အခန်း (၉၀၄-၉၀၆)
Vol. 61 Ch. 904-906
Chapter 904 နတ်ဆိုးတွေ ပြန်လာပြီ
“နတ်သခင်အဆင့် နှစ်ရာကျော်ကို ချက်ချင်း သတ်နိုင်တယ်တဲ့လား”
“အရူး”
ခန်ထျန်းနတ်ဘုရားက ယဲ့ဖန်၏ စကားကို ကြားပြီး အထင်သေးသလို ပြုံးလိုက်သည်။ သူသည်သာမက ဘေးနားမှ မျိုးနွယ်သုံးခု၏ အစောင့်များကလည်း ထီမထင်ဟန်ဖြင့် ကြည့်နေကြသည်။
ထိုလူနှစ်ရာကျော်သည် နတ်သခင်အဆင့် သိုင်းပညာရှင်များ ဖြစ်သည်။ နတ်ဘုရားနယ်မြေတစ်ခုအား အသာလေး ရှင်းလင်းနိုင်သူများ ဖြစ်လေသည်။
နတ်သခင်အဆင့်တိုင်းအား နတ်ဘုရားမျိုးနွယ်တိုင်းက တရိုတသေဖြင့် လေးလေးစားစား ဆက်ဆံကြသည်။ ဤသို့သောသူများအား ယဲ့ဖန်က ပုရွက်ဆိတ်တစ်ကောင်ကို သတ်သကဲ့သို့ ချက်ချင်း သတ်နိုင်သည်ဟု ပြောဆိုနေ၏။ ဤအပြုအမူအား ဝင့်ကြွားပြောဆိုခြင်းဟု မပြောလျင် မည်သို့ ပြောရမည်နည်း။
နတ်သခင်အဆင့် စစ်တပ်ကြီးက ပို၍ဒေါသထွက်လာပြီး ကောင်းကင်ယံမှ ယဲ့ဖန်ကို စူးစိုက်ကြည့်လာ၏။ ယဲ့ဖန်က ယခင်ဘဝ၌ နတ်ဆိုးဧကရာဇ် ဖြစ်ခဲ့သော်လည်း ယခုဘဝတွင် နတ်ဘုရင်အဆင့်သာ ရှိသောသူ ဖြစ်သည်။ နတ်ဘုရင်အဆင့် တစ်ယောက်က အရှက်မရှိ လေလုံးထွားနေသေးသည်။
ထိုအခိုက်တွင် မကောင်းဆိုးဝါးမျိုးနွယ် နတ်သခင်အဆင့်တစ်ယောက်က ရှေ့သို့တိုးလာပြီး လောကသခင် သုံးပါးကို အရိုအသေ ပေး၍ ပြောလိုက်သည်။
“လောကသခင်သုံးပါးတို့၊ ဘေးနားက လူနည်းနည်းကို အချိန်ဆွဲထားပေးပါ၊ ကျွန်တော် ဒီနတ်ဆိုးဧကရာဇ်ကို ချက်ချင်း တစ်စစီ ဖြစ်သွားအောင် သတ်နိုင်ပါတယ်”
သူသည်သာမက နတ်သခင်အဆင့် သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာပြီး ရက်စက် ခက်ထန်စွာ ပြောလာကြသည်။
“ကျွန်တော်တို့ အရှက်ခွဲခံရတာအတွက် ပြန်ပေးဆပ်စေချင်ပါတယ်”
“သုံးချက်ပါပဲ၊ ကျွန်တော် သုံးချက်တည်းနဲ့ နတ်ဆိုးဧကရာဇ်ကို သတ်ပြီး မျိုးနွယ်သုံးခု၏ အစွမ်းကို ပြသချင် ပါတယ်”
“ကျွန်တော်လည်း အတူတူပါပဲ၊ နတ်သခင်အဆင့် နတ်ဆိုးဧကရာဇ်လေးက ပုရွက်ဆိတ်လောက်ပဲ ရှိတာပါ၊ ဒီလို ပုရွက်ဆိတ်ကောင်က လေလုံးထွားနေသေးတယ်”
“…”
လက်ရှိအချိန်၌ နတ်သခင်အဆင့် သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက် ရှေ့ထွက်လာကြသည်။ သူတို့၏ စကားတိုင်းတွင် ယဲ့ဖန်ကို အလွန် အထင်သေးဟန်များ ပါဝင်နေ၏။ ယဲ့ဖန်ကို သူတို့ လက်တစ်ဖက်တည်းဖြင့် သတ်ဖြတ်နိုင်ဟန် ပြောဆိုနေကြသည်။ သူတို့၏ စကားကြောင့် လောကသခင်သုံးပါးက ပို၍ ပီပြင်စွာ ပြုံးလာလေ၏။
“နတ်ဆိုးဧကရာဇ်၊ မင်း ကြားတယ်မလား”
“ငါတို့ နှစ်ပေါင်းများစွာ လေ့ကျင့်ပေးခဲ့တဲ့ စစ်တပ်က အမှိုက်လို့ မင်း ထင်နေတုန်းပဲလား”
လောကသခင်သုံးပါးက ယဲ့ဖန်ကို လှောင်ပြောင်ဟန်ဖြင့် ကြည့်နေကြသည်။ သူတို့နှင့် အခြားသူများသာ ယဲ့ဖန်ဘေးမှ သိုင်းပညာရှင် ခုနစ်ယောက်ကို ဆွဲထားနိုင်ပါက နတ်သခင်အဆင့်များနှင့် ယဲ့ဖန် ရင်ဆိုင်ရလျင် သေချာပေါက် အသတ်ခံရလိမ့်မည်ဟု သူတို့လည်း ယုံကြည်ထားကြသည်။
ထိုအခါ ယဲ့ဖန်က ရယ်မောလေသည်။ ထိုရယ်မောသံက အေးစက်၍ သွေးဆာလွန်းလှသည်။
“မဟုတ်ဘူး၊ အမှိုက်မဟုတ်ဘူး၊ သူတို့က ဒီအတိုင်း … သုံးစားမရတာ”
ထိုစကားကြောင့် လောကသခင် သုံးပါးနှင့် နတ်သခင်အဆင့် သိုင်းပညာရှင်များအားလုံး မျက်နှာပျက် သွားကြသည်။ ထိုစဉ် ယဲ့ဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အနက်ရောင် အရာများက သူ၏အင်္ကျီလက်စတွင်းမှ ထွက်လာသည်။
ထိုအရာများသည် တစ်ခဏအတွင်း ဘောလုံးတစ်လုံး အရွယ်အစားရှိသော အနက်ရောင် ပုရွက်ဆိတ်များအဖြစ် ပြောင်းလဲသွားပြီး နတ်သခင်အဆင့် သိုင်းပညာရှင်စစ်တပ်ထံသို့ ပြေးဝင်သွားသည်။
ထိုပုရွက်ဆိတ်များကို မြင်လိုက်ရသည့်အခါတွင် လောကသခင်သုံးပါးလုံး မျက်နှာ ဖြူရော်သွားပြီး နတ်သခင်အဆင့် သိုင်းပညာရှင် စစ်တပ်တစ်ခုလုံး မှင်တက်သွားလေသည်။
“ဝိညာဉ်စား ပုရွက်ဆိတ်”
နတ်သခင်အဆင့် သိုင်းပညာရှင် အယောက်နှစ်ရာကျော်လုံး ကြက်သီး တဖြန်းဖြန်း ထသွားကြသည်။ အရွယ်ရောက်လုနီးပါး ဖြစ်နေသော ဝိညာဉ်စား ပုရွက်ဆိတ်များကို ကြည့်ပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့် နေသည်။
“သေစမ်း”
သူတို့သည်သာမက လောကသခင် သုံးပါးသည်လည်း အံ့ဩကာ ဒေါသထွက်နေ၏။ အထူးသဖြင့် ထိုဝိညာဉ်စား ပုရွက်ဆိတ်အုံထဲတွင် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ် ရာကျော် ပါနေသည်ကိုမြင်ပြီး တုန်လှုပ် သွားသည်။
ထိုအခိုက်တွင် သူတို့သုံးယောက်လုံး ရှေ့တက်လာပြီး ဝိညာဉ်စား ပုရွက်ဆိတ်များအား ခုခံရန် ပြင်လိုက်သည်။ ထိုစဉ် ဝိညာဉ်နန်းတော်သခင်၊ စံအိမ်သခင်နှင့် ကောင်းကင်သခင်တို့က ဖျတ်ခနဲ လှုပ်ရှား၍ သူတို့လမ်းကို တားဆီး လာ၏။
ဤအဖြစ်ကြောင့် လောကသခင် သုံးပါးလုံး မျက်နှာမည်းမှောင်သွားပြီး ဝိညာဉ်စား ပုရွက်ဆိတ်များက နတ်သခင်အဆင့် သိုင်းပညာရှင်များအား လွှမ်းခြုံသွားသည်ကိုသာ ကြည့်နေလိုက်ရသည်။
“အား … ဝိညာဉ်စား ပုရွက်ဆိတ်တွေ ဘယ်လောက်တောင် ရှိနေတာလဲ”
“အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်တွေ၊ မဖြစ်ရဘူး”
“ငါ့ခြေထောက်တွေ၊ ငါ့လက်၊ မိစ္ဆာကောင်၊ ဒီသောက်ပုရွက်ဆိတ်တွေ …”
“…”
လက်ရှိအချိန်တွင် နတ်သခင်အဆင့် သိုင်းပညာရှင်စစ်တပ်အတွင်း၌ အော်ဟစ်သံများ ထွက်ပေါ်နေ၏။ လူတိုင်း ဝိညာဉ်စား ပုရွက်ဆိတ်တိုင်း၏ ကိုက်ဖြတ်ခြင်း ခံနေရကာ ငယ်သံပါအောင် အော်ဟစ်နေကြသည်။
ထိုဝိညာဉ်စား ပုရွက်ဆိတ်များ၏ ချွန်ထက်သော လက်သည်းများက နတ်သခင်အဆင့် သိုင်းပညာရှင်တိုင်း၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်ကာ ပါးစပ်အပြည့် ကိုက်ဖဲ့နေသည်။ သူတို့၏ အစွယ်များကို ဖွင့်လိုက်ပိတ်လိုက် လုပ်လိုက်တိုင်း အသားစများနှင့် သွေးများ ပဲ့ပါလာသည်။
တစ်ခဏအတွင်းမှာပင် နတ်သခင်အဆင့် သိုင်းပညာရှင် အယောက်နှစ်ရာကျော်လုံး သွေးအလိမ်းလိမ်း ဖြစ်လာကြသည်။ အစောပိုင်းက လောကသခင် တစ်ပိုင်းအဆင့်သို့ အဆင့်တက်သွားသည့် ငါးယောက်ပင် ဆိုးဆိုးရွားရွား အကိုက်ခံနေရသည်။
နောက်ဆုံးတွင် နတ်သခင်အဆင့် သိုင်းပညာရှင်တစ်ယောက်သည် ဝိညာဉ်စား ပုရွက်ဆိတ်များကြောင့် ဦးခေါင်းတစ်ခုလုံး အစားခံလိုက်ရသည်။ ထိုကဲ့သို့ ဖြစ်စဉ်က ဆက်တိုက် ဖြစ်ပေါ်လာသည်။
တစ်ယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ။ နတ်သခင်အဆင့် သိုင်းပညာရှင်များ လျင်မြန်လှသော နှုန်းဖြင့် သေဆုံးနေကြသည်။ မျက်တောင်တစ်ခတ်အတွင်း တစ်ဝက်နီးပါး သေဆုံးသွားသည်။
နတ်ဘုရားတောင်တန်းသည် နတ်သခင်အဆင့် သိုင်းပညာရှင်များ၏ သင်္ချိုင်းမြေ ဖြစ်လာလေ၏။ သူတို့သည် အရိုးပင်မကျန်အောင် အစားခံလိုက်ရသဖြင့် မြေကြီးပေါ်၌ သွေးအိုင်များသာ ကျန်ရစ်ခဲ့သည်။
ဤမြင်ကွင်းကိုကြည့်ပြီး လောကသခင် သုံးပါးလုံး နှလုံးသား၌ သွေးစိမ်းရှင်ရှင် ယိုစီးနေသည်။ ထိုသူတို့၏ သူတို့ များစွာ ရင်းနှီးခဲ့ရသူများဖြစ်သည်။
နတ်သခင်အဆင့် သိုင်းပညာရှင်တစ်ယောက်စီအတွက် နှစ်ပေါင်းများစွာ ကြိုးစား၍ အရင်းအမြစ်များကို အသုံးပြုကာ သေချာကျင့်ကြံစေခဲ့ပြီး နတ်သခင်အဆင့်သို့ ရောက်စေခဲ့သည်။
သို့သော် အသက်တစ်ရှိုက်ရှုလိုက်မိသည့်အခါတိုင်း နတ်သခင်အဆင့် သိုင်းပညာရှင်တစ်ယောက် သေဆုံးနေ ရသည်။ လောကသခင်သုံးပါးသည် ဝင်ကယ်ချင်သော်လည်း ဝိညာဉ်နန်းတော်သခင်နှင့် အခြားနှစ်ယောက်က သူတို့အား နည်းနည်းလေးမှ လွတ်မြောက်ခွင့် မပေးချေ။ ဤသည်ကြောင့် သူတို့ ပို၍အံ့ဩကာ ဒေါသထွက် လာသည်။
ထို့နောက် ငါးမိနစ်ပင် မပြည့်သေးသောအချိန်၌ အော်သံများ တိခနဲ ရပ်တန့်သွားသည်။ လောကသခင် တစ်ပိုင်းအဆင့် ငါးယောက် အပါအဝင် နတ်သခင်အဆင့် သိုင်းပညာရှင် အယောက်နှစ်ရာကျော်လုံး သေဆုံးကာ သွေးအိုင်များသာ ကျန်ရစ်ခဲ့တော့သည်။
လေထုထဲ၌ သွေးနံ့များက လှိုင်လှိုင်ထနေသဖြင့် မသတီစရာ ကောင်းလှသည်။ ဤသည်ကြောင့် ခန်ထျန်း နတ်ဘုရားနှင့် အခြားသူများ မှင်တက်သွားသည်။ နတ်သခင်အဆင့် သိုင်းပညာရှင် အယောက်နှစ်ရာကျော်လုံးက ငါးမိနစ်အတွင်း သေဆုံးသွားကြလေ၏။
လောကသခင်တစ်ပိုင်းအဆင့် ငါးယောက်ပင် အသက်မရှင်ပေ။ ဤသည်က မျိုးနွယ်သုံးခုအတွက် ပြင်းထန်သော ဖြစ်ရပ်တစ်ခုပင်။
“လောကသခင်တို့”
ခန်ထျန်းနတ်ဘုရားနှင့် အခြားသူများ တုန်လှုပ်ခြောက်ခြားလာသည်။ ထိုစဉ် ယဲ့ဖန်က လက်ပြန်လှုပ် လိုက်သောအခါ များစွာသော ဝိညာဉ်စား ပုရွက်ဆိတ်များက ချက်ချင်း ပြန်လှည့်သွားပြီး ယဲ့ဖန်အနောက်၌ ပျံဝဲ၍ ရပ်နေကြသည်။ ထို့နောက် ယဲ့ဖန်က လောကသခင်သုံးပါးကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“မင်းတို့အတွက် ငါ ပြင်ထားတဲ့ လက်ဆောင်ကို သဘောကျရဲ့လား”
ထိုစကားကြောင့် လောကသခင် သုံးပါးလုံး ဒေါသူပုန်ထသွားသည်။ သူတို့ ပြန်ပြောရန် ပြင်လာစဉ်မှာပင် လူရိပ်တစ်ခုက ဤနေရာသို့ လှမ်းလာလေသည်။
*ဒါ … ဒါ နတ်သခင်အဆင့်ပါလား*
လောကသခင် သုံးပါးလုံး မယုံသင်္ကာ ဖြစ်သွားကြသည်။ နတ်သခင်အဆင့် သိုင်းပညာရှင်များက နတ်ဆိုးအဖွဲ့များ နှင့်အတူ ရောက်လာကြသည်ကို သူတို့ တွေ့နေရသည်။ ထိုသူများသည် ရောက်လာသည်နှင့် ယဲ့ဖန်ရှေ့၌ ချက်ချင်း ဒူးထောက်လိုက်ကြသည်။
“ပထမအရှင်သခင် တုကျောင်းရှင်း နတ်ဘုရားနယ်မြေကို ဖျက်စီးပြီးပါပြီ၊ ရွှမ်မူ ပြန်ရောက်လာပါပြီ”
ထိုစကားကြောင့် လောကသခင်သုံးပါးလုံး မျက်နှာပျက်သွားသည်။ သို့သော် ဤသည်မှာ အစသာရှိ ပေသေးသည်။ ဒုတိယမြောက် နတ်သခင်အဆင့် သိုင်းပညာရှင် ရောက်လာလေ၏။
“ပထမ အရှင်သခင် တုလောင် အင်မော်တယ်နယ်မြေကို ဖျက်စီးပြီးပါပြီ၊ တုလောင် ပြန်ရောက်လာပါပြီ”
“ပထမအရှင်သခင် ဖုန်ရွှမ် မကောင်းဆိုးဝါးနယ်မြေအားလုံးကို သုတ်သင်ပြီးပါပြီ၊ ဖုန်ရွှမ် ပြန်လာပါပြီ”
သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြပြီး အားလုံး၏ စကားများက လောကသခင် သုံးပါးအား တုန်လှုပ်သွားစေသည်။
နတ်ဘုရားနယ်မြေ၊ အင်မော်တယ်နယ်မြေ၊ မကောင်းဆိုးဝါးနယ်မြေ။ မျိုးနွယ်သုံးခု၏ နယ်မြေအားလုံး ယခုအခါ၌ ပျက်စီးသွားလေပြီ။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။
Chapter 905 တစ္ဆေချုပ်အပ်
အချိန်တိုအတွင်း၌ ရာချီသော နတ်သခင်အဆင့် သိုင်းပညာရှင်များက ယဲ့ဖန်ထံ ပြန်ရောက်လာသဖြင့် လောကသခင် သုံးပါးလုံး မယုံနိုင် ဖြစ်သွားရသည်။
သူတို့၏ အရှိန်အဝါက လောကသခင် သုံးပါးတို့ လေ့ကျင့်ပေးခဲ့သော နတ်သခင်အဆင့် သိုင်းပညာရှင် နှစ်ရာကျော် တို့ထက် ပို၍ပြင်းထန်လှသည်။ ဤသည်က နတ်ဘုရားမျိုးနွယ်များကို တုန်လှုပ်သွားစေသည်။
“ယန်ဝမ် ဟင်းလင်းပြင်က သိုင်းပညာရှင်တွေ၊ ဒီလူတွေအားလုံးက ယန်ဝမ် ဟင်းလင်းပြင်က သိုင်းပညာရှင် တွေပဲ”
လောကသခင်သုံးပါးတို့သည် အချိန်အတော်ကြာအောင်ပင် မစဉ်းစားလိုက်ရဘဲ ဤလောက၌ ယခုကဲ့သို့ များပြားသော သိုင်းပညာရှင်များ ရှိနေနိုင်သော နေရာသည် ယန်ဝမ် ဟင်းလင်းပြင်တစ်ခုတည်းသာ ရှိသည်ကို သူတို့ ရိပ်စားမိသွားကြသည်။
ယခုအချိန်၌ လောကသခင်သုံးပါးလုံး ခိုက်ခိုက်တုန်ကာ ခြောက်ခြားနေ၏။ ယဲ့ဖန်က ဤမျှ များပြားသော ယန်ဝမ် ဟင်းလင်းပြင်က သိုင်းပညာရှင်များကို မည်သို့ သိမ်းသွင်းလိုက်သလဲ သူတို့ မတွေးဝံ့ကြချေ။
“မိတ်ဆွေတို့၊ ခင်ဗျားတို့ ဘာလို့ ဒီလူကို ကူညီနေရတာလဲ”
“ဒီလူက နတ်ဆိုးတစ်ကောင်ပဲ၊ သူ လုပ်ချင်တာက ဒီစကြဝဠာကြီးကို ကြီးစိုးပြီး လူတွေကို ဖိနှိပ်ချင်တာပဲ၊ သူက ကောက်ကျစ်ယုတ်မာတဲ့ နတ်ဆိုးဧကရာဇ် ပြန်ဝင်စားလာတဲ့လူ၊ ခင်ဗျားတို့က မိစ္ဆာဘက်မှာ ဝင်ပါနေမိတာ”
အရှင်ထျန်းကျစ်က သုန်မှုန်နေသော အမူအရာဖြင့် ပြောလေသည်။ နတ်သခင်အဆင့် သိုင်းပညာရှင် စစ်တပ်ကြီးအား ဆုံးရှုံးလိုက်ရခြင်းက သူတို့အတွက် ပြင်းထန်သော ထိခိုက်မှုတစ်ခုပင်။
ထို့အပြင် ယဲ့ဖန်ဘက်၌ ကူညီပေးမည့် ယန်ဝမ် ဟင်းလင်းပြင်က သိုင်းပညာရှင်များ များပြားစွာ ရှိနေသဖြင့် သူတို့ ရင်လေးလာကြသည်။
သူ့စကားကြောင့် ယန်ဝမ် ဟင်းလင်းပြင်က သိုင်းပညာရှင်များက အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် အရှင်ထျန်းကျစ်ကို လှမ်းကြည့်လိုက်သည်။
“မိတ်ဆွေတို့၊ ခင်ဗျားတို့ ဆန္ဒရှိမယ်ဆိုရင် ကျုပ်တို့အဖွဲ့နဲ့ လာပူးပေါင်းလို့ ရတယ်”
“နတ်ဆိုးတွေကို အောင်အောင်မြင်မြင် နှိမ်နင်းပြီးတာနဲ့ အနာဂတ်မှာ ကျုပ်တို့မျိုးနွယ်သုံးခုက ယန်ဝမ် ဟင်းလင်းပြင်နဲ့ ဒီစကြဝဠာကို မျှဝေနေထိုင်မှာပါ”
ထိုစကားကြောင့် ခန်ထျန်း နတ်ဘုရားနှင့် အခြားသူများ မှင်တက်သွားသည်။
*စကြဝဠာကို မျှမျှတတ ခွဲဝေနေထိုင်မယ်တဲ့လား*
သူတို့အားလုံး အရှင်ထျန်းကျစ်ကို အလန့်တကြား လှမ်းကြည့်လိုက်မိသည်။ ထို့နောက် လောကသခင် သုံးပါးလုံး အကျပ်ရိုက်နေသည်ကို သူတို့ နားလည်သွားကြသည်။ ထိုသို့သာ မဖြစ်ပါက သူတို့၏ လောဘကြီးတတ်သော စရိုက်အရ မည်သူမဆိုနှင့် ခွဲဝေနေထိုင်ရန် မဖြစ်နိုင်ပေ။
“ပြောလို့ပြီးပြီလား”
ထိုစဉ် ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများက အထင်သေးဟန်ဖြင့် သရော်ပြုံး ပြုံးနေကြသည်။
“မင်းရဲ့ တခြားနေရာကလူတွေကို မက်လုံးပေးတဲ့ နည်းက အမှိုက်ဆန်လွန်းတယ်လို့ ပြောရမှာပဲ”
ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများက ယဲ့ဖန်အား အလွန် လေးစားကြည်ညိုသော အကြည့်များဖြင့် လှမ်းကြည့် လိုက်သည်။
“သူက ငါတို့ဘိုးဘေးတွေ နှစ်သန်းချီ စောင့်ဆိုင်းနေခဲ့တဲ့ ယန်ဝမ်ဟင်းလင်းပြင်ရဲ့ ပထမ အရှင်သခင်ပဲ”
“မင်း စကားနည်းနည်းလေး ပြောလိုက်ရုံနဲ့ အရာအားလုံးကို ပြောင်းလဲနိုင်မယ်လို့ ထင်နေတာလား”
“မင်းခေါင်းတော့ သွက်သွက်ခါနေပြီထင်တယ်၊ အရူး”
ဝိညာဉ်နန်းတော်သခင်၏ စကားများက ပြတ်သား၍ အညှာအတာ ကင်းမဲ့လှသဖြင့် အရှင်ထျန်းကျစ်၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားလေသည်။ ကျန်လူများသည်လည်း အထိတ်တလန့် ဖြစ်သွားကြသည်။
*နှစ်သန်းချီစောင့်နေတဲ့သူတဲ့လား*
*ယန်ဝမ်ဟင်းလင်းပြင်ရဲ့ ပထမ အရှင်သခင်တဲ့လား*
တိကျူးနှင့် ရွှမ်ကျူးတို့ ရူးသွပ်နေသော အမူအရာမျိုးဖြင့် အော်ဟစ်လာသည်။
“အရှင်ထျန်းကျစ် အရေးမပါတာတွေ ပြောမနေပါနဲ့တော့၊ ဒီလူတွေက နတ်ဆိုးဧကရာဇ်နောက် လိုက်နေပြီးပြီပဲ၊ သုံးစားမရတော့ဘူး”
ထိုစကားအဆုံး၌ လောကသခင် သုံးပါးက တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်သည်။ ထို့နောက် သူတို့၏ အမူအရာက ခက်ထန် ကြမ်းကြုတ်လာသည်။
“ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ … တိုက်ကြတာပေါ့”
ထိုသို့ပြောပြီးနောက် လောကသခင်သုံးပါးဖြစ်သော ထျန်းကျစ်၊ တိကျူးနှင့် ရွှမ်ကျူးတို့က ဝိညာဉ်နန်းတော် သခင်တို့ သုံးယောက်ထံသို့ ပြေးဝင်သွားသည်။ ထို့နောက်တွင်မူ လောကသခင်အဆင့် ခြောက်ယောက်တို့၏ ပြင်းထန်သော တိုက်ပွဲတစ်ပွဲ စတင်လေတော့သည်။
နတ်ဘုရားတောင်တန်း အထက်မှ ကောင်းကင်ယံတစ်ခုလုံး ပေါက်ကွဲပျက်စီးလာသည်။ လေဟာနယ်များ ပေါက်ကွဲကာ ဗလာနတ္ထိ အပိုင်းအစများ လွင့်ပျံလာ၏။
ကောင်းကင်သခင်နှင့် ထျန်းကျစ်၊ ဝိညာဉ်နန်းတော်သခင်နှင့် တိကျူး၊ စံအိမ်သခင်နှင့် ရွှမ်ကျူး စသဖြင့် အသီးသီး တိုက်ခိုက်နေကြသည်။ တစ်ယောက်ချင်းစီ၏ တိုက်ခိုက်မှုတိုင်း၌ စကြဝဠာ၏ တာအိုသဘောတရားများ ပါဝင်နေကာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ကောင်းကင်ယံက ပေါက်ကွဲပျက်စီးလာသည်ကို ကြည့်ပြီး ကျန်လူများ မျက်ခုံးလှုပ်နေကြသည်။ ထိုလူခြောက်ယောက် အောက်တွင် ကိုယ့်ကိုယ်ကိုယ် ပုရွက်ဆိတ်တမျှ အားနည်းလှသည်ဟု ခံစားမိနေ၏။ ထိုခြောက်ယောက်လုံး၏ တိုက်ခိုက်မှုတိုင်းက လူပေါင်းများစွာကို သေစေနိုင်ပုံရသည်။
“ဒါ လောကသခင်တို့ရဲ့ တိုက်ပွဲလား”
ခန်ထျန်းနတ်ဘုရား၏ နဖူးမှ ချွေးစေးများ စီးကျနေသည်။ သူ၏ နတ်ဘုရား အသိစိတ်အာရုံဖြင့် ထိုတိုက်ပွဲကို မြင်နေရသောကြောင့် တုန်လှုပ်ခြောက်ခြားလာလေသည်။ ဤတိုက်ပွဲသည် သူ မြင်ဖူးသမျှထဲတွင် တုန်လှုပ်ဖွယ် အကောင်းဆုံး တိုက်ပွဲ ဖြစ်သည်။
ကျန်လူများအားလုံးလည်း ပိုမိုထိတ်လန့်နေကြသည်။ အထူးသဖြင့် ဝိညာဉ်နန်းတော်သခင်တို့ သုံးယောက်၏ တိုက်ပွဲဝင် ခွန်အားက ပိုမို ပြင်းထန်နေသည်ကို သူတို့ တွေ့လိုက်ရသည်။
ထိုသူသုံးယောက်က လောကသခင် သုံးပါးကို ဖိနှိပ်ထားပြီး တိုက်ပွဲဝင်ခွန်အားချင်းကလည်း ယှဉ်မရ ဖြစ်နေသည်။ လက်ရှိအချိန်၌ လောကသခင်သုံးပါးလုံး ရှုံးနိမ့်တော့မလို ဖြစ်လာ၏။
အရှင်ရွှမ်ကျူးသည် တိုက်ခိုက်နေစဉ်တွင် နောက်လှည့်၍ ရှောင်တိမ်းရန် ပြင်လိုက်သဖြင့် သူ၏ကျောပေါ်သို့ စံအိမ်သခင်၏ လက်သီးချက် ကျရောက်သွားသည်။
ဂျွတ်!
ရွှမ်ကျူး၏ ကျောမှ အရိုးများအားလုံး ကျိုးကြေကာ ခန္ဓာကိုယ်၌ ဟောင်းလောင်းပေါက်တစ်ခု ဖြစ်ပေါ်လာသည်။ ဤအဖြစ်ကြောင့် သူ့မျက်နှာက စက္ကူကဲ့သို့ ဖြူရော်သွားသည်။ သို့သော် သူ နောက်ဆုတ်လိုက်ချိန်မှာပင် ဝိညာဉ်နန်းတော်သခင်က တိကျူးကို တိုက်ခိုက်ရင်းနှင့် ရွှမ်ကျူး၏ ပခုံးအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဂျွတ်!
သွေးများ ပန်းထွက်လာပြီး အရှင်ရွှမ်ကျူး ငယ်သံပါအောင် အော်ဟစ်လိုက်မိသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်နေ၏။ ဤသည်ကိုမြင်ပြီး အရှင်ထျန်းကျစ်နှင့် တိကျူးတို့ မျက်နှာပျက်သွားသည်။
“အချိန်ဆွဲနေလို့ မဖြစ်တော့ဘူးပဲ”
အရှင်ထျန်းကျစ်နှင့် တိကျူးတို့ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်မိသည်။ သူတို့သုံးယောက်နှင့် ယန်ဝမ် ဟင်းလင်းပြင်မှ လောကသခင်အဆင့် သုံးယောက်တို့၏ ခွန်အားက ကွာဟချက် ကြီးမားနေသည်ကို ရိပ်မိလာသည်။
တစ်ဖက်လူသည် ယန်ဝမ် ဟင်းလင်းပြင်၌ နှစ်ပေါင်းများစွာ နေထိုင်၍ ကျင့်ကြံခဲ့သူများ ဖြစ်ကာ တိုက်ပွဲဝင် ခွန်အားက ထိတ်လန့်ဖွယ် ကောင်းလွန်းနေ၏။ သူတို့သာ ဆက်တိုက်နေပါက သုံးယောက်လုံး ကျဆုံးသွား လောက်သည်။
လက်ရှိတွင် အရှင်ထျန်းကျစ်နှင့် တိကျူးတို့က ကောင်းကင်သခင်နှင့် ဝိညာဉ်နန်းတော်သခင်တို့ လက်မှ မြန်မြန်ရှောင်တိမ်း၍ ရွှမ်ကျူးအနားသို့ ကပ်သွားသည်။ ထို့နောက် သုံးယောက်သား ယဲ့ဖန်ကို စူးစိုက်ကြည့် လာသည်။
“နတ်ဆိုးဧကရာဇ်၊ ငါတို့သုံးယောက်က မင်းအတွက် လက်ဆောင်တစ်ခုကို နှစ်ပေါင်းများစွာ ပြင်လာခဲ့တာ”
“အဲ့လက်ဆောင်ကို အခု ကြိုထုတ်ပေးရမှာ နှမြောစရာပဲ”
လောကသခင် သုံးပါးလုံး အရှက်ရကာ ရူးမတတ် ဖြစ်နေကြသည်။ သူတို့စကားကြောင့် လူတိုင်း အံ့ဩသွားပြီး မျက်မှောင်ကြုတ်သွားသည်။
*လက်ဆောင်တဲ့လား*
ထိုစကားမှ ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုကို သူတို့ ရနေသည်။
“တစ္ဆေချုပ်အပ် ထွက်လာခဲ့စမ်း”
အရှင်ထျန်းကျစ်၏ အော်သံနှင့်အတူ လောကသခင် သုံးပါးလုံး၏ နဖူးအလယ်မှနေ၍ အနီရောင် အလင်းတန်းတစ်ခု ဖြာထွက်လာသည်။ ထုိ့နောက် နတ်ဘုရားတောင်တန်းတစ်ခုလုံး အရည်ပျော်ကျ လာသည်ကို အားလုံး ထိတ်လန့်ကြား တွေ့လိုက်ရသည်။
အေးစက်သော အငွေ့အသက်တစ်ခုက တောင်တန်းတစ်ခုလုံးသို့ ပျံ့လွင့်လာသည်။ အရှင်ထျန်းကျစ်၏ နတ်ဘုရားတောင်တန်း၊ အရှင်တိကျူး၏ နတ်ဘုရားတောင်တန်းနှင့် အရှင်ရွှမ်ကျူးတို့၏ နတ်ဘုရား တောင်တန်းတို့သည် အရည်ပျော်ကျကာ သွေးကဲ့သို့ ရဲရဲနီသော အပ်ချောင်းများအဖြစ် ပြောင်းလဲသွားသည်။
ဤသည်ကိုမြင်ပြီး နတ်ဆိုးမျိုးနွယ်များ မျက်နှာပျက်သွားသလို ယဲ့ဖန်တောင်မှ မျက်ခုံးလှုပ်သွားလေသည်။
“တစ္ဆေချုပ်အပ်၊ ဒါက မျိုးနွယ်စု သုံးခုရဲ့ ဒဏ္ဍာရီလာ ပထမဆုံး နတ်ဘုရားလက်နက် မဟုတ်လား”
လွန်ခဲ့သော နှစ်ပေါင်းများစွာက စကြဝဠာထဲ၌ နတ်ဘုရား၊ အင်မော်တယ်နှင့် မကောင်းဆိုးဝါးဟူ၍ မျိုးနွယ်သုံးခု မရှိခဲ့သေးပေ။ သို့သော် စကြဝဠာ၏ နက်ရှိုင်းသော တစ်နေရာမှ လူသုံးယောက် ထွက်ပေါ်လာခဲ့သည်။ တစ်ယောက်ချင်းစီက အပ်တစ်ချောင်းစီကို ကိုင်ထားကြသည်။ သူတို့၏ အပ်ဖြင့် တစ်ချက်ထိုးနှက်လိုက်သည်နှင့် အလောင်းများ အသီးသီး ပုံသွားခဲ့သည်။
ထိုသူသုံးယောက်သည် စကြဝဠာထဲ၌ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်လာခဲ့သည်။ ထို့နောက်တွင်မူ ထိုလူ သုံးယောက်သည် မျိုးနွယ်စုသုံးခု၏ ပထမဆုံးသော ဘိုးဘေးများ ဖြစ်လာလေသည်။ ထို့အတူ ထိုအပ်များ သည်လည်း တစ္ဆေချုပ်အပ်ဟူ၍ ကျော်ကြားလာသည်။ မျိုးနွယ်သုံးခုလုံး၏ ပထမဆုံး နတ်ဘုရားလက်နက်ဟူ၍ လူသိများသည်။
မျိုးနွယ်သုံးခု၏ ပထမဆုံးသော ဘိုးဘေးများသည် ထိုအပ်များအပေါ် အမှီပြု၍ နတ်ဘုရား၊ အင်မော်တယ်နှင့် မကောင်းဆိုးဝါး ဟူသော မျိုးနွယ်သုံးခုကို ဖန်တီး၍ စကြဝဠာထဲ၌ နှစ်ထောင်ချီ ကြီးစိုးခဲ့သည်။
ထို့အပြင် ထိုတစ္ဆေချုပ်သည် ယင်ယန်လောကမှ ရောက်လာခြင်း ဖြစ်ပြီး ယင်ယန်လောကမှ သိုင်းပညာရှင်များက ရှေးဟောင်းမိစ္ဆာအပ်ဟု ခေါ်ဆိုကြသည်ဟုလည်း ယဲ့ဖန် ကြားဖူးသည်။
မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်က မရေတွက်နိုင်လောက်သော တိုက်ပွဲများ ဖြစ်ခဲ့သဖြင့် မျိုးနွယ်သုံးခု၏ ပထမဆုံးသော ဘိုးဘေးများ ကျဆုံးသွားခဲ့ပြီး တစ္ဆေချုပ်အပ်များလည်း ပျောက်ကွယ်သွားခဲ့သည်။
ထိုတစ္ဆေချုပ်အပ်က ပျောက်သွားခြင်း မဟုတ်ဘဲ နတ်ဘုရား တောင်တန်း၌ ဖွက်ထားပြီး လောကသခင်သုံးပါးက နှစ်ချီ၍ မွမ်းမံသန့်စင်နေလိမ့်မည်ဟု ယဲ့ဖန်နှင့် အခြားသူများအားလုံး ထင်မထားမိပေ။
Chapter 906 မျိုးနွယ်စုသုံးခု၏ ပထမဆုံး ဘိုးဘေးများ
“သတိထား”
ယဲ့ဖန် မျက်နှာပျက်သွားပြီး ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူနှစ်ယောက်ကို အလျင်အမြန် သတိပေး လိုက်သည်။ သူ့စကားအဆုံးမှာပင် ဝိညာဉ်နန်းတော်သခင်၊ ကောင်းကင်သခင်နှင့် စံအိမ်တို့သည် မရဏ အငွေ့အသက် လွှမ်းခြုံလာသည်ဟု ခံစားမိသွားသည်။
ရှေးခေတ်က ကြောက်စရာကောင်းသော သားရဲများ နိုးထလာသည်ဟု ခံစားမိပြီး သုံးယောက်သား ကြက်သီးထ သွားသည်။
“ရှောင်တော့”
သုံးယောက်လုံး တွေဝေမနေဘဲ ရပ်နေရာမှာ ဘေးသို့ အလျင်အမြန် ရှောင်တိမ်းကြသည်။
ဝှစ်! ဝှစ်! ဝှစ်!
ထိုအချိန်မှာပင် အနီရောင် အလင်းတန်းသုံးခု ဖြတ်ပြေးသွားပြီး ဝိညာဉ်နန်းတော်သခင်တို့ သုံးယောက်ထံမှ သွေးများ ပန်းထွက်လာသည်။
ထိုတစ္ဆေချုပ်အပ် သုံးချောင်းက အလွန်လျင်မြန်လှပြီး ဝိညာဉ်နန်းတော်သခင်တို့ သုံးယောက်၏ ရင်ဘတ်ထဲသို့ ဖောက်ဝင်သွားသည်။
ထို့အပြင် တစ္ဆေချုပ်အပ်ကြောင့် ဖြစ်လာသော ဒဏ်ရာတွင် တာအိုသဘောတရားများ ပါဝင်နေရပုံရကာ ကုသရန် ခက်ခဲလှပြီး ဒဏ်ရာက လျင်မြန်စွာ ပျံ့နှံ့လာသည်။
“သေစမ်း”
ဝိညာဉ်နန်းတော်သခင်တို့ သုံးယောက်လုံး မျက်နှာပျက်နေကြသည်။ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားစွမ်းအင်များ ကုန်ခမ်းနေသည်ကို သူတို့ ခံစားမိသည်။ ဒဏ်ရာက သူတို့၏ စွမ်းအင်များကို စုပ်ယူနေသည့်ပုံပင်။ ဤအဖြစ်ကြောင့် သုံးယောက်သား စိတ်လေးသွားသည်။
“ဝှက်ဖဲ ထုတ်သုံးရမယ့်အချိန်ပဲ”
ဝိညာဉ်နန်းတော်သခင်က အော်ပြောလိုက်ပြီး လက်တစ်ဖက်ကိုလှုပ်ကာ သံကြိုးတစ်ခုကို ထုတ်လိုက်သည်။ ထိုသံကြိုး၌ မသေမျိုးဝိညာဉ်များ ပါဝင်နေသည်။
ထိုသံကြိုးသည် ဝိညာဉ်နန်းတော်ခန်းမ၏ ရတနာဖြစ်သော ဝိညာဉ်ချုပ်သံကြိုးဖြစ်သည်။ ထိုသံကြိုးနှင့်ဆိုလျင် စိတ်ဝိညာဉ်ပါသော နတ်ဘုရားလက်နက်သာမက သိုင်းပညာရှင်၏ စိတ်ဝိညာဉ်ကိုပါ ချုပ်နှောင်၍ သတ်ဖြတ် နိုင်၏။
သူသည်သာမက ဘေးနားမှ စံအိမ်သခင်ကလည်း တစ္ဆေတုတ်ကို ထုတ်လိုက်သည်။ ထိုတုတ်နှင့်သာ ရိုက်ချလိုက်ပါက မြေအောက်ဘုံ စံအိမ်တစ်ခုလုံး ပျက်စီးသွားနိုင်သည်။ ထိုတုတ်မှနေ၍ အန္တရာယ် ပေးနိုင်သော အရှိန်အဝါများ ပျံ့လွင့်နေသည်။
ထို့အတူ ကောင်းကင်သခင်သည်လည်း မိုးကောင်းကင် ရောင်ခြည် အဖွဲ့အစည်း၏ ထိပ်တန်းရတနာဖြစ်သော သွေးအရိပ် ရေခဲဓားကို ထုတ်လာသည်။ ထိုဓားဖြင့် လောကအား ဖြတ်တောက်နိုင်စွမ်း ရှိသည်။
ထိတ်လန့်ဖွယ် နတ်ဘုရားလက်နက် သုံးခုကြောင့် ခန်ထျန်း နတ်ဘုရားနှင့် အခြားသူများ ချွေးပြန်သွားသည်။ ထိုနတ်ဘုရား လက်နက်သုံးခုမှ အငွေ့အသက်ကို သူတို့ ခံစားမိသည်။ လက်နက်တစ်ခုချင်းစီဟာ မဟာနတ္ထိ ရှေးဧကရာဇ် ခေတ်အခါက ထိပ်တန်း ရတနာများ ဖြစ်လေသည်။ လောကသခင် သုံးပါးတောင်မှ မျက်ခုံးလှုပ် လာ၏။
“ကောင်းပြီလေ၊ ဒီလိုဆိုလည်း မင်းတို့ ထိပ်တန်းရတနာကပဲ သန်မာမလား ဒါမှမဟုတ် ငါတို့ ဝိညာဉ်ချုပ်အပ်ကပဲ သန်မာမလား စမ်းကြည့်ရတာပေါ့”
လောကသခင် သုံးပါးက နဖူးမှနေ၍ အနီရောင် အလင်းတန်းတစ်ချို့ ထပ်မံ၍ ထုတ်လွှတ်လိုက်သည်။ ထိုအခါ သွေးကဲ့သို့ နီရဲသော အပ်သုံးချောင်းက ဝိညာဉ်နန်းတော်သခင်တို့ သုံးယောက်ထံသို့ ပြေးဝင်လာသည်။
ဝိညာဉ်ချုပ်အပ်သည် လေဟာနယ်ကို ထိုးခွင်း၍ ဝိညာဉ်နန်းတော်သခင်တို့ သုံးယောက်ရှေ့သို့ ချက်ချင်း ရောက်လာသည်။
“ချုပ်နှောင်စမ်း”
ဝိညာဉ်နန်းတော်သခင်က ခက်ထန်သော မျက်နှာထားဖြင့် လက်ထဲမှ ဝိညာဉ်ချုပ်သံကြိုးကို လွှဲယမ်း၍ ဝိညာဉ်ချုပ်အပ်အား ရိုက်ချလိုက်သည်။ ထိုအခါ ဝိညာဉ်ချုပ်သံကြိုးထံမှ စုတ်ဖြဲသံ ထွက်လာသည်။ ဝိညာဉ်ချုပ်အပ် အတွင်းမှ စိတ်ဝိညာဉ်က အသက်ဝင်နေသည့်ပုံပင်။
သူသည်သာမက စံအိမ်သခင်ကလည်း လက်ထဲမှ တစ္ဆေတုတ်ဖြင့် ဒုတိယမြောက် ဝိညာဉ်ချုပ်အပ်ကို ရိုက်ချ လိုက်သည်။ ကောင်းကင်သခင်သည်လည်း လက်ထဲမှဓားဖြင့် ဝိညာဉ်ချုပ်အပ်ကို ခုတ်ပိုင်းလေသည်။
ချွင်! ချွင်! ချွင်!
သံသံချင်း ရိုက်မိသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ယန်ဝမ် ဟင်းလင်းပြင်မှ ထိပ်တန်း နတ်ဘုရားလက်နက် သုံးခုက ဝိညာဉ်ချုပ်အပ်သုံးချောင်းနှင့် အပြင်းအထန် တိုက်ခိုက်နေသည်ကို အားလုံး အလန့်တကြား တွေ့နေရသည်။
တိုက်ပွဲ၏ အရှိန်အဝါများ ပျံ့လွင့်လာသဖြင့် အားလုံး နောက်ဆုတ်နေရသည်။ ထိုအရှိန်အဝါနှင့်ပင် အားလုံးကို ရှင်းလင်းနိုင်သည်ဟု ခံစားနေရ၏။
“အောင်မြင်တော့မှာပါလား”
ဝိညာဉ်နန်းတော်သခင်တို့ သုံးယောက်လုံး စိတ်အေးစပြုလာသည်။ နတ်ဘုရားလက်နက်နှင့် တိုက်ခိုက်နေချိန်တွင် ဝိညာဉ်ချုပ်အပ်များ၏ အရှိန်က နှေးသထက် နှေးလာသည်ကို သူတို့ သတိပြုမိသည်။
ဝိညာဉ်ချုပ်သံကြိုးက ဝိညာဉ်ချုပ်အပ်ကို ချုပ်နှောင်နိုင်မည့်ပုံ ပေါ်လာသလို တစ္ဆေတုတ်ကလည်း ဒုတိယမြောက် ဝိညာဉ်ချုပ်အပ်ကို ရိုက်ချိုးနိုင်တော့မည့်ပုံ ပေါ်လာ၏။ ထို့အတူ သွေးအရိပ် ရေခဲဓားကလည်း တတိယမြောက်အပ်ကို ဖျက်ဆီးနိုင်လာတော့မည်။
ထိုအခါ ဝိညာဉ်နန်းတော်သခင်တို့ သုံးယောက်သုံး စိတ်အေးလာ၏။ သို့သော် လောကသခင် သုံးပါးက လှောင်ရယ် ရယ်လေသည်။
“စုစည်းစမ်း”
သုံးယောက်လုံး လက်ညှိုးညွှန်၍ ဟစ်အော်လိုက်သည်။ ထိုအခါ ဝိညာဉ်ချုပ်အပ် သုံးချောင်းက တုန်ခါသွားပြီး ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထိုအပ်များ ပြန်ပေါ်လာချိန်တွင် အပ်သုံးချောင်းက ပြန်ပေါင်းစပ်သွားပြီး တစ်ပေမျှ ရှည်သော အပ်တစ်ချောင်း ဖြစ်သွားသည်။
ထိုအပ်ထိပ်သည် အလွန် ချွန်ထက်လှပြီး မလှုပ်ရှားဘဲ ရှိနေလျင်တောင်မှ လေဟာနယ်ကို ထိုးခွင်းနိုင်ပုံ ပေါ်နေသည်။ ထို့နောက် ယန်ဝမ် ဟင်းလင်းပြင်မှ နတ်ဘုရားလက်နက်သုံးခုထံ ပြေးဝင်လာသည်။
“မကောင်းတော့ဘူး၊ မြန်မြန် ပြန်သိမ်းတော့”
ဝိညာဉ်နန်းတော်သခင်တို့ သုံးယောက်သည် ထိုအပ်ထိပ်မှ ဖိအားကို ခံစားမိပြီး ရတနာများကို ပြန်သိမ်းရန် ပြင်သော်လည်း နောက်ကျသွားလေပြီ။
ဂျွတ်ခနဲ အသံထွက်ပေါ်လာပြီး တစ်ပေမျှရှိသော အပ်ထိပ်က ဝိညာဉ်ချုပ်သံကြိုးကို ချက်ချင်း ဖျက်ဆီး သွားသည်။ ဝိညာဉ်ချုပ် သံကြိုးထဲသို့ အပ်ဖောက်ဝင်သွားသည်နှင့် သံကြိုးပေါ်၌ အက်ရာများ ထင်လာပြီး တစ်စစီ ပျက်စီးသွား လေသည်။
“သေစမ်း”
ဝိညာဉ်နန်းတော်သခင် ခြောက်ခြားသွားပြီးနောက် သွေးတစ်လုပ်အန်မိသွားသည်။ သူ၏ စိတ်ဝိညာဉ်ပါ ဒဏ်ရာရ သွားလေ၏။ ဤသည်မှာ အစသာ ရှိပေသေးသည်။ တစ်ပေမျှ ရှည်သော အပ်က ယခင်ထက် ဆယ်ဆ ပိုမြန် လာသည်။
အားလုံး ပြန်မတုံ့ပြန်နိုင်ခင်မှာပင် တစ္ဆေတုတ်နှင့် သွေးအရိပ် ရေခဲဓားကိုပါ ဖျက်ဆီးလိုက်သဖြင့် နတ်ဘုရား လက်နက် နှစ်ခုလုံး အက်ရာထင်လာပြီး ပျက်စီးသွားသည်။
ဤအဖြစ်ကြောင့် ဝိညာဉ်နန်းတော်သခင်တို့ သုံးယောက်လုံး စိတ်ဝိညာဉ်ပါ ထိခိုက်ဒဏ်ရာရကာ သွေးများ အန်လေတော့သည်။ အားလုံး ထိတ်လန့်နေစဉ်မှာပင် အပ်ထံမှ ကောက်ကျစ်သော အသံများ ထွက်ပေါ်လာ၏။
“ဟားဟားဟား …. နှစ်တွေ ဒီလောက် ကြာနေပြီးမှ ဒီဘိုးဘေး ပြန်လည်မွေးဖွားလာပါလား”
“ဟဲဟဲ … ကြည့်ရတာ ငါ့မျိုးနွယ်ရဲ့ ကပ်ဘေးက ရောက်လာပြီထင်တယ်”
“ဟမ့် … ဒီလောကက လူတွေ ငါတို့ဘိုးဘေးသုံးယောက်ကို မှတ်မိသေးရဲ့လား”
ထိုအသံသုံးသံ ထွက်လာချိန်တွင် ယဲ့ဖန်နှင့် အခြားသူများအားလုံး အမူအရာ ပြောင်းလဲသွားသည်။
*ဘိုးဘေးတဲ့လား*
ထို့နောက် ဝိညာဉ်ချုပ်အပ်က အလွန် ကြောက်စရာကောင်းနေရသည့် အကြောင်းရင်းမှာ ပထမ ဘိုးဘေးများ၏ စိတ်ဝိညာဉ်များကို ထည့်သွင်းထား၍ ဖြစ်ကြောင်း နားလည်သွားကြသည်။
လောကသခင် သုံးပါး အပါအဝင် ခန်ထျန်းနတ်ဘုရားနှင့် အခြားသူများက အလန့်တကြား မြေကြီးပေါ် ဒူးထောက်၍ နှုတ်ဆက်လေသည်။
“နောက်မျိုးဆက်ကလေးများက ပထမမျိုးဆက် ဘိုးဘေးတို့ကို ဂါဝရပြုပါတယ်”
တစ်ချိန်က မျိုးနွယ်သုံးခုလုံး ဘေးဒုက္ခကျရောက်ချိန်တွင် ဘိုးဘေးသုံးယောက်လုံးက အသက်မကုန်ခင် စိတ်ဝိညာဉ်များကို ခန္ဓာကိုယ်မှထုတ်၍ ဝိညာဉ်ချုပ်အပ်ထံ သွင်းကာ ပေါင်းစပ်ခဲ့သည်။ ထို့နောက် မျိုးနွယ်၏ ကပ်ဘေး ဟောကိန်း ကျရောက်လာမည့် အချိန်ကို စောင့်နေလိုက်တော့သည်။ သို့မှသာ ဟောကိန်းမှ အန္တရာယ် ကျရောက်လာချိန်တွင် သူတို့၏ မြေးမြစ်များကို ကူညီနိုင်မှာ ဖြစ်သည်။
“ဘိုးဘေးတို့ ကျွန်တော်တို့ မျိုးနွယ်စု ကပ်ဘေးက တကယ် ဖြစ်လာပါပြီ၊ ဒီမျိုးဆက်ငယ်များက ဘိုးဘေးကို သူတို့ကို ရှင်းလင်းပေးဖို့ တောင်းဆိုပါတယ်”
အရှင်ထျန်းကျစ်၏ စကားက ရက်စက်လှသည်။ သူ့စကားကြောင့် ဝိညာဉ်ချုပ်အပ်ထံမှ ရယ်သံ ထွက်ပေါ် လာသည်။ ထိုအသံက အားလုံးကို ခေါင်းမွေးထောင်သွားနိုင်စေလောက်သည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
“ဒီအဘိုးကြီးသုံးယောက်က ဒီလိုနေ့မျိုး ရောက်လာဖို့ နှစ်ပေါင်းများစွာ အထီးကျန်မှုကို တောင့်ခံခဲ့ရတာ”
“မင်းက ဒုက္ခပေးမယ့်သူလား၊ ဒါဆို မင်း သေလို့ရပြီ”
ထိုအသံအဆုံး၌ တစ်ပေမျှရှည်သော အပ်က လှစ်ခနဲ ပျောက်ကွယ်သွားသည်။
“မကောင်းတော့ဘူး၊ ပထမ အရှင်သခင်ကို ကာကွယ်ကြ”
ဝိညာဉ်နန်းတော်သခင်တို့ သုံးယောက်က ကြောက်လန့်တကြား အော်၍ သတိပေးလိုက်သည်။