အခန်း (၂၁၄-၂၁၆)
Vol. 15 Ch. 214-216
အခန်း ၂၁၄ - သစ်သားစင်္ကြံလမ်း ပုံစံခွက်
ရှောင်းယီ ခေတ္တမျှ စဉ်းစားပြီးနောက် ထိုသူထံသို့ သီးသန့်စာ ပို့လိုက်သည်။
“မင်း တကယ်ပဲ တရုတ်တိုင်းရင်းဆေးပညာကို လေ့လာခဲ့တာလား။”
“ဒါပေါ့ သူဌေးကြီး တစ်နေရာရာမှာ နေမကောင်းဖြစ်ရင် ကျုပ်ကို ပြလို့ရပါတယ်။ သူဌေးရဲ့ ယောကျာ်းပီသတဲ့ စွမ်းဆောင်ရည်တွေ ပြန်ကောင်းလာစေရမယ်လို့ အာမခံတယ်။”
ဆေးသည်က ချက်ချင်း ပြန်ဖြေလာခဲ့သည်။
“မင်းက တိုင်းရင်းဆေးဆရာတွေအပေါ် ထားတဲ့ ငါ့ရဲ့အမြင်ကို တကယ် ပြောင်းပြန်လှန်ပစ်တာပဲ။”
ရှောင်းယီက ရယ်မောလျက် ပြန်ပြောလိုင်သည်။
“ငါ့မှာ ဘာပြဿနာမှ မရှိပါဘူး။ မင်း တကယ်ပဲ တိုင်းရင်းဆေး တတ်၊ မတတ် သိချင်လို့ မေးကြည့်တာပါ။”
“အော်... သူဌေးမှာ တစ်ခုခု ဖြစ်နေလို့ ကျုပ်ဆီက အကူအညီယူပြီးရင် တစ်ခုခု ပြန်ပေးမလားလို့ ကျုပ်က မျှော်လင့်နေတာ။”
ဆေးသည်က စိတ်ပျက်လက်ပျက် ဆိုလိုက်သည်။
“မင်းကတော့လေ... နောင်ကျရင် ငါတို့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးတွေ ရှိလာနိုင်လို့ ကြိုပြီး မိတ်ဆက်ထားတာပါ။ ဒါပေမဲ့ မင်း တကယ် တတ်ကျွမ်းဖို့တော့ လိုလိမ့်မယ်။”
ရှောင်းယီသည် ထိုလူ၏ ပေါ့ပျက်ပျက် နေတတ်သော ပုံစံကို ကြည့်ကာ ဆွံ့အသွားရသည်။
“ဒါတော့ လုံးဝ ပြဿနာမရှိပါဘူး။”
ဆေးသည်က ပြန်ဖြေလိုက်သည်။
“သူဌေးမှာ တကယ်ပဲ ဘာပြဿနာမှ မရှိတာ သေချာလား။ စိတ်မပူပါနဲ့...ဆရာဝန်တစ်ယောက်အနေနဲ့ လူနာရဲ့ လျှို့ဝှက်ချက်ကို ကျုပ် သေချာ ထိန်းသိမ်းပေးမှာပါ။”
“သွားစမ်း...”
ရှောင်းယီ သည်းမခံနိုင်တော့ဘဲ နောက်ပြောင်ကျိန်ဆဲကာ စကားဝိုင်းကို အဆုံးသတ်လိုက်တော့သည်။
[ဒီ ဒီ... သူစိမ်းတစ်ယောက်က သီးသန့်စကားပြောရန် တောင်းဆိုနေပါသည်။]
ရှောင်းယီ ဖွင့်ကြည့်လိုက်ရာ မာတင် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် ဘာသာပြန်ပေးရန် ဆုဝမ်ကို လှမ်းခေါ်လိုက်ရသည်။
“ပစ္စည်းကောင်းတစ်ခုခု ရထားလို့လား။”
ရှောင်းယီက မေးလိုက်သည်။
“အရမ်း အမိုက်စားကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တော်တော်လေး ရှားပါးတယ်လို့ ခံစားရလို့ သူဌေးကို လာပြတာပါ။”
မာတင်က ပြန်ဖြေပြီး ပစ္စည်းကို ပြလိုက်သည် ။
[သစ်သားစင်္ကြံလမ်း ပုံစံခွက်] ၁။
ရှောင်းယီ အံ့အားသင့်သွားခဲ့၏။
“တကယ်ပဲ အိပ်ချင်နေတုန်း ခေါင်းအုံး လာပေးသလိုပါပဲလား။”
သူ တွေးလိုက်မိသည်။ လေဆင်နှာမောင်း တိုက်ခတ်ခဲ့စဉ်ကပင် သူသည် အဆောက်အဦးများကြားတွင် မိုးရွာရွာ၊ နေပူပူ အေးအေးဆေးဆေး သွားလာနိုင်ရန် စင်္ကြံလမ်းတစ်ခု ဆောက်ချင်နေခဲ့ခြင်း ဖြစ်သည်။
“ဒါအတွက် မင်း ဘာလိုချင်လဲ။”
ရှောင်းယီက မေးလိုက်သည်။
“တစ်ဖက်လူကတော့ ရေ ၁ လီတာပဲ တောင်းပါတယ်။”
မာတင် ပြန်ဖြေလိုက်သည်။ ရှောင်းယီ ခေါင်းညိတ်လိုက်၏။
“ဒီပစ္စည်းက ငါ့အတွက် တကယ် အသုံးဝင်တယ်။ မင်းကို ရေ ၅ လီတာနဲ့ ပင်လယ်ငါး ၁၀ ကီလိုဂရမ် ပေးမယ်။ နောင်ကျရင်လည်း ဒီလိုမျိုး ထူးခြားတာတွေ ရှိရင် ငါ့ဆီပဲ လာခဲ့ပါ။”
အရောင်းအဝယ် အောင်မြင်သွားခဲ့သည်။
[သစ်သားစင်္ကြံလမ်း ပုံစံခွက်] : အသုံးပြုပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ရှေးဟောင်းစတိုင် သစ်သားစင်္ကြံလမ်းများကို အကန့်အသတ်မရှိ ထုတ်လုပ်နိုင်သည်။ ထုတ်လုပ်မှုပုံစံ မလိုဘဲ နေရောင်နှင့် မိုးဒဏ်မှ ကာကွယ်ပေးသည်။]
“ဒီပုံစံခွက်က အရင်က ဝါယာကြိုး ပုံစံခွက်လိုမျိုးပဲ ဖြစ်ရမယ်။ တစ်ခါ သုံးပြီးတာနဲ့ နောက်ပိုင်း ထုတ်လုပ်မှုပုံစံ မလိုတော့ဘဲ စင်္ကြံလမ်းတွေကို စိတ်ကြိုက် ဆောက်လို့ရပြီ။”
ရှောင်းယီက ရေရွတ်ရင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ချက်ချင်း အသုံးပြုလိုက်တော့သည်။
စင်္ကြံလမ်း ဆောက်လုပ်ရန်အတွက် မီတာတစ်ဝက်လျှင် သစ်သား ၁၀ ခု လိုအပ်၏။ လေဆင်နှာမောင်းကြောင့် လဲကျသွားသော သစ်ပင်များမှ သစ်သား အမြောက်အမြား ရရှိထားသည်ဖြစ်ရာ ၎င်းတို့ကို ဂိုဒေါင်ထဲတွင် သိမ်းထားမည့်အစား ဤနေရာတွင် အသုံးချရန် ဆုံးဖြတ်လိုက်တော့သည်။
သူသည် ဗီလာ၊ စက်ရုံနှင့် အခြားအဆောက်အဦး အားလုံးကို စင်္ကြံလမ်းများဖြင့် ချိတ်ဆက်လိုက်၏။ စုစုပေါင်း အရှည် မီတာတစ်ထောင်ခန့် ရှိရာ သစ်သား ၄၀၀၀၀ ခန့် အသုံးပြုခဲ့ရသည်။ ယခုအခါ တံတိုင်းအတွင်း၌ မည်သည့်နေရာသို့မဆို မိုးကာအင်္ကျီ မလိုဘဲ သွားလာနိုင်ပြီ ဖြစ်သည်။
ညနေ ၅:၃၀ နာရီတွင် အပြင်မှ ပြန်လာကြသော ကျန်းယွင်ထျန်းနှင့် အခြားသူများသည် ခြံထဲတွင် ၄ မီတာခန့် အကျယ်ရှိသော ခန့်ညားသည့် သစ်သားစင်္ကြံလမ်းကြီးကို မြင်လိုက်ရကာ အံ့အားသင့်သွားခဲ့ကြသည်။
“ဒါက တကယ် ကောင်းတာပဲ။ မိုးရွာရင် မိုးစိုမှာကို စိုးရိမ်စရာ မလိုတော့ဘူး။”
လီယန်က ဝမ်းသာအားရ ပြောလိုက်သည်။
ညစာစားချိန်တွင် အန်းရန်သည် အာလူးကြက်သားချက်၊ ခရမ်းချဉ်သီး ကြက်ဥကြော်၊ ငါးကင်နှင့် ဟင်းသီးဟင်းရွက်ကြော်များ ပြင်ဆင်ထားခဲ့သည်။
ဟင်းလျာများကို ကြည့်ရင်း ရှောင်းယီကညည်းညူလိုက်မိသည်။
“တောအုပ်ထဲမှာ ဘာလို့ တိရစ္ဆာန်တွေ ထပ်မပေါ်လာသေးတာလဲ မသိဘူး။ ငါတို့ရဲ့ အစားအသောက် အဆင့်အတန်း နည်းနည်း ကျသွားသလိုပဲ။”
အခြားသူများကမူ A အဆင့်ရှိသော ကြက်သားနှင့် ကြက်ဥများကို ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိကြသည်။
“ဒီလောက်ကောင်းတဲ့ A အဆင့် အစားအစာတွေကိုတောင် သူက အဆင့်အတန်း နိမ့်တယ်လို့ ပြောနေတာလား။”
အခန်း ၂၁၅ - လေဆင်နှာမောင်းအပြီး လျော်ကြေးနှင့် မြားပုံစံခွက်
ညစာအဖြစ် စားသုံးခဲ့သော ကြက်သားနှင့် ကြက်ဥများမှာ A အဆင့်ရှိသော်လည်း ရှေးခင်က စားခဲ့ရသော ကျားသား၊ ဝက်ဝံသားတို့နှင့်မူ အရသာမှာ လုံးဝကွဲပြားပေသည်။ ကျားသားနှင့် ဝက်ဝံသားတို့မှာ B အဆင့်သာ ဖြစ်သော်လည်း ယခု A အဆင့် ကြက်သားထက် အရသာမှာ လုံးဝမနိမ့်ကျပေ။
လူတိုင်းက ရှောင်းယီ ပြောသော “အရည်အသွေးနိမ့်” သည့် ညစာကို အလျင်အမြန်ပင် စားသောက်လိုက်ကြသည်။
“ရှောင်းယီ ငါ ရိက္ခာသေတ္တာတွေကို သွားစစ်လိုက်ဦးမယ်။ လေဆင်နှာမောင်းတိုက်ပြီးကတည်းက ဆယ်ထားတဲ့ သေတ္တာတွေကို မသယ်ရသေးဘူး။”
အန်းယွဲ့က ပါးစပ်သုတ်ရင်း ပြောလိုက်သည်။
“ကျုပ်လည်း ဝိုင်းကူမယ်။”
ကျန်းယွင်ထျန်းက ဆိုလိုက်သည်။ ယနေ့ နေ့ခင်းပိုင်းတွင် ပင်လယ်သတ္တဝါများ တိုက်ခိုက်ခြင်းမရှိရာ မနေ့ညက တိုက်ခိုက်မှုမှာ နောက်ဆုံးဖြစ်ပုံရသည်။ ယွမ်နွန်သည်လည်း သူတို့နှင့်အတူ လိုက်သွားလိုက်လေသည်။
လီယန်နှင့် လုပင်းအာတို့မှာလည်း လူတိုင်းအတွက် အဝတ်အစားသစ်များ အမြန်ချုပ်လုပ်ပေးနိုင်ရန် သစ်သားစက်ရုံသို့ ပြန်သွားလိုက်ကြသည်။ ရှောင်းယီသည် သူ၏ အိပ်ခန်းသို့ ပြန်လာပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ယီထျန်းဂရုကို ကြည့်လိုက်သည်။
“လေဆင်နှာမောင်းတိုက်ပြီးတော့ ရိက္ခာသေတ္တာတွေ ပိုများလာတာ သတိထားမိကြလား။”
“ပိုများလာတယ်ဟုတ်လား။ မဟုတ်ပါဘူး။ ငါ့ဆီမှာ ၂ လုံးပဲ ရှိသေးတယ်။ တစ်လုံးဆို ဝေးလွန်းလို့ ဆယ်လို့တောင်မရဘူး။”
“တကယ်လား။ လေဆင်နှာမောင်းပြီးတော့ ငါ့ဆီမှာ ၄ လုံး ထပ်တိုးလာတယ်။ မနက်ကလည်း ၂ လုံး ရပြီးပြီ။”
“ဘာ... ငါ့ဆီမှာကျ ဘာလို့ တစ်လုံးမှ မတိုးလာတာလဲ။ မတရားဘူး။”
ဂရုထဲမှ စကားဝိုင်းကို မြင်သောအခါ ရှောင်းယီက တေါ်ကီတော်ကီကို ကောက်ကိုင်ပြီး မေးလိုက်သည်။
“ဦးလေးအန်း ဒီနေ့ ရိက္ခာသေတ္တာတွေ ပုံမှန်ထက် ပိုများနေလား။”
“မင်း ဘယ်လိုသိတာလဲ။”
အန်းယွဲ့က အံ့အားသင့်စွာ ပြန်ဖြေလိုက်သည်။
“တကယ်ပဲ ပိုများလာတယ်။ အရေအတွက်က နှစ်ဆနီးပါးပဲ။ ဒါက လေဆင်နှာမောင်းတိုက်ပြီးလို့ ငါတို့ကို ပေးတဲ့ လျော်ကြေးလိုမျိုး ခံစားရတယ်။”
ရှောင်ယီသည် လျော်ကြေးဆိုသော စကားလုံးကို စဉ်းစားနေမိသည်။ အတိတ်က အဖြစ်အပျက်များအရ ဤကမ္ဘာတွင် ကြီးမားသော ဘေးဒုက္ခတစ်ခု ဖြစ်ပြီးတိုင်း တစ်ခုခု ပြန်ပေးလေ့ရှိသည်။ ဥပမာအားဖြင့် အုတ်မြစ်ကျောက်များ ပင်လယ်ရေတိုက်စားခံရလျှင် အုတ်မြစ်ကျောက်ရရှိနိုင်ခြေ ပိုများလာတတ်၏။ ယခုလည်း လေဆင်နှာမောင်းကြောင့် ပစ္စည်းများ ဆုံးရှုံးသွားရသူများအတွက် ရိက္ခာသေတ္တာများ ပိုမိုထွက်ပေါ်လာခြင်း ဖြစ်နိုင်သည်။
လေဆင်နှာမောင်းဒဏ် မထိတွေ့ခဲ့ရသော ကျွန်းများတွင်မူ ရိက္ခာသေတ္တာ အရေအတွက် တိုးလာမည်မဟုတ်ပေ။ ဘေးအန္တရာယ်နှင့် လျော်ကြေးမှာ အမြဲဒွန်တွဲနေချေသည်။
ထိုစဉ် ရှောင်းယီ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် လဲလှယ်မှုများ ဝင်လာခဲ့လေသည်။ ၎င်းတို့မှာ သူ အခမဲ့ငှားပေးခဲ့သော ငါးဖမ်းပိုက်များအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အုတ်မြစ်ကျောက်များ ပို့ပေးလာကြခြင်း ဖြစ်သည်။ ရှောင်းယီကလည်း အားလုံးကို လက်ခံလိုက်သည်။
ခေတ္တအကြာတွင် အန်းယွဲ့ ပြန်ရောက်လာပြီး ပြောလိုက်သည်။
“ရှောင်းယီ ရိက္ခာသေတ္တာ အားလုံး ၆၃ လုံး ဂိုဒေါင်ထဲ သယ်လာပြီးပြီ။ အားတဲ့အခါ သွားဖွင့်ကြည့်လိုက်ဦး။”
ထို့နောက် ရှောင်းယီ ဂိုဒေါင်သို့ သွားကာ အားလုံးကို ဖွင့်ကြည့်လိုက်သည်။
ရရှိသော ပစ္စည်းများမှာ အုတ်မြစ်ကျောက် ၇၈ ခု၊ မြားပုံစံခွက် ၁ ခုနှင့် အခြားသော အခြေခံကုန်ကြမ်းများ ဖြစ်သည်။
ရှောင်းယီသည် မြားပုံစံခွက်ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် အသုံးပြုလိုက်၏။ ယခုအခါ ထုတ်လုပ်မှုပုံစံမလိုဘဲ မြားများကို ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။
[မြား] လိုအပ်သော ကုန်ကြမ်း: မြားဝါး ၁ ၊ ကြေးနီ ၁ ၊ ကြက်ဖအမွှေး ၁ (မြားအချောင်း ၂၀ အတွက်)။
ထိုအခါရှောင်းယီသည် ဧည့်ခန်းသို့ ပြန်ဆင်းလာပြီး ယွမ်နွန်ကို မေးလိုက်သည်။
“လောင်ယွမ် မြားဝါးအကြောင်း သိလား။”
ယွမ်နွန်က ခေါင်းညိတ်ပြလိုက်သည်။
“သိတာပေါ့။ အဲဒီဝါးက အဆစ်သေးပြီး ဖြောင့်စင်းနေတတ်တယ်။ အပြင်သားကလည်း ချောမွတ်နေတော့ မြားလုပ်ဖို့ အကောင်းဆုံးပဲ။ ဒါပေမဲ့ ငါတို့ကျွန်းပေါ်က တောအုပ်ထဲမှာတော့ အဲဒီဝါးမျိုး မတွေ့မိသေးဘူး။”
“ကျုပ် မြားပုံစံခွက်တစ်ခု ရထားလို့ပါ။ အဲဒီဝါးကိုသာ အများကြီး စိုက်ပျိုးနိုင်ရင် မြားအတွက် စိုးရိမ်စရာ မလိုတော့ဘူး။”
ရှောင်းယီက ဆိုသည်။
“ဒါဆို တကယ် ကောင်းတာပေါ့။”
အန်းရန်က ဝမ်းသာအားရ ပြောလိုက်သည်။ သူမသည် လက်ရှိတွင် B အဆင့် လေးနှင့်မြားကို လေ့ကျင့်နေသူ ဖြစ်သည်။
အခန်း ၂၁၆ - မြားဝါးကို ရှာဖွေခြင်းနှင့် တရုတ်ဝါး (Phyllostachys-ဖိုင်လိုစတာခီ) ကို တွေ့ရှိခြင်း
“ဒါက ကောင်းပါတယ်။ ဒါပေမဲ့ မြားဝါးကို တကယ် ရှာတွေ့နိုင်မှ ဖြစ်လိမ့်မယ်။”
ရှောင်းယီက ကးကယ်ရာမဲ့နေသော အပြုံးဖြင့် ပြောရင်း မတ်တပ်ထရပ်ကာ အိပ်ခန်းဆီသို့ ဦးတည်လိုက်တော့သည်။
“ဂရုချက်ထဲမှာ တစ်ချက် မေးကြည့်လိုက်ဦးမယ်။”
ထို့နောက် ရှောင်းယီက ယီထျန်းဂရုချက်ထဲတွင် မေးမြန်းကြည့်လိုက်သည်။
“တစ်ယောက်ယောက်ရဲ့ ကျွန်းမှာ ဝါးအမျိုးအစား တစ်ခုခု ပေါက်နေတာ ရှိလား။”
တစ်နေ့တာ ရရှိသမျှကို စာရင်းများကို တွက်ချက်နေကြသော အသက်ရှင်ကျန်ရစ်သူများသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စကားဝိုင်းများ အရှိန်အဟုန်ဖြင့် ပြန်လည် ပွင့်ထွက်လာခဲ့ပြန်သည်။
“သူဌေးကြီးက ဝါးကို ဘာလုပ်ဖို့လဲ။”
“ဟုတ်တယ်။ ကျုပ် ကျွန်းက ၁၀ စတုရန်းမီတာပဲ ရှိတာ။ သစ်ပင်နည်းနည်းပဲ ရှိတယ်။ တခြား ဘာမှမရှိဘူး။”
“ကျုပ်ရဲ့ကျွန်းဆိုရင် ၁၀ စတုရန်းမီတာတောင် မပြည့်ဘူး။ အပိုပင်တွေ ပေါက်ဖို့ နေရာမရှိပါဘူး။”
“ကျုပ်ကျွန်းက ၃၀ စတုရန်းမီတာအထိ ရှိနေပြီ။ ဒါပေမဲ့ ပုံမှန်တွေ့နေကျ သစ်ပင်တွေပဲ ပေါက်နေတာ။ မျိုးစိတ်အသစ်တော့ မတွေ့သေးဘူး။”
“အမလေး..။ မင်းက လူကုံထံကြီးပဲ။ ကျွန်းက အကြီးကြီးပါလား။”
“လူကုံထံ မဟုတ်ပါဘူး။ ကံကောင်းသွားရုံပါ။ ယီရန်ပင်း သူဌေးကြီးနဲ့ ယှဉ်ရင်တော့ ကျုပ်ရဲ့ကျွန်းက အစအနလေးပဲ ရှိပါသေးတယ်။”
“ဒါနဲ့ စကားမစပ် ယီရန်ပင်း သူဌေးကြီးရဲ့ ကျွန်းက တကယ်တမ်း ဘယ်လောက်တောင် ကျယ်သလဲဆိုတာ ဘယ်သူသိလဲ။”
“အတိအကျတော့ မသိဘူး။ ဒါပေမဲ့ ၅၀၀ စတုရန်းမီတာထက်တော့ သေချာပေါက် ကျော်နေပြီ။”
“၅၀၀ တောင်လား။ သူက အုတ်မြစ်ကျောက်တွေ အများကြီး ဘယ်က ရတာလဲ။”
“ဟားဟား.. မင်းက သတင်းနောက်ကျနေတာပဲ။ ငါတို့ဇုန်က ယီရန်ပင်း သူဌေးကြီးက အဆင့်မြင့်အစားအစာတွေကို အုတ်မြစ်ကျောက်တွေနဲ့ အကြိမ်ကြိမ် လဲလှယ်ခဲ့တာ။ ငါ့တွက်ချက်မှုအရဆိုရင် သူ့ကျွန်းက ၅၀၀ ထက် အများကြီး ပိုကျယ်နိုင်တယ်။ သူ့အဖွဲ့သားတွေနဲ့ ခွဲဝေယူတယ်ဆိုရင်တောင် သူ့ရဲ့ ကိုယ်ပိုင်ဧရိယာက သေးမှာမဟုတ်ဘူး။”
“မင်းက ဘယ်လိုလုပ်ပြီး ဒီလောက် သေချာနေတာလဲ။”
“ရှင်းပါတယ်။ ကျွန်းက အတော်အတန် ကျယ်မှ ကျားတို့၊ ဝက်ဝံတို့လို တောရိုင်းတိရစ္ဆာန်တွေ ထွက်လာမှာလေ။ ကျွန်းသေးရင် ယုန်လို ကောင်လေးတွေပဲ ထွက်မှာပေါ့။”
“ဘာ...သူဌေးကြီးဆီမှာ ကျားတွေ ရှိတာလား။ သူက အစားခံရမှာ မကြောက်ဘူးလား။”
“မင်းက လူသစ်ပဲ ဖြစ်ရမယ်။ မူလဇုန်က လူတိုင်း သိကြတယ်။ သူဌေးကြီးရဲ့ အဖွဲ့က တောရိုင်းတိရစ္ဆာန်တွေကို မကြောက်ဘူး။ ယီရန်ပင်း သူဌေးကြီးက B အဆင့် ကျားသားနဲ့ ဝက်ဝံသားတွေကိုတောင် ရောင်းဖူးတယ်။”
“အာ.. သူက အဲ့လောက်တောင် ကြမ်းတာလား။ သူက B အဆင့် ကျားနဲ့ ဝက်ဝံတွေကိုတောင် ကိုင်တွယ်နိုင်တာလား။”
“ဒါက သူ့အတွက်တော့ အခြေခံ ကိစ္စလေးတွေပဲ။ အံ့သြနေစရာ မလိုပါဘူး။”
စကားဝိုင်း လမ်းကြောင်း လွဲချော်သွားသည်ကို မြင်သောအခါ ရှောင်းယီက ထပ်မံ စာရိုက်လိုက်ရသည်။
“ဝါးပေါက်တဲ့သူ ရှိရင် ကျုပ်ကို သီးသန့်စာ ပို့ပေးပါ။”
ယခုမှာ ညအချိန် ရောက်နေပြီ ဖြစ်သဖြင့် လူတိုင်းနီးပါး သူတို့၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များရှေ့တွင် ရှိနေကြပေသည်။ အကယ်၍ ယခုအချိန်အထိ မြားဝါး ရှိသူ မရှိသေးပါက ရရှိရန် အခွင့်အလမ်း အလွန်နည်းပါးပေလိမ့်မည်။
လူအများစုမှာ ရုက္ခဗေဒပညာရှင်များ မဟုတ်ကြသဖြင့် သူက “ဝါးအမျိုးအစား မည်သည့်အရာမဆို ရသည်” ဟု ယေဘုယျဆန်စွာ ပြောထားလိုက်၏။
“သူဌေးကြီးက ဝါးအိမ် ဆောက်မလို့လား။”
“မဖြစ်နိုင်တာ။ သူက ကျောက်တုံးအိမ်တွေကိုတောင် ရောင်းဖူးတာလေ။ သူ့အိမ်က အနည်းဆုံးတော့ ကျောက်တုံးအိမ်အဆင့်၊ ဒါမှမဟုတ် အဲ့ထက်တောင် ပိုကောင်းဦးမယ်။ ဘာခိုင်ခံ့မှုမှ မရှိတဲ့ ဝါးတဲဆို ဆောက်နေစရာ အကြောင်းမရှိဘူး။”
“ဘာ...။ သူက အိမ်တွေကိုတောင် ရောင်းခဲ့တာလား။ အမလေးနော်.. ကိုယ်ကတော့ ဘာမှမသိဘဲ ‘အမလေး’ လို့ပဲ အော်နေရတော့တာပဲ။”
“ငါတို့ဇုန်မှာ ‘ကံထူးရှင်’ က အကံကောင်းဆုံးလို့ ငါ ထင်ထားခဲ့တာ။ အခုတော့ သူ့ထက် ကံကောင်းတဲ့သူ ရှိနေသေးတာပဲ။”
“ ‘ကံထူးရှင်’ ဆိုတာ ဘယ်သူလဲ။”
“ကျုပ်ပါပဲ။ ကျုပ်က တောတွင်းရှင်သန်မှုမှာ ကျွမ်းကျင်တယ်လေ။ ဒါပေမဲ့ သူဌေးကြီးရဲ့ ကံကိုတော့ မမီသေးဘူး။”
ကံထူးရှင်ဆိုသည့် အိုင်ဒီပိုင်ရှင်က ပြန်ဖြေလိုက်သည်။
တောရိုင်းရှင်သန်မှု ပညာရပ်တွင် သူ့ကို မည်သူမျှ မကျော်နိုင်ဟု သူ ယုံကြည်ထားခဲ့သော်လည်း သူရရှိသည့် ထောက်ပံ့ရေးသေတ္တာများမှာမူ သာမန်မျှသာ ဖြစ်သည်။
ဤကမ္ဘာသည် ၎င်း၏ ကိုယ်ပိုင်စည်းမျဉ်းများအတိုင်း လည်ပတ်နေခြင်းပင်။ အသက်ရှင်သန်နိုင်စွမ်း ကျွမ်းကျင်မှုတစ်ခုတည်းနှင့် မလုံလောက်ဘဲ ကံတရားကလည်း အရေးပါလှသည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ ပစ္စည်းထုတ်လုပ်မှုစနစ်နှင့် သေတ္တာများသာ မရှိပါက သူသည် အားလုံးထက် ပိုမိုကြာရှည်စွာ ရှင်သန်နိုင်မည်ဟု ကံထူးရှင်က ယုံကြည်ထားသည်။
သူသည် ပင်လယ်ငါးများကို ဖမ်းဆီးရန် အကြိမ်ပေါင်းများစွာ ရေငုပ်ခဲ့ဖူး၏။ အများကြီး မရသော်လည်း သူ့ကိုယ်သူ ကျွေးမွေးရန်တော့ လုံလောက်ပေသည်။
တခြား ဘယ်သူက သူ့လို လုပ်နိုင်မှာလဲ။
“တခါတလေကျတော့ ကံတရားကလည်း စွမ်းအားတစ်မျိုးပဲဆိုတာ ဝန်ခံရမယ်။”
“လုံးဝသဘောတူပါတယ်။”
ကံထူးရှင်က တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။
[ဒင် သူစိမ်းတစ်ယောက်က စကားပြောလိုနေပါသည်။]
ရှောင်ယီ DM ကို ဖွင့်ကြည့်လိုက်ရာ ‘ဟော့ပေါ့ကိုချစ်တယ်’ ဟုအမည်ရှိသည့် အိုင်ဒီတစ်ခုက စာပို့ထားသည်ကို တွေ့လိုက်ရလေသည်။
“သူဌေးကြီး ကျုပ်ရဲ့ကျွန်းမှာ ဝါးတချို့ ထွက်ထားပါတယ်။ ယူမလား။ [တရုတ်ဝါး (Phyllostachys)] ၁။”
“ယူမယ်။ အပြန်အလှန်အနေနဲ့ မင်း ဘာလိုချင်လဲ။”
၎င်းမှာ သူလိုချင်သည့် မြားဝါး မဟုတ်သော်လည်း မျိုးစိတ်စုံလင်ခြင်းက အမြဲတမ်း ကောင်းမွန်ပေသည်။ နောင်တစ်ချိန်တွင် မည်သည့်အရာများ လိုအပ်လာမည်ကို မည်သူမှ မသိနိုင်ပေ။
“ရေနဲ့ အစားအစာ နည်းနည်းလောက်ပါပဲ။”
ဟေ့ပေါ့ကိုချစ်တယ်က ပြန်ဖြေလိုက်သည်။
“အခုချက်ချင်း တူးထားတာကိုပဲ လိုချင်တယ်နော်။”
ရှောင်းယီက ပြန်ပြောပြီး လဲလှယ်မှု ကမ်းလှမ်းချက်တစ်ခုကို ပေးပို့လိုက်လေသည်။
“[ကျိုချက်ထားသောရေ] ၂ လီတာ၊ [ပင်လယ်ငါး] ၅ ကီလိုဂရမ် - [တရုတ်ဝါး] ၁။”
ဟော့ပေါ့ကိုချစ်တယ်က ချက်ချင်း လက်ခံလိုက်သည်။
“ကျုပ် အခုလေးတင် တူးထားတာပါ။”
“ကောင်းပြီ။ တခြား ဝါးအမျိုးအစားတွေ ထပ်တွေ့ရင် ဆက်သွယ်လိုက်ပါဦး။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့။ ကျေးဇူးပါ သူဌေး။”
ဟော့ပေါ့ကိုချစ်တယ်က ဝမ်းသာအားရ ပြန်ပြောလိုက်သည်။
အရောင်းအဝယ် ပြီးဆုံးသွားသောအခါ ဟော့ပေါ့ကိုချစ်တယ်သည် ဂရုချက်ထဲ၌ သွားရောက် ကြွားဝါလေတော့သည်။
“ဟားဟား.. ငါ့ကျွန်းမှာ တရုတ်ဝါးတွေ ပေါက်လာလို့ သူဌေးဆီမှာ ရောင်းလိုက်တာ။ ဝါးတစ်ပင်တည်းနဲ့ ရေ ၂ လီတာနဲ့ ငါး ၅ ကီလိုဂရမ်တောင် ရလိုက်တယ် ဟားဟား။”
“ဝိုး.. သူဌေးလေးပဲ။ ဝါးပင်ပေါက်ရအောင် မင်းကျွန်းက ဘယ်လောက်တောင် ကြီးလို့လဲ။”
“၂၀ စတုရန်းမီတာ ဝန်းကျင်ပါပဲ။ မနေ့ကမှ ငါ့တဲအနောက်မှာ အညှောင့်လေးတွေ တွေ့ခဲ့တာ။ ဒီနေ့တော့ အတော်လေး ရှည်နေပြီ။”
“တခြား သစ်ပင်တွေကော ရှိသေးလား။”
“အများကြီးပဲ။ ဆောင်းရာသီတုန်းက အပြင် သိပ်မထွက်ဖြစ်တော့ သစ်ပင်တွေက နေရာအနှံ့ပဲ။ ကျွန်းတွေ ပေါင်းပြီးတဲ့နောက်မှာ ယီရန်ပင်းသူဌေးကြီးက သစ်ပင်တွေ မခုတ်ပစ်ဖို့ သတိပေးထားလို့ ဒီအတိုင်း ထားထားတာ။”
သူက ပြန်ဖြေသည်။
“ကံကောင်းလိုက်တဲ့ ကောင်။”
“အားကျလိုက်တာ...။ ငါ့ကျွန်းမှာကျ ဘာလို့ ဝါးမပေါက်တာလဲ။”
“ဟူး.. ငါ့ကျွန်းက ဘယ်တော့မှ ကြီးလာမှာလဲ မသိဘူး။ မနေ့ညက ပင်လယ်သတ္တဝါတွေကြောင့် အုတ်မြစ်ကျောက် ၂ တုံး ပျက်စီးသွားပြီ။”
“တကယ်ပဲ...။ အဲ့ဒီကောင်တွေက အောက်တန်းကျတယ်။ အုတ်မြစ်ကျောက်ကို လာကိုက်ကိုက်နေကြတာပဲ။”
“ဒီနေ့ညတော့ ငါ့ဆီ မလာပါစေနဲ့လို့ ဆုတောင်းမိတယ်။ ငါ ကောင်းကောင်း အိပ်ချင်သေးတယ်။”
“အိမ်မက်ပဲ မက်နေလိုက်တော့...။ အဲ့ဒီအကောင်တွေက နေ့ရောညပါ အချိန်မရွေး တိုက်ခိုက်နေတာ။”
“ကျွန်းကို တစ်ယောက်ယောက်နဲ့ မျှဝေနေရရင် ကောင်းမှာပဲ။ အလှည့်ကျ စောင့်ကြည့်လို့ ရတာပေါ့။”
“အကြံကောင်းပဲ.. ငါနဲ့လာပေါင်းမလား။ သတ္တိ ရှိလား။”
“တော်ပါပြီ.. ငါက သူရဲဘောကြောင်တယ်။ ဒီအတိုင်းပဲ ငြိမ်ငြိမ်လေး နေပါ့မယ်။”
“အဲ့ဒါပဲလေ.. အခွင့်အရေးပေးတော့လည်း သတ္တိက မရှိဘူး။ ကိုယ့်ဘာသာပဲ ရှာဖွေစားသောက်လိုက်ပါ သူငယ်ချင်း။”
“နေဦး.. စားဖို့သောက်ဖို့ ပြောမှ သတိရတယ်။ အများသုံး ချန်နယ်မှာ သူဌေးကြီး ရောင်းနေတဲ့ ချည်ကြမ်းအင်္ကျီကို မှတ်မိလား။ သူက အခု အင်္ကျီတွေကို အမြောက်အမြား ထုတ်လုပ်နိုင်နေပြီလား။”