← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃) - ဝေလငါးကိုယ်ပေါ်မှ ခရုကပ်ပါးများခွာခြင်း နှင့် ရတနာရှာရန် ဖားသလိပ်ဝေလငါး၏ဗိုက်ထဲသို့ စွန့်စားဝင်ရောက်ခြင်း။

ဖားသလိပ်ဝေလငါးများသည် ဝေလငါးမျိုးစိတ်ထဲတွင် အကြီးဆုံးဖြစ်ပြီး အရွယ်ရောက်ပြီးသော ဝေလငါးတစ်ကောင်သည် တန်ချိန် ၆၀ အထိပင် အလေးချိန်ရှိနိုင်သည်။

လုပေါင်သည် လိပ်ကြီးက ထိုဧရာမဝေလငါးကြီးတစ်ကောင်အနားသို့ ကူးခတ်သွားပြီး တစ်ခုခုကို ဆက်သွယ်ပြောဆိုနေသကဲ့သို့ ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည်ကို တွေ့လိုက်ရသည်။

“ဘုရားရေ...”

လုပေါင်သည် ထိုနေရာတွင်ပင် ရပ်လျက် သူ၏ live လွှင့်မှုကို စတင်လိုက်တော့သည်။

လူအများအပြားသည် သတင်းကြားသဖြင့် လုပေါင်၏ live လွှင့်ခန်းထဲသို့ ရောက်ရှိလာကြပြီး ဘယ်အချိန်တွင် စတင်ထုတ်လွှင့်မည်နည်းဟု ဝိုင်းမေးနေကြသည်။

Live လွှင့်သည်နှင့်တစ်ပြိုင်နက် အခန်းထဲရှိ လူအားလုံးမှာ မြင်ကွင်းကြောင့် ဆွံ့အသွားကြသည်။ သူတို့သည် ကျေးဇူးဆပ်ရန် ကုန်းပေါ်တက်လာသော လိပ်ကြီးကို ကြည့်ရန် လာခဲ့ကြခြင်းဖြစ်သော်လည်း ယခုမြင်တွေ့နေရသည်မှာ လုပေါင်သည် လိပ်ကြီးပေါ်တွင် မတ်တပ်ရပ်နေပြီး သူ့ပတ်ပတ်လည်တွင် ရေပေါ်သို့ တစ်ချက်တစ်ချက် ပေါ်လာသော ဧရာမအရိပ်မည်းကြီးများ ဝိုင်းရံနေခြင်းပင် ဖြစ်သည်။

“ဒါတွေက... ဖားသလိပ်ဝေလငါးတွေပဲ။”

“ဒါတင်မကဘူး ဝေလငါးအုပ်စုကြီး တစ်အုပ်လုံးပဲ။”

တစ်ချိန်တည်းမှာပင် Live လွှင့်ခန်း၏ banner များpop-up ကြော်ငြာများနှင့် အကြံပြုချက်နေရာများအားလုံးကို စီစဉ်ပေးလိုက်သဖြင့် အခန်း၏ လူကြည့်နှုန်းမှာ ထိုးတက်သွားတော့သည်။အခန်းထဲသို့ ဝင်လာသူတိုင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်တက်နေကြသည်။

“ဒါတွေက ဝေလငါးတွေလား။”

“ငါတို့က လိပ်ကြီးကို ကြည့်ဖို့လာတာ၊ ဘယ်လိုဖြစ်ပြီး ဝေလငါးအုပ်ကြီး ဖြစ်သွားတာလဲ...”

“ရတနာနတ်ဘုရားကတော့ ကြောင်ကြည့်နေတုန်းပဲ။”

“လိပ်ကြီးက မိတ်ဆက်ပေးလိုက်လို့ ဒီဝေလငါးတွေက သူတို့ကိုယ်ပေါ်က ခရုကပ်ပါးတွေကို ရှင်းပေးဖို့ ရတနာနတ်ဘုရားကို လာရှာတာများလား။ဟားဟားဟား... အဲလိုပဲဖြစ်ရမယ်လို့ ငါဘာလို့ ခံစားနေရတာလဲ။”

“တကယ်လည်း ဖြစ်နိုင်တယ်။သူတို့ကိုယ်ပေါ်မှာ ခရုကပ်တွေ အပြည့်ပဲ။”

“ဒါတွေက ဖားသလိပ်ဝေလငါးတွေလေသူတို့ဗိုက်ထဲမှာ အရမ်းတန်ဖိုးရှိတဲ့ အန်ဖက်တွေ ရှိတတ်တယ်။”

“သူ ဘာတွေ စဉ်းစားနေတာလဲ ဘာလို့ ကြောင်တောင်တောင် ဖြစ်နေရတာလဲ။”

ပရိသတ်များ၏ ခန့်မှန်းချက်မှာ ကွက်တိပင်။ ထိုအချိန်တွင် လုပေါင်မှာ တကယ်ပင် ကြောင်တောင်တောင် ဖြစ်နေမိသည်။ ဖားသလိပ်ဝေလငါး အများအပြား၏ ဧရာမဦးခေါင်းများပေါ်တွင် ခရုကပ်များမှာ အရေပြားတစ်ဝက်ခန့်အထိ ဖုံးအုပ်ထားသည်ကို မြင်နေရသည်။

ဒါတွေကို တစ်ရက်တည်းနဲ့ ရှင်းလို့ ပြီးမှာမဟုတ်ပေ။

လုပေါင်၏ နှုတ်ခမ်းများ တွန့်သွားသည်။ လိပ်ကြီးက သူ့ကို လှည့်ကြည့်နေသည်ကို မြင်သောအခါ သူက ခပ်ပြုံးပြုံးဖြင့်။

“ငါလည်း ရှင်းပေးချင်ပါတယ် ဒါပေမဲ့ ဒါကအရမ်းများလွန်းတယ်လေ။ ထားပါတော့... ငါကူညီပြီး ရှင်းပေးပါ့မယ်။”

“ကျွိ...”

“အူး~”

“အဝူး... အူး အူး~”

ဖားသလိပ်ဝေလငါးများက တစ်ချက်တစ်ချက် အော်မြည်နေကြသည်။

လုပေါင်သည် ကျွမ်းကျင်ပြီး သတ္တိရှိသူပီပီ အရွယ်ရောက်ပြီးသော ဧရာမဝေလငါးကြီးတစ်ကောင်ပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်သည်။ ဤဝေလငါးမှာ အလျား မီတာ ၂၀ ခန့်ရှိပြီး ခရုကပ်ပါးများ အဆိုးရွားဆုံး ကပ်နေသည့် ကောင်ဖြစ်သည်။ ၎င်း၏ ကိုယ်အထက်ပိုင်း အရေပြားတစ်ဝက်ခန့်မှာ ခရုကပ်ပါးများဖြင့် ဖုံးလွှမ်းနေသည်။

လိပ်ကြီးသည်လည်း အနားသို့ အမြန်ကူးလာသည်။ ဤဝေလငါးကြီးသည် ငြိမ်သက်စွာ နေနေပြီး အခြားဝေလငါးများမှာလည်း တဖြည်းဖြည်း နီးကပ်လာကြသည်။

စုပြုံကပ်နေသော ခရုကပ်ပါးများကို ကြည့်ပြီး လုပေါင်မှာ ထိုအရာများကို မြင်ရလျှင် ကြောက်တတ်သည့်ရောဂါပင် ရချင်လာသည်။ အလွန်ကြည့်ရဆိုးပြီး စုပြုံနေခြင်းမှာ လိပ်ကြီးကိုယ်ပေါ်ကထက်ပင် ပို၍ ကြည့်ရဆိုးလှသည်။

သူက တစ်ခုကို ဆွဲခွာရန် ကြိုးစားကြည့်သော်လည်း လိပ်ကြီးကိုယ်ပေါ်ကထက်ပင် ပို၍ ခိုင်မြဲစွာ ကပ်နေသည်ကို တွေ့ရသည်။ အားကောင်းသော ကော်တစ်မျိုးဖြင့် ကပ်ထားသကဲ့သို့ပင်။

“ဒီစေးကပ်တဲ့ အရည်ပျစ်ပျစ်တွေက ခရုကပ်ပါးတွေရဲ့ အဓိက ကော်ရည်ပဲ အဲဒါကြောင့် ဝေလငါးကိုယ်ပေါ်မှာ တွယ်ကပ်ပေါက်ဖွားနိုင်တာ။ ဒီထုံးဓာတ်ပါတဲ့ အခွံပြားကို ကြည့်ဦး အရေပြားထဲအထိ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေတာ။ အခုတင် ငါခွာလိုက်တဲ့ တစ်ခုဆိုရင် ဝေလငါးရဲ့ အရေပြားပေါ်မှာ ချိုင့်ခွက်လေးတစ်ခု ကျန်ခဲ့တယ်။”

လုပေါင်က live လွှင့်နေသော ကင်မရာဘက်သို့ အချက်ပြပြသပြီး ခရုကပ်ကို ချေမွကာ ပင်လယ်ထဲသို့ ပစ်ချလိုက်သည်။

ပင်လယ်နက်ထဲက ခရုကပ်ပါးများသည် အလွန်မာကျောသော်လည်း ယခု လုပေါင်နှင့် တွေ့သောအခါတွင်မူ ခူတစ်ကောင်ကဲ့သို့ နုနယ်သွားတော့သည်။

သမုဒ္ဒရာထဲတွင် လုပေါင်သည်ပင်လယ်ဘုရင် ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလား။

“သူ နာသလား မနာသလားတော့ ငါမသိဘူး ဒါပေမဲ့ သူငြိမ်နေတော့ တစ်ခုချင်းစီပဲ ဖြည်းဖြည်းချင်း ရှင်းပေးတော့မယ်။”

လုပေါင်ကဝေလငါးကြီးကို ကြည့်လိုက်သည်။ ၎င်းက မည်သည့်တုန့်ပြန်မှုမျှ မပြသည်ကို မြင်သောအခါ သူသည် မဆိုင်းမတွဘဲ တစ်ခုချင်းစီကို စတင်ခွာပေးတော့သည်။

ဝေလငါးကြီးသည် လုပေါင်က သူ့ကိုကူညီနေမှန်း သိပုံရသည်။ ၎င်းသည် လုံးဝငြိမ်နေပြီး ၎င်း၏ မျက်လုံးများကသာ ဟိုဟိုဒီဒီ လှုပ်ရှားနေကာ အမြီးကို ညင်သာစွာ ခါယမ်းနေသည်။

ခရုကပ်ပါးများသည် ဝေလငါးများအတွက် အကြောက်ရဆုံး အရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကျောက်ဆောင်များနှင့် ပွတ်တိုက်ခြင်း သို့မဟုတ် တစ်ကောင်နှင့်တစ်ကောင် ကူညီခြင်းဖြင့်သာ ရှင်းလင်းနိုင်သောကြောင့် ဖြစ်သည်။ သို့သော်လည်း သူတို့ကိုယ်တိုင်သေချာရှင်းလင်းရန်အတွက်မှာအလွန်ခက်ခဲလှသည်။

ခရုကပ်ပါးများကို တစ်ခုပြီးတစ်ခု ခွာထုတ် ချေမွပြီး ပင်လယ်ထဲ ပစ်ချနေသည်။ အခြားဝေလငါးများမှာလည်း အနားသို့ တဖြည်းဖြည်း စုရုံးလာပြီး အလုပ်ရှုပ်နေသော လုပေါင်ကို ဝိုင်းကြည့်နေကြသည်။

Live လွှင့်ခန်း၏ လူကြည့်နှုန်းမှာ တဟုန်ဖိုးတတ်သွားပြီး လက်ဆောင်ပစ္စည်းများမှာလည်း screen ပေါ်တွင် ပျံနှံ့နေတော့သည်။

“ဒီလူကတော့ မိစ္ဆာပဲ ခရုကပ်တွေကို လက်နဲ့တင် ချေပစ်နေတာ။ ခရုကပ်တွေက အဲဒီလောက်တောင် နုတာလားကြည့်ရတာ ငှက်ဥလေးတွေလိုပဲ။”

“အရမ်းချစ်ဖို့ကောင်းတာပဲ သူတို့က လူတွေကို အကူအညီတောင်းရမှန်းတောင် သိကြတယ်။”

“လိပ်ကြီးက ဘာလုပ်နေတာလဲ သူကပါ ဘာလို့ ဝေလငါးပေါ် တက်လာတာလဲ။ အားဟားဟား... သူလည်း နေပူစာလှုံနေတာလား။”

“ဘုရားရေ... အရမ်းချစ်ဖို့ကောင်းတယ်။”

“ခရုကပ်လေးတွေ သနားပါတယ်။”

“ဟိုအပေါ်က လူက ဖုန်းကြည့်ရင်း တရားစာတွေများ ရွတ်နေတာလား။”

ခရုကပ်ပါးများမှာ အလွန်များပြားလှသဖြင့် ရှင်းလင်းရသည်မှာ လက်ဝင်လှသည်။

လုပေါင်သည် ဝေလငါး၏ ကိုယ်ထည်မှာ အလွန်ကြီးမားလှသဖြင့် တစ်ခါတစ်ရံ ရေထဲအထိ ဆင်း၍ ရှင်းပေးရသည်။ ဤခရုကပ်ပါးများသည် လူ၏သွားပိုးစားခြင်း သို့မဟုတ် ကိုယ်ပေါ်မှ သွေးစုပ်ကောင်များကဲ့သို့ပင် ဖြစ်ရာ ဝေလငါးများမှာ နာကျင်မှုကို အောင့်ခံပြီး ၎င်းတို့ကြီးထွားလာသည်ကို ကြည့်နေရရုံသာ ရှိသည်။

ထိုစဉ် စောစောက ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာသည်။ ကယ်ဆယ်ရေးလှေပေါ်မှ လူတစ်စုမှာ မြင်ကွင်းကြောင့် ဆွံ့အလျက် ရပ်ကြည့်နေကြသည်။ သူတို့ အနားသို့ မကပ်ရဲကြချေ။

“လာကူညီကြတာလား။”

လူတွေကို မြင်သောအခါ လုပေါင်က ရေထဲမှ ခေါင်းပြူထွက်လာပြီး လှမ်းအော်မေးလိုက်သည်။

အရေအတွက်က အရမ်းများလွန်းသဖြင့် သူတစ်ယောက်တည်း ရှင်းနေလျှင် အလွန်နှေးကွေးနေမည်ဖြစ်သည်။

“ဟုတ်ကဲ့ ကူညီပါ့မယ်။”

“ကျွန်တော်တို့ ကူညီလို့ရမလား။ကျွန်တော်တို့ဆီမှာ ခရုကပ်ပါးရှင်းတဲ့ အထူးကိရိယာတွေ ပါပါတယ်။”

ကယ်ဆယ်ရေးသမားများမှာ ဤကဲ့သို့သောအလုပ်မျိုးနှင့် မစိမ်းလှပေ။ အများအားဖြင့် လိပ်များကို ရှင်းပေးရလေ့ရှိပြီး တစ်ခါတစ်ရံ သင်္ဘောဝမ်းဗိုက်များကို ရှင်းပေးရသည်။ ဝေလငါးများကို ရှင်းပေးရဖို့ဆိုသည်မှာ ရှားပါးသော အခွင့်အရေးပင်။”

မကြာမီ အသက်ကယ်အင်္ကျီများ ဝတ်ဆင်ထားသော ကယ်ဆယ်ရေးသမားတစ်စု အနားသို့ ရောက်လာကြသည်။ ဝေလငါးများမှာလည်း ဤလူများသည် အကူအညီပေးရန် လာခြင်းဖြစ်ကြောင်း နားလည်ပုံရပြီး တစ်ကောင်ပြီးတစ်ကောင် ခေါင်းကြီးများကို အနားသို့ တိုးပေးကြသည်။

ကယ်ဆယ်ရေးသမားများက လူအင်အား ထပ်မံလိုအပ်သဖြင့် အကူအညီတောင်းခံလိုက်ကြသည်။

နာရီဝက်ခန့် ကြာသောအခါ ထိုနေရာတွင် ကယ်ဆယ်ရေးသမား ၃၀ ကျော်နှင့် စေတနာ့ဝန်ထမ်း ၁၀ ယောက်ခန့် ရောက်ရှိနေပြီး ဝေလငါးများ၏ ကိုယ်ပေါ်မှ ခရုကပ်များကို ဝိုင်းဝန်းရှင်းလင်းပေးနေကြသည်။

“မလှုပ်နဲ့ဦးလေ ပြီးတော့မယ်။”

လုပေါင်ကဝေလငါးကြီး၏ ရေယက်အောက်က နောက်ဆုံးလက်ကျန်နေရာကို ရှင်းပေးရင်း ပုတ်ပေးလိုက်သည်။ ဝေလငါးကြီးမှာ ယားကျိကျိ ဖြစ်သွားပုံရပြီး ကိုယ်ကို အနည်းငယ် လှုပ်လိုက်သည်။

၎င်း၏ ကိုယ်ထည်မှာ အလွန်ကြီးမားလှသဖြင့် အနည်းငယ် လှုပ်ရှားလိုက်ရုံနှင့် ရှင်းလင်းရသည်မှာ ခက်ခဲသွားသည်။

ဝေလငါးကြီးသည် လုပေါင်ကို ရှင်းလင်းခွင့်ပြုရန် ဆက်မလှုပ်တော့ဘဲ ငြိမ်ခံနေသည်။

“မိတ်ဆွေတို့... မြင်တယ်မလား။သူက ကျွန်တော်ပြောတဲ့ စကားရဲ့အဓိပ္ပာယ်တွေကို နားလည်တယ်။ အကယ်၍ သူတို့သာ ဒီထက်နည်းနည်းလေး ပိုပြီး ဉာဏ်ကောင်းမယ်ဆိုရင် သူတို့ရဲ့ အန်ဖက်တွေကို ဘယ်မှာ စွန့်ပစ်ခဲ့သလဲဆိုတာကိုတောင် ကျွန်တော် မေးမိမှာပဲ။”

ဖားသလိပ်ဝေလငါးများသည် အန်ဖက်များကို ထုတ်လုပ်ပေးတတ်ကြသည်။

၎င်းတို့သည် ဧရာမပြည်ကြီးငါး များကို မျိုချပြီးနောက် ပြည်ကြီးငါး၏ နှုတ်သီးမှာ အစာခြေရန် ခက်ခဲလှသည်။ ၎င်းက ဝေလငါး၏ အူလမ်းကြောင်းကို စိတ်အနှောင့်အယှက်ဖြစ်စေသဖြင့် အူလမ်းကြောင်းမှ အစာမကျေနိုင်သော အရာများကို ဖယောင်းကဲ့သို့သော ဒြပ်ပစ္စည်းတစ်မျိုးဖြင့် ရစ်ပတ်ပေးလိုက်သည်။ ၎င်းကို ဝေလငါးအန်ဖက်ဟု ခေါ်ခြင်းဖြစ်သည်။

‌ဝေလငါးအန်ဖက်သည် အလွန်ပင် တန်ဖိုးကြီးမားလှသည်။

“နေဦး”

ဖားသလိပ်ဝေလငါးများသည်ဝေလငါးမျိုးစိတ်ထဲတွင်ကြီးဆုံးဝေလငါးများ ဖြစ်ကြပြီး အစာမျိုပြွန်သည်လည်း အခြားကောင်များနှင့် မတူဘဲကြီးမားကြသည်။ ၎င်းတို့၏ အစာမျိုပြွန်သည် ဧရာမပြည်ကြီးငါးတစ်ကောင်ကိုပင် မျိုချနိုင်လောက်အောင် ကြီးမားသည်။

လုပေါင်၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။ ဝေလငါးဗိုက်ထဲမှာ ဘယ်လိုမျိုး အန်ဖက်မျိုး ရှိမလဲ။

အကယ်၍ သူသာ အတွင်းထဲကို ဝင်ကြည့်မယ်ဆိုရင် ဝေလငါးအန်ဖက်တွေကို ရှာတွေ့နိုင်မလား။

ဤသို့တွေးမိသည်နှင့် သူသည် ဝေလငါးကြီး၏ ဧရာမဦးခေါင်းကို ပုတ်လျက် ပြောလိုက်သည်။

“မင်းရဲ့ ပါးစပ်ကြီးကို ဟပေးပါလား ငါ မင်းဗိုက်ထဲကို ဝင်ကြည့်ချင်လို့။”

ဤဝေလငါးကြီးက သူပြောသည်ကို နားမလည်ပုံရသော်လည်း လိပ်ကြီးကမူ နားလည်သွားသည်။ ၎င်းက ဝေလငါးကြီးကိုကြည့်ကာ ထူးဆန်းသောအသံများ ပြုလုပ်လျက် ခေါင်းကို မော့ပြနေသည်။

“ဟူး... ဟူး”

ဝေလငါးကြီးသည်လူတစ်ယောက်ကဲ့သို့ ခေါင်းညိတ်ပြလိုက်ပြီးနောက် ရေပေါ်သို့ အနည်းငယ် ကြွတက်လာကာ ၎င်း၏ ဧရာမပါးစပ်ကြီးကို ဖြည်းဖြည်းချင်း ဟပေးလိုက်တော့သည်။

အခန်း (၂၄) - ရှေးဦးဝေလငါးအန်ဖက်

ခဏချင်းတွင်မှာပင် ပင်လယ်ရေမျက်နှာပြင်မှာ လှိုင်းဂယက်များ ထသွားတော့သည်။

ဝေလငါးကြီး၏ ပါးစပ်မှာ အတိုင်းအဆမဲ့နက်သော ချောက်ကြီး တစ်ခုကဲ့သို့ ကျယ်လောင်စွာ ပွင့်ဟလာရာ၊ အနားရှိ ကယ်ဆယ်ရေးသမားများနှင့် live ကြည့်ရှုနေသော ပရိသတ်များကိုပါ ထိတ်လန့်သွားစေသည်။

ဤဟပြဲကြီးဖြစ်နေသော ပါးစပ်ကြီးကို ကြည့်ပြီးမှသာ လူအများမှာဝေလငါးလို မျိုချခြင်းဆိုသည့် စကား၏ အဓိပ္ပာယ်အစစ်အမှန်ကို နားလည်သွားကြတော့သည်။

“မင်း... မင်း ဘာလုပ်မလို့လဲ။”

အနားရှိ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်သည် လုပေါင်က အသက်ကယ်လှေပေါ်မှ မီတာ ၁၀ ကျော်ရှည်သော ကြိုးတစ်ခွေကို ယူလိုက်သည်ကို မြင်သောအခါ အလန့်တကြား လှမ်းအော်မေးလိုက်သည်။

“ခင်ဗျားတို့ လုပ်စရာရှိတာ ဆက်လုပ်ကြပါ။ ကျွန်တော် သူ့ဗိုက်ထဲ ခဏဝင်ကြည့်မလို့။”

ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်မှာ ဆွံ့အသွားရသည်။

“မင်းဘာတွေ လျှောက်လုပ်နေတာလဲ။”

လုပေါင်သည် ကြိုးတစ်ဖက်ကို လိပ်ကြီး၏ခြေထောက်တွင် ချည်လိုက်ပြီး အခြားတစ်ဖက်ကိုမူ သူ၏ခါးတွင် ပတ်ချည်လိုက်သည်။ ထို့နောက် လိပ်ကြီးကို ပုတ်ကာ။

“ငြိမ်ငြိမ်နေနော် အထဲမှာ တစ်ခုခုဖြစ်ရင် ငါ့ကို ဆွဲထုတ်လိုက် ကြားလား။”

“ဝူးးး”

လိပ်ကြီးက နားလည်ကြောင်း ပြသသည့်အနေဖြင့် ရေပြင်ကို ရိုက်ခတ်ကာ ပျော်ရွှင်သော အပြုံးကြီးဖြင့် ပြုံးပြလိုက်သည်။

“မလုပ်ပါနဲ့ မလုပ်လိုက်ပါနဲ့... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး။”

“ဘုရားရေ... မဆင်မခြင် မလုပ်ပါနဲ့။”

“အထဲကို ဝင်လို့မရဘူးလေ။”

“အားးးး”

“သူ့ကို မြန်မြန်ပြန်ဆွဲထုတ်ကြပါဦး။”

ကယ်ဆယ်ရေးသမားအားလုံးနှင့် သန်းနှင့်ချီသော ပရိသတ်များ၏ စောင့်ကြည့်မှုအောက်တွင် လုပေါင်သည် ဖားသလိပ်ဝေလငါး၏ ဧရာမပါးစပ်ကြီးထဲသို့ တိုက်ရိုက်ဝင်ရောက်သွားတော့သည်။

သူ၏ စူပါ live eye သည် အလင်းအမှောင်ကို ချက်ချင်းညှိလိုက်ရာ ဝေလငါးဗိုက်ထဲတွင် နေ့ခင်းကြောင်တောင်ကဲ့သို့ လင်းထိန်သွားတော့သည်။

ညှီစို့စို့ အနံ့ဆိုးကြီးက သူ့ကို အတင်းတိုက်ခိုက်လာသည်။ လုပေါင် ချက်ချင်း အသက်အောင့်လိုက်ရသည်။ ကာတွန်းတွေထဲကလို မဟုတ်ပါလား ဝေလငါးဗိုက်ထဲက အခြေအနေက လုံးဝကို မသာယာလှပေ။

ဝေလငါးကြီးမှာလည်း လုပေါင်၏ ဆိုလိုရင်းကို နားလည်ပုံရသဖြင့် ပြင်ပအလင်းရောင် ဝင်နိုင်ရန် ပါးစပ်ကို အကျယ်ကြီး ဟပေးထားသည်။

လုပေါင်သည် အစာမျိုပြွန် ထဲသို့ ရောက်သွားသောအခါ ထိုကြီးမားလှသော လမ်းကြောင်းမှာ အသားတောင်ကြီးတစ်ခုထဲ ဦးတည်နေသကဲ့သို့ ခံစားရစေသည်။ကာတွန်းထဲကလို ကျောက်သားလို လိုဏ်ဂူမျိုးမဟုတ်ဘဲ နီရဲနေကာ ထင်ထားသလောက်လည်း ကျယ်ဝန်းခြင်းမရှိပေ။

“အနံ့ကတော့ ချဉ်စုတ်စုတ်ပဲ။ ဒါပေမဲ့ ဝေလငါးတွေရဲ့ ထူးခြားတဲ့ အစာစားပုံကြောင့် ဒီနေရာက တော်တော်လေး သန့်ရှင်းပါတယ်။ အခု ကျွန်တော်ရောက်နေတာကတော့ သူ့ရဲ့ အစာမျိုပြွန်ထဲမှာပါ။”

လုပေါင်က live ကြည့်နေသူများကို လက်ပြလိုက်ပြီးနောက် အသက်ပြန်အောင့်ထားလိုက်သည်။

အပြင်ဘက်တွင်မူ လူတိုင်း ရူးမတတ် ဖြစ်နေကြသည်။ ကယ်ဆယ်ရေးသမားတစ်စုမှာ ကြိုးကို ဆွဲချင်နေသော်လည်း လိပ်ကြီးကမူ လုံးဝခွင့်မပြုပေ။

“ငါတို့ ဘာလုပ်ကြမလဲ...

“အဲဒီထဲ ဝင်သွားပြီးရင်... လူတစ်ယောက် အသက်ရှင်နိုင်ပါ့မလား။”

ကယ်ဆယ်ရေးသမားများမှာ ရူးချင်စိတ်ပေါက်နေကြပြီ။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံချင်ရင်တောင် ဒီလို ဝေလငါးဗိုက်ထဲ ပြေးဝင်တာမျိုးတော့ မလုပ်သင့်ပေ။

Ocean Live Streamပေါ်တွင်လည်း ပရိသတ်များမှာ ရူးမတတ် အားပေးနေကြသည်။

“မိုက်တယ်ဟေ့...လန်ထွက်နေရောပဲ။”

“ဒါမျိုးက တကယ်ရောဖြစ်နိုင်လို့လား။”

“ဟားဟားဟား... ရတနာနတ်ဘုရားကတော့ တကယ်ကို အရူးပဲ။ ငါအခုမှ သဘောပေါက်တော့တယ်။ ဘယ်လို သာမန်လူက ဝံပုလွေကို အိမ်မွေးတိရစ္ဆာန်လို ပုတ်မလဲ။ကျားကို သွားစမလဲ။ ပြီးတော့ မျောက်ဘုရင်ကို ချဦးမလဲ။အခုကျတော့ ဝေလငါးကြီး ဆာနေမှာစိုးလို့ သူ့ဗိုက်ထဲအထိ အစာအဖြစ် အနစ်နာခံ ဝင်ပေးနေတာလား။”

“ဘုရားရေ...”

ဤလုပ်ရပ်သည် မြင်ရသူတိုင်းကို ထိတ်လန့်သွားစေသည်။

၎င်းကို live အဖြစ် တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်ပြီး အစာမျိုပြွန်ထဲအထိ ဝင်သွားသည်ကို အားလုံး မြင်နေရသည်။

လုပေါင်သည် ဝေလငါးများအကြောင်းကို အတန်အသင့် နားလည်ထားသည့်အပြင် သူ၏ ထူးခြားသော ခန္ဓာကိုယ်ကြံ့ခိုင်မှု ကြောင့်လည်း မည်သည့်ကြောက်ရွံ့မှုကိုမျှ မခံစားရပေ။

ဝေလငါးကြီးမှာ အစာမစားရသည်မှာ ကြာပြီဖြစ်၍ လုပေါင်သည် အစာသိုလှောင်ရာ ပထမအစာအိမ် သို့ ရောက်သောအခါ ထိုနေရာမှာ လုံးဝဟောင်းလောင်းဖြစ်နေသည်။ ဤနေရာတွင် ပြင်းထန်သော အစာခြေအက်စစ်နံ့ကို သူရလိုက်သည်။ ထိုအစာအိမ်ကို ကျော်လွန်ပြီးနောက် သူသည် အူလမ်းကြောင်းထဲသို့ ဝင်ရောက်သွားသည်။

အူလမ်းကြောင်းထဲတွင်သာ သူအလိုရှိသော အရာကို ရှာတွေ့နိုင်မည်ဖြစ်သည်။

ဖားသလိပ်ဝေလငါးများတွင် အစာအိမ် လေးခုရှိသည်။ ဤနေရာမှာ အစာသိုလှောင်ရန်ဖြစ်ပြီး အောက်ဘက်ရှိ အစာအိမ်များမှာမူ အစာခြေအက်စစ်များ ပြည့်နေသဖြင့် အထဲရောက်သွားပါက ပြန်ထွက်လာရန် လမ်းမရှိတော့ပေ။

ဤနေရာတွင် အစာခြေအက်စစ်နံ့မှာ ကြောက်စရာကောင်းလှသည်။ လုပေါင် ပြန်ထွက်ရန် ပြင်နေစဉ်မှာပင် အူလမ်းကြောင်း၏ အကွေ့အကောက်များကြားတွင် ကပ်နေသော လူ့ဦးခေါင်းခန့်ရှိသည့် မည်းနက်ပြီး မာကျောသော အလုံး ၃ လုံးကို တွေ့လိုက်ရသည်။

ဒါဘာလဲဆိုတာ လုပေါင် သိသည်။ သူက အပျော်သဘော ဝင်ကြည့်ခြင်းဖြစ်သော်လည်း မှတ်တမ်းများအတိုင်း ဖားသလိပ်ဝေလငါး၏ အူထဲတွင် အန်ဖက် ရှိနေသည်ကို တကယ်တွေ့လိုက်ရခြင်းဖြစ်သည်။ အချို့မှာ စွန့်ပစ်လိုက်ကြသော်လည်း အချို့မှာမူ အန်ထုတ်ခြင်း သို့မဟုတ် ဤကဲ့သို့ အထဲတွင် ကျန်နေတတ်ခြင်း ဖြစ်သည်။

သူသည် သတိထား၍ အနားသို့ တိုးသွားသည်။ ကိုယ်ပေါ်သို့ ကျလာသော အရည်များကြောင့် အရေပြားမှာ ပူစပ်ပူလောင် ဖြစ်လာသည်။

သူသည် ဝေလငါးအန်ဖက်များကို ကျောပိုးအိတ်ထဲသို့ အမြန်ထည့်လိုက်သည်။ လက်ပေါ်တွင် ပေကျံသွားသော အကျိအချွဲများကြောင့်လည်း ပြင်းထန်သော ပူလောင်မှုကို ခံစားရသော်လည်း သူ့အတွက်တော့ ကြီးကြီးမားမား ထိခိုက်မှုမရှိပေ။ သူသည် အမြန်ဆုံး နောက်ဆုတ်ကာ အူလမ်းကြောင်းထဲမှ ပြန်ထွက်ခဲ့တော့သည်။

သာမန်လူတစ်ယောက်သာဆိုလျှင် ဤနေရာတွင် အရေပြားများ ချက်ချင်းပုပ်ရိသွားပေလိမ့်မည်။ သူကဲ့သို့ ထူးဆန်းသောလူမျိုးမှသာ ဤနေရာသို့ လာနိုင်ခြင်းဖြစ်သည်။

Live ကြည့်နေသူများမှာ မှင်တက်သွားကြသည်... သူဘာကို ယူလိုက်သည်ကို လူတိုင်းနီးပါး သိကြသည်။ သံသယဖြစ်စရာမလိုဘဲ ဤအရာမှာ ဝေလငါးဗိုက်ထဲက ရှားပါးလှသော အန်ဖက်များပင် ဖြစ်သည်။

ဤအရာသည် ရွှေထက်ပင် တန်ဖိုးကြီးပြီး တစ်ဂရမ်လျှင် ငွေသောင်းနှင့်ချီ ပေးရကြောင်း လူတိုင်း သိကြသည်။

အန်ဖက်များကိုအသက်ရှင်နေတဲ့ ဝေလငါးဗိုက်ထဲ ဝင်ယူရဲတဲ့လူ ရှိလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားကြပေ။ဘယ်သူမှလည်း ဒီလိုမျိုး မလုပ်ရဲကြသောကြောင့်ဖြစ်သည်။သို့သော် ဒီနေ့တော့ ရတနာနတ်ဘုရားက လုပ်ပြသွားပြီဖြစ်သည်။

အောင်မြင်ရုံတင်မကဘဲ ရှားပါးလှတဲ့ အန်ဖက် ၃ တုံးကြီးတောင် ရလာခဲ့တယ်။ အရွယ်အစားက သိပ်မကြီးပေမဲ့ တန်ဖိုးကတော့ ဖြတ်လို့မရပါဘူး။

“နတ်ဘုရားပဲ။”

“မင်းကတော့ ထာဝရ နတ်ဘုရားပဲ။”

“သူလုပ်တာနဲ့ ငါဖြင့် အသည်းယားလိုက်တာ။”

“ဝေလငါးအန်ဖက်ကိုရဖို့ ဝေလငါးတွေကို သတ်ပြီး ရှာနေတဲ့လူတွေသာသိရင် သူတို့ကိုယ်သူတို့အပြစ်တင်နေကြတော့မယ်။ဒီလိုနည်းနဲ့ ယူလို့ရတယ်ဆိုတာ သူတို့ စဉ်းစားမိကြမှာ မဟုတ်ဘူး”

“အမလေး... ဘုရား ဘုရား။”

“ငါပဲ ရူးနေတာလား သူပဲ ရူးနေတာလား ဒါက တကယ်ကြီး ဖြစ်နိုင်လို့လား။”

“ဒီလူကတော့ ကမ္ဘာ့စံချိန်ကို အမြဲတမ်း ရိုက်ချိုးနေတာပဲ။ ဘာပြောရမှန်းတောင် မသိတော့ဘူး...”

လုပေါင်က ဝေလငါးပါးစပ်ထဲ ဝင်သွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ အစာမျိုပြွန်ထဲ ဝင်သွားလိမ့်မည်ဟုလည်း မထင်ထားကြ။ ပထမအစာအိမ်ထဲအထိ ဝင်သွားလိမ့်မည်ဟုလည်း မတွေးထားကြပေ။ အဆိုးဆုံးမှာ အောက်ဘက်ရှိ အူလမ်းကြောင်းထဲအထိ ဝင်သွားပြီး... အသက်ရှင်နေသော ဝေလငါးဗိုက်ထဲကနေ ဝေလငါးအန်ဖက်၃ တုံးကြီးကို အပြင်သို့ ယူလာနိုင်လိမ့်မည်ဟု မည်သူမျှ စိတ်ပင်မကူးရဲကြပေ။

ဤအရာအားလုံးသည် တိုတောင်းလှသော ၂ မိနစ်အတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။ လူတိုင်း သတိပြန်ဝင်လာချိန်တွင် လုပေါင်မှာ ပြန်ထွက်ရန် ကြိုးကို အချက်ပြနေပြီဖြစ်သည်။

အပြင်ဘက်တွင် လိပ်ကြီးသည် ကြိုး၏ ဆွဲအားကို ခံစားလိုက်ရသဖြင့် အမြန်ဆုံး ကူးခတ်လိုက်ရာလုပေါင်ကို ဝေလငါးပါးစပ်ဆီသို့ ခဏချင်း ပြန်ဆွဲထုတ်ပေးလိုက်တော့သည်။

“သူ... သူ ပြန်ထွက်လာပြီ...”

လုပေါင် အပြင်သို့ လမ်းလျှောက်ထွက်လာသည်ကို ကယ်ဆယ်ရေးသမားများက ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြသည်။ ထို့နောက် လုပေါင်သည် သူ့ကိုယ်ပေါ်က အကျိအချွဲများကို ဆေးကြောရန် ပင်လယ်ထဲသို့ ခုန်ချလိုက်သည်။

“မင်း အထဲကို ဘာသွားလုပ်တာလဲ။”

သူတို့တွင် live ကြည့်ရန် ဖုန်းလိုင်းမရှိသဖြင့် ထို ၂ မိနစ်အတွင်း လုပေါင် အထဲတွင် ဘာလုပ်ခဲ့သည်ကို သူတို့မသိကြပေ။

“ဟူးးး”

ကယ်ဆယ်ရေးသမား အများအပြား သက်ပြင်းချနိုင်ကြတော့သည်။ သူ ဘာမှမဖြစ်တာပဲ တော်ပါသေးရဲ့။

လုပေါင်သည်လည်း တစ်ခုခု ထူးခြားနေသည်ကို သတိထားမိသည်။ အက်စစ်စက် ကျခဲ့သော နေရာများမှာ အနည်းငယ် နီမြန်းပြီး ဖောင်းကြွနေသည်။ သူဝတ်ထားသော ဘောင်းဘီမှာလည်း အပေါက်များ ဖြစ်နေပြီဖြစ်သည်။ ဒါက အက်စစ်သိပ်မပြင်းသော အူလမ်းကြောင်းထဲမှာတင်ဖြစ်သည်။အကယ်၍ သူသာ အစာခြေအက်စစ်တွေ ပြည့်နေတဲ့ အစာအိမ်ထဲ ရောက်သွားရင် ဘယ်လိုဖြစ်မလဲဆိုတာမတွေးရဲပေ။

လိပ်ကြီးသည် သူ့အနားသို့ ပျော်ရွှင်စွာ ကူးလာသည်။လုပေါင်သည် လိပ်ကြီးကျောပေါ်သို့ အမြန်တက်ထိုင်လိုက်သည်။ ကျောပိုးအိတ်ကို ဖွင့်ကြည့်လိုက်သောအခါ အက်စစ်စားထားသော အမှတ်အသားများကို တွေ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် ချက်ချင်း ပြတ်ထွက်သွားခြင်းမျိုးတော့ မရှိပေ။

အမည်းရောင်သန်းနေသော အန်ဖက် ၃ တုံးမှာ အရွယ်အစား တူညီကြပြီး သခွားမွှေးသီး တစ်လုံးခန့်စီ ရှိကြသည်။ ၎င်းတို့သည် အလွန်ပင် ပေါ့ပါးလှပြီး ပင်လယ်ရေပေါ်တွင်ပင် ပေါ်နေကြသည်။

“ဝေလငါးအန်ဖက်တွေလား။”

ကယ်ဆယ်ရေးသမား တစ်ဦးက ရုတ်တရက် အံ့ဩတကြီး ဟစ်အော်လိုက်သည်။

“ဘာပြောတယ်... ဒါတွေက ဝေလငါးအန်ဖက်တွေလား။”

“သူက အန်ဖက်ရှာဖို့ ဝေလငါးဗိုက်ထဲ ဝင်သွားတာလား။ဒါ... ဒါကတော့...”

ဆွံ့အလျက် ကယ်ဆယ်ရေးသမား အားလုံးမှာ ထပ်တူထပ်မျှ ခံစားလိုက်ရသည်။

Live လွှင့်ခန်းမှာလည်း ပို၍ ပေါက်ကွဲသွားတော့သည်။ ပရိသတ်ဦးရေမှာ အလွန်အမင်း တိုးတက်လာပြီး လက်ဆောင်ပစ္စည်းများမှာလည်း မရေမတွက်နိုင်အောင် ပေးပို့နေကြသည်။ ပင်လယ်ပြင် ရတနာသိုက်ဟူသော ဂုဏ်ပုဒ်မှာ live ထဲတွင် အဆ ၃၀ ကျော်အထိ တက်သွားသော်လည်း အများစုမှာ Live အဖွဲ့သားများ၏ ကြော်ငြာမှုကြောင့်လည်း ပါဝင်သည်။

“ရတနာဟေ့...”

လုပေါင်သည် သူ ချမ်းသာသွားပြီဟု ခံစားလိုက်ရသည်။ ဤစွမ်းရည်မျိုးနှင့်ဆိုလျှင် နောင်တွင် ပိုက်ဆံအတွက် ပူစရာ လိုပါဦးမည်လော။

All Chapters