အခန်း (၃၆၉-၃၇၀)
Vol. 37 Ch. 369-370
အခန်း။ ၃၆၉
ဂိုဏ်း၏ အရှေ့ဘက်နယ်နိမိတ်ရှိ ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် ခန့်ညားထည်ဝါသော အမျိုးသားတစ်ဦးသည် တရားထိုင်နေသည့် ဟန်ပန်ဖြင့် ငြိမ်သက်စွာ ရှိနေသည်။ သူ၏ ပတ်ဝန်းကျင်၌ စွမ်းအင်များမှာ ဝဲဂယက်သဏ္ဌာန် လှည့်ပတ်နေပြီး စက္ကန့်အနည်းငယ်ကြာတိုင်း သူ အသက်ပြင်းပြင်း ရှူထုတ်လိုက်သည့်အခါ ရွှေရောင်စွမ်းအင်များမှာ လေထုထဲတွင် တဖျတ်ဖျတ် တောက်ပသွားပြီးမှ ပျောက်ကွယ်သွားကြသည်။
သူ ကျင့်ကြံနေစဉ်မှာပင် လူတစ်ယောက်သည် သူ၏နောက်ကျောဘက်သို့ အသံမထွက်ဘဲ သာသာယာယာ ဆင်းသက်လိုက်သည်။ ထိုအမျိုးသားမှာ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သော်လည်း လှည့်မကြည့်ပေ။
"မင်း ရောက်လာပြီပဲ"
သူက တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျွန်တော် လာမယ်ဆိုတာ ခင်ဗျာ သိနေတာလား"
လျိုဖုန်းက အံ့အားသင့်စွာ မေးလိုက်သည်။
ချင်းလုံက အားရပါးရ ပြုံးလိုက်ရင်း သူ့ဘက်သို့ လှည့်ကြည့်ကာ "သိတာပေါ့... ငါနဲ့ မင်းက တစ်မျိုးတည်းသားတွေပဲ မဟုတ်လား" ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။
လျိုဖုန်းကလည်း ပြန်လည်ပြုံးပြရင်း "ကျွန်တော် နဂါးသွေးမျိုးဆက် ရှိတဲ့သူတွေကို အများကြီး မြင်ဖူးပါတယ်။ ဒါပေမဲ့ ခင်ဗျာနဲ့ ယှဉ်ရင်တော့ ဘာမှမဟုတ်ကြပါဘူး" ဟု ပြောလိုက်ရာ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင်လည်း ဝိညာဉ်စွမ်းအင်များ စတင်စုဝေးလာတော့သည်။
"ငါနဲ့ ဘယ်သူမှ ယှဉ်လို့မရတာ မဆန်းပါဘူး။ ငါက ငါ့သခင်ရဲ့ ဖန်တီးမှုပဲလေ"
ချင်းလုံက ဂုဏ်ယူစွာ ပြောလိုက်သည်။
"သခင်"
လျိုဖုန်း ခဏမျှ ကြောင်သွားမိသည်။ ဤမျှ အစွမ်းထက်သော သွေးမျိုးဆက် အရှိန်အဝါရှိသည့် နဂါးတစ်ဦးက တစ်စုံတစ်ယောက်ကို သခင်ဟု ဝန်ခံလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူ၏မျက်လုံးများမှာ နားလည်မှုများဖြင့် တောက်ပသွားတော့သည်။
"မသေမျိုးကို ပြောတာလား"
သူက မေးလိုက်သည်။
"မသေမျိုး ဟုတ်လား။ ငါ့သခင်ကို အဲဒီလို ရိုးရှင်းတဲ့ စကားလုံးမျိုးနဲ့ ဘယ်လိုလုပ် ဖော်ပြလို့ရမှာလဲ။ အပြင်က မသေမျိုးတိုင်းက ငါ့သခင်နဲ့ အဆင့်အတန်း တူတယ်လို့ မင်း ပြောချင်တာလား"
ချင်းလုံက မကျေမနပ် ဖြစ်သွားကာ ပြန်မေးလိုက်သည်။
"အာ... ကျွန်တော် စကားမှားသွားပါတယ်။ တောင်းပန်ပါတယ်"
လျိုဖုန်းက အလျင်အမြန် ပြန်ပြောလိုက်ရင်း "သြော်... သူ ဖြစ်နေတာကိုး" ဟုလည်း တွေးလိုက်မိသည်။
"ဟွန်း..."
ချင်းလုံက စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်တော့သည်။
"ကဲ... စလိုက်ကြရအောင်"
ချင်းလုံက ပြောလိုက်ပြီးနောက် တိုက်ပွဲဝင် အနေအထားသို့ ပြောင်းလဲလိုက်သည်။ သူ၏ အရှိန်အဝါများမှာ ခန္ဓာကိုယ်ပတ်လည်တွင် မီးလျှံများအလား ဟုန်းဟုန်းတောက်လောင်လာတော့သည်။
လျိုဖုန်းက သူ့ကို ကြည့်ပြီး တိုက်ပွဲဝင် အနေအထားသို့ လိုက်ပါပြင်ဆင်လိုက်သည်။
"တကယ့်ကို အစွမ်းထက်တဲ့ အရှိန်အဝါပဲ"
လျိုဖုန်းက တွေးလိုက်မိသည်။ ၎င်းမှာ ဝိညာဉ်စွမ်းအား သက်သက်မဟုတ်ဘဲ သွေးမျိုးဆက် စွမ်းအားနှင့်ပါ ရောယှက်နေခြင်း ဖြစ်သည်။ လျိုဖုန်း၏ သွေးမျိုးဆက်မှာ အဆင့်မြင့်သွေးအဆင့်မှာသာ ရှိပြီး ပြိုင်ဘက်မှာ သန့်စင်သောသွေးအဆင့်ဖြစ်သော်လည်း သူ၏ မသေမျိုးကျင့်စဉ်ကြောင့် သွေးမျိုးဆက် ဖိနှိပ်မှုကိုတော့ ရှောင်လွှဲနိုင်ပေလိမ့်မည်။ သို့သော်လည်း ထိုဖိနှိပ်မှုမရှိလျှင်ပင် သန့်စင်သော သွေးမျိုးဆက်၏ အနှစ်သာရမှာ မယုံနိုင်လောက်အောင်ပင် ပြင်းထန်လှသည်။
ထို့ပြင် ချင်းလုံထံမှ အခြားသော ခံစားချက်တစ်ခုကိုလည်း သူ ရရှိနေသည်။
ဤသည်မှာ သာမန်နဂါးတစ်ကောင် မဟုတ်ကြောင်း သူ သိမြင်လိုက်သည်။ သန့်စင်သော သွေးမျိုးဆက်များထဲတွင်ပင် ချင်းလုံ၏ သွေးမျိုးဆက် အနှစ်သာရမှာ အစွမ်းထက်ဆုံးထဲမှ တစ်ခု ဖြစ်ပေလိမ့်မည်။
"ဒါကတော့ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတော့မှာပဲ"
လျိုဖုန်းက တွေးလိုက်ရင်း သူ၏ အရှိန်အဝါများကိုပါ ထုတ်ဖော်လိုက်သည်။
သို့သော် ရုတ်တရက် အသံတစ်သံကို သူတို့ ကြားလိုက်ရသည်။
"မင်းတို့ ဘာတွေလုပ်နေကြတာလဲ"
လျိုဖုန်းက အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။
"လီမေ မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"
သူက မေးလိုက်သည်။
"ဘာလဲ... ငါ ဒီကို လာလို့မရဘူးလား"
သူမက ပြန်လည် ချေပလိုက်သည်။ ထို့နောက် အကြည့်ကို လွှဲလိုက်ပြီး "ငါက မင်းနောက်ကို လိုက်နေတာမျိုး မဟုတ်ပါဘူးနော်။ မင်း အမူအရာက တစ်မျိုးဖြစ်နေတာကို မြင်လို့... ငါက..." သူမ စကားကို ရုတ်တရက် ရပ်လိုက်ပြီး လျိုဖုန်းကို ဒေါသတကြီး ကြည့်လိုက်ပြန်သည်။
"ငါ ဘာလုပ်မိလို့လဲ"
လျိုဖုန်းက သူမ၏ အကြည့်ကို မြင်ပြီး တွေးနေမိသည်။ လီမိသားစုမှ မိန်းကလေးများအားလုံးမှာ တကယ့်ကို ရူးကြောင်ကြောင်နိုင်လှသည်ဟု သူ မှတ်ချက်ချလိုက်မိသည်။
"ဟွန်း..."
သူမက ကျယ်လောင်စွာ နှာခေါင်းရှုံ့လိုက်ပြီးမှ ဆက်ပြောသည်။
"ငါ လာတာက မင်းကို သတိပေးဖို့ပဲ။ ဘာမှ ထူးထူးဆန်းဆန်းတွေ လျှောက်မလုပ်နဲ့။ ဒါ ငါ့ဝမ်းကွဲညီမရဲ့ မင်္ဂလာပွဲပဲ။ မင်း တစ်ခုခု ဖျက်ဆီးလိုက်လို့ သူမ စိတ်မကွက်စေနဲ့"
ထိုစကားကို ကြားလိုက်ရသည့်အခါ လျိုဖုန်း တောင့်ခဲသွားတော့သည်။
ထို့နောက် သူ၏ စိတ်ကူးထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။ သူ၏ ဂိုဏ်းတစ်ခုလုံး မီးတောက်များအတွင်း ပျက်စီးနေပြီး လီယောင်းက ရူးသွပ်သော မျက်နှာအမူအရာဖြင့် "မင်း ငါ့မင်္ဂလာပွဲကို ဖျက်ဆီးခဲ့တာဆိုတော့... မင်းရဲ့ ဂိုဏ်းတစ်ခုလုံးကို ငါ သတ်ပစ်တာက တရားပါတယ် မဟုတ်လား" ဟု မေးနေသည့် မြင်ကွင်းပင်။
လျိုဖုန်းသည် သူ၏ခေါင်းကို အသည်းအသန် ခါယမ်းလိုက်သည်။ ထိုကဲ့သို့သော အဖြစ်ဆိုးမျိုးကို သူ လုံးဝ အဖြစ်မခံနိုင်ပေ။
"ငါ ဘာတွေ တွေးနေမိတာလဲ"
ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်လိုက်မိသည်။
သူ၏ ဝိညာဉ်အရှိန်အဝါများမှာ ချက်ချင်းပင် ငြိမ်ကျသွားပြီး ချင်းလုံကိုကြည့်ကာ အနေရခက်စွာဖြင့် ခေါင်းကုတ်လိုက်သည်။
"နောက်တစ်ခေါက်မှပဲ တိုက်ကြတာပေါ့"
သူတို့နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း ပြောထွက်လာကြသည်။
ချင်းလုံမှာလည်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်နေမိသည်။ သူသည် အတော်လေး ပေါ့လျော့သွားမိသည်ဟု တွေးလိုက်သည်။ ဤသည်မှာ သူ့သခင်၏ မင်္ဂလာပွဲဖြစ်ရာ ဤကဲ့သို့ ပြုမူရန် မသင့်တော်ပေ။ နဂါးတစ်ကောင်၏ ပင်ကိုယ်အသိစိတ်များက သူ့ကို တိုက်ပွဲဆင်နွှဲရန် တိုက်တွန်းနေပြီး အခြားနဂါးတစ်ကောင်ကို မြင်လိုက်ရသည့်အခါ သူ မထိန်းချုပ်နိုင်ခဲ့ခြင်းပင်။
...
တစ်ဖက်တွင်မူ ကျူးချွယ်မှာ အလွန်ပြင်းထန်လှသော ဝိညာဉ်ဖိအားကြောင့် မြေပြင်ပေါ်သို့ ဝပ်စင်းနေရဆဲပင်။
သူမသည် အစွမ်းကုန် ရုန်းကန်ရင်း သူမ၏ရှေ့တွင်ရှိသော လီယောင်းကို မြင်နိုင်ရန် မျက်လုံးကို ခဲရာခဲဆစ် မော့ကြည့်လိုက်ရသည်။
"ဒါ... ဒါက သခင်မလေးလား"
သူမ တွေးနေမိသည်။
သူမ၏ အရှိန်အဝါမှာ သခင်ကြီးနှင့် အတော်လေး ဆင်တူလှသည်။
မဟုတ်သေး... သခင်ကြီး၏ အရှိန်အဝါက ပို၍ပြင်းထန်သော်လည်း ယခုခံစားနေရသော ဖိအားမှာမူ ပို၍ပင် ကြောက်စရာကောင်းနေသည်။ သူမ လူသားအသွင်ဖြင့် ရှိနေပါက သေဆုံးနိုင်ခြေ ၉၉ ရာခိုင်နှုန်းကျော် ရှိလိမ့်မည်ဟု သခင်ကြီး သတိပေးခဲ့ခြင်း၏ အဓိပ္ပာယ်ကို သူမ ယခုမှ ကောင်းကောင်းသဘောပေါက်သွားတော့သည်။
"သခင်မလေး... ကျေးဇူးပြုပြီး နားထောင်ပေးပါဦး"
သူမက စတင်ပြောလိုက်သည်။
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူမကို ဖိနှိပ်ထားသော ပြင်းထန်သည့် ဖိအားမှာ သိသိသာသာ လျော့ပါးသွားတော့သည်။
"ဘာ... ဘယ်က သခင်မလေးလဲ။ အဲဒီလို ထူးထူးဆန်းဆန်းတွေ လျှောက်မပြောနဲ့"
လီယောင်းက တုန်ရီနေသော လေသံဖြင့် ပြန်ပြောလိုက်သည်။
"သခင်ကြီးရဲ့ ဇနီးသည်က သခင်မလေးပဲ မဟုတ်လား"
ကျူးချွယ်က ရှင်းပြလိုက်သည်။
ယခုအခါ ဖိအားမှာ လုံးဝနီးပါး ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ လီယောင်းမှာမူ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး သူမ၏ ဆံနွယ်များကို လက်ချောင်းများဖြင့် လိမ်ကျစ်ကစားရင်း "အင်း... ပြောရရင်တော့ ငါက အခုထိ သူ့ဇနီး မဟုတ်သေးပါဘူး" ဟု တိုးတိုးလေး ပြောလိုက်သည်။
"သခင်ကြီးက ကျွန်မကို သခင်မလေးကို လာကြိုခိုင်းတဲ့အချိန်မှာ ဇနီးသည်လို့ပဲ သုံးနှုန်းခဲ့တာပါ"
ကျူးချွယ်က ထပ်လောင်းပြောလိုက်သည်။
"တော်တော့... တော်တော့"
လီယောင်းက သူမ၏မျက်နှာတစ်ခုလုံး နီရဲနေလျက် လှမ်းတားလိုက်သည်။
သူမသည် တစ်ခဏချင်းမှာပင် ကျူးချွယ်၏ဘေးသို့ ရောက်ရှိသွားပြီး သူမကို မြေပြင်မှ ထူပေးလိုက်သည်။
"မင်းက လူဆိုးတစ်ယောက်မဟုတ်ဘူးဆိုတာ ငါကတော့ အစကတည်းက သိနေတာပါ"
လီယောင်းက ကျူးချွယ်၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။
"တကယ်ကြီးလား။ လွန်ခဲ့တဲ့ စက္ကန့်ပိုင်းလေးတင်ကပဲ ကျွန်မကို ရန်သူတော်ကြီးလို ကြည့်နေခဲ့တာ မဟုတ်ဘူးလား"
ကျူးချွယ်က စိတ်ထဲက ကြိတ်တွေးလိုက်သော်လည်း အပြင်ထုတ်မပြောရဲပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏သခင်မှာ သူ၏လက်အောက်ငယ်သားတစ်ဦးကို ဤမျှစောစောစီးစီး ဆုံးရှုံးသွားရခြင်းမျိုး မဖြစ်သင့်၍ပင်။
"တကယ်ကြီးလား"
သူမက ချီးကျူးမှုကို သဘောကျဟန်ဖြင့် ဟန်ဆောင်ကာ ပြန်မေးလိုက်သည်။
"တကယ်ပါ။ ငါ့ကို ယုံလို့ရပါတယ်"
လီယောင်းက သူမ၏ရင်ဘတ်ပေါ် လက်တင်ရင်း ရိုးသားလှပါသည်ဟူသော အမူအရာဖြင့် ပြောလိုက်သည်။
ထို့နောက် လီယောင်းက မျက်နှာကို ပြန်လည်တည်ကြည်အောင် ပြောင်းလဲလိုက်ပြီး ကျူးချွယ်၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
"ဒါပေမဲ့ ငါမကြိုက်တဲ့ အချက်တစ်ခုတော့ ရှိတယ်။ မင်း ဒါကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
လီယောင်းက ပြတ်သားစွာ ပြောလိုက်သည်။
ကျူးချွယ်မှာ ဘာများမှားသွားပြန်ပြီလဲဟု တွေးတောနေမိသည်။ လီယောင်း၏ မျက်နှာအမူအရာ ပြောင်းလဲမှုမှာ အလွန်ပင် မြန်ဆန်လှသည်။
"ကျေးဇူးပြုပြီး ပြောပြပေးပါ။ သခင်မလေး အလိုရှိတဲ့အတိုင်း ကျူးချွယ် လုပ်ဆောင်ပါ့မယ်"
သူမက ရိုသေသေဖြင့် ပြန်ပြောလိုက်သည်။
လီယောင်းသည် တစ်စုံတစ်ယောက်က နားထောင်နေသလားဆိုသည်ကို စိုးရိမ်တကြီးဖြင့် ဝေ့ဝဲကြည့်လိုက်သည်။ သူမ၏ဒေါ်လေး စောင့်ကြည့်နေသည်ကို မြင်လိုက်ရသည့်အခါ ရှက်သွေးဖြာသွားသည်။ ထို့နောက် သူမက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"မင်း ငါ့ခင်ပွန်းကို ခေါ်တဲ့အခါ တခြားပုံစံတစ်မျိုးနဲ့ ခေါ်သင့်တယ်"
ဤစကားကြောင့် ကျူးချွယ်ရော အကြီးအကဲဟွမ်ပါ နားမလည်နိုင်သော မျက်နှာများ ဖြစ်သွားကြသည်။
"ဟိုလေ... မင်းက သူ့ကို သခင်လို့ခေါ်နေပြီး... ငါကလည်း တစ်ခါတလေကျရင် သူ့ကို အဲဒီလို ခေါ်မိတဲ့အခါမျိုးမှာ... ရှုပ်ထွေးသွားမှာ စိုးလို့ပါ"
လီယောင်းက မျက်နှာတစ်ခုလုံး နီမြန်းလျက် ပြောလိုက်သည်။
"သခင်မလေးက သူ့ကို အဲဒီလို ခေါ်တတ်လို့လား"
ကျူးချွယ်က နားမလည်စွာ မေးလိုက်သည်။ သို့သော် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး သူမကိုယ်တိုင်လည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားတော့သည်။ "နားလည်ပါပြီ။ ဒါဆိုရင် နောက်ကို မူလဘိုးဘေးလို့ပဲ သုံးနှုန်းပါတော့မယ်"
အကြီးအကဲဟွမ်က ဘေးမှကြည့်ရင်း သူမကိုယ်တိုင်လည်း ရှက်သွေးဖြာနေမိသည်။
"ဒီကလေးတွေကတော့ တကယ့်ကို ကစားတတ်ကြတာပဲ။ ငါတို့လည်း တစ်ခါတလေကျရင်..."
သူမဘာသာ ရေရွတ်နေမိသည်။
အခန်း။ ၃၇၀
အပြာရောင်တိမ်တိုက်ဂိုဏ်းထက်တွင် အရုဏ်ဦးအလင်းတန်းများ ဖြာကျလာခဲ့ကာ အခြားသူများအတွက် ပုံမှန်နေ့တစ်နေ့ဟု ထင်ရသော်လည်း အပြာရောင်တိမ်တိုက်ဂိုဏ်းအတွက်မူ ယနေ့သည် အလွန်ထူးခြားသော နေ့တစ်နေ့ပင်။
ဂိုဏ်းသားများသည် စိတ်လှုပ်ရှားစွာဖြင့် ဝန်းရံလျက်ရှိသော ရင်ပြင်များအတွင်း ဟိုမှသည်းမှ ကူးလူးသွားလာနေကြပြီး အနီရောင် ပိုးထည်အလံများ၊ ဝိညာဉ်ပန်းများနှင့် တောက်ပသော မီးအိမ်များကို ကိုင်ဆောင်ကာ ပြင်ဆင်နေကြသည်။ ယနေ့သည် သာမန်နေ့တစ်နေ့ မဟုတ်ဘဲ သူတို့အားလုံး ဝိုင်းဝန်းအားပေးနေကြသည့် စုံတွဲဖြစ်သော အကြီးအကဲ ရှန်းယွီနှင့် ဂိုဏ်းချုပ် လီယောင်းတို့၏ မင်္ဂလာပွဲ ကျင်းပမည့်နေ့ပင်။
အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ခန်းမဆောင်ကြီးမှာလည်း ယခင်ကထက်ပင် ပိုမိုခမ်းနားစွာ အသွင်ပြောင်းလဲထားသည်။
ဧရာမ စက်ဝိုင်းပုံစံ ရင်ပြင်ကျယ်ကြီးအတွင်း၌ နူးညံ့သော ထိုင်ခုံတန်းများကို အလယ်ဗဟိုရှိ ခမ်းနားလှသော စင်မြင့်ပလ္လင်အနားတွင် သေသပ်စွာ စီစဉ်ထားရှိသည်။ အနီရောင် ပိုးထည်အလံများသည် လေပြည်အဝှေ့တွင် လွင့်ပျံနေကြပြီး ဝိညာဉ်ပန်းပွင့်ချပ်များမှာလည်း ကျောက်ခင်းလမ်းများပေါ်တွင် ရွှေရောင်နှင့် အနီရောင် ကော်ဇောကြီးအလား ဖုံးလွှမ်းလျက်ရှိသည်။
မင်္ဂလာစင်မြင့်မှာမူ ဖြူစင်သော ကျောက်စိမ်းဖြူဖြင့် ထုလုပ်ထားပြီး စက္ကန့်အနည်းငယ်ကြာတိုင်း ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသော ဝိညာဉ်ပန်းများဖြင့် တန်ဆာဆင်ထားသည်။
...
ရှန်းယွီသည် အိမ်ထက်စာလျှင် ရဲတိုက်ကြီးတစ်ခုနှင့် ပိုတူနေသော သူ၏ အိမ်သစ်ကြီးရှေ့တွင် ရပ်ကာ ခမ်းနားထည်ဝါမှုကို ငေးမောကြည့်ရှုနေမိသည်။
မကြာမီ လီယောင်းနှင့် သူ အတူတူနေထိုင်ရတော့မည့် ဤအိမ်ဂေဟာကို ကြည့်နေစဉ် တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို သူ အာရုံခံမိလိုက်သည်။
သူ ဘေးဘီကို ဝေ့ဝဲကြည့်လိုက်ရင်း "အချိန်တန်ပြီလား" ဟု တွေးနေမိသည်။
ဧည့်သည်ကို ဆီးကြိုရန် ပြင်ဆင်လိုက်စဉ်မှာပင် သူ၏ အရေပြားပေါ်တွင် ကြယ်တာရာမြေပုံကဲ့သို့ ထူးဆန်းသော ပုံရိပ်များ ပေါ်ထွက်နေသည်ကို သတိပြုမိလိုက်သည်။ သူသည် အဝတ်အစားအဖြစ် အသုံးပြုနေသော ဟင်းလင်းပြင်ပိုးထည်ကို ချက်ချင်းပင် ထုတ်ဖော်လိုက်သည်။ ထိုအဝတ်အစားများမှာ တုန်ခါသွားပြီးနောက် သူ၏ အရေပြားအတွင်းသို့ အရည်ပျော်ဝင်သွားသကဲ့သို့ ဖြစ်သွားတော့သည်။
ထို့နောက် သူ၏ တစ်ကိုယ်လုံးကို ထိုဟင်းလင်းပြင်ပိုးထည်များက ဖုံးလွှမ်းသွားပြီး ဒုတိယအရေပြားတစ်ခုအဖြစ် ဖန်တီးလိုက်သည်။
ဖြည်းဖြည်းချင်းပင် သူ၏ အရေပြားမှာ သာမန်လူသားတစ်ဦး၏ အသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားပြီး ထူးဆန်းသော အာကာသပုံရိပ်များမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည့်အခါ အရေပြားပေါ်ရှိ ပိုးထည်များမှာ ရေလှိုင်းများကဲ့သို့ လှုပ်ခတ်သွားပြီးနောက်၊ ရုတ်တရက် အပြင်ဘက်သို့ ပွင့်ထွက်လာကာ ခမ်းနားထည်ဝါလှသော မင်္ဂလာဆောင်ဝတ်စုံအဖြစ် ပြောင်းလဲကာ ဆင်မြန်းပေးလိုက်တော့သည်။
ထိုစဉ်မှာပင် အကြီးအကဲကောင်း ရောက်ရှိလာခဲ့ပြီး သူ၏ ပွဲတက်ဝတ်စုံမှာ လမ်းလျှောက်လိုက်တိုင်း တရှဲရှဲနှင့် အသံထွက်ပေါ်နေသည်။
"ဆရာ... ရောက်လာပြီပဲ"
ရှန်းယွီက ဦးညွှတ်ဂါရဝပြုရင်း ပြောလိုက်သည်။
အကြီးအကဲကောင်းက ချက်ချင်းပြန်မဖြေဘဲ ဖြည်းဖြည်းချင်း လျှောက်လာကာ သူ၏တပည့်ကို သေချာစွာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေမိသည်။
"ဒီကောင်လေးက တကယ်ကို အသင့်ဖြစ်နေတာပဲ"
သူ တွေးလိုက်မိသည်။ ရှန်းယွီတစ်ယောက် ကျင့်ကြံခြင်းတွင်သာ အာရုံရောက်နေပြီး ပြင်ဆင်မှုတွေ မပြီးသေးမှာကို သူ စိုးရိမ်နေခဲ့ခြင်းပင်။
သူ့တပည့်မှာ အမှန်တကယ်ပင် ရင့်ကျက်ကြီးပြင်းလာခဲ့ပြီဟု ဆိုရပေမည်။
အကြီးအကဲကောင်းက တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။ လွန်ခဲ့သော နှစ်လအတွင်း အရာအားလုံးမှာ အလွန်ပြောင်းလဲသွားခဲ့သည်။ ယခင်ကဆိုလျှင် ရှန်းယွီ အသင့်မဖြစ်သေးမှာကို သူ စိုးရိမ်ခဲ့ရသော်လည်း ၎င်းမှာ ပျင်းရိနေခြင်းကြောင့်သာ ဖြစ်ခဲ့သည်။ ယခုမူ ကျင့်ကြံခြင်းအပေါ် အလွန်အမင်း စွဲလမ်းလွန်းလှသဖြင့် ကျန်သောအရာများကို မေ့လျော့နေမည်ကိုသာ စိုးရိမ်နေရခြင်း ဖြစ်သည်။ ဤမျှအထိ ပြောင်းလဲသွားမှုကို သူ အံ့သြစွာဖြင့် ခေါင်းခါယမ်းလိုက်မိသည်။
သူသည် ရှန်းယွီအနားသို့ တိုးသွားပြီး ဝတ်စုံ၏ လည်ပတ်ကို ပြန်ပြင်ပေးခြင်း၊ အကျီတွန့်နေသည်များကို သပ်ရပ်အောင် လုပ်ပေးခြင်းတို့ ပြုလုပ်ပေးလိုက်သည်။ ထို့နောက် ဝတ်စုံပေါ်ရှိ ဖုန်စလေးတစ်ခုကို လက်ဖြင့် ခါထုတ်ပေးလိုက်ပြီး ကျေနပ်သည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ။ ဧည့်သည်တွေကို အကြာကြီး စောင့်မခိုင်းကြနဲ့ဦးစို့။ အချိန်ကလည်း အတော်လေး ကပ်နေပြီဆိုတော့"
သူက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
...
တစ်ဖက်တွင်မူ ဖီးနစ်တက်လှမ်းခြင်းခန်းမအတွင်း၌ လီယောင်းသည် ကြေးမုံပြင်ရှေ့တွင် ထိုင်နေပြီး အကြီးအကဲဟွမ်က သူမ၏ အသွင်အပြင်ကို အစွမ်းကုန် မွမ်းမံပြင်ဆင်ပေးနေသည်။
မင်္ဂလာဝတ်စုံမှာ ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ အနီရဲရဲ ပိုးထည်ပေါ်တွင် ဖီးနစ်ရုပ်ပုံလွှာများကို ထိုးထားပြီး အလင်းကျရောက်ပုံပေါ် မူတည်၍ ထိုပုံရိပ်များမှာ ကခုန်နေသကဲ့သို့ပင် ထင်မှတ်ရသည်။ ဝတ်စုံ၏ အထည်သားကို ဝိညာဉ်ပိုးထည်များဖြင့် ရက်လုပ်ထားသဖြင့် လောကပြင်ပမှ လှပသော အရာတစ်ခုအလား တဖျတ်ဖျတ် တောက်ပနေသည်။
သူမကို ကြည့်လိုက်သူတိုင်းမှာ သူမ၏ ကိုယ်ရေးကိုယ်တာကို မသိပါက ဧကရာဇ်မင်း၏ သမီးတော်တစ်ပါးဟုပင် ထင်မှတ်သွားကြပေလိမ့်မည်။
သို့သော် သူမကို သိကျွမ်းသူများအတွက်မူ...
"ခဏလေး ငြိမ်ငြိမ်နေပါဦးဟယ်"
အကြီးအကဲဟွမ်က လီယောင်းကို လက်တစ်ဖက်ဖြင့် ဖိထားရင်း ဆံပင်ပေါ်တွင် ကျောက်စိမ်းတန်ဆာများကို စနစ်တကျ ပြင်ဆင်ပေးရင်း အော်ဟစ်လိုက်သည်။
လီယောင်းက ပြုံးလိုက်ပြီး လှုပ်ရှားမှုကို ရပ်လိုက်သည်။ သူမ၏ လက်ကလေးများမှာ အနည်းငယ် တုန်ရီနေသည်ကို သူမ ခံစားနေရသည်။
လီယောင်းသည် လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်ကအထိ စနောက်ကျီစယ်နေခဲ့သော်လည်း ယခုမူ ဤအရာအားလုံးမှာ အမှန်တကယ် ဖြစ်ပျက်နေပြီဖြစ်ကြောင်းကို ရုတ်တရက် သဘောပေါက်လိုက်မိသည်။
ဤနေ့ရက်ကို အမှန်တကယ် ရောက်ရှိလာလိမ့်မည်ဟု သူမ ယုံကြည်နိုင်ရန်ပင် ခက်ခဲနေဆဲ ဖြစ်သည်။ ဂူဟန်မင်း၏ အကွက်ချစီစဉ်မှုများ၊ ဝူမင်ဂိုဏ်းတစ်ခုလုံး၏ နှောင့်ယှက်မှုများ၊ မိစ္ဆာများ၊ ထျန်းလင်း နှင့် အလယ်ပိုင်းတိုက်ကြီးမှ စိန်ခေါ်မှုများ စသည့် အခက်အခဲများစွာကို သူတို့ ကျော်ဖြတ်ခဲ့ကြကာ ရှေ့ဆက်ရမည့် လမ်းခရီးတွင် စိန်ခေါ်မှုများ ရှိနေဦးမည်ဖြစ်သော်လည်း သူမ စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများကို သူမ၏ ခင်ပွန်းနှင့်အတူ ရင်ဆိုင်ကျော်ဖြတ်သွားရမည် ဖြစ်သောကြောင့်ပင်။
သူမသည် လက်စွပ်ဝတ်ဆင်ရမည့် သူမ၏ လက်သူကြွယ်ကို ကြည့်ရင်း ထိုခံစားချက်မှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ ထိုသို့တွေးနေစဉ်မှာပင် သူမ၏ မျက်နှာမှာ ရုတ်တရက် တည်ကြည်သွားပြီး အံကြိတ်ကာ "ဂူဟန်မင်း..." ဟု ရေရွတ်
လိုက်သည်။
"ငါ အိမ်ထောင်ပြုတော့မယ်ဆိုရုံနဲ့ မင်းကို မေ့သွားမယ်လို့ တစ်စက္ကန့်လေးတောင် မတွေးနဲ့။ ဒီအငြိုးအတေးက မင်း အဝါရောင်မြစ်ထဲကို အကြိမ်ပေါင်း တစ်သန်းလောက် ခုန်ချရင်တောင် ဘယ်တော့မှ ဆေးကြောလို့ ရမှာမဟုတ်ဘူး"
"ဟဲဟဲ... မင်းရဲ့ အနံ့အသက်ကို ငါ အခုထိ မှတ်မိနေတုန်းပဲ။ ငါ့နှလုံးသားထဲက ဒီအမုန်းတရားတွေက မင်းရဲ့ နှလုံးသားကို ငါ့လက်နဲ့ ဆုပ်ခြေပြီး အသက်ကို နုတ်ယူနိုင်တဲ့အထိ ငြိမ်သက်သွားမှာ မဟုတ်ဘူး။ ပြီးရင် မင်းရဲ့ နောက်ဘဝတွေအထိ ငါ လိုက်စားပြီး... ငါနဲ့ စီနီယာအစ်ကိုတို့ မင်္ဂလာမဆောင်နိုင်ခဲ့တဲ့ စက္ကန့်တိုင်းအတွက် မင်းကို အကြိမ်ကြိမ် ပြန်သတ်နေဦးမှာ"
[...]
အကြီးအကဲဟွမ်က နောက်ဆုံးအဆင့်အနေဖြင့် ပါးလွှာသော အနီရောင် ဝိညာဉ်ပိုးထည် မျက်နှာဖုံးလေးကို တပ်ဆင်ပေးလိုက်သည်။
"ကဲ... ပြီးပြီ"
သူမက ပြောရင်း နောက်သို့ဆုတ်ကာ သူမ၏ လက်ရာကို ငေးမောကြည့်ရှုလိုက်သည်။
"ငါ့ရဲ့ လက်ရာနဲ့ဆိုရင်တော့... ဟို ခံစားချက်မရှိတဲ့ ရှန်းယွီတောင် မင်းဆီကနေ မျက်တောင်တစ်ခတ်စာတောင် အကြည့်လွှဲနိုင်မှာ မဟုတ်ဘူး"
...
မနက်ခင်း အလယ်ပိုင်းလောက်တွင် အရှေ့ဘက်ဒေသ တစ်ခုလုံးမှ ဧည့်သည်တော်များ စတင်ရောက်ရှိလာကြသည်။
လူတိုင်းကို အံ့အားသင့်စေသည်မှာ အရှေ့ဘက်တိုက်ကြီး၏ ပြင်ပမှ ဧည့်သည်များပင် ရောက်ရှိလာကြသည်။ အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက်နှင့် အင်အားကြီးမားလှသော အလယ်ပိုင်းတိုက်ကြီးမှ လူများပင် မင်္ဂလာပွဲသို့ တက်ရောက်ရန် ရောက်ရှိလာကြသည်။
အလယ်ပိုင်းတိုက်ကြီးမှ ရောက်ရှိလာသူများမှာ အထွတ်အမြတ်နယ်မြေ၏ ဂိုဏ်းချုပ်များကဲ့သို့ ထိပ်တန်းပုဂ္ဂိုလ်များ မဟုတ်ကြသော်လည်း အရေးပါသောသူများ ဖြစ်ကြသည်။ အများစုမှာ အလယ်ပိုင်းတိုက်ကြီး၏ အင်အားကြီး မိသားစုကြီး ၁၀ ခုမှ စေလွှတ်လိုက်သော ကိုယ်စားလှယ်များ ဖြစ်ကြပြီး ရုတ်တရက် နာမည်ကြီးလာသော ဤဂိုဏ်းငယ်လေးမှာ အမှန်
တကယ်ပင် တန်ဖိုးရှိမရှိ လာရောက် စူးစမ်းကြခြင်း ဖြစ်သည်။
ထို့ပြင် အထွတ်အမြတ်နယ်မြေများမှ သူလျှိုများလည်း ရောက်ရှိနေကြသည်။ အပြာရောင်
တိမ်တိုက်ဂိုဏ်း၏ ထောက်လှမ်းရေးကွန်ရက်မှာ သူတို့ကို သိရှိပြီးသား ဖြစ်သော်လည်းအကြီးအကဲ ရှန်းယွီ၏ အမိန့်အရ ဝင်ခွင့်ပေးထားခြင်း ဖြစ်သည်။ ရှန်းယွီအနေဖြင့် သူတို့မှာ အင်အားကြီးသူများ မဟုတ်ကြောင်း အာရုံခံမိသဖြင့် ခွင့်ပြုထားခြင်းဖြစ်ပြီး သတင်းအချက်အလက် ပေါက်ကြားမည်ကိုလည်း သူမစိုးရိမ်ပေ။ အမှန်တကယ်တော့ သူက သတင်းများကို တမင်တကာ ပေါက်ကြားစေချင်နေခြင်းပင်။
အပြာရောင်တိမ်တိုက်ဂိုဏ်း၏ အချို့သော ဝိညာဉ်ကြောနေရာများတွင် မသေမျိုးစွမ်းအင်များ ပေါက်ကြားနေသည့် နေရာအချို့ ရှိသည်။ ရှန်းယွီသည် ထိုနေရာတစ်ခုတွင် ဖုံးကွယ်ထားသော အစီရင်ခံကို ဖယ်ရှားထားလိုက်ပြီး ထိုသူလျှိုများထဲမှ တစ်ယောက်ယောက်က ဤမသေမျိုးစွမ်းအင်ကို အာရုံခံမိသွားကာ သူတို့၌ မသေမျိုး ရတနာများ ရှိနေသေးသည်ဟု အထင်မှားသွားစေရန် မျှော်လင့်နေခြင်းပင်။
ဤအကြံအစည်မှာ အမှန်တကယ် အလုပ်ဖြစ်မဖြစ်ကိုမူ သူကိုယ်တိုင်လည်း မသေချာသေးပေ...