အခန်း (၁၀၁-၁၀၂)
Vol. 10 Ch. 101-102
အခန်း ၁၀၁ အပိုဆောင်းဇာတ်လမ်း (၆)
"အမေ၊ အမေ…."
အရပ်ရှည်ရှည်နှင့် သွယ်လျသော မိန်းကလေးငယ်တစ်ဦးက ခြံဝင်းအတွင်းသို့ တက်ကြွစွာ ပြေးဝင်လာသည်။ သူမ၏ ခြေလှမ်းတိုင်းက ပေါ့ပါးသော်လည်း အားမာန်ပါလှသောကြောင့် မြေပြင်ပင် တုန်ခါသွားသလား ထင်မှတ်ရသည်။ သူမက အစေခံမလေး၏ တားမြစ်သံကို ဂရုမစိုက်ဘဲ လက်ရန်းကို လွယ်လင့်တကူ ခုန်ကျော်ကာ အခန်းထဲသို့ အတင်းဝင်လာခဲ့သည်။ သူမ အမောတကော ဖြစ်နေသော်လည်း သူမ၏ မျက်ဝန်းများကတော့ အောင်နိုင်သူတစ်ယောက်၏ အရောင်အဝါများဖြင့် တောက်ပနေလေသည်။
"အမေ... သမီး ထပ်နိုင်ပြန်ပြီ၊ ဟား ဟား"
သူမ၏ ရယ်မောသံကပင် ပြတ်သားလှပြီး အောင်ပွဲခံသည့် အသံ ဖြစ်နေခဲ့သည်။
စုန့်တင်းရှန်းကတော့ သူမ၏မူပိုင် တည်ငြိမ်အေးဆေးဟန်ဖြင့် သူမ ဖတ်လက်စ စာရင်းစာအုပ်ကို စားပွဲပေါ်သို့ အသာအယာ တင်လိုက်သည်။ သူမ၏ အကြည့်က စိတ်ပျက်သလို ရှိသော်လည်း သမီးဖြစ်သူ၏ ရွှန်းလက်နေသော မျက်နှာကို မြင်လိုက်ရချိန်တွင် သူမ၏အကြည့်များက ပြန်နူးညံ့သွားသည်။
"ပေါင်ယာ... နင် သိုင်းပြိုင်ကွင်းကို ထပ်သွားပြန်ပြီလား၊ နင့်ကိုယ်ကိုလည်း ကြည့်ဦး၊ ချွေးတွေရွဲပြီး ဖရိုဖရဲနဲ့၊ သွား... မြန်မြန်သွားပြီး ကိုယ်လက်သန့်စင်လိုက်ဦး"
ထိုမိန်းကလေးက သူမ၏ စိုစွတ်နေသော ဆံပင်များကို လက်ဖြင့် ခါထုတ်ရင်း ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
"ဘာတတ်နိုင်မှာလဲ အမေရယ်၊ သမီးက အနိုင်ရတာကို အရမ်းသဘောကျတယ်လေ၊ အဖေ ပြန်လာရင်တော့ သမီး အဖေ့ကို စိန်ခေါ်ဦးမှာ၊ ဒီတစ်ခါတော့ အဖေ သမီးကို အလေးအနက် ထားမလားဆိုတာ ကြည့်ရသေးတာပေါ့၊ ဒါနဲ့ အဖေ ဘယ်တော့ ပြန်လာမှာလဲဟင်"
အချိန်ကာလက စုန့်တင်းရှန်းအပေါ် ထူးထူးခြားခြား မျက်နှာသာပေး ကြင်နာခဲ့ပုံရသည်။ သူမ ကလေးလေးယောက်၏ မိခင်ဖြစ်လာပြီး အသက်လေးဆယ်အရွယ်သို့ ချဉ်းကပ်လာပြီ ဖြစ်သော်လည်း သူမ၏ ကိုယ်ဟန်ကတော့ အသက်အရွယ်ကို ခန့်မှန်းရခက်လောက်သည်အထိ နုပျိုတင့်တယ်နေဆဲ ဖြစ်သည်။ သူမ၏လှုပ်ရှားမှုတိုင်းတွင် မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုရှိသော အရှိန်အဝါများ ကိန်းဝပ်နေသည်။ သူမ၏ မျက်နှာပေါ်ရှိ သိမ်မွေ့သော အရေးအကြောင်းလေးများက အိုမင်းခြင်း၏ လက္ခဏာမဟုတ်ဘဲ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသော ဗဟုသုတနှင့် အတွေ့အကြုံတို့၏ အမှတ်အသားများအလား သူမ၏ အလှကို ပိုမိုပံ့ပိုးပေးနေသကဲ့သို့ ဖြစ်နေလေသည်။
"နင့်အဖေနဲ့ အကြီးဆုံးမောင်က လုပ်ငန်းတွေကို စစ်ဆေးဖို့အတွက် မြို့တော်ကို သွားကြတယ်လေ"
စုန့်တင်းရှန်းက တည်ငြိမ်သော လေသံဖြင့် ပြန်ပြောလိုက်သော်လည်း သူမ၏အသံထဲတွင် လွမ်းဆွတ်မှု အနည်းငယ် ကပ်ပါနေသည်။
"သူတို့ သွားတာ တစ်လကျော်နေပြီဆိုတော့ နောက်ရက်အနည်းငယ်အတွင်း ပြန်ရောက်လာကြလိမ့်မယ်လို့ အမေ ထင်တယ်၊ စိန်ခေါ်တဲ့ ကိစ္စကတော့၊ နင့်အဖေက နင့်ကို အလိုလိုက်တော့ လက်ခံမှာပဲ၊ နင် ရှန့်ရှနဲ့ ပြိုင်ရင်တောင် ကောင်လေးက နင့်ကို အရှုံးပေးမှာ သေချာတယ်၊ အဲ့ကိစ္စကို အသာထားဦး၊ ပေါင်ယာ... ဒီနေ့အတွက် ပေးထားတဲ့ အိမ်စာတွေရော အကုန်ပြီးပြီလား၊ ဒါမှမဟုတ် အစွမ်းပြဖို့ပဲ အလုပ်ရှုပ်နေတာလား"
ပေါင်ယာက စားပွဲပေါ်မှ ပန်းသီးတစ်လုံးကို အလျင်အမြန် လှမ်းယူလိုက်ရင်း သူမ၏ပြုံးဖြဲဖြဲ မျက်နှာပေးက ပို၍ ပီပြင်လာသည်။ သူမက ပန်းသီးကို အားပါးတရ ကိုက်စားနေပြီး ပန်းသီးမှ ထွက်လာသော အရည်များက သူမ၏ မေးစေ့တစ်လျှောက် စီးကျလာသည်။
"အပြင်မထွက်ခင် အကုန်ပြီးအောင် လုပ်ပြီးပါပြီ၊ အမေရဲ့၊ သမီး ပျက်ကွက်တာမျိုး မရှိပါဘူး၊ ကတိပေးတယ်၊ ဒါနဲ့ အဖေနဲ့အတူ အဖိုးနဲ့ အဖွားလည်း လိုက်လာကြမှာလားဟင်၊ အဖိုးက သမီးအတွက် သမင်နှစ်ကောင် ယူလာပေးမယ်လို့ ပြောထားတာလေ၊ နှစ်ကောင်တောင်နော်၊ ပျော်စရာကြီး"
အသက်ဆယ့်ရှစ်နှစ်အရွယ်သို့ ရောက်ရှိလာသော ပေါင်ယာက ချစ်စဖွယ် ဝဝကစ်ကစ် ဖက်ထုပ်ကလေးဘဝမှ ရဲရင့်ပြတ်သားပြီး တက်ကြွသော မိန်းမပျိုလေးတစ်ဦးအဖြစ် ပြောင်းလဲလာပြီး ငယ်စဥ်ကနှင့် လုံးဝ ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်များအတွင်း သူမကို လာရောက်တောင်းရမ်းသူ အများကြီး ရှိခဲ့သော်လည်း စုန့်တင်းရှန်းက သူမ ငယ်သေးသည့်ဟု ဆိုကာ ယဉ်ကျေးပြတ်သားသည့် အကြောင်းပြချက်ဖြင့် အားလုံးကို ငြင်းပယ်ခဲ့သည်။ အမှန်တကယ်တွင် သူမက ပေါင်ယာ၏ ရဲရင့်လွတ်လပ်သော စိတ်ဓာတ်ကို ချုပ်နှောင်မည့် အိမ်ထောင်ရေးမျိုးထဲသို့ မတွန်းပို့လိုခြင်းသာ ဖြစ်သည်။
‘သူမရဲ့ကလေးကို စီစဉ်ပေးတဲ့ အိမ်ထောင်ရေးထဲ တိတ်တိတ်လေး ဝင်သွားပြီး လက်ထပ်ထိမ်းမြားလိုက်ရတာမျိုး မဖြစ်စေချင်ဘူး။ ပေါင်ယာမှာ သူမ နှစ်သက်တဲ့သူ မရှိသရွေ့ သူမ တစ်သက်လုံး တစ်ကိုယ်တည်းနေမယ်ဆိုရင် ကိစ္စမရှိဘူး။’
ပေါင်ယာကလည်း သူမ ငယ်စဉ်ကတည်းက ထူးခြားသော အစွမ်းအစများကို ထုတ်ပြခဲ့သည်။ သူမတို့၏ ပထမဆုံးမွေးနေ့၌ ကလေးငယ်များ စိတ်ကြိုက်ပစ္စည်း ရွေးချယ်သည့် ထုံးတမ်းစဉ်လာပွဲတွင် သူမက လူကြီးများ မျှော်လင့်သကဲ့သို့ ရွှေဆံထိုး သို့မဟုတ် ပန်းထိုးပစ္စည်းများကို မရွေးချယ်ခဲ့ပေ။ ထိုအစား သူမက မြင်းနှင်တံကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး စိန်ခေါ်သည့် အကြည့်မျိုးဖြင့် ကြည့်ခဲ့သူ ဖြစ်သည်။ သူမ၏ မောင်လေးက သူမကို တားမြစ်သော်လည်း ဂရုမစိုက်ဘဲ မောင်ဖြစ်သူ ငိုသွားအောင် လုပ်သည်အထိ ဇွဲရှိခဲ့သူ ဖြစ်သည်။
ဤသတင်း ကျင်းနဉ်မင်းသမီးထံသို့ ရောက်ရှိသွားချိန်တွင် မင်းသမီးက အားပါးတရ ရယ်မောပြီး ပေါင်ယာအတွက် ရွှေနှင့် ပတ္တမြားများ စီခြယ်ထားသော အဖိုးတန် ကြာပွတ်တစ်ချောင်း လက်ဆောင်ပို့ပေးခဲ့သည်။ ထို့အပြင် သူမက ကျေကျေနပ်နပ် ပြောခဲ့သေးသည်။
"ငါ့ရဲ့ ဆက်ခံသူကို ရှာတွေ့ပြီ ထင်တယ်"
ထိုအဖြစ်အပျက်ကို ပြန်တွေးမိတိုင်း စုန့်တင်းရှန်းတစ်ယောက် သက်ပြင်းချရုံမှတစ်ပါး အခြားဘာမှ မတတ်နိုင်ခဲ့ပေ။
နောက်ပိုင်း ကလေးများ ကြီးပြင်းလာကြချိန်တွင် သူတို့၏ စရိုက်များကလည်း သိသိသာသာ ကွဲပြားသွားကြသည်။ သားဖြစ်သည့် ရှန့်ရှက ဖခင်ဖြစ်သူ ကျိုးယိနို၏ တည်ငြိမ်သော စရိုက်ကို အမွေဆက်ခံနိုင်ခဲ့ပြီး စည်းကမ်းရှိကာ တာဝန်သိတတ်သော လူငယ်လေးတစ်ဦး ဖြစ်လာခဲ့သည်။ သူက ငယ်စဉ်ကတည်းက ဖခင်နှင့်အတူ စစ်စခန်းသို့ လိုက်ပါလေ့ရှိပြီး လေ့ကျင့်မှုများကို တိတ်တဆိတ် ကြိုးစားအားထုတ်ခဲ့သူ ဖြစ်သည်။
သို့သော် ပေါင်ယာကတော့ လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ ဆူညံသောင်းကျန်းကာ အမြဲတမ်း တက်ကြွနေတတ်ပြီး နောက်ထပ် ဘာအရှုပ်အထွေး ဖန်တီးရမလဲဆိုသည်ကို အမြဲစဉ်းစားနေသူ ဖြစ်သည်။ သူမက မိုးလင်းမှ မိုးချုပ်အထိ အစေခံများ၏ သည်းခံနိုင်စွမ်းကို စမ်းသပ်လေ့ရှိပြီး သူမ သွားလေရာတွင် လူအများ၏ မောဟိုက်နေသော သက်ပြင်းသံများနှင့် စိတ်လျှော့လိုက်ရသည့် အပြုံးများကိုသာ ချန်ထားရစ်လေ့ရှိသည်။
ဤသည်က ပေါင်ယာ၏စရိုက်အမှန် ဖြစ်သည်။ သူမက ထိန်းချုပ်ရန် ခက်ခဲပြီး ခန့်မှန်းရခက်သော်လည်း ဘယ်သောအခါမျှ မေ့ပျောက်၍ မရနိုင်အောင် ထူးခြားသည့် မိန်းကလေးတစ်ဦး ဖြစ်နေပြန်သည်။ စုန့်တင်းရှန်းကလည်း သူမ၏ ပါးစပ်မှ မည်မျှပင် ငြိုငြင်ဆူပူနေပါစေ၊ သူမ၏သမီးကို ဤပုံစံမှအပ အခြားပုံစံမျိုးဖြင့် မမြင်လိုသည်က အမှန်ပင် ဖြစ်သည်။
စုန့်တင်းရှန်းက ငယ်စဉ်ကတည်းက ပေါင်ယာ၏ ဘဝကို အသေးစိတ် စီမံပေးခဲ့သည်။ သူမက သမီးဖြစ်သူကို စာရေးစာဖတ်၊ ပန်းချီ၊ တူရိယာနှင့် စီးပွားရေး စီမံခန့်ခွဲမှုများ ကျွမ်းကျင်အောင် မနားမနေ သင်ကြားပေးခဲ့သည်။ သူမကိုယ်တိုင် တတ်မြောက်ထားသည့် အရည်အချင်းမှန်သမျှကို ပေါင်ယာ တတ်ကျွမ်းအောင် အတင်းအကျပ် သင်ကြားပေးခဲ့သည်။ ပေါင်ယာကလည်း အလွန်ထက်မြက်ပြီး ဉာဏ်ကောင်းလွန်းသူ ဖြစ်သောကြောင့် သင်ပေးသမျှကို ရေမြှုပ်ကဲ့သို့ အလွယ်တကူ စုပ်ယူနိုင်ခဲ့သည်။ သို့သော်လည်း အသက်ရှူကျပ်စရာကောင်းသော စာကြည့်ခန်းအတွင်းမှ ခြေလှမ်းတစ်လှမ်း ထွက်လိုက်သည်နှင့် သူမက စုန့်တင်းရှင်းမှ လွဲ၍ မည်သူမျှ မထိန်းချုပ်နိုင်သော ငှက်ရိုင်းတစ်ကောင်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတတ်သည်။
စုန့်တင်းရှန်း၏ မျက်စိအောက်မှ လွတ်သည်နှင့် ပေါင်ယာက မဟန့်တားနိုင်သော၊ မကြောက်ရွံ့တတ်သော၊ လွတ်လပ်မှုကို မြတ်နိုးသော အပြုအမူများကို တက်တက်ကြွကြွ ဖန်တီးလေ့ရှိသည်။
နောက်ပိုင်းတွင် ရှန့်ရှ သိုင်းပညာ သင်ယူနေသည်ကို သူမ မြင်သွားခဲ့ပြီး သူမလည်း သင်ယူရန် အတင်းအကျပ် တောင်းဆိုခဲ့သည်။ သူမ၏ ဇွဲလုံ့လကလည်း အံ့မခန်းပင်။ ဆယ်စုနှစ်တစ်ခုတိုင်အောင် သူမ မဆုတ်မနစ်သော ဇွဲဖြင့် သိုင်းပညာ လေ့ကျင့်ခဲ့ပြီး ဓားချက်တိုင်းတွင် သူမ၏ မာန်မာနနှင့် ထိန်းချုပ်မရသော သဘာဝကို ထင်ဟပ်စေခဲ့သည်။
ယခုအချိန်တွင် ခြံဝင်းအတွင်းရှိ အစောင့်များ အနည်းငယ် သတိလွတ်သွားသည့်အချိန်တိုင်း ဤမိန်းကလေးထံမှ အသက်အန္တရာယ်ရှိသော ထိုးနှက်ချက်နှင့် ရင်ဆိုင်ရပြီး ပေါင်ယာ၏ အလိုလိုက်ခံရသော စရိုက်က သူမကို ပိုဆိုးသွမ်းလာစေခဲ့သည်။
ပေါင်ယာနှင့် ရှန့်ရှတို့အတွက် 'ကျိုးကျင်းရှန်း' နှင့် 'ကျိုးရွှမ်ချုံ' ဟူသော ခန့်ညားထည်ဝါလှသည့် အမည်များကို ဧကရာဇ်မင်းမြတ်ကိုယ်တိုင် အပ်နှင်းခဲ့သည်။ သို့သော် ထိုမြင့်မြတ်လှသော အမည်များကို သူတို့ သိမကြားရဘဲ နေအိမ်အတွင်းရှိ လူအိုကြီးများက သူတို့၏ ချစ်စနိုးအမည်ပြောင်များကိုသာ ဆက်လက်ခေါ်ဝေါ်နေကြသည်။ နန်းတွင်းမှပေးသော အမည်များကိုတော့ အပြင်လူများ ခေါ်ရန်အတွက် သတ်မှတ်ထားသော တရားဝင် အခေါ်အဝေါ်များအဖြစ် သဘောထားခဲ့ကြသည်။
ကျန်းကျူးက လျော်ဖွတ်ပြီးစ အဝတ်အစားများကို ပိုက်လျက် အခန်းထဲသို့ ဝင်လာခဲ့သည်။ သူမက ကိုယ်ဝန်ကြောင့် ဖောင်းကားနေသော ဝမ်းဗိုက်ကို ဂရုမစိုက်နိုင်ဘဲ ပေါင်ယာကို နူးနူးညံ့ညံ့ ပြုံးပြနေသည်။
"သခင်မလေး... ရေနွေးအိုး အဆင်သင့်ဖြစ်ပါပြီ၊ ချွေးတွေနဲ့ အအေးမပတ်အောင် မြန်မြန်ရေချိုးလိုက်ပါဦး၊ မဟုတ်ရင် အအေးမိပါဦးမယ်"
ပေါင်ယာက အဝတ်များကို လှမ်းယူလိုက်ပြီး ကျန်းကျူး၏ လုံးဝန်းနေသော ဝမ်းဗိုက်ကို နောက်ပြောင်သည့် အကြည့်ဖြင့် ကြည့်နေပြန်သည်။
"အဒေါ်ကျန်းကျူး... ကျွန်မအတွက် ညီမလေးတစ်ယောက် မြန်မြန်မွေးပေးတော့နော်၊ ကျွန်မကိုယ်တိုင် သူ့ကို သိုင်းပညာသင်ပေးမယ်"
ကျန်းကျူးက အားရပါးရ ရယ်မောလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
"မဖြစ်ပါဘူး သခင်မလေးရယ်၊ ကျွန်မသမီးကို သခင်မလေးဆီမှာ မအပ်ထားရဲပါဘူး၊ သခင်မလေးနဲ့ဆိုရင် သူ တစ်နေကုန် အမိုးပေါ်မှာ တက်တာတို့၊ ဟိုပြေးဒီပြေး လုပ်တာတို့နဲ့ တစ်အိမ်လုံး အုတ်အော်သောင်းနင်းတွေ ဖြစ်ကုန်မှာပေါ့၊ အဲ့ကျရင် စိုးရိမ်စိတ်နဲ့ ကျွန်မ ရှုးသွားပါလိမ့်မယ်၊ အခုတော့ အအေးမမိခင် မြန်မြန် ရေသွားချိုးလိုက်တော့နော်"
ပေါင်ယာက ပြုံးစိစိဖြင့် လျှာထုတ်ပြကာ ပြေးထွက်သွားပြီး အစေခံမလေးများလည်း သူမနောက်သို့ အပြေးအလွှား လိုက်ကြရပြန်သည်။
အနီးအနားတွင် ထိုင်နေသော စုန့်တင်းရှန်းက ကျန်းကျူးကို ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်ရန် လက်ဟန်ပြလိုက်သည်။
"ကျန်းကျူး၊ နားနားနေနေ ထိုင်နေဦး၊ မင်းလည်း အရင်လောက် မငယ်တော့ဘူး၊ ပြီးတော့ ကိုယ်ဝန် ရှိနေတာတောင် ဒီလောက် ပြေးလွှားနေတာ မပင်ပန်းဘူးလား"
ကျန်းကျူးက သက်ပြင်းချရင်း ဝင်ထိုင်ပြီးမှ စတင်ညည်းညူတော့သည်။
"အိမ်ထဲမှာပဲ အောင်းနေရရင် ကျွန်မ ရူးသွားတော့မယ်၊ သခင်မရဲ့၊ ပြီးတော့ ကျွန်မရဲ့ မိသားစုဝင်တွေကလည်း ကျွန်မထက်တောင် ပိုခေါင်းမာကြသေးတယ်၊ သခင်လေးနဲ့ သခင်မလေးကို ခစားဖို့ပဲ စိတ်အားထက်သန်နေကြတာ၊ တစ်ခါတလေဆိုရင် ကျွန်မ ဒီမှာ ရှိနေတာကိုတောင် သူတို့ သတိထားမိကြရဲ့လား မသိပါဘူး၊ ဒီကလေးလေးကတော့ နူးညံ့သိမ်မွေ့ပြီး အဖော်ရမယ့်သူလေး ဖြစ်ပါစေလို့ပဲ ဆုတောင်းနေရတယ်၊ ဟူး...."
ကျန်းကျူးက အသက်နှစ်ဆယ်အရွယ်တွင် မီးဖိုချောင်မှ ကြီးကြပ်ရေးမှူးနှင့် အိမ်ထောင်ကျခဲ့ပြီး စစ်သူကြီးအိမ်တော်၏ အားကိုးရသော စားဖိုဆောင်ကြီးကြပ်ရေးမှူး၏ဇနီး ဖြစ်လာခဲ့သည်။ သူမလည်း သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့သည်။ သို့သော်လည်း ဘဝက အဆိုးနှင့်အကောင်း ဒွန်တွဲနေခဲ့ပြီး ဆောင်းရာသီတစ်ခုတွင် ဆီးနှင်းများကြောင့် ချောနေသော လမ်းပေါ်တွင် သူမ ချော်လဲခဲ့ရာမှ သူမဝမ်းဗိုက်ထဲရှိ ရင်သွေးလေးကို ဆုံးရှုံးခဲ့ရသည်၊။ ထိုအဖြစ်အပျက်က သူမအတွက် ရုပ်ပိုင်းဆိုင်ရာထက် ပိုမိုနက်ရှိုင်းသော စိတ်ဒဏ်ရာ ရရှိစေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်က ပြန်လည်ကျန်းမာလာသော်လည်း နောက်ထပ်ကိုယ်ဝန်ထပ်ရရန် ဆယ်စုနှစ်တစ်ခုကျော် စောင့်ဆိုင်းခဲ့ရသည်။ ထို့ကြောင့် စုန့်တင်းရှန်းက သူမကို အနီးကပ် စောင့်ရှောက်ပေးနေခြင်းပင်။
စုန့်တင်းရှန်းက နားလည်နေသော အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
"ငါတောင်မှ အဲဒီကလေးနှစ်ယောက်ကို သိပ်မတွေ့ရတော့ဘူး၊ ငါ့ကလေးနှစ်ယောက်က သူတို့ကို ဘယ်ခေါ်သွားမှန်းတောင် ငါ မသိတော့ဘူး၊ သူတို့ကလည်း ဒီလောက်ငယ်ရွယ်တဲ့အရွယ်မှာ ဒီလောက် အလေးအနက်ထားနေပြီ၊ တကယ့်ကို တည်တည်တံ့တံ့နဲ့ လူကြီးတွေလိုပဲ၊ ငါက တစ်ခုခုဆူလိုက်ရင်တောင် သူတို့က လူကြီးတွေလို ပြန်ပြီး ဆုံးမတတ်သေးတာ၊ ခေါင်းကိုက်စရာလေးတွေပဲ"
နှစ်ယောက်သား ခဏလောက် စကားပြောနေခဲ့ကြပြီး ကျန်းကျူး ပြန်ခါနီးတွင် စုန့်တင်းရှန်းက အစေခံတစ်ဦးကို လိုက်ပို့ခိုင်းလိုက်သည်။ သို့သော် သူမ၏ အာရုံများက စာရင်းစာအုပ်ပေါ်တွင် မရှိတော့ဘဲ အဝေးသို့ လွင့်သွားပြန်သည်။
ဧကရာဇ်က အသက်ကြီးလာသည်နှင့်အမျှ သံသယစိတ်များ ပိုမိုကြီးထွားလာပြီး သူ၏ အနီးအနားရှိ လူမှန်သမျှကို စောင့်ကြည့်စစ်ဆေးတတ်လာခဲ့သည်။ ကျိုးမိသားစု၏ ဂုဏ်သိက္ခာကို ထိပါးစေမည့် ကောလာဟလများနှင့် စွပ်စွဲချက်များကလည်း တောမီးပမာ ပျံ့နှံ့နေခဲ့သည်။ အချို့က သိမ်မွေ့သော်လည်း အချို့ကတော့ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်လာကြသည်။
ဝေ့ခရိုင်၏ ကိစ္စရပ်များက စုန့်မိသားစုနှင့် အလွန်အကျွံ ပတ်သက်နေပြီး သူမတို့က ဧကရာဇ်အပေါ် သစ္စာရှိခြင်းထက် ကိုယ်ပိုင်အာဏာကို ပိုမိုဦးစားပေးနေသည်ဟူသော စွပ်စွဲချက်များပင် ထွက်ပေါ်နေခဲ့သည်။ ထိုစကားများက စုန့်မိသားစု၏ အမည်ကို ညှိုးနွမ်းစေပြီး မင်းသားကြီးရှစ်ကလည်း ရည်မှန်းချက်များနှင့် ဆက်နွှယ်နေသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေရန် ကြံစည်နေကြခြင်း ဖြစ်သည်။ သို့သော် စုန့်တင်းရှန်းကလည်း မအူမလည်လေး မဟုတ်တော့ပေ။ သူမက ထိုအခြေအနေကို ကြိုတင်မြင်ထားပြီးဖြစ်ကာ ထိုစိန်ခေါ်မှုများ အရှိန်မရမီကပင် အမြစ်ဖြတ်ချေမှုန်းရန် အခြေခံအုတ်မြစ်များ ချမှတ်ထားပြီး ဖြစ်သည်။
လူအများက သူမကို ထောက်ခံလာသည်နှင့် သူမက ခိုင်မာသော အမှန်တရားတစ်ခုကို သူတို့နားလည်အောင် ရှင်းပြခဲ့သည်။ စုန့်မိသားစု၏ ကြွယ်ဝမှုနှင့် သြဇာအာဏာက ဧကရာဇ်မင်းမြတ်၏ ကရုဏာတော်ကြောင့်သာ တည်ရှိခြင်း ဖြစ်ပြီး ဧကရာဇ်မင်းမြတ်၏ မျက်နှာသာပေးမှု မရှိလျှင် စုန့်မိသားစု၌ ဝတ်ဖို့၊ စားဖို့ပင် မရှိနိုင်ကြောင်း ပရိယာယ်ကြွယ်ကြွယ် ပုံဖော်ပြခဲ့သည်။ ဧကရာဇ်မင်းမြတ်ကသာ တိုင်းသူပြည်သားအားလုံးကို စောင့်ရှောက်ပေးနိုင်သည့် ကြင်နာတတ်သော အုပ်စိုးရှင် ဖြစ်ကြောင်း ချီးမွမ်းဂုဏ်ပြုခြင်းဖြင့် သူမ၏ရန်သူများကို ထိန်းချုပ်ထားခဲ့သည်။
ထို့ပြင် သူမက မင်းသားကြီးရှစ်မှတစ်ဆင့် သူမတို့မိသားစုလုပ်ငန်းများမှ အမြတ်ငွေအစိတ်အပိုင်း အတော်များများကို ဧကရာဇ်ထံသို့ ဆက်သခဲ့သည်။ ထို့ကြောင့် ဧကရာဇ်မင်းမြတ်၏အကျိုးစီးပွားက သူမတို့၏ သာယာဝပြောမှုနှင့် တိုက်ရိုက်ဆက်နွှယ်နေခဲ့သည်။ ဤနည်းဖြင့် ဧကရာဇ်၏ သည်းခံမှုကို ရရှိခဲ့သော်လည်း စုန့်တင်းရှန်းကတော့ ရိုးအသူ မဟုတ်ပေ။ ဧကရာဇ်၏ သည်းခံမှုနောက်ကွယ်တွင် ကန့်သတ်ချက်များ ရှိနေသည်ကို သူမ သိနိုင်သည်။ "ကျားနှင့် နီးနီးကပ်ကပ် နေရခြင်းက ကျား၏ ဟိန်းသံနှင့် အော်မြည်သံတိုင်းအတွက် မိမိအသက်ကို လောင်းကြေးထပ်နေရသကဲ့သို့ပင်" ဟူသော စကားအတိုင်း ဧကရာဇ်၏ လက်ချောင်းလေး တစ်ချက်ခါလိုက်ရုံဖြင့် သူမတို့မိသားစု၏ အရာအားလုံး ပြောင်းလဲသွားနိုင်သည်။
နှစ်ပေါင်းများစွာ ငြိမ်ငြိမ်သက်သက်ဖြင့် တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့သော ကျိုးယိနိုပင်လျှင် ကင်းလွတ်ခွင့် မရခဲ့ပေ။ ယခင်က မြို့တော်သို့ အစီရင်ခံစာ ပို့ရရုံသာ ဖြစ်သော်လည်း ယခုအခါတွင် နှစ်စဉ်မြို့တော်သို့ ကိုယ်တိုင်သွားရောက် အစစ်ဆေးခံရသည့် ပင်ပန်းလှသော တာဝန်ကို ထမ်းဆောင်နေရသည်။ တစ်ခါသွားလျှင် နှစ်လကျော် ကြာမြင့်တတ်ပြီး ဤသည်က ဧကရာဇ်၏ အရိပ်အောက်တွင် ရှင်သန်ရန်အတွက် ပေးဆပ်ရသည့် တန်ဖိုးပင် ဖြစ်သည်။
"အိမ်တော်ထိန်းကြီး"
စုန့်တင်းရှန်းက သူမ၏ အတွေးများကို ဖြတ်တောက်ပစ်လိုက်ပြီး အခန်းအတွင်း သူမ၏စူးရှသောအသံက ပဲ့တင်ထပ်လာပြန်သည်။
ယခင် အိမ်တော်ထိန်းကျိုးက ယခုအခါ ယုံကြည်စိတ်ချရသော အိမ်တော်ထိန်းကြီးအဖြစ် ရာထူးတိုးမြှင့်ခံထားရသည်။ ယခု သူက ကျန်းကျူးပြီးလျှင် စုန့်တင်းရှန်း၏ ဒုတိယအယုံကြည်ရဆုံး အစေခံဖြစ်လာခဲ့သည်။ သူမ အော်ခေါ်လိက်သည်နှင့်တစ်ပြိုင်နက် အစေခံတစ်ယောက်က သူ့ကို ခေါ်ရန် အလျင်အမြန် ပြေးသွားပြီး သူကလည်း အတွင်းခန်းဆီသို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။
"သခင်မ... ဘာများ ခိုင်းစရာရှိလို့ပါလဲခင်ဗျာ"
သူမ၏ အကြည့်က စူးရှလှပြီး လေသံက တည်ငြိမ်နေသော်လည်း ပြတ်သားမှုများ ပြည့်နှက်နေသည်။
"စစ်သူကြီး မကြာခင် ပြန်ရောက်တော့မယ်၊ ငါမှာထားတဲ့အတိုင်း သိုးတွေကို အဆင်သင့် ပြင်ထားပြီးပြီလား"
အိမ်တော်ထိန်းကြီးက ချက်ချင်း ပြန်ဖြေလိုက်သည်။
"စိတ်ချပါ သခင်မ၊ သိုးအကောင်တစ်ရာကို သေသေချာချာ ရွေးချယ်ထားပြီးပါပြီ၊ ပြီးခဲ့တဲ့ရက်အနည်းငယ်ကတည်းက သူတို့ကို ဂရုတစိုက် ကျွေးမွေးထားပါတယ်၊ စစ်သူကြီး ပြန်ရောက်လာတာနဲ့တစ်ပြိုင်နက် စစ်စခန်းကို ချက်ချင်း ပို့ပေးလို့ ရနေပါပြီ"
စုန့်တင်းရှန်းက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး သူမ သိပြီးကြောင်း ဖော်ပြလိုက်သော်လည်း သူမ၏ မျက်နှာကတော့ တင်းမာနေဆဲပင်။
"ဒီတစ်ခေါက် ခရီးက စစ်သူကြီးအတွက် တကယ့်ကို ပင်ပန်းစေမှာ သေချာတယ်၊ သူ့ရဲ့ခန္ဓာကိုယ် ပြန်ကျန်းမာလာဖို့ ငါတို့ အစွမ်းကုန် ကြိုးစားပေးရမယ်၊ ဒါနဲ့ မြောက်ပိုင်းက ပို့လိုက်တဲ့ စာရင်းစာအုပ်တွေရော... အခုအချိန်ဆို ရောက်နေသင့်ပြီ မဟုတ်ဘူးလား"
"နောက်ရက်အနည်းငယ်အတွင်း ရောက်လာမှာပါ"
အိမ်တော်ထိန်းကြီးက အာမခံလိုက်သည်။
"ဒါက ပုံမှန်ရောက်နေကျ အချိန်ပါပဲ၊ သခင်မက စစ်သူကြီး ပြန်လာမှာ အာရုံစိုက်နေရလို့ အမှတ်မှားနေတာ ဖြစ်ပါလိမ့်မယ်"
စုန့်တင်းရှန်းက သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြန်သည်။ အမြဲလို တည်ငြိမ်နေတတ်သော သူမ၏ ဟန်ပန်က ယခုအချိန်တွင် အမည်မဖော်နိုင်သော စိုးရိမ်စိတ်ကြောင့် အနည်းငယ် လျော့ရဲနေခဲ့သည်။
"ဘာလို့လဲတော့ မသိဘူး၊ ဒါပေမယ့် ငါ ရုတ်တရက် စိတ်မသက်မသာ ဖြစ်နေမိတယ်၊ တစ်ခုခုဖြစ်တော့မယ်လို့ ခံစားနေရတယ်"
သူမ၏ အသံက လေထုထဲသို့ လေးလံစွာ ပဲ့တင်ထပ်သွားပြီး ကံကြမ္မာ၏ အလှည့်အပြောင်းတစ်ခုခုကို ကြိုတင်နိမိတ်ပြနေသကဲ့သို့ ဖြစ်နေပြန်သည်။
အိမ်တော်ထိန်းကြီးက သူမ အနားသို့ တိုးကပ်လာပြီး သူမ၏ စိုးရိမ်ပူပန်မှုများ လျော့ပါးသွားစေရန် လေသံကို နှိမ့်၍ ဆေးအေးဆေးဆေး နှစ်သိမ့်ပေးလိုက်သည်။
"သခင်မရယ်... စစ်သူကြီး မြို့တော်ကို အသွားအပြန် လုပ်တဲ့အခါ ကိုယ်ရံတော်တွေ ရာနဲ့ချီပြီး လိုက်ပါသွားတတ်တာလေ၊ ဘယ်လောက်ပဲ မိုက်ရူးရဲဆန်တဲ့ ဓားပြဖြစ်ဖြစ် ဒီလိုအချိန်မျိုးမှာတော့ တိုက်ခိုက်ရဲမှာ မဟုတ်ဘူး၊ စိတ်အေးအေးထားပါ၊ စစ်သူကြီးက နောက်ရက်အနည်းငယ်အတွင်း ပြန်ရောက်လာမှာပါ"
စုန့်တင်းရှန်းက ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို ပြန်ထွက်သွားရန် လက်ရိပ်ပြလိုက်သည်။ သူမကတော့ အခန်းအတွင်းရှိ တိတ်ဆိတ်မှုများထဲသို့ ပြန်နစ်မြုပ်သွားပြန်သည်။ သူမက ထိုနေရာတွင် ထိုင်နေရင်း အတွေးပေါင်းစုံက ထိန်းမနိုင်သိမ်းမရ လည်ပတ်နေပြီး သူမ၏မျက်ဝန်းများကလည်း အဝေးသို့ ငေးမောနေပုံရသည်။
သူမ ဤနေရာသို့ ရောက်ရှိလာသည်မှာ ဆယ်စုနှစ်နှစ်ခုကျော် ရှိနေပြီဖြစ်ပြီး သူမကိုယ်တိုင်လည်း ဤနေရာကို အိမ်ဟု သတ်မှတ်ထားခဲ့သည်။ သို့သော်လည်း လူသားတို့၏ ရှုပ်ထွေးလှသော ဆက်ဆံရေးများနှင့် အကောက်အကြံမှုများက သူမကို ယခုတိုင် စိတ်မအေးနိုင်ဖြစ်နေစေသည်။ သူမ၏ ရွေးချယ်မှုတိုင်း၊ လုပ်ဆောင်မှုတိုင်းက မည်သည့် အကျိုးဆက်များအား ဆွဲခေါ်လာမိမည်ကို မသိနိုင်သောကြောင့် အမြဲလိုလို စိုးထိတ်နေခဲ့ရသည်။
အချိန်ကာလ၏ တိုက်စားမှုအောက်တွင် တစ်ချိန်က စည်းလုံးခဲ့သော စုန့်မိသားစုလည်း ကွဲအက်စပြုလာခဲ့သည်။ ရိုးရာဓလေ့များကို ထိန်းသိမ်းခဲ့သော လူကြီးသူမများ ကွယ်လွန်ကုန်ကြပြီဖြစ်ပြီး ကွဲပြားသော အမွေအနှစ်များကိုသာ ချန်ထားရစ်ခဲ့ကြသည်။ စုန့်တင်းရှန်း ဦးဆောင်နေသော မိသားစုက ဝေ့ခရိုင်တွင် အခြေချကာ ကြွယ်ဝချမ်းသာသောဘဝဖြင့် စည်စည်ကားကား နေထိုင်နိုင်ခဲ့ကြသည်။
‘မင်းက ပြဿနာကို လိုက်မရှာဘဲ ငြိမ်ငြိမ်လေးနေနိုင်ရင် ဘဝကလည်း မင်းကို သက်သောင့်သက်သာရှိမှုတွေ ပြန်ဆုချလိမ့်မယ်’
အခြားသော မိသားစုဝင်များကတော့ ကျေးလက်ဒေသတွင် ကျန်ရစ်နေခဲ့ကြပြီး သူတို့ကို ကျွေးမွေးပြုစုနိုင်သည့် မြေယာများကိုသာ ဖက်တွယ်ထားကြသည်။ သူတို့က စီးပွားရေး လုပ်ငန်းအသေးစားလေးများကို စမ်းသပ်လုပ်ကိုင်ကြသော်လည်း စုန့်တင်းရှန်း၏ အမည်ကို အကာအကွယ်အဖြစ် အသုံးမပြုကြပေ။ ထိုသို့လုပ်ဆောင်ခြင်းက သူတို့၏ မာန်မာနကြောင့်လား သို့မဟုတ် ကြောက်ရွံ့မှုကြောင့်လား ဆိုသည်ကိုတော့ သူတို့မှ လွဲပြီး မည်သူမျှ မသိနိုင်ပေ။
သစ္စာဖောက်မှုများလည်း ရှိခဲ့ဖူးသည်။ တစ်ခါက စုန့်မိသားစုမှ လူငယ်အချို့က သားမွေးများ ရောင်းချရာတွင် ထိုပစ္စည်းများကို မင်းသမီးကိုယ်တိုင် စီမံထုတ်လုပ်သည်ဟု အမည်ခံသုံးကာ လိမ်လည်ရောင်းချခဲ့ကြသည်။ ထိုသို့ လိမ်လည်ခြင်းဖြင့် သူတို့၏ အိတ်ကပ်ထဲသို့ ငွေများ ဝင်လာခဲ့သော်လည်း မိသားစု၏ ဂုဏ်သိက္ခာကိုတော့ ညှိုးနွမ်းစေခဲ့သည်။ စုန့်တင်းရှန်းက ထိုအကြံအစည်ကို အလျင်အမြန် သိရှိခဲ့ပြီး သူမ၏ ကိုင်တွယ်ဖြေရှင်းမှုက ရက်စက်လှသည်။ သူမက ထိုသူများကို ထောင်ထဲတွင် ဆွေးမြည့်သွားစေရန် ပို့ဆောင်ပေးခဲ့ပြီး မည်သည့် ညှာတာမှုကိုမျှ မပြသခဲ့ပေ။
အပြင်လူအချို့က သူမကို နှလုံးသားမရှိသည့် ကျောက်တုံးနှလုံးသားပိုင်ရှင်ဟု ကဲ့ရဲ့ကြသော်လည်း မိသားစုအတွင်းမှ လူများကတော့ အမှန်တရားကို ရှင်းရှင်းလင်းလင်း သိထားပြီး ဖြစ်သည်။ စုန့်မိသားစုက အသက်ရှူရကျပ်လောက်သည့် စောင့်ကြည့်စစ်ဆေးမှုများအောက်၌ ရှင်သန်နေရခြင်း ဖြစ်သည်။ တစ်ယောက်ယောက်က အမှားလေးတစ်ခု လုပ်မိရုံဖြင့် တစ်မိသားစုလုံး ပျက်စီးခြင်းသို့ ဆိုက်ရောက်သွားနိုင်သည်။ အကယ်၍ သူမက သူမ၏မိသားစုဝင်များအပေါ် ညှာတာပြလိုက်လျှင် ဧကရာဇ်မင်းမြတ်၏ စိတ်ထဲသို့ သံသယမျိုးစေ့ ချပေးသလို ဖြစ်သွားပြီး ထိုမျိုးစေ့က တစ်နေ့တွင် စုန့်မိသားစုကို လုပ်ကြံသတ်ဖြတ်မည့် ဓားတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က စုန့်ရှင်းယိကွယ်လွန်သွားခဲ့ပြီး လီရှီက မိသားစု၏ နောက်ဆုံးကျန်ရှိသော အကြီးအကဲ ဖြစ်လာခဲ့သည်။ သေခြင်းတရားက သူတို့၏ အသိုင်းအဝိုင်းကို တဖြည်းဖြည်း ပါးလျလာစေခဲ့သည်။ ပဉ္စမအဘွားက ယမန်နှစ်တွင် ကွယ်လွန်ခဲ့ပြီး အမြဲတမ်း အားနည်းနေခဲ့သည့် ဆဋ္ဌမအဘွားကတော့ လွန်ခဲ့သောနှစ်များကတည်းက ထွက်သွားခဲ့ပြီး ဖြစ်သည်။ သူမ၏ ခင်ပွန်းဖြစ်သည့် ဆဋ္ဌမအဖိုးကလည်း သူ့ဇနီး ဆုံးပါးပြီး သိပ်မကြာခင် ဇနီးသည်နောက်သို့ လိုက်သွားခဲ့သည်။
ယခုအခါတွင် အိုမင်းရင့်ရော်မှုကို အံတုနေသော အဘွားအို လီရှီတစ်ဦးတည်းသာ ကျန်ရစ်နေရှာသည်။ သူမက ယခုတိုင် ကျန်းမာသန်စွမ်းဆဲ ဖြစ်ပြီး ယာဂု တစ်ပန်းကန်နှင့် မုန့်ပေါင်းတစ်လုံး၏ တစ်ဝက်ကို အခက်အခဲမရှိ စားနိုင်သေးသည်။ ထို့အပြင် သူမ၏ မျက်စိနှင့် အာရုံခံစားမှုများက ထက်မြက်နေဆဲဖြစ်သလို စိတ်ဓာတ်ကလည်း မာကျောဆဲပင်။ သူမက သူမ၏ မြစ်ဖြစ်သူ ပေါင်ယာ၏ သိုင်းကစားပြမှုများကို ကြည့်ရင်း ပျော်ရွှင်နေတတ်ပြီး သူမ၏ ရယ်မောသံကလည်း အိမ်တော်အတွင်း ပဲ့တင်ထပ်နေလေ့ရှိသည်။
စုန့်ကျစ်ယွမ်နှင့် ဖန့်ရှီတို့ ဇနီးမောင်နှံကလည်း သူတို့၏ အကြီးဆုံးသား၊ အကြီးဆုံးချွေးမတို့နှင့်အတူ မြို့ပြင်ရှိ စံအိမ်ကြီးတစ်ခုဆီသို့ ပြောင်းရွှေ့အခြေချနေထိုင်ကြပြီ ဖြစ်သည်။ သူတို့ အသက်အရွယ်ရလာသည်နှင့်အမျှ မြို့ပြ၏ ဆူညံမှုများကို စိတ်ကုန်လာကြပြီး ကျေးလက်၏ ရိုးရှင်းသော လူနေမှုဘဝကို ပြန်ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ အနားတွင် သစ္စာရှိသော အစေခံများ ဝန်းရံနေပြီး ကြက်၊ ဝက် စသည်တို့ကို မွေးမြူရင်း ဘာတစ်ခုမျှ လိုလေသေးမရှိ အေးချမ်းသောဘဝကို ဖြတ်သန်းနေကြသည်။
စုန့်တင်းရှန်း ဝယ်ယူခဲ့သည့် မိသားစုခြံဝင်းကြီးကိုတော့ သူမ၏ အကြီးဆုံးအစ်ကို စုန့်ကျွင့်ရှန်ထံသို့ လုံးဝ လွှဲပြောင်းပေးအပ်ခဲ့သည်။ သူမကိုယ်တိုင်ကလည်း အာဏာနှင့် စစ်ရေးဗျူဟာများ ပဲ့တင်ထပ်နေသည့် စစ်သူကြီးအိမ်တော်တွင် နေရာယူထားခဲ့သည်။ သို့သော် ခိုင်ခံ့လှသော ဤခံတပ်အတွင်းမှာပင် သူမ၏ စိတ်ထဲ၌ သံသယမျိုးစေ့များ တွယ်ကပ်နေဆဲပင်။ ထို့ကြောင့်ပင် စိတ်လေးလံမှုကို အဖြေရှာမရ ဖြစ်နေချိန်တိုင်း သူမကို အမှန်တကယ် စိတ်အေးချမ်းစေနိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ထံသို့ သူမ သွားရောက်လေ့ရှိသည်။
"အဖွား..."
စုန့်တင်းရှန်း၏ အသံတွင် သူမ အမြဲတမ်း ဖုံးကွယ်ထားလေ့ရှိသော စိုးရိမ်စိတ်များ ကပ်ပါနေသည်။ ထက်မြက်သော မျက်ဝန်းအစုံရှိသည့် အဘွားအိုလီရှီက ရှုပ်ထွေးမှုများကြားမှ ငြိမ်းချမ်းမှုကို မည်သို့ ဖန်တီးရမည်ကို အမြဲသိရှိသူ ဖြစ်သည်။ သူမ၏ မူရင်းကမ္ဘာ မဟုတ်သည့် ဤနေရာတွင် ထိုအဘွားအို၏ ပြတ်သားသော်လည်း နွေးထွေးလှသော ပညာရှိစကားများနှင့် ကျိုးယိနို၏ ကတိစကားများကသာ စုန့်တင်းရှန်း၏ စိတ်အတွင်းမှ မုန်တိုင်းကို ငြိမ်သက်စေနိုင်သည်။
သူမ ရောက်သွားချိန်တွင် လီရှီက ပြဇာတ်ဖျော်ဖြေမှု၏ တက်ကြွလှသော ပတ်ဝန်းကျင်ကို ခံစားနေခဲ့သည်။ အနုပညာနှင့် ယဉ်ကျေးမှုကို မြတ်နိုးသော စုန့်မိသားစုက လစဉ် ဤကဲ့သို့ ပွဲများ ကျင်းပလေ့ရှိပြီး ကျွမ်းကျင်သော ကဖျော်ဖြေသူများကို အိမ်တော်သို့ ရက်ပေါင်းများစွာ ဖိတ်ခေါ်ထားလေ့ရှိသည်။ အိမ်နီးနားချင်း အဘွားအိုအချို့ကို သူမတို့၏အိမ်တော်မှ အစေခံမလေးများနှင့် ပြဇာတ် လာကြည့်ရန် ဖိတ်ခေါ်ပြီး သက်ဝင်လှုပ်ရှားမှုများတွင် စီးမျောနေရခြင်းက အဘွားအိုများအတွက် အလွန်တန်ဖိုးထားရသော အလေ့အထတစ်ခု ဖြစ်နေခဲ့သည်။
သာယာနာပျော်ဖွယ် တေးသံများကြားတွင် မမျှော်လင့်ဘဲ ရောက်ရှိလာသော တစ်စုံတစ်ယောက်ကြောင့် လီရှီ၏ စိတ်ဝင်စားမှု ပြတ်တောက်သွားရသည်။
"အာ့နွီလား"
လီရှီ၏ အသံက နွေးထွေးသော်လည်း ထက်မြက်မှု ရှိနေဆဲပင်။ အဘွားအိုက သူမ၏ ဆံပင်ဖြူဖြူများကို ဆံထုံးအတုအောက်သို့ သပ်ရပ်စွာ ထည့်သွင်းထားပြီး တောက်ပြောင်သော ဆံထိုးလေးကို ဆင်မြန်းထားသည်။ လောက၏ မုန်တိုင်းများစွာကို ကျော်ဖြတ်ခဲ့သူပီပီ ယုံကြည်မှုအပြည့်ဖြင့် ပြုံးနေသေးသည်။ သူမ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများက မြေးမဖြစ်သူကို မြင်လိုက်ရသည့်အချိန်တိုင်း ပြေလျော့ကာ နူးညံ့သွားလေ့ရှိသည်။
"ဘာဖြစ်လို့လဲ၊ ဘာလို့ ဒီအချိန်ကြီး ရောက်လာရတာလဲ"
စုန့်တင်းရှန်းက စိုးရိမ်စိတ်ကြောင့် ညှိုးငယ်နေသော မျက်နှာဖြင့် အဘွားအို၏ အနားတွင် ညင်ညင်သာသာ ဝင်ထိုင်လိုက်သည်။ သူမက အဘွားဖြစ်သူ၏လက်ကို တင်းတင်းဆုပ်ကိုင်ရင်း အနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"အဘွား... သမီး စိတ်ထဲမှာ အရမ်းမကောင်းတဲ့ ခံစားချက်တစ်ခု ရှိနေပြီး လုံးဝ ဖျောက်ပစ်လို့ မရဘူး ဖြစ်နေတယ်၊ တစ်ခုခု မှားနေပြီလား မသိဘူး၊ ရင်ဘတ်ထဲမှာ တင်းကျပ်နေပြီး နှလုံးကလည်း အရမ်းတုန်နေတယ်"
လီရှီက လက်မြှောက်လိုက်ပြီး တင်းရှန်း၏ တောက်ပြောင်နက်မှောင်သော ဆံနွယ်များကို ခပ်ဖွဖွ ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။ သူမ၏ လေသံက တည်ငြိမ်လှသလို ဆူပူသံများလည်း ရောပါနေပြီး အားပေးစကား ပြောလာခဲသည်။
"နင်က ဘာမဟုတ်တာတွေကို စိတ်ပူနေတာလဲ၊ ကောင်းကင်ကြီးက ပြိုကျလာမှာ မဟုတ်ဘူး၊ တကယ်လို့ ပြိုကျလာရင်တောင် နင့်ထက် အရပ်ရှည်တဲ့လူတွေက အပေါ်ကနေ အရင်ထိန်းထားပေးကြမှာပေါ့၊ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ရောဂါဝေဒနာနဲ့ သေဆုံးခြင်းတွေအားလုံးကို ကံတရားက ရေးမှတ်ထားပြီးသားလေ၊ ဒါတွေအားလုံးက မိုးကောင်းကင်ရဲ့ အစီအစဉ်ပဲ၊ ငါတို့ကတော့ ရိုးရိုးသားသားနေထိုင်ဖို့ပဲ လိုတယ်၊ ကိုယ်က လမ်းမှန်အတိုင်း လျှောက်နေသရွေ့ ဘာကို ကြောက်နေရမှာလဲ"
"သမီးလည်း မသိတော့ဘူး"
စုန့်တင်းရှန်းက သက်ပြင်းချလျက် သူမ၏နဖူးလေး တွန့်သွားသည့်အထိ တွေးတောနေပြန်သည်။
"သမီးပဲ အတွေးလွန်နေတာ ဖြစ်မှာပါ၊ ဒါပေမယ့် ဒီလို စိတ်မအေးစရာ ခံစားချက်ကြီးကြောင့် သမီး အနားမယူနိုင်ဘူး ဖြစ်နေတယ်"
လီရှီ၏ မျက်နှာက နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသော ပညာရှိတစ်ဦး၏ အသွင်မျိုး ပြောင်းသွားကာ ချက်ချင်းတည်ကြည်သွားသည်။
"အဖွားပြောတာကို နားထောင်၊ နင် ဘာမှ အမှားမလုပ်ထားဘူးဆိုရင် ဘာကိုမှ ကြောက်နေစရာမလိုဘူး၊ လောကကြီးက နင့်ကို မတရားစွပ်စွဲရင်တောင် ငရဲမင်းကိုယ်တိုင်က နင့်အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးလိမ့်မယ်၊ နင်က လူကောင်း တစ်ယောက်ပါ၊ နတ်ဘုရားတွေက နင့်ကို ကျောခိုင်းမှာ မဟုတ်ဘူး၊ ပြီးတော့..."
အဘွားအို၏ နှုတ်ခမ်းများက အရာရာကို နားလည်နေသည့် အပြုံးအဖြစ် ကွေးညွတ်သွားပြန်သည်။
"နင် နင့်ယောက်ျားကို လွမ်းနေလို့ စိတ်မအေးနိုင် ဖြစ်နေတာလို့ ငါ ထင်တယ်၊ ငါ့စကားကို နားထောင်ပြီး နင် စိတ်လျော့ထား၊ ကျူးဇီ မကြာခင် ပြန်ရောက်လာတော့မှာပါ၊ သူ ရောက်လာရင် နင်လည်း ပြန်ပြီး စိတ်အေးသွားလိမ့်မယ်"
အဘွားအို၏ စကားက မှန်ကန်လှသည်။ နောက်ရက်အနည်းငယ်အကြာတွင် ကျိုးယိနို ပြန်ရောက်လာခဲ့သည်။ သို့သော် သူ သယ်ဆောင်လာသော သတင်းကတော့ အားလုံး၏အေးချမ်းမှုကို ရိုက်ခွဲလိုက်သည့် မိုးကြိုးသံကဲ့သို့ဖြစ်နေလေသည်။
"ရှင်... အခု ဘာပြောလိုက်တယ်"
စုန့်တင်းရှန်း၏ အသံက စူးရှနေပြီး မယုံကြည်နိုင်မှုကြောင့် အက်ကွဲနေခဲ့သည်။ သူမ၏ အမြဲတမ်း တည်ငြိမ်နေတတ်သော ဟန်ပန်က အစအနပင် မကျန်တော့ဘဲ ခင်ပွန်းဖြစ်သူကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေသည်။
ကျိုးယိနိုက သူမ၏ ရှေ့တွင် ရပ်နေပြီး သူ၏ တင်းမာနေသော ကိုယ်ဟန်က သူ ပြောလိုက်သော စကား၏ လေးနက်မှုကို ဖော်ပြနေသည်။
"တိုင်းတပါးက မင်းသားတစ်ပါးက လက်ထပ်ခွင့် တောင်းဆိုလာတယ်....."
သူက သူမ၏ တုံ့ပြန်မှုကို စောင့်ကြည့်ရင်း သတိထားကာ ဆက်ပြောလိုက်သည်။
"ပြီးတော့... သူ လက်ထပ်ချင်နေတာက ကိုယ်တို့ရဲ့ သမီးလေး၊ ကိုယ်တို့ရဲ့ အဖိုးတန် ရတနာလေး ပေါင်ယာကိုတဲ့"
အခန်းတွင်းရှိ လေထုက တိတ်ဆိတ်သွားပြီး သူ၏ စကားလုံးများက အသက်ရှူရ ကျပ်လောက်အောင် လေးလံနေသည်။ စုန့်တင်းရှန်း၏ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားပြီး သူမ၏ စိတ်ထဲတွင် ထိတ်လန့်မှုနှင့် ဒေါသတို့ လွန်ဆွဲနေပြီ ဖြစ်သည်။
ထိုအချိန်တွင် သူမ၏ အဘွားဖြစ်သူ ပြောခဲ့ဖူးသော နှစ်သိမ့်စကားများက သူမ၏စိတ်ထဲမှ တိုးတိုးလေး ပဲ့တင်ထပ်လာပြန်သည်။
အခန်း ၁၀၂ အပိုဆောင်းဇာတ်လမ်း (၇)
ကျိုးယိနိုက သူ့၏တရားဝင်တာဝန်များအတွက် မြို့တော်သို့ ရောက်ရှိနေခဲ့ပြီး တိုင်းတပါးမှ မင်းသားက မြို့တော်သို့ ရောက်ရှိလာသည်ကို ကြုံတွေ့ခဲ့ရသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျိုးယိနိုတစ်ယောက် မိမိဘဝကို လောင်းကြေးထပ်ကာ တိုင်းတစ်ပါးမျိုးနွယ်စု၏ ဘုရင်ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ မြောက်ပိုင်းမျိုးနွယ်စုများကြားတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေခဲ့ပြီး ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခြင်းနှင့် ထီးနန်းအတွက် ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပေါ်စေခဲ့သည်။
ယခု သူ ပုံမှန်တာဝန်စစ်ဆေးမှုအတွက် မြို့တော်သို့ ရောက်နေချိန်တွင် သူ လုံးဝမမျှော်လင့်ထားသော အလှည့်အပြောင်းတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ ၎င်းက သူကိုယ်တိုင် ချေမှုန်းခဲ့သော မျိုးနွယ်စု၏ မင်းသား မြို့တော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
အိမ်ထောင်ပြုရန် ရောက်ရှိလာသည့် မင်းသားက သာမန်သံတမန်တစ်ဦး မဟုတ်ပေ။ သူက ကျိုးယိနို၏ ပါးနပ်သော စစ်ရေးကစားကွက်ကြောင့် ပြာပုံဘဝရောက်ခဲ့ရသည့် တိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်ခဲ့သည့် ဘုရင်အသစ်၏ တစ်ဦးတည်းသော အမွေခံဖြစ်သည်။ ထိုအမွေခံမင်းသားက နန်းတွင်းတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် တောင်းဆိုချက်တစ်ခုနှင့်အတူ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ လူအများက သူ မင်းမျိုးမင်းနွယ်မှ သာမန်မင်းသမီးတစ်ပါးနှင့် လက်ဆက်ပေးရန် တောင်းဆိုလိမ့်မည်ဟု ထင်မှတ်ထားကြသော်လည်း ထိုမင်းသား တောင်းဆိုလိုက်သည်က ကျိုးယိနို၏ အကြီးဆုံးသမီး ကျိုးကျင်းရှန်း ဖြစ်သည်။
ထိုတောင်းဆိုမှုက မြို့တော်တစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။ ဤရဲတင်းလွန်းသော တောင်းဆိုချက်ကို ပယ်ချရန် ဧကရာဇ်မင်းမြတ်ထံသို့ အသနားခံစာများ တောင်ပုံရာပုံ ရောက်ရှိလာခဲ့သည်။ သို့သော် ထိုအခြေအနေ၏ နောက်ကွယ်တွင် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ပြောဆိုသံများလည်း လွှမ်းမိုးနေပြန်သည်။ အချို့ကတော့ ကျိုးကျင်ရှန်းကို ရန်သူ့လက်ထဲ ထိုးအပ်ခြင်းက တိုင်းပြည်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု သတ်မှတ်ကြသည်။ အချို့ကတော့ ဤသည်မှာ ကျိုးယိနို၏ မိသားစု ဒုက္ခရောက်မည့်အရေးဟု သတ်မှတ်ကာ ဘေးမှ ထိုင်ကြည့်ပြီး ရန်ညှိုးဟောင်းများအတွက် အကွက်ကျကျ လက်စားချေနိုင်မည့် ရွှေရောင်အခွင့်အလမ်းကြီးဟု ယူဆနေကြသည်။
ဧကရာဇ်မင်းမြတ်က ဘဝ၏ နောက်ဆုံးအချိန်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သြဇာအာဏာကို လက်မလွှတ်ချင်သေးဘဲ လမ်းဆုံလမ်းခွသို့ ရောက်ရှိနေခဲ့သည်။ အပေါ်ယံတွင် သူက တိုင်းသူပြည်သားတို့၏ အားကိုးရာဖြစ်သော ကျိုးယိနိုနှင့် သူ့မိသားစုကို မျက်နှာသာပေးထားသယောင် ရှိသော်လည်း လက်တွေ့တွင် ကျိုးမိသားစု၏ ကြီးထွားလာသော ကျော်ကြားမှုက ဧကရာဇ်၏ ရင်ထဲသို့ ဆူးတစ်ချောင်းအလား စူးဝင်နေပြီး အမြဲတမ်း စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
သူတို့ကြားမှ အကျိုးစီးပွားဖက် ဆိုသည်ကလည်း အမည်ခံမျှသာ ဖြစ်ပြီး အမှန်စင်စစ်တွင် သူတို့က ဧကရာဇ်အတွက် ပြောင်ပြောင်တင်းတင်း ရင်မဆိုင်ရဲသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေခဲ့သည်။ အထူးသဖြင့် ကျိုးယိနို၏ ပါးနပ်လှသော ဇနီးသည် စုန့်တင်းရှန်းက ကျိုးမိသားစုနှင့် စုန့်မိသားစုနှစ်ခုလုံး ဧကရာဇ်အပေါ် မယိုင်မလဲ သစ္စာရှိသည့်ပုံစံ ဖြစ်နေအောင် ထိန်းကျောင်းပဲ့ကိုင်နေခဲ့သည်။ ထို့ကြောင့်လည်း ဧကရာဇ်က သူတို့ကို အရေးယူရန် အကြောင်းပြချက် မရှာနိုင်ဖြစ်နေခဲ့သည်။ ယခု တိုင်းတစ်ပါးမင်းသား၏ တောင်းဆိုချက်က ဧကရာဇ်အတွက် လျစ်လျူမရှုနိုင်သော အခွင့်အရေးကြီး ဖြစ်လာခဲ့သည်။
လူပုံအလယ်တွင် ဧကရာဇ်က ထိုတောင်းဆိုချက်ကို ငြင်းပယ်ခဲ့ပြီး သူ၏ရာဇအိန္ဒြေကို ထိန်းထားခဲ့သည်။ သို့သော် သီးခြားဆွေးနွေးကြချိန်တွင်တော့ သူက ကျိုးယိနိုအား ထိုလက်ထပ်ပွဲကို သဘောတူရန် နည်းမျိုးစုံဖြင့် ဖိအားပေးခဲ့သည်။ အကယ်၍ ကျိုးယိနို ငြင်းဆန်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို မသိမသာ ဖော်ပြပြီး ခြိမ်းခြောက်ကာ အမျိုးမျိုး လှည့်ပတ်ပြောဆိုခဲ့သည်။
ဧကရာဇ်၏ ပါးနပ်မှုကို ကောင်းစွာသိနေသော ကျိုးယိနိုကလည်း သူ့ကိုယ်သူ နံရံနှစ်ဖက်ကြားထဲ၌ ပိတ်မိနေသလို ခံစားနေရသည်။ နန်းတွင်းတွင် လင်းတပမာ စောင့်စားနေသည့် အခွင့်အရေးသမားများကလည်း အခွင့်သာသည်နှင့် သူ့၏မိသားစုကို အပိုင်းပိုင်းအစစ ဆွဲဖြဲရန် စောင့်ဆိုင်းနေကြမှန်း သူ နားလည်နေသည်။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့ကလည်း သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သောကြောင့် အပြစ်ပေးခြင်း ခံခဲ့ရသည်။ သို့သော်လည်း သူအနေဖြင့် ထိုလက်ထပ်ပွဲကို ဗြောင်ကျကျ ငြင်းပယ်၍ မဖြစ်ပြန်ပေ။ ထိုသို့လုပ်ခြင်းက ဧကရာဇ်အား သူ့အပေါ် အရေးယူရန် လက်နက်တစ်ခု ကမ်းပေးလိုက်သလိုသာ ဖြစ်ပေလိမ့်မည်။
လောလောဆယ်တွင် ဧကရာဇ်က အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်လောက်အောင် ကျန်းမာနေဆဲဖြစ်ပြီး ပိုမိုကြင်နာတတ်သော အုပ်စိုးရှင်တစ်ပါး နန်းတက်လာမည့် အချိန်အထိ သူတို့မိသားစု တောင့်ခံနိုင်ခြင်း ရှိ မရှိက သံသယဖြစ်စရာ ဖြစ်နေပြန်သည်။
ထိုသို့ အကျပ်အတည်းများကြားတွင် ကျိုးယိနိုက သူ့၏ကစားကွက်ကို သတိထားကစားလိုက်သည်။ သူက ဇနီးဖြစ်သူ၏ သြဇာအောက်တွင် ရှိနေသော ခင်ပွန်းတစ်ဦးအသွင် ဟန်ဆောင်လိုက်ပြီး စုန့်တင်းရှန်းနှင့် အရင်တိုင်ပင်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ ဤသည်က အချိန်ဆွဲသည့် နည်းဗျူဟာတစ်ခုမျှသာ ဖြစ်သော်လည်း သူ့အင်အားကို ပြန်လည်စုစည်းရန် အဖိုးတန်အချိန်တချို့ ရရှိခဲ့သည်။
နောက်ဆုံးတွင် ကျိုးယိနိုတစ်ယောက် စိုးရိမ်ပူပန်နေသော မိဘနှစ်ပါး၏ အကြည့်များကို ချန်ထားရစ်ကာ လေးလံသော နှလုံးသားဖြင့် အိမ်အပြန်လမ်းကို စတင်ခဲ့ရသည်။
ခင်ပွန်းဖြစ်သူ၏ စကားများကို နားထောင်ပြီးနောက် စုန့်တင်းရှန်း၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားပြီး ဒေါသနှင့် မျှော်လင့်ချက်မဲ့မှုတို့ ရောယှက်နေသော မချိတင်ကဲ အမူအယာများ ထွက်ပေါ်လာခဲ့သည်။
‘အသက်ရှူကျပ်စရာကောင်းတဲ့ ဒီအာဏာရှင်စနစ်အောက်မှာ သူမ ဘယ်လောက်ပဲ သတိထားပြီး ကြိုးကြိုးစားစား နေထိုင်ခဲ့ပါစေ ဧကရာဇ်ရဲ့ သံသယစိတ်က သူမတို့နောက်ကို အရိပ်လို ထပ်ကြပ်မကွာ လိုက်နေတုန်းလား’
‘အခုအချိန်မှာ သူမတို့ရဲ့သမီးတစ်ယောက်တည်းပဲ ရှိသေးတယ်၊ အနာဂတ်မှာ သူမတို့ကို ဘာတွေစောင့်ကြိုနေမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ’
‘အခုလောလောဆယ် ခါးသီးလှတဲ့ အမှန်တရားကလည်း သူမတို့ရှေ့ကို ထင်ထင်ရှားရှား ရောက်လာနေပြီ။ တကယ်လို့ သူမတို့က ဒီကျိန်စာသင့်နေတဲ့ လက်ထပ်ပွဲကို ငြင်းပယ်ခဲ့ရင်လည်း ကျိုးမိသားစုနဲ့ စုန့်မိသားစုနှစ်ခုလုံး မဆုံးနိုင်တဲ့ နှိပ်ကွပ်မှုတွေကို ခံရလိမ့်မယ်၊ လူကြီးတွေကတော့ အံကြိတ်ပြီး ညည်းခံလို့ ရသေးတယ်။ အပြစ်မဲ့တဲ့ ကလေးငယ်လေးတွေက ဒီပဋိပက္ခကြားမှာ ဘယ်လို ရှင်သန်ကြမလဲ’
ကျိုးယိနိုက ဒေါသကို မနည်းထိန်းထားရသည့် လေသံဖြင့် ပြောလိုက်ပြန်သည်။
"ဒီကိစ္စကြောင့် အိမ်ရှေ့စံမင်းသားနဲ့ တတိယမင်းသားတို့တောင် ဧကရာဇ်ရဲ့ အငြိုအငြင် ခံနေရပြီ၊ အခု ဒုတိယမင်းသား မျက်နှာသာ အပေးခံနေရတယ်၊ ဒုတိယမင်းသားက မင်းသမီးတွေကိုတောင် သံတမန်ရေးအရ လက်ဆက်ဖို့ လွှတ်နိုင်တာပဲ၊ သာမန်မှူးမတ်ရဲ့သမီးကို ဘာလို့ မလွှတ်နိုင်ရမှာလဲဆိုပြီး သွေးထိုးပေးနေတယ်၊ သူ့ကြောင့် ပေါင်ယာကို အဝေးပို့လိုက်ရင် သူလည်း မင်းသမီးဖြစ်လာမယ်၊ မိသားစုအတွက်လည်း ဂုဏ်တက်မယ်ဆိုတဲ့ အပြောတွေလည်း ပိုပြီး ကျယ်လောင်လာတယ်၊ အခု မြို့တော်မှာ လူတချို့က ဒုတိယမင်းသား အိမ်ရှေ့စံ ဖြစ်လာဖို့ မျှော်လင့်နေကြပြီ၊ အဲဒီတောင်းဆိုမှုက အရမ်းပြင်းထန်လွန်းတယ်၊ သူသာ အိမ်ရှေ့စံမင်းသား ဖြစ်လာရင် ကိုယ်တို့ ပိုပြီး ရင်ကွဲရလိမ့်မယ်၊ တကယ့်ကို ရွံစရာကောင်းပေမယ့် အဲဒီစကားတွေက ပျံ့နှံ့နေပြီ"
သူက မေးကြောများ ထောင်လာသည်အထိ အံကြိတ်ရင်း ဆက်ပြောလိုက်သည်။
"တကယ်လို့ အဲ့လူတွေရဲ့ အထောက်အပံ့နဲ့ ဒုတိယမင်းသား အိမ်ရှေ့စံ ဖြစ်လာရင် ကိုယ်တို့လည်ပင်းကို ကြိုးကွင်းစွပ်လိုက်သလို ဖြစ်သွားလိမ့်မယ်၊ ဒီလက်ထပ်ပွဲကို ငြင်းလိုက်ရင်လည်း ကိုယ်တို့အားလုံးအတွက် ပျက်စီးခြင်းနိမိတ် ဖြစ်လာမှာပဲ”
ကျိုးယိနို၏ အသံက နာကျင်မှုကြောင့် တုန်ယင်နေသည်။
"ကိုယ်တို့ရဲ့ သမီးကို လူသူကင်းမဲ့တဲ့ အရိုင်းအစိုင်းတွေဆီ ပို့ရမယ်ဆိုတာက... တကယ့်ကို ခံပြင်းစရာပဲ"
စုန့်တင်းရှန်း၏ လက်များကလည်း တုန်ယင်နေပြီး သူမ၏ လက်သည်းများ လက်ဖဝါးထဲသို့ စိုက်ဝင်လုမတတ် လက်သီးဆုပ်ထားခဲ့သည်။
"ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပေါင်ယာ့အတွက် မင်္ဂလာပွဲ မစီစဉ်ပေးခဲ့တာက သူကို သူ ချစ်တဲ့သူကို ရှာတွေ့ပြီး ပျော်စေချင်လို့ပဲ၊ အဲဒါက ဒီလောက်တောင် ကြီးမားတဲ့အမှားတစ်ခု ဖြစ်သွားခဲ့တာလား"
သူမ၏ အသံက ရှိုက်သံကြောင့် ကွဲအက်နေပြီး မျက်ရည်များကလည်း ပါးပြင်ထက်သို့ စီးကျလာသည်။
‘ဒီလို အိပ်မက်ဆိုးကြီး ဖြစ်လာမယ်မှန်း သိရင် ငါ့သမီးကို အိမ်နားနီးချင်းတစ်ယောက်နဲ့ပဲ လက်ထပ်ပေးလိုက်မှာပေါ့၊ အနည်းဆုံးတော့ ငါ့မျက်စိအောက်မှာ ရှိနေဦးမယ်၊ အခုတော့... အခုတော့ ငါ့သမီးကို ဝေးလံပြီး အန္တရာယ်များတဲ့ တိုင်းတစ်ပါးဆီ ပို့ရတော့မယ်၊ ငါ့သမီးကို ဘယ်တော့မှ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး’
ကျိုးယိနိုက ခြောက်ကပ်စွာ ရယ်မောရင်း ရှင်းပြလိုက်ပြန်သည်။
"ပေါင်ယာ့ကို လက်ထပ်ပေးလိုက်ရင်တောင် နောက်ထပ် အစတေးခံဖို့အတွက် 'ဖန်းယာ' ကျန်နေသေးတာပဲ မဟုတ်လား"
စုန့်တင်းရှန်းက ဝမ်းနည်းပက်လက်ဖြစ်သွားပြီး ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲသို့ ခွေကျသွားသည်။ သူတို့နှစ်ဦးလုံး တံခါးအပြင်ဘက်၌ တိတ်တဆိတ် နားထောင်နေသည့် အရိပ်တစ်ခုကို သတိမထားမိလိုက်ကြပေ။ ထိုအရိပ်က ခဏမျှ ရပ်နားထောင်နေခဲ့ပြီး တိတ်တဆိတ် ပြန်လည် ထွက်ခွာသွားခဲ့သည်။
........။........။........
ရုတ်တရက် တံခါးတချပ် ဝုန်းခနဲ ပွင့်သွားပြီး ပေါင်ယာ၏ အစေခံမလေးက ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် ပြေးဝင်လာသည်။
"သခင်ကြီး၊ သခင်မ၊ ကြောက်စရာကောင်းတဲ့ တစ်ခုခုဖြစ်သွားပြီ"
စုန့်တင်းရှန်းက သတိချက်ချင်း ဝင်လာပြီး လှမ်းမေးလိုက်သည်။
"ဘာဖြစ်တာလဲ"
အစေခံမလေး၏ အသံက တုန်ယင်နေသည်။
"သခင်မလေး ပေါင်ယာ... သူ မရှိတော့ဘူး၊ ပျောက်သွားပြီ"
“ဘာ”
စုန့်တင်းရှန်းတစ်ယောက် လန့်ဖျပ်သွားပြီး ထခုန်လိုက်ကာ စိတ်မထိန်းနိုင်ဘဲ အော်ဟစ်လိုက်မိသည်။
"ပျောက်သွားတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ၊ မဖြစ်နိုင်တာ၊ သူ သိုင်းပြိုင်ကွင်းကို သွားတာ မဟုတ်ဘူးလား"
အစေခံမလေးက ခေါက်ထားသော စာတစ်စောင်ကို ကိုင်ရင်း ရှေ့တိုးလာသည်။
"သခင်မ... ကျွန်မ ဒီနေ့မနက်အစောကြီးကတည်းက သခင်မလေးရဲ့ တံခါးရှေ့မှာ စောင့်နေတာပါ၊ သခင်မလေး ထွက်လာမယ်လို့ ထင်ထားခဲ့ပေမဘ့် အချိန်တွေသာ ကုန်သွားတယ်၊ သခင်မလေးက ထွက်မလာဘူး၊ အဲ့ဒါကြောင့် အထဲကို ဝင်ကြည့်တော့ အခန်းက အလွတ်ကြီး ဖြစ်နေတယ်၊ သခင်မလေးက မရှိတော့ဘူး၊ ပြီးတော့ ဒီစာကို ကုတင်ပေါ်မှာ တင်ထားတာ တွေ့ခဲ့ရတယ်"
စုန့်တင်းရှန်းက စာကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး စာရွက်ပေါ်ရှိ ခပ်သော့သော့ ရေးထားသော စာတစ်ကြောင်းကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
"အမေနဲ့ အဖေ သမီးအတွက် စိတ်မပူပါနဲ့၊ သမီး အဲဒီမင်းသားကို သွားတွေ့တယ်"
ထိုရဲတင်းလှသော စာကြောင့် စုန့်တင်းရှန်းတစ်ယောက် သူမ၏သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။
"တကယ့်ကို ရူးသွပ်သွားပြီပဲ"
သူမက ဒေါသနှင့် ထိတ်လန့်မှုများ ရောယှက်နေသော လေသံဖြင့် အော်ဟစ်လိုက်သည်။
"ကျူးဇီကော.... မဟုတ်သေးဘူး၊ နင်တို့ သခင်ကြီး ဘယ်မှာလဲ"
အစေခံမလေးက စုန့်တင်းရှန်း၏ ဒေါသရောင်သန်းနေသော အကြည့်များအောက်၌ အသံတိုးတိုးလေးဖြင့် ပြန်ဖြေလိုက်သည်။
"သခင်ကြီးက မီးဖိုဆောင်မှာပါ၊ မနေ့က သခင်မ စိတ်မကောင်းဖြစ်နေပုံရလို့ အားရှိအောင် စွပ်ပြုတ်လုပ်ဖို့ သွားကြီးကြပ်ပေးနေတာပါ"
"စွပ်ပြုတ်"
ခန်းဆီးကိုပင် ကျိုးကြေသွားနိုင်လောက်သည့် စုန့်တင်းရှန်း၏ အသံက စူးစူးရှရှ ထွက်ပေါ်လာပြန်သည်။
"ဘာစွပ်ပြုတ်လဲ၊ သူ့ကို အခုချက်ချင်း လာခိုင်းလိုက်"
ခဏအကြာတွင် ကျိုးယိနို ရောက်ရှိလာပြီး စာကို ဖတ်ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
"ဒီကလေးမလေး ဘယ်လိုတွေ ဖြစ်နေတာလဲ"
ထို့နောက် သူက ဝေခွဲမရဟန်ဖြင့် ရေရွတ်နေပြန်သည်။
"ဘယ်လိုတွေ ဖြစ်နေတာလဲ ဟုတ်လား၊ ရှင် သူ့ကို အတိုင်းအဆမရှိ အလိုလိုက်ခဲ့လို့ သူ ဒီလိုဖြစ်နေတာပေါ့၊ အဲဒီမှာ သစ်တုံးကြီးလို ရပ်မနေနဲ့လေ၊ သူ့နောက်ကို အမြန်လိုက်သွား"
အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ သူမ၏ ဒေါသက ပိုမို ပြင်းထန်လာသည်။
‘အစောပိုင်းမှာ ငါ ခံစားနေရတဲ့ စိတ်မအေးမှုတွေက အခုတော့ အဓိပ္ပာယ်ရှိသွားပြီ၊ ငါ ခံစားခဲ့ရတဲ့ နိမိတ်ဆိုးက ဒီကိစ္စပဲ ဖြစ်လိမ့်မယ်’
ကျိုးယိနိုက ပေါင်ယာကို ခြေရာခံရန် လူလွှတ်နေပြီ ဖြစ်သော်လည်း သူနှင့် သူ၏ သားကြီးကတော့ ကိုယ်တိုင်လိုက်ရန် မဖြစ်နိုင်ပေ။ ယခုအချိန်တွင် မြို့တော်က သူတို့အတွက် ထောင်ချောက်တစ်ခုသဖွယ် ဖြစ်နေပြီး ဧကရာဇ်၏ ဆင့်ခေါ်စာ မရှိဘဲ ထိုနေရာသို့ ခြေချခြင်းက မိမိကိုယ်ကို ပျက်စီးအောင် လုပ်ခြင်းပင်။ အကယ်၍ သူတို့ သူမနောက်သို့ လိုက်သွားရင်း အမိခံလိုက်ရလျှင် ဧကရာဇ်က ထိုအခြေအနေကို အသုံးချကာ သူတို့၏ လည်ပင်းမှ ကြိုးကွင်းအား ပိုမို တင်းကျပ်နိုင်သွားပေလိမ့်မည်။
စုန့်တင်းရှန်းက ဒေါသနှင့် ပြတ်သားမှုတို့ လွှမ်းမိုးနေသော မျက်နှာဖြင့် ရှာဖွေရေးအဖွဲ့ကို အမိန့်ပေးနေခဲ့သည်။
"သေချာနားထောင်ကြ၊ သခင်မလေးကို တွေ့တာနဲ့ လိုအပ်ရင် သတိလစ်သွားအောင် ရိုက်ပြီး ဒီကို ပြန်ဆွဲခေါ်ခဲ့ကြ၊ သူ့ရဲ့ ချိုသာတဲ့စကားတွေနောက်ကို လုံးဝ ပါမသွားစေနဲ့၊ အဲဒီကလေးမက လူကို လှည့်စားတဲ့နေရာမှာ အရမ်းတော်ဆိုတာ မမေ့နဲ့၊ မင်းတို့ သတိမထားရင် သူ့ရဲ့ ပရိယာယ်တွေကြားမှာ လမ်းပျောက်သွားလိမ့်မယ်"
ထိုအချိန်တွင် ပေါင်ယာက အမျိုးသားတစ်ဦးကဲ့သို့ ဝတ်ဆင်ပြီး မြင်းကို အပြင်းနှင်လျက် မြို့တော်ဆီသို့ ဦးတည်ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ အစ်ကိုနှင့်အတူ စစ်စခန်းတွင် နေထိုင်ခဲ့ရသော နှစ်များက သူမ၏ စိတ်ဓာတ်ကို ပိုရင့်ကျက်လာစေခဲ့သည်။ သူမ အရွယ်ရောက်လာချိန်တွင် မိခင်ဖြစ်သူက သူမကို စည်းကမ်းတကျ ထိန်းကျောင်းခဲ့သော်လည်း ထိုနှစ်များအတွင်း သွန်းလောင်းပေးလိုက်သော လွတ်လပ်သည့် စိတ်ဓာတ်ကတော့ လှောင်အိမ်အတွင်း ပိတ်လှောင်၍မရ ဖြစ်စေခဲ့သည်။ သူမက လမ်းခရီးတွင် ကြယ်စင်များအောက်၌ အိပ်စက်ရန် သို့မဟုတ် ကြမ်းတမ်းသော အစားအစာများကို စားသောက်ရန် လုံးဝ ဝန်မလေးသည့်အပြင် သူမနောက်သို့ လိုက်လာသူများကိုလည်း ပါးနပ်စွာဖြင့် အကြိမ်ကြိမ် မျက်ခြေဖြတ်နိုင်ခဲ့သည်။
နှစ်သစ်ကူးကာလ နီးကပ်လာပြီဖြစ်သောကြောင့် ထိုမင်းသားက မြို့တော်မှ ချက်ချင်း ထွက်ခွာဦးမည်မဟုတ်ကြောင်းလည်း သူမ သိထားသည်။ သူမ၏ မိဘများက ဧကရာဇ်၏ အတင်းအဓမ္မ လက်ထပ်ခိုင်းမည့် အမိန့်ကို ရှောင်လွှဲရန် အသည်းအသန် ကြိုးစားနေကြသည်ကိုလည်း သူမ နားလည်နေခဲ့သည်။ သို့သော် ပေါင်ယာကတော့ ဘာမှ မကြိုးစားဘဲ ထိုင်ကြည့်နေရန် အစီအစဉ်မရှိပေ။ ထို"မင်းသား" ဆိုသူက မည်သို့သော အမျိုးသားမျိုးဖြစ်သည်ကို သူမကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ချင်နေသေးသည်။
‘တကယ်လို့ သူက လူကောင်းတစ်ယောက် ဆိုရင်တော့ သူမအနေနဲ့ သူ့ကို စဉ်းစားပေးကောင်း စဉ်းစားပေးမိမှာပါ၊ ဒါပေမယ့် သူက လူညံ့လူဖျင်းတစ်ယောက် ဖြစ်နေခဲ့ရင်တော့ သူမကို ထိန်းချုပ်နိုင်မယ့်လို့ ထင်နေသူမှန်သမျှ ပေါင်ယာက ဘယ်လောက်အထိ ရက်စက်ပြီး ပါးနပ်တယ်ဆိုတာကို ကောင်းကောင်းသိသွားကြလိမ့်မယ်’
ထိုအချိန်တွင် စူးရှထက်မြက်သော အကြည့်ကို ပိုင်ဆိုင်သည့် မင်းသားက ကောင်းကင်ယံကို တစ်ချက်ကြည့်ကာ နှာချေလိုက်ပြီး သူ့နှာခေါင်းကို သုတ်လိုက်သည်။ ကောင်းကင်ယံတွင် လေးလံသော တိမ်တိုက်များ ဖုံးလွှမ်းနေပြီး နှင်းမုန်တိုင်းကြီး ကျရောက်တော့မည့် နိမိတ်ကို ပြနေသည်။ ၎င်းက သူ အကွက်ကျကျ စီစဉ်ထားသော အကြံအစည်များ၏ မပြေပြစ်သော နိဒါန်းတစ်ခုနှင့်ပင် တူနေလေသည်။
သူ့၏ အပါးတော်မြဲက စူးစမ်းလိုစိတ်ဖြင့် အနားသို့ တိုးကပ်လာရင်း မဝံ့မရဲ မေးမြန်းလိုက်သည်။
"အရှင့်သား... တာ့ကျန်းဧကရာဇ်က စစ်သူကြီးကျိုးရဲ့ သမီးနဲ့ လက်ထပ်ဖို့ တကယ်ပဲ ခွင့်ပြုလိမ့်မယ်လို့ ထင်ပါသလား"
မင်းသားက ခပ်ပြုံးပြုံး ပြန်ဖြေလိုက်သည်။
"တာ့ကျန်းဧကရာဇ်က လူမိုက်မဟုတ်ဘူး၊ ဒါပေမယ့် သူ အသက်ကြီးလာတော့ သူရဲ့ အမျှော်အမြင်တွေက သံသယတွေအဖြစ် ပြောင်းလဲကုန်ပြီ၊ သူက စစ်သူကြီးကျိုးနဲ့ သူရဲ့ ကြီးထွားလာတဲ့ သြဇာအာဏာကို မယုံကြည်တော့ဘူး၊ အဲဒီအာဏာကို ထိန်းချုပ်ဖို့ နည်းလမ်းကို အမြဲရှာနေတာလေ၊ ငါ ဒီလက်ထပ်ပွဲကို အဆိုပြုလိုက်တဲ့ အချိန်မှာ တာ့ကျန်းဧကရာဇ်က ဒါကို စစ်သူကြီးကျိုးရဲ့ အင်အားကို လျှော့ချဖို့ နည်းလမ်းတစ်ခုအဖြစ် မြင်နေလိမ့်မယ်၊ ငါ့ကို ယုံစမ်းပါ၊ သူ သဘောတူလိမ့်မယ်၊ ချက်ချင်း မဟုတ်ရင်တောင် မကြာခင်ပေါ့"
"ဒါပေမယ့် စစ်သူကြီးကျိုးက သဘောမတူရင်ရော"
အပါးတော်မြဲက ကောက်ကျစ်မှုများ ပါဝင်နေသည့် လေသံဖြင့် ဆက်ပြောလာပြန်သည်။
"သူတို့ ပုန်ကန်မယ်လို့ အရှင့်သား ယူဆလား၊ သူတို့ အချင်းချင်း အပိုင်းပိုင်းအစစ ဆွဲဖြဲပြီး တိုက်ခိုက်ကြရင် ကျွန်တော်မျိုးတို့အတွက် အခွင့်အရေး ဖြစ်လာနိုင်လား"
မင်းသားက ခေါင်းကို အသာအယာ ခါယမ်းပြီး သူ့ကို ဟန့်တားလိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့၊ ဒီတိုင်းပြည်က အရင်လို ငတ်မွတ်ခေါင်းပါးပြီး အပိုင်းအစလေးတွေအတွက် တစ်ယောက်နဲ့တစ်ယောက် လုယက်တိုက်ခိုက်နေရတဲ့ အခြေအနေ မဟုတ်တော့ဘူး၊ အချိန်တွေက ပြောင်းလဲသွားပြီ၊ သာယာဝပြောမှုက ငြိမ်းချမ်းရေးကို သယ်ဆောင်လာတာ၊ ပြီးတော့ ငါတို့ရဲ့ တာ့လန်ကလည်း အရင်ကလို မဟုတ်တော့ဘူး၊ အရင်က ငါတို့မှာ စားစရာ၊ သောက်စရာ ဘာမှ မရှိခဲ့ဘူး၊ ငါတို့လိုချင်တာက ဒီကြွယ်ဝတဲ့မြေမျိုးလေ၊ အခု တာ့လန်လည်း အတော်လေး ချမ်းသာလာပြီ၊ လူတိုင်း တည်ငြိမ်တဲ့ဘဝကို ပိုင်ဆိုင်ကြတယ်၊ ဒီအချိန်မှာ စစ်ပွဲတစ်ခု စတင်တာက တာ့လန်အတွက် အကျိုးရှိစေမှာ မဟုတ်ဘူး၊ ငါတို့က အခု ဒီအကြောင်း ပြေနေပြီဆိုတော့ ငါတို့ တာ့လန်က လူတွေ ဘာလို့ အရင်ကထက် ပိုကောင်းတဲ့ဘဝနဲ့ ဖြတ်သန်းနေနိုင်လဲဆိုတာ မင်းသိသင့်တယ် မဟုတ်ဘူးလား"
အပါးတော်မြဲက ခေါင်းကို ကုပ်လျက် ဝေခွဲမရဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"အင်း... ကောက်ပဲသီးနှံတွေ ပိုစိုက်လာနိုင်တယ်၊ သိုးမွှေးတွေကလည်း ဈေးကောင်းရတယ်၊ လူတိုင်းမှာ စားစရာနဲ့ သောက်စရာ သေရည်တွေ အပြည့်အစုံ ရှိနေကြလို့ မဟုတ်ဘူးလား"
"နီးစပ်ပါတယ်"
မင်းသားက ခေါင်းညိတ်ရင်း ထပ်ပြောလိုက်သည်။
"ငါတို့ မြက်ခင်းပြင်ဒေသက ဒီမြို့တော်ကြီးလို ခန့်ညားထည်ဝါမှုတွေ မရှိပေမယ့် ကျယ်ပြောတယ်၊ လွတ်လပ်တယ်၊ သက်ဝင်လှုပ်ရှားမှုတွေ အပြည့်ပဲ၊ အဆုံးမရှိတဲ့ ကောင်းကင်အောက်မှာ မြင်းကို အရှိန်နဲ့ စီးရတာထက် ကောင်းတာ ဘာမှ မရှိဘူး၊ ဒီမြို့တော်မှာ အိမ်တွေက အရမ်းကျဉ်းကျပ်လွန်းတော့ မြင်းစီးဖို့ နေရာဆိုတာ မရှိသလောက်ပဲ၊ ထမင်းစားချိန်တောင်မှ စည်းမျဉ်းတွေ အများကြီးနဲ့ အုပ်ချုပ်ထားတော့ လူကို ရူးသွပ်စေလောက်တယ်၊ ငါ့မှာ ရည်မှန်းချက်တွေ ရှိတာ မှန်တယ်၊ ဒါပေမယ့် ငါ ဒီရွှေလှောင်အိမ်လို နေရာမှာ တစ်သက်လုံး နေသွားဖို့ ဆန္ဒမရှိဘူး၊ တာလန်က ငါတို့မျိုးနွယ်စုတွေ တာ့ကျန်းနဲ့ ဟန်ချက်ညီညီ နေနိုင်သရွေ့ ငါတို့က ဘာအတွက် တိုက်ခိုက်နေရဦးမှာလဲ"
အပါးတော်မြဲက မျက်မှောင်ကြုတ်ရင်း ထပ်မေးလိုက်သည်။
"ဒါဆိုရင် ဘာဖြစ်လို့ ကျိုးမိသားစုရဲ့ အကြီးဆုံးသမီးကြီး ထိမ်းမြားဖို့ ဒီလောက်အထိ အတင်းအကျပ် တောင်းဆိုနေရတာလဲ၊ ကျွန်တော်မျိုး တကယ်ပဲ နားမလည်တော့ဘူး"
မင်းသားက ခပ်တိုးတိုး ရယ်မောလိုက်သော်လည်း ထိုအသံတွင် အန္တရာယ်အငွေ့အသက်များ ပါဝင်နေသေးသည်။ သူ၏ မျက်ဝန်းများက စူးရှသော ရည်ရွယ်ချက်များဖြင့် တောက်ပနေသည်။
"မင်းရဲ့ အတွေးက ကျဉ်းမြောင်းလွန်းတယ်၊ ငါတို့ တာလန်ရဲ့မျိုးနွယ်စုတွေ ဘာကြောင့် ဒီလောက်မြန်မြန် တိုးတက်လာရတာလဲဆိုတာ မင်း သိလား၊ စုန့်တင်းရှန်းဆိုတဲ့ အမျိုးသမီးတစ်ယောက်ကြောင့်ပဲ၊ သူက ဉာဏ်ပညာကြီးမားပြီး စွမ်းဆောင်နိုင်စွမ်းရှိတယ်၊ အခု တာ့လန်ကို ထောက်ပံ့နေတဲ့ အစားအစာ၊ ကိရိယာတန်ဆာပလာနဲ့ ကုန်သွယ်မှုတွေရဲ့ တစ်ဝက်လောက်က သူ့ရဲ့ ထက်မြက်ကနေ ဆင်းသက်လာတာ၊ အဲဒီလို အမျိုးသမီးမျိုးက ချီးကျူးခံရရုံတင် မကဘူး၊ ကာကွယ်စောင့်ရှောက်မှုပါ ရသင့်တာ၊ ဒါပေမယ့် တာ့ကျန်းဧကရာဇ်ကတော့... သူက သံသယစိတ်များပြီး အိုမင်းနေပြီ၊ သူ့မှာ ရှိနေတဲ့ ရတနာကို သူ မမြင်နိုင်ဘူး၊ အဲဒါက ငါတို့ အခွင့်ကောင်းယူရမယ့်အရာပဲ၊ တကယ်လို့ ငါက စုန့်တင်းရှန်းရဲ့ သမီးနဲ့ လက်ထပ်လိုက်ရင် အဲ့အမျိုးသမီးက ဒီအတိုင်း ငြိမ်နေလိမ့်မယ်လို့ မင်း ထင်လား၊ မဟုတ်ဘူး၊ အဲ့အမျိုးသမီးက သူ့သမီးကို ကူညီဖို့အတွက် အစွမ်းကုန် ကြိုးစားလိမ့်မယ်၊ အဲဒီလိုကူညီရင်းကနေ ငါ့ကိုရော တာ့လန်ရဲ့ အနာဂတ်ကိုပါ သူတို့ ပံ့ပိုးပေးပြီးသား ဖြစ်သွားလိမ့်မယ်"
အပါးတော်မြဲက အကြောင်းအရာများကို နားလည်သွားဟန်ဖြင့် ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြလိုက်သည်။
"ဒါက တကယ့်ကို ပါးနပ်တဲ့ အစီအစဉ်ပဲ၊ ဒါပေမယ့် မြို့တော်က အမျိုးသမီးတွေက အရမ်း နုနယ်ကြတာလေ၊ တကယ်လို့ အဲ့မိန်းခလေးက မြောက်ပိုင်းရဲ့ ကြမ်းတမ်းတဲ့ လူနေမှုကို တောင့်မခံနိုင်ရင်ရော၊ အဲ့မိန်းခလေးသာ နေမကောင်းဖြစ်သွားရင် စစ်သူကြီးရဲ့ ဇနီးက ကျွန်တော်မျိုးတို့ကို ရန်ငြိုးဖွဲ့မှာ မဟုတ်ဘူးလား"
မင်းသားငယ်က သူ့မျက်လုံးများကို အသာမှိတ်ချလိုက်ပြီး သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခုဖြင့် အလေးအနက် ထပ်ပြောလိုက်သည်။
"စစ်သူကြီးကျိုးရဲ့ အကြီးဆုံးသမီးက နွမ်းလျပြီး ကြွေကျမယ့် ပန်းလေးတစ်ပွင့် မဖြစ်နိုင်ဘူး၊ ငါ သူ့လို မိန်းကလေးမျိုးအကြောင်း ကောင်းကောင်းသိတယ်။ ဒီကို မလာခင်ကတည်းက သူတို့မိသားစုရဲ့နောက်ခံကို သေချာစုံစမ်းခိုင်းထားပြီးသား၊ စုန့်တင်းရှန်းရဲ့ သမီးဆိုမှတော့ သူက သူ့အမေလိုပဲ ထက်မြက်မယ်၊ သည်းခံနိုင်စွမ်းရှိမယ်၊ ပြီးတော့ ပြတ်သားစိတ်နဲ့ ကြင်နာတာတတ်တဲ့ ကရုဏာတရားလည်း ရှိမှာ အသေအချာပဲ၊ အဲ့ဒါ့တွေအပြင် မိန်းမငယ်လေးက ငယ်ငယ်ကတည်းက သိုင်းပညာ လေ့ကျင့်လာတာ၊ နုနယ်တယ် ဟုတ်လား၊ မဖြစ်နိုင်လိုက်တာ.., သူ့ရဲ့ သွေးကြောထဲမှာတောင် ခွန်အားတွေ စီးဆင်းနေနိုင်တယ်၊ သူ့ရဲ့ခန္ဓာကိုယ်ကလည်း ကြမ်းတမ်းတဲ့ ဒဏ်တွေကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားပြီးသား ဖြစ်နေလိမ့်မယ်"
‘တာ့လန်မျိုးနွယ်စုက စစ်ပွဲတွေကို နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ရပြီး အခု ပြန်လည်ကောင်းမွန်လာနေတဲ့ ကာလမှာပဲ ရှိနေသေးတယ်။ နောက်ထပ် စစ်ပွဲတွေကို ရင်မဆိုင်နိုင်သေးဘူး။ တိုင်းပြည်က ပြန်လည်ကုစားဖို့ အချိန်လိုအပ်သလို သူကိုယ်တိုင်လည်း အချိန်လိုအပ်တယ်။ သူ အရင်က အိမ်ရှေ့စံမင်းသားနဲ့ သိုင်းပညာချင်း ယှဉ်ပြိုင်ခဲ့ဖူးတယ်။ တာ့ကျန်းရဲ့အိမ်ရှေ့စံက ဘယ်အချိန်မှာ ရှေ့တိုးရမယ်၊ ဘယ်အချိန်မှာ ရပ်ရမယ်ဆိုတာ သိတဲ့ လိမ္မာပါးနပ်တဲ့ မင်းသားတစ်ပါးပဲ။ အခုလည်း အိမ်ရှေ့စံမင်းသားရဲ့ ပါးနပ်မှုကြောင့် ဧကရာဇ်က ကျိုးမိသားစုရဲ့ အကြီးဆုံးသမီးကို မြောက်ပိုင်းက အေးစက်ကြမ်းတမ်းတဲ့ အရပ်ဆီကို လက်ဆောင်အဖြစ် မပေးသေးဘဲ ဆိုင်းငံ့ထားတာလေ’
‘သူ ကျိုးကျင်းရှန်းနဲ့ လက်ထပ်နိုင်ခဲ့ရင် အိမ်ရှေ့စံအတွက် ကြီးမားတဲ့ လက်ဆောင်တစ်ခု ဖြစ်လာပြီး သူ့ရဲ့ ထီးနန်းကို လုံခြုံအောင် ထိန်းသိမ်းနိုင်လိမ့်မယ်။ သူကိုယ်တိုင်လည်း နောင်တစ်ချိန်မှာ ဧကရာဇ်ဖြစ်လာမယ့်သူနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်လိမ့်မယ်၊ ဒီရွှေ့ကွက်က ဒုတိယမင်းသားရဲ့ ရည်မှန်းချက်တွေကို ရိုက်ချိုးပစ်လိုက်သလိုတော့ ဖြစ်သွားနိုင်တယ်’
‘တကယ်လို့ ဧကရာဇ်က စစ်သူကြီးရဲ့သမီးကို လူရိုင်းမျိုးနွယ်စုဆီ အတင်းအဓမ္မ လက်ထပ်ပေးခဲ့ရင်တော့ ဧကရာဇ်အပေါ်ထားတဲ့ ပြည်သူတွေရဲ့ကြည်ညိုမှုက ပျက်ပြားသွားလိမ့်မယ်။ အဲ့လိုအချိန်မျိုးမှာ သူက အိမ်ရှေ့စံမင်းသားကို ကူညီပြီး ဒုတိယမင်းသားရဲ့ခြိမ်းခြောက်မှုကို ဖယ်ရှားပေးလိုက်ရင် သူလည်း ဒီအာဏာစက်ဝန်းအတွင်းပိုင်းမှာ နေရာတစ်ခု အခိုင်အမာ ရယူနိုင်လိမ့်မယ်၊ အင်အားချည့်နဲ့နေသေးတဲ့ ဧကရာဇ်အသစ်က နန်းတွင်းကို ထိန်းချုပ်ရင်း သူတို့ တာ့လန်ဘက်ကို အာရုံစိုက်နိုင်မှာ မဟုတ်ဘူး၊ ဒါက သူ လိုချင်တဲ့ အသက်ရှူပေါက်ပဲ၊ စစ်ပွဲတွေကြောင့် ကျန်ခဲ့တဲ့ ဒဏ်ရာများကို ကုစားဖို့၊ တိုင်းပြည်ကို ပြန်လည် ဖွံ့ဖြိုးလာဖို့က ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူရမှာလေ’
‘ဒါပေမယ့် အဲ့အချိန်လောက်ဆိုရင် သူလည်း အသက်ကြီးလို့ လမ်းလျောက်နိုင်ပါမလားတောင် မသေချာဘူး၊ ဒါပေမယ့် သူ တာ့လန်ရဲ့ အနာဂတ်အတွက် ခိုင်မာတဲ့ အုတ်မြစ်ကိုတော့ ချန်ထားခဲ့ချင်သေးတယ်။ ကျန်တာကတော့ နောင်လာနောက်သားတွေ သူတို့ရဲ့ကံကြမ္မာအတွက် သူတို့ဘာသာ ရင်ဆိုင်ကြပါစေတော့’
‘သူရဲ့ နန်းစံသက်အတွင်းမှာတော့ တာ့လန်ပြည်သူတွေ စစ်ဘေးဒဏ်ကို ထပ်မံခံစားစေချင်တော့ဘူး’
‘ဒါပေမယ့် သေချာတာ တစ်ခုကတော့ အဲ့ဒါတွေ အကုန်ဖြစ်လာဖို့ သူ စုန့်တင်းရှန်းရဲ့ သမီးကို မရ ရအောင် ခေါ်သွားနိုင်ရမယ်၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပေါ့’
........။........။.....
တောင်ထိပ်ပေါ်သို့ ရောက်ရှိသွားသည်နှင့် ကျယ်ပြောလှသော မြို့တော်ကြီးက မိုးကုတ်စက်ဝိုင်းအတွင်း ပေါ်ထွက်လာခဲ့သည်။ အေးစက်လှသော ဆောင်းရာသီ၏ လေထုထဲတွင်ပင် မြို့တော်ကြီးက မျှော်လင့်ချက်အရိပ်အယောင်တစ်ခုအလား တဖိတ်ဖိတ် တောက်ပနေသည်။ ပေါင်ယာက အအေးဒဏ်ကြောင့် ထုံကျင်နေသော လက်ချောင်းများဖြင့် သူမ၏ နှင်းကိုက်နေသည့် ပါးပြင်များကို အုပ်ကိုင်လိုက်သည်။ သူမက တောင်ပတ်လမ်းအတိုင်း မြင်းကို ဖြည်းဖြည်းချင်း စီးနေပြီး သူမ၏ မြင်းကလည်း ပင်ပန်းနေပုံရသည်။ ဤခရီးက ရှည်လျားလွန်းမက ရှည်လျားလွန်းလှသည်။
လမ်းတစ်လျှောက်တွင် သူမ၏ ဖခင်လွှတ်လိုက်သော လူများက သူမနောက်သို့ မနားတမ်း လိုက်နေကြပြီး သူမ သူတို့ကို မျက်ခြေဖြတ်ရန် ကြမ်းတမ်းသော တောင်ပေါ်လမ်းများမှ ခရီးနှင်ခဲ့ရသည်။ ပုံမှန်ဆိုလျှင် နှစ်ပတ်ခန့်သာ ကြာမြင့်မည့် ခရီးက ယခုအချိန်တွင် တစ်လတိတိ ကြာမြင့်သွားခဲ့သည်။ သို့သော် ယခု ခရီး၏ အဆုံးသတ်က သူမ၏မြင်ကွင်းထဲသို့ ရောက်လာခဲ့ချေပြီ။
လမ်းခရီးတစ်လျှောက်တွင် မြောက်ပိုင်းမျိုးနွယ်စုများအကြောင်း ပြောဆိုနေကြသည့် တိုးတိုးသံများကိုလည်း သူမ ကြားခဲ့ရသည်။ သူတို့က လူသားမဟုတ်သော အရိုင်းအစိုင်းသတ္တဝါများဟု ပြောကြသလို သွေးသောက်တတ်သည့် ရက်စက်သော လူသတ်သမားများဟုလည်း ပြောကြပြန်သည်။ ယဉ်ကျေးမှုနှင့် သန့်ရှင်းမှုကို ဂရုမစိုက်သော အရိုင်းအစိုင်းများဟု ပြောဆိုနေကြသည့် ထိုပုံပြင်များက သူမကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ သို့သော် သူမ အပြည့်အဝတော့ မယုံကြည်သေးပေ။
သူမ၏ မိခင် ပြောခဲ့ဖူးသော စကားတစ်ခွန်းက သူမ၏ မှတ်ဉာဏ်ထဲတွင် ရှင်းလင်းစွာ ပဲ့တင်ထပ်နေခဲ့သည်။
"လူဆိုတာ လူပဲ၊ မြို့တော်ဆိုတာ ကမ္ဘာကြီးတစ်ခုလုံး မဟုတ်ဘူး၊ မြို့တော်ရဲ့ အပြင်ဘက်မှာ မတူညီတဲ့အရာတွေ အများကြီး ရှိသေးတယ်၊ နေရာတိုင်းမှာ လူကောင်းနဲ့ လူဆိုး ဒွန်တွဲနေတတ်တာ သဘာဝပဲ"
ပေါင်ယာက ထိုပညာရှိစကားကိုသာ မြဲမြံစွာ ဆုပ်ကိုင်ထားပြီး သွေးသောက်တတ်သည့် လူရိုင်းများဟူသော ချဲ့ကားပြောဆိုချက်များကို ပယ်ချလိုက်သည်။
သို့သော် တစ်ကိုယ်ရေ သန့်ရှင်းရေး ကိစ္စကတော့ သူမ တွေးရ ခက်နေသေးသည်။
‘မြောက်ပိုင်းဒေသက ရက်စက်ပြီး အဆုံးမရှိတဲ့ ဆောင်းရာသီကို ဖြတ်သန်းရတာ မဟုတ်ဘူးလား၊ မြစ်ရေတွေ ခဲနေပြီး ရွာတွေက နှင်းအောက်ရောက်နေတဲ့ အခြေအနေမှာ ရေချိုးဖို့ဆိုတာ တကယ့်ကို ခက်ခဲတဲ့ စိန်ခေါ်မှုပဲ။ ဒါပေမယ့် တစ်ခါမှ ရေမချိုးဘူးဆိုတာက ဖြစ်နိုင်ပါ့မလား၊ အဲဒီလိုပုံစံနဲ့ လူတွေ ဘယ်လို ရှင်သန်နေကြတာလဲ’
‘သန့်ရှင်းမှု မရှိရင် အနံ့အသက်မကောင်းတာတင် မဟုတ်ဘဲ ဖျားနာဖို့လည်း အန္တရာယ်ရှိနိုင်တယ်၊ သူမ အိမ်မှာ နေတုန်းကဆိုရင် နေ့တိုင်း ရေချိုးတာကို အသေအချာ ဂရုစိုက်ခဲ့တယ်၊ နွေရာသီရဲ့ အပူရှိန်အောက်မှာဆိုရင် တစ်နေ့ကို နှစ်ခါ၊ သုံးခါလောက်တောင် ရေချိုးတတ်သေးတယ်၊ အသားပေါ်မှာ ဖုန်တွေနဲ့ အညစ်အကြေးတွေ ကပ်နေတဲ့ ခံစားချက်ကို သူမ လုံးဝ သည်းမခံနိုင်ဘူးလေ’
ထိုအတွေးကြောင့်ပင် ယခုတိုက်ခတ်နေသော အအေးဒဏ်က ပိုအေးလာသလို ခံစားလိုက်ရပြီး သူမ ကြက်သီးထမိသွားသည်။ သို့သော်လည်း မြို့တော်နှင့် နီးကပ်လာသည်နှင့်အမျှ သူမ၏ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာအောင် ပြင်ဆင်လိုက်သည်။
လမ်းအတိုင်း ဆက်လာနေရင်း ပေါင်ယာက မိမိကိုယ်မိမိ အနံ့ခံကြည့်လိုက်သည်။ ချဉ်စုတ်စုတ် အနံ့တစ်ခုက သူမ၏ နှာခေါင်းထဲသို့ တိုးဝင်လာသောကြောင့် သူမ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပြန်သည်။ သူမ စတင်ပြီး စိတ်မအေး ဖြစ်လာသောကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာများကို လျစ်လျူရှုကာ ရှေ့သို့ ခရီးဆက်နေခဲ့သည်။ သို့သော် မကြာမီမှာပင် သူမ၏ အတွေးများက တရိပ်ရိပ် ပြေးလွှားနေပြန်သည်။
‘ငါ အိမ်ကနေ အလေတကြီး ထွက်လာခဲ့မိပြီ၊ ဘာအစီအစဉ်၊ ဘာဦးတည်ချက်မှ မရှိဘဲ စိတ်အလိုလိုက်ပြီး ထွက်လာခဲ့တာလေ၊ ခရီးသွားခွင့် လက်မှတ်တောင် ပါမလာခဲ့ဘူး၊ ဒီလိုပုံစံမျိုးနဲ့ မြို့တော်ထဲသို့ ဘယ်လို ဝင်ရမှာလဲ၊ မြို့ထဲသို့ ခြေမချနိုင်ရင် အဲ့ဒီမင်းသားဆီကို ဘယ်လို သွားရမှာလဲ၊ ငါ့မှာ ပါလာတဲ့ မင်းမျိုးမင်းနွယ်တွေရဲ့ တံဆိပ်ပြားကို သုံးလိုက်ရငတော့ အလွယ်တကူ ဝင်နိုင်လိမ့်မယ်၊ ဒါပေမယ့် အဲ့ဒါက ‘ကျိုးကျင်းရှန်း မြို့တော်ကို ရောက်ရှိလာပြီဟေ့'လို လူတိုင်းကို အော်ဟစ် အသိပေးလိုက်တာနဲ့ အတူတူပဲလေ’
‘အဲ့လို အာရုံစိုက်ခံရရင် ငါ ဘယ်လို ဖုံးကွယ်ပြီး နေနိုင်တော့မှာလဲ’
သူမ အတွေးများထဲ၌ နစ်မြောနေစဉ် အဝေးမှ အော်ဟစ်သံများကြောင့် ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။ ထိတ်လန့်သွားသော ပေါင်ယာက မြင်းပေါ်မှ အမြန်ခုန်ဆင်းလိုက်ပြီး ခရီးဆောင်အိတ်ထဲမှ အဖြူရောင်ချည်ထည်တစ်ထည်ကို ထုတ်ယူကာ မြင်းပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။ ထို့နောက် မြင်းကို ဆွဲကာ ပုန်းကွယ်နိုင်မည့်နေရာသို့ အမြန် ပြေးသွားလိုက်သည်။ အော်ဟစ်သံများ ပိုမိုကျယ်လောင်လာသောကြောင့် သူမ၏ နှလုံးခုန်သံများလည်း မြန်ဆန်လာရသည်။
ထိုအခိုက်အတန့်တွင် မည်သည့်နေရာမှ ရောက်လာသည်မသိသော သမင်ပေါက်လေးတစ်ကောင်က သူမ၏ အနားမှ ဖြတ်ပြေးသွားပြီး မြားတစ်စင်းကလည်း လေတိုးသံနှင့်အတူ ပြေးဝင်လာသည်။ မြားချက်က ပြင်းလွန်းသောကြောင့် သမင်လေး၏လည်ပင်းမှ ပြန်ဖောက်ထွက်လာကာ သူမ၏ရှေ့တည့်တည့်မှ ညှိုးနွမ်းနေသည့် သစ်ခြောက်ပင်ဆီသို့ စိုက်ဝင်သွားခဲ့သည်။
သွေးစက်အချို့ကလည်း ပေါင်ယာ၏ မျက်နှာပေါ်သို့ လာစင်ခဲ့ပြီး သူမ လန့်ဖျပ်အော်မိလုနီးပါး ဖြစ်သွားရသည်။ ထိတ်လန့်မှုကြောင့် သူမ၏ သွေးခုန်နှုန်း တစ်ချက်မျှ ရပ်သွားသလို ခံစားလိုက်ရသည်။
သမင်လေးက ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးမှ နှင်းများပေါ်သို့ လဲကျသွားပြီး ခဏမျှ တွန့်လိမ်နေကာ နောက်ဆုံးတွင် ငြိမ်သက်သွားတော့သည်။
နှင်းပေါ်တွင် မြင်းခွာသံများ ပဲ့တင်ထပ်လာပြီး အသံက ပိုနီးကပ်လာသည်။ ညှိုးနွမ်းနေသော မြက်ပင်များကြားမှ ပေါင်ယာက မြင်းစီးသမားကို လှမ်းမြင်လိုက်ပြီး သူမ၏ အကြည့်က ထိုသူ၏ ထောင်ထောင်မောင်းမောင်း ကိုယ်ဟန်ပေါ်သို့ ချက်ချင်း ရောက်ရှိသွားသည်။
‘သူက အရပ်ရှည်ပြီး သိသိသာသာ ချောမောတာပဲ... အိုး... ထူးခြားတာက သူ့ရဲ့ မျက်လုံးများတွေက အစိမ်းရောင်ပါလား...’
‘သူ့မှာ မျက်လုံးစိမ်းကြီတွေ ရှိတယ်’
‘မြောက်ပိုင်းမျိုးနွယ်စုက တော်ဝင်မိသားစုမှာလည်း မျက်လုံးစိမ်းတွေ ရှိတယ် မဟုတ်ဘူးလား၊ သူတို့ထဲက လူတိုင်းမှာ အေးစက်စူးရှပြီး ဝံပုလွေမျက်လုံးနဲ့တူတဲ့ အစိမ်းရောင်မျက်လုံးတွေ ရှိကြတယ်လို့ သူမ ကြားဖူးခဲ့တယ်’
မြင်းပေါ်တွင် ယုံကြည်ချက်ရှိရှိ စီးနင်းလာသော ထိုအမျိုးသားက ရုတ်တရက် ရပ်တန့်လိုက်သည်။ သူက သမင်ကို ကောက်ယူရန် မြင်းပေါ်မှ ဆင်းတော့မည့်ဆဲဆဲတွင် ပေါင်ယာရှိနေသည့်ဘက်သို့ စူးရှသော အကြည့်ဖြင့် လှည့်ကြည့်က အော်မေးလိုက်သည်။
"ဘယ်သူလဲ"
‘သွားပြီ... ငါ အမိခံလိုက်ရပြီ’
ပေါင်ယာက သူမကိုယ်သူမ ပြန်နှစ်သိမ့်လိုက်သည်။
‘ငါ ခဏလောက် ငြိမ်နေလိုက်ရင် သူ ဒီအတိုင်း ပြန်ထွက်သွားမှာ သေချာတယ်’
သို့သော် သူမနောက်မှ မြင်းက နှာမှုတ်သံ ကျယ်ကျယ်လောင်လောင် ပြုလိုက်သောကြောင့် သူမ ပုန်းနေသည့်နေရာက လုံးဝ ပေါ်သွားတော့သည်။
‘ဘာပဲဖြစ်ဖြစ်...ထားလိုက်တော့၊ ငါ ကျိုးပေါင်ယာက ကြောက်တတ်တဲ့သူ မဟုတ်ဘူး၊ ငါ့အမေက လွဲပြီး ငါ ဘယ်သူ့ကိုမှ မကြောက်ဘူး’
"ဒီသခင်မလေးပဲ"
ပေါင်ယာက ပြတ်ပြတ်သားသား ပြန်ဖြေရင်း နှင်းပုံကြားထဲမှ မတ်တပ်ထရပ်လိုက်သည်။ သူမက မြင်းဇက်ကြိုးကို တင်းတင်းဆုပ်ကိုင်ထားပြီး ဤမြေပြင်ကို သူမ ပိုင်သည်ဟူသော ဟန်ပန်ဖြင့် အေးအေးဆေးဆေး ရပ်နေလေသည်။
"ရှင်က မြောက်ပိုင်းမျိုးနွယ်စုက မင်းသားငယ်ပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား"
မင်းသားငယ်က သူမကို ကြည့်လိုက်ပြီးနောက် သဘောကျသလို ပြုံးစိစိ မျက်နှာပေးဖြင့် ပြန်ပြောလိုက်သည်။
"မင်းက ကျိုးကျင်းရှန်းပဲ"
ပေါင်ယာက အချိန်မဆွဲတော့ဘဲ နှင်းများကို နင်းလျက် သူ့အနားသို့ လျှောက်သွားလိုက်သည်။ သူမက အေးစက်သော ယုံကြည်မှုများဖြင့် သူ့ကို မော့ကြည့်လိုက်ကာ လောကကြီးတစ်ခုလုံး သူမ၏ အမိန့်အောက်၌ ရှိနေသလို အမိန့်ပေးလိုက်သည်။
"မြင်းပေါ်က ဆင်းလာခဲ့"
မင်းသားငယ်ကလည်း တွန့်ဆုတ်မနေဘဲ မြင်းပေါ်မှ ဆင်းလိုက်သည်။ သူ၏ လှုပ်ရှားမှုများက ချောမွေ့လွန်းလှသည်။
ပေါင်ယာက သူ့ကို ပတ်ပတ်လည် လှည့်ပတ်ကြည့်ရှုနေပြီး တောင်ကြီးတစ်လုံးပမာ သူမကို လွှမ်းမိုးထားသော သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံကို အကဲခတ်နေသည်။ မြောက်ပိုင်းသားများက အသားနှင့် စစ်ပွဲများကြားတွင် ကြီးပြင်းလာသူများပီပီ ခွန်အားနှင့် တောင့်တင်းသန်မာမှုက အထူးပြောနေစရာ မလိုပေ။ သူ၏ မျက်လုံးစိမ်းများကလည်း သားကောင်ကို ချောင်းနေသည့် သားရဲတစ်ကောင်ကဲ့သို့ တဖိတ်ဖိတ် တောက်ပနေသည်။
"ရှင် အသားအစိမ်းတွေ စားလား"
မင်းသားက ရယ်မောပြီးမှ ပြန်ဖြေလိုက်သည်။
"တစ်ခါမှ မစားဖူးဘူး"
"ရှင် ရေချိုးရတာကိုရော ကြိုက်ရဲ့လား"
ပေါင်ယာက မျက်ခုံးတစ်ဖက်ကို ပင့်ကာ စူးစမ်းသည့် လေသံဖြင့် ထပ်မေးလိုက်သည်။
မင်းသားက ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ဇဝေဇဝါ ဖြစ်သွားဟန်ဖြင့် ပြန်ဖြေလာသည်။
"ငါက သန့်သန့်ရှင်းရှင်း နေရတာကို ကြိုက်တယ်"
ပေါင်ယာက သူမ၏ခေါင်းလေးကို စောင်းလိုက်ပြီး ပါးနပ်သော အပြုံးတစ်ခုဖြင့် မေးလာပြန်သည်။
"ရှင်...အဲ့ဒီမှာ ငယ်ချစ်ဦး ရှိလား"
မင်းသားကလည်း ခေါင်းခါလိုက်ပြီး တည်ငြိမ်သော အကြည့်ဖြင့် ပြန်ဖြေလိုက်သည်။
"မရှိဘူး"
သူက သူမထက် အများကြီး ပိုမြင့်နေသော်လည်း ပေါင်ယာကတော့ လုံးဝ ထိတ်လန့်နေခြင်း မရှိပေ။ သူမ ခြေလှမ်း လှမ်းလိုက်တိုင်း သူမ၏ အသံက ပိုမိုရဲတင်းလာပြီး ပို၍ တိုက်ရိုက်ဆန်လာကာ သူ့ကို လုံးဝ လွှမ်းမိုးထားသလို ဖြစ်နေလေသည်။
"ဒီကိုလာတဲ့ လမ်းတစ်လျှောက်မှာ ကျွန်မ စဉ်းစားနေမိတာက... ရှင် ဘာဖြစ်လို့ မင်းသမီးတွေကို ကျော်ပြီး ကျွန်မကိုမှ ရွေးချယ်ရတာလဲ၊ ကျွန်မက လှတာတော့ မှန်တယ်၊ ပြီးတော့ ဓားတစ်စင်းလို ထက်မြက်တာလည်း ဟုတ်တယ်၊ ဒါပေမယ့် ရှင့်လို တော်ဝင်မျိုးနွယ်တစ်ယောက်က ကျွန်မကို အရူးအမူး ချစ်သွားရလောက်အောင်အထိတော့ ကျွန်မမှာ အရည်အချင်း ရှိတယ်လို့ ကျွန်မ မထင်ဘူး၊ ကျွန်မတို့ မိသားစုတွေက ကမ္ဘာနှစ်ခြမ်းလို ကွဲပြားနေတာပဲ၊ ဒါဆို ရှင်က ဘာဖြစ်လို့ ကျွန်မကိုမှ လက်ထပ်ချင်နေရတာလဲ"
မင်းသားငယ်၏ မျက်ဝန်းများက မှိုင်းညှို့သွားပြီး သူ၏ပြုံးစိစိ မျက်နှာပေးကလည်း တည်ကြည်လေးနက်သည့် အသွင်သို့ ကူးပြောင်းသွားသည်။
"ဘာလို့လဲဆိုတော့ မင်းရဲ့အမေက စုန့်တင်းရှန်း ဖြစ်နေလို့ပဲ"
ပေါင်ယာ့၏ခြေလှမ်းများက ချက်ချင်း ရပ်တန့်သွားသည်။ သူမ အံ့သြလွန်းသောကြောင့် သူမ၏ မျက်လုံးများ ပြူးကျယ်လာပြီး မျက်တောင်ကို တဖျတ်ဖျတ် ခတ်နေမိသည်။
"ဘာပြောတယ်"
သူမ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ အတိုင်းသား ပေါ်လွင်နေသည်။
"ရှင့်စကားအရဆိုရင် ရှင်က ကျွန်မကို ကျွန်မအမေရဲ့ ကိုယ်ပွားတစ်ခုလိုပဲ သဘောထားပြီး လိုချင်နေတာပေါ့၊ ရှင် တကယ့်ကို အရှက်မရှိတာပဲ၊ ရှင့်အသက်အရွယ်နဲ့ ဒီလောက်အထိ ရဲတင်းလိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး"
မင်းသားက သူမကို ဇဝေဇဝါဖြင့် ကြည့်နေရင်း ပြန်မေးလိုက်သည်။
"မင်း ဘာကို ဆိုလိုတာလဲ၊ မင်းအမေက ငါတို့ တာ့လန်မျိုးနွယ်စုအတွက် အကျိုးကျေးဇူးတွေ အများကြီး သယ်ဆောင်ပေးခဲ့တဲ့သူလေ၊ အဲဒါကြောင့် ငါက မင်းကို လက်ထပ်ပြီး တာ့လန်ကို သာယာဝပြောစေချင်တာ၊ တာ့လန်အတွက် ရွှေရောင်ခေတ်တစ်ခုကို တည်ဆောက်ချင်ပေးတာ"
"အဲ့လိုဆိုရင်တောင် ရှင်က ကျွန်မအမေ့ရဲ့ ပိုင်ဆိုင်မှုတွေကို လိုချင်နေတာပဲ မဟုတ်လား"
ပေါင်ယာက နှာခေါင်းရှုံ့လျက် ခေါင်းလေးခါကာ ထပ်ပြောလိုက်သည်။
"ကျွန်မကို လက်ထပ်ရုံနဲ့ ရှင့်မျိုးနွယ်စုကြီး ချမ်းသာကြွယ်ဝသွားမယ်လို့ ရှင် ထင်နေတာလား၊ ရှင် တကယ့်ကို အတွေးတိမ်တာပဲ၊ လက်ထပ်ပွဲတစ်ခုက တိုင်းပြည်တစ်ခုလုံးရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်မယ်လို့ ရှင် တကယ်ယုံနေတာလား၊ ရှင်က ကျွန်မ အရမ်းအထင်ကြီးနေတာလား၊ ဒါမှမဟုတ် ရှင့်ကိုယ်ရှင် အရမ်းအထင်သေးနေတာလား"
ပေါင်ယာက ခြောက်ကပ်ကပ် ရယ်မောရင်း ထပ်ပြောလိုက်သည်။
"ကျွန်မနဲ့ ပါလာမယ့် ခန်းဝင်ပစ္စည်းလောက်နဲ့ ရှင်တို့ တာ့လန် ချမ်းသာသွားမယ်လို့ မထင်နဲ့ဦး"
မင်းသားငယ်က သူမအနားသို့ တိုးကပ်လိုက်ပြီး နူးညံ့သော်လည်း ခိုင်မာသော လေသံဖြင့် ပြောလာခဲ့သည်။
"သီလရှိတဲ့ ဇနီးက အေးချမ်းမှုကို ဆောင်ကျဉ်းပေးတယ်၊ ပညာရှိတဲ့ဇနီးက အကျိုးကျေးဇူးတွေကို ယူဆောင်လာပေးတယ်၊ ထက်မြက်တဲ့ ဇနီးကတော့ အဖိုးတန်ရတနာပဲ၊ အမြဲတမ်း ပံ့ပိုးကူညီပေးမယ့်သူပေါ့၊ စစ်သူကြီးကျိုးရဲ့ သမီးဖြစ်တဲ့ မင်းကတော့ အကျင့်သီလရှိရုံတင်မကဘူး၊ ဓားတစ်စင်းလိုလည်း ထက်မြက်တယ်၊ အဲဒီလိုလူမျိုးကို ရှာတွေ့မှတော့ ငါ ဘာလို့ အဲ့မိန်းမပျိုကို လက်မထပ်ဘဲ နေရမှာလဲ၊ ဒီလို အရည်အချင်းရှိတဲ့ ဇနီးမျိုးက တာ့လန်ကို ပိုကောင်းတဲ့ နေရာတစ်ခု ဖြစ်လာအောင် လုပ်ပေးနိုင်မယ်လို့ ငါ ဘာလို့ မယုံကြည်ဘဲ နေရမှာလဲ"
"ရှင်က မိန်းကလေးတွေကို မြှောက်ပင့်တတ်သားပဲ၊ ကျွန်မအဖေ ကျွန်မကို ချီးမွမ်းတာထက်တောင် ရှင့်စကားတွေက ပိုနားထောင်ကောင်းနေသေးတယ်"
ထို့သို့ပြောပြီးနောက် သူမလည်း အနည်းငယ် ရှက်သွားပုံရသည်။
‘သူက အရပ်ရှည်ပြီး ချောမောတယ်၊ စကားပြောလည်း ကောင်းတယ်၊ အသားစိမ်းလည်း မစားဘူး၊ ရေချိုးရတာလည်း ကြိုက်တယ်။ သူက အတော်လေးလည်း ယဉ်ကျေးတယ်။ ဒါပေမယ့်...’
ပေါင်ယာက သူမ၏ မေးစေ့ကို ပင့်တင်လိုက်ပြီး ရဲရင့်သော အကြည့်ဖြင့် သူ့ကို စိုက်ကြည့်လိုက်ပြန်သည်။
"ဒါပေမယ့် တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားမယ်၊ ရှင့်အနေနဲ့ ကျွန်မကို လက်ထပ်ချင်တယ်ဆိုရင် ကြင်ယာတော်တွေ၊ ကိုယ်လုပ်တော်တွေ ယူခွင့်မရှိဘူး။ ကျွန်မ တစ်ယောက်တည်းပဲ ရှိရမယ်၊ ဒါပေမယ့် ရှင်က မင်းမျိုးမင်းနွယ်ဆိုတော့ ကြင်ယာတော်တွေ မထားရင်တောင် တခြားမိန်းကလေးတွေကတော့ ရှိနေမှာပဲ၊ ကျွန်မကတော့ ရှင့်ရဲ့ အာရုံစိုက်မှုကို ရဖို့ တခြားမိန်းကလေးတွေနဲ့ လိုက်ပြီး မပြိုင်ချင်ဘူး၊ ပြီးတော့ အာရုံတွေ များနေတဲ့ အမျိုးသားတစ်ယောက်အတွက် ကလေးမွေးပေးဖို့လည်း ဆန္ဒမရှိဘူး၊ အဲဒီတော့ ရှင် ကျွန်မနဲ့ ဝေးဝေးမှာ နေတာက ရှင့်အတွက် ပိုကောင်းလိမ့်မယ်၊ ဒါ့အပြင် ရှင် ကျွန်မကို လက်ထပ်လိုက်ပြီးမှ ကျွန်မ ရှင့်ရဲ့ ညီငယ်လေးကို ထုတ်ပစ်မိတာမျိုးလည်း ဖြစ်နိုင်သေးတယ်”
မင်းသား : “….”
မင်းသားငယ်က ခဏတာမျှ မှင်တက်နေပြီးမှ သူ့ပခုံးများ တုန်လာသည်အထိ အားရပါးရ ရယ်မောနေလေသည်။ သူ ပြန်လည် တည်ငြိမ်သွားချိန်တွင် ပေါင်ယာကို နောက်ပြောင်လိုသော မျက်ဝန်းများဖြင့် ကြည့်နေပြန်သည်။
"ငါ့ရဲ့ ဇာတိမြေမှာ တစ်ခါကျိန်ဆိုပြီးရင် ဖျက်လို့မရတဲ့ ကတိသစ္စာဆိုတာ ရှိတယ်၊ အဲဒီကတိကို ဖျက်ရင် မြက်ခင်းပြင်နတ်ဘုရားက စွန့်ပစ်ပြီး မရေမတွက်နိုင်တဲ့ လူတွေက ကျိန်ဆဲကြလိမ့်မယ်"
သူက လက်ကို မြှောက်ကာ ပြတ်သားလှသော အကြည့်ဖြင့် သူမကို စိုက်ကြည့်ပြီး ကျိန်ဆိုလိုက်သည်။
"ငါ... ကားလ်လန်ဇာ့ မြက်ခင်းပြင် နတ်ဘုရားနဲ့ လင်းယုန်နတ်ဘုရားတို့ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်၊ အကယ်၍ ငါ ကျိုးကျင်းရှန်းကို လက်ထပ်နိုင်ရင် သူ့အပေါ်မှပဲ ထာဝရ သစ္စာရှိပါ့မယ်၊ အကယ်၍ ငါ ဤကတိသစ္စာကို ဖောက်ဖျက်မိပါက ခြေဖဝါးအောက်က ရွှံ့နွံလို ဖြစ်ပါစေ၊ လူအပေါင်းရဲ့ နင်းခြေခြင်းကို ခံရပါစေ"
ပေါင်ယာက သူမ၏နှုတ်ခမ်းလေးကို တွန့်လိုက်ပြီး ဘာမှ မထူးခြားဟန်လေးဖြင့် မှတ်ချက်ပေးလိုက်သည်။
"ကျိန်ဆိုတာတွေက ဘာမှ အဓိပ္ပာယ်မရှိဘူး၊ လောင်းကစားသမားတွေ ရှုံးတဲ့အခါတိုင်း ဒါမျိုးတွေ ပြောနေကြပဲ၊ ဒါက စကားလုံး သက်သက်ပဲ"
မင်းသားက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။
"ဒါဆို မင်း ငါ့ကို လက်ထပ်ဖို့အတွက် ငါ ဘာလုပ်ပေးရမလဲ"
ပေါင်ယာ၏ အကြည့်က တစ်ခုခုကို တွက်ချက်နေဟန် ပြောင်းလဲသွားခဲ့ပြီး သူမက အမိန့်ပေးသည့် လေသံဖြင့် ပြောလာပြန်သည်။
"ရှင့်ရဲ့ နှလုံးသားထဲမှာ အမှန်တရား မရှိဘူးဆိုရင် ဘယ်လို ကျိန်ဆိုချက်၊ ကျိန်စာ ဒါမှမဟုတ် ကတိကဝတ်ကမှ ထူးခြားလာမှာ မဟုတ်ဘူး၊ ရှင်က ဧကရာဇ်မင်းမြတ်ဆီမှာ ကျွန်မကို လက်ထပ်ခွင့် တောင်းပြီးပြီဆိုတော့ ကျွန်မမှာလည်း လက်ထပ်ဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူး ထင်ပါတယ်၊ ဒါပေမယ့် ကျွန်မကို နုနယ်တဲ့ သတို့သမီးမျိုးဖြစ်လာဖို့တော့ မမျှော်လင့်နဲ့၊ ကဲ... ပြောစမ်းပါဦး မင်းသားလေး၊ ရှင် ကျွန်မကို ကြည်ကြည်ဖြူဖြူနဲ့ လက်ထပ်စေချင်လား၊ ဒါမှမဟုတ် မကြည်မဖြူနဲ့ လက်ထပ်စေချင်လား"
"ကြည်ကြည်ဖြူဖြူပေါ့"
သူက မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
ပေါင်ယာက လျှာတစ်ချက်သပ်ကာ လေချွန်လိုက်ပြီး သူမ၏ မြင်းကို ခေါ်လိုက်သည်။ ထို့နောက် ကုန်းနှီးပေါ်သို့ သက်သောင့်သက်သာ ခုန်တက်လိုက်သည်။ မြင်းပေါ်သို့ ရောက်သွားမှ သူ့ကို ငုံ့ကြည့်ရင်း ပရိယာယ်ပါသော အပြုံးတစ်ခု ပေးလိုက်ပြန်သည်။
"ကောင်းပြီလေ... ဒီနေ့ ဆုံရတာက အချိန်ကုန်ရကျိုး နပ်ပါတယ်၊ ဒါပေမယ့် ကျွန်မ ရှင့်ကို ကြည်ကြည်ဖြူဖြူ လက်ထပ်စေချင်တယ်ဆိုရင်တော့ အဲဒါ ရှင့်အစွမ်းအစပေါ်မှာပဲ မူတည်တယ်နော်၊ ကြိုးစားကြည့်လိုက်ပါဦး၊ ကံကောင်းပါစေ မင်းသားလေး၊ ကျွန်မ အခု အိမ်ပြန်တော့မယ်"
သူမက ပြောပြောဆိုဆိုပင် မြင်းကို နှင်ပြီး ထွက်ခွာသွားကာ စိန်ခေါ်မှုရနံ့များ လွှမ်းခြုံနေသော လေထုထဲတွင် သူ့ကို တစ်ယောက်တည်း ချန်ရစ်ခဲ့သည်။
"ဟေး... နေဦး... မင်း..."
မင်းသားငယ်က အံ့ဩတကြီး ငေးကြည့်နေမိရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ဘဲ ပေါင်ယာတစ်ယောက် မှောင်မည်းနေသော တောအုပ်ကြီးထဲသို့ တိုးဝင် ပျောက်ကွယ်သွားသည်ကိုသာ မြင်လိုက်ရသည်။
သူမ၏ ရုတ်တရက် ထွက်ခွာသွားမှုကြောင့် သူ ကြောင်တောင်တောင် ဖြစ်ကျန်ခဲ့ရသလို စိတ်ဝင်စားမှုနှင့် ဇဝေဇဝါဖြစ်မှုတို့ကလည်း သူ၏ အတွေးထဲသို့ တိုးဝင်လာခဲ့သည်။
"အရှင့်သား..."
နောက်လိုက်တစ်ဦးက အပြေးအလွှား ရောက်ရှိလာပြီး အမောတကော မေးလိုက်သည်။
"ခုနက ဘယ်သူလဲ"
မင်းသားက ပေါင်ယာ ပျောက်ကွယ်သွားသည့် နေရာဘက်သို့ စိုက်ကြည့်နေဆဲပင်။ ထို့နောက် သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေး ပေါ်လာခဲ့သည်။
"ငါ့ရဲ့ အနာဂတ်ဇနီးလောင်းပေါ့... ကောင်းပြီလေ၊ အခုတော့ လက်မထပ်ရသေးဘူးပေါ့၊ ဒါပေမယ့် မကြာခင် ဖြစ်လာမှာပါ၊ သူက တကယ့်ကို ထူးထူးခြားခြားနဲ့ လျှို့ဝှက်ဆန်းကြယ်တာပဲ"
သူ၏လေသံက တိုးညင်းနေသော်လည်း တစ်ခုခုကို တွေးတောနေဟန်ရှိပြီး နောက်လိုက်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ပြန်ကြစို့၊ ပြီးတော့ ဧကရာဇ်အိုကြီးကို သွားပြောလိုက်၊ ငါ ဝေ့ခရိုင်ကို သွားမယ်၊ ငါ့ရဲ့ ယောက္ခမလောင်းတွေကို သွားတွေ့ပြီး... မျက်နှာသာပေးရမှာပေါ့"
နောက်လိုက်လေးက ကြောင်အအ ပြန်မေးလိုက်သည်။
"ဟမ်၊ ဝေ့ခရိုင်ကို ဟုတ်လား"
"ဟုတ်တယ်၊ ဝေ့ခရိုင်"
မင်းသားက ခိုင်မာပြတ်သားသော လေသံဖြင့် အတည်ပြုလိုက်သည်။ သူ၏ လေသံထဲတွင် ဤခရီးစဉ်က သာမန် အလည်အပတ်ခရီး မဟုတ်ကြောင်း အထင်အရှား ပြသနေသည်။