နောက်ဆိုရင် တခြားလူတွေက ငါ့ကို လေးလေးစားစား ဆက်ဆံကြလိမ့်မယ်'
ထိုစကားကို ကြားလိုက်ရချိန်တွင် စုန့်ကျစ်ရှန်းကလည်း အံ့ဩတကြီး ပြန်မေးလိုက်သည်။
"ဒုတိယညီလေး၊ မင်း ဘာကို ဆိုလိုတာလဲ"
စုန့်ကျစ်ရန်က မြေအိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း ပြန်ပြောလိုက်သည်။
"ငါတို့မိသားစုမှာ ဒီလောက်ကြီးတဲ့ ပြဿနာတွေဖြစ်အောင် ဘယ်သူလုပ်ခဲ့တာလဲ၊ မင်းမိန်းမပဲ မဟုတ်လား၊ သူ ဘာလို့ ဒီလိုပြဿနာတွေ လုပ်နိုင်တာလဲ ဆိုတာကတော့ မင်း ကောင်းကောင်း မဆုံးမခဲ့လို့ပဲ၊ အဲဒီတုန်းက ကိစ္စသာ မဖြစ်ခဲ့ရင် အဖေ ဒီလို လေဖြတ်သွားရမှာ မဟုတ်ဘူး"
စုန့်ကျစ်ရှန်း၏ မျက်နှာက ဖြူလျော်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာကာ ပြန်မေးလိုက်သည်။
"ဒုတိယညီ၊ မင်း... မင်း ဘယ်လိုများ ဒီလိုစကားမျိုး ပြောနိုင်ရတာလဲ၊ ငါက မင်းရဲ့ အစ်ကိုလေ"
"မင်းက အကြီးဆုံးအစ်ကို ဖြစ်နေလို့ပဲ ငါ ပြောနေတာပေါ့၊ တခြားလူဆိုရင် ငါ ပြောမနေဘူး၊ အဖေ ဒီလိုအခြေအနေမျိုး ရောက်ခဲ့ရတာတောင် မင်းက အဖေ့ကို အေးအေးချမ်းချမ်း အနားမယူစေချင်ဘူးလား"
စုန့်ကျစ်ရန်က အစ်ကိုဖြစ်သူထံမှ မြေအိုးကို ယူလိုက်ပြီး သင်္ချိုင်းဆီသို့ လျှောက်သွားကာ တည်ကြည်သော မျက်နှာထားဖြင့် လက်ကို မြှောက်လိုက်ပြီး မြေအိုးလေး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင် အားဖြင့် ပေါက်ခွဲလိုက်သည်။
ကျယ်လောင်သော အသံနှင့်အတူ မြေအိုးက ကွဲကြေသွားပြီး စုန့်ကျစ်ရှန်း၏ ခန္ဓာကိုယ်ကလည်း ယိုင်နဲ့သွားကာ နောက်ဆုံးတွင် နှင်းတောထဲသို့ လဲကျသွားသည်။
အိုးခွဲပြီးနောက်တွင် လေထုထဲသို့ ငိုကြွေးသံများက ပျံ့လွင့်လာသည်။ အထူးသဖြင့် ကောင်းရှီက သင်္ချိုင်းဘေးတွင် လဲလျောင်းရင်း ခံစားချက်မျိုးစုံဖြင့် ငိုကြွေးနေခဲ့သည်။
"အိုက်ယား..... လူအိုကြီး၊ ရှင် ကျွန်မကို ဒီလိုပဲ ထားခဲ့တာလား၊ ရှင် မရှိဘဲ ကျွန်မ ဘယ်လို ရုန်းကန်ရမှာလဲ"
စုန့်တင်းရှန်းက လူအုပ်ကြားထဲတွင် ရပ်နေပြီး ကောင်းရှီ၏ အော်ဟစ်ငိုကြွေးသံကြောင့် မထိန်းနိုင်တော့ဘဲ လှောင်ပြုံး ပြုံးလိုက်မိသည်။
အလောင်းစောင့်ရသည့် ရက်များအတွင်း ကောင်းရှီက မျက်ရည်တစ်စက်ပင် မကျခဲ့ပေ။ သူမက ဘာမှမဖြစ်သလို ထိုင်နေပြီး တစ်ခါတစ်ရံတွင် ဂါရဝပြုရနတ် လာသူများကို ကြည့်နေတတ်သည်။ ထိုသို့မဟုတ်လျှင်လည်း ခေါင်းတလားရှေ့၌ ဒူးထောက်နေသည့် သူမ၏သားမြေးများကို စိုက်ကြည့်နေတတ်သည်။
တခြားလူများကတော့ အဘွားအို အလွန်အမင်း ဝမ်းနည်းနေသည်ဟု ထင်နေကြသော်လည်း စုန့်တင်းရှန်းကတော့ သူမ၏ မျက်လုံးထဲမှ နက်ရှိုင်းသော တွက်ချက်မှုအချို့ကို မြင်နိုင်ခဲ့သည်။
သူမ မျှော်လင့်ထားသည့်အတိုင်း အားလုံး အိမ်ပြန်ရောက်သည့်အချိန်တွင် ကောင်းရှီက သူမကို ကူတွဲပေးထားသည့် ကျူးရှီနှင့် သူမ၏ မြေးချွေးမကို တွန်းဖယ်လိုက်ပြီး ရွာသူကြီးနှင့် တခြားလူများကို လှမ်းပြောလိုက်သည်။
"မသွားကြနဲ့ဦး၊ ငါ ပြောစရာရှိသေးတယ်"
စုန့်ရှင်းယိက စိတ်ပျက်လက်ပျက်ဖြင့် ရပ်တန့်လိုက်သော်လည်း လီရှီကို မိသားစုဝင်များအား အိမ်ပြန်ခေါ်သွားပြီး နွေးနွေးထွေးထွေး နေကြရန် လှမ်းပြောလိုက်သည်။ အေးစိမ့်လှသော ရာသီဥတုထဲတွင် အပြင်ဘက်၌ နှစ်နာရီကြာအောင် ရပ်နေခဲ့ရသောကြောင့် အားလုံး ချမ်းတုန်နေကြပြီ ဖြစ်သည်။
အိမ်၏အတွင်းပိုင်းကတော့ နွေးထွေးပြီး သက်တောင့်သက်သာရှိလှသည်။ ပဉ္စမအဘွားနှင့် ဆဋ္ဌမအဘွားတို့က လီရှီနောက်မှ လိုက်လာကြပြီး စပ်စုချင်နေသော ကလေးများကိုလည်း အိမ်ပြန်ပြီး နွေးနွေးထွေးထွေးနေရန် မှာကြားနေကြသည်။
အချိန်တော်တော်ကြာပြီးနောက် စုန့်ရှင်းယိတစ်ယောက် မျက်နှာပျက်ပျက်ဖြင့် ပြန်ရောက်လာသည်။
လီရှီက သူ့ကို လှမ်းမေးလိုက်သည်။
"ဟိုမှာ ဘာတွေဖြစ်ခဲ့လို့လဲ"
စုန့်ရှင်းယိက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။
"ဘာဖြစ်ရမှာလဲ၊ ပြဿနာတွေပဲ ထပ်ဖြစ်တာပေါ့"
........။.......။.....
ယခုအချိန်တွင် စုန့်ရှင်းရန် ကွယ်လွန်သွားပြီ ဖြစ်သောကြောင့် ကောင်းရှီက မုဆိုးမအဘွားအို ဖြစ်လာပြီး ယခင်ကထက်ပင် ပို၍ အနိုင်ကျင့် ဗိုလ်ကျချင်လာသည်။ စကားပြောဆိုရမည့် လူကြီးပိုင်းများအားလုံး အိမ်ထဲသို့ ရောက်ရှိသွားချိန်တွင် ကောင်းရှီက ခန်ပေါ်တွင် တင်ပလ္လင်ခွေထိုင်လျက် ရွာသူကြီးကို စိုက်ကြည့်ကာ ပြတ်ပြတ်သားသား ပြောလာခဲ့သည်။
"ဒီနေ့ ငါ အားလုံးကို အရေးကြီးတဲ့ကိစ္စတစ်ခု ပြောချင်တယ်၊ ငါ ရုံးတော်ကို သွားပြီး ငါ့သားတွေက မိဘအပေါ် မသိတတ်ဘူးလို့ တိုင်တန်းမယ်၊ သူတို့ကို အာဏာပိုင်တွေနဲ့ ဖမ်းခိုင်းပြီး ထောင်ထဲထည့်ခိုင်းမယ်"
အခန်းထဲရှိ လူအားလုံး တုန်လှုပ်သွားကြပြီး ငိုင်တိုင်တိုင် ဖြစ်နေခဲ့သော စုန့်ကျစ်ရှန်းပင် မျက်လုံးအပြူးသားဖြင့် မိခင်ဖြစ်သူကို အံ့ဩတကြီး လှမ်းကြည့်နေသည်။
ကောင်းရှီက အေးစက်စက်ဖြင့် ဆက်ပြောနေသည်။
"ငါရဲ့ လူအိုကြီးက ဘာလို့ သေသွားရတာလဲ၊ သူတို့လို မသိတတ်တဲ့ သားသမီးတွေနဲ့ ချွေးမတွေကြောင့်ပဲ မဟုတ်ဘူးလား၊ ကလေးတွေရဲ့ အပြုအမူမှာလည်း သူတို့မိဘတွေရဲ့ အရိပ်တွေ ထင်ဟပ်နေတာပဲ၊ သားတွေက မသိတတ်သလို မြေးတွေကလည်း အတူတူပဲ၊ အခု ငါ အသက် ခြောက်ဆယ် ရှိနေပြီ၊ ဒါပေမယ့် ငါ အဘိုးကြီးကို နေ့တိုင်း ပြုစုနေခဲ့ရတယ်၊ သူ စားဖို့ ခွံ့ကျွေးရတယ်၊ လက်တွေ နာကျင်လာတဲ့အထိ သူ့ဝေယျာဝစ္စတွေ လုပ်ပေးရတယ်၊ ငါ အရမ်းပင်ပန်းလွန်းလို့ လက်တောင် မမြှောက်နိုင်ဘူး၊ ဒါပေမယ့် သူတို့ကရော ဘာလုပ်နေကြလဲ၊ စားသောက်ပြီးတာနဲ့ ပါးစပ်သုတ်ပြီး ထွက်ပြေးကြတာပဲ၊ ဘယ်သူက ငါ့ကို ကူညီလို့လဲ၊ ပြီးတော့ ငါ့မြေးတွေကလည်း တကယ့်ကို နှလုံးသား မရှိကြဘူး၊ သူတို့က ငါတို့မိသားစုနဲ့ လုံးဝ မတူဘူး၊ သူစိမ်းတွေကနေ မွေးထားသလိုပဲ"
သူမက စကားပြောရင်း ခြေထောက်ကို ပုတ်ကာ သံရှည်ဆွဲ ပြောနေခဲ့သည်။ မျက်ရည်တစ်စက်မှ မကျနေသော်လည်း သူမ၏ ပုံစံကို ကြည့်ရသည်မှာ တစ်မျိုးကြီး ဖြစ်နေပြီး စိတ်မသက်မသာ ဖြစ်စေသည်။
"အဲဒီဖြောင့်မတ်တဲ့အရာရှိတွေက သူတို့အားလုံးကို ဖမ်းသွားတာကိုပဲ ငါ မြင်ချင်တယ်၊ ငါ ဘာကိုမှ ဂရုမစိုက်တော့ဘူး၊ လူအိုကြီး မရှိတော့ရင် ငါ အသက်ရှင်နေရတာ ဘာထူးတော့မှာလဲ၊ သူ့နောက်ကိုပဲ လိုက်သွားချင်တယ်၊ ငါရဲ့လူအိုကြီးက သားတွေနဲ့ ချွေးမတွေ နှိပ်စက်လို့ သေသွားရတာ၊ အခု သူတို့က ငါ့ကိုပါ သေစေချင်နေကြပြီ’
ကောင်းရှီ၏ စကားများက အမှန်လား အမှားလားဆိုသည်ကို မည်သူမျှ မသိနိုင်သော်လည်း စုန့်လောင်စန်း ယခုကဲ့သို့ အေးစိမ့်သော ရာသီဥတုတွင် ကွယ်လွန်သွားခဲ့သည်က အမှန်ပင် ဖြစ်သည်။ ထို့ပြင် သားများထက် ကောင်းရှီကသာ အကူအညီတောင်းရန် အရင်ဆုံး အော်ဟစ်ခဲ့ခြင်း ဖြစ်သည်။
စုန့်ကျစ်ရှန်းနှင့် စုန့်ကျစ်ရန်တို့က ကြောက်လန့်သွားကြပြီး ဒူးထောက်ကာ ကောင်းရှီ၏ ခြေထောက်များကို ဖက်တွယ်ရင်း ငိုကြွေးနေကြသည်။
"အမေ၊ ကျွန်တော်တို့ ဘယ်နေရာမှာ မသိတတ်လို့လဲ၊ ကျွန်တော်တို့က အမေ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်လို့ အမေ အမြဲပြောနေလို့ ကျွန်တော်တို့ အဝေးမှာပဲ နေခဲ့ကြတာပါ၊ အမေ... ကျေးဇူးပြုပြီး ဒီလိုမျိုး မလုပ်ပါနဲ့"
ကောင်းရှီက ဟန်ဆောင်ငိုကြွေးရင်း ထပ်ပြောလိုက်သည်။
"ငါ သားရဲနှစ်ကောင်ကို မွေးထုတ်ခဲ့မိတာပဲ၊ ငါ သူတို့ကို ကျွေးမွေးပြုစုခဲ့တယ်၊ အိမ်ထောင်ချပေးတယ်၊ နောက်ဆုံးတော့ သူတို့က ပြဿနာတွေကိုပဲ အိမ်ထဲ ခေါ်သွင်းလာခဲ့ကြတယ်၊ သူတို့အားလုံးက ပြဿနာရှာတာကို မရပ်ခဲ့ကြဘူး၊ ဘာလို့ ကောင်းကင်ကြီးက ငါ့ရဲ့ လူအိုကြီးကိုပဲ အပြစ်ပေးနေရတာလဲ၊ လူအိုကြီးက အမြဲတမ်း ကောင်းတာတွေပဲ လုပ်ခဲ့တာပါ၊ သူက ပုရွက်ဆိတ်လေးတစ်ကောင်ကိုတောင် မနင်းရက်ခဲ့ဘူး၊ ထောင်ဟုန်ကို တခြားလူရဲ့ ခင်ပွန်းလောင်းနဲ့ သွားပတ်သက်ဖို့ သူ မခိုင်းခဲ့ဘူး၊ ကျောင်ရှင်းကိုလည်း ပစ္စည်းခိုးပြီး ထွက်ပြေးဖို့ အားမပေးခဲ့ဘူး၊ ပြီးတော့ ကျောင်းရှင်းကို ပြည့်တန်ဆာအိမ်နဲ့ ပတ်သက်တဲ့ မိသားစုဆီ ပို့ခဲ့တာလည်း သူ မဟုတ်ဘူး၊ ဘာလို့ အရာအားလုံးအတွက် ငါ့ရဲ့ လူအိုကြီးကပဲ ပြစ်ဒဏ်ခံလိုက်ရတာလဲ"
ဤစကားများက အလွန် လေးလံလှပြီး လူတိုင်း၏နှလုံးသားကို ထိခိုက်စေသည်။ ရွာသားများက ဘိုးဘေးခန်းမတွင် မှတ်မိနိုင်စရာ မရှိတော့လောက်အောင် နှိပ်စက်ခံခဲ့ရသည့် ဝူရှီ၊ မြစ်ထဲ၌ သေဆုံးသွားခဲ့ကြသော အပြစ်မဲ့ ကလေးငယ်များနှင့် သီလရှင်ကျောင်းသို့ ရောက်သွားသော စုန့်ထောင်ဟုန်တို့ကို ချက်ချင်း ပြန်အမှတ်ရသွားကြသည်။
ရွာသူကြီး၏ မျက်နှာက ညိုမှောင်သွားပြီး နှုတ်ဆိတ်နေကြသော စုန့်မိသားစုဝင်များကို တချက်ကြည့်ကာ ဝင်ပြောလိုက်သည်။
"တတိယမရီး၊ မငိုပါနဲ့တော့၊ ခင်ဗျားက ဘာလိုချင်တာလဲ"
ကောင်းရှီက တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြန်ပြောလိုက်သည်။
"ငါ့အသက်က ခြောက်ဆယ် ရှိနေပြီ၊ ဘာများ လိုချင်ဦးမှာလဲ၊ ငါ့ကို သေခွင့်ပဲပေးကြပါတော့"
"အမေ၊ အမေ၊ အမေ ဘာပြောပြော ကျွန်တော်တို့ အကုန်သဘောတူပါ့မယ်၊ ကျေးဇူးပြုပြီး ဘာမှ မဖြစ်ပါနဲ့"
စုန့်ကျစ်ရှန်းနှင့် စုန့်ကျစ်ရန်တို့က အဘွားအိုအတွက် အမှန်တကယ် စိုးရိမ်သောကြောင့်ဖြစ်နိုင်သလို သူတို့၏ ခက်ခဲသော ဘဝကို ပြန်တွေးမိသောကြောင့်လည်း ဖြစ်နိုင်ပြီး အကျယ်ကြီး အော်ဟစ်ငိုကြွေးနေကြသည်။
"ငါ အသက်ကြီးနေပြီ၊ နင်တို့တွေ ငါ့အပေါ် တကယ် သိတတ်ချင်တယ်ဆိုရင် ငါ့ကို ပစ်မထားကြနဲ့"
ကောင်းရှီက နောက်ဆုံးတွင် သူမ၏ အော်ဟစ်ငိုကြွေးနေမှုကို ရပ်တန့်လိုက်ပြီး သူမ၏သားနှစ်ယောက်ကို ရက်စက်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ထပ်ပြောလိုက်သည်။
"နင်တို့နှစ်ယောက်လုံး ဒီကို ပြန်ပြောင်းလာကြ၊ ငါက အိုနေပြီ၊ ပြုစုစောင့်ရှောက်မယ့်လူ လိုတယ်၊ ငါ့ကို ဘယ်သူမှ စောင့်မကြည့်ရင် ငါ ဘယ်အချိန်နေမှန်းတောင် သိကြမှာ မဟုတ်ဘူး၊ တစ်နေ့မှာ ငါ ငါ့ရဲ့ အေးစက်တဲ့ အိပ်ရာပေါ်မှာ အဆုံးသတ်သွားနိုင်တယ်၊ နင်တို့တွေ အိုးခွဲဖို့တောင် လုနေကြသေးတယ်၊ ငါ့အတွက်ရော စဉ်းစားဖူးကြရဲ့လား၊ နင်တို့ ငါ့ကို ပြုစုဖို့ ပြန်မလာဘူးဆိုရင် နင်တို့တွေက မိဘအပေါ် မသိတတ်ဘူးဆိုပြီး အာဏာပိုင်တွေဆီ သွားတိုင်ပစ်မယ်"
"ငါ့ကို ပြုစုရုံတင်မကဘူး၊ ငါ့အတွက် လစဉ် ထောက်ပံ့ကြေးလည်း ပေးရမယ်၊ ငါ့အတွက် ဝတ်ရမယ့် နာရေးအဝတ်အစားတွေကလည်း တစ်ဝက်ပဲ ပြီးသေးတယ်၊ ခေါင်းတလားလည်း မမှာရသေးဘူး၊ နင်တို့ အဲ့ဒါတွေအတွက် ပြင်ဆင်ပြီးပြီလား၊ အခု ငါ့သွားတွေလည်း မကောင်းတော့ဘူး၊ နူးညံ့တဲ့ ခေါက်ဆွဲတွေကိုပဲ စားချင်တော့တယ်၊ နင်တို့ ငါ့ကို ကျွေးနိုင်လား"
ကောင်းရှီ၏ ပါးစပ်က တွန့်ကွေးသွားပြီး လှည့်စားလိုသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ငါ မသေမချင်း နင်တို့အားလုံး ငါ့ကို ပေးဆပ်ကြရမှာပဲ"
......။......။.....
လီရှီက သက်ပြင်းချရင်း ထပ်မေးလိုက်သည်။
"ဒါပဲလား"
"ဒါပါပဲ၊ သူက ပစ္စည်းတွေ၊ ငွေတွေ လိုချင်တယ်၊ ချွေးမတွေနဲ့ မြေးမတွေကိုလည်း အလှည့်ကျ ပြုစုခိုင်းချင်တယ်၊ ပြီးတော့ ဆန်ဖြူနဲ့ ဂျုံမှုန့်ကိုပဲ စားချင်တယ်တဲ့"
"ဒါက သိပ်ပြီးတော့ မများလှပါဘူး၊ ဘာပဲဖြစ်ဖြစ် သူလည်း အသက်ကြီးနေပြီပဲ၊ ဆန်ဖြူနဲ့ ဂျုံမှုန့်ကို ဘယ်နှစ်နှစ်လောက်များ စားနိုင်တော့မှာမလို့လဲ"
"ဒါက သိပ်မများပေမယ့် လူတွေကို စိတ်မသက်မသာ ဖြစ်စေတယ်လေ၊ သူ့ရဲ့ သားတွေနဲ့ ချွေးမက ဘာလို့ သူ့ကို မပြုစုချင်ကြတာလဲ၊ သူကိုယ်တိုင် လုပ်ခဲ့တဲ့ အပြုအမူတွေကြောင့် မဟုတ်ဘူးလား၊ မြေးတွေကရော ဘာလို့ သူ့နဲ့ အတူမနေချင်တာလဲ၊ စုန့်ကျောင်ရှင်းရဲ့ ကိစ္စတွေကြောင့် မဟုတ်ဘူးလား၊ ငါတို့အတွက် သာမန်လို့ ထင်ရတဲ့အရာတွေကို အခု သူက သားတွေနဲ့ မြေးတွေအပေါ် အတင်းအကျပ် တောင်းဆိုနေတယ်၊ အဲဒါက ဘယ်လိုလုပ်ပြီး သူတို့ကို စိတ်မပျက်ဘဲနေစေမှာတုန်း"
"ဒါတွေအားလုံးအတွက် ဘယ်သူ့ကို အပြစ်တင်ရမှာလဲ၊ အပေါ်တန်းက မဖြောင့်ရင် အောက်တန်းကလည်း ကောက်တယ်လို့ သူကိုယ်တိုင် ပြောခဲ့တာလေ၊ သူကိုယ်တိုင်က အပေါ်တန်း ဖြစ်နေတာ မဟုတ်ဘူးလား၊ ထားလိုက်ပါတော့၊ ထားလိုက်ပါတော့၊ သူ ကျွန်မတို့မိသားစုအပေါ် ထပ်ပြီး အခွင့်ကောင်းယူမလား ဆိုပြီး ကျွန်မ စိုးရိမ်နေခဲ့တာ၊ အခုလိုမျိုး ဘာမှမဖြစ်တာ ကောင်းပါတယ်"
စုန့်တင်းရှန်းက အပြုံးဖြင့် ဝင်ပြောလိုက်သည်။
"သူ မလုပ်ရဲပါဘူး အဘွားရယ်၊ တကယ်လို့ သူ သမီးတို့ မိသားစုအပေါ် မကြံစည်ဘူးဆိုရင် တကယ်တမ်း တစ်ခုခု ဖြစ်လာတာနဲ့ သမီးတို့က သူ့ကို ထောက်ပံ့နိုင်သေးတယ်လေ၊ သူ သမီးတို့ကို ကြံစည်လိုက်ရင်တော့ နောက်ကျ သူ့ကို ထောက်ပံ့မယ့်သူ ရှိတော့မှာ မဟုတ်မှန်း သူ နားလည်တယ်၊ သူက အရမ်းပါးနပ်လွန်းတယ်၊ သားတွေနဲ့ မြေးတွေကို တိုက်ရိုက် ထိန်းချုပ်လိုက်တယ်၊ ချွေးမတွေနဲ့ မြေးချွေးမတွေကို အလှည့်ကျ ပြုစုခိုင်းတယ်၊ နောင်ကျရင်တော့ သူ ရင်ဆိုင်ရမယ့် ပြသနာတွေ ထပ်ဖြစ်လာဦးမယ့်ပုံပဲ"
"ငါတို့ကတော့ ငါတို့အလုပ် ငါတို့ လုပ်ကြတာပေါ့"
ပဉ္စမအဘွားက ရယ်မောရင်း ဝင်ပြောလိုက်သည်။
"အိုက်ယား... ဘာပဲဖြစ်ဖြစ် အခု အေးအေးချမ်းချမ်း ဖြစ်သွားပြီ၊ ငါကတော့ အမြန်ဆုံး ပြန်ချင်နေပြီ၊ ဒီမှာ ဆက်မနေချင်တော့ဘူး၊ ဒီမှာ ရှိတဲ့လူတွေက အရမ်းဒုက္ခပေးနိုင်ကြတယ်"
သို့သော် သူမ ထိုသို့ပြောပြီး နာရီဝက်ပင် မပြည့်သေးမီ စုန့်ရှင်းကျုံး၏အခြေအနေ စိုးရိမ်နေရကြောင်း တစ်ယောက်ယောက်က သတင်းလာပို့ပြန်သည်။
စုန့်ရှင်းကျုံးက စုန့်မိသားစု၏ ညီအစ်ကိုခြောက်ယောက်ထဲတွင် အကြီးဆုံး ဖြစ်ပြီး ယခုနှစ်တွင် အသက် ခုနစ်ဆယ်နီးပါး ရှိပြီဖြစ်သောကြောင့် ရွာထဲတွင် အသက်အကြီးဆုံး မျိုးနွယ်ဝင်အဖြစ် သတ်မှတ်ခြင်း ခံရတော့မည့်သူ ဖြစ်သည်။ သို့သော် စုန့်လောင်စန်း၏အိမ်မှ ထွက်လာပြီးနောက် သူက အကြောင်းပြချက်မရှိဘဲ ခလုတ်တိုက်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
သူ့ကို အိမ်သို့ ပြန်ထမ်းလာချိန်တွင် သူ့မျက်နှာက ညိုမည်းနေပြီ ဖြစ်သည်။ ဆရာဝန် လာကြည့်သည့်အချိန်တွင်တော့ သူ စကားမပြောနိုင်တော့ဘဲ နောက်ဆုံး ကွယ်လွန်သွားခဲ့သည်။
စုန့်မိသားစုဝင်များလည်း ချွတ်လိုက်ရုံရှိသေးသော နာရေးအဝတ်အစားများကို ပြန်လည် ဝတ်ဆင်ကြရပြန်သည်။ ငိုကြွေးမြည်တမ်းသူများနှင့် တီးမှုတ်သူများကို ထပ်ခေါ်လိုက်ရသည်။ သူတို့ကလည်း သူတို့ ရွာထဲမှ မထွက်ရသေးမီ စုန့်မိသားစုဝင် နောက်တစ်ဦး ကွယ်လွန်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
စုန့်ရှင်းကျုံး၏ အသက်အရွယ်အရဆိုလျှင် သူ၏ ကွယ်လွန်ခြင်းကို အေးချမ်းစွာ သေဆုံးခြင်းဟု မှတ်ယူနိုင်သည်။ သို့သော်လည်း သူ သေဆုံးသွားပုံက ရုတ်တရက်ဆန်နေပြီး ထူးဆန်းလွန်းသောကြောင့် အေးချမ်းစွာ သေဆုံးခြင်း ဖြစ်သည့်တိုင် လူတိုင်း၏ မျက်နှာများက တည်ကြည်လေးနက်နေသည်။
"အကြီးဆုံးအစ်ကိုက သူ့ရဲ့ တတိယညီကို သံယောဇဉ် ကြီးရှာပုံပဲ၊ အခု သူ့ညီ မရှိတော့ဘူးဆိုတော့ သူ ဝမ်းနည်းသွားပြီး သူ့ညီကို အဖော်ပြုဖို့ ထွက်သွားတာဖြစ်မယ်"
"တော်ပါကွာ၊ အကြီးဆုံးအစ်ကိုက သူ့ညီကို ချစ်တယ်ဆိုရင်တောင် ကောင်းပေးခဲ့လို့လား၊ တစ်ယောက်ယောက်က စုန့်လောင်စန်းအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်ဆိုရင် အဲဒါ စုန့်လောင်စစ်ပဲ၊ သူက တကယ့်ကို လူကောင်းပဲ"
"လျှောက်မပြောနဲ့၊ စုန့်လောင်စစ်က ဧကရာဇ်မင်း ချီးမြှင့်တဲ့ အရာရှိ၊ နန်းတွင်းနဲ့လည်း အဆက်အသွယ်ရှိတယ်၊ သူကို ဘယ်ကိုမှ သွားနှောက်ယှက်လို့ မရဘူး"
"ဒါဆို စုန့်လောင်တာ့က ဘာလို့ ရုတ်တရက်ကြီး ဆုံးသွားရတယ်လို့ မင်းတို့ ထင်ကြလဲ၊ အခုမှ ခုနစ်ရက်ပြည့်ပြီးတာလေ၊ ဟုတ်တယ်မလား... စုန့်လောင်စန်း ပြန်လာတဲ့အချိန် သူ့အစ်ကိုကိုပါ အတင်းခေါ်သွားတာများလား"
"သူက ဘာလို့ စုန့်လောင်တာ့ကိုမှ ခေါ်သွားရတာလဲ"
"မင်း မသိဘူးလား၊ စုန့်ကျောင်ရှင်းရဲ့ ကိစ္စတစ်ခုလုံးက စုန့်လောင်တာ့ရဲ့ အကြံလို့ ပြောကြတယ်လေ"
ရွာထဲတွင် ကောလာဟလများ ပျံ့နှံ့နေစဉ်မှာပင် စုန့်ရှင်းကျူံးကို မိသားစုဘိုးဘေးသင်္ချိုင်းတွင် မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြသည်။ စုန့်မိသားစု၏ ဒုတိယသားဖြစ်သူ စုန့်ရှင်းရှောင်းကလည်း အိမ်ပြန်ရောက်သည့်နှင့် ဖျားနာခဲ့သည်။ သူ့ကို သေမင်းလက်ထဲမှ ပြန်လုနိုင်ရန် ဆေးဝါးများ အတင်းတိုက်ကြွေးခဲ့ရသော်လည်း သူ၏ မျက်နှာအရောင်အဆင်းက ယခင်ကကဲ့သို့ မကောင်းတော့ဘဲ မကြာခဏဆိုသလို အဓိပ္ပာယ်မရှိသည့်စကားများ ပြောဆိုနေတတ်သည်။
"စုန့်ကျောင်ရှင်းရဲ့ ဝိညာဉ်က မကျွတ်မလွတ်ဘဲ သူတို့ကို ခေါ်သွားတာ.... ငါ ကြောက်တယ်.... ကြောက်တယ်"
စုန့်ရှင်းယိနှင့် ပဉ္စမညီ၊ ဆဋ္ဌမညီများ၏ မိသားစုဝင်များကတော့ အစ်ကိုကြီး၏ နာရေးကို စီစဉ်ပြီးနောက် ရေတစ်ခွက်ပင် မသောက်ချင်တော့ဘဲ လှည်းပေါ်သို့ တိုက်ရိုက်တက်ကာ မြို့သို့ ချက်ချင်း ပြန်လာခဲ့ကြသည်။
သူတို့အိမ်ရှေ့မှ ကျောက်ခြင်္သေ့ရုပ်ကြီးများကို မြင်ရချိန်မှသာ လူတိုင်း သက်ပြင်းချနိုင်ခဲ့ကြသည်။
"စုန့်ကျောင်ရှင်း ပြန်လာပြီလို့ ပြောနေကြတာ၊ ငါဖြင့် ကြောက်လိုက်ရတာ သေလုနီးပါးပဲ"
ပဉ္စမအဘွားက သူမ၏ရင်ဘတ်ကို ဖိလျက် ညည်းညူရင်း ခန်ပေါ်သို့ လှဲချလိုက်သည်။
"ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ရှုပ်ထွေးသွားရတာလဲ၊ ခုနစ်ရက်ပြည့်တဲ့အချိန်နဲ့လည်း ကွက်တိပဲ၊ အိုက်ယား... ငါလည်း ရင်တွေ တုန်လိုက်တာ"
လီရှီက ထွီခနဲ တံတွေးထွေးရင်း လှောင်သံဖြင့် ပြန်ပြောလိုက်သည်။
"စုန့်ကျောင်ရှင်း ပြန်လာပြီဆိုတာက ဘာကိုဆိုလိုတာလဲ၊ အဲဒါက သူတို့မှာ အပြစ်ရှိလို့ စိတ်ချောက်ချားနေကြတာပါ၊ သူတို့သာ အဲဒီ ယုတ်ညံ့တဲ့ အကြံအစည်ကြီးကို မထုတ်ခဲ့ရင် ဒီလို တစ်ယောက်ပြီးတစ်ယောက် ဖြစ်လာပါ့မလား၊ ပြောတဲ့လူတွေက ပြောကြသေးတယ်၊ ကျောင်းရှင်းရဲ့အမေကမှ သူ့ကို တခြားအိမ်ကို ရောင်းခိုင်းလိုက်တာတဲ့... ကြည့်နေလိုက်၊ သူတို့တွေ နောက်ဆုံးတော့ ဝူရှီရဲ့မိဘအိမ်ကိုပါ ဒုက္ခပေးကြဦးမှာ"
ပဉ္စမအဘွားက သက်ပြင်းချရင်း ပြောလာခဲ့သည်။
"ငါ ဒီတစ်သက် ရွာကို ဘယ်တော့မှ မပြန်ချင်တော့ဘူး၊ 'ကြွေကျတဲ့သစ်ရွက်က သူ့အမြစ်ဆီကို ပြန်တယ်' လို့ ပြောကြပေမယ့် ရွာက လူတွေအကြောင်း စဉ်းစားလိုက်ရင် ငါ ရွာပြန်ဖို့အထိ အသက်မရှည်မှာတောင် ကြောက်နေမိတယ်"
ဆဋ္ဌမအဘွားက ဝင်ပြောလိုက်သည်။
"ပဉ္စမယောင်းမက မြို့ပေါ်မှာ အိမ်ဝယ်ထားပြီးသားလေ၊ အနည်းဆုံးတော့ နေစရာ ရှိသေးတယ်၊ ငါ့ယောက်ျားကလည်း မြို့ပေါ်မှာ အိမ်ဝယ်ဖို့ ပြောနေတာ ရက်အနည်းငယ် ရှိနေပြီ၊ ဒါပေမယ့် ယောင်းမတို့ ဝယ်တုန်းကထက် ဈေးတွေ အများကြီး တက်သွားပြီ"
"ဈေးကြီးရင်တောင် ဝယ်ရမယ်၊ ရွာမှာ နေပြီး သူတို့ပြဿနာတွေကြောင့် အသက်တိုရမယ့်အစား မြို့မှာနေတာက ပိုကောင်းတယ်၊ ဒါနဲ့ စတုတ္ထယောင်းမ၊ ငါ ယောင်းမတို့အိမ်က လီရှန့်ကို လစဉ် ငွေတချို့ ပေးပါ့မယ်၊ သူ အချိန် နည်းနည်းလောက် ပေးပြီး ငါ့အိမ်ကို ရက်ခြားလေး သွားကြည့်ပေးဖို့ ပြောပေးပါလား၊ အထူးသဖြင့် အခုလို အိမ်ကို နွေးထွေးအောင် လုပ်ရမယ့် ရက်မျိုးပေါ့၊ ငါ့စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေလို့ပါ၊ အမှန်တော့ သူတို့နဲ့ ဒီကိစ္စကို ဆွေးနွေးဖို့ တွေးထားတာ၊ ဒါပေမယ့် ဒီလောက်အထိ ကိစ္စတွေ အများကြီး ဖြစ်လာမယ်လို့ ဘယ်သူက ကြိုသိမှာလဲ"
“လီရှန့်ကို အာ့နွီ ဝယ်ထားတာဆိုတော့ သူ့ကိုပဲ မေးကြည့်ရမယ်၊ ငါကတော့ ကြားထဲကနေ ဆုံးဖြတ်ချက် မချပေးနိုင်ဘူး"
"ဒါဆိုရင် ခဏနေမှ ယောင်းမရဲ့ မြေးမကို သွားမေးလိုက်မယ်"
ပဉ္စမအဘွားက အတန်ကြာအောင် တွေးတောနေပြီးမှ ပြောလာပြန်သည်။
"မဟုတ်သေးပါဘူး၊ ငါ အရင် ပြန်ပြီး နားဦးမှ ဖြစ်မယ်၊ ဒီလဝက်အတွင်း ငါ တကယ့်ကို ပင်ပန်းသွားတာပဲ၊ ဘုရား.... ဘုရား"
စုန့်တင်းရှန်းလည်း ပင်ပန်းနေခဲ့သည်။ သူမက ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာအရ ပိုပင်ပန်းနေခြင်း ဖြစ်သည်။ သူမက ကလေးနှစ်ယောက်ကို သွားကြည့်ရန် ကလေးထိန်းများဆီသို့ အရင်သွားလိုက်သည်။ ကလေးငယ်များက သူတို့၏အမေကို မတွေ့ရသောကြောင့် ညဘက်တွင် အကြိမ်ကြိမ် ငိုခဲ့ကြသော်လည်း တခြားကလေးများ၏ ဆင်ခြင်တုံတရားရှိပြီး ဝိုင်းချော့မြှူပေးမခဲ့ကြသည်။ ကျန်းကျူးနှင့် နို့ထိန်းများက အငယ်ဆုံးနှစ်ယောက်ကိုသာ စောင့်ရှောက်ပေးရပြီး မိဘများ ပြန်မလာမချင်း ဤလဝက်ခန့်အချိန်ကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်ခဲ့ကြသည်။
"သခင်မ၊ လဲလိုက်တဲ့ အဝတ်အစားတွေကို မီးရှို့ပစ်လိုက်ပါ၊ ဘာပဲဖြစ်ဖြစ် အဲဒီမှာ မကောင်းတဲ့ စွမ်းအင်တွေ ရှိနေတတ်တယ်၊ အိမ်မှ သိမ်းထားတာက မကောင်းဘူး"
ကျန်းကျူးက ပြောလာပြန်သည်။
စုန့်တင်းရှန်းက ကလေးလေး၏ နုအိသော ပါးပြင်လေးကို ထိတွေ့လိုက်ပြီး လက်ယမ်းပြလိုက်သည်။
"အဝတ်အစားတွေ မီးရှို့မယ့်ကိစ္စကတော့ ငါ့အမေနဲ့ အဘွားကို သွားပြောလိုက်ပါ၊ အဲဒါကို ငါ ဆုံးဖြတ်လို့ မရဘူး"
သူမ မျှော်လင့်မထားဘဲ လီရှီက ချက်ချင်း သဘောတူလိုက်ရုံသာမက သူမတို့၏ကိုယ်ပိုင်အဝတ်အစားများကို စုစည်းကာ မီးရှို့ရုံတင်မကဘဲ ပဉ္စမအဘွားနှင့် ဆဋ္ဌမအဘွားတို့၏ အဝတ်အစားများကိုပင် ချန်မထားခဲ့ပေ။
"ကံဆိုးတာတွေ ပျောက်ရင် ရပြီ၊ ငါတို့လည်း အရင်တုန်းကလို မဟုတ်တော့ဘူး၊ အဝတ်အစားအသစ်တွေ ပြန်တယ်နိုင်တဲ့ အင်အားရှိနေပြီပဲ"
သူမက အကြောင်းပြချက်ပင် ပေးနေသေးသည်။
ကလေးများကို ခဏမျှ ကြည့်ရှုပြီးနောက် အစာကြေလွယ်ပြီး နွေးထွေးသော ခေါက်ဆွဲပြုတ်ပန်းကန်လုံးတစ်လုံးစာ သောက်လိုက်ရသည့် စုန့်တင်းရှန်းက ပင်ပန်းနွမ်းနယ်မှုအခံကြောင့် မျက်ခွံများ လေးလံလာခဲ့သည်။ ကျိုးယိနိုက သူမအတွက် စိတ်ပူသွားပြီး သူမကို ပွေ့ချီကာ ကလေးများ၏အခန်းထဲမှ ထွက်လာပြီး ဘေးနားရှိ ခြံဝင်းငယ်လေးဆီသို့ လျှောက်လာခဲ့သည်။
"လူတွေ မြင်သွားရင် ရယ်ကြလိမ့်မယ်"
စုန့်တင်းရှန်းက ပျင်းရိနေသည့်လေသံဖြင့် ပြောလိုက်သည်။
ကျိုးယိနိုက သူမကို ခန်ပေါ်သို့ ဂရုတစိုက် ချပေးလိုက်ပြီးနောက် အိပ်ရာဘေးရှိ ဗီရိုထဲမှ စောင်နှင့် ခေါင်းအုံးများကို သွားယူနေသည်။
"မင်းက ဒီနှစ်ထဲမှာ ကိုယ့်အတွက် ကလေးနှစ်ယောက်တောင် မွေးပေးထားတာလေ၊ ဘယ်သူက ရယ်မှာလဲ၊ အခု ကိုယ် ငယ်သေးတော့ မင်းကို ပွေ့ချီနိုင်သေးတယ်၊ ကိုယ် အိုမင်းသွားမှ မင်း ပွေ့ချီခိုင်းရင်တော့ ပြုတ်ကျသွားမှာ စိုးရတယ်"
"ဒီနှစ်ပိုင်းတွေမှာ ရှင် စကားတော်တော် ပြောတတ်လာတာပဲ"
စုန့်တင်းရှန်းက နောက်ပြောင်လိုက်ရင်း သူမ၏ထူထဲသော အပြင်ဝတ်စုံများကို ချွတ်ကာ စောင်အောက်သို့ တိုးဝင်လိုက်သည်။
မော့ယွင်က အနောက်ဘက်ရှိ မီးဖိုထဲသို့ ထင်းများ ထပ်ထည့်ပေးလိုက်သောကြောင့် အခန်းက တဖြည်းဖြည်း နွေးထွေးလာသည်။ ကျိုးယိနိုက စုန့်တင်းရှန်း သက်တောင့်သက်သာ လဲလျောင်းနေသည်ကို မြင်သွားမှသာ သူလည်း သူ့အဝတ်အစားများကိုလည်း ချွတ်လိုက်ပြီး စောင်ထဲသို့ ဝင်ကာ ဇနီးဖြစ်သူနှင့်အတူ ဝင်အိပ်လိုက်သည်။
စုန့်တင်းရှန်းက အကျင့်ပါနေသည့်အတိုင်း ကျိုးယိနို၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ သူမ၏ ယခင်ဘဝတွင် သူမ ယောကျ်ားတစ်ယောက်အပေါ် ဤသို့ မှီခိုရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ ဤနေရာသို့ ရောက်လာပြီနောက် အစပိုင်းနှစ်များအတွင်းတွင်ပင် သူမ တစ်သက်လုံး မုဆိုးမအဖြစ် နေထိုင်သွားရန် ပြင်ဆင်ထားခဲ့သည်။
သို့သော် ကျိုးယိနို ပြန်ရောက်လာခဲ့သည်။ သူ ပြန်လာခဲ့ရုံတင်မက သူက တာဝန်သိပြီး အရည်အချင်းရှိသော ယောကျ်ားတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
သူက သူမအတွက် လုံခြုံမှုပေးနိုင်ခဲ့သောကြောင့် သူ့အပေါ် မှီခိုမှုက သူမအတွက် အကျင့်တစ်ခု ဖြစ်လာခဲ့သည်။
ကျိုးယိနိုက စုန့်တင်းရှန်းကို သေသေချာချာ စောင်ခြုံပေးလိုက်ပြီး အပြင်ဘက်တွင် ရပ်နေသော ကျန်းကျူးကို လှမ်းပြောလိုက်သည်။
"နောက်ထပ် တစ်ရှီးချန်ကြာရင် ငါ့ကို လာနှိုးပေး"
ကျန်းရှု ပြန်ဖြေပြီးမှသာ သူက ဇနီးဖြစ်သူကို ပွေ့ဖက်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် နေ့ခင်းကြောင်တောင် အိပ်စက်လိုက်တော့သည်။
မိမိတို့အိမ်သို့ ပြန်ရောက်လာသောကြောင့် ဖြစ်နိုင်ပြီး ရွာမှ ပြဿနာများကို ချက်ချင်း မေ့ပျောက်သွားကြသည်။ စုန့်တင်းရှန်းက မီးများထွန်းကြသည့်ချိန်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီး ဝေဝေဝါးဝါးဖြင့် ပြန်နိုးလာခဲ့သည်။
"နိုးပြီလား"
ကျိုးယိနိုက ဘေးနားရှိ ထိုင်ခုံပေါ်တွင် စာဖတ်နေခဲ့ပြီး လှုပ်ရှားသံကြားသောကြောင့် စာအုပ်ကို ချကာ သူမဆီသို့ လျှောက်လာခဲ့သည်။
"ခန်ပေါ်က မဆင်းနဲ့တော့၊ တစ်ခုခု စားပြီး ဆက်အိပ်လိုက်၊ ဒီရက်ပိုင်းတွေထဲမှာ မင်း အရမ်းပင်ပန်းနေတာကို ကိုယ် မြင်နေရတယ်"
"အဖေနဲ့ အမေရော"
စုန့်တင်းရှန်းက အခုမှ နိုးကာစ ဖြစ်ပြီး သူမ၏ အသံက ဝေဝါးဝါး ဖြစ်နေကာ တိုးတိုးလေး မေးလိုက်သည်။
ကျိုးယိနိုသည် သူမ၏ ထိုပုံစံလေးကို အလွန်ချစ်မြတ်နိုးသောကြောင့် နွေးထွေးသော ပါးပြင်လေးကို မနမ်းရှိုက်ဘဲ မနေနိုင် ဖြစ်သွားရသည်။
"အဖေနဲ့ အမေ နိုးနေပြီ၊ ဒါပေမယ့် အဘိုးနဲ့ အဖွားကတော့ အရမ်း ပင်ပန်းနွမ်းနယ်နေကြတယ်၊ သူတို့ ပင်ပန်းပြီး ဖျားနာသွားမှာ စိုးလို့ ကိုယ် သမားတော် ခေါ်လိုက်သေးတယ်၊ ကံကောင်းတာက သူတို့ သန်မာကြတယ်၊ ရက်အနည်းငယ်လောက် နားလိုက်ရင် အဆင်ပြေသွားမှာပါ၊ ပဉ္စမအဖွားကတော့ အဖျားနည်းနည်းရှိလို့ ဆေးသောက်ထားရတယ်၊ ဂရုစိုက်လိုက်ရင်တော့ ပြဿနာ မရှိတော့ပါဘူး"
"ဒီလောက် ပြဿနာတွေ များနေတာ၊ ဒီကြားထဲ ရာသီဥတုကလည်း အေးနေတော့ ဒီလဝက်အတွင်း ပင်ပန်းမှုတွေကို ဘယ်သူ တောင့်ခံနိုင်မှာလဲ၊ ကလေးတွေရော"
"အဖေနဲ့ အမေက သူတို့ကို ကြည့်ပေးနေတယ်၊ လွန်ခဲ့တဲ့ တစ်ရှီးချန်လောက်က မင်းကို လာကြည့်ကြသေးတယ်၊ ဒါပေမယ့် မင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလို့ မနှိုးတော့ဘဲ ပြန်သွားကြတာ၊ ဗိုက်ဆာနေပြီလား"
စုန့်တင်းရှန်းက သူမ၏လက်ကို အသာထောက်ကာ ထထိုင်လိုက်သောကြောင့် သူမ၏ နက်မှောင်တောင်ပနေသော ဆံနွယ်များက သူမ၏ပုခုံးပေါ်သို့ ဝဲကျလာပြီး သူမကို ပို၍ နုနယ်သိမ်မွေ့သွားစေသည်။
"ကျူးဇီကော၊ ကျွန်မ အရသာရှိတဲ့ စားစရာလေး စားချင်တယ်"
ကျိုးယိနိုက လေးလေးနက်နက် ပြန်ပြောလိုက်သည်။
"တိုက်ဆိုင်လိုက်တာ၊ မီးဖိုချောင်မှာ အခုလေးတင် ညစာအတွက် တောင်ပေါ်စာနဲ့ ပင်လယ်စာတွေ ပြင်ဆင်ပြီးသွားပြီ၊ မှိုနဲ့ချက်ထားတဲ့ ကြက်သားဟင်းရယ်၊ ကမာခြောက် ယာဂုရယ်"
စုန့်တင်းရှန်းက ရယ်မောလိုက်ပြီး ကျိုးယိနို၏ လက်မောင်းကို လှမ်းဆွဲလိုက်သောကြောင့် လဲကျလုမတတ်ဖြစ်သွားရသည်။
စားသောက်ပြီးနောက် သူမတစ်ကိုယ်လုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။ ကိုယ်လက်သန့်စင်ပြီး ခန်ပေါ်သို့ အမြန်ပြန်တက်လိုက်ရာ ဝေဝေဝါးဝါးဖြင့် အိပ်မက်ကမ္ဘာထဲသို့ ပြန်လည်နစ်မြုပ်သွားရသည်။
အိပ်မက်ထဲတွင် သူမက ယခင်ဘဝ၏ ကမ္ဘာဟောင်းဆီသို့ ပြန်ရောက်နေသည်။ သူမ၏ မောင်လေး၊ ညီမလေးများ၏ မြေးမြစ်များပင် အားလုံး အရွယ်ရောက်နေကြပြီ ဖြစ်သည်။ တချို့က နိုင်ငံခြားသို့ ထွက်သွားကြသည်။ တချို့က ဆော့စ်စက်ရုံကို အမွေဆက်ခံကြပြီး တချို့ကတော့ ဆရာဝန် သို့မဟုတ် ရှေ့နေများ ဖြစ်နေကြသည်။
အငယ်ဆုံးမြစ်လေးကတော့ ဂိမ်းကစားသည့် ဗီဒီယိုများကို တိုက်ရိုက်ထုတ်လွှင့်သူ ဖြစ်နေခဲ့သည်။ သူက ဂိမ်းဆော့နေရင်း သူမ နားမလည်နိုင်သော စကားများကို ရေရွတ်နေကာ ဆုလက်ဆောင်များလည်း လက်ခံနေသေးသည်။
သူမ၏ကိုယ်ခန္ဓာလေး ပေါ့ပါးသွားပြီး လေထဲသို့ လွင့်မျောသွားသလို ခံစားလိုက်ရသည်။ ထို့နောက် ညီမဖြစ်သူ၏ အခန်းထဲသို့ လွင့်မြောဝင်ရောက်သွားခဲ့သည်။ အသက် ကိုးဆယ်နီးပါး ရှိနေပြီဖြစ်သော သူမ၏ ညီမက မောင်ဖြစ်သူနှင့် ဗီဒီယို call ခေါ်ဆိုကာ စကားပြောနေကြသည်။ အသက်ကြီးလှပြီဖြစ်သော မောင်နှမနှစ်ယောက်က ဖန်သားပြင်ရှေ့၌ အားရပါးရ ရယ်မောနေကြသည်။
"ငါ ငါတို့ အစ်မကို သတိရလိုက်တာ"
ညီမဖြစ်သူက ရုတ်တရက် ပြောလိုက်သည်။
"ပြီးခဲ့တဲ့ရက်က ငါ အိမ်မက်မက်တယ်၊ အိမ်မက်ထဲမှာ အစ်မက ပိုပြီး ငယ်ရွယ်သွားတယ်၊ ပြီးတော့ တကယ်ကို ကောင်းမွန်တဲ့ ယောကျ်ားကောင်းတစ်ယောက်နဲ့ လက်ထပ်ထားတယ်၊ အလုပ်ရုံလေးတစ်ခုလည်း ထောင်ထားပြီး တကယ့်ကို ပျော်ရွှင်တဲ့ ဘဝလေးနဲ့ နေနေတာကို မြင်ခဲ့ရတယ်"
မောင်ဖြစ်သူက ခဏမျှ တိတ်ဆိတ်သွားပြီး အသက်အရွယ်ကြောင့် မတောက်ပတော့ဘဲ ဝေဝါးနေသည့် သူ၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝိုင်းလာခဲ့သည်။
"ငါလည်း အစ်မကို အိမ်မက်မက်တယ်၊ အစ်မက သူချစ်ရတဲ့သူကို တွေ့သွားရုံတင်မကဘူး၊ ချစ်စရာကောင်းတဲ့ ကလေးတွေလည်း အများကြီး ရှိနေပြီတဲ့၊ သူ အဆင်ပြေပြေ နေနေရတယ်လို့ ငါ့ကို ပြောတယ်၊ ပြီးတော့ ငါတို့ကိုလည်း စိတ်မပူဖို့ မှာတယ်"
"ငါလည်း အတူတူပဲ"
ညီမဖြစ်သူက သူမ၏ မျက်ရည်များကို သုတ်လိုက်ရင်း ထပ်ပြောလိုက်ပြန်သည်။
"အဲဒီတုန်းက အစ်မသာ မရှိခဲ့ရင် ငါတို့နှစ်ယောက်လုံး အသက်ရှင်နိုင်ခဲ့မှာ မဟုတ်ဘူး၊ နောက်ဘဝဆိုတာ ရှိခဲ့ရင်လည်း ငါ အစ်မရဲ့ ညီမလေး ထပ်ဖြစ်ချင်သေးတယ်"
မောင်ဖြစ်သူက ရယ်မောရင်း ပြောလာခဲ့သည်။
"ငါကတော့ အစ်မကို ပြန်ပြီး စောင့်ရှောက်ပေးနိုင်ဖို့ အစ်မရဲ့ အစ်ကိုကြီးပဲ ဖြစ်ချင်တော့တယ်၊ ငါ သူ့ကို ကာကွယ်ပေးပြီး ဂရုစိုက်ပေးမယ်"
သူတို့ဘေးတွင် နားထောင်နေသော စုန့်တင်းရှန်းက မျက်ရည်များကြားမှ ပြုံးရင်း ဝင်ပြောလိုက်သည်။
“ငါ အဆင်ပြေပါတယ်၊ နင်တို့ နှစ်ယောက်လုံး စိတ်မပူကြနဲ့၊ ငါ့မှာ အဖေနဲ့အမေ ရှိနေပြီ၊ အဖိုးနဲ့အဖွားလည်း ရှိတယ်၊ ငါ့ကို ချစ်မြတ်နိုးပြီး တန်ဖိုးထားတဲ့ ယောကျ်ားနဲ့ ချစ်စရာကောင်းတဲ့ ကလေးနှစ်ယောက်လည်း ရှိတယ်၊ သူတို့က နင်တို့ကို ဦးလေး၊ ဒေါ်လေးလို့ မခေါ်နိုင်ကြပေမယ့် နင်တို့အားလုံး အဆင်ပြေနေတာကို မြင်ရတော့ ငါ စိတ်အေးရပါပြီ”
ကျိုးယိနိုက ရုတ်တရက် နိုးလာပြီး ဘေးနားရှိ စုန့်တင်းရှန်းကို ကြည့်လိုက်ချိန်တွင် သူမ ပြောနေသည့်စကားများကို သူ ကြားလိုက်ရသည်။
"ငါ အဆင်ပြေပါတယ်၊ ငါ့ယောကျ်ားက ငါ့အပေါ် အရမ်းကောင်းတာ၊ နင်တို့ နှစ်ယောက် ငါ့အတွက် စိတ်မပူပါနဲ့တော့"
"အိမ်မက် မက်နေတာလား"
ကျိုးယိနိုက ပြုံးလိုက်ပြီး စုန့်တင်းရှန်း၏ နူးညံ့လှသော နှုတ်ခမ်းနီနီလေးကို အသာအယာ နမ်းရှိုက်ကာ တိုးတိုးလေး မေးလိုက်သည်။
"မင်း ဘယ်သူ့ကို အိမ်မက်မက်နေတာလဲ"
စုန့်တင်းရှန်းက တစ်ချက် လှိမ့်လိုက်ပြီး သူ့ရင်ခွင်ထဲသို့ တိုးဝင်လာသည်။
ကျိုးယိနိုက သူမကို ဖက်ထားလိုက်ပြီး ခပ်တိုးတိုး ကတိပေးလိုက်သည်။
"မင်း ဘယ်သူ့ကို အိမ်မက် မက်မက်၊ သူတို့ကို စိတ်ချဖို့ ပြောလိုက်ပါ၊ ကိုယ် မင်းကို အကောင်းဆုံး စောင့်ရှောက်ပေးမှာပါ"
“အင်း”
စုန့်တင်းရှန်းက အိပ်ချင်မူးတူးဖြင့် အသံပြန်ပြုကာ အေးအေးချမ်းချမ်း ပြန်အိပ်ပျော်သွားခဲ့သည်။
.........။.......ပြီးပါပြီ........။........
အခန်း ၉၆ အပိုဆောင်းဇာတ်လမ်း (၁)
"လင်းအာ၊ အဲ့ဒီမိန်းမပျိုလေးကို ဘယ်လိုမြင်လဲ၊ သူက မကြာသေးခင်က ခန့်အပ်ခံရတဲ့ ထုံးတမ်းစဉ်လာဝန်ကြီးရဲ့ အငယ်ဆုံးသမီးလေးလေ၊ နူးညံ့သိမ်မွေ့တဲ့အပြင် လှပတယ်လို့ နာမည်ကြီးတယ်၊ ဂီတ၊ စစ်တုရင်၊ ကဗျာ၊ လက်ရေးလှနဲ့ ပန်းချီတွေမှာလည်း ထူးချွန်တယ်လို့ ပြောကြတယ်"
ကြင်ယာတော်မင်းသမီးကြီးရှစ်က ပန်းပွင့်ပုံလေးများ အနုစိတ်ပုံဖော်ထားသော ခန်းဆီလိုက်ကာမှ တဆင့် မျက်နှာချင်းဆိုင် ဥယျာဉ်ထဲရှိ မိန်းကလေးများကို အသေအချာ အကဲခတ်နေသည်။ သူမက သူမ၏ဒုတိယသားအတွက် သင့်တော်သော ကြင်ယာဖက်တစ်ဦး ရှာဖွေပေးချင်ရန် စိတ်အားထက်သန်နေခြင်းပင်။
ကျိုးယွီလင်းက မိန်းမပျိုလေးများဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး မကျေမနပ် ပြန်ပြောလိုက်သည်။
"သူ လမ်းလျှောက်ဖို့တောင် တစ်ယောက်ယောက်က ကူတွဲပေးနေရတယ်၊ နောင်ကျရင် သူ ကျွန်တော်နဲ့အတူ ကျေးလက်ဘက်ကို မြင်းစီးဖို့ အတူလိုက်နိုင်မယ်လို့ အမေ ထင်လား”
"မင်း မြင်းစီးချင်ရင် မြင်းဇောင်းထဲက ကောင်လေးတစ်ယောက်ကို ခေါ်သွားလေ၊ အခုက ဇနီးရှာနေတာ၊ ဘာဆိုင်လို့လဲ"
ကြင်ယာတော်မင်းသမီးကြီးကလည်း သူ့ကို ပြန်မာန်မဲနေခဲ့သည်။
ကျိုးယွီလင်းက မျက်ခုံးပင့်ရင်း ပုခုံးကိုပါ တွန့်ကာ ပြန်ပြောလိုက်သည်။
"အိပ်ရာထဲက အဲဒီကိစ္စလေးအတွက်ပဲဆိုရင်တော့ ဘယ်သူမဆို အဆင်ပြေပါတယ်၊ အမေဆန္ဒအတိုင်း ဆုံးဖြတ်လို့ ရနေတာပဲ"
ကြင်ယာတော်မင်းသမီးကြီးက အံကြိတ်ရင်း တင်းမာသည့်အမူအရာကို ပြသလာခဲ့သည်။
"အိပ်ရာထဲက အဲဒီကိစ္စလေးဆိုတာက ဘာကို ပြောတာလဲ၊ မင်း ဒီလိုစကားတွေကို ဘယ်ကနေ သင်လာတာတုန်း၊ မင်းအဖေ ကြားလို့ကတော့ မင်း အရိုက်ခံရလိမ့်မယ်”
ကျိုးယွီလင်းက မိခင်ဖြစ်သူကို လျှာထုတ်ပြပြီး စနောက်ရယ်မောနေခဲ့သည်။
"အဖေက ကျွန်တော့်ကို ရိုက်မှာ မဟုတ်ဘူး၊ တကယ်လို့ ကျွန်တော်က ဗျက်စောင်းတွေ တီးပြီး ကဗျာတွေပဲ ရွတ်တတ်တဲ့ နုနုနယ်နယ် မိန်းမပျိုလေးတစ်ယောက်ကို ရွေးလိုက်မှ အဖေက မကျေမနပ် ဖြစ်မှာ၊ အမေ.... ကျွန်တော်က မရီးလိုမျိုး လှပပြီး ထက်မြက်တဲ့ သတ္တိရှိပြီး အမြော်အမြင်ရှိတဲ့ မိန်းမမျိုးကို လိုချင်တယ်၊ ပြေးနိုင် လွှားနိုင် ခုန်ပေါက်နိုင်ရင်တော့ အကောင်းဆုံးပဲ၊ အဲဒါမှ တကယ့်ကို အံ့သြစရာကောင်းမှာ မဟုတ်ဘူးလား"
ကြင်ယာတော်မင်းသမီးကြီးရှစ်က သူမ၏ ဒုတိယသားကို ခြေဆုံးခေါင်းဆုံး စေ့စေ့စပ်စပ် ကြည့်လိုက်ပြီးနောက် ပြတ်ပြတ်သားသား မေးလိုက်သည်။
"လင်းအာ၊ မင်း ငါ့ကို အမှန်အတိုင်းပြောစမ်း၊ မင်း မင်းရဲ့မရီးအပေါ် ခံစားချက်ရှိနေတာလား"
"အမေ"
ကျိုးယွီလင်း တစ်ကိုယ်လုံး တုန်တက်သွားအော် ပြန်အော်လိုက်သည်။
"အမေ၊ ဘယ်လိုအတွေးမျိုးနဲ့ ဒါကို စဉ်းစားလိုက်တာလဲ၊ အရင် မရီး ရှိတုန်းကတော့ အမေ ဒီလိုတွေ မပြောခဲ့လို့ တော်သေးတာပေါ့၊ မရီးက အမေ့ရဲ့ အမြင်တွေ မြှင့်တင်ပေးခဲ့တာ မဟုတ်ဘူးလား၊ အမေတောင် သဘောမကျတာကို ဘာလို့ ကျွန်တော့်ကို ဒီဝန်ကြီးအိမ်က မိန်းကလေးကို ကြည့်ခိုင်းနေရတာလဲ"
"မင်း ကြိုက်မယ် ထင်လို့ပေါ့၊ အရင်တုန်းက ငါက သိပ်ပြီး ထိန်းချုပ်လွန်းတယ်လို့ ဘယ်သူ ပြောခဲ့တာလဲ"
ကြင်ယာတော်မင်းသမီးကြီးရှစ်က စိတ်ပျက်လက်ပျက် မေးခွန်းထုတ်နေပြီး သူမ၏ ဗာဒံစေ့ပုံသဏ္ဍာန် မျက်လုံးများပင် ပြူးကျယ်လာသည်။
ကျိုးယွီလင်းက မိခင်ဖြစ်သူ၏ သေလောက်သည့် အကြည့်ကို လျစ်လျူရှုကာ ဥယျာဉ်ဘက်သို့ ပြန်ကြည့်လိုက်သည်။
"အနည်းဆုံးတော့ အမေ့လိုမျိုး ကြင်နာတတ်ပြီး သဘောထားကြီးတဲ့သူမျိုး ရှာပေးလေ၊ အမေက အံ့သြစရာကောင်းတယ်၊ သူတို့လို ခြေထောက်တွေကို အဝတ်စနဲ့ စည်းထားပြီး မလှုပ်နိုင်မရှားနိုင် ဖြစ်နေတာ မဟုတ်ဘူး၊ သူတို့ကတော့ အိပ်နေတဲ့အချိန်တောင် ခြေထောက် ကျယ်ကျယ်ဟရဲမှာ မဟုတ်ဘူး၊ ကျွန်တော် မှတ်မိသေးတယ်၊ တစ်ခါက အမေ အဖေ့ကို ကန်လိုက်တာလေ၊ ဝိုး... အဲဒီကန်ချက်က တကယ့်ကို မှတ်သားလောက်စရာပဲ"
"ကျိုး... ယွီ.... လင်း"
ကြင်ယာတော်မင်းသမီးကြီး၏ လက်ချောင်းများက သားဖြစ်သူ၏ နားရွက်ဆီသို့ ချက်ချင်း ရောက်သွားပြီး အပတ်ပေါင်းများစွာ လိမ်ဆွဲလိုက်သောကြောင့် ကျိုးယွီလင်းတစ်ယောက် အကျယ်ကြီး အော်ဟစ်မိတော့မလို ဖြစ်သွားရသည်။
"အမေ၊ ကျေးဇူးပြုပြီး... အား.... လွှတ်ပေးပါတော့၊ ဒီနေရာမှာ ရှိနေတဲ့ မိန်းကလေးတွေသာ မြင်သွားရင် ကျွန်တော် ဘယ်မျက်နှာတဲ့ အပြင်ထွက်ရဲတော့မှာတုန်း"
ကျိုးယွီလင်းက အသံတိုးတိုးဖြင့် ပျာပျာသလဲ တောင်းပန်လိုက်သည်။
ထိုအခိုက်အတန့်တွင် ရုတ်တရက် ဥယျာဉ်ထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"အိုး.... မဖြစ်တော့ဘူး၊ မမလေးကျင်း ရေထဲကျသွားပြီ"
"တစ်ယောက်ယောက် ရေထဲကျသွားတာလား"
ကျိုးယွီလင်းက မျက်မှောင်ကြုတ်သွားပြီး စိတ်အနှောက်အယှက် ဖြစ်နေဟန်ဖြင့် ညည်းညူလိုက်သည်။
"ဒီမိန်းခလေးတွေက ဘယ်လိုဖြစ်နေကြတာလဲ၊ လူစုလူဝေးရှိတိုင်း အမြဲတမ်း ပြဿနာတစ်ခုခု ရှာကြတော့တာပဲ၊ အမေ၊ ကျွန်တော် သွားကြည့်လိုက်ဦးမယ်"
"ငါလည်း လိုက်ခဲ့မယ်"
ထိုမိန်းကလေးများ၏ နည်းမျိုးစုံသော ပရိယာယ်များကို ကောင်းကောင်းသိနေသည့် ကြင်ယာတော်မင်းသမီးကြီးရှစ်က ထရပ်လိုက်ပြီး သားဖြစ်သူနှင့်အတူ ထွက်လာခဲ့သည်။
ဥယျာဉ်ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေပြီး ကျိုးယွီလင်း ရောက်သွားချိန်တွင် လူငယ်တစ်ယောက်က ရေထဲရှိ မမလေးကျင်ဆီသို့ ကူးခတ်သွားရင်း အော်ဟစ်နေသည်။
"မိန်းခလေး... မကြောက်နဲ့နော်၊ ဒီသခင်လေးက မင်းကို ကယ်ဖို့ လာနေပြီ"
"အဲဒါ မင်းသားကြီးရှုရဲ့ ဉာဏ်မမီတဲ့သား မဟုတ်ဘူးလား"
ကျိုးယွီလင်းက သူ့အမေကို တိုးတိုးလေး ပြောလိုက်သည်။
ကြင်ယာတော်မင်းသမီးကြီးရှစ်က သူမ၏နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မပြုံးမိအောင် ထိန်းချုပ်ထားလိုက်သည်။ သူမက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အခြေအနေကို ချက်ချင်း နားလည်သွားခဲ့သည်။
“အဲဒီမိန်းကလေးအတွက်တော့ စိတ်မကောင်းစရာပဲ၊ တကယ်လို့ သူ(မ) သူ့ကိုသာ လက်မထပ်ရင် နောက်ပိုင်း အိမ်ထောင်ပြုဖို့ တော်တော် ခက်သွားလိမ့်မယ်”
သူမ၏ နှုတ်ခမ်းမှ ထိုစကားများ ထွက်ကျသွားချိန်တွင် လူအုပ်ထဲမှ ကြက်သွေးရောင်ကြာပွတ်တံတစ်ချောင်း ရုတ်တရက် ပျံထွက်လာသည်။ ထိုကြာပွတ်က ရေထဲရှိ မမလေးကျင်း၏ ဘယ်ဘက်လက်မောင်းကို လျင်မြန်စွာ ရစ်ပတ်သွားပြီး ကမ်းစပ်မှ အမိန့်သံပါသည့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"တင်းတင်းဆုပ်ထား"
မမလေးကျင်းက အလွန်ထိတ်လန့်နေပြီး အသက်ရှူမဝဖြစ်နေသော်လည်း ကြာပွတ်ကို တင်းတင်းကျပ်ကျပ် လှမ်းကိုင်လိုက်သည်။ အမှန်တကယ်တွင် သူမရှေ့သို့ ရောက်လာသည်က ကြာပွတ်မဟုတ်ဘဲ မြက်တစ်ပင်၊ ကောက်ရိုးတစ်ချောင်း ဖြစ်နေလျင်ပင် သူမ ထိုအရာကို ကူကယ်ရာမဲ့ ဖက်တွယ်ထားပေလိမ့်မည်။ တဖက်လူက ကြာပွတ်ကို လျှပ်စီးကဲ့သို့ အမြန်နှုန်း ပြန်ဆွဲသွားသောကြောင့် ခဏအတွင်းမှာပင် မမလေးကျင်း ကမ်းစပ်ပေါ်သို့ ပြန်ပါသွားသည်။
မင်းသားကြီးရှု၏ ဉာဏ်မမီသည့်သားကတော့ ရေထဲတွင် ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်နေခဲ့ပြီး နောက်ဆုံးတွင် မကျေမနပ် အော်ဟစ်လိုက်သည်။
"ဘယ်သူလဲ၊ ဘယ်သူက ငါ့ရဲ့အခွင့်အရေးကို လုယူသွားတာလဲ"
ကြင်ယာတော်မင်းသမီးကြီးရှစ်ကတော့ ရယ်မောမိတော့မလို ဖြစ်သွားခဲ့သည်။ သူမ သားဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင်တော့ သူက လူအုပ်ကြီးထဲသို့ ငေးကြည့်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူမလည်း သားဖြစ်သူ ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်လိုက်ရာ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးက သူမ၏ဝတ်ရုံရှည်ကို ချွတ်လိုက်ပြီး ရေစိုနေသော မမလေးကျင်းအား တင်းတင်းကျပ်ကျပ် ပတ်ပေးနေသည်ကို တွေ့လိုက်ရသည်။
"နင့်ရဲ့ အစေခံက ဘယ်မှာလဲ၊ သခင်ကိုတောင် ကောင်းကောင်း ဂရုမစိုက်ပေးနိုင်ဘူး၊ ရိုက်နှက်ဖို့ပဲ ထိုက်တန်တယ်”
အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပတ်ဝန်းကျင်ကို တွေ့ကြည့်လိုက်ပြီး ခပ်တည်တည် လှမ်းပြောလိုက်သည်။
"တံတားလက်ရန်းက ဒီလောက် မြင့်တာတောင် ပြုတ်ကျတယ်ဆိုတာတော့ နင်ကပဲ စိတ်ပျက်လို့ ခုန်ချတာလား ဒါမှမဟုတ်... တစ်ယောက်ယောက်က တွန်းချလိုက်တာလား၊ နှမြောဖို့ကောင်းလိုက်တာ၊ ဒီလောက်လှတဲ့ ဥယျာဉ်လေးကတော့ ဒီညစ်ပတ်ပြီး နှလုံးသားပုပ်သိုးနေတဲ့ လူတွေကြောင့် ညစ်ညမ်းသွားရပြီ"
"ကျေးဇူးတင်ပါတယ် သခင်မလေး"
မမလေးကျင်းက တုန်လှုပ်နေဆဲဖြစ်ပြီး သူမ၏မျက်နှာကလည်း ဖြူဖျော့နေသည်။ သူမက တုန်ယင်စွာထရပ်လိုက်ပြီး အစေခံမလေးတစ်ယောက်၏ အကူအညီဖြင့် အနီရောင်ဝတ်စုံဝတ် မိန်းကလေးကို ယဥ်ယဥ်ကျေးကျေး ဦးညွှတ်လိုက်သည်။
အနီရောင်ဝတ်စုံနှင့် မိန်းကလေးက သူမလက်ထဲမှ ကြာပွတ်ကို ဝှေ့ယမ်းရင်း ပြန်ပြောလိုက်သည်။
"ယဥ်ကျေးနေဖို့ မလိုဘူး၊ အိမ်ပြန်ပြီး ဒီရေစိုနေတဲ့ အဝတ်တွေကို ချက်ချင်းလဲလိုက်တော့"
ထို့နောက် သူမက နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့သည်။
"အမေ၊ အမေ..."
ထိုမိန်းကလေးကို မမြင်ရတော့သည့်အချိန်မှ ကျိုးယွီလင်းက အကြည့်လွှဲလိုက်ပြီး ကြင်ယာတော်မင်းသမီးကြီးရှစ်ကို အသနားခံသော မျက်နှာထားဖြင့် ကြည့်လာခဲ့သည်။
"အမေ၊ အဲ့မိန်းကလေးက ဘယ်သူလဲ"
ကြင်ယာတော်မင်းသမီးကြီးရှစ်က ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
"ငါ မှတ်မိသလောက်ဆိုရင်တော့ သူက ကျင်းနဉ်မင်းသမီးပဲ၊ ကျင်းမင်းသားရဲ့ ဝမ်းကွဲညီမကနေ မွေးလာတဲ့ သမီး၊ မင်းက ဒီမိန်းကလေးကို သဘောကျသွားပြီလား၊ ငါ အခုတည်းက ကြိုပြီး သတိပေးထားမယ်နော်၊ ဒီမိန်းကလေးက အလွယ်တကူ အနိုင်ကျင့်လို့ ရမယ့်သူ မဟုတ်ဘူး"
မြို့တော်တွင် ကြီးပြင်းခဲ့သော ကျိုးယွီလင်းက ကမ်းပေါ်သို့ တက်လာပြီး အစေခံများကို ဆဲဆိုနေသည့် မင်းသားကြီးရှု၏ ဉာဏ်မမီသည့်သားကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ကြင်ယာတော်မင်းသမီးကြီးရှစ်ကို ထိုနေရာမှ ဆွဲခေါ်သွားပြီး တိုးတိုးလေး မေးနေပြန်သည်။
"ကျင်းမင်းသားက အနောက်မြောက်ဘက်မှာပဲ အမြဲရှိနေတာ မဟုတ်ဘူးလား၊ သူ နေမကောင်း ဖြစ်နေလို့ မြို့တော်ကို မပြန်နိုင်တာ ကြာပြီလို့ ကျွန်တော် ကြားထားတယ်"
ကြင်ယာတော်မင်းသမီးကြီးရှစ်က ခေါင်းညိတ်ရင်း ထပ်ရှင်းပြလိုက်သည်။
"ဟုတ်တယ်၊ မင်းသားကြီးရော သူ့ရဲ့ အကြီးဆုံးသားပါ ကျန်းမာရေး ချို့တဲ့ကြတယ်၊ အစတုန်းကတော့ မင်းသားကြီးက သူ့သားကို မြို့တော်ဆီ ပို့ချင်ခဲ့တာ၊ ဒါပေမယ့် ရောက်တာနဲ့ သွေးတွေ အန်တော့တာပဲ၊ ဒါကြောင့် ပြန်ပို့လိုက်ရတယ်၊ မင်းသားကျင်းက ကျန်းမာရေးမကောင်းပေမယ့် မိန်းမရှုပ်တယ်လို့ နာမည်ကြီးတယ်၊ သူ့ဘေးနားမှာ မိန်းမတွေ အများကြီးပဲ"
"ဒီအနီရောင်ဝတ်စုံနဲ့ မိန်းကလေးကတော့ သူ့ အချစ်ဆုံး ဝမ်းကွဲညီမရဲ့ သမီးလေးလေ နှမြောစရာကောင်းတာက သူ့အမေက သူ့ကို မွေးပြီးတာနဲ့ ဆုံးသွားခဲ့တာပဲ၊ မင်းသားကျင်းကိုယ်တိုင် သူ့ကို ခေါ်ပြီး ပြုစုစောင့်ရှောက်ပေးခဲ့တာ၊ သူ့အတွက် မင်းသမီးဘွဲ့တောင် တောင်းပေးထားသေးတယ်၊ ဒီမိန်းခလေးက ဒေါသကြီးပြီး မာနထောင်လွှားတယ်လို့ ကောလာဟလတွေ ရှိတယ်၊ သူ့ရဲ့ စေ့စပ်ထားသူနဲ့လည်း ပြတ်စဲခဲ့ရတယ်၊ အခု မင်းသားကျင်းက သူ့အဒေါ်ဖြစ်တဲ့ သွမ့်ရွေ့မင်းသမီးကြီးကို ဒီမိန်းခလေးအတွက် အိမ်ထောင်ဖက် ရှာပေးဖို့ တောင်းဆိုထားပုံရတယ်"
ကျိုးယွီလင်းက သူ့လက်ချောင်းများဖြင့် ရေတွက်လိုက်ပြီး ထပ်မေးလိုက်ပြန်သည်။
"ဒါဆိုရင် ကျွန်တော်တို့နဲ့ တော်စပ်မှုက ဆွေမျိုးငါးဆက်ကျော်သွားပြီပေါ့ ဟုတ်လား"
ကြင်ယာတော်မင်းသမီးကြီးရှစ်က မျက်ခုံးပင့်ကာ ပြန်မေးလိုက်သည်။
"မင်း တကယ်ပဲ အဲဒီမိန်းကလေးကို သဘောကျသွားတာလား၊ သေချာ စဉ်းစားဦးနော်၊ မင်းရဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် ကြာပွတ်တစ်ချက်တောင် ခံနိုင်မှာ မဟုတ်ဘူး"
ကျိုးယွီလင်းက ချက်ချင်’ စောဒကတက်လိုက်သည်။
"ခုန ကျွန်တော် မြင်လိုက်ရတာတော့ သူက မောက်မာတဲ့ မိန်းကလေးမျိုး မဟုတ်ပါဘူး၊ သူက ပွင့်လင်းလွန်းလို့ တခြားလူတွေကို စိတ်ဆိုးအောင် လုပ်မိတာပဲ ဖြစ်မှာပါ"
ကြင်ယာတော်မင်းသမီးကြီးရှစ်က အပြုံးဖြင့် ခေါင်းခါလိုက်သည်။
"လင်းအာ၊ မင်းရဲ့ရာထူးနဲ့ဆိုရင် ဘယ်လိုဇနီးမျိုး လိုအပ်လဲဆိုတာ မင်း သိသင့်တယ်နော်၊ ပွင့်လင်းလွန်းတာက သိပ်ပြီး မကောင်းဘူး၊ ဒါက မင်း သူ့ကို မကာကွယ်နိုင်လို့ မဟုတ်ဘူး၊ ဒါပေမယ့် ဘယ်လောက်ပဲ ချစ်တယ်လို့ပြောပြော တစ်ခါတလေကျရင် စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ထပ်ခါတလဲလဲ ပေါ်လာတဲ့အခါ အဲဒီခံစားချက်တွေ လျော့ပါးသွားပြီး အမုန်းတောင် ဖြစ်သွားနိုင်တယ်"
ကျိုးယွီလင်းကလည်း တွေးတွေးဆဆ ပြန်ဖြေလိုက်သည်။
"အမေ ပြောတာလည်း ဟုတ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့က တစ်ခါပဲ ဆုံဖူးသေးတာဆိုတော့ ခံစားချက်က အဲဒီလောက် မနက်ရှိုင်းသေးပါဘူး၊ စိတ်ဝင်စားရုံ သက်သက်ပါပဲ၊ တစ်ခါတလေကျတော့လည်း လှည့်စားတတ်သူတွေထက် ပွင့်လင်းတဲ့သူကို ကျွန်တော် ပိုသဘောကျမိတယ်၊ ကျွန်တော့်မှာ နေ့တိုင်း လုပ်စရာတွေ အများကြီး ရှိတယ်၊ ဒီကြားထဲ ဇနီးသည် ဘာတွေးနေလဲဆိုတာကို ထိုင်ပြီး အဖြေရှာနေဖို့ အချိန် မရှိဘူး၊ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့"
သူတို့ စောင့်ကြည့်မည်ဟု ပြောခဲ့ကြသော်လည်း သားအမိနှစ်ယောက်လုံး ထိုကိစ္စကို စိတ်ထဲထည့်ထားခဲ့ကြသည်။ ရက်အနည်းငယ်အတွင်းမှာပင် အနီရောင်ဝတ်စုံနှင့် မိန်းကလေးအကြောင်း ရေးသားထားသည့် သတင်းအချက်အလက်များက သူတို့၏ စားပွဲပေါ်သို့ ရောက်ရှိလာခဲ့သည်။
မင်းသားကျင်းက တစ်ချိန်က ထိုဝမ်းကွဲညီမနှင့် ချစ်ဇာတ်လမ်း ရှိခဲ့ဖူးပြီး နောက်ပိုင်းတွင် အခြေအနေ အကြောင်းကြောင်းကြောင့် သူမက တခြားတစ်ယောက်နှင့် လက်ထပ်ခဲ့ရသည်။ ထိုအိမ်ထောင်ရေးကလည်း သာယာမှုမရှိခဲ့ပေ။ သူမ လက်ထပ်ပြီးနောက်ပိုင်း စိတ်မချမ်းသာမှုများဖြင့် ကလေးမွေးဖွားခဲ့ရပြီး မကြာမီ ကွယ်လွန်သွားခဲ့သည်။
သူမ၏ခင်ပွန်းဖြစ်သူကလည်း ဇနီးသေဆုံးပြီး မကြာမီ နောက်အိမ်ထောင်ပြုခဲ့သောကြောင့် မိန်းမငယ်လေးက မိဘမဲ့သဖွယ် အထီးကျန် ဖြစ်ခဲ့ရသည်။
မင်းသားကျင်းက ထိုမိန်းကလေးကို စောင့်ရှောက်ရန် နည်းလမ်းများ ရှာဖွေခဲ့ပြီး သူ့၏အိမ်တော်သို့ ခေါ်ယူကာ သမီးအရင်းကဲ့သို့ ပြုစုပျိုးထောင်ပေးခဲ့သည်။ သူမ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သောကြောင့် သူမ အသက်ရှစ်နှစ်အရွယ်မှာပင် မင်းသမီးဘွဲ့ရရန် တောင်းဆိုပေးခဲ့သည်။
သူမ အရွယ်ရောက်လာပြီး ပိုမိုလှပလာသည့်အချိန်တွင် သူမ၏ဖခင်အရင်းက အကျိုးဆက်အားလုံးကို လျစ်လျူရှုပြီး သူမအတွက် အိမ်ထောင်ရေးတစ်ခု စီစဉ်ပေးခဲ့သည်။ မင်းသားကျင်းလည်း ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိခဲ့ဘဲ ကောင်းသည့်အရာတစ်ခု ဖြစ်လာရန်သာ မျှော်လင့်နိုင်ခဲ့သည်။ သို့သော် မိုးကောင်းကင်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် သူမ၏ ခင်ပွန်းလောင်းကလည်း သင့်တော်သည့် အိမ်ထောင်ဖက် မဟုတ်ခဲ့ပေ။ မင်္ဂလာမဆောင်ခင်မှာ သူမ၏ ဖခင်အရင်းထက် ပိုဆိုးသော အရာများ ပြုလုပ်ခဲ့ပြီး သူမကို လုံးဝ မုန်းတီးစေခဲ့သည်။
ကျင်းနဉ်မင်းသမီးက ကွယ်လွန်သွားသည့် သူမ၏ မိခင်ထံမှ နူးညံ့သိမ်မွေ့မှုကို အမွေ မရခဲ့ဘဲ စိတ်တိုလွယ်ပြီး သိုင်းပညာတွင်လည်း ကျွမ်းကျင်သူဖြစ်သည်။ သူမက သူမ၏ ခင်ပွန်းလောင်းကို ပြည့်တန်ဆာအိမ်မှ သွားဆွဲထုတ်ခဲ့ပြီး လူပုံအလယ်တွင် အပြင်းအထန် ရိုက်နှက်ခဲ့သည်။ ထိုသူလည်း နှစ်လတိုင်တိုင် အိပ်ရာထဲ လဲသွားခဲ့ရသည်။
သူမ၏ အဆင့်အတန်းမြင့်မားမှုနှင့် မင်းသားကြီးကျင်း၏ ကာကွယ်မှုများ ရှိနေသော်လည်း သူမ၏ ထိန်းမနိုင်သိမ်းမရ ဖြစ်မှုများကြောင့် ကောလာဟလများ ပျံ့နှံ့သွားခဲ့ပြီး စေ့စပ်ကြောင်းလမ်းမှုကိုလည်း ဖျက်သိမ်းလိုက်ရသည်။ ထို့ကြောင့် သူမကို လက်ထပ်ခွင့်တောင်းမည့်သူများလည်း ဝေခွဲမရ ဖြစ်နေရသည်။ စိုးရိမ်မကင်းဖြစ်လာသည့် မင်းသားကြီးကျင်းက သူ၏အဒေါ်ထံ အကူအညီတောင်းခဲ့ပြီး အဒေါ်ဖြစ်သူ မင်းသမင်းကြီးက ကျင်းနဉ်မင်းသမီးကို မြို့တော်သို့ ခေါ်ယူရန် စီစဉ်ခဲ့သည်။
ကျင်းနဉ်မင်းသမီး မြို့တော်သို့ ရောက်ရှိနေသည်မှာ နှစ်လကျော်ရှိပြီ ဖြစ်ပြီး သူမက မင်းသမီးအိမ်တော်တွင် တိတ်တဆိတ် နေထိုင် နေခဲ့သည်။ သို့သော် သူမ၏ ပထမဆုံး လူပုံအလယ် ပွဲထွက်လာမှုက လူအများ၏ အာရုံစိုက်စရာ ကိစ္စတစ်ခု ဖြစ်လာခဲ့ပြန်သည်။
ထိုဖြစ်ရပ်အပြီးတွင် ကျင်းနဉ်မင်းသမီး၏ နာမည်ဂုဏ်သတင်းကို ထိခိုက်စေမည့် ကောလာဟလများ မြို့တော်ထဲသို့ စတင်ပျံ့နှံ့လာခဲ့သည်။ မင်းသမီးအိမ်တော်က မည်သည့်တုံ့ပြန်မှုမှ မလုပ်ဘဲ တိတ်ဆိတ်နေသော်လည်း မင်းမျိုးမင်းနွယ်မိသားစုများနှင့် အရာရှိအိမ်တော်မှ မိန်းကလေးအများအပြားကတော့ သူမနှင့် ရင်းနှီးအောင် ကြိုးစားလာကြပြီး အပေါ်ယံကြည့်လျှင် ချစ်ခင်ရင်းနှီးသော ဆက်ဆံရေးမျိုး တည်ဆောက်လာကြသည်။
"သွမ့်ရွေ့မင်းသမီးကြီးက ဘာလို့ ကျင်းနဉ်မင်းသမီးရဲ့ နာမည်ကို ရှင်းပေးဖို့ ကြားမဝင်တာလဲဆိုတာ မင်း သိလား"
ကြင်ယာတော်မင်းသမီးကြီးရှစ်က သားဖြစ်သူကို အပြုံးဖြင့် မေးနေပြန်သည်။
ကျိုးယွီလင်းကလည်း လူအ မဟုတ်သောကြောင့် ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"ကျွန်တော် မမှားဘူးဆိုရင် သွမ့်ရွေ့မင်းသမီးကြီးက တစ်ခုခု ကြီးကြီးမားမား စီစဉ်နေတာ ဖြစ်ပါလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် လူထုကြားထဲမှာ ကောလာဟလတွေ အရှိန်အဟုန်နဲ့ ပျံ့နေရင်တောင် ကျင်းနဉ်မင်းသမီးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု မဟုတ်သေးဘူး"
"ကြားဝင်ဖြေရှင်းတာမျိုး မလုပ်ဘဲ ကျင်းနဉ်မင်းသမီးကို အဲဒီမိန်းကလေးတွေနဲ့ ဆက်ဆံရေး တည်ဆောက်ခွင့် ပေးထားတာဆိုတော့ ကောလာဟလတွေရဲ့ နောက်ကွယ်က သွေးထိုးလှုံ့ဆော်သူတွေကို ဖော်ထုတ်ဖို့ပဲ ဖြစ်လိမ့်မယ်၊ ကျင်းနဉ်မင်းသမီးဘက်က ရပ်တည်ပေးတဲ့သူတွေကိုလည်း သွမ့်ရွေ့မင်းသမီးကြီးက သေချာ စုံစမ်းစစ်ဆေးပြီးသား ဖြစ်မှာပါ"
“မြို့ထဲမှာ ပျံနှံ့နေတဲ့ ကောလာဟလတွေအတွက်ကတော့ သိပ်မကြာခင် တစ်စုံတစ်ယောက်က ရှေ့ထွက်ပြီး ရှင်းပြလာလိမ့်မယ်၊ မိန်းကလေးတွေက အပေါစားဆန်ပြီး တာဝန်မဲ့တဲ့ ယောကျာ်းတွေကို အမုန်းဆုံးပဲ၊ မြို့တော်က ကျယ်ဝန်းပေမယ့် ဒီလူမှုဆက်ဆံရေး အသိုင်းအဝိုင်းကတော့ ကျဉ်းကျဉ်းလေးပါ”
"နောက်ထပ်ဖြစ်နိုင်တာက ကောလာဟလ ဖြန့်တဲ့သူတွေတောင် သူတို့ကိုယ်တိုင် ဒီကိစ္စကို ပြန်ရှင်းပေးရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်သေးတယ်၊ ဘာပဲဖြစ်ဖြစ် သူတို့တွေလည်း မိန်းကလေးတွေရဲ့ အမြင်မှာ အောက်တန်းကျတဲ့သူတွေအဖြစ် အမြင်မခံချင်ကြဘူးလေ၊ အမေ... ကျွန်တော့်ရဲ့ တွေးဆချက်တွေ မှန်ရဲ့လား"
ကြင်ယာတော်မင်းသမီးကြီးရှစ်က ခေါင်းညိတ် ထောက်ခံလိုက်သည်။
"ယောကျ်ားတွေမှာ သူတို့နည်းလမ်းနဲ့ သူတို့ရှိသလို မိန်းမတွေမှာလည်း သူတို့နည်းလမ်းနဲ့ သူတို့ ရှိတယ်၊ တစ်ခါတလေမှာ ကောလာဟလတွေကို ကိုယ်တိုင်လိုက်ရှင်းတာ ဒါမှမဟုတ် လိုက်ပိတ်ပင်တာက ပိုပြီးတော့ မီးလောင်ရာ လေပင့်သလို ဖြစ်စေတတ်တယ်၊ လိမ္မာပါးနပ်တဲ့ နည်းလမ်းကို ရှာနိုင်ရင်တော့ ဘာမှအားစိုက်စရာမလိုဘဲ ကောလာဟလတွေကို ပျောက်ကွယ်သွားစေနိုင်တယ်"
ကျိုးယွီလင်းက အပြုံးဖြင့် ချီးကျူးလိုက်သည်။
"အမေက တကယ့်ကို ထက်မြက်တာပဲ၊ ကျွန်တော်သာ အမေ့ဆီကနေ အဲဒီပညာတွေရဲ့ တစ်စိတ်တစ်ပိုင်းလောက်ပဲ သင်ယူနိုင်ရင်တောင် တကယ့်ကို အကျိုးရှိနေပြီ"
ကြင်ယာတော်မင်းသမီးကြီးရှစ်က ရယ်မောလိုက်ပြီး သူ့ကို ချစ်စနိုးဖြင့် ဆူပူလိုက်သည်။
"မင်းကတော့ တကယ့်ကို စကားတတ်တဲ့ကောင်လေးပဲ၊ ဒါပေမယ့် အဲဒီမိန်းကလေးကလည်း မဆိုးဘူးလို့ ထင်ရတယ်"
"အမေ..."
ကျိုးယွီလင်းက ကြင်ယာတော်မင်းသမီးကြီး၏ နောက်သို့ အမြန်သွားကာ သူမ၏ပုခုံးလေးများကို နှိပ်ပေးရင်း မေးလိုက်ပြန်သည်။
"အမေ၊ အမေ သွမ့်ရွေ့မင်းသမီးကြီးရဲ့ အိမ်တော်ကို ဘယ်တော့ သွားလည်မှာလဲ၊ ကျွန်တော် ရထားလုံး လိုက်မောင်းပေးရမလား"
သူတို့ မျှော်လင့်ထားသည့်အတိုင်း မြို့တော်အတွင်းရှိ ကောလာဟလများကို တစ်စုံတစ်ယောက်က ရှေ့ထွက် ရှင်းလင်းပေးလိုက်ပြီး အလျင်အမြန် ပြန်ငြိမ်သက်သွားခဲ့သည်။ ထိုသူက ကောလာဟလကို ချေဖျက်ပေးရုံသာမက ကျင်းနဉ်မင်းသမီးကို သူရဲကောင်းတစ်ဦးအဖြစ်ပါ ချီးကျူးစကားဆိုခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပင် ကျင်းနဉ်မင်းသမီး၏ ပုံရိပ်က မြေပြင်မှ ကောင်းကင်သို့ ပြန်တက်သွားခဲ့သည်။
သို့သော်လည်း သူမကို လက်ထပ်ခွင့်တောင်းသူ များများစားစား မရှိသေးပေ။ ရောက်လာသည့်သူအချို့ကလည်း သူတို့၏ အဆင့်အတန်းကို မြှင့်တင်ချင်သောကြောင့် ကြိုးစားကြည့်သူများ ဖြစ်သည်။ ကျင်းနဉ်မင်းသမီးက ထိုသူများကို ငြင်းပယ်ရုံတင်မကဘဲ သွမ့်ရွေ့မင်းသမီးကိုယ်တိုင်ကလည်း ထိုသူများက မသင့်တော်ဟု ယူဆခဲ့သည်။
"အဲ့ကြာပွတ်ကြီးကို သွားလေရာ မယူသွားပါနဲ့လား၊ ကြည့်ရတာ တော်တော်ကြောက်စရာကောင်းတယ်"
သွမ့်ရွေ့မင်းသမီးကြီးက အလေးအနက် အကြံပေးလိုက်သည်။
"ကြာပွတ်မပါရင်တောင် မရိုးသားတဲ့သူတွေကို တွေ့ရင် လက်သီးနဲ့ တစ်ချက်နှစ်ချက်လောက် ထိုးလိုက်ရုံပဲ"
ကျင်းနဉ်မင်းသမီးက လက်ဖက်ရည်ကို အသာအယာ ငုံ့သောက်ပြီးမှ ပြန်ဖြေလိုက်သည်။
"အဖွား၊ ကျွန်မက ကျွန်မရဲ့လက်ကို မညစ်ပေစေချင်ဘူး"
“အိမ်တော်မှာ နင့်ကို ခစားပေးဖို့ အရည်အချင်းရှိတဲ့ အစေခံမလေးတွေ ရှိတယ်၊ လူဆိုးတွေကို ရှင်းဖို့ သူတို့ကို တာဝန်ပေးလိုက်၊ အဲလိုမှမဟုတ်ရင် တစ်ယောက်ယောက်က လက်ထပ်ခွင့်တောင်းဖို့ ရောက်လာတာတောင် နင့်ခါးမှာ ချိတ်ထားတဲ့ ကြာပွတ်ကို မြင်ပြီး စကားပြောဖို့ တွန့်ဆုတ်နေလိမ့်မယ်"
ကျင်းနဉ်မင်းသမီးက ရယ်မောရင်း ပြန်ဖြေလိုက်သည်။
"အဖွား၊ ယောကျ်ားတစ်ယောက် ဒီလောက်အထိ ကြောက်နေကြရင် သူ ဘယ်လိုလုပ်ပြီး ကျွန်မနဲ့ လက်ထပ်ဖို့ ထိုက်တန်တော့မှာလဲ၊ တကယ်လို့ တစ်ယောက်ယောက်က ကျွန်မကို တကယ်ချစ်ရင် ကျွန်မ ကြာပွတ်မကလို့ သံတူကြီးနှစ်ချောင်း ချိတ်ထားရင်တောင် သူက ချစ်နေမှာပဲ၊ ကျွန်မက အိုမင်းတဲ့အထိ ခိုင်မြဲမယ့် နှလုံးသားတစ်ခုကိုပဲ ရှာချင်တာပါ၊ ကျွန်မကလည်း နူးညံ့သိမ်မွေ့ပြီး အကျင့်စာရိတ္တကောင်းတဲ့ မိန်းမတစ်ယောက် ဖြစ်ချင်တာပေါ့၊ ဒါပေမယ့် ကျွန်မရဲ့ ကာကွယ်မှုတွေကို လိုလိုလားလား လျှော့ချပေးနိုင်မယ့် ယောကျ်ားတစ်ယောက်ကိုတော့ အရင်ရှာတွေ့ဖို့ လိုသေးတယ်"
"ကောင်းလိုက်တဲ့စကား"
အမျိုးသမီးအသံတစ်ခုက ကြားဖြတ် ဝင်ပြောလိုက်သည်။
သွမ့်ရွေ့မင်းသမီးကြီးက အံ့အားသင့်သွားပြီး အလောတကြီး မေးမြန်းလိုက်သည်။
"ဘုရားရေ၊ နင် ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ၊ ဘယ်သူမှလည်း ငါ့ကို အကြောင်းမကြားကြဘူး"
ကြင်ယာတော်မင်းသမီးကြီးရှစ်က ပြုံးရွှင်နေသော မျက်နှာဖြင့် လျှောက်လာနေရင်း ပြန်ပြောလိုက်သည်။
"ငါက နင် အံ့သြသွားအောင် လုပ်မလို့လေ"
သွမ့်ရွေ့မင်းသမီးကြီးက မကျေမနပ် ပြန်ပြောလာသည်။
"ဘာကို အံ့သြစရာစရာလဲ၊ ငါ လုံးဝကို ထိတ်လန့်သွားတာ"
သွမ့်ရွေ့မင်းသမီးကြီးနှင့် ကြင်ယာတော်မင်းသမီးကြီးရှစ်တို့က အသက်အရွယ် တူညီကြသော်လည်း သွမ့်ရွေ့မင်းသမီးကြီးက မျိုးဆက်တစ်ခု ပိုကြီးသည်။ သို့သော်လည်း သူမတို့က ငယ်စဉ်ကတည်းက ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ခဲ့ကြပြီး အိမ်ထောင်ကျသွားသည့်တိုင် သူတို့၏ ဆက်ဆံရေးက တခြားသူများထက် ပိုမိုနီးကပ်နေဆဲပင်။
ကြင်ယာတော်မင်းသမီးကြီးက ရယ်မောရင်း ထပ်ပြောလိုက်သည်။
"ငါ ရောက်လာတာက ထိတ်လန့်စရာ မဟုတ်သေးဘူးနော်၊ တကယ်ထိတ်လန့်စရာက ငါ့ရဲ့ ဒုတိယသားက နင်တို့ အိမ်တော်က မင်းသမီးလေးကို လက်ထပ်ခွင့်တောင်းချင်နေတာပဲ"
သွမ့်ရွေ့မင်းသမီးကြီးက ဝမ်းသာအားရ ပြန်မေးလိုက်သည်။
"တကယ်လား၊ အိုး... ဒါ တကယ့် သတင်းကောင်းပဲ၊ ကျင်းနဉ်၊ အဲဒီမင်းသားလေးက တကယ့်ကို လူကောင်းလေးနော်၊ နင် သူ့အစ်ကိုအကြောင်း ကြားဖူးမှာပေါ့၊ မြောက်ပိုင်းက လူမျိုးခြားဘုရင်ကို သတ်ခဲ့တဲ့ သူရဲကောင်းလေ၊ အခုတော့ နာမည်ကျော် ရွှမ်းဝေစစ်သူကြီးပေါ့"
ကျင်းနဉ်မင်းသမီးက စိတ်ဝင်တစား ပြန်မေးလိုက်သည်။
"အဲဒီမင်းသားလေးက ကိုယ်ခံပညာ ကျွမ်းကျင်လား"
ကြင်ယာတော်မင်းသမီးကြီးက ပြန်ဖြေလိုက်သည်။
"သူက သိုင်းပညာရှင်တော့ မဟုတ်ဘူး၊ ကျန်းမာရေးအတွက် အခြေခံ ခြေကွက် လက်ကွက်နည်းနည်းပဲ သင်ယူထားခဲ့တာ"
ကျင်းနဉ်မင်းသမီး၏ မျက်နှာတွင် စိတ်ပျက်သွားသည့် အရိပ်အယောင် အနည်းငယ် ထွက်ပေါ်လာသည်။
သွမ့်ရွေ့မင်းသမီးကြီးက ဝင်မေးလိုက်သည်။
"လင်းအာရော လမ်းပေါ်က ကောလာဟလတွေကို ကြားပြီးပြီလား"
ကြင်ယာတော်မင်းသမီးကြီးက သူမဘေးတွင် ဝင်ထိုင်လိုက်ရင်း ပြန်ဖြေလိုက်သည်။
"ကောလာဟလတွေကိုတင် မကဘူး၊ မင်းသမီးလေး တခြားတစ်ယောက်ကို ကယ်လိုက်တဲ့နေ့က မင်းသားရှူ့ရဲ့ ဉာဏ်မမီတဲ့သား စိတ်ပျက်ပြီး ပြန်သွားတာကို လင်းအာနဲ့ ငါ နှစ်ယောက်စလုံး မြင်ခဲ့တာ၊ အဲဒီနေ့ကတည်းက သူက မင်းသမီးလေးအကြောင်းပဲ တွေးနေပြီး ငါ့ကို လက်ထပ်ခွင့်တောင်းခိုင်းနေတာ၊ ဒါပေမယ့် မင်းသမီးလေးက သူ့ကို မကြိုက်မှာ စိုးရိမ်ပြီး ငါ အောင်သွယ်ကို မလွှတ်ရဲဘူးလေ၊ အဲဒါကြောင့် ငါကိုယ်တိုင် အရင်လာမေးကြည့်ရတာပေါ့"
သူမက စကားကို အဆုံးသတ်လိုက်ရင်း ကျင်းနဉ်မင်းသမီးကို ကြည့်လိုက်ပြန်သည်။
ကျင်းနဉ်မင်းသမီးက သူမကို ဦးညွှတ်လိုက်ပြီးမှ ပြန်ပြောလာခဲ့သည်။
"မင်းသားလေးက ကျွန်မကို သဘောကျတယ်ဆိုရင်တော့ ကျွန်မ ဝမ်းသာရမှာပေါ့၊ ဒါပေမယ့် ကျင်းနဉ်က စိတ်မြန်လက်မြန် ရှိတတ်ပါတယ်၊ တကယ်လို့ ခင်ပွန်းဖြစ်သူက စိတ်ကစားနေတာကို သိရင်တော့ စိတ်ထိန်းနိုင်မှာ မဟုတ်ပါဘူး"
"ကျင်းနဉ်"
သွမ့်ရွေ့မင်းသမီးကြီးလည်း ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားရသည်။
ကြင်ယာတော်မင်းသမီးကြီးရှစ်ကတော့ အပြုံးဖြင့် အေးအေးဆေးဆေး ပြန်ပြောနိုင်သေးသည်။
"ငယ်ရွယ်တဲ့ စုံတွဲလေးတွေက အစပိုင်းမှာတော့ အမြဲတမ်း ချစ်ကြတာပါပဲ၊ ဒါပေမယ့် ဒီလိုအချိန်မှာ သစ္စာရှိဖို့ဆိုတာက အာမခံဖို့ ခက်ခဲလွန်းတယ်၊ တကယ်လို့ နှစ်ယောက်စလုံးက တစ်သက်လုံး တစ်ယောက်ကို တစ်ယောက် ဖေးမသွားချင်တယ်ဆိုရင်တော့ ဒါက ရိုးရှင်းတဲ့ကိစ္စ မဟုတ်သလို တစ်ယောက်တည်းရဲ့ အလုပ်လည်း မဟုတ်ပါဘူး၊ တကယ်လို့ ကျင်းနဉ်မင်းသမီးက ဘာကိုမှ ပြန်မပေးဆပ်ချင်ဘဲ အချစ်ခံရဖို့ပဲ လိုချင်တာဆိုရင်တော့ ဒီနေ့ ရောက်လာတာက မင်းသမီးကို လာတွေ့ရုံသက်သက်ပဲလို့ သဘောထားလိုက်ပါ၊ ဒါပေမယ့် မင်းသမီးလေးဘက်က စစ်မှန်တဲ့ ခံစားချက်တွေကို ပေးအပ်ဖို့ လိုလားတယ်ဆိုရင်တော့ နောက်ထပ် စစ်မှန်တဲ့ ခံစားချက်တစ်ခုကို ပြန်ရဖို့ အခွင့်အရေး ရှိနိုင်တာပေါ့၊ ဟုတ်တယ်မလား"
ထိုအချိန်မှသာ သွမ့်ရွေ့မင်းသမီးကြီးကလည်း အပြုံးဖြင့် ဝင်ပြောလာသည်။
"ကျင်းနဥ်၊ နင်က မြို့တော်မှာ မနေတော့ ဒါကို သိချင်မှ သိလိမ့်မယ်၊ မြို့တော်ရဲ့ အချစ်ဆုံး ဇနီးမောင်နှံတွေအကြောင်း ပြောရမယ်ဆိုရင် မင်းသားကြီးရှစ်နဲ့ သူ့ရဲ့ကြင်ယာမင်းသမီးတို့က ထိပ်ဆုံးကပဲ၊ မင်းသားကြီး ငယ်ငယ်တုန်းက နည်းနည်း စိတ်ကစားတတ်ပေမယ့် လက်ထပ်ပြီးကတည်းက သူ့ကြင်ယာတော်အပေါ်မှာပဲ တစ်သက်လုံး သစ္စာရှိခဲ့တာ၊ ဒါက တကယ်ကို အားကျစရာပဲ၊ ငါတင် မဟုတ်ဘူး လူတိုင်း အားကျနေကြတာ"
ကြင်ယာတော်မင်းသမီးကြီးရှစ်က မချိပြုံးဖြင့် ထပ်ပြောလာပြန်သည်။
"အဲဒါတင်မကဘူး၊ ငါ့ရဲ့ အကြီးဆုံးသား ဘာလို့ မြို့တော်ကနေ အလောတကြီး ထွက်သွားရတယ် ထင်လဲ၊ တစ်ယောက်ယောက်က သူ့အိမ်ထဲကို တခြားမိန်းမတစ်ယောက် ထည့်ပေးမှာကို သူ အရမ်းကြောက်နေတာလေ၊ မြို့တော်မှာက ဘယ်သူ့ကိုမှ မပြစ်မှားရဲတော့ သူ့မိန်းမကို ခေါ်ပြီး ထွက်ပြေးသွားတာ၊ ငါ့အတွက်တော့...ဟူး၊ ငါ သူ့ကို ခက်ခက်ခဲခဲ ပြန်ရှာခဲ့ရတာ"
ကျင်းနဉ်မင်းသမီးက မေးလာပြန်သည်။
"သူ့ဇနီးက ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ဘွဲ့အပ်နှင်းထားတဲ့ ဝေ့နဉ်မင်းသမီး မဟုတ်ဘူးလား၊ အဲဒီမင်းသမီးက သူ့မိသားစုတစ်ခုလုံးရဲ့ ချမ်းသာကြွယ်ဝမှုကို သုံးပြီး မြောက်ပိုင်းက စစ်သည်တွေအတွက် ထောက်ပံရေးပစ္စည်းတွေ ပို့ပေးခဲ့တယ်တဲ့၊ မိုးခေါင်ရေရှားချိန်မှာတောင် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်တွေ အများကြီး ပို့ပေးခဲ့တယ်လို့ ကျွန်မ ကြားဖူးတယ်၊ ဒီလိုဇနီးမျိုးနဲ့ တစ်သက်လုံး လက်တွဲရတာ ဘယ်လောက် ကောင်းတဲ့အရာလဲ၊ လူတွေက ရွှမ်းဝေစစ်သူကြီးကို အားကျနေကြပေမယ့် ကျွန်မကတော့ အဲဒီမင်းသမီးကို ပိုပြီး လေးစားမိတယ်"
ကြင်ယာတော်မင်းသမီးကြီးရှစ်က ပြုံးနေသော်လည်း ဘာမှပြန်မပြောဘဲ စိတ်ထဲတွင် အကြိမ်ပေါင်း တစ်ရာ့ရှစ်ဆယ်လောက် သက်ပြင်းချနေမိသည်။
‘သူမရဲ့ ချွေးမက အရမ်းထူးချွန်နေတာကြောင့်လည်း အဲ့ဒီဇနီးမောင်နှံကို မြို့တော်မှနေဖို့ အတင်းအကျပ် ဖိအားမပေးနိုင်ခဲ့တာလေ’
ကျင်းနဉ်မင်းသမီးက ဆက်ပြောနေပြန်သည်။
"အရှင်မင်းသမီး၊ ကျွန်မက တခြားအမျိုးသမီးတွေလို အပ်ချုပ်ပန်းထိုးတာတွေကို မကျွမ်းကျင်ပါဘူး၊ ဟင်းဆိုရင်လည်း အနောက်မြောက်ဒေသက ဟင်းလျာတွေကိုပဲ ချက်တတ်ပါတယ်၊ မြို့တော်က မိန်းမတွေလိုလည်း နူးနူးညံ့ညံ့ စကားမပြောတတ်ပါဘူး၊ တကယ်လို့ အရှင်မင်းသမီးနဲ့ မင်းသားလေး... စိတ်မရှိဘူးဆိုရင် ကျွန်မ သူနဲ့ လူကိုယ်တိုင် တွေ့ဆုံချင်ပါတယ်"
သွမ့်ရွေ့မင်းသမီးကြီး : "…."
‘ဒီမိန်းကလေးက အရမ်းရဲတင်းလွန်းတယ်၊ လူကိုယ်တိုင် တွေ့ဆုံဖို့တောင် တောင်းဆိုရဲတယ်ပေါ့’
"ကျင်းနဥ်..."
သွမ့်ရွေ့မင်းသမီးကြီးက အားကိုးရာမဲ့ဟန်ဖြင့် ဝင်ပြောလိုက်သည်။
"လက်မထပ်ရသေးတဲ့ မိန်းမပျိုတစ်ယောက် ယောကျ်ားပျိုတစ်ယောက်နဲ့ တွေ့ဆုံတယ်ဆိုတာ ဘယ်မှာ ကြားဖူးလို့လဲ၊ ဒီသတင်းသာ အပြင်ထွက်သွားရင်..."
"အဖွား၊ ကျွန်မက ကောလာဟလတွေကို မကြောက်ပါဘူး၊ လူမှားပြီး လက်ထပ်မိမှာကိုပဲ ကြောက်တာ၊ တွေ့ဆုံတယ်ဆိုတာလည်း ကျွန်မနဲ့ မင်းသားလေးနှစ်ယောက်တည်း မဟုတ်ပါဘူး၊ အဖွားနဲ့ အရှင်မင်းသမီးတို့လည်း အတူတူ ရှိနေပေးလို့ရတာပဲ၊ ကျွန်မကတော့ ကျွန်မအမေလိုမျိုး တစ်ယောက်ယောက်ကို တိတ်တိတ်လေးချစ်၊ တိတ်တိတ်လေးမုန်းပြီး နောက်ဆုံးမှာ စိတ်ပျက်အားငယ်မှုနဲ့ သေဆုံးသွားရတာမျိုး မဖြစ်ချင်ဘူး"
"ကျင်းနဉ်"
သွမ့်ရွေ့မင်းသမီးက သူမကို ဟန့်တားပြီးမှ သက်ပြင်းချလိုက်ပြန်သည်။
"နင့်မှာ အရှက်အကြောက် မရှိတော့ဘူးလား၊ ဒီလိုစကားမျိုးတွေကို ဘယ်လိုများ ပေါ့ပေါ့ပါးပါး ပြောနိုင်ရတာလဲ"
ကျင်းနဉ်မင်းသမီးက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"အခု ကျွန်မက အဖွားရဲ့ ကာကွယ်မှုအောက်မှာရှိနေလို့ အရှင်မင်းသမီးကို ကျွန်မရဲ့ ခံစားချက်တွေ ရဲရဲဝံ့ဝံ့ ပြောပြရဲတာပါ၊ ပြီးတော့ ကျွန်မ တွေးမိတာက တကယ်လို့ လက်ထပ်ပြီးမှ စိတ်မပါတဲ့ ဟန်ဆောင်စကားတွေ ပြောနေရမယ်ဆိုရင် အဲဒါက ပိုပြီး နာကျင်ဖို့ ကောင်းလိမ့်မယ်"
သွမ့်ရွေ့မင်းသမီးကြီး : "..."
"ထားလိုက်ပါတော့၊ ဒါက လူငယ်တွေရဲ့ ကိစ္စပဲလေ၊ နင်တို့နှစ်ယောက် တွေ့ဖို့ ရက်တစ်ရက် ငါ ရှာပေးပါ့မယ်"
ကြင်ယာတော်မင်းသမီးကြီးက ကျိုးယိနိုနှင့် စုန့်တင်းရှန်းတို့ အခန်းထဲတွင် ပုန်းအောင်းနေရင်း ပြောခဲ့သည့် စကားဝိုင်းကို ရုတ်တရက် သတိရသွားပြီး စိတ်မကောင်းဖြစ်ကာ ထပ်ပြောလိုက်သည်။
"နင်သာ ငါ့မိသားစုထဲကို ရောက်လာရင် ယောက္ခမတွေနဲ့ ခင်ပွန်းဖြစ်သူရဲ့ ကာကွယ်မှုကို ရမှာပါ၊ ဒါပေမယ့် လူတစ်ယောက်က တခြားသူရဲ့ ကာကွယ်မှုကိုပဲ အမြဲ အားကိုးနေလို့ မရဘူး၊ ကိုယ်တိုင်လည်း တခြားသူကို ကာကွယ်ပေးတတ်ဖို့ သင်ယူရမယ်၊ နင်လည်း ဝေနဉ်မင်းသမီးကို အရမ်းလေးစားတယ်မလား၊ တကယ်တော့ သူသာ မရှိရင် ငါ့ရဲ့ အကြီးဆုံးသားက ရွှမ်းဝေစစ်သူကြီး ဖြစ်လာမှာ မဟုတ်ဘူး၊ အဲ့လိုပဲ ငါ့သားသာ မရှိခဲ့ရင်လည်း သူ ဝေ့နဉ်မင်းသမီး ဖြစ်လာမှာ မဟုတ်ဘူး၊ လူနှစ်ယောက် ပေါင်းဖက်တဲ့အခါ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရတယ်၊ စည်းလုံးညီညွတ်ဖို့ လို့တယ်၊ အပြန်အလှန် ယုံကြည်မှု မရှိရင်တော့ ကောင်းမွန်တဲ့အိမ်ထောင်ရေး ဖြစ်မလာနိုင်ဘူး၊ တစ်ယောက်နဲ့တစ်ယောက် သံသယရှိရင် လက်မထပ်တာ အကောင်းဆုံးပဲ"
ကျင်းနဉ်မင်းသမီးက အပြုံးလေးဖြင့် တရိုတသေ ဦးညွှတ်ပြီးမှ ပြန်ဖြေလာခဲ့သည်။
"အဲဒီလို ဖြစ်လာမယ့်နေ့ကို ကျွန်မ တကယ့်မျှော်လင့်နေမိတာပါ"
........။........။........
စာရေးသူ၏ မှတ်ချက်
ကျိုးယွီလင်း : 'ငါ့ဇနီးလောင်းက မြင်းကြီးကို စီး၊ ကြာပွတ်အရှည်ကြီးကို ကိုင်၊ မီးတောက်လို အနီရောင်ဝတ်စုံကြီးနဲ့ ငါ့ကို လက်ထပ်ဖို့ လာနေပြီ... မဟုတ်ဘူး၊ ငါ့ကို သိမ်းပိုက်ဖို့ လာနေပြီ'
ကြင်ယာတော်မင်းသမီးကြီး : 'ခေါင်းကိုက်လိုက်တာဟယ်...'