အခန်း (၃၇၇-၃၇၈)
Vol. 37 Ch. 377-378
အခန်း။ ၃၇၇
ရှန်းယွီက ထိုနှစ်ဦးအပေါ်သို့ ကြီးထွားမှုအရှိန်မြှင့်တင်စနစ်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏ စွမ်းအင်များမှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာတော့သည်။
သူတို့သည် အရှင်သခင်၏ ကောင်းချီးကို ခံယူရင်း ယခင်ကထက် ပိုမိုနက်ရှိုင်းစွာ ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။ သူတို့၏ အရှင်သခင်မှာ တကယ့်ကို ထူးဆန်းအံ့ဩဖွယ်ကောင်းလှသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သူတို့ ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က အဆတစ်ရာရှိခဲ့သော ကြီးထွားနှုန်းမှာ ယခုအခါ အဆနှစ်ရာကျော်အထိ မြင့်တက်သွားသောကြောင့်ပင်။
ဤကဲ့သို့သောအရာကို ဤမျှလောက် လွယ်ကူစွာ လုပ်ဆောင်နိုင်သူမှာ သူတို့အရှင်သခင် တစ်ဦးတည်းသာ ရှိပေလိမ့်မည်။
သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို ကြည့်မည်ဆိုလျှင် လွန်ခဲ့သောတစ်ရက်ကမှ ရွှေရောင်
အမြုတေနယ်ပယ်သို့ စတင်ဝင်ရောက်ခဲ့သော်လည်း ယခုအခါ အလယ်အလတ်အဆင့်သို့ပင် ရောက်ရှိလုနီးပါးပင်။
“အရှင်သခင်ကို ကျေးဇူးတင်ရှိပါတယ်”
သူတို့က တစ်ပြိုင်နက်တည်း ဆိုကြသည်။
ရှန်းယွီကမူ ဂရုမစိုက်ဟန်ဖြင့် လက်ကိုဝှေ့ယမ်းပြကာ “မင်းတို့နေရာ မင်းတို့ပြန်ကြတော့” ဟု အမိန့်ပေးလိုက်သည်။
“ငါတို့အရှင်သခင်က တကယ့်ကို ထူးခြားတာပဲ။ ဒီလောက်ကြီးမားတဲ့ စွမ်းဆောင်ချက်မျိုးကိုတောင် ဘာမှမဟုတ်သလို သဘောထားနိုင်တယ်”
သူတို့က စိတ်ထဲမှ ကြိတ်၍ ချီးကျူးနေကြသည်။ သူတို့ လှည့်အထွက်တွင် ရှန်းယွီ၏ အသံက သူတို့ကို တားဆီးလိုက်သည်။
“နေဦး”
သူတို့နှစ်ဦး ချက်ချင်း ပြန်လှည့်ကြည့်လိုက်ကြသည်။
“ချင်းလုံ”
“ဟုတ်ကဲ့ပါ အရှင်”
ချင်းလုံက ကိုယ်နေဟန်ထားကို တည့်မတ်လိုက်ရင်း ပြန်ထူးလိုက်သည်။
“မင်း ရှုံးနိမ့်သွားတာကို ငါစိတ်မရှိဘူး။ ဒါပေမဲ့ ငါ့မျက်နှာပျက်အောင်တော့ မလုပ်နဲ့”
ရှန်းယွီက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ချင်းလုံမှာ မှင်တက်သွားခဲ့သည်။
"ငါ့ရဲ့ အရှင်သခင်က ဘာကို ဆိုလိုချင်တာလဲ။ ရလဒ်ကို ကြိုတင်သိနေတယ်လို့ ပြောချင်တာလား။ ငါက... ငါက ဒီလောက်အောက်တန်းကျတဲ့ လူသားကို ရှုံးနိမ့်ရမယ်လို့လား"
နဂါးဖြစ်သူမှာ စိတ်ပျက်အားမလိုအားမရဖြစ်ကာ အံကြိတ်လိုက်မိသည်။
"ဒါက မဖြစ်နိုင်တာ... အရှင်သခင် တစ်ခုခု မှားနေတာပဲ ဖြစ်ရမယ်"
သူသည် ရှန်းယွီ၏ မျက်နှာအမူအရာကို အသေအချာ အကဲခတ်ကြည့်လိုက်သည်။ အရှင်သခင်က သူ့ကို ပိုမိုနက်ရှိုင်းသော အရာတစ်ခုအတွက် သတိပေးနေတာများလား။
သွေးမျိုးဆက်တစ်ခုတည်းက အရာရာမဟုတ်ကြောင်းနှင့် သူ၏ ကျင့်ကြံခြင်းတိုးတက်မှုကို လျစ်လျူမရှုသင့်ကြောင်း အရှင်သခင်က သူ့ကို သင်ခန်းစာပေးနေခြင်းပင်။
“အရှင်သခင်ရဲ့ သွန်သင်မှုကို နှလုံးသွင်းပါ့မယ်”
ထိုသို့ ကြွေးကြော်ကာ ချင်းလုံသည် မြေကြီးပေါ်သို့ ဦးခေါင်းနှင့် အားပါပါစောင့်၍ ဂါရဝပြုလိုက်ရာ သူ၏အောက်ရှိ မြေပြင်မှာပင် အက်ကွဲသွားတော့သည်။
“တောက်... ငါ အခုတင် ပြင်ထားတဲ့ မြေကြီးကို”
ရှန်းယွီက စိတ်ထဲမှ ကြိတ်၍ ဆဲလိုက်မိသည်။
သူသည် စိတ်ပျက်လက်ပျက်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ ပြောချင်သည်မှာ ချင်းလုံအနေဖြင့် အကောင်းဆုံးကြိုးစားရန်နှင့် နိုင်ခြင်း၊ ရှုံးခြင်းကို စိတ်မပူရန်သာ ဖြစ်သည်။
ဒါပေမဲ့ ဘာလို့ ငါခုလေးတင်ပြင်ထားတဲ့ မြေကြီးကို ဖျက်ဆီးပစ်ရတာလဲ။
“မင်းတို့ကို နောက်တစ်ခါ အကြံပေးမိရင် ငါ့ကို သတ်လိုက်တော့”
သူ တွေးလိုက်မိသည်။
ချင်းလုံ ထွက်ခွာသွားပြီးနောက် ကျူးချွဲတစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး ရှန်းယွီကို စိုးရိမ်တကြီး ကြည့်နေသည်။
ရှန်းယွီက သူမထံမှ ဘာကို လိုချင်နေတာလဲဟု သူမ တွေးတောနေမိသည်။ မင်္ဂလာဦးညတွင် သခင်မလေးက သူ့ကို စိတ်ကျေနပ်အောင် မလုပ်ဆောင်ပေးနိုင်သဖြင့် ယခု သူမကိုပါ အလုပ်အကျွေးပြုစေလိုခြင်းလား။ သခင်မလေးက သူမအပေါ် အလွန်ယုံကြည်ထားပါလျက်နှင့် ဤကဲ့သို့ တွေးမိသည့်အတွက် သူမကိုယ်သူမ အရှက်ရကာ ခေါင်းကို အမြန်ခါယမ်းလိုက်သည်။
“မင်းက ဘာလို့ ဒီပုံစံနဲ့ ဖြစ်နေရတာလဲ”
ရှန်းယွီက မေးလိုက်သည်။ သူ၏ အနားတွင် ရှိနေချိန်တွင် သူမ၏ ဖီးနစ်ငှက်ပုံစံဖြင့်သာ နေရန် သူ မှာကြားထားဖူးသည်။ သူမက သူ၏ သတိပေးချက်ကို မကြားချင်ယောင်ဆောင်နေခြင်းပင်။
“ဟို... သခင်မလေးက ဒီအတိုင်းနေလည်း ရတယ်လို့ ပြောလို့ပါ”
ကျူးချွဲက မဝံ့မရဲ ပြန်လည်ဖြေကြားခဲ့သည်။
“သူက အဲ့ဒီလို ပြောတယ် ဟုတ်လား”
ရှန်းယွီမှာ အံ့အားသင့်သွားရသည်။
လီယောင်းက တကယ်ပဲ ဒီလိုပြောတာလား။
ကျူးချွဲက ဟုတ်မှန်ကြောင်း ခေါင်းငြိမ့်ပြသည်။
“နားလည်ပြီ”
ရှန်းယွီက စဉ်းစားဟန်ဖြင့် ရေရွတ်လိုက်သည်။ ကျူးချွဲ ပြောဆိုပုံကို ကြည့်ရခြင်းအားဖြင့် သူတို့နှစ်ဦးမှာ တော်တော်ပင် ရင်းနှီးနေကြပုံရသည်။ ထိုသို့ မည်သည့်အချိန်က ဖြစ်သွားသည်ကို သူ သိချင်မိသွားသည်။
“မိန်းကလေးတွေက ဒီလောက်အထိ မြန်မြန်ဆန်ဆန် အဆင်ပြေသွားတတ်ကြတာလား”
သူ တစ်ကိုယ်တည်း တွေးတောနေမိသည်။
ဒါဟာ တကယ်တော့ ကောင်းတဲ့အချက်လည်း ဖြစ်နိုင်ပါတယ်။
လီယောင်းသည် အလွန်အမင်း အစွမ်းထက်လွန်းလှသဖြင့် သူမနှင့် သက်တူရွယ်တူများမှာ သူမကို သူငယ်ချင်းတစ်ယောက်ကဲ့သို့ မဆက်ဆံနိုင်ကြတော့ပေ။ ထို့အပြင် သူမက ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေခြင်းကလည်း သူငယ်ချင်းဖွဲ့ရန် ပိုမိုခက်ခဲစေသည်။ သူကိုယ်တိုင်လည်း ထိုသို့သော အခြေအနေမျိုးတွင် ရှိနေသော်လည်း တစ်ကိုယ်တည်းဖြစ်နေခြင်းကို သူ သိပ်ဂရုမစိုက်ပေ။
သူ အလေးထားသည်မှာ ကျင့်ကြံခြင်း... ပြီးတော့ သူ့ဇနီး... သူ့တပည့်တွေ... ပြီးတော့ ဂိုဏ်း...
သူ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ တကယ်တော့ သူလည်း အရာများစွာကို ဂရုစိုက်နေမိတာပဲ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လီယောင်းမှာ သူငယ်ချင်းရှိသွားခြင်းက ကောင်းမွန်သောအချက်ပင်။
ထိုသူငယ်ချင်းများက သူမကို လောကကြီးအပေါ် အမြင်သစ်ဖြင့် ကြည့်မြင်နိုင်အောင် ကူညီပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်။ သူ လေ့လာမိသလောက်ဆိုလျှင် လီယောင်းသည် လောကကြီးနှင့် အနည်းငယ် ကင်းကွာနေပုံပင်။ ပါရမီရှင်များအဖို့ အခြားသူများနှင့် မသက်ဆိုင်သလို ခံစားရခြင်းမှာ သဘာဝဖြစ်သော်လည်း သူမအတွက်မူ ထိုထက်မက ထူးခြားနေသည်။ သူမသည် ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားလျှင်ပင် ဂရုစိုက်မည့်သူ မဟုတ်ဘူးဟု သူ ခံစားနေရသည်။ သူမအတွက် ဂရုစိုက်ရမည့်သူများ ပိုမိုရှိလာခြင်းက လောကကြီးနှင့် ပိုမိုနီးကပ်လာစေရန် ကူညီပေးနိုင်လိမ့်မည်ဟု သူ တွေးမိသည်။
“အား... ဘာလို့ ငါက ရုတ်တရက်ကြီး မိဘတစ်ယောက်လို ခံစားနေရတာလဲ။ တောက်... ငါက အသက် ၃၀ ပဲ ရှိသေးတာကို”
ရှန်းယွီက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။ ဤဘဝနှင့်ပါ ပေါင်းလိုက်လျှင် သူသည် ယခု အသက် ၄၉ နှစ် ရှိပြီဖြစ်ကာ ၅၀ ပြည့်ရန် တစ်နှစ်သာ လိုတော့သည်။
သူသည် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ကုတ်နေမိသည်။
ကျူးချွဲကမူ သူမ၏ အရှင်သခင် ဘာဖြစ်နေတာလဲဟု သိချင်စိတ်ဖြင့် ကြည့်နေမိသည်။ ယနေ့ သူ၏ အမူအရာမှာ တော်တော်ပင် ထူးဆန်းနေသည်။
သူမ၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို မြင်သောအခါ ရှန်းယွီက ချောင်းတစ်ချက် ဟန့်
လိုက်သည်။
“ဒါကို ယူသွားလိုက်”
တောက်ပနေသော သွေးမျိုးဆက် အနှစ်သာရ နှစ်ခုကို သူမထံသို့ ကမ်းပေးလိုက်သည်။
“ဒါက ဖီးနစ် သွေးမျိုးဆက် အနှစ်သာရပဲ။ ငါ့ရဲ့ ဒေါ်လေးကို ပေးလိုက်ပါ”
ရှန်းယွီက ရှင်းပြသည်။
“မင်းတို့ နှစ်ယောက်စလုံးက ဆင်တူကြမှာမို့လို့ အဆင်ပြေပြေ နေကြလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်”
သူ့စကားကို သူမ ခေါင်းငြိမ့် ထောက်ခံလိုက်သည်။
“နောက်တစ်ခုကတော့... အင်း...”
ရှန်းယွီ၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားခဲ့သည်။
“ဒါကို တောင်းရမ်းတဲ့ လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ။ ငါ့ရဲ့ ယောင်းမကို ပေးလိုက်ပါ”
သူ၏ အမူအရာကို မြင်သောအခါ သူမက နွေးထွေးစွာ ပြုံးလိုက်ပြီး “ကျွန်မ နားလည်ပါပြီ။ ဒါကို ကျွန်မဆီမှာပဲ စိတ်ချလိုက်ပါ” ဟု ပြောလိုက်သည်။
ထို့နောက် ရှန်းယွီက သူမကို ပြန်ခွင့်ပေးလိုက်ရာ သူမမှာ ပျံသန်းထွက်ခွာသွားတော့သည်။
သူမ ဝေးရာသို့ ပျံသန်းသွားသည်ကို ကြည့်ရင်း သူ၏ အကြံမှာ တော်တော်ပင် ထက်မြက်သည်ဟု ရှန်းယွီ တွေးနေမိသည်။ သူ၏ ယောင်းမကို နဂါးသွေးမျိုးဆက် အနှစ်သာရ ပေးလိုက်ခြင်းကပင် လုံလောက်လှပြီဖြစ်ရာ အခြားသော အရင်းအမြစ်မျိုးစုံကို ပေးနေရန် မလိုတော့ပေ။
အတန်ကြာမှ သူ ခေါင်းခါယမ်းလိုက်မိသည်။
သူက ဒီလောက်အထိ ကြွယ်ဝချမ်းသာနေနာတောင် ဘာလို့ ဒီလောက်အထိ ကပ်စေးနှဲနေရတာလဲ။
သူ သက်ပြင်းချလိုက်မိသည်။
နောက်မှ ဆေးပင်အချို့ကို ရိတ်သိမ်းပြီး သူမထံ ကိုယ်တိုင်သွားရောက် ပေးအပ်ရန် သူ ဆုံးဖြတ်လိုက်သည်။ သူမအတွက် ရတနာတစ်ခုခုကိုလည်း ဖန်တီးပေးသင့်သည်။ သူမကဲ့သို့သော သူတစ်ဦးအတွက် ခုခံရေး သို့မဟုတ် ထွက်ပြေးလွတ်မြောက်ရေး ရတနာတစ်ခုခုဆိုလျှင် ပိုကောင်းလိမ့်မည်ဟု သူ တွေးမိသည်။
ကောင်းကင်ဘုံ တောင်ထိပ်ရှိ ဂိုဏ်းချုပ်ရုံးခန်းအတွင်းတွင် ဒေါသထွက်နေသော ဟွမ်ဖုန်းချီသည် အစီရင်ခံစာ မှတ်တမ်းပေါင်း ထောင်ချီကို ဖတ်ရှုနေရသဖြင့် အလုပ်များနေသည်။ သူမ အလုပ်လုပ်နေရင်းနှင့် ဒေါသမှာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။
“ရှန်းယွီ... လီယောင်း... နင်တို့ ကလေးမလေးတွေ”
သူမက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“နင်တို့ရဲ့ ကိုယ်ဝန်ဆောင် ဒေါ်လေးကို ဒီလောက်အထိ အလုပ်တွေ ပိအောင် လုပ်ရက်ကြတယ်ပေါ့လေ”
သူမက အော်ပြောလိုက်သည်။
သူမသည် စားပွဲကို လက်ဖြင့် ရိုက်လိုက်ရင်း ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။
“နင်တို့ ဒီနေ့ မင်္ဂလာဆောင်တာကို ငါ ဂရုမစိုက်ဘူး။ ငါ့ကို ဒီလိုလုပ်ရဲတယ်ပေါ့ လူကြီးတွေကို ဘယ်လို ဆက်ဆံရမလဲဆိုတာ နင်တို့ကို သင်ခန်းစာ ပေးရဦးမယ်”
သူမ ဒေါသတကြီး ဖြစ်နေစဉ်မှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။ သူမ သက်ပြင်းချကာ ပြန်ထိုင်လိုက်ရင်း “ဝင်ခဲ့ပါ” ဟု ပြောလိုက်သည်။
ကျူးချွဲ အခန်းထဲသို့ ဝင်လာသည်။
“မင်းကိုး”
ဟွမ်ဖုန်းချီက ပြောကာ သူမကို စိတ်ဝင်တစား ကြည့်လိုက်သည်။
“အရှင်သခင်က ဒါကို ပေးခိုင်းလိုက်လို့ပါ။ အရှင်နဲ့ သခင်မလေးကို အမြဲတမ်း ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတုံ့ပြန်တဲ့ လက်ဆောင်ပါ”
ကျူးချွဲက ပြောကာ ဖီးနစ် သွေးမျိုးဆက် အနှစ်သာရကို ကမ်းပေးလိုက်သည်။
“အရှင်သခင် ဟုတ်လား အဲ့ဒီ ရှန်းယွီဆိုတဲ့ ကောင်လေးကို ပြောတာလား”
သူမက ပြောကာ လက်ဆောင်ကို လှမ်းယူလိုက်သည်။
“ဟွန့်... ဒီကလေးက သူ့ဒေါ်လေးကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာ မှတ်မိနေသေးတာပဲ”
သူမ စိတ်ထဲမှ တွေးလိုက်မိသည်။
ရှန်းယွီက အကြီးအကဲကောင်းကို သူ့ဖခင်ကဲ့သို့ သဘောထားသည်ဖြစ်ရာ သူသည် သူမ၏ သားအရင်းကဲ့သို့ပင်။
“ကဲကဲ... ငါလည်း ဂိုဏ်းချုပ်ဆီကို သွားပြီးတော့ တောင်းရမ်းတဲ့ လက်ဆောင်တွေ ထပ်တောင်းရဦးမယ် ထင်တယ်”
သူမက တဟီးဟီး ရယ်မောရင်း တွေးနေတော့သည်။
အခန်း။ ၃၇၈
အကြီးအကဲဟွမ်သည် ထိုအနှစ်သာရကို လက်ခံရရှိချိန်တွင် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
"ဒါက... မဖြစ်နိုင်တာ"
သူမ ရေရွတ်လိုက်မိသည်။ သူမ ထင်ထားသလိုမျိုး ဖြစ်ရန်မှာ လုံးဝ မဖြစ်နိုင်ဟု ယူဆထားသောကြောင့်ပင်။
သန့်စင်သော သွေးအဆင့်ရှိ ဖီးနစ်သွေးမျိုးဆက် အနှစ်သာရလား။ ရှောင်ယုက ဒီလိုအရာမျိုးကို ဘယ်လိုများ ရခဲ့တာလဲ။
သူမ သိချင်စိတ် ပြင်းပြနေမိသည်။
မဟုတ်သေးဘူး။ ရှောင်ယုလို့ ခေါ်မိတာက ငါ့ရဲ့ အကြီးမားဆုံး အမှားပဲ။ ငါက ဘယ်လိုလုပ်ပြီး သူ့ကို သားအရင်းတစ်ယောက်လို တွေးမိရတာလဲ။
အခု လက်ရှိအမှန်တရားကတော့ သူက ငါတို့အားလုံးရဲ့ ဘိုးဘေးတစ်ဦးပဲ။ ငါ့ရဲ့ ရိုသေမှုကို ပြန်လည်စုစည်းပြီး သူ့ကို ထိုက်တန်တဲ့ ဂုဏ်ပုဒ်နဲ့ ဆက်ဆံရမယ်။
ကျူးချွဲသည် အကြီးအကဲဟွမ်၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ပြီး ပြုံးလိုက်သည်။ "အကြီးအကဲ သွေးမျိုးဆက်ကို သန့်စင်နေစဉ်အတွင်း ကျွန်မ စောင့်ရှောက်ပေးပါ့မယ်"
သူမက ပြောလိုက်သည်။
"တကယ်လား သိပ်ကို လိမ္မာတဲ့ ကောင်မလေးပဲ"
အကြီးအကဲဟွမ်က ပြောလိုက်သည်။ ထို့နောက် သူမက နှုတ်ခမ်းကို တစ်ချက်သပ်လိုက်ပြီး "ဟွန့်... အဲ့ဒီ လီယောင်းဆိုတဲ့ ကောင်မလေးက မင်းလိုပဲ လိမ္မာမယ်ဆိုရင် သိပ်ကောင်းမှာပဲ။ သူ သိတာက သူ့ရဲ့ ကိုယ်ဝန်ဆောင် ဒေါ်လေးကို အလုပ်တွေ ပိအောင် ခိုင်းဖို့ပဲ။ ဟင်း... ဘိုးဘေးယုကတောင် လူကြီးသူမကို ဘယ်လို ရိုသေရမလဲဆိုတာ သိသေးတယ်"
သူမက စတင်၍ ညည်းတွားတော့သည်။
"ဘိုးဘေး"
ကျူးချွဲက ဇဝေဇဝါဖြစ်ကာ မေးလိုက်သည်။
"အဟမ်း... ငါ အခု သန့်စင်ခြင်းကို စတင်တော့မယ်။ ကျေးဇူးပြုပြီး စောင့်ရှောက်ပေးပါဦး"
သူမသည် တရားထိုင်သည့် ပုံစံဖြင့် ထိုင်လိုက်သည်။
သွေးမျိုးဆက် အနှစ်သာရမှာ အကြီးအကဲဟွမ်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည့်
အခါ သူမ၏ မူလဖီးနစ်သွေးမျိုးဆက်မှာ တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။
ဒါက ဘာတွေ ဖြစ်နေတာလဲ။ နှစ်ခုစလုံးက ဖီးနစ် သွေးမျိုးဆက်တွေပဲလေ။ ဘာကြောင့် တစ်ခုနဲ့တစ်ခု ပေါင်းစပ်မသွားဘဲ အပြင်းအထန် တိုက်ခိုက်နေကြတာလဲ။ တစ်ခုက ပိုပြီး သန့်စင်နေတယ်ဆိုရင်တောင်... သူတို့ဟာ တစ်သားတည်း ဖြစ်သွားသင့်တာ မဟုတ်လား။
သူမ မသိရှိသောအချက်မှာ ရှန်းယွီ၏ အစဉ်တစိုက် သွေးမျိုးဆက် လှုံ့ဆော်မှုများနှင့် ပေါင်းစပ်ခြင်းလုပ်ဆောင်ချက်ကို အသုံးပြု၍ အခြားစွမ်းရည်များကို သွေးမျိုးဆက်များအတွင်း ပေါင်းစပ်ထားမှုကြောင့် ထိုသွေးမျိုးဆက်နှစ်ခုစလုံးမှာ သာမန်ဖီးနစ်နှင့် နဂါးသွေးမျိုးဆက်များထက် များစွာ သာလွန်ထူးကဲစွာ ဆင့်ကဲပြောင်းလဲနေပြီ ဖြစ်ခြင်းပင်။ ၎င်းမှာ သွေးမျိုးဆက်သစ်တစ်ခုဟု ခေါ်ရန် အဆင့်မရောက်သေးသော်လည်း မူလသွေးမျိုးဆက်များနှင့် နှိုင်းယှဉ်လျှင်မူ အလွန်ပင် အဆင့်မြင့်မားနေပြီဖြစ်သည်။
အနှစ်သာရ၏ ပြင်းထန်သော စွမ်းအားများကြောင့် အကြီးအကဲဟွမ်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် မီးတောက်များ ထွက်ပေါ်လာခဲ့သည်။ သွေးမျိုးဆက် အနှစ်သာရမှာ အလွန်အမင်း အစွမ်းထက်နေသဖြင့် သူမ တစ်ခုခု မလုပ်ဆောင်နိုင်ပါက...
ထိုသို့ တွေးနေစဉ်မှာပင် သူမ၏ ကျောပြင်ပေါ်သို့ အေးစက်သော လက်ဝါးတစ်ခု လာရောက် ထိတွေ့သည်ကို ခံစားလိုက်ရသည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်ရာ "ကျူးချွဲ" ဟု အံ့အားသင့်စွာ မေးလိုက်မိတော့သည်။
“အဆင်ပြေသွားမှာပါ။ သွေးမျိုးဆက်အနှစ်သာရ စီးဆင်းမှုအပေါ်မှာပဲ အာရုံစိုက်ထားလိုက်ပါ။ ပိုလျှံနေတဲ့ စွမ်းအင်တွေ တည်ငြိမ်သွားအောင် ကျွန်မ ကူညီပေးပါ့မယ်”
ကျူးချွဲက ပြောလိုက်သည်။
“ကောင်းပြီလေ”
အကြီးအကဲဟွမ်က ခေါင်းငြိမ့်ဝန်ခံကာ စွမ်းအင်စီးဆင်းမှုကို ဆက်လက်လုပ်ဆောင်သည်။ မိနစ်အနည်းငယ် ကြာသောအခါ လျှံထွက်နေသော စွမ်းအားများမှာ ပြန်လည်တည်ငြိမ်သွားပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။ ထိုအခါမှ ကျူးချွဲသည် သူမ၏ ကျောပြင်မှ လက်ဝါးကို ဖယ်ခွာလိုက်သည်။
ကျူးချွဲသည် သုမ၏ လက်ဖဝါးပေါ်ရှိ အနည်းငယ်မျှသော မီးလောင်ရာကို ကြည့်လိုက်မိသည်။ သို့သော် ထိုအမှတ်အသားမှာ ခဏချင်းပင် ပျောက်ကွယ်သွားပြီး ဒဏ်ရာမှာလည်း ပြန်လည်ကျန်းမာသွားခဲ့သည်။ အရှင်သခင်၏ သွေးမျိုးဆက်မှာ အစဉ်တစိုက် ဆင့်ကဲပြောင်းလဲနေခြင်းဖြစ်ကြောင်း သူမ တွေးမိလိုက်သည်။ မနေ့က ရရှိခဲ့သော သွေးမျိုးဆက်အနှစ်သာရမှာ ယနေ့ရရှိသောအရာကို မမီတော့ပေ။ ထို့အတူ ယနေ့ရရှိသောအရာသည်လည်း မနက်ဖြန်တွင် ကျော်ဖြတ်ခြင်း ခံရပေဦးမည်။
သူမ၏ အရှင်သခင်သည် နောက်ဆုံးတွင် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမျိုး ဖြစ်လာမလဲဟု သူမ သိချင်နေမိတော့သည်။
ရှန်းယွီသည် ပြန်လည်စတင်ခြင်းမျက်နှာပြင်ကို ပြုံးရွှင်စွာ ကြည့်နေမိသည်။
“နောက်ဆုံးတော့ ရောက်လာပြီပဲ”
သူသည် အမြဲတမ်းလုပ်ဆောင်နေကျအတိုင်း ခန္ဓာကိုယ်သန့်စင်ခြင်း အပိုင်းမှ စတင်ကြည့်ရှုလိုက်သည်။ သူ၏ တိုးတက်မှုနှုန်းမှာ အံ့ဩစရာပင်။ မနေ့ကမှ အလွှာ ၃၃ တွင် ရှိနေခဲ့သော်လည်း ယနေ့တွင် အလွှာ ၃၄ ကို ကျော်ဖြတ်ကာ အလွှာ ၃၅ သို့ ရောက်ရှိရန် ထက်ဝက်ကျော်ပင် ခရီးပေါက်နေပြီဖြစ်သည်။ ဤသည်မှာ သူ၏ ကြယ်တာရာခန္ဓာက စွမ်းအင်များကို အဆက်မပြတ် ရိုက်ခတ်ပေါင်းစပ်ပေးနေခြင်းနှင့် ဂျူနီယာညီမလေးနှင့် အတူတကွ ကျင့်ကြံခဲ့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူမနှင့် မကြာခဏ အတူတကွ ကျင့်ကြံသင့်သည်ဟု သူ ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူ၏ ကျင့်ကြံခြင်းအပိုင်းကို ကြည့်လိုက်သောအခါ ပို၍ပင် မှင်တက်သွားရသည်။ ကောင်းကင်ဘုံအဆင့် ဝိညာဉ်အမြစ်၏ အစွမ်းကြောင့် အတွေ့အကြုံပေါင်း နှစ်သိန်းကျော်အထိ ရရှိခဲ့ပြီး ယခုအခါ အဆင့်တက်ရန် ထက်ဝက်ကျော်ပင် ကျော်လွန်နေပြီဖြစ်သည်။ ဤသည်မှာ အဆုံးသတ်မဟုတ်သေးဘဲ ရှေ့ဆက်၍ ပိုမိုမြန်ဆန်လာမည်ဟု သူ ခန့်မှန်းထားသည်။ ကြယ်တာရာခန္ဓာက စွမ်းအင်များကို ပိုမိုပြင်းထန်စွာ ရိုက်ခတ်ပေါင်းစပ်ပေးနေသဖြင့် သူ၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်စွမ်းမှာလည်း ပိုမိုမြင့်မားလာခဲ့သည်။
ယခင်က တစ်နေ့လျှင် နှစ်ကြိမ်သာ သွေးမျိုးဆက်ကို ပေါင်းစပ်နိုင်သော်လည်း ယခုအခါ သုံးကြိမ်အထိ လုပ်ဆောင်နိုင်ပြီဖြစ်သည်။ ၎င်းမှာ စနစ်၏ နှစ်ဆရရှိခြင်းကဲ့သို့ မပြင်းထန်သော်လည်း အလွန်ပင် အစွမ်းထက်လှသည်။
သူ၏ ဝိညာဉ်စွမ်းအားကို ကြည့်ရင်း ယခင်ကကဲ့သို့ နှေးကွေးခြင်းမရှိတော့သော်လည်း သူ လိုလားသော အမြန်နှုန်းသို့မူ မရောက်သေးပေ။ သို့သော် ဝိညာဉ်ပင်လယ်အတွင်းရှိ ကြယ်စင်များထဲတွင် စွမ်းအင်များ အဆက်မပြတ် ပေါင်းစပ်နေသဖြင့် သူ၏ ဝိညာဉ်စွမ်းအားမှာလည်း အချိန်နှင့်အမျှ တိုးတက်လာမည်ဖြစ်သည်။
ထိုသို့ တွေးတောနေစဉ်မှာပင် ဝိညာဉ်ပင်လယ်အတွင်း၌ ထူးဆန်းသော အရာတစ်ခုကို ခံစားလိုက်ရသည်။ အချက်အလက်များနှင့် ကုန်ကြမ်းပစ္စည်းများမှာ တစ်မှတ်တည်းသို့ စုစည်းသွားပြီး စက္ကန့်ပိုင်းအတွင်း တတိယမြောက် ကြယ်စင်တစ်လုံး ထပ်မံဖြစ်ပေါ်လာခဲ့သည်။ ယခုအခါ ကြယ်သုံးလုံးမှာ တစ်လုံးကိုတစ်လုံး လှည့်ပတ်နေကြပြီဖြစ်ရာ သူ၏ လုပ်ဆောင်နိုင်စွမ်းမှာ များစွာမြင့်မားသွားခဲ့သည်။
သို့သော် ဝိညာဉ်ပင်လယ်အတွင်းရှိ မြေပြင်နှင့် တည်ရှိသမျှ အရာအားလုံးကို ထိုကြယ်စင်များက ဝါးမြိုပစ်လိုက်ပြီး ဟင်းလင်းပြင်ကြီးသဖွယ် ဖြစ်သွားသည်ကို သူ သတိပြုမိလိုက်သည်။ ဤအကြောင်းကို သူ၏ အလင်းကိုယ်ပွားထံသို့ လေ့လာရန် လွှဲအပ်လိုက်သည်။
နောက်ထပ် အံ့ဩစရာတစ်ခုမှာ ကောင်းကင်ဘုံအဆင့် ဝိညာဉ်အမြစ်တွင် အတွေ့အကြုံအမှတ်ငါးထောင်အထိ ရရှိခဲ့ခြင်းဖြစ်သည်။ သူ၏ ကြယ်တာရာနက္ခတ်ဗေဒခန္ဓာ ပွင့်သွားခြင်း၊ စစ်နတ်ဘုရားခန္ဓာ ဆင့်ကဲပြောင်းလဲသွားခြင်းနှင့် ကြယ်တာရာခန္ဓာက ဝိညာဉ်အမြစ်ကို လှုံ့ဆော်ပေးနိုင်ခြင်းတို့ကြောင့်ပင်။
ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို ရိုက်ခတ်နေပုံမှာ အမြဲတမ်း အသက်ဝင်နေသော ပြန်လည်မွေးဖွားခြင်း အကျိုးသက်ရောက်မှုကို ရရှိစေသည်။ ဆိုလိုသည်မှာ သူသည် ခန္ဓာများ အဆင့်တက်ရန် စောင့်ဆိုင်းနေစရာမလိုဘဲ ဝိညာဉ်အမြစ်အတွက် အတွေ့အကြုံများကို ပုံမှန်ရရှိနိုင်မည့် လမ်းကြောင်းကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားခြင်းပင်။