အခန်း (၂၂၀-၂၂၂)
Vol. 15 Ch. 220-222
အခန်း ၂၂၀- ဆုလာဘ်များနှင့် အဖွဲ့သို့ အကြောင်းကြားခြင်း
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး။”
ကုထောင်ချွေ့ရှန်းက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။
သူ့တွင် A အဆင့်ရှိသော အချက်ပေါင်းများစွာ ပစ်ခတ်နိုင်သည့် ဒူးလေး တစ်လက်ရှိနေသဖြင့် မိမိကိုယ်ကို အလွန်လုံခြုံသည်ဟု ခံစားနေရသည်။
“မင်းက ရှေ့တန်းကနေ အဲ့ဒီဒေသခံတွေကို စောင့်ကြည့်ပေးနေတာဆိုတော့ ဒါက မင်းအတွက် ဆုလာဘ်ပဲ။”
ရှောင်းယီက ထိုသို့ပြောပြီးနောက် အရောင်းအဝယ်တစ်ခုကို စတင်လိုက်သည်။
“[ပင်လယ်ငါး] (C.အဆင့် အစားအစာ) ၅ ကီလိုဂရမ် - အခမဲ့ လဲလှယ်ခြင်း။”
ရှောင်းယီ စတင်လိုက်သော လဲလှယ်မှုကို မြင်လိုက်ရသောအခါ ကုထောင်လချွေ့ရှန်းမှာ လုံးဝ မှင်တက်သွားခဲ့သည်။
C အဆင့် အစားအစာ ၅ ကီလိုဂရမ် တိတိကို သူ့ကို ဒီအတိုင်း ပေးလိုက်တာလား။
“လဲလှယ်မှုကို လက်ခံလိုက်။”
ရှောင်းယီက တိုက်တွန်းလိုက်သည်။
“ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။”
ကုထောင်ချွေ့ရှန်း၏ လက်များမှာ ဝမ်းသာလွန်း၍ တုန်ပင်တုန်ယင်နေခဲ့သည်။
လဲလှယ်မှုကို လက်ခံပြီးနောက် လက်ထဲသို့ ရောက်လာသော ၅ ကီလိုဂရမ်ရှိသော ပင်လယ်ငါးများကို ကြည့်ရင်း သူ တွေးနေမိသည်။
“C အဆင့် ပင်လယ်ငါး ၅ ကီလိုဂရမ်ဆိုရင် အုတ်မြစ်ကျောက် ၈၃ ခုနဲ့တောင် လဲလို့ရတာ။ သူဌေးက ငါ့ကို ဒီအတိုင်း ပေးလိုက်တာပဲ။”
ရှောင်းယီ၏ ပြီးခဲ့သည့် အခြေအနေနှစ်ဆ ကာလအတွင်းက C အဆင့် ပင်လယ်ငါး ၆၀ ဂရမ်ကိုပင် အုတ်မြစ်ကျောက်တစ်တုံးနှင့် လဲလှယ်နိုင်ခဲ့သည်ကို သိထားသင့်ပေသည်။
ရှောင်းယီက သူ့ကို ဤမျှများပြားသော အဆင့်မြင့်အစားအစာများ ပေးရခြင်းမှာ သူ၏ ရုပ်ခန္ဓာကြံ့ခိုင်မှုကို မြှင့်တင်ရန်နှင့် ရှေ့တန်းတွင် အချိန်ကြာကြာ ပိုမိုခံနိုင်ရည်ရှိစေရန် မျှော်လင့်ထားသောကြောင့် ဖြစ်သည်။
သူက ပို၍ခံနိုင်ရည်ရှိမှသာ ရှောင်းယီအတွက် ထိုဒေသခံများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ပိုမိုရရှိနိုင်မည်ဖြစ်သည်။
စစ်သေနင်္ဂဗျူဟာများတွင် ဆိုထားသကဲ့သို့ပင်။ မိမိကိုယ်ကိုနှင့် ရန်သူကို သိထားခြင်းက တိုက်ပွဲပေါင်း တစ်ရာတွင် တစ်ကြိမ်မျှ ရှုံးနိမ့်မည်မဟုတ်ပေ။
ကုထောင်ချွေ့ရှန်းနှင့် စကားပြောပြီးနောက် အန်းရန်၏ အသံက ဝေါ်ကီတော်ကီထဲမှ ထွက်ပေါ်လာခဲ့သည်။
“အားလုံးပဲ၊ မနက်စာ စားဖို့ လာခဲ့ကြတော့။”
ရှောင်းယီ ထရပ်လိုက်ပြီး ကျေးလက်အိမ်ဝင်းဆီသို့ လျှောက်သွားလိုက်တော့သည်။ မကြာမီ လူတိုင်း ကျေးလက်အိမ်ဝင်း၏ မီးဖိုချောင်တွင် စုဝေးမိသွားကြလေသည်။
ရှောင်းယီသည် မနေ့က အစားအစာ အရည်အသွေး ကျဆင်းသွားသည်ဟု ညည်းညူခဲ့သောကြောင့် ဖြစ်နိုင်၏။ အန်းရန်နှင့် ဆုဝမ်တို့ အမျိုးသမီးနှစ်ဦးသည် ယနေ့တွင် အထူးတလည် ခမ်းနားသော မနက်စာကို ပြင်ဆင်ထားခဲ့ကြလေသည်။
ပြောင်းဖူး၊ နို့၊ ကြက်ဥ၊ ပန်ကိတ်၊ အာလူးချောင်းကြော်နှင့် ပေါက်စီများပင် ပါဝင်သည်။
“အို ဒါတွေက ပေါက်စီတွေပဲ။”
ရှောင်းယီက ပန်းကန်ထဲတွင် စီထားသော အလုံးကြီးကြီး ပေါက်စီများကို ကြည့်ကာ အံ့သြတကြီး ပြောလိုက်သည်။
“ဟုတ်တယ်။ ဝက်သားနဲ့ ဂေါ်ဖီအစာသွတ်ထားတာ။”
အန်းရန်က ပြုံးကာ ပြန်ဖြေလိုက်သည်။
ရှောင်းယီက ပေါက်စီတစ်လုံးကို ကောက်ယူပြီး အားပါးတရ ကိုက်လိုက်ရာ သူ၏ပါးစပ်အတွင်း၌ ပေါက်စီသားမှာ နူးညံ့အိစက်နေသည့် ဝက်သားနှင့် ဂေါ်ဖီထုပ်၏ မွှေးရနံ့များ ဖြင့် ပြည့်နှက်သွားတော့သည်။
“အရမ်းကောင်းတယ်။”
ရှောင်းယီက အမျိုးသမီးနှစ်ဦးကို လက်မထောင်ပြလိုက်သည်။
သို့သော် သူ ချက်ချင်းပင် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး မေးလိုက်သည်။
“ခဏလေး...မင်းတို့ တဆေးကို ဘယ်ကရခဲ့တာလဲ။”
တဆေးမရှိဘဲ ဂျုံနယ်၍မရနိုင်သလို ဂျုံမပွဘဲနှင့် ပေါက်စီက ဤမျှ နူးညံ့နေစရာ အကြောင်းမရှိပေ။
ဆုဝမ်က ပြုံးကာ ရှင်းပြလိုက်သည်။
“အန်တီလီက သင်ပေးထားတာလေ။ တဆေးမရှိရင်တောင် ပျားရည်နဲ့ ရေကိုသုံးပြီး ဂျုံကို အချဉ်ဖောက်လို့ ရတယ်လေ။”
ယခင်က ယွမ်နွန် တောထဲက သယ်လာသည့် ပျားများသည် ယခုအခါ မျိုးဆက်များစွာ ပွားများနေပြီ ဖြစ်သည်။ ယခုဆိုလျှင် ခြံဝင်းတစ်ခုလုံး၏ စိုက်ခင်းများတွင် ပျားအုံများကို နေရာအနှံ့ တွေ့နိုင်နေပြီဖြစ်သည်။
ထို့ကြောင့် ပျားရည်များစွာလည်း ထွက်ရှိနေခဲ့သည်။
အစပိုင်းတွင် ပျားများသည် ကျေးလက်အိမ်ဝင်း၏ မှန်လုံအိမ်ထဲရှိ S အဆင့် ပန်းဝတ်ရည်များကို စုဆောင်းခဲ့ကြသော်လည်း ပျားများမှာ သာမန် D အဆင့်များ ဖြစ်နေသဖြင့် ထွက်လာသော ပျားရည်မှာ B အဆင့်သာ ရှိသည်။
ထိုအရာက ယွမ်နွန်အတွက်တော့ အနည်းငယ် နှမြောစရာပင်။ အကယ်၍ S အဆင့် ပျားများကိုသာ ရှာတွေ့ပါက သူတို့သည် S အဆင့် ပျားရည်များကို အဆက်မပြတ် ရရှိနိုင်မည်ဖြစ်သည်။
အထူးသဖြင့် ယခုအခါ ခြံဝင်းနှစ်ခုလုံးတွင် S အဆင့် စိုက်ခင်း ဧကပေါင်း ၂ ဧကခန့် ရှိနေပြီး S အဆင့် အပင်များကို အကြီးအကျယ် စိုက်ပျိုးနိုင်နေပြီဖြစ်ရာ အဆင့်မြင့်ပျားများ မရှိခြင်းမှာ တကယ့်ကို နှမြောစရာပင်။
သူတို့ စကားပြောနေစဉ်အတွင်းမှာပင် ကျန်သည့်သူများလည်း ရောက်ရှိလာခဲ့ကြလေသည်။
“ဒီနေ့ ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်မှုက နည်းနည်း ပုံမှန်ပြန်ဖြစ်သွားပြီ။”
ကျန်းယွင်ထျန်းကလည်း ပေါက်စီတစ်လုံးကို ယူကိုက်ရင်း ပြောလိုက်သည်။
ပဉ္စမပတ်၏ ပထမဆုံးနေ့ အစောပိုင်းက ပြင်းထန်ခဲ့သော တိုက်ခိုက်မှုများက သူ့ကို အမှတ်ရစေခဲ့သော်လည်း ယခုအခါတွင်မူ အကြိမ်ရေ လျော့နည်းသွားပြီ ဖြစ်သည်။
“မင်းနဲ့ တပိုင်တို့ နှစ်ယောက်တည်းနဲ့ ကိုင်တွယ်နိုင်တယ်မလား။”
ရှောင်းယီက မေးလိုက်သည်။
“ဒါပေါ့။ တပိုင်သာ အရှိန်နည်းနည်း ပိုမြန်ရင် ငါ့ကိုတောင် လိုမှာမဟုတ်ဘူး။”
ကျန်းယွင်ထျန်းက ရယ်မောရင်း ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်မိသည်။
“ပင်လယ်သတ္တဝါတွေကို ဖြေရှင်းဖို့ မင်းကို မလိုတာက အကောင်းဆုံးပဲ။ အခု ဒေသခံတွေ ပေါ်လာပြီ။”
ထိုစကားကြောင့် လူတိုင်း စားလက်စ ရပ်သွားကြပြီး ရှောင်းယီကို ထိတ်လန့်တကြား ကြည့်လိုက်ကြတော့သည်။
“သူတို့က ဒီလောက် မြန်မြန် တိုက်ခိုက်လာပြီလား။”
ကျန်းယွင်ထျန်းက သူ၏ပါးစပ်ထဲက အစားအစာများကို မျိုချရင်း မေးလိုက်သည်။
ရှောင်းယီက ခေါင်းခါပြလိုက်သည်။
“ကုထောင်ချွေ့ရှန်း ဘက်မှာ ဒေသခံတွေရဲ့ အရိပ်အယောင်တွေကို ရှာတွေ့ခဲ့တာ။”
သူက ထိုသို့ဆိုကာ ကုထောင်ချွေ့ရှန်းဆီတွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်၏။
“သူတို့ တကယ် ရောက်လာကြပြီပဲ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“သူတို့ကို ဘာလို့ သတ်မပစ်လိုက်တာလဲ။ ကမ္ဘာ့စည်းမျဉ်းတွေအရတော့ ငါတို့ ငြိမ်းချမ်းစွာ အတူနေနိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေ သုညပဲ။”
ထိုအခါ ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ပြီးခဲ့တဲ့ တစ်ခါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ သတိပေးချက်ကို မှတ်မိလား။ ‘ကိန်းသေမဟုတ်တဲ့ ပြောင်းလဲမှုတစ်ခု’ ပေါ်လာပြီလို့ ပြောခဲ့တယ်။ အဲဒါက ကုထောင်ချွေ့ရှန်းကြောင့် ဖြစ်လာတာပဲ။ ငါ အဲ့ဒီ ပြောင်းလဲမှုကို အသုံးချပြီး စည်းမျဉ်းတွေကို ပြောင်းလဲနိုင်မလားလို့ စဉ်းစားနေတာ။ အခုလောလောဆယ် ငါတို့က ဘေးကင်းနေသေးတယ်ဆိုတော့ စမ်းကြည့်တာက ဘာမှမဖြစ်ပါဘူး။”
ကျန်သည့်သူများလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။
“ဟုတ်တယ် ဒါက ဒေသခံ နှစ်ယောက်တည်းပဲလေ။ သူတို့ကို သတ်ပစ်လိုက်လည်း ဘာမှ ထူးခြားသွားမှာ မဟုတ်ဘူး။ အလွန်ဆုံးတော့ သူတို့ ငါတို့ကို ရှာတွေ့ဖို့ ရက်အနည်းငယ် နောက်ကျသွားမှာပဲ ရှိမယ်။”
ကျန်းယွင်ထျန်းက ဆိုသည်။
“အဲ့ဒါကြောင့် နောက်ပိုင်းမှာ ငါတို့တွေ ဒီကမ္ဘာက ဒေသခံတွေရဲ့ ကျူးကျော်မှုကို ရင်ဆိုင်ရတော့မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဒီသတင်းကို အဖွဲ့ထဲမှာ မျှဝေပေးသင့်လား။”
ယွမ်နွန်က မေးလိုက်သည်။
“အသက်ရှင်ကျန်ရစ်သူတွေ များများရှိနေလေ ကျုပ်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုကောင်းလေပဲ။”
အကြောင်းမှာ အုတ်မြစ်ကျောက်များကဲ့သို့သော အရာများကို စုဆောင်းရန်အတွက် အခြားအသက်ရှင်ကျန်ရစ်သူများ၏ အကူအညီကို လိုအပ်နေသေးသောကြောင့် ဖြစ်သည်။
ရှောင်းယီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“မနက်စာ စားပြီးရင် ကျုပ် အဖွဲ့ထဲမှာ ပြောလိုက်မယ်။”
လူတိုင်း မနက်စာကို အမြန်စားလိုက်ကြပြီး မပြီးပြတ်သေးသော အလုပ်များကို ဆက်လုပ်ရန် အသီးသီး ထွက်ခွာသွားခဲ့ကြသည်။
ရှောင်းယီသည်မူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားပြီး ယီထျန်းဂရုချက်တွင် စာတစ်စောင် တင်လိုက်သည်။
“အားလုံးပဲ @ကုထောင်ချွေ့ရှန်းဆီက ယုံကြည်စိတ်ချရတဲ့ သတင်းအရ ဒေသခံတွေဟာ ကျုပ်တို့ဆီကို စူးစမ်းရှာဖွေမှုတွေ စတင်နေပါပြီ။ ကုထောင်ချွေ့ရှန်းက တစ်ဖက်လူကို ဒဏ်ရာရအောင် လုပ်လိုက်လို့ သူတို့ ပြန်ပြေးသွားကြပါပြီ။ အားလုံးပဲ ကိုယ့်ကျွန်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း လေ့ကျင့်မှုတွေ အချိန်မီ လုပ်ထားကြဖို့ မျှော်လင့်ပါတယ်။”
ကုထောင်ချွေ့ရှန်းသည် ရှောင်းယီ၏ စာကို မြင်သောအခါ မှင်တက်သွားခဲ့၏။ အကြောင်းမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်မှာ ရှောင်းယီ ပြောသလိုမျိုး အတိအကျ မဟုတ်သောကြောင့်ပင်။
သို့သော် ခဏမျှ စဉ်းစားပြီးနောက် ကုထောင်ချွေ့ရှန်းက တွေးမိလိုက်သည်။
“သူဌေးက ငါတို့တွေကို အန္တရာယ်ရှိတယ်ဆိုတဲ့ အသိစိတ် ရှိစေချင်တာနေမယ်။ မဟုတ်ရင် အားလုံးက ဒါကို အလေးအနက် ထားမှာ မဟုတ်ဘူး။”
ဂရုထဲက အခြားသူများမှာမူ ထိုစာကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ထိတ်လန့်သွားကြတော့လေသည်။
“ဘာ...ဒေသခံတွေ တကယ် ရောက်လာနေပြီလား။”
“@ကုထောင်ချွေ့ရှန်း အခြေအနေက ဘယ်လိုလဲ။ မင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာလေး ပြောပြပါဦး။”
“ဒီလူက သူ့ကျွန်းဘေးမှာ တားမြစ်ချက်ကြီး ရှိနေတယ်လို့ အမြဲပြောနေတဲ့ အရူး မဟုတ်လား။”
“ဘာအရူးလဲ။ ယီရန်ပင်း သူဌေးက သူပြောတာ မှန်တယ်ဆိုတာကို သက်သေပြပေးပြီးပြီလေ။”
“မင်းတို့ ဘာတွေ ပြောနေတာလဲ။ ငါ တစ်ခုမှ နားမလည်တော့ဘူး။”
“နားမလည်ဘူး +၁”
ထို့နောက် ဂရုထဲက လူများက အလုအယက် ရှင်းပြလိုက်ကြရာ ခဏအကြာတွင် အားလုံး နားလည်သွားကြတော့လေသည်။
“ဒါဆို တားမြစ်ချက် ဘေးမှာ တကယ်ပဲ လူတစ်ယောက် နေနေတာပေါ့။”
“ငါထင်တာတော့ တစ်ယောက်တည်း မဟုတ်လောက်ဘူး။ ငါတို့ အရင်ကမ္ဘာမှာ လူဦးရေ ဘယ်လောက်တောင် များလိုက်သလဲ။”
“အဲ့ဒါက အခု အရေးမကြီးဘူး။ ဒေသခံတွေ လာရင် ငါတို့ ဘာလုပ်ကြမလဲ။”
“ဘာလုပ်ရမှာလဲ။ သူတို့ကို ပြန်တိုက်ရမှာပေါ့။”
“ငါတို့ မနိုင်မှာကိုပဲ ကြောက်တာ။ အဲ့ဒီဒေသခံတွေက ငါတို့ထက် ဒီကမ္ဘာအကြောင်း ပိုသိမှာ သေချာတယ်။ သူတို့က နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာတာလေ။ ငါတို့က ရောက်တာ တစ်လပဲ ရှိသေးတယ်။”
“ဟုတ်တယ်။ အရင်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ သတိပေးချက်မှာလည်း ဒေသခံတွေကို မရင်ဆိုင်ခင် ကမ္ဘာမြေက လူသားတွေကို အချင်းချင်း အရင် ယှဉ်ပြိုင်ကြဦးလို့ ပြောခဲ့တယ်။ ဒါကိုကြည့်ရင် အဲဒီဒေသခံတွေက လွယ်မှာမဟုတ်ဘူးဆိုတာ သိသာတယ်။”
“မှန်တယ်။ တားမြစ်ချက်ကို စောစောစီးစီး သွားချိုးတဲ့သူကို ရှာပြီး တကယ် ထိုးပစ်လိုက်ချင်တယ်။”
“တော်စမ်းပါကွာ။ အဲ့ဒီလူသာ တားမြစ်ချက်ကို မချိုးဖျက်ခဲ့ရင် လူတွေ အများကြီး အအေးမိပြီး သေကုန်ကြမှာ။ တစ်မျိုးပြန်စဉ်းစားကြည့်ရင် မင်းကို နောက်ထပ် တစ်လ အချိန်ပေးရင်တောင် မင်း ဘယ်လောက်ထိ တိုးတက်လာနိုင်မှာမို့လို့လဲ။ အခုလို သနားစရာကောင်းတဲ့ အခြေအနေမှာပဲ ရှိနေဦးမှာ မဟုတ်ဘူးလား။”
“မှန်တယ်၊ ဒေသခံတွေကို ရင်ဆိုင်ရတာက အန္တရာယ်ရှိတာ မှန်ပေမဲ့ ဒါက အခွင့်အရေးလည်း ဖြစ်နိုင်တယ်။ သူတို့က ငါတို့အတွက် အရင်းအမြစ်တွေ ယူလာပေးတာလည်း ဖြစ်နိုင်တာပဲ။”
“ဟုတ်တယ်။ လူလူချင်း တိုက်ခိုက်ရတာကမှ တကယ် ပျော်ဖို့ကောင်းတာ။”
အခန်း ၂၂၁ - အင်အားစုအသီးသီးမှ တုံ့ပြန်မှုများ
ဒေသခံများနှင့် ပတ်သက်၍ လူတိုင်း အလုအယက် ဆွေးနွေးနေကြသည်ကို မြင်သောအခါ ရှောင်းယီက ဝင်ပြောလိုက်သည်။
“သိပ်ပြီးတော့လည်း စိုးရိမ်မနေကြပါနဲ့။ ဒါပေမဲ့ ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုကိုလည်း လျစ်လျူမရှုထားကြနဲ့။ ကိုယ့်ကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်အောင်နဲ့ အရည်အချင်းတွေ တက်လာအောင်ပဲ အာရုံစိုက်ထားကြပါ။”
“သူဌေး ပြောတာ မှန်တယ်။ အလကားနေရင်း စိတ်ပူနေမယ့်အစား အပြင်ထွက်ပြီး အပြေးလေ့ကျင့်တာကမှ ပိုကောင်းဦးမယ်။”
“သူဌေးရဲ့ အမိန့်အရ ကျုပ် အခုချက်ချင်း အပြင်ထွက်ပြီး နှစ်ပတ်လောက် ပတ်ပြေးလိုက်ဦးမယ်။”
“လေ့ကျင့်ခန်း လုပ်ကြဟေ့။ ဘဝဆိုတာ လှုပ်ရှားမှုပဲ။”
“မှန်တယ်။ လှုပ်ရှားမှ အသက်ရှင်မယ်။ ဘယ်အမျိုးသမီးငယ်လေးတွေများ ကျုပ်နဲ့အတူ...နှစ်ကိုယ်တူလေ့ကျင့်ခန်း လုပ်ချင်လဲ။”
“မင်းကတော့ ဘာကးပြောပြော အပြာရောင် သန်းသွားအောင် ပြောနိုင်တာပဲ။”
ယီထျန်းဂရုချက်ထဲတွင် ခိုအောင်းနေသော အခြားအင်အားစုများမှ သူလျှိုများသည် ဤသတင်းကို ကြားသည်နှင့် ၎င်းတို့၏ ခေါင်းဆောင်များထံ ချက်ချင်း အစီရင်ခံကြတော့လေသည်။
“ဥက္ကဌ ရှောင်းယီဘက်က ကုထောင်ချွေ့ရှန်းဆိုတဲ့လူတစ်ယောက်က ဒီကမ္ဘာက ဒေသခံနှစ်ယောက်နဲ့ တွေ့ခဲ့တယ်လို့ ပြောနေပါတယ်။”
ထိုသတင်းကိုကြားသောအခါ တိလင်းထျန်းရှား မှင်တက်သွားခဲ့သည်။
“စောလှချည်လား။ တခြား အသေးစိတ် ဘာသိရသေးလဲ။”
“ဘာမှမရှိတော့ပါဘူး ဥက္ကဌ။ ဖြစ်လာနိုင်တဲ့ ဒေသခံတွေကို ရင်ဆိုင်ဖို့ လူတိုင်းကို ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ထားကြဖို့ပဲ ပြောထားပါတယ်။”
တိလင်းထျန်းရှားက ခေါင်းညိတ်လိုက်ပြီး သူ၏ ပင်မအဖွဲ့ထဲတွင် ချက်ချင်း စာပို့လိုက်တော့သည်။
“ဒေသခံတွေ ပေါ်လာပြီ။ အားလုံးပဲ ကျွန်းဖွံ့ဖြိုးတိုးတင်မှုကို အရှိန်မြှင့်ကြတော့။”
“ဒီလောက် မြန်မြန်ကြီး ရောက်လာပြီလား။ ငါတို့မှာ အချိန်ပိုရဦးမယ် ထင်နေတာ။”
“ဟုတ်တယ်။ ဘဝက ပိုပြီး ခက်ခဲလာတော့မယ့် ပုံပဲ။”
“ဘာလို့ စဉ်းစားနေမှာလဲ။ မင်းတို့ ဘယ်လောက်ပဲ စိတ်ပူပူ သူတို့က လာမှာပဲ။ တစ်လှမ်းချင်းစီပဲ သွားကြတာပေါ့။ အဲ့ဒီအချိန်ရောက်မှ ကြည့်ပြီး ရှင်းကြရမှာပဲ။”
“သန်မာအောင်ပဲ အာရုံစိုက်ကြပါ။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ထား။ ကိုယ့်ဘက်ကသာ အစွမ်းကုန် ကြိုးစားထားရင် နောက်မှ ရှုံးသွားရင်တောင် နောင်တရမှာ မဟုတ်ဘူး။”
“ဒါကို ငါလည်း နားလည်ပါတယ်။ ဒါပေမဲ့ ဒေသခံ တစ်ယောက် နှစ်ယောက်ဆိုရင်တော့ ငါတို့ ကိုင်တွယ်နိုင်သေးတယ်။ ဒါပေမယ့် အုပ်စုလိုက်ကြီးသာ ရောက်လာရင် ဘယ်လောက်ပဲ လေ့ကျင့်ထားထား မလွယ်ဘူး။”
တိလင်းထျန်းရှားက ထိုအခွင့်အရေးကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
“အဲ့ဒါကြောင့်လည်း အားလုံးကို ကျွန်းတွေ ပေါင်းစည်းပြီး အတူတူ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ကြဖို့ ငါတိုက်တွန်းနေတာပေါ့။ တစ်ယောက်တည်းဆိုရင် ဒေသခံတွေရဲ့ တိုက်ခိုက်မှုကို ခုခံဖို့ မလွယ်လှဘူး။”
“ဥက္ကဌ ပြောတာ မှန်ပါတယ်။ ကျုပ်ကတော့ ကျုပ်ရဲ့ကျွန်းကို စွန့်လွှတ်ဖို့ အဆင်သင့်ပဲ။ ဘယ်သူ ကျုပ်နဲ့ ပူးပေါင်းချင်လဲ။”
“ကျုပ်...။ ကျုပ်ဆီ လာခဲ့ပါ။ ကျုပ်ရဲ့ကျွန်းက ၃၀ စတုရန်းမီတာ ရှိနေပြီ။ ကျုပ်တို့ အတူတူ ကြီးထွားလာအောင်လုပ်ပြီး ဒေသခံတွေကို အတူတူ တိုက်ထုတ်ကြတာပေါ့။”
“ကောင်းပြီ။ မင်းရဲ့ တည်နေရာကို စာပို့လိုက်။ ငါ ကျူးချန်ကလန်ကို အခုချက်ချင်း ဆက်သွယ်လိုက်မယ်။”
တိလင်းထျန်းရှားသည် အဖွဲ့သားများ၏ တုံ့ပြန်မှုကို ကျေနပ်စွာ ကြည့်နေလိုက်၏။ ဒေသခံတစ်ဦး ပေါ်လာသည်ဆိုကတည်းက သူတို့သည် တစ်ယောက်တည်း မဟုတ်ဘဲ မျိုးနွယ်စုလိုက် ရှိနေနိုင်ခြေ များပေသည်။ သို့သော် အသက်ရှင်ကျန်ရစ်သူ အများစုမှာမူ တစ်ယောက်တည်း ရုန်းကန်နေရဆဲပင်။
အကယ်၍ ကျွန်းတစ်ကျွန်းတွင် လူဦးရေ ပိုများလာပါက အသက်ရှင်နိုင်ခြေမှာလည်း ထိုးတက်သွားမည် ဖြစ်သည်။ ဒေသခံများ ပေါ်ပေါက်လာခြင်းက အသက်ရှင်ကျန်ရစ်သူများကို တစ်နည်းအားဖြင့် ကျွန်းများ ပေါင်းစည်းလာအောင် တွန်းအားပေးလိုက်သလို ဖြစ်သွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ရွှမ်းယွမ်ဝူဝေ့သည်လည်း ထိုသတင်းကို ရရှိခဲ့သည်။
“သူတို့က ဒေသခံတွေနဲ့ တွေ့ခဲ့တယ် ဟုတ်လား။”
ရွှမ်းယွမ်ဝူဝေ့က စဉ်းစားပြီးနောက် မေးလိုက်သည်။
“ငါတို့ လူတွေ ဒီလောက်များတာ။ တခြား ဘယ်တွေ တွေ့ခဲ့တာရှိသေးလား။”
“မရှိပါဘူး သခင်လေး။”
လက်အောက်ငယ်သား တစ်ဦးက ပြန်ဖြေလိုက်သည်။
ရွှမ်းယွမ်ဝူဝေ့သည် လူပေါင်း ငါးသောင်းခန့်ကို အုပ်ချုပ်ထားသူ ဖြစ်သည်။ သူတို့ထဲက တစ်ယောက်မှပင် ဒေသခံနှင့် မတွေ့ခဲ့ရဘဲ ဘာကြောင့် ယီရန်ပင်း ဘက်ကမှ သွားတွေ့ရသနည်း။
“ဆယ်ပုံကိုးပုံကတော့ သူက လူတွေကို စိုးရိမ်အောင် လုပ်ပြီး ပစ္စည်းရောင်းချင်လို့ပဲ ဖြစ်ရမယ်။ စိတ်ပူစရာ မလိုဘူး။”
ရွှမ်းယွမ်ဝူဝေ့က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အရိပ်အမြွက်တွေအရ ဆိုရင် သူတို့ ငါတို့ဆီ ရောက်လာဖို့ အနည်းဆုံး ငါးရက်ကနေ ခုနစ်ရက်လောက် လိုဦးမယ်လို့ ငါခန့်မှန်းထားတယ်။”
“ဒါဆိုရင်တော့ စိတ်အေးရတာပေါ့။”
“ဟုတ်တယ်။ သူတို့ ငါတို့ကို ဒီလောက်မြန်မြန် ရှာတွေ့နိုင်မှာ မဟုတ်ဘူး။”
“မှန်တယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ပြောထားတာပဲ။ သူတို့ထဲက လူတွေအများကြီး အအေးမိပြီး သေကုန်ပြီလေ။ ငါတို့ဆီ လာဖို့ သတ္တိပြန်ရဖို့ဆိုတာ အချိန်လိုဦးမှာပဲ။”
ရွှမ်းယွမ်ဝူဝေ့၏ အဖွဲ့သားများက တစ်ယောက်တစ်ပေါက် ဝင်ပြောလိုက်ကြသည်။ သူသည် ထိုအချိန်ကာလအား မည်သို့ တွက်ချက်ခဲ့သည်ကို မည်သူမျှ မသိသော်လည်း သူ၏ ယခင် ဆုံးဖြတ်ချက်များမှာ အမြဲတမ်း မှန်ကန်ခဲ့သဖြင့် လူအများစုက သူ့ကို ယုံကြည်ကြပေသည်။
အချို့သော လူနည်းစုသည်မူ သံသယရှိနေကြသော်လည်း ရေငုံနှုတ်ပိတ်ကာသာ နေလိုက်ကြရသည်။ အကြောင်းမှာ ဂရုထဲတွင် သံသယရှိကြောင်း ပြောလိုက်သည်နှင့် ချက်ချင်း အထုတ်ခံရမည် ဖြစ်သောကြောင့်ပင်။
“ဒါပေမဲ့ တကယ်လို့ မင်းတို့ စိုးရိမ်နေသေးရင် နောက်ထပ် ရွေးချယ်စရာ တစ်ခုရှိသေးတယ်။”
ရွှမ်းယွမ်ဝူဝေ့က ဆက်ပြောလိုက်သည်။
“ငါနဲ့ လာပေါင်းလိုက်။ ကျွန်းတစ်ကျွန်းကို အတူတူ ကာကွယ်တာက အသက်ရှင်ဖို့ အခွင့်အရေး ပိုများတယ်။ မင်းတို့ စဉ်းစားကြည့်ကြပေါ့။”
ထိုသို့ ပြောပြီးနောက် သူ၏ ယုံကြည်ရသော လက်ထောက်များကို ဂရုထဲတွင် လှုံ့ဆော်ခိုင်းလိုက်တော့သည်။
“ကျုပ်တော့ သခင်လေးဝူဝေ့နဲ့ ပေါင်းချင်တယ်။ တစ်ယောက်တည်း အသက်ရှင်ရတာ အရမ်းခက်ခဲတယ်။”
“ကျုပ်လည်း အတူတူပဲ။ အနည်းဆုံးတော့ သခင်လေးဝူဝေ့နဲ့ဆိုရင် စားစရာနဲ့ သောက်စရာအတွင် စိတ်ချရတယ်လေ။”
“ဟုတ်တယ်။ ကျုပ် ကြားတာတော့ သူ့ကျွန်းက ၅၀၀ စတုရန်းမီတာတောင် ရှိနေပြီတဲ့။ အဲဒီလောက် ကြီးတဲ့ကျွန်းပေါ်မှာ နေရတာ တကယ်ကို အမိုက်စား ဖြစ်မှာပဲ။”
“သခင်လေးဝူဝေ့ရဲ့ ကျွန်းက ဒီကမ္ဘာမှာ အကြီးဆုံး ဖြစ်မှာ သေချာတယ်။”
မြှောက်ပင့်ပေးသူများ ရှိသော်လည်း အမှန်တကယ် ပေါင်းစည်းရန် သဘောတူသူမှာမူ နည်းပါးနေသေးသည်။ ဒေသခံများ၏ တိုက်ခိုက်မှုကို ကိုယ်တိုင် မမြင်တွေ့ရသေးသရွေ့ လူအများစုမှာ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်ချင်ကြသေးပေသည်။ သို့သော်လည်း အသက်ရှင်ကျန်ရစ်သူ အချို့မှာမူ လှည့်ဖျားခြင်း ခံလိုက်ရပြီး ပူးပေါင်းရန် သဘောတူလိုက်ကြသည်။
ရွှမ်းယွမ်ဝူဝေ့သည် နောက်မှီကုလားထိုင် ပေါ်တွင် မှီလျက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ဂရုချက်ကို အေးအေးလူလူ ကြည့်နေခဲ့သည်။
“သခင်လေး အခုထိ လူပေါင်း ၂၁၄ ယောက် ပူးပေါင်းဖို့ တောင်းဆိုထားပါတယ်။”
သူ၏ဘေးမှ ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးက ရိုသေစွာ အစီရင်ခံလိုက်၏။
ရွှမ်းယွမ်ဝူဝေ့၏ ကျွန်းပေါ်တွင် သူတစ်ယောက်တည်း ရှိနေခြင်း မဟုတ်သည်မှာ ထင်ရှားလှပေသည်။
သူက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ဦးလေးချန်း ငါတို့နဲ့ အနီးဆုံးလူတွေနဲ့ အုတ်မြစ်ကျောက် အများကြီး ရှိတဲ့လူတွေကိုပဲ ရွေးလိုက်ပါ။ လှပတဲ့ အမျိုးသမီးတွေကိုတော့ အထူးချွင်းချက်အနေနဲ့ ခွင့်ပြုပေးလို့ရတယ်။”
ဦးလေးချန်းက ခေါင်းညိတ်ပြလိုက်သည်။
“သူတို့ကို ခေါ်ယူဖို့ ကျူးချန်းကလန်ကိုပဲ ခိုင်းလိုက်ရမလား။”
“ရတယ်။ သူတို့နဲ့ ရေရှည် သယ်ယူပို့ဆောင်ရေး သဘောတူညီချက် လုပ်ထားလိုက်။ ဈေးလည်း လျှော့ခိုင်းလိုက်ဦး။”
ရွှမ်းယွမ်ဝူဝေ့က ဆိုသည်။
“နားလည်ပါပြီ။”
ဦးလေးချန်းက ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မေးလိုက်သည်။
“သခင်လေး ကျူးချန်းကလန် တစ်ခုလုံးကိုပါ သိမ်းပိုက်ဖို့ စဉ်းစားသင့်လား။”
ရွှမ်းယွမ်ဝူဝေက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
“အခွင့်အရေးရရင်တော့ သေချာပေါက် လုပ်ရမှာပေါ့။ သူတို့ကို မသိမ်းပိုက်နိုင်ရင်တောင် အဲဒီ S အဆင့် လှေဦးပိုင်းဘီလူးရုပ်တုကိုတော့ ရအောင် ယူရမယ်။”
ထို S အဆင့် လှေဦးပိုင်းပင်လယ်ဘီလူးရုပ်တုမှာ ဤသမုဒ္ဒရာကမ္ဘာကြီးတွင် အစစ်အမှန် နတ်ဘုရားလက်နက် တစ်ခု ဖြစ်ပေသည်။
“နားလည်ပါပြီ။”
ဦးလေးချန်းက အရိုအသေပေးကာ ထွက်ခွာသွားခဲ့သည်။
ရွှမ်းယွမ်ဝူဝေ့ နေထိုင်သော အိမ်မှာ ရှောင်းယီက တိလင်းထျန်းရှားခံသို့ ရောင်းချခဲ့သည့် ကျောက်တုံးအိမ်မျိုး ဖြစ်သည်။
ဦးလေးချန်းသည် ကျောက်တုံးအိမ်ထဲမှ ထွက်လာပြီးနောက် ကမ်းခြေသို့ လျှောက်သွားလိုက်၏။ ထိုနေရာတွင် အလတ်စား ရွက်လှေတစ်စင်း ဆိုက်ကပ်ထားခဲ့သည်။
သင်္ဘောပေါ်တက်ပြီးနောက် သူသည် ယာဉ်မောင်းခန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဖွင့်ကာ ပူးပေါင်းလိုသူများကို ဆက်သွယ်လိုက်တော့သည်။
“မင်းတို့ ကျွန်းရဲ့ တည်နေရာ၊ အကျယ်အဝန်း၊ လယ်ဝယ်ရှိတဲ့ ကျောက်တုံး အရေအတွက်နဲ့ အရင်းအမြစ် စာရင်းတွေကို ပို့လိုက်ကြပါ။ တခြားအဖွဲ့က သူလျှိုတွေ မပါလာအောင် ငါ ဗီဒီယိုကောလ်နဲ့ မေးခွန်းအချို့ မေးမယ်။”
သူက ပူးပေါင်းလိုသူ အယောက် ၂၀၀ ကျော်ရှိသော အဖွဲ့သစ်ထဲတွင် တရားဝင် ကြေညာလိုက်၏။
အသက်ရှင်ကျန်ရစ်သူများကလည်း သူတို့၏ အချက်အလက်များကို ချက်ချင်းပင် တင်ပြလိုက်ကြတော့သည်။
“ကျွန်းအကျယ်အဝန်း ၁၆ စတုရန်းမီတာ၊ အုတ်မြစ်ကျောက် ၆ လု ကျန်ပါသေးတယ်။ အရင်းအမြစ်တွေကတော့...”
“ကျွန်းအကျယ်အဝန်း ၈ စတုရန်းမီတာ၊ အုတ်မြစ်ကျောက် ၁ တုံး။ အရင်းအမြစ်များ...”
အခန်း ၂၂၂ – ရွှမ်းယွမ်ဝူဝေ့ အင်အားစုစည်းခြင်းနှင့် A အဆင့် ဆိုက်ဘေးရီးယန်း ကျား
စုစုပေါင်း ဧရိယာ ၂၀ စတုရန်းမီတာပင် မပြည့်သော ကျွန်းငယ်လေးများကို ကြည့်ရင်း ဦးလေးချန်းသည် အညံ့ထဲမှ အကောင်းများကိုသာ ရွေးချယ်ခဲ့ရ၏။
တစ်ချိန်တည်းမှာပင် သူသည် ဗီဒီယိုကောလ်ဖြင့် အင်တာဗျူးများ ပြုလုပ်ကာ သန်မာထွားကြိုင်းသော အမျိုးသားများကို သီးသန့် ရွေးထုတ်ခဲ့သည်။ အကြောင်းမှာ ပေါင်းစည်းလာမည့် လူသစ်များက အလုပ်လုပ်ကြရမည် ဖြစ်သောကြောင့်ပင်။
သူသည် အရပ်ပုသူနှင့် ပိန်လှီသူများကို ပထမအဆင့်မှာတင် ပယ်ထုတ်လိုက်၏။ အမျိုးသမီးများမှာမူ အလွန်အမင်း ချောမောလှပသူ ဖြစ်ရမည်ဖြစ်ပြီး ကျန်သည့်သူများကို ငြင်းပယ်လိုက်သည်။
အားလုံးကို စိစစ်ရွေးချယ်ပြီးနောက် ဦးလေးချန်းသည် လူပေါင်း ၁၄၄ ဦးကို ရွေးချယ်ခဲ့ပြီး ကျူးချန်းကလန်ကို ချက်ချင်း ဆက်သွယ်လိုက်တော့သည်။
“မင်္ဂလာပါ။ ငါတို့ သခင်လေးက မင်းတို့နဲ့ ရေရှည် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းတစ်ခု တည်ထောင်ချင်နေတယ်။ ရိုးသားတဲ့ ဈေးနှုန်းတစ်ခုလောက် ပြောပေးပါ။”
ဦးလေးချန်းက ချူရှန်းထံ စာပို့လိုက်သည်။
“အလုပ်ကြီးတစ်ခုတော့ ရောက်လာပြီ။”
ဦးလေးချန်းဆိုသည့် ID ထံမှ သီးသန့်စာကို မြင်လိုက်ရသောအခါ ချူရှန်း တီးတိုး ရေရွတ်လိုက်မိသည်။
ဤဦးလေးချန်းသည် ရွှမ်းယွမ်ဝူဝေ့ကိုယ်တိုင် ရှားနိုင်ငံအဖွဲ့ထဲတွင် အသိအမှတ်ပြုထားသော လက်အောက်ငယ်သားတစ်ဦးဖြစ်ပြီး သူ၏ ကိုယ်စားလှယ်အဖြစ် အပြည့်အဝ ဆောင်ရွက်နိုင်သူဖြစ်သည်။
“ဦးလေးချန်း ဖြစ်နေတာပဲ။ ကျုပ်တို့ရဲ့ ဝန်ဆောင်မှုကို ရွေးချယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ်လို့ ပုံမှန် အသုံးပြုမယ်ဆိုရင်တော့ ဈေးကွက်ပေါက်ဈေးရဲ့ ၉၀ ရာခိုင်နှုန်းပဲ ယူပါ့မယ်။”
“မင်းရဲ့ ရိုးသားမှုက နည်းနေသေးတယ်။”
ဦးလေးချန်းက အေးစက်စက် ပြောလိုက်သည်။
“ငါတို့ သခင်လေးရဲ့ အင်အားကို မင်းလည်း သိမှာပါ။ ၅၀ ရာခိုင်နှုန်းပဲ ယူလိုက်ပါ။”
“ပင်လယ်ရေကြောင်း ခရီးရှည်သွားရခြင်းရဲ့ အန္တရာယ်တွေကို ကျုပ် ရှင်းပြနေဖို့ မလိုတော့ဘူး ထင်တယ်။”
ချူရှန်းက ပြန်ဖြေလိုက်သည်။
“ဒါက အများဆုံး လျှော့ပေးထားတာပဲ။ တကယ်လို့ မကျေနပ်သေးဘူးဆိုရင်တော့ နောက်တစ်ခါမှ ပူးပေါင်းကြတာပေါ့။”
တိလင်းထျန်းရှားသည်ပင် ယခင်က ချူးရှန်းကို ခြိမ်းခြောက်၍ မရခဲ့ပေ။ ရွှမ်းယွမ်ဝူဝေ့၏ အမည်ကို သုံးကာ ဈေးနှိမ်ရန် ကြိုးစားခြင်းမှာ ဦးလေးချန်း၏ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သည်။
ဦးလေးချန်း မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။
“ဒါဆိုရင်လည်း ၁၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ပဲ စလိုက်ကြတာပေါ့။”
ထို့နောက် သူသည် ရွှမ်းယွမ်ဝူဝေ့နှင့် လူ ၁၄၄ ဦး၏ တည်နေရာများကို ချူရှန်းထံ ပို့ပေးလိုက်တော့သည်။
“သူတို့ အားလုံးကို ငါ့သခင်လေးရဲ့ ကျွန်းကို ပို့ပေးရမယ်။ မင်းတို့ဘက်က အဆင်ပြေရဲ့လား။”
ဦးလေးချန်းက မေးလိုက်သည်။ ချူရှန်းက အကွာအဝေးကို စစ်ဆေးကြည့်လိုက်၏။
“အဆင်ပြေပါတယ်။ ဒါပေမဲ့ အချိန်တော့ ယူရမယ်။ ရွက်လွှင့်ရမှာက နှစ်ရက်ခရီးဆိုတော့ စောင့်နိုင်ပါ့မလား။”
“မလောပါဘူး။”
ဦးလေးချန်းက ပြန်ဖြေလိုက်သည်။
ရွှမ်းယွမ်ဝူဝေ့သည် နောင်တွင် ဖြစ်လာနိုင်သော ဒေသခံစစ်တပ်များ၏ ကျူးကျော်မှုကို ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဤသို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။
ဒေသခံ အဖွဲ့ငယ်လေးများကို သူ မကြောက်ပေ။ သူ၏ ရုပ်ခန္ဓာ ကြံ့ခိုင်မှုသည် C အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ကမ္ဘာဟောင်းက ထိပ်တန်းစစ်သားများ သို့မဟုတ် စစ်နတ်ဘုရားများနှင့်ပင် ရင်ဘောင်တန်းနိုင်နေပြီ ဖြစ်သည်။ ရန်သူ ၁၀ ယောက်ထက် မပိုပါက သူ အေးဆေး ကိုင်တွယ်နိုင်သည်ဟု ယုံကြည်ပေသည်။
သူ့ကျွန်း၏ မြေမျက်နှာသွင်ပြင်ကို အသုံးချပါက လူ ၅၀ အောက်ရှိသော မည်သည့် အင်အားစုကိုမဆို အမြစ်ပြတ် ချေမှုန်းနိုင်သည်ဟု သူ ယုံကြည်ထာစသည်။ ထို့ကြောင့် ဦးလေးချန်းက မလောပါဘူးဟု ပြောလိုက်ခြင်းမှာ ဒေသခံများ၏ အကြီးအကျယ် တိုက်ခိုက်မှုမှာ ချက်ချင်း ရောက်လာဦးမည် မဟုတ်ဟု ယူဆသောကြောင့်ပင်။
ချူရှန်းနှင့် စကားပြောပြီးနောက် ဦးလေးချန်းသည် ကျောက်တုံးအိမ်သို့ ပြန်သွားပြီး အစီရင်ခံလိုက်တော့လေသည်။
“သခင်လေး ကျုပ် ကျူးချန်းကလန်နဲ့ စကားပြောပြီးပါပြီ။ သူတို့က ၁၀ ရာခိုင်နှုန်းပဲ လျှော့ပေးမယ်။ နောက်ထပ် လုံးဝ ထပ်မလျှော့နိုင်ဘူးလို့ ပြောပါတယ်။”
“ကိစ္စမရှိပါဘူး။ အခုလောလောဆယ်တော့ ဒီအတိုင်းပဲ ထားလိုက်ပါ။ သူတို့ ဘယ်လောက်ပဲ ရှာရှာ နောက်ဆုံးတော့ ငါ့လက်ထဲ ရောက်လာမှာပဲ။”
ရွှမ်းယွမ်ဝူဝေ့က အေးအေးဆေးဆေး ပြန်ဖြေလိုက်လေသည်။
ဦးလေးချန်းနှင့် စကားပြောပြီးနောက် ချူရှန်းသည် ခဏမျှ စဉ်းစားလိုက်ပြီး ရှောင်းယီထံ စာတစ်စောင် ပို့လိုက်သည်။
“ရွှမ်းယွမ်ဝူဝေ့က သူ့ကျွန်းပေါ်မှာ အသက်ရှင်ကျန်ရစ်သူတွေကို စုစည်းနေပြီ။ ခင်ဗျားရော လူစုဖို့ စဉ်းစားထားသေးလား။”
ချူရှန်းက မေးလိုက်သည်။
ရှောင်းယီသည် စာကို လက်ခံရရှိသောအခါ အနည်းငယ် အံ့သြသွားပြီး ပြန်ဖြေလိုက်သည်။
“လောလောဆယ်တော့ မလိုအပ်သေးပါဘူး။”
“ခင်ဗျားကတော့ တကယ် အေးဆေးတာပဲ။”
ချူရှန်းက ရယ်မောရင်း ပြောလိုက်သည်။
“ကျုပ်ဆီမှာ သူ့ကျွန်းရဲ့ တည်နေရာရှိတယ်။ လိုချင်လား။”
“မလိုပါဘူး။ သူ ဘယ်မှာရှိနေလဲဆိုတာ အခုလောလောဆယ် ငါနဲ့ ဘာမှမဆိုင်ဘူး။”
ရှောင်းယီက တုံ့ပြန်လိုက်သည်။
“ကောင်းပါပြီ။ လိုအပ်တာရှိရင် ပြောလိုက်ပါ။”
ချူရှန်းက ထိုသို့ဆိုကာ စကားစဖြတ်လိုက်တော့သည်။
ချူရှန်း၏ ကမ်းလှမ်းမှုမှာ စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။ အကယ်၍ ရှောင်းယီက ရွှမ်းယွမ်ဝူဝေ့ လူစုနေသည်ကို ကြားသည်နှင့် ပြာပြာသလဲ လူလိုက်စုပါက ချူရှန်းက သူ့ကို အထင်ကြီးမိတော့မည် မဟုတ်ပေ။ ထို့အပြင် ရှောင်းယီသာ တကယ်လူစုပါက ကျူးချန်းကလန်၏ သယ်ယူပို့ဆောင်ရေးကို သေချာပေါက် လိုအပ်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ချူရှန်းအနေဖြင့် ရှောင်းယီ၏ ကျွန်းတည်နေရာကို သိရှိရန် တရားဝင် လမ်းစတစ်ခု ရရှိသွားမည်ဖြစ်သည်။ သူသည် ထိုအချက်ကို အလွန် သိချင်နေသူ ဖြစ်ပေသည်။
ကံမကောင်းစွာဖြင့် ရှောင်းယီသည် ရွှမ်းယွမ်ဝူဝေ့၏ လှုပ်ရှားမှုများကို ဂရုမစိုက်သလို သူ့ကျွန်းပေါ်သို့လည်း မည်သူ့ကိုမျှ ခေါ်ယူရန် အစီအစဉ် မရှိပေ။
စကားစဖြတ်ပြီးနောက် ရှောင်းယီက တွေးနေမိသည်။
“ရွှမ်းယွမ်ဝူဝေ့ရဲ့ ကျွန်းက တော်တော်ကြီးပုံရတယ်။ မဟုတ်ရင် သူ လူစုနေမှာ မဟုတ်ဘူး။”
သို့သော် မကြာမီ ထိုအတွေးကို ဖျောက်ပစ်လိုက်သည်။ တစ်ဖက်လူက မည်သူပသ်ဖြစ်စေ၊ ရွှမ်းယွမ်ဝူဝေ့ဖြစ်စေ၊ တိလင်းထျန်းရှားဖြစ်စေ၊ သူ့အတွက် ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။
လောလောဆယ် သူ၏တစ်ခုတည်းသော ပြိုင်ဘက်မှာ ဤကမ္ဘာ၏ ဒေသခံများသာ ဖြစ်ပြီး သူတို့ မည်မျှအထိ တိုးတက်နေသည်ကို သူ မသိသေးပေ။ သို့သော် ကမ္ဘာ့စည်းမျဉ်းများသည် မည်သည့် အသက်ရှင်ကျန်ရစ်သူကိုမျှ အေးအေးဆေးဆေး လွှတ်ပေးမည်မဟုတ်ဟု ရှောင်းယီ ယုံကြည်ပေသည်။
“ဒီကမ္ဘာကြီးက ဘာကို ရွေးချယ်နေတာလဲ။ ငါသာ ရှေ့ဆုံးရောက်နေရင် ငါ ဘာကို ရင်ဆိုင်ရမလဲ။”
ရှောင်းယီက မျက်မှောင်ကြုတ်ပြီး သက်ပြင်းချလိုက်မိသည်။ မသိနားမလည်ခြင်းကသာ လူကို အစိုးရိမ်ရဆုံး ဖြစ်စေသည် မဟုတ်ပါလော။
ထိုစဉ်...
“ဝုတ် ဝုတ် ဝုတ် ဝုတ်...။”
ဝမ်ချိုင်က ရုတ်တရက် အိမ်ထဲသို့ ပြေးဝင်လာပြီး ရှောင်းယီကို ဟောင်ပြလိုက်၏။
“သားရဲတွေ ထပ်ပေါ်လာပြန်ပြီလား။”
ရှောင်းယီသည် ရွှမ်းယွမ်ဓားကို ဆွဲကာ ဝမ်ချိုင်နောက်မှ လိုက်ထွက်ခဲ့လိုက်သည်။ တံတိုင်းအပြင်ဘက်သို့ ရောက်သည်နှင့် ရှောင်းယီသည် ကျားဟိန်းသံတစ်ခုကို ကြားလိုက်ရသဖြင့် ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။ အဝေးတွင် ကျားတစ်ကောင်ကို မြင်လိုက်ရပြီး ကျန်းယွင်ထျန်းသည် လက်ထဲတွင် ဓားမြှောင်တစ်စင်းကို ကိုင်ကာ ၎င်းနှင့် ရင်ဆိုင်နေပြီဖြစ်သည်။
ဆိုက်ဘေးရီးယန်း ကျား (A အဆင့်): တစ်ကောင်တည်း နေထိုင်တတ်သည်။ တောအုပ်များ၊ ချုံပုတ်များနှင့် မြက်ရိုင်းတောများတွင် နေထိုင်သည်။ မိမိပိုင်နက်ကို ပြင်းထန်စွာ ကာကွယ်တတ်ပြီး ပိုင်နက်မှာ ၁၀၀ စတုရန်းကီလိုမီတာကျော် ရှိနိုင်သည်။ အာရုံခံစားမှု ထက်မြက်ပြီး ကြမ်းတမ်းရက်စက်သည်။ လျင်မြန်စွာ လှုပ်ရှားနိုင်ပြီး ရေကူးခြင်းနှင့် အပင်တက်ခြင်းတွင် ကျွမ်းကျင်သည်။ သတိပေးချက်- အလွန်အန္တရာယ်ရှိသော မျိုးစိတ်ဖြစ်သည်။”
ယခုအချိန်တွင် ကျန်းယွင်ထျန်းမှာ ဒဏ်ရာရနေပြီ ဖြစ်သည်။ သူ့ကိုယ်ပေါ်ရှိ လက်သည်းရာများမှာ အရိုးပေါ်သည်အထိပင် နက်ရှိုင်းလှ၏။ ကျန်းယွင်ထျန်းသည် ဆိုက်ဘေးရီးယန်းကျားကို ပထမဆုံး စတွေ့ခဲ့သူ ဖြစ်သည်။ သူသည် ဝေါ်ကီတော်ကီကိုပင် မထုတ်ရဲခဲ့ပေ။ သူ အာရုံအနည်းငယ် လွဲသွားသည်နှင့် သားရဲက ခုန်အုပ်လာမည်ကို သူ သိပေသည်။
ဤကျား၏ ဖိအားမှာ ယခင်က တပိုင် ပေးခဲ့သော ဖိအားနှင့်ပင် ရင်ဘောင်တန်းနိုင်၏။ ကံကောင်းထောက်မစွာဖြင့် ဝမ်ချိုင်က အနီးအနားတွင် ရှိနေခဲ့သည်။ ကျန်းယွင်ထျန်းက ၎င်းကို “ရှောင်ယီကို သွားခေါ်” ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည်။ ထိုအခါမှသာ ဝမ်ချိုင်က ဗီလာသို့ ပြေးသွားပြီး ရှောင်းယီကို သွားခေါ်ခဲ့ခြင်း ဖြစ်သည်။
တပိုင်မှာ ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှုကို ဖြေရှင်းနေရသဖြင့် ရောက်မလာနိုင်ပေ။ အကယ်၍ တပိုင်သာ ဤနေရာတွင် ရှိနေပါက ရှောင်းယီကို သွားခေါ်နေစရာ မလိုပေ။
ထိုစဉ် ကျားကြီးသည် ထပ်မံဟိန်းဟောက်လိုက်ပြီး ကျန်းယွင်ထျန်းထံ တစ်ဖန် ခုန်အုပ်လိုက်ပြန်သည်။ ကျန်းယွင်ထျန်းက ဘေးသို့ ရှောင်တိမ်းလိုက်သော်လည်း လျင်မြန်လှသော ကျားကြီး၏ လက်သည်းများက သူ၏အရေပြားကို ထပ်မံ၍ အစင်းရာများ ပေးလိုက်ပြန်သည်။
“ငါ့ကို လွှဲပေးလိုက်တော့။ ဒါက A အဆင့် ဆိုက်ဘေးရီးယန်းကျားပဲ။”
ရှောင်းယီသည် သူတို့နှစ်ဦးကြားသို့ ခုန်ဝင်လိုက်ပြီး ရွှမ်းယွမ်ဓားကို ဆွဲထုတ်ကာ သားရဲထံသို့ တိုးဝင်သွားလိုက်သည်။
ကျားကြီးသည် ဓားမှ ထွက်ပေါ်နေသော ခြိမ်းခြောက်မှုကို အာရုံခံစားမိပုံရပြီး ထပ်မံ ဟိန်းဟောက်ကာ ရှောင်းယီအား ဝိုင်းပတ်ကာ ကြည့်နေခဲ့၏။ ၎င်းသည် ရုတ်တရက် တိုက်ခိုက်ရန် မဝံ့ရဲတော့ပေ။ ရှောင်းယီက ခြေတစ်လှမ်းတိုးလိုက်တိုင်း ကျားကြီးမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့လေသည်။