အခန်း (၉၀၇-၉၀၉)
Vol. 61 Ch. 907-909
Chapter 907 ဒါ အကုန်ပဲလား
“အရှင်သခင်ကို ကာကွယ်ကြ”
ဝိညာဉ် နန်းတော်သခင်၊ စံအိမ်သခင်နှင့် ကောင်းကင်သခင်တို့ သုံးယောက်လုံးသည် လှစ်ခနဲ ပြေးလာပြီး သေစေနိုင်သော အပ်ချောင်းရှိရာသို့ ပြေးလာလေသည်။ ထိုအခါ အပ်ချောင်းထံက အထင်သေးသော အသံ ထွက်ပေါ်လာသည်။
“တားချင်တယ်လား၊ သေချင်နေတာပဲ”
အပ်ထိပ်မှနေ၍ အလင်းတန်းများ ဖြာထွက်လာပြီး ကြောက်လန့်ဖွယ်ကောင်းသော ဖိအားတစ်ခုက ဝိညာဉ် နန်းတော်သခင်တို့ သုံးယောက်ထံ ပျံ့လွင့်လာသည်။
ဝိညာဉ်နန်းတော်သခင်တို့ သုံးယောက်လုံးထံမှ သွေးများ ပန်းထွက်လာသည်။ သုံးယောက်လုံး၏ ကိုယ်ထဲသို့ အပ်က ထိုးဖောက်သွားသဖြင့် သူတို့ ဒဏ်ရာ အပြင်းအထန် ရကာ သွေးအန်လေသည်။
“ပထမ အရှင်သခင် ပြေးပါတော့”
ဝိညာဉ်နန်းတော်သခင်တို့ သုံးယောက်လုံးသည် ဒဏ်ရာက သူတို့၏ အသက်ဓာတ်ကို ဝါးမျိုနေသည်ဟု ခံစားမိနေ၏။ သို့သော် သူတို့သည် သူတို့ဒဏ်ရာကို ဂရုမစိုက်နိုင်ဘဲ ယဲ့ဖန် ဘေးကင်းရေးကိုသာ စိုးရိမ်နေသည်။
ထိုအပ်သည် အလွန်ချွန်ထက်၍ လျင်မြန်လွန်းသည်။ သူတို့သုံးယောက်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ပြီး သွားသည်နှင့် ယဲ့ဖန်ရှိရာဘက်သို့ ချက်ချင်း ဦးတည်သွားလေသည်။
“မကောင်းတော့ဘူး”
လင်းဟွမ်ကွေ့လိုင်၊ မင်ဟဲနှင့် ထျန်းခွေတို့ အံ့အားသင့်ကာ ဒေါသထွက်လာသည်။ ယဲ့ရွှင်းအာသည်လည်း မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။
မဟာအကြီးအကဲ သုံးယောက်လုံးက ယဲ့ဖန်ရှေ့ပိတ်ရပ်ကာ လက်သီးဖြင့် ထိုးနှက်တိုက်ခိုက်လိုက်သည်။ ယဲ့ရွှင်းအာက လက်တစ်ဖက်ကို လှုပ်ခါလိုက်သည်။
ထိုအခါ ကိုးမျိုးအဆိပ်ငွေ့ ထွက်ပေါ်လာပြီး အားလုံးရှေ့၌ ကိုးမျိုးအဆိပ်ငွေ့ အကာအရံအဖြစ် ပြောင်းလဲ သွားလေသည်။ ထို့အပြင် ဝိညာဉ်စား ပုရွက်ဆိတ်များက အချင်းချင်း ပေါင်းစပ်သွားပြီး ယဲ့ဖန်ရှေ့၌ ကာကွယ်သည့် အကာအရံအဖြစ် ဖွဲ့စည်းလာကြသည်။ ဤသည်က အသန်မာဆုံး ခံစစ် ဖြစ်လေသည်။
ထိုသို့ ခံစစ် ဖွဲ့စည်းပြီးသွားသည့် အချိန်မှာပင် တစ်ပေခန့်ရှိသော အပ်က အနီးသို့ ရောက်လာသည်။ တစ်ခဏလေး အတွင်းမှာပင် ယဲ့ရွှင်းအာ၏ ကိုးမျိုးအဆိပ် အကာအရံ ပေါက်ပြဲသွားပြီး မဟာအကြီးအကဲ သုံးယောက်၏ လက်မောင်းများ ပြတ်ထွက်သွားသည်။ ထို့နောက် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အကာအရံအား အပ်ထိပ်ဖြင့် ထိုးမိလေသည်။
ဒေါင်!
ထိုအခါ ပုရွက်ဆိတ်များထံမှ သံကို ထုလိုက်မိသကဲ့သို့သော အသံ ထွက်လာသည်။ ဝိညာဉ်ချုပ်အပ်သည်လည်း တစ်ခဏမျှ ရပ်သွားပြီး အံ့ဩသောအသံ ထွက်လာလေသည်။
“ဟမ် … ဝိညာဉ်စား ပုရွက်ဆိတ်ပါလား၊ စိတ်ဝင်စားစရာပဲ”
“ဒါလေးနဲ့ မလုံလောက်သေးဘူး”
“ပျက်စီးစမ်း”
ဘိုးဘေးသုံးယောက်၏ အသံထွက်လာပြီးနောက် ဝိညာဉ်ချုပ်အပ်မှနေ၍ အေးစက်စက် အလင်းတစ်ခု ဖြာထွက် လာ၏။
ဂျွတ်!
ထို့နောက် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အကာအရံက ချက်ချင်း ပျက်စီးသွားပြီး အော်သံ ထွက်လာသည်။ ဝိညာဉ်စား ပုရွက်ဆိတ်တစ်ကောင်၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပြီး အောက်သို့ ပြုတ်ကျ သွားလေသည်။
ဤအဖြစ်ကြောင့် ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများ မျက်နှာပြာနှမ်းသွားသော်လည်း လောကသခင် သုံးပါးတို့ကမူ ဝမ်းသာအားရ ဖြစ်လာကြသ်ည။
“ဟားဟားဟား … အောင်မြင်ပြီကွ၊ ဒီလိုပဲ ဖြစ်ရမယ်လေ”
ဤဝိညာဉ်ချုပ်အပ်၌ ဘိုးဘေးသုံးယောက်၏ စိတ်ဝိညာဉ်များ ပါဝင်နေရုံသာမက လောကသခင် သုံးပါးလုံး နှစ်ပေါင်းများစွာ အရင်းအမြစ်များ သုံး၍ ဝိညာဉ်ချုပ်အပ်အား သန့်စင်ထားခဲ့သေးသည်။
ဤအပ်အား ငရဲဘုံတစ်ခုလုံး၌ ကြောက်စရာ အကောင်းဆုံး နတ်ဘုရားလက်နက်ဟု ဆိုနိုင်ပေသည်။ ယင်ယန်လောကမှ သိုင်းပညာရှင် ဖြစ်နေလျင်တောင်မှ ဤအပ်လက်ချက်ဖြင့် သေနိုင်လောက်သည်။
“သေစမ်း၊ နတ်ဆိုးဧကရာဇ် မင်း သေသွားတာနဲ့ ယန်ဝမ် ဟင်းလင်းပြင်က သိုင်းပညာရှင်တွေ နောက်ဆုတ် သွားမှာပဲ၊ ဒါဆို မရေတွက်နိုင်တဲ့ နတ်ဆိုးတွေ သေရတော့မှာ”
“အဲ့အခါကျရင် ဒီစကြဝဠာကြီးက ငါတို့မျိုးနွယ်သုံးခုရဲ့ စကြဝဠာကြီးအဖြစ် ဆက်ရှိနေဦးမှာ၊ ဟားဟားဟား …”
လောကသခင်သုံးပါးလုံး စိတ်လှုပ်ရှားနေသည်။ ယဲ့ဖန် သေသွားပြီး သူတို့ အထွတ်အထိပ်သို့ ပြန်ရောက်လာ တော့မည်ဟု မြင်ယောင်နေ၏။ သူတို့အားလုံး ဝမ်းသာအားရ ရယ်မောလာကြသည်။
သူတို့ မျှော်လင့်နေသော အကြည့်အောက်မှာပင် ဝိညာဉ်ချုပ်အပ်က ယဲ့ဖန်၏ နဖူးထံသို့ ဦးတည်၍ ဝင်ရောက် လာသည်။ ယဲ့ဖန် ခေါင်းမွေးထောင်သွားသလို ခံစားလိုက်ရပြီး တွေဝေမနေဘဲ လက်တစ်ဖက်ကို လှုပ်လိုက်သည်။
ထိုအခါ ရွှေရောင် အလင်းတန်း ထွက်ပေါ်လာပြီး နတ်ဓားဖြင့် ထိုဝိညာဉ်ချုပ်အပ်ကို ပြန်၍ခုခံလိုက်လေသည်။ ဓားနှင့် အပ်တို့ ထိမိသွားသံကြောင့် အားလုံး ခေါင်းမူးလာပြီး နားအူသလို ခံစားလိုက်ရသည်။
ထို့အပြင် မျက်စိရှေ့မှ မြင်ကွင်းကြောင့် အားလုံး ထိတ်လန့်သွားသည်။ နတ်ဓားကြောင့် ဝိညာဉ်ချုပ်အပ်၏ ထိပ်ဖျားက နည်းနည်းလေးပင် ရှေ့တိုးမရ ဖြစ်နေသည်ကို အားလုံး တွေ့လိုက်ရသည်။ ထိုအဖြစ်ကြောင့် လောက သခင်သုံးပါး မျက်နှာပျက်သွားသည်။ ထို့အတူ အပ်ထဲမှနေ၍ အလန့်တကြား အော်သံ ထွက်လာသည်။
“ဒါ … ဒါ ကောင်းကင်ဘုံ နတ်ဓားပဲ၊ မင်းမှာ တပေါ်အရှင်သခင်ရဲ့ နတ်ဓား ရှိနေတာပါလား”
အပ်ထဲမှ ဘိုးဘေးများသည် ဤနတ်ဓားက အလွန်ကြောက်ရွံ့ပုံ ရသည်။
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး”
“တပေါ်အရှင်သခင်က အထက်လောကကို တက်သွားပြီလေ၊ ဘယ်လိုလုပ် သူ့နတ်ဓားက ငရဲဘုံမှာ ကျန်ခဲ့မှာလဲ”
“မင်း … ဒါ အတုပဲ၊ အတု”
ထိတ်လန့်ကြောက်ရွံ့စွာ ပြောလိုက်ပြီးနောက် ဝိညာဉ်ချုပ်အပ်က ယဲ့ဖန်ကို အရှိန်ဖြင့် ထိုးနှက်လာပြန်သည်။
*အတုတဲ့လား*
ယဲ့ဖန်က အထင်သေးသလို ပြုံးလိုက်သည်။ နတ်ဓားက ဝိညာဉ်ချုပ်အပ်ကို ဟန့်တားလိုက်နိုင်သဖြင့် သူ စိတ်အေး သွားရသည်။ ထို့နောက် နဖူးမှ ကောင်းကင်မျက်လုံးကို သူ ဖွင့်လိုက်သည်။ ကောင်းကင်မျက်လုံးအောက်၌ ဝိညာဉ်ချုပ်အပ်၏ အရှိန်က နှေးလာသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် လက်ထဲမှ နတ်ဓားကို ဝင့်၍ ခုတ်ပိုင်းလိုက်သည်။
ဒေါင်!
မီးပွားများ ပွင့်ထွက်လာပြီးနောက် မိမိတို့၏ ဘိုးဘေးများ ထိန်းချုပ်ထားသော ဝိညာဉ်ချုပ်အပ်က ယဲ့ဖန်၏ ခံစစ်ကို နည်းနည်းလေးမျှ မထိုးဖောက်နိုင်သည်ကို လောကသခင် သုံးပါးလုံး ထိတ်လန့်တကြား တွေ့လိုက် ရသည်။ ယဲ့ဖန်ကို ထိုးစိုက်ရန် ပြင်လိုက်သည့် အကြိမ်တိုင်း နတ်ဓားဖြင့် ပိတ်ဆို့ခြင်း ခံနေရသည်။
“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ”
လောကသခင် သုံးပါးလုံး မျက်လုံး ပြူးကျယ်လာပြီး နဖူးမှ ချွေးများ စီးကျလာသည်။ ဤလက်နက်သည် ယဲ့ဖန်ကို သတ်ရန်အတွက် သူတို့ နှစ်ပေါင်းများစွာ ပြင်ဆင်လာခဲ့သော အရာ ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် တစ်ဖက်လူ၏ ခံစစ်ကို မထိုးဖောက်နိုင်သည်ကို တွေ့လိုက်ရသဖြင့် ဆောက်တည်ရာမရ ဖြစ်လာသည်။ ထို့နောက် တဖြည်းဖြည်း ဒေါသထွက်လာ၏။
“ပထမ ဘိုးဘေးတို့၊ သူ့ကို သတ်လိုက်ပါ၊ အဲ့ကောင်ကို မြန်မြန်သတ်လိုက်ပါ”
လောကသခင်သုံးပါးလုံးက ဝိညာဉ်ချုပ်အပ်ကို ရူးမတတ် အော်ဟစ်ပြောဆိုလိုက်ကြသည်။ မျိုးနွယ်သုံးခု၏ ဘိုးဘေးများသည် ထိုစကားသံကို ကြားသည်နှင့် အပ်ကို ပို၍ထိန်းချုပ်ကာ လျင်မြန်စွာ ထိုးနှက်လာသည်။
ထိုးချက်တိုင်းက လောကသခင်အဆင့်များကို ဒဏ်ရာရစေနိုင်လောက်သည်။ သို့သော် ယဲ့ဖန်က အပ်၏ ထိုးချက်တိုင်းကို ခန့်မှန်းမိနေပြီး ကြို၍ရှောင်တိမ်းနိုင်နေသည်။ ဆယ်ချက်၊ အချက်တစ်ရာ။
ယဲ့ဖန်သည် ဝိညာဉ်ချုပ်အပ်၏ လုပ်ဆောင်နိုင်စွမ်းအားလုံးကို သိရှိပြီးနောက် လှောင်ရယ်လိုက်သည်။
“ဒါ အကုန်ပဲလား”
“ဒီလိုဆိုရင်တော့ မင်း … သေလို့ရပြီ”
ယဲ့ဖန်၏ စကားသံက ရက်စက်ခက်ထန်လှသဖြင့် ဝိညာဉ်ချုပ်အပ်ထဲမှ ဘိုးဘေးများ၏ စိတ်ဝိညာဉ်များ တုန်လှုပ် သွားသည်။ အန္တရာယ် အငွေ့အသက်တစ်မျိုးက သူတို့ကို လွှမ်းခြုံလာသည်ဟု ထင်မှတ်ရသည်။ ထို့ကြောင့် ဘိုးဘေးသုံးယောက်လုံး၏ စိတ်ဝိညာဉ်များ ခြောက်ခြားလာသည်။
“မကောင်းတော့ဘူး”
ဝိညာဉ်ချုပ်အပ်က လှစ်ခနဲ လှုပ်ရှား၍ ဘေးသို့ ရှောင်တိမ်းထွက်ပြေးရန် ပြင်လာသည်။ ထိုစဉ် ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ဝိညာဉ်ချုပ်အပ်၏ ထိပ်ဖျားကို ပိုင်းချလိုက်သည်။
ဂျွတ်!
အက်ကွဲသံ ထွက်ပေါ်လာပြီးနောက် ကောင်းကင်ယံတစ်ခုလုံး တိတ်ဆိတ်သွားသည်။
Chapter 908 ကောင်းကင်ခွင်းခေါင်းလောင်း ပြန်ပေါ်လာခြင်း
ဂျွတ်!
ထိုအက်ကွဲသံက အလွန်ကြည်လင် ပြတ်သားလှသည်။ ထိုအသံက လူတိုင်း၏ စိတ်ဝိညာဉ်ကို ချိုးပစ်လိုက် သကဲ့သို့ ထင်မှတ်မှားရပြီး လူတိုင်း အသက်ပင် မရှူနိုင်အောင် ဖြစ်သွားကြသည်။
သူတို့၏ ထိတ်လန့်တကြား ကြည့်နေစဉ်မှာပင် ဝိညာဉ်ချုပ်အပ်ထိပ်၌ ပင့်ကူမျှင်ကဲ့သို့ အက်ရာများ တဖြည်းဖြည်း ပေါ်လာသည်ကို တွေ့လိုက်ရသည်။ နောက်ဆုံးတွင် ဝိညာဉ်ချုပ်အပ်က ထက်ပိုင်းကွဲ၍ ပျက်စီးသွားသည်။ ဤအဖြစ်က လောကသခင်သုံးပါးအား မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကာ ခြောက်ခြားသွားစေသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
သူတို့ မယုံကြည်နိုင်သေးပေ။ ဤဝိညာဉ်ချုပ်အပ်သည် မျိုးနွယ်သုံးခု၏ ပထမဆုံးသော နတ်ဘုရားလက်နက် ဖြစ်ပြီး ငရဲဘုံ၌ အသန်မာဆုံး နတ်ဘုရားလက်နက်ဟုလည်း ဆိုနိုင်ပေသည်။
သူတို့ဘိုးဘေးများ၏ စိတ်ဝိညာဉ်များပင် ထိုအပ်ထဲ ဝင်ရောက်သွားခဲ့ပြီး ထိုအပ်အား သူတို့ နှစ်ပေါင်းများစွာ မွမ်းမံ သန့်စင်ခဲ့သည်။ ဤဝိညာဉ်ချုပ်အပ်ဖြင့်ဆိုလျင် မျိုးနွယ်၏ ကပ်ဘေးဒုက္ခကို ရှောင်ရှားနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။
သို့သော် ဤဝိညာဉ်ချုပ်အပ်က ယဲ့ဖန်၏ ခံစစ်ကို မထိုးဖောက်နိုင်ရုံသာမက ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
အရှင်ထျန်းကျစ် မှင်တက်နေပြီးနောက် ခွန်အားများ ဆုတ်ယုတ်သွားသကဲ့သို့ မြေကြီးပေါ် လဲကျသွားသည်။ နတ်သခင်အဆင့် သိုင်းပညာရှင် စစ်တပ် ပျက်စီးသွားခဲ့စဉ်က သူ စိတ်ညစ်သွားသော်လည်း သိပ်အလေး မထားခဲ့ပေ။
သို့သော် ဝိညာဉ်ချုပ်အပ်အဖြစ်က မတူပေ။ ဤလက်နက်သည် မျိုးနွယ်သုံးခု စတင်ဖြစ်ပေါ်လာစဉ်ကတည်းက ဤစကြဝဠာကို ကြီးစိုးနိုင်ခဲ့သော ဝှက်ဖဲတစ်ခု ဖြစ်သည်။
“အား…”
“နတ်ဓား၊ လတ်စသက်တော့ ဒါက နတ်ဓား ဖြစ်နေတာပဲ”
“မင်း …. မင်း တပေါ်အရှင်သခင်နဲ့ ဘယ်လိုပတ်သက်နေတာလဲ”
ဝိညာဉ်ချုပ်အပ် ကျိုးသွားသည်နှင့် အပ်ထဲမှ ထိတ်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။ ဘိုးဘေး သုံးယောက်တို့၏ ဝိညာဉ်များသည် မျက်စိရှေ့မှ အမှန်တရားကို မယုံနိုင်သေးသည့်ပုံပင်။
*တပေါ်အရှင်သခင်တဲ့လား*
လောကသခင်သုံးပါးလုံးက ယဲ့ဖန်ကို တအံ့တဩ လှမ်းကြည့်လာသည်။ ယဲ့ဖန်က ကောလာဟလ သတင်းများထဲမှ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်နှင့် တစ်ခုခု ပတ်သတ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
“မင်းကို ပြောပြစရာ အကြောင်းမရှိဘူး”
ယဲ့ဖန်က ပြုံးလိုက်ပြီး လက်ကိုဝင့်ကာ နတ်ဓားကို လွှဲယမ်း၍ ဝိညာဉ်ချုပ် အပ်အပိုင်းအစအား ထပ်ခုတ် လေသည်။ ဤမြင်ကွင်းကြောင့် နှစ်ပိုင်းပြတ်သွားသော ဝိညာဉ်ချုပ်အပ်က တုန်လှုပ်သွားသည်။
“ဟေ့ကောင် မင်းက ဘယ်သူပဲ ဖြစ်ဖြစ်၊ ငါတို့ကို သတ်ချင်နေတာက ရူးနှမ်းတဲ့ စိတ်ကူးပဲကွ”
မျိုးနွယ်သုံးခု၏ ဘိုးဘေး စိတ်ဝိညာဉ်များက လှောင်ပြောင်သလို ပြောလိုက်သည်။ ထို့နောက် နှစ်ပိုင်းကွဲသွားသော ဝိညာဉ်ချုပ်အပ်က လှစ်ခနဲ ပျံဝဲ၍ ယဲ့ဖန်ကို ထိုးစိုက်ရန် ပြင်လာသည်။
ဝိညာဉ်ချုပ်က နှစ်ပိုင်းကွဲသွားသဖြင့် အရှိန်က အတော်လေး နှေးသွားသော်လည်း ၎င်း၏ စွမ်းအင်က လျော့နည်း မသွားပေ။ ထို့နောက် နတ်ဓားက ထိုအပ်အပိုင်းအစ နှစ်ခုလုံးကို ခုတ်ပိုင်းလာသည်။ ထိုအခါ အပ်က လေးပိုင်းအဖြစ် ကွဲသွားလေသည်။ ထိုစဉ် လှောင်ရယ်သံ ထွက်လာ၏။
“ဟားဟားဟား … မင်း သတိထားမိဘူး မဟုတ်လား၊ မင်း ငါတို့ကို ဓားနဲ့ ခုတ်နိုင်တော့ရော ဘာဆက်လုပ် နိုင်မှာမို့လဲ”
“မင်း ဓားနဲ့ခုတ်လိုက်တိုင်း အပ်အရေအတွက်က နှစ်ဆတိုးသွားမှာပဲ၊ တစ်ခုကနေနှစ်ခု၊ နှစ်ခုကနေ လေးခု၊ လေးခုကနေ ရှစ်ခု ဖြစ်သွားမှာ”
“မင်းကို မသတ်နိုင်ဘူးလို့ ဒီဘိုးဘေး မယုံဘူးကွ”
မျိုးနွယ်သုံးခု၏ ဘိုးဘေးများ၏ စကားကို ကြားပြီး ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများအားလုံး မျက်နှာပျက် သွားသည်။
ထိုအပ်သည် ပထမ အရှင်သခင်၏ လက်နက်မှလွဲ၍ သူတို့မြင်ဖူးသမျှထဲတွင် အထူးဆန်းဆုံးနှင့် ထိတ်လန့်ဖွယ် အကောင်းဆုံး လက်နက် ဖြစ်သည်။ ယဲ့ဖန်တောင်မှ မျက်နှာ သုန်မှုန်နေ၏။ လောကသခင် သုံးပါးမှာမူ ကြံရာမရ ဖြစ်နေရာမှ မျှော်လင့်ချက် ပြန်ရှိလာဟန် ပေါ်လာသည်။
“အောင်မြင်မှဖြစ်မယ်၊ သူက နတ်သခင်အဆင့်လေးပဲကို၊ ကောင်းကင်မျက်လုံးကို ဖွင့်နိုင်ရင်တောင်မှ ဝိညာဉ်ချုပ်အပ်ကို သူ ခုခံဖို့ဆိုတာ မဖြစ်နိုင်ဘူး”
လောကသခင်သုံးပါးလုံး အလွန် စိုးရိမ်နေကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန် သေမှသာ မျိုးနွယ်သုံးခု ပြန်လည် ကြီးစိုးလာနိုင်မည်ဟု ထင်နေကြသည်။
ဒေါင်!
ထိုအခိုက်တွင် ယဲ့ဖန်က နတ်ဓားကို ကိုင်ဆွဲ၍ ဝိညာဉ်ချုပ်အပ်နှင့် တိုက်ခိုက်နေ၏။ ဝိညာဉ်ချုပ်အပ်သည် တဖြည်းဖြည်း ကျိုးပဲ့သွားပြီး ရှစ်ခုမှ ဆယ့်ရှစ်ခုအထိ ပွားလာသည်။
…
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်ပင် ဝိညာဉ်ချုပ်အပ်က ထပ်ခါထပ်ခါ ခုတ်ပိုင်းခံနေရပြီး အရေအတွက်က များပြားလာသည်။ တစ်ခဏအတွင်းမှာပင် ကောင်းကင်ယံ၌ ဝိညာဉ်ချုပ်အပ်များစွာတို့ဖြင့် ပြည့်နှက်သွားပြီး ကြည့်နေသူများအား ကြက်သီးထသွားစေသည်။
“ဒါ … ဒါ ဘယ်လိုလက်နက်မျိုးလဲ၊ ဘာလို့ ဒီလောက် ကြောက်ဖို့ကောင်းရတာလဲ”
ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများအားလုံး မျက်နှာပျက်ယွင်းနေကြသည်။ ဤဝိညာဉ်ချုပ်အပ်များသာ သူတို့ကို တိုက်ခိုက်လာပါက သူတို့ပင် သေဆုံးလောက်သည်ဟု ခံစားမိနေသည်။
“ပထမ အရှင်သခင်၊ ရပ်လိုက်ပါတော့၊ ရပ်လိုက်မှ ဖြစ်မှာပါ”
နတ်ဆိုးများနှင့် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များအားလုံး အလွန်စိုးရိမ်နေကြသည်။ ပြင်းထန်သော တိုက်ပွဲကိုကြည့်ပြီး အသက်ပင် မရှူနိုင်လောက်အောင် ဖြစ်လာ၏။
ထိုအချိန်တွင် ယဲ့ဖန်က နတ်ဓားကို ထပ်မံ၍ ဝင့်လိုက်ပြီး ဝိညာဉ်ချုပ်အပ် တစ်ချောင်းစီကို ခုတ်ပိုင်းနေသည်။ ရုတ်ချည်းဆိုသလိုပင် ဝိညာဉ်ချုပ်အပ် ငါးရာတစ်ဆယ့်နှစ်ချောင်း ရှိနေရာမှ တစ်ထောင့်နှစ်ဆယ့် လေးချောင်း အဖြစ် တိုးပွားသွားသည်။
ထိုအခါ ကောင်းကင်ယံမှ ထောင်ချီသော ဝိညာဉ်ချုပ်အပ်များကို ကြည့်ပြီး ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများ အားလုံး ကြက်သီးတဖြန်းဖြန်း ထလာကြသည်။
အကယ်၍ နတ်ဘုရားမျိုးနွယ်များသာ ထိုအပ်များဖြင့် သူတို့ကို ချိန်ရွယ်တိုက်ခိုက်ပါက တစ်ချက်တည်းနှင့် အားလုံး သေသွားလောက်သည်ဟု ရိပ်စားမိနေသည်။
“အရှင်သခင်က ဒါကို တားဆီးနိုင်ပါ့မလား”
ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများအားလုံး ချွေးပြန်ကာ စိုးရိမ်လာကြသည်။ လောကသခင် သုံးပါးမှာမူ အံ့ဩဝမ်းသာနေလေသည်။
“ဟားဟားဟား … ဒီအရူးက ဝိညာဉ်ချုပ်အပ်ကို ထောင်ချီအောင် ခုတ်လိုက်သေးတယ်”
“အပ်တွေက ပိုများလာရင် တိုက်ခိုက်မှုက အားမပြင်းတော့ပင်မယ့် ခုခံရ ခက်လာတယ်ဆိုတာကို အဲ့ကောင် မသိဘူးထင်တယ်”
“သူ အဆုံးသတ်ထဲ ရောက်နေပြီ၊ အပ်တွေကို များများခုတ်ပိုင်းလိုက်စမ်း၊ မင်း မခုတ်ရင် ငါတို့ မင်းကို ရှင်းပစ်နိုင်မှာ မဟုတ်ဘူး”
လောကသခင် သုံးပါးလုံး အလွန်အမင်း စိတ်လှုပ်ရှားလာပြီး ယဲ့ဖန်ကို သတ်နိုင်တော့မည်ဟု ပြန်လည်၍ မျှော်လင့်ချက် ဝင်လာသည်။ မျိုးနွယ်သုံးခု၏ ဘိုးဘေး စိတ်ဝိညာဉ်များကလည်း ဟားတိုက် ရယ်မောလာ၏။
“ဟားဟားဟား … ဟေ့ကောင်လေး၊ မင်း ခုတ်လိုက်စမ်း၊ ဆက်ခုတ်လိုက်”
“မင်း ပိုခုတ်လေ ငါတို့ ပိုပွားလို့ ရလေပဲ၊ မင်းလည်း သေဘေးနဲ့ ပိုပိုနီးလာတောပေါ့”
သူတို့၏ စကားများက ခက်ထန်လှသော်လည်း ယဲ့ဖန်က အသာပြုံးနေသည်။ သူက လက်ထဲမှ နတ်ဓားကို ကိုင်ကြည့်၍ ခနိုးခနဲ့ အကြည့်များဖြင့် ရေရွတ်လိုက်သည်။
“အခု ပြီးသလောက် ဖြစ်နေပြီ”
“မင်းတို့ သေရတော့မယ်”
သူ့စကားကြောင့် ဘိုးဘေးသုံးယောက်၏ စိတ်ဝိညာဉ်များနှင့် လောကသခင် သုံးပါးတို့ အံ့ဩသွားကြသည်.
*သေရတော့မယ်ဟုတ်လား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ယခု ဝိညာဉ်ချုပ်အပ်ပေါင်း ထောင်ချီရှိနေပြီး တစ်ခုချင်းစီအား ဘိုးဘေးများ၏ စိတ်ဝိညာဉ်များက ထိန်းချုပ်နေပြီး ယဲ့ဖန် ပို၍ ခုခံရခက်လာသည်။ ထို့ကြောင့် သေရတော့မည့်သူက ယဲ့ဖန်သာ ဖြစ်နိုင်သည် မဟုတ်ပါ တကား။
ဘိုးဘေးသုံးယောက်၏ စိတ်ဝိညာဉ်က ထပ်၍ တိုက်ခိုက်ရန် ပြင်လာသည်။ ထိုစဉ် ခေါင်းလောင်းသံ ထွက်ပေါ် လာသည်။ ထိုခေါင်းလောင်းသံသည် အလွန် ထူးဆန်းလှသည်။
ခေါင်းလောင်းသံကို ကြားလိုက်ရသည်နှင့် လူတိုင်း ကြက်သေ သေသွားကြပြီး သူတို့၏ စိတ်ဝိညာဉ်များအား ခေါင်းလောင်းက ထိန်းချုပ်သွားသည်ကို ခံစားမိလိုက်သည်။ သူတို့၏ စိတ်ဝိညာဉ်များ စုတ်ဖြဲခံလိုက်ရလုနီးပါး ဖြစ်လာသလိုပင်။ အသိစိတ် ပြန်ဝင်လာသည်နှင့် လောကသခင်သုံးပါးလုံး အံ့ဩတကြီး ရေရွတ်လာသည်။
“ကောင်းကင်ခွင်းခေါင်းလောင်း၊ ဒါ … ဒါ ပြီးပြည့်စုံသွားတဲ့ ကောင်းကင်ခွင်းခေါင်းလောင်းပဲ”
ဘိုးဘေးသုံးယောက်၏ စိတ်ဝိညာဉ်များ ကြောက်လန့်သွားသည်။ သူတို့၏ စိတ်ဝိညာဉ်များ စွဲကပ်နေသော ဝိညာဉ်ချုပ်အပ်များက ထိန်းချုပ်ခံလိုက်ရပြီး အောက်သို့ ပြုတ်ကျသွားသည်ကို အလန့်တကြားဖြင့် သတိထားမိ သွားလေသည်။
Chapter 909 အခု မင်းတို့အလှည့်ပဲ
“ချီးတဲ့မှပဲ၊ မင်း တမင် လုပ်ခဲ့တာပဲ”
“ငါတို့ဝိညာဉ်တွေ ကွဲသွားပြီး အားနည်းလာအောင် မင်း တမင် အပ်တွေကို ထောင်ချီတဲ့အထိ ခွဲပစ်ခဲ့တာပဲ”
“မင်း … မင်းက ငါတို့ဘိုးဘေးတွေရဲ့ ဝိညာဉ်တွေကိုပါ ရှင်းချင်နေတာပဲ”
မျိုးနွယ်သုံးခု၏ ဘိုးဘေးစိတ်ဝိညာဉ်များသည် ထိတ်လန့်ကာ ဒေါသထွက်နေကြသည်။ နှစ်ပေါင်းများစွာ မွမ်းမံ သန့်စင်ခဲ့ပြီးနောက် သူတို့၏ စိတ်ဝိညာဉ်များက ဝိညာဉ်ချုပ်အပ်နှင့် ပေါင်းစပ်သွားခဲ့ပြီးပြီ ဖြစ်သည်။
အကယ်၍ သူတို့၏ စိတ်ဝိညာဉ်များသာ ဝိညာဉ်ချုပ်အပ်တစ်ချောင်းတည်း၌ ရှိနေပါက ယဲ့ဖန်၏ ကောင်းကင်ခွင်း ခေါင်းလောင်းက အစွမ်းထက်လျင်တောင်မှ သူတို့၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်ရန် ခက်ခဲလှသည်။
သို့သော် ဝိညာဉ်ချုပ်အပ်ကို အပိုင်းထောင်ချီအောင် ခွဲလိုက်ပါက သူတို့၏ စိတ်ဝိညာဉ်များက ထိုအပိုင်း အားလုံးသို့ ပျံ့နှံ့သွားသဖြင့် အပ်တိုင်းက ယခင်ထက် ပို၍အားနည်းလာပေမည်။ ထိုကဲ့သို့ ဖြစ်လာချိန်တွင် ကောင်းကင်ခွင်း ခေါင်းလောင်းကို အသုံးပြုလိုက်ပါက သူတို့ကို အခက်အခဲမရှိ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။
ဤသည်ကိုတွေးမိပြီး ဘိုးဘေးသုံးယောက်၏ စိတ်ဝိညာဉ်များက အပ်အပိုင်းအစတိုင်းကို ထိန်းချုပ်၍ တစ်ခုတည်းအဖြစ် ပေါင်းစပ်ရန် ကြိုးစားလာသည်။ ထိုစဉ် အေးတိအေးစက်အသံ ထွက်ပေါ်လာ၏။
“နောက်ကျသွားပြီ”
ယဲ့ဖန်က အသာပြုံး၍ အသိစိတ်ပင်လယ်ထဲမှ ကောင်းကင်ခွင်းခေါင်းလောင်းအား ထပ်မံ၍ တီးခတ်လိုက်သည်။
ဒေါင်!
နားဝင်ချိုသော ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဝိညာဉ်ချုပ်အပ်များ၏ လှုပ်ရှားမှုများလည်း နှောင့်နှေးသွားသည်။
ထိုသို့ ငြိမ်သက်သွားချိန်တွင် ယဲ့ဖန်က လက်တစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ထိုအခါ နတ်ဆိုး ချီမျှင်စုများ ထွက်ပေါ်လာပြီး ထိုနတ်ဆိုးချီမျှင်စုများက ဧရာမလက်ဝါးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဝိညာဉ် ချုပ်အပ်များပေါ် ကျရောက်လာသည်။
စုတ်ပြဲသံများ ထွက်ပေါ်လာပြီးနောက် ဝိညာဉ်ချုပ်အပ်များထဲမှ စိတ်ဝိညာဉ် အပိုင်းအစများအား နတ်ဆိုးချီမျှင်စု လက်ဝါးက ဆွဲထုတ်နေ၏။
“အား…”
စူးရှသော အော်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ဝိညာဉ်ချုပ်အပ် အပိုင်းအစတိုင်းမှ အဘိုးအိုပုံစံလေးများ ဆွဲထုတ်ခံနေရသည်ကို အားလုံး မြင်နေရသည်။ ထိုအရာသည် မျိုးနွယ်သုံးခုမှ ဘိုးဘေးများ၏ စိတ်ဝိညာဉ်များ ဖြစ်သည်။ ဝိညာဉ်ချုပ်အပ်များက အပိုင်းထောင်ချီ အခွဲခံလိုက်ရသဖြင့် သူတို့၏ စိတ်ဝိညာဉ်များကလည်း အလွန် အားနည်းနေ၏။
“မလုပ်နဲ့”
ဘိုးဘေးသုံးယောက်၏ စိတ်ဝိညာဉ်များက အသည်းအသန် အော်ဟစ်နေ၏။ သူတို့ ပြန်တိုက်ခိုက်ချင်သည်။ သူတို့ ပြန်၍ခုခံရုန်းကန်ချင်နေသည်။ သို့သော် သူတို့ လှုပ်ရှားလိုက်သည့်အကြိမ်တိုင်း ကောင်းကင်ခွင်း ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
ဒေါင်! ဒေါင်! ဒေါင်!
ခေါင်းလောင်းမြည်သံနှင့်အတူ ယဲ့ဖန်၏ နတ်ဆိုးချီမျှင်စု လက်ဝါးက ဝိညာဉ်ချုပ်အပ်များထံ လျင်မြန်စွာ ရောက်ရှိလာပြီး စိတ်ဝိညာဉ်များကို စုတ်ဖြဲလေတော့သည်။
တစ်ခု၊ ဆယ်ခု၊ အခုတစ်ရာ။ အပ်များအတွင်းမှ ဘိုးဘေးများ၏ စိတ်ဝိညာဉ်များ စုတ်ဖြဲခံနေရသည်။ ဘိုးဘေးများ၏ စိတ်ဝိညာဉ်များ ထိန်းချုပ်မှု ကင်းလွတ်သွားသည်နှင့် ဝိညာဉ်ချုပ်အပ်များက စွမ်းအားအားလုံး ဆုံးရှုံးသွားပြီး အောက်သို့ ပြုတ်ကျသွားသည်။
ဤအဖြစ်ကြောင့် အားလုံး ထိတ်လန့်သွားလေသည်။ ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများ စိတ်အေးသွားပြီး ယဲ့ဖန်အား လေးစားသထက် လေးစားသော အကြည့်များဖြင့် ကြည့်နေကြသည်။ လောကသခင် သုံးပါးမှာမူ အလွန် မှင်တက်နေလေ၏။
“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ၊ ဒီကောင်က နတ်ဘုရင် စဦးအဆင့်လေးပဲ ရှိသေးတာကို၊ ဝိညာဉ်ချုပ်အပ်တွေရဲ့ အစွမ်းတွေကို ပျက်ပျယ်အောင် လုပ်ပြီးတော့ ဘိုးဘေးတွေရဲ့ စိတ်ဝိညာဉ်တွေကို ဆွဲထုတ်နိုင်နေပါလား”
လောကသခင်သုံးပါးလုံး ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်နေကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် ယခင်ဘဝကထက် ဆယ်ဆမက ပိုသန်မာလာသည်ဟု ခံစားမိနေ၏။
နတ်ဘုရင် စဦးအဆင့်လေးနှင့်တင် ကောင်းကင်ဘုံအား ဆန့်ကျင်နိုင်နေပြီဟု ဆိုရပေမည်။ ယဲ့ဖန်သာ ယခင်ဘဝက သိုင်းအဆင့်သို့ ရောက်သွားပါက မည်မျှ ကြောက်စရာ ကောင်းလာလေမလဲ သူတို့ မတွေးရဲကြချေ။
“မဖြစ်ဘူး၊ သူ့အကြံ အောင်မြင်သွားလို့ မဖြစ်ဘူး”
“ဘိုးဘေးတွေရဲ့ စိတ်ဝိညာဉ်ကို ကာကွယ်ကြ”
လောကသခင် သုံးပါးလုံး အသိဝင်လာပြီး ကောင်းကင်ယံသို့ ပြေးတက်ကာ ယဲ့ဖန်ကို သတ်ရန် ကြံစည်လေသည်။ သို့သော် သူတို့ ကောင်းကင်ယံထက်သို့ ပျံတက်လာတိုင်း ခေါင်းလောင်းသံ ထွက်ပေါ်လာသဖြင့် သူတို့၏ ခန္ဓာကိုယ်များ ရပ်ဆိုင်းသွားသည်။
ခေါင်းလောင်းသံနှင့်အတူ စိတ်ဝိညာဉ်များ ဆွဲထုတ်ခံနေရသည်။ စိတ်ဝိညာဉ် အပိုင်းအစ သုံးရာ၊ ငါးရာ၊ ရှစ်ရာ။ ဘိုးဘေးတို့၏ စိတ်ဝိညာဉ်များ ဆွဲထုတ်ခံနေရပြီး ဝိညာဉ်ချုပ်အပ်များ တစ်ခုပြီးတစ်ခု ပြုတ်ကျလာသည်။ လောကသခင် သုံးပါးလုံး ဆောက်တည်ရာမရ ဖြစ်ကာ အော်ဟစ်လိုက်မိသည်။
“ပထမဘိုးဘေး”
လောကသခင် သုံးပါးလုံး ကြံရာမရ ဖြစ်နေ၏။ သူတို့ဘိုးဘေး၏ စိတ်ဝိညာဉ်များ ဆွဲထုတ်ခံရပြီး စုတ်ဖြဲခံနေရ သည့်အဖြစ်အား ကြည့်နေရုံသာ တတ်နိုင်ကြသည်။
ဒေါင်!
ထိုစဉ် နောက်ထပ် ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ဘိုးဘေးတို့၏ စိတ်ဝိညာဉ် အပိုင်းအစ တစ်ထောင် ကျော်လုံး ဆွဲထုတ်ခံရပြီး နတ်ဆိုးချီမျှင်စု လက်ဝါးပေါ်၌ ကြက်ပေါက်များကဲ့သို့ ဖမ်းဆုပ်ခံထားရသည်။
ကောင်းကင်ယံ၌ မည်သည့် ဝိညာဉ်ချုပ်အပ်မျှ မရှိတော့ဘဲ ဘိုးဘေးတို့၏ စိတ်ဝိညာဉ်များ ကြောက်လန့်တကြား အော်ဟစ်တောင်းပန်သံသာ ထွက်ပေါ်နေသည်။
“မဟုတ်ဘူး၊ ငါ့ကို မသတ်ပါနဲ့၊ ငါတို့ အရှုံးပေးပါတယ်၊ ငါတို့ အညံ့ခံပါတယ်”
“ငါတို့မျိုးနွယ်တွေကို မင်းလက်အောက်မှ ကျွန်အဖြစ် နေဖို့ဆန္ဒရှိပါတယ်၊ ကျေးဇူးပြုပြီး … ကျေးဇူးပြုပြီး ငါတို့ကို အသက်ရှင်ခွင့် ပေးပါ”
ဘိုးဘေးသုံးယောက်၏ ခန္ဓာကိုယ်များသည် နှစ်ပေါင်းများစွာထဲက သေဆုံးသွားပြီ ဖြစ်သည်။ သူတို့သည် လက်ကျန် စိတ်ဝိညာဉ်အား ဝိညာဉ်ချုပ်အပ်ထဲ ထည့်သွင်း၍ သေမင်းတံခါးဝမှ ရုန်းကန်ထွက်လာခဲ့ခြင်း ဖြစ်လေသည်။ သူတို့၏ စိတ်ဝိညာဉ်များသာ အသတ်ခံလိုက်ရပါက နှစ်ထောင်ချီ၍ ရှင်သန်ခဲ့သော သူတို့၏ စိတ်ဝိညာဉ်များ ထာဝရ သေဆုံးသွားရပေတော့မည်။
ထို့ကြောင့် သူတို့ ကြောက်လန့်တကြား တောင်းပန်နေကြလေ၏။ သူတို့၏ တောင်းပန်သံများကို နားထောင်ပြီး အောက်ဘက်မှ လောကသခင်သုံးပါးလုံး အံကြိတ်နေကြသည်။
ဘိုးဘေးသုံးယောက်၏ စိတ်ဝိညာဉ်များတောင်မှ အသနားခံနေရသဖြင့် မျိုးနွယ်သုံးခုလုံး ယနေ့ အမှန်တကယ် ပျက်သုဉ်းရတော့မည်လား။ ဤသို့တွေးမိပြီး လောကသခင်သုံးပါးလုံး မျက်နှာဖြူရော်လာ၏။
“အသနားခံတာလား”
ယဲ့ဖန်က လက်ထဲမှ ဘိုးဘေးသုံးယောက်၏ စိတ်ဝိညာဉ်ကိုကြည့်ပြီး အေးစက်စွာ ပြုံးလိုက်သည်။
“ခွင့်လွှထတ်ခြင်းက အသုံးဝင်တယ်ဆိုရင် သေခြင်းတရားဆိုတာက ဘာလုပ်လို့ရဦးမှာလဲ”
ထိုစကားကြောင့် ဘိုးဘေးသုံးယောက်၏ စိတ်ဝိညာဉ်များ တုန်လှုပ်သွားသည်။ သူတို့ ရုန်းကန်၍ ထွက်ပြေးချင် သော်လည်း နည်းနည်းလေးမျှ မရုန်းနိုင်ပေ။ ယဲ့ဖန်၏ နတ်ဆိုးချီမျှင်စု လက်ဝါး၌ သူတို့၏ စိတ်ဝိညာဉ်များကို ထိန်းချုပ်နိုင်သော အစွမ်းများ ပါဝင်နေပုံရသည်။
ထိုစဉ် ယဲ့ဖန်က လက်တစ်ဖက်ကို လှုပ်ခါလိုက်သဖြင့် နတ်ဆိုးချီမျှင်စုဖြင့် ဖန်တီးထားသော လက်ဝါးပေါ်၌ မီးတောက်တစ်ခု ပေါ်ထွက်လာပြီး ဘိုးဘေးသုံးယောက်၏ စိတ်ဝိညာဉ်များကို လောင်မြှိုက်လေတော့သည်။
“အား…”
ဘိုးဘေးသုံးယောက်၏ စိတ်ဝိညာဉ်များသည် မိမိတို့၏ စိတ်ဝိညာဉ်များ လောင်ကျွမ်းလာသည်ကို ခံစားမိပြီး ဆိုးရွားလှသည့် နာကျင်မှုကြောင့် ခံရခက်နေ၏။ မီးတောက်က ဘိုးဘေးသုံးယောက်၏ စိတ်ဝိညာဉ်များကို ဆက်တိုက် လောင်မြှိုက်နေသည်။
“မင်း … မင်းက ငါတို့ကို သန့်စင်ချင်နေတာပဲ၊ မရဘူး၊ မင်း မိစ္ဆာကောင်၊ အရူးကောင်”
ဘိုးဘေးသုံးယောက်၏ စိတ်ဝိညာဉ်များ အံ့ဩကာ ဒေါသထွက်နေသည်။ သို့သော် သူတို့ မည်မျှ ရုန်းကန်၍ အော်ဟစ်သော်လည်း ခရီးမတွင်ပေ။ ယဲ့ဖန်၏ နတ်ဆိုးချီမျှင်စု လက်ဝါးတွင်းမှ မီးတောက်က ပိုပို၍ ပြင်းထန်လာ၏။ နောက်ဆုံးတွင် အော်သံများ တိခနဲ ရပ်တန့်သွားသည်။ ယဲ့ဖန် လက်ဝါးဖြန့်လိုက်သောအခါ ရှေးဟောင်း စိတ်ဝိညာဉ်ဆေးလုံး သုံးခု ပေါ်လာ၏။
“ဒီရှေးဟောင်း စိတ်ဝိညာဉ် ဆေးလုံးသုံးလုံးနဲ့ဆို ကြွက်ဖြူလေး ပြန်နိုးလာမှာပဲ”
ယခင်က ယန်ဝမ်ဟင်းလင်းပြင်ထဲသို့ ယဲ့ဖန် ကျသွားသည့်အချိန်တွင် ဝိညာဉ်စား ပုရွက်ဆိတ်များနှင့် နတ်ဆိုး နဂါးက သူနှင့် လူချင်းကွဲသွားခဲ့သည်။ စိတ်ဝိညာဉ် ထိခိုက်သွားသော ကြွက်ဖြူလေးသာလျင် သူ၏အင်္ကျီလက် အတွင်း အိပ်မောကျ၍ ကျန်ရစ်ခဲ့လေသည်။
သင့်တော်သော စိတ်ဝိညာဉ် ကုသခြင်း နည်းလမ်းကို ယဲ့ဖန် တစ်ခါမှ ရှာမတွေ့ခဲ့ပေ။ သို့သော် မျိုးနွယ်သုံးခုမှ ဘိုးဘေးသုံးယောက်၏ စိတ်ဝိညာဉ်များကို တွေ့လိုက်ရချိန်တွင် သူ အတွေးတစ်ခု ဝင်လာသည်။
ထိုသူသုံးယောက်သည် ရှေးခေတ်အခါကတည်းက မျိုးနွယ်သုံးခု၏ ပထမဆုံး ဘိုးဘေးများ ဖြစ်သည်။ သူတို့၏ စိတ်ဝိညာဉ်က အလွန် သန်မာလောက်သည်။ ထိုရှေးဟောင်း စိတ်ဝိညာဉ်များဖြင့် ပြုလုပ်ထားသော ဆေးလုံး သာဆိုလျင် ကြွက်ဖြူလေးကို နိုးလာအောင် လုပ်နိုင်ရုံသာမက သူမ၏ စိတ်ဝိညာဉ်စွမ်းအင်ကိုပါ ကြောက်စရာ ကောင်းသော အဆင့်တစ်ခုအထိ တိုးတက်သွားအောင် လုပ်နိုင်ပေမည်။
ဤသို့တွေးမိပြီး ယဲ့ဖန် အသာပြုံးလိုက်သည်။ ထို့နောက် ခက်ထန်သော အကြည့်များဖြင့် လောကသခင်သုံးပါးကို လှမ်းကြည့်လိုက်လေသည်။
“မင်းတို့ ဘိုးဘေးလည်း သေပြီ၊ မင်းတို့ မျိုးနွယ်ဝင်တွေလည်း မရှိတော့ဘူး”
“အခု မင်းတို့အလှည့်ပဲ”