အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
အခန်း။ ၁၃၇
“ဒါက ဘာလို့ ဒီလိုဖြစ်နေရတာလဲ”
ရွှီဖန်၏ မျက်နှာအမူအရာမှာ ဇဝေဇဝါဖြစ်လာပြီး သူ၏မျက်ဝန်းများထဲတွင်လည်း ပြင်းထန်သော သံသယစိတ်များ ပြည့်နှက်နေတော့သည်။
အနာဂတ်ပုံရိပ်များအရ သူ မည်သို့သော ဝှက်ဖဲကိုပင် ထုတ်သုံးပါစေ ရှောင်ပင်း၏ ဟာကွက်
ပေါင်းများစွာကို မည်မျှပင် ထိုးထွင်းသိမြင်ပါစေ နောက်ဆုံးရလဒ်မှာမူ သူ သေဆုံးရမည်သာ ဖြစ်နေသည်။ ၎င်းမှာ မရေမတွက်နိုင်သော လမ်းခွဲများစွာ ဖြာထွက်နေသော်လည်း အဆုံးသတ်တွင်မူ လမ်းကြောင်းတစ်ခုတည်းဆီသို့သာ ပြန်လည်စုဆုံသွားပြီး သူ၏အနာဂတ်ကို ပြိုလဲပျက်စီးစေသကဲ့သို့ပင်။
“အရင်ဆုံး ထွက်သွားမှဖြစ်မယ်”
ရွှီဖန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ချိုင့်ဝှမ်းအတွင်းမှ အမြန်ဆုံး ထွက်ခွာခဲ့သည်။
ငါသာ ထွက်ပြေးမယ်ဆိုရင်ရော….
သူ၏မျက်လုံးများမှာ ဟိုဒီသို့ အလျင်အမြန် လှုပ်ရှားနေပြီး အခြားသော လမ်းကြောင်းတစ်ခုဆီသို့ ဦးတည်ကာ တွက်ချက်ပုံဖော်ကြည့်ပြန်သည်။
တစ်ခဏချင်းမှာပင် သူ၏ပုံရိပ်မှာ လျှပ်စီးကဲ့သို့ လှုပ်ရှားသွားပြီး ကမ္ဘာငယ်အတွင်းရှိ သင့်တော်သော ပုန်းအောင်းရာနေရာများသို့ ရောက်ရှိသွားခဲ့သည်။ ဤကြီးမားလှသော ဘေးဒုက္ခမှ သူ ရှောင်ရှားနိုင်ခြင်း ရှိမရှိကို သိရန် ကြိုးစားနေခြင်းပင်။
...
...
နောက်ထပ် တစ်ရက် ကုန်လွန်သွားပြန်သည်။
ကမ္ဘာငယ်အတွင်းရှိ အချိန်မှာ တတိယမြောက်နေ့သို့ ရောက်ရှိလာခဲ့ကာ ကျယ်ပြောလှသော တိမ်တိုက်ရေကန်၏ အောက်ခြေတွင် ရွှီဖန်သည် တင်ပျဉ်ခွေထိုင်နေပြီး သူ၏မျက်နှာမှာ အလွန်ပင် မှောင်မှောင်မှိုင်းမှိုင်း ဖြစ်နေတော့သည်။
“ကျရှုံးနေတုန်းပဲ”
ရွှီဖန်သည် အသက်ပြင်းပြင်းရှူကာ ရေကန်အောက်ခြေမှ တစ်လှမ်းချင်း လျှောက်လှမ်းထွက်ခွာလာခဲ့သည်။ ဤတစ်ရက်အတွင်းမှာပင် သူသည် ကမ္ဘာငယ်တစ်ခုလုံးရှိ နေရာအနှံ့သို့ ပြေးလွှားခဲ့ပြီး ချန်ကျီရှင်း၏ရန်မှ လွတ်ကင်းမည့် ပုန်းအောင်းရာနေရာကို ရှာဖွေခဲ့သည်။
သို့သော်လည်း သူ မည်သို့ပင် ပုန်းအောင်းပါစေ မည်သို့ပင် တွက်ချက်ပါစေ အဆုံးသတ်မှာတော့ အတူတူပင်။ ချန်ကျီရှင်းသည် သူ ပုန်းအောင်းနေသည့်နေရာကို ရှာတွေ့သွားပြီး သူ့ကို ရက်ရက်စက်စက် အဆုံးစီရင်သွားမည်သာ။
ဤအချက်က ရွှီဖန်၏ နှလုံးသားကို အမှောင်ထုထဲသို့ လုံးဝ ကျဆင်းသွားစေခဲ့သည်။
ဗွမ်း... ဗွမ်း
ရေမျက်နှာပြင်မှာ ပွင့်ထွက်သွားပြီး ရေတိုင်လုံးကြီးတစ်ခုမှာ ရွှီဖန်၏ ခြေထောက်အောက်မှ အလိုအလျောက် ပင့်တင်ပေးလိုက်ကာ သူ့ကို တိမ်တိုက်ရေကန်အပြင်ဘက်သို့ ပို့ဆောင်ပေးလိုက်သည်။
ရေကန်ဘေးသို့ ရောက်ရှိသွားချိန်တွင်မူ သူ မသိလိုက်ဘဲနှင့် အနီရောင်ဝတ်စုံဝတ် ပုံရိပ်တစ်ခုမှာ ထိုနေရာ၌ ငြိမ်သက်စွာ ရပ်နေပြီး အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေခဲ့ဟန် ရှိသည်။
ရှောင်ပင်း ရောက်လာပြီ။
“မင်းရဲ့ သင်္ချိုင်းကုန်းကို မင်း ရွေးပြီးပြီလား”
ချန်ကျီရှင်းက ရွှီဖန်ကို အသာအယာကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
ရွှီဖန်သည် ချန်ကျီရှင်းကို စိုက်ကြည့်နေမိပြီး သူ၏မျက်နှာမှာ အလွန်အမင်း တင်းမာလာခဲ့သည်။ သူ၏မျက်ဝန်းထဲတွင် အနာဂတ်ပုံရိပ်များမှာ အဆက်မပြတ် ပြိုလဲပျက်စီးနေပြီး သူ့ရှေ့မှ မြင်ကွင်းမှာ လုံးဝ မှောင်အတိ ကျသွားခဲ့ပြီ ဖြစ်သည်။
သူ၏ဘဝမှာ ဤနေရာတွင် အဆုံးသတ်တော့မည်ဟု ကြေညာချက် ထွက်ပေါ်လာသကဲ့သို့ပင် ဤခံစားချက်မှာ သေဒဏ်ကျခံထားရသော အကျဉ်းသားတစ်ဦးကဲ့သို့ သူ မည်သို့သေမည်ကို အတိအကျ သိနေသော်လည်း ဘာတစ်ခုမှ မပြောင်းလဲနိုင်သည့် ခံစားချက်မျိုးပင်။ အလွန်အမင်း စိတ်ပျက်အားငယ်စရာ ကောင်းလှသည်။
“ရှောင်ပင်းလား ဒါမှမဟုတ် မင်းကို ချန်ကျီရှင်းလို့ ခေါ်ရမလား”
ရွှီဖန်၏ အသံမှာ အက်ကွဲနေပြီး သူ၏မျက်လုံးများတွင်လည်း သွေးကြောများ ယှက်သန်းနေတော့သည်။ ဤသည်မှာ သူတို့နှစ်ဦး၏ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှု ဖြစ်သော်လည်း ဤတွေ့ဆုံမှုတစ်ခုတည်းနှင့်ပင် သူ၏နှလုံးသားထဲတွင် အန္တရာယ်ရှိကြောင်း အချက်ပေးသံများမှာ အဆက်မပြတ် မြည်ဟည်းနေတော့သည်။
သူသည် များပြားလှသော အနာဂတ်ပုံရိပ်များမှတစ်ဆင့် ဤစစ်မှန်သောတပည့်၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်းကို တွက်ချက်၍ သိရှိသွားခဲ့ခြင်းပင်။
ဇီဝေချန်မိသားစုရဲ့ တတိယသခင်လေး... ချန်ကျီရှင်း
“ဝိညာဉ်ကျောက်တုံးတွင်းလေးတစ်ခုရယ် တန်ဖိုးမရှိတဲ့ လူ့အသက်အနည်းငယ်ရယ်အတွက်နဲ့... မင်းက ဇီဝေချန်မိသားစုကနေ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေအထိ တကူးတကလာပြီး ငါ့ကိုသတ်ဖို့ ဒီလောက်တောင် အကွက်ကျကျ စီစဉ်ခဲ့တာလား”
ရွှီဖန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သူ၏မျက်နှာတွင် မကျေနပ်မှုများ အထင်းသား ပေါ်လွင်နေတော့သည်။ သူ အားလုံးကို နားလည်သွားပြီ အရာအားလုံးကို သူ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
ဤချန်ကျီရှင်းသည် အစေခံတစ်ဦးအသွင်ဖြင့် ဂိုဏ်းထဲသို့ ခိုးဝင်လာခဲ့ပြီးနောက် ပါရမီများကို ထုတ်ဖော်ပြသကာ စစ်မှန်သောတပည့်တစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် ထိုသူသည် ကမ္ဘာငယ်တစ်ခုကို သူ၏အလိုဆန္ဒအရ ထုတ်ပေးခဲ့ပြီး ၎င်းကို အသုံးချကာ သူ့ကို ထောင်ချောက်ထဲသို့ ဆွဲခေါ်ခဲ့ခြင်းပင်။
အရာရာတိုင်း... အရာရာတိုင်းက မြက်တောထဲက မြွေတစ်ကောင်လို၊ မိုင်ပေါင်းထောင်ချီအောင် လျှို့ဝှက်စွာ ပုန်းလျှိုး၍ စောင့်ဆိုင်းနေခဲ့ခြင်းပင်။
နောက်ဆုံးတွင်မူ ကြိုတင်ခင်းကျင်းထားသည့် နိမိတ်ဖတ်ချက်များအားလုံးမှာ ယခုအချိန်တွင် ပေါက်ကွဲ၍ ထွက်ပေါ်လာပြီး သူ၏အနာဂတ်ကို သူကိုယ်တိုင် သိရှိနေပါလျက်နှင့်ပင် အနည်းငယ်မျှ ရုန်းထွက်၍မရနိုင်အောင် ဖြစ်နေရသည်။
ဤကမ္ဘာငယ်မှာ ကံထူးမှုများ ရရှိမည့်နေရာ မဟုတ်ပေ။ သေချာသည်မှာမူ ဤသည်မှာ ချန်ကျီရှင်းက သူ့အတွက် ကြိုတင်ပြင်ဆင်ထားသည့် သင်္ချိုင်းကုန်းနှင့် အကျဉ်းထောင်သာ ဖြစ်ပေလိမ့်မည်။ သူ သဘောပေါက်သွားချိန်တွင်မူ ရုန်းထွက်၍မရတော့သော ရွှံ့ညွန်အိုင်အတွင်းသို့ အတော်လေး နက်နက်ရှိုင်းရှိုင်း ကျရောက်နေခဲ့ပြီ ဖြစ်သည်။
“ချန်ကျီရှင်း... မင်းရဲ့ တွက်ချက်မှုတွေက အရမ်းနက်နဲပြီး မင်းရဲ့ နည်းလမ်းတွေကလည်း အရမ်းရက်စက်တာပဲ”
အရာအားလုံးကို နားလည်သွားပြီးနောက် ရွှီဖန်၏ ရင်ထဲတွင် အေးစိမ့်သော ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ဤချန်ကျီရှင်းသည် အနာဂတ်ကို ဖောက်ထွင်းမြင်နိုင်စွမ်း မရှိသော်လည်း အလွန်နက်နဲသော တွက်ချက်မှုများဖြင့် ခြေလှမ်းတိုင်းကို ကြိုတင်ခန့်မှန်းထားခဲ့ခြင်းပင်။
ရွှီဖန် နောက်ထပ် စကားတစ်ခွန်းမျှ မပြောနိုင်မီမှာပင် သူ၏မျက်နှာမှာ ရုတ်တရက် ပျက်ယွင်းသွားပြီး နောက်သို့ မီတာတစ်ရာခန့် အမြန်ဆုံး ဆုတ်ခွာလိုက်သည်။
ဖောက်...
သူ အခုလေးတင် ရပ်နေခဲ့သည့် နေရာတွင် စင်ကြယ်ကြည်လင်လှသော ပန်းပွင့်ချပ်တစ်ခုမှာ ရုတ်တရက် ပွင့်အာလာခဲ့သည်။
ဝူး... ဝူး... ဝူး...
မရေမတွက်နိုင်သော လွင့်ပျံပန်းဓားစွမ်းအင် များမှာ ထိုနေရာမှ တစ်ရှိန်ထိုး ထွက်ပေါ်လာပြီး လေဟာနယ်တစ်ခုလုံးကို ဖုန်မှုန့်များအဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။
“ဒါက အနာဂတ်ကို ကြိုတင်တွက်ချက်နိုင်တဲ့ စွမ်းအားလား”
ချန်ကျီရှင်း၏ မျက်ဝန်းများမှာ ဝင်းလက်သွားသည်။ အခုလေးတင် သူထုတ်လွှတ်လိုက်သော ဓားစွမ်းအင်မှာ မည်သည့်အငွေ့အသက်မျှ မပြဘဲ ရုတ်တရက် တိုက်ခိုက်လိုက်ခြင်းပင်။ သို့သော်လည်း ရွှီဖန်က ယင်းကို တိုက်ရိုက် ရှောင်တိမ်းနိုင်ခဲ့သည်။ ထို့နောက် ချန်ကျီရှင်း၏ လက်ငါးချောင်းမှာ လေထဲတွင် တစ်စုံတစ်ခုကို ဖမ်းဆုပ်လိုက်သကဲ့သို့ လှုပ်ရှားသွားပြီး
“ဒါဆိုရင်ကော... ဘယ်လိုလဲ” ဟု ပြောလိုက်သည်။
ခဏချင်းမှာပင် အဆုံးမဲ့လှသော လွင့်ပျံပန်းဓားဆန္ဒ များမှာ ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံကာ ရွှီဖန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။ များပြားလှသော ဓားဆန္ဒများမှာ ရွှီဖန်၏ ထွက်ပြေးမည့် လမ်းကြောင်းအားလုံးကို ချက်ချင်းပင် ပိတ်ဆို့လိုက်သည်။
“ချန်ကျီရှင်း”
ရွှီဖန်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏မျက်ဝန်းထဲတွင် အနာဂတ်ပုံရိပ်များ အလျင်အမြန် ပေါ်ထွက်လာခဲ့သည်။ သူသည် ထိုပုံရိပ်များကို အသုံးချကာ သူ၏ကိုယ်ခန္ဓာကို အလွန်ခက်ခဲသော ပုံစံမျိုးစုံဖြင့် လိမ်ယှက်ရှောင်တိမ်းရင်း ပြေးဝင်လာသော ဓားစွမ်းအင်များကြားမှ ရုန်းထွက်နေခဲ့သည်။
“သေစမ်း”
ရွှီဖန်သည် ချန်ကျီရှင်းထံသို့ ခုန်အုပ်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို အပ်တစ်ချောင်းကဲ့သို့ စုစည်းကာ ချန်ကျီရှင်း၏ အသိစိတ်ပင်လယ်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ သို့သော် ထိုအပ်မှာ ချန်ကျီရှင်း၏ အသိစိတ်ပင်လယ်ထဲသို့ မကျရောက်နိုင်သေးမီမှာပင်
ဘုန်း...
ကြီးမားလှပြီး ကမ္ဘာမြေကို တုန်လှုပ်စေနိုင်သော စိတ်ဝိညာဉ်စွမ်းအား များမှာ ချန်ကျီရှင်းထံမှ ပေါက်ကွဲ၍ ထွက်ပေါ်လာပြီး ကြီးမားသော မြစ်ကြီးတစ်စင်းကဲ့သို့ ရွှီဖန်၏ စိတ်ဝိညာဉ်အပ်ကို အမှုန့်ပြုပစ်လိုက်တော့သည်။ ထို့နောက် ၎င်းသည် ရွှီဖန်၏ အသိစိတ်ပင်လယ်ဆီသို့ ဆက်လက် ဖိနှိပ်ကျဆင်းလာခဲ့သည်။
ဖျတ်...
ရွှီဖန်၏ လက်ညှိုးရှိ ဝိညာဉ်ကာကွယ်ရေးလက်စွပ်မှာ ရွှေရောင်အလင်းများ လက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်စွမ်းအင်လှိုင်းကြီးကို ရွှီဖန်၏ အသိစိတ်ပင်လယ်
ပြင်ပတွင်ပင် ဟန့်တားကာ ပိတ်ဆို့လိုက်သည်။
“အော်... မင်းရဲ့ အသိစိတ်ပင်လယ်ကို ကာကွယ်ပေးနိုင်တဲ့ ဓမ္မရတနာတစ်ခု ရှိနေတာကိုး"
ချန်ကျီရှင်းသည် ရွှီဖန်၏ လက်ချောင်းမှ လက်စွပ်ကို စိုက်ကြည့်ရင်း သူ၏မျက်ဝန်းများထဲတွင် စဉ်းစားဆင်ခြင်မှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
ထို့နောက်တွင်မူ…
ဒုန်း
ခြေလှမ်းတစ်ချက် ပြင်လိုက်ရုံဖြင့် ချန်ကျီရှင်းသည် မြေကျုံ့အတတ်ကို အသုံးပြုကာ ကိုက်တစ်ရာအကွာအဝေးကို လက်မအနည်းငယ်ခန့်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
“မင်းရဲ့ ဟောကိန်းထုတ်နိုင်စွမ်းက ငါ့ရဲ့ သတ်ဖြတ်နိုင်တဲ့ အရှိန်ထက် ပိုမြန်သလားဆိုတာ ကြည့်ရသေးတာပေါ့”
မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်ကျီရှင်းသည် ရွှီဖန်၏ နောက်ကျောသို့ ရောက်ရှိသွားပြီး သူ၏လက်ထဲတွင် သံချေးတက်နေသော အပြာရောင်ငှက်စိမ်းဓားကို ကိုင်ဆောင်ထားသည်။ ဓားဦးဖျားသည် လျင်မြန်စွာ လည်ပတ်နေပြီး ရွှီဖန်၏ နောက်ကျောမှတစ်ဆင့် နှလုံးသားဆီသို့ ဦးတည်ကာ ထိုးစိုက်လိုက်တော့သည်။
“တောက်...”
ရွှီဖန်၏ မျက်နှာ ပျက်ယွင်းသွားသည်။ ဓားဦးဖျား ပြေးဝင်လာမည်ကို သူ ကြိုတင်မြင်နေရသော်လည်း ချန်ကျီရှင်း၏ အရှိန်အဟုန်မှာ အလွန်ပြင်းထန်လှသဖြင့် ကြိုသိနေသော်လည်း ရှောင်တိမ်းရန် အချိန်မမီတော့ပေ။ ရွှီဖန်သည် သူ၏ကျင့်ကြံမှုကို အစွမ်းကုန်မြှင့်တင်ကာ နှလုံးသားကို မထိမှန်စေရန် ကိုယ်ကို ဘေးသို့ အတင်းလွှဲလိုက်ရသည်။
ဖျတ်…
တရစပ်လည်ပတ်နေသော ဓားဦးဖျားသည် ရွှီဖန်၏ ဘယ်ဘက်လက်မောင်းကို ထိုးဖောက်သွားခဲ့သည်။
ဖြတ်….
ရွှီဖန်၏ ဘယ်ဘက်လက်မောင်းတစ်ခုလုံး ပြတ်တောက်သွားပြီး သွေးများ ပန်းထွက်လာတော့သည်။
“အား”
ရွှီဖန်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး တုံ့ဆိုင်းမနေဘဲ ဘေးသို့ ထပ်မံခုန်ရှောင်လိုက်ပြန်သည်။ သူ အခုလေးတင် ရပ်နေခဲ့သည့် နေရာသို့ ဓားချက်တစ်ခုက စောင်း၍ ထပ်မံရောက်ရှိလာပြန်ရာ လေဟာနယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး ကြီးမားသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
ဝုန်း... ဝုန်း... ဝုန်း
ရွှီဖန်သည် ကိုက်ရာပေါင်းများစွာ နောက်သို့ ဆုတ်ခွာသွားပြီး အမောတကော အသက်ရှူရင်း ရပ်တန့်လိုက်ရသည်။ လက်မောင်းပြတ်သွားသည့် သူ၏ဘယ်ဘက်ပုခုံးနေရာတွင်မူ မြွေငယ်လေးများကဲ့သို့သော မရေမတွက်နိုင်သည့် ဓားစွမ်းအင်များက သူ၏အသားစများကို တရစပ် ကိုက်ခဲဖျက်ဆီးနေသဖြင့် လက်မောင်းပြန်လည်ပေါက်ဖွားရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။
“ချန်ကျီရှင်း... ငါတို့ကြားမှာ ဒီလောက်ကြီးမားတဲ့ ရန်ငြိုးမရှိပါဘူး။ မင်းတို့ ချန်မိသားစု ခံစားခဲ့ရတဲ့ ဆုံးရှုံးမှုတွေအတွက် ငါ ပြန်လျော်ပေးနိုင်ပါတယ်။ ငါ့ကို အသေသတ်ဖို့အထိ တကယ်ပဲ လိုအပ်လို့လား”
ရွှီဖန်က အော်ဟစ်ပြောဆို လိုက်သည်။
“မင်းရဲ့ အသက်နဲ့ ပြန်လျော်လိုက်”
ချန်ကျီရှင်းသည် နောက်ထပ် ဓားအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြန်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုဓားအလင်းတန်းမှာ နှစ်ခု၊ သုံးခုမှသည် ရာနှင့်ချီသော အရေအတွက်အထိ ကွဲထွက်သွားပြီး ရွှီဖန်ထံသို့ သိမ်းကျုံးကျဆင်းလာတော့သည်။
“ဒီကောင်စုတ်...”
ရွှီဖန်၏ မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းသွားပြီး အနာဂတ်ကို အသည်းအသန် တွက်ချက်ကာ ပုံဖော်နေမိသည်။ သူ၏မျက်ဝန်းထဲတွင် ထိုဓားအလင်းတန်းများ၏ ထိုးနှက်
ဖျက်ဆီးခြင်းကို ခံနေရသည့် ကိုယ့်ကိုကိုယ် မြင်ကွင်းပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။
ထို့နောက် ထိုပုံရိပ်များအားလုံး ပြိုလဲသွားပြီး ပုံရိပ်တစ်ခုတည်းသာ ကျန်ရစ်တော့သည်။ ရွှီဖန်သည် အနာဂတ်ပုံရိပ်ထဲကအတိုင်း အမြန်ဆုံး ရှောင်တိမ်းလိုက်သော်လည်း….
ဖျတ်
ဓားသွားတစ်လက်မှာ အသားထဲသို့ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်သွားသည့် အသံတစ်ခု ထွက်ပေါ်လာပြန်သည်။ ရွှီဖန်၏ ညာဘက်ခြေထောက်တစ်ခုလုံး ပြတ်တောက်သွားပြီး သွေးများမှာလည်း ရူးသွပ်စွာ ပန်းထွက်လာတော့သည်။ ဓားစွမ်းအင်အမျှင်တန်းများမှာ ပြတ်သွားသော ညာဘက်ခြေထောက်နေရာကို ဝိုင်းအုံကိုက်ခဲနေကြသဖြင့် ပြန်လည်ကုသရန် မဖြစ်နိုင်တော့ပေ။
“အား”
ရွှီဖန်သည် နာကျင်စွာ အော်ဟစ်လိုက်ရင်း သူ၏မျက်နှာမှာ ပြာနှမ်းသွားတော့သည်။ သူ၏ မျက်နှာအမူအရာမှာ ယခုအခါ လုံးဝ မျှော်လင့်ချက်မဲ့နေခဲ့ပြီ ဖြစ်သည်။
ဤတိုက်ကွက်များမှာ ချန်ကျီရှင်းအတွက်မူ ပေါ့ပေါ့ပါးပါး ထုတ်ဖော်ပြသရုံမျှသာ ရှိသေးသည်။
ရွှီဖန်အနေဖြင့် ဤတိုက်ကွက်များကို ရှောင်တိမ်းနိုင်ခဲ့ခြင်းမှာပင် မရေမတွက်နိုင်သော အနာဂတ်ဟောကိန်းများ၏ ကျေးဇူးကြောင့် ရရှိလာသည့် အံ့ဖွယ်ရလဒ်တစ်ခုပင်။
သို့သော် တိုက်ပွဲကြာရှည်လာသည်နှင့်အမျှ သူ၏အခြေအနေမှာ ပိုမိုဆိုးရွားလာပြီး နောက်ဆုံးတွင် မည်မျှပင် အကောင်းဆုံးရလဒ်ကို တွက်ချက်နိုင်ပါစေ အသက်ရှင်သန်ရန် လမ်းစမရှိသည့် အခြေအနေသို့ ဆိုက်ရောက်သွားတော့မည် ဖြစ်သည်။
"ချန်ကျီရှင်း... ငါ့ကို အသက်ချမ်းသာပေးဖို့ မင်း ဘာလိုချင်သလဲ ပြောစမ်းပါ"
ရွှီဖန်သည် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်မိသည်။
"မင်း အခုထိ နားမလည်သေးဘူးလား။ မင်းရဲ့ စွမ်းရည်က ငါ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပဲ။ မင်းကို မသတ်ဘဲနဲ့ ငါ ဘယ်လိုလုပ် စိတ်အေးလက်အေး ကျင့်ကြံနိုင်မှာလဲ"
ချန်ကျီရှင်းသည် သူ၏ နက်မှောင်သော ဆံနွယ်များ လွင့်မျောနေစဉ်မှာပင် ဓားချက်နှစ်ချက်ကို ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။
ဖျတ်... ဖျတ်
ရွှီဖန်၏ ညာဘက်လက်မောင်းနှင့် ဘယ်ဘက်ခြေထောက်တို့မှာ ထပ်မံ၍ အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ပြန်သည်။ ပြင်းထန်လှသော နာကျင်မှုကြောင့် ရွှီဖန်၏ နဖူးတွင် ချွေးစက်များ ထူထပ်စွာ ကျလာတော့သည်။ သူ၏မျက်နှာမှာ ပို၍ ပြာနှမ်းလာသော်လည်း မျက်ဝန်းများထဲတွင်မူ နက်ရှိုင်းသော ထိတ်လန့်မှုများ ပေါ်လွင်နေ၏။
"မင်း... မင်းက ငါ့ရဲ့ စွမ်းရည်အကြောင်းကို သိနေတာလား"
ရွှီဖန်သည် ချန်ကျီရှင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိပြီး သူ၏ သူငယ်အိမ်များမှာ အပ်ဖျားခန့်အထိ ကျုံ့သွားတော့သည်။ ဤသည်မှာ သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ပင်။
ငါ ဘယ်သူ့ကိုမှ ထုတ်မပြောခဲ့တဲ့ အကြောင်းအရာကို သူက ဘယ်လို သိသွားတာလဲ။
"ချန်... ချန်ကျီရှင်း မင်း ငါ့စွမ်းရည်အကြောင်း သိတယ်ဆိုရင် ဒါက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာလည်း မင်း နားလည်မှာပါ။ ငါ့ကို အသက်ရှင်ခွင့်ပေးမယ်ဆိုရင် မင်းအတွက် ငါ အများကြီး လုပ်ပေးနိုင်ပါတယ်..."
ရွှီဖန် စကားပြောနေစဉ်မှာပင် သူ၏ မျက်နှာတွင် အလွန်အမင်း ကြောက်လန့်တုန်လှုပ်မှုများ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
"မလုပ်နဲ့"
သူ တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး ရင်ကွဲမတတ် အော်ဟစ်လိုက်တော့သည်။
"ရလဒ်ကို သိနေရက်နဲ့ ဘာလို့ အတင်းရုန်းကန်နေဦးမှာလဲ"
ချန်ကျီရှင်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး ကမ္ဘာကြီးကို ပွေ့ဖက်လိုက်သကဲ့သို့ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ကြီးမားလှသော ဆွဲငင်အားတစ်ခုက ချန်ကျီရှင်းကို မြှောက်တင်လိုက်ပြီး ကောင်းကင်ယံထက်သို့ ပို့ဆောင်ပေးလိုက်၏။ ပြင်းထန်သော လေပြင်းများက ချန်ကျီရှင်း၏ အနီရောင်ဝတ်ရုံနှင့် မှင်ကဲ့သို့ နက်မှောင်သော ဆံနွယ်များကို တဖျတ်ဖျတ် လွင့်ခါစေနေသည်။
ယခုအခါတွင် သူသည် ရွှီဖန်၏ စွမ်းရည်များကို အပြည့်အဝ နားလည်သွားခဲ့ပြီ ဖြစ်သည်။
၎င်းမှာ နယ်ပယ်တူတွင် အလွန်အစွမ်းထက်ပြီး အောင်ပွဲရမည့်အမှတ်ကို ရှာတွေ့ရန် အကြိမ်ကြိမ် တွက်ချက်ပုံဖော်နိုင်သည်။ သို့သော်လည်း လုံးဝဥဿုံ သာလွန်သော အင်အား၏ရှေ့တွင်မူ ယင်းက အချည်းနှီးသာ။
နောက်တစ်စက္ကူန့်တွင် နျူကလီးယားဗုံးတစ်လုံး သု့ကို လာရောက်ထိမှန်တော့မည်ကို သိနေသော်လည်း မည်သို့မျှ တွက်ချက်ပုံဖော်ပါစေ အသက်ရှင်ရန် လမ်းစမရှိသကဲ့သို့ပင်။
လေထုထဲတွင် ချန်ကျီရှင်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး စကားတစ်လုံးချင်းကို တိကျပြတ်သားစွာ ရွတ်ဆို လိုက်သည်။
"အနန္တစကြဝဠာ ဆွဲငင်ခြင်းအတတ်"
ဘုန်း….
ကမ္ဘာငယ်တစ်ခုလုံး၏ မြေပြင်ကြီးမှာ ပြင်းထန်စွာ တုန်လှုပ်လာတော့သည်။ မြက်ခင်းပြင်များမှာ လန်ထွက်ကုန်ကြ၏။ မြင့်မားလှသော သစ်ပင်ကြီးများမှာ အမြစ်မှ ကျွတ်ထွက်ကုန်ကြသည်။ ဧရာမ ကျောက်စိမ်းတုံးကြီးများမှာ မြေပြင်မှ ကြွတက်လာပြီး နှစ်ပေါင်းများစွာ ဖိအားကြောင့် ဖြစ်ပေါ်နေသော ကျင်းကြီးများကို ချန်ရစ်ခဲ့ကြသည်။
ချန်ကျီရှင်း၏ အမြင်အာရုံအတွင်းရှိ အရာဝတ္ထုမှန်သမျှမှာ ဆွဲငင်ခြင်းခံရပြီး ကောင်းကင်ယံသို့ တစ်ဟုန်ထိုး တက်လှမ်းသွားကြတော့သည်။
နောက်တစ်ခဏတွင် အရာအားလုံးမှာ လေထုထဲ၌ တစ်ခုတည်းအဖြစ် စုစည်းသွားပြီး ပေါင်ငါးသန်းခန့်ရှိသော ဖိအားအောက်တွင် ဦးခေါင်းခွံခန့်ရှိသော နက်မှောင်သည့် စက်လုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဒုန်း….
ကောင်းကင်ယံကို ဖြတ်သန်းသွားသော ကြယ်တံခွန်တစ်ခုကဲ့သို့ပင် ထိုနက်မှောင်သော စက်လုံးကြီးမှာ ပင်လယ်ပြင်ထဲသို့ ထိုးဆင်းသွားသကဲ့သို့ ပေပေါင်းသောင်းချီမြင့်သော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့သည်။ စက်လုံးကြီးသည် ကောင်းကင်ယံမှ ရွှီဖန်ထံသို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်။
ရွှီဖန်သည် ခေါင်းကို အတင်းမော့ကြည့်လိုက်ရာ သူ၏မျက်ဝန်းထဲတွင် ထိုဆွဲငင်အားစက်လုံးကြီးမှာ ပို၍ ကြီးမားလာနေသည်။
အခန်း။ ၁၃၈
ဝုန်း... ဝုန်း... ဝုန်း
ပိဿာချိန် ငါးသန်းခန့်ရှိသော ဆွဲငင်အားဖိအားအောက်တွင် အကြိမ်ကြိမ် အပြင်းအထန် ဖိသိပ်ခံထားရသည့် ထိုနက်မှောင်သော စက်လုံးကြီးသည် ကောင်းကင်ယံထက်မှနေ၍ လေထု၏ အသံအတားအဆီးကို အက်ကွဲသံတစ်ခုနှင့်အတူ ချိုးဖျက်ကာ အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်။
ရွှီဖန်သည် ထိုနက်မှောင်သော စက်လုံးကြီးကို စိုက်ကြည့်နေမိပြီး ဆန်ခါတစ်ခုကဲ့သို့ တုန်ရင်နေရှာသည်။ သူ ထွက်ပြေးချင်သော်လည်း ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါတစ်ခုက သူ့ကို လုံးဝ ပိတ်ဆို့ထားသဖြင့် သူ၏ကိုယ်တွင်းမှ စစ်မှန်သော အနှစ်သာရစွမ်းအင်တစ်စက်ကလေးမျှပင် လှုပ်ရှား၍မရတော့ပေ။
သူသည် ဤမျှော်လင့်ချက်မဲ့သော အခြေအနေဆိုးမှ လွတ်မြောက်ရာလမ်းစကို ရှာတွေ့ရန် အနာဂတ်ကို အသည်းအသန် တွက်ချက်ပုံဖော်နေမိသည်။ သို့သော်လည်း သူ၏မျက်ဝန်းများမှ သွေးမျက်ရည်များ ပန်းထွက်လာသည်အထိ ကြိုးစားပါသော်လည်း အခြားသော ရလဒ်တစ်ခုကိုမျှ သူ မမြင်တွေ့နိုင်တော့ပေ။
“မလုပ်နဲ့”
သူသည် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်ရုံသာ တတ်နိုင်တော့သည်။
ဒုန်း….
ကောင်းကင်နှင့် မြေကြီးကို တုန်ဟည်းသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။
ထိုနက်မှောင်သော စက်လုံးကြီးသည် ရွှီဖန်၏ ဦးခေါင်းခွံပေါ်သို့ ရက်ရက်စက်စက် ကျဆင်းကာ ပိမိသွားခဲ့ပြီ ဖြစ်သည်။ ကမ္ဘာငယ်တစ်ခုလုံး၏ မြေပြင်ကြီးမှာ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားတော့သည်။
ဗွမ်း ဗွမ်း ဗွမ်း….
စက်လုံးကြီးမှာ မရေမတွက်နိုင်သော အမှုန်အမွှားများအဖြစ် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ပြင်းထန်သော လေပြင်းများနှင့်အတူ ဒီရေလှိုင်းများကဲ့သို့ လွင့်မျောသွားကာ ကောင်းကင်နှင့် မြေကြီးကြားတွင် ပျောက်ကွယ်သွားတော့သည်။
ချန်ကျီရှင်းသည် ရွှီဖန်ရှိရာ နေရာသို့ လှမ်းကြည့်လိုက်သည်။
ကြေမွပျက်စီးသွားသော ရွှီဖန်၏ ရုပ်အလောင်းအကြွင်းအကျန်များကြားမှ ရွှီဖန်နှင့် တစ်ပုံစံတည်း တူညီသော အရိပ်တစ်ခုမှာ မြေပြင်အတိုင်း အသက်လု ထွက်ပြေးရန် ကြိုးစားနေသည်။ ၎င်းမှာ ရွှီဖန်၏ စိတ်ဝိညာဉ်ပင်။
“ဗီဇမီးတောက်လက်ဝါး”
ချန်ကျီရှင်းသည် ပေါ့ပေါ့ပါးပါးပင် လက်ဖြင့် လှမ်းဖမ်းလိုက်ရာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ဧရာမ လက်ဝါးနက်ကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်လာပြီး ရွှီဖန်၏ စိတ်ဝိညာဉ်ကို သူ၏လက်ခုပ်ထဲတွင် ဖမ်းဆုပ်လိုက်တော့သည်။
ရှူး...
ယင်နှင့်ယန် မီးတောက်တစ်ခုသည် ထိုလက်ဝါးနက်ကြီးထံမှ စတင်တောက်လောင်လာသည်။ ရွှီဖန်၏ စိတ်ဝိညာဉ်မှာ ချက်ချင်းပင် အသည်းအသန် ရုန်းကန်နေပြီး နာကျင်လှသော အမူအရာများ ပေါ်ပေါက်လာတော့သည်။
သို့သော်လည်း ထိုမီးတောက်မှာ အရိုးထဲအထိ စွဲကပ်နေသော ပိုးလောက်ကောင်များကဲ့သို့ပင် သူ၏ခြေထောက်မှ စတင်လောင်ကျွမ်းလာပြီး နောက်ဆုံးတွင် သူ လုံးဝ ပျောက်ကွယ်သွားသည်အထိ တဖြည်းဖြည်း ဝါးမျိုသွားခဲ့သည်။
ခဏအကြာတွင်မူ လက်ဝါးနက်ကြီးနှင့်အတူ ယင်ယန်မီးတောက်မှာလည်း တဖြည်းဖြည်း မှေးမှိန်ကွယ်ပျောက်သွားတော့သည်။
ရွှီဖန်၏ စိတ်ဝိညာဉ်သည် လုံးဝဥဿုံ ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။
ရုပ်ခန္ဓာရော ဝိညာဉ်ပါ ပျက်စီးသွားရခြင်းဖြစ်ပြီး သူ၏ တည်ရှိမှုသည်လည်း အပြီးတိုင် နိဂူးချုပ်သွားခဲ့သည်။ သေခြင်းတကာတို့ထက် သာလွန်သော အဆုံးစွန်သေဆုံးခြင်းပင်။
[တင်….သင်သည် ကောင်းကင်ဘုံမှ ရွေးချယ်ထားသော ဇာတ်လိုက်တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ပြိုင်ဘက်၏ ကံထူးမှုနှင့် ပါရမီစွမ်းရည်အချို့ကို သိမ်းပိုက်ရရှိပါသည်]
[တင်…..သင်၏ ကံတရားတန်ဖိုး မူလ 300% မှ 100% ထပ်မံတိုးတက်သွားပါသည် စုစုပေါင်း ကံတရားတန်ဖိုး 400% ဖြစ်လာပါပြီ]
[တင်…..သင်ရရှိသော ဘွဲ့ထူး မဟာကံတရားပိုင်ရှင်]
[တင်…..သင်သည် အမှန်တရားမျက်လုံးကို ရရှိသွားပါပြီ]
အေးစက်လှသော အသိပေးချက်များသည် ချန်ကျီရှင်း၏ စိတ်ထဲတွင် တစီစီ ပဲ့တင်ထပ်သွားတော့သည်။
“ကံတရားတန်ဖိုး ၁၀၀ ပဲ တိုးတာလား”
ချန်ကျီရှင်းသည် မျက်ခုံးတစ်ချက် ပင့်လိုက်မိပြီး အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။ ဤကံတရားတန်ဖိုးမှာ အလွန်နည်းပါးလှပြီး ပြီးခဲ့သည့်အကြိမ်က နင်ချန်းယွီကို သတ်ခဲ့စဉ်ကထက်ပင် နည်းနေသေးသည်။
“ဒါနဲ့... အခုဆိုရင် ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့ ဇာတ်လိုက် လေးယောက်တောင် ပေါ်လာခဲ့ပြီပဲ။ ယဲ့ချန်၊ လင်းဖုန်း၊ နင်ချန်းယွီနဲ့ ရွှီဖန်... သူတို့လေးယောက်ကိုသာ သေအောင်တိုက်ခိုင်းလိုက်မယ်ဆိုရင် နောက်ဆုံးမှာ ဘယ်သူ ကျန်ရစ်မလဲ”
ချန်ကျီရှင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ရင်း ထူးဆန်းသော အတွေးတစ်ခု ဝင်လာခဲ့သည်။ သို့သော် ပြန်စဉ်းစားကြည့်ပြီးနောက် သူက ခေါင်းကို အသာအယာ ခါယမ်းလိုက်မိသည်။ အကယ်၍ ဤလေးဦးကိုသာ အသေအလဲ တိုက်ခိုက်ခိုင်းမည်ဆိုပါက နောက်ဆုံးတွင် မည်သူ အသက်ရှင်ကျန်ရစ်မည်ကို ခန့်မှန်းရန် အလွန်ခက်ခဲပေလိမ့်မည်။
“ဒါပေမဲ့ နောက်ပိုင်းကျရင်တော့ စမ်းကြည့်လို့ ရတာပဲ"
ချန်ကျီရှင်းက အသာအယာ ပြုံးလိုက်ပြီး သူ၏ရင်ထဲတွင် အနည်းငယ် ပေါ့ပါးသွားခဲ့သည်။
ကောင်းကင်ဘုံက ရွေးချယ်ထားသော ဇာတ်လိုက် ကိုးဦးအနက် ယခုအခါ လေးဦးမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူ၏ အဓိကရန်သူတော်ကြီး ကိုးဦးအနက် ထက်ဝက်နီးပါးကို သူ နှိမ်နင်းနိုင်ခဲ့သည်။ အစောပိုင်းက ထွက်ပေါ်လာခဲ့သော မုဟယ်တုန်းအပါအဝင်ဆိုလျှင် ယခုအခါ ငါးဦးသာ ကျန်ရှိတော့သည်။
“ငါ အရှိန်မြှင့်မှ ဖြစ်မယ်။ ဒီဇာတ်လိုက်တွေရဲ့ တိုးတက်မှုနှုန်းက အရမ်းအံ့သြစရာကောင်းတယ်။ အခု ငါ သူတို့လေးယောက်ကို အလွယ်တကူ သတ်နိုင်ခဲ့တာက သူတို့တွေ အပြည့်အဝ မကြီးထွားသေးလို့ပဲ"
“အချိန်တွေ ပိုကြာသွားပြီး သူတို့တွေ ပိုပြီး အစွမ်းထက်လာလေလေ ငါ့အတွက် ပိုပြီး အခက်တွေ့လေလေ ဖြစ်မှာပဲ”
ချန်ကျီရှင်း၏ မျက်ဝန်းများမှာ အနည်းငယ် လှုပ်ခတ်သွားပြီး ခေတ္တမျှ လျှော့ချထားသော စိတ်ကို ပြန်လည် တင်းကျပ်လိုက်သည်။ အထူးသဖြင့် ကျန်ရှိနေသော ဇာတ်လိုက် ငါးဦးအကြောင်းကို တွေးမိသည့်အခါ တစ်ယောက်ထက်တစ်ယောက် ပိုမိုအစွမ်းထက်နေသဖြင့် သူ့အတွက် ခေါင်းခဲစရာပင်။
ဘယ်သူကများ အနိုင်မရဘူးလို့ ပြောရဲသလဲ ဘယ်သူကများ ရှုံးနိမ့်ခြင်းမရှိဘူးလို့ ဆိုရဲသလဲဟု ကျော်ကြားလှသော ဗီဇမြင့်မြတ်သူ နောက်ပြီး... ယင်ကျီးကန်းအသွင်ဖြင့် ကမ္ဘာအဆက်ဆက် ရှင်သန်လာခဲ့ပြီး အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ကြီးများစွာကို သင်ကြားပြသပေးခဲ့ကာ လက်တစ်ဖက်တည်းနဲ့ ဧကရာဇ် သုံးထောင်ကို ရင်ဆိုင်ပြီး လက်နှစ်ဖက်နဲ့ ပြည်နယ် တစ်ဆယ့်သုံးခုကို တွန်းလှန်နိုင်သူဟု အမည်နာမကြီးလှသော ဇာတ်လိုက်ကြီးများ….
ဤဇာတ်လိုက်ကြီးများသည် ရွှီဖန်တို့ကဲ့သို့သော သူများထက် များစွာ သာလွန်လှသည်။
ချန်ကျီရှင်းသည် အားနည်းသော ဇာတ်လိုက်များကို ရှင်းလင်းပြီးပြီဖြစ်သော်လည်း အစစ်အမှန် သားရဲကြီးများမှာ ကျန်ရှိနေသေးသည်။
“အနာဂတ်ကိစ္စတွေကိုတော့ နောက်မှ စဉ်းစားရမယ်။ အခုလောလောဆယ် ငါ့ရဲ့အစွမ်းကို အရင်မြှင့်တင်ဖို့ လိုတယ်...”
ချန်ကျီရှင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်သည်။
နောက်တစ်ခဏတွင် သူရရှိထားသော အမှန်တရားမျက်လုံး၏ အချက်အလက်များမှာ ချန်ကျီရှင်း၏ စိတ်ထဲတွင် ပေါ်လာတော့သည်။
[အမှန်တရားမျက်လုံး - လှည့်စားမှုများကို ဖောက်ထွင်းမြင်နိုင်ခြင်း၊ အမှန်နှင့်အမှားကို ခွဲခြားနိုင်ခြင်း၊ ဟာကွက်များကို ရှာဖွေဖော်ထုတ်နိုင်ခြင်း]
“ဒီအမှန်တရားမျက်လုံးက ရွှီဖန်ရဲ့ အနာဂတ်မြင်နိုင်စွမ်းနဲ့ ဆင်တူပေမဲ့ အဆပေါင်း တစ်ထောင်လောက်တော့ အားပျော့တာပေါ့"
ချန်ကျီရှင်း၏ မျက်ဝန်းများ ဝင်းလက်သွားပြီး သူသည် ကြေမွနေသော အကြွင်းအကျန်များကြားမှ ရွှီဖန်၏ သိုလှောင်လက်စွပ်နှင့် ဝိညာဉ်ကာကွယ်ရေးလက်စွပ်တို့ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် ထိုနေရာမှ ချက်ချင်းပင် ထွက်ခွာသွားခဲ့တော့သည်။
နှစ်ရက်အကြာတွင် ကမ္ဘာငယ်လျှို့ဝှက်နယ်မြေ၏ ကောင်းကင်ယံထက်၌ ဖြူဖွေးတောက်ပသော ဝဲဂယက်ကြီးတစ်ခုသည် ကောင်းကင်ထက်၌ တဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။ ထိုဝဲဂယက်၏ ဗဟိုချက်မှနေ၍ ပြင်းထန်သော ဆွဲငင်အားတစ်ခု ဖြာထွက်လာတော့သည်။
ကမ္ဘာငယ်အတွင်း ပြန့်ကျဲနေသော တပည့်များမှာ ချက်ချင်းပင် ကောင်းကင်သို့ ပျံတက်သွားကြပြီး ထိုဝဲဂယက်အတွင်းသို့ ဝင်ရောက်သွားကြသည်။
“ရောက်လာပြီပဲ”
ချန်ကျီရှင်းက သူ၏မျက်လုံးများကို မှေးလိုက်ပြီး တစ်ဟုန်ထိုး ခုန်တက်ကာ ဝဲဂယက်အတွင်းသို့ ဝင်ရောက်လိုက်သည်။
ရှူး... ရှူး... ရှူး
ဝဲဂယက်ကြီးမှာ ကောင်းကင်ယံထက်မှ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကမ္ဘာငယ်လေးမှာလည်း တိတ်ဆိတ်ငြိမ်သက်ခြင်း အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ဤကမ္ဘာငယ်အတွင်း လူတို့ချန်ရစ်ခဲ့သော တိုက်ပွဲခြေရာလက်ရာများမှာလည်း မမြင်နိုင်သော လက်
တစ်ဖက်က ဖျက်ဆီးပစ်လိုက်သကဲ့သို့ တဖြည်းဖြည်း မှေးမှိန်၍ ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် တောင်ဘက်တောင်ထိပ်ရှိ တောင်တံခါးရင်ပြင်တွင် တောင်ဘက်တောင်ထိပ်မှ မရေမတွက်နိုင်သော တပည့်များ၊ အကြီးအကဲ လေးဦး၊ စစ်မှန်သောတပည့် နှစ်ဦး၊ တောင်ထိပ်သခင် မုယွဲ့မေနှင့် အခြားသူများမှာ...
ထိုနေရာ၌ အချိန်အတော်ကြာကတည်းက စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
တောင်တံခါးရင်ပြင်၏ ဟင်းလင်းပြင်ထက်တွင် ဖြူဖွေးတောက်ပသော ဝဲဂယက်ကြီး ပေါ်ပေါက်လာသည်နှင့်အမျှ တောင်ဘက်တောင်ထိပ်မှ တပည့်များအားလုံး စိတ်လှုပ်ရှားတက်ကြွသွားကြသည်။
“လာပြီ သူတို့တွေ ပြန်လာကြပြီ”
“ဒီတစ်ခေါက် ကမ္ဘာငယ်လေးရဲ့ ကံထူးမှုမှာ သူတို့တွေ ဘယ်လောက်တောင် ရတနာတွေ ရလာကြမလဲ မသိဘူးနော်။ ဒါက ကမ္ဘာငယ်တစ်ခုလုံးရဲ့ အခွင့်အရေးပဲဥစ္စာ”
“ဒီရတနာတွေထဲမှာ ဘယ်သူက အကြီးမားဆုံး အောင်နိုင်သူ ဖြစ်လာမယ်လို့ မင်းတို့ထင်သလဲ”
တောင်ဘက်တောင်ထိပ်မှ တပည့်များသည် တစ်ဦးနှင့်တစ်ဦး တိုးတိုးဖော်ဖော် ပြောဆိုနေကြပြီး သူတို့၏ မျက်နှာများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ စင်မြင့်ထက်ရှိ အကြီးအကဲလေးဦးနှင့် တောင်ထိပ်သခင် မုယွဲ့မေတို့၏ မျက်ဝန်းများတွင်လည်း စိတ်ဝင်တစားရှိလှသည့် အရိပ်အယောင်များ ပေါ်လွင်နေတော့သည်။
ရှူး... ရှူး... ရှူး...
မကြာမီမှာပင် ဝဲဂယက်ထဲမှ တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ သို့သော် ထူးဆန်းသည်မှာ သုတို့အားလုံးမှာ မျက်နှာပျက်ပျက်ဖြင့် ထွက်လာကြပြီး ဘေးတစ်ဖက်သို့ တိတ်တဆိတ် သွားရောက်ရပ်နေကြခြင်းပင်။
“ဟင်...”
၎င်းကို မြင်တွေ့လိုက်ရသည့် တောင်ဘက်တောင်ထိပ်မှ တပည့်အပေါင်းမှာ တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်သကဲ့သို့ ကြည့်လိုက်မိကြသည်။
ကမ္ဘာငယ်ထဲက ရတနာတွေ ရလာတာပဲလေ ဝမ်းသာရမယ့်အစား ဘာလို့ အားလုံးက ဒီလောက်တောင် စိတ်ပျက်လက်ပျက် ဖြစ်နေကြတာလဲ။
စင်မြင့်ပေါ်ရှိ အကြီးအကဲလေးဦးနှင့် တောင်ထိပ်သခင်တို့လည်း မျက်မှောင်ကြုတ်သွားကြသည်။ တစ်စုံတစ်ခုတော့ မှားယွင်းနေကာ နောက်ဆုံးတွင်မူ တာအိုမျိုးစေ့ တပည့်အချို့သည်လည်း မျက်နှာမကောင်းစွာဖြင့် ဝဲဂယက်ထဲမှ ထွက်ခွာလာကြသည်။ ထိုအခါမှ တပည့်တစ်ဦးက မနေနိုင်ဘဲ လှမ်း၍မေးလိုက်သည်။
“စီနီယာအစ်ကိုဖုန်း... အတွင်းထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ။ အစ်ကိုတို့ ရခဲ့တဲ့ ရတနာတွေကော ဘယ်မှာလဲ”
တာအိုမျိုးစေ့တပည့် ဖုန်းကျန်းသည် ဤစကားကို ကြားလိုက်ရသောအခါ သူ၏မျက်နှာမှာ ပို၍ပင် ကြည့်ရဆိုးသွားတော့သည်။ သူက အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး
“ဒါတွေအားလုံးက ဟိုရွှီဖန်ရဲ့ လက်ချက်ပဲ။ သူက ရတနာအားလုံးကို တစ်ယောက်တည်း သိမ်းကျုံးယူသွားတာလေ”
ဤစကားကို ကြားလိုက်ရသည့်အခါ လူအုပ်ကြီးတစ်ခုလုံး ဆွံ့အသွားကြရသည်။
ရွှီဖန်တစ်ယောက်တည်းက ရတနာအားလုံးကို သိမ်းပိုက်လိုက်တာ ဟုတ်လား။
သူတို့ ထပ်မံမမေးမြန်းနိုင်မီမှာပင် ကမ္ဘာငယ်ထဲမှ ပြန်လာကြသည့် အခြားတပည့်များကလည်း ဒေါသတကြီးဖြင့် ဝင်ရောက်ပြောဆိုကြတော့သည်။
“တောက်... ဒီကောင် ရွှီဖန် ငါရထားတဲ့ ရတနာတွေကိုလည်း သူက အတင်းလုသွားတာ”
“ငါလည်း အတူတူပဲ။ အပြာရောင်တောက်ပကျောက်တုံးကို ငါတို့က အရင်တွေ့တာလေ။ သူက လာလုရုံတင်မကဘူး။ ငါ့ကို ကမ္ဘာငယ်ထဲမှာတင် မေ့လဲအောင် လုပ်သွားတာ”
“ငါ အခုကတည်းက ပြောထားမယ်။ အခုကစပြီး ငါနဲ့ ရွှီဖန်က ရန်သူပဲ”
“ရွှီဖန် ဘယ်မှာလဲ။ သူ ထွက်လာတာနဲ့ ငါတို့ သူ့ဆီကနေ ရှင်းလင်းချက် တောင်းရမယ်”