← Chapters

အခန်း (၉၁၉-၉၂၁)

Vol. 62 Ch. 919-921

အခန်း (၉၁၉-၉၂၁)

Vol. 62 Ch. 919-921

Chapter 919 မင်းအသက်နဲ့ ဝိညာဉ်ကို နုတ်ယူမယ်၊ ပြီးတော့ ရတနာတွေ ကိုလည်း လုယူမယ်

“ကမ္ဘာဦး အင်မော်တယ် သခင်လေးနဲ့ အရှင် ဇီထျန်း”

“တော်သေးတယ်၊ ခင်ဗျားတို့ ရောက်လာတာ သိပ်ကောင်းတာပဲ”

ထိုလူနှစ်ယောက်ကို မြင်သည်နှင့် အရှင်ထျန်းကျစ်သည် ပို၍ စိတ်လှုပ်ရှားကာ ပျော်ရွှင်လာသည်။ သူ ခေါ်ဝေါ် လိုက်သော အမည်နာမကြောင့် နတ်ဆိုးများအားလုံး မျက်နှာပျက်သွားကြသည်။

သူတို့သည် အရှင်ဇီထျန်းကို မသိသော်လည်း ကမ္ဘာဦး အင်မော်တယ် သခင်လေးကို ကြားဖူးကြသည်။ ထိုသူသည် ကမ္ဘာဦး အုပ်ချုပ်သူ၏ သားဖြစ်ပြီး ကမ္ဘာဦး အင်မော်တယ် နန်းတော်၏ ကြောက်စရာကောင်းသော သခင်လေး ဖြစ်ပေသည်။

တစ်ချိန်က လူသား အရှင်သခင်သည် မဟာနတ္ထိခေတ်ကာလ၌ လောကအား ယင်ယန် လောကနှင့် ငရဲဘုံဟူ၍ နှစ်ပိုင်း ခွဲပစ်ခဲ့သည်။ ထိုခေတ်အခါက အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခုသည် ယင်ယန်လောက၌ မနေဘဲ ငရဲဘုံသို့သာ ဆင်းသွားရန် ဆုံးဖြတ်ခဲ့သည်။ ထိုအဖွဲ့အစည်းမှာ ကမ္ဘာဦး အင်မော်တယ်နန်းတော် အဖွဲ့အစည်းပင်။

ကမ္ဘာဦး အင်မော်တယ်နန်းတော်သည် အလွန်အမင်း ပဟေဠိဆန်ကာ လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း လူလုံး ထွက်ပြခဲသည်။ သို့ရာတွင် သူတို့ ထွက်ပေါ်လာသည့် ဆိုးရွားသော ကိစ္စကြီးတစ်ခု ဖြစ်လေ့ ရှိ၏။

ကမ္ဘာဦး အင်မော်တယ်နန်းတော် ငရဲဘုံ၌ နေခဲ့ရသည့် အကြောင်းရင်းက ငရဲဘုံကို စောင့်ကြည့်၍ ကောင်းကင် ဘုံအား ဆန့်ကျင်နိုင်သည့်သူများ ပေါ်ထွက်လာမည်ကို တားဆီးလို၍ဖြစ်သည် ဟူသော ကောလာဟလ များပင် ရှိလေသည်။

ယဲ့ဖန် ကျဆုံးသွားသည့် နှစ်အစပိုင်း၌ ဟွမ်အာက နတ်ဆိုးဧကရာဇ်အတွက် လက်စားချေရန် လောကသခင် သုံးပါးအား တိုက်ခိုက်ခဲ့ပြီး လောကသခင်သုံးပါးလုံးကို သတ်နိုင်လုနီးပါး ဖြစ်ခဲ့သည်ကို နတ်ဆိုးများ သိထား ကြသည်။

နောက်ဆုံးတွင် ကမ္ဘာဦး အင်မော်တယ်နန်းတော်၏ အရှင်သခင် ကမ္ဘာဦး အုပ်ချုပ်သူ ထွက်လာပြီး အငိုက်ဖမ်း တိုက်ခဲ့သဖြင့် ဟွမ်အာက ကမ္ဘာဦးချောက်နက်ထဲ ပြုတ်ကျ သွားခဲ့ရပြီး မည်သည့်နေရာတွင်မှ ရှာမတွေ့တော့သည်ကို နတ်ဆိုးများ သိထားကြ လေသည်။

ယခုကဲ့သို့ သေရေးရှင်ရေးတမျှ အရေးကြီးသော အချိန်၌ ကမ္ဘာဦး အုပ်ချုပ်သူ၏ တစ်ဦးတည်းသောသားဖြစ်သူ ရောက်လာလိမ့်မည်ဟု နတ်ဆိုးများ ထင်မထားမိပေ။

လက်ရှိအချိန်၌ လေထုအခြေအနေက တင်းမာနေပြီး အားလုံး အသက်ရှူရခက်သလို ခံစားနေရသည်။ အထူးသဖြင့် ထိုသူများထဲမှ မည်သူမဆို၏ အငွေ့အသက်က အရှင်ထျန်းကျစ်ထက် ပို၍သန်မာနေသည်ကို ခံစားမိပြီး အားလုံး ရင်တုန်နေသည်။

“မင်းက ယဲ့ဖန်လား”

ထိုစဉ် ကမ္ဘာဦး အင်မော်တယ် သခင်လေးက ယဲ့ဖန်ကို အထင်သေးလှသော အမူ အရာဖြင့် စူးစိုက်ကြည့်လာသည်။

“တကယ် စိတ်ပျက်စရာကောင်းတာပဲ၊ မိုးမြေကို ကပြောင်းကပြန် ဖြစ်အောင် လုပ်နေတဲ့လူက နတ်ဘုရင်အဆင့်ပဲ ရှိတဲ့ ပုရွက်ဆိတ်လိုကောင် ဖြစ်နေရတယ်လို့ကွာ”

ထိုသို့ပြောပြီးနောက် ကမ္ဘာဦး အင်မော်တယ် သခင်လေးက ထီမထင်ဟန် ပြုံးလိုက် သည်။

“ဟေ့ကောင် မင်း ကံကောင်းတယ်၊ ငါ့အဖေက မင်းရဲ့စိတ်ဝိညာဉ်ကို စိတ်ဝင်စားနေတာ၊ အဲ့ဒါကြောင့် ငါ့ကို မင်းဝိညာဉ်ကို နုတ်ယူဖို့ ခိုင်းလိုက်တာပဲ”

ထိုစကားကြောင့် နတ်ဆိုးများအားလုံး ခြောက်ခြားသွားသည်။

*စိတ်ဝိညာဉ်ကို စိတ်ဝင်စားနေတယ်တဲ့လား*

*ဒီကမ္ဘာဦး အင်မော်တယ် သခင်လေးက ယဲ့ဖန်ရဲ့ စိတ်ဝိညာဉ်ကို နုတ်ဖို့ လာတာပေါ့*

ထို့အပြင် ကမ္ဘာဦး အင်မော်တယ် သခင်လေး၏ ဘေးမှ အရှင် ဇီထျန်းကလည်း လှောင်ပြုံးပြုံး၍ ယဲ့ဖန်ကို စိုက်ကြည့်၍ ပြောလာသည်။

“ဟေ့ကောင်လေး မင်း ငါ့ကို မှတ်မိတယ်မဟုတ်လား”

“အရင်တစ်ခါတုန်းက ငါ ကိုယ်ပွားပဲ လွှတ်လိုက်ပင်မယ့် မင်းက ငါ့ကိုယ်ပွားကို ထိခိုက်အောင် လုပ်တဲ့အပြင် ထိပ်တန်း ရတနာကိုလည်း ဆုံးရှုံးရအောင် လုပ်ခဲ့တယ်”

“ဒီတစ်ခါတော့ ငါကိုယ်တိုင် လာခဲ့ပြီ၊ ငါ့ကျို့ရွှမ်းမိုးကြိုးတုတ်ကို ပြန်ပေးစမ်း၊ မဟုတ်လို့ ကတော့ … ဟမ့်”

အရှင်ဇီထျန်းက စကားကို ဆုံးအောင် မပြောသော်လည်း သူ့စကား၌ သတ်ချင်စိတ်များ ပြည့်နှက်နေသည်ကို အားလုံး သတိထားမိသည်။

လက်ရှိအချိန်၌ နတ်ဆိုးများအားလုံး အံ့ဩကာ ဒေါသထွက်နေကြသည်။ အန္တရာယ် ပေးရန် ရောက်ရှိလာသော လူသုံးယောက်၌ တစ်ယောက်က ယဲ့ဖန်၏ ခန္ဓာကိုယ်ကို ရစရာမရှိအောင် လုပ်ချင်နေပြီး တစ်ယောက်က ယဲ့ဖန်၏ စိတ်ဝိညာဉ်ကို နုတ်ယူ ချင်နေသည်။ နောက်ဆုံးတစ်‌ယောက်သည်လည်း ယဲ့ဖန်၏ ရတနာကို လိုချင်နေပြန်၏။

ထိုအခိုက်တွင် ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများအားလုံး မျက်နှာ သုန်မှုန် နေကြသည်။ ထိုသူ သုံးယောက် လုံးက သူတို့ထက် ပို၍ သန်မာနေသည်ကို သူတို့ ရိပ်စားမိသည်။

*ဘယ်လိုလုပ်ရမလဲ*

လက်ရှိအချိန်တွင် နတ်ဆိုးများအားလုံးသည် ကြံရာမရဖြစ်ကာ စိုးရိမ် တုန်လှုပ် နေကြသည်။ သူတို့ထဲတွင် တိုက်ခိုက်နိုင်သူဟူ၍ ဝိညာဉ်စား ပုရွက်ဆိတ်များနှင့် ယဲ့ရွှင်းအာသာ ရှိတော့သည်။ သို့ရာတွင် သူတို့သည်လည်း ဒဏ်ရာ အပြင်းအထန် ရထားကြသည်။

သူတို့က ယဲ့ဖန်နှင့် ပူးပေါင်း၍ တိုက်ခိုက်လျင်တောင်မှ တစ်ဖက်ရန်သူ သုံးယောက်အား ယှဉ်နိုင်မည့်ပုံ မပေါ်ချေ။ ဤသည်ကို တွေးမိပြီး နတ်ဆိုးတိုင်း နဖူးမှ ချွေးများ စီးကျလာ၏။

“ပြောလို့ပြီးပြီလား”

ထိုစဉ် ယဲ့ဖန်က ဂရုမစိုက်ဟန်ဖြင့် အေးတိအေးစက် ပြောလာသည်။ သူက ရန်သူ သုံးယောက်အား သေလူ သုံးယောက်ကို ကြည့်သကဲ့သို့ ကြည့်နေလေသည်။

သူ့စကားကြောင့် ဝမ်လီ၊ ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် အရှင်ဇီထျန်းတို့ မျက်မှောင်ကြုတ် သွားသည်။ အရှင်ထျန်းကျစ်နှင့် ခန်ထျန်းနတ်ဘုရားတို့က မထီမဲ့မြင်ပြု သော အမူအရာမျိုးဖြင့် ကြည့်လာသည်။

*ဟန်လုပ်နေတယ်*

သူတို့စိတ်ထဲတွင် ဤသို့ တုန်လှုပ်ဖွယ်ကောင်းသော လူသုံးယောက်ရှေ့၌ ယဲ့ဖန်က ဟန်လုပ်ရဲနေသဖြင့် ရူးနေပြီဟု ထင်နေကြသည်။ ထိုသို့တွေးမိပြီးနောက် အရှင် ထျန်းကျစ်က ပြုံးလိုက်ပြီး ဝင်ပြောရန် ပြင်လိုက်သည်။ ထိုစဉ် ယဲ့ဖန်၏ စကားသံ ထပ်မံ၍ ထွက်ပေါ်လာ၏။

“ပြောလို့ပြီးရင်လည်း သေလို့ရပြီ”

ရွှစ်!

ရွှေရောင် အလင်းတန်းတစ်ခုက ရုတ်တရက် ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ ဤမြင်ကွင်းကြောင့် အရှင် ထျန်းကျစ် တုန်လှုပ်သွားလေသည်။

“ကယ်ပါဦး”

မရဏ အငွေ့အသက်များ လွှမ်းခြုံလာသည်ဟု ခံစားမိသွားသဖြင့် သူ အော်ဟစ် လိုက်မိသည်။ သူ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မလှုပ်ရှားနိုင်ဖြစ်ကာ ရွှေရောင်ဓားက သူ့လည်ပင်းထံသို့ ဦးတည်လာသည်ကိုသာ ကြည့်နေ လိုက်ရသည်။

ဤအဖြစ်ကြောင့် ရန်သူသုံးယောက်တောင်မှ မှင်တက်သွားလေသည်။ သူတို့ သုံးယောက်ရှေ့၌ ယဲ့ဖန်က ထျန်းကျစ်ကို သတ်ရဲလိမ့်မည်ဟု ထင်မထားမိပေ။ ဤသည် က သူတို့အား ဆန့်ကျင်နေခြင်းပင်။

“မင်းကများ …”

သူတို့သုံးယောက်သည် တွေဝေမနေဘဲ ချက်ချင်း ထျန်းကျစ်ထံ ပြေးသွားပြီး နတ်ဓားကို ခုခံလိုက်သူက ခုခံကာ ကျန်လူက ယဲ့ဖန်အား အပြင်းအထန် တိုက်ခိုက်လေ၏။

သုံးယောက်လုံး အံ့ဩ၍ ဒေါသထွက်ကာ အပြင်းအထန် တိုက်ခိုက်နေ၏။ သူတို့ ရှေ့တည့်တည့်၌ ထျန်းကျစ်သာ ယဲ့ဖန်ကြောင့် သေသွားပါက သူတို့သုံးယောက်လုံး သိက္ခာကျရပေတော့မည်။ ထိုသို့စဉ်းစားမိပြီးနောက် သူတို့ သုံးယောက်၏ တိုက်ခိုက်မှုက ပို၍ ပြင်းထန်လာသည်။

ယဲ့ဖန်၏ နတ်ဓားက အလွန် ထက်ရှလှသည်။ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်နှင့် ဝမ်လီ၏ လက်သီးမှ သွေးများ ပန်းထွက်လာပြီး သူသည်လည်း ဓား၏ဖိအားကြောင့် နောက်သို့ ဆက်တိုက် ဆုတ်လိုက်ရသည်။ ဘေးမှ ကမ္ဘာဦး အင်မော်တယ် သခင်လေး၏ ဓားသည်လည်း ကျိုးသွားသောကြောင့် သူ လန့်ဖြန့်ကာ နောက်ဆုတ်လိုက်ရသည်။

နောက်ဆုံးတွင် နတ်ဓားနှင့် လျှပ်စီးတို့ ထိပ်တိုက် တွေ့သွားလေသည်။ ဓားချက်နှင့် လျှပ်စီးတို့ တွေ့ဆုံသွားသည်နှင့် အဆုံးအစမဲ့သော ဖိအားလှိုင်းတစ်ခု ပျံ့လွင့်လာသဖြင့် ယဲ့ဖန်နှင့် အရှင်ဇီထျန်းတို့ နောက်သို့ ဆယ်လှမ်း ဆုတ်ခွာ လိုက်ရသည်။

ထို့နောက် တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ တစ်ဖက်မှ လူသုံးယောက် သည် ဓားတစ်လက် တည်းဖြင့် တိုက်ခိုက်နေသော ယဲ့ဖန်၏ခွန်အားက ဤမျှ သန်မာနေ လိမ့်မည်ဟု ထင်မထားမိကြပေ။

သူတို့သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုအား သူက ဓားတစ်လက်တည်းဖြင့် ခုခံနိုင် သည်က မယုံနိုင်ရာ ကောင်းလှသည်။ ဝမ်လီ၊ ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ဇီထျန်းတို့၏ မျက်နှာတွင် ထိတ်လန့် တုန်လှုပ် ဟန်များ ထင်ဟပ်နေ၏။

“တကယ် သန်မာတဲ့ကောင်ပဲ”

“ဒီလောက်နဲ့ မလုံလောက်သေးဘူး”

သုံးယောက်သား အချင်းချင်း ပြန်ကြည့်မိကြသည်။ သူတို့၏ မျက်လုံးတွင် အရှက်ရ ဟန်များ စွန်းထင်းနေသည်။

“သတ်”

ထို့နောက် ရုတ်တရက် မာန်ပါပါ ကြွေးကြော်၍ ယဲ့ဖန်အား အသေသတ်ရန် ကြိုးစား လာလေသည်။ သူတို့ လေးယောက်၏ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော ဖိအားက တစ်လောကလုံးအား ပျက်စီးလုနီးပါး ဖြစ်သွား စေသည်။

အရှင်ထျန်းကျစ်တောင်မှ ကြက်သီးမွေးညင်း ထကာ တိုက်ပွဲဖြစ်ရာနှင့် ဝေးရာသို့ ဆုတ်ခွာလိုက်ရသည်။ သူသာ ဆက်နေနေပါက ဖိအားကြောင့် ရောယောင်၍ သေသွား လောက်သည်။

“နတ်ဘုရင်အဆင့်လေးက တော်တော် ကြမ်းတမ်းတာပဲ”

အရှင်ထျန်းကျစ် ခြောက်ခြားနေ၏။ သို့သော် ကြောက်စရာကောင်းသော လူသုံးယောက် က သူတို့၏ အသေသတ် သိုင်းကွက်များအား တစ်ခုပြီးတစ်ခု ထုတ်သုံးနေသည်ကို မြင်လိုက်ရသောအခါ သူ စိတ်အေးသွားရသည်။

“ကမ္ဘာဦး အသေသတ် ဓားချက်”

ကမ္ဘာဦး အင်မော်တယ်သခင်လေး၏ တိုက်ခိုက်မှုတိုင်း၌ ကမ္ဘာဦး ချီဓာတ် အငွေ့အ သက်များ ပါဝင်နေသဖြင့် ခုခံရ ခက်လှသည်။

“မသေမျိုး ဘုရင်ကျိန်စာ”

ဝမ်လီက တိုက်ခိုက်နေရင်း မန္တန်များကို ရွတ်ဆိုနေ၏။ မန္တန်တစ်ခွန်း ရွတ်ဆိုပြီးတိုင်း သူ၏ နတ်ဘုရားစွမ်းအင်နှင့် အရှိန်တို့က အကြိမ်အနည်းငယ်မျှ တိုးမြင့်လာပြီး ယဲ့ဖန်အား မုန်တိုင်းသဖွယ် တိုက်ခိုက်လာသည်။ အရှင်ဇီထျန်းက ပို၍တုန်လှုပ်ဖွယ် ကောင်းလှသည်။

“နတ်မိုးကြိုးလက်ချောင်း”

သူသည် နတ်ဘုရားတစ်ပါးသဖွယ် ယဲ့ဖန်ထံ လက်ညှိုးညွှန်၍ ဟစ်ကြွေးလေသည်။ သူ လက်ညှိုးတစ်ခါ ညွှန်လိုက်တိုင်း ယဲ့ဖန်ပေါ် မိုးကြိုးပစ်ချလာသည်။

ထိုသူသုံးယောက်၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ယဲ့ဖန် ဆက်တိုက် နောက်ဆုတ် နေရသည်။ ယခု တစ်ခေါက်တွင်မူ … ယဲ့ဖန် အရေးနိမ့်နေ၏။

Chapter 920 ငါ့ကို ပိုသန်မာလာအောင် လုပ်ပေးလို့ ကျေးဇူးပဲ

ရွှစ်!

ကမ္ဘာဦး အင်မော်တယ် သခင်လေး၏ ဓားကျိုးဖြင့် ခုတ်ပိုင်းခြင်းကြောင့် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက် လာသည်။ ယဲ့ဖန်တောင်မှ မျက်မှောင်ကြုတ် သွားရသည်။

“အံ့ဩစရာကောင်းတဲ့ ဓားသိုင်းပဲ”

ယဲ့ဖန်၏ မျက်လုံးများက ကြည်လင်စူးရှနေပြီး ကြောက်ရွံ့ဟန် မပေါ်ပေ။ သူသည် ကောင်းကင်မျက်လုံးကို ဖွင့်၍ ကမ္ဘာဦး အင်မော်တယ် သခင်လေး၏ ဓားချက်တိုင်းကို သူ လေ့လာနေလိုက်သည်။

ဓားချက်တစ်ချက်ပြီးတစ်ချက်ကြောင့် ယဲ့ဖန် နောက်သို့ ဆက်တိုက်ဆုတ်နေရသည်။ သို့သော် သူ၏မျက်လုံးများက ပိုမို၍ တောက်ပလာသည်။ ဓားချက်များပြီး လှုပ်ရှားပုံ တိုင်းက သူ၏အတွေးထဲသို့ ဝင်ရောက်လာပုံရပြီး ပို၍ တောက်ပစွာ ပြုံးလာလေသည်။

ထိုစဉ် ကမ္ဘာဦး အင်မော်တယ် သခင်လေးက ယဲ့ဖန်ကို ဓားဖြင့်ခုတ်ချလိုက်သည်။ ထိုအခါ ယဲ့ဖန်က နတ်ဓားဖြင့် ပြန်၍ ခုခံလိုက်သောကြောင့် ချွင်ဟူသော မြည်သံ ထွက်ပေါ် လာသည်။ ထို့နောက် သူ နောက်သို့ ဆုတ်လိုက် ရပြန်သည်။

ထို့နောက်တွင်မူ သူ၏အနောက်သို့ လူတစ်ယောက်က လှစ်ခနဲ ရောက်လာပြီး ယဲ့ဖန်၏ နောက်ကျောအား လက်သီးဖြင့် ထိုးချလိုက်သည်။ ထိုလက်သီးချက်ကြောင့် ယဲ့ဖန် လွင့်ထွက်သွားချိန်တွင် ဇီထျန်း၏ နတ်မိုးကြိုးက ယဲ့ဖန်ပေါ် ကျရောက်လာ၏။

ယဲ့ဖန်၏ ကိုယ်ပေါ်၌ ဒဏ်ရာများ တစ်ခုပြီးတစ်ခု ထင်ကျန်လာလေသည်။ ရဲရဲနီသော သွေးများကလည်း တစ်ကိုယ်လုံးမှ စိမ့်ထွက်လာသဖြင့် သူသည် အလောင်းတောင်ထဲမှ ထွက်လာသော သွေးလူသားတစ်ယောက်နှင့် သဏ္ဌာန်တူနေသည်။ ဤအဖြစ်ကြောင့် နတ်ဆိုးများသာမက ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များပါ ချောက်ချား သွားသည်။

“အစ်ကိုကြီး”

“သခင်ကြီး”

“ပထမ အရှင်သခင်”

ထောင်သောင်းချီသော နတ်ဆိုးများသည် ကြံရာမရ ဖြစ်ကာ ယဲ့ဖန်ထံ ပြေးလာ၍ ကူညီချင်နေ၏။ သို့သော် ယဲ့ဖန်က လက်ကာပြလိုက်သည်။

“မလာနဲ့”

နတ်ဆိုးများအားလုံး ထိတ်လန့်အံ့ဩသွားသည်။ ယဲ့ဖန်က ဆိုးဆိုးရွားရွား ဒဏ်ရာရ ထားသော်လည်း သူတို့အား လာမကူစေချင်သည့် အကြောင်းရင်းကို သူတို့ နားမလည်နိုင် ဖြစ်နေကြသည်။ သူတို့သည် သေရမည် ဆိုလျင် တောင်မှ ယဲ့ဖန်အား မထိခိုက် စေချင်ကြပေ။

ထိုအခါတွင် ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူတစ်ချို့တို့သာ ယဲ့ဖန်၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။

“အားလုံးပဲ မစိုးရိမ်ပါနဲ့၊ အရှင်သခင်က တမင်သက်သက် အားနည်းချက်ကို ပြနေတာ”

သူတို့စကားကြောင့် အမှောင်သခင် နတ်ဆိုးဘုရင်နှင့် အခြားသူများ အံ့ဩသွားပြီး ဝိညာဉ် နန်းတော်သခင်တို့ သုံးယောက်အား မယုံသင်္ကာဖြင့် လှမ်းကြည့်လာသည်။ ထိုအခါ ဝိညာဉ်နန်းတော်သခင်တို့က လေးလေးနက်နက် ပြုံးလေသည်။

“မင်းတို့ သတိထားမိသေးဘူးလား”

“ပထမ အရှင်သခင်ရဲ့ ကိုယ်ပေါ်မှာ ဒဏ်ရာတွေ ရှိနေပင်မယ့် ဘယ်ဒဏ်ရာကမှ သေစေ နိုင်တဲ့ ဒဏ်ရာ မဟုတ်ဘူးလေ”

“ပြီးတော့ သူက အခု ထိန်းချုပ်ခြင်းနယ်မြေထဲမှာ ပိုပြီး သန်မာလာနေပြီ”

“သူက အဲ့လူသုံးယောက်ကို အသုံးချပြီး သူရဲ့နယ်မြေကို ကျစ်လျစ်သိပ်သည်းအောင် လုပ်နေတာ”

ထိုအခါတွင်မှ အမှောင်သခင်နှင့် အခြားသူများအားလုံး စိတ်အားတက်ကြွသွားပြီး တိုက်ပွဲ ဖြစ်နေရာသို့ လှမ်းကြည့် လိုက်ကြသည်။

ယဲ့ဖန်က တိုက်ခိုက်မှုများကြောင့် ဆက်တိုက် နောက်ဆုတ်နေရသော်လည်း သူ၏ အရှိန်အဝါက တည်ငြိမ်နေပြီး ခြေလှမ်းတိုင်းက ငြိမ်သက်လှသည်။ သူ၏ လှုပ်ရှားမှု တိုင်း၌ ဆန်းကြယ်မှုများ ပါဝင်နေသည်ကို နတ်ဆိုးများ သတိထား မိသွားသည်။

ထို့အပြင် သူသည် တိတ်တဆိတ် လေဟာနယ် အကာအရံတစ်ခုကို ဖွဲ့စည်းနေလေသည်။ ဤသည်ကို မြင်ပြီး နတ်ဆိုးများ စိတ်သက်သာရာ ရသွားကြသည်။ လေဟာနယ် နယ်မြေ ကိုသာ ဖွဲ့စည်းပြီးသွားသည်နှင့် ယဲ့ဖန် ထပ်မံ၍ အဆင့်တက်မည့် အချိန်ကို အားလုံး စောင့်မျှော်နေမိကြသည်။ ထိုသို့ဆိုလျင် သူ၏ တိုက်ပွဲဝင်ခွန်အားက တစ်ဖက်ရန်သူထက် ပိုမြင့်သော အဆင့်သို့ ရောက်သွားမှာပင်။

“သတ်ပစ်လိုက်၊ ဟားဟားဟား … နတ်ဆိုးဧကရာဇ်၊ မင်း တကယ် သေတော့မှာမလား”

ထိုအခိုက်တွင် အရှင်ထျန်းကျစ်သည် ယဲ့ဖန်၏ လေဟာနယ် ဖွဲ့စည်းခြင်းကို သတိမထား မိပေ။ သူသည် အံ့ဩကာ စိတ်လှုပ်ရှားနေ၏။ သွေးအလိမ်းလိမ်း ဖြစ်နေသော ယဲ့ဖန်ကို ကြည့်ပြီး သူ ကျိတ်၍ ဝမ်းသာနေလေသည်။

“တိကျူး၊ ရွှမ်ကျူး မင်းတို့ မြင်ကြရဲ့လား”

“မင်းတို့ကို သတ်ခဲ့တဲ့ နတ်ဆိုးဧကရာဇ် အသတ်ခံရတော့မယ်ကွ၊ မင်းတို့ သေရတာထက် အဆတစ်ထောင် ပိုဆိုးတဲ့ နည်းနဲ့ သေရမှာ သေချာတယ်၊ ငါ ကတိပေးတယ်ကွာ”

ထျန်းကျစ်က လှောင်ပြုံးပြုံးနေ၏။ အသက်ဘေးမှ လွတ်မြောက်လာပြီး ရန်သူ၏ အသတ်ခံ ရတော့မည့် အခြေအနေကို မြင်လိုက်ရသောကြောင့် သူ စိတ်လှုပ်ရှားကာ တုန်ယင်နေ၏။ သူသည်သာမက ခန်ထျန်း နတ်ဘုရားနှင့် အခြားသူများသည်လည်း စိတ်သက်သာရာ ရနေကြသည်။ သူတို့ ရင်ထဲမှ ကျောက်တုံးကြီးတစ်လုံး လွတ်ကျ သွားသလို ခံစားလိုက်ရသည်။

“သေစမ်းကွာ၊ နတ်ဆိုးဧကရာဇ် သေသွားတာနဲ့ တစ်လောကလုံး ငြိမ်းချမ်းသွားမှာ”

ခန်ထျန်း နတ်ဘုရားနှင့် အခြားသူများ ဝမ်းသာနေကြသည်။ ထိုစဉ် ယဲ့ဖန်၏ ကျောပေါ်သို့ လက်သီးတစ်ချက် ကျလာပြီး ယဲ့ဖန် လွင့်ထွက်သွားသည်။

တောက်! တောက်!

ယဲ့ဖန်ထံမှ သွေးများ တတောက်တောက် စီးကျနေသည်။ တစ်ကိုယ်လုံး ရစရာမရှိသလို ဖြစ်နေသော်လည်း သူက ပြုံးရယ်နေ၏။

“အောင်မြင်သွားပြီ”

ယဲ့ဖန်၏မျက်လုံးများက တောက်ပနေသည်။ သူက ခေါင်းကိုမော့၍ ဝမ်လီ၊ ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ဇီထျန်းတို့ကို လှမ်းကြည့်လိုက်သည်။

“ကျေးဇူးပဲ”

သူ့စကားကြောင့် ထိုလူသုံးယောက်လုံး မျက်မှောင်ကြုတ်သွားသည်။ ယဲ့ဖန် ရူးများသွား လေသလားဟု သူတို့ တွေးမိသွားလေသည်။ သူတို့သုံးယောက်လုံးက သူ့ကို အပြင်း အထန် တိုက်ခိုက်တာတောင်မှ သူက ကျေးဇူးတင် စကား ပြောနေသေးသည်။

*အရူးပဲ*

“ဟမ့် … ယဲ့ဖန်၊ မင်း ကျေးဇူးတင်တယ်ဆိုလည်း ငါ့စကားကို နားထောင်လိုက်”

ကမ္ဘာဦး အင်မော်တယ် သခင်လေးက ခက်ထန်စွာ ပြုံးလာသည်။

“ဝမ်လီကို မင်းခန္ဓာကိုယ်ကို နုတ်နုတ်စင်းခွင့် ပေးလိုက်၊ မင်းဝိညာဉ်ကို ငါ ထုတ်ယူမယ်၊ ကျို့ရွှမ်းမိုးကြိုးတုတ်ကို ဇီထျန်းဆီ ပြန်ပေးလိုက်”

“အဲ့လိုလုပ်မယ်ဆိုရင် မင်း အားလုံး ဆုံးရှုံးသွားပင်မယ့် မင်းဝိညာဉ်က အသက်ရှင်နေ သေးတာပဲလေ”

“ဘယ်လိုလဲ”

ကမ္ဘာဦး အင်မော်တယ် သခင်လေးက ယဲ့ဖန်အား ဓားသွားပေါ်မှ ငါးတစ်ကောင်ဟုသာ သတ်မှတ်ထားပြီး သူ သတ်ချင်သည့်အချိန်တိုင်း အေးအေးဆေးဆေး သတ်၍ရသည်ဟု ယူဆနေ၏။ သူ့စကားကြောင့် ထျန်းကျစ်က ဟက်ဟက်ပက်ပက် ရယ်မောလာပြီး ယဲ့ဖန်အား ထီမထင်ဟန်ဖြင့် ပြောလိုက်သည်။

“နတ်ဆိုးဧကရာဇ် မင်း ကြားတယ် မဟုတ်လား၊ ကမ္ဘာဦး အင်မော်တယ် သခင်လေးက မင်းအပေါ် သက်ညှာနေတာကို မင်း ဒူးထောက်ပြီး ကျေးဇူးတင်ရကောင်းမှန်း မသိဘူးလား”

ထျန်းကျစ်၏ အပြုံးက ပို၍ပီပြင်လာသည်။

“အရူး”

သို့သော် ယဲ့ဖန်က ထိုသို့ပြောလာသဖြင့် ထျန်းကျစ်နှင့် ထိုသူသုံးယောက်တို့ မျက်နှာပျက် သွားသည်။ ထို့အပြင် ယဲ့ဖန်က ခက်ထန်သော မျက်နှာထားဖြင့် လေးယောက်လုံးအား သေလူသဖွယ် ကြည့်နေသည်။

“ငါ့ကို ပိုသန်မာလာအောင် လုပ်ပေးလို့ မင်းတို့ကို ကျေးဇူးတင်နေတာ”

“ဒီလိုဆိုတော့ မင်းတို့ ပိုဆိုးတဲ့နည်းနဲ့ သေနိုင်ပြီ”

ယဲ့ဖန်၏စကားကြောင့် လေးယောက်လုံး မှင်တက်သွားသည်။ တစ်ဖက်လူက သွေးအလိမ်းလိမ်းဖြင့် ဒဏ်ရာ အပြင်းအထန် ရထားသော်လည်း ဤမျှ မောက်မာနေ လိမ့်ဦးမည်ဟု သူတို့ ထင်မထားမိချေ။

“သေချင်နေတာပဲ”

ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် အခြားသူများ မျက်နှာ မည်းမှောင်လာသည်။

“မင်းအပေါ် သက်ညှာနေတာကို ငြင်းပယ်တယ်ဆိုတော့ မင်း သေတွင်းတူးနေတာကို ဖြည့်ဆည်း ပေးရတာပေါ့”

ကမ္ဘာဦး အင်မော်တယ် သခင်လေး၊ ဝမ်လီနှင့် ဇီထျန်းတို့က လျင်မြန်စွာ ပြေးလာပြီး ယဲ့ဖန်ကို သတ်ရန် ပြင်လေသည်။ သူတို့၏ တိုက်ခိုက်မှုက ယခင်ကထက် ပို၍ ကြမ်းတမ်း လာ၏။

ယဲ့ဖန်က မတုန်မလှုပ်ဖြင့် ရပ်နေသောကြောင့် သူတို့ အံ့ဩသွားသည်။ သို့သော် လေဟာ နယ်က ချက်ချင်း ကျယ်ပြန့်လာသည်။ တစ်လောကလုံး ပျက်စီးသွား လေမလားဟု ထင်မှတ်ရသည်။

သုံးယောက်လုံး ထပ်ခါထပ်ခါ တိုက်ခိုက်သော်လည်း ယဲ့ဖန်၏ ဆံခြည်မျှင် တစ်ချောင်း တောင်မှ ထိအောင် မလုပ်နိုင်ပေ။

သူတို့သုံးယောက်၏ ရှေ့၌ ကြည်လင်သော လေဟာနယ် အကာအရံတစ်ခု ထွက်ပေါ် လာသည်ကို တွေ့လိုက် ရသည်။ ထိုလေဟာနယ်အတွင်း၌ ယဲ့ဖန်သည် ဆရာတစ်ဆူ လိုပင်။ သူ လက်သီးကိုဝင့်၍ ထိုသုံးယောက်အား ထိုးနှက် လိုက်သည်။

ထိုလက်သီးချက်ကြောင့် ကမ္ဘာဦး အင်မော်တယ် သခင်လေး၏ ဓားက ချက်ချင်း ပျက်စီး သွားသည်။ သူ၏ဓား ပျက်စီးသွားပြီးနောက် ပြင်းထန်သော ဖိအားတစ်ခုက သူ့ပေါ် သက်ရောက်လာသည်။

ဂျွတ်!

ကမ္ဘာဦး အင်မော်တယ် သခင်လေးသည် အရိုးများ ကျိုးကြေသွားပြီး လွင့်ထွက် သွားလေသည်။ တစ်ဖက်မှ ဝမ်လီ၏ လက်သီးသည်လည်း ယဲ့ဖန်၏ လက်သီးအောက်၌ ခြောက်သွေ့နေသော သစ်ကိုင်းခြောက်သဖွယ် ကျိုးပဲ့ပျက်စီး သွားသည်။

ဇီထျန်း၏ မိုးကြိုးလျှပ်စီးသည်လည်း ယဲ့ဖန်၏ လက်သီးချက်ကြောင့် ပျက်ပြယ်သွားပြီး ဇီထျန်း၏ ကိုယ်ပေါ်သို့ လက်သီးချက် ကျရောက်လာ၏။

Chapter 921 သွားသေလိုက်တော့

ဝုန်း! ဝုန်း! ဝုန်း!

လက်သီးချက်အောက်၌ လူသုံးယောက်သည် ကြိုးပြတ်သွားသော စွန်သဖွယ် လွင့်ထွက် သွားကြသည်။ သူတို့သည် မြေကြီးပေါ် ပြုတ်ကျလာသည်နှင့် သွေးများ အန်လေ တော့သည်။ ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ သုံးယောက်လုံး မယုံနိုင် ဖြစ်နေ၏။

*လက်သီးချက် တစ်ချက်တည်းနဲ့*

*ဒီလက်သီးချက်ကနေ တားဆီးမရတဲ့ အရှိန်အဝါကို ခံစားနေရတယ်၊ ဘယ် … ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*

အရှင်ထျန်းကျစ်တောင်မှ မှင်တက်သွားရသည်။ သူတောင်မှ မယုံသင်္ကာဖြစ်ကာ ကြက်သေ သေသွားသည်။ ထို့အပြင် ယဲ့ဖန်၏ ဘေးပတ်လည်၌ လေဟာနယ် အလွှာများ ဖွဲ့စည်းဖြစ်ပေါ်နေသည်ကို မြင်ပြီး ထျန်းကျစ် တစ်ယောက် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားလေသည်။

“သေစမ်း … ထိန်းချုပ်ခြင်း နယ်မြေ၊ လတ်စသက်တော့ … မင်း တမင်သက်သက် အားနည်းသလို နေပြီး ထိန်းချုပ်ခြင်း နယ်မြေကို ဖွဲ့စည်းနေတာပဲ”

အရှင်ထျန်းကျစ်ထံမှ အတော်လေး တုန်လှုပ်နေသော အသံ ထွက်လာသည်။ သူ့စကားကြောင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ သုံးယောက်လုံး မျက်နှာ မည်းမှောင်သွားသည်။ သူတို့၏နဖူးမှ ချွေးစေးများ စီးကျလာပြီး မယုံသင်္ကာ ဖြစ်နေကြသည်။

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ ရှေးခေတ်အခါကတည်းက ဘယ်သူမှ အဲ့နယ်မြေကို မသိ နားမလည် နိုင်တော့သလို ဖွဲ့လည်း မဖွဲ့စည်းနိုင်တော့ဘူးလေ၊ ဒါကို မင်းက ဘယ်လိုလုပ် …”

ကမ္ဘာဦး အင်မော်တယ် သခင်လေး မျက်လုံး ပြူးကျယ်နေ၏။ ထိန်းချုပ်ခြင်း နယ်မြေ ဖန်တီးသူများသည်လည်း ကောင်းကင်ဘုံအား ဆန့်ကျင်နိုင်သူများ ဖြစ်သည်ဟု သူ့ဖခင် ပြောခဲ့ဖူးသည်ကို သူ သတိရမိသွားသည်။

ရှေးခေတ်အခါကတောင်မှ ထိန်းချုပ်ခြင်းနယ်မြေကို ဖွဲ့စည်းနိုင်သူတိုင်းသည် ပါရမီရှင်များ ဖြစ်လေသည်။ လက်ရှိအချိန်တွင် လောက ဥပဒေသများက နည်းပါး လာသဖြင့် ထိန်းချုပ်ခြင်း နယ်မြေအား သိမြင် နားလည်နိုင်ရန် မဖြစ်နိုင်တော့ပေ။

ထို့အပြင် ဤထိန်းချုပ်ခြင်းနယ်မြေက မှင်တက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်နေပြီ ဖြစ်သည်။ ဤနယ်မြေအတွင်း၌ဆိုလျင် လောကသခင်အဆင့်များစွာကို ဖိနှိပ်နိုင် လောက်သည်။ ထိန်းချုပ်ခြင်း နယ်မြေက ယခုမှ ဖန်တီးခါစ ဖြစ်နေသောကြောင့် လိုအပ်ချက် ရှိနေသေးသည်။ သို့မဟုတ်ပါက ထိန်းချုပ်ခြင်း နယ်မြေ ဖန်တီးသူအား နေရာမှာတင် သတ်နိုင်ရန် ခက်ခဲနိုင်သည်။

“ထိန်းချုပ်သူ ပေါ်လာပြီ၊ မဖြစ်ဘူး … ဒီကောင် သေမှဖြစ်မယ်၊ မဟုတ်လို့ကတော့ သူ ကြီးပြင်းလာတာနဲ့ ငါ့မသေမျိုး မျိုးနွယ် ဆက်ရှိနေဖို့ ခက်ခဲလိမ့်မယ်”

မသေမျိုးမျိုးနွယ်မှ ဝမ်လီ မျက်နှာပျက်နေသလို ဇီထျန်းတောင်မှ ကြက်သီးထနေရသည်။

“သောက်မိုးကြိုးကောင်၊ မင်း … မင်း ငါ့ကို ဘာသောက်ပြဿနာထဲ ဆွဲထည့် လိုက်ရတာလဲ”

ဇီထျန်း နောင်တရလုနီးပါး ဖြစ်နေသည်။ မိုးကြိုးနတ်ဘုရားသာ မက်လောက်သော ဖိတ်ခေါ်မှု မလုပ်ခဲ့ပါက သူ အစကတည်းက ယဲ့ဖန်ကဲ့သို့ မိစ္ဆာကောင်နှင့် သူ ရင်ဆိုင်မိမည် မဟုတ်ပါ။ ဤသည်ကို ပြန်တွေးမိပြီး သူ နောင်တ မရတော့ချေ။

“သခင်လေးတို့ သူ့ကို မြန်မြန်သတ်လိုက်ပါ”

အရှင်ထျန်းကျစ်သည် တုန်လှုပ်ခြောက်ခြားသော အမူအရာဖြင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ သုံးယောက်အား အော်ဟစ် သတိပေးလိုက်သည်။

“သူ အခုလေးတင်မှ ထိန်းချုပ်ခြင်းနယ်မြေကို ဖွဲ့စည်းလိုက်တာမို့လို့ နယ်မြေက မတည်ငြိမ်သေးပါဘူး”

“အခု သူသာ လွတ်မြောက်သွားမယ်ဆိုရင် တစ်နေ့ကျရင် မသေမျိုးမျိုးနွယ်၊ ကမ္ဘာဦး အင်မော်တယ်နန်းတော်နဲ့ ယင်ယန် လောကက မိုးကြိုးတောင်ကြားပါ ပျက်စီး သွားလိမ့်မယ်”

“သူက ပျက်စီးကိန်းကို ယူဆောင်လာမယ့်သူပဲ”

အရှင်ထျန်းကျစ် ပြောလိုက်သော စကားကြောင့် သုံးယောက်လုံး တုန်လှုပ်သွားပြီး မျက်ခုံးလှုပ် သွားလေသည်။ ရန်ငြိုးရန်စများလည်း စတင် ဖြစ်ပေါ်လာပြီ ဖြစ်သော ကြောင့် ယဲ့ဖန်သာ မသေပါက သူတို့အတွက် မလွယ် တော့ပေ။

ဤသို့တွေးမိပြီးနောက် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ သုံးယောက်က အချင်းချင်း ပြန်ကြည့်လိုက် ပြီးနောက် တင်းမာခက်ထန်သော အမူအရာများ ဖြစ်ပေါ်လာသည်။

“သတ်”

သုံးယောက်လုံး လှစ်ခနဲ လှုပ်ရှား၍ ယဲ့ဖန်ထံ ပြေးဝင် တိုက်ခိုက်လေသည်။ တိုက်ပွဲကား တစ်ဖန်ပြန်၍ ဖြစ်ပွား လာသည်။ သို့သော် လူတိုင်း ထိတ်လန့်ရသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ထိန်းချုပ်ခြင်း နယ်မြေအား ပြည့်စုံစွာ ဖွဲ့စည်းသွားပြီး ဖြစ်သလို ယဲ့ဖန်သည် ထိန်းချုပ်ခြင်း နယ်မြေ၌ ရေထဲက နဂါးတစ်ကောင်ကဲ့သို့ ကျွမ်းကျင် လျင်မြန်စွာ လှုပ်ရှား နေ၏။

ထို့အပြင် သူ ဓားကိုဝင့်၍ ခုတ်ပိုင်းလိုက်တိုင်း သွေးများ ပန်းထွက်လာစမြဲပင်။ ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ သုံးယောက်၏ ကိုယ်၌ ဒဏ်ရာများစွာ ထင်ကျန်လာသည်။ အချိန်တိုအတွင်းမှာပင် သုံးယောက်လုံး သွေးအလိမ်းလိမ်း ဖြစ်လာသည်။

ရွှစ်!

ရွှေရောင် အလင်းတန်း ဖြတ်ပြေးလာချိန်တွင် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ သုံးယောက်လုံး တုန်လှုပ်သွားပြီး ဒဏ်ရာရကာ လွင့်ထွက်သွားကြသည်။

ဂလု!

ဤမြင်ကွင်းကြောင့် အရှင်ထျန်းကျစ် ကြက်သီးထကာ တုန်လှုပ်ခြောက်ခြားသွားသည်။ လက်ရှိဘဝမှ ယဲ့ဖန်သည် ယခင်ဘဝက နတ်ဆိုးဧကရာဇ်အဖြစ်ထက် ပို၍ ကြောက်စရာ ကောင်းနေသည်ကို သူ ရိပ်စားမိသည်။ ထိန်းချုပ်ခြင်း နယ်မြေကို ဖန်တီးနိုင်ခြင်းကပင် ပြိုင်ဘက်ကင်းနေပြီ ဖြစ်သည်။

“သွားပြီ၊ ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ သုံးယောက်သာ မတိုက်နိုင်တော့ရင် ငါ ဒီနတ်ဆိုးဧကရာဇ် လက်ထဲမှာ သေရတော့မှာလား”

အရှင်ထျန်းကျစ် မချိပြုံးပြုံးနေသည်။ သူ ဆောက်တည်ရာမရကာ ကြံရာမရ ဖြစ်နေသည်။ တုန်လှုပ်စရာ ကောင်းလှသည့် ခံစားချက်ကြောင့် ထျန်းကျစ် ပစ်လဲကျ သွားသည်။ ခန်ထျန်းနတ်ဘုရားနှင့် အခြားသူများလည်း အဆုံးသတ်ကို မြင်ယောင် သွားပြီး ဝမ်းနည်းသွားလေသည်။

“ဟုတ်ပြီ၊ ထိန်းချုပ်ခြင်းနယ်မြေကိုတောင် ဖွဲ့စည်းနိုင်တယ်ဆိုတော့ ပထမ အရှင်သခင်က တော်တော်လေး ကြောက်စရာ ကောင်းလာတာပဲ”

ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများ စိတ်လှုပ်ရှားကာ တုန်ယင်နေကြသည်။ အမှောင်သခင် နတ်ဆိုးဘုရင်နှင့် အခြားသူများလည်း မျက်ရည်ဝဲနေသည်။

“အောင်မြင်ပြီကွ၊ ဟားဟားဟား … သခင်ကြီးက ဒီစကြဝဠာရဲ့ အရှင်သခင်ပဲ၊ ငရဲဘုံရဲ့ အရှင်သခင်ပဲကွ”

နတ်ဆိုးမျိုးနွယ်များ ဝမ်းသာအားရဖြစ်ကာ ငိုကြွေးရယ်မောနေကြသည်။ သူတို့ အောင်နိုင်တော့မည့် မျှော်လင့်ချက်မျိုး ရနေသည်။ နတ်ဆိုးမျိုးနွယ် ကြီးစိုးနိုင် တော့မည်ဟု မျှော်လင့်မိနေ၏။

လက်ရှိအချိန်တွင် ကမ္ဘာဦး အင်မော်တယ် သခင်လေး၊ ဝမ်လီနှင့် ဇီထျန်းတို့ အပြင်း အထန် ဒဏ်ရာရနေပြီး နဖူးမှ သွေးနှင့်ချွေးတို့ ရောယှက်၍ စီးကျလာသည်။

ဝမ်လီ၏ မျက်နှာတွင် ချီတုံချတုံ ဖြစ်နေဟန်များ ထင်ဟပ်နေသည်။ နောက်ဆုံးတွင် သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

“ဒီပွဲကို အဆုံးသတ်မှဖြစ်မယ်”

“အဲ့ခွေးကောင် သေလိုက်တော့”

သူ့စကားကြောင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ဇီထျန်းတို့ မှင်တက်သွားသည်။ ထို့နောက် သူတို့ တစ်စုံတစ်ရာကို တွေးမိသွားပြီး ကြေးနီရောင် ခေါင်းလောင်းကို တအံ့ တဩ ကြည့်လာသည်။

“အစ်ကိုကြီး၊ ခင်ဗျား … ခင်ဗျား တကယ် အဲ့လိုလုပ်ချင်တာလား၊ ခင်ဗျား ဒီရတနာကို သုံးတော့ မလို့လား”

ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ဇီထျန်းတို့က ကြေးနီရောင် ခေါင်းလောင်း ငယ်လေးက ဝမ်းသာ၍ လောဘတက်နေဟန်များဖြင့် ကြည့်နေကြသည်။ သူတို့ အမြင်တွင် ဤအရာသည် ကောင်းကင်ဘုံအား ဆန့်ကျင် နိုင်သော ရတနာ ဖြစ်သည်။

ဝမ်လီက နာကျင်နေသော မျက်နှာထားဖြင့် လက်ထဲမှ ခေါင်းလောင်းငယ်အား မြတ်နိုး ရသော လူတစ်ယောက်ကို ပွတ်သပ်သကဲ့သို့ ပွတ်သပ်ရင်း ပြန်ပြောလိုက်သည်။

“ဒီဝိညာဉ်ခေါင်းလောင်းမှ အကျိုးသက်ရောက်မှုက တစ်ကြိမ်ပဲ ကျန်တော့တယ်”

“ငါ ဒါကို အသက်ဘေးက လွတ်အောင်သုံးဖို့ သိမ်းထားခဲ့တယ်၊ အခုတော့ ဒါကို သုံးမှပဲ ရတော့မယ်”

ထိုသို့ပြောပြီး ဝမ်လီက ယဲ့ဖန်ကို စူးစိုက်ကြည့်လေသည်။

“ဟေ့ကောင် မင်းက ဝိညာဉ်ခေါင်းလောင်းအောက်မှ သေရမှာမို့ ဂုဏ်ယူသင့်တယ်ကွ”

“မြင့်တက်စမ်း”

ထိုသို့ပြောပြီး လက်ထဲမှ ခေါင်းလောင်းငယ်အား မြှောက်တင်လိုက်သည်။ ထိုအခါ ကြေးနီရောင် ခေါင်းလောင်း ငယ်ထံမှ အလင်းတန်းများ ဖြာထွက်လာပြီးနောက် လေထဲ၌ ဧရာမ ခေါင်းလောင်းတစ်ခုအသွင် ပြောင်းလဲ သွားသည်။

ဤသည်ကိုမြင်ပြီး ယဲ့ဖန် မျက်ခုံးလှုပ်သွားသည်။ ဘာရယ်ကြောင့်မှန်း မသိသော်လည်း ထိုကြေးနီရောင် ခေါင်းလောင်းငယ်ကို မြင်သည်နှင့် သူ ကြက်သီးထလာရသည်။ ထိုခေါင်းလောင်း၏ အစွမ်းက သူ ခန့်မှန်းထား သည်ထက် သာလွန်နေပုံရသည်။

“ကျဆင်းစမ်း”

ဝမ်လီက ရူးသွပ်သော အကြည့်များဖြင့် ဟစ်အော်လိုက်သည်။ ထိုအခါ ဧရာမ ခေါင်းလောင်းအဖြစ် ပြောင်းလဲ သွားသော ကြေးနီရောင် ခေါင်းလောင်းက ယဲ့ဖန်ပေါ်သို့ အရှိန်ဖြင့် ကျဆင်းလာသည်။

ထိုအခိုက်တွင် ခေါင်းလောင်း၏ အောက်ခြေ၌ ဟင်းလင်းပြင်တစ်ခု ဖြစ်ပေါ်နေ ဟန်တူသည်။ ယဲ့ဖန်သည် နွံထဲနစ်သကဲ့သို့ လှုပ်မရ ဖြစ်လာသည်။

“မကောင်းတော့ဘူး”

ယဲ့ဖန် မျက်နှာပျက်သွားပြီး လက်ထဲမှ နတ်ဓားဖြင့် ကြေးနီရောင် ခေါင်းလောင်းကို အားဖြင့် ခုတ်ပိုင်းလေသည်။ ဆူညံသံ ထွက်ပေါ်လာသော်လည်း နတ်ဓားက ကြေးနီရောင် ခေါင်းလောင်းတွင် ခြစ်ရာထင်ရုံသာ လုပ်နိုင်ပြီး တစ်စက်ကလေးမှ ပျက်စီးအောင် မလုပ်နိုင်သောကြောင့် ယဲ့ဖန် ထိတ်လန့်သွားသည်။

ပို၍ထိတ်လန့်စရာ ကောင်းသည့်အချက်မှ ယဲ့ဖန် လက်ပြန်ရုတ်၍ ရှောင်တိမ်းရန် ပြင်လိုက်စဉ်တွင် ကြေးနီရောင် ခေါင်းလောင်းထံမှ အနီရောင် အလင်းတန်း ဖြာထွက်လာပြီး ယဲ့ဖန်ကို လွှမ်းခြုံလာသည်။

ထိုခေါင်းလောင်းထံမှ ဖိအားကြောင့် ယဲ့ဖန်၏ လက်နှစ်ဖက်လုံး ပေါက်ကွဲ ပျက်စီးသွားသည်။ ထို့နောက် ခေါင်းလောင်းကြီး တစ်ခုလုံးက ယဲ့ဖန်ကို အုပ်မိုး သွားလေ၏။

All Chapters