အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
အခန်း ၉၉ အပိုဆောင်းဇာတ်လမ်း (၄)
စုန့်ဟူထောင်၏ အိမ်ထောင်ရေးကိစ္စက စုန့်မိသားစုအတွက် အတော်လေးကို ခေါင်းကိုက်စရာ ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။ ဖန့်ရှီတစ်ယောက် သူ့ကို မြင်တိုင်း စိတ်မကျေမနပ် ဖြစ်နေခဲ့သည်။
သို့ရာတွင် ထိုအရာက စုန့်ဟူထောင်၏ အပြစ်တော့ မဟုတ်ပြန်ပေ။ ထက်မြက်ပြီး အရည်အချင်းရှိသည့် သူ့အစ်မနှင့် အမြဲထိတွေ့နေရသောကြောင့် သူ့စံနှုန်းက အနည်းငယ် မြင့်နေပြီး အခြားမိန်းကလေးများကို ကြည့်လိုက်တိုင်း တစ်ခုခု လိုအပ်နေသလိုမျိုး သူ အမြဲခံစားနေရသောကြောင့် ဖြစ်သည်။
သူ့ကို အဆိုးဆုံး စိတ်မကောင်းဖြစ်စေသည့် အချက်က သူက သူ့အစ်မ၏ အစေခံမလေး ကျန်းကျူးကို သဘောကျခဲ့သော်လည်း ကျန်းကျူးက သူ့ကို ပြန်မကြိုက်ဘဲ စစ်သူကြီးအိမ်တော်မှ ပစ္စည်းဝယ်ယူရေးတာဝန်ခံ အစ်ကိုကြီးကို သဘောကျနေခဲ့သည်။
‘အဲဒီအစ်ကိုကြီးက အရပ်ရှည်ပြီး ချောမောတာ မှန်ပေမယ့် ဝယ်ယူရေးသမားသက်သက်ပဲ မဟုတ်ဘူးလား၊ သူ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ၊ သူက မြို့ထဲမှာ အသက်အငယ်ဆုံး ဆိုင်ရှင်လေး ဖြစ်ခဲ့တာလေ’
‘ငါ အပြင်ကို ထွက်ပြီး လှည့်ပတ်ကြည့်သင့်နေပြီ’
အကြာကြီး စဉ်းစားပြီးနောက် နောက်ဆုံးတွင် စုန့်ဟူထောင်က စုန့်တင်းရှန်းကို ဖွင့်ပြောလိုက်သည်။
"အစ်မ... ကျွန်တော် အပြင်ကို သွားကြည့်ချင်တယ်"
စုန့်တင်းရှန်းက သူမ၏ ကလေးနှစ်ယောက်နှင့် ဆော့ကစားနေခဲ့သည်။ ကလေးနှစ်ယောက်လုံးက အသက်တစ်နှစ် ပြည့်ခါနီးပြီ အရွယ်သို့ ရောက်လာကြပြီး အလွန်ချစ်ဖို့ကောင်းသည့် အရွယ်လေးများ ဖြစ်လာကြသည်။ သူတို့က အမြဲ ပြုံးနေတတ်ပြီး သိပ်မငိုတတ်သောကြောင့် သူမ ကလေးများကို စိတ်ကြိုက်နောက်ပြောင်နေလေ့ရှိသည်။
သူမက အစပိုင်းတွင် နားမလည်ဘဲ ဘာမှမဖြစ်သလို တုံ့ပြန်လိုက်သည်။
"သွားလေ၊ ဘယ်သူက တားနေလို့လဲ၊ မဟုတ်သေးဘူး... နင် ဒီနေ့ ဘာဖြစ်နေတာလဲ၊ အပြင်သွားဖို့ကို ငါ့ဆီလာပြီး အထူးတလည် လာပြောနေသေးတယ်"
"ဒါပေါ့... အစ်မကို ပြောရမှာပေါ့၊ အစ်မ ဦးလေးဝမ်နဲ့ ရင်းနှီးတယ်မလား၊ ကျွန်တော်က သူတို့ရဲ့ ကုန်သည်အဖွဲ့နဲ့အတူ လိုက်သွားချင်တာ"
ထိုအချိန်မှသာ စုန့်တင်းရှန်းတစ်ယောက် နားလည်သွားပြီး မောင်ဖြစ်သူကို ကြည့်ကာ ပြန်မေးလိုက်သည်။
"နင် ဆိုလိုတာက နင် ဒီခရိုင်ရဲ့ အပြင်ဘက်ကို သွားပြီး တခြားနေရာတွေကို စူးစမ်းချင်တာပေါ့"
"ဟုတ်တယ်"
စုန့်ဟူထောင်က သူ့ခေါင်းကို ကုတ်ရင်း သူ့တူလေးကို ကောက်ချီလိုက်သည်။
"အဲဒီနေ့က ကုန်သည်အဖွဲ့ကလူတွေ စကားပြောနေတာကို ကြားလိုက်ရတယ်၊ သူတို့က ဒေသထွက်ပစ္စည်းတွေနဲ့ ဓလေ့ထုံးစံတွေအကြောင်း ပြောနေကြတာ၊ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်၊ ဒါပေမယ့် ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူးလေ၊ ကျွန်တော်က ဒုတိယအစ်မလောက် ဉာဏ်မကောင်းဘူးလေ၊ အစ်မက စာအုပ်နည်းနည်းပဲ ဖတ်ဖူးတာတောင် ဟင်းချက်နည်းတွေ ရှာဖွေနိုင်တယ်။ ပြီးတော့ အကြီးဆုံးအစ်မလောက်လည်း မတည်ငြိမ်ဘူး၊ ညီလေးတွေလိုလည်း ပညာ မသင်ချင်ဘူး၊ ဒါပေမယ့် ကျွန်တော် အပြင်လောကကြီးကို သွားကြည့်ပြီး ဗဟုသုတ ရှာချင်တယ်"
စုန့်တင်းရှန်းက အခန်းထဲတွင် တွားသွားနေသည့် သမီးလေးကို ကြည့်နေရင်း သူ့ကို ပြန်မေးလိုက်သည်။
"မင်းရဲ့ အဲ့ဒီစိတ်ကူးကို အမေ သိပြီးပြီလား"
"အမေ့ကို မပြောရသေးဘူး၊ တကယ်လို့ အစ်မသာ သဘောတူရင် အမေက ကျွန်တော့်ကို သိပ်ပြီး အတင်းအကျပ် တားနိင်မှာ မဟုတ်ဘူး၊ အစ်မတောင် သဘောမတူရင်တော့ အမေက ကျွန်တော့်ကို လုံးဝ လွှတ်မှာ မဟုတ်တော့ဘူး၊ ဒုတိယအစ်မ... ကျွန်တော် တကယ်ပဲ အပြင်ကို ထွက်ပြီး လောကကြီးကို သွားကြည့်ချင်တာပါ"
စုန့်တင်းရှန်း ဘာမှ ပြန်မပြောသေးဘဲ သူမဘာသာ စဥ်းစားနေခဲ့သည်။
‘တကယ်လို့ ဒါက ရထားလက်မှတ် ဒါမှမဟုတ် လေယာဉ်လက်မှတ် ဝယ်ပြီး အလွယ်တကူ သွားလို့ရတဲ့ ငြိမ်းချမ်းတဲ့ ခေတ်ကြီးဆိုရင် သူမ ကန့်ကွက်နေမှာ မဟုတ်ဘူး။ ဒါပေမယ့် အခုခေတ်ကတော့ ဘယ်နေရာသွားသွား အချိန်အကြာကြီး ပေးရသလို၊ လမ်းခရီးကလည်း ဘေးကင်းချင်မှ ဘေးကင်းနိုင်မယ်။ သူမရဲ့ မောင်လေးက သူမရဲ့ခင်ပွန်းဆီကနေ သိုင်းပညာအချို့ သင်ထားတယ်ဆိုပေမယ့် တကယ့် လက်တွေ့အခြေအနေမှာရော အသုံးဝင်ပါ့မလား’
‘ဒါပေမယ့် ဟူထောင်က ယောကျ်ားတစ်ယောက်လေ၊ သူမလည်း သူမရဲ့မောင်လေးကို ဗဟုသုတ ကြွယ်ဝပြီး အရည်အချင်းရှိတဲ့ ယောကျ်ားတစ်ယောက် ဖြစ်စေချင်တာပေါ့၊ ဒါပေမယ့် အန္တရာယ်ကလည်း ကြီးလွန်းနေပြန်ရော’
"ငါ စဉ်းစားကြည့်ပါဦးမယ်၊ ဒီရက်ပိုင်းအတွင်း သေချာစဉ်းစားပြီး မင်းယောက်ဖနဲ့လည်း တိုင်ပင်ကြည့်မယ်၊ အမှန်တော့ အပြင်လောကကြီးက မင်း ထင်သလောက် လှပနေမှာ မဟုတ်ဘူး၊ ကုန်သည်အဖွဲ့ကလူတွေဆိုရင်လည်း ခုလို ဘေးကင်းဖို့အတွက် အန္တရာယ်တွေ အများကြီးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြရတာ၊ ငါက မင်းကို မသွားစေချင်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် အစ်မတစ်ယောက်အနေနဲ့ မင်းရဲ့ ဘေးကင်းလုံခြုံမှုကိုလည်း စိုးရိမ်နေသေးတယ်၊ အဲဒါကြောင့် ငါ သေချာ စဉ်းစားဖို့ လိုတယ်"
"ကျွန်တော် နားလည်ပါပြီ"
စုန့်ဟူထောင်ကလည်း အလျင်စလို လုပ်၍ မရမှန်း နားလည်နေသည်။ သူက သူ့တူလေးနှင့် ခဏဆော့ကစားပြီးနောက် သူ့ကုန်စုံဆိုင်သို့ ပြန်သွားခဲ့သည်။
"တကယ်တော့ အပြင်ထွက်ပြီး ဗဟုသုတရှာတာလည်း ကောင်းပါတယ်၊ ဟူထောင်က အသက် ဆယ့်ရှစ်နှစ်တောင် ရှိနေပြီ၊ စကားပုံရှိတယ်မလား၊ လီထောင်ချီ ခရီးသွားတာက စာအုပ်ထောင်ချီ ဖတ်တာထက် ပိုကောင်းတယ်တဲ့၊ ဒီတစ်ခေါက် သူ ဝမ်မိသားစုက ကုန်သည်အဖွဲ့နဲ့ သွားမှာဆိုတော့ စိတ်ချရမှာပါ၊ ကျူးဇီကောကလည်း သူ့ကို ကာကွယ်ပေးဖို့ သက်တော်စောင့်နှစ်ယောက် ထည့်ပေးမယ်လို့ ပြောထားတယ်၊ ဒါကြောင့် အန္တရာယ် မရှိနိုင်ပါဘူး"
စုန့်တင်းရှန်းက သူမ၏ အမေအိုကြီးကို ဖြည်းဖြည်းချင်း နားချနေသည်။
ဖန့်ရှီက ခန်ပေါ်တွင် ထိုင်နေရင်း သက်ပြင်းချလိုက်သည်။
"ငါ တကယ်ကို နားမလည်နိုင်တော့ဘူး၊ အခုဆိုရင် ငါတို့မှာ စားဖို့ သောက်ဖို့လည်း မရှားတော့ဘူး၊ သူက ဘာလို့ အပြင်ကို တကူးတက သွားချင်နေရတာလဲ၊ နင့်အစ်ကိုကြီးတုန်းဆိုရင် ဆယ့်ရှစ်နှစ်ရောက်တာနဲ့ လယ်ထဲမှာ အလုပ်လုပ်နေပြီ၊ သူကျမှ ဒါလည်း မလုပ်နိုင် ဟိုဟာလည်း မလုပ်နိုင်နဲ့၊ သူက မသေမျိုးကိုများ သွားရှာချင်နေလား မသိဘူး"
စုန့်တင်းရှန်းက ရယ်မောရင်း ထပ်ပြောလိုက်သည်။
"ဟူထောင်က ယောက်ျားလေးလေ၊ နောက်ထပ် နှစ်အနည်းငယ်လောက် နောက်ကျမှ လက်ထပ်လည်း ရပါတယ်၊ သူ အပြင်ကို ထွက်ပြီး ဗဟုသုတရှာတာက ကောင်းတယ်လေ၊ သမီးတို့ အဘိုးတုန်းကလည်း ခရီးတွေ အများကြီး သွားခဲ့တာပဲ မဟုတ်လား၊ ဆဋ္ဌမအဖိုးလည်း ခရီးခဏခဏ ထွက်တာပဲလေ၊ ပြီးတော့ ဟူထောင်ရဲ့ စရိုက်နဲ့ဆိုရင် ဒီနှစ်တွေမှာ သူ ဆိုင်ရှင်အဖြစ်နဲ့ သည်းခံပြီး အလုပ်လုပ်နေနိုင်တာကိုပဲ သမီး တကယ် အံ့သြနေမိတာ"
"နင့်အဖိုး ဘာလို့ အပြင်ထွက်ခဲ့လဲ နင် သိလား၊ မိသားစုက ဆင်းရဲပြီး ပိုက်ဆံမရှိလို့ မဟုတ်ဘူးလား၊ အခု ငါတို့မိသားစုမှာ ဘာတွေ လိုအပ်နေလို့လဲ၊ ဟူထောင်အတွက် လိုနေတာက မိန်းမပဲ ရှိတော့တယ်"
"အမေ.... ဟူထောင်ရဲ့ စံနှုန်းက မြင့်တယ်လေ၊ သူ အပြင်မှာ လျှောက်သွားနေရင်း သူနဲ့ သင့်တော်မယ့်သူကို ရှာတွေ့ရင် တွေ့လာမှာပေါ့"
"ဟွန့်.... ငါက သူ ဒုက္ခရောက်မှာကို စိုးရိမ်လို့လေ၊ အလိမ်ခံရတာက ကိစ္စမရှိဘူး၊ ဓားပြတွေနဲ့ တိုးရင် ဘယ်လိုလုပ်မလဲ၊ အိုက်ယား၊ ငါလည်း ဘာတွေ လျှောက်ပြောနေမိမှန်း မသိတော့ဘူး"
စုန့်တင်းရှန်း အထပ်ထပ်အခါခါ ဖျောင်းဖျပြီးနောက် နောက်ဆုံးတွင် ဖန့်ရှီလည်း သဘောတူလိုက်ရသည်။ သူမ ခေါင်းညိတ်လိုက်သည်နှင့် စုန့်ကျစ်ယွမ်က ထုံးစံအတိုင်း ဘာမှ မကန့်ကွက်တော့ပေ။ လီရှီနှင့် စုန့်ရှင်းယိတို့ကလည်း ယောက်ျားတစ်ယောက်အနေဖြင့် အပြင်လောကသို့ ထွက်ပြီး အမြင်ကျယ်အောင် လုပ်ခြင်းက ကောင်းသည့်အချက်ဟု တွေးနေကြသည်။
သို့သော် သူတို့က အဝေးကြီးသို့ သွားခွင့်မပေးခဲ့ကြပေ။ ဝမ်မိသားစု၏ ကုန်သွယ်ရေးလမ်းကြောင်းများကို မေးမြန်းခဲ့ကြပြီး စူးကျိုးဘက်သို့ သွားသည့်လမ်းကြောင်းကို ရွေးချယ်ပေးလိုက်သည်။ ထိုအခရီးက အသွားအပြန် ခရီးစဉ်နှင့် လမ်းတွင် လည်ပတ်ရမည့်နေရာများကို ပေါင်းလိုက်လျှင်ပင် အလွန်ဆုံး တစ်နှစ်သာ ကြာမြင့်မည် ဖြစ်သည်။
စုန့်ဟူထောင် ထွက်သွားပြီးနောက် ဖန့်ရှီက စုန့်တင်းရှန်းကို ညည်းတွားပြနေပြန်သည်။
"စူးကျိုးကလည်း ကောင်းပါတယ်၊ တောင်ပိုင်းက မိန်းကလေးတွေက သိမ်မွေ့ကြတယ်လေ၊ သူ အဲဒီမှာ သူ့ကို ဂရုစိုက်ပေးမယ့်သူတစ်ယောက်လောက် ရှာတွေ့နိုင်ရင် အကောင်းဆုံးပဲ၊ နင့်ရဲ့ ဆဋ္ဌမအဖွားကလည်း တောင်ပိုင်းသူပဲ၊ စကားပြောရင် တိုးတိုးလေး ပြောတယ်၊ အလုပ်လုပ်ရင်လည်း စေ့စပ်သေချာပြီး တာဝန်ယူတတ်တယ်၊ ပြီးတော့ သူက လှလည်းလှတယ်၊ နင်တို့ရဲ့ ဆဋ္ဌမအဖိုး အရမ်းကံကောင်းတယ်၊ ငါ စိုးရိမ်တာက ဟူထောင် တောင်ပိုင်းသားတွေ ပြောတဲ့စကားကို နားလည်ပါ့မလားဆိုတာပဲ၊ နင်တို့ရဲ့ဆဋ္ဌမအဖွားအိမ်ကို စရောက်တုန်းက သူ ပြောတာတွေကို ငါတို့ တော်တော်များများ နားမလည်ခဲ့ကြဘူး၊ တနှစ်လောက်နေမှ သူ ငါတို့စကားကို သင်ပြီး ငါတို့နဲ့ စကားပြောဆိုနိုင်ခဲ့တာ"
ဖန့်ရှီ၏အမြင်တွင် တောင်ပိုင်းမှ မိန်းကလေးများအားလုံးက ဆဋ္ဌမအဘွားကဲ့သို့ စကားပြောလျှင် နူးညံ့ပြီး အမြဲပြုံးနေတတ်ကာ လူအများရှေ့၌ ဘယ်တော့မှ မျက်နှာမနီတတ်သူများ ဖြစ်သည်။ သို့သော် စုန့်တင်းရှန်းကတော့ လူတစ်ယောက်၏ စရိုက်က သူ နေထိုင်သည့်ဒေသနှင့် အလုံးစုံ သက်ဆိုင်နေခြင်း မဟုတ်ကြောင်း နားလည်နိုင်ခဲ့သည်။
‘ငါကိုယ်တိုင်လည်း မြောက်ပိုင်းသူစစ်စစ်ဖြစ်ပေမယ့် စကားပြောရင် နူးညံ့ပြီး ဘယ်တော့မှ မျက်နှာမနီတတ်ဘူး မဟုတ်လား’
ထိုအတွေးက သူမကို တော်တော်လေး ပျော်သွားစေပြီး ညဘက်တွင် အားလပ်ရက်ရသောကြောင့် အိမ်ပြန်လာသည့် ကျိုးယိနိုကို မေးလိုက်သည်။
"ကျူးဇီကော... ကျွန်မရဲ့ စရိုက်က ကောင်းတယ်လို့ ထင်လား"
ကျိုးယိနို၏ မျက်လုံးထဲတွင်တော့ စုန့်တင်းရှန်းက ကောင်းကင်ဘုံမှ နတ်သမီးလေးတစ်ပါး ဖြစ်ပြီး အကန့်အသတ်မဲ့ ချီးကျူးစကားများ ထွက်လာသောကြောင့် စုန့်တင်းရှန်းတစ်ယောက် ရယ်မောမဆုံးနိုင် ဖြစ်ခဲ့ရသည်။
"တကယ်တော့ ဟူထောင် ကျွန်မလို မိန်းကလေးမျိုး ရှာနိုင်ခဲ့ရင်လည်း မဆိုးဘူးနော်"
သို့သော် ဖန့်ရှီ၏ပါးစပ်ကတော့ စကားတစ်မျိုး ထွက်လာခဲ့သည်။
"အာ့နွီက ဉာဏ်ကောင်းပေမယ့် သူ့စရိုက်က နည်းနည်း လိုနေသေးတယ်၊ သူ့အစ်မလောက် မတည်ငြိမ်ဘူး၊ ကျူးဇီက စိတ်ရှည်သည်းခံတတ်လို့ပေါ့၊ မဟုတ်ရင် သူ့ရဲ့ စိတ်မရှည်တတ်တဲ့ အကျင့်ကို ဘယ်သူက ညည်းခံနိုင်မှာလဲ၊ သူ့နှုတ်ခမ်းကို ကြည့်၊ အမြဲတမ်း စူနေတာ၊ အိုက်ယား... ဟူထောင်သာ အဲဒီလို မိန်းကလေးမျိုးနဲ့ တွေ့ရင်တော့ သူ ပင်ပန်းရမှာ သေချာတယ်"
စုန့်တင်းရှန်း : "….."
‘ဒါက ငါ့အမေအရင်း ပြောနေတာမှ ဟုတ်ရဲ့လား’
အပြင်သို့ ရောက်သွားသည့် စုန့်ဟူထောင်ကတော့ လှောင်အိမ်ထဲမှ လွတ်လာသည့် ငှက်လေးတစ်ကောင်လို ဖြစ်နေပြီး မြင်မြင်သမျှ အရာအားလုံးက သူ့အတွက် အသစ်အဆန်း ဖြစ်နေခဲ့သည်။ သူက အိမ်သို့ စာများ ခဏခဏ ရေးပို့တတ်ပြီး တစ်ခါတရံတွင် သူ တစ်ခါမှ မမြင်ဖူးသည့် ပိုးမွှားလေးများအကြောင်းကိုပင် စာရွက်နှစ်ရွက် ပြည့်အောင် အသေးစိတ် ရေးပြတတ်သည်။ သူက အသစ်အဆန်းများ မြင်တိုင်းလည်း ဝယ်ယူကာ အိမ်သို့ ပြန်ပို့ပေးတတ်သေးသည်။
နွေဦးမှ ဆောင်းဦးသို့ ကူးပြောင်းလာပြီး ခြောက်လခန့်ကြာသည်အထိ စုန့်မိသားစုဆီသို့ စုန့်ဟူထောင်၏စာများ ပုံမှန်ရောက်နေခဲ့သည်။ တနေ့တွင် စုန့်တင်းရှန်းက စာတစ်စောင်ကို ဖွင့်ဖတ်လိုက်ပြီး အားရပါးရ ရယ်မောလိုက်သည်။
စုန့်ဟူထောင်က စာထဲက အမျိုးသမီးတစ်ယောက်အကြောင်း ရေးထားခဲ့ပြီး ထိုအရာက အမှန်တကယ် ရှားပါးသည့် ကိစ္စဖြစ်သလို သူ့၏ရေးသားပုံ စကားအသွားအလာကလည်း ပိုပြီး ထူးခြားနေသည်။
ထိုကောင်လေးက လူစည်ကားသည့်နေရာများအား သွားကြည့်ရသည်ကို ဝါသနာပါလွန်းပြီး သူ စူးကျိုး၌ လည်ပတ်နေစဥ် အမျိုးသမီးတစ်ယောက် ဖူးစာဖက်ရှာရန် ပန်းထိုးဘောလုံး ပစ်သည့်ပွဲနှင့် ကြုံတွေ့ခဲ့ရသည်။ သူက ပျင်းရိနေပြီး အပျော်ရှာရန် လူအုပ်ထဲသို့ တိုးကြည့်ရန် ပြင်လိုက်သည်။ ထိုအခိုက်အတန့်တွင် ပန်းထိုးဘောလုံးကြီးက သူ့ခေါင်းကို တည့်တည့်ကြီး လာမှန်ခဲ့သည်။
သက်တော်စောင့်တစ်ယောက်က ပါးနပ်စွာဖြင့် ဘောလုံးကို အရင်ဦးအောင် ဖမ်းယူလိုက်ပြီး သူ ဖမ်းမိကြောင်း ပြောခဲ့သည်။ သို့သော်လည်း ထိုအမျိုးသမီးကတော့ စုန့်ဟူထောင်အား သူမကို လက်ထပ်ရမည်ဟု အတင်းအကျပ် တောင်းဆိုခဲ့သည်။
သက်တော်စောင့်ကလည်း အမှန်တကယ် စိတ်ညစ်သွားပြီး စနောက်နေခဲ့သည်။
"ဒီဘောလုံးကို ငါ ဖမ်းမိတာ ရှင်းလင်းနေတာ၊ ဘာလို့ ငါက လက်ထပ်ခွင့် မရတာလဲ"
စုန့်ဟူထောင်ကလည်း ထိုပေါ့ပျက်ပျက် မင်္ဂလာကိစ္စကို သဘောမတူနိုင်သလို အတင်းအကျပ် စီစဉ်သည့် မင်္ဂလာကိစ္စမျိုးကိုလည်း လက်မခံနိုင်ခဲ့ပေ။ သူ အတော်လေး ကြောက်လန့်သွားပြီး ထိုညမှာပင် သက်တော်စောင့်များနှင့်အတူ ထွက်ပြေးခဲ့သည်။ သို့သော် သူမျှော်လင့်ထားသလို ဖြစ်မလာဘဲ ထိုအမျိုးသမီးက သူတို့နောက်သို့ တကောက်ကောက် လိုက်ပါလာခဲ့သည်။
နောက်ဆုံးတွင် စုန့်ဟူထောင်က သူ့မိဘများကို အရင်မေးပြီးမှ ဆုံးဖြတ်နိုင်မည်ဟု ပြန်ပြောလိုက်ရာ ထိုအမျိုးသမီးက သူ့ကို အိမ်အထိ လိုက်ပို့ပြီး သူမနှင့်အတူ စူးကျိုးသို့ ပြန်ခေါ်သွားမည်ဟု ဇွတ်အတင်းပြောလာပြန်သည်။
စုန့်ဟူထောင်တစ်ယောက် အမှန်တကယ် ရူးချင်စိတ်ပေါက်သွားပြီး မျက်ရည်များ စိုရွဲနေသည့် စာတစ်စောင်ကို ရေးကာ အကူအညီတောင်းထားခဲ့သည်။
"အစ်မ... ကျွန်တော့်ကို ကူညီပါဦး၊ သူက တခြားသူကို လက်ထပ်လို့ ရနေတာပဲလေ၊ ဘာလို့ ကျွန်တော့်ကိုမှ ဒီလောက်အထိ အသည်းအသန် လိုက်ကပ်နေရတာလဲ"
စုန့်တင်းရှန်းက ဖန့်ရှီ စိတ်ပူမည်ကို စိုးရိမ်သောကြောင့် စာထဲမှ အကြောင်းအရာကို ခဏလောက် လျှို့ဝှက်ထားလိုက်သည်။ သူမက စုန့်ဟူထောင် ပြန်လာသည့်လမ်းတွင် တစ်ယောက်ယောက်အား စောင့်ခိုင်းပြီး ကြားဖြတ်ခေါ်ထားရန်နှင့် သူ ဤပြဿနာအား မည်သို့ဖြေရှင်းမည်အား တိုင်ပင်ရန် ကျိုးယိနိုအား အကူအညီတောင်းခဲ့သည်။
စုန့်ဟူထောင်၏စာအပြင် ဝမ်မိသားစုဆီမှလည်း စာတစ်စောင် ရောက်လာခဲ့ပြီး ထိုအမျိုးသမီးငယ်လေး၏အကြောင်းအား ရှင်းပြထားခဲ့သည်။
ထိုမိန်းကလေး၏ မျိုးရိုးက 'ယောင်' ဖြစ်ပြီး သူမ၏ မိသားစုက ပိုးထည်လုပ်ငန်း လုပ်ကိုင်ကြသည်။ သို့သော် သူမက တစ်ဦးတည်းသော သမီးဖြစ်နေပြီး အကယ်၍ သူမ အိမ်ထောင်မပြုလျှင် မိသားစု၏ပိုင်ဆိုင်မှုများကို တခြားဆွေမျိုးများ သိမ်းပိုက်သွားမည် ဖြစ်ပြီး သူမက ထိုအရာကို လုံးဝ သည်းမခံနိုင်တော့ပေ။
'ပန်းထိုးဘောလုံး' ပစ်ပြီး ဖူးစာရှာခြင်းကလည်း သူမ၏ ဆွေမျိုးများက ယုတ်မာစွာ ကြံစည်ခဲ့သည့် အကြံဉာဏ်ဆိုးတစ်ခု ဖြစ်သည်။ သူတို့က ပိုက်ဆံအများကြီးအကုန်ခံပြီး လူငှားကာ ယောင်မိန်းကလေးကို ပြဿနာရှာရန် စီစဥ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် စုန့်ဟူထောင် ရုတ်တရက် ရောက်လာပြီး လူအုပ်ထဲ တိုးဝင်လာမည်ဟုတော့ မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။ သူ့က ရုပ်ရည် သန့်ပြန့်ပြီး မြောက်ပိုင်းသားပီပီ အရပ်အမောင်းရော၊ ရုပ်ရည်ပါ ရှိနေသောကြောင့် တောင်ပိုင်းသားများကြားထဲ၌ ထင်ရှားနေခဲ့သည်။ ထို့ကြောင့် မိန်းကလေးယောင်က သူ့ကို မျက်စိကျသွားပြီး သူ့ဘေးမှ သက်တော်စောင့်နှစ်ယောက်၏ခန့်ညားသော ပုံစံကိုပါ မြင်လိုက်ရသောကြောင့် ယုံကြည်မှု ပိုရှိသွားကာ သူ့ကို တွယ်ကပ်နေခြင်းပင်။
သူမက သူမ စုန့်ဟူထောင်ကို နားချနိုင်မည်ဟု ယုံကြည်ထားပြီး အကယ်၍ သူ အိမ်ထောင်ပြုရန် သဘောမတူလျှင်ပင် ယောင်မိသားစု၏ ပိုင်ဆိုင်မှုများကို ကူညီကာကွယ်ပေးရန် မျှော်လင့်နေခဲ့သည်။
စုန့်တင်းရှန်းကတော့ ထိုမိန်းကလေး၏ အဖြစ်ကို မြင်ယောင်ကြည့်ပြီး သူမနှင့် တူနေသလို ခံစားလိုက်ရသည်။
‘ဒါပေမယ့် အဲဒီတုန်းက သူမမှာ မိသားစုကို ထောက်ပံ့ဖို့ အနည်းဆုံး မောင်ငယ်လေးတစ်ယောက် ရှိခဲ့သေးတယ်၊ နောက်ပိုင်းမှာ ပြည်လည်ထူထောင်ရေးကာလကို ရောက်လာပြီး အမျိုးသားရော အမျိုးသမီးပါ အမွေဆက်ခံခွင့်ရှိလာတာကြောင့် သူမ စိတ်အေးလက်အေး လွှတ်ချနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ကြမ်းတမ်းတဲ့ ဆွေမျိုးတွေကြားမှာ ရှင်သန်ဖို့ဆိုတာက မိန်းကလေးငယ်တစ်ယောက်အတွက် တကယ်ကို ခက်ခဲလွန်းတယ်’
ထို့ကြောင့် စုန့်တင်းရှန်းက ယောင်မိန်းကလေးနှင့် တွေ့ဆုံရန် စီစဉ်လိုက်သည်။ အကယ်၍ သူမက လူကောင်းတစ်ယောက် ဖြစ်နေလျှင် စုန့်တင်းရှန်းကလည်း ကူညီပေးရန် ဝန်လေးမည် မဟုတ်ပေ။
စုန့်ဟူထောင်တစ်ယောက် တက်ကြွစွာဖြင့် ခရီးထွက်သွားခဲ့သော်လည်း မျက်နှာငယ်လေးနှင့် ပြန်လာခဲ့ရသည်။ သူ ခရိုင်မြို့အနီးကို ရောက်လာချိန်တွင် သူ့ယောက်ဖ၏လူများက သူ့ကို ကြားဖြတ်ခေါ်သွားပြီး ခရိုင်ထဲမှ တည်းခိုခန်းတစ်ခုသို့ ခေါ်သွားခဲ့ကြသည်။
ယောင်မိန်းကလေးက စုန့်ဟူထောင် မျက်ခြေပြတ်ပြီး ထွက်ပြေးသွားမည်ကို စိုးရိမ်သောကြောင့် နောက်မှ တကောက်ကောက် လိုက်ပါလာခဲ့သည်။ စုန့်ဟူထောင် တည်းခိုခန်းထဲ ဝင်သွားချိန်တွင်တောင် သူမ၏အစေခံမလေးကို တံခါးဝ၌ စောင့်ခိုင်းထားပြီး သူမ၏ "အနာဂတ်ခင်ပွန်း"ကို မျက်ခြေမပြတ် စောင့်ကြည့်ခိုင်းထားခဲ့သည်။
စုန့်တင်းရှန်းက ကျန်းကျူးကို ခေါ်လာပြီး ထိုတည်းခိုခန်းသို့ ရောက်လာခဲ့သည်။ စုန့်ဟူထောင်၏စာထဲတွင် ဖော်ပြထားသည့်အတိုင်း အမှန်တကယ့် သတ္တိရှိပြီး ဇွတ်တရွတ်နိုင်သည့် ယောင်မိန်းကလေးကို တွေ့လိုက်ရသည်။
ယောင်မိန်းကလေးက သာမန်အရပ်မျှသာ ရှိပြီး ပြည့်ပြည့်ဖြိုးဖြိုးနှင့် ချစ်စရာကောင်းသည့် ပုံစံလေး ဖြစ်သည်။ အခုခေတ်၏ အလှအပ စံနှုန်းများနှင့် မကိုက်ညီသော်လည်း ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းသည့် အမျိုးသမီးလေးတစ်ယောက် ဖြစ်သည်။ သူမ၏ မျက်နှာပေါ်မှ တင်းတိပ်လေးအချို့က သူမ၏ ရိုးသားဖြူစင်သော အလှကို ထောက်ပံ့ပေးနေပြန်သည်။
သူမက အနည်းငယ် စိတ်လှုပ်ရှားနေပုံရသော်လည်း ကြောက်ရွံ့နေခြင်းတော့ မရှိပေ။ စုန့်တင်းရှန်းကို မြင်လိုက်သည်နှင့် သူမက အပြုံးဖြင့် နှုတ်ဆက်ကာ တယဉ်တကျေး ပြောလာခဲ့သည်။
"အစ်မ... မင်္ဂလာပါ၊ ကျွန်မနာမည်က စစ်ချီပါ၊ အစ်မကို ဂါရဝပြုပါတယ်"
စုန့်တင်းရှန်းက ခေါင်းညိတ်ပြပြီးမှ ပြန်မေးလိုက်သည်။
"နင်က ငါ့မောင်လေးကို လက်ထပ်ချင်တယ်လို့ ကြားတယ်၊ အဲဒါ တကယ်လား"
ထိုမိန်းကလေးငယ်လေးက သူမ၏ ဝိုင်းစက်နေသည့် မျက်နှာလေးကို မော့ပြီး တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
"လက်ထပ်ချင်တာ မဟုတ်ဘူး၊ သူ့ကို ကျွန်မတို့အိမ်ကို လိုက်လာစေချင်တာပါ၊ ဒါက နည်းနည်းတော့ ရိုင်းရာကျမှန်း သိပေမယ့် သူ့ကို ယောင်မိသားစုဆီမှာ အိမ်ပါသားမက်အဖြစ် လာနေဖို့ အစ်မ ခွင့်ပြုပေးနိုင်မလားလို့ မေးပါရစေ၊ ကျွန်မတို့ သူ့ကို အကောင်းဆုံး ဆက်ဆံပါ့မယ်၊ အစ်မ စိတ်ချပါ"
စုန့်တင်းရှန်းက စားပွဲကို လက်ချောင်းလေးများဖြင့် ခေါက်နေရင်း ရုတ်တရက် ပြန်မေးလိုက်သည်။
"ယောင်မိန်းကလေး... မင်းက ငါ့မောင်လေးအပေါ် တကယ်ရော စိတ်ခံစားမှု ရှိရဲ့လား"
ယောင်စစ်ချီက အံ့သြသွားပုံရပြီး ချက်ချင်း မျက်နှာလေး နီမြန်းသွားကာ အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်။
စုန့်တင်းရှန်းက ထပ်ပြောလိုက်ပြန်သည်။
"အိမ်ပါသားမက်ဆိုတဲ့ အသုံးအနှုန်းက သူ့အတွက် အရမ်းရှက်စရာကောင်းတယ်လို့ မင်း မထင်ဘူးလား၊ သူက အရည်အချင်းရှိပြီး မိသားစုကို ထောက်ပံ့နိုင်တယ်၊ ငွေကြေးလည်း မချို့တဲ့ဘူး၊ ပန်းထိုးဘောလုံးတစ်လုံးအတွက်နဲ့ သူ မင်းတို့ မိသားစုထဲကို လက်ထပ်ဝင်နိုင်မယ်လို့ မင်း ထင်နေတာလား၊ ဒီတောင်းဆိုမှုက များလွန်းနေပြီ မဟုတ်ဘူးလား"
ထိုစကားက ယောင်စစ်ချီ၏ မျက်နှာကို ချက်ချင်း ဖြူဖျော့သွားစေခဲ့သည်။
အခန်း ၁၀၀ အပိုဆောင်းဇာတ်လမ်း (၅)
ယောင်စစ်ချီက သူမ၏နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း စုန့်တင်းရှန်းကို ပြန်ပြောလိုက်သည်။
"ကျွန်မ အရာအားလုံးကို သေချာမစဉ်းစားခဲ့မိဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် ကျွန်မမှာ တခြားနည်းလမ်း မရှိတော့လို့ပါ၊ ကျွန်မမိဘတွေမှာ ကျွန်မတစ်ယောက်တည်းပဲ ရှိတာ၊ သူတို့ ပင်ပင်ပန်းပန်း စုဆောင်းထားခဲ့တာတွေ တခြားသူလက်ထဲ ရောက်သွားမှာမျိုး ကျွန်မ လုံးဝ မမြင်ချင်ဘူး၊ အဲဒါကြောင့်..."
"ဒါပေမယ့် နင်က အဲ့ဒါတွေအတွက် တိုက်ခိုက်နေခဲ့တာကို ငါ လုံးဝ မမြင်ရဘူး"
စုန့်တင်းရှန်းက သူမကို အေးစက်စွာ ကြည့်နေရင်း ထပ်ပြောလိုက်သည်။
"ငါ မြင်နေရတာကတော့ နင် အလျှော့ပေးလိုက်လျောနေပြီး သူတို့ရဲ့တောင်းဆိုချက်တွေကို ခွင့်ပြုနေတာပဲ"
ယောင်စစ်ချီက အသက် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ယောက်သာ ဖြစ်ပြီး ထိုစကားက သူမကို ပျာပျာသလဲ ဖြစ်သွားစေသည်။
"ကျွန်မ ပြန်တိုက်ခိုက်ခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်မက သမီးမိန်းကလေးတစ်ယောက် ဖြစ်နေလို့... ကျွန်မ..."
"မိန်းကလေး ဖြစ်တာနဲ့ ဘာဆိုင်လို့လဲ၊ နင့်မိဘတွေ နင့်ဘက်မှာ ရှိနေသရွေ့ သမီးဆိုရင်တော် မိသားစုလုပ်ငန်းကို ဦးစီးနိုင်တယ်၊ နင် အမြဲတမ်း အလျှော့ပေးနေလို့သာ သူတို့က ပန်းထိုးဘောလုံးပစ်ပြီး ဖူးစာရှာခိုင်းတဲ့အထိ နင့်ကို ဖိအားပေးရဲကြတာပေါ့၊ အခု နင် ငါ့မောင်လေးနဲ့အတူ လိုက်လာတာကလည်း နင် ထမ်းဆောင်ရမယ့် တာဝန်တွေကို ရှောင်လွှဲပြီး နင့်အစား ဖိအားတွေကို ရင်ဆိုင်ပေးမယ့်သူ ရှာချင်တာသက်သက်ပဲ၊ ဒါပေမယ့် နင်သာ ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်ရင် လူတစ်ယောက် မဟုတ်ဘူး၊ လူဆယ်ယောက် ရှာရင်တောင် နင်တို့ရဲ့မိသားစုလုပ်ငန်းက နင့်လက်ထဲမှာ မကျန်ခဲ့နိုင်ဘူး"
စုန့်တင်းရှန်းက မတ်တတ်ရပ်လိုက်ပြီး သူမ၏စကားကို လက်စသတ်လိုက်သည်။
"မင်း သေသေချာချာ ပြန်စဉ်းစားလိုက်ဦး၊ ငါတို့ စုန့်မိသားစုက ယောက်ျားတွေကတော့ တခြားအိမ်ကို အိမ်ပါသားမက် အနေနဲ့ လိုက်နေမှာ မဟုတ်ဘူး"
ယောင်စစ်ချီက သူမ၏နှုတ်ခမ်းလေးကို ပြင်းပြင်းထန်ထန် ကိုက်ထားပြီး သူမ၏မျက်ဝန်းလေးများကလည်း နီရဲနေသည်။ စုန့်တင်းရှန်း အခန်းထဲမှ ထွက်သွားချိန်တွင် သူမ ရှိုက်ကြီးတငင် ငိုချလိုက်တော့သည်။
"စုန့်ဟူထောင်.... မင်းက တကယ့်ကို ငတုံးပဲ၊ ငါ မင်းကို ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး"
စုန့်တင်းရှန်းက စိတ်ပျက်လက်ပျက်ဖြင့် စုန့်ဟူထောင်၏ နဖူးကို လက်ညှိုးဖြင့် ထိုးကာ ဆူပူနေသည်။
"မင်း အပြင်ကို ထွက်လည်ချင်တယ်၊ ဗဟုသုတရှာချင်တယ်ဆိုလို့ ငါ အမေ့ကို ဝိုင်းပြီး နားချပေးခဲ့တာလေ၊ ဒါပေမယ့် မင်း ဘာလုပ်ခဲ့လဲ၊ ဒီလောက် ကြီးမားတဲ့ အရှုပ်ထုပ်ကြီးကို ဆွဲခေါ်လာခဲ့တာလား"
စုန့်ဟူထောင်ကတော့ မြေကြီးထဲသို့ ဝင်သွားချင်စိတ် ပေါက်နေပုံဖြင့် အူကြောင်ကြောင်လေး ပြန်ပြုံးပြလာခဲ့သည်။
"ဒုတိယအစ်မ... ကျွန်တော်ရဲ့ ချစ်ရတဲ့ အစ်မရယ်၊ ကျွန်တော့်ကို မဆူပါနဲ့တော့၊ ကျွန်တော်လည်း ဒီလိုဖြစ်လာမယ်လို့ တခါမှတောင် မမျှော်လင့်ထားမိဘူး၊ ကျွန်တော်တို့ဆီမှာ ဒီလိုပွဲမျိုးတွေ ရှားပါးတော့ အသစ်အဆန်းအနေနဲ့ ကြည့်ချင်ရုံသက်သက်ပါ"
"ကဲ... ဒါဆို အခု ဘယ်လိုလုပ်ကြမလဲ"
စုန့်တင်းရှန်းက ထိုင်ခုံတွင် ဝင်ထိုင်ရင်း စုန့်ဟူထောင်ကို စိုက်ကြည့်ကာ ဒေါသထွက်နေပြန်သည်။
"အရင်ဆုံး ပြောစမ်းပါဦး၊ မင်း အဲဒီမိန်းကလေးအပေါ် ဘယ်လိုသဘောထားလဲ"
စုန့်ဟူထောင်က ရှက်ကိုးရှက်ကန့်ဖြင့် ခေါင်းကို ကုတ်ရင်း ပြန်ဖြေလိုက်သည်။
"အစတုန်းကတော့ ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်မိတာပေါ့၊ ဒါပေမယ့် နောက်ပိုင်းကျတော့ ယောင်မိန်းကလေးက လူကောင်းတစ်ယောက်မှန်း သိလာရတယ်၊ သူလည်း အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်၊ ဘာပဲဖြစ်ဖြစ် ဒုတိယအစ်မလို ထက်မြက်တဲ့သူက များများစားစား မရှိဘူး၊ သူ ပြောပြတာက သူ့မှာ အစ်ကိုတစ်ယောက် ရှိခဲ့ဖူးတယ်တဲ့၊ အဲ့တုန်းက သူ့အစ်ကိုက မိသားစုလုပ်ငန်းကို ဦးစီးပေးမယ်လို့ သူတို့ မျှော်လင့်ထားခဲ့ကြတာ၊ ဒါပေမယ့် သူ့အစ်ကိုက အပြင်ဘက်ကို ငွေသွားသိမ်းရင်း ဓားပြတွေနဲ့ တိုးခဲ့တယ်လို့ ပြောတယ်၊ ပြီးတော့ ပြန်ရောက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ဆုံးပါးသွားတယ်"
ထိုစကားက စုန့်တင်းရှန်း၏မျက်လုံးများကို ကျဥ်းမြောင်းသွားစေပြီး ချက်ချင်း ပြန်မေးလိုက်သည်။
"ဒါဆိုရင် နင် စဉ်းစားကြည့်ဖူးလား၊ သူ့အစ်ကိုက တကယ်ပဲ ဓားပြတွေနဲ့ တိုးခဲ့တာလား၊ ဒါမှမဟုတ် တခြားတစ်ခုခုလား၊ အဲဒီလို မိသားစုတွေက စည်းစိမ်ဥစ္စာအတွက် ဘာမဆို လုပ်တတ်ကြတာမျိူးနော်၊ ဓားပြတွေကိုရော... ဖမ်းမိခဲ့လား"
"သူတို့ပြောတာတော့ ဘာမှမသိတဲ့ အဆင့်နိမ့် လက်ပါးစေအနည်းငယ်ကိုပဲ ဖမ်းမိခဲ့တယ်တဲ့၊ အစတုန်းကတော့ ကျွန်တော်လည်း သိပ်မစဉ်းစားမိဘူး၊ ဒါပေမယ့် ယောင်မိန်းကလေးက သူ့အစ်ကိုအကြောင်း ပြောပြတော့မှ ကျွန်တော်လည်း အဲ့ဒီလို တွေးမိလာတာ၊ တခြားဆွေမျိုးတွေက ယောင်မိသားစုရဲ့ စည်းစိမ်ကို မက်မောပြီး ဒီလို အဖြစ်ဆိုးတွေ ဖန်တီးခဲ့တာလားလို့ ကျွန်တော် တွေးခဲ့မိတယ်၊ အစကတော့ ကျွန်တော်လည်း အဲ့ကိစ္စတွေနဲ့ မပတ်သက်ချင်ဘူး၊ ဒါပေမယ့် ယောင်မိန်းကလေးက အရမ်းသနားဖို့ ကောင်းနေတာကို မြင်ရတော့..."
စုန့်တင်းရှန်းက လှောင်ပြောင်သံဖြင့် ထပ်ပြောလိုက်သည်။
"သူ့အစ်ကိုကို တစ်ယောက်ယောက်က လုပ်ကြံခဲ့တယ်၊ အဲ့ဒါတောင် သူက တရားခံရှာဖို့ မကြိုးစားဘဲ အခုလိုမျိုး ပန်းထိုးဘောလုံးပစ်ပြီး အတင်းအကျပ် အိမ်ထောင်ပြုခိုင်းတာကို လက်ခံနေတယ်ပေါ့၊ ဒီမိန်းကလေးက ဘယ်လိုလူလဲဆိုတာ ငါလည်း အတပ်မပြောနိုင်သေးဘူး၊ ဒါပေမယ့် မင်းသာ သူ့ကို တကယ်လက်ထပ်မယ်ဆိုရင်တော့ မိသားစုလုပ်ငန်းကို ထိန်းသိမ်းဖို့နဲ့ အဲဒီဝံပုလွေတစ်အုပ်ကို ဟန့်တားဖို့ မင်း အစွမ်းကုန် ကြိုးစားရလိမ့်မယ်၊ အဲ့လိုမဟုတ်ဘဲ ဒီအတိုင်း ဆက်အလျှော့ပေးနေသရွေ့တော့ သူတို့မိသားစုရဲ့ပိုင်ဆိုင်မှုတွေအားလုံး လွင့်စင်သွားမှာပဲ၊ စုန့်ဟူထောင်... မင်း အခု အသက် ဆယ့်ရှစ်နှစ် ရှိနေပြီ၊ သေသေချာချာ စဉ်းစားရမယ့်အရွယ်ကို ရောက်နေပြီ”
"အစ်မ... ဒုတိယအစ်မ"
စုန့်ဟူထောင်က စုန့်တင်းရှန်း၏လက်မောင်းကို အတင်းဆွဲထားပြီး အသနားခံနေခဲ့သည်။
"ဒုတိယအစ်မ... အစ်မက အရမ်းတော်တာလေ၊ အစ်မရဲ့ အရည်အချင်းနဲ့ဆိုရင် သူ့ကို ကူညီနိုင်မှာ သေချာပါတယ်၊ ဟုတ်တယ်မလား"
"ငါက ဘယ်လို လုပ်ပြီး သူ့ကို ကူညီပေးနိုင်မှာလဲ၊ ငါတို့က တောင်နဲ့မြောက် ဒီလောက် အဝေးကြီး နေနေကြတာလေ၊ ပြီးတော့ ငါက ပိုးထည်နဲ့ ပိုးမွေးတဲ့လုပ်ငန်းတွေအကြောင်းလည်း ကောင်းကောင်းနားမလည်ဘူး၊ မင်းက ဘာလို့ ငါ ကူညီနိုင်မယ်လို့ ဒီလောက် တထစ်ချယုံကြည်နေရတာလဲ၊ မင်း သူ့ကို အစကတည်းက မင်းအနားမှာ ဒီလောက်အထိ တွယ်ကပ်မနေခိုင်းသင့်ဘူး၊ စုန့်ဟူထောင်... မင်း ငါ့ကို တိကျတဲ့ အဖြေတစ်ခုပေး၊ တကယ်လို့ မင်း သူ့ကို တကယ်လက်ထပ်ချင်တယ်ဆိုရင် ငါ သဘောတူပေးနိုင်တယ်၊ ဒါပေမယ့် လက်ထပ်ပြီးရင်တော့ နင် ငါ့စကားကို နားထောင်ရမယ်၊ အဲဒီလိုမှ မဟုတ်ရင်တော့ ငါ့ဆီကနေ ဘာအကူအညီမှ မမျှော်လင့်နဲ့တော့"
"ဒုတိယအစ်မ... အစ်မ တကယ်သဘောတူတာလား၊ မဟုတ်ဘူး၊ မဟုတ်ဘူး... ကျွန်တော် သူတို့အိမ်ကို အိမ်ပါသားမက်အဖြစ် မလိုက်ချင်ဘူး၊ ဒါပေမယ့် ကျွန်တော် ယောင်မိန်းကလေးကို တကယ် သဘောကျမိသွားပြီဆိုတာကလည်း သေချာနေပြန်တယ်"
စုန့်ဟူထောင်က စုန့်တင်းရှန်းကို အားကိုးတကြီး အသနားခံသည့် မျက်နှာအမူအရာဖြင့် လှမ်းကြည့်နေသည်။
စုန့်တင်းရှန်းက သူမ မောင်ဖြစ်သူကို အလွန်အကျွံ အလိုလိုက်ခဲ့မိပြီး သူ အနည်းငယ် စည်းကမ်းမဲ့လာပြီဟု ခံစားလိုက်ရသည်။
‘ဘာအားစိုက်ထုတ်မှုမှ မလိုဘဲ ဘဝကို ချောချောမွေ့မွေ့ ဖြတ်သန်းခဲ့ရတော့ ဟူထောင်က ပေါ့ပေါ့ဆဆနဲ့ ထိန်းချုပ်မှုကင်းမဲ့သလို ဖြစ်လာပြီ၊ အခုကိစ္စကနေ သူ နည်းနည်းလောက် သင်ခန်းစာရသွားရင်လည်း ကောင်းတာပါပဲ၊ အရင်းအနှီးကြီးမယ်ဆိုရင်တောင် အဲ့ဒါတွေက ငါ ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ ရှိနေဦးမှာပါ’
‘တကယ်တော့ ယောင်မိသားစုရဲ့ ရှင်သန်ခြင်းနဲ့ ပျက်စီးခြင်းဆိုတာကလည်း ငါနဲ့မှ တိုက်ရိုက်မဆိုင်တာ၊ ငါက နတ်ဘုရားလည်း မဟုတ်သလို သူတော်စင်လည်း မဟုတ်ဘူးလေ၊ ငါ့အိမ်တခါးဝမှာ ရှိနေတဲ့ ကိုယ်ပိုင်အလုပ်ကိစ္စတွေကိုတောင် အနိုင်နိုင် စီမံနေရတာ၊ စူးကျိုးက အရှုပ်အထွေးတွေကို လှမ်းပြီး ဝင်ပါဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ ငါ လက်လှမ်းမီတဲ့ နေရာလည်း မဟုတ်ဘူး။’
"အခုတော့ မင်း ငါနဲ့အတူ အိမ်ကို ပြန်လိုက်ခဲ့၊ သူ့ကို ဒီမှာ ရက်အနည်းငယ်လောက် တစ်ယောက်တည်း ချန်ထားလိုက်၊ သူ တကယ်တွေးနေတာက ဘာလဲဆိုတာ ငါတို့ စောင့်ကြည့်ရမယ်"
စုန့်တင်းရှန်းက သက်ပြင်းချလိုက်ပြီး စုန့်ဟူထောင်ကို ခက်ခက်ထန်ထန် တစ်ချက်စိုက်ကြည့်ကာ အခန်းထဲမှ ထွက်သွားခဲ့သည်။
ယောင်စစ်ချီက သူမ၏ အစေခံမလေး လျန်အာကို ကြည့်နေပြီး ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာကာ မေးလိုက်ပြန်သည်။
"လျန်အာ... ငါ မှားသွားတယ်လို့ နင် ထင်လား၊ တကယ်လို့ ငါ့အစ်ကိုအစား ငါသာ သေသွားခဲ့ရင် အခြေအနေတွေက ဒီထက် ပိုကောင်းနေမှာလား"
သူမ၏ သခင်မလေးအတွက် စိတ်မကောင်းဖြစ်ရသည့် လျန်အာက အမြန် နှစ်သိမ့်ပေးလိုက်သည်။
"သခင်မလေး... အဲဒီလိုတွေ မတွေးပါနဲ့၊ သခင်မလေးရဲ့ ဦးလေးတွေနဲ့ အဲဒီဆွေမျိုးတွေက ဝံပုလွေတွေလို ရက်စက်ကြတာလေ၊ သခင်လေး ဓားပြတွေနဲ့ တိုးခဲ့တဲ့ကိစ္စကလည်း လုံးဝ မတော်တဆ မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ တိုက်ဆိုင်မှုတွေ ရှိနိုင်မှာလဲ၊ ပုံမှန်ဆို သခင်လေးမှာ သက်တော်စောင့်တွေ အများကြီး ရှိတယ်၊ ဒါပေမယ့် အဲဒီနေ့က သခင်လေး အရမ်းအလျင်လိုနေလို့၊ လူနည်းနည်းပဲ ခေါ်သွားတယ်တဲ့၊ အဲဒီနေ့မှာပဲ ဓားပြတွေနဲ့ တိုးမိတယ်။ ထပ်ပြီး တွေးနိုင်တာက သစ္စာဖောက်က သက်တော်စောင့်တွေထဲမှာတောင် ရှိနိုင်တယ်၊ ပြီးတော့ သခင်လေး ဘာကြောင့် သင့်တော်တဲ့ အစောင့်အရှောက် မပါဘဲ အလျင်စလို အပြင်ထွက်လဲဆိုတာတောင် သူတို့ မရှင်းပြနိုင်ကြဘူး၊ ဒါပေမယ့် သခင်မလေး... အဲ့ဒီသခင်လေးစုန့်က သခင်မလေးဘက်က ရပ်တည်ပေးခဲ့ရင်.... သူ အိမ်ပါသားမက် လုပ်ဖို့ သဘောတူတယ်ပဲ ထားပါတော့၊ တစ်ခုခု မှားယွင်းသွားလို့ သူက အဲဒီဆွေမျိုးတွေကို မကိုင်တွယ်နိုင်ဘူးဆိုရင် ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ"
"ငါ တကယ်ပဲ အရမ်းရိုးအလွန်းခဲ့မိတယ်"
ယောင်စစ်ချီက ဝမ်းနည်းစွာဖြင့် သူမ၏ နဖူးလေးကို အုပ်ကာ ရေရွတ်နေပြန်သည်။
"အစတုန်းကတော့ အဲဒီလူတွေ ငါ့ကိုပဲ ဒုက္ခပေးဖို့ စီစဉ်ကြမယ်လို့ ငါ တွေးနေခဲ့တာ၊ ဒါပေမယ့် အခုတော့ သခင်လေးစုန့်သာ ငါနဲ့အတူ ပြန်လိုက်လာပြီး တစ်ခုခု ဖြစ်သွားခဲ့ရင် အဲဒါက ငါ့အမှား ဖြစ်သွားလိမ့်မယ်၊ စုန့်သခင်မ ပြောတာ မှန်တယ်၊ ငါ ကိုယ်တိုင် မရပ်တည်နိုင်လို့ သူများဆီက အမြဲအကူအညီ လိုက်တောင်းနေမိတာ ငါ့အမှားပဲ"
"သခင်မလေး"
လျန်အာက သခင်မလေးကို မည်သို့နှစ်သိမ့်ရမှန်း မသိတော့ဘဲ ယောင်စစ်ချီနှင့်အတူ တိတ်တဆိတ် မျက်ရည်ကျနေလေသည်။
သခင်နှင့် အစေခံနှစ်ဦးသား ဝေ့ခရိုင်၌ ပထမဆုံးညကို စိုးရိမ်ပူပန်မှုဖြင့် ကုန်ဆုံးခဲ့ကြသည်။ နောက်တစ်နေ့တွင် ယောင်စစ်ချီက အသက်ပြင်းပြင်းရှူလိုက်ပြီး အပြင်သို့ ထွက်လာကာ စုန့်ဟူထောင် နေထိုင်သည့် အခန်းဆီကို ဦးတည်လိုက်သည်။
သူမကို မြင်သည်နှင့် အလုပ်သမားလေးက အပြုံးဖြင့် လှမ်းပြောလိုက်သည်။
"ယောင်မိန်းကလေး၊ ကျိုးသခင်မက အမှာစကားပါးခဲ့ပါတယ်၊ တကယ်လို့ မိန်းခလေး သခင်လေးစုန့်ကို တွေ့ချင်ရင် မျက်နှာချင်းဆိုင်က လက်ဖက်ရည်ဆိုင်ကို သွားလိုက်ပါတဲ့၊ သူ အဲဒီမှာ စောင့်နေပါလိမ့်မယ်"
ယောင်စစ်ချီက တည်ခိုဆောင် အလုပ်သမားလေး ညွှန်ပြသည့် မျက်နှာချင်းဆိုင်မှ လက်ဖက်ရည်ဆိုင်ဆီကို လျှောက်သွားလိုက်သည်။ သူမက တံခါးဝ၌ အသက်ကို ဝအောင်ရှူပြီးမှ တံခါးကို တွန်းဖွင့်လိုက်သည်။
အထဲတွင် ထိုင်နေသူက စုန့်တင်းရှန်း ဖြစ်နေပြီး ကျန်းကျူးက သူမ၏နောက်၌ မတ်တပ်ရပ်နေသည်။ သူမတို့က ယောင်စစ်ချီကို အပြုံးဖြင့် ကြိုဆိုလိုက်ကြသည်။
ယောင်စစ်ချီက စုန့်တင်းရှန်းကိူ ဦးညွတ်ဂါရဝပြုပြီး တောင်းပန်လိုက်သည်။
“ကျိုးသခင်မ၊ ကျွန်မ တစ်ညလုံး စဉ်းစားခဲ့ပြီး ကျွန်မရဲ့ အမှားကို နားလည်သွားပါပြီ၊ ကျွန်မတို့ ယောင်မိသားစုက ဝံပုလွေတွင်းလို ဖြစ်နေတာပါ၊ အပြစ်မရှိတဲ့လူတစ်ယောက်ကို ခေါ်သွားပြီး သူ့ဘဝကို ဖျက်ဆီးတာမျိုး ကျွန်မ မလုပ်သင့်ပါဘူး၊ အရင်ကတော့ ကျွန်မ တော်တော်ရိုးရိုးရှင်းရှင်း တွေးခဲ့မိတာပါ၊ တစ်ယောက်ယောက်ကို လက်ထပ်ပြီး ကလေးရတာနဲ့ သူတို့က ကျွန်မတို့ကို လွှတ်ပေးလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့မိတယ်၊ ဒါပေမယ့် အခုတော့ ကျွန်မ သိပါပြီ... ကျွန်မက အမှန်တရားကို ရှောင်လွှဲချင်နေပြီး လက်တွေ့ဘဝကနေ ထွက်ပြေးနေမိတာပါ၊ အဲ့ဒါကြောင့်လည်း ဖြစ်နိုင်ခြေတွေကို လျစ်လျူရှုဖို့ ရွေးချယ်ခဲ့မိတယ်၊ တကယ်လို့ ကျိုးသခင်မသာ ကျွန်မကို သတိမပေးခဲ့ရင် ကျွန်မ..."
စုန့်တင်းရှန်းက ညင်ညင်သာသာ ခေါင်းညိတ်ပြရင်း ပြန်ပြောလိုက်သည်။
"တကယ်တော့ ငါ့မှာလည်း နင့်ရဲ့ကိစ္စတွေကို ဝင်စွက်ဖက်ဖို့ အကြောင်းပြချက် မရှိပါဘူး၊ ဒါပေမယ့် အခု ဒါက ငါ့မောင်လေးနဲ့ သက်ဆိုင်နေတယ်၊ မနေ့က ငါ သူ့ကို မေးကြည့်တော့ သူက နင့်ကို တကယ်သဘောကျနေတာပဲ၊ ဒါပေမယ့် ဒီနှစ်သက်မှုကနေ နောင်တနဲ့ အာဃာတတွေတော့ မဖြစ်လာစေချင်ဘူး၊ တကယ်လို့ နင် ငါ ပြောတာကို သဘောတူတယ်ဆိုရင်တော့ နင့်မိသားစုဆီကို စာရေးလိုက်ပါ၊ ပြီးရင် နင် ဒီမှာပဲ နေပြီး ငါ့မောင်လေးနဲ့ လက်ထပ်လိုက်၊ နင်တို့ လက်ထပ်ပြီးရင် နင်တို့ ဘေးကင်းကင်းနဲ့ အိမ်ပြန်နိုင်ဖို့ ငါ စီစဉ်ပေးမယ်၊ နင် အိမ်ပြန်ရောက်ပြီး ဘာတွေလုပ်တယ်ဆိုတာကိုတော့ ငါ ဝင်စွက်ဖက်မှာ မဟုတ်ဘူး၊ ငါ့မောင်လေးကိုလည်း ဝင်စွက်ဖက်ခိုင်းမှာ မဟုတ်ဘူး"
"ကျိုးသခင်မက ဘာကို ဆိုလိုတာလဲဟင်"
ယောင်စစ်ချီတစ်ယောက် အံ့အားသင့်နေပြီး နားလည်ရခက်နေပုံရသည်။
"ငါ့မောင်လေးအတွက် သူ တကယ်သဘောကျတဲ့သူကို တွေ့ဖို့ဆိုတာ ခဲယဉ်းတယ်၊ အစ်မတစ်ယောက်အနေနဲ့ ငါက စစ်မှန်တဲ့အချစ်ကို တားဆီးဖို့ လုံးဝ မလိုလားဘူး၊ ဒါပေမယ့် ငါ ရှင်းရှင်းလင်းလင်း ပြောထားမယ်၊ ငါ နင့်ကို အပြည့်အဝ အကာအကွယ် ပေးနိုင်တယ်၊ ဒါပေမယ့် နင့်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ ငါတို့ တစ်ပြားတစ်ချပ်မှ မထိဘူး၊ အဲ့ဒါကို နင် ကိုင်တွယ်နိုင်မလား၊ ဒါမှမဟုတ် ဒီမှာပဲ အခြေချပြီး ဘဝကို တည်ဆောက်မလားဆိုတာကတော့ နင့်အပေါ်မှာပဲ မူတည်တယ်"
ယောင်စစ်ချီ၏နှုတ်ခမ်းများက တုန်ရင်နေပြီး သူမ ပြုံးပြချင်နေသော်လည်း မပြုံးနိုင်ရှာပေ။ သူမက ရုတ်တရက် စီးကျလာသော မျက်ရည်များကို အမြန်သုတ်လိုက်ပြီး ပြန်ပြောလိုက်သည်။
“အမှန်တော့ ဒါတွေ မလိုအပ်တော့ပါဘူး၊ ကျွန်မတို့ မိသားစုရဲ့ အရှုပ်အထွေးတွေက... သခင်လေးစုန့် ပြောပြလို့ ကျိုးသခင်မ သိပြီးသား ဖြစ်လောက်မှာပါ၊ ကျွန်မမှာ အစ်ကိုတစ်ယောက် ရှိခဲ့ဖူးတယ်၊ ကျွန်မအစ်ကို သေဆုံးမှုအတွက် သူတို့မှာ တာဝန်ရှိတယ်လို့ ကျွန်မ အမြဲသံသယရှိခဲ့တယ်၊ ဒါပေမယ့် ကျွန်မတို့အားလုံးက ယောင်မိသားစုဝင်တွေ ဖြစ်နေလို့ ကျွန်မ မပြောရဲခဲ့ဘူး၊ ဒါပေမယ့် သခင်လေးစုန့်သာ ပါဝင်လာရင်တော့... ကျွန်မ သူ့ကို ဒီလိုဝန်ထုတ်ဝန်ပိုးတွေ မပေးရက်တော့ပါဘူး၊ ကျွန်မ တောင်းပန်ပါတယ်”
ထိုအခိုက်အတန့်တွင် ကပ်လျက်အခန်း၏ တံခါးက ဝုန်းခနဲ ပွင့်သွားပြီး စုန့်ဟူထောင်က ထိုအခန်းထဲမှ ခုန်ထွက်လာသည်။ သူက ယောင်စစ်ချီကို ရှက်ပြုံးဖြင့် ကြည့်နေပြီး အလောတကြီး လှမ်းပြောလိုက်သည်။
"ယောင်မိန်းကလေး... မင်း ကျွန်တော့်ကို တကယ်သဘောကျတယ်ဆိုရင် ကျွန်တော့်ကို တစ်ကြိမ်လောက် ယုံကြည်ပေးပါ၊ မင်းတို့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ကျွန်တော် ကာကွယ်ပေးနိုင်မယ်လို့ ကတိမပေးနိုင်ပေမယ့် မင်းရဲ့ ဘေးကင်းမှုကိုတော့ ကျွန်တော် အာမခံနိုင်ပါတယ်"
စုန့်တင်းရှန်းကတော့ အထင်သေးဟန်ဖြင့် နှာမှုတ်လှောင်ပြောင်လိုက်သည်။
စုန့်ဟူထောင်ကလည်း အစ်မဖြစ်သူကို အမြန် လှမ်းချော့လိုက်သည်။
"တကယ်တော့ ဒါက ကျွန်တော့်ရဲ့ အရည်အချင်းကြောင့်တော့ မဟုတ်ပါဘူး၊ ကျွန်တော့်အစ်မ.... ကျွန်တော့်ရဲ့ ဒုတိယအစ်မကြောင့်ပါ၊ ကျွန်တော် ဒီခရီးစဉ်တစ်လျှောက်လုံး မင်းကို မပြောပြမိခဲ့ဘူး၊ ကျွန်တော့်ရဲ့ ဒုတိယအစ်မက ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ခန့်အပ်ထားတဲ့ ဝေ့နဉ်မင်းသမီးပါ၊ ပြီးတော့ ယောက်ဖကလည်း စစ်သူကြီးတစ်ယောက်၊ မင်းတို့မိသားစုက ကျွန်တော့်ကို ဘယ်လိုမှ မထိရဲပါဘူး၊ ကျွန်တော့်ကို မထိရဲမှတော့ မင်းကိုလည်း မထိရဲတော့ဘူးပေါ့၊ မင်းနဲ့ မင်းမိဘတွေကို ကျွန်တော် စောင့်ရှောက်ပေးပါ့မယ်၊ ကျန်တဲ့ကိစ္စတွေကတော့ ကျွန်တော်လည်း နားမလည်လို့ ဝင်မပါပေးနိုင်ဘူး"
ယောင်စစ်ချီက စုန့်ဟူထောင်ကို မယုံနိုင်သလို စိုက်ကြည့်နေပြီးမှ စုန့်တင်းရှန်းကို ကြည့်လိုက်ပြန်သည်။ နောက်ဆုံးတွင် သူမက ရုတ်တရက် ဒူးထောက်ချလိုက်သည်။
"မင်း... မင်းသမီး... ကျွန်မ.... ကျွန်မ ရိုင်းပြမိပါတယ်၊ သခင်လေးစုန့်က အထက်တန်းလွှာ သခင်လေးတစ်ယောက်မှန်း သိပေမယ့် သူက အကြီးဆုံးသား မဟုတ်ဘူးလို့ ပြောတော့ ကျွန်မ...တောင်းပန်ပါတယ်၊ ကျွန်မ မှားသွားပါတယ်"
စုန့်တင်းရှန်းက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"အရင်ကတော့ တကယ်ပဲ နင် မှားခဲ့တာ၊ ဒါပေမယ့် အခြေအနေတွေက ဒီလို ဖြစ်လာခဲ့ပြီ၊ ငါ့မောင်လေးကလည်း နင့်ကို တကယ်သဘောကျသွားပြီဆိုတော့ နင် ဘာမှ စိတ်မပူနဲ့တော့၊ ဘာပဲဖြစ်ဖြစ် နင်တို့နှစ်ယောက်ရဲ့ အနာဂတ်ကို နင်တို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာ၊ တကယ်လို့ အဆင်မပြေခဲ့ရင်လည်း နင်တို့ ဝေ့ခရိုင်ကို ပြန်လာပြီး အေးအေးဆေးဆေး နေနိုင်အောင် ငါ အတတ်နိုင်ဆုံး ကူညီပေးမှာပါ"
"ဝေ့ခရိုင်ကို ပြန်လာရမှာလား"
ယောင်စစ်ချီက အဓိကအချက်ကို ထပ်ကြားလိုက်ရပြီး စုန့်တင်းရှန်းကို မော့ကြည့်ကာ ပြန်မေးလိုက်သည်။
"မင်းသမီးက ဘာကို ပြောချင်တာလဲဟင်"
"နင် သူ့နဲ့ လက်ထပ်လို့ ရတယ်၊ ဒါက သာမန်မင်္ဂလာပွဲပဲ၊ သူ အိမ်ပါသားမက်အဖြစ် ဝင်လာမှာ မဟုတ်ဘူး၊ ဒါပေမယ့် သူ စူးကျိုးကို လိုက်လာပြီး အဲ့မှာ အခြေချလိမ့်မယ်၊ သူ့ဘာသာသူ သူ့အလုပ်ကို လုပ်လိမ့်မယ်၊ တကယ်လို့ နင်တို့မှာ သားသမီးတွေ ရလာရင် သားတစ်ယောက်ကို 'ယောင်' မျိုးရိုးအဖြစ် ဆက်ခံခွင့်ပေးဖို့ ငါတို့ ခွင့်ပြုပေးမယ်၊ ကျန်တာတွေကတော့ နင်တို့ရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်"
ယောင်စစ်ချီတစ်ယောက် ဤမျှလောက်ကြီးမားသော ကံကောင်းမှုကြီး သူမဆီ ရောက်လာလိမ့်မည်ဟု တစ်ခါမျှမတွေးခဲ့ဘဲ မယုံနိုင်အောင် ဖြစ်နေခဲ့သည်။ သူမ အလွန်ဝမ်းသာနေပြီး တုန်ရင်နေကာ နောက်ဆုံးတွင် စိတ်လှုပ်ရှားမှု ပြင်းထန်လွန်းသောကြောင့် မေ့လဲသွားရသည်။
ယောင်စစ်ချီ၏ဖခင်ကလည်း သမီးဖြစ်သူဆီမှ စာကို ရရချင်း အစပိုင်းတွင် ဒေါသထွက်နေကာ သူမအတွက် စိတ်မကောင်း ဖြစ်နေခဲ့သည်။
‘သမီးလေးကို ဒီလိုအခြေအနေမျိုးထဲ တွန်းပို့မိလိုက်ပြီ၊ အားလုံးက ငါ အသုံးမကျလို့ပဲ’
သို့သော် စာ၏ နောက်ဆုံးအပိုင်းကို ဖတ်လိုက်ရချိန်တွင် သူ မှင်သက်သွားပြီး ပါးစပ်ကြီး အဟောင်းသားဖြစ် သွားရသည်။ ခဏအကြာတွင် အကျယ်ကြီး အော်ဟစ်လိုက်သည်။
"မိန်းမရေ... မိန်းမ၊ ငါတို့ ကယ်တင်ခံရပြီ၊ ငါတို့ မိသားစု ကယ်တင်ခံရပြီကွ"
ဆွေမျိုးသားချင်းများ၏ အဘက်ဘက်မှ ဖိအားပေးမှု၊ သားဖြစ်သူကို ဆုံးရှုံးလိုက်ရသည့် နာကျင်မှုနှင့် တစ်ဦးတည်းသော သမီးငယ်ပါ ထွက်ပြေးတိမ်းရှောင်နေရသည့် အခြေအနေများကြောင့် ယောင်စစ်ချီ၏မိခင်က နေ့စဉ်နှင့်အမျှ မျက်ရည်ဖြင့် မျက်နှာသစ်နေရရှာသည်။ သူမက ဤလောကကြီးတွင် ဆက်လက်ရှင်သန်လိုစိတ်ပင် မရှိတော့ဘဲ အမြန်ဆုံး အနားယူသွားချင်နေသူ ဖြစ်သည်။ သူမ ဆေးသောက်ပြီးကာစ အားအင်ချည့်နဲ့နေချိန်တွင် ခင်ပွန်းဖြစ်သူက ဝမ်းသာအားရ အော်ဟစ်လျက် အခန်းထဲသို့ ပြာပြာသလဲ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
သူမက အားမရှိသော လေသံဖြင့် လှမ်းမေးလိုက်သည်။
"ဘာဖြစ်လို့လဲ၊ စစ်ချီဆီက စာရောက်လာတာလား၊ မြန်မြန် ပြောပါဦး၊ ကျွန်မ ဒီစည်းစိမ်တွေလည်း မလိုချင်တော့ပါဘူး၊ သမီးလေးကိုပဲ ဘေးကင်းကင်းနဲ့ ပြန်လာခိုင်းလိုက်ပါတော့"
"မဟုတ်ဘူး ရှင်မ၊ ဒါကို ကြည့်လိုက်ဦး"
ယောင်စစ်ချီ၏ဖခင်က တုန်ရင်နေသော လက်များဖြင့် စာကို လှမ်းပေးရင်း ထပ်ပြောလိုက်သည်။
"ဒါက ကံကောင်းခြင်းပဲ၊ ငါတို့မိသားစုအတွက် တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ကံကြမ္မာကောင်းတစ်ခု ရောက်လာပြီ"
စာကို ဖတ်ပြီးသည့်နောက် ယောင်စစ်ချီ၏မိခင်ကလည်း ထိုစာရွက်လေးကို သူမ၏ရင်ဘတ်နားတွင် အသာအယာ ဖိကပ်ထားရင်း ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။ အတန်ကြာမှ သူမက ပြောလာပြန်သည်။
"ပြီးခဲ့တဲ့ ဘဝတစ်ဝက်က ဒုက္ခတွေအားလုံး... ပြီးတော့ ကျွန်မတို့ရဲ့ ချင်းအာအပေါ် ပေးဆပ်ရမယ့် လက်စားချေမှုတွေ၊ ဒီကိစ္စတွေကို အပြီးအပိုင် မဖြေရှင်းနိုင်တော့ဘူးလို့ ကျွန်မ ထင်ထားခဲ့တာ၊ အခုတော့ ကျွန်မတို့ ဒီအတိုင်း အရှုံးပေးလို့ မဖြစ်တော့ဘူး၊ စိတ်ကို ပြန်တင်းထားရမယ်၊ အခု မင်းသမီးက ကျွန်မတို့ဘက်မှာ ရှိနေပြီဆိုတော့ ဘာကို ကြောက်နေရဦးမှာလဲ၊ သူတို့ကပဲ ကြောက်နေရမယ့်လူတွေ ဖြစ်သင့်တာ"
ယောင်စစ်ချီက ဝေ့ခရိုင်၌ ဆက်နေခဲ့ပြီး မင်္ဂလာပွဲကို ကျင်းပခဲ့သည်။ ဖန့်ရှီက ချွေးမအသစ်လေး ကမ်းပေးသည့် လက်ဖက်ရည်ကို သောက်လိုက်သည်။ ထို့နောက် သွားပေါ်အောင် ပြုံးရယ်နေပြီး အပျော်ကြီး ပျော်နေသည့် ဒုတိယသားကို ကြည့်ကာ အကန့်အသတ်မရှိသော စိတ်အနှောင့်အယှက်ဖြစ်မှုကို ခံစားလိုက်ရသည်။
"ငါ့ရဲ့အခြေအနေကိုလည်း ကြည့်ကြပါဦး၊ ငါ့သားက သူများအိမ်မှာ သွားနေရတော့မယ်၊ ငါ့သမီးကျတော့ ငါတို့နဲ့ အတူရှိနေတယ်၊ ငါ ကလေးတွေကိုများ မှားမွေးခဲ့မိတာလား"
သူမက ယောင်းမဖြစ်သည့် ကျန်းရှီကိုလည်း ညည်းတွားပြနေပြန်သည်။
"ကျွန်မကို ပြောပြပါဦး၊ ဘယ်လိုအခြေအနေမျိုးလဲ၊ ဒီလောက် ဝေးတဲ့နေရာကို သွားရမှာဆိုတော့... ဟူး’
ကျန်းရှီက သူမကို နှစ်သိမ့်ပေးလိုက်သည်။
"အိုက်ယား... နင် တွေးပူမနေနဲ့တော့၊ နင့်မှာ သားတွေ အများကြီး ရှိတာလေ၊ နောက်ဆုံးတော့ သူတို့အားလုံး ကြီးပြင်းလာပြီး ကိုယ်ပိုင်မိသားစုတွေ တည်ထောင်ကြရမှာပဲ၊ သူတို့ရဲ့အလုပ်အကိုင်တွေကို တည်ထောင်ကြလိမ့်မယ်၊ နင် တကယ်ပဲ သူတို့တစ်ယောက်ချင်းစီအတွက် စိတ်ပူနိုင်မယ်လို့ ထင်နေလား၊ အဲ့ဒါ့အပြင် အာ့နွီလည်း ပြောခဲ့တယ်လေ၊ ဟူထောင်က အမြဲတမ်း ဂနာမငြိမ် ဖြစ်နေတတ်ပြီး တက်ကြွတဲ့ စရိုက်ရှိတယ်၊ သူ့ကို စမ်းသပ်မှုတွေ၊ ဒုက္ခတွေကို ရင်ဆိုင်ခိုင်းဖို့ လောကကြီးထဲကို ထွက်သွားခွင့်ပြုလိုက်တာက သူ့အတွက် ကောင်းကျိုးတွေ အများကြီးဖြစ်စေလိမ့်မယ်”
"ယောင်းမကတော့ ပြောမှာပေါ့၊ နင့်သားမှ မဟုတ်တာ"
ဖန့်ရှီ၏ အသံက ဝမ်းနည်းမှုကြောင့် တုန်ယင်နေခဲ့သည်။
ကျန်းရှီကလည်း သည်းမခံဘဲ သူမ၏အသံကို မြှင့်ကာ ပြန်ပြောလိုက်သည်။
"သူက ဘာလို့ ငါ့သားမဟုတ်ရမှာလဲ၊ ဟူထောင် ကြီးပြင်းလာတာကို ငါ့မျက်စိနဲ့ မြင်ခဲ့တာ၊ နင် ကလေးမွေးပြီး အားနည်းနေတုန်းက နို့တိုက်တာကလွဲလို့ ကျန်တာ အကုန် ငါပဲ လုပ်ပေးခဲ့တာလေ၊ အခုကျမှ သူက ငါ့သားမဟုတ်ဘူး ပြောနေတာလား၊ တကယ်ဆိုရင် အဲဒီ ချွေးမအသစ်လေး တိုက်တဲ့ လက်ဖက်ရည်ကို ငါပါ သောက်သင့်တယ်"
ဖန့်ရှီက သက်ပြင်းချရင်း ပြောနေပြန်သည်။
"ကျွန်မမှာ နောက်ထပ် သားသုံးယောက် ရှိသေးတယ်၊ သူတို့ ကြီးလာရင်လည်း ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်သွားဦးမှာပဲ၊ ကျွန်မကတော့ ချွေးမတွေ မရှိလည်း သိပ်ဂရုမစိုက်ပါဘူး၊ ပြီးတော့ အာ့နွီပြောတာလည်း ဟုတ်ပါတယ်၊ ဟူထောင်က အငြိမ်မနေတတ်တဲ့သူဆိုတော့ အပြင်ထွက်ပြီး ကြိုးစားတာက သူ့အတွက် ပိုကောင်းတယ်၊ ပြီးတော့ ငါ့ကလည်း... ယောင်းမ... ကြည့်စမ်းပါဦး၊ ယောင်းမက ကိုယ့်ဘာသာ ဂုဏ်ဖော်ပြီး နေရာဝင်ယူချင်နေတာပဲ"
ကျန်းရှီတစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။ ဖန့်ရှီက အသက်ကြီးလာလေလေ ပို၍ ပေါ့ပျက်ပျက် ဖြစ်လာလေလေ ဖြစ်နေပြီး သူမ၏ သမီးဖြစ်သူ စုန့်တင်းရှန်းမှလွဲ၍ သူမကို မည်သူမျှ မထိန်းနိုင်တော့ပေ။
လီရှီကလည်း သူမကို မြင်တိုင်း ခေါင်းကိုက်ရသည်ဟု ညည်းညူလေ့ရှိပြီး အသက်ကြီးလာလေလေ အလေးအနက်မရှိလေ ဖြစ်လာပြီး ဘယ်တော့မှ အဘွားတစ်ယောက် ဖြစ်လာမည်မဟုတ်ဟု ဆူပူလေ့ရှိသည်။
စုန့်တင်းရှန်းက စုန့်ဟူထောင်ကို စူးကျိုးသို့ လွှတ်လိုက်ပြီး ပဲငံပြာရည်စက်ရုံတစ်ရုံကို ဦးစီးစေခဲ့သည်။ မြောက်ပိုင်းနှင့် တောင်ပိုင်း၏ အပူချိန်နှင့် စိုထိုင်းဆ မတူညီခြင်းကြောင့် ထွက်ရှိလာသော ပဲငံပြာရည်၏ အရသာကလည်း ကွာခြားသွားနိုင်သည်။ ထို့ကြောင့် တောင်ပိုင်းသားတို့၏ အကြိုက်ဖြစ်သော ဆားပိုပေါ့ပြီး ချိုမြိန်သော အရသာရရှိစေရန် ဈေးကွက်နှင့်ကိုက်ညီမည့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသည်။
သို့သော်လည်း တောင်ပိုင်းဈေးကွက်တွင် အောင်မြင်မှု ရ၊ မရ ဆိုသည်က မသေချာသေးပေ။ စုန့်ဟူထောင်က တာဝန်ခံအဖြစ် အတွေ့အကြုံရှိသလို ပဲငံပြာရည်နှင့်လည်း နှစ်ပေါင်းများစွာ ရင်းနှီးခဲ့သောကြောင့် သူကိုယ်တိုင် ကြိုးစားလုပ်ဆောင်လျှင်တော့ အောင်မြင်သည့်လုပ်ငန်းတစ်ခု ဖြစ်လာနိုင်သည်။
ယောင်မိသားစု၏ ပိုးထည်လုပ်ငန်းနှင့် ပတ်သက်လျှင်တော့ စုန့်တင်းရှန်းက စုန့်ဟူထောင်ကို လုံးဝ ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် သေသေချာချာ တားမြစ်ထားခဲ့သည်။ ယောင်စစ်ချီအနေဖြင့် ထိုလုပ်ငန်းအား သူမဘာသာ စီမံနိုင်လျှင် သူမအား ဆက်လုပ်ခိုင်းရန်နှင့် သူမ မထိန်းသိမ်းနိုင်တော့လျှင်လည်း တစ်မိသားစုလုံး ပဲငံပြာရည်လုပ်ငန်းကိုသာ အာရုံစိုက်ပြီး အေးအေးဆေးဆေး နေထိုင်ရန် မှာကြားလိုက်သည်။ သူမက လုပ်ငန်းတစ်ခုတည်းအတွက်နှင့် အရာအားလုံးကို ရင်းနှီးမြှုပ်နှံသည်အထိ အန္တရာယ် မဖြစ်စေရန် သတိပေးလိုက်သေးသည်။
ယောင်စစ်ချီက စူးကျိုးမှ စိုးရိမ်ပူပန်မှုများဖြင့် ထွက်ခွာလာခဲ့ရသော်လည်း ယခုပြန်လာချိန်တွင် တက်ကြွရွှင်လန်းနေပြီ ဖြစ်သည်။ သူမနှင့် စုန့်ဟူထောင်တို့က စစ်သူကြီးကျိုး စီစဉ်ပေးလိုက်သော သက်တော်စောင့်အယောက်နှစ်ဆယ်ခန့်နှင့်အတူ ပြန်ရောက်လာခဲ့ကြသည်။
ထိုသူများက စစ်မြေပြင်တွင် တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်ပြီး ယခု စစ်တပ်မှ ထွက်လာကြသော်လည်း သူတို့ထံမှ ရဲရင့်ပြတ်သားသော အရှိန်အဝါများက သိသာထင်ရှားနေဆဲပင်။ ထို့ပြင် အစေခံမနှစ်ဦး၊ အစေခံလူငယ်လေးနှစ်ဦးနှင့် ဝါရင့် ပဲငံပြာရည်ချက်လုပ်သူ အချို့လည်း လိုက်ပါလာခဲ့ကြသည်။ လက်ဖွဲ့ပစ္စည်းများ အပြည့်တင်ဆောင်ထားသော လှည်းတန်းကြီးနှင့်အတူ ယောင်စစ်ချီက ယခင်ကလို မျက်နှာငယ်နေရန် မလိုတော့ဘဲ ခေါင်းကို မော့ကာ ယုံကြည်ချက်ရှိရှိ နေထိုင်နိုင်ခဲ့ပြီ ဖြစ်သည်။
"မင်းတို့ ပြောချင်တာက မင်းအစ်မက တကယ်ပဲ မင်းသမီးပေါ့၊ ယောက်ဖကလည်း တကယ်ပဲ စစ်သူကြီးပေါ့"
ယောင်မိသားစု၏ ဒုတိယသားက မျက်လုံးပြူးကြီးဖြင့် အော်မေးလိုက်သည်။
"ဒါဆို ငါလည်း ငါ့ကိုယ်ငါ မင်းမျိုးမင်းနွယ်လို့ ပြောလို့ ရတာပဲ၊ အခု ယောင်စစ်ချီ အိမ်ထောင်ပြုသွားပြီဆိုမှတော့ ယောင်မိသားစုရဲ့ မိသားစုလုပ်ငန်းကို ငါပဲ အမွေဆက်ခံသင့်တယ်၊ မင်းတို့အားလုံး ကိုယ့်ကိစ္စကိုယ်လုပ်ကြ၊ ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဒီမှာ လာရပ်မနေကြနဲ့တော့"
စုန့်ဟူထောင်က ထိုလူကို ကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်ပြီးမှ ထပ်ပြောလိုက်သည်။
"ဩော်... မင်းမျိုးမင်းနွယ်ဆိုလို့ ပြောရဦးမယ်၊ ဒုတိယဦးလေး မသိသေးတာ တစ်ခုရှိသေးတယ်၊ ကျွန်တော့်ယောက်ဖဖြစ်တဲ့ အဲဒီစစ်သူကြီးက တကယ်ပဲ မင်းမျိုးမင်းနွယ် စစ်စစ်နော်၊ ဒါနဲ့ ကျွန်တော်တို့ ဒီကို မလာခင်ကတည်းက ခရိုင်မြို့ဝန်မင်းနဲ့ နယ်စားမင်းကြီးဆီကို စာတွေ ကြိုပို့ထားပြီးသား၊ မယုံရင် သွားမေးကြည့်လို့ ရတယ်၊ ပြီးတော့ ကျွန်တော့်ဇနီးက 'ယောင်' မျိုးရိုးဆိုတော့ ဒီမိသားစုပိုင်ဆိုင်မှုတွေက ဒုတိယဦးလေးနဲ့ ဘာမှ မဆိုင်ဘူး၊ သူ လုပ်နိုင်သလောက် သူ စီမံလိမ့်မယ်၊ ဦးလေးလည်း ဘာမှ စိတ်ပူမနေပါနဲ့၊ နှစ်စဉ်ရသင့်ရထိုက်တဲ့ အမြတ်ဝေစုကိုတော့ ဦးလေး ရမှာပေါ့၊ ဘာဖြစ်လို့ ကျွန်တော့်ရှေ့ကို လာပြီး ပြဿနာ ရှာနေရတာလဲ"
"မင်း မြို့ဝန်တို့၊ နယ်စားတို့နဲ့ ငါ့ကို လာမခြောက်နဲ့၊ ငါ ကြောက်မယ်လို့ မင်း ထင်နေလား၊ သူတို့ကိုယ်တိုင် ရောက်လာရင်တောင် ငါက ဂရုစိုက်နေမှာ မဟုတ်ဘူး"
ယောင်မိသားစု၏ ဒုတိယသားက နှာခေါင်းရှုံ့လျက် ထပ်မေးလိုက်သည်။
"မင်းမျိုးမင်းနွယ်ဆိုတဲ့လူက ဒီလောက်တောင် ဆင်းရဲမွဲတေနေပါ့မလား၊ ဘယ်သူ့ကို လာလိမ်နေတာလဲ၊ ဟေ့ လာကြစမ်း... သူတို့ကို အပြင်မောင်းထုတ်လိုက်၊ ငါက ဒီယောင်မိသားစုရဲ့ မိသားစုခေါင်းဆောင် ဖြစ်သွားပြီ"
"ရိုင်းစိုင်းလှချည်လား"
ထိုအခိုက်အတန့်တွင် ဒေါသသံတစ်ခု ထွက်ပေါ်လာပြီး လူတစ်ယောက် အသည်းအသန် ပြေးဝင်လာသည်။ ထိုသူက စုန့်ဟူထောင်ကို လှမ်းပြောလိုက်သည်။
"သခင်လေးစုန့်၊ ကျွန်တော်တို့ မင်းသမီးနဲ့ စစ်သူကြီးဆီက စာတွေ လက်ခံရရှိပြီးပါပြီ၊ တကယ်တော့ စစ်သူကြီးတို့တင် မဟုတ်ပါဘူး၊ မင်းသားကြီးရှစ်ကတောင် သခင်လေးကို စောင့်ရှောက်ပေးဖို့ လူလွှတ်ပြီး အကြောင်းကြားထားပါတယ်၊ စိတ်ချပါ သခင်လေး... ကျွန်တော့်ရဲ့ အုပ်ချုပ်မှုအောက်မှာ သူတပါးကို အသက်အန္တရာယ်ပြုပြီး ပိုင်ဆိုင်မှုတွေကို မတရားသိမ်းပိုက်တဲ့ ရာဇဝတ်မှုမျိုးကို လုံးဝ ခွင့်မပြုထားပါဘူး"
ယောင်မိသားစု၏ ဒုတိယသားက ထိုသူကို မြင်လိုက်ရသည်နှင့် မှင်သက်သွားပြီး ထစ်ထစ်ငေါ့ငေါ့ ပြောလာခဲ့သည်။
"မဟုတ်... အဲ့လို မဟုတ်ပါဘူး၊ လူကြီးမင်းရွှီ၊ ကျွန်တော်တို့ကြားမှာ ကတိကဝတ်တွေ ရှိကြတယ်လေ"
"ရဲမက်တို့၊ သူ့ကို ဖမ်းသွားကြစမ်း၊ အရင်တုန်းက တောင်ပေါ်ဓားပြတွေနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စမှာ ငါ သူ့ကို သံသယရှိနေခဲ့တယ်၊ အခုတော့ သဲလွန်စနဲ့ သက်သေတချို့ တွေ့ထားပြီးပြီ၊ ဒီကိစ္စကို အမြစ်ပြတ်အောင် ငါ ဖော်ထုတ်မယ်"
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေများကြောင့် ကျန်ရှိသော ယောင်မိသားစုဝင်များအားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ ခရိုင်မြို့ဝန်မင်း ထွက်ခွာသွားပြီးမှသာ သူတို့အားလုံး စုန့်ဟူထောင် အနားသို့ ဝိုင်းအုံလာကြသည်။
"အိုက်ယား... ဒုတိယအစ်ကိုက အားကိုးလို့ မရဘူးဆိုတာ ငါတို့ အမြဲသိနေတာပါ၊ ဒီလို အနိုင်ကျင့်တတ်တဲ့သူက ဘယ်လိုလုပ်ပြီး ငါတို့ ယောင်မိသားစုရဲ့ မိသားစုခေါင်းဆောင် ဖြစ်နိုင်မှာလဲ၊ အဲဒီနေရာက အကြီးဆုံးအစ်ကိုနဲ့ပဲ ထိုက်တန်တာပါ"
“ဟား ဟား၊ ဟုတ်တယ်၊ အကြီးဆုံးအစ်ကိုပဲ ဖြစ်ရမယ်”
.........။........။......
အချိန်က မြားတစ်စင်း ဖြတ်သန်းသွားသလို အလျင်အမြန် ကုန်ဆုံးသွားခဲ့ပြီး နေ့ရက်များစွာ အလီလီ ပြောင်းလဲခဲ့သောကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အနှစ်နှစ်ဆယ် ကုန်လွန်သွားခဲ့သည်။
စုန့်ဟူထောင်နှင့် ဇနီးဖြစ်သူ ယောင်စစ်ချီတို့က သူတို့သမီးငယ်၊ သားငယ်တို့နှင့်အတူ ဝေ့ခရိုင်သို့ ပြန်လည်အခြေချကာ အနားယူရန် ပြင်ဆင်နေကြသည်။ သူက ပဲငံပြာရည်အလုပ်ရုံကို အကြီးဆုံးသားထံသို့ လွှဲပြောင်းပေးခဲ့ပြီး ပိုးထည်လုပ်ငန်းကိုတော့ ထိုလုပ်ငန်းအား ကျွမ်းကျင်သည့် ဒုတိယသားက အမွေဆက်ခံခဲ့သည်။
"အဲဒီတုန်းက ကိုယ်သာ အပြင်လောကကို သွားကြည့်ချင်တယ်ဆိုပြီး အစ်မကို အတင်း မပူဆာခဲ့ရင် ကိုယ်တို့ ဒီလို ဆုံစည်းခွင့် ရနိုင်ပါ့မလား"
စုန့်ဟူထောင်က အရွယ်ရလာသော်လည်း ဝိုင်းစက်သော မျက်နှာလေးနှင့် ချစ်စရာကောင်းနေဆဲ ဖြစ်သည့် ဇနီးသည်ကို ကြည့်ရင်း အပြုံးဖြင့် မေးမြန်းနေသည်။
ယောင်စစ်ချီက ခင်ပွန်းဖြစ်သူ၏ ရင်ခွင်တွင် မှီနွဲ့နေရင်း ခရီးထွက်ရသောကြောင့် ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနေသော သားငယ်နှင့် သမီးငယ်ကို ကြည့်ကာ ကျေကျေနပ်နပ် ပြုံးနေခဲ့သည်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်း စုန့်မိသားစုက ပိုးထည်လုပ်ငန်းနှင့် လုံးဝ ကင်းကင်းရှင်းရှင်း နေခဲ့ပြီး စုန့်ဟူထောင်ကလည်း ပဲငံပြာရည်လုပ်ငန်းကိုသာ စိတ်နှစ်လုပ်ကိုင်ခဲ့သည်။ ထို့ကြောင့် အစပိုင်း နေ့ရက်များတွင် ယောင်စစ်ချီတစ်ယောက်တည်း အခက်အခဲများစွာကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း သူမ၏ အရည်အချင်းနှင့် ကြိုးစားမှုကြောင့် ကုန်သည်များ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး မိသားစုပိုင်ဆိုင်မှုများ ပိုခိုင်မာအောင် ထိန်းသိမ်းနိုင်ခဲ့သည်။
သူမတို့၏ ဒုတိယသားက မိသားစုလုပ်ငန်းအား ဆက်လက်တိုးတက်အောင် လုပ်နိုင်မည်ဟု သူမ အာမမခံနိုင်သော်လည်း ယခုအချိန်တွင် သူမ အေးအေးချမ်းချမ်း နေရရုံဖြင့် ကျေနပ်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူမ၏မိဘများကို နှုတ်ဆက်ကာ စုန့်ဟူထောင်နှင့်အတူ ဝေ့ခရိုင်သို့ ပြန်ရန် ဆုံးဖြတ်ခဲ့သည်။
‘သူမရဲ့ ဘဝတစ်လျှောက်လုံးမှာ သူမနောက်ကွယ်ကနေ တိတ်တဆိတ် ပံ့ပိုးပေးခဲ့တဲ့ ဒီအမျိုးသားကို လက်တွဲခွင့်ရခဲ့တာက သူမရဲ့ တစ်ဘဝစာ ကံကောင်းခြင်းပါပဲ’