အသွေးပင်လယ်အရှင်သခင်၏ အနာဂတ်ခန္ဓာ....
Vol. 81 Ch. 1119
" ဒုတိယအဆင့် အထွတ်အထိပ် အချိန်အရှင်သခင်တွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုပဲ။ ဒါက သိပ်ကို ရှားပါးလွန်းတယ်။ "
" မှန်တယ်။ ဒီဝမ်ဝေဟင်းလင်းပြင်ထဲမှာတောင် ဒီလိုတိုက်ပွဲမျိုးက ဖြစ်လေ့ရှိတာ မဟုတ်ဘူး။ "
အချိန်အရှင်သခင်များက စိတ်လှုပ်ရှားသွားကြပြီး သူတို၏ မိတ်ဆွေများကုိ ဆက်သွယ်လိုက်ရာ အချိန်အရှင်သခင်အများအပြာက ထိုနေရာသို့ ရောက်လာကြသည်။ ကောင်းကင်အရှင်သခင်က ထိုအမှောင်ပုံရိပ် သုံးခုကို ဒေါသထွက်သွားသောကြောင့်သာ တိုက်ပွဲဖြစ်လာခြင်းဖြစ်သည်။
ဝုန်း ဝုန်း.....
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ထိုပုံရိပ်သုံးခုက သူတို့၏ တိုက်ခိုက်မှုများကို မထိန်းနိုင်တော့ဘဲ စစ်မှန်သော စွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။
ခေါင်းဆောင်က အနီရောင် အော်ရာတစ်ခုကို ထုတ်လွှတ်လိုက်ရာ အနီရောင်ဆံပင်များနှင့် သူ၏ ပုံရိပ်က ရှင်းလင်းလာသည်။ အခြားပုံရိပ်နှစ်ခုအနက် တစ်ခုမှာ အကြေးခွံများ ဖုံးလွှမ်းနေပြီး နောက်တ်ခုမှာ စိတ်ဝိညာဉ်ပုံသဏ္ဍန်ကဲ့သို့ ဖြစ်နေသည်။
ပုံရိပ်သုံးခုလုံးက အလွန်ကြောက်စရာကောင်းသော စွမ်းအားများရှိကြပြီး သူတို့၏ စွမ်းအားကို အပြည့်အဝ မထုတ်မီ ကောင်းကင်အရှင်သခင်က သူတို့သုံးယောက်ကို ရင်ဆိုင်နိုင်ပြီး တစ်ခါတစ်ရံ အသာစီးပင် ရယူနိုင်ခဲ့သည်။ သို့သော် သူတို့၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်လိုက်သည်နှင့် ကောင်းကင်အရှင်သခင်က အသာစီးမရတော့ဘဲ ခုခံရန်သာ အာရုံစိုက်ရတော့သည်။
" သူတို့ဖြစ်နေတာကိုး။ "
" ဒါက သွေးပင်လယ်အရှင်သခင်၊ ဟင်းလင်းပြင်စိတ်ဝိညာဉ်အရှင်သခင်နဲ့ ချပ်ဝတ်အရှင်သခင်တို့ပဲ။ "
အချိန်အရှင်သခင်များ လေးနက်သော အမူအရာများနှင့် ရှိနေကြသည်။ သူတို့သုံးယောက်ထဲတွင် သွေးပင်လယ်အရှင်သခင်က အသန်မာဆုံးဖြစ်ပြီး ဒုတိယအဆင့် အထွတ်အထိပ် စွမ်းအားရှိပေသည်။ အခြားနှစ်ယောက်က အနည်းငယ် အားနည်းကြသော်လည်း ဒုတိယအဆင့် နောက်ဆုံးကပ်ဘေးများကို ဖြတ်ကျော်နေကြဆဲ ဖြစ်သည်။
သွေးပင်လယ်အရှင်သခင်က သွေးပင်လယ်တစ်ခုအတွင်းမှ ထွက်ပေါ်လာသူဟု ပြောကြသည်။ သူက ထိပ်တန်းဒိုင်မန်းရှင်းနယ်မြေတစ်ခု ပြင်ပစွမ်းအားကြောင့် ပျက်စီးသွားပြီး အတွင်းရှိ သက်ရှိအားလုံး သေဆုံးသွားချိန်တွင် မွေးဖွားလာခြင်းဖြစ်သည်။
" ဒီလူဆိုးသုံးယောက်ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ "
အချိန်အရှင်သခင်များက ထိတ်လန့်သွားကြသည်။ အဆုံးမဲ့သော ခေတ်ကာလများတစ်လျှောက် သူတို့သုံးယောက်က အခြားအချိန်အရှင်သခင်များကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး အချိန်သက်ရှိများကိုပင် သတ်ဖြတ်ခဲ့ကြသဖြင့် အချိန်အရှင်သခင်များကြားတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေကြသူများဖြစ်သည်။
" မင်းတို့ဖြစ်မယ်လို့ ငါအစကတည်းက ထင်သားပဲ။ " ကောင်းကင်အရှင်သခင်က အံ့ဩခြင်းမရှိပေ။
" မင်းသိသွားတော့ရော ဘာဖြစ်လဲ။ " သွေးပင်လယ်အရှင်သခင်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
ဝုန်း....
သွေးပင်လယ်က ဟိန်းဟောက်လာပြီး သွေးပင်လယ်အရှင်သခင်က စစ်မှန်သော စွမ်းအားများကို ထုတ်ဖော်လိုက်သည်။ အခြားအချိန်အရှင်သခင်နှစ်ယောက်ကလည်း လှုပ်ရှားလာပြီး ကောင်းကင်အရှင်သခင်ကို စတင်ဖိနှိပ်လိုက်ကြသည်။
" အသုံးမဝင်ဘူး။ မင်းတို့သုံးယောက် ဒီအမှောင်လက်နက်နဲ့ဆိုရင် ငါ့ကို ဖိနှိပ်နိုင်တာ မှန်ပေမယ့် ငါ့ကို ချေမှုန်းဖို့ရင်တော့ မဖြစ်နိုင်ဘူး။ " ကောင်းကင်အရှင်သခင်က တိုက်စစ်မှ ခံစစ်သို့ ပြောင်းလဲသွားပြီး သူ၏ ဦးခေါင်းပေါ်မှ ဦးချိုများက အချိန်အရှင်သခင် သုံးယောက်၏ တိုက်ခိုက်မှုများကို ခုခံရန် အတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်။
" မင်းက အချိန်ဆွဲနေတာလား။ " သွေးပင်လယ်အရှင်သခင်က ကောင်းကင်အရှင်သခင်၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်သည်။
" မှန်တယ်။ " ကောင်းကင်အရှင်သခင်က ခေါင်းညိမ့်လိုက်သည်။ " ငါ့ရဲ့ မိတ်ဆွေအချို့ကို ခေါ်လိုက်ပြီ။ မင်းတို့သုံးယောက် ဒီတစ်ခါ ဝမ်ဝေဟင်းလင်းပြင်ကနေ ထွက်သွားဖို့ ခက်ခဲလိမ့်မယ်ထင်တယ်။ "
" ပြဿနာပဲ။ " သွေးပင်လယ်အရှင်သခင်က ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။ သူတို့သုံးယောက်က ထွက်သွားရန် ရည်ရွယ်ခဲ့သော်လည်း ကောင်းကင်အရှင်သခင်က သူတို့ကို တားဆီးထားသည်။
" အကိုကြီး။ " ဟင်းလင်းပြင်စိတ်ဝိညာဉ် အရှင်သခင်က သွေးပင်လယ်အရှင်သခင်ကို ကြည့်လိုက်သည်။
အကယ်၍ သူတို့သုံးယောက်က ဝမ်ဝေဟင်းလင်းပြင်တွင် ရှိနေသည်ဆိုသည့် သတင်းပျံ့သွားပြီး အချိန်မီမထွက်သွားနိုင်လျှင် အချိန်အရှင်သခင်များက ပိုပြီး စုရုံးလာကြပေလိမ့်မည်။ သူတို့နှင့် ရန်ငြိုးရှိသော အချိန်အရှင်သခင်များက သေချာပေါက် လှုပ်ရှားကြပေလိမ့်မည်။
ထိုကဲ့သို့ များပြားသော အချိန်အရှင်သခင်များနှင့် ရင်ဆိုင်ရန် သူတို့က ယုံကြည်မှုမရှိသေးပေ။ ထိုအပြင် အချိန်ကြာလာလျှင် ဒဏ္ဍာရီအချိန်အရှင်သခင်တစ်ယောက်၏ အာရုံစိုက်မှုကို ခံရနိုင်သည်။ အကယ်၍ ဒဏ္ဍာရီအချိန်အရှင်သခင်တစ်ယောက်က သူတို့အပေါ် အမြင်မကြည့်ဘဲ လှုပ်ရှားလာလျှင် ၎င်းက ပြဿနာပင်ဖြစ်သည်။
" ငါနားလည်ပြီ။ " သွေးပင်လယ်အရှင်သခင်က ခေါင်းညိမ့်လိုက်သည်။
သူတို့က အစွမ်းထက်သော လက်နက်တစ်ခုကို သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး သူတို့သာ အမှန်တကယ် ပိတ်မိသွားလျှင် ဆုံးရှုံးမှုကြီးမားပေလိမ့်မည်။
" ကောင်းကင်အရှင်သခင် ငါ ဒီတိုက်ကွက်ကို ဒဏ္ဍရီအဆင့် အချိန်အရှင်သခင်တွေအတွက် ရည်ရွယ်ထားတာပဲ။ " သွေးပင်လယ်အရှင်သခင်က ကောင်းကင်အရှင်သခင်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
သူက ဝမ်ဝေဟင်းလင်းပြင်သို့ မဝင်မီကပင် အဆိုးဆုံးအတွက် ပြင်ဆင်ထားခဲ့သည်။ ဒဏ္ဍာရီအချိန်အရှင်သခင်နှင့် ရင်ဆိုင်ရလျှင်တောင် သူက ခုခံနိုင်ရန်နှင့် ဆုတ်ခွာနိုင်ရန် မျှော်လင့်ချက်ရှိခဲ့သည်။ ဤဝှက်ဖဲကို ကောင်းကင်အရှင်သခင်အပေါ် အသုံးပြုလိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ရုံသာဖြစ်သည်။
" ဒဏ္ဍာရီအချိန်အရှင်သခင်တွေအတွက် ချန်ထားခဲ့တာဟုတ်လား။ " ကောင်းကင်အရှင်သခင်က အနည်းငယ် အံ့အားသင့်သွားပြီးနောက် လှောင်ပြောင်လိုက်သည်။ " မင်းက တန်လို့လား။ "
" အနာဂတ်...." သွေးပင်လယ်အရှင်သခင်က ဘာမှမပြောတော့ဘဲ သူ၏ စိတ်အသိက ဝေးကွာလှသော အချိန်များရှိ အချိန်လေဟာနယ်ကို အာရုံလိုက်သည်။
မဟာဖျက်စီးခြင်းစက်ဝန်း ၃၆၂ခုအတွင်း သူက ဒဏ္ဍာရီအချိန်အရှင်သခင်တစ်ယောက် ဖြစ်လာမည်မှာ သေချာသည်။ အနာဂတ်အချိန်လေဟာနယ်ကို အာရုံခံပြီး လက်ရှိအချိန်လေဟာနယ်တွင် ကူညီပေးရန်အတွက် ဒဏ္ဍာရီအချိန်အရှင်သခင်ဖြစ်နေသော သူ၏ အနာဂတ်ခန္ဓာကို ဆင့်ခေါ်ခြင်းက သွေးပင်လယ်အရှင်သခင်၏ အကြီးမားဆုံး ဝှက်ဖဲပင်ဖြစ်သည်။
ဝုန်း....
ကြောက်စရာကောင်းသော အော်ရာတစ်ခု ပျံ့နှံ့သွားပြီး သွေးပင်လယ်အရှင်သခင်၏ နောက်တွင် ကြီးမားသော သွေးပင်လယ်ကြီးတစ်ခုက ဝေဝါးစွာ ဖြစ်ပေါ်လာသည်။
" ဘာလဲ။ " ကောင်းကင်အရှင်သခင်က သွေးပင်လယ်အရှင်သခင်ကို စိုက်ကြည့်လိုက်သည်။ " မင်းက မင်းရဲ့ အနာဂတ်ခန္ဓာကို ဆင့်ခေါ်နေတာလား။ "
အနာဂတ်ခန္ဓာကို ဆင့်ခေါ်ခြင်းက အချိန်အရှင်သခင်အများစု အသုံးပြုနိုင်သော နည်းစနစ်တစ်ခု ဖြစ်သော်လည်း ၎င်းမှာ ထူးခြားလှသည်တော့မဟုတ်ပေ။ အချိန်အရှင်သခင်အများစုက သူတို့သိမြင်နိုင်သော အနာဂတ် အချိန်အတိုင်းအတာတွင် ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့ရလေ့မရှိပေ။
" အနာဂတ်ခန္ဓာကို ဆင့်ခေါ်တာလား။ " အဝေးတွင် စောင့်ကြည့်နေသော လင်းယွမ်ကလည်း စိတ်လှုပ်ရှားသွားပြီး လက်ရှိအချိန်အတိုင်းအတာ၏ ပြောင်းလဲမှုများကို သေချာအာရုံခံလိုက်သည်။ သူက အချိန်အရှင်သခင်တစ်ယောက် မဟုတ်သေးသဖြင့် ထိုကဲ့သို့ အနာဂတ်ခန္ဓာကို ဆင့်ခေါ်သည့် နည်းလမ်းကို ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။
အချိန်အရှင်သခင်များ ဆင့်ခေါ်နိုင်သော အနာဂတ်ခန္ဓာများက လင်းယွမ်၏ သုံးဘဝနည်းစနစ်မှ ကျင့်ကြံထားသော အနာဂတ်ခန္ဓာများ မဟုတ်ပေ။ သုံးဘဝနည်းစနစ်က ပစ္စုပ္ပန်နှင့် အတိတ်ခန္ဓာများအပေါ် အခြေခံပြီး အနာဂတ်အချိန်အတိုင်းအတာများပေါ်မှ အမှတ်အသားများကို စုစည်းထားခြင်းဖြစ်သည်။
" သွေးပင်လယ်အရှင်သခင်က သူ့ရဲ့ အနာဂတ်ခန္ဓာကို တကယ်ပဲ ဆင့်ခေါ်နေတာလား။ "
" သွေးပင်လယ်အရှင်သခင် အာရုံခံမိတဲ့ အနာဂတ်ခန္ဓာက အဲ့ဒီအဆင့်ကို တက်လှမ်းသွားတာများလား။ "
ပတ်ဝန်းကျင်မှ စောင့်ကြည့်နေသော အချိန်အရှင်သခင်များက လေးနက်သော အမူအရာများ ရှိနေကြသည်။ ပုံမှန်အားဖြင့် အနာဂတ်ခန္ဓာကို ဆင့်ခေါ်ခြင်းမှာ အချိန်အရှင်သခင်အတွက် များစွာ အရေးမပါပေ။ သို့သော် သွေးပင်လယ်အရှင်သခင်က အဓိပ္ပါယ်မရှိသော အရာကို လုပ်ဆောင်မည်မဟုတ်သောကြောင့် ဖြစ်နိုင်ခြေရှိသော အကြောင်းအနည်းငယ်သာ ရှိသည်။
[ သင်က ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အချိန်အတိုင်းအတာများကို စောင့်ကြည့်ခြင်းဖြင့် သင်၏ အနာဂတ်အပေါ် နားလည်မှုက ပိုမိုမြင့်မားလာပါပြီ။ ]
အခြားသူများနှင့်ယှဉ်လျှင် လင်းယွမ်က ဉာဏ်အလင်းပွင့်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ သွေးပင်လယ်အရှင်သခင်က ပုံမှန်အချိန်အတိုင်းအတာကို အတင်းအကျပ် နှောက်ယှက်လိုက်ရာ ထွက်ပေါ်လာသော အချိန်လှိုင်းများက အချိန်အရှင်သခင်ဖြစ်ရန် ခြေတစ်လှမ်းသာ လိုသော လင်းယွမ်အတွက် ကြီးမားသော အထောက်အကူဖြစ်စေသည်။
" သွေးပင်လယ်အရှင်သခင် မင်းက မင်းရဲ့ အနာဂတ်အပေါ် ဒီလောက်တောင် ယုံကြည်မှုရှိနေတာလား။ " ကောင်းကင်အရှင်သခင်၏ အသံက အချိန်လေဟာနယ်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
" အခုမှ ထွက်ပြေးဖို့ ကြိုးစားနေတာလား။ နောက်ကျသွားပြီ။ " သွေးပင်လယ်အရှင်သခင်၏ အကြည့်က အေးစက်နေသည်။
အနာဂတ်ခန္ဓာကို ဆင့်ခေါ်ပြီးသည်နှင့် ရပ်တန့်၍ မရသကဲ့သို့ သူကလည်း ရပ်တန့်ရန် ရည်ရွယ်ချက်မရှိပေ။ သူတို့၏ အစီအစဉ်များအား ကောင်းကင်အရှင်သခင်က ဖျက်ဆီးသွားမည်ကို ခွင့်မပြုနိုင်ပေ။
ဝုန်း....
သွေးပင်လယ်အရှင်သခင်၏ နောက်မှ သွေးပင်လယ်က လှုပ်ခတ်သွားပြီး အဆက်မပြတ် ပေါင်းစည်းကာ သွေးပင်လယ်အရှင်သခင်ထက် များစွာ ပိုမိုခန့်ညားသော ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုပုံရိပ်က တောက်ပသော အနီရောင်ဆံပင်များရှိပြီး သွေးပင်လယ်အရှင်သခင်နှင့် အလွန်တူသော်လည်း သူ၏ အော်ရာက ပို၍ ကြောက်စရာကောင်းလှသည်။