← Chapters

အခန်း (၂၁၇-၂၁၉)

Vol. 15 Ch. 217-219

အခန်း (၂၁၇-၂၁၉)

Vol. 15 Ch. 217-219

အခန်း ၂၁၇ - အဆောက်အဦး အဆင့်မြှင့်တင်ရေးကတ်နှင့် ဖာဂါနာမြင်း၏ အရှိန်အဟုန်

အဖွဲ့ထဲရှိလူများက သူ့အကြောင်းကို တစ်ဖန်ပြန်ပြောနေကြသည်ကို မြင်သောအခါ ရှောင်းယီက ချက်ချင်း ပြောလိုက်သည်။

“လောလောဆယ်တော့ အစုလိုက်အပြုံလိုက် ထုတ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ အနာဂတ်မှာတော့ သေချာပေါက် ဖြစ်လာမှာပါ။”

“ဒါမှ ငါတို့သူဌေးပဲ။ တကယ့်ကို လန်းတယ်။”

“သူဌေး နောက်ကျ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ရင် ကျုပ်တို့ကို နည်းနည်းလောက် ရောင်းပေးလို့ရမလား။ အဲ့ဒီအချိန်ကျရင် ဈေးလေးကိုလည်း နည်းနည်းလောက် လျှော့ပေးပါဦး။”

“အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ပြီဆိုရင်တော့ လူထုကို သေချာပေါက် ရောင်းချပေးမှာပါ။ အဲဒီအချိန်ကျရင် အားလုံးရဲ့ ထောက်ခံမှုကို လိုအပ်ပါသေးတယ်။”

ရှောင်းယီက ဂရုထဲတွင် ပြောလိုက်သည်။

“အရမ်းကောင်းတာပဲ။ ကျုပ် တစ်လလုံး ဝတ်ထားတဲ့ အဝတ်အစားတွေရဲ့ အနံ့ကို တကယ် မခံနိုင်တော့ဘူး။”

“အဲ့ဒါဆိုရင်လည်း ချွတ်ထားလိုက်ပေါ့။ ဘယ်သူမှ ရှိတာမှ မဟုတ်တာ။ ပင်လယ်ထဲမှာ လျှော်၊ အခြောက်လှန်းပြီး ဆက်ဝတ်ပေါ့။”

“မင်းက ငါမလုပ်ဖူးဘူးလို့ ထင်နေတာလား။ နည်းနည်းလေး ပွတ်လိုက်တာနဲ့ အဝတ်က အဖတ်လိုက် လန်ထွက်လာတာပဲ။ အခု ငါ့အဝတ်တွေဆို ပေါက်ပြဲနေတာ နေရာအနှံ့ပဲ။”

“တစ်ယောက်ယောက်က အဝတ်အစားတွေ ရခဲ့တယ်လို့ ကြားဖူးတယ်။ ဝတ်ရုံရှည်လား ဘာလားပဲ။”

“အားပါးပါး ကံကောင်းလိုက်တာ။ ဘယ်သူက အဲ့လောက်တောင် ကံကောင်းနေတာလဲ။”

“ကြားပဲ ကြားဖူးတာပါ။ အဟုတ်လားတော့ မသေချာဘူး။”

“ရတာတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခွင့်အရေးကတော့ အတော်လေး နည်းတယ်။”

ရှောင်းယီက ဝင်ပြောလိုက်သည်။

“ကျုပ်တောင် တစ်လလုံးနေမှ တစ်ထည်ပဲ ရသေးတယ်။”

“သူဌေးက တကယ် ကံကောင်းတာပဲ။”

အဖွဲ့ထဲမှ မြှောက်ပင့်စကားများကို မြင်ပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ရှေ့မှ ထကာ ပထမထပ် ဧည့်ခန်းသို့ ဆင်းလာခဲ့လိုက်သည်။

“ဒီည ဝမ်ချိုင်နဲ့ တပိုင်တို့ အဓိက တာဝန်ယူလိုက်ပါ။ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှု နှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုတာမျိုး မရှိရင် မင်းတို့ဘာသာ မင်းတို့ပဲ ဖြေရှင်းလိုက်ကြ။”

ဧည့်ခန်းထဲတွင် လဲလျောင်းနေသော တပိုင်နှင့် ဝမ်ချိုင်တို့ကို ကြည့်ကာ ရှောင်းယီက ပြောလိုက်သည်။

တပိုင်က ခေါင်းထောင်ကာ ခေါင်းငြိမ့်လိုက်ပြပြီး ဝမ်ချိုင်ကတော့ နှစ်ချက်မျှ ဟောင်လိုက်သည်။

“တကယ်လို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှု နှစ်ခုရှိလာရင် ငါ့ကို အချိန်မီ လာခေါ်လိုက်ပါ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဝုတ် ဝုတ်”

ဝမ်ချိုင်က တုံ့ပြန်လိုက်သည်။

“အားလုံးပဲ ဒီနေ့ ပင်ပန်းသွားကြပြီ။ စောစောပြန်နားကြတော့။”

ရှောင်းယီက ပြောလိုက်သည်။

“ဦးလေးအန်း၊ အန်တီတို့နဲ့ တခြားလူတွေကိုပါ သွားခေါ်လိုက်ပါ။ အလျင်လိုစရာ မရှိပါဘူး။ ကောင်းကောင်းအနားယူမှ အလုပ်ကို ကောင်းကောင်းလုပ်နိုင်မှာ။”

“ကောင်းပြီ၊ ငါသွားခေါ်လိုက်မယ်။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“လောင်ယွမ် ဒီဝါးပင်တွေကို အရင်ဆုံး ခြံထဲမှာ သွားစိုက်ထားလိုက်ပါဦး။”

ရှောင်းယီက သူ အခုလေးတင် လဲလှယ်ထားသော ဝါးပင်များကို ယွမ်နွန်ထံ ကမ်းပေးလိုက်သည်။

ယွမ်နွန်က ခေါင်းငြိမ့်ပြကာ SS အဆင့် ရေသန့်အချို့ကို ယူဆောင်၍ ခြံဝင်းအတွင်းသို့ ထွက်သွားတော့လေသည်။

အရာအားလုံး ညွှန်ကြားပြီးနောက် ရှောင်းယီ မိမိအခန်းသို့ ပြန်လာခဲ့လိုက်၏။ ယီထျန်းဂရုကို တစ်ချက်ကြည့်လိုက်ရာ အသုံးဝင်သော အချက်အလက် မရှိသဖြင့် အိပ်ရာပေါ်တွင် လဲလျောင်း အနားယူလိုက်တော့သည်။

သန်းခေါင်ကျော်ရုံရှိသေးသော်လည်း ပထမထပ်ရှိ လက်အောက်ခံကျောက်တိုင်မှ မြည်လာသော သတိပေးသံကို ရှောင်းယီ ခပ်ရေးရေး ကြားလိုက်ရသည်။

သို့သော် တပိုင်က သူ့ကို လာမခေါ်သဖြင့် ၎င်းတို့ဘာသာ ဖြေရှင်းနိုင်ကြောင်း သူသိလိုက်လေသည်။

နောက်တစ်နေ့ နံနက် ၅:၃၀ နာရီတွင် ကျန်းယွင်ထျန်းက လူစုသည့် ဝီစီသံကို တစ်ဖန်မှုတ်လိုက်ပြန်သည်။ လူတိုင်း တစ်မိနစ်အတွင်း စုရုံးမိကြပြီးနောက် ကျန်းယွင်ထျန်းက ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ရန် ဦးဆောင်ခေါ်သွားခဲ့သည်။

ရှောင်းယီလည်း ထလာပြီး တပိုင်ကို ရှာကာ မေးလိုက်သည်။

“မနေ့ညက ကျွန်းကို ပင်လယ်သတ္တဝါတွေ ဘယ်နှစ်ကြိမ် တိုက်ခိုက်လဲ။”

“ဝူး ဝူး...။”

တပိုင်က အကြိမ်အနည်းငယ် အော်ပြလိုက်၏။ ရှောင်းယီက ခေါင်းငြိမ့်ကာ ဆက်မေးလိုက်သည်။

“အားလုံးက တစ်ချိန်တည်း တိုက်ခိုက်တာလား။”

တပိုင်က ခေါင်းခါပြလိုက်သည်။

မနက်အစောပိုင်းမှ နံနက် ၅:၃၀ အထိ ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှု စုစုပေါင်း ၂၅ ကြိမ်ရှိခဲ့ပြီး ၎င်းတို့သည် တစ်ခုပြီးမှ တစ်ခု လာရောက်တိုက်ခိုက်ကြခြင်းဖြစ်ကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခြင်းမျိုး မရှိခဲ့ပေ။

“မင်း ခဏနားလိုက်ဦး။”

ရှောင်းယီက တပိုင်၏ ခေါင်းကို ပုတ်ပေးလိုက်ရာ တပိုင်သည် ဧည့်ခန်းထောင့်တွင် တန်း၍ လဲလျောင်းလိုက်တော့သည်။

“ဒီ ဒီ...ကျွန်းသည် ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်ခြင်းကို ခံနေရပါသည်။ ကျေးဇူးပြု၍ အချိန်မီ ဖြေရှင်းပါ။”

တပိုင် လဲလျောင်းလိုက်သည့်အခိုက်မှာပင် ဧည့်ခန်းရှိ ကျောက်တိုင်မှ အချက်ပေးသံ ထွက်ပေါ်လာခဲ့သည်။

ရှောင်းယီက တပိုင်ကို ပြန်ဖိထားရင်း ပြောလိုက်သည်။

“ငါပဲ သွားလိုက်မယ်။ ကိုယ်လက်လှုပ်ရှား လုပ်ရတယ်လို့ပဲ သဘောထားလိုက်တာပေါ့။”

ထို့အခါ တပိုင်က ပြန်လည် လဲလျောင်းလိုက်လေသည်။ ၎င်းသည် S အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ရွှမ်းယွမ်ဓားကို ကိုင်ဆောင်ထားသော ရှောင်းယီကိုမူ အနိုင်ရနိုင်မည် မဟုတ်ကြောင်း ခံစားမိပေသည်။ ထို့ပြင် ထိုပင်လယ်သတ္တဝါများသည် အလွန်အားနည်းလွန်းသဖြင့် ရှောင်းယီ၏ ဘေးကင်းရေးအတွက် စိုးရိမ်စရာ မလိုပေ။

ရှောင်းယီသည် ရွှမ်းယွမ်ဓားကို ယူဆောင်ကာ ခြံထဲသို့ ဆင်းလာပြီး ဖာဂါနာမြင်းကို ရှာကာ မြင်းပေါ်သို့ ခုန်တက်လိုက်သည်။

“မင်း ဘယ်လောက်မြန်လဲဆိုတာ ငါ့ကို ပြစမ်းပါဦး... ကျား...။”

ရှောင်းယီက ဇက်ကြိုးကို ဆွဲကာ အော်လိုက်၏။

“ဟီးးးး”

ဖာဂါနာမြင်းသည် တဟီးဟီးအော်မြည်ကာ ချက်ချင်းပင် အရှိန်ပြင်းစွာ ပြေးထွက်သွားတော့သည်။

ရှောင်းယီသည် သူ၏ဘေးတစ်ဖက်တစ်ချက်ရှိ မြင်ကွင်းများပင် ဝေဝါးသွားသည်ဟု ခံစားလိုက်ရသည်။

ရှောင်းယီသည် လက်ရှိတွင် S အဆင့် ရုပ်ခန္ဓာရှိနေပြီး အမြင်အာရုံ ဖမ်းယူနိုင်စွမ်း အပါအဝင် ကဏ္ဍပေါင်းစုံ၌ တိုးတက်နေသူဖြစ်သည်။ သို့သော် SSS အဆင့် ဖာဂါနာမြင်း၏ အရှိန်မှာ သူတောင် ရှင်းရှင်းလင်းလင်း မမြင်နိုင်လောက်အောင် မြန်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

စက္ကန့်နှစ်ဆယ်အတွင်းမှာပင် ရှောင်းယီသည် ပစ်မှတ်နေရာသို့ ရောက်ရှိသွားခဲ့ပြီး ရွှမ်းယွမ်ဓားကို ဆွဲထုတ်ကာ တစ်ချက်တည်း ခုတ်ပိုင်းလိုက်ရာ အုတ်မြစ်ကျောက်ကို တိုက်ခိုက်နေသော ငါးမှာ နှစ်ပိုင်း ပြတ်သွားတော့လေသည်။

ရှောင်းယီသည် သံလှံကို အသုံးပြု၍ ငါးကို ကမ်းပေါ်သို့ ဆွဲတင်လိုက်သည်။ ထိုအချိန်တွင် ကမ်းပေါ်၌ မနေ့က အလိုအလျောက် ငါးဖမ်းပိုက်ဖြင့် ဖမ်းမိထားသော ငါးများ နေရာအနှံ့ ရှိနေပြီဖြစ်သည်။

“ဦးလေးအန်းကို ဒီပင်လယ်ငါးတွေကို ဆက်ပြီး စီမံခိုင်းရမယ်။”

ရှောင်းယီက ရေရွတ်ရင်း ဖာဂါနာမြင်းကို စီး၍ ဗီလာသို့ ပြန်လာခဲ့လိုက်သည်။

ကျောက်တိုင်မှ ကျွန်းကို တိုက်ခိုက်နေသည်ဟု ထပ်မံ အချက်မပေးတော့သည်ကို မြင်သောအခါ ရှောင်းယီက “စနစ် လက်မှတ်ထိုးဝင်မယ်” ဟု စိတ်ထဲမှ ဆိုလိုက်တော့သည်။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် - အဆောက်အဦး အဆင့်မြှင့်တင်ရေးကတ် (S အဆင့်)။”

“အဆောက်အဦး အဆင့်မြှင့်တင်ရေးကတ် (S အဆင့်) – S အဆင့်အောက်ရှိ မည်သည့်အဆောက်အဦးကိုမဆို S အဆင့်သို့ အဆင့်မြှင့်တင်နိုင်ပါသည်။”

ယခုတစ်ကြိမ် အဆင့်မြှင့်တင်ရေးကတ်မှာ အဆောက်အဦးများအတွက်သာ ကန့်သတ်ထားပြီး လူကို အဆင့်မြှင့်၍ မရနိုင်ပေ။ ထို့ကြောင့် ရှောင်းယီသည် များများစားစား စဉ်းစားမနေတော့ဘဲ မည်သည့်အရာကို အဆင့်မြှင့်မည်ကို ဆုံးဖြတ်လိုက်တော့သည်။

ရှောင်းယီသည် စနစ်သိုလှောင်ခန်းထဲမှ အဆင့်မြှင့်တင်ရေးကတ်ကို ထုတ်ယူလိုက်၏။

“ဒင်...သင့်တွင် အဆောက်အဦး အဆင့်မြှင့်တင်ရေးကတ် (S အဆင့်) ရှိနေကြောင်း တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ အသုံးပြုမည့် ပစ်မှတ်ကို ရွေးချယ်ပါ။”

“ဇီဝဓာတ်ငွေ့ကန်...။”

ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်သည်။

အခြား အဆောက်အဦးများ၏ အဆင့်မှာ မနိမ့်လှသလို လောလောဆယ်တွင်လည်း အထူးတလည် အဆင့်မြှင့်ရန် မလိုအပ်သေးပေ။ သို့သော် ဤဇီဝဓာတ်ငွေ့ကန်မှာ သာမန်အဆင့်သာ ရှိသေးသည်။ S အဆင့်သို့ မြှင့်တင်ပြီးပါက ၎င်းတို့သည် ဇီဝဓာတ်ငွေ့ကို အမြန်ဆုံး အသုံးပြုနိုင်တော့မည် ဖြစ်သည်။

“အသုံးပြုမှု အောင်မြင်ပါသည်။ ဇီဝဓာတ်ငွေ့ကန်ကို ဇီဝဓာတ်ငွေ့ကန် (S အဆင့်) သို့ အဆင့်မြှင့်တင်လိုက်ပါပြီ။”

ရှောင်းယီသည် ဗီလာအပြင်ဘက်သို့ ထွက်လာပြီး ဇီဝဓာတ်ငွေ့ကန်ဆီသို့ လျှောက်လာခဲ့လိုက်၏။ အဆင့်မြှင့်တင်ထားသော စက်သည် သိပ္ပံစိတ်ကူးယဉ်ဆန်သော ပုံစံရှိပြီး အပြင်ဘက်တွင် ပေါ်နေသော အစိတ်အပိုင်းအားလုံးမှာ သတ္တုဖြင့် ပြုလုပ်ထားပေသည်။ ထို့ပြင် ဘေးတွင် အလိုအလျောက် ထိန်းချုပ်နိုင်သော ထိန်းချုပ်ခန်းတစ်ခုလည်း ပါရှိသည်။

“ဇီဝဓာတ်ငွေ့ကန် (S အဆင့်) - လူနှင့် တိရစ္ဆာန် မစင်များနှင့် ချိတ်ဆက်မှု ပြုလုပ်ထားပြီးဖြစ်သည်။ ကောက်ရိုးထည့်သွင်းခြင်းသာ လူအင်အား လိုအပ်ပြီး ကျန်အပိုင်းများကို အလိုအလျောက် ထိန်းချုပ်ပေးပါသည်။ သာမန်စက်များနှင့် နှိုင်းယှဉ်ပါက စွမ်းဆောင်ရည် ၁၆၀ ရာခိုင်နှုန်း ပိုမိုမြင့်မားပြီး ဘေးကင်းစိတ်ချရမှု ရှိပါသည်။”

“ဒါက ပိုပြီး အဆင်ပြေသွားတာပေါ့။ အနည်းဆုံးတော့ လူ ကိုယ်တိုင် မွှေနှောက်နေစရာ မလိုတော့ဘူး။”

ရှောင်းယီက ရေရွတ်လိုက်သည်။

အဆင့်မြှင့်ထားသော စက်ကို ကြည့်ပြီးနောက် ရှောင်းယီ ဧည့်ခန်းသို့ ပြန်လာခဲ့လိုက်သည်။

ထိုအချိန်၌ ကျောက်တိုင်မှ အချက်ပေးသံ ထပ်မြည်လာခဲ့ပြန်သည်။ ယခုတစ်ကြိမ်တွင် ပင်လယ်သတ္တဝါ နှစ်ကောင်က တစ်ပြိုင်နက်တည်း တိုက်ခိုက်နေခြင်း ဖြစ်သည်။

ရှောင်းယီသည် ဖာဂါနာမြင်းကို တစ်ဖန်စီးနင်းလိုက်၏။ သူသည် ကျန်းယွင်ထျန်းကို မခေါ်တော့ဘဲ ပထမနေရာသို့ တစ်ဦးတည်း အရင်သွားလိုက်သည်။ ပင်လယ်သတ္တဝါကို ဓားဖြင့် တစ်ချက်တည်း သတ်ဖြတ်ပြီးနောက် အခြားတစ်နေရာသို့ သွားရာ အချိန်မီ ရောက်ရှိသွားခဲ့သည်။

ယခုအချိန်အထိ ကြုံတွေ့ရသမျှ ပင်လယ်သတ္တဝါ တိုက်ခိုက်မှုများတွင် အမြင့်ဆုံးမှာ B အဆင့်သာ ဖြစ်သဖြင့် ရှောင်းယီက အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။

“ဖာဂါနာမြင်းရှိနေရင် အရှိန်အတွက် စိတ်ချရသွားပြီ။”

ရှောင်းယီသည် မိမိစီးနင်းထားသော မြင်းကိုကြည့်ကာ အလွန်စိတ်ကျေနပ်နေခဲ့သည်။

ထိုအချိန်တွင် ကျန်းယွင်ထျန်းနှင့် အခြားသူများသည် နံနက်ခင်း လေ့ကျင့်ခန်း လုပ်ပြီး၍ သက်ဆိုင်ရာ တာဝန်များဆီသို့ ပြန်သွားကြပြီ ဖြစ်သည်။

ရှောင်းယီသည်လည်း မိမိ၏ ကျောက်တိုင်ထံ ပြန်လာခဲ့ပြီး ယနေ့ ပင်လယ်သတ္တဝါ တိုက်ခိုက်မှုများတွင် အပြောင်းအလဲများ ရှိ၊ မရှိ ကြည့်ရှုလိုနေခဲ့သည်။

ထိုအချိန်တွင် ကုထောင်ချွေ့ရှန်းထံမှ သီးသန့်မက်ဆေ့ဂျ်တစ်ခု ရောက်ရှိလာသည်ကို ရှောင်းယီ တွေ့လိုက်ရလေသည်။

“သူဌေး ကျုပ်ဆီကို ဒေသခံတွေ လာနေတာ တွေ့နေရတယ်။”

အခန်း ၂၁၈- ဆက်တိုက်ပစ်ခတ်နိုင်သောဒူးလေးနှင့် တိုက်ပွဲ၊ သုံ့ပန်း နှင့် ဘာသာစကား အတားအဆီး

သီးသန့်ချန်နယ်၌ ပို့ထားသည့်အချိန်ကို ကြည့်ရသလောက် ငုထောင်ချွေ့ရှန်း၏ စာသည် လွန်ခဲ့သော မိနစ်သုံးဆယ်ခန့်ကတည်းက ရောက်ရှိနေခြင်းဖြစ်ပေသည်။ ထိုအချိန်က ရှောင်းယီမှာ ပထမထပ်တွင် ရှိနေခဲ့ခြင်းပင်။

“အခု အခြေအနေ ဘယ်လိုလဲ။”

ရှောင်းယီက ချက်ချင်းပင် ပြန်စာပို့လိုက်သည်။။သို့သော် ကုထောင်ချွေ့ရှန်းထံမှ ချက်ချင်း ပြန်စာမလာခဲ့ပေ။

“သူ တစ်ခုခုမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပဲ။”

ရှောင်းယီက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

ထိုအချိန်တွင် ကုထောင်ချွေ့ရှန်းမှာ အဝေးမှ ခပ်မှန်မှန် ခုတ်မောင်းလာနေသော သစ်သားလှေငယ်လေးတစ်စင်းကို စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့သည်။

“ဒါက ဘာလို့ သစ်သားလှေငယ်လေးတစ်စင်းပဲ ဖြစ်နေရတာလဲ။”

ကုထောင်ချွေ့ရှန်းသည် သူ၏လက်ထဲမှ သံလှံကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း တီးတိုး ရေရွတ်လိုက်၏။

ဒေသခံများတွင် ရွက်လှေအလတ်စားများ ရှိသည်ကို သူသိထားသည်။

လှေငယ်ပေါ်တွင် လူနှစ်ဦး၏ ပုံရိပ်ကို ဝေဝေဝါးဝါး မြင်နေရသဖြင့် ကုထောင်ချွေ့ရှန်းရှန့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားခဲ့လေသည်။ အကယ်၍ တစ်ယောက်တည်းဆိုလျှင် သူ ရင်ဆိုင်နိုင်သော်လည်း ရန်သူနှစ်ယောက်ဖြစ်နေပါက သူ အခြေအနေမဟန်နိုင်ပေ။

“ဒီ... ဒီ... သူစိမ်းတစ်ယောက်က သီးသန့်ချန်နယ်၌ စကားပြောရမ် တောင်းဆိုနေပါတယ်။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ရုတ်တရက် သတိပေးသံ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ သူဌေးကြီး ရှောင်းယီထံမှ ပြန်စာဖြစ်ရမည်ဟု ကုထောင်ချွေ့ရှန်း သိလိုက်သည်။

မီတာ ငါးရာ၊ ခြောက်ရာခန့် အကွာတွင် ရှိနေသေးသော လှေငယ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ကုထောင်ချွေ့ရှန်းသည် ၎င်း၏တဲထဲသို့ အမြန်ပြေးဝင်ကာ သီးသန့်ချန်နယ်ကို ဖွင့်ကြည့်လိုက်သည်။

ရှောင်းယီ၏ ပြန်စာကို မြင်သောအခါ ကုထောင်ချွေ့ရှန်းက ချက်ချင်းပင် ပြန်ဖြေလိုက်၏။

“အခု လှေငယ်တစ်စင်းပဲ ရောက်လာပါတယ်။ အပေါ်မှာ လူနှစ်ယောက်တော့ ပါပုံပဲ။ သူဌေး... ကျုပ် ဘာလုပ်သင့်လဲ။”

“မလန့်ပါနဲ့။”

ရှောင်းယီက တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

လှေငယ်တစ်စင်းနှင့် လူနှစ်ဦးသာ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ရှောင်းယီ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။ အကယ်၍ သင်္ဘောကြီးတစ်စင်းသာ အမှန်တကယ် ရောက်ရှိလာပါက ရုန်းကန်နေစရာပင် မလိုတော့ဘဲ ကုထောင်ချွေ့ရှန်းကို လက်နက်ချခိုင်းရုံသာ ရှိတော့သည်။

“မင်းမှာ အဝေးပစ်လက်နက် ရှိလား။”

ရှောင်းယီက မေးလိုက်သည်။

“မရှိပါဘူး။ ဒါပေမဲ့ ကျုပ်လက်ထဲမှာ ပစ်ပေါက်လို့ရတဲ့ သံလှံတွေ အများကြီးရှိတယ်။”

ကုထောင်ချွေ့ရှန်းက ပြန်ဖြေရင်း လှေငယ်ဘက်ကို တစ်ချက် ပြန်ကြည့်လိုက်သည်။ကံကောင်းသည်မှာ ၎င်းတို့၏ အရှိန်က သိပ်မမြန်ခြင်းပင်။

ထိုအချိန်တွင် ရှောင်းယီက သူ၏ ဝေါ်ကီတော်ကီကို ကောက်ကိုင်ပြီး ပြောလိုက်သည်။

“လောင်ယွမ် ဦးလေးဆီက ဒူးလေးကို ခဏလောက် ငှားပါရစေ။”

“ရတယ်။ ငါ လာပို့ပေးရမလား။”

ယွမ်နွန်က မေးလိုက်သည်။

“မလိုဘူး။ ကျုပ် ကုထောင်ချွေ့ရှန်းကို ငှားပေးမလို့ပါ။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“ကောင်းပြီ။ ဒါဆို တစ်ခါတည်း ပို့ပေးလိုက်မယ်။”

ယွမ်နွန်က ပြန်ဖြေလိုက်သည်။

ရှောင်းယီက ဆက်တိုက်ပစ်ဒူးလေးကို ကုထောင်ချွေ့ရှန်းထံ ချက်ချင်း ပို့ပေးလိုက်သည်။

“[အဆက်မပြတ်ပစ်ခတ်နိုင်သော ဒူးလေး (A အဆင့်)] ခြောက်နာရီကြာ အသုံးပြုခွင့် - အခမဲ့လဲလှယ်ခြင်း။”

“ဒါကို ခဏယူထားလိုက်။ အထဲမှာ မြှားတို ဆယ်ချောင်း ပါလာလိမ့်မယ်။ အသေအချာ သုံးပါ။ ဒါနဲ့ဆိုရင် လူနှစ်ယောက်ကို ကိုင်တွယ်ဖို့က ပြဿနာမရှိနိုင်ဘူး။”

ရှောင်းယီက ပြောလိုက်သည်။

A အဆင့်ရှိ အဆက်မပြတ်ပစ်ခတ်နိုင်သောဒူးလေးကို မြင်လိုက်ရသောအခါ ကုထောင်ချွေ့ရှန်းက ချက်ချင်း အကြောင်းပြန်လိုက်သည်။

“ကျေးဇူးတင်ပါတယ် သူဌေး။ ဒီလက်နက်သာရှိရင် သေချာပေါက် ပြဿနာမရှိတော့ဘူး။”

ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။

“မင်းရဲ့ ဘေးကင်းရေးကို အာမခံနိုင်တဲ့ အခြေအနေမှာ တစ်ယောက်ကို အရှင်ဖမ်းလို့ရမလား ကြည့်လိုက်ဦး။ ဒီက ဒေသခံတွေအကြောင်း သတင်းအချက်အလက်ကို သိထားဖို့လိုတယ်။”

“ဟုတ်ကဲ့။ ကျုပ် အစွမ်းကုန် ကြိုးစားကြည့်ပါ့မယ်။”

“အတင်းအကျပ်တော့ မလုပ်နဲ့။ ဘေးကင်းရေးက နံပါတ်တစ်ပဲ။”

ရှောင်းယီက မှာကြားလိုက်သည်။

“နားလည်ပါပြီ။”

စကားပြောပြီးနောက် ကုထောင်ချွေ့ရှန်းသည် သူ အခုလေးတင် ရရှိထားသော ဒူးလေးကို ကိုင်ဆောင်ကာ အပြင်သို့ ထွက်သွားပြီး ကျောက်တုံးကြီးတစ်ခု နောက်တွင် ဝပ်နေလိုက်သည်။

ကျွန်းဆင့်ကဲပြောင်းလဲမှု လျှို့ဝှက်ချက်ကို ရှောင်းယီက လူတိုင်းအား ပြောပြထားပြီးကတည်းက ကျောက်တုံး သို့မဟုတ် သစ်သားကဲ့သို့ အခြေခံအရင်းအမြစ်များ အရေးတကြီး လိုအပ်နေသူများမှလွဲ၍ ကျန်သူအများစုမှာ အသစ်ပြန်လည်ဖြစ်ပေါ်လာသော ကျောက်တုံးများနှင့် သစ်ပင်များကို မခုတ်ကြတော့ပေ။

ဆောင်းရာသီ တစ်ပတ်တာမှာ သူတို့ကျွန်းပေါ်ရှိ အရင်းအမြစ်နေရာများ ပြန်လည်ပြည့်နှက်လာရန် လုံလောက်သော အချိန်ဖြစ်သည်။

ထို့ကြောင့် ကုထောင်ချွေ့ရှန်း၏ ကျွန်းမှာ သေးငယ်သော်လည်း သစ်ပင်များနှင့် ကျောက်တုံးအချို့ ရှိနေသေးပေသည်။

“မင်းတို့ ဘယ်လို ကုန်းပေါ်တက်လာမလဲဆိုတာ ကြည့်ကြသေးတာပေါ့။”

ကုထောင်ချွေ့ရှန်းက အေးစက်စွာ ရေရွတ်လိုက်သည်။

ဒေသခံများမှာလည်း ဤကျွန်းများပေါ်တွင် အန္တရာယ်ရှိ၊ မရှိ မသေချာသဖြင့် လှေလှော်နှုန်းမှာ အလွန်နှေးကွေးလှပေသည်။ သူတို့သည် မီတာ ငါးရာ အကွာအဝေးကို ရောက်ရန် နာရီဝက်ခန့် ကြာမြင့်ခဲ့၏။ ၎င်းတို့မှာ ရေကို ဟိုပက်သည်ပက်သာ လုပ်လာကြခြင်း ဖြစ်သည်။

ဤအချိန်တွင် ဒေသခံများ၏ လှေငယ်လေးမှာ ကုထောင်ချွေ့ရှန်း၏ ကျွန်းကမ်းစပ်နှင့် ဆယ်မီတာခန့်သာ ကွာတော့သည်။

“တကယ်ကို လူနှစ်ယောက်ပဲ။”

လှေပေါ်၌ လူနှစ်ဦးရှိနေသည်ကို ကုထောင်ချွေ့ရှန်း အထင်အသား မြင်နေရပြီ ဖြစ်သည်။

ဒေသခံနှစ်ဦးမှာ ခေါင်းပေါ်တွင် ကြက်တောင်မြီးများ စိုက်ထားပြီး မျက်နှာတွင်လည်း အနီရောင်နှင့် အမည်းရောင် ဆေးများကို သုတ်လိမ်းထားလေသည်။ ၎င်းတို့၏ အပေါ်ပိုင်းမှာ ဗလာကျင်းနေပြီး ခါးတွင် သားရေစများကို ပတ်ထားကာ အရေးကြီးသော နေရာများကို ဖုံးအုပ်ထားခဲ့သည်။ သူတို့လက်ထဲတွင်လည်း ကျောက်လှံများကို ကိုင်ထားကြ၏။

သူတို့ ကိုင်ဆောင်ထားသည်မှာ သံလက်နက်များ မဟုတ်ဘဲ ကျောက်လှံများသာ ဖြစ်သည်ကို ကုထောင်ချွေ့ရှန်း အတည်ပြုနိုင်လိုက်သည်။

“သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းက သိပ်မမြင့်သေးတဲ့ ပုံပဲ။”

သူ တွေးလိုက်မိသည်။

လှေငယ်လေးမှာ နောက်ထပ် နှစ်မီတာ၊ သုံးမီတာခန့် တိုးကပ်လာသောအခါ ကုထောင်ချွေ့ရှန်းသည် သူတို့၏ စကားပြောသံကိုပင် ကြားနေရပြီ ဖြစ်သည်။

သတင်းအချက်အလက်များ ပိုမိုရရှိလိုသဖြင့် သူ နားစိုက်ထောင်နေမိသော်လည်း သူတို့ပြောနေသော လေသံများမှာ သူ နားမလည်နိုင်သော ဗလုံးဗထွေးလေသံများ ဖြစ်နေသဖြင့် ကုထောင်ချွေ့ရှန်း ဆွံ့အသွားခဲ့ရသည်။

ဒေသခံနှစ်ဦး ပြောနေသော ဘာသာစကားကို သူ လုံးဝ နားမလည်ပေ။ သူသည် ၎င်းတို့ကို ကျွန်းအနားအထိ အလကား ပေးကပ်ခဲ့မိခြင်း ဖြစ်သည်။

အခြေအနေက ဤသို့ဖြစ်နေမှတော့ ကုထောင်ချွေ့ရှန်းသည် နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ လှေဘေးတွင် ရပ်နေသော ဒေသခံကို ချိန်ရွယ်ကာ အဆက်မပြတ်ပစ်နိုင်သောဒူးလေး၏ ခလုတ်ကို ဆွဲလိုက်တော့လေသည်။

“ရွှစ်...”

ဒူးလေးမြှားတိုလေးတစ်စင်းသည် ကြွေလွင့်လာသော ကြယ်တစ်လုံးကဲ့သို့ ဒေသခံထံသို့ ပျံသန်းသွားခဲ့၏။

“ဖျစ်...”

ထိုဒေသခံမှာ ဘာမှ မတုံ့ပြန်နိုင်သေးခင်မှာပင် ရင်ဘတ်ကို ဒူးလေးမြှားဖြင့် ထိမှန်သွားလေတော့သည်။

“ဗွမ်း!”

မြှားမှန်သွားသောသူမှာ ဟန်ချက်ပျက်ကာ ရေထဲသို့ ပြုတ်ကျသွားတော့သည်။

ကုထောင်ချွေ့ရှန်း၏ မျက်နှာ အနည်းငယ် ရဲတက်သွားခဲ့၏။ အကြောင်းမှာ သူသည် ထိုလူ၏ခေါင်းကို ချိန်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း ရင်ဘတ်ကို သွားမှန်ခြင်းကြောင့်ပင်။

သူ၏ မူလအစီအစဉ်မှာ တစ်ယောက်ကို အမြန်ရှင်းပြီး ကျန်တစ်ယောက်ကို အရှင်ဖမ်းရန် ဖြစ်သော်လည်း သူ၏ ပစ်ခတ်မှု တိကျမှုကို သူ အထင်ကြီးမိသွားခဲ့သည်။

ကုထောင်ချွေ့ရှန်းသည် ကျောက်တုံးနောက်မှ ချက်ချင်းပင် မတ်တပ်ရပ်လိုက်၏။

လှေပေါ်ရှိ ဒေသခံမှာ ဘာဖြစ်သွားသည်ကိုပင် မသိလိုက်ပေ။ သူ၏ အဖော်မှာ ရုတ်တရက် ရေထဲကျသွားခြင်းကိုသာ သိလိုက်လေသည်။

ထို့နောက် သူသည် သူ၏ကျောက်လှံအရိုးကို ရေထဲသို့ ချက်ချင်း ထိုးချပေးလိုက်ပြီး သူ၏ အဖော်ကို လှေပေါ်သို့ ပြန်ဆွဲတင်ရန် ကြိုးစားလိုက်တော့သည်။

“မလှုပ်နဲ့...။”

ကုထောင်ချွေ့ရှန်းက အော်ပြောလိုက်၏။

လှေပေါ်ရှိ ဒေသခံသည် ထိုအသံကို ကြားသဖြင့် သူ့ကို လှမ်းကြည့်ကာ နားမလည်နိုင်သော စကားများကို အော်ဟစ်နေသော်လည်း လုပ်လက်စအလုပ်ကိုမူ မရပ်တန့်ခဲ့ပေ။

ရေထဲကျသွားသော ဒေသခံမှာ ရင်ဘတ်တွင် မြှားမှန်ထားသော်လည်း ၎င်းမှာ ချက်ချင်း သေလောက်သည့် ဒဏ်ရာမျိုးတော့ မဟုတ်သေးပေ။

သူသည် လှေပေါ်မှ ကမ်းပေးထားသော လှံရိုးကို ဖမ်းဆုပ်ကာ လှေအနားသို့ ကပ်လာခဲ့ပြီး လှေပေါ်ရှိ ဒေသခံ၏ ဆွဲတင်မှုကို ခံလိုက်ရတော့သည်။

“ရွှစ်...”

ကုထောင်ချွေ့ရှန်းက နောက်ထပ် မြှားတစ်စင်း ထပ်ပစ်လိုက်၏။

“ဖျစ်...”

ဤတစ်ကြိမ်တွင်မူ သူ၏အချိန်အဆ ကောင်းသွားကာ အခြားဒေသခံ၏ ညာဘက်လက်မောင်းကို တိတိကျကျ ထိမှန်သွားခဲ့သည်။

“အား!”

ထိုဒေသခံက အော်ဟစ်လိုက်ပြီးနောက် လှေငယ်ကို ကျွန်းနှင့် ဝေးရာသို့ လှော်ခတ်ကာ အတင်းလှည့်ထွက်ရန် ကြိုးစားတော့လေသည်။

သို့သော် ကုထောင်ချွေ့ရှန်း သူတို့ကို ထိုမျှလွယ်လွယ်နှင့် ထွက်သွားခွင့် မပြုနိုင်ပေ။

“ရပ်လိုက်စမ်း။ မရပ်ရင် နောက်တစ်မြှားက မင်းတို့ ခေါင်းတည့်တည့်ကို မှန်သွားလိမ့်မယ်။”

ကုထောင်ချွေ့ရှန်းက အသံအကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် နောက်ထပ်မြှားတစ်စင်းကို ထပ်မံ ပစ်ခတ်လိုက်၏။

ဒေါက်

မြှားသည် သူတို့ လှော်ခတ်နေသော တက်မတွင် အားပြင်းစွာ စိုက်ဝင်သွားခဲ့သည်။

ဒေသခံနှစ်ဦးမှာ တက်မကို ချက်ချင်း လွှတ်ချလိုက်ပြီး လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ နောက်ထပ် မလှုပ်ရဲကြတော့ပေ။

ကုထောင်ချွေ့ရှန်းက ဒူးလေးဖြင့် သူတို့ကို ချိန်ရွယ်ထားရင်း သူ၏ ငါးဖမ်းပိုက်ကို လှမ်းပစ်ပေးကာ ပြောလိုက်သည်။

“ဒါကို ဖမ်းထားလိုက်။”

သို့သော် ဒေသခံနှစ်ဦးမှာ လက်မြှောက်ထားသော အမူအရာအတိုင်းသာ ရှိနေကြဆဲပင်။

“တောက်... ဒီဘာသာစကား အတားအဆီးက တကယ့်ကို အဆင်မပြေလိုက်တာကွာ...။”

ကုထောင်ချွေ့ရှန်း ညည်းတွားလိုက်မိ၏။

“ဒီကမ္ဘာ့စည်းမျဉ်းတွေက ဒေသခံတွေကို ထည့်ထားတာက ထားပါတော့။ ဘာသာစကားကိုတော့ အနီးစပ်ဆုံး တူအောင် လုပ်ပေးသင့်တာပေါ့။ မဟုတ်ရင် ဘယ်လိုမှ ဆက်သွယ်လို့ မရဘဲ တိုက်ခိုက်နေရုံပဲ ရှိတော့မယ်။”

ဤသို့ တွေးမိရင်း ကုထောင်ချွေ့ရှန်း တစ်စုံတစ်ခုကို သတိပြုမိသွားကာ မှင်သက်သွားခဲ့သည်။

“ဒါမှမဟုတ်... ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့ သူတို့ကို နားမလည်နိုင်အောင် တမင်တကာ လုပ်ထားတာလား။”

အခန်း ၂၁၉- တယ်လီပသီစွမ်းရည်၊ ပြန်လွှတ်ပေးခြင်းနှင့် စလစ်ပရီမျိုးနွယ်စု

ဘာသာစကား အတားအဆီးနှင့် ဆက်သွယ်ရေး အားနည်းချက်များရှိမှသာ အင်အားစုနှစ်ခုကြား ပဋိပက္ခကို အမြင့်ဆုံးသို့ ရောက်ရှိစေနိုင်မည်ဖြစ်သည်။

ဘာသာဗေဒပညာရှင်များသည် ဤနေရာရှိ ဒေသခံများ၏ ဘာသာစကားကို အချိန်တန်လျှင် အဓိပ္ပာယ်ဖော်နိုင်မည် ဆိုသော်လည်း ထိုသို့ဖြစ်လာရန် အချိန်အတော်ကြာ ဦးမည်ဖြစ်သည်။

ထိုမတိုင်မီအထိတော့ ပဋိပက္ခမှာ ရှောင်လွှဲ၍ မရနိုင်ပေ။

ကုထောင်ချွေ့ရှန်းသည် ဒေသခံနှစ်ဦးကို ကြည့်ကာ လက်ဟန်ခြေဟန်ဖြင့်သာ လှမ်းခေါ်လိုက်ရသည်။

လက်တစ်ဖက်မှ အချက်ပေါင်းများစွာ ပစ်ခတ်နိုင်သော ဒူးလေးကို ကိုင်ထားရင်း အခြားလက်ညှိုးဖြင့် သူတို့ကို ညွှန်ပြကာ လက်ယပ်ခေါ်ရင်း အော်ပြောလိုက်သည်။

“မင်းတို့ ဒီကိုလာခဲ့။”

ဒေသခံများမှာ ဇဝေဇဝါ ဖြစ်နေဆဲပင်။ ကုထောင်ချွေ့ရှန်း တစ်ယောက် ရူးမတတ် ဖြစ်သွားခဲ့၏။ သူသည် ထိုဒေသခံနှစ်ဦးကို ညွှန်ပြပြီးနောက် မိမိ၏ ကျွန်းကို ညွှန်ပြကာ ပြောလိုက်သည်။

“မင်းတို့ ဒီပေါ်တက်လာခဲ့။”

ထိုအချိန်တွင် ကုထောင်ချွေ့ရှန်း၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ရုတ်တရက် သတိပေးချက် ထွက်ပေါ်လာခဲ့သည်။

“သတိပေးချက်: ကျွန်း၏အုတ်မြစ် ကျောက် တိုက်ခိုက်ခံနေရပါသည်။ ကျေးဇူးပြု၍ အချိန်မီ ဖြေရှင်းပါ။”

ကုထောင်ချွေ့ရှန်း၏ ကျွန်းမှာ သိပ်မကြီးလှပေ။ ပင်လယ်သတ္တဝါ၏ တိုက်ခိုက်မှုမှာလည်း သူနှင့် နီးကပ်သော နေရာတွင် ဖြစ်ပွားနေသဖြင့် တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်ရသည်။

၎င်းမှာ ၃၀ စင်တီမီတာခန့်ရှိသော သာမန်ပင်လယ်ငါးတစ်ကောင် ဖြစ်သည်။ ကုထောင်ချွေ့ရှန်းသည် သူ့လက်ထဲရှိ ဒူးလေးဖြင့် ထိုငါးကို ချက်ချင်း ပစ်ခတ်လိုက်တော့သည်။

“ရွှစ် ရွှစ်...”

ဒူးလေးမြားမှာ ငါးကို တိုက်ရိုက်ထိမှန်သွား၏။ ကုထောင်ချွေ့ရှန်းသည် ချက်ချင်းပင် ရှေ့တက်ကာ မြားတံကို ဆွဲကိုင်ပြီး ငါးကို မတင်လိုက်တော့သည်။

ထိုမြင်ကွင်းကြောင့် ဒေသခံနှစ်ဦးမှာ မှင်တက်သွားကြခဲ့သည်။ ထိုလူကိုင်ထားသော လက်နက်မှာ အလွန်စွမ်းအားထက်လှပြီး ၎င်းတို့၏ ကျောက်လှံများထက် များစွာ ပိုမြန်နေသည်မဟုတ်ပါလော။

ကုထောင်ချွေ့ရှန်းက ဒူးလေးကို ဒေသခံနှစ်ဦးထံ တစ်ဖန် ချိန်ရွယ်လိုက်သောအခါ သူတို့သည် လက်များကို ပို၍ပင် မြှောက်ထားလိုက်ကြတော့သည်။

“သေစမ်း... မင်းတို့နှစ်ယောက် ဒီကိုလာပါဆိုတာ နားမလည်ကြဘူးလား။”

ကုထောင်ချွေ့ရှန်းက ကျိန်ဆဲလိုက်၏။ သူတို့ကတော့ ဘာမှနားမလည်သည့် မျက်နှာပေးများဖြင့် ကြည့်နေဆဲပင်။

အကူအညီမဲ့စွာဖြင့် ကုထောင်ချွေ့ရှန်းသည် ဒူးလေးကို ဘေးတွင်ချထားလိုက်ရသည်။ သူသည် လှေငယ်လေးကို ကမ်းပေါ်သို့ ဆွဲတင်ရန် ငါးဖမ်းပိုက်ကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။

ဆက်တိုက်ပစ်ခတ်လိုက်သော မြားလေးစင်းကြောင့် ဒေသခံနှစ်ဦးမှာ လုံးဝ ကြောက်ရွံ့သွားပုံရသည်။ ကုထောင်ချွေ့ရှန်း ပိုက်ကွန်ပစ်လိုက်သည့် အချိန်တွင် သူတို့အနေဖြင့် လှေလှော်ပြေးနိုင်သော်လည်း မပြေးခဲ့ကြပေ။ သူတို့သည် လှေပေါ်တွင် ကြောင်တောင်တောင်ဖြင့်သာ ရပ်နေခဲ့ကြသည်။

ကုထောင်ချွေ့ရှန်းသည် လှေငယ်ကို ပိုက်ဖြင့် ကျုံးလိုက်ရာ ဒေသခံနှစ်ဦးမှာလည်း သဘာဝအတိုင်း အဖမ်းခံလိုက်ရတော့သည်။

သူသည် ထိုသစ်သားလှေငယ်ကို မိမိ၏ ကမ်းစပ်သို့ ဆွဲယူကာ အနီးရှိ ကျောက်တုံးတစ်ခုတွင် ချည်နှောင်ထားလိုက်သည်။

ထို့နောက် ကုထောင်ချွေ့ရှန်းသည် ဒူးလေးကို ကိုင်ထားရင်း ဒဏ်ရာရထားသော လူနှစ်ဦးကို ကြိုးတုပ်လိုက်တော့သည်။

သူတို့ကို ကြိုးတုတ်ပြီးနောက်တွင်မှ ကုထောင်ချွေ့ရှန်းတစ်ယောက် သက်ပြင်းချနိုင်တော့လေသည်။ ထို့နောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ လျှောက်သွားကာ ရှောင်းယီ ထံသို့ စာပို့လိုက်တော့သည်။

“သူဌေး ကျုပ် တာဝန်ကျေခဲ့ပြီ။ အကုန်လုံးကို အရှင်ဖမ်းမိထားပြီး ကြိုးတုတ်ထားတယ်။ သူဌေးရဲ့ ဒူးလေးက တကယ်ကို နတ်ဘုရားလက်နက်ပဲ။”

ကုထောင်ချွေ့ရှန်းက ရလဒ်ကို စိတ်လှုပ်ရှားစွာဖြင့် အစီရင်ခံလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ပြီး မေးလိုက်သည်။

“သူတို့ဆီက ဘာသတင်းအချက်အလက်ရထားလဲ။”

“အဲ့အကြောင်းတော့ မပြောပါနဲ့တော့ သူဌေးရယ်။ သူတို့နဲ့ စကားပြောရတာက အုတ်နံရံနဲ့ ပြောနေရသလိုပဲ။ သူတို့က ကျုပ်စကားကို နားမလည်သလို ကျုပ်လည်း သူတို့စကားကို တစ်လုံးမှ နားမလည်ဘူး။ သူတို့ ဒူးလေးနဲ့ ခြိမ်းခြောက်ပြီးတော့တောင် ငါးဖမ်းပိုက်နဲ့ ဆွဲတင်ခဲ့ရတာ။ ကျုပ် ဘာကို ဆိုလိုတယ်ဆိုတာကို သူတို့ လုံးဝ နားမလည်ကြဘူး။”

ကုထောင်ချွေ့ရှန်းက ကူကယ်ရာမဲ့နေဟန်ဖြင့် ပြောလိုက်သည်။

ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ဗီဒီယိုခေါ်ဆိုမှု လုပ်လိုက်။ ငါ သူတို့နဲ့ စကားပြောကြည့်မယ်။”

ရှောင်းယီ၏ စကားကို ကြားသောအခါ ကုထောင်ချွေ့ရှန်း ချက်ချင်းပင် စိတ်လှုပ်ရှားသွား၏။ ဒီနေ့ သူဌေး၏ မျက်နှာအစစ်အမှန်ကို သူ မြင်ရတော့မည် မဟုတ်ပါလော။

သို့သော်လည်း သူ ပဟေဠိဖြစ်သွားမိပြန်သည်။

“သူဌေး သူတို့ရဲ့ ဘာသာစကားက ကျုပ်တို့နဲ့ ကွဲပြားတယ်။ ဒီကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက တမင်တကာ ဒီလိုလုပ်ထားတာလို့တောင် ကျုပ် ထင်မိတယ်။ သူဌေး တကယ်ပဲ သူတို့ပြောတာကို နားလည်နိုင်လို့လား။”

“စမ်းကြည့်ကြတယပေါ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ အမှန်စင်စစ် ရှောင်းယီသည် သူတို့ပြောသည်ကို သူ နားလည်နိုင်မည်ဟု ၁၀၀ ရာခိုင်နှုန်း သေချာနေ၏။ အကြောင်းမှာ သူ့၌ တယ်လီပသီစွမ်းရည် ရှိသောကြောင့်ပင်။

ဤစွမ်းရည်၏ အာနိသင်မှာ အသိစိတ်ရှိသော သက်ရှိအားလုံးနှင့် အဟန့်အတားမရှိ ဆက်သွယ်နိုင်ခြင်းဖြစ်သည်။

ရှောင်းယီက အခိုင်အမာ ပြောဆိုနေသဖြင့် ကုထောင်ချွေ့ရှန်းသည် ထိုလူနှစ်ဦးကို သူ့တဲထဲသို့ ဆွဲသွင်းကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ရှောင်းယီနှင့် ဗီဒီယိုချက်တင် လုပ်ရန် တောင်းဆိုလိုက်တော့သည်။

ထို့နောက် တစ်ဖက်နှင့် ချက်ချင်းပင် ချိတ်ဆက်သွားပြီး အသက် ၂၀ ကျော်အရွယ် တောက်ပကာ ချောမောသော လူငယ်တစ်ဦး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ပေါ်လာတော့လေသည်။

“သူဌေးက အရမ်းငယ်သေးတာပဲ။”

ကုထောင်ချွေ့ရှန်း မအံ့သြဘဲ မနေနိုင်ခဲ့ပေ။

ဘေးနားရှိ ဒေသခံနှစ်ဦးမှာမူ သရဲမြင်လိုက်ရသလို ဖြစ်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ဒူးထောက်ကာ အော်ဟစ်ကြတော့၏။

ထိုအခါ ရှောင်းယီက မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“ငါက နတ်ဘုရား မဟုတ်ဘူး။ မင်းတို့ကို မေးခွန်းအနည်းငယ် မေးချင်ရုံပဲ။ မင်းတို့ ဘယ်က လာတာလဲ။”

ရှောင်းယီ၏ စကားကို ကြားသောအခါ ဒေသခံနှစ်ဦးမှာ ပို၍ပင် အံ့သြသွားခဲ့ကြလေသည်။

ဤကျောက်တိုင်ပေါ်တွင် ပေါ်လာသောလူက သူတို့ပြောသည်ကို နားလည်ပြီး သူတို့ကလည်း ထိုလူပြောသည်ကို နားလည်နိုင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ဒေသခံတစ်ဦးက တတွတ်တွတ်ပြောဆိုလိုက်ရာ ရှောင်းယီက ကြားဖြတ်မေးခွန်း အချို့မေးလိုက်ပြီး ဒေသခံနှစ်ဦးကလည်း တစ်ခုချင်းစီ ပြန်ဖြေခဲ့ကြသည်။

နောက်ဆုံးတွင် ဒေသခံက ရင်ဘတ်တွင် မြားမှန်ထားသော သူ၏ သူငယ်ချင်းကို ညွှန်ပြလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ကောင်းပြီ။ ငါ နားလည်ပြီ။ မင်းတို့ မြန်မြန်ပြန်ကြတော့။ အချိန်မီမယ်လို့ မျှော်လင့်ပါတယ်။ မင်းတို့ရဲ့ ခေါင်းဆောင်ကို ပြန်ပြောလိုက်။ ငါတို့က ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ လူသားတွေဖြစ်ပြီး မင်းတို့နဲ့ မတိုက်ခိုက်ချင်ဘူး။ မင်းတို့ဘေးမှာ ရပ်နေတဲ့ ဒီလူလည်း အပါအဝင်ပဲ။”

ဒေသခံနှစ်ဦးက ခေါင်းညိတ်ပြလိုက်ကြသည်။

ထို့နောင် ရှောင်းယီက ကုထောင်ချွေ့ရှန်းကို ကြည့်ကာ ပြောလိုက်သည်။

“သူတို့ကို လွှတ်ပေးလိုက်တော့။ တကယ်လို့ သူတို့ မသွားဘူးဆိုရင် တိုက်ရိုက်သတ်ပစ်လိုက်။”

ကုထောင်ချွေ့ရှန်းက ခေါင်းညိတ်ပြီး “ဟုတ်ကဲ့” ဟု ပြန်ဖြေလိုက်သည်။

ထို့နောက် သူသည် ထိုလူနှစ်ဦးကို သစ်သားလှေငယ်ဆီသို့ ပြန်မောင်းထုတ်လိုက်တော့သည်။

ထိုစဉ် ဒေသခံနှစ်ဦးက ကုထောင်ချွေ့ရှန်းကို တစ်ခုခု ထပ်ပြောလာကြသဖြင့် ကုထောင်ချွေ့ရှန်းမှာ ခေါင်းခဲသွားခဲ့ပြီး လက်ယမ်းပြကာ နှင်ထုတ်လိုက်ရ၏။

ဒဏ်ရာရနေသော ဒေသခံနှစ်ဦးမှာ လှေကိုလှော်ခတ်၍ ထွက်ခွာသွားကြတော့လေသည်။

ကုထောင်ချွေ့ရှန်းသည် သူတို့ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်လာကာ မေးလိုက်သည်။

“သူဌေး သူတို့ ခုနက ဘာပြောသွားတာလဲ။”

“သူတို့က ဟွားမင်မျိုးနွယ်စုကပဲ။ ဒီကနေ ကီလိုမီတာ ငါးရာလောက် ဝေးတဲ့နေရာကနေ လာခဲ့တာ။ ဒီသစ်သားလှေလေးနဲ့ မင်းဆီရောက်ဖို့ နှစ်ရက် ကြာခဲ့တယ်လို့ ပြောတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ထိုအခါ ကုထောင်ချွေ့ရှန်းက မျက်လုံးအဝိုင်းသားဖြင့် ရှောင်းယီကို ကြည့်ကာ ပြောလိုက်သည်။

“သူဌေး သူဌေးက တကယ်ပဲ သူတို့စကားကို နားလည်နိုင်တာပဲ။”

ရှောင်းယီက ခေါင်းညိတ်ပြပြီး ထိုအကြောင်းကို ဆက်မပြောတော့ဘဲ ဆိုလိုက်သည်။

“သူတို့ပြောတဲ့စကားအရဆိုရင် သူတို့ကျွန်းကို ပြန်ရောက်ဖို့ အနည်းဆုံး နှစ်ရက် ကြာလိမ့်မယ်။ ဒါပေါ့...သူတို့ လိမ်နေတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ လှေငယ်ရဲ့ အရှိန်နဲ့ သူတို့နှစ်ယောက်လုံး ဒဏ်ရာရနေတာကို ကြည့်ရင်တော့ နှစ်ရက်အတွင်း အင်အားအလုံးအရင်းနဲ့ ရောက်လာနိုင်မှာ မဟုတ်သေးဘူး။”

“ကောင်းပါပြီ သူဌေး။ ဒါဆို ကျုပ် ဆက်ပြီး ဘာလုပ်ရမလဲ။”

ကုထောင်ချွေ့ရှန်းက မေးလိုက်သည်။ ရှောင်းယီ ခဏကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ဒီတစ်ခါကတော့ သူတို့ကို အင်အားပြလိုက်တာပဲလို့ သတ်မှတ်လို့ရတယ်။ ငါ မင်းကို ဒူးလေး ဆက်ငှားထားပေးမယ်။ မြားတွေကိုလည်း ဆက်ပြီး။ထောက်ပံ့ပေးမယ်။ သူတို့ ဘာဆက်လုပ်မလဲဆိုတာကို မင်း စောင့်ကြည့်ထားလိုက်။”

ဤတစ်ကြိမ်တွင် ကုထောင်ချွေ့ရှန်း၏ လက်ထဲရှိ ဒူးလေးမှာ ဒေသခံများ တစ်ခါမှ မမြင်ဖူးသော လက်နက်တစ်ခု ဖြစ်ပေသည်။

ထို့ပြင် အခြားသူများ၏ ပုံရိပ်ကို ပြသနိုင်ပြီး ဆက်သွယ်နိုင်သော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာလည်း ထိုဒေသခံများ၏ မျက်စိထဲတွင် အံ့ဖွယ်အရာတစ်ခု ဖြစ်နေမည်ဖြစ်သည်။

ထို့အပြင် ရှောင်းယီက သူတို့ကို မသတ်ပစ်ဘဲ လွှတ်ပေးလိုက်ပြီး သူသည် ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်ကြောင်း အကြောင်းကြားခိုင်းလိုက်၏။

ဤနည်းအားဖြင့် အကောင်းဆုံး ရလဒ်မှာ ဟွားမင်မျိုးနွယ်စုသည် သူတို့နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သွားခြင်းပင် ဖြစ်လိမ့်မည်။

သို့သော်လည်း ဟွားမင်မျိုးနွယ်စုက ကုထောင်ချွေ့ရှန်း၏ လက်နက်နှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လိုချင်သွားပြီး အကြီးအကျယ် လာရောက်တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်ခြေရှိပေသည်။

ရှောင်းယီသည် အမြဲတမ်း အဆိုးဆုံး အခြေအနေကို ထည့်သွင်းစဉ်းစားလေ့ရှိသည်။

ဤကမ္ဘာ၏ စည်းမျဉ်းသတ်မှတ်သူများက ဤနေရာရှိ ဖွံ့ဖြိုးတိုးတက်မှုကို ဝင်ရောက်စွက်ဖက်မည်မဟုတ်ဟု ဆိုသော်လည်း အတိတ်က အတွေ့အကြုံများအရ ဤကမ္ဘာ၏ စည်းမျဉ်းများသည် ဒေသခံများနှင့် သူ့ကို တိုက်ခိုက်စေရန် အကြောင်းပြချက် တစ်ခုခုကို သေချာပေါက် ရှာဖွေပေးလိမ့်မည်ဖြစ်သည်။

တိကျသော အကြောင်းပြချက်ကို လက်ရှိတွင် မသိရသေးသော်လည်း တစ်နေ့တွင်တော့ သူ သေချာပေါက် သိလာရမည်သာ ဖြစ်သည်။

All Chapters