အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
အခန်း။ ၁၃၅
ဖူး... ဖူး... ဖူး
ဝမ်တုန်းသည် အသက်ကိုအောင့်ကာ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်သည်။ သူ၏ပုခုံးများကို လျှော့ချလိုက်ပြီး လက်နှစ်ဖက်ကို သဘာဝအတိုင်း ချထားလိုက်သည်နှင့် တစ်ပြိုင်နက် မမြင်နိုင်သော လေစွမ်းအင်နုနုလေးများသည် သူ့ဘေးပတ်လည်တွင် ဝဲလည်လာပြီး မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များနှင့် မြက်ပင်များကို လွင့်ပျံတက်သွားစေတော့သည်။
ချန်ကျီရှင်းမှာမူ မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်လျက် တင်ပျဉ်ခွေထိုင်မြဲ ထိုင်နေဆဲပင်။ သူက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ပြောလိုက်သည်။
“ဒါပေမဲ့ မင်းက နတ်ဘုရားခရီးသွားနယ်ပယ် အထွတ်အထိပ်ရောက်နေပြီလေ။ ငါကတော့ အခုမှ အဲဒီနယ်ပယ်ထဲကို ဝင်ကာစပဲ ရှိသေးတာ။ မင်းနိုင်သွားရင်တောင် ဒါက ဘာမှထူးခြားမှာ မဟုတ်ဘူး မဟုတ်လား”
ဝမ်တုန်းသည် ထိုစကားကြောင့် မျက်မှောင်ကြုတ်သွားပြီး ခေတ္တစဉ်းစားလိုက်ကာ “အင်း... ဒါလည်း ဟုတ်တာပဲ။ ငါက အဆင့်မြင့်တဲ့ စွမ်းအားနဲ့ မင်းကို ဖိနှိပ်ပြီး နိုင်သွားရင်တောင် ဒါက တရားမျှတတဲ့ အောင်ပွဲ မဟုတ်ဘူး”
ထိုသို့တွေးမိပြီးနောက် ဝမ်တုန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး “ကောင်းပြီ... ဒါဆိုရင် ငါလည်း မင်းနဲ့အဆင့်တူ နတ်ဘုရားခရီးသွားနယ်ပယ်အဆင့်နဲ့ပဲ ယှဉ်ပြိုင်တိုက်ခိုက်မယ်” ဟု ပြောလိုက်သည်။
“မလိုပါဘူး”
ချန်ကျီရှင်းက ပြုံးလိုက်သည်။
နောက်တစ်ခဏတွင်…
ဘုန်း….
ကျယ်ပြောလှပြီး ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်အသိစိတ်လှိုင်းလုံးကြီးများက ချန်ကျီရှင်းထံမှ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ကောင်းကင်ကြီး ပြိုကျလာပြီး မြေပြင်ကြီး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသကဲ့သို့ ပြင်းထန်လှသော ဒီရေလှိုင်းကြီးများအသွင်ဖြင့် လွှမ်းမိုးသွားခဲ့သည်။
ဝမ်တုန်းသည် မုန်တိုင်းထန်နေသော ပင်လယ်ပြင်အလယ်တွင် လွင့်မျောနေသည့် လှေငယ်လေးတစ်စင်းကဲ့သို့ ခံစားလိုက်ရပြီး သူ၏ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ စီးဆင်းလာတော့သည်။ သူ့ရှေ့မှ မြင်ကွင်းအားလုံး ပြောင်းလဲသွားခဲ့သည်။
ရွှေရောင်လက်ဝါးကြီးတစ်ပြင်မှာ ကောင်းကင်နှင့် နေမင်းကြီးကိုပင် ဖုံးလွှမ်းသွားသကဲ့သို့ သူ့အပေါ်သို့ ဖိနှိပ်ကျဆင်းလာခဲ့သည်။ ထိုကြီးမားလှသော လက်ဝါးကြီး၏ရှေ့တွင် ဝမ်တုန်းသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်သွားသည်ဟု ခံစားရပြီး သူ၏ဝိညာဉ်မှာ တုန်ရင်လာကာ မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ပေ။
ဘုန်း….
စင်ကြယ်ပြီး ကြီးမားလှသော စိတ်ဝိညာဉ်အသိစိတ်ဖြင့် ဖွဲ့စည်းထားသည့် လက်ဝါးကြီးသည် အားပြင်းစွာ ဖိချလိုက်တော့သည်။ ဝမ်တုန်းမှာ မျက်လုံးများကို အတင်းမှိတ်ထားလိုက်မိပြီး သူ၏နှလုံးသားမှာလည်း လည်ချောင်းဝသို့ ရောက်မတတ် တုန်လှုပ်နေတော့သည်။
အသက်ရှူသံ တစ်ချက်….
နှစ်ချက်…..
သုံးချက်…..
အသက်ရှူအကြိမ် ဒါဇင်ဝက်ခန့် ကြာပြီးနောက် ဝမ်တုန်းသည် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ သူ၏မျက်နှာမှာ ဖြူဖျော့နေပြီး အမောတကော အသက်ရှူရင်း ချန်ကျီရှင်းကို ကြည့်လိုက်မိသည်။ သူ ထင်မှတ်ထားသကဲ့သို့ သူ၏ အသိစိတ်ပင်လယ်ကွဲအက်ပျက်စီးသွားသည့် နာကျင်မှုမှာ ရောက်မလာခဲ့ပေ။
ယင်းအစား ရွှေရောင်စိတ်ဝိညာဉ်လက်ဝါးကြီးမှာ လေပြေအေးလေးတစ်ခုကဲ့သို့ သူ့ဘေးမှ ဝေ့ဝဲ၍ ဖြတ်သန်းသွားခဲ့ခြင်းသာ။
“ငါ... ရှုံးသွားပြီ”
ဝမ်တုန်းသည် ခေါင်းကို ငိုက်စိုက်ချလိုက်သည်။ သူ၏မျက်ဝန်းများမှာ မှေးမှိန်နေပြီး ဇဝေဇဝါဖြစ်မှု၊ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေတော့သည်။
သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်မှာ ချန်ကျီရှင်း ထုတ်ဖော်လိုက်သော အရှိန်အဝါသည် နတ်ဘုရားခရီးသွားနယ်ပယ်သာ ဖြစ်သော်လည်း ထိုစိတ်ဝိညာဉ်အသိစိတ်၏ ပမာဏနှင့် ပြင်းအားမှာမူ သူ့ထက် အဆပေါင်းများစွာ သာလွန်နေခြင်းပင်။
အကယ်၍ ရှောင်ပင်းက နောက်ဆုံးအချိန်တွင် သနားညှာတာပြီး လက်ဝါးကြီးကို ဘေးသို့ ရှောင်မပေးခဲ့လျှင် သူ၏ အသိစိတ်ပင်လယ်မှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
“ဒါက ကန့်သတ်ချက်ကျော်လွန်တဲ့ ပါရမီရဲ့ စွမ်းအားလား”
ဝမ်တုန်းသည် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိရာ လက်သည်းများမှာ အသားထဲသို့ စိုက်ဝင်ပြီး သွေးများပင် ထွက်လာခဲ့သည်။
ဤကဲ့သို့ ကွာခြားချက်ကြီးမားမှုက သူ့ကို အလွန်အမင်း စိတ်ပျက်အားငယ်စေခဲ့သည်။
“ငါ ရှုံးသွားပြီ တောင်းပန်ပါတယ်”
ဝမ်တုန်းသည် ချန်ကျီရှင်းကို တစ်ချက်ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် လှည့်ထွက်သွားတော့သည်။ သူသည် အစောပိုင်းက တက်ကြွလှုပ်ရှားစွာဖြင့် ရှောင်ပင်းကို စိန်ခေါ်မည်ဟု ကြုံးဝါးခဲ့သော်လည်း ယခုမူ...
ဒီတိုက်ပွဲမှာ ငါ တစ်ကွက်တည်းနဲ့တောင် မခုခံနိုင်ခဲ့ဘူး... ဘယ်လောက်တောင် အရှက်ရဖို့ကောင်းလိုက်သလဲ။
ဒီလိုအခြေအနေမျိုးနဲ့ ငါ ဘယ်လိုမျက်နှာမျိုးနဲ့ ဆက်နေနိုင်တော့မှာလဲ။
ချန်ကျီရှင်းကတော့ မြေပြင်ပေါ်မှာ တင်ပျဉ်ခွေထိုင်ရင်း မေးစေ့ကိုလက်နဲ့ထောက်ကာ ဝမ်တုန်းတစ်ယောက် လေးလံသောခြေလှမ်းများဖြင့် ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ သူ တစ်ချက်ကြည့်ရုံနဲ့တင် သိလိုက်သည်။
ဝမ်တုန်းအမည်ရှိသော ဤတပည့်သည် ကိုယ်ခန္ဓာဒဏ်ရာမရရှိခဲ့သော်လည်း သူ၏ တာအိုနှလုံးသားမှာ အက်ကွဲသွားခဲ့ပြီး သူ၏ဇွဲလုံ့လမှာလည်း လုံးဝမှေးမှိန်သွားခဲ့ပြီဖြစ်သည်။
ခဏမျှစဉ်းစားပြီးနောက် ချန်ကျီရှင်းက တိုးတိတ်စွာ ရွတ်ဆို လိုက်သည်။
“နှစ်ပေါင်းခြောက်ဆယ် ကုန်လွန်သည်။ ဘဝရဲ့ အေးစက်ခါးသီးမှုတွေကို အသည်းခိုက်အောင် ခံစားခဲ့ရပေါ့။ ငါ့ကိုယ်ငါ ဆုံးမပဲ့ပြင်ပြီး အစွမ်းကုန်တိုက်ပွဲဝင်ခဲ့ပေမဲ့... ဝတ်ရုံပြာနဲ့ မြင်းဖြူစီးတဲ့ အိပ်မက်တွေကတော့ လွင့်ပျံနေဆဲပဲ”
“နောက်ဆုံးတော့ နေ့စဉ်လိုအပ်ချက်တွေရဲ့ ပွတ်တိုက်မှုကြားမှာ အရောင်မှိန်ခဲ့ရပြီ။ ကုန်လွန်သွားတဲ့ နှစ်တွေရဲ့ နှင်းမှုန်တွေကလည်း အရောင်ဆိုးခဲ့ပြီပေါ့။ လောကကြီးထဲမှာ မိတ်ဟောင်းဆွေဟောင်းတွေက သေခြင်းရှင်ခြင်းအကြောင်းကို အဝေးကကိစ္စတွေလို ပြောနေကြတယ်... ဒါကြောင့် အိပ်ပျော်နေစဉ် ပျောက်ကွယ်သွားတဲ့ အိပ်မက်တွေကိုတော့ မရယ်မောလိုက်ပါနဲ့”
“သွားပါ... သွားပါ... သွားပါဦး”
“အခက်အခဲတွေ ဘယ်လောက်ပဲရှိပါစေ... ငါ့ရဲ့ ငယ်ရွယ်နုပျိုတဲ့ ရူးသွပ်မှုတွေကို ဘယ်လိုထုတ်ဖော်မလဲဆိုတာ ကြည့်လိုက်စမ်းပါ။ ငါကတော့ အသံကျယ်ကျယ်နဲ့ သီချင်းဆိုရင်း နှလုံးသားက တောင်းတတဲ့အရာတွေအတွက် ဆက်ပြီးကြိုးစားနေဦးမှာပဲ”
“လာပါ... လာပါ... လာခဲ့ကြစမ်းပါ”
“ဘဝရဲ့ ဒုက္ခတွေကြားမှာ အဖိုးအိုတစ်ယောက်ရဲ့ အားနည်းချက်ကို မရယ်မောလိုက်ပါနဲ့... အသက်ကြီးမှ အောင်မြင်မှုတွေ ရောက်လာတဲ့အခါမှာတော့ ငါတို့တွေ ဝိုင်အသစ်တွေကို အတူသောက်ရင်း ဘဝရဲ့ အနိမ့်အမြင့်အတက်အကျတွေအကြောင်း ပြောကြတာပေါ့”
ဆုတ်ခွာသွားနေသော ဝမ်တုန်းသည် ရုတ်တရက် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားပြီး သူ၏ကိုယ်ခန္ဓာမှာလည်း တုန်ရင်လာတော့သည်။
ဤကဗျာကို သူ အလွန်ကောင်းကောင်းသိသည် သို့မဟုတ် ယနေ့ခေတ်ကာလရှိ မည်သည့်
ကျင့်ကြံသူမဆို သိကြပေလိမ့်မည်။ အကြောင်းမှာ ဤကဗျာကို ဒဏ္ဍာရီလာ ထာဝရအသက်
ရှင်ခြင်းနယ်ပယ်ကျင့်ကြံသူ ကျိလင်သခင်ရေးသားခဲ့ခြင်းကြောင့်ပင်။
ကျိလင်သခင်၏ ဘဝမှာ ဒဏ္ဍာရီဆန်လှသည်။ သူသည် အသက်ခြောက်ဆယ်အရွယ်ကျမှ ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ခဲ့ခြင်းပင်။ နတ်ဘုရားပါရမီများနှင့် အနှိုင်းမဲ့စွမ်းအားများ ပိုင်ဆိုင်ကြသော အခြားသော ထာဝရအသက်ရှင်ခြင်းနယ်ပယ်ပုဂ္ဂိုလ်ကြီးများနှင့်မတူဘဲ သူ၏အောင်မြင်မှုမှာ တမူထူးခြားလှသည်။
ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ သူ စတင်ခြေချခဲ့သည့်အချိန်မှစ၍ ကျိလင်သခင်သည် ဆူးခက်များနှင့် မရေရာမှုများကိုသာ ရင်ဆိုင်ခဲ့ရသည်။ သူ၏တစ်သက်တာတွင် မရေမတွက်နိုင်သော တိုက်ပွဲများကို ဆင်နွှဲခဲ့သော်လည်း အကြိမ်တိုင်းနီးပါး ရှုံးနိမ့်ခဲ့ရသည်။ သူသည် လမ်းပျောက်နေသော ခွေးတစ်ကောင်ကဲ့သို့ အသက်လုထွက်ပြေးရကာ ပြည်နှင်ဒဏ်သင့်သကဲ့သို့ လှည့်လည်သွားလာခဲ့ရသည်။
သို့သော်လည်း လောကကြီးက ဘယ်လောက်ပင် ခက်ခဲပါစေ ကျိလင်သခင်သည် သူ၏တိုက်ပွဲဝင်စိတ်ဓာတ်ကို မည်သည့်အခါမျှ အဆုံးရှုံးမခံခဲ့ဘဲ အခက်အခဲများနှင့် ကြုံတွေ့ရလေလေ ပို၍ ရဲရင့်လာလေလေဖြစ်သည်။ လူအများက လှောင်ပြောင်စရာအဖြစ် သဘောထားခဲ့ကြသော သူ့ကို နောက်ဆုံးတစ်ကြိမ် ပြန်လည်လှည့်ကြည့်လိုက်ကြချိန်တွင်မူ ကျိလင်သခင်သည် မည်သူမျှမသိလိုက်ဘဲ မြင့်မားသောရာထူးသို့ ရောက်ရှိနေခဲ့ပြီး လူ့လောကကြီးထဲတွင် သူ၏ ထာဝရအသက်ရှင်ခြင်းအဆင့်အတန်းကို သက်သေပြနိုင်ခဲ့ပြီဖြစ်သည်။
“ကျွန်တော်...”
ဝမ်တုန်း၏ အသက်မဲ့နေသော မျက်ဝန်းများမှာ တဖြည်းဖြည်း တောက်ပလာခဲ့သည်။ သူသည် ချန်ကျီရှင်းကို အလေးအနက် အရိုအသေပြုလိုက်ပြီး “သင်ကြားပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ”
နောက်တစ်ခဏတွင် ဝမ်တုန်းက လှည့်ထွက်သွားခဲ့သည်။ သူ၏ကိုယ်နေဟန်ထားမှာ တစ်ဖန်ပြန်၍ မတ်မတ်ရှိနေခဲ့ပြီဖြစ်သည်။ သူ၏ကိုယ်တွင်းမှ ထက်မြက်သော အရှိန်အဝါများမှာလည်း အသစ်တစ်ဖန် ပြန်လည်ဖြာထွက်လာတော့သည်။
ချန်ကျီရှင်းက လက်တစ်ဖက်ကို ဝေ့ယမ်းပြလိုက်ပြီး မျက်လုံးကို ပြန်မှိတ်လိုက်သည်။ ဤဝမ်တုန်းမှာ သဘာဝအရ ဆိုးသွမ်းသူမဟုတ်ပေ။ အကယ်၍ သူသာ ပျက်စီးသွားခဲ့လျှင် နှမြောစရာကောင်းလှသည်။ တစ်ချိန်ချိန်တွင် သူသည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ ထွက်ခွါသွားမည့်သူပင်။ အကယ်၍ သူထွက်ခွာသွားချိန်တွင် ကြံ့ကြံ့ခံနိုင်သောစိတ်ဓာတ်နှင့် ဇွဲရှိသောသူတစ်ယောက် ကျန်ရစ်ခဲ့မည်ဆိုပါက ဤသည်မှာ ဆိုးလှသည်တော့မဟုတ်ပေ။
...
...
တစ်ချိန်တည်းမှာပင် ကမ္ဘာငယ်လျှို့ဝှက်နယ်မြေအတွင်း၌ ရွှီဖန် တစ်ဦးတည်း၏ ပြဇာတ်ကြီးမှာ တရားဝင် စတင်နေပြီဖြစ်သည်။
“အပြာရောင်တောက်ပဝိညာဉ်သီး”
နတ်ဘုရားခရီးသွားနယ်ပယ်ထဲသို့ အသစ်ဝင်ကာစ တပည့်သုံးဦးသည် ကျောက်ဆောင်ကြားတွင် ပေါက်နေသော အပြာရောင်တောက်ပနေသည့် အသီးကို မြင်လိုက်ရသောအခါ သူတို့၏မျက်နှာများမှာ ချက်ချင်းပင် ဝင်းလက်သွားကြသည်။ အပြာရောင်တောက်ပဝိညာဉ်သီးသည် ကျင့်ကြံမှုအဆင့်ကို များစွာမြှင့်တင်ပေးနိုင်ပြီး ပြင်ပလောကတွင် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်အထိ တန်ဖိုးရှိသည်။
သုတို့အတွက်မူ ဤသည်မှာ မမျှော်လင့်ဘဲ ရရှိလိုက်သော လာဘ်လာဘကြီးတစ်ခုပင်။
တပည့်သုံးဦးသည် တစ်ဦးကိုတစ်ဦး အချက်ပြကြည့်လိုက်ပြီး အပြာရောင်တောက်ပဝိညာဉ်သီးကို ဆွတ်ခူးရန် ပြင်ဆင်လိုက်ကြစဉ်မှာပင်.ဍဍ
ဘုန်း
ဧရာမလက်ဝါးကြီးတစ်ပြင်သည် အဆုံးမဲ့သော အကွာအဝေးမှ ရုတ်တရက် ဆန့်ထွက်လာပြီး အပြာရောင်တောက်ပဝိညာဉ်သီးကို ဆုပ်ကိုင်ကာ ဖမ်းယူသွားတော့သည်။ ထို့နောက် ထိုလက်ဝါးကြီးမှာ ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။
အပြာရောင်တောက်ပဝိညာဉ်သီးမှာ ဓားသွားကဲ့သို့ မျက်ခုံးအစုံရှိပြီး ချောမောခန့်ညားသော လူငယ်တစ်ဦး၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“ရွှီဖန်”
ထိုတပည့်သုံးဦးသည် အသံကြားရာသို့ လှည့်ကြည့်လိုက်ပြီး ခဏမျှ မှင်သက်သွားကြသည်။
ယခုတလောတွင် နာမည်အကြီးဆုံးမှာ ချန်ကျီရှင်း အသွင်ယူထားသော ရှောင်ပင်းဖြစ်သည်မှာ မှန်သော်လည်း ရှောင်ပင်းပြီးလျှင် ဒုတိယမြောက် နာမည်အကြီးဆုံးနှင့် မွန်းတည့်နေကဲ့သို့ တောက်ပလာနေသူမှာ ရွှီဖန်ပင်။
ရွှီဖန်သည် မူလက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး နတ်ဘုရားခရီးသွားနယ်ပယ်အစွမ်းဖြင့် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေသို့ ဝင်ရောက်လာခဲ့သူဖြစ်သည်။ ဂိုဏ်းဝင်သည့်နေ့မှာပင် စီနီယာတပည့်အချို့ကို အနိုင်ယူပြခဲ့သဖြင့် နာမည်ကျော်ကြားခဲ့သည်။ ထို့နောက် အကြီးအကဲ ဖူလုံကိုယ်တိုင် ရှေ့ထွက်ကာ သူ့ကို တပည့်အဖြစ် လက်ခံခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း အစဉ်အလာကို ချိုးဖောက်ကာ ရွှီဖန်ကို ကမ္ဘာငယ်လျှို့ဝှက်နယ်မြေ၏ ရတနာလုပွဲတွင် ပါဝင်ခွင့်ပြုခဲ့ခြင်းပင်။
“ရွှီဖန်... ဒါကို ငါတို့ အရင်တွေ့တာ။ မင်းလိုချင်ရင် တခြားတစ်နေရာမှာ သွားရှာချေ”
တပည့်တစ်ဦးက ချက်ချင်း အော်ဟစ်လိုက်သည်။
“နုနယ်လိုက်တာ”
ရွှီဖန်၏ မျက်နှာမှာ မည်သည့်အမူအရာမျှ မရှိပေ။ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ ဤတပည့်များမှာ ဖန်လုံအိမ်ထဲက ပန်းကလေးများကဲ့သို့ပင် အလွန်အမင်း ရိုးအနုနယ်လွန်းလှသည်။ ဤကဲ့သို့သော ကံထူးမှုမျိုးမှာ အင်အားကြီးသူကသာ ပိုင်ဆိုင်စမြဲဖြစ်ပြီး အရင်တွေ့သူ အရင်ယူဆိုသည့် စနစ်မျိုး မဟုတ်ပေ။
ရွှီဖန်သည် ခေါင်းကို ခါယမ်းလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။
“ဒီကောင်...”
“တောက်...”
“ရွှီဖန်... အဲဒီအသီးကို ထားခဲ့ပြီးမှ ထွက်သွား”
တပည့်သုံးဦးစလုံး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်ကာ ခေါင်းညိတ်လိုက်ကြသည်။ ထိုခဏမှာပင် တပည့်သုံးဦးစလုံး တိုက်ခိုက်မှုများကို စတင်လိုက်တော့သည်။
“အတတ်ပညာ - မီးနဂါးစွမ်းအင်”
“အတတ်ပညာ - လေနဂါးစွမ်းအင်”
“အတတ်ပညာ - ဝိညာဉ်ဓားသွား”
သူတို့သည် တစ်ဂိုဏ်းတည်းသားများဖြစ်သဖြင့် စိတ်ဝိညာဉ်အသိစိတ်ဖြင့် တိုက်ခိုက်ခြင်းကို မပြုလုပ်ဘဲ အခြေခံအတတ်ပညာများကိုသာ အသုံးပြု၍ ရွှီဖန်ထံသို့ ပစ်လွှတ်လိုက်ကြသည်။
တစ်ခဏချင်းမှာပင် ကောင်းကင်နှင့် မြေကြီးကြားရှိ စစ်မှန်သော အနှစ်သာရစွမ်းအင်များမှာ စုစည်းသွားပြီး ဟိန်းဟောက်နေသော လေနဂါး၊ မီးနဂါးများနှင့် ထက်မြက်သော ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရွှီဖန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
ဝူး... ဝူး... ဝူး
သို့သော် ရွှီဖန်မှာ ကျောဘက်တွင် မျက်လုံးပါနေသည့်အလား သူ၏ခေါင်းကို အသာအယာ တိမ်းစောင်းလိုက်ရုံဖြင့် ပြေးဝင်လာသော ဓားအလင်းတန်းကို ရှောင်ရှားလိုက်သည်။ ထို့နောက် သူ၏လက်ချောင်းများကို ပေါ့ပေါ့ပါးပါးပင် တစ်ချက် တောက်လိုက်၏။
ဘုန်း…..
မီးနဂါးနှင့် လေနဂါးနှစ်ကောင်စလုံးမှာ လေထုထဲ၌ပင် ချက်ချင်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။ နောက်တစ်ခဏတွင် တပည့်သုံးဦးစလုံးမှာ ကြီးမားလှသော စိတ်ဝိညာဉ်အသိစိတ်တစ်ခု၏ လွှမ်းမိုးခြင်းကို ခံလိုက်ရပြီး ခေါင်းများ မူးဝေသွားကာ ချက်ချင်းပင် မေ့မြောလဲကျသွားကြတော့သည်။
“နောက်တစ်ယောက်”
ရွှီဖန်သည် အရှေ့တောင်ဘက်သို့ ဦးတည်ကာ ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။
ရွှီဖန်သည် သူ၏အနာဂတ်တွက်ချက်မှုများအတိုင်း ရတနာရှိရာနေရာများကို တစ်ခုပြီးတစ်ခု ရှာဖွေတွေ့ရှိနေသည်။ သူသည် သူ၏ပြိုင်ဘက် ချန်ကျီရှင်းက သူ့ကို စောင့်ကြည့်နေသည်ကို မရိပ်မိသေးပေ။
မျက်တောင်တစ်ခတ်အတွင်းမှာတင် တစ်ရက်တာအချိန်က လက်ဖျစ်တစ်ချက်တီးလိုက်သလို ကုန်ဆုံးသွားခဲ့သည်။
တစ်ရက်တည်းအတွင်းမှာပင် တာအိုမျိုးစေ့တပည့် လေးဦးမှအပ ကျန်ရှိသော တပည့်အားလုံးမှာ ရွှီဖန်၏ လက်ချက်ဖြင့် မေ့မြောကာ လဲကျကုန်ကြသည်။ သူတို့ ရရှိထားသမျှသော ကံထူးမှု ရတနာအားလုံးမှာလည်း ရွှီဖန်၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။
ရွှီဖန်သည် တစ်ရက်တည်းနှင့်ပင် သူ၏ သိုလှောင်လက်စွပ်ထဲ၌ အမျိုးမျိုးသော ကောင်းကင်ဘုံနှင့် မြေကမ္ဘာ၏ ရတနာများကို ပြည့်နှက်နေအောင် သိမ်းကျုံးယူငင်နိုင်ခဲ့သည်။ ဤသည်မှာ ရွှီဖန်၏ တိုက်ခိုက်ရေးစွမ်းရည်က ထူးကဲသာလွန်လွန်း၍ နယ်ပယ်တူတွင် ပြိုင်ဘက်ကင်းနေခြင်းကြောင့် မဟုတ်ပေ။
အမှန်စင်စစ်တွင်မူ ဤလျှို့ဝှက်နယ်မြေအတွင်း ဖြစ်ပွားသမျှ တိုက်ပွဲတိုင်းကို သူ၏စိတ်ထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပုံဖော်တွက်ချက်ပြီးသား ဖြစ်နေ၍ပင်။ ထိုသို့ ကြိုတင်ပုံဖော်ထားခြင်းကြောင့် တိုက်ပွဲများအတွင်းရှိ အားနည်းချက်များကို သူက အလွယ်တကူ ရှာဖွေနိုင်ခြင်းပင်။
“ဟင် နောက်သုံးရက်နေရင် ငါ ရှောင်ပင်းနဲ့ ရင်ဆိုင်ရမှာလား”
နောက်ထပ် သုံးရက်စာ အခြေအနေများကို ပုံဖော်ကြည့်နေရင်း ရွှီဖန်က တိုးတိတ်စွာ ရေရွတ်လိုက်သည်။ နောက်ဆုံးမြင်လိုက်ရသော ပုံရိပ်မှာ ရှောင်ပင်းနှင့် သူ ထိပ်တိုက်တွေ့နေသည့် မြင်ကွင်းပင်။ သူ ပို၍ အသေးစိတ်မြင်ချင်သော်လည်း ပုံရိပ်မှာ ထိုနေရာ၌ပင် ရုတ်တရက် ပြတ်တောက်သွားခဲ့သည်။
ရွှီဖန်က ခေါင်းကိုခါယမ်းကာ ထိုအချက်ကို သိပ်ဂရုမစိုက်တော့ပေ။ မနက်ဖြန်ရောက်လျှင် ရှောင်ပင်းနှင့် တိုက်ပွဲရလဒ်ကို သူ အလိုလို သိရပေလိမ့်မည်။ ရှုံးနိမ့်ခဲ့လျှင်ပင် ကိစ္စမရှိပေ။ သူသည် ရှောင်ပင်းနှင့် တိုက်ပွဲကို အကြိမ်ကြိမ် ပုံဖော်ကြည့်ရင်း သူ့ကို အနိုင်ယူမည့် နည်းလမ်းကို ရှာတွေ့နိုင်မည်သာ ဖြစ်သည်။
“နောက်တစ်ခုကတော့... ဒီကမ္ဘာငယ်ထဲမှာ အကြီးမားဆုံး ကံထူးမှုပဲ”
ရွှီဖန်က အတွေးများကို စုစည်းကာ သူ့ဘာသာ ရေရွတ်လိုက်သည်။ ထိုခဏမှာပင် သူသည် ခြေလှမ်းကျဲကြီးများဖြင့် ကမ္ဘာငယ်အတွင်းရှိ ချိုင့်ဝှမ်းတစ်ခုဆီသို့ ဦးတည်လျှောက်လှမ်းသွားတော့သည်။
နာရီဝက်ခန့်အကြာတွင် ရွှီဖန်သည် ချိုင့်ဝှမ်းသို့ ရောက်ရှိသွားပြီး ကမ်းပါးယံရှိ အက်ကြောင်းတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။ သူသည် လက်ကို ဆန့်ထုတ်ကာ အက်ကြောင်းကို ကိုင်လိုက်ပြီး အင်အားသုံး၍ ဆွဲဖြဲလိုက်တော့သည်။
ဝုန်း... ဝုန်း... ဝုန်း
ကမ်းပါးယံကြီးတစ်ခုလုံးမှာ စက္ကူကဲ့သို့ပင် သူ၏လက်နှစ်ဖက်ကြားတွင် ဘေးတစ်ဖက်တစ်ချက်စီသို့ ပွင့်ထွက်သွားခဲ့သည်။ ကမ်းပါးယံအတွင်း၌မူ လျှို့ဝှက်ကျောက်ခန်းမတစ်ခု ရှိနေ၏။ ထိုကျောက်ခန်းမမှာ ကျဉ်းမြောင်းသော်လည်း အလယ်တွင် မြင့်မားသော စင်မြင့်တစ်ခု ရှိနေသည်။
တောက်ပနေသော ကြက်သွေးရောင် လက်စွပ်တစ်ကွင်းမှာ ထိုစင်မြင့်ပေါ်တွင် ငြိမ်သက်စွာ လွင့်မျောနေသည်။
“ဝိညာဉ်ကာကွယ်ရေးလက်စွပ်”
ရွှီဖန်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ဤဝိညာဉ်ကာကွယ်ရေးလက်စွပ်မှာ ဤကမ္ဘာငယ်အတွင်းရှိ အကြီးမားဆုံး ရတနာပင်။
ကျင့်ကြံသူများအကြားတွင် စိတ်ဝိညာဉ်ပင်လယ်မှာ အထိခိုက်မခံနိုင်ဆုံး အစိတ်အပိုင်းဖြစ်ပြီး ကာကွယ်ရန် နည်းလမ်းမှာလည်း အလွန်ရှားပါးလှသည်။ ထို့ကြောင့်ပင် နတ်ဘုရားလက်နက်အားလုံးထဲတွင် အသိစိတ်ပင်လယ်ကို ကာကွယ်ပေးနိုင်သော စိတ်ဝိညာဉ်အသိစိတ်
ဖြင့် တိုက်ခိုက်မှုများကို ခုခံပေးနိုင်သော ဓမ္မရတနာများမှာ တန်ဖိုးအကြီးမားဆုံး ဖြစ်သည်။
ဤဝိညာဉ်ကာကွယ်ရေးလက်စွပ်မှာ စစ်မှန်သောကိုယ်ပိုင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသဖြင့် အဖိုးမဖြတ်နိုင်သော ရတနာပင်။ ဤအရာသာ ရှိနေပါက နိဗ္ဗာနနယ်ပယ်ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုမျိုးမှအပ နိဗ္ဗာနအောက်ရှိ စိတ်ဝိညာဉ်အသိစိတ် တိုက်ခိုက်မှုအားလုံးကို သူ လုံးဝ ပယ်ဖျက်နိုင်တော့မည် ဖြစ်သည်။
“လာစမ်း”
ရွှီဖန်က သူ၏ ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။ မှိန်ပျပျ အလင်းတန်းများ ဖြာထွက်နေသော ကြက်သွေးရောင်လက်စွပ်လေးမှာ သူ၏လက်ဖဝါးထဲသို့ ချက်ချင်းပင် ကျဆင်းလာခဲ့တော့သည်။
နောက်တစ်ခဏတွင် ရွှီဖန်သည် အဝေးတစ်နေရာသို့ လှည့်ကြည့်လိုက်သည်။ နတ်ဘုရားခရီးသွားနယ်ပယ် အထွတ်အထိပ်ရှိသော ပုံရိပ်အချို့မှာ ဤနေရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေကြပြီ ဖြစ်သည်။
သိသာသည်မှာ တာအိုမျိုးစေ့တပည့်များမှာ ဤနေရာမှ ထွက်ပေါ်လာသော ထူးခြားသည့် လှုပ်ခတ်မှုကို အာရုံခံမိသွားကြခြင်းပင်။
အခန်း။ ၁၃၆
ဝူး... ဝူး... ဝူး
အရိပ်သုံးခုသည် ဟင်းလင်းပြင်ထဲတွင် ရှည်လျားသော မီးတောက်တန်းကြီးများကို ဆွဲငင်
လျက် ပျံသန်းလာပြီးနောက် ရွှီဖန်၏ရှေ့တွင် ဒုန်းကနဲ မြည်ဟည်းလျက် ဆင်းသက်လိုက်ကြသည်။ ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် ဝတ်ရုံအနားသတ်၌ ရွှေချည်ထိုးထားသော အဖြူရောင်ဝတ်စုံဝတ် ပုံရိပ်သုံးခု ပေါ်ထွက်လာခဲ့သည်။
တာအိုမျိုးစေ့တပည့် လော့ချုံး….
တာအိုမျိုးစေ့တပည့် ယွီထျန်းရှန်း…..
တာအိုမျိုးစေ့တပည့် ဖုန်းကျန်း…..
ပုံရိပ်သုံးခုသည် ဘေးချင်းယှဉ်ရပ်လျက် နတ်ဘုရားခရီးသွားနယ်ပယ်၏ ပြင်းထန်သော အရှိန်အဝါများကို ထုတ်ဖော်နေကြပြီး သူတို့အားလုံး၏ မျက်လုံးများမှာ ရွှီဖန်ထံသို့ တစ်ပြိုင်နက်တည်း ကျရောက်နေတော့သည်။
“ညီလေးရွှီ... မင်းရဲ့ လုပ်ရပ်က အနည်းငယ် ရက်စက်လွန်းလှချေလား။ တခြားတပည့်တွေ ရထားတဲ့ ကံထူးမှုတွေကို မင်းတစ်ယောက်တည်းက အကုန်လုံး လုယူလိုက်တယ်ဆိုတော့...”လော့ချုံးက အေးစက်စွာ ပြောလိုက်သည်။
ရွှီဖန်သည် ကြက်သွေးရောင်လက်စွပ်လေးကို သူ၏လက်ချောင်းတွင် အသာအယာ စွတ်
လိုက်ရင်း ပြုံးလျက် “အစကတည်းက သဘောတူထားတာပဲလေ။ ဘယ်လောက်အထိ ရမလဲဆိုတာက ကိုယ့်အရည်အချင်းပေါ်မှာပဲ မူတည်တယ်လို့။ သူတို့ရထားတဲ့ ရတနာတွေကို ကျွန်တော် ယူလိုက်တယ်ဆိုတာ သူတို့က အရမ်းအားနည်းနေလို့ပဲ။ အဲဒါက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ”
ဤသည်ကို ကြားသောအခါ အခြားတာအိုမျိုးစေ့တပည့်ဖြစ်သူ ဖုန်းကျန်း၏ မျက်နှာမှာ မည်းမှောင်သွားပြီး “အော်... ဒါဆို မင်းထက် အင်အားကြီးတဲ့သူက မင်းဆီက အရာအားလုံးကို လုယူလို့ရတယ်လို့ ဆိုလိုတာပေါ့ ဟုတ်လား”
“ဒါက ယုတ္တိရှိတဲ့ အချက်ပဲလေ"
ရွှီဖန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ဖုန်းကျန်းကို လက်ညှိုးဖြင့် ရန်စသကဲ့သို့ လှမ်းခေါ်လိုက်ကာ “မင်းလည်း လာစမ်းကြည့်လို့ ရတာပဲ" ဟု ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
“ကောင်းပြီလေ မင်း ဂိုဏ်းထဲရောက်တာ ရက်ပိုင်းပဲ ရှိသေးတာကို ဒီလောက်တောင် မာန်
တက်နေတာလား။ တစ်နေ့နေ့မှာ မင်းသာ တကယ်ကြီး ထိပ်ဆုံးရောက်သွားရင် ဘယ်သူ့ကိုမှ ဂရုစိုက်တော့မှာ မဟုတ်ဘူးထင်တယ်”
ဖုန်းကျန်းသည် ဒေါသတကြီး ရယ်မောလိုက်ပြီး သူ၏အကြည့်မှာ ဓားတစ်စင်းကဲ့သို့ ထက်မြက်စွာဖြင့် ရွှီဖန်ကို စိုက်ကြည့်နေတော့သည်။ နတ်ဘုရားခရီးသွားနယ်ပယ် ကိုးဆင့်ရှိသော အရှိန်အဝါများမှာလည်း သူ၏ကိုယ်တွင်းမှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။
ရွှီဖန်မှာမူ တည်ငြိမ်နေဆဲဖြစ်ပြီး သူ့ကို တိုက်ရိုက် စိုက်ကြည့်နေ၏။ သူတို့နှစ်ဦး၏ အကြည့်များမှာ လေထုထဲတွင် ထိပ်တိုက်တွေ့ဆုံနေပြီး မမြင်နိုင်သော မီးပွားများစွာ ထွက်ပေါ်နေသကဲ့သို့ပင် တစ်ခဏချင်းမှာပင် သူတို့အကြားရှိ တင်းမာမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
နောက်ဆုံး တာအိုမျိုးစေ့တပည့် ယွီထျန်းရှန်းကမူ သက်ပြင်းအသာချရင်း “ရွှီဖန်... မင်းပြောတာ မမှားပါဘူး။ ဒါပေမဲ့ ငါတို့တွေက တစ်ဂိုဏ်းတည်းသားတွေလေ ရန်သူတွေ မဟုတ်ဘူး။ ဒီလောက်အထိ ရက်ရက်စက်စက် လုပ်နေတာက မင်းရဲ့လမ်းကို မင်းကိုယ်တိုင် ကျဉ်းအောင် လုပ်နေသလိုပဲ"
“ငါ့စကားကို နားထောင်စမ်းပါ။ မင်း ရတနာတွေ ပိုယူချင်လည်း ယူပါ။ ဒါပေမဲ့ အကုန်လုံးတော့ မယူပါနဲ့။ မဟုတ်ရင်တော့ မင်းက လူအများရဲ့ ဒေါသကို ဆွပေးသလို ဖြစ်လိမ့်မယ်။ အဲဒါက မင်းအတွက် ကောင်းမှာမဟုတ်ဘူး"
ရွှီဖန်က သူ၏အင်္ကျီလက်ကို တစ်ချက် ခါယမ်းလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“အဲဒီလို လောကဝတ်စကားတွေနဲ့ ကျွန်တော့်ကို လာမဖျားယောင်းပါနဲ့။ ကျွန်တော်တို့လို ကျင့်ကြံသူတွေအတွက်ကတော့ အဓိကက ယှဉ်ပြိုင်ခြင်းပဲ။ အကယ်၍ မင်းတို့က ကျွန်တော့်ထက် သာတယ်ဆိုရင် ကျွန်တော့်ဆီက အရာအားလုံးကို ယူသွားရင်တောင် ကျွန်တော် နောင်တရမှာ မဟုတ်ဘူး။ ကိုယ့်အရည်အချင်း မရှိတာကိုပဲ အပြစ်တင်မိမှာ”
“မင်းတို့ သုံးယောက်လိုမျိုး ဒီမှာ အလကား စကားလုံးလှလှလေးတွေ လျှောက်ပြောနေတာနဲ့တော့ မတူဘူးပေါ့”
သူ ခေတ္တရပ်လိုက်သည်။ ရွှီဖန်က သူတို့ သုံးဦး၏ မျက်နှာများကို တစ်ချက်ချင်း ဝေ့ကြည့်
လိုက်ပြီး “အင်အားကြီးသူက အမြဲတမ်း စွမ်းအားနဲ့ပဲ နှိမ်နင်းတယ်။ အားနည်းသူကမှ အကြောင်းပြချက်တွေပေါ်မှာ မှီခိုနေရတာ”
ဘုန်း….
ရွှီဖန်၏ ကိုယ်တွင်းမှလည်း အလားတူ အစွမ်းထက်လှသော နတ်ဘုရားခရီးသွားနယ်ပယ်အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
“ခေါင်းမာပြီး ကိုယ့်စိတ်ကိုယ်ပဲ အလိုလိုက်လွန်းတာပဲ"
ယွီထျန်းရှန်း၏ မျက်နှာမှာ အေးစက်သွားသည်။
“စကားတွေ အများကြီး ပြောမနေနဲ့တော့။ သူ့ကို တိုက်ရိုက်ပဲ နှိမ်နင်းကြစို့”
“ဟားဟားဟား... သူ့ကို ဘာလို့ စကားတွေ အကုန်ခံနေဦးမှာလဲ ဒီလောက် မာန်တက်နေတဲ့ကောင်ကို အရင်ဆုံး ဆုံးမရမှာပေါ့”
လော့ချုံးနှင့် ဖုန်းကျန်းတို့က အေးစက်စွာ ရယ်မောလိုက်ကြသည်။
မျက်တောင်တစ်ခတ်အတွင်း သုံးဦးစလုံး တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး သူတို့၏ အသိစိတ်ပင်လယ်ထဲမှ စိတ်ဝိညာဉ်အသိစိတ်များကို ထုတ်လွှတ်ကာ ရွှီဖန်ကို တိုက်ခိုက်
လိုက်ကြတော့သည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုမှာ ကမ်းခြေသို့ ရိုက်ခတ်သည့် လှိုင်းလုံးများကဲ့သို့ပင် ရွှီဖန်၏ အသိစိတ်ပင်လယ်ထဲသို့ ကျရောက်သွားသော်လည်း ဂယက်တစ်ခုမျှပင် ထမလာခဲ့ပေ။
“ဟင် ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
သူတို့၏ မျက်နှာအမူအရာများမှာ အံ့သြတုန်လှုပ်မှုနှင့် သံသယများဖြင့် အနည်းငယ် ပြောင်းလဲသွားသည်။ ယွီထျန်းရှန်း၏ မျက်လုံးများမှာ ရုတ်တရက် တည်ငြိမ်သွားပြီး ရွှီဖန်၏ ညာဘက်လက်ညှိုးရှိ ကြက်သွေးရောင်လက်စွပ်ကို စိုက်ကြည့်ရင်း လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ဒါက တောင်ဘက်တောင်ထိပ်ရဲ့ တတိယမြောက် တောင်ထိပ်သခင် ချန်ထားရစ်ခဲ့တဲ့ ဝိညာဉ်ကာကွယ်ရေးလက်စွပ်ပဲ။ နိဗ္ဗာနနယ်ပယ်အောက်က စိတ်ဝိညာဉ်တိုက်ခိုက်မှု မှန်သမျှကို ခုခံနိုင်စွမ်းရှိတယ်”
ထိုစကားကို ကြားသောအခါ ဖုန်းကျန်းနှင့် လော့ချုံးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အော်ဟစ်လိုက်ကြသည်။
“စိတ်ဝိညာဉ်အသိစိတ် မပါရင်တောင် ငါတို့ သုံးယောက်ပေါင်းရင် သူ့ကို အလွယ်တကူ နှိမ်နင်းနိုင်ပါတယ်ကွာ”
“တိုက်စမ်း”
တစ်ခဏချင်းမှာပင် သုံးဦးစလုံး အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးဝင်သွားကြရာ မြေစာများနှင့် မြက်ပင်များမှာ မုန်တိုင်းတစ်ခုကဲ့သို့ လွင့်စင်သွားတော့သည်။ သူတို့သည် လေထုထဲတွင် အရိပ်တန်းကြီးများ ချန်ထားရစ်ခဲ့ပြီး ရွှီဖန်ကို ဘက်ပေါင်းစုံမှ ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြသည်။
“မင်းတို့တွေကတော့...”
ရွှီဖန်သည် နေရာမှာပင် ငြိမ်သက်စွာ ရပ်နေ၏။ သူ၏ မျက်ဝန်းများထဲတွင် တာအိုအလင်းတန်းများ ရုတ်တရက် လက်သွားပြီး မရေမတွက်နိုင်သော ပုံရိပ်လွှာများမှာ စတင်ဖြစ်ပေါ်ကာ ပျက်စီးသွားကြသည်။
အသက်ရှူတစ်ချက်စာအတွင်းမှာပင် သူတို့၏ တိုက်ခိုက်မည့် လမ်းကြောင်းများအားလုံးကို သူ၏ စိတ်ထဲ၌ အကြိမ်ပေါင်း ထောင်ချီ၍ ကြိုတင်ပုံဖော် တွက်ချက်ပြီးသား ဖြစ်နေခဲ့ပြီဖြစ်သည်။
“ဟာကွက်တွေချည်းပဲ”
ရွှီဖန်သည် ဘေးသို့တစ်ချက်ရှောင်လိုက်ပြီး လော့ချုံး၏ ပထမဆုံးတိုက်ကွက်ကို တိမ်းရှောင်လိုက်သည်။ ထို့နောက် သူ၏ညာလက်ဝါးဖြင့် လော့ချုံး၏ နောက်စေ့အရိုးကို ခုတ်ချက်တစ်ခုဖြင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
ထို့နောက်တွင်မူ အရာအားလုံးကို ကြိုတင်မြင်နေသည့်အလား သူ၏ညာခြေကို အပေါ်သို့ဝှေ့ယမ်းကာ အထက်မှစီးမိုးတိုက်ခိုက်လာသော ယွီထျန်းရှန်းကို တိုက်ရိုက်ကန်ထုတ်လိုက်တော့သည်။
နောက်ဆုံးတွင် ရွှီဖန်သည် သူ၏ခေါင်းကို အမြန်လှည့်လိုက်၏။ သူ၏ စိတ်ဝိညာဉ်
အသိစိတ်အားလုံးမှာ အပ်တစ်ချောင်းကဲ့သို့ စုစည်းသွားပြီး အနီးသို့ကပ်လာသော ဖုန်းကျန်းကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် တာအိုမျိုးစေ့တပည့်သုံးဦးစလုံး နောက်သို့ ဆုတ်ခွာသွားကြရတော့သည်။
“ဒါ ဘာတွေဖြစ်နေတာလဲ”
သူတို့၏သွေးများမှာ ဆူပွက်လာပြီး တစ်ဦးကိုတစ်ဦး မယုံကြည်နိုင်သောမျက်ဝန်းများဖြင့် ကြည့်လိုက်မိကြသည်။
ထူးဆန်းတယ် အရမ်းထူးဆန်းလွန်းတယ်။
သူတို့ရှေ့မှ ရွှီဖန်သည် သူတို့၏တိုက်ကွက်လမ်းကြောင်းအားလုံးကို ကြိုတင်ဟောကိန်းထုတ်နိုင်စွမ်းရှိနေပုံရပြီး တိုက်ကွက်တိုင်းကို ချက်ချင်းပင် ပိတ်ဆို့နိုင်ခဲ့သည်။ အဆိုးရွားဆုံးမှာ ရွှီဖန်၏ တန်ပြန်တိုက်စစ်တိုင်းသည် အလွန်ခက်ခဲသောအကွက်များဖြစ်ပြီး သူတို့တိုက်ကွက်၏ အားနည်းဆုံးအချက်ကိုသာ ထိမှန်စေခဲ့ခြင်းပင်။
“ငါပြောသားပဲ။ ငါ့မျက်လုံးထဲမှာ မင်းတို့က ဟာကွက်တွေနဲ့ ပြည့်နေတာပါလို့”
ရွှီဖန်သည် မည်သည့်အမူအရာမျှမရှိဘဲ ရှေ့သို့ခုန်တက်လိုက်ရာ တစ်ခဏချင်းမှာပင် ကိုယ်ပွားသုံးခုအဖြစ် ကွဲထွက်သွားပြီး တာအိုမျိုးစေ့သုံးဦးကို တိုက်ခိုက်လိုက်တော့သည်။
ဘုန်း ဘုန်း ဘုန်း….
ဒုန်း ဒုန်း ဒုန်း….
ချိုင့်ဝှမ်းတစ်ခုလုံးမှာ ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။
...
...
နာရီဝက်ခန့်အကြာတွင်ချိုင့်ဝှမ်းကြီးတစ်ခုလုံးမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာဖြင့် ပြိုကျသွားပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ရွှီဖန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တတ်ရပ်နေပြီး သူ၏လက်ချောင်းရှိ ကြက်သွေးရောင်လက်စွပ်ကို အသာအယာ ပွတ်သပ်နေသည်။ သူနှင့်မလှမ်းမကမ်းတွင်မူ တာအိုမျိုးစေ့တပည့်သုံးဦးမှာ နှုတ်ခမ်းများတွင် သွေးများဖြင့် မြေပြင်ပေါ်၌ သတိလစ်မေ့မြောနေကြပြီဖြစ်သည်။
“ပျင်းစရာကောင်းလိုက်တာ"
ရွှီဖန်က ခေါင်းကိုခါယမ်းလိုက်သည်။ တာအိုမျိုးစေ့သုံးဦးကို အနိုင်ယူလိုက်ရခြင်းအပေါ် မည်သည့်ကျေနပ်မှုအရိပ်အယောင်မျှ သူ၏မျက်နှာတွင် မတွေ့ရပေ။
အနာဂတ်ကို သုံးရက်ကြိုတင်မြင်နိုင်စွမ်း နိုးထလာကတည်းက သူ့ဘဝမှာ ဖြစ်ပျက်သမျှ အရာအားလုံးဟာ ကြိုတင်ရိုက်ကူးထားသည့် ရုပ်ရှင်တစ်ကားလိုပါပင်။
သူကတော့ ဇာတ်ညွှန်းအတိုင်း ရှေ့ဆက်လျှောက်လှမ်းနေရုံသက်သက်သာ။ တာအိုမျိုးစေ့တပည့် သုံးဦးကို အနိုင်ယူလိုက်နိုင်တာဟာ သူ ကြိုတင်မျှော်လင့်ထားပြီးသား ရလဒ်တစ်ခုသာ ဖြစ်သည်။
“ဒီကမ္ဘာငယ်လေးထဲက ရနိုင်သမျှ ကံထူးမှုတွေအားလုံး ငါရပြီပဲ။ နောက်ထပ် ဘာဆက်လုပ်ရမလဲ”
ရွှီဖန်သည် တင်ပျဉ်ခွေထိုင်လိုက်ရင်း ရုတ်တရက် အတွေးတစ်ခုဝင်လာကာ သူ၏မျက်ဝန်းများ ဝင်းလက်သွားသည်။
“ဟုတ်သားပဲ... အနာဂတ်ပုံရိပ်တွေထဲမှာ စစ်မှန်သောတပည့် သုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ရှောင်ပင်းက ငါ့ကိုလာပြီး စိန်ခေါ်လိမ့်မယ်လို့ ပြနေတာပဲ မဟုတ်လား”
“အချိန်တွေ တော်တော်ကြာသွားပြီဆိုတော့ အဲဒီတိုက်ပွဲရဲ့ ရလဒ်ကို ကြည့်ရမယ့်အချိန် ရောက်ပြီပေါ့"
ရွှီဖန်သည် ခပ်ဖွဖွရယ်မောလိုက်ရင်း မျက်လုံးကို မှိတ်လိုက်သည်။
ချက်ချင်းပင် နောက်ထပ် သုံးရက်အကြာတွင် ဖြစ်ပျက်မည့် မြင်ကွင်းမှာ သူ၏မျက်ဝန်းထဲ၌ ရောင်ပြန်ဟပ်လာတော့သည်။
အမွှေးတိုင်တစ်ဝက်စာခန့် အချိန်အတွင်းမှာပင်…
ဘုန်း….
ရွှီဖန်သည် ရုတ်တရက် ဝုန်းကနဲ ထရပ်လိုက်ပြီး သူ၏မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားတော့သည်။
“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
ရွှီဖန်သည် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်မိသည်။ သူ၏တည်ငြိမ်လှသော မျက်နှာထားမှာ ပထမဆုံးအကြိမ်အဖြစ် ပြင်းထန်စွာ တုန်လှုပ်ချောက်ချားသွားခဲ့ခြင်းပင်။
အခုလေးတင်…ငါ မြင်လိုက်ရတဲ့ အနာဂတ်ပုံရိပ်တွေထဲမှာ... ငါ့ကိုယ်ငါ သေဆုံးသွားတဲ့ မြင်ကွင်းကို မြင်လိုက်ရတာပဲ။
ငါ…..ရွှီဖန်က ရှောင်ပင်းရဲ့ လက်ချက်နဲ့ သေဆုံးသွားရမယ် ဟုတ်လား။
“မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်တာ”
သူ၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားပြီး ရွှီဖန်သည် ချက်ချင်းဆိုသလို မျက်လုံးကို ပြန်လည်မှိတ်ကာ အနာဂတ်၏ အခြားလမ်းကြောင်းများကို ထပ်မံတွက်ချက်ပုံဖော်ကြည့်ပြန်သည်။
သို့သော်လည်း ပြောင်းလဲသွားသော အခြားအနာဂတ်ပုံရိပ်များတွင်လည်း ရွှီဖန်သည် ရှောင်ပင်း၏ သတ်ဖြတ်ခြင်းကို ခံရပြီး သေဆုံးနေဆဲပင်။
“သေဆုံးမှုပဲလား... မဟုတ်ဘူး ငါမယုံဘူး”
ရွှီဖန်သည် အံတင်းတင်းကြိတ်ထားပြီး သူ၏နဖူးတွင်လည်း ချွေးစက်များ တန်းစီကျလာတော့သည်။ သူသည် ဆက်လက်၍ တွက်ချက်ပုံဖော်နေမိသည်။
အကြိမ်ပေါင်း တစ်ဆယ်၊ တစ်ရာ၊ တစ်ထောင်...
သူ မည်သို့ပင် တွက်ချက်ပုံဖော်ပါစေ ဖြစ်စဉ်များမှာ မည်မျှပင် ပြောင်းလဲသွားပါစေ ကွေ့ဝိုက်သွားပါစေ... ရလဒ်အားလုံးမှာမူ အတူတူပင် ဖြစ်နေခဲ့သည်။
အဆိုပါ ရလဒ်မှာ သူ သေဆုံးပြီး ရှောင်ပင်းက ရှင်သန်နေမည်ပင်။