အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အခန်း ၉၇ အပိုဆောင်းဇာတ်လမ်း (၂)
မင်းသမီးကြီး၏ ပိုင်ဆိုင်မှုများထဲတွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင် ရှိပြီး ၎င်းက ပုံမှန်ရက်များတွင် မင်းမျိုးမင်းနွယ်များနှင့် အရာရှိမိသားစုများ လာရောက်လေ့ရှိသော နေရာတစ်ခု ဖြစ်သည်။ အဓိကအားဖြင့် ပတ်ဝန်းကျင် တိတ်ဆိတ်အေးချမ်းသည့် ပတ်ဝန်းကျင်နှင့် လျှို့ဝှက်ချက်များကို အထူး ထိန်းသိမ်းပေးနိုင်ခြင်းကြောင့် ဖြစ်သည်။
မင်းသားကြီးရှစ်နှင့် သူ့၏ ကြင်ယာတော်မင်းသမီးတို့က တော်ဝင်မိသားစုတစ်ခုလုံးတွင် ရည်မှန်းချက် အနည်းဆုံးရှိသော ဇနီးမောင်နှံ ဖြစ်သည်။ သူတို့က လွန်ခဲ့သော အနှစ်နှစ်ဆယ်ပတ်လုံး သူတို့၏ပျောက်ဆုံးနေသော သားဖြစ်သူကို ရှာဖွေရန်သာ အာရုံစိုက်ခဲ့ကြပြီး နန်းတွင်းရေးရာများတွင် စိတ်ဝင်စားမှု မရှိသလောက် ဖြစ်သည်။
ယခု သားဖြစ်သူကို ပြန်တွေ့ရှိပြီးနောက်တွင်လည်း ၎င်းကို သူတို့ဘဝ၏ အကြီးမားဆုံးသော အောင်မြင်မှုတစ်ခုအဖြစ် သတ်မှတ်လိုက်ကြပြီး တခြားဘာကိုမျှ စိတ်မပူတော့ဘဲ မြေးလေးများ ရလာမည့်အချိန်ကိုသာ စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြသည်။
ရလဒ်အနေဖြင့် ထိုလက်ဖက်ရည်ဆိုင်က လူအများအတွက် စိတ်အပန်းဖြေရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။
သွမ့်ရွေ့မင်းသမီးကြီးက ကြင်ယာတော်မင်းသမီးကြီးရှစ်နှင့်အတူ လက်ဖက်ရည်ဆိုင်၏ အတွင်းကျဆုံးအခန်းတွင် လက်ဖက်ရည် သုံးဆောင်နေသည်။ သူမက လက်ဖက်ရည်ခွက်ကို မယူကာ အနံ့ခံကြည့်ပြီး တစ်ငုံသောက်ပြီးမှ မှတ်ချက်ပေးလိုက်သည်။
"ဒီလက်ဖက်ရည်မှာ တောတောင်တွေရဲ့ သဘာဝဆန်ဆန် ဆွဲဆောင်မှုမျိုး ရှိနေတာပဲ"
ကြင်ယာတော်မင်းသမီးကြီးရှစ်က ရယ်မောရင်း ပြန်မေးလိုက်သည်။
“တောတောင်တွေရဲ့ ဆွဲဆောင်မှုထက် ပိုတယ်၊ ဒါက ဘယ်လိုလက်ဖက်ရည်မျိုးလဲဆိုတာ နင် ခန့်မှန်းနိုင်လား"
သွမ့်ရွေ့မင်းသမီးကြီးက ပယင်းရောင်သန်းနေသော လက်ဖက်ရည်ကို ကြည့်ကာ နောက်တစ်ကြိမ် မြည်းကြည့်လိုက်ပြန်သည်။
"အနံ့က သိပ်မပြင်းဘူး၊ အစပိုင်းမှာ နည်းနည်း ခါးသက်တဲ့ အရသာရှိပေမယ့် နောက်ပိုင်းမှာ ချိုအီတဲ့ အရသာ ကျန်ခဲ့တယ်... ငါ တကယ်ပဲ မခန့်မှန်းနိုင်တော့ဘူး"
ကြင်ယာတော်မင်းသမီးကြီးရှစ်က ရယ်မောရင်း ပြန်ဖြေလိုက်သည်။
"ဒါက တန်ဖိုးကြီး လက်ဖက်ခြောက် မဟုတ်ဘူး၊ ငါ့ရဲ့ အကြီးဆုံးချွေးမ သူတို့ပိုင်တဲ့ တောင်ပေါ်ကနေ ကိုယ်တိုင်ခူးပြီး အခြောက်ခံထားတဲ့ လက်ဖက်ခြောက်လေ၊ သူတို့က ဒီမှာ ရှိတဲ့ တန်ဖိုးကြီး လက်ဖက်ရည်တွေကို သိပ်မကြိုက်လို့ သူတို့သောက်ဖို့ ယူလာခဲ့ကြတာ၊ ငါ မြည်းကြည့်တော့ တော်တော်လေး သောက်လို့ကောင်းတာနဲ့ အိုးတစ်လုံးစာ ချန်ထားပေးဖို့ ပြောလိုက်တာ၊ ဈေးမကြီးဘူးဆိုပေမယ့် ထပ်ရဖို့က မလွယ်ဘူး၊ အဲဒါကြောင့် နင် မဟုတ်ဘဲ တခြားလူဆိုရင် ငါ ထုတ်တိုက်မှာတောင် မဟုတ်ဘူး"
"နင့်ကိုယ်နင် ကြည့်စမ်းပါဦး၊ ဒီလောက်ကောင်းတာ ရှိနေတာတောင် ငါ့ကို ဖုံးကွယ်ထားသေးတယ်၊ နောက်ကျရင် နင့်ချွေးမဆီ စာရေးပြီး ဆယ်ကျင်းလောက် တောင်းရမယ်"
သွမ့်ရွေ့မင်းသမီးကြီး မျက်စောင်းထိုးမတတ် ပြောလာခဲ့သည်။
ကြင်ယာတော်မင်းသမီးကြီးရှစ်ကလည်း နှာခေါင်းရှုံ့ကာ တုံ့ပြန်လိုက်သည်။
"ဆယ်ကျင်း... ဟုတ်လား၊ နင်က ဂေါ်ဖီထုပ် ဝယ်နေတယ်များ မှတ်နေလား၊ ဒီလို တောင်ပေါ်လက်ဖက်ရည်မျိုးက သဘာဝအရသာကို ခံစားဖို့ သောက်ရတာ၊ နေ့တိုင်း သောက်နေရင်တော့... ငါ ပြောရင်တောင် နင် နားလည်မှာ မဟုတ်ပါဘူး၊ အိုး... ကျင်းနဉ် ရောက်လာပြီ"
ကျင်းနဉ်မင်းသမီးက အနက်နှင့် အနီရောင်စပ်ထားသော သိသာထင်ရှားသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခြံဝင်းထဲသို့ မြင်းစီးဝင်လာခဲ့သည်။ ထို့နောက် ဥယျာဉ်လမ်းမှတစ်ဆင့် လက်ဖက်ရည်ဆိုင်၏ တံခါးတစ်ခုမှ ဝင်လာခဲ့သည်။ အစေခံတစ်ဦးက သူမကို ကြိုဆိုလိုက်ပြီး ကြင်ယာတော်မင်းသမီးကြီး ရှိနေသည့် အခန်း၏ ဘေးခန်းဆီသို့ ခေါ်ဆောင်သွားသည်။
ကျိုးယွီလင်းက ထိုအခန်းထဲသို့ စောစောစီးစီး ရောက်နှင့်နေပြီး သူမ ဝင်လာသည်နှင့် သူက အမြန်ထရပ်လိုက်သည်။
"ကျွန်တော် မင်းသမီးကို စောင့်နေတာ တော်တော်ကြာပါပြီ"
ကျင်းနဉ်မင်းသမီးက ဘေးနားရှိ ထိုင်ခုံတွင် အေးအေးဆေးဆေး ဝင်ထိုင်လိုက်ပြီး စကားစပြောလာခဲ့သည်။
"ကျွန်မတို့တွေ မလိုအပ်တဲ့ စကားတွေနဲ့ အချိန်ဖြုန်းနေဖို့ မလိုဘူး ထင်တယ်၊ ကျွန်မ ဒီနေ့ ဘာလို့ ဒီကို ရောက်နေတာလဲဆိုတာ မင်းသား သိလား"
သွမ့်ရွေ့မင်းသမီးကြီးက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကြင်ယာတော်မင်းသမီးကြီးကို တိုးတိုးလေး ကပ်ပြောလိုက်သည်။
"သူ ပုံမှန်ဆိုရင်တော့ အခမ်းအနားသုံး ယဉ်ကျေးမှုတွေကို အပြည့်အဝ လိုက်နာတတ်ပါတယ်၊ အခု ဘာလို့ အဲဒါတွေကို ငြင်းဆန်နေတာလဲ မသိဘူး"
ကြင်ယာတော်မင်းသမီးကြီးက သူမ၏အမြင်ကို ပြန်ရှင်းပြလိုက်သည်။
"မင်းသမီးက သူ့ရဲ့ ပင်ကိုယ်စိတ်အတိုင်း ပြုမူနေတာ ဖြစ်နိုင်တယ်၊ တခြားလူတွေရှေ့မှာတော့ ဘာပဲဖြစ်ဖြစ် နည်းနည်းပါးပါး ဟန်ဆောင်ပန်ဆောင် နေရဦးမှာပဲ၊ ငါတို့ကတော့ မတူဘူး၊ နောက်ပိုင်းမှာ မိသားစုတွေ ဖြစ်လာနိုင်တယ်၊ ဟန်ဆောင်နေရင် အဓိပ္ပာယ်မရှိတော့ဘူးလေ"
ကျိုးယွီလင်းက ကျင်းနဉ်မင်းသမီးအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်း တိုက်တွန်းလိုက်သည်။
"အရင်ဆုံး လည်ချောင်း ရှင်းသွားအောင် လက်ဖက်ရည် သောက်လိုက်ပါဦး၊ ဒီလက်ဖက်ရည်က ကျွန်တော့်ရဲ့ မရီး သူတို့ရဲ့တောင်ပေါ်ကနေ ကိုယ်တိုင်ခူးပြီး လှော်ထားတဲ့ လက်ဖက်ခြောက်နဲ ဖျော်ထားတာပါ၊ အိုးတစ်လုံးစာ ရဖို့တောင် တော်တော်ခက်ခဲတယ်၊ အခြားတန်ဖိုးကြီး လက်ဖက်ခြောက်တွေလို အနံ့မပြင်းပေမယ့် မြည်းစမ်းကြည့်ရင်တော့ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်"
ကျင်းနဉ်မင်းသမီးက လက်ဖက်ရည်ကို တစ်ရှိန်ထိုး မော့သောက်လိုက်ပြီး ပြောလိုက်ပြန်သည်။
"အမှန်တော့ ကျွန်မ လက်ဖက်ရည်ပွဲ ယဥ်ကျေးမှုအတွက် အခမ်းအနားတစ်ခုလုံးကို အစအဆုံး အလွတ်ရနေပါတယ်၊ လက်ဖက်ရွက်ကို ဘယ်လိုကြည့်ရမလဲ၊ အရောင်နဲ့ အနံ့ကိုကြည့်ပြီး လက်ဖက်ရွက်ရဲ့ ထွက်ရှိရာဒေသနဲ့ သက်တမ်းကို ဘယ်လိုခွဲခြားရမလဲဆိုတာတွေပေါ့၊ ဒါပေမယ့် အဓိကအားဖြင့် ရေဆိုတာ ရေငတ်ပြေဖို့ သောက်တာလေ၊ ရေသောက်တဲ့နေရာမှာတောင် ဒီလောက် လုပ်ထုံးလုပ်နည်းတွေ များနေတာက မူလရည်ရွယ်ချက်နဲ့ လွဲချော်နေသလိုပဲ၊ ကျွန်မကတော့ ဒီလက်ဖက်ရည်က ရေငတ်ပြေဖို့အတွက် အကောင်းဆုံးလို့ ထင်တယ်"
ကျိုးယွီလင်းက အားရပါးရ ရယ်မောလိုက်သည်။
"မင်းသမီး ပြောတာ လုံးဝ မှန်ပါတယ်၊ ကျွန်တော်လည်း လက်ဖက်ရည်ခွက် သေးသေးလေးကို ကိုင်ပြီး အဆုံးမရှိ ချီးကျူးဂုဏ်ပြု စကားပြောနေရတဲ့ ပွဲလမ်းသဘင်တွေကို သည်းမခံနိုင်ဘူး၊ လည်ချောင်းတွေ ခြောက်ကပ်ပြီး မီးထွက်မတတ် ဖြစ်နေရင်တောင် ဟန်ဆောင်ပန်ဆောင်နဲ့ အာစွတ်ရုံ သောက်နေရတာက တကယ့်ကို ပြဇာတ် ကပြနေရသလိုပဲ၊ တစ်ခါတလေကျရင် လက်ဖက်ရည်အိုးကိုပဲ မပြီး အားရပါးရ သောက်လိုက်မိတယ်၊ ဒါပေမယ့် တစ်ခါတလေတော့လည်း အများနဲ့ လိုက်လျောညီထွေ နေပြရတာပေါ့၊ အိမ်မှာဆိုရင်တော့ ကျွန်တော်လည်း လုပ်ထုံးလုပ်နည်းတွေ မပါဘဲ ခွက်ကြီးကြီးနဲ့ပဲ သောက်တာပါ"
ကျင်းနဉ်မင်းသမီးက ပြုံးလိုက်ပြီး လက်ဖက်ရည်အိုးကို ကိုင်ကာ လက်ဖက်ရည်တစ်ခွက် ထပ်ငှဲ့လိုက်သည်။ ယခုတစ်ကြိမ်တွင် သူမက နှစ်ငုံခန့် အချိန်ယူ မြည်းစမ်းကြည့်ပြီး မှတ်ချက်ပေးလိုက်သည်။
"အစပိုင်းကတော့ နည်းနည်း ရှသလို ခံစားရပေမယ့် အရသာကတော့ တကယ့်ကို လန်းဆန်းစေတယ်၊ သောက်ပြီးသွားရင် ရလာတဲ့ ခါးသက်မှုက သိသာနေပေမယ့် ပါးစပ်ထဲကို စိုစွတ်သွားစေပြီး နေလို့ ကောင်းသွားတယ်၊ ဒီလက်ဖက်ရည်က ခမ်းနားတဲ့ ပွဲလမ်းတွေ ဒါမှမဟုတ် ပညာရှိလူကြီးမင်းတွေရဲ့ ချီးကျူးမှုကို ရဖို့အတွက် မထိုက်တန်ပေမယ့် ရေငတ်ပြေဖို့အတွက်တော့ တကယ့်ကို ကောင်းမွန်တဲ့ လက်ဖက်ရည်ပဲ၊ အားရပါးရ မော့သောက်လိုက်ရရင် တကယ့်ကို ကျေနပ်ဖို့ ကောင်းမှာ သေချာတယ်"
ဤသို့ပြောပြီးနောက် သူမက ခေါင်းကိုမော့ကာ လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြန်သည်။
ထို့နောက် နှစ်ဦးသား လက်ဖက်ရည်အကြောင်း၊ သိုင်းပညာအကြောင်း၊ မြောက်ပိုင်းစစ်ပွဲအကြောင်းနှင့် အနောက်မြောက်ဒေသရှိ မိုးခေါင်ရေရှားမှုများအကြောင်း ဆွေးနွေးနေခဲ့ကြသည်။
ကျိုးယွီလင်းက လိမ္မာပါးနပ်ပြီး စကားကို အဆက်မပြတ် ပြောဆိုနိုင်သလို ကျင်းနဉ်မင်းသမီးကလည်း သူမ၏ ထူးခြားသော အမြင်များကို ဝေမျှပေးခဲ့သည်။ သူတို့ စကားပြောနေရင်း နှစ်ရှီးချန်ခန့် အချိန်ကုန်လွန်သွားသည်ကိုပင် သတိမထားမိလိုက်ကြချေ။ ဘေးခန်းမှ သွမ့်ရွေ့မင်းသမီးကြီးနှင့် ကြင်ယာတော်မင်းသမီးကြီးတို့ကတော့ ငိုက်မြည်းနေကြပြီ ဖြစ်သည်။
"တော်ပြီ၊ ငါလည်း ညစာစားဖို့ ပြန်သင့်ပြီ"
သွမ့်ရွေ့မင်းသမီးကြီးက အစေခံမလေးကို လက်ယပ်ခေါ်ကာ ညွှန်ကြားလိုက်သည်။
"မင်းသမီးလေးကို သွားမေးလိုက်ဦး၊ ဘယ်အချိန် ညစာစားဖို့ ပြန်မှာလဲလို့"
အစေခံမလေးက ရယ်ချင်စိတ်ကို အောင့်ထားရင်း ဘေးခန်းသို့ သွားကာ ထိုစကားအတိုင်း မေးမြန်းလိုက်သည်။
"မင်းသမီးလေး၊ ညစာစားဖို့ ဘယ်အချိန် ပြန်မလဲရှင့်၊ အခု အချိန်လည်း တော်တော် နောက်ကျနေပြီ"
အပြင်ဘက်မှ နေလုံးကြီး အနောက်ဘက်သို့ စောင်းနေပြီကို မြင်လိုက်ရမှ ကျင်းနဉ်မင်းသမီးက အံ့ဩတကြီး ရေရွတ်လိုက်သည်။
"ဒီလောက်တောင် ကြာသွားတာလား"
ထိုနောက် သူမ ဆက်ပြောလိုက်သေးသည်။
"ငါ မုန့်တွေနဲ့ ဖရုံစေ့တွေ အများကြီး စားထားလို့ ဗိုက်မဆာသေးဘူး၊ ထားပါတော့လေ၊ အခု ပြန်ဖို့ အချိန်တန်ပြီ"
ကျိုးယွီလင်းက မတ်တတ်ထရပ်ကာ တောင်းဆိုလိုက်သည်။
"နောက်ကျနေပြီဆိုတော့ မင်းသမီးကို အိမ်အထိ လိုက်ပို့ပါရစေ"
ကျင်းနဉ်မင်းသမီးက ခေါင်းလေး စောင်းကာ ပြန်မေးလိုက်သည်။
"ရှင် သေချာစဉ်းစားပြီးပြီလား၊ ရှင် ကျွန်မကို လိုက်ပို့ရင် လူတွေက ဘယ်လို ကောလာဟလတွေ ဖြန့်မယ်ဆိုတာ ရှင် သိလား"
ကျိုးယွီလင်းက အံ့အားသင့်ဟန်ဖြင့် ပြန်မေးလိုက်သည်။
"မင်းသမီးက ဘာကို ဆိုလိုတာလဲ၊ မင်းသမီးက ကျွန်တော့်အပေါ် မကျေနပ်တာမျိုး ရှိလို့လား"
ကျင်းနဉ်မင်းသမီးက ပြုံးရုံသာ ပြုံးပြပြီး ဘာမှမပြောဘဲ ထွက်ခွာသွားခဲ့သည်။ ကျိုးယွီလင်းက အပြုံးဖြင့် နောက်မှ လိုက်ပါသွားပြီး သူတို့နှစ်ဦး မြင်းဇက်ကြိုးကို ကိုင်ကာ လမ်းမပေါ်တွင် ဘေးချင်းယှဉ် လမ်းလျှောက်ရင်း စကားတပြောပြော လျှောက်လှမ်းနေကြသည်။ သူတို့ မင်းသမီကြီးအိမ်တော်သို့ မရောက်မီမှာပင် သူတို့နှစ်ယောက် အတူတူရှိနေသည့်သတင်းက မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
မကြာမီပင် အောင်သွယ်တော်များ ရောက်ရှိလာပြီး ဧကရာဇ်မင်းမြတ်က သူတို့နှစ်ယောက် လက်ထပ်ရန် အမိန့်တော် ချမှတ်လိုက်သောကြောင့် လူအများ အံ့အားသင့်သွားရပြီး ပါးစပ်အဟောင်းသား ဖြစ်ကျန်ခဲ့ကြသည်။
ထိုကိစ္စက လူအများကို အမှန်တကယ် တုန်လှုပ်သွားစေခဲ့သည်။
‘မင်းသားကြီးရှစ်ရဲ့ အမွေဆက်ခံသူ၊ ရုပ်ရည်ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ သခင်လေးက ဟိုစစ်သည်တော် မိန်းမကြမ်းကြီးကို တကယ် လက်ထပ်တော့မှာလား’
‘သူ အတင်းအကျပ် အကျပ်ကိုင်ခံရတာများလား’
‘မင်းသားလေး၊ တကယ်လို့ ခင်ဗျား ခြိမ်းခြောက်ခံထားရတယ်ဆိုရင် မျက်တောင်နှစ်ချက် မြန်မြန် ခတ်ပြပါ၊ ကျွန်တော်မျိုးတို့က မင်းသားလေးအတွက် တရားမျှတမှု ရှာပေးပါ့မယ်’
သို့သော် သူတို့ မျှော်လင့်နေသည့် မျက်တောင်နှစ်ခါခတ်ခြင်းကို မမြင်ရဘဲ ဆယ်လီအကွာအဝေးအထိ ရှည်လျားသော အနီရောင်မင်္ဂလာ စီတန်းလှည့်လည်ပွဲကြီးကိုသာ မြင်လိုက်ရသည်။
ကျင်းနဉ်မင်းသမီးက သူမ၏ ခန်းဝင်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်ကာ ကံပါသူနှင့် လက်ထပ်ရန် မင်္ဂလာရက်မြတ်ကိုသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
လူအများက ကျိုးယွီလင်းတစ်ယောက် ဒဏ်ရာဗရပွဖြင့် ကံဆိုးမိုးမှောင်ကျနေမည့် ပုံရိပ်ကို မြင်ရရန် မျှော်လင့်နေခဲ့ကြသော်လည်း သူတို့ မြင်တွေ့ရသည်က ဇနီးမောင်နှံနှစ်ယောက် ချစ်ကြည်နေသည့် ပုံရိပ်များသာ ဖြစ်နေခဲ့သည်။ နှစ်ယောက်သား အတူတူ မြင်းစီးထွက်ကြပြီး မင်းသမီးလေးက အမဲလိုက်ကာ မင်းသားလေးက အသားကင်ပေးသည်။ ဇနီးမောင်နှံနှစ်ယောက် ဘေးချင်းယှဉ် သိုင်းကျင့်သည်ကိုပြင် မြင်ခဲ့ကြရပြီး မင်းသမီးထံတွင် ကိုယ်ဝင်သုံးလ ရှိပြီနေဟု သိလိုက်ကြရပြန်သည်။
‘ဟင်’
‘သူတို့ အိမ်ထောင်ကျတာ သုံးလပဲ ရှိသေးတယ်လေ၊ နှစ်ဝက်တောင် မပြည့်သေးဘူး၊ ဒီအချိန်ကာလလေးမှာ.....’
‘သူတို့တွေက တကယ်ပဲ အဲ့ဒီလောက်အထိ ချစ်ကြတာလား’
‘ဒါပေမယ့် အခု မင်းသမီးလေးမှာ ကိုယ်ဝန်ရှိနေပြီဆိုတော့ အမွေဆက်ခံသူ မင်းသားလေးအနေနဲ့ ကိုယ်လုပ်တော် ယူဖို့ စဉ်းစားသင့်ပြီ မဟုတ်လား’
"ဟေး.... မင်းတို့က ငါ့ရဲ့ ညီအစ်ကိုအရင်းတွေဆိုရင် ငါ့ကို ဒုက္ခမပေးကြနဲ့နော်"
ကျိုးယွီလင်းက သူ၏အတွင်းစိတ်ထဲမှ ကြောက်ရွံ့မှုကို အပြင်ထုတ်ပြီး ပီပီပြင်ပြင် သရုပ်ဆောင်ပြနေသည်။
"အဲဒီအချိန်ရောက်လို့ ငါ့မင်းသမီးလေးက ငါ့ကို ပညာမပေးဘဲ မင်းတို့ကို ကြာပွတ်နဲ့ လိုက်ရိုက်ရင် ငါ မင်းတို့ဘက်ကနေ အသနားခံပေးမှာ မဟုတ်ဘူးကွ၊ နောက်ပြီး အခု မင်းသမီးက နေ့တိုင်းနေ့တိုင်း ဝေဒနာတွေ ခံစားနေရတာ၊ ဒီအချိန်မှာ ငါက ကိုယ်လုပ်တော် ယူမယ်ဆိုရင် ဒါ ယောကျ်ားကောင်းတစ်ယောက်ရဲ့ လုပ်ရပ် ဟုတ်ပါဦးမလား"
ယောကျ်ားမပီသဟု စွပ်စွဲခံလိုက်ရသူများ : “......”
‘ငါတို့က မင်းကို ညီအစ်ကိုလို သဘောထားလို့ ပြောတာလေကွာ၊ မင်းကတော့ ငါတို့ကို ပြန်ပြီး စော်ကားနေတယ်၊ နောက်ဆို မင်းနဲ့ အပေါင်းအသင်း မလုပ်တော့ဘူး’
မြို့တော်ရှိ လူအတော်များများက ဝေ့နဉ်မင်းသမီးရော ကျင်းနဉ်မင်သမီးပါ သားယောက်ျားလေး မမွေးစေရန် တိတ်တဆိတ် ဆုတောင်းနေကြပြန်သည်။ သို့သော်လည်း ဝေ့ခရိုင်တွင် ရှိနေသည့် စုန့်တင်းရှန်းက တစ်ရက်နှင့် တစ်ည ဗိုက်နာပြီးနောက် အမြွှာလေးနှစ်ယောက်ကို မွေးဖွားခဲ့သည်။ ထိုသတင်း မြို့တော်သို့ ရောက်ရှိလာချိန်တွင် ဧကရာဇ်မင်းမြတ်ပင် အလွန်ဝမ်းသာသွားပြီး စကားများလှသော သူ့အမတ်မင်းများကို ကြည့်ရသည်မှာ ယခင်ကလောက် စိတ်တိုစရာ မကောင်းဘူးဟု ထင်သွားခဲ့သည်။
ကျင်းနဉ်မင်းသမီးကတော့ ဝေ့နဉ်မင်းသမီးလောက် ကံမကောင်းခဲ့ပေ။ သူမ၏ ပထမဆုံးကိုယ်ဝန်တွင် သမီးမိန်းကလေးတစ်ဦးသာ မွေးဖွားခဲ့သည်။
မိတ်ဆွေကောင်းဟု ဆိုသူများက နောက်တစ်ကြိမ် ကြားဝင်လာကြပြီး အလေးအနက် အကြံပြုကြပြန်သည်။
"ယောကျ်ားဆိုတာ ကလေးအများကြီး ရှိသင့်တယ်၊ ကိုယ်လုပ်တော်တွေ အများကြီး မထားချင်ရင်တောင် အိမ်တော်ကို တင့်တယ်စေဖို့ သားယောက်ျားလေးတော့ ရှိသင့်တာပေါ့၊ တကယ်လို့ မင်းသမီးက သမီးတွေချည်းပဲ ဆက်မွေးနေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ၊ မင်း အဲ့ဒါကို စဉ်းစားဖူးရဲ့လား"
ကျိုးယွီလင်းက သူ့အပေါ် တံတွေးများ ပေလူးစေသည့် သူ့၏ ဖွံ့ဖွံ့ထွားထွား သမီးလေးကို ပွေ့ချီထားရင်း မျက်စောင်းထိုးကာ ပြန်ပြောလိုက်သည်။
"စိတ်မပူကြနဲ့၊ သမီးတွေချည်းပဲ ဖြစ်နေရင်တောင် မင်းတို့မိသားစုထဲကို ပို့မှာ မဟုတ်လို့ အပိုတွေ လာပြီး စိတ်ပူမနေကြနဲ့၊ သမီးတွေချည်းပဲ မွေးတော့ရော ဘာဖြစ်လဲ၊ ငါ့ရဲ့ တူလေး 'ရှန့်ရှ' ရှိနေတာပဲ၊ ဪ... 'ရှန့်ရှ' ဆိုတာက သူ့ရဲ့ နာမည်ပြောင်လေ ဟား ဟား၊ ငါ့တူမလေးကိုတော့ 'ပေါင်ယာ' လို့ ခေါ်တယ်၊ ငါ့သမီးလေးကိုတော့ 'ချောင်ယာ' လို့ ခေါ်တယ်၊ ဒီလို နာမည်ဆိုးလေးတွေ ပေးထားမှ သူတို့က ပိုကျန်းမာပြီး လှလှပပ ကြီးပြင်းလာကြမှာ"
မိတ်ဆွေကောင်းများ : "...."
ကျင်းနဉ်မင်းသမီးက သမီးလေးနှင့် ဆော့ကစားနေသော ခင်ပွန်းဖြစ်သူကို ကြည့်ရင်း မေးနေခဲ့သည်။
"လူတွေက ကျွန်မ သားမမွေးနိုင်ဘူးလို့ ပြောနေကြတယ်၊ တကယ်လို့ ကျွန်မ သမီးတွေချည်းပဲ ဆက်မွေးနေရင် ရှင် ဘယ်လိုလုပ်မလဲ"
ကျိုးယွီလင်းကတော့ သူ့သမီးလေး၏ ခြေထောက်ဖောင်းဖောင်းလေးကို အသည်းယားယား နမ်းနေပြီး ခေါင်းပင်မမော့ဘဲ ပြန်ဖြေလိုက်သည်။
"ကိုယ် ဘာလုပ်နိုင်မှာလဲ၊ ကိုယ်မှ ကလေးမမွေးပေးနိုင်တာ"
ကျင်းနဉ်မင်းသမီးက ခေါင်းအုံးအောက်ရှိ သူမ၏ ကြာပွတ်ကို စမ်းကြည့်လိုက်သော်လည်း ကြာပွတ်က မရှိတော့ပေ။ သူမ၏သမီးလေး မွေးပြီးကတည်းက ကလေးက သူမ၏ကြာပွတ်ကို ကိုက်ဖြတ်မည်အား စိုးရိမ်သောကြောင့် သိမ်းဆည်းထားခဲ့ရသည်။ ထို့နောက် သူမက သွေးတိုးစမ်းသည့်အနေဖြင့် ထပ်မေးလိုက်သည်။
"ဒါဆိုရင် ရှင့်အတွက် ကျွန်မ ဆုံးဖြတ်ပေးမယ်လေ၊ ကိုယ်လုပ်တော်တစ်ယောက် ထပ်ယူလိုက်"
“ရတယ်လေ”
ကျိုးယွီလင်းက တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းသဘောတူလိုက်သည်။
ကျင်းနဉ်မင်းသမီး : "…."
သူမ၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး စောင်အောက်မှ သူမ၏လက်သီးဆုပ်လေးများလည်း တုန်ရင်နေခဲ့သည်။
‘လောကမှာရှိတဲ့ ယောကျ်ားတွေအားလုံးက ဒီလိုပဲလား၊ အခွင့်အရေး ရတိုင်း ကိုယ်လုပ်တော်ယူဖို့ပဲ စဉ်းစားနေကြတာလား’
ကျိုးယွီလင်းက ဆက်ပြောလာပြန်သည်။
"ဒါပေမယ့် အဲဒီမိန်းကလေးက မင်းကို ပြန်ပြီး အံတုနိုင်တဲ့သူ ဖြစ်ရမယ်၊ အဲဒီလိုမှမဟုတ်ရင် ကိုယ် သူ့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ သူက မင်းထက် တော်ရုံတင်မကဘဲ ငယ်ရွယ်ရမယ်၊ လှပရမယ်၊ စကားပြောတတ်ရမယ်၊ မိန်းမပီသတဲ့ အတတ်ပညာတွေနဲ့ ချက်ပြုတ်တာလည်း ကျွမ်းကျင်ရမယ်၊ ပြီးတော့ သူ့ရဲ့ မိသားစုနောက်ခံကလည်း ကောင်းရမယ်၊ နူးညံ့သိမ်မွေ့ရမယ်၊ အကျင့်စာရိတ္တ ကောင်းရမယ်... အဓိကကတော့ ကိုယ့်ရဲ့မင်းသမီးလေးထက် ဘယ်လိုမှ နိမ့်ကျလို့ မရဘူး၊ အဲဒီလိုမှမဟုတ်ရင် ကိုယ် သူ့ကို ဘယ်လိုလုပ်ပြီး စိတ်ဝင်စားနိုင်မှာလဲ"
ကျင်းနဉ်မင်းသမီး : "..."
"ရှင်... လူဆိုးကောင်"
သူမက ခေါင်းအုံးကို ကောက်ယူပြီး သူ့ဆီသို့ ပစ်ပေါက်လိုက်သည်။
"ဟေး ဟေး၊ ကိုယ့်တို့သမီးလေးကို ထိမိမယ်နော်၊ သတိထားပါဦးကွ"
ကျိုးယွီလင်းက ခုန်ထကာ ဆူပူလိုက်သည်။
"မင်းကတော့လေ... မီးနေကာလလေးတောင် အေးအေးဆေးဆေး မနေနိုင်ဘူးလား၊ မင်းဘာသာ မြန်မြန် ပြန်ကျန်းမာအောင် လုပ်စမ်းပါ၊ ကိုယ်တို့တွေ သုံးနှစ်တစ်ခါလောက် ကလေးယူပြီး သူတို့အားလုံး မနာလိုဖြစ်လို့ သေအောင် လုပ်ကြတာပေါ့၊ ကိုယ် အခု ဘယ်လောက်အထိ ဒုက္ခရောက်နေလဲဆိုတာ မင်း မသိပါဘူး၊ ကြည့်ရုံပဲ ကြည့်နိုင်တယ်၊ ထိလို့ မရဘူး၊ တစ်ခါတလေ ထိဖို့ ကြိုးစားမိတာတောင် အမေက ကိုယ့်ကို မျက်စိဒေါက်ထောက် ကြည့်နေတာ၊ တစ်ခုခု မှားတာနဲ့ အခန်းပိတ်ပြီး ပြစ်ဒဏ်ပေးခံရသေးတယ်။ အခု ကိုယ့်ဘဝ ဘယ်လောက်ခက်ခဲနေတယ်ဆိုတာ မင်း သိလို့လား"
ပြောပြောဆိုဆိုဖြင့် သူက ရယ်မောနေသည့် သမီးလေးကို ကုတင်ပေါ်တင်လိုက်သည်။ ထို့နောက် မင်းသမီး၏ကျောနောက်ဘက်သို့ ခေါင်းအုံးလေးတစ်လုံး ခုပေးလိုက်ပြီး မီးဖွားပြီးစ ဝင်းအိနေသည့် သူမ၏ပါးလေးကို ကလေးဆန်ဆန် ဆွဲညှစ်လိုက်သည်။
"မိန်းမတွေက အတွေးလွန်တတ်တယ်လို့ ပြောကြပေမယ့် မင်းကတော့ အဲ့လိုမိန်းမတွေထဲမှာ မပါလောက်ဘူးလို့ ကိုယ် ထင်ထားခဲ့တာ၊ မင်း ဘာတွေကို ဒီလောက် တွေးပူနေတာလဲ၊ ကိုယ်သာ ကိုယ်လုပ်တော် ထပ်ယူမယ်ဆိုရင် မင်း မပြောနဲ့၊ အမေက ကိုယ့်ခြေထောက်ကို အရင်လာရိုက်ကျိုးမှာ သေချာတယ်၊ ကိုယ်က ဆက်ခံသူမင်းသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့နဲ့ အမွေဆက်ခံမယ့် သားတစ်ယောက် ရဖို့အတွက် အဲဒီလို အန္တရာယ်မျိုးကို မကြိုဆိုချင်ဘူး"
ကျင်းနဉ်မင်းသမီးတစ်ယောက် အမှန်တကယ် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားရသည်။ သူမက သူမ၏ နားထင်ကို အားရပါးရ ပွတ်သပ်ရင်း ထပ်မေးလိုက်သည်။
"အရင်က ကျွန်မတို့မိဘတွေ ဒီနှစ်ထဲမှာ ဝေ့ခရိုင်ကို သွားဖို့ စီစဉ်ထားကြတာလေ၊ ဒါပေမယ့် အခုတော့ သူတို့ မသွားနိုင်တော့ဘူး၊ အဲဒီအစား ကျွန်မတို့ရဲ့ ခဲအိုနဲ့ ယောင်းမက ဒီကို လာကြမှာလား"
သူမက ထူးခြားထက်မြက်သည့် အမျိုးသမီးဖြစ်သော စုန့်တင်းရှန်းနှင့် တွေ့ဆုံခွင့်ရရန် အချိန်အကြာကြီး မျှော်လင့်နေခဲ့သည်။ သို့သော် သူမ လက်ထပ်ပြီး တစ်နှစ်ကြာသည့်အထိ သူမတို့ဆုံခွင့် မရသေးသည်ကတော့ စိတ်မကောင်းစရာပင်။
ကျိုးယွီလင်းက သူမကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်ရင်း လှမ်းမေးလိုက်သည်။
"တကယ်တော့ ကိုယ်လည်း သံသယဖြစ်မိတယ်၊ မင်း ကိုယ်ကို လက်ထပ်ဖို့ သဘောတူခဲ့တာ မရီးနဲ့ ဆွေမျိုးတော်ချင်လို့လား၊ အမှန်အတိုင်း ပြောစမ်းပါ၊ မရီးသာ မရှိဘူးဆိုရင် မင်း ကိုယ့်ကို လက်ထပ်ဦးမှာလား"
ကျင်းနဉ်မင်းသမီးက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ရှင် ဘာတွေ လျှောက်တွေးနေတာလဲ၊ ကျွန်မ ဝေ့နဉ်မင်းသမီးနဲ့ ဆွေမျိုးတော်ချင်ရုံသက်သက်ဆိုရင် ဘာလို့ ရှင့်ကို အလောတကြီး လက်ထပ်နေမှာလဲ၊ ဝေ့ခရိုင်ကို သွားပြီး သူ့ရဲ့ မောင်လေးကိုပဲ လက်ထပ်လိုက်မှာပေါ့၊ အနည်းဆုံးတော့ နေ့တိုင်း တွေ့လို့ ရသေးတယ်”
ကျိုးယွီလင်း : 'ငါ ဒီစကားအသွားအလာကို ရင်းနှီးနေသလိုပဲ၊ ခုနက သူ ပြောခဲ့တဲ့ စကားနဲ့ ဆင်တူနေတာလား'
နောက်ဆုံးတွင် သခင်လေးကျိုးက သူ့၏မင်းသမီးကို စကားနိုင်လုမနေတော့ဘဲ သူ့၏ သမီးလေးကို ပွေ့ချီကာ ခပ်ဖွဖွ နမ်းနေပြန်သည်။ ထိုကောင်မလေးက တခိခိရယ်မောရင်း သူမ၏ခြေထောက်လေးများကို ကန်လိုက်သောကြောင့် ဖခင်ဖြစ်သူ၏ အင်္ကျီကို သေးစိုသွားစေခဲ့သည်။
ကြင်ယာတော်မင်းသမီးကြီးကလည်း သူမ၏အကြီးဆုံးသားနှင့် နှစ်သစ်ကူးပွဲတော် ဆင်နွှဲရန် ဝေ့ခရိုင်သို့ သွားမည်ဟု အမြဲတွေးနေခဲ့သည်။ စာထဲတွင်လည်း အကြိမ်ကြိမ် ထည့်ပြောခဲ့သည်။ သို့သော် သူမ ပထမတစ်ခေါက် သွားရန် လုပ်ချိန်တွင် အကြီးဆုံးချွေးမ ကလေးမွေးသည့်အချိန်နှင့် တိုက်ဆိုင်နေခဲ့သည်။ ဒုတိယတစ်ကြိမ်တွင်လည်း ကျင်းနဉ်မင်းသမီး မီးနေခန်းဝင်နေသည့်အချိန်ကြောင့် လွဲချော်သွားရပြန်သည်။
သူမက မြေးလေးများ၏ အသက်ကို တွက်ချက်ပြီး ကလေးများ နှစ်နှစ်အရွယ်ရောက်လာသောကြောင့် လှည်းစီးပြီး ခရီးသွားရန် သင့်တော်ပြီဟု တွေးလိုက်မိသည်။ ထိုအချိန်မှာပင် အကြီးဆုံးချွေးမက နောက်ထပ် ကိုယ်ဝန်ရှိလာပြန်သည်။
အကြီးဆုံးချွေးမ ဒုတိယကိုယ်ဝန်ကို မွေးဖွားပြီးနောက် ကြင်ယာတော်မင်းသမီးကြီးက မြေးလေး၏ တစ်လပြည့်ပွဲကို သွားဆင်နွှဲရန် စိတ်လှုပ်ရှားအပြည့်ဖြင့် စီစဉ်နေခဲ့သည်။ ထိုအချိန်တွင် ကျင်းနဉ်မင်းသမီး၏ ဗိုက်ထဲသို့ နောက်ထပ် ရတနာလေး တစ်ပါး ရောက်လာခဲ့ပြန်သည်။
"ငါတော့ ဒီတစ်သက် ဝေ့ခရိုင်ကို သွားလည်ဖို့ အခွင့်အရေး ရပါဦးမလား မသိဘူး"
ကြင်ယာတော်မင်းသမီးကြီးက စိတ်ပျက်လက်ပျက် သက်ပြင်းချနေခဲ့သည်။
အစေခံမလေး လျိုချွေ့က မျက်တောင်လေးခတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။
"သခင်ငယ်လေးတွေ အရွယ်ရောက်လာရင် အကြီးဆုံးသခင်လေးနဲ့ သခင်မလေးတို့ မြို့တော်ကို လာကြမှာပဲလေ၊ အရှင်မင်းသမီးက ဘာလို့ ဝေ့ခရိုင်ကို သွားချင်နေရတာလဲ"
ကြင်ယာတော်မင်းသမီးကြီးက ခြံဝင်းထဲတွင် မြေးမလေးနှင့် ဆော့ကစားနေသည့် ခင်ပွန်းနှင့် သားဖြစ်သူကို ကြည့်ရင်း ညည်းတွားလိုက်ပြန်သည်။
"ကြည့်စမ်းပါဦး၊ နောက်လ အနည်းငယ်ကြာရင် ကျင်းနဉ်က နောက်တစ်ယောက် မွေးတော့မယ်၊ အဲဒီအချိန်ကျရင် ကလေးက တစ်နှစ်တောင် မပြည့်သေးတော့ လှည်းနဲ့ ခရီးဝေး သွားလို့ရမှာ မဟုတ်ဘူး"
“ကလေးတွေ အသက်နှစ်နှစ်ပြည့်တဲ့အခါ တင်းရှန်းက ကိုယ်ဝန်ပြန်ရနိုင်တယ်၊ တင်းရှန် ကလေးမွေးပြီးရင် ကျင်းနဥ်က ကိုယ်ဝန်ပြန်ရနိုင်တယ်၊ ကျင်းနဉ် ကလေးမွေးပြီးရင် တင်းရှန် ကိုယ်ဝန်ပြန်ရလိမ့်မယ်... အဲဒီလိုနဲ့ ဒီသံသရာက လည်နေတော့တာပဲ၊ ငါ့တုန်းကကျတော့ ဘာလို့ ကလေးရဖို့ ဒီလောက်ခဲယဉ်းခဲ့ရတာလဲ၊ ကလေးတစ်ယောက်ရဖို့ နှစ်အကြာကြီး စောင့်ခဲ့ရတာ၊ သူတို့ကျမှ ဘာလို့ ဒီလောက် မြန်မြန်ဆန်ဆန် ကလေးရနေကြတာလဲ၊ ဟူး....."
လျိုချွေ့ကတော့ ဘာပြောရမှန်းမသိဘဲ ပြုံးနေရုံသာ တတ်နိုင်တော့သည်။
တော်ဝင်မိသားစုဝင်များထဲတွင် ကြင်ယာတော်မင်းသမီးကြီး၏ချွေးမနှစ်ယောက်က ကလေးမွေးဖွားခြင်းအတတ်ပညာကို အကျွမ်းကျင်ဆုံးဆိုသည့်အချက်က ငြင်းလို့မရသည့် အမှန်တရား ဖြစ်နေခဲ့သည်။
စုန့်တင်းရှန်းက သားနှစ်ယောက်၊ သမီးနှစ်ယောက်၊ စုစုပေါင်း ကလေးလေးယောက် မွေးဖွားခဲ့ပြီး နောက်ထပ် ထပ်မမွေးတော့ဘူးဟု ဆုံးဖြတ်ခဲ့သည်။ နောက်ဆုံးတွင် သူတို့၏စတုတ္ထမြောက် သမီးငယ်လေး အသက်နှစ်နှစ်ပြည့်သည့်အခါမှသာ အဘိုးအဘွားများနှင့် တွေ့ဆုံပေးဖို့ ကလေးများကို ခေါ်လာနိုင်ခဲ့သည်။
သို့သော် မင်းသားကြီးအိမ်တော်တွင် နှစ်လကျော်နေပြီးတဲ့နောက် ကိုယ်ဝန်တားဆေးရည် သောက်ရာတွင် အဆင်မပြေမှုကြောင့် သူမ နောက်ထပ် ကိုယ်ဝန်ရှိလာပြန်သည်။
ယခုအချိန်တွင် သူမ အိမ်ပြန်ချင်လျှင်ပင် ပြန်ရန် မဖြစ်နိုင်တော့ပေ။ ကိုယ်ဝန်အရင့်အမာဖြစ်နေသည့် ကျင်းနဉ်မင်းသမီးနှင့် စုန့်တင်းရှန်းတို့ နှစ်ယောက်က ဥယျာဉ်ထဲတွင် နေပူစာလှုံရင်း ယောကျ်ားသုံးယောက်နှင့် ကလေးတစ်အုပ် ဆော့ကစား ရယ်မောနေကြသည်ကို လှမ်းကြည့်နေကြသည်။
"ကျွန်မတော့ ကျွန်မကိုယ်ကျွန်မ ဝက်တွေထက်တောင် ပိုမွေးနိုင်တယ်လို့ ခံစားနေရပြီ၊ အခု ကျွန်မ အသက် သုံးဆယ်တောင် ရှိနေပြီ"
စုန့်တင်းရှန်းက ယပ်တောင်လေး ခတ်ရင်း သက်ပြင်းချလိုက်သည်။
ယခု သူမ အသက် သုံးဆယ်ရှိနေပြီဆိုသော်လည်း သူမ၏ပါးပြင်များက ဝင်းအိကာ တင်းရင်းနေဆဲဖြစ်သောကြောင့် အသက်နှစ်ဆယ်ကျော် မိန်းမပျိုလေးကဲ့သို့ လှပနုပျိုနေဆဲ ဖြစ်သည်။
ကျင်းနဥ်ကလည်း သက်ပြင်းချရင်း ပြောလာပြန်သည်။
"အမှန်အတိုင်းပြောရရင် တချို့မိန်းမတွေ ဘာလို့ သူတို့ယောကျ်ားအတွက် ကိုယ်လုပ်တော် ရှာပေးကြလဲဆိုတာ ကျွန်မ အခုမှပဲ နားလည်တော့တယ်၊ နေ့တိုင်း... တစ်ခါတလေ အရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်၊ သူ ကျွန်မကို အရမ်းစိတ်အနှောင့်အယှက်ပေးလွန်းလို့ တခြားကိုပဲ ပို့လိုက်ချင်တော့တယ်၊ ဒါပေမယ့် သူ တခြားမိန်းမတွေနဲ့ ကလေးယူမယ် ဆိုတဲ့အတွေးက ကျွန်မကို ဒေါသထွက်စေတယ်"
"ကျွန်မတို့ သူတို့ကို အလုပ်တစ်ခုခု ပေးထားသင့်တယ်"
စုန့်တင်းရှန်းက သူမ၏ပြည့်ဖြိုးသည့် မေးစေ့လေးကို ပွတ်ရင်း ခွန်အားကောင်းလွန်းသည့် ခင်ပွန်းဖြစ်သူကို ပေးရမည့်အလုပ်အား စဉ်းစားနေခဲ့သည်။
"ကျွန်မကတော့ သူ့ကို သိုင်းကျင့်ခိုင်းတယ်၊ ပင်ပန်းသွားရင် သူ ငြိမ်သွားရောလေ၊ ဒါပေမယ့် သိလား၊ အရင်က သူ ကျွန်မကို လုံးဝ မယှဉ်နိုင်ဘူး၊ အခုကျတော့ သူက ကျွန်မနဲ့ လက်ရည်တူ ဖြစ်နေပြီ၊ ကျွန်မရဲ့ လက်ရည်တွေ ကျသွားတာလား မသိဘူး..."
ကျင်းနဉ်မင်းသမီးက သူမ၏တောင့်တင်းသော ကြွက်သားများကို စမ်းကြည့်ရင်း ပြောလိုက်ပြန်သည်။
"မဖြစ်တော့ မဖြစ်နိုင်ဘူး"
"ဒါဆိုရင် မင်းသမီး ကလေးမွေးပြီးတဲ့အချိန် ကျွန်မကိုည်း သိုင်းပညာ သင်ပေးပါလား၊ ကျွန်မတို့ နှစ်ယောက်လုံး သူတို့ကို ပင်ပန်းအောင် လုပ်ထားရင် သူတို့တွေ လိုက်ပြီး ရှုပ်ရဲတော့မှာ မဟုတ်ဘူး"
"ဟေး... ဒါက အရမ်းကောင်းတဲ့ အကြံပဲ၊ ဒါပေမယ့် ကလေး အရင် မွေးရဦးမယ်၊ ဟုတ်တယ်မလား"
"မင်းသမီး ကလေးမွေးပြီးရင် ကျွန်မနဲ့အတူ ဝေ့ခရိုင်ကို လိုက်ခဲ့ပါလား၊ မတ်လေးရဲ့ အလုပ်က ဒီမှာ ရှိတာလေ၊ သူ လိုက်မလာနိုင်လောက်ဘူး၊ အဲဒီအခါကျရင် ကျွန်မ ကျူးဇီကောကို စစ်စခန်း ပို့လိုက်မယ်၊ ကျွန်မတို့ နှစ်ယောက်လည်း အနားယူလို့ ရတာပေါ့"
"တကယ့်ကို ကောင်းတဲ့ အကြံပဲ၊ ကျွန်မတို့ တောင်ပေါ်ကို အမဲလိုက်ထွက်ကြမယ်၊ ကျွန်မ ကြွားတာမဟုတ်ဘူးနော်၊ ကျွန်မက အမဲလိုက်တဲ့နေရာမှာ တကယ့်ကို ကျွမ်းကျင်တာ"
"ဒါဆို ကတိပဲနော်"
ကြင်ယာတော်မင်းသမီးကြီးရှစ် : "မဟုတ်သေးပါဘူး... ချွေးမတို့ရယ်၊ ဒီမင်းသမီးကို မရှိတော့ဘူးလို့ သဘောထားနေကြတာလား"
အခန်း ၉၈ အပိုဆောင်းဇာတ်လမ်း (၃)
စုန့်ယွိလန်က သူမရှေ့တွင် ဒူးထောက်နေသော နွမ်းပါးချို့တဲ့ပုံရသည့် အမျိုးသားကို ကြည့်နေသော်လည်း သူမ၏မျက်ဝန်းများတွင် နွေးထွေးမှု အလျဉ်းမရှိဘဲ လှောင်ပြောင်သရော်သည့် အရိပ်အယောင်များသာ ရှိနေခဲ့သည်။
"ယွိလန်... ငါ တကယ်မှားသွားမှန်း သိပါပြီ၊ တာ့ပေါင်အတွက်ပဲဖြစ်ဖြစ် ငါ့ကို ခွင့်လွှတ်ပေးပါ၊ အခုကစပြီး ငါတို့တွေ ကောင်းကောင်းမွန်မွန်နဲ့ အတူတူ နေကြမယ်လေ၊ တာ့ပေါင်က သူ့အဖေမရှိဘဲ ကြီးပြင်းလာလို့ မရဘူးလေ၊ ဟုတ်တယ်မလား"
ရှတာ့ရှန်းက ပိုင်ဝေ့ကျိုက်၏ အဝင်ဝတွင် ဒူးထောက်နေပြီး ရှိုက်ကြီးတငင် ငိုကြွေးတောင်းပန်နေသည်။
စုန့်ယွိလန်က သူမ၏ ဝန်ထမ်းများကို ညွှန်ကြားလိုက်သည်။
"သူ့ကို ဆွဲထုတ်သွားကြစမ်း၊ ငါတို့ရဲ့ စီးပွားရေးကို လာပြီး မနှောင့်ယှက်စေနဲ့"
သူမ၏ဆိုင်မှ အလုပ်သမားနှစ်ဦးက ခေါင်းညိတ်ပြလိုက်ပြီး ရှတာ့ရှန်းကို ဆွဲထုတ်ရန် ကြိုးစားလိုက်ကြသည်။ ရှတာ့ရှန်းက အတင်းရုန်းကန်ရင်း အော်ဟစ်နေပြန်သည်။
"ယွိလန်... ယွိလန်.... လင်မယားအဖြစ် တစ်ရက်နေခဲ့ရင်တောင် ကြင်နာမှုတစ်ရာနဲ့ ထိုက်တန်တယ်လေ၊ တာ့ပေါင်က အဖေ မရှိလို့ မဖြစ်ဘူး၊ သူ့အတွက် အဖေလိုအပ်တယ်"
"ဘာတွေ ဖြစ်နေတာလဲ"
ဘေးပတ်ဝန်းကျင်မှ လူများက စုရုံးရောက်ရှိလာပြီး ရှတာရှန်းနှင့် စုန့်ယွိလန်ကို လက်ညှိုးထိုးကာ တိုးတိုးတိုးတိုး ပြောဆိုနေကြသည်။
စုန့်ယွိလန်က ထိုအတင်းအဖျင်း စကားများကို ဂရုမစိုက်သည့်အလား ခေါင်းငုံ့ထားပြီး ကောင်တာပေါ်ရှိ ပေသီးခုံဖြင့် စာရင်းတွက်ရင်း သူမ၏အလုပ်ကိုသာ အာရုံစိုက်နေခဲ့သည်။
"ရှတာရှန်း... မင်းက ဘယ်လိုသတ္တိနဲ့ ဒီနေရာကိုလာပြီး ပြဿနာရှာနေရတာလဲ၊ အခုချက်ချင်း ထွက်သွားစမ်း"
စုန့်ဟူထောင်တစ်ယောက် အပြေးအလွှား ရောက်လာပြီး ရှတာရှန်း မြေကြီးပေါ် လဲကျသွားသည်အထိ ကန်ထုတ်လိုက်သည်။ ထို့နောက် သူက သူ့အင်္ကျီလက်ကို လိပ်တင်ပြီး ထပ်မံထိုးနှက်ရန် ပြင်ဆင်လိုက်သည်။
"ခင်ဗျားက တာ့ပေါင်အကြောင်း ပြောရဲသေးတယ်ပေါ့၊ ကျုပ် ပြောလိုက်မယ်၊ တာ့ပေါင်ရဲ့ မျိုးရိုးက 'စုန့်' ဖြစ်သွားပြီ၊ ခင်ဗျားတို့ ရှမိသားစုနဲ့ ဘာမှမဆိုင်တော့ဘူး"
"ယွိလန်... ငါ တကယ်မှားမှန်း သိနေပါပြီ၊ ငါ့အမှားတွေကို ငါ သိပါပြီ"
ရှတာရှန်းက မြေကြီးပေါ်တွင် တွားသွားရင်း အရိုက်အနှက်ခံကာ အဆက်မပြတ် အော်ဟစ်တောင်းပန်နေသည်။
"အရင်က ဖြစ်ခဲ့တာတွေ အားလုံးက ငါ့အမေ လုပ်ခဲ့တာတွေပါ၊ ငါနဲ့ ဘာမှမဆိုင်ဘူး၊ ယွိလန်... မင်းက တာ့ပေါင်ကို အဖေမရှိဘဲ ကြီးပြင်းခိုင်းဖို့အထိ နှလုံးသား မရှိတဲ့သူ မဟုတ်ပါဘူး"
"ရှတာရှန်း၊ မင်းတို့မိသားစု လုပ်ခဲ့တဲ့ အောက်တန်းကျတဲ့ ကိစ္စတွေကို ဒီခရိုင်ထဲကလူတွေ ဘယ်သူမှ မသိဘူးလို့ မင်း ထင်နေတာလား"
ဝဝဖိုင့်ဖိုင့် အဒေါ်ကြီးတစ်ဦးက လူအုပ်ထဲမှ ထွက်လာပြီး အကျယ်ကြီး အော်ပြောလိုက်သည်။
"အိုက်ယား... ငါ အကုန်သိတယ်နော်၊ မင်း အရင်ကလည်း မြို့ထဲမှာ ပြဿနာတွေ အကြီးအကျယ် ရှာခဲ့လို့ နှင်ထုတ်ခံခဲ့ရတာ မဟုတ်ဘူးလား၊ အခုကျတော့ ဒီခရိုင်ထဲအထိ လာပြီး ပြဿနာရှာနေပြန်ပြီ၊ မင်းကို ဘယ်သူမှ မမှတ်မိဘူးလို့ ထင်နေတာလား"
"အဒေါ်ချင်း... ဘာတွေဖြစ်ခဲ့တာလဲ၊ ပြောပြပါဦး"
စပ်စုချင်သော ဘေးလူများက ဝိုင်းမေးလိုက်ကြသည်။
အဒေါ်ကြီးက အသံကို ပိုမြှင့်ပြီး ကျယ်ကျယ်လောင်လောင် ပြောပြနေသည်။
"ငါ ပြောပြမယ်၊ ဒီ ရှမိသားစုအကြောင်း... ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ခေါင်းဖြတ်သတ်တာ ခံလိုက်ရတဲ့ ရှချမ်းရဲ့ မိသားစုလေ၊ တစ်မိသားစုလုံးက အရှုပ်ထုပ်တွေ။ ရှချမ်းက ဝေနဉ်မင်းသမီးနဲ့ စေ့စပ်ထားတုန်း တခြားမိန်းမနဲ့ ဖောက်ပြန်ခဲ့လို့ စေ့စပ်ပွဲ ပျက်ခဲ့ရတာ"
"ရလဒ်က ဘာတွေဖြစ်လာလဲ၊ အဲဒီတုန်းက ဝေ့နဉ်မင်းသမီးကို အနိုင်ကျင့်ခဲ့တဲ့ မိန်းမက အခု သီလရှင်ကျောင်း ပို့ခံလိုက်ရပြီ၊ အရာရှိဖြစ်နေတဲ့ ရှချမ်းကတော့ ခေါင်းပြတ်သွားရတယ်၊ တစ်မိသားစုလုံးလည်း တစ်သက်လုံး တော်ဝင်စာမေးပွဲ ဖြေဆိုခွင့် မရှိတော့ဘူး၊ ပြီးတော့ ဒီရှတာရှန်းဆိုတာကလည်း ပိုတောင်ဆိုးသေးတယ်၊ ရှချမ်းကို ကပ်ဖားဖို့အတွက် သူ့မိန်းမဆီက ပိုက်ဆံတွေကို အမြဲတမ်း နှိုက်ယူနေခဲ့တာ၊ ဟုတ်တာပေါ့... သူ့ရဲ့ ဇနီးဟောင်းက အခု ဒီပိုင်ဝေ့ကျိုက်ရဲ့ တာဝန်ခံ၊ ဝေ့နဉ်မင်းသမီးလေးရဲ့ အစ်မဖြစ်တဲ့ စုန့်ယွိလန်လေ"
"အဲဒီတုန်းက ဝေ့နဉ်မင်းသမီးက မင်းသမီး မဖြစ်သေးဘူး၊ ဒီရှမိသားစုကတော့ သူတို့မိသားစုမှာ အရာရှိတစ်ယောက် ရှိတယ်ဆိုပြီး လူတွေကို ဖိနှိပ်ခဲ့ကြတာ၊ ဇနီးဖြစ်သူက ပိုက်ဆံမပေးနိုင်လို့ အမြဲတမ်း နှိပ်စက်ခံခဲ့ရတယ်၊ အဲဒီနှိပ်စက်မှုတွေကြောင့်ပဲ ကိုယ်ဝန်တောင် ပျက်ကျခဲ့ရသေးတယ်"
"အို... ဘုရားရေ၊ နောက်ထပ် ဘာတွေဖြစ်ခဲ့သေးလဲ၊ ကလေးကရော ဘာလို့ စုန့်မျိုးရိုး ဖြစ်သွားရတာလဲ"
"ပြီးတော့ ဘာဖြစ်လဲ ဟုတ်လား... အေးစက်လှတဲ့ ဆောင်းတွင်းကြီးမှာ သူတို့က လေးငါးနှစ်အရွယ် ကလေးကို ထမင်းလည်း မကျွေးဘူး၊ ရေလည်း မတိုက်ဘူး၊ အဝတ်စုတ်တွေ ဝတ်ပေးပြီး အိမ်အပြင်ကို ကန်ထုတ်ခဲ့ကြတာလေ၊ ကလေးက သူ့အမေဆီ သွားချင်လွန်းလို့ လမ်းလျှောက်သွားရင်း အအေးဒဏ်ကြောင့် ဝေ့နဉ်မင်းသမီးရဲ့ အိမ်ရှေ့ရောက်တာနဲ့ မေ့လဲသွားခဲ့တာ၊ ဘယ်လိုလူတွေက ဒီလိုမျိုး လုပ်ရက်ကြတာလဲ၊ တကယ်လို့ ကလေးကို နောက်ကျမှ ရှာတွေ့ခဲ့ရင် အသက်ပါ ဆုံးရှုံးသွားမှာ"
စုန့်ယွိလန်က သက်ပြင်းချလိုက်ပြီး သူမဘေးနားရှိ စားပွဲထိုးကို စကားအနည်းငယ် လှမ်းပြောလိုက်သည်။ စားပွဲထိုးက ခေါင်းညိတ်ပြီး မီးဖိုချောင်ဘက်သို့ လျှောက်သွားသည်။
"ဝေ့နဉ်မင်းသမီးရဲ့ မိသားစုဝင်တွေက စိတ်ထားကောင်းကြတယ်လေ၊ သူတို့က ကလေးလေး သေသွားမှာ စိုးရိမ်ပြီး ပိုက်ဆံတွေ အများကြီးနဲ့ ကလေးကို ပြန်ဝယ်ခဲ့ကြတာ၊ အဲဒီအချိန်ကစပြီး ကလေးက ‘ရှ’ မျိုးရိုး မဟုတ်တော့ဘဲ 'စုန့်' လို့ ပြောင်းလိုက်တာပေါ့"
"ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး၊ ဒီရှတာရှန်းက ကွာရှင်းပြီး မကြာခင် တခြားမိန်းမတစ်ယောက်နဲ့ ထပ်လက်ထပ်ခဲ့တယ်၊ သမီးနှစ်ယောက် ရခဲ့ပေမယ့် ကံဆိုးတာက သူက အဲဒီဇနီးအသစ်ကိုလည်း အတော်နှိပ်စက်ခဲ့တာပဲ၊ ဇနီးသစ်လည်း နှိပ်စက်ခံရလို့ ကိုယ်ဝန်မရနိုင်တော့တဲ့ ဖြစ်ခဲ့ရတယ်၊ အဲ့အချိန်ကျမှ သူက သူ့မှာ သားတစ်ယောက်ရှိတာကို သတိရလာတာလေ၊ ဖြစ်နိုင်တာကတော့ တာဝန်ခံစုန့်က အခု ဂုဏ်သရေရှိတဲ့ အနေအထားမှာ ရှိနေတာကို မြင်သွားလို့လည်း ဖြစ်နိုင်တယ်၊ မြို့မှာထဲက လိုက်နှောက်ယှက်နေတာ၊ အခု ခရိုင်မြို့အထိပါ တကောက်ကောက် လိုက်လာပြန်ပြီ"
ထိုအခိုက်အတန့်တွင် ညစ်ပတ်နေသည့် ရေတစ်ဇလုံက ရှတာရှန်းပေါ်သို့ ဖျန်းခနဲ ကျဆင်းလာပြီး မိန်းခလေးတစ်ဦးက သူ့ကို အော်ဟစ်မာန်မဲလိုက်သည်။
"ညစ်ပတ်တဲ့အကောင် ထွက်သွားစမ်း၊ ငါတို့ ဆိုင်ရှေ့ကို ညစ်ပတ်အောင် လာမလုပ်နဲ့၊ အခုကျမှ လင်မယားသံယောဇဉ်ကို လာသတိရနေတယ်၊ အရင်က နင် လုပ်ခဲ့တာတွေကိုကျတော့ မစဉ်းစားမိဘူးလား၊ သွားစမ်း... သွား... အခုချက်ချင်း ထွက်သွားစမ်း"
ရှတာရှန်းက ရုတ်တရက် တိုက်ခိုက်ခံရမှုကြောင့် ပြာပြာသလဲ ဖြစ်သွားပြီး အော်ဟစ်ထွက်ပြေးသွားတော့သည်။
"ယွိလန်.... မင်း ငါ့ကို ခွင့်မလွှတ်မချင်း ငါ ပြန်လာဦးမှာ"
ရှတာရှန်းကို နှင်ထုတ်ပြီးနောက် စားပွဲထိုးလေးတစ်ယောက်က ရေနွေးအိုးကြီးတစ်လုံးကို ကိုင်ကာ လူအုပ်ထဲသို့ လျှောက်လာပြီး အပြုံးဖြင့် ဖိတ်ခေါ်လိုက်သည်။
"ဦးလေးတို့... အဒေါ်တို့... ညီအစ်တွေ မောင်နှမတွေ အားလုံး ရေငတ်နေကြပြီ ထင်တယ်၊ ပိုင်ဝေကျိုက်ထဲကို ဝင်ပြီး ခဏထိုင်ကြပါဦး၊ အမောပြေ ရေနွေးကြမ်း သောက်လို့ရပါတယ်ခင်ဗျ"
ထို့နောက် သူက လူအုပ်ကို ဆိုင်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ယခုန ကောင်တာတွင် စာရင်းတွက်နေသည့် စုန့်ယွိလန်ကတော့ အစောကြီးကတည်းက ထွက်သွားခဲ့ပြီး ဖြစ်သည်။
မုတ်ဆိတ်ဗရပွနှင့် အရပ်ရှည်ရှည် အမျိုးသားတစ်ဦးက အနီးနားတွင် ရပ်နေပြီး ထိုရုတ်ရုတ်သဲသဲ ဖြစ်ရပ်ကို အကဲခတ်နေသည်။ သူက ရှတာရှန်း ထွက်ပြေးသွားသည်ကို ကြည့်နေပြီးမှ ပိုင်ဝေ့ကျိုက်၏ ကောင်တာဘက်သို့ တစ်ချက်ဝေ့ကြည့်ပြီး ထွက်ခွာသွားခဲ့သည်။
ညဦးပိုင်း ရောက်လာချိန်တွင် ထိုမုတ်ဆိတ်နှင့်လူ ပြန်ရောက်လာပြီး မေးမြန်းလိုက်သည်။
"စားပွဲထိုး၊ ခေါက်ဆွဲ ရှိသေးလား"
"အိုး... ဧည့်သည်တော်ကြီး၊ ကျွန်တော်တို့ ဆိုင်ပိတ်တော့မှာမို့လို့..."
စားပွဲထိုးက ဝေခွဲမရဟန်ဖြင့် ပြန်ဖြေလိုက်သည်။
ထိုမုတ်ဆိတ်နှင့်လူက ကောင်တာဘက်သို့ နောက်တစ်ကြိမ် ကြည့်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ရုတ်တရက် ပြောလိုက်သည်။
"အဲဒီလူ နောက်ထပ် ပြန်လာတော့မှာ မဟုတ်ဘူး"
စုန့်ယွိလန်က အံ့အားသင့်ဟန်ဖြင့် သူ့ကို မော့ကြည့်လိုက်သော်လည်း သူမျက်နှာက ရုတ်တရက် မျက်နှာနီရဲသွားကာ သူ ချက်ချင်း လှည့်ထွက်သွားသည်။
"ရှင် ခေါက်ဆွဲစားချင်လို့လား"
စုန့်ယွိလန်က လှမ်းမေးလိုက်သည်။
မုတ်ဆိတ်နှင့်လူက ခြေလှမ်းရပ်လိုက်ပြီး "အင်း" ဟု အသံပြန်ပြုလာခဲ့သည်။
စုန့်ယွိလန်က စာရင်းစာအုပ်ကို ပိတ်လိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။
"ကျွန်မ ဧည့်သည်အတွက် ခေါက်ဆွဲ သွားချက်ပေးပါ့မယ်"
စားပွဲထိုးကလည်း ထိုင်ခုံတစ်ခုကို အမြန် ပြန်ဆွဲထုတ်ပေးပြီး စားပွဲ သုတ်ပေးလိုက်သည်။
"ဒီမှာ ထိုင်ပါဦး ခင်ဗျာ၊ အရင်ဆုံး ရေနွေးကြမ်း ငှဲ့ပေးပါရစေ"
မီးဖိုချောင်ထဲတွင် စုန့်ယွိလန်က အသားတုံးကလေးများပါသော ခရမ်းသီးခေါက်ဆွဲကို ချက်ပြုတ်လိုက်သည်။ သူမက ခေါက်ဆွဲပန်းကန်ကို ယူလာပေးပြီး တောင်းပန်လိုက်သည်။
"စားဖိုမှူးတွေ ပြန်ကုန်ကြပြီဆိုတော့ ကျွန်မ ရိုးရှင်းတဲ့ခေါက်ဆွဲပဲ ချက်ပေးနိုင်တယ်၊ သုံးဆောင်ပါဦး"
မုတ်ဆိတ်နှင့်လူက ခေါက်ဆွဲပန်းကန်ကြီးကို ကြည့်ရင်း ပြန်မေးလိုက်သည်။
"ဘယ်လောက်လဲ"
"ကြေးပြားငါးပြား"
စုန့်ယွိလန်က ပြန်ဖြေလိုက်သည်။
သူက သူ့အိတ်ထဲမှ ကြေးပြားငါးပြားကို ထုတ်ကာ စားပွဲပေါ်သို့ တစ်ပြားချင်းစီ တင်ပေးနေသည်။ စုန့်ယွိလန်က ထိုငွေကို တိတ်တဆိတ် သိမ်းလိုက်ပြီး သူမ၏ စာရင်းတွက်သည့် အလုပ်ကို ပြန်လုပ်နေခဲ့သည်။
ထိုနေ့မှစ၍ ညတိုင်း ဆိုင်မပိတ်မီတွင် ထိုမုတ်ဆိတ်နှင့်လူက ခေါက်ဆွဲတစ်ပန်းကန် လာစားလေ့ရှိသည်။ သူက မည်သည့်အသားဖြင့် ဖြစ်စေ ကြေးပြားငါးပြားတန် ခေါက်ဆွဲတစ်ပန်းကန် အမြဲစားလေ့ရှိပြီး တစ်ခါတစ်ရံတွင် ကြက်ဥပြုတ်တစ်လုံး အပိုလက်ဆောင် ပါတတ်သေးသည်။
"အစ်မ... ကျွန်မ ကြားတာကတော့..."
ညဘက် ဘာအလုပ်မှ မရှိသည့်အချိန်တွင် စုန့်တင်းရှန်းက စုန့်ယွိလန်၏ အိမ်ဝင်းထဲသို့ အထူးတလည် ရောက်လာခဲ့သည်။ သို့သော် သူမ စကားမဆုံးမီမှာပင် အစ်မဖြစ်သူက ဖြတ်ပြောလိုက်သည်။
"အင်း... ဟုတ်တယ်၊ အဲဒါ အမှန်ပဲလေ"
စုန့်တင်းရှန်းက ရယ်မောပြီး ပြန်မေးလိုက်သည်။
"ဘာလဲ၊ ကျွန်မ ဘာမှမပြောရသေးဘူး၊ အစ်မက ဘာကို မှန်တယ်လို့ ပြောနေတာလဲ၊ ဘာက မှန်တာလဲ"
စုန့်ယွိလန်က သူမကို တစ်ချက်ကြည့်ပြီးမှ ထပ်ပြောလိုက်သည်။
"ညတိုင်း ငါ ချက်တဲ့ ငါးပြားတန်ခေါက်ဆွဲကို လာစားတဲ့ လူတစ်ယောက် ရှိနေတာက အမှန်ပဲ"
စုန့်တင်းရှန်း : "..."
သူမက စုန့်ယွိလန်၏ လက်ထဲမှ စာရင်းစာအုပ်ကို ဆွဲယူလိုက်ပြီး ထပ်ပြောနေပြန်သည်။
"အစ်မ.... ကျွန်မ အဲဒီမုတ်ဆိတ်နဲ့လူက ဘယ်သူဆိုတာ သိတယ်၊ သူက ကျူးဇီကောရဲ့ လက်အောက်က သက်တော်စောင့်တစ်ယောက်နော်၊ သူက စစ်မြေပြင်မှာလည်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ဖူးတဲ့သူ၊ သူ့လက်မှာ ဒဏ်ရာရထားလို့သာ ကျူးဇီကောနောက်ကို လိုက်လာပြီး စစ်သူကြီးအိမ်တော်မျာ သက်တော်စောင့်ခေါင်းဆောင် လုပ်နေတာ၊ သူက တကယ့်ကို လူကောင်းတစ်ယောက်ပါ၊ ကျူးဇီကောပြောတာတော့ သူက ကျူးဇီကော့ရဲ့ အသက်ကိုတောင် ကယ်ခဲ့ဖူးတယ်တဲ့"
စုန့်ယွိလန်က ဘာမှမထူးခြားသလိုပဲ အေးအေးဆေးဆေး “အင်း” လိုက်နေသည်။
"အိုက်ယား... အစ်မ"
စုန့်တင်းရှန်းက အနည်းငယ် စိတ်မရှည်သလို ဖြစ်လာပြီး သူမ၏ ဖိနပ်ကို ကန်ချွတ်ကာ ခန်ပေါ်သို့ တက်ထိုင်လိုက်သည်။ ထို့နောက် စုန့်ယွိလန်၏အနားသို့ တိုးကပ်သွားပြီး စပ်စုနေပြန်သည်။
"ဘာ 'အင်း' တာလဲ၊ တစ်ခုခုတော့ ရှိနေပြီ မဟုတ်လား"
စာရင်းစာအုပ်ကို ဆက်ကြည့်လို့မရတော့မှန်း သိသွားသည့် စုန့်ယွိလန်က အပ်ချုပ်ခြင်းတောင်းကို လှမ်းယူရင်း ပြန်ပြောလိုက်သည်။
"ဘာရှိရမှာလဲ၊ နင် ပြဇာတ်ကြည့်ချင်ရင် ယွီထိုင်ခြံဝင်းကို သွားကြည့်လေ၊ ငါ့ဆီကို ဘာလာလုပ်တာလဲ၊ ငါက နင့်အတွက် သီချင်းဆိုပြရမှာလား"
"အစ်မ... ကျွန်မ ဘာကို ဆိုလိုတာလဲဆိုတာ အစ်မ အသိဆုံးပါ၊ ကျွန်မ ပြောပြမယ်၊ အဲဒီ 'လီ' မျိုးရိုးနဲ့ မုတ်ဆိတ်နဲ့လူကြီးကလေ၊ သူ့မှာ မိသားစုဝင်တွေလည်း မရှိတော့ဘူး၊ အသက်သုံးဆယ်ကျော်တဲ့အထိ အိမ်ထောင်လည်း မရှိသေးဘူး၊ သူ့မိသားစုက အရင်က အရမ်းဆင်းရဲခဲ့တာတဲ့၊ သူက မြောက်ပိုင်းဒေသမှာ ဆယ်နှစ်ကျော်အောင် စစ်မှုထမ်းပြီးမှ ပြန်လာခဲ့တာ၊ ကျွန်မကြည့်ရတာ အဲဒီလူက မဆိုးဘူးနော်၊ သူက ရှတာရှန်းကိုတောင် ရိုက်လွှတ်လိုက်သေးတယ်၊ အဲ့ရှတာ့ရှန်း ခြေထောက်တောင် ကျိုးသွားတယ်လို့ ပြောကြတယ်၊ အခုတော့ ရှတာရှန်းလည်း ပြန်လာရဲတော့မှာ မဟုတ်ဘူး"
စုန့်ယွိလန်က ခပ်ဖွဖွ သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။
"ဒါကြောင့်ပဲ ငါက သူ့ကို ငါးပြားတန် ခေါက်ဆွဲ ရောင်းပေးနေတာလို့ နင် မတွေးမိဘူးလား"
စုန့်တင်းရှန်းက အစ်မဖြစ်သူ၏ အတွေးကို နားမလည်နိုင်တော့ဘဲ ပြန်မေးလိုက်သည်။
"ဒါပေမယ့် သူက အစ်မကို ကူညီထားတာလေ၊ ဘာလို့ ပိုက်ဆံယူနေသေးတာလဲ၊ အလကား ကျွေးလိုက်ပါတော့လား"
စုန့်ယွိလန်က မျက်စောင်းထိုးပြီး သူမကို နှင်ထုတ်လိုက်တော့သည်။
“သွားစမ်းပါ၊ နင် ဘာမှမသိပါဘူး၊ ငါ့ကို လာပြီး အဓိပ္ပာယ်မရှိတာတွေနဲ့ အနှောင့်အယှက် မပေးနဲ့တော့၊ နင့်ဗိုက်ထဲက ကလေးကိုပဲ ဂရုစိုက်စမ်းပါ"
"အစ်မ... ဘာတွေ တွေးနေတာလဲ၊ တကယ်ပဲ တစ်သက်လုံး တစ်ယောက်တည်း နေဖို့ စိတ်ကူးထားတာလား၊ အစ်မ အိမ်ထောင်ပြုရင်တောင် ပိုင်ဝေ့ကျိုက်ရဲ့ သူဌေးက အစ်မပဲ ဖြစ်နေဦးမှာ၊ ကျွန်မ အစ်မကို အလုပ်မထုတ်ပါဘူး"
စုန့်တင်းရှန်းက အမှန်တကယ် နားမလည်နိုင်ဖြစ်နေခြင်းပင်။
စုန့်ယွိလန်က ရှင်းပြသည်။
"အရင်က နင် အလုပ်ရုံရဲ့ အမြတ်ဝေစုကို ပေးပြီး ကူညီခိုင်းတုန်းက ငါ ဘာလို့ ငြင်းခဲ့လဲဆိုတာ နင် သိလား"
စုန့်တင်းရှန်းက မသိဘူးဆိုသည့်သဘောဖြင့် ခေါင်းခါပြလိုက်သည်။ သူမက အစ်မဖြစ်သူ ပိုဝင်ငွေကောင်းစေရန် အလုပ် ထပ်ပေးပြီး အမြတ်ဝေစု ပေးချင်ခဲ့သော်လည်း စုန့်ယွိလန်က ငြင်းပယ်ခဲ့ခြင်းပင်။
"ငါ အမြဲတမ်း တွေးခဲ့တာက ငါ အိမ်ထောင်ပြုရလိမ့်မယ်ဆိုတာပဲ၊ ငါ အိမ်ထောင်ပြုလိုက်တာနဲ့ ငါက တခြားတစ်ယောက်ရဲ့မိသားစုဝင် ဖြစ်သွားပြီ၊ ယောကျ်ားက လူကောင်းဖြစ်နေရင်တောင် သူ့ရဲ့ ဆွေမျိုးတွေ၊ မိဘတွေက ဘယ်လိုလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူး၊ အဲဒါကြောင့်ပဲ နင်ပေးတဲ့ အမြတ်ဝေစုကို ငါ ငြင်းခဲ့တာ"
စုန့်ယွိလန်က အေးအေးဆေးဆေး ရှင်းပြလာခဲ့သည်။
"ဟင်...."
စုန့်တင်းရှန်းက ကိုယ်ဝန်ကြောင့်လားမသိနိုင်သော်လည်း အနည်းငယ် တုံးအသလို ဖြစ်နေပြီး ထပ်မေးလိုက်ပြန်သည်။
"ကျွန်မ နားလည်သလိုလိုတော့ ရှိပါတယ်၊ ဒါပေမယ့် ငါးပြားတန် ခေါက်ဆွဲပန်းကန်က အဲ့ဒါနဲ့ ဘာဆိုင်လို့လဲ"
စုန့်ယွိလန်က ဆက်ရှင်းပြလိုက်သည်။
"ငါက ငါကိုယ်တိုင်ချက်တဲ့ ခေါက်ဆွဲကို သူ့ဆီကနေ ငါးပြားပဲ ယူတာလေ၊ ဒါက အသက်သာဆုံး ဈေးနှုန်းပဲ၊ တကယ်လို့ သူသာ ငါ့ကို မကူညီခဲ့ရင် ငါကိုယ်တိုင် ချက်ပေးတဲ့ ခေါက်ဆွဲကို သူ စားရဖို့ အခွင့်အရေး ရှိမယ်လို့ နင် ထင်နေလား၊ အိမ်မက်ပဲ မက်နေလိုက်"
"ဟမ်"
စုန့်တင်းရှန်းက ပိုပြီး ဇဝေဇဝါ ဖြစ်သွားပြန်သည်။
"သူ ကူညီထားတာလေ၊ ဘာလို့ အလကား မကျွေးတာလဲ"
"လူဆိုတာ ကိုယ်တိုင်တာဝန်ယူရမှ စားဝတ်နေရင်းကို နားလည်လာမှာ၊ ထင်းဖိုး၊ ဆီဖိုး၊ ဆားဖိုး၊ ခေါက်ဆွဲဖိုးတွေက ဘယ်လောက်လဲဆိုတာ မသိရင် အိမ်ထောင်တစ်ခုရဲ့ တန်ဖိုးကို သိမှာ မဟုတ်ဘူး၊ အခု ငါ အရင်းအတိုင်းပဲ ပြန်ယူတာ၊ အမြဲတမ်းလည်း အဲဒီလိုပဲ ယူခဲ့တာပဲ၊ ပြီးတော့ ငါ့ကို ကူညီတဲ့သူတိုင်းကို ငါ အလကား ကျွေးနေရရင် နောက်ပိုင်း ကူညီတဲ့သူတွေ ပိုများလာရင် ငါ ဘယ်လိုလုပ်မလဲ၊ ငါ မွဲသွားမှာပေါ့၊ ကဲပါ... နင့်အခန်းကို နင် ပြန်တော့၊ နင့်ယောကျ်ားက နင့်ကို လိုက်ရှာနေလိမ့်မယ်"
စုန့်ယွိလန်က ညီမဖြစ်သူကို နှင်ထုတ်လိုက်ပြန်သည်။
"အင်း...ပါ..."
စုန့်တင်းရှန်းက နှုတ်ခမ်းဆူနေပြီး မကျေမနပ် ပြန်သွားခဲ့သည်။ သူမ သိချင်သည့် အချက်အလက်များ မရခဲ့သောကြောင့် သူမ စိတ်တိုသွားသေးသည်။
စုန့်ယွိလန်က ခဏမျှ ငြိမ်သက်စွာ ထိုင်နေပြီး ဘေးခန်းတွင် စာဖတ်နေသော တာ့ပေါင်ကို သွားကြည့်လိုက်သည်။
တာ့ပေါင်က သူမကို မော့ကြည့်ပြီး လှမ်းမေးလာခဲ့သည်။
"အမေ... ကျွန်တော့်အတွက် အဖေအသစ် ရှာပေးဖို့ စိတ်ကူးနေတာလား"
"လျှောက်မပြောနဲ့၊ စာကိုပဲ အာရုံစိုက်စမ်းပါ"
စုန့်ယွိလန်က ပြောရင်း ရေနွေးအိုးကို ကိုင်လိုက်သည်။
"အမေ မင်းအတွက် ရေနွေး ထည့်ပေးမယ်"
"ကျွန်တော် လျှောက်ပြောနေတာ မဟုတ်ဘူး၊ တကယ်လို့ အမေ အဖေအသစ် ရှာမယ်ဆိုရင်လည်း သေသေချာချာ ကြည်ဖို့ပဲ ပြောချင်တာပါ၊ ဒါပေမယ့် ကျွန်တော် အခု စိတ်မပူတော့ဘူး၊ ဒုတိယဦးလေးဆီကနေ သိုင်းပညာတွေ သင်ထားတယ်လေ၊ ဒုတိယဦးလေးပြောတာတော့ လူအတော်များများက ကျွန်တော့်ကို မယှဉ်နိုင်ဘူးတဲ့"
ဆယ်ကျော်သက်အရွယ် ရောက်နေပြီဖြစ်သော ကောင်လေးက လူကြီးတစ်ယောက်၏ လေသံဖြင့် ပြောနေခဲ့သည်။
"စာကိုပဲ အာရုံစိုက်စမ်းပါ၊ အမေ့ကိစ္စတွေကို သား စိတ်ပူနေဖို့ မလိုဘူး"
စုန့်ယွိလန်က ပြောနေရင်းဖြင့် ရေနွေးအိုးကို ကိုင်ကာ အပြင်သို့ ထွက်သွားခဲ့သည်။ သူမ အပြင်ရောက်သည်အထိ သားဖြစ်သူ၏ လှမ်းအော်သံကို ကြားလိုက်ရသေးသည်။
"ကျွန်တော်က စိတ်ပူနေတာ မဟုတ်ဘူးဗျ၊ ညီလေး ဒါမှမဟုတ် ညီမလေး တစ်ယောက်လောက် လိုချင်နေတာ၊ အမေ... ဘယ်တော့လောက် စဉ်းစားမှာလဲ"
ထိုစကားက စုန့်ယွိလန်ကို အမှန်တကယ် ခေါင်းခဲသွားစေခဲ့သည်။
‘တာ့ပေါင်ရဲ့ အကျင့်က သူ့ရဲ့ ဒုတိယအဒေါ်နဲ့ အတော်လေး တူလာပြီး ကိုင်တွယ်ရ ခက်ခဲလာပြီ’
မုတ်ဆိတ်နှင့်လူ ခေါက်ဆွဲလာစားနေသည်မှာ နှစ်လရှိပြီ ဖြစ်ပြီး စုန့်ယွိလန်ကလည်း အမျိုးမျိုးသော ခေါက်ဆွဲများကို နှစ်လတိုင်တိုင် ချက်ကျွေးခဲ့သည်။ တစ်နေ့တွင် သူမ ခေါက်ဆွဲပန်းကန် ချပေးလိုက်ချိန်၌ မုတ်ဆိတ်နှင့်လူက ကြေးပြားများကို ထုတ်မပေးဘဲ စာရွက်အချို့ကို ထုတ်ပေးလိုက်သည်။
"ကျွန်တော် အိမ်ဝင်းလေးတစ်ခုနဲ့ မြေကွက်တချို့ ဝယ်လိုက်တယ်၊ အိမ်ဝင်းက ဒီနားတင်ပဲ၊ အဝင်ပေါက် နှစ်ခုပဲ ရှိပေမယ့် အခန်းတွေတော့ အများကြီးပါတယ်၊ မြေကတော့ နည်းနည်းဝေးတယ်၊ ကျွန်တော်တို့မှာ စိုက်ပျိုးဖို့ အချိန်မရှိတော့ အငှားချထားလိုက်တယ်၊ အစကတော့ ဆိုင်ခန်းတစ်ခန်းပါ ဝယ်မလို့ပဲ၊ ဒါပေမယ့် ကျွန်တော်က စီးပွားရေးအကြောင်း နားမလည်တာရယ်၊ ကျွန်တော့်ဇနီးအတွက် ပိုက်ဆံတချို့လည်း ချန်ထားပေးချင်တာရယ်ကြောင့် မဝယ်ဖြစ်တော့ဘူး"
သူက တည်တည်ငြိမ်ငြိမ် ရှင်းပြနေသည်။
စုန့်ယွိလန်က ထိုစာရွက်များကို တစ်ချက်ကြည့်ပြီး ထိုလူ့ကို တစ်ချက်ကြည့်ကာ ပြန်ပြောလိုက်သည်။
"ရှင်က ဘာလို့ ကျွန်မကို ဒီစကားတွေ လာပြောနေတာလဲ၊ ရှင့်ရဲ့ ရုပ်ရည်က ဘယ်လိုလဲဆိုတာတောင် ကျွန်မ ခုထိ မသိရသေးဘူး၊ ဘာလို့ ရှင့်စကားကို နားထောင်နေရမှာလဲ"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မုတ်ဆိတ်နှင့်လူကြီးက စားပွဲပေါ်သို့ ကြေးပြားငါးပြား တင်လိုက်ပြီး ပိုင်ဆိုင်မှုစာချုပ်များကို ပြန်သိမ်းကာ ပြန်ထွက်ခွာသွားခဲ့သည်။
နောက်တစ်နေ့ ဆိုင်ပိတ်ခါနီးအချိန်တွင် စားပွဲထိုးက တံခါးဝတွင် လက်ပိုက်ရပ်ရင်း တစ်စုံတစ်ခုကို မျှော်နေပုံရသည်။
'ဒီနေ့ရော အဲဒီမုတ်ဆိတ်နဲ့လူ ခေါက်ဆွဲလာစားဦးမှာလား'
‘တကယ်လို့ သူ မလာတော့ရင်လည်း ငါ ဆိုင်ပိတ်တော့မယ်’
သူ ထိုသို့ တွေးနေတုန်းမှာပင် အရပ်ရှည်ရှည် လူရိပ်တစ်ခုက သူ့ရှေ့တွင် ရပ်လိုက်ပြီး လှမ်းပြောလိုက်သည်။
"ကျွန်တော် ခေါက်ဆွဲစားဖို့ လာတာပါ"
စားပွဲထိုးက သူ့ကို မော့ကြည့်လိုက်ပြီး မှက်သက်သွားခဲ့သည်။
'ဒီလို သန့်ပြန့်တဲ့ မျက်နှာနဲ့ လူက ဘယ်သူလဲ'
‘သူ့အသံကတော့ ရင်းနှီးနေသလိုပဲ၊ ဒါပေမယ့် သူ့ရုပ်ရည်က... အိုး... ဒါ... ဒါက ဖြစ်နိုင်တာက..’
ခေါက်ဆွဲစားပြီးနောက်တွင် ထိုလူက စာရွက်နှစ်ရွက်ကို ထပ်မံထုတ်ပေးပြန်သည်။ မုတ်ဆိတ် မရှိတော့သည့်အတွက် သူ့၏ စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာ၊ အထူးသဖြင့် နီရဲနေသည့်ပါးပြင်များကို အထင်အရှား မြင်နေရသည်။ ၎င်းက သူ့ကို လုံခြုံမှုမရှိသလို ခံစားနေရသည့် ပုံစံမျိုး ဖြစ်နေစေပြီး သူ စိုးရိမ်ပူပန်နေမှန်း သိသာစေသည်။
စုန့်ယွိလန်က သူ ဝင်လာကတည်းက ဇဝေဇဝါ ဖြစ်နေခဲ့ခြင်းပင်။ သူ ခေါက်ဆွဲစားနေစဉ်တွင် သူမ သူ့ကို ခဏခဏ လှမ်းကြည့်နေမိပြီး ရုတ်တရက် စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားရသည်။
"ရှင် နောက်ဆိုရင် မုတ်ဆိတ် ပြန်ထားသင့်တယ်၊ အဲဒါက ရှင့်နဲ့ ပိုလိုက်ဖက်တယ်"
စုန့်ယွိလန်က စာရွက်နှစ်ရွက်ကို ယူလိုက်ရင်း ထပ်ပြောလိုက်သည်။
"ကျန်တာတွေကိုတော့ ကျွန်မ မလိုချင်တော့ဘူး"
"ကျွန်တော့်နာမည် လီရှောင်ရှန်းပါ"
အသက်သုံးဆယ်ကျော်အရွယ် သန့်ပြန့်သော ထိုလူငယ်က သွားများပေါ်အောင် ပြုံးလိုက်ပြီး ထပ်ပြောလာပြန်သည်။
"ငါ့ဘဝရဲ့ ကျန်ရှိနေတဲ့အချိန်တွေကို မင်းနဲ့အတူ ရှိနေနိုင်ဖို့ မျှော်လင့်ပါတယ်"