အခန်း (၉၀၁-၉၀၃)
Vol. 61 Ch. 901-903
Chapter 901 ပျက်စီးခြင်းပဲ ရှိမယ်၊ အညံ့ခံတာကို လက်မခံဘူး
တစ္ဆေကိုက်ဓားက တူကျောင်းရှင်း နတ်ဘုရား၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားသည်။ အဆတစ်ရာမက ပြင်းထန်လာသည့် နာကျင်မှုက တူကျောင်းရှင်း နတ်ဘုရား၏ ခန္ဓာကိုယ် သွေးကြောများအားလုံးသို့ ပျံ့နှံ့ သွားသည်။
နာကျင်မှုကြောင့် တူကျောင်းရှင်း နတ်ဘုရားသည် နှလုံးသား စုတ်ပြဲ၍ သတိလစ်မတတ် ခံစားလိုက်ရသည်။ ခန္ဓာကိုယ် နာကျင်မှုထက် ထိတ်လန့်မှုက သူ့အား ပို၍ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားစေသည်။
“နတ်ဆိုးဧကရာဇ်လား၊ ပထမ အရှင်သခင်တဲ့လား”
“မဟုတ်ဘူး … ဒါ အမှန်မဟုတ်နိုင်ဘူး၊ နတ်ဆိုးဧကရာဇ်က ယန်ဝမ် ဟင်းလင်းပြင်ထဲ နှင်ထုတ်ခံလိုက်ရလို့ ထာဝရ ထွက်မလာနိုင်တော့ဘူးလို့ အရှင်ထျန်းကျစ် ပြောထားတာလေ”
“ယန်ဝမ် ဟင်းလင်းပြင်းတွေက ခွေးရိုင်းတွေက သူ့ကို အရှင်လတ်လတ် စားလိုက် နိုင်တယ်လေ၊ ဘယ်လိုလုပ် ဒီကို ပြန်ရောက်လာရမှာလဲ”
ကမ္ဘာမြေ သုတ်သင်ခြင်း စစ်ပွဲ မစတင်ခင်၌ တူကျောင်းရှင်း နတ်ဘုရား အပါအဝင် တော်တော်များများက နတ်ဆိုးဧကရာဇ်ကို ကြောက်ရွံ့သောကြောင့် စစ်ပွဲ၌ ပါဝင်ရန် တွေဝေခဲ့ကြသည်။ထိုအခါ နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင် အရှင်ထျန်းကျစ်၏ ထိုစကားဖြင့် အားလုံးကို စိတ်အေးစေခဲ့သဖြင့် ကမ္ဘာမြေကို သိမ်းပိုက်ခဲ့ကြသည်။
တစ်ဖက်လူက ယန်ဝမ်ဟင်းလင်းပြင်သို့ နှင်ထုတ်ခံလိုက်သဖြင့် ဘယ်လိုလုပ် ပြန်ပေါ်လာပြီး နတ်သခင်အဆင့် သိုင်းပညာရှင်တစ်ယောက်၏ အရှင်သခင် ဖြစ်နေရသနည်း။ အောက်ဘက်မှ လူများအားလုံး ကြောက်လန့် သွားကြသည်။
နတ်ဘုရားမျိုးနွယ်အပေါ် နတ်ဆိုးဧကရာဇ် ယူဆောင်လာသော အရိပ်မည်းကြီးအား သူတို့ မမေ့နိုင်သေးပေ။ နာမည်ကို ကြားလိုက်ရုံနှင့်တင် နတ်ဘုရားမျိုးနွယ်တိုင်း ကြက်သီးမွေးညင်း ထသွားကြသည်။
“စိတ်မကောင်းပါဘူး၊ ငါ ပြောဖို့ မေ့သွားတာပါ”
လူလတ်ပိုင်းအရွယ် အမျိုးသားက အေးတိအေးစက်ပြုံး၍ ဆက်ပြောလေသည်။
“နတ်ဆိုးဧကရာဇ်က ယန်ဝမ် ဟင်းလင်းပြင်ထဲ ရောက်ခဲ့တယ်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ယန်ဝမ် ဟင်းလင်းပြင်ကို သိမ်းပိုက်စိုးမိုးနိုင်ခဲ့တယ်လေ”
“ပြီးတော့ ငါတို့က ယန်ဝမ် ဟင်းလင်းပြင်က လူတွေပဲ”
ထိုစကားက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာပြီး တူကျောင်းရှင်း နတ်ဘုရားနှင့် နတ်ဘုရားမျိုးနွယ်များအား မူးဝေသွားစေသည်။
*ယန်ဝမ် ဟင်းလင်းပြင်ကို စိုးမိုးနိုင်ခဲ့တယ်တဲ့လား*
*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*
နတ်ဘုရားမျိုးနွယ်တိုင်း ထိတ်လန့်ပုံပေါ်နေသည်။ ယန်ဝမ် ဟင်းလင်းပြင်သည် တကယ်ကို ငရဲအလားပင်။ ပြန်လည် လွတ်မြောက်နိုင်သည့်လမ်း မရှိသလို အသက်လည်း ဆက်မရှင်နိုင်ပေ။
ဤလူလတ်ပိုင်းအရွယ် နတ်သခင်အဆင့် သိုင်းပညာရှင်အား တစ်ခါမှ မမြင်ဖူးသည်ကို ပြန်တွေးမိပြီးနောက် တူကျောင်းရှင်း နတ်ဘုရား ယုံကြည်စပြုလာသည်။ ဤအဖြစ်က သူ့အား ပို၍ လိပ်ပြာလွင့်မတတ် ကြောက်လန့် သွားစေသည်။
“ဟားဟားဟား …”
တစ်ဖက်တွင်မူ မရဏနတ်ဆိုးက တငိုငို တရယ်ရယ် ဖြစ်နေပြီး စိတ်လှုပ်ရှားမှုအား မနည်းထိန်းချုပ်နေရသည်။ နတ်ဘုရားမျိုးနွယ်တိုင်းက ယဲ့ဖန် ပြန်လာရန် မဖြစ်နိုင်ကြောင်းနှင့် သေပင်သေသွားလောက်ပြီဟု ပြောဆို ကြသည်။ သို့သော် သူသည် ထိုစကားအား ယခင်ဘဝကလည်း မယုံခဲ့သလို ဘယ်တော့မှလည်း မယုံကြည်ခဲ့ပေ။ မဖြစ်နိုင်ဘူးဆိုတာ မရှိဟု သူ မှတ်ယူခဲ့သည်။
“ကဲ … ငါ မင်းကို ပြောသင့်သလောက် ပြောပြီးပြီ”
“အခု … အော်လိုက်တော့”
လူလတ်ပိုင်းအရွယ် အမျိုးသားက ပျက်ရယ်ပြု၍ တစ္ဆေကိုက်ဓားဖြင့် တူကျောင်းရှင်း နတ်ဘုရားအား အကြိမ်ကြိမ် ထိုးနှက်လိုက်သည်။ အသားစများက မြေကြီးပေါ် ဆက်တိုက် ပဲ့ကျလာသလို တူကျောင်းရှင်း နတ်ဘုရားသည်လည်း ဓားသွားပေါ်မှ ငါးတစ်ကောင်သဖွယ် လည်စင်းခံနေရ၏။
သူသည် အသည်းအသန် အံကြိတ်၍ နာကျင်မှုကို တောင့်ခံနေရသည်။ သူ မအော်ဟစ်လိုပေ။ သူသည် မြင့်မြတ်သော နတ်သခင်တစ်ပိုင်းအဆင့်ဟူသော ဂုဏ်ပုဒ်နှင့် မြင့်မြတ်သော နတ်ဘုရား မျိုးနွယ်ဟူသော အဆင့်အတန်းအား ထိန်းသိမ်းချင်နေသည်။ သို့ရာတွင် နောက်ဆုံး၌ ပြင်းထန်လှသော နာကျင်မှုက သူ့တစ်ကိုယ်လုံးအား လွှမ်းမိုးသွားသည်။
“အား…”
သူ ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။ တူကျောင်းရှင်း နတ်ဘုရားက ရေထဲမှ ဆွဲထုတ်လိုက်သော ငါးတစ်ကောင်သဖွယ် ဖြစ်နေသည်ကို လူတိုင်း မြင်လိုက်ရသည်။ သူသည် ရှုံ့မဲ့သော မျက်နှာထားဖြင့် အဆုံးမရှိသော နာကျင်မှုကို ခံစားနေရလေသည်။
အထူးသဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ လက်ထဲမှ တစ္ဆေကိုက်ဓားက သူ့ပေါ် ထပ်ကျလာတော့မည်ကို မြင်လိုက်ရချိန်တွင် တူကျောင်းရှင်း နတ်ဘုရားက သေမတတ် ကြောက်လန့်သွားပြီး အော်ပြောလိုက်သည်။
“မဟုတ်ဘူး … မလုပ်နဲ့၊ ကျုပ် အညံ့ခံတယ်၊ ကျုပ် … ကျုပ် နတ်ဆိုးမျိုးနွယ်အဖြစ် ခံယူပါ့မယ်”
“ကျေးဇူးပြုပြီး ဓားနဲ့ ထပ်မထိုးပါနဲ့တော့”
တူကျောင်းရှင်း နတ်ဘုရား အလွန်အမင်း ထိတ်လန့်နေ၏။ သူ၏စိတ်ထဲတွင် တစ္ဆေကိုက်ဓား၌ အဆုံးအစမဲ့သော ကြောက်လန့်ဖွယ်ရာများ ပါဝင်နေသည်ဟု ထင်မှတ်နေသဖြင့် ရင်တုန်နေမိသည်။
*အညံ့ခံမယ် ဟုတ်လား*
လူလတ်ပိုင်းအရွယ် အမျိုးသားက လှောင်ပြုံး ပြုံးလေသည်။
“စိတ်မကောင်းပါဘူး၊ အရှင်သခင်က မှာလိုက်တယ်၊ ငါတို့အဘိဓာန်မှာ ပျက်စီးခြင်းပဲ ရှိတယ်၊ အညံ့ခံခြင်း မရှိဘူးတဲ့လေ”
ထိုစကားကြောင့် တူကျောင်းရှင်း နတ်ဘုရား မျက်နှာပြာနှမ်းသွားသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်အား တစ္ဆေကိုက်ဓားဖြင့် ထပ်မံထိုးနှက်ခံလိုက်ရသဖြင့် သူ ပို၍ဆိုးရွားစွာ နာကျင်လာရသည်။
ဤမြင်ကွင်းကြောင့် အောက်ဘက်ရှိ နတ်ဘုရားမျိုးနွယ်များအားလုံး ကြောက်လန့်သွားသည်။ သူတို့၏ နဖူးမှ ချွေးစေးများ တဒီးဒီး စီးကျလာ၏။ အားလုံး၏ မျက်နှာတွင် ကြောက်လန့်ရိပ်များ စွန်းထင်းနေပြီး လွန်ခဲ့သော မိနစ်ပိုင်းက မောက်မာမှုများ ပျောက်ကွယ်သွားလေသည်။
“ထွက်ပြေးရမယ်”
အချို့သော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များက လုံးဝ တွေဝေမနေဘဲ ချက်ချင်း ကောင်းကင်ပေါ် ပျံတက်၍ တူကျောင်းရှင်းဂြိုဟ်မှ ထွက်ပြေးရန် ပြင်လာသည်။ ဤသည်ကိုကြည့်ပြီး တူကျောင်းရှင်းဂြိုဟ်ပေါ်မှ နတ်ဘုရား မျိုးနွယ်များ ရူးမတတ် ဖြစ်သွားကြသည်။ အားလုံး တစ်ယောက်မကျန် ကြောက်လန့်တကြားဖြင့် လိုက်၍ ထွက်ပြေးလေသည်။
သို့သော် လူလတ်ပိုင်းအရွယ် အမျိုးသားက သူတို့အား မမြင်ချင်ယောင်ဆောင်ထားသည်က အံ့ဩစရာ ကောင်းလှသည်။ သူက သူတို့ကို လျစ်လျူရှု၍ တူကျောင်းရှင်း နတ်ဘုရားကိုသာ ထပ်ခါထပ်ခါ ဓားဖြင့် ထိုးနေသည်။ ရုတ်တရက် တူကျောင်းရှင်းဂြိုဟ်မှ လူများအားလုံး ထွက်ပြေးနိုင်တော့မည်ဟု ထင်မှတ်ကာ ပို၍လျင်မြန်စွာ ထွက်ပြေးကြသည်။
တူကျောင်းရှင်းဂြိုဟ်၏ ကောင်းကင်ယံ၌ ထွက်ပြေးနေသော လူအုပ်များဖြင့် ပြည့်နှက်နေ၏။ အားလုံး တူကျောင်းရှင်းဂြိုဟ်မှ ထွက်သွားသည်နှင့် ရုတ်တရက် ခပ်လှမ်းလှမ်းမှ အငွေ့တစ်ခု ပျံ့လွင့်လာပြီး သွေးရောင် လွှမ်းကာ အော်သံများ ထွက်ပေါ်လာ၏။ အပြင်ဘက်မှ နတ်ဘုရားမျိုးနွယ်များ မိစ္ဆာတစ်ကောင်နှင့် ကြုံတွေ့နေရသည်ဟု ထင်မှတ်ရသည်။
“သွားပြီ”
ဤအဖြစ်ကြောင့် ဂြိုဟ်မှ ထွက်ပြေးလာသော နတ်ဘုရားမျိုးနွယ်များ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ သူတို့ ထွက်ပြေးစရာ မြေမရှိတော့ပေ။ တူကျောင်းရှင်း နတ်ဘုရားနယ်မြေ၏ ကောင်းကင်ယံမှ အော်သံများကို ကြားနေ ရသည်။ တူကျောင်းရှင်း ဂြိုဟ်နယ်မြေကြီးတစ်ခုလုံး ပျက်စီးကိန်း ဆိုက်နေ၏။
ဂြိုဟ်နယ်မြေတစ်ခုလုံး မီးခိုးငွေ့များ တလူလူ ထနေပြီး အော်သံများ ပြည့်နှက်နေသည်။ တူကျောင်းရှင်း ဂြိုဟ်နယ်မြေတစ်ခုလုံးအား သေမင်းအငွေ့အသက်များ လွှမ်းခြုံထားသည်။ သို့သော် ဤမျှနှင့် မပြီးသေးချေ။
“နတ်ဘုရားမျိုးနွယ်က တကယ့်ကို ကြောက်ချေးပါတဲ့ အဖွဲ့ပဲ”
“မင်းတို့အားလုံး အဝေးကို ပြေးတာက မြန်လိုက်တာ”
ထိုစကားကြောင့် တူကျောင်းရှင်းဂြိုဟ်မှ နတ်ဘုရားမျိုးနွယ်များအားလုံး တုန်လှုပ်သွားကြပြီး တစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ အာကာသထဲ၌ လူတွေ ရှိနေသည်ကို တွေ့လိုက်ရသည်။ လူ ဆယ့်နှစ်ယောက်သာ ရှိသော်လည်း ထိုသူအားလုံးက နတ်သခင်အဆင့်များ ဖြစ်နေလေ၏။ ထို့အပြင် သူတို့က သွေးများပေကျံနေသော လူများအား ခွေးသေများကို ကိုင်သကဲ့သို့ ကိုင်ထားကြသည်။
“အဲ့ဒါ ဖုန်းလင်း နတ်ဘုရား မဟုတ်လား”
“ဟိုလူက တစ္ဆေမျက်လုံးနတ်ဘုရား … ဒါက”
“အဲ့လူတွေက တူကျောင်းရှင်း နတ်ဘုရား ဂြိုဟ်နယ်မြေအားလုံးက နတ်ဘုရားတွေပဲ၊ တူကျောင်းရှင်း ဂြိုဟ်နယ်မြေ နတ်သခင်တစ်ပိုင်းအဆင့်တွေအားလုံး သုတ်သင်ခံလိုက်ရပြီ”
နတ်ဘုရားမျိုးနွယ်အားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။ ထိုသိုင်းပညာရှင်များ၏ လက်ထဲမှ သွေးများ ပေကျံနေသော လူများသည် တူကျောင်းရှင်း နတ်ဘုရားနယ်မြေမှ နတ်သခင်တစ်ပိုင်းအဆင့်သို့ အဆင့်တက်သွားသူများ ဖြစ်လေသည်။ ယခုအခါတွင်မူ သူတို့သည် ခွေးသေတစ်ကောင်ကဲ့သို့ ကြောက်လန့်ကာ သေဆုံးသွားလေပြီ။
“ဘာလို့လဲ”
ဖန်ထျန်းနတ်ဘုရားသည် တူကျောင်းရှင်း နတ်ဘုရားနယ်မြေ၌ အသန်မာဆုံးသူ ဖြစ်သည်။ သို့သော် ယန်ဝမ် သိုင်းပညာရှင်တစ်ယောက်၏ တိုက်ကွက်မှုတစ်ခုတည်းဖြင့် ရှုံးနိမ့်သွားရလေသည်။ ယခုအချိန်၌ သူသည် ယန်ဝမ် သိုင်းပညာရှင် ဆယ့်နှစ်ယောက်အား ဒေါသတကြီး စူးစိုက်ကြည့်၍ အော်ပြောလိုက်သည်။
“မင်းတို့ ယန်ဝမ်ဟင်းလင်းပြင်က လူတွေက ဒီလောက် သန်မာတာ၊ ဘာလို့ နတ်ဆိုးဧကရာဇ်ဆီမှာ အညံ့ခံ ရတာလဲ”
သူ နားမလည်ပေ။ နတ်ဘုရားမျိုးနွယ်များအားလုံး ထင်မထားမိပေ။ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင် များက စကြဝဠာတစ်ခုလုံးကို စိုးမိုးနိုင်စွမ်း ရှိသော်လည်း အဘယ်ကြောင့် လူတစ်ယောက်ကို အညံ့ခံရသနည်း။
*ဘာလို့လဲတဲ့လား*
သူ့စကားကြောင့် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်အားလုံးက လေးစားကြည်ညိုသော အမူအရာသို့ ပြောင်းလဲသွားသည်။
“ဘာလို့လဲဆိုတော့ သူက ငါတို့ ယန်ဝမ် ဟင်းလင်းပြင်းက နှစ်သန်းချီ စောင့်နေတဲ့လူမို့လို့ပဲ”
ထိုစကားကြောင့် နတ်သခင်တစ်ပိုင်းအဆင့်များနှင့် နတ်ဘုရားမျိုးနွယ်များအားလုံး သေမတတ် ကြောက်လန့် သွားကြသည်။ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်က ထပ်ပြောရန် ပျင်းရိသောကြောင့် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
ထိုအခါ နတ်သခင်တစ်ပိုင်းအဆင့်များနှင့် နတ်ဘုရားမျိုးနွယ်များသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ချက်ချင်း ပေါက်ကွဲ၍ သေဆုံးသွားကြသည်။
Chapter 902 မျိုးနွယ်သုံးခု၏ ထိပ်တန်းလျှို့ဝှက်လက်နက်
တူကျောင်းရှင်း နတ်ဘုရားနယ်မြေတစ်ခုလုံး သုတ်သင်ခံလိုက်ရသည်။ သို့သော် ဤသည်မှာ စကြဝဠာကြီး၏ အစပိုင်းတစ်ခုမျှသာ ဖြစ်သည်။ အခြားသော မျိုးနွယ်များဖြစ်သည့် အင်မော်တယ်မျိုးနွယ်နှင့် မကောင်းဆိုးဝါး မျိုးနွယ်တို့တွင်လည်း ကပ်ဘေးတစ်ခု ကျရောက်နေလေသည်။
ဂြိုဟ်နယ်မြေ တစ်ခုပြီးတစ်ခုသည် နတ်ဆိုးမျိုးနွယ်များ၏ စာရင်းရှင်းခြင်း ခံနေရပြီး သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက်က ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များ၏ သတ်ဖြတ်ခြင်းကို ခံနေရသည်။
အင်မော်တယ်မျိုးနွယ်များနှင့် မကောင်းဆိုးဝါး မျိုးနွယ်များအားလုံးသည် ထွက်ပြေးချိန် မရလိုက်ခင်မှာပင် ပေါက်ကွဲ၍ သေဆုံးသွားကြသည်။ လက်ရှိအချိန်သည် စကြဝဠာ၏ သမိုင်းမှတ်တမ်းတွင် သွေးချောင်းအစီးဆုံး ကာလ ဖြစ်ပေ၏။
လူတစ်သောင်း၊ တစ်သိန်း၊ တစ်သန်း။ များစွာသော မျိုးနွယ်စုဝင် သိုင်းပညာရှင်များ ဆိုးဆိုးရွားရွား သေကျေ ပျက်စီးကြသည်။ နတ်ဆိုးများ ဖြတ်သန်းသွားသည်နှင့် ဂြိုဟ်များတွင် သွေးများ စီးဆင်းသွားလေသည်။
အခြားသော မျိုးနွယ်စုများ၏ ဖိနှိပ်ခြင်းအောက်၌ မွေးဖွားခဲ့သော နတ်ဆိုးမျိုးနွယ်များသည် ထိုမျိုးနွယ်များကို ပြန်သတ်၍ ကြီးထွားလာကြသည်။ လက်ရှိအချိန်၌ သွေးကြွေးကို သွေးကြွေးဖြင့်သာ ပြန်ဆပ်နေကြသည်။
အမှောင်သခင် နတ်ဆိုးဘုရင်က နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်ကို သတ်လိုက်သည်။ သူ၏ လက်တစ်စုံနှင့် ခန္ဓာကိုယ်တွင် သွေးများဖြင့် ပေကျံနေသော်လည်း ဝမ်းသာလွန်း၍ ငိုကြွေးနေသည်။
“သေသွားတဲ့ နတ်ဆိုးမျိုးနွယ် ညီအစ်ကိုတို့၊ မင်းတို့ မြင်ကြရဲ့လား”
“ဒီနေ့ နတ်ဘုရားတွေ ပူဆွေးနေကြတယ်၊ အင်မော်တယ်တွေနဲ့ မကောင်းဆိုးဝါးတွေ အော်ဟစ် ငိုကြွေး နေကြတယ်၊ သူတို့ သေရမှာကို မကျေမနပ်တွေဖြစ်ပြီး ဆောက်တည်ရာမရ ဖြစ်နေကြပြီကွ”
ထိုသို့ပြောပြီး အမှောင်သခင် နတ်ဆိုးဘုရင်သည် စိတ်လှုပ်ရှားစိတ်ကို မထိန်းနိုင်တော့သဖြင့် အော်ဟစ် လိုက်သည်။
“လောဘအိုး ဝံပုလွေဘုရင်”
“မိုရိုသွေးစွန်းဘုရင်”
“သံလက် ဝံပုလွေရိုင်း …”
လက်ရှိအချိန်၌ အမှောင်သခင် နတ်ဆိုးဘုရင်သည် ကျဆုံးသွားသော ညီအစ်ကိုများ၏ နာမည်တစ်ခုခြင်းကို အော်ဟစ်၍ မျက်ရည်ကျနေသည်။
နတ်ဆိုးမျိုးနွယ်များ မြင့်တက်လာပြီး နတ်ဘုရားများ ကျဆုံးလာခြင်းသည် များစွာသော နတ်ဆိုးများ၏ ကြီးမားသော ရည်မှန်းချက် ပန်းတိုင် ဖြစ်သည်။ ယခုအခါတွင်မူ ထိုရည်မှန်းချက်က အမှန်တကယ် ဖြစ်လာ လေပြီ။
အမှောင်သခင် နတ်ဆိုးဘုရင်သည် သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် သွေးပွက်ပွက်ဆူနေ၏။ သူသည် ငရဲမှထွက်လာသော မိစ္ဆာတစ်ကောင်လိုပင်။ သူ၏ တိုက်ခိုက်မှုတိုင်း၌ အခြားမျိုးနွယ်များ၏ သိုင်းပညာရှင်များ ပေါက်ကွဲ သေဆုံးသွားကြသည်။
လက်ရှိအချိန်၌ စကြဝဠာတစ်ခုလုံး သွေးရောင်လွှမ်းကာ ကောင်းကင်ယံက သွေးကဲ့သို့ ရဲရဲနီနေ၏။ နတ်ဆိုး မျိုးနွယ်များ၏ တန်ပြန်တိုက်ခိုက်မှုက အလွန် လျင်မြန်၍ ပြင်းထန်လွန်းလိမ့်မည်ဟု မျိုးနွယ်သုံးခုလုံးမှ သိုင်းပညာရှင်များ ထင်မထားမိပေ။
မျိုးနွယ်သုံးခုလုံးမှ ဂြိုဟ်နယ်မြေ တစ်ခုပြီးတစ်ခု ကျဆုံးသွားသည်။ နတ်ဘုရားနှင့် နတ်ဆိုးတို့၏ စစ်ပွဲ၌ ပါဝင်ခဲ့သော မျိုးနွယ်သုံးခုမှ လူများအားလုံးနီးပါး အသတ်ခံလိုက်ရသည်။ မျိုးနွယ်သုံးခု၌ သေမင်းတမန် ခေါင်းလောင်း မြည်ဟီးနေ၏။
….
တစ်ချိန်တည်းမှာပင် နတ်ဘုရားတောင်တန်း၌ လေထုအခြေအနေက မှိုင်းမှောင်၍ ရီဝေနေသည်။ လောကသခင် သုံးပါးဖြစ်သော ထျန်းကျစ်၊ တိကျူးနှင့် ရွှမ်ကျူးတို့ ရှိနေပြီး သူတို့ဘေး၌ ခန်ထျန်း နတ်ဘုရားတစ်ပါးသာ ကျန်ရစ် တော့သည်။
ထိုလေးယောက်ရှေ့၌ အဘိုးအိုတစ်ယောက်က ဒူးထောက်နေပြီး ချွေးပြန်နေလေသည်။
“မင်း သေချာလား”
အရှင်ထျန်းကျစ်က ထိုအဘိုးအိုကို စူးစိုက်ကြည့်၍ မေးလိုက်သည်။ ထိုအခါ အဘိုးအိုက နဖူးမှ ချွေးစေးများ စီးကျရင်း ကြောက်လန့်တကြား ပြန်ဖြေလိုက်သည်။
“အရှင် ကျွန်တော် သေချာ ကြည့်ပြီးပါပြီ၊ အဓိက နတ်ဘုရား ခြောက်ပါးနဲ့ စစ်သည်တော် ငါးသိန်းရဲ့ ဝိညာဉ်မီးအိမ် အားလုံး ငြိမ်းသွားပါပြီ၊ ဘယ်သူ့မီးအိမ်ကမှ … ကျန်ရစ်မနေတော့ပါဘူး”
သူ့စကားကြောင့် လောကသခင်သုံးပါး ဖြစ်သော ထျန်းကျစ်၊ တိကျူးနှင့် ရွှမ်ကျူးတို့ မျက်နှာပျက်သွားလေသည်။
*အားလုံး အသတ်ခံလိုက်ရတာပဲ*
မျိုးနွယ်သုံးခုမှ အသန်မာဆုံးနှင့် အဆင့်အတန်း မြင်မားသော သိုင်းပညာရှင်များသာ လက်ကျန် နတ်ဆိုးများကို သုတ်သင်ရန် ကမ္ဘာဂြိုဟ်၌ ကျန်ရစ်ခဲ့သည်။ သို့သော် ယခုအခါ၌ ထိုသူအားလုံး မရှိတော့ပေ။
“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ၊ ဝိညာဉ်သခင်က ဒဏ်ရာ အပြင်းအထန် ရထားတာ၊ သူ ဘယ်ရောက်နေလဲ ငါ မသိဘူး၊ မသေမျိုး ဖီးနစ်ဘုရင်ကိုလည်း ယင်ယန်လောကက သူ့မျိုးနွယ်က ပြန်ဖမ်းသွားပြီ”
“သူတို့ကလွဲ၍ ဘယ်သူက ဒီလို ခြိမ်းခြောက်မှုမျိုး လုပ်နိုင်လို့လဲ”
လောကသခင် သုံးပါးလုံး ထိတ်လန့်နေကြသည်။ ထို့နောက် သုံးယောက်လုံး ခန်ထျန်း နတ်ဘုရားကို လှည့်ကြည့်လာသည်။
“ခန်ထျန်း မင်း တွက်ချက်ကြည့်ပြီးပြီလား”
ခန်ထျန်းနတ်ဘုရား၏ တွက်ချက်သော ဟောကိန်းနည်းလမ်းက ထိတ်လန့်ဖွယ် ကောင်းသည်။ ယခုအချိန်၌ သူသည် မျက်လုံးမှိတ်ထားပြီး နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျနေသည်။ ထို့အပြင် အတွက်အချက် ပညာအောက်၌ ခန်ထျန်းနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းရာများ ထင်ဟပ်လာသည်ကို လောကသခင် သုံးပါးလုံး တွေ့လိုက်ရသည်။
သူ၏ခန္ဓာကိုယ်၌ အက်ရာများ ထင်လာပြီး သွေးများစိမ့်ထွက်လာသည်။ ဤအဖြစ်ကြောင့် လောကသခင် သုံးပါးလုံး ထိတ်လန့်သွားလေသည်။ ခန်ထျန်း နတ်ဘုရား ဤမျှ ခက်ခက်ခဲခဲ တွက်ချက်နေရသည်ကို သူတို့ ယခုမှ မြင်ဖူးခြင်း ဖြစ်သည်။
သူ၏တွက်ချက်ခြင်းက လောကကံကြမ္မာနှင့် ဆန့်ကျင်နေသည်ဟု ထင်ရသည်။ ထို့အပြင် ခန်ထျန်း နတ်ဘုရားသည် ကောင်းကင်ဘုံအား ကြည့်လိုက်နိုင်ပြီး ဆိုးရွားသော တစ်စုံတစ်ရာကို မြင်လိုက်ပုံ ရသည်။ သူ့မျက်နှာ၌ ထိတ်လန့်ဟန်များ ထင်ဟပ်လာပြီးနောက် ကြောက်ရွံ့ပုံ ပေါ်လာသည်။
တောပြိုသောအသံမျိုးကဲ့သို့ ထိတ်လန့်ဖွယ် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ခန်ထျန်း နတ်ဘုရား၏ မျက်လုံးတစ်စုံလုံး ပေါက်ထွက်ကာ သွေးများ ပန်းထွက်လာသည်။
“အား…”
ခန်ထျန်း နတ်ဘုရား တုန်လှုပ်သွားပြီး အော်ဟစ်လိုက်မိသည်။ မမြင်သင့်သော တစ်စုံတစ်ရာကို မြင်လိုက်ရသဖြင့် မျက်လုံးနှစ်လုံးလုံး ပေါက်ထွက်သွားသည့်ပုံပင်။ ဤသို့ဆိုးရွားလှသော အဖြစ်ကြောင့် လောကသခင် သုံးပါးလုံး အံ့အားသင့်သွားလေသည်။
“ကပ်ဘေး ရောက်လာတော့မယ်၊ မကြာခင် ပျက်စီးတော့မယ်”
“မဟုတ်ဘူး … ဘာလို့ ဒီလိုဖြစ်ရတာလဲ”
ခန်ထျန်း နတ်ဘုရား ရူးမတတ် ဖြစ်နေ၏။ ဤအဖြစ်ကြောင့် အရှင်ထျန်းကျစ် ထိတ်လန့်ကာ ဒေါသထွက်သွားပြီး ခပ်သွက်သွက် မေးလိုက်သည်။
“ခန်ထျန်း မင်း ဘာတွေ မြင်လိုက်တာလဲ ငါ့ကို သေချာပြောစမ်း”
လက်ရှိအချိန်၌ အားလုံးက ခန်ထျန်း နတ်ဘုရားကိုသာ ကြည့်နေကြသည်။ ထိုအခါ ခန်ထျန်းနတ်ဘုရားက ကြောက်လန့်တကြား ဖြေလာသည်။
“နတ်ဆိုးဧကရာဇ်၊ ကျုပ် … ကျုပ် နတ်ဆိုးဧကရာဇ်ကို မြင်လိုက်တယ်”
ထိုစကားကြောင့် လောကသခင် သုံးပါးလုံး ကြောက်လန့်ကာ တုန်လှုပ်သွားသည်။ နတ်ဆိုးဧကရာဇ်သည် လောကသခင် သုံးပါးလုံး၏ ဘဝတွင် အိပ်မက်ဆိုး ဖြစ်လေသည်။
*အဲ့ကောင်က ယန်ဝမ် ဟင်းလင်းပြင်ထဲ ကျသွားတာ မဟုတ်ဘူးလား*
*ဘယ်လိုလုပ် …”
“လောကသခင်တို့၊ နတ်ဆိုးဧကရာဇ် ပြန်လာပြီ”
“ဿူ နတ်ဆိုးအားလုံးကို ပြန်အသက်သွင်းနေတာကို ကျုပ် မြင်လိုက်ရတယ်၊ မျိုးနွယ်သုံးခုလုံးက အော်ဟစ်သံတွေကို ကျုပ် ကြားလိုက်ရသလို မျိုးနွယ်သုံးခုရဲ့ ပျက်စီးကိန်းကိုပါ ကျုပ် မြင်လိုက်ရတယ်”
“ကျုပ်တို့ ကံဆိုးပြီ”
ခန်ထျန်းနတ်ဘုရား၏ စကားကြောင့် လောကသခင် သုံးပါးလုံး ရင်တုန်သွားသည်။ သို့သော် ထိုအချိန်၌ မျိုးနွယ်သုံးခုမှ အစောင့်များ တစ်ယောက်ပြီးတစ်ယောက် ပြေးလာသည်။ ရောက်လာသည်နှင့် ချက်ချင်း ဒူးထောက်၍ အော်ဟစ် သတင်းပို့လေသည်။
“လောကသခင်တို့ ကျုပ်တို့ နတ်ဘုရားမျိုးနွယ်က နတ်ဘုရားနယ်မြေ ရှစ်ဆယ့်တစ်ခုလုံး သုတ်သင်ခံလိုက်ရပါပြီ”
“သတင်းပို့ပါတယ်၊ အင်မော်တယ်မျိုးနွယ်က အင်မော်တယ်နယ်မြေ ခြောက်ဆယ့်ခုနစ်ခုလုံး ပျက်စီးသွားပါပြီ”
“သတင်းပို့ပါတယ်၊ မကောင်းဆိုးဝါးမျိုးနွယ်က နတ်သခင်တစ်ပိုင်းအဆင့် အားလုံး အသတ်ခံလိုက်ရပါပြီ၊ မကောင်းဆိုးဝါးမျိုးနွယ်ရဲ့ နယ်မြေအားလုံး … သိမ်းပိုက်ခံလိုက်ရပါပြီ”
သတင်းဆိုးတိုင်းက လောကသခင် သုံးပါးလုံးကို ပို၍ မျက်နှာဖြူရော်လာစေသည်။ သူတို့၏ မျက်လုံး၌ ကြောက်ရွံ့ရိပ်များ စွန်းထင်းလာသည်။
“ဟောကိန်းက တကယ် ဖြစ်လာတော့မှာပဲ၊ ငါတို့မျိုးနွယ် သုံးခုလုံး တကယ် ပျက်စီးရတော့မှာလား”
အရှင်ထျန်းကျစ် မျက်ခုံးလှုပ်နေ၏။ ထို့နောက် သူက တစ်ဖက်လှည့်၍ အရှင်တိကျူးနှင့် ရွှမ်းကျူးတို့ကို ပြောလိုက်သည်။
“ငါတို့ ထပ်စောင့်နေလို့ မဖြစ်တော့ဘူး”
“ငါတို့ နှစ်ပေါင်းများစွာ ပျိုးထောင်ထားတဲ့ အဖွဲ့ကို ထုတ်ဖို့ အချိန်တန်ပြီ”
“ပျက်စီးခြင်း ဟောကိန်းအတွက် ငါတို့ အကောင်းဆုံး ပြင်ဆင်ထားတဲ့အရာကို အသုံးချဖို့ အချိန်တန်ပြီ”
ထိုစကားကြောင့် ခန်ထျန်း နတ်ဘုရားနဲ့ အဘိုးအိုတို့ မှင်တက်သွားသည်။ သူတို့ ထိတ်လန့်နေချိန်တွင် အရှင် တိကျူးနှင့် ရွှမ်ကျူးတို့ ချီတုံချတုံ ဖြစ်နေသည်။ နောက်ဆုံးတွင် ခေါင်းညိတ်ပြလာ၏။
သုံးယောက်လုံး သဘောတူညီမှု ရပြီးနောက် အရှင်ထျန်းကျစ်က သူတို့နေထိုင်ရာ တောင်တန်းသုံးခု အနောက်သို့ လှမ်းကြည့်လိုက်သည်။ ထိုတောင်တန်းသုံးခုသည် အလွန် မြင့်မြတ်တင့်တယ်လှပြီး တိမ်တိုက်များ၏ အထက်အထိ မြင့်တက်တည်ရှိနေသည်။
ဤနေရာသည် လောကသခင်သုံးပါး တစ်ချိန်လုံး ပုန်းကယ္၍ နေထိုင်ခဲ့ရာ နေရာဖြစ်သည်။ ထိုစဉ် အရှင်ထျန်းကျစ်၏ လက်မှ အနီရောင် အလင်းတန်းတစ်ခု ဖြာထွက်လာသည်။
ဝုန်း!
ထိုအခါ တောင်တန်းသုံးခု၏ အလယ်၌ ရုတ်တရက် ပေါက်ကွဲလာပြီး တောင်တန်းတစ်ခုစီဩ အလယ်၌ နေရာလွတ်တစ်ခု ရှိနေသည်။ ထိုနေရာလွတ်မှနေ၍ လူများ ထွက်လာကြသည်။
လူဆယ်ယောက်၊ အယောက်ငါးဆယ်၊ အယောက်တစ်ရာ၊ လူနှစ်ရာကျော်။
အားလုံး၏ အရှိန်အဝါက ကြောက်စရာကောင်းလှပြီး ထိုသူများအားလုံးက … နတ်သခင်အဆင့်များ ဖြစ်နေသည်။ ဤသည်ကိုမြင်ပြီး အဘိုးအိုနှင့် ခန်ထျန်းနတ်ဘုရားတို့ အံ့အားသင့်သွားသည်။
လောကသခင်သုံးပါးတို့ တိတ်တဆိတ် ပုန်းကွယ်နေသော နေရာ၌ နတ်သခင်အဆင့် လူအယောက်နှစ်ရာရှိသော စစ်တပ်တစ်ခု ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
“ဒါ လွန်ခဲ့တဲ့ နှစ်သုံးသောင်းတုန်းက နတ်ဘုရားမျိုးနွယ်ရဲ့ နံပါတ်တစ် ပါရမီရှင် … ရှုံးရှောင်ပဲ၊ သူက ပျောက်နေတာ မဟုတ်ဘူးလား”
“ပြီးတော့ ဟိုလူက အင်မော်တယ်မျိုးနွယ်ကပဲ၊ အင်မော်တယ်မျိုးနွယ်က နံပါတ်တစ် သခင်လေး ဖုန်းဝူကျီပဲ၊ သူက နတ်ဆိုးမျိုးနွယ်ရဲ့ လက်ထဲမှာ သေသွားပြီလို့ သတင်းထွက်ခဲ့တာလေ”
“ဟိုလူက မကောင်းဆိုးဝါးမျိုးနွယ်က အသန်မာဆုံး သိုင်းပညာရှင် ကွေအဲ”
“…”
မျိုးနွယ်သုံးခု၏ အစောင့်များနှင့် အဘိုးအိုတို့ ထိတ်လန့်ပြီးရင်း ထိတ်လန့်နေ၏။ အဘယ်ကြောင့်ဆိုသော် ထိုစစ်တပ်၌ ပါဝင်သူများသည် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သည့် ထိပ်တန်း ပါရမီရှင်များ ဖြစ်နေ သောကြောင့်ပင်။
Chapter 903 အချိန် ခဏပဲ ကြာမှာ
ပါရမီရှင်များ၊ ထိုလူအယောက်နှစ်ရာလုံးသည် ခေတ်တစ်ခေတ်၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်နေသည်။ မျိုးနွယ်သုံးခု၏ ရှည်လျားလှသော သမိုင်းကြောင်း၌ ပါရမီရှင်များ ပေါ်ထွန်းခဲ့ပြီး သူတို့၏ ဂြိုဟ်များ ထွန်းလင်း ကျော်ဇောခဲ့သည်။ ထိုသူများထဲတွင် အတော်တော်များက ပျောက်ဆုံးသွားခြင်း သို့မဟုတ် သေဆုံးသွားခြင်း ဟူသည့် ကောလာဟလများ ထွက်ရှိခဲ့သည်။
လက်ရှိအချိန်တွင် အဘိုးအိုနှင့် မျိုးနွယ်သုံးခု၏ အစောင့်များသာမက ခန်ထျန်း နတ်ဘုရားတောင်မှ ထိတ်လန့် နေသည်။
ခန်ထျန်း နတ်ဘုရားသည် အမြင်အာရုံ ဆုံးရှုံးသွားရသော်လည်း သူ၏ နတ်ဘုရား အသိစိတ်အာရုံက ဘေးပတ်လည်မှ အရာအားလုံးကို မြင်နိုင်သေးသည်။ ထို့ကြောင့် သူ၏ နတ်ဘုရား အသိစိတ်အာရုံထဲ၌ နတ်သခင်အဆင့် အယောက်နှစ်ရာကျော်ကို မြင်ပြီး တုန်လှုပ်သွားသည်။
“နတ်သခင်အဆင့်တွေ၊ မြတ်စွာဘုရား … ငါတို့မျိုးနွယ်ကို ဘုရားသခင် စောင်မလိုက်ပြီပဲ၊ ငါတို့မျိုးနွယ်က ကပ်ဘေးကို ရှောင်တိမ်းနိုင်ပြီနဲ့ တူတယ်”
ထိုအခါ ခန်ထျန်း နတ်ဘုရားနှင့် အခြားသူများအားလုံး စိတ်လှုပ်ရှားလာသည်။ လူတိုင်း၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ပြီး လောကသခင်သုံးပါးကလည်း အသာ ပြုံးနေ၏။
“မှန်တယ်၊ သူတို့က တစ်ချိန်က စကြဝဠာကို ထိတ်လန့်စေခဲ့တဲ့ ထိပ်တန်း ပါရမီရှင်တွေပဲ၊ ငါတို့ သူတို့ကို နတ်ဘုရား တောင်တန်းဆီ ခေါ်လာပြီး အရင်းအမြစ်တွေ အကုန်သုံးပြီး ကျင့်ကြံခိုင်းခဲ့တယ်၊ ဒါက ငါတို့မျိုးနွယ်တွေ အပေါ် ကျရောက်လာမယ့် ဟောကိန်းကို တားဆီးဖို့ပဲ”
“အခု နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ပျိုးထောင်ထားခဲ့တာမို့ အခု ပွဲထုတ်ဖို့ အချိန်တန်ပြီ”
ထို့အပြင် အရှင်ထျန်းကျစ်က အသာပြုံး၍ လက်တစ်ဖက်က လှုပ်ကာ ဆေးပုလင်း တစ်ပုလင်းကို ထုတ်လိုက်သည်။ အဖုံးဖွင့်လိုက်သောအခါ မွှေးပျံ့သော ဆေးရနံ့တစ်မျိုး ပျံ့လွင့်လာ၏။
“ဒါက ထျန်းတိကျန်းဟွာ မဟုတ်လား”
ခန်ထျန်း နတ်ဘုရား တုန်လှုပ်သွားပြီး သူ့မျက်နှာ၌ လိုချင်တပ်မက်စိတ်များ ထင်ဟပ်လာသည်။ ထျန်းတိကျန်းဟွာ ဆေးရည်သည် စကြဝဠာထဲတွင် အံ့ဩဖွယ် အကောင်းဆုံး ဆေးရည်ဖြစ်သည်။ ထျန်းတိကျန်းဟွာ တစ်စက်တည်းဖြင့် နှစ်ထောင်ချီသော ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်နိုင်သည်။ ဤသည်မှာ ထိပ်တန်း နတ်ဘုရား ဆေးရည် ဖြစ်ပေသည်။
တစ်ချိန်က ခန်ထျန်းနတ်ဘုရားနှင့် အခြားသော အဓိက နတ်ဘုရားခုနစ်ပါးတို့က လောကသခင် သုံးပါးအား အဆင့်တက်ချင်သည့်အတွက် ထျန်းတိကျန်းဟွာ တစ်စက်မျှ ပေးပါရန် အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ သော်လည်း တစ်ခါမှ မရခဲ့ပေ။
“သူ … သူက လောကသခင် တစ်ပိုင်းအဆင့်တွေ ဖြစ်စေချင်တာလား”
ခန်ထျန်း နတ်ဘုရား တုန်လှုပ်သွားသည်။ ထိုအချိန်မှာပင် အရှင်ထျန်းကျစ်က ဆေးပုလင်းကို လှုပ်ယမ်းလိုက်သည်။ ထိုအခါ ဆေးပုလင်းထဲမှ အစိမ်းရောင် အစက်များ ထွက်လာပြီး များစွာသော နတ်သခင်အဆင့် သိုင်းပညာရှင်များ၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ထိုအခါ ထိုနတ်သခင်အဆင့်များထံမှ ထိတ်လန့်တုန်လှုပ်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာသည်။ ထိုသူများ၏ ခန္ဓာကိုယ်မှ နတ်ဘုရား အလင်းတော်များ ဖြာထွက်လာသည်ကို အားလုံး တွေ့လိုက်ရသည်။ ထိုသူတို့၏ အရှိန်အဝါကြောင့် ခန်ထျန်း နတ်ဘုရားနှင့် အခြားသူများ နောက်ဆုတ်လိုက်ရလေသည်။
ထို့နောက် ပဲစေ့ပေါက်သံကဲ့သို့သော အသံထွက်လာပြီး နတ်သခင်အဆင့် အယောက်နှစ်ရာကျော်လုံး ချက်ချင်း အဆင့်တက်သွားပြီး လောကသခင် တစ်ပိုင်းအဆင့်သို့ ရောက်သွားသည်။
သူတို့ လက်တစ်ဖက် မြှောက်လိုက်ရုံနှင့်တင် မိုးကောင်းကင်ကို ထက်ပိုင်းခွဲနိုင်လောက်သည်။ သူတို့၏ ထည်ဝါသော အရှိန်အဝါကြောင့် ခန်ထျန်းနှင့် ကျန်လူများအားလုံး တုန်လှုပ်သွားကြသည်။
လောကသခင်တစ်ပိုင်းအဆင့် ငါးယောက်တောင်ပါလား”
“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ လောကသခင် တစ်ပိုင်းအဆင့် ငါးယောက်အပြင် နတ်သခင်အဆင့် အယောက်နှစ်ရာ ရှိနေပြီ”
“နတ်ဆိုးဧကရာဇ် ဖြစ်တော့ရော ဘာဖြစ်လဲ၊ သူ့အရင်ဘဝက အခြေအနေကို ပြန်ရလည်း ဒီတစ်ခေါက်တော့ ကျိန်းသေပေါက် သေမှာပဲ”
ခန်ထျန်း နတ်ဘုရားနှင့် အခြားသူများ ယခုထက်ပို၍ စိတ်မလှုပ်ရှားနိုင်တော့ပေ။ လောကသခင် တစ်ပိုင်းအဆင့် ငါးယောက်နှင့် နတ်သခင်အဆင့် အယောက်နှစ်ရာတို့က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် အော်ဟစ် ကြလေသည်။
“နတ်ဆိုးကိုသတ်”
“နတ်ဆိုးကိုသတ်”
“နတ်ဆိုးကိုသတ်”
သူတို့၏ အော်သံက စကြဝဠာအား တုန်ခါသွားစေနိုင်သည်ဟု ထင်မှတ်ရသည်။ ဤသည်ကို ကြည့်ပြီး လောကသခင် သုံးပါးက ကျေနပ်သလို ပြုံးလိုက်သည်။
“ဟားဟားဟား … ကောင်းပါ့၊ သိပ်ကောင်းပါ့ကွာ”
“ငါတို့သုံးယောက်ကို အားမလျော့စေဘူးပဲ၊ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသမျှက အလကား မဖြစ်တော့ဘူး”
သူတို့သာ ကပ်ဘေး ဟောကိန်းအတွက် တိတ်တဆိတ် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။ ဤစစ်တပ်အတွက် သူတို့ မရေတွက်နိုင်သော အရင်းအမြစ်များကိုသုံး၍ ကြိုးစားစီမံခဲ့ရသည်။ သို့သော် ရလဒ်က ထင်ထားသည်ထက် မှင်တက်စရာ ကောင်းလှသည်။
အရှင်ထျန်းကျစ်က ထိုလူများကိုကြည့်ပြီး အားပါးတရ ပြုံးနေသည်။
“မစိုးရိမ်နဲ့တော့၊ ဒီတစ်ခါတော့ ဒီနတ်သခင် စစ်တပ်တင် မကဘူး၊ ငါတို့ ကမ္ဘာဦး အုပ်ချုပ်သူ၊ ယင်ယန်လောကက မသေမျိုး မျိုးနွယ်နဲ့ မိုးကြိုးဘုရင်တို့ကိုပါ သတင်းပို့ထားပြီးပြီ”
“သူတို့ရောက်လာတာနဲ့ ငါတို့မျိုးနွယ် ပြန်တိုက်ခိုက်ဖို့ အချိန်ကျပြီပဲ”
သူ့စကားကြောင့် ခန်ထျန်း နတ်ဘုရားနှင့် အခြားသူများ အလွန်အမင်း စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ မျိုးနွယ်သုံးခုက စကြဝဠာကို တစ်ဖန် စိုးမိုးနိုင်တော့မည်ဟု မျှော်လင့်ချက် ပြန်ဝင်လာသည်။ နတ်ဘုရားများ စိတ်လှုပ်ရှား ပျော်ရွှင်နေချိန်တွင် လေဟာနယ်တွင်းမှနေ၍ စူးရှသော စကားသံ တစ်သံ ထွက်လာ၏။
“လျှို့ဝှက်လက်နက်တဲ့လား၊ မင်းတို့ဟာတွေက အမှိုက်သာသာပဲ မဟုတ်ဘူးလား”
ထိုအသံက ရုတ်တရက် ထွက်ပေါ်လာသောကြောင့် လောကသခင် သုံးပါးနှင့် အခြားသူများအားလုံး မှင်တက် သွားကြသည်။ ထို့နောက် အားလုံးက နတ်ဘုရား တောင်တန်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
ထို့နောက် လေဟာနယ်တွင် အက်ရာများ ထင်ဟက်လာပြီး ထိုအက်ရာအတွင်းမှ လူရိပ်များ ထွက်လာသည်။ ရှေ့ဆုံးမှ ထွက်လာသော အနက်ရောင်ဝတ်စုံနှင့် ဆံပင်အဖြူရောင် ရှိသော လူငယ်လေးကို ကြည့်ပြီး လောကသခင် သုံးယောက်လုံး မျက်နှာပျက်သွားသည်။
“နတ်ဆိုးဧကရာဇ်”
ထိုနာမည်ကြောင့် ခန်ထျန်း နတ်ဘုရားနှင့် အခြားသူများ တုန်လှုပ်သွားသည်။ ရန်သူက ရောက်လာနေပြီးသော် လည်း ထွက်မလာဘဲ လျှို့ဝှက်၍ လေ့လာနေလိမ်မည်ဟု သူတို့ ထင်မထားမိပေ။
“သေစမ်း၊ ဘယ်လိုလုပ် လုံးဝ သတိမထားမိရတာလဲ”
ခန်ထျန်း နတ်ဘုရားနှင့် အခြားသူများ အံ့ဩကာ ဒေါသထွက်လာကြသည်။ ထို့အပြင် ယဲ့ဖန်နှင့် ပါလာသော လူများ၏ သိုင်းအဆင့်များကို ခံစားမိပြီးနောက် သူတို့ မျက်နှာပျက်သွားသည်။
“လောကသခင် … လောကသခင်”
“လောကသခင် တစ်ပိုင်းအဆင့်တွေ”
နတ်ဘုရားမျိုးနွယ်များသည် ယဲ့ဖန်နားမှ လူခုနစ်ယောက်၏ အဆင့်ကို သေချာ မြင်နေရသည်။ သုံးယောက်မှာ လောကသခင် အဆင့်ဖြစ်ပြီး၊ ကျန်သုံးယောက်မှာ လောကသခင် တစ်ပိုင်းအဆင့် ဖြစ်သည်။ ခုနစ်ယောက် မြောက်လူမှာမူ ကလေးမလေး တစ်ယောက်ဖြစ်သည်။ သူမ၏ အရှိန်အဝါအား ဖုံးအုပ်ထားသော်လည်း သူမထံမှ ခေါင်းမွေးထောင် ဖွယ်ကောင်းသော ခံစားမှုမျိုး ရနေသည်။
ဤမြင်ကွင်းကြောင့် လောကသခင် သုံးပါးလုံး မှင်တက်သွားသည်။ ဤစကြဝဠာထဲ၌ လောကသခင်အဆင့်မျိုး ထပ်ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ ထို့အပြင် ထိုသို့သော လူများက အဘယ်ကြောင့် ယဲ့ဖန်နောက် လိုက်ပါရသနည်း။
“ထျန်းကျစ်၊ တိကျူး၊ ရွှမ်ကျူး မတွေ့ရတာ ကြာပြီနော်”
ယဲ့ဖန်က လောကသခင်သုံးပါးအား သားကောင်ကို ကြည့်သကဲ့သို့ကြည့်၍ ပြုံးနေသည်။ နတ်ဆိုးဧကရာဇ်နှင့် လောကသခင် သုံးပါးတို့သည် နှစ်ပေါင်းများစွာ ကြာအောင် ရန်သူ ဖြစ်ခဲ့သည်။ သူတို့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။
လောကသခင် သုံးပါးလက်အောက်၌ သေဆုံးခဲ့ရသော နတ်ဆိုးများ မရေတွက်နိုင်လောက်အောင် ရှိခဲ့သည်။ သူတို့သုံးယောက်လုံး၏ လက်၌ နတ်ဆိုးသွေးများ စွန်းထင်းနေခဲ့သည်။ သူ့စကားကြောင့် လောကသခင် သုံးပါးလုံး မျက်နှာ မည်းမှောင်သွားသည်။
“နတ်ဆိုးဧကရာဇ် မင်း အသက်ရှင်နေမယ်လို့ ငါ ထင်မထားမိဘူး”
“မင်းက ငါတို့ရှေ့မှာ ဒီလိုပုံစံမျိုးနဲ့ လာရဲသေးတယ်လား”
“ဒါပေမဲ့ ဒီလိုဆိုရင်ရော ဘယ်လိုသဘောရလဲ”
ထိုသို့ပြောပြီး အရှင်ထျန်းကျစ်က သူ့နောက်မှ နတ်သခင်အဆင့် နှစ်ရာကျော်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
“ဒါ ငါတို့သုံးယောက်လုံး နှစ်ပေါင်းများစွာ ပြင်ထားခဲ့တဲ့ လက်ဆောင်ကြီးလေ၊ ဘယ်လိုလဲ၊ မင်း ကျေနပ်ရဲ့လား”
အရှင်ထျန်းကျစ်ရဲ့ စကားက အေးစက်နေသည်ကို လူတိုင်း သတိထားမိသည်။ နတ်ဘုရားများက ယဲ့ဖန်ဘေးနားမှ ခုနစ်ယောက်ကို လန့်သော်လည်း သူတို့ဘက်တွင် လောကသခင် သုံးပါး၊ လောကသခင် တစ်ပိုင်းအဆင့် ငါးယောက်နှင့် နတ်သခင်အဆင့် နှစ်ရာကျော် ရှိသည်။
ဤခွန်အားက ယဲ့ဖန်နှင့် အခြားသူများကို အနိုင်ယူနေသည် မဟုတ်ပါတကား။ ထျန်းကျစ်ဘေးမှ တိကျူးကလည်း သွေးဆာဟန် ရယ်မောလေသည်။
“နတ်ဆိုးဧကရာဇ် မင်းမှာ ကူညီမဲ့သူ နည်းနည်းလေး ရှိနေတာနဲ့ လက်စားချေနိုင်ပြီလို့ ထင်နေတာလား”
“ဟားဟားဟား … မင်း နတ်ဆိုးအားလုံးကို အသက်ပြန်သွင်းအောင် လုပ်ရင်တောင်မှ ငါတို့ ဒီနတ်သခင်အဆင့် တွေကို နှစ်ပေါင်းများစွာ ပျိုးထောင်သွားခဲ့တာ၊ မင်းနတ်ဆိုးတွေကို မိနစ်ပိုင်းအတွင်း အကြိမ်ထောင်သောင်းမက အသေသတ်ပေးနိုင်တယ်ကွ”
လောကသခင်သုံးပါးက ပျက်ရယ်ပြုနေ၏။ သူတို့စိတ်ထဲတွင် ယဲ့ဖန်နှင့် အခြားသူများကို အချိန်မရွေး ဆွဲချ အနိုင်ယူနိုင်သည်ဟု ထင်နေကြသည်။ ဤနတ်သခင်အဆင့် စစ်တပ်က ဂြိုဟ်နယ်မြေများကို ရှင်းလင်း၍ နတ်ဆိုးများကို သုတ်သင်နိုင်သည်ဟု မှတ်ယူထားသည်။
ထိုအခါ ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံပြုံး၍ ခေါင်းခါလိုက်သည်။
“မင်းက အမှိုက်တွေကို နှစ်ချီပြီး လေ့ကျင့်ခဲ့တာပဲ၊ ငါ သူတို့ကို သတ်ဖို့ ခဏပဲ ကြာမှာ”
ယဲ့ဖန်၏ စကားကြောင့် လောကသခင်သုံးပါး မှင်တက်သွားသည်။ ထို့နောက် ဆက်လက်ဖြစ်ပေါ်လာသည့် မြင်ကွင်းကြောင့် သူတို့ မျက်နှာ မည်းမှောင်သွားလေသည်။