ကျုပ်ကတော့ 'တထာဂတဿ' ကို တွေ့မြင်တယ်
Vol. 7 Ch. 619
လရိပ် ဓားသွားအောက်တွင် မည်သည့်အရာကိုမှ ဖုံးကွယ်ထား၍ မရပါချေ။
တာ့ရှားဧကရာဇ်သည် မူလမိစ္ဆာခန္ဓာကို အသုံးပြုကာ မိစ္ဆာဓားကောက်ကြီး၏ မိစ္ဆာစွမ်းအားများအတွင်းမှ တာအိုစွမ်းအားကို ထုတ်ဖော် ပြသခဲ့လေသည်။ လရိပ်ဓားသည် ဗလာနယ်ကိုပင် တိုက်စားသွားလေသည်။ ထိုက်ယင်း ရေစွမ်းအားသည် လုယာနှင့် တာ့ရှားဧကရာဇ်တို့ကို ရစ်ပတ်ထားပြီး တိုက်ပွဲကို ကြည့်နေကြသူများသည် အလင်းတန်း (၂)ခုကိုသာ တွေ့မြင် ကြရလေသည်။
တာ့ရှားဧကရာဇ်၏ ဓားချက် ဝင်ရောက်လာသည်နှင့် ရောင်ခြည်တန်း တစ်ခုက လေထုထဲတွင် စီးဆင်း လာလေသည်။ ထူးဆန်းသည့် လောကတစ်ခု ဖွင့်လှစ်သွားသည့်အလား ထိုရောင်ခြည်တန်းထဲတွင် မုန်တိုင်း၊ မိုးကြိုး၊ ရေ နှင့် မီးများကို တွေ့မြင်နိုင်ပါလေ၏။
တာအိုဆရာ လုယာသည် တာ့ရှားဧကရာဇ်၏ ဓားအလင်းတန်းကို တစ်ဆင့်ပြီးတစ်ဆင့် ဦးဆောင်ကာ ဆွဲခေါ်သွားလေသည်။ သူတို့ (၂)ယောက်သည် လေထဲတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက် နေကြလေသည်။
ထျန်းယီကတော့ တိုက်ပွဲအတွင်းသို့ ဝင်ရောက်ရန် သင့် မသင့် စဉ်းစားရင်း တန်ခိုးစွမ်းအားများကို စုစည်းထားလေသည်။
ထိုအချိန်မှာပင် …
ယွမ်ကျွင်းဧကရီသည် ဝိညာဉ်ခြောက်ဖြာ အလံကို ဝေ့ယမ်းနေခြင်းကို ရပ်တန့်လိုက်လေသည်။
ထို့နောက် …
ဧရာမနတ်ဘုရားကြီး တစ်ပါး ထွက်ပေါ်လာလေသည်။ ထိုနတ်ဘုရားကြီးသည် ရွှေသရဖူကို ဆောင်းထားပြီး မျက်ခုံးကြီးများမှာလည်း တောင်တန်းကြီးများ အလား ကြီးမားလှလေသည်။ သူ၏မျက်နှာက ခက်ထန် တင်းမာနေလေ၏။
ဧရာမ နတ်ဘုရားကြီးသည် မျက်နှာသုံးခုနှင့် ခန္ဓာကိုယ်သုံးခု အဖြစ် ပြေင်းလဲ သွားလဲသွားလေသည်။ ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးတွင် ကြောက်မက်ဖွယ်ရာ နတ်ဘုရားစွမ်းအားများ ထွက်ပေါ်လာပြီး လေထုတစ်ခုလုံးပင် အေးခဲသွားမတတ်ပင် ဖြစ်ရလေသည်။
ယွမ်ကျွင်းဧကရီမှ အသွင်ပြောင်းထားသည့် ဧရာမ နတ်ဘုရားကြီးက ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တာ့ရှားဧကရာဇ်နှင့် တာအိုဆရာလုယာတို့၏ တိုက်ပွဲကို နင်းခြေ ပစ်လိုက်လေသည်။
ယွမ်ကျွင်းဧကရီက “သုံးမျက်နှာသုံးခန္ဓာ” ကျင့်စဉ် တန်ခိုးစွမ်းအားကို စန့်ချင် အလင်းစွမ်းအားနှင့် ပေါင်းစပ်ကာ တာအိုဆရာလုယာကို တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။
တာအိုဆရာ လုယာသည် အေးဆေးတည်ငြိမ်နေဟန် ရှိနေသည့်တိုင် ယွမ်ကျွင်းဧကရီ၏ စန့်ချင် အလင်းတန်ခိုး စွမ်းအားကို လျှော့မတွက်ရဲပါချေ။
ကျယ်ကျောက် အမိန့်တော်ဂိုဏ်းမှ တပည့်များ အားလုံးသည် အရည်အချင်း ပြည့်ဝသူများ ဖြစ်ကြလေသည်။
သို့သော် … ယွမ်ကျွင်းဧကရီသည် ထိုတပည့်များ အားလုံးတွင်မှ ထိပ်တန်းတပည့် (၃)ဦးထဲတွင် ပါဝင်သူဖြစ်လေသည်။ ယွမ်ကျွင်းဧကရီ၏ ကျင့်ကြံခြင်း အဆင့်သည် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိခြင်း မရှိသေးသည့်တိုင် တာအိုဆရာ လုယာအနေဖြင့် ပေါ့ပေါ့တန်တန် သဘောမထားရဲပေ။
လုယာသည် တာ့ရှားဧကရာဇ်၏ ဓားဝိညာဉ်နောက်သို့ လိုက်ပါသွားပြီး သက်တံရောင်စဉ် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထိုသက်တံ ရောင်စဉ်အတွင်းမှ အသိဉာဏ်ပညာ ငါးပါးကိုကိုယ်စားပြုသော အဖြူရောင်သရဖူကို ဆောင်းထားသည့် ဗုဒ္ဓတစ်ပါး ထွက်ပေါ်လာလေသည်။ ဗုဒ္ဓသည် ကြာပလ္လင်ထက်တွင် တည်ငြိမ်စွာထိုင်နေပြီး သူ၏လက်မှ ကြီးမြတ်သည့် ဉာဏ်ပညာမုဒြာကို ပြုလုပ်ထားလေသည်။
ဗုဒ္ဓကပြုံးလိုက်ရင်း...
"ပန်းတွေပွင့်တဲ့အခါ... ပန်းတွေက ကျုပ်ကို တွေ့မြင်နိုင်ကြတယ်... ကျုပ်ကတော့ 'တထာဂတဿ' ကိုတွေ့မြင်တယ်"
တာအိုဆရာ လုယာသည် တာအိုကျင့်စဉ်၊ ဗုဒ္ဓဘာသာ ကျင့်စဉ်နှင့် နတ်မိစ္ဆာ ကျင့်စဉ်များကို ကျင့်ကြံခဲ့သူဖြစ်ပြီး ဗုဒ္ဓခန္ဓာကို ကျင့်ကြံအောင်မြင်ခဲ့သလို အထွတ်ထိပ်မိစ္ဆာ ခန္ဓာကိုလည်းကျင့်ကြံ အောင်မြင်ခဲ့သူ ဖြစ်လေသည်။
ထို့နောက် …
ရောင်စဉ်တန်းပေါင်း ထောင်နှင့်ချီပြီး ဖြာထွက်လာလေသည်။
ကြီးမားသည့် လက်သီးချက်ကြီး တစ်ချက် ထွက်ပေါ်လာပြီး ယွမ်ကျွင်းဧကရီ၏ စန့်ချင်နတ်ဘုရား အလင်းကို ထိုးနှက် တိုက်ခိုက် လိုက်လေတော့သည်။
သို့သော် တာအိုဆရာ လုယာသည် ဗုဒ္ဓခန္ဓာကျင့်စဉ် တန်ခိုးစွမ်းအားကို အသုံးပြုထားသည့်တိုင် လနတ်သမီး၏ ထိုက်ယင်းရေစွမ်းအားနှင့် ပေါင်းစပ်ထားသည့် ယွမ်ကျွင်းဧကရီ၏ စန့်ချင် အလင်းစွမ်းအားသည် အလွန်မှတန်ခိုး စွမ်းအားမြင့်မား လွန်းနေလေသည်။
ထို့ကြောင့် ဗုဒ္ဓခန္ဓာဖြင့် ဖန်ဆင်းထားသည့် လက်သီးချက်သည် စန့်ချင် အလင်းစွမ်းအားကို ထိုးဖောက်နိုင်ခြင်း မရှိဘဲ ပျောက်ကွယ် သွားရလေတော့သည်။ လုယာ၏ ဗုဒ္ဓခန္ဓာသည် ထိပ်တန်းအဆင့် ဖြစ်သည့်တိုင် ထိုးဖောက်နိုင်ရန် ခက်ခဲနေရလေသည်။
ထျန်းယီက မျက်မှောင်တစ်ချက် ကြုတ်လိုက်မိလေသည်။
ယွမ်ကျွင်းဧကရီ၏ ခန္ဓာကိုယ်မှ မရေမတွက်နိုင်အောင် များပြားသည့် စန့်ချင် အလင်းစွမ်းအားများ ထွက်ပေါ်လာပြီး လနတ်သမီး၏ ထိုက်ယင်း ရေစွမ်းအားဖြင့် လေထုထဲတွင် ပေါင်းစပ်သွားလေသည်။
တာအို ဆရာလုယာ၏ ဗုဒ္ဓခန္ဓာသည် မုန်တိုင်းထန်နေသည့် ပင်လယ်တစ်ခု၏ အလယ်မှ ကျွန်းတစ်ကျွန်းအလား ဖြစ်လေသည်။
သူသာ ဆက်ပြီး ထိုင်နေမည်ဆိုလျှင် ရေလှိုင်းများသည် သူ့ကိုအချိန်ရွေး တိုက်စား သွားနိုင်လေသည်။ သို့သော် … ဗုဒ္ဓခန္ဓာ ကျင့်စဉ်စွမ်းအားကို ထုတ်သုံးလိုက် ကတည်းက သူ့အနေဖြင့် နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။
ဗုဒ္ဓ၏မျက်နှာက ပြုံးလိုက်ပြီး ထူးဆန်းသည့် ဟန်တစ်ခုဖြင့် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်လေသည်။
လူသားအားလုံးမှာ ကမ္ဘာကြီးတစ်ခုလုံး ကြေမွသွားသည့် အလား ခံစား လိုက်ရကြရလေသည်။
ဗုဒ္ဓခန္ဓာမှာ ထိပ်တန်းအဆင့်ကျင့်စဉ် တစ်ခုဖြစ်သည်မှာ သံသယဝင်စရာ မလိုပေ။ တိုက်ပွဲအခြေအနေကို ပြောင်းပြန် လှန်ပစ်နိုင်သည့် အခြေအနေပင် ဖြစ်လေသည်။ ဗုဒ္ဓခန္ဓာ၏ လက်ဖဝါးနှစ်ဖက်သည် ထိပ်တန်းအဆင့် လျှို့ဝှက်နက်နဲသည့် တန်ခိုးစွမ်းအားများဖြင့် ပြည့်နှက်နေလေသည်။
အခြားဘက်တွင်လည်း တာ့ရှားဧကရာဇ်၏ ဓားဝိညာဉ်နှင့် သက်တံရောင် အလင်းတန်းမှာ လိမ်ယှက်နေကြလေသည်။
သက်တံအလင်းတန်ခိုး စွမ်းအားမှာ တာအိုဆရာ လုယာ၏ ဘဝအစပိုင်း အချိန်များတွင် ကျင့်ကြံခဲ့သည့် ကျော်ကြားသည့် တန်ခိုးစွမ်းအားတစ်ခု ဖြစ်လေသည်။ ထိုတန်ခိုးစွမ်းအားသည် လောကတွင် အလျင်မြန်ဆုံး တန်ခိုးစွမ်းအား ဖြစ်ပြီး သေးငယ်သည့် ဧရိယာတစ်ခု အတွင်းတွင်လည်း ပဲ့ကိုင်ထိန်းချုပ်နိုင်မှု အမြင့်မားဆုံး ဖြစ်လေသည်။
တာ့ရှားဧကရာဇ်၏ အဆင့်မြင့်လွန်းသည့် ဓားသိုင်းသည်ပင်လျှင် သက်တံရောင် အလင်းတန်းကို တစ်ချက်ကလေးမှ ထိခိုက်အောင် မတိုက်ခိုက်နိုင်ပေ။ လုယာ၏ တိုက်ခိုက်မှုမှာ မည်မျှကြောက်မက်ဖွယ်ရာ ကောင်းသည်ကို တွေ့ရှိရမည် ဖြစ်လေ၏။
(၃)ယောက် (၁)ယောက် တိုက်ခိုက်နေရသည့် အတွက် ခံစစ် တိုက်ခိုက်နေရသည့်တိုင် တာအိုဆရာလုယာသည် အရှုံးဘက်သို့ ရောက်နေသည်ဟု မဆိုသာပေ။ တာ့ရှားဧကရာဇ်ကလည်း သူ့ကို တိုက်စစ်သို့ ပြောင်းလဲရန် လုံး၀ အခွင့်အရေးမပေးခဲ့ပေ။
သို့တိုင်အောင် … တာအိုဆရာ လုယာသည် သူ၏ ကျော်ကြားလှသည့် နတ်ဘုရား ထောင်ချောက်ဓားသိုင်းကို ထုတ်ဖော် အသုံးပြုခြင်း မရှိသေးပေ။
တိုက်ပွဲအတွင်းသို့ ဝင်မပါရဲသေးပဲ ပွဲကြည့်ပရိသတ် လုပ်နေသည့် ထျန်းယီပင်လျှင် တိုက်ပွဲမှာ မည်မျှ ကြောက်စရာကောင်းကြောင်း တွေ့မြင်နေရလေသည်။
တာအိုဆရာလုယာ နတ်ဘုရား ထောင်ချောက်ဓားကို အသုံးမပြုရသည်မှာ အသုံးမပြုချင်သောကြောင့် မဟုတ်ပါ။ နတ်ဘုရား ထောင်ချောက်ဓားသည် ရတနာဓားတစ်လက် ဖြစ်ရုံသာမကဘဲ ဝိညာဉ်စွမ်းအား ရတနာဓားနှင့် ကျင့်စဉ်တို့ကို ပေါင်းစပ်ထားသည့် ဓားတစ်လက် ဖြစ်နေသောကြောင့် ဖြစ်လေသည်။
လုယာထံမှ ခွင့်ပြုချက်ရလျှင် အခြားသူများသည်လည်း နတ်ဘုရား ထောင်ချောက်ဓားကို အသုံးပြုနိုင်မည် ဖြစ်လေသည်။ သို့သော် … လုယာ အသုံးပြုသလောက်တော့ အစွမ်းထက်လိမ့်မည် မဟုတ်ပေ။
တာအိုဆရာ လုယာသည် နတ်ဘုရား ထောင်ချောက်ဓားကို သူ၏ ဝိညာဉ်နှင့် တန်ခိုးစွမ်းအားကို တစ်လုံးတစ်ဝတည်း ဖြစ်အောင် ပေါင်းစပ်ကာ အသုံးပြုလိုက်မည်ဆိုလျှင် ကံတရားကိုပင် အဆုံးအဖြတ်ပေးသည့် ဓားတစ်လက် ဖြစ်သွားပေလိမ့်မည်။ ပြိုင်ဘက်ရန်သူသည် မည်မျှပင် တန်ခိုးစွမ်းအား မြင့်မားပါစေ သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် (၂)ခုစလုံးသည် လုံးဝ ပျက်စီး ပျောက်ကွယ်သွားရမည် ဖြစ်လေသည်။
မူလသုံးဖြာ တာအိုဆရာ (၃)ပါး (သို့မဟုတ်) သန့်စင်သော တာအိုအရှင်သခင် သုံးပါးဟု ခေါ်ဆိုကြသည့် တာအိုဆရာသခင်ကြီး (၃)ပါးတွင် လုယာသည် အလွန်မှ မောက်မာပြီး မာနကြီးလွန်းသည့်တိုင် သူသည် နတ်ဘုရား ထောင်ချောက်ဓားကို ဆင့်ခေါ်ရန်အတွက် ဝိညာဉ်နှင့် တန်ခိုးစွမ်းအားကို တစ်ခါမှ မပေါင်းစပ်ခဲ့ဖူးသေးပေ။
ထိုဓားကို ခေါ်ထုတ်လိုက်သည်နှင့် သူ၏ တန်ခိုးစွမ်းအားများသည် သိသိသာသာ လျော့နည်းသွားရမည် ဖြစ်လေသည်။ ထို့ကြောင့် သူ၏ တန်ခိုးစွမ်းအား လျော့နည်းသွားချိန်တွင် အခြားသူများ တိုက်ခိုက်နိုင်ရန်အတွက် ဟာကွက် ဖြစ်သွားနိုင်လေသည်။
ဆန်းလျန်မှာလည်း သေခြင်း ရှင်ခြင်းစာအုပ်မှ တန်ခိုးစွမ်းအားများဖြင့် အဆက်မပြတ် ထိုးနှက်ခြင်းကို ခံနေရလေသည်။ ဆန်းလျန်သည် လှုပ်ပင် မလှုပ်နိုင်ပေ။ သို့သော် သူသည် သေခြင်းရှင်ခြင်း စာအုပ်၏ အစစ်အမှန် ပုံသဏ္ဌာန်ကို ဖြည်းဖြည်းချင်း သုံးသပ်နေလေသည်။
သေခြင်းရှင်ခြင်း စာအုပ်သည် ယင်နှင့် ယန်ပင် ဖြစ်လေသည်။
ရှင်သန်ခြင်း လောကသည် "ယန်" ဖြစ်သလို သေခြင်း လောကသည် "ယင်" ဖြစ်လေသည်။
သို့သော် … သေခြင်းလောကဖြစ်သည့် အသူရာချောက်တွင် နေမင်း ပေါ်ထွက်လာကာ "ယန်" စွမ်းအားများကို ဖြန့်ချိပေးပြီးသည့်နောက် အသူရာချောက်သည် သိပ်ပြီး ဝိညာဉ်ဆန်ခြင်း မရှိတော့ပေ။ နေမင်းပေါ်ထွက်လာရသည့် အတွက် လူသားများ အသက်ရှင်နေထိုင်ရန် စတင် ဖြစ်တည်လာရလေသည်။ ထိုအခါ တစ္ဆေသရဲနှင့် ဝိညာဉ်များမှာ အားနည်းလာကြရသည်။ တာ့ရှားပြည်နှင့် တုန်းယီဒေသမှ လူအများကလည်း တစ္ဆေသရဲများနှင့် ဝိညာဉ်များကို မောင်းထုတ် လိုက်ကြသည့်အတွက် သူတို့အတွက် နေရာမရှိသလောက်ပင် ဖြစ်လေသည်။
"အသူရာချောက်တွင် အဘယ့်ကြောင့် နေမင်း ပေါ်ထွက်လာရပါသနည်း" ဆိုသည့်အချက်ကို ဆန်းလျန်သည် ယခုအချိန်ထိ အဖြေရှာမရသေးပေ။
သေခြင်းရှင်ခြင်း စာအုပ်မှ တန်ခိုးစွမ်းအားများကို ဆန်းလျန် ရင်မဆိုင်နိုင် ဖြစ်နေရသည့် အဓိက အကြောင်းရင်းမှာ စကားလုံး (၂)လုံးကြောင့် ဖြစ်လေသည်။
ထိုစကားလုံး (၂)လုံးမှာ …
"သေခြင်း" နှင့် " ရှင်ခြင်း" ဆိုသည့် စကားများပင်။
သေခြင်းနှင့်ရှင်ခြင်း၏ တန်ခိုးစွမ်းအားများ ပေါင်းစပ်လိုက်သည့်အခါ ဆန်းလျန်၏ နတ်ဘုရားခန္ဓာသည် ပျက်စီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း ကြားတွင် လွန်ဆွဲလျက် ရှိလေတော့သည်။
ထို့ပြင် …
ဤအခြေအနေသည် အချိန်တိုင်း မွေးနေသေနေသည့် လောကကြီး၏ ပျက်စီးခြင်းနှင့် ပြန်လည် မွေးဖွားခြင်းများထက် များစွာ အခြေအနေ ဆိုးဝါးလေသည်။ ဆန်းလျန်၏ နတ်ဘုရားခန္ဓာ အတွင်းရှိ ဝိညာဉ်သည် သူ၏ မူလဝိညာဉ်ခန္ဓာပင် ဖြစ်လေသည်။ ယခုတော့ ထိုဝိညာဉ်သည် ကြိတ်ဆုံကြီးထဲတွင် အချိန်တိုင်း ကြိတ်ချေ တိုက်စားခံနေရလေသည်။
နားလည်အောင် ပြောပြရမည်ဆိုလျှင် ဆန်းလျန်၏ အခြေအနေသည် "အနှိပ်စက်ခံနေရသည့် သာမန်လူသား တစ်ယောက်" နှင့်ဆင်တူလေသည်။
ထိုသို့ နှိပ်စက်ခံရမှုသည် စိတ်တွင် တိုက်ရိုက် ရောင်ပြန်ဟပ်နေပြီး နာကျင်ခံစားရမှုသည် သာမန်လူသား တစ်ယောက် နှိပ်စက်ခံရသည်ထက် အဆထောင်နှင့် သောင်းနှင့်ချီပြီး များပြားလေသည်။ ဆန်းလျန်တွင်သာ ခိုင်မာသည့် တာအိုစိတ်ထား မရှိခဲ့လျှင် စိတ်ဓာတ် ပျက်စီးသွားပြီး ဆက်လက် ခုခံနိုင်တော့မည် မဟုတ်တော့ပေ။
ဆန်းလျန်သည် ကျင့်စဉ်ပေါင်းများစွာကို ကျင့်ကြံနိုင်ခဲ့သူ တစ်ယောက် ဖြစ်လေသည်။ အိပ်မက်လိပ်ပြာ ကျင့်စဉ်နှင့် ပကတိဖန်ဆင်းခြင်း ပညာများကိုပင် သူသည် ကျင့်ကြံနိုင်ခဲ့ပါလေ၏။
သို့သော် … ယခု သူရင်ဆိုင်နေရသည့် အခြေအနေကတော့ သူကျင့်ကြံခဲ့သမျှ ကျင့်စဉ်များ အားလုံးသည်လည်း သူ့ကို မကယ်တင်နိုင်တော့ပေ။ "စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း" စာအုပ်မှ ကျင့်စဉ်များသည်ပင်လျှင် သူ့ကိုကယ်တင်ရန် မတတ်နိုင် ဖြစ်နေရလေသည်။
သူသည် သေခြင်းရှင်ခြင်း တန်ခိုးစွမ်းအားများဖြင့် ကြိတ်ချေခံနေရသည့် ကြိတ်ဆုံကြီးထဲတွင် ပိတ်မိနေပြီး သူ၏ ကျင့်စဉ်များနှင့် တန်ခိုးစွမ်းအားများ အားလုံးသည် အဓိပ္ပာယ်မဲ့လျက် ရှိနေလေတော့၏။ သူ့ဘဝသည် သေမည့်အချိန်ကို စောင့်နေရသည့် လူတစ်ယောက်နှင့် မခြားတော့ပေ။
သို့သော် … ဆန်းလျန်သည် အရှုံးပေးရန် ရည်ရွယ်ချက်မရှိပါ။ သေခြင်းနှင့် ရှင်ခြင်းကြားတွင် 'အကြောက်တရား' ရှိမည်ဆိုလျှင် 'လွတ်မြောက်ခြင်းလမ်း' လည်း ရှိရပေလိမ့်မည်။
သူသည် နာကျင်ခြင်းများကို မေ့ဖျောက်ပစ်လိုက်ပြီး ပျက်စီးခြင်းနှင့် ပြန်လည် မွေးဖွားခြင်းကို တုံ့ပြန်နေသည့် သူ၏ နတ်ဘုရားခန္ဓာကိုယ်ကို သုံးသပ်နေလေသည်။ ထိုသုံးသပ်မှုမှ တစ်ဆင့် သေခြင်းရှင်ခြင်း စာအုပ်၏ စစ်မှန်သည့် တန်ခိုးစွမ်းအား ဖွဲ့စည်းမှုကို လေ့လာနိုင်မည် ဖြစ်လေသည်။
ယိလမ်းစဉ်ကို အသုံးပြုပြီး မူလအရင်းအမြစ်ကို ရှာဖွေနိုင်မည်ဆိုလျှင် လွတ်လမ်းကို ရှာတွေ့နိုင်မည် ဖြစ်လေသည်။
သူ့အတွက် အချိန်အနည်းငယ်သာ ကျန်ရှိတော့သည့်အတွက် ကြီးမားသည့် ကြိုးစားအားထုတ်မှုကို ပြုလုပ်ရမည် ဖြစ်လေသည်။ သူသာ သေခြင်းရှင်ခြင်း စာအုပ်၏ တန်ခိုးစွမ်းအားများကို ဖျက်ဆီးပစ်နိုင်မည် ဆိုလျှင် သူ့အတွက် လည်းများစွာ အကျိုးရှိပေလိမ့်မည်။
ဤအတွေ့အကြုံသည် သံသရာ လည်ခြင်း၏ အဖြေကို ရှာဖွေတွေ့ရှိနိုင်ရန် အတွက်လည်း အထောက်အကူဘ ပြုနိုင်လေသည်။
ထိုအချိန်တွင် ….
နက်ရှိုင်း ကျယ်ပြန့်လွန်းသည့် သွေးနီရောင် ပင်လယ်၏ ရေလှိုင်းများသည် တောင်ကုန်းလေး တစ်ခုဆီသို့ ရိုက်ခတ်နေလေသည်။
"ဒကာလေး ချန်ကျန့်မေ … ဒကာလေးအနေနဲ့ သွေးနီရောင် ပင်လယ်ထဲက ထွက်ခွာသွားလို့ မရပါဘူး"
အသံတစ်ခု ထွက်ပေါ်လာပြီး ထိုအသံသည် သွေးနီရောင် ပင်လယ်၏ လှိုင်းများသို့တိုင် ရိုက်ခတ် သွားလေတော့သည်။
***