အခန်း (၉၁၆-၉၁၈)
Vol. 62 Ch. 916-918
Chapter 916 အရည်အချင်း မပြည့်မီဘူး
နတ်ဆိုးပေါင်း ၁၂၃၅၆ ယောက်။
ထိုအရေအတွက်ကို ကြားမိသည်နှင့် နတ်ဆိုးများသည် နှလုံးသားမှ သွေးစိမ်းရှင်ရှင် ယိုကျသကဲ့သို့ ခံစားမိလာသည်။ နတ်ဆိုးများထဲတွင် ထိုအဖြစ်အပျက်ကို မှတ်မိနေ သေးသည့် နတ်ဆိုးအိုကြီးများ ရှိနေ၏။ ဝမ်ရှန်းတောင်မှ လာရာလမ်း၌ နတ်ဆိုးတို့၏ သွေးများနှင့် အရိုးအစအနများ ထင်ကျန်ခဲ့သည်။
ထိုအချိန်က နတ်ဆိုးဧကရာဇ်သည် နတ်ဆိုးများကိုခေါ်၍ ထိုလမ်းသို့ သွားကာ မျိုးနွယ်ဝင်များ၏ ကျန်ရစ်ခဲ့သော အသားစများနှင့် အရိုးအစနများကို လိုက်ကောက်ခဲ့သည်။ ထိုအစအနများက မည်သည့်နတ်ဆိုး၏ ခန္ဓာကိုယ်မှ အကြွင်းအကျန်ဖြစ်သည်ကို မခန့်မှန်းနိုင်တော့ပေ။
နောက်ဆုံးတွင် နတ်ဆိုးပေါင်း ၁၂၃၅၆ ယောက်၏ အရိုးအစနများကို နတ်ဆိုးဂြိုဟ်၌ အတူတကွ မြှုပ်နှံ၍ ထိုနေရာ၌ အမြင့်မြတ်ဆုံး အထိမ်းအမှတ် အဆောက်အအုံတစ်ခု တည်ဆောက်ခဲ့သည်။
နတ်ဆိုးဧကရာဇ်သည် တစ်ချိန်က ထိုနေ့သည် နတ်ဆိုးမျိုးနွယ် သမိုင်း၌ အမှောင် မိုက်ဆုံးနှင့် အရှက်အရဆုံးနေ့ ဖြစ်ခဲ့သည်ကို လက်ရှိမျိုးနွယ်ဝင်များအပြင် နောင်လာ နောင်သားများပါ သိစေရန် ထိုအဆောက်အအုံကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ထိုမျိုးနွယ်ဝင်များ၏ အရိုးများကို ပြန်တွေးမိပြီး နတ်ဆိုးမျိုးနွယ်တိုင်း၏ မျက်လုံးများက သွေးကဲ့သို့ ရဲရဲနီလာသည်။ သူတို့သည် အရှင်ရွှမ်ကျူးအား မကျေမနပ်ဖြစ်ကာ ရူးသွပ်နေသော အကြည့်များဖြင့် စူးစိုက်ကြည့်လာလေသည်။
“နတ်ဆိုး … နတ်ဆိုးဧကရာဇ်၊ မင်းက အဲ့ဒီ ဘာမဟုတ်တဲ့ နတ်ဆိုးမျိုးနွယ်ဝင် တစ်သောင်းကျော်လောက်အတွက်နဲ့ ဒီလိုလုပ်တာလား၊ အဲ့လူလေးတွေအတွက်နဲ့ ငါ့ကို ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲအောင် ဖိအားပေးချင်တယ်ပေါ့လေ”
“မင်း အကုန်လုံးကို အတူတူ သေစေချင်တာလား”
အရှင်ရွှမ်ကျူး ထိတ်လန့်နေပြီး မယုံနိုင်သော အမူအရာမျိုးဖြင့် ကြည့်နေသည်။ သူသည် သာမက အရှင် ထျန်းကျစ်နှင့် အခြားသူများသည်လည်း ခေါင်းမွေးထောင်သွားလေ၏။
*အရူးကောင်*
*သေသွားတဲ့လူလေး တစ်စုအတွက်နဲ့ ငါတို့ကို ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး သတ်သေစေချင်တယ်တဲ့လား*
နတ်ဆိုးဧကရာဇ်၏ ရူးသွပ်မှုကြောင့် သူတို့ ကြောက်လန့်သွားရသည်။
“ဟုတ်တယ်”
ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ အေးစက်ခက်ထန်သော အကြည့်များဖြင့် ပြန်ပြော လိုက်သည်။
“သွေးကြွေးကို အဆုံးထိ သွေးကြွေးနဲ့ပဲ ပြန်ဆပ်မှာ”
“သေသွားရတဲ့လူတွေ ခံစားခဲ့ရတဲ့ မျှော်လင့်ချက်မဲ့ပြီး ကြံရာမရ ဖြစ်ခဲ့တဲ့ ခံစားချက်မျိုး မင်း ခံစားလာရအောင် ငါ လုပ်မယ်၊ ငါတို့ ခံစားခဲ့ရတဲ့ နာကျည်းမှုတွေကို မင်း သိအောင် လုပ်မယ်”
ထိုစကားသံအဆုံး၌ ယဲ့ဖန်က လှစ်ခနဲ လှုပ်ရှား၍ နတ်ဓားကို ကိုင်ဆွဲကာ အရှင်ရွှမ်ကျူးထံ ပြေးဝင်၍ အရူးအမူး တိုက်ခိုက်လေတော့သည်။
စိတ်ဝိညာဉ်ကို လောင်ကျွမ်းထားစေသဖြင့် အရှင်ရွှမ်ကျူး၏ ခွန်အားက ပိုမို၍ အားနည်း လာသည်။ တစ်ခဏ အတွင်းမှာပင် အရှင်ရွှမ်ကျူး၏ ခန္ဓာကိုယ်၌ ဓားချက်ကြောင့် ဒဏ်ရာများ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာ၏။
အရှင်ရွှမ်ကျူးသည် သွေးလူသားတစ်ဦးအသွင် ဖြစ်နေပြီး သူ၏အရေပြား၌ ဓားဖြင့် ခုတ်ပိုင်းမခံထားရသည့် နေရာဟူ၍ မရှိတော့ပေ။ ဓားချက်တိုင်း၌ အသားစများ ပဲ့ပဲ့ထွက် သွားသည်။ ပြောမပြတတ်လောက်အောင် နာကျင်ရသည့် ခံစားချက်ကြောင့် အရှင် ရွှမ်ကျူး ရူးမတတ် ဖြစ်နေ၏။
“အား….”
ငယ်သံပါအောင် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်နေသည်။ သူက ယဲ့ဖန်အား နာကျည်းဒေါသထွက်သော အကြည့်များဖြင့် ကြည့်လိုက်သည်။
“ကောင်းပြီလေ၊ တော်တော် ရက်စက်နိုင်တဲ့ နတ်ဆိုးဧကရာဇ်ပေါ့လေ”
“မင်းက ငါ့ကို ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲစေချင်နေမှတော့ ငါက မင်းဆန္ဒကို ဖြည့်ပေး ရတော့ပေါ့၊ ငါက မင်းကိုပါ တမလွန်ကို အတူ ခေါ်သွားမှာကွ”
ထိုစကားသံက အလွန်တရာ ရက်စက်ခက်ထန်လှပြီး အားလုံး အကြီးအကျယ် မျက်နှာပျက် သွားလေသည်။
“ရွှမ်ကျူး ရပ်လိုက်စမ်း”
အရှင်ထျန်းကျစ် စိုးရိမ်သွားပြီး နဖူးမှ ချွေးစေးများ စီးကျလာသည်။ ရွှမ်ကျူးသာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ လိုက်ပါက ယဲ့ဖန် သေရုံတင်မကဘဲ သူကိုယ်တိုင်ပါ ထွက်ပြေး၍ မလွတ်နိုင်မှန်း သူ သိနေ၏။
ဤသည်ကို တွေးမိပြီး အရှင်ထျန်းကျစ်က စိုးရိမ်တကြီးဖြင့် တားဆီးရန် ပြင်လိုက်သည်။ သူ လှုပ်လိုက်သည်နှင့် ရုတ်တရက် ယဲ့ဖန်၏ နတ်ဓားက သူ့ထံ ပျံသန်းလာသည်။
*ဟမ်*
*ငါ့ကို တားဆီးနေတာလား*
အရှင်ထျန်းကျစ် ကြောက်ရွံ့တုန်လှုပ်သွားသည်။ ယဲ့ဖန်အား သွပ်သွပ်ခါအောင် ရူးနေသော အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်၍ ပြောလိုက်သည်။
“နတ်ဆိုးဧကရာဇ်၊ မင်း ဘယ်လိုလုပ် ငါ့ကို တားရဲရတာလဲ၊ မင်း တကယ် အတူတူ သေချင်နေတာလား”
အရှင်ထျန်းကျစ် ထိတ်လန့်၍ ဒေါသထွက်နေသည်။ ထိုအခါ ယဲ့ဖန်က အသာပြုံး လိုက်သည်။
“အတူတူ သေမယ်တဲ့လား”
“သူက အဲ့လိုလုပ်နိုင်လောက်အောင် အရည်အချင်း မပြည့်မီဘူး”
သူ့စကားကြောင့် အရှင်ထျန်းကျစ် ချီတုံချတုံ ဖြစ်သွားသည်။ ထို့နောက် ချက်ချင်း မျက်နှာပျက် သွားလေသည်။ ထိုစဉ် အရှင်ရွှမ်ကျူးထံမှ ထိတ်လန့်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာ၏။ ထိုအရှိန်အဝါသည် အလွန် ကြောက်ရွံ့ဖွယ် ကောင်းလှသည်။ ထွက်ပေါ် လာသည့် ဘေးပတ်ဝန်းကျင်မှ နတ်ဆိုးများသည် သစ်ရွက်ခြောက် များကဲ့သို့ လွင့်ထွက် သွားလေသည်။
အရှင်ထျန်းကျစ်တောင်မှ တုန်လှုပ်သွားလေ၏။
“စနေပြီပဲ၊ ငါတို့ … နောက်ကျသွားပြီ”
အရှင်ထျန်းကျစ် ထိတ်လန့်ခြောက်ခြားနေ၏။ အရှင်ရွှမ်ကျူး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းအောက်၌ သူပါ အားနည်းနေသည်ဟု ခံစားမိလာသည်။ လက်ရှိအချိန်၌ သူ ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်၌ ယဲ့ဖန်က ထွက်မပြေးရုံသာကမ ရွှမ်ကျူးထံသို့ စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ပြေးဝင်သွားသည်ကို သူ တွေ့လိုက်ရသည်။ ယဲ့ဖန်၏ ရူးသွပ်ပုံကြောင့် အားလုံး မှင်တက်သွားသည်။
လောကသခင်တစ်ယောက်က ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲနေသော်လည်း သူက ထွက်မပြေးသည့်အပြင် ပြေးပါဝင်သွားလိုက်သေးသည်။ ဤသည်က ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်လေသည်။
“ဟားဟားဟား … နတ်ဆိုးဧကရာဇ်၊ အရူးကောင်၊ မင်းက သေဖို့တောင်းဆိုနေမှတော့ အတူတူ သေကြတာပေါ့”
ပြင်းထန်လှသော စွမ်းအားကြောင့် အရှင်ရွှမ်ကျူး၏ ခန္ဓာကိုယ်၌ အက်ရာထင်လာသည်။ သူ့မျက်လုံး၌ ရူးသွပ်ပျော်ရွှင်မှုများ ထင်ဟပ်နေ၏။ နတ်ဆိုးဧကရာဇ်နှင့်အတူ သေဆုံးရ မည်ဟု တွေးမိပြီး သူ အလွန် ပျော်ရွှင် နေသည်။
“အရူး”
ထိုစကားလုံးကြောင့် အရှင်ရွှမ်ကျူး အံ့ဩသွားသည်။ သူ ထိတ်လန့်တကြား ကြည့်နေ စဉ်မှာပင် ယဲ့ဖန်က လက်ဝါးတစ်ဖက်ကို လှုပ်ခါလိုက်သည်။
ထိုအခါ ထိန်းချုပ်ခြင်း နယ်မြေတစ်ခုက အရှင်ရွှမ်ကျူး၏ ပတ်လည်၌ ဖြစ်ပေါ်လာပြီး သူ့အား ထွက်ပေါက် မရှိအောင် ပိတ်လှောင် သွားလေသည်။ ထိုထိန်းချုပ်ခြင်းနယ်မြေမှ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲခြင်း စွမ်းအားပင် ပေါက်မထွက်နိုင်ချေ။
“ထိန်းချုပ်ခြင်းနယ်မြေ၊ မင်း …”
အရှင်ရွှမ်ကျူး မှင်တက်အံ့ဩသွားသည်။ ဤဟင်းလင်းပြင်နယ်မြေအား သူ၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်း စွမ်းအားပင် မဖျက်ဆီးနိုင်ပင်။
ထိုသို့ဆိုလျင် သူ မိမိကိုယ်ကိုယ် ဖောက်ခွဲလျင်တောင်မှ ယဲ့ဖန်က ဒဏ်ရာမရဘဲ ပကတိ အတိုင်း ရှိနေမည် ဖြစ်သည်။ သို့သော် ထိုမျှနှင့် မပြီးသွားသေးဘဲ ယဲ့ဖန်က အင်္ကျီလက်စ ထဲမှ ဆေးလုံးသုံးလုံးကို ထုတ်၍ ထိန်းချုပ်ခြင်း နယ်မြေထဲသို့ ပစ်ထည့်လိုက်သည်။
ရွှမ်ကျူး၏ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲခြင်း စွမ်းအားကို အသုံးချ၍ ဆေးလုံးကို သန့်စင် ချင်သည့်ပုံပင်။
“မျိုးမစစ်ကောင်”
အရှင်ရွှမ်ကျူး ရူးမတတ် ဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်တွင်းမှ ထွက်ပေါ်လာသော စွမ်းအင်အား ရှေးဟောင်း ဝိညာဉ်သုံးခုမှ ဖြစ်ပေါ်လာသော ဆေးလုံးသုံးခုက အငမ်းမရ စုပ်ယူနေသည်ကို သူ ခံစားမိသည်။ စွမ်းအားကို နည်းနည်းချင်းစီ စုပ်ယူနေရာမှ ပို၍များပြားစွာ စုပ်ယူလာ၏။ တဖြည်းဖြည်းနှင့် သူ၏ဖောက်ခွဲခြင်း စွမ်းအင်က ထိန်းချုပ် ၍ မရတော့ပေ။
“နတ်ဆိုးဧကရာဇ် ငါ မင်းကို တစ်သက်လုံး မကျေနပ်ဘူးကွ”
အရှင်ရွှမ်ကျူး၏ မကျေမနပ် အော်ဟစ်လိုက်သံ ထွက်ပေါ်လာပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်ခြင်း နယ်မြေအတွင်း၌ ပေါက်ကွဲသွားလေတော့သည်။
ဖောက်ခွဲခြင်း စွမ်းအင်သည်လည်း ဘေးသို့ပျံ့လွင့်လာသည်နှင့် ထိန်းချုပ်ခြင်း နယ်မြေ အတွင်းမှ ဝိညာဉ်ဆေးလုံး များ၏ စုပ်ယူခြင်း ခံလိုက်ရလေသည်။
ထိန်းချုပ်ခြင်းနယ်မြေအတွင်း၌ ဖောက်ခွဲခြင်း စွမ်းအင် ပျောက်ကွယ်သွားပြီး တလက်လက်တောက်နေသော ဆေးလုံး သုံးလုံးသာ ကျန်ရစ်ခဲ့သည်။ ယဲ့ဖန်က ထိုဆေးလုံးသုံးလုံးကို လှမ်းယူလိုက်သည်။
ထိုအခါ ဆေးလုံးထံမှ မွှေးပျံ့သောရနံ့က ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်လာသည်။ ထိုအနံ့ကို ရှူမိသည့်လူတိုင်း လန်းဆန်းတက်ကြွသလို ခံစားမိလာပြီး အသေးစား ဒဏ်ရာ များပင် ချက်ချင်း ပျောက်ကင်းသွားသည်။
လူတိုင်း အံ့ဩနေပြီးနောက် ယဲ့ဖန်ကို အလန့်တကြား ကြည့်လိုက်မိသည်။ ယဲ့ဖန်က ဤမျှ ရူးသွပ်လိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။ လောကသခင်တစ်ပါးအား ကိုယ့်ကိုယ် ကိုယ် ဖောက်ခွဲရန် ဖိအားပေးခဲ့ရုံသာမက ဖောက်ခွဲခြင်း စွမ်းအင်ကို အသုံးချ၍ ဆေးလုံး ၏ စွမ်းအင်ကိုပါ တိုးမြှင့်လိုက်သေးသည်။
ဤသို့သောလုပ်ရပ်အား ရူးနေသောလူမှပင် လုပ်ရဲနိုင်ပေသည်။ လူတိုင်း ထိတ်လန့်နေ သော်လည်း ယဲ့ဖန်က အရေးမစိုက်ဘဲ ဆေးလုံးသုံးလုံးကိုကြည့်၍ ကျေနပ်သလို ပြုံးနေသည်။
“ဟုတ်ပြီ၊ ဒီဆေးလုံးက လူတစ်ယောက်ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကို ကြောက်စရာ ကောင်းတဲ့ အတိုင်းအတာ တစ်ခုအထိ မြင့်တက်သွားအောင် လုပ်ပေးနိုင်မှာပဲ”
“ကြွက်ဖြူလေး သတိရလာရုံတင်မကဘဲ လုံးဝ ဆင့်ကဲပြောင်းလဲသွားအောင် လုပ်နိုင် တော့မယ်”
ထိုသို့တွေးတောမိပြီးနောက် ယဲ့ဖန်သည် မစောင့်နိုင်တော့ဘဲ ကြွက်ဖြူလေးကို ထုတ်၍ ဆေးလုံးတစ်လုံး တိုက်ကျွေး လိုက်သည်။ ဆေးလုံး ကျွေးလိုက်သည်နှင့် ကြွက်ဖြူလေး ၏ စွတ်စွတ်ဖြူနေသော ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားပြီးနောက် အလင်း တန်းများ ထွက်ပေါ်လာသည်။ သူမ လုံးဝ ဆင့်ကဲ ပြောင်းလဲ နေသည့်ပုံပင်။
ယဲ့ဖန် ပြုံးလိုက်ပြီးနောက် ကြွက်ဖြူလေးအား အလျင်အမြန် ပြန်သိမ်းထားလိုက်သည်။ ထို့နောက်တွင်မူ အရှင်ထျန်းကျစ်အား လှည့်ကြည့်လာ၏။
Chapter 917 ကမ္ဘာဦးခေတ်၏ ဖျက်ဆီးသူ
ဝုန်း!
အရှင်ရွှမ်ကျူး ပေါက်ကွဲ၍ သေဆုံးသွားသည်နှင့် ကောင်းကင်ယံ၌ မိုးခြိမ်းသံများ နှင့်အတူ လျှပ်စီးများ လက်လာ ပြန်သည်။ ထို့နောက် စကြဝဠာ၏ နေရာလပ်မကျန်၌ မိုးကြိုးများ ပစ်ချလေတော့သည်။
မည်သည့်မျိုးနွယ်စုမဆို မိုးခြိမ်းသံနှင့် မိုးကြိုးပစ်သံများကို အဆက်မပြတ် ကြားနေ ရသည်။ အထူးသဖြင့် ကောင်းကင်ယံ၌ “ရွှမ်” ဟူသော စကားလုံး ဖြစ်ပေါ်လာ သည်ကိုမြင်ပြီး ကြီးမြတ်သော မျိုးနွယ်စု သုံးခုလုံး မှင်တက် သွားကြသည်။ ထိုအခိုက် တွင် တစ်လောကလုံး ဆူညံပွက်လောရိုက်နေ၏။
“မြတ်စွာဘုရား၊ အရှင်ရွှမ်ကျူး သေသွားပြီ၊ ဒါ ဒုတိယမြောက် လောကသခင် သေဆုံးတာပဲ”
“မယုံနိုင်စရာပဲ၊ ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ ဒါ နတ်ဆိုးဧကရာဇ်ကြောင့်ပဲလား”
“ကြောက်စရာကောင်းတဲ့ နတ်ဆိုးဧကရာဇ်က စကြဝဠာတစ်ခုလုံးရဲ့ အရှင်သခင်ပါလား”
“…”
လက်ရှိအချိန်၌ စကြဝဠာတစ်ခုလုံး ပွက်လောရိုက်၍ လူတိုင်း တုန်လှုပ်နေကြသည်။
….
တစ်ချိန်တည်းမှာပင် ယဲ့ဖန်က အရှင်ထျန်းကျစ်ကို စူးစိုက်ကြည့်လာသဖြင့် ထျန်းကျစ် တုန်လှုပ်သွားသည်။ သူက အံ့ဩနေသော မျက်နှာထားဖြင့် ယဲ့ဖန်ကို ကြည့်လာသည်။
“မြတ်စွာဘုရား”
“မင်း … မင်း ကောင်းကင်မိစ္ဆာကြွက်မျိုးနွယ်က ကြွက်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးရဲတယ်လား”
အရှင်ထျန်းကျစ် အံ့ဩနေ၏။ အခြားသူများက ထိုကြွက်ကို မသိသော်လည်း ရှေးဟောင်း မျိုးနွယ်တစ်ခု၏ မိသားစုဝင် ဖြစ်သောကြောင့် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ် အကြောင်းကို ထျန်းကျစ် ကောင်းကောင်း သိလေသည်။
ကောင်းကင်မိစ္ဆာကြွက်ဟု ဆိုလိုက်သည်နှင့် ငရဲဘုံသာမက ယင်ယန်လောကပင် တုန်လှုပ်သွားရသည်။ လူသား အရှင်သခင်တောင်မှ ဤကြောက်စရာကောင်းသော မျိုးနွယ်ကို ကြောက်လန့်လေသည်။ ထိုမျိုးနွယ်သည် ယန်နယ်မြေ တစ်ခုလုံး၌ ရှေးအကျ ဆုံးနှင့် အဆန်းကြယ်ဆုံး မျိုးနွယ်စု ဖြစ်လေသည်။
ထိုမျိုးနွယ်စုက ယန်နယ်မြေနှင့် အလွန်ရင်းနှီးသော ဆက်နွယ်မှုရှိသည်ဟု ကောလာဟလ ရှိလေသည်။ သူတို့သည် ဝိညာဉ်စား ပုရွက်ဆိတ်များထက်ပင် သုံးဆမျှ ပိုအန္တရာယ် များလေသည်။
ယခုအခါတွင် ထိုကဲ့သို့ ကြောက်စရာကောင်းသည့် သက်ရှိသတ္တဝါက ယဲ့ဖန်၏ အိမ်မွေး တိရစ္ဆာန်ကဲ့သို့ မွေးမြူခြင်း ခံနေရသည်။
*ဒီကောင်က တကယ် စိတ်ဖောက်နေတာပဲ*
အရှင်ထျန်းကျစ်သည် ယဲ့ဖန်နှင့် သူသေကိုယ်သေ တိုက်ရန် စိတ်ကူးမရှိတော့ဘဲ ချက်ချင်း ထွက်ပြေးရန် ပြင်လေသည်။ သူ့တစ်သက်လုံး ယဲ့ဖန်ကို မမြင်ချင်တော့ပေ။ ဤစိတ္တဇ သမားကို သူ မမြင်လိုတော့ပါ။
ယဲ့ဖန်သည် တကယ်ပင် စိတ္တဇသမား ဖြစ်သည်။ ဝိညာဉ်စား ပုရွက်ဆိတ်များကို မွေးမြူ ထားရုံသာမက ကောင်းကင် မိစ္ဆာကြွက်ကိုပင် မွေးမြူထားလိုက်သေးသည်။ ဤလော က၌ မည်သူမျှ ဖမ်းမထားရဲသော သက်ရှိများကို သူက အိမ်မွေးတိရစ္ဆာန်အဖြစ် ထားထား လေ၏။
အရှင်ထျန်းကျစ်သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်ကာ အသားကုန် ထွက်ပြေး နေသည်။ ဤသည်ကို ကြည့်ပြီး အားလုံး မှင်တက်သွားသည်။
“လောကသခင် … လောကသခင်”
ခန်ထျန်းနတ်ဘုရားနှင့် အခြားသူများ သွေးမရှိတော့သကဲ့သို့ ဖြူရော်လာသည်။ မျိုးနွယ် သုံးခုလုံး ပျက်စီးသွားပြီး လောကသခင်သုံးပါး၌ နှစ်ပါး သေဆုံး၍ တစ်ပါးက ထွက်ပြေး ရသော နေ့မျိုး ရောက်လာလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
သူတို့သည်သာမက ဝိညာဉ်နန်းတော်သခင်တို့သည်လည်း ကြွက်ဖြူလေးကိုမြင်ပြီး ကြောက်ရွံ့ သွားလေ၏။ သူတို့ ကြွက်ဖြူလေးက ယခင်က မမြင်ဖူးကြချေ။ ယခုအခါ၌ အားလုံး ခေါင်းမူးသလို ဖြစ်လာသည်။
“ဂလု”
ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများ တံတွေးမျိုချမိသွားသည်။
“အဲ့ကြွက်က ဟိုမျိုးနွယ်စုက မဟုတ်လား”
“အဲ့မျိုးနွယ်စုက အခုထိ သက်ရှိထင်ရှား ရှိနေသေးတာလား”
ဝိညာဉ်နန်းတော်သခင်၊ ကောင်းကင်သခင်နှင့် စံအိမ်သခင်တို့ ကြက်သီးထကာ နဖူးမှ ချွေးများ စီးကျလာသည်။ ဤသည်ကိုကြည့်ပြီး အမှောင်သခင် နတ်ဆိုးဘုရင်နှင့် အခြားသူများ တွေဝေနေပြီးနောက် ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ဝိညာဉ်နန်းတော်သခင် ခင်ဗျား အဲ့ကြွက်ကို သိတာလား”
အမှောင်သခင်နှင့် နတ်ဆိုးများသည် ထိုကြွက်ဖြူလေးက အလွန် ထူးဆန်းလှသည်ကို သတိထား မိသော်လည်း လောကသခင် ဖြစ်သော အရှင်ထျန်းကျစ်နှင့် ဝိညာဉ်နန်းတော် သခင်တို့ပင် ကြောက်လန့်သွားလိမ့်မည်ဟု ထင်မထားမိပေ။
“ဂလု”
ဝိညာဉ်နန်းတော်သခင်တို့က မနည်းကို တံတွေးမျိုချ၍ အားတင်းကာ ပြန်ပြော လိုက်သည်။
“ငါတို့ အရှင်ယာမာ ပြောတာကို ကြားဖူးတာ”
“အဲ့ကြွက်က သာမန်ကြွက်မဟုတ်ဘူး၊ ကောင်းကင်မိစ္ဆာကြွက်ပဲ”
“ကမ္ဘာဦးခေတ်အခါရဲ့ ဖျက်ဆီးသူပေါ့”
ဝိညာဉ်နန်းတော်သခင်၏ စကားအဆုံး၌ အားလုံး တိတ်ဆိတ်သွားသည်။ ခေတ်တစ် ခေတ်၌ နှစ်ပေါင်းသန်းချီ၍ ရှိခဲ့သည်။ ကမ္ဘာဦးခေတ် ပျက်စီးသွားပြီးနောက် မဟာ နတ္ထိခေတ် ဖြစ်ပေါ်လာသည်။ မဟာနတ္ထိခေတ်မှနေ၍ လက်ရှိခေတ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ရှေးဟောင်းစာအုပ်များတွင် မဟာနတ္ထိခေတ်နှင့် ကမ္ဘာဦးခေတ်ကာလများသည် စကြဝဠာ၏ သမိုင်းကြောင်းတွင် ကြောက်စရာအကောင်းဆုံး ကာလများ ဖြစ်သည်ဟု ဖော်ပြထားသည်။
ယခု ကြွက်ဖြူလေးက ထိုမဟာရှေးခေတ်ကာလ၏ ဖျက်ဆီးသူ မျိုးနွယ်စုက မျိုးနွယ်ဝင် ဖြစ်နေသည်တဲ့လား။
*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*
ထိုအခိုက်တွင် အမှောင်သခင်နှင့် အခြားသူများသည် ယဲ့ဖန်၏ အင်္ကျီလက်စကို ကြည့်ပြီး ကြက်သီးထ သွားသည်။ ယဲ့ဖန်က ထိုကဲ့သို့ ကြောက်စရာကောင်းသော သတ္တဝါအား သူနှင့်အတူ သယ်လာလိမ့်မည်ဟု သူတို့ ထင်မထား မိပေ။
လက်ရှိအချိန်တွင် ယဲ့ဖန်က သူတို့၏ ထိတ်လန့်မှုကို အရေးမလုပ်ဘဲ ထွက်ပြေးနေသော ထျန်းကျစ်နောက်သို့ လိုက်သွားလေသည်။
“မင်းက ထွက်ပြေးမလို့လား”
ခက်ထန်သော စကားသံနှင့်အတူ နတ်ဓားက ထျန်းကျစ်၏ ကျောပြင်အား ထိုးဖောက် သွားသည်။ ထိုဓားချက်၌ အချိန်နှင့် လေဟာနယ်တို့၏ နိယာမများပါဝင်နေသလိုပင်။
ထိုဓားချက်ကြောင့် ထျန်းကျစ်၏ ကျောပြင်၌ သွေးသံတရဲရဲနှင့် အခေါင်းပေါက်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုဒဏ်ရာကြောင့် ထျန်းကျစ် ပို၍တုန်လှုပ်ကာ အသည်းအသန် ထွက်ပြေးလေသည်။ ထွက်ပြေးနေစဉ် အတွင်းမှာလည်း ယဲ့ဖန်ကို ကြုံးဝါး၍ ပြောဆိုနေသည်။
“နတ်ဆိုးဧကရာဇ် မင်း ငါ့ကို မသတ်နိုင်ဘူး၊ ငါ ဘယ်သူလဲဆိုတာ မင်း သိပါတယ်”
“ငါ့ရှေးဟောင်းမျိုးနွယ်က ကောင်းကင်မိစ္ဆာကြွက်မျိုးနွယ်လောက် အစွမ်းမကြီးပင်မယ့် မင်းတင်မကဘူး ဒီစကြဝဠာထဲက ဘယ်သူမဆို ရန်စနိုင်တဲ့ မျိုးနွယ် မဟုတ်ဘူးကွ”
“ရန်စတဲ့ ဘယ်သူမဆို သေရတာချည်းပဲ”
အရှင်ထျန်းကျစ်က အသည်းအသန် အော်ပြောနေ၏။ သူ့စကားအဆုံး၌ ပခုံးပေါ်သို့ ဓားရောင် ကျလာပြီး ချက်ချင်း လက်တစ်ဖက် ပြတ်ထွက်သွားသည်။
“အား…”
အရှင်ထျန်းကျစ် ထိတ်လန့်ကာ ဒေါသထွက်နေ၏။ ပြင်းထန်လှသည့် နာကျင်မှုကြောင့် တုန်ယင်နေသည်။ သို့သော် လက်ရှိတွင် သူသည် ပြတ်သွားသော လက်အား ပြန်မကောက်နိုင်ဘဲ မြန်နိုင်သမျှမြန်မြန် ထွက်ပြေးနေရသည်။
အရှင်ထျန်းကျစ်၏ မျက်နှာ၌ ဒေါသစိတ်နှင့် ကြောက်ရွံ့စိတ်များ ထင်ဟပ်နေသည်။ သူ ကြောက်စရာကောင်းသော အဆင့်အတန်းများကို မည်မျှ ထုတ်ပြောနေပါစေ ယဲ့ဖန်ကဲ့သို့ စိတ္တဇရှေ့၌ အသုံးမဝင်မှန်း သိလိုက်သည်။
လက်ရှိအချိန်၌ လူတိုင်း ထိတ်လန့်သွားရမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ယဲ့ဖန်က ထျန်းကျစ် နောက်မှနေ၍ ပုံမှန်နှုန်းအတိုင်း လိုက်နေသည်ကို အားလုံး မြင်နေ ရသည်။ ထျန်းကျစ် မည်မျှ မြန်ဆန်စွာ ထွက်ပြေးပါသော်လည်း ယဲ့ဖန်အား နောက်ချန်မထားခဲ့နိုင်ပေ။
ထို့အပြင် ယဲ့ဖန်၏ ဓားချက်တိုင်း၌ ထျန်းကျစ်တစ်ယောက် ဒဏ်ရာရပြီးရင်း ရလာသည်။
ရွှစ်!
ရွှေရောင် အလင်းတန်း ဖြတ်ပြေးသွားပြီးနောက် အရှင်ထျန်းကျစ် ထိတ်လန့်ကာ မျက်နှာ ဖြူရော်သွားသည်။ ယဲ့ဖန်၏ ဓားချက်က သူ့လည်ပင်းသို့ ဦးတည်နေသည်ကို တွေ့လိုက်ရသည်။
သူ လျင်မြန်စွာ ရှောင်တိမ်းလိုက်သဖြင့် နတ်ဓားက နားတစ်ဖက်ကိုသာ ဖြတ်မိသွားသည်။ နာကျင်မှုကြောင့် အရှင်ထျန်းကျစ် တုန်ယင်သွားသည်။
“မလုပ်နဲ့”
အရှင်ထျန်းကျစ် တုန်လှုပ်ခြောက်ခြားသွားပြီး မရဏ အငွေ့အသက် လွှမ်းခြုံလာသည်ဟု ခံစားမိသည်။ ယဲ့ဖန်၏ နတ်ဓားက သူ၏လည်ပင်းထံသို့ ထပ်မံ၍ ကျရောက်လာသည်ကို တွေ့လိုက်ရသည်။
အရှင်ထျန်းကျစ် ကြံရာမရ ဖြစ်နေ၏။ သူ နောင်တရနေသည်။ တစ်နေ့ ဤသို့ ဖြစ်လာမည်ကိုသာ သူ ကြိုသိခဲ့ပါက ယဲ့ဖန်ကိုသာမက နတ်ဆိုးမျိုးနွယ်ကိုပါ သူ ဆန့်ကျင်မိမည် မဟုတ်ပါ။
သို့ရာတွင် ယခုအချိန်၌ အားလုံး အသုံးမဝင်တော့ပေ။ အရှင်ထျန်းကျစ်သည် မျက်လုံး မှိတ်၍ သေရမည့် အချိန်ကိုသာ စောင့်နေလိုက်သည်။ ထိုစဉ် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာလေ၏။
Chapter 918 အန္တရာယ်ပေးလိုသူများ ရောက်လာပြီ
လက်ရှိအချိန်တွင် အရှင်ထျန်းကျစ်သည် ဆောက်တည်ရာမရ ဖြစ်နေလေ၏။ သူ့နောက် မှ နတ်ဓား၏ အေးစက်သော အငွေ့အသက်က မရဏ အငွေ့အသက်အသွင် ပြောင်းသွား ပြီး သူ့အား ဖုံးလွှမ်းသွားသည်။
ထိုအခိုက်တွင် အရှင်ထျန်းကျစ်သည် မရဏအငွေ့အသက်ကို ခံစားမိပြီး ခြေလက်များ အေးစက်လာပြီး ချွေးစေး ပြန်လာသည်။
“သွားပြီပဲ၊ ဒီတစ်ခါတော့ ငါ ထျန်းကျစ် သေရတော့မှာလား”
ထိုမျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ယောက် အနေဖြင့် ဤစကြဝဠာထဲသို့ သူ အခြေချလိုက်သည့် အချိန်မှစ၍ ပြိုင်ဘက် ကင်း လုနီးပါး ဖြစ်ခဲ့သည်။ သူသည် ဤစကြာဝဠာအတွင်း၌ အဆင့်အတန်းမြင့်မြင့် နေထိုင်ရသည်ကို သဘောကျသည်။
သူသည် နတ်ဆိုးမျိုးနွယ်များကို သတ်ဖြတ်ရသည့် ခံစားချက်နှင့် အရာအားလုံးကို ဖိနှိပ် ရသည့် ခံစားချက်ကို နှစ်သက်သည်။ သို့သော် တစ်နေ့သောအချိန်၌ ဤငရဲဘုံ စကြဝဠာ ထဲမှ ပုရွက်ဆိတ်ကဲ့သို့သော လူတစ်ယောက်၏ ဖိနှိပ်သတ်ဖြတ်ခြင်း ခံရလိမ့်မည်ဟု ထင်မထားမိပေ။
“မလုပ်နဲ့”
မရဏ အငွေ့အသက်များကြောင့် အရှင်ထျန်းကျစ် သည်းခြေပျက်မတတ် ကြောက်လန့် သွားသည်။ ထို့အပြင် နတ်ဓားသည်လည်း သူ၏ခန္ဓာကိုယ်သို့ အရှိန်ဖြင့် သက်ဆင်း လာသည်။
ထိုသို့ အရေးကြီးသော အချိန်၌ ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး အရိပ်တစ်ခု ဖြတ်သန်း လာသည်။ ယဲ့ဖန် တစ်ချက် ယိုင်သလို ဖြစ်သွားပြီး နတ်ဓား၏ ဓားသွားက ဘေးသို့ ချော်ထွက်သွားသည်။
ရွှစ်!
နတ်ဓားသည် အရှင်ထျန်းကျစ်၏ ပခုံးကိုသာ ခုတ်မိသွားသဖြင့် သွေးများ ပန်းထွက် လာသည်။ ဤမြင်ကွင်းကြောင့် အားလုံး အံ့အားသင့်သွားလေသည်။ အရှင်ထျန်းကျစ်က ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရသော်လည်း မသေသေး သည့်အပြင် တအံ့တဩနှင့် ရပ်နေ သည်။
ထို့အပြင် ရိုးစင်းသော ကြေးနီရောင် ခေါင်းလောင်းတစ်လုံးက သူ့ရှေ့၌ ဝဲပျံနေ၏။ ထိုကြေးနီရောင် ခေါင်းလောင်းသည် လက်တစ်ဝါးစာမျှ အရွယ်အစားမျှသာ ရှိသည်။ သို့သော် ခေါင်းလေင်းပတ်လည်၌ နတ်ဘုရား မိုးကြိုးများ ရစ်ဝဲနေပြီး ကြေးနီရောင် ခေါင်းလောင်းထံမှ အရှိန်အဝါတစ်မျိုး ပျံ့လွင့်နေသည်။
“ဘယ်သူလဲ”
ယဲ့ဖန်၏ အကြည့်များက အေးစက်နေသည်။ ထိုသေးငယ်သော ခေါင်းလောင်းလေးက သူ၏ နတ်ဓားကို တုန်ခါအောင် လှုပ်နိုင်လိမ့်မည်ဟု သူ ထင်မထားမိပေ။ ထိုခေါင်းလောင်း ကြောင့်သာ မဟုတ်ပါက အရှင်ထျန်းကျစ် ကျိန်းသေပေါက် သေသွားမှာပင်။
ယခုအချိန်၌ ယဲ့ဖန်သာမက အရှင်ထျန်းကျစ်တောင်မှ အံ့ဩနေ၏။ ထို့နောက် သူ ပြန်သတိဝင်လာပြီး ဝမ်းသာသွားသည်။
*အသက်ရှင်ပြီ*
*ငါ မသေတော့ဘူး*
ကျိန်းသေပေါက် သေရတော့မည့်အခြေအနေ၌ အသက်ရှင်လိမ့်မည်ဟု အရှင်ထျန်းကျစ် ထင်မထားမိပါ။ သူ တအံ့တဩနှင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်မိသည်။
ဝိညာဉ်နန်းတော်သခင်၊ အမှောင်သခင် နတ်ဆိုးဘုရင်နှင့် အခြားသူများလည်း ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။ ထည်ဝါကြီးမားသော ဖိအားတစ်မျိုးက ကောင်းကင်ယံမှ ရောက်ရှိလာသည်ဟု အားလုံး ခံစားမိနေ၏။ ကြောက်လန့်စရာ ကောင်းသော တစ်စုံတစ်ရာ ရောက်လာတော့မည်ဟု ထင်မှတ်ရသည်။
“တယ်ဟုတ်နေတဲ့ ငရဲဘုံက အကောင်လေးပါလား”
“တော်တော် မောက်မာနေတာပဲ”
ထိုအသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှပြီး လူအများအား တုန်ယင်သွားစေသည်။ ထိုစကားသံသည် ကြောက်လန့်ဖွယ်ကောင်းသော အသံလှိုင်းတစ်ခုအဖြစ် ပြောင်းလဲ သွားပြီး လူတိုင်းအပေါ် ဖိအားလှိုင်းတစ်ခုအဖြစ် သက်ရောက်သွားသည်။
ဒဏ်ရာအပြင်းအထန်ရထားသော ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများသည် မိုးကြိုး ပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ပို၍ ဒဏ်ရာ ပြင်းထန်လာသည်။ နတ်ဆိုးများ သည်လည်း လွင့်ထွက်သွားပြီးနောက် သွေးအန်လာသည်။
ဤအဖြစ်က ထိတ်လန့်စရာ ကောင်းလှသည်။ ထိုအရာက ဘာလဲဆိုသည်ကို လူတိုင်း မတွေးတတ်ပေ။ စကားလေး တစ်ခွန်းတည်းနှင့် နတ်ဆိုးများအား ဒဏ်ရာရအောင် လုပ်နိုင်နေ၏။
လက်ရှိအချိန်၌ ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများ ထိတ်လန့်တုန်လှုပ်သွားသည်။ ယဲ့ဖန်တောင်မှ မျက်နှာ သုန်မှုန်နေလေသည်။ ထိုအသံပိုင်ရှင်က လောကသခင်သုံး ပါးထက် ပို၍သန်မာသည်ကို သူ ခံစားမိသည်။
ဝုန်း!
အားလုံး စိတ်ဝင်တစား ကြည့်နေစဉ်တွင် ကောင်းကင်ယံမှ ပေါက်ကွဲသံတစ်သံ ထွက်ပေါ် လာပြီး တောင်ပံတစ်စုံနှင့် မြင့်မားကြံ့ခိုင်သော အမျိုးသားတစ်ယောက် ဆင်းသက် လာသည်။
ထိုလူကြီးသည် သုံးမီတာမှ မြင့်မားလှသဖြင့် လူ့ဘီလူးတစ်ကောင်လိုပင်။ သူ၏ ကြွက်သားများက တုတ်ခိုင် သန်စွမ်းလာပြီး သွေးကြောများကို ထင်းခနဲ မြင်နေရသည်။
မျက်နှာက ဓားတစ်လက်ကဲ့သို့ ချွန်ထက်၍ မျက်လုံးများက လျှပ်စီးကဲ့သို့ စူးရှလှသည်။ သူ၏ကျောနောက်မှ တောင်ပံသည် လေဟာနယ်အား ဖျက်ဆီးနိုင်ပုံ ရသည်။ ထိုသူကို မြင်သည်နှင့် ယဲ့ဖန်၏ အမူအရာက ချက်ချင်း သုန်မှုန်သွားလေသည်။
“မသေမျိုးများလား”
ထိုလူကြီး၏ အရှိန်အဝါက မသေမျိုးမျိုးနွဘ် ဟေးဒီးစ်နှင့် ဆင်တူနေသည်ကို ယဲ့ဖန် ရှင်းလင်းစွာ ခံစားမိသည်။ ထို့အပြင် ထိုလူကြီး၏ မျက်နှာထားက မသေမျိုး ဟေးဒီးစ်နှင့် ဆင်တူနေသည်ကို ယဲ့ဖန် သတိထားမိသည်။
“မင်း … မင်းက ယဲ့ဖန်လား”
ထိုလူကြီးသည် ရောက်လာသည်နှင့် စူးရှသော မျက်လုံးများဖြင့် ယဲ့ဖန်အား ဒေါသ ထွက်၍ လူသတ်လိုဟန်ဖြင့် စိုက်ကြည့်လေသည်။ သူ ယဲ့ဖန်ကို အတော်လေး မုန်းတီး နေသည့်ပုံပင်။
“ငါက ဝမ်လီ မသေမျိုး ဟေးဒီးစ်ရဲ့ အစ်ကိုပဲ”
ထိုလူ၏ စကားအဆုံး၌ အားလုံး ထိတ်လန့်သွားကြသည်။ မသေမျိုး ဟေးဒီးစ်သည် စကြဝဠာတစ်ခုလုံးအား ခြောက်ခြားစေခဲ့သူ ဖြစ်သည်။ တစ်ချိန်က လောကသခင် သုံးပါးပင် သူ့ကို မသတ်နိုင်ခဲ့ပေ။ ဟေးဒီးသည် ထိုအချိန်က လက်တစ်ဖက်တည်းဖြင့် စကြဝဠာတစ်ခုလုံးကို ကြီးစိုးနိုင်ခဲ့သည်။
သို့သော် နောက်ဆုံး၌ ယဲ့ဖန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသဖြင့် ဤစကြဝဠာထဲမှာပင် သေဆုံးခဲ့ရသည်။ မသေမျိုး မျိုးနွယ်ဝင်တစ်ယောက်က ယခုအချိန်၌ ပေါ်လာလိမ့်မည်ဟု နတ်ဆိုးများ ထင်မထားမိပေ။
“ဟားဟားဟား … နောင်တော်ကြီး၊ နောက်ဆုံးတော့ ခင်ဗျား ရောက်လာပြီပဲ”
အရှင်ထျန်းကျစ် ဝမ်းသာအားရ ဖြစ်သွားသည်။ ယဲ့ဖန်နှင့် မသေမျိုးမျိုးနွယ်ကြားမှ အာဃာတ တရားကို သူ သိထားသည်။
မသေမျိုး ဖီးနစ်ဘုရင်သည် မသေမျိုး ဟေးဒီးစ်၏ လိုက်လံသတ်ဖြတ်ခြင်း ခံရသော် လည်း ဟေးဒီးစ်သာလျင် ယဲ့ဖန် သတ်သည်ကို ခံလိုက်ရသည်။
ကမ္ဘာမြေကို စစ်ပွဲမဆင်နွှဲခင်အချိန်၌ လောကသခင်သုံးပါးက မသေမျိုးမျိုးနွယ်များထံ ဆက်သွယ်ခဲ့သည်။ မသေမျိုး မျိုးနွယ်ဝင်များကို အသုံးချခဲ့သဖြင့် မသေမျိုး ဖီးနစ်ဘုရင် အရှုံးပေးလိုက်ရပြီး ယင်ယန်လောကသို့ ပြန်ဖမ်းခေါ်ခံလိုက်ရလေသည်။
ယခုအချိန်၌ မသေမျိုး မျိုးနွယ်ဝင်က ဟေးဒီးစ် သေဆုံးမှုအတွက် လက်စားချေရန် ဤနေရာသို့ ရောက်လာလေပြီ။ ထိုသို့တွေးမိပြီးနောက် အရှင်ထျန်းကျစ်က ဝမ်လီကို လှမ်းကြည့်၍ အလျင်အမြန် ပြောလိုက်သည်။
“နောင်တော်ကြီး ဒီလူက ရက်စက်ယုတ်မာတဲ့ နည်းတွေကိုသုံးပြီး မသေမျိုး ဟေးဒီးစ်ကို သတ်ခဲ့တာပါ”
“ခင်ဗျား ဟေးဒီးအတွက် လက်စားချေမှ ဖြစ်ပါမယ်၊ ဒီလူကို နုတ်နုတ်စင်းပစ်လိုက်ပါ”
အရှင်ထျန်းကျစ်က သွေးဆာဟန် ပြုံးနေသည်။ သူ့စကားကြောင့် ဝမ်လီက အထင်သေးသလို ပြုံးလိုက်သည်။ သူ လက်တစ်ဖက်ကို လှုပ်လိုက်သောအခါ ကြေးနီရောင် ခေါင်းလောင်းက ရုတ်တရက် သူ့လက်ပေါ် ပျံသန်းသွားသည်။
“မင်း ပြောနေစရာ မလိုဘူး၊ မင်းဆီက ဒီကောင် မသေဘူးလို့ သတင်းရပြီးကတည်းက ငါတို့ အကြီးအကဲတွေက သူ့အသက်ကို နှုတ်ယူဖို့ ငါ့ကို လွှတ်လိုက်တာပဲ”
ဝမ်လီက ထီမထင်ဟန် ပြုံးလာသည်။
“ပြီးတော့ ငါတင်မကသေးဘူးကွ၊ မင်းကို သတ်ချင်နေတဲ့ တစ်ခြားသူတွေ ရှိနေ သေးတဲ့ပုံပဲ”
ထိုစကားကြောင့် အားလုံး မှင်တက်သွားသည်။ ထိုစဉ် ကောင်းကင်ယံမှ လေမုန်တိုင်း တိုက်ခတ်သံများ ထွက်ပေါ်လာပြီး တိမ်များ အုံ့မှိုင်းလာကာ တစ်လောကလုံး အရောင် ပြောင်းလဲလာ၏။ ကြောက်စရာကောင်းသော တစ်စုံတစ်ရာ ကျရောက်လာ တော့မည့်ပုံပင်။
ဂျိမ်း!
ထိုစဉ် မိုးကြိုးပစ်ချသံနှင့်အတူ ကောင်းကင်ယံမှ လူနှစ်ယောက် ဆင်းသက်လာ၏။ တစ်ယောက်မှာ လူငယ်လေး ဖြစ်ပြီး နှင်းကဲ့သို့ စွတ်စွတ်ဖြူသော ဝတ်စုံကို ဝတ်ဆင် ထားသဖြင့် ဝင့်ကြွားသော မင်းမျိုးမင်းနွယ်မိသားစုမှ သခင်လေး တစ်ယောက်ဟု ထင်မှတ် ရသည်။
သူ့ထံမှ တစ်မူထူးဆန်းသော အငွေ့အသက်မျိုး ထွက်ပေါ်နေ၏။ ထို့အပြင် သူ၏ အဖြူရောင်ဝတ်စုံ၌ ကမ္ဘာဦး ဟူသော စကားလုံးကို ရေးထိုးထားလေသည်။
ကျန်လူတစ်ယောက်မှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်သည်။ သူ၏ နဖူး၌ လျှပ်စီး သင်္ကေတ တစ်ခု ရှိနေသည်။ သူ၏မျက်လုံးအတွင်း၌ လျှပ်စီးများ ဖြတ်ပြေး နေသည်ဟု ထင်မှတ်ရသည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားကို မြင်သည်နှင့် ယဲ့ဖန် အမူအရာ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် မိုးကြိုးနတ်ဘုရားနှင့်အတူ လိုက်ပါလာပြီး ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးဖြင့် သူ့အား ယန်ဝမ် ဟင်းလင်းပြင်သို့ ပစ်ချခဲ့သော လူဖြစ်နေသောကြောင့်ပင်။