အခန်း (၉၂၂-၉၂၄)
Vol. 62 Ch. 922-924
Chapter 922 ရှေးဟောင်းလူသတ်လက်နက် ဝိညာဉ်ခေါင်းလောင်း
ဒေါင်!
ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် အားလုံး နားအူသွားသလို ဖြစ်သွားကြသည်။
နတ်ဓားက ကြေးနီရောင် ခေါင်းလောင်းအား ပျက်စီးသွားအောင် မလုပ်နိုင်သည်ကို လူတိုင်း တွေ့လိုက်ရသည်။ ခေါင်းလောင်းကြောင့် ယဲ့ဖန်၏ လက်နှစ်ဘက်ပင် ပျက်စီး သွားရသည်။
“သခင်ကြီး”
“ပထမ အရှင်သခင်”
နတ်ဆိုးမျိုးနွယ်များနှင့် ယန်ဝမ် ဟင်းလင်းပြင်မှ လူများအားလုံး မှင်တက်သွားကြသည်။ အဖြစ်အပျက်က မြန်ဆန် လွန်းလှသဖြင့် အားလုံး မတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ဖန်က ခေါင်းလောင်း၏ ဖုံးအုပ်ခြင်း ခံလိုက်ရသည်။
အစောပိုင်းလေးတင် ယဲ့ဖန် လက်မောင်းနှစ်ဘက်လုံး ပျက်စီးသွားသည်ကလို မြင်လိုက်ရ သဖြင့် နတ်ဆိုးများနှင့် အခြားသူများသည် တင်းမာသော အကြည့်များဖြင့် ခေါင်းလောင်း ထံ ပြေးဝင်သွားကြသည်။ သူတို့ ယဲ့ဖန်ကို ကယ်ချင်နေ၏။
“သေချင်နေတာပဲ”
ထိုအခါ ကမ္ဘာဦး အင်မော်တယ် သခင်လေးက ထီမထင်ဟန် ပြုံးလာသည်။ သူသည် ဓားကိုကိုင်ဆွဲ၍ ဓားသွားအား နတ်ဆိုးများထံ ဝှေ့ယမ်းလိုက်သည်။
အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ နတ်ဆိုးများသည် ဓားအနားသို့ မရောက်သေးသော်လည်း ဓားထံမှ ဖိအားကြောင့် ထိတ်လန့်သွားရပြီး လွင့်ထွက် သွားကြသည်။
အမှောင်သခင် နတ်ဆိုးဘုရင်နှင့် အခြားသူများသည် ဓား၏ဖိအားကို ချိုးဖောက် နိုင်သော်လည်း ဓားချက်က သူတို့ပေါ်သို့ ကျရောက်လာသည်။ ထိုအခါ အမှောင်သခင် တို့၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပြီးနောက် မီတာတစ်ထောင်မျှ လွင့်ထွက် သွားရသည်။ သူတို့အားလုံး ဒဏ်ရာ အပြင်းအထန်ရကာ သေလုနီးပါး ဖြစ်သွား ကြသည်။
လက်ရှိအချိန်၌ ကမ္ဘာဦး အင်မော်တယ် သခင်လေး၊ ဇီထျန်းနှင့် ဝမ်လီတို့က ခေါင်းလောင်းရှေ့တွင် ရပ်နေကြ သောကြောင့် မည်သူမျှ အနားမကပ်နိုင်ပေ။ အရှင် ထျန်းကျစ်ကမူ ခေါင်းလောင်းကိုကြည့်ပြီး အလွန်အမင်း ဝမ်းသာလုံးဆို့နေ၏။
“နောင်တော်ကြီး ဒါက ခင်ဗျားတို့ မသေမျိုးမျိုးနွယ်ရဲ့ ထိပ်တန်း ရတနာများလား”
အရှင်ထျန်းကျစ် တုန်လှုပ်နေ၏။ ရှေးဟောင်းမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် သူသည် ဝိညာဉ်ခေါင်းလောင်း၏ ဂုဏ်သတင်းကို အကြိမ်ပေါင်းများစွာ ကြားဖူးပါသည်။
ကောလာဟလများအရဆိုလျင် နတ်ဘုရားတို့၏ တိုက်ပွဲ၌ မသေမျိုးမျိုးနွယ်များသည် ဝိညာဉ်ခေါင်းလောင်းကို အသုံးချ၍ ရှေးဟောင်း နတ်ဘုရားစံအိမ်များကို ဖျက်ဆီး ခဲ့သည်ဟု ဆိုသည်။
အိမ်တော်တိုင်းမှ လူများသည် ဝိညာဉ်ခေါင်းလောင်း အုပ်မိုးခံလိုက်ရသည်နှင့် သူတို့၏ ခန္ဓာကိုယ်များက ရွံ့သဖွယ် ဖြစ်သွားကာ စိတ်ဝိညာဉ်များ ပျက်သုဉ်းသွားသည်ဟု ဆိုလေသည်။
ထိုအချိန်က မသေမျိုးမျိုးနွယ်သည် ဝိညာဉ်ခေါင်းလောင်းကို အားကိုး၍ ရှေးဟောင်း မျိုးနွယ်များအား မရေတွက်နိုင် လောက်အောင် သတ်ဖြတ်ခဲ့သည်။
ထိုသတင်းက လူသားအရှင်သခင်ထံသို့ ရောက်ရှိသွားပြီး မသေမျိုးမျိုးနွယ်အား သူ၏ အမိန့် နာခံသော မျိုးနွယ်အဖြစ် ထားရှိလေတော့သည်။
လက်ရှိအချိန်တွင် အရှင်ကျစ်ထျန်းသည် သူ့ဘဝတစ်သက်တာ၌ ဤရှေးဟောင်း လူသတ်လက်နက်ကို မြင်တွေ့ရလိမ့်မည်ဟု ထင်မထားသောကြောင့် ထိတ်လန့် တုန်လှုပ်နေ၏။
ဤလက်နက်သည် ဝိညာဉ်ချုပ်အပ်ထက်ပင် အဆပေါင်းများစွာ ပို၍ ကြောက်စရာ ကောင်းလှသည်။ ဤခေါင်းလောင်း တစ်ခုတည်းဖြင့် ရှေးဟောင်းမျိုးနွယ် များစွာ အသတ်ခံ ခဲ့ရသည် မဟုတ်ပါတကား။
“ဟုတ်တယ်”
ဝမ်လီက ဂုဏ်ယူသော မျက်နှာထားဖြင့် ပြန်ဖြေလာသည်။
“ဘယ်သက်ရှိသတ္တဝါကိုမဆို ဒီဝိညာဉ်ခေါင်းလောင်းနဲ့ ဖမ်းချုပ်လိုက်ရင် ဘယ်တော့မှ မလွတ်မြောက်နိုင်ဘူး”
“သူတို့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပြီး သူတို့ စိတ်ဝိညာဉ်ကို ပြန်မမွေးဖွားနိုင်တော့အောင် သုတ်သင်လို့ မပြီးမချင်း သူတို့ မလွတ်မြောက်နိုင်ဘူး”
ဝမ်လီ၏ မျက်နှာတွင် စိုးရိမ်စိတ် ထင်ဟပ်နေသည်။
“ဒါပေမဲ့ ဒီဝိညာဉ်ခေါင်းလောင်းရဲ့ အစွမ်းက အရင်ကထက် တော်တော်လေး အားနည်း နေပြီ”
“စစ်ပွဲတွေ အများကြီးမှာ တိုက်ခဲ့ရတော့ အစွမ်းက တစ်ကြိမ်စာပဲ ကျန်တော့တယ်”
ထိုသို့ပြောပြီး ဝမ်လီက ဘေးနားမှ ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ဇီထျန်းကို လှည့်ကြည့်လိုက်သည်။
“ခင်ဗျားတို့နှစ်ယောက် ကျုပ်ကို ခင်ဗျားတို့ရဲ့အစစ်အမှန် စွမ်းအင်နဲ့ ကူညီပေးပါ”
*အစစ်အမှန် စွမ်းအင်*
ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ဇီထျန်းတို့က လှောင်ပြုံး ပြုံးလာသည်။
“ကောင်းပြီလေ၊ ဒီကောင်ကိုသာ သတ်နိုင်မယ်ဆိုရင် ငါတို့ မင်း လိုချင်သလောက် အစစ်အမှန် စွမ်းအင်ကို သုံးနိုင်တယ်”
ထိုသို့ပြောပြီးနောက် သုံးယောက်လုံးသည် နဖူးမှနေ၍ အစစ်အမှန် စွမ်းအင်များကို ထုတ်ယူလေသည်။ ကမ္ဘာဦး အင်မော်တယ် သခင်လေး၏ အစစ်အမှန်စွမ်းအင်၌ ကမ္ဘာဦးချီဓာတ်များ ပါဝင်သည်။ သူ၏စွမ်းအင်တိုင်းက မိုးမြေအား ဖျက်ဆီးနိုင်စွမ်း ရှိလေသည်။
ထို့အတူ ဇီထျန်း၏ အစစ်အမှန်စွမ်းအင်၌ မိုးကြိုးလျှပ်စီးများ ပါဝင်သည်။ လျှပ်စီး လက်သွားတိုင်း ကောင်းကင် တစ်ခုလုံး ပျက်စီးတော့မယောင် ဖြစ်လာသည်။
ဝမ်လီ၏ အစစ်အမှန်စွမ်းအင်၌ မရဏ ချီဓာတ်များ ပါဝင်နေသည်။ သူ၏ချီဓာတ်ကို ထုတ်ယူလိုက်ချိန်တွင် ဘေးပတ်လည်မှ လေဟာနယ်တစ်ခုလုံး ပျက်စီးယိုယွင်း၍ အရည် ပျော်ကျတော့မယောင် ဖြစ်လာသည်။
“ဖျက်ဆီးလိုက်စမ်း”
သုံးယောက်လုံးသည် အစစ်အမှန် စွမ်းအင်များ ထုတ်ယူပြီးသည်နှင့် ထိုစွမ်းအင်များအား ဝိညာဉ် ခေါင်းလောင်း အတွင်းသို့ ပေါင်းထည့်လိုက်သည်။
ထိုအခါ အပြင်ဘက်မှ လူတိုင်းသည် ခေါင်းလောင်းတွင်းမှ ယဲ့ဖန်၏ ခန္ဓာကိုယ် ယိုယွင်းပျက်စီးလာသည့် အသံကို ကြားလိုက်ရသည်။ ဤအဖြစ်ကြောင့် နတ်ဆိုးများနှင့် ယန်ဝမ် ဟင်းလင်းပြင်မှလူများအားလုံး ရူးမတတ် ဖြစ်သွားကြသည်။
“သခင်ကြီး”
“ပထမ အရှင်သခင်”
နတ်ဆိုးများသည် သူတို့၏ ဒဏ်ရာများကို အရေးမလုပ်နိုင်ဘဲ လဲကျနေရာမှ အသည်း အသန် ထလာကြသည်။ သူတို့ ဝိညာဉ်ခေါင်းလောင်းထံ ပြေးသွားချင်ကြသည်။ သို့သော် သူတို့သည် ဒဏ်ရာ အပြင်းအထန် ရထားပြီးသား ဖြစ်သည်။
တစ်ဖက်မှာမူ ရန်သူက အင်အားကြီးသော လူသုံးယောက် ဖြစ်နေသည်။ သူတို့ သုံးယောက်က လက်ဝှေ့ယမ်း လိုက်သည်နှင့် နတ်ဆိုးများနှင့် အခြားသူများအားလုံး သွေးများ ပန်းထွက်ကာ လွင့်ထွက်သွားကြသည်။
တစ်ကြိမ်၊ ငါးကြိမ်၊ ဆယ်ကြိမ်။
နတ်ဆိုးများအားလုံးသည် လွင့်ထွက်သွားပြီးသည်နှင့် သွေးအန်သွားသည်။ သို့သော် သွေးများကို သုတ်၍ ပြန်ထလာ သည်။ ရန်သူ၏ ဖိအား အရှိန်အဝါကြောင့် သူတို့၏ နတ်ဆိုးခန္ဓာကိုယ်များ ကျိုးကြေပျက်စီးလာ၏။
ခြေထောက်များ ကျိုးလာသောအခါ လက်ဖြင့် ကုန်း၍ထသည်။ လက်ကျိုးသွားချိန်တွင် အားလုံးက တွားသွား၍ ရှေ့သို့တက်လာသည်။ သူတို့၏ သခင်ကြီးကို သူတို့ ကယ်ချင် နေကြသည်။
ဤအဖြစ်ကြောင့် အရှင်ထျန်းကျစ် မျက်ခုံးလှုပ်သွားရသည်။ နတ်ဆိုးများ၏ နှလုံးသား ထဲတွင် ယဲ့ဖန်၏ ပုံရိပ်က ဤမျှ ကြီးစိုးနေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ ယဲ့ဖန်၏ သေခြင်းရှင်ခြင်းက သူတို့၏ အသက်ထက် ပို၍ အရေးပါပုံ ရသည်။
“အရူးတွေ၊ မင်းတို့ကောင်တွေ သေတွင်းတူးနေတာပဲ”
အရှင်ထျန်းကျစ်နှင့် ခန်ထျန်းနတ်ဘုရားတို့က အပြုံးကြီး ပြုံးနေကြသည်။ ထိုစဉ် ဒဏ်ရာရထားသော ဝိညာဉ်စား ပုရွက်ဆိတ်များက ရုတ်တရက် မျက်လုံး ပြန်ဖွင့် လာသည်။
ကျွိ! ကျွိ! ကျွိ!
ဝိညာဉ်စား ပုရွက်ဆိတ်တိုင်းက တောင်ပံများကို တဖျပ်ဖျပ်ခတ်၍ ကမ္ဘာဦး အင်မော် တယ် သခင်လေးတို့ သုံးယောက်ထံသို့ ပြေးဝင်သွားသည်။
“ချီးတဲ့မှပဲ”
ဤမြင်ကွင်းကြောင့် ရန်သူသုံးယောက်လုံး ထိတ်လန့်ကာ မျက်နှာဖြူရော်လာသည်။ သူတို့ ယဲ့ဖန်နှင့် တိုက်ခိုက် နေသော်လည်း နတ်ဆိုးများကြား၌ ဝိညာဉ်စား ပုရွက်ဆိတ်များ ရှိနေသည်ကို သတိမထားမိပေ။
ထိုအခိုက်ကြောင့် သူတို့အားလုံး ထိတ်လန့်ကာ ဝိညာဉ်စား ပုရွက်ဆိတ်များကို တန်ပြန် တိုက်ခိုက်လိုက်သည်။ ဝိညာဉ်စား ပုရွက်ဆိတ်များသည် ကြောက်ဖို့ကောင်းသော်လည်း ဝိညာဉ်ချုပ်အပ်ကြောင့် ဒဏ်ရာရထားဖူးသည်။
ထို့ကြောင့် ယင်ယန်လောကမှ ဇီထျန်း၊ ဝမ်လီနှင့် ကမ္ဘာဦး အင်မော်တယ် သခင်လေး တို့နှင့် တိုက်ခိုက်ရာတွင် အခက်တွေ့နေ၏။
ဝိညာဉ်စား ပုရွက်ဆိတ်များ တစ်ကောင်ပြီးတစ်ကောင် လွင့်ထွက်သွားကျပြီး ပို၍ ဒဏ်ရာ ပြင်းထန်လာသည်။ ထိုစဉ် ဤအခွင့်အရေးကို အသုံးချ၍ ယဲ့ရွှင်းအာက လှစ်ခနဲ လှုပ်ရှားလိုက်သည်။
သူမက ဝိညာဉ်ခေါင်းလောင်းထံ ရုတ်တရက် ပြေးဝင်သွားပြီး ခေါင်းလောင်းအား လက်ဝါးဖြင့် တစ်ချက်ပြီးတစ်ချက် ရိုက်နှက် လေတော့သည်။
ဒေါင်! ဒေါင်! ဒေါင်!
ခေါင်းလောင်းသံ ဆက်တိုက် မြည်ဟီးလာသည်။ ယဲ့ရွှင်းအား မည်မျှ တိုက်ခိုက်ပါ သော်လည်း ယဲ့ဖန် မလွတ်လာပေ။ ထိုအစား ခေါင်းလောင်းသံကြောင့် ယဲ့ရွှင်းအာ၏ ကိုယ်လေးက တုန်ခါလာပြီး သွေးအန်လာရသည်။
“အစ်ကိုကြီး …”
ယဲ့ရွှင်းအာ သွေးတစ်လုပ်ပြီးတစ်လုပ် အန်လေသည်။ သူမမျက်နှာ၌ ဝမ်းနည်းရိပ်များ စွန်းထင်းနေသည်။ ယဲ့ဖန်၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ယိုယွင်းလာပြီး အသက်ဓာတ် ကလည်း တဖြည်းဖြည်း လျော့နည်းလာသည်ကို သူမ ခံစားမိသည်။ ဤသည်ကို ခံစားမိပြီး ယဲ့ရွှင်းအာ မျက်ရည်ကျလာ၏။
“မဖြစ်ရဘူး”
“အစ်ကိုကြီး မေ့သွားပြီလား၊ ရွှင်းအာကို တစ်ဘဝလုံး စောင့်ရှောက်ပေးမယ်လို့ အစ်ကိုကြီး ပြောခဲ့တယ်လေ”
“အစ်ကိုကြီး သေလို့မရဘူး၊ ရွှင်းအာ တောင်းပန်ပါတယ်၊ မသေပါနဲ့ …”
ယဲ့ရွှင်းအာက ရင်ကွဲမတတ် အော်ဟစ်ရင်း အရူးသဖွယ် ခေါင်းလောင်းကို တိုက်ခိုက် နေ၏။ သူမ၏လက်မှ သွေးများ စိမ့်ထွက်လာသည်။ ဝိညာဉ်ခေါင်းလောင်းကို တိုက်ခိုက် လိုက်တိုင်း သွေးများ ဆက်တိုက် စိမ့်ထွက်နေသည်။ ဝိညာဉ်ခေါင်းလောင်းသည် အလွန်တရာ အစွမ်းထက်လှပြီး နည်းနည်းလေးမျှ ပဲ့ယွင်းမသွားပေ။
ဂျွတ်!
ထိုစဉ် ဝိညာဉ်ခေါင်းလောင်းထဲမှ ဂျွတ်ခနဲ အသံ ထွက်ပေါ်လာသည်။ ထိုအသံကြောင့် ယဲ့ရွှင်းအာနှင့် နတ်ဆိုးများ အားလုံး ဝမ်းနည်းပူဆွေးသွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုအသံသည် အရိုးကျိုးသံ ဖြစ်နေသောကြောင့်ပင်။
Chapter 923 အဆင့်တက်ခြင်း
“ဂျွတ်…”
ဝိညာဉ်ခေါင်းလောင်းတွင်းမှ အရိုးကျိုးသံ ထွက်ပေါ်လာချိန်တွင် ယဲ့ရွှင်းအာနှင့် နတ်ဆိုးများအားလုံး တုန်လှုပ် သွားသည်။
“မဖြစ်ရဘူး”
စိုးရိမ်တကြီး အော်ဟစ်သံများ သံပြိုင်ထွက်ပေါ်လာသည်။ နတ်ဆိုးများအားလုံး ရူးမတတ် ဖြစ်နေကြသည်။ သူတို့၏ နတ်ဘုရားက ဝိညာဉ်ခေါင်းလောင်းအောက်၌ သေသွားရ တော့မည်ကို တွေးမိပြီး ဆောက်တည်ရာမရ ဖြစ်သွားလေသည်။
အရိုးကျိုးသံကို ကြားသောအခါ အရှင်ထျန်းကျစ်က စိတ်လှုပ်ရှား၍ ဝမ်းသာဟန် ပြလာသည်။
“သေပြီ၊ ဟားဟားဟား … နောက်ဆုံးတော့ သူ သေသွားပြီပဲ”
အရှင်ထျန်းကျစ်သည် ယဲ့ဖန် သေဆုံးသွားပြီဟု ခံစားမိပြီး သူ့ဘဝ၌ စိတ်လှုပ်ရှားဆုံး အဖြစ်ဟု တွေးကာ ဝမ်းသာ ပျော်ရွှင်နေ၏။ သူသည်သာမက ဝမ်လီ၊ ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ဇီထျန်းတို့အားလုံးပါ စိတ်အေး နေကြသည်။
ယဲ့ဖန် ပြုလုပ်ခဲ့သော လုပ်ရပ်က သူတို့အား အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်။ ငရဲဘုံမှ လူတစ်ယောက်က ထိန်းချုပ်ခြင်းနယ်မြေကို သိနားလည်ပြီး ဖန်တိးနိုင်နေ၏။ ဤသည်မှာ တကယ်ပင် ကောင်းကင်ဘုံအား ဆန့်ကျင် နိုင်သော လုပ်ရပ်ပင်။
သို့သော် သူ ယခုထက်ပို၍ ကြီးပြင်းမလာခင် ဝိညာဉ်ခေါင်းလောင်းနှင့် ရင်ဆိုင်လိုက် ရသည်က စိတ်မကောင်းစရာ ကောင်းလှသည်။
“အစ်ကိုကြီး ခင်ဗျား ဝိညာဉ်ခေါင်းလောင်းထဲက အခြေအနေကို သေချာမြင်ရရဲ့လား”
ကမ္ဘာဦး အင်မော်တယ် သခင်လေးသည် ရတတ်မအေးသေးသည့်ဟန်ဖြင့် မေးလိုက် သည်။ ဘေးမှ ဇီထျန်း သည်လည်း စိုးရိမ်နေ၏။
သူ၏ ထိပ်တန်း ရတနာဖြစ်သော ကျို့ရွှမ်းမိုးကြိုးတုတ်သည် ယဲ့ဖန်နှင့်အတူ ယန်ဝမ် ဟင်းလင်းပြင်သို့ ကျသွားခဲ့သည် မဟုတ်ပါတကား။
ယဲ့ဖန်သည် ယန်ဝမ် ဟင်းလင်းပြင်မှ ပြန်ထွက်လာနိုင်သည့်အပြင် ယန်ဝမ် ဟင်းလင်း ပြင်မှ သိုင်းပညာရှင် များကိုပင် ခေါ်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် သူ၏ ကျို့ရွှမ်း မိုးကြိုးတုတ်ကလည်း ယဲ့ဖန်လက်ထဲ၌ ရှိနေနိုင် လောက်သည်။ သူတို့နှစ်ယောက်၏ စိုးရိမ်စိတ်ကို ခန့်မှန်းမိသဖြင့် ဝမ်လီက အသာပြုံးလိုက်သည်။
“မင်းတို့နှစ်ယောက် စိုးရိမ်မနေပါနဲ့၊ စိတ်ချထားပါ၊ ဝိညာဉ် ခေါင်းလောင်းထဲကို ကျုပ် သေချာမြင်ရတယ်၊ အဲ့ကောင်ရဲ့ ခန္ဓာကိုယ်တစ်ဝက်လောက်က သန့်စင်ခံနေရပြီ”
“ခဏလောက်ပဲ ကြာတော့မှာ၊ မဟာနတ္ထိ ရှေးဧကရာဇ် ပေါ်လာပြီး တားရင်တောင်မှ မရနိုင်ဘူး”
သူ၏ယုံကြည်မှုရှိသောစကားကြောင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ကျစ်ထျန်းတို့ စိတ်အေးသွားကြသည်။
“အင်း … ဒါဆိုလည်း အဲ့ကောင်ကို စောင့်ကြည့်နေစရာ မလိုတော့ဘူးပေါ့”
“အခု သူ့လူတွေကို ဘယ်လိုလုပ်ကြမလဲ”
ထိုသို့ပြောပြီး သူတို့က ယဲ့ရွှင်းအာ၊ ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများအပြင် ဒဏ်ရာ အပြင်းအထန် ရထားသော ဝိညာဉ်စား ပုရွက်ဆိတ်များကို ဝေ့ကြည့်လိုက်သည်။ သူတို့၏ အကြည့်များက ခက်ထန်လှသည်။
ထိုစကားကြောင့် နတ်ဆိုးများအားလုံးက နာကျည်းမုန်းတီးစွာ ပြန်ကြည့်လာသည်။ ဝိညာဉ်ချုပ်အပ်ကြောင့်သာ ဒဏ်ရာ ရမနေခဲ့ပါက သူတို့၌ တိုက်ပွဲဝင် ခွန်အား ရှိနေဦးမှာပင်။ ယခုအခါတွင်မူ သူတို့သည် ကုန်းပေါ် ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေကြသည်။
နတ်ဆိုးများအားလုံးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ မီးဝင်းဝင်းတောက်သော အကြည့်များဖြင့် ပြန်ကြည့်လိုက်သည်။
“ဟ … ဒီကောင်မလေးက မဆိုးဘူးပဲ”
“လတ်စသက်တော့ သူက ထိပ်တန်း အဆိပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပဲ၊ ခန္ဓာကိုယ်ထဲမှာ အစွမ်းထက်တဲ့ ချိပ်ပိတ်ခြင်းတစ်ခု ရှိနေတယ်”
“သူ့ကို ငါ လိုချင်တယ်”
ကမ္ဘာဦး အင်မော်တယ် သခင်လေးက ယဲ့ရွှင်းအာကို စူးစူးရဲရဲ စိုက်ကြည့်နေ၏။ သူမက အသက်ငယ်ငယ်လေးနှင့် မီးတောက်သဖွယ် ပူလောင်၍ ဆွဲဆောင်မှု ရှိလှသည်။ သူမသာ အရွယ်ရောက်လာမည့်ပုံစံကို တွေးမိပြီး သူ ရမ္မက်မီး ပြင်းထန်လာရသည်။
ယဲ့ရွှင်းအာက သူ့စကားကို လျစ်လျှူရှုပြီး ဝိညာဉ်ခေါင်းလောင်းအား လက်နှစ်ဘက် လုံးဖြင့် ဆက်တိုက် ရိုက်နှက်နေသည်ကိုမြင်ပြီး သူက မထီမဲ့မြင်ဟန် ပြုံးလိုက်သည်။
“ကောင်မလေး၊ မင်း ဆက်ရိုက်နေစရာ မလိုဘူး၊ အဲ့ကောင် သေမှာ ကျိန်းသေတယ်”
“မင်း ငါ့နောက် လိုက်ခဲ့ပြီး အစေခံအဖြစ် နေပေါ့၊ မင်း ကြီးလာရင်တော့ ငါ့မိန်းမ လုပ်ပေါ့ကွာ”
ကမ္ဘာဦး အင်မော်တယ် သခင်လေးက ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။ သို့သော် ယဲ့ရွှင်းအာက မကြား သယောင်ပြုပြီး မျက်ရည်လည်ရွဲဖြင့် ဝိညာဉ်ခေါင်းလောင်းအား ထပ်ကာထပ်ကာ ရိုက်နှက်နေသည်။ သူမပုံစံက ယဲ့ဖန်ကို မရမက ကယ်ချင် နေသည့်ပုံပင်။
ကမ္ဘာဦး အင်မော်တယ် သခင်လေး၏ စကားအဆုံး၌ ဝမ်လီက ဝိညာဉ်နန်းတော်သခင်၊ ကောင်းကင်သခင်နှင့် စံအိမ်သခင်တို့ကို စိုက်ကြည့်လာသည်.
“ဟမ့် … ငါ ကျွန်နည်းနည်းလောက် လိုနေတာ၊ ဒီသုံးယောက်က ဒဏ်ရာ အပြင်းအထန် ရထားပင်မယ့် အားလုံးက လောကသခင် အဆင့်တွေချည်းပဲ”
“သူတို့ကို ငါ လိုချင်တယ်”
ထိုစကားကြောင့် ဝိညာဉ်နန်းတော်သခင်တို့ သုံးယောက်လုံး မျက်လုံးများ နီရဲလာသည်။ သူတို့ ဒေါသထွက် နေကြသည်။ သူတို့ ဤကဲ့သို့ အလှောင်ခံရလိမ့်မည်ဟု ထင်မထားမိချေ။ ထို့အပြင် ဇီထျန်းက ဝိညာဉ်စား ပုရွက်ဆိတ်များကို လောဘစိတ်ဖြင့် ကြည့်နေ၏။
“ဒီဝိညာဉ်စား ပုရွက်ဆိတ်တွေက ငါ့အပိုင်ပဲ”
“ငါ ဒီကောင်တွေကို မိုးကြိုးတောင်ကြားဆီ သယ်သွားပြီး ကိုးသွယ်မိုးကြိုးနဲ့ ကိုးရာရှစ်ဆယ့်တစ်ရက်တိတိ သန့်စင်ပြီး သူတို့မှတ်ဉာဏ်ကို ဖျက်ဆီးပြီးမှ အသုံးချရမယ်”
လက်ရှိအချိန်တွင် ထိုသူတို့သုံးယောက်က လိုချင်သောအရာများကို ခွဲဝေယူနေကြသည်။ သူတို့ စကားပြော ပြီးသည်နှင့် အရှင်ထျန်းကျစ်နှင့် ခန်ထန်း နတ်ဘုရားတို့က အားပါးတရ ရယ်မောလာသည်။
“ကောင်းတယ်”
“နောင်တော်ကြီးတို့ သုံးယောက် ပြောထားကြသလို ကြိုက်တဲ့လူကို ယူသွားကြပါ၊ ကျန်တဲ့နတ်ဆိုးမျိုးနွယ် တွေကတော့ ကျုပ်အပိုင်ပဲ”
အရှင်ထျန်းကျစ်က နာကျည်းမုန်းတီးသော မျက်လုံးများဖြင့် ပြောလာသည်။
“ကျုပ် နတ်ဆိုးတွေရဲ့ သွေးနဲ့ တိကျူးနဲ့ ရွှမ်ကျူးအတွက် ယဇ်ပူဇော်မယ်၊ မျိုးနွယ်သုံးခုက သေသွားရတဲ့ လူတွေကို သူတို့ရဲ့ ဝိညာဉ်တွေနဲ့ ယဇ်ပူဇော်မယ်”
လေးယောက်လုံး ခွဲဝေယူရန် ပြောဆိုပြီးနောက် အချင်းချင်း ပြန်ကြည့်၍ ကျေနပ်သလို ခေါင်းညိတ်လိုက်ကြသည်။
…
သို့သော် ထိုအခိုက်တွင် ဝိညာဉ်ခေါင်းလောင်းအတွင်း၌ မိုးမြေအား ကပြောင်းကပြန် ဖြစ်စေနိုင်သည့် ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်နေသည်ကို သူတို့ မသိလိုက်ပေ။
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ သွေးများ တတောက်တောက် ကျနေပြီး သန့်စင်ခံနေရသော်လည်း မျက်လုံးများက တောက်ပ နေ၏။
“ကမ္ဘာဦး အစစ်အမှန် စွမ်းအင်”
“မိုးကြိုး အစစ်အမှန် စွမ်းအင်”
“မသေမျိုး အစစ်အမှန် စွမ်းအင်”
ယဲ့ဖန်က ဝမ်းသာကျေနပ်ဟန်ဖြင့် ပြုံးလိုက်သည်။
“မင်းတို့ စွမ်းအင်တွေ ကြိုက်သလောက် ပေးလိုက်စမ်း”
ထိုသို့ရေရွတ်ပြီးနောက် ကမ္ဘာဦး အစစ်အမှန် စွမ်းအင်နှင့် မသေမျိုး အစစ်အမှန် စွမ်းအင်တို့ကို ယဲ့ဖန်၏ ခန္ဓာကိုယ်က ချက်ချင်း စုပ်ယူသွားပြီး ရှေးဦးလေစွမ်းအင်နှင့် ပေါင်းစပ်လိုက်သည်။ ထိုအခါ ရှေးဦးလေစွမ်းအင်က နှစ်ဆမျှ တိုးမြင့်လာသည်။
၎င်းသည် မြွေတစ်ကောင်ကဲ့သို့ ယဲ့ဖန်၏ ဒန်ထျန်အတွင်း၌ လှည့်ပတ်သွားလာနေသည်။ ထို့အပြင် ရှေးဦးလေ စွမ်းအင်မှနေ၍ နတ်ဆိုးချီမျှင်စုများ ပြန်၍ ထွက်ပေါ်လာပြီး ယဲ့ဖန်၏ ခန္ဓာကိုယ်အနှံ့သို့ စီးဆင်းသွားသည်။
ချက်ချင်းဆိုသလိုပင် သူ၏ သိုင်းအဆင့်က ထိုးတက်လာသည်။ နတ်ဘုရင် အလယ်အလတ်အဆင့်၊ နတ်ဘုရင် စဦးအဆင့်၊ နတ်ဘုရင် အထွတ်အထိပ်အဆင့်။
တစ်ခဏလေး အတွင်းမှာပင် အဆင့်ငယ်သုံးခုကို ချိုးဖောက်သွားပြီး သူတော်စင် တစ်ပိုင်းအဆင့်သို့ ရောက်ရန် အနည်းငယ်သာ လိုတော့သည်။
ယဲ့ဖန်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည် လောကသခင်တစ်ပါးကဲ့သို့ တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှသည်။
“ကျို့ရွှမ်း မိုးကြိုးတုတ်၊ မင်း အစာ ရောက်လာပြီ”
ယဲ့ဖန်က အသာပြုံး၍ အင်္ကျီလက်စထဲမှ မည်းနက်နေသော မီးတုတ်ကို ထုတ်ယူလိုက်သည်။ ထိုမီးတုတ်သည် ရိုးစင်းလှသည်ဟု ထင်ရသော်လည်း တုတ်ပေါ်၌ အစိမ်းရောင် အတက်များ ထွက်နေ၏။ ထိုအချိန်မှာပင် ကျို့ရွှမ်း မိုးကြိုးတုတ်မှနေ၍ ဆွဲငင်အားတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ဆာလောင်နေသော သားရဲကဲ့သို့ မိုးကြိုး အစစ်အမှန် စွမ်းအင်ကို စုပ်ယူလေသည်။
တစ်ဒင်္ဂအတွင်းမှာပင် ဇီထျန်းထံမှ မိုးကြိုး အစစ်အမှန် စွမ်းအင်အားလုံးကို ကျို့ရွှမ်းမိုးကြိုးတုတ်ကာ စုပ်ယူ သွားသည်။ ထို့နောက် ကျို့ရွှမ်းမိုးကြိုးတုတ်ပေါ်၌ စိမ်းစိုသော အတက်များ ထပ်၍ထွက်လာပြန်သည်။
ထို့အပြင် နှိုင်းယှဉ်မရနိုင်သော သန့်စင်သော စွမ်းအင်များက မိုးကြိုးဓာတ်နှင့်အတူ ယဲ့ဖန်၏ကိုယ်ထဲသို့ စိမ့်ဝင် သွားသည်။ ထိုအခိုက်တွင် ယဲ့ဖန်သည် စွမ်းအင်များဖြင့် ပြည့်နှက်နေသော သမုဒ္ဒရာထဲ၌ စိမ်နေရသကဲ့သို့ ခံစားမိ သွားသည်။
ခန္ဓာကိုယ်ထဲမှ သွေးကြောများက ထိုစွမ်းအင်ကို စုပ်ယူလာပြီးနောက် ပျက်စီးသွားသော လက်နှစ်ဖက်က အသစ်တဖန် ပြန်လည်၍ ဖြည်းဖြည်းချင်း ထွက်လာသည်။
နောက်ဆုံးတွင် ယဲ့ဖန်တစ်ကိုယ်လုံး ပကတိအတိုင်း ပြန်ဖြစ်သွားသည်။ သူ့ထံမှ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါက ဝိညာဉ်ခေါင်းလောင်းအတွင်း ပျံ့နှံ့သွားလေသည်။ ထို့နောက် သူက ဝိညာဉ် ခေါင်းလောင်းကို မော့ကြည့်၍ ထီမထင်ဟန် ပြုံးလိုက်သည်။
Chapter 924 မင်းတို့ လုပ်ရဲရင် လုပ်ကြည့်လိုက်
ဝိညာဉ်ခေါင်းလောင်း၏ အပြင်ဘက်၌ ခန်ထျန်းနတ်ဘုရားသည် ထိပ်တန်းလူလေးယောက်၏ စစ်သုံ့ပန်း ခွဲဝေပုံကို နားထောင်ပြီး အံ့ဩမှင်တက်နေ၏။
“တကယ်ကို ကောင်းကင်ဘုံကို ဆန့်ကျင်မယ့်သူပဲ၊ နတ်ဆိုးဧကရာဇ် ဒီတစ်ခေါက် ပြန်မွေးဖွားလာတာနဲ့ စကြဝဠာကြီးကို ကပြောင်းကပြန် ဖြစ်အောင် လုပ်တဲ့အပြင် တိကျူးနဲ့ ရွှမ်ကျူးတောင် သေသွားရပြီ”
“ငါတို့ အသတ်ခံရတော့မယ်လို့ ငါ ထင်နေခဲ့တာ၊ အခုလို အသက်ရှင်ရလိမ့်မယ်လို့ ထင်မထားမိဘူး”
ထိုသို့တွေးတောပြီးနောက် ခန်ထျန်း နတ်ဘုရားသည် မနေနိုင်ဘဲ ဝိညာဉ်ခေါင်းလောင်းကို လှမ်းကြည့်၍ အားပါးတရ သရော်ပြုံး ပြုံးလိုက်သည်။
“နတ်ဆိုးဧကရာဇ်၊ နောက်ဘဝကျရင် နတ်ဘုရားတွေကို ရန်မစမိဖို့ အမှတ်ရပေါ့ကွာ”
“ဪ … ငါ မေ့သွားလို့ မင်းမှာ နောက်ဘဝ မရှိတော့ဘူးပဲ၊ ဟားဟားဟား …”
ခန်ထျန်းနတ်ဘုရားနှင့် အခြားသူများ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ ထိုအချိန်တွင် အရှင်ထျန်းကျစ်၊ ဝမ်လီ၊ ကမ္ဘာဦး အင်မော်တယ် သခင်လေးနဲ့ ဇီထျန်းတို့သည် စစ်သုံ့ပန်းများကို ညီမျှစွာ ခွဲဝေပြီးသွားလေသည်။
“ကဲ … အခု အားလုံးကို ခွဲဝေပြီးပြီဆိုတော့ အားလုံး ကိုယ့်သုံ့ပန်းကို အသီးသီး ခေါ်သွားကြတာပေါ့”
“ဟိုနတ်ဆိုးဧကရာဇ်ကိုလည်း သန့်စင်လို့ ပြီးလောက်ပြီ”
ကမ္ဘာဦး အင်မော်တယ် သခင်လေးက အပြုံးကြီးပြုံး၍ ပြောလိုက်သည်။ သူ ယဲ့ရွှင်းအာနား ကပ်သွားရန် မစောင့်နိုင်တော့ချေ။ လက်ရှိအချိန်၌ ယဲ့ရွှင်းအာသည် ဒဏ်ရာဒဏ်ချက် များစွာနှင့် အဖြစ်ဆိုးနေ၏။ သူမ၏ လက်ဝါးနှစ်ဘက်လုံး ပျက်စီးကာ အရိုးများပင် ပေါ်နေလေသည်။ သို့သော် သူမက ငိုကြွေးကာ ဆက်လက်၍ ရိုက်နှက် နေသည်။
ထိုသူကို သူမ သတိရလာအောင် လုပ်ချင်သည့်ပုံပင်။ ထိုသူအား သူမ ကယ်ချင်နေပုံရသည်။
“အစ်ကိုကြီး … ရှင် ရွှင်းအာကို ထားခဲ့တော့မလို့လား”
“ရှင် သေလို့မရဘူးလေ၊ ရှင် ရွှင်းအာကို ကတိပေးခဲ့တယ်လေ၊ ရှင်က ရွှင်းအာရဲ့ တစ်ဦးတည်းသော မိသားစုဝင်ပါ၊ ရွှင်းအာ ရှင့်ကို မသေစေချင်ဘူး … ဟင့်ဟင့်”
ရွှင်းအာ၏ မျက်နှာလေးသည် မျက်ရည်များနှင့် ရွှဲနစ်နေသော်လည်း လှပနေဆဲပင်။ သူမ၏ အလှတရားက ဖူးသစ်စ ပန်းပွင့်လိုပင်။ သူမ အမူအရာက မိသားစုကို ပြန်ရှာမတွေ့တော့သည့် ကလေးမလေးနှင့် တူနေ၏။
ဤသည်ကိုကြည့်ပြီး ကမ္ဘာဦး အင်မော်တယ် သခင်လေးက ပို၍ ရမ္မက်မီး တောက်လောင်လာ၏။ ယဲ့ရွှင်းအာသာ အရွယ်ရောက်လာပါက သူမသည် အလွန်တရာ လှပသော မိန်းမပျိုလေးတစ်ယောက် ဖြစ်လာပြီး သူမနှင့် ယှဉ်နိုင်သူ မရှိနိုင်ဟု သူ တပ်အပ် ပြောနိုင်သည်။ လက်ရှိအချိန်၌ သူက အသာပြုံး၍ ပြောလိုက်သည်။
“ကလေးမလေး၊ ထပ်မအော်နဲ့တော့၊ မင်း လည်ချောင်းကွဲအောင် အော်နေရင်တောင်မှ သူ ကြားနိုင်မှာ မဟုတ်ဘူး”
“ဝိညာဉ်မီးအိမ်လည်း ငြိမ်းသွားလောက်ပြီ၊ စိတ်ချပါ သူ သေသွားပင်မယ့် ငါ မင်းကို စောင့်ရှောက်မှာပါ”
သူ၏စကားတွင် ကောက်ကျစ်ဟန်များ ပါဝင်နေသည်။ သူ့စကားကြောင့် ယဲ့ရွှင်းအာ၏ မျက်နှာလေးက ရုတ်တရက် တင်းမာသွားသည်။ သူမက ကမ္ဘာဦး အင်မော်တယ် သခင်လေးဘက်ကို လှည့်ကြည့်၍ နာကျည်းမုန်းတီးဟန်ဖြင့် စူးစိုက်ကြည့်လာ၏။
“နင် … နင့်ကိုယ်နင် ဘာမှတ်နေလဲ”
ကမ္ဘာဦး အင်မော်တယ် သခင်လေး အံ့ဩသွားပြီးနောက် မျက်မှောင်ကြုတ်သွားလေသည်။ သူသည် ကမ္ဘာဦး အုပ်ချုပ်သူ၏ တစ်ဦးတည်းသောသား ဖြစ်သည်။ သူသည် ကမ္ဘာဦး အင်မော်တယ် နန်းတော်၏ သခင်လေး ဖြစ်သည်။
သူ၏စကားအား လောကသခင်သုံးပါးပင် မနာခံဘဲ မနေရဲကြပေ။ သို့ရာတွင် ဤကလေးမလေးက သူ့အား အမှိုက်တစ်စသဖွယ် ပြုမူဆက်ဆံနေ၏။ သူမစကားကြောင့် ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွားကြသည်။
“ကလေးမလေး၊ မင်း ဘယ်သူနဲ့ စကားပြောနေတယ်ဆိုတာရော သိရဲ့လား”
“မင်းက နတ်ဆိုးဧကရာဇ်နောက်ကို လိုက်သွားချင်တာလား၊ မင်းက သူနဲ့အတူ သေရာကို ပါသွားချင်နေတာလား”
ကမ္ဘာဦး အင်မော်တယ် သခင်လေး၏ မျက်လုံးက ရက်စက်ခက်ထန်လာသည်။ သူ့စကားကြောင့် ယဲ့ရွှင်းအာက ဝမ်းနည်းကြေကွဲစွာ ရယ်မောလေသည်။
“အရူး၊ စောက်ရူး”
“အစ်ကိုကြီး သေသွားရင် ငါ တစ်ယောက်တည်း အသက်ဆက်ရှင်မယ်လို့ ထင်နေတာလား”
သူမစကားကြောင့် ကမ္ဘာဦး အင်မော်တယ် သခင်လေး ပို၍မျက်ခုံးလှုပ်သွားသည်။ ထို့အပြင် ယဲ့ရွှင်းအာထံမှ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမည့် စွမ်းအင် ထွက်ပေါ်လာသဖြင့် သူ ချက်ချင်း တုန်လှုပ်သွားရသည်။ သူ့ဘေးနားမှ အော်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
“သေစမ်း၊ မင်း … မင်းတို့သုံးယောက်ကလည်း ငါ့ကို ဆန့်ကျင်တယ်ပေါ့လေ၊ မင်းတို့ကလည်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲချင်နေတယ်လား”
“ဝိညာဉ်စား ပုရွက်ဆိတ်တွေကလည်း သတ်သေချင်နေတယ်၊ … ငါ … ငါတော့ ဒုက္ခပဲ”
“နတ်ဆိုးတွေ …”
လက်ရှိအချိန်၌ ဘေးပတ်လည်မှနေ၍ တုန်လှုပ်ခြောက်ခြားသံများ ထွက်ပေါ်နေသည်။ ထိုအခါတွင်မှ ယဲ့ရွှင်းအာ သာမက ဝိညာဉ်နန်းတော်သခင်၊ စံအိမ်သခင်၊ ကောင်းကင်သခင်နှင့် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များ၊ အမှောင်သခင် နတ်ဆိုးဘုရင်နှင့် နတ်ဆိုးမျိုးနွယ်များ။ ထို့အပြင် ဒဏ်ရာအပြင်းအထန် ရနေသော ဝိညာဉ်စား ပုရွက်ဆိတ်များပင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲချင်နေကြသည်ကို ကမ္ဘာဦး သခင်လေး သတိထားမိသွားသည်။
ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်း စွမ်းအင်များက ကောင်းကင်ယံတစ်ဝိုက်သို့ ပျံ့လွင့်လာသောအခါ အရှင် ထျန်းကျစ်နှင့် အခြားသူများအားလုံး ကြက်သီးမွေးညင်း ထသွားကြသည်။
“အရူးတွေ၊ မင်းတို့တွေက တကယ်ကို နတ်ဆိုးဧကရာဇ်နဲ့အတူ သေချင်နေတာပဲ”
လောက၌ ဤသို့သော အရူးများ များပြာစွာ ရှိနေလိမ့်မည်ဟု အရှင်ထျန်းကျစ် ထင်မထားမိပေ။ ထို့အပြင် ဤနတ်ဆိုးများ အားလုံးသာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ပါက ဤစကြဝဠာကြီးတစ်ခုလုံး ယိုယွင်း ပျက်စီး သွားပေမည်။
“ပြေးကြ”
အရှင်ထျန်းကျစ်၊ ခန်ထျန်းနတ်ဘုရားနှင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ သုံးယောက်သည် မျက်နှာများ ဖြူရော်၍ ကြောက်လန့်နေကြသည်။ လက်ရှိအချိန်တွင် သူတို့သည် အခြားသူများကို စိတ်မပူအားဘဲ အသီးသီး ထွက်ပြေးကြလေ၏။
ထိုစဉ် ယဲ့ရွှင်းအာနှင့် နတ်ဆိုးများက မျက်လုံးကိုမှိတ်ကာ အသီးသီး ရင်ဘတ်ပေါ် လက်တင်၍ ကြွေးကြော် ကြသည်။
“နတ်ဆိုးတွေက မသေနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ”
“သခင်ကြီး ကျွန်တော်တို့ လိုက်လာပြီ”
ထိုသို့ကြွေးကြော်ပြီးနောက် အားလုံး ပြုံးလိုက်ကြသည်။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်း စွမ်းအင်ကလည်း ထွက်ပေါ်စ ပြုလာသည်။
“မင်းတို့ လုပ်ရဲလား”
ထိုအခိုက်တွင် ဝိညာဉ်ခေါင်းလောင်းတွင်းမှ မိုးခြိမ်းသံကဲ့သို့သော ကျယ်လောင်သည့် အော်ဟစ်သံ ထွက်လာ၏။ ထိုအသံကြောင့် တစ်လောကလုံး တိတ်ဆိတ်သွားသည်။
*ဒါ … ဒါက …*
ယဲ့ရွှင်းအာ၊ ဝိညာဉ်နန်းတော်သခင်တို့နှင့် အမှောင်သခင်နတ်ဆိုးဘုရင် အပါအဝင် အခြားသူများအားလုံး ဝိညာဉ် ခေါင်းလောင်းကို တအံ့တဩ ကြည့်လိုက်မိသည်။ သူတို့ နားကြားမှားသည်ဟုပင် ထင်မိနေ၏။
ဝိညာဉ်စား ပုရွက်ဆိတ်များတောင်မှ အသည်းအသန် အော်ဟစ်၍ ဝိညာဉ်ခေါင်းလောင်းကို လှမ်းကြည့်လာသည်။ တစ်စုံတစ်ရာကို မျှော်လင့်နေသည့်ပုံပင်။ ဝိညာဉ်စား ပုရွက်ဆိတ်တစ်ကောင်က ဆက်တိုက် အော်ဟစ်နေ၏။
သူတို့သည်သာမက ထွက်ပြေးနေသဖြင့် မီတာတစ်ထောင်မျှ ရောက်နေသော ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ပင် ကြက်သေ သေသွားကြသည်။
“မသေဘူးလား”
“မဟုတ်သေးဘူး … အဲ့ကောင် မသေသေးတာလား”
ကမ္ဘာဦး အင်မော်တယ် သခင်လေး၏ အော်သံကြောင့် ဘေးနားမှ ထျန်းကျစ်၊ ဝမ်လီ၊ ဇီထျန်းနှင့် အခြားသူများ အားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။
“ဘာ … ဘာတွေ ဖြစ်နေတာလဲ”
“အဲ့ကောင်ကို သန့်စင်ပြီးပြီလို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်ဘူးလား”
ဇီထျန်း၊ ထျန်းကျစ်နှင့် အခြားသူများက ဝမ်လီကို လှည့်ကြည့်လာသည်။ သူတို့၏ စကားကြောင့် ဝမ်လီ၏ မျက်နှာထားက မည်းမှောင်၍ တုန်လှုပ်နေသည်။
သူက မျက်လုံးမှိတ်၍ ဝိညာဉ်ခေါင်းလောင်း အတွင်းမှ အခြေအနေကို သေသေချာချာ အာရုံခံလိုက်သည်။ သို့သော် သူ့နဖူးမှ ချွေးစေးများ စီးကျလာ၏။ ထို့နောက် သူ မျက်လုံးပြန်ဖွင့်လာပြီး တုန်လှုပ်ကာ ကြက်သီးထနေသည်။
“ငါ … ငါ ဝိညာဉ်ခေါင်းလောင်း အထဲမှာ ဘာဖြစ်နေသလဲဆိုတာ အာရုံခံလို့ မရဘူး”
သူ့စကားကြောင့် ကျန်လူများအားလုံး မျက်နှာပျက်သွားသည်။ အရှင်ထျန်းကျစ်သည် တုန်လှုပ်နေဟန်ဖြင့် တစ်စုံတစ်ရာကို တွေးပြီးသွားပြီးနောက် အသည်းအသန် ပြောလာသည်။
“အစစ်အမှန် စွမ်းအင်ကိုထုတ်ပြီး ဝိညာဉ်ခေါင်းလောင်းထဲ မြန်မြန်ထည့်လိုက်လေ”
“မဟုတ်ရင် အဲ့ကောင် လွတ်လာလို့ကတော့ ကျုပ်တို့အားလုံး ကံဆိုးပြီ”
အရှင်ထျန်းကျစ်၏ လေသံ၌ တုန်လှုပ်ခြောက်ခြားသံများ ပါဝင်နေ၏။ ထို့နောက် ကမ္ဘာဦး အင်မော်တယ် သခင်လေး၊ ဇီထျန်းနှင့် ဝမ်လီတို့သည် တွေဝေမနေဘဲ နောက်ပြန်လှည့်လိုက်ပြီး နဖူးမှနေ၍ အစစ်အမှန် စွမ်းအင်များကို ထုတ်၍ ဝိညာဉ်ခေါင်းလောင်းတွင်း ပို့လွှတ်ရန် ပြင်လိုက်သည်။
ဂျွတ်!
သို့သော် ထိုအချိန်၌ အက်ကွဲသံ ထွက်ပေါ်လာပြီး ဝိညာဉ်ခေါင်းလောင်းပေါ်တွင် အက်ရာထင်လာသည်ကို တွေ့လိုက်ရသဖြင့် သူတို့ ထိတ်လန့်သွားကြသည်။