← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အပိုင်း ၁၄၇

အလှုပ်အခတ်များ

မိုဘိုင်းလ်ဖုန်းခေတ်ဦးကတည်းက အပလီကေးရှင်းနဲ့ ဂိမ်းကုမ္ပဏီတွေဟာ ဂိမ်းအရည်အသွေးနဲ့ အသုံးပြုနိုင်စွမ်းကို တစိုက်မတ်မတ် မြှင့်တင်လာခဲ့ကြတာပါ၊၊ သူတို့ တကယ်ဖြစ်ချင်တာကတော့ ဘယ်ဖုန်းမှာမဆို ထည့်သွင်းကစားလို့ရပြီး သုံးစွဲသူအားလုံး အဆင်ပြေစေဖို့ပါပဲ၊၊

​ဒါပေမဲ့ အခုလို နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာပြီး 4G ကနေ 5G ခေတ်ကို ကူးပြောင်းတော့မယ့် အချိန်မှာ ဂိမ်းအသစ်တွေဟာ အရည်အသွေး ပိုကောင်းလာသလို တခြားဖုန်းအမျိုးအစားတွေမှာ ကစားလို့မရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာသည်၊၊

​ဒီလိုအခြေအနေမျိုးမှာ လုံထန်လုပ်ငန်းစုအနေနဲ့ မိမိတို့ရဲ့ အဆင့်မြင့် ဟာ့ဒ်ဝဲ (Hardware) တွေမှာပဲ သီးသန့်လည်ပတ်နိုင်မယ့် အားကောင်းတဲ့ ဂိမ်းတွေနဲ့ အပလီကေးရှင်းတွေကို ထုတ်လုပ်ဖို့ အပြည့်အဝ အရည်အချင်းရှိနေသည်၊၊

အနာဂတ်မှာ နီဗားနားအိတ်နဲ့ အရည်အသွေးမြင့် ဂိမ်းတွေကို ကစားကြည့်ပြီးတဲ့ အသုံးပြုသူတွေဟာ တခြားအဆင့်နိမ့်ဖုန်းတွေကို သုံးကြည့်တဲ့အခါ သူတို့ဘာသာ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်သွားကြပါလိမ့်မယ်၊၊

​"ကောင်းပြီ... ခင်ဗျားပြောတဲ့အတိုင်းပဲ လုပ်ကြစို့"

လင်းဖန်က အသေအချာ စဉ်းစားပြီးနောက် ဒီအစီအစဉ်ကို သဘောတူလိုက်သည်၊၊

​ဒါဟာ ရင်းနှီးမြှုပ်နှံမှုကို ချက်ချင်းပြန်မရနိုင်တဲ့ ရေရှည်စီမံကိန်းဖြစ်ပေမဲ့ သူ့မှာ အချိန်တွေအများကြီး ရှိပါသေးသည်။အရေးကြီးတာက လုံထန်လက်အောက်မှာ ဂိမ်းကုမ္ပဏီရှိနေပြီးသားမို့ ဂိမ်းအသစ်တွေ ထုတ်လုပ်ဖို့ဆိုတာ သူတို့အတွက် နေ့စဉ်အလုပ်တစ်ခုလိုပါပဲ၊၊

​မေလလယ်မှာတော့ နီဗားနားအိတ်ရဲ့ ရောင်းအားက ဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့ အော်ဒါတွေအပြင် ဆယ်ရက်အတွင်းမှာတင် အလုံးရေ ၂.၂ သန်းအထိ ရှိလာခဲ့သည်၊၊

​ဟောင်ကောင်ရဲ့ လူဦးရေ စုစုပေါင်းက ၇.၄၅ သန်းလောက်ပဲ ရှိတာမို့ လူသုံးပုံတစ်ပုံက လုံထန်ရဲ့ ဖုန်းကို ဝယ်ယူပြီးသား ဖြစ်နေပါပြီ၊၊

Samsung (Four Star)၊ Huawei (Warwick) နဲ့ Sony တို့က ဖုန်းအသစ်တွေ ထုတ်ခဲ့ပေမဲ့လည်း နီဗားနားအိတ်ရဲ့ အရှိန်အဟုန်ကို မတားဆီးနိုင်ခဲ့ချေ၊၊

​ဒီလို ထိတ်လန့်စရာကောင်းတဲ့ ရောင်းအားကြောင့် ဟောင်ကောင်မီဒီယာတွေက လုံထန်လုပ်ငန်းစုအကြောင်းကို အထူးတလည် စုံစမ်းဖော်ပြလာကြပြီး၊ မေလ ၂၄ ရက်နေ့မှာတော့ ရောင်းအား ၅ သန်းအထိ စံချိန်တင် ကျော်လွန်သွားခဲ့ပြန်သည်၊၊

​ဒီသတင်းကြောင့် လင်းဖန်ကိုယ်တိုင်တောင် အံ့သြသွားရသည်၊၊ အဲဒီအချိန်မှာပဲ ဟောင်ကောင်မီဒီယာတွေမှာ သတင်းကြီးတစ်ခု ထပ်ပေါ်လာပြီး နီဗားနားအိတ်ရဲ့ သြဇာကို အထွတ်အထိပ် ရောက်စေခဲ့သည်။

-

​"တမီ (Rice) ဖုန်းတွေရဲ့ အရည်အသွေး စိုးရိမ်စရာဖြစ်နေ၊ ဖုန်းပေါက်ကွဲမှုတွေ ဖြစ်ပွား"

"ဒါဟာ မတော်တဆလား ဒါမှမဟုတ် လူလုပ်တဲ့ ဘေးဒုက္ခလား"

"ပြည်တွင်းဖြစ်တွေထဲမှာ စိတ်ချရတဲ့ ပစ္စည်း တကယ်ပဲ မရှိတော့ဘူးလား"

​ဒီသတင်းတွေက ဟောင်ကောင်တစ်ခုလုံးကို ရိုက်ခတ်သွားပြီး ဟွေ့ကန်ဆက်သွယ်ရေးနဲ့ ပူးပေါင်းထားတဲ့ တမီဖုန်း ပေါက်ကွဲမှုကြောင့် သုံးစွဲသူတစ်ဦး မျက်နှာပျက်စီးသွားပြီး တရားစွဲဆိုမှုတွေ ဖြစ်လာခဲ့သည်၊၊ ဒီဂယက်ကြောင့် ဟွေ့ကန်ရဲ့ ရှယ်ယာဈေးနှုန်းဟာ ထက်ဝက်နီးပါး ထိုးဆင်းသွားခဲ့လေသည်၊၊

​ဟောင်ကောင် တောင်ပိုင်းခရိုင်၊ Deep Water Bay လမ်း၊ အမှတ် ၇၉ ရှိ လီမိသားစု နေအိမ်၊၊

​"ဟားဟား မစ္စတာလီရဲ့ စီမံကိန်းတွေက ပိုပိုကြီးလာတာပဲ၊ အခုဆို ဟောင်ကောင် ဆက်သွယ်ရေး ကုမ္ပဏီအားလုံးကို ယင်းခဲ့က သိမ်းပိုက်လိုက်ပြီပေါ့"

ဖုန်းထဲကနေ လင်းဖန်က ရယ်မောရင်း ပြောလိုက်သည်၊၊

​"ဒါရိုက်တာလင်းကလည်း နောက်နေပြန်ပြီ၊၊"

လီကျဲခိုင်က ပြုံးရင်း ပြန်ဖြေသည်။

"ကျွန်တော်တို့ ယင်းခဲ့က ဟောင်ကောင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ရုံသက်သက်ပါ၊၊"

​တကယ်တော့ မနေ့ကတင် လီကျဲခိုင်ဟာ ဟောင်ကောင် ဆက်သွယ်ရေး ကုမ္ပဏီ ၈၀ ရာခိုင်နှုန်းကို သိမ်းပိုက်ပြီး ဖြစ်သည်၊၊ သူက လီကျားချန်ရဲ့ သားဖြစ်ပေမဲ့ လင်းဖန်နဲ့ စကားပြောတဲ့အခါ အလွန်နှိမ့်ချစွာ ပြောဆိုတတ်သည်၊၊

​"မစ္စတာလီ... Apple နဲ့ Samsung တို့က မင်းနဲ့ ပူးပေါင်းဖို့ ဟောင်ကောင်ကို လာနေကြပြီလို့ ကြားတယ်၊၊"

လင်းဖန်က ဆက်ပြောပြန်သည်။

"အဲဒီအချိန်မှာပဲ New World Telecommunications နဲ့ PCCW တို့ကလည်း ကျုပ်နဲ့ ပူးပေါင်းဖို့ သတင်းပို့လာကြတယ် အားလုံးက တစ်ပြိုင်တည်း တိုက်ဆိုင်နေကြတာပဲ၊"

​ဒါကို ကြားတော့ လီကျဲခိုင် မျက်လုံးတွေ ကျဉ်းသွားပြီး ချက်ချင်း ပြန်ဖြေသည်။

"ဒါရိုက်တာလင်း စိတ်မပူပါနဲ့၊ ကျွန်တော်က တရုတ်လူမျိုးပါ၊ အမျိုးသားလုပ်ငန်းတွေ ပြန်လည်ဦးမော့လာဖို့အတွက် ကိုယ့်တာဝန်ကိုယ် သိပါတယ်၊၊ ဒါကြောင့် Apple တို့ Samsung တို့နဲ့ ဘယ်တော့မှ ပူးပေါင်းမှာ မဟုတ်ပါဘူး၊၊"

​"မစ္စတာလီက သူ့ဖခင်လိုပဲ တကယ်ကို လေးစားဖို့ ကောင်းတာပဲ၊ ဒါဆိုရင်တော့ ကျုပ်တို့တွေ ဟောင်ကောင်ရဲ့ ဆက်သွယ်ရေးနဲ့ မိုဘိုင်းဖုန်းဈေးကွက်ကို အတူတူ ကြီးစိုးကြတာပေါ့၊၊"

လင်းဖန်က ချက်ချင်းပဲ ပြောလိုက်သည်၊၊

​တကယ်တော့ လင်းဖန်ဟာ လီကျဲခိုင် မျိုးချစ်စိတ် ရှိမရှိဆိုတာထက် စီးပွားရေးအရ စမ်းသပ်ကြည့်လိုက်တာပါ၊၊ လီကျဲခိုင်ကသာ Apple နဲ့ ပေါင်းမယ်ဆိုရင် လင်းဖန်ကလည်း တခြားဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ ပေါင်းပြီး ပြန်တိုက်မှာ ဖြစ်သည်၊၊

​ဖုန်းချလိုက်ပြီးတဲ့နောက် လီကျဲခိုင်ရဲ့ မျက်နှာမှာ ထူးဆန်းတဲ့ အမူအရာတစ်ခု ပေါ်လာသည်၊၊ အခုနက စကားပြောတာ ချောမွေ့သလိုရှိပေမဲ့ တကယ်တော့ နှစ်ဖက်စလုံးက ထက်မြက်သူများ ဖြစ်သည်။

​ဟောင်ကောင် လူဦးရေ ၇ သန်းကျော်မှာ ၅ သန်းလောက်က နီဗားနားအိတ် ကို သုံးနေကြပြီမို့၊ ဒီအတိုင်းဆိုရင် လုံထန်ရဲ့ ဖုန်းက ဟောင်ကောင်သားတွေအတွက် မရှိမဖြစ် ပစ္စည်းတစ်ခု ဖြစ်လာတော့မှာပါ၊၊ ဒါက တကယ်ကို ထိတ်လန့်စရာကောင်းတဲ့ အောင်မြင်မှုပါပဲ၊၊

သူ့ဖခင်က လင်းဖန်ကို ဘာကြောင့် 'အတုမရှိ ထိပ်တန်းသူဌေးကြီး' လို့ ချီးကျူးခဲ့သလဲဆိုတာ လီကျဲခိုင် အခုမှပဲ ကောင်းကောင်း သဘောပေါက်သွားပါတော့သည်၊၊

.........................................................

​

အပိုင်း ၁၄၈

ဝါးနိုင်တယ်ဆိုပြီး အကုန်မဝါးနဲ့

ကျင်းလင်မြို့၊ ကျန်းခန်းယွမ်ရှိ အမှတ် (၁) ဗီလာတွင် လင်းဖန်သည် ဆိုဖာပေါ်တွင် ထိုင်ရင်း လက်ဖက်ရည်ကို အရသာခံ သောက်နေသည်၊၊

သူ၏ မျက်လုံးများထဲတွင်တော့ နက်ရှိုင်းသည့် အရောင်အဝါများ တောက်ပနေပြီး ဘာကို စဉ်းစားနေသည်ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ၊၊

​"လီကျဲခိုင်ကို ဒီလိုမျိုး ဖိအားပေးလိုက်တာက သူ့အဖေ လီကျားချန်ကို စိတ်အနှောင့်အယှက် ဖြစ်စေမလား"

ဘေးတွင်ရှိသော မိုရှင်းယာက ရုတ်တရက် မေးလိုက်သည်၊၊

​ခုနက စကားပြောဆိုမှုမှာ စီးပွားဖက်အချင်းချင်း ဆက်ဆံရေးထက် ကစားပွဲတစ်ခုနှင့် ပိုတူနေသည်၊၊ လင်းဖန်က လီကျဲခိုင်ကို အပြတ်အသတ် အနိုင်ယူလိုက်နိုင်သော်လည်း... တကယ့် အားအကောင်းဆုံး ပြိုင်ဘက်ဖြစ်သည့် တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် လီကျားချန်ကတော့ ရှေ့ထွက်မလာသေးပါ၊၊

​"မဖြစ်နိုင်တာ"

လင်းဖန်က မဆိုင်းမတွ ပြန်ပြောလိုက်သည်။

"လီကျဲခိုင်နဲ့ ယှဉ်ရင် သူ့အဖေ လီကျားချန်က စီးပွားရေးလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ ထိပ်တန်းပုဂ္ဂိုလ်ကြီးပဲ၊ သူက ဒီကိစ္စရဲ့ အနက်အဓိပ္ပာယ်ကို ဘယ်သူ့ထက်မဆို ပိုနားလည်ပါတယ်၊၊"

​ပေါင်းစည်းလျှင် အကျိုးရှိပြီး ကွဲပြားလျှင် နှစ်ဖက်စလုံး နစ်နာမည် ဖြစ်သည်၊၊ လုံထန်လုပ်ငန်းစုရဲ့ ထိုးတက်လာမှုကို ဘယ်သူမှ တားလို့မရချေ၊၊ မကြာခင်မှာပဲ တရုတ်ပြည်တင်မကဘဲ တစ်ကမ္ဘာလုံးက Apple ကို အစားထိုးနိုင်မယ့် ထိပ်တန်း Unicorn ကုမ္ပဏီကြီး ဖြစ်လာတော့မှာပါ၊၊

​လီကျားချန်တို့လို ကွမ်တုန်းနဲ့ ဖူကျန့် စီးပွားရေးသမားတွေရဲ့ ထုံးစံက မိတ်ဆွေဖွဲ့နိုင်သမျှ လူတိုင်းကို မိတ်ဆွေဖွဲ့ထားတတ်ကြပြီး၊ အနာဂတ်မှာ အလားအလာရှိမယ့် သူတွေကို ရင်းနှီးမြှုပ်နှံထားတတ်ကြတာပါ၊၊

​လုံထန်လုပ်ငန်းစုက ဟောင်ကောင်ရဲ့ မိုဘိုင်းဖုန်းလောကကို အပြီးအပိုင် ထိန်းချုပ်လိုက်ပြီဆိုရင်၊ ဟောင်ကောင် ဆက်သွယ်ရေး လုပ်ငန်းနယ်ပယ်တစ်ခုလုံးက လုံထန်ကိုပဲ အားကိုးရတော့မှာပါ၊၊ ဖုန်းမရှိရင် ဆက်သွယ်ရေး ဝန်ဆောင်မှုဆိုတာ အပိုပဲ မဟုတ်လား၊၊ ဒီတော့ လီကျားချန်က စိတ်ဆိုးမယ့်အစား လီကျဲခိုင်ကို လင်းဖန်နဲ့ ပိုပြီး ရင်းနှီးအောင် ပေါင်းဖို့တောင် သတိပေးပါလိမ့်မယ်၊၊

​"ဒါဆိုရင် ဟောင်ကောင်မှာရှိတဲ့ Apple နဲ့ Samsung (Four Star) တို့ရဲ့ သြဇာကို အပြီးအပိုင် ရှင်းထုတ်ပစ်မှာလား"

မိုရှင်းယာက နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလာသည်။

​လင်းဖန်က သက်ပြင်းချရင်း

"အရင်းရှင်စနစ် ထွန်းကားတဲ့ ဒေသတစ်ခုမှာ နယ်ပယ်တစ်ခုလုံးကို ကုမ္ပဏီတစ်ခုတည်းက သိမ်းပိုက်ထားတာမျိုးကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး၊၊"

ဟု အဓိပ္ပာယ်ပါပါ ပြောလိုက်သည်၊၊

​"ကျန်းဖန်ကို ပြောလိုက်၊ ဈေးကွက်သိမ်းပိုက်တဲ့ အစီအစဉ်ကို ဆက်လုပ်ပါ၊ ဒါပေမဲ့ ဈေးကွက်ဝေစုရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်ကိုတော့ ချန်ထားပေးရမယ်၊၊"

​ဟောင်ကောင်လို လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန်မှာ လက်ဝါးကြီးအုပ်မှုကို ခွင့်မပြုပေ၊၊

တစ်ယောက်ယောက်က လက်ဝါးကြီးအုပ်ဖို့ ကြိုးစားရင် လူထုရဲ့ တိုက်ခိုက်မှုကို ခံရပါလိမ့်မယ်၊၊ လီကျဲခိုင်တောင်မှ ဈေးကွက်ရဲ့ သုံးပုံနှစ်ပုံလောက်ကိုပဲ ယူထားပြီး ကျန်တာကိုတော့ တခြားကုမ္ပဏီတွေလက်ထဲမှာ ချန်ထားပေးတာပါ၊၊

​"ဟုတ်ကဲ့ပါ"

မိုရှင်းယာက ကျန်းဖန်ဆီ ဖုန်းဆက်ပြီး ညွှန်ကြားချက် ပေးလိုက်သည်၊၊

​"ဒါနဲ့... ကျိဖူပေါင်အစီအစဉ်ကော ဘယ်လိုရှိလဲ"

လင်းဖန်က ရုတ်တရက် သတိရပြီး မေးလိုက်သည်၊၊

​ကျိဖူပေါင် (Jifubao - ငွေပေးချေမှုစနစ်) ကို လုံထန်ရဲ့ ထုတ်ကုန်တွေ ပိုပြီး ရောင်းကောင်းအောင် စီစဉ်ခဲ့တာ ဖြစ်သလို၊ အဓိကကတော့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ့် အင်အားစုသစ်တစ်ခု တည်ဆောက်ဖို့ ဖြစ်သည်၊၊

​"သူဌေး... ကျိဖူပေါင် ရဲ့ စတင်အရင်းအနှီးက ယွမ် ဘီလီယံ ၁၀၀ လို့ ခန့်မှန်းထားပါတယ်၊ လုံထန်လုပ်ငန်းစုက ဘီလီယံ ၃၀ ရင်းနှီးပြီး ရှယ်ယာ ၃၀ ရာခိုင်နှုန်း ယူပါမယ်၊၊"

မိုရှင်းယာက ဆက်လက် တင်ပြသည်။

"ကျင်းတုန်နဲ့ Penguin က ဘီလီယံ ၁၅ ကုဋေစီ ရင်းနှီးပြီး ၃၀ ရာခိုင်နှုန်းစီ ယူပါမယ်၊ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကိုတော့ နောက်ထပ် ရင်းနှီးမြှုပ်နှံမယ့် သူတွေအတွက် ချန်ထားပါတယ်၊၊ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကိုတော့ လီကြားချန်က အချိုးကျ ထည့်ဝင်ပါလိမ့်မယ်၊၊"

​"အင်း"

လင်းဖန်က ခေါင်းညှိမ့်ပြီး

"ကျိဖူပေါင် ဟာ ကမ္ဘာ့ဘဏ္ဍာရေးလောကကို ငါတို့ သိမ်းပိုက်မယ့် လက်နက်ပဲ၊ အခု ဘီလီယံ ၁၀၀ ဆိုပေမဲ့ အနာဂတ်မှာ ထရီလီယံပေါင်းများစွာအထိ ကြီးထွားလာနိုင်တယ်၊၊ ရှယ်ယာတွေ ဘယ်လောက်ပဲ ကျကျ၊ ကျိဖူပေါင်သာ မကျရှုံးသရွေ့ သူတို့အတွက် အမြတ်က အများကြီးပဲ၊ ဒီအချက်ကပဲ သူတို့ကို ဆွဲဆောင်နေတာ၊၊"

​တကယ်တော့ လင်းဖန်က ကျိဖူပေါင် ရဲ့ တည်ထောင်သူဖြစ်လို့ သူ့ရဲ့ လုံးဝဥဿုံ ထိန်းချုပ်နိုင်စွမ်းကိုတော့ အဆုံးရှုံးမခံနိုင်ပေ၊၊

Apple တည်ထောင်သူ Steve Jobs တုန်းကလို ရှယ်ယာတွေ ပြန့်သွားလို့ ကုမ္ပဏီကနေ အထုတ်ခံရတဲ့ အဖြစ်မျိုး သူ အဖြစ်မခံနိုင်၊၊ သူက အရာအားလုံးကို သူ့လက်ထဲမှာပဲ ရှိနေတာကို နှစ်သက်သူ ဖြစ်သည်၊၊

​"သူဌေး... အဲဒါကတော့ ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ လီကျဲခိုင်ရဲ့ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းက အပြင်က ရင်းနှီးငွေတွေကို လက်ခံမလားလို့ လာမေးနေပါတယ်၊၊"

မိုရှင်းယာက သံသယဖြင့် မေးလိုက်သည်၊၊ လီကျားချန်က ပါဝင်နေပြီဖြစ်ပါလျက် လီကျဲခိုင်က ဘာကြောင့် ထပ်ဝင်ချင်နေရသနည်း၊၊

​"သူ့ကို အရင် ငြင်းလိုက်၊၊"

လင်းဖန်က မဆိုင်းမတွ အမိန့်ပေးလိုက်သည်၊၊

​အကယ်၍ ကျိဖူပေါင်သာ အောင်မြင်သွားရင် နီဗားနားဖုန်းတစ်လုံးရှိရုံနဲ့ ဘယ်နေရာမှာမဆို ဖုန်းနဲ့ ငွေပေးချေပြီး အဆင်ပြေပြေ နေထိုင်နိုင်တော့မှာ ဖြစ်သည်၊၊ ဟောင်ကောင်သားတွေကတော့ ပြည်မကြီးသားတွေထက် ပိုပြီး သံသယကြီးတတ်ပေမဲ့ လီကျားချန်သာ ပါဝင်လာရင်တော့ ကျိဖူပေါင် ကို လက်ခံဖို့က ပြဿနာမရှိတော့ချေ၊၊

​တစ်ချိန်တည်းမှာပင် လီကျဲခိုင်သည် ဆက်သွယ်ရေး ကုမ္ပဏီများကို ဆက်တိုက် ထိုးနှက်နေသဖြင့် ဟောင်ကောင် စတော့ဈေးကွက်မှာ လှုပ်ခတ်နေသည်၊၊ ရက်အနည်းငယ်အတွင်းမှာပဲ လုံထန်လုပ်ငန်းစုသည် ဟောင်ကောင်ရှိ ထိပ်တန်းဆက်သွယ်ရေး ကုမ္ပဏီ ၃ ခုနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့ပြီး အထူးအရောင်းအစီအစဉ်များကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်၊၊

​ဟောင်ကောင်က ဆက်သွယ်ရေး ကုမ္ပဏီတွေဟာလည်း သူတို့ရဲ့ ရှယ်ယာဈေးနှုန်းတွေ ထပ်မကျအောင် လုံထန်လုပ်ငန်းစုရဲ့ အစီအစဉ်တွေကို မျက်ရည်လည်ရွဲနဲ့ သဘောတူလိုက်ကြရပါတော့သည်၊၊

All Chapters