အခန်း (၂၂၃-၂၂၅)
Vol. 15 Ch. 223-225
အခန်း ၂၂၃ – ဆိုက်ဘေးရီးယန်းကျားကို ဖမ်းဆီးခြင်းနှင့် စာချုပ်ကတ်များ ရှာဖွေခြင်း
ရှောင်းယီ၏ မရပ်မနား ဖိအားပေးမှုအောက်တွင် ဆိုက်ဘေးရီးယန်းကျားကြီးသည် အောင့်အည်းမထားနိုင်တော့ဘဲ ရှေ့သို့ ခုန်အုပ်လိုက်တော့၏။
လူသားများသည် သားရဲများကဲ့သို့ ဖျတ်လတ်မှုမရှိသော်လည်း ရှောင်းယီမှာမူ ကျားထက် တစ်ဆင့်မြင့်သော S အဆင့် ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသူဖြစ်သည်။
သူ၏ လျင်မြန်မှုမှာ ဆိုက်ဘေးရီးယန်းကျားနှင့် ရင်ဘောင်တန်းနိုင်ရုံသာမက ၎င်း၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန်လည်း လုံလောက်ပေသည်။
ကျား၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်ပြီးနောက် ရှောင်းယီသည် ဓားဖြင့် ထိုးသွင်းလိုက်ရာ ကျားကြီးကလည်း သူ၏ကိုယ်ကိုလိမ်၍ ရှောင်တိမ်းသွားခဲ့သည်။ သို့သော် ရွှမ်းယွမ်ဓား၏ အရှိန်အဝါက ကျားကြီးကို အလွန်အမင်း နေရခက်စေခဲ့သည်။
၎င်းသည် နောက်ထပ် တစ်ကြိမ် ဟိန်းဟောက်ပြီးနောက် တောအုပ်ထဲသို့ ပြန်ပြေးရန် ပြင်တော့သည်။
“အခုမှ ပြေးချင်တာလား။ နောက်ကျသွားပြီ...ဝမ်ချိုင်။”
ရှောင်းယီက အော်ခေါ်လိုက်၏။
ဝမ်ချိုင်သည် လမ်းခုလတ်မှနေ၍ ကျားကြီးကို ချက်ချင်း ကြားဖြတ်ဟန့်တားလိုက်တော့သည်။ ကျားကြီးသည် တောဘုရင်ဖြစ်သည့် သူ၏ အာဏာအား စိန်ခေါ်ခံရသည်ဟု ခံစားလိုင်ရပြီး ဝမ်ချိုင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
သို့သော် ဝမ်ချိုင်က ၎င်းကို အလွယ်တကူ ရှောင်တိမ်းလိုက်ပြီး ကျား၏လည်ပင်းကို ခုန်ခဲလိုက်၏။ ကျားကြီးက ဘေးသို့ လူးလိမ့်ရှောင်တိမ်းကာ ပြန်ထရပ်ပြီး ဝမ်ချိုင်ကို ဟိန်းဟောက်လိုက်ပြန်သည်။
အဆင့်မြင့် အစားအစာများ၏ အာဟာရကြောင့် ဝမ်ချိုင်၏ တိုက်ခိုက်နိုင်စွမ်းမှာ သိသိသာသာ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။ A အဆင့် သားရဲကြီးကို အနိုင်မတိုက်နိုင်သေးသော်လည်း ၎င်းကို ထိန်းထားရန်မှာတော့ ပြဿနာမရှိပေ။
ရှောင်းယီပါ ဘေးတွင် ရှိနေသဖြင့် ကျားကြီး၏ ကံကြမ္မာမှာ ဆုံးဖြတ်ပြီးသား ဖြစ်သွားခဲ့လေပြီ။ ဆိုက်ဘေးရီးယန်းကျားသည် နောက်ဆုတ်နေသော်လည်း ရှောင်းယီနှင့် ဝမ်ချိုင်တို့က အနားမပေးဘဲ လိုက်လံတိုက်ခိုက်နေကြသည်။
ကျန်းယွင်ထျန်းသည် သူ၏ဒဏ်ရာကို အမြန်စည်းနှောက်လိုက်ပြီးနောက် ကမ်းခြေတွင် ပင်လယ်သတ္တဝါများကို ဖြေရှင်းနေသော တပိုင်ဆီသို့ အပြေးသွားလိုက်၏။
“တပိုင် တောထဲသွားပြီး ရှောင်းယီကို ကူညီလိုက်။”
ကျန်းယွင်ထျန်းက တောအုပ်ဘက်သို့ ညွှန်ပြလိုက်သည်။
ကျန်းယွင်ထျန်းနှင့် အချိန်အတော်ကြာ အတူနေခဲ့သဖြင့် တပိုင်သည် ထိုကဲ့သို့ ရိုးရှင်းသော အမိန့်များကို နားလည်ပုံရပြီး တောအုပ်ထဲသို့ မြားတစ်စင်းလို ပြေးထွက်သွားတော့သည်။
တောအုပ်အစပ်သို့ ရောက်သောအခါ တပိုင်သည် လေထဲတွင် အနံ့ခံကြည့်လိုက်ပြီး လမ်းကြောင်းတစ်ခုသို့ အရှိန်ပြင်းပြင်း ပြေးထွက်သွားလိုက်၏။ ပိုလာဝက်ဝံများ၏ အနံ့ခံအာရုံမှာ ခွေးများထက် ၇ ဆ ပိုမိုထက်မြက်သဖြင့် တပိုင်သည် ဝမ်ချိုင်ထက်ပင် အနံ့ခံရာတွင် ပိုတော်သည်။
မကြာမီ တပိုင်သည် ရှောင်းယီနှင့် ကျားကြီး တိုက်ခိုက်နေသည့် နေရာသို့ ရောက်ရှိလာခဲ့သည်။ သို့သော် ၎င်းသည် ချက်ချင်း ထွက်မလာသေးဘဲ ကျားကြီး ပြေးပေါက်ပိတ်စေရန် ပတ်၍ ဝိုင်းလိုက်သည်။
ကျားကြီးသည် ရှောင်းယီ၊ ဝမ်ချိုင်တို့နှင့် အပြန်အလှန် တိုက်ခိုက်နေရင်း နောက်တစ်ကြိမ် ထွက်ပြေးရန် ကြိုးစားလိုက်၏။ ထိုစဉ် ဘေးတစ်ဖက်မှနေ၍ အဖြူရောင် အရိပ်တစ်ခု ဝုန်းခနဲ ထွက်ပေါ်လာပြီး မမျှော်လင့်ထားဘဲ ကျားကြီးကို လေထဲသို့ လွင့်စင်သွားအောင် ဆောင့်ပစ်လိုက်တော့သည်။
ဝုန်း...
လေထဲလွင့်သွားသော ကျားကြီးသည် စည်ပိုင်းလုံးခန့် ထူသော သစ်ပင်တစ်ပင်ကို ဝင်တိုက်မိသွား၏။ ထိုရိုက်ခတ်မှုကြောင့် ကျားကြီးမှာ မူးဝေသွားပုံရပြီး ချက်ချင်း ပြန်မထနိုင်တော့ပေ။
တပိုင်က ရှေ့သို့ ခုန်အုပ်ကာ ဒဏ်ရာရနေသော ကျားကြီးကို ဖိထားပြီး လက်ဝါးဖြင့် ကျားခေါင်းကို ရိုက်ချရန် ပြင်လိုက်သည်။
“နေဦး။”
ရှောင်းယီက တပိုင်ကို တားဆီးလိုက်၏။ ထို့နောက် သူသည် ခိုင်ခံ့သော နွယ်ပင်များကို အသုံးပြု၍ ကျားကြီးကို တင်းတင်းကျပ်ကျပ် တုပ်နှောင်လိုက်ပြီး ၎င်း၏ ပါးစပ်ကိုလည်း ကြိုးများဖြင့် အထပ်ထပ် စည်းလိုက်သည်။
“သွားကြစို့...အိမ် ပြန်မယ်။”
ရှောင်းယီသည် ကီလိုဂရမ် ၃၀၀ ခန့် လေးသော ကျားကြီးကို အလွယ်တကူ ထမ်းကာ ပြန်လာခဲ့လိုက်သည်။
ကျားကြီးသည် A အဆင့် သားရဲဖြစ်ကြောင်း သိလိုက်ရကတည်းက ရှောင်းယီသည် ၎င်းကို မိမိအတွက် အသုံးချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ တပိုင်သည် ပင်လယ်သတ္တဝါ တိုက်ခိုက်မှုများကို ကိုင်တွယ်နေရပြီး ဝမ်ချိုင်မှာမူ အမျိုးအစား ကွာခြားချက်ကြောင့် ဤကဲ့သို့ သားရဲကြီးများကို ရင်ဆိုင်ရာ၌ အားနည်းချက် ရှိနေသေးသည်။
အကယ်၍ ဝမ်ချိုင်သာ နောက်တစ်ဆင့် တက်နိုင်ပါက A အဆင့် သားရဲကို အလွယ်တကူ နှိမ်နင်းနိုင်မည် ဖြစ်သော်လည်း သူ့၌ အဆင့်တက်မည့် အရိပ်အယောင် မမြင်ရသေးပေ။ ထို့ကြောင့် ဤတောအုပ်ကို စောင့်ရှောက်ရန် နောက်ထပ် A အဆင့် သားရဲတစ်ကောင် ရှိနေခြင်းက သူ့အတွက် အများကြီး အထောက်အကူ ဖြစ်စေပေလိမ့်မည်။
၎င်းသည် သူ့လူများ၏ ဘေးကင်းလုံခြုံရေးကိုလည်း အများကြီး မြှင့်တင်ပေးနိုင်မည် မဟုတ်ပါလော။ သူတို့သည် တံတိုင်းအတွင်းမှာပဲ ထာဝရ နေနိုင်ကြသည် မဟုတ်ပေ။
ကံကောင်းစွာဖြင့် ကျန်းယွင်ထျန်းက ဤကျားကို ပထမဆုံး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အခြားသူသာဆိုလျှင် ဤနေရာတွင် အသက်ပျောက်သွားနိုင်ခြေ များပေသည်။
တံတိုင်းအပြင်ဘက်တွင် ကျန်းယွင်ထျန်းမှာ တောအုပ်ဘက်ကို စိုးရိမ်တကြီး စိုက်ကြည့်နေမိ၏။ ရှောင်းယီတို့ ထွက်လာသည်ကို မြင်သောအခါမှသာ သူ သက်ပြင်းချနိုင်တော့လေသည်။
ရှောင်ယီက အစွမ်းထက်သော်လည်း တောအုပ်မှာ ကျား၏ နယ်မြေဖြစ်သဖြင့် မမျှော်လင့်ထားသော အန္တရာယ်များ ရှိနိုင်သေးသည်။
ထို့နောက် ကျန်းယွင်ထျန်းက ရှေ့တက်လာပြီး ပြောလိုက်သည်။
“မိုက်တယ်...။ မင်း တကယ် သူ့ကို နှိမ်နင်းနိုင်ခဲ့တာပဲ။”
“တပိုင် အချိန်မီ ရောက်လာလို့ပါ။ မဟုတ်ရင် ဒီလောက် မြန်မြန် ပြီးသွားမှာ မဟုတ်ဘူး။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ ထိုအခါ ကျန်းယွင်ထျန်းက တပိုင်ကို လက်မထောင်ပြလိုက်သည်။
“ငါ သူ့ကို ပြောလိုက်တုန်းက သူ နားမလည်မှာ စိုးနေတာ။ ဒါပေမဲ့ သူ တကယ်ပဲ မင်းကို ရှာတွေ့အောင် သွားနိုင်ခဲ့တယ်။”
ရှောင်းယီက ပြုံးလိုက်သည်။
“ငါတို့နဲ့ အတူနေလာတာ ကြာပြီဆိုတော့ ရိုးရှင်းတဲ့ အမိန့်တွေကို သူ နားလည်နေပါပြီ။”
ထို့နောက် သူတို့အုပ်စုသည် တံတိုင်းမှတစ်ဆင့် ဗီလာထဲသို့ ပြန်ဝင်လာခဲ့ကြသည်။ သူတို့သည် ကျားကြီးကို ဗီလာ၏ မြေကွက်လပ်ထဲသို့ ပစ်ချလိုက်ရာ ကျားကြီးမှာ နာကျင်စွာဖြင့် ညည်းညူသံပင် ထွက်ပေါ်လာခဲ့သည်။
“သူ အသက်ရှင်သေးတယ်။”
ကျန်းယွင်ထျန်း အံ့သြတကြီး ရေရွတ်လိုက်မိသည်။
“ဟုတ်တယ်။ သူ့ကို ငါတို့ဘက်ပါအောင် လုပ်နိုင်မလား ကြည့်ရမယ်။ တပိုင် တစ်ကောင်တည်း ရှိနေတော့ သူလည်း ပင်ပန်းနေပြီလေ။”
ရှောင်းယီက ပြန်ဖြေသည်။
“ဝူး ဝူး...”
တာ့ပိုင်က ခေါင်းခါပြလိုက်၏။
“ကောင်းပြီ။ မင်းမှာ ခွန်အားတွေ အပြည့်ရှိနေတာ ငါသိပါတယ်။ ဒါပေမဲ့ မင်းကို ကူညီဖို့ အဖော်တစ်ယောက် ရှိတာက ပိုမကောင်းဘူးလား။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“အစ်ကိုကျန်း ပင်လယ်သတ္တဝါ တိုက်ခိုက်မှုတွေကို စောင့်ကြည့်ပေးပါ။ တပိုင် မင်းက ဒီကျားကို စောင့်ကြည့်ထား။ ငါ ဂရုထဲမှာ စာချုပ်ကတ် ရထားတဲ့သူ ရှိလားလို့ သွားကြည့်လိုက်ဦးမယ်။”
ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြပြီး ထွက်သွားခဲ့ပြီး ရှောင်းယီသည်လည်း သူ၏ အိပ်ခန်းထဲသို့ ပြန်လာခဲ့လိုက်သည်။
“ဘယ်သူ စာချုပ်ကတ် တင်ထားတာ ရှိလဲ။”
ရှောင်းယီက ယီထျန်ဂရုချက်ထဲတွင် မေးလိုက်၏။
“ဟမ် သူဌေးက စာချုပ်ကတ် လိုချင်နေတာလား။ လက်အောက်ငယ်သား ခေါ်တော့မလို့လား။ ကျုပ် စေတနာ့ဝန်ထမ်း အဖြစ် လျှောက်ထားပါတယ်။ ကျုပ်ကို လက်ခံပေးပါ။ သူဌေးနဲ့ စာချုပ်ချုပ်ပါရစေ။”
“ကျုပ်လည်း အတူတူပဲ။ သူဌေးနဲ့သာ စာချုပ်ချုပ်နိုင်ရင် ဒီမှာ အသက်ရှင်ဖို့ စိတ်ပူစရာ မလိုတော့ဘူး။”
“ဟားဟားဟား မင်းတို့က စာချုပ်ချုပ်ချင်ပေမဲ့ သူဌေးက မင်းတို့ကို လိုချင်မှာမို့လို့လား။ ဘာအရည်အချင်းမှ မရှိဘဲနဲ့ သူဌေးက မင်းတို့အတွက် စာချုပ်ကတ် အလဟဿ ဖြုန်းတီးမှာ မဟုတ်ဘူး။”
“ဒို့ရဲ့ အိပ်ရာပေါ်က အရည်အချင်းတွေက အံ့မခန်းပဲနော်။ ယီရန်ပင်း သူဌေးကို သေချာပေါက် ပျော်ရွှင်စေမှာပါ။”
“ဟားဟားဟား အဲဒီလိုလည်း ရတာပဲလား။ ငါလည်း မိန်းကလေးတစ်ယောက် ဆိုရင် ကောင်းမှာပဲ။”
“မင်းက မိန်းကလေး ဖြစ်နေရင်တောင် ရုပ်ရည်နဲ့ အရည်အချင်းတော့ လိုအပ်ဦးမှာပဲ။”
“ဘာလဲ။ ယီရန်ပင်းသူဌေးက မယားငယ် ရှာနေတာလား။ ကျွန်မလည်း လျှောက်ချင်တယ်။”
“အပေါ်ကလူ မင်းက ယောကျ်ားကြီး မဟုတ်ဘူးလား။”
“ယီရန်ပင်း သူဌေးက ယောကျ်ားပဲ ကြိုက်တာ မဟုတ်ဘူးလား။ တကယ်လို့ သူဌေးက မိန်းမပဲ ကြိုက်တယ်ဆိုရင်လည်း ငါ လိင်ပြောင်းပေးလို့ ရပါတယ်။”
“လူတိုင်း တော်တော်ဆိုးနေကြတာပဲ။”
“တော်ကြပါတော့၊ တော်ကြပါတော့။ သူဌေး ဘာရှာနေလဲဆိုတာရော မှတ်မိကြသေးရဲ့လား။”
“မယားငယ်လေ...။”
“ဒီဘက်ခေတ် အင်တာနက် အသုံးပြုသူတွေကတော့ လမ်းချော်တဲ့နေရာမှာ ထိပ်တန်းပဲ။ သူဌေးက စာချုပ်ကတ် ရှာနေတာပါဟ။”
“ဟုတ်သားပဲ၊ ဟုတ်သားပဲ။ ဘယ်သူ စာကတ် ရထားလဲ။ သူဌေးက အဲ့ဒါကို လိုအပ်နေတယ်လေ။ မြန်မြန်လုပ်ကြ။ သူဌေးက မင်းတို့ကို အကောင်းဆုံးတွေ ပြန်ပေးလိမ့်မယ်။”
“နောက်လာမယ့် ထောက်ပံ့ရေးသေတ္တာထဲမှာ စာချုပ်ကတ် ပါလာဖို့ မျှော်လင့်တယ်။ ပါလာရင်တော့ သူဌေးကို သေချာပေါက် ပေးမှာပါ။”
အားလုံး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားသည်ကို မြင်သောအခါ ရှောင်းယီသည် သူ၏ တောင်းဆိုချက်ကို ထပ်ပြောရန် ပြင်လိုက်သော်လည်း မလိုအပ်တော့ပုံပင်။ ဂရုထဲတွင် အလုအယက် ပြောနေကြသော်လည်း မည်သူမျှ စာချုပ်ကတ် ရထားခြင်း မရှိသေးပေ။
“စာချုပ်ကတ် ရနိုင်ခြေက တော်တော်လေး နည်းနေတုန်းပဲ။”
ရှောင်းယီ ခေါင်းခါရင်း သက်ပြင်းချလိုက်မိသည်။
“ဒီ...ဒီ... သူစိမ်းတစ်ယောက်က သီးသန့်စကားပြောရန် တောင်းဆိုနေပါသည်။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ သတိပေးချက် တက်လာခဲ့သည်။
ရှောင်းယီ ချက်ချင်း ဖွင့်ကြည့်လိုက်ရာ ထိုသူမှာ ကုထောင်ချွေ့ရှန်း ဖြစ်နေခဲ့လေသည်။
အခန်း ၂၂၄ – စာချုပ်သားရဲ ဆိုက်ဘေးရီးယန်းကျားနှင့် များစွာသောစာချုပ်ကတ်များ
သီးသန့်စကားပြောခန်းကို ဖွင့်ကြည့်လိုက်သောအခါ လုံဝုဖု ကုထောင်ချွေ့ရှန်းက လဲလှယ်မှုတစ်ခု စတင်ထားသည်ကို ရှောင်းယီ တွေ့လိုက်ရသည်။
“[စာချုပ်ကတ်] ၁ - အခမဲ့ လဲလှယ်ခြင်း။”
“သူဌေး ကျုပ် အခုလေးတင် စာချုပ်ကတ် တစ်ခု ရလာလို့ပါ။ ကျုပ်ဆီမှာထားရင်လည်း အသုံးမဝင်ဘူးဆိုတော့ သူဌေးကိုပဲ ပေးလိုက်ပါတယ်။”
ကုထောင်ချွေ့ရှန်းက စာချန်ထားခဲ့သည်။
ရှောင်းယီသည်လည်း အားနာမနေတော့ဘဲ လဲလှယ်မှုကို ချက်ချင်း လက်ခံလိုက်ရာ စာချုပ်ကတ်တစ်ခုကို ရရှိသွားတော့သည်။ ထို့နောက် သူသည် အိပ်ခန်းထဲမှ ထွက်လာကာ ဗီလာဝင်းထဲသို့ လျှောက်လာခဲ့လိုက်သည်။
ထို့နောက် ဆိုက်ဘေးရီးယန်းကျားကြီးကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“အခု မင်းမှာ အသက်ရှင်ဖို့ အခွင့်အရေး တစ်ခုရှိတယ်။ အဲ့ဒါက ငါ့ရဲ့ စာချုပ်သားရဲအဖြစ် ခံယူပြီး အပြင်က တောအုပ်ကို စောင့်ရှောက်ပေးဖို့ပဲ။ မဟုတ်ရင်တော့ မင်း သေရမယ်။”
ဆိုက်ဘေးရီးယန်းကျားကြီးမှာ အသိစိတ် အပြည့်အဝ ပြန်လည်ရရှိနေပြီ ဖြစ်သည်။ ၎င်းသည် ကြိုးတုပ်ခံထားရသဖြင့် မလှုပ်ရှားနိုင်ဘဲ ရှောင်းယီကိုသာ ဒေါသတကြီး ဟိန်းဟောက်နေတော့သည်။
“အားနည်းတဲ့သူက သန်မာတဲ့သူကို အညံ့ခံရတာ သဘာဝပဲ။”
ရှောင်းယီက ဆိုသည်။
“မင်းရဲ့ ရုန်းကန်မှုတွေက အဓိပ္ပာယ် မရှိဘူး။”
ပြောပြောဆိုဆိုဖြင့် ရှောင်းယီသည် ရွှမ်းယွမ်ဓားကို ဆွဲထုတ်ကာ ကျားကြီး၏ လည်ပင်းတွင် တေ့လိုက်၏။
“ကဲ... မင်းရဲ့ အဖြေကို ပြောတော့။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
ဆိုက်ဘေးရီးယန်းကျားကြီး၏ ခန္ဓာကိုယ်မှာ တုန်ရင်သွားခဲ့သည်။ ၎င်း၏လည်ပင်းပေါ်ရှိ ရွှမ်းယွမ်ဓားမှာ ၎င်းကို အကြီးအကျယ် ဖိအားပေးနေသော်လည်း ၎င်းက အညံ့ခံရန် ငြင်းဆန်နေဆဲပင်။
ထိုစဉ် အနားတွင်ရှိနေသော တပိုင်က ရုတ်တရက် အသံတိုးတိုးဖြင့် နှစ်ချက်မျှ ဟိန်းဟောက်လိုက်၏။ ရှောင်းယီက ၎င်းကို အံ့သြတကြီး ကြည့်လိုက်သည်။ တပိုင်က ဆိုက်ဘေးရီးယန်းကျားကို အရှုံးပေးရန် ဖျောင်းဖျနေခြင်း ဖြစ်နေသည်။ တပိုင်၏ ဖျောင်းဖျမှုကို ကြားလိုက်ရသောအခါ ကျားကြီးမှာ လုံးဝ နားမလည်နိုင် ဖြစ်သွားတော့သည်။
“သခင့်ဆီမှာ ငါတို့ကို ပိုပြီး မြန်မြန် ဆင့်ကဲပြောင်းလဲစေနိုင်တဲ့ အရာရှိတယ်။”
တပိုင်က ဤအဓိပ္ပာယ်ကို သက်ရောက်စေရန် နောက်ထပ် အကြိမ်အနည်းငယ် ဟိန်းဟောက်ပြလိုက်သည်။ ဆိုက်ဘေးရီးယန်းကျားကြီးသည် နောက်ဆုံးတွင် ရုန်းကန်မှုကို ရပ်တန့်လိုက်ပြီး သူ၏ဦးခေါင်းကို မြေပြင်ပေါ်သို့ နှိမ့်ချလိုက်တော့သည်။
“မင်းမှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်။ ငါ့ရဲ့ စာချုပ်သားရဲ ဖြစ်ဖို့ သဘောတူတယ်ဆိုရင် လုံးဝ မခုခံနဲ့။”
ရှောင်းယီက ပြောလိုက်သည်။
“တကယ်လို့ ဒီစာချုပ်ချုပ်ဆိုမှု ကျရှုံးသွားရင်တော့ ငါ မင်းကို တိုက်ရိုက် သတ်ပစ်မယ်။”
“ဝူး ဝူး”
ဆိုက်ဘေးရီးယန်းကျားကြီးက အညံ့ခံသည့် အသံဖြင့် ပြန်လည် ဟိန်းဟောက်လိုက်၏။
ထို့နောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံသို့ ချက်ချင်း ပြန်သွားပြီး ဆိုက်ဘေးရီးယန်းကျားအပေါ်၌ စာချုပ်ကတ်ကို အသုံးပြုရန် ရွေးချယ်လိုက်တော့သည်။ စာချုပ်ကတ် ပျောက်ကွယ်သွားပြီးနောက် အနီရောင်ရင့်ရင့် သံကြိုးတစ်ချောင်းမှာ ကျားကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ပျံသန်းရောက်ရှိသွားခဲ့သည်။
ဤစာချုပ်ချုပ်ဆိုမှုမှာ အလွန် ချောမွေ့လှပေသည်။ ဆိုက်ဘေးရီးယန်းကျားကြီးမှာ လုံးဝ ပြန်မခုခံခဲ့ပေ။ ပြန်လည်ခုခံခြင်းမှာ အချည်းနှီးဖြစ်မှန်း ၎င်းလည်း သိနေလေသည်။ ဤလူသား၏ အင်အားမှာ ၎င်းထက် မနိမ့်ကျသလို ထိုခွေး၏ အင်အားမှာလည်း မသေးလှပေ။ ထို့အပြင် ၎င်းကို အလွယ်တကူ နှိမ်နင်းနိုင်သော ဝင်ရိုးစွန်းဝက်ဝံကြီးလည်း ရှိနေသေးသည် မဟုတ်ပါလော။
စာချုပ်ချုပ်ဆိုခြင်း အောင်မြင်သွားပြီးနောက် ရှောင်းယီသည် ရွှမ်းယွမ်ဓားဖြင့် ကျားကြီးကို တုပ်နှောင်ထားသော နွယ်ပင်များကို ဖြတ်တောက်ပေးလိုက်ပြီး ၎င်း၏ရှေ့တွင် SS အဆင့် ရေသန့် တစ်ခွက် ချပေးလိုက်လေသည်။
အားအင်ကုန်ခန်းနေဟန်ရှိသော ကျားကြီးသည် SS အဆင့် ရေ၏ အနံ့ကို ရသည်နှင့် ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့သည်။ ဤအရာသည် သူ၏ ဆင့်ကဲပြောင်းလဲမှုအတွက် အလွန် အသုံးဝင်မှန်း သူ အာရုံခံမိ၏။ ၎င်းသည် ရေခွက်ဆီသို့ ခက်ခက်ခဲခဲ သွားကာ စတင် သောက်လိုက်သုံးတော့သည်။
တပိုင်သည်လည်း SS အဆင့် ရေတစ်ခွက်ကို သဘာဝအတိုင်း ရရှိခဲ့လေသည်။ ၎င်းသည် ရေများကို ပါးစပ်ထဲ တိုက်ရိုက် လောင်းထည့်လိုက်ပြီးနောက် လျှာဖြင့် သပ်ကာ ကျားကြီး၏ ရေခွက်ကို မျက်စိကျသွားခဲ့ပြန်သည်။
ကျားကြီးသည် တပိုင်၏ အကြံကို ချက်ချင်း ရိပ်မိသွားပြီး သူ၏ရေခွက်ကို အမြန်ဆွဲယူကာ အခြားတစ်နေရာတွင် အေးအေးဆေးဆေး သောက်ရန် ပြင်တော့သည်။
ရှောင်းယီက ပြုံးလိုက်၏။
“တပိုင်၊ သူ့ဝေစုကို သွားမလုပါနဲ့။ သူက ဒဏ်ရာရထားတုန်းလေ။”
ထိုအခါ တပိုင်က ခေါင်းခါပြလိုက်ပြီး ဗီလာထဲမှ ဖြည်းဖြည်းချင်း လမ်းလျှောက်ကာ ထွက်သွားတော့လေသည်။ မသောက်ရမှတော့ မျက်စိအောက်က အပျောက်ခံလိုက်တာက ပိုကောင်းသည် မဟုတ်ပါလော။
ထို့နောက် ရှောင်းယီသည် နာနိုဆေးဘက်ဆိုင်ရာ စက်ရုပ် နာ့နာကို ခေါ်ယူလိုက်ပြီး ကျားကြီးကို ညွှန်ပြကာ ခိုင်းလိုက်သည်။
“သူ့ကို ကုသပေးလိုက်ဦး။”
နာ့နာသည် ကျားကြီး၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားခဲ့ရာ ကျားကြီးသည် ရုတ်တရက် ခုန်ထလိုက်ပြီး နာနာကို ဟိန်းဟောက်ကာ အနားမကပ်ရန် သတိပေးလိုက်၏။
“ငြိမ်ငြိမ်နေပြီး ကုသမှုကို ခံယူလိုက်။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
စိတ်မပါသော်လည်း ကျားကြီးသည် ရှောင်းယီ၏ အမိန့်ကို မဖီဆန်ဝံ့ဘဲ ဝပ်နေလိုက်ရသည်။ တပိုင်နှင့် ဝင်တိုက်မိခဲ့စဉ်က ကျားကြီး၏ နံရိုးအချို့မှာ ကျိုးသွားခဲ့သည်။ နာ့နာသည် ၁၀ မိနစ်ခန့်သာ အချိန်ယူ၍ ကျိုးသွားသော နံရိုးများကို ပြန်လည် ပြုပြင်ပေးလိုက်၏။
“လောလောဆယ် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မလုပ်ပါနဲ့ဦး။”
ကုသမှုပြီးနောက် နာ့နာက သတိပေးလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ပြီး ကျားကြီးကို ပြောလိုက်သည်။
“အခုတော့ အနားယူလိုက်ဦး။ ပြင်းပြင်းထန်ထန် မလှုပ်ရှားနဲ့။”
ကျားကြီးသည် သူ၏ဒဏ်ရာရထားသော နေရာ၌ နာကျင်မှု မရှိတော့သည်ကို ခံစားလိုက်ရသည်။ ဤစက်ပစ္စည်းမှာ သူ့ခန္ဓာကိုယ်ကို ကုသပေးနေမှန်း သူ ချက်ချင်းပင် နားလည်သွားခဲ့၏။ ကျားကြီးသည် နာ့နာကို ကျေးဇူးတင်သည့်အနေဖြင့် ခပ်တိုးတိုး နှစ်ချက်မျှ ဟိန်းဟောက်ပြလိုက်သည်။
“သူတို့မှာ အကုန်လုံး နာမည်တွေ ရှိတယ်ဆိုတော့ မင်းကိုလည်း နာမည်တစ်ခု ပေးရမယ်။”
ရှောင်းယီက ကျားကြီးကို ကြည့်ကာ ပြောလိုက်သည်။
“ကျားတွေက သားရဲတွေရဲ့ ဘုရင်ဆိုတော့ မင်းကို ‘သားရဲဘုရင်’ လို့ ခေါ်မယ်။”
“ဝေါင်း ဝေါင်း”
ကျားကြီးက ကန့်ကွက်သည့်အနေဖြင့် နှစ်ချက်မျှ ဟိန်းဟောက်လိုက်၏။
ရှောင်းယီက မျက်လုံးလှန်လိုက်မိသည်။
“မင်းက တော်တော် သိထားတာပဲ။ ကောင်းပြီ။ မင်းက သားရဲဘုရင်ပဲ၊ ဘုမပါဘူး ဟုတ်ပြီလား။”
ထိုစဉ် ယွမ်နွန်တစ်ယောက် အပြင်မှ ဝင်လာခဲ့လေသည်။ ခြံဝင်းထဲတွင် လဲလျောင်းနေသော ကျားကြီးကို မြင်သောအခါ သူ လန့်သွားပြီး ခြေလှမ်းများ တုံ့ဆိုင်းသွားခဲ့သည်။
“ဒါက သားရဲဘုရင်ပဲ။ သူက အခု ကျုပ်တို့အဖွဲ့ဝင် ဖြစ်သွားပြီ။”
ရှောင်းယီက ကျားကြီး၏ ခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရမှ ယွမ်နွန် စိတ်အေးသွားခဲ့၏။
“သူက ငါတို့ တောအုပ်ထဲက ထွက်လာတာလား။”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်။ သူက A အဆင့် ဆိုက်ဘေးရီးယန်းကျားပဲ။”
“အဆင့်တွေက ဒီလောက်မြန်မြန်ကြီး A အဆင့်အထိ ရောက်သွားပြီလား။”
ယွမ်နွန်က မျက်လုံးအဝိုင်းသားဖြင့် အံ့သြတကြီး မေးလိုက်၏။
“ဟုတ်တယ်။ ကျုပ်လည်း မထင်ထားဘူး။ နွေဦးရဲ့ ဒုတိယမြောက်နေ့မှာတင် A အဆင့် သားရဲတွေ ပေါ်လာပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ သိပ်စိတ်ပူစရာတော့ မလိုပါဘူး။ တပိုင်ရဲ့ အကူအညီနဲ့ နောက်ထပ် A အဆင့် သားရဲတွေကို ထပ်ဖမ်းပြီး သားရဲစစ်တပ်တစ်ခုတောင် ဖွဲ့လို့ရရင် ရဦးမယ်။”
ယွမ်နွန် ခေါင်းညိတ်ကာ ကြီးကျယ်ခန့်ညားလှသော ကျားကြီးကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။
“ဆိုက်ဘေးရီးယန်းကျားတွေက ဖျတ်လတ်မှုနဲ့ ခံနိုင်ရည်မှာ အားအကောင်းဆုံး ကျားမျိုးစိတ်တွေထဲက တစ်ခုပဲ။ သူတို့က တကယ့်ကို ကောင်းမွန်တဲ့ စာချုပ်သားရဲတွေပဲ။”
“ကျားတွေအကြောင်း ပြောလို့ သတိရတယ်။ ကြောင်တွေက ကျားတွေရဲ့ ဆရာတွေဆိုတဲ့ ပုံပြင်တစ်ခု ကျုပ် ကြားဖူးတယ်။ ဒါပေမဲ့ ကြောင်က ကျားကို သစ်ပင်တက်နည်း မသင်ပေးခဲ့ဘူးဆိုပဲ။ ဒါပေမဲ့ ဒီကျားက ဘယ်လိုလုပ် သစ်ပင်တက်တတ်နေတာလဲ။”
ရှောင်းယီက ရုတ်တရက် သိချင်စိတ် ဖြစ်ပေါ်လာသည်။
စနစ်၏ သတိပေးချက်က ဆိုက်ဘေးရီးယန်းကျားများသည် ရေကူးခြင်းနှင့် သစ်ပင်တက်ခြင်းတွင် ကျွမ်းကျင်သည်ဟု ဆိုထားသည် မဟုတ်ပါလော။
“ဒါတွေက ပုံပြင်တွေပါပဲ။ အတည်မယူနဲ့။”
ယွမ်နွန်က ပြုံးကာ ပြန်ဖြေလိုက်၏။ ရှောင်းယီက ခေါင်းညိတ်ကာ မေးလိုက်သည်။
“ဦးလေးယွမ် ကျုပ်ကို တစ်ခုခု ပြောစရာရှိလို့လား။”
“အိုး ဟုတ်သားပဲ။ ကျားကြီးကို ကြည့်ပြီး အကုန်မေ့ကုန်ပြီ။”
ယွမ်နွန်က ကိုယ့်ခေါင်းကိုယ် ပုတ်ရင်း ပြောသည်။
“ငါ တောထဲကို နောက်တစ်ခါ ထပ်သွားပြီး စိုက်ပျိုးဖို့အတွက် အဆင့်မြင့် အစားအစာတွေ ရှာဖို့ ဆွေးနွေးချင်လို့ပါ။ ခြံထဲမှာ B အဆင့် စိုက်ခင်းတွေ အများကြီး ရှိနေတာကို B အဆင့် အာလူးတွေချည်းပဲ စိုက်နေလို့ မဖြစ်ဘူးလေ။”
လောလောဆယ်တွင် B အဆင့် အာလူးများကို တစ်ကြိမ် တိုးချဲ့စိုက်ပျိုးထားသော်လည်း ခြံထဲရှိ B အဆင့် မြေကွက်များ အားလုံးကို မသုံးရသေးပေ။ ယခု စိုက်ပျိုးထားသော အာလူးများကို ရိတ်သိမ်းပြီးပါက သူတို့တစ်ဖွဲ့လုံး အနည်းဆုံး နှစ်ဝက်ခန့် စားရန်အတွက် လုံလောက်လိမ့်မည်ဟု ခန့်မှန်းရပေသည်။
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ သားရဲဘုရင် သက်သာသွားရင် သူ့ကို ခေါ်သွားခိုင်းလိုက်မယ်။”
ထို့နောက် ရှောင်းယီသည် သူ၏ အိပ်ခန်းသို့ ပြန်လာပြီး စာချုပ်ကတ်အတွက် အစားပေးသည့်အနေဖြင့် ကုထောင်ချွေ့ရှန်းထံသို့ C အဆင့် ပင်လယ်ငါးအချို့ ပို့ပေးရန် ပြင်ဆင်လိုက်၏။
သူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံ ရောက်သောအခါ လူအများအပြားက သူတို့တွင် စာချုပ်ကတ်များ ရှိကြောင်း သီးသန့်စာများ ပေးပို့ထားကြသည်ကို တွေ့လိုက်ရသဖြင့် သူ အံ့သြသွားခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ။ စာချုပ်ကတ်တွေ ထွက်နှုန်းက ရုတ်တရက်ကြီး မြင့်တက်လာတာလား။”
ရှောင်းယီ ကိုယ့်ဘာကိုယ် တွေးလိုက်မိသည်။
သူသည် ကုထောင်ချွေ့ရှန်းထံသို့ C အဆင့် ပင်လယ်ငါး ၂ ကီလိုဂရမ် ပို့ပေးလိုက်ပြီးနောက် ယီထျန်း ဂရုချက်သို့ ပြောင်းကာ မေးလိုက်သည်။
“အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် စာချုပ်ကတ် ရသွားပါပြီ။ လောလောဆယ် ထပ်မလိုတော့ပါဘူး။ ဒါနဲ့ တစ်ခုလောက် မေးချင်လို့...ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက်လောက် စာချုပ်ကတ် ရထားကြလဲ။”
အခန်း ၂၂၅ – စာချုပ်ကတ်များ သိမ်းကျုံးဝယ်ယူခြင်းနှင့် ပေါင်ယွမ်၏ လူစုဆောင်းမှု
ရှောင်းယီ၏ စကားများကြောင့် ဂရုချက်အတွင်း အပြင်းအထန်သည့် ဆွေးနွေးမှုများ ချက်ချင်းပင် ဖြစ်ပေါ်လာခဲ့သည်။
“ဘာ...သူဌေးက စာချုပ်ကတ် ရသွားပြီလား။ ဘယ်သူက ဒီလောက်တောင် မြန်တာလဲ။ ငါ အခုမှ တစ်ကတ် ရခဲ့တာလေ။”
“ဟုတ်တယ်။ ဒီလောက် ကောင်းတဲ့ အခွင့်အရေးကို ငါတို့ထက် အရင် ဘယ်သူက လုသွားတာလဲ။”
“ငါလည်း သူဌေးနဲ့ပဲ ကပ်နေချင်တယ်။ တစ်ယောက်တည်း မရုန်းကန်ချင်တော့ဘူး။”
“သူဌေး ဘာလို့ စာချုပ်ကတ် ဘယ်နှစ်ယောက်ရထားလဲလို့ မေးတာလဲ။ လူတွေ အများကြီး စာပို့ထားကြလို့လား။ ကျုပ်လည်း တစ်ကတ် ရထားတယ်ဗျ။”
“ကျုပ်လည်း ရထားတယ်။”
“မင်းတို့ ကံတွေက ဘာလို့ ဒီလောက်တောင် ကောင်းနေရတာလဲ။ ငါကျ ဘာလို့ တစ်ကတ်မှ မရတာလဲ။”
“ငါလည်း မရဘူး။”
ချက်တင်ကို ကြည့်ရင်း အသက်ရှင်ကျန်ရစ်သူများ၏ ၄၀ ရာခိုင်နှုန်းခန့်မှာ စာချုပ်ကတ်များ ရရှိထားကြကြောင်း ရှောင်းယီ သတိပြုမိလိုက်၏။ ထိုပမာဏမှာ အတော်လေး မြင့်မားလွန်းလှသည်။
“ဒါက ဘာကို ဆိုလိုတာလဲ။ ငါတို့ကို ကျွန်းတွေ ပေါင်းစည်းခိုင်းနေတာလား။”
ရှောင်းယီ တီးတိုး ရေရွတ်လိုက်မိသည်။
စာချုပ်ကတ်များက မတူညီသော ကျွန်းများကို ပေါင်းစည်းရန် ဖြစ်နိုင်ခြေတစ်ခု ရှိစေမည်ဖြစ်သည်။ အားနည်းသူက အားကြီးသူကို အညံ့ခံရသော်လည်း စာချုပ်ကတ် ရှိနေသ၍ သစ္စာဖောက်ခံရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ယခုအချိန်တွင် ဤကတ်များ၏ အထွက်နှုန်းကို မြှင့်တင်ပေးလိုက်ခြင်းက ရှေ့လျှောက် လူအများ ပူးပေါင်းဆောင်ရွက်ရမည့် စမ်းသပ်မှုတစ်ခု ရောက်လာတော့မည်ကို ညွှန်ပြနေပေသည်။ ထိုစမ်းသပ်မှုမှာ ဒေသခံများ၏ အကြီးအကျယ် တိုက်ခိုက်မှု ဖြစ်နိုင်ခြေ အများဆုံးပင်။
“ဒေသခံတွေက တော်တော်လေး ပြင်းပြင်းထန်ထန် တိုက်ခိုက်လာမယ့် ပုံပဲ။”
ရှောင်းယီက တွေးလိုက်သည်။
“ငါလည်း အခွင့်အရေးရတုန်း လူနည်းနည်းလောက် စုထားသင့်လား။”
ဤသည်မှာ လူတိုင်း ရင်ဆိုင်နေရသော မေးခွန်းတစ်ခုဖြစ်သည်။ အကယ်၍ အဖွဲ့လိုက် ပေါင်းစည်းထားပါက လူအင်အားက ခွန်အားဖြစ်စေပြီး ဒေသခံများ တိုက်ခိုက်လာလျှင်လည်း ဥမကွဲဘဲ တောင့်ခံနိုင်မည်ဖြစ်သည်။ သို့သော် ဒေသခံများ၏ တိုက်ခိုက်ပုံနည်းစနစ်ကို မသိရသေးသဖြင့် ရှောင်းယီသည် ခေတ္တစောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်လေသည်။
သူ၏ကျွန်းတွင် ရေဒါရှိသဖြင့် ရန်သူကို ကြိုတင်သိရှိနိုင်ပေသည်။ ထို့အပြင် တိုက်ပွဲဝင်နိုင်သော လူသားနှစ်ဦးဖြစ်သည့် သူနှင့် ကျန်းယွမ်ထျန်းတို့ ရှိ၏။ A အဆင့်နှင့် အထက်ရှိသော စာချုပ်သားရဲ သုံးကောင်ဖြစ်သည့် တပိုင်၊ ဝမ်ချိုင်နှင့် သားရဲဘုရင်တို့လည်း ရှိပေသည်။ ဤအင်အားဖြင့်ဆိုလျှင် တိုက်ပွဲကို ကိုင်တွယ်ဖြေရှင်းနိုင်သင့်သည်။
အကယ်၍ နောင်တွင် ဒေသခံအုပ်စုကြီးများ ပေါ်လာပါကလည်း ရှောင်းယီတွင် အနီးနားရှိ လူများကို မိနစ်ပိုင်းအတွင်း ကျွန်းပေါ်သို့ သယ်ဆောင်နိုင်သည့် အပျော်စီးရွက်သင်္ဘော ရှိနေသေးသည် မဟုတ်ပါလော။
“ဒါဆို အခုလောလောဆယ် စာချုပ်ကတ်တွေကို အများကြီး သိမ်းကျုံးဝယ်ထားလိုက်မယ်။”
သူ ဆုံးဖြတ်လိုက်တော့သည်။
ထို့နောက် သူသည် ဈေးကွက်သို့ ပြောင်းကာ ကြေညာချက်တစ်ခု တင်လိုက်သည်။
“[ပင်လယ်ငါး] (C အဆင့်) ၅၀ ဂရမ် - [စာချုပ်ကတ်] ၁ ကတ်။
မှတ်ချက်- လောလောဆယ် အခု ၁၀၀ သာ ဝယ်ယူမည်။”
ထိုကြေညာချက် တင်ပြီးသည်နှင့် အခု ၁၀၀ လုံး ချက်ချင်း ကုန်သွားတော့သည်။ တစ်ကမ္ဘာလုံးရှိ လူများမှာ ဇုန်တစ်ခုတည်းတွင် ရှိနေသဖြင့် လူဦးရေမှာ အလွန်များပြားလှပေသည်။ အသက်ရှင်နှုန်းမှာ တစ်သောင်းပုံ တစ်ပုံသာ ရှိသည်ဆိုဦးတော့ မူလက လူဦးရေ ဘီလီယံ ၂၀ ကျော် ရှိခဲ့သဖြင့် အသက်ရှင်ကျန်ရစ်သူ ၂ သန်းခန့်တော့ ရှိနေဦးမည် ဖြစ်သည်။
ထို ၂ သန်းသော လူများမှာလည်း အစွမ်းအစ ရှိသူများသာ ဖြစ်သည်။ ကံသက်သက်ဖြင့် အသက်ရှင်ခဲ့သူများမှာလည်း ယခင်စမ်းသပ်မှုများတွင် ပယ်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။ ထို ၂ သန်းထဲမှ ၄၀ ရာခိုင်နှုန်းခန့်မှာ စာချုပ်ကတ် ရထားကြသဖြင့် ကတ်ပေါင်း ၈ သိန်းခန့် ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် ဤအခု ၁၀၀ မျှ ဝယ်ယူမှုက မျက်စိတစ်မှိတ်အတွင်း ကုန်သွားခြင်းမှာ မဆန်းလှပေ။
ထိုအချိန်တွင် ယီထျန်း ဂရုချက်အတွင်းရှိ လူများက ရှောင်းယီကို ဝိုင်းပြီး @ ခေါ်ကြတော့လေသည်။
“သူဌေး ကျုပ်တို့တောင် မတုံ့ပြန်ရသေးဘူးလေ။ သူဌေးရဲ့ စာချုပ်ကတ် ဝယ်ယူမှုက ပြီးသွားပြီလား။”
“ဟုတ်တယ် နောက်တစ်ခါဆို ကြိုပြောပေးပါဦး။ ကျုပ်တို့ဆီမှာလည်း ကတ်တွေ ရှိပါတယ်။”
“ကမ္ဘာပေါ်မှာ လူတွေ အများကြီးပဲ။ သူတို့ကို ယှဉ်ပြီး လုဖို့ဆိုတာ မလွယ်ဘူး။”
“ဟဲဟဲ ငါတော့ C အဆင့် ငါးတွေ ရလိုက်တယ်။”
“ဟေ့လူ ခင်ဗျား တစ်ယောက်တည်း နေလာတာ ဘယ်နှစ်နှစ်ရှိပြီလဲ။ လက်အရှိန်ကတော့ တကယ်အံ့မခန်းပဲ။”
“မွေးကတည်းက အခုထိ လူပျိုကြီးပဲလေ။ လက်အရှိန်ကတော့ အထူးလေ့ကျင့်ထားသလိုပဲဗျို့။”
ထိုသူက ကြွားလုံးထုတ်လိုက်၏။
ရှောင်းယီက ချက်တင်ကို ကြည့်ပြီး ပြောလိုက်သည်။
“အဖွဲ့ထဲမှာ နောက်ထပ် အခု ၁၀၀ ထပ်ဝယ်ပါမယ်။ ဈေးနှုန်းလည်း ပိုပေးမယ်။ အသင့်ပြင်ထားကြပါ...။”
“[ပင်လယ်ငါး] (C အဆင့်) ၅၅ ဂရမ် - [စာချုပ်ကတ်] ၁ ။”
ထိုကမ်းလှမ်းချက် ချက်တင်ထဲ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားပြန်သည်။
“အား... သူဌေးက အရမ်းလန်းတာပဲ။ ဈေးကွက်က ဈေးထက် ၅ ဂရမ်တောင် ပိုပေးထားတယ်။”
“ဟုတ်တယ်။ ယီထျန်း အဖွဲ့မှာနေရတာ အကောင်းဆုံးပဲ။ တခြား ဘယ်သူဌေးမှ ဒီလောက် သဘောမကောင်းဘူး။”
“ငါတော့ အရမ်း နောင်တရနေပြီ။ သူဌေးက ဒီမှာ ပိုပေးမယ်မှန်း သိရင် ဟိုဘက်မှာ သွားမလုပါဘူး။”
ဈေးကွက်တွင် ငါးရခဲ့သော လူသည် ရုတ်တရက် သူ့ငါးမှာ အရသာမရှိသလို ခံစားလိုက်ရ၏။
“ဟားဟားဟား...အခုတော့ လက်မြန်တာကို နောင်တရနေပြီ မဟုတ်လား။”
“ငါ ထပ်လွဲသွားပြန်ပြီ။ ယောကျ်ားတွေချည်းပဲ လုမနေကြနဲ့လေ။ ဒီမိန်းကလေးကိုလည်း အလှည့်ပေးကြပါဦး။”
“ညီမလေး မင်း ကိုယ့်ကျွန်းကို လာချင်တယ်ဆိုရင်တော့ C အဆင့် ငါးတွေ ပေးစားမယ်လေနော်။”
“ဟေ့ကောင် မင်း တစ်ဖက်လူက နဂါးမ ဖြစ်နေမှာ မကြောက်ဘူးလား။ ဒီအတိုင်းကြီး ဖိတ်ခေါ်နေတာလား။”
“ရုပ်ချောတာ မချောတာက အရေးမကြီးပါဘူး။ ငါ့စံနှုန်းက ရိုးရိုးလေးပဲ။ မိန်းမဖြစ်ရမယ်၊ အသက်ရှူနေရမယ်။”
“မင်းကတော့ တော်တော်ကို မရွေးတတ်တာပဲ။ တကယ်လို့ ဟိုဘက်က ယောကျ်ားကြီးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။”
“ယောကျ်ားဆိုရင်တော့ မရဘူး။”
“ကျွန်မ တကယ် မိန်းကလေးပါနော်။ အစ်ကိုကြီး တည်နေရာသာ ပို့လိုက်ပါ။ ကျွန်မစရိတ်နဲ့ ကျွန်မ အစ်ကိုကြီးရဲ့ကျွန်းကို လာခဲ့ပါ့မယ်။”
ထိုစဉ် တစ်စုံတစ်ယောက်က ရှောင်းယီကို @ ခေါ်လိုက်သည်။
“@ယီရန်ပင်း ကျုပ် ပေါင်ယွမ်ပါ (ကံထူးသူ) ပါ။ ကျုပ်နဲ့ ကျွန်းပေါင်းချင်တဲ့ အဖော်တွေကို ဒီမှာ စုဆောင်းလို့ ရမလား။”
တောတွင်းရှင်သန်ရေး ပညာရှင်ကြီး ပေါင်ယွမ်က မေးလိုက်သည်။
ရှောင်းယီ ထိုစာကို မြင်သောအခါ မျက်တောင်ခတ်လိုက်မိ၏။
“ရတာပေါ့။ အားလုံး ပေါင်းစည်းကြဖို့ ငါ တကယ်ပဲ မျှော်လင့်ပါတယ်။ စုစည်းမိမှသာ ရှေ့လာမယ့် ဒေသခံ ရန်သူတွေကို ရင်ဆိုင်နိုင်စွမ်း အဆမတန် မြင့်တက်လာလိမ့်မယ်။ အဲ့ဒါကြောင့် မင်းတို့ ယုံကြည်ရတဲ့ အဖော်တွေ ရှိတယ်ဆိုရင် ဝေခွဲမနေပါနဲ့။ ပေါင်းစည်းလိုက်ကြပါ။ မင်းတို့ကျွန်းက ပိုကြီးလာပြီး ပိုပြီးတော့လည်း မြန်မြန် ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်။”
“သူဌေး ပြောတာ မှန်တယ်။ ငါလည်း အဖော်သွားရှာတော့မယ်။”
“အဓိပ္ပာယ်ရှိတယ်။ ဘယ်သူ ငါနဲ့ ပူးပေါင်းချင်လဲ။ ငါ့ကျွန်းက ၃၂ စတုရန်းမီတာ ရှိတယ်။”
“ဝိုး... အကြီးကြီးပဲ။ ကျုပ် လာခဲ့မယ်။”
“တကယ်ကြီးတာလား။ မင်းကိုယ်တိုင် စမ်းကြည့်ပြီးပြီလား။”
“သွားစမ်း...။”
လူတိုင်း အဖော်ရှာနေကြသည်ကို ကြည့်ရင်း ရှောင်းယီက ထပ်မံ သတိပေးလိုက်သည်။
“သတိတော့ ထားကြဦးနော်။”
ဤသတိပေးချက်မှာ သမုဒ္ဒရာထဲရှိ အန္တရာယ်များအတွက်သာမက မိမိတို့ ရွေးချယ်မည့် အဖော်များအတွက်လည်း ပါဝင်ပေသည်။ ဤမျှကာလပတ်လုံး အသက်ရှင်နိုင်သူများမှာ တုံးအသူများ မဟုတ်ကြသဖြင့် ရှောင်းယီ၏ ဆိုလိုရင်းကို ချက်ချင်းပင် သဘောပေါက်သွားခဲ့ကြသည်။
“စိတ်မပူပါနဲ့ သူဌေး။ ကျုပ်တို့ ယုံကြည်ရတဲ့သူကိုပဲ ရှာမှာပါ။”
“ဟုတ်တယ်။ ယုံကြည်ရတဲ့သူ မတွေ့ရင်တော့ စာချုပ်ကတ် သုံးမယ့်သူကိုပဲ လက်ခံမယ်။”
“ငါထင်တာတော့ စာချုပ်ကတ် သုံးတာက အစိတ်ချရဆုံးပဲ။”
သို့သော် မည်သူက မိမိကိုယ်ကို စာချုပ်ဖြင့် ချုပ်နှောင်ခံလိုပါမည်နည်း။ ဤအချိန်ထိ ကြိုးစားရှင်သန်လာပြီးမှ မိမိ၏ လွတ်လပ်ခွင့်ကို အခြားသူ့လက်ထဲ အပ်နှင်းရန်မှာ မည်သူမဆို နှစ်ခါပြန် စဉ်းစားရမည့် ကိစ္စဖြစ်သည်။
ပေါင်ယွမ်၏ လူစုဆောင်းမှုမှာမူ ပို၍ ပြတ်သားလှသည်။
“အဖော်ရှာနေပါတယ်။ စည်းကမ်းတစ်ခုပဲရှိတယ်။ အဲ့ဒါက စာချုပ်ကတ် သုံးရမယ်။ မင်းတို့ကို အသက်ရှင်အောင် ငါ စောင့်ရှောက်မယ်။ ငါ့ကျွန်းက ၅၃ စတုရန်းမီတာ ရှိတယ်။ စိတ်ဝင်စားရင် သီးသန့်စာ ပို့လိုက်ပါ။”
သူ့စာကြောင့် လူအများအပြား စိတ်ဝင်စားသွားခဲ့ကြသည်။ ရှောင်းယီက လူမစုသည့်အတွက် ပေါင်ယွမ်မှာ ဒုတိယ အကောင်းဆုံး ရွေးချယ်စရာ ဖြစ်လာခဲ့၏။ သူသည် အစစ်အမှန် တောတွင်းရှင်သန်ရေး ပညာရှင်ကြီး ဖြစ်သဖြင့် သူ့နောက်လိုက်လျှင် အသက်ရှင်နိုင်ရုံသာမက ကောင်းကောင်းမွန်မွန် နေထိုင်ရမည်မှာလည်း သေချာပေသည်။
သို့သော် စာချုပ်ကတ် သုံးရမည်ဆိုသော အချက်ကြောင့် လူအချို့မှာ ကြောက်ရွံ့သွားကြသော်လည်း အချို့ကမူ သူနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့ကြသည်။