အခန်း (၉၂၅-၉၂၇)
Vol. 62 Ch. 925-927
Chapter 925 ထိတ်လန့်ဖွယ်ကောင်းသော ရှေးဦးလေစွမ်းအင်
ဂျွတ်!
ထိုအက်ကွဲသံကြောင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့အားလုံး ကြက်သေ သေသွားကြသည်။ အားလုံး မျက်လုံးပြူး မျက်ဆံပြူးနှင့် ဝိညာဉ်ခေါင်းလောင်းကို သေချာ ကြည့်လိုက်သည်။ ထိုအခါ ဝိညာဉ် ခေါင်းလောင်း ပေါ်၌ အက်ရာထင်နေသည်ကို သေချာ တွေ့လိုက်ရသည်။
ထို့အတူ ဝိညာဉ်ခေါင်းလောင်း အက်ကွဲလာသည်နှင့် ဝမ်လီသည် လည်ချောင်းထဲ တစ်ဆို့သလိုဖြစ်ကာ ရုတ်တရက် သွေးအန်လေတော့သည်။ သူ၏ အမူအရာက ယုံရခက်သော တစ်စုံတစ်ရာကို မြင်လိုက်ရသဖြင့် ခြောက်ခြားဟန် ပေါ်နေသည်။
“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ ဘယ်လိုလုပ် ငါ့ရဲ့ ဝိညာဉ်ခေါင်းလောင်းက အက်ကွဲရတာလဲ”
ဝိညာဉ်ခေါင်းလောင်းက နှစ်ပေါင်းများစွာ အသုံးပြုခဲ့သဖြင့် အားနည်းနေသော်လည်း ဤခေါင်းလောင်းက ထိပ်တန်း ရတနာတစ်ခု ဖြစ်သည်။ ထျန်းကျစ်တို့၏ မျိုးနွယ်သုံးခုမှ ပထမဆုံး နတ်ဘုရားလက်နက် ဖြစ်သော ဝိညာဉ်ချုပ်အပ်ထက် ပို၍ အစွမ်းထက်သေးသည်။
“မြန်မြန် သူ့ကို တားကြ၊ သူ ခေါင်းလောင်းကို ဖျက်ဆီးတော့မယ်”
ထိုစဉ် ဝမ်လီသည် ခြောက်ခြားသော အမူအရာဖြင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ဇီထျန်းကို အော်ပြော လိုက်သည်။
သူ့စကားကြောင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ဇီထျန်းတို့ ကြက်သီးထသွားကြသည်။ သူတို့ ယဲ့ဖန်၏ ထိန်းချုပ်နယ်မြေကို မြင်ခဲ့ဖူးသည်။ သူသာ ခေါင်းလောင်းထဲမှ ထွက်လာပါက သူတို့အား ဆိုးရွားလှသော အိပ်မက်ဆိုး တစ်ခုက ကြိုဆိုလာပေတော့မည်။
ထို့နောက် သုံးယောက်လုံး ဝိညာဉ်ခေါင်းလောင်းထံသို့ အရူးအမူး ပြေးသွားကြသည်။ ထို့နောက် အစစ်အမှန် စွမ်းအင်များကို လက်ဝါး၌ စုစည်း၍ ခေါင်းလောင်းထံ ပို့လွှတ်ကာ ယဲ့ဖန်ကို ထပ်မံ ဖမ်းချုပ်ရန် ပြင်လေသည်။
ဂျွတ်! ဂျွတ်!
သူတို့ အနားသို့ ရောက်လာသည်နှင့် ဝိညာဉ်ခေါင်းလောင်း၌ အက်ရာများ ဆက်လက်၍ ပျံ့နှံ့နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ဝုန်းခနဲ အသံနှင့်အတူ ဝိညာဉ်ခေါင်းလောင်းတစ်ခုလုံး ပေါက်ကွဲသွားလေသည်။
ဝိညာဉ်ခေါင်းလောင်း အပိုင်းအစများ အရပ်မျက်နှာအနှံ့သို့ လွင့်ထွက်သွားပြီး ဖုန်တထောင်းထောင်း ထလာ၏။ ထို့နောက် လူငယ်တစ်ယောက် ထွက်လာသည်။
ယဲ့ဖန်ကိုမြင်သည်နှင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ သုံးယောက်လုံး မျက်နှာပျက်သွားရသလို သူ၏ အရှိန်အဝါကိုလည်း ခံစားမိသွားသည်။
*နတ်ဘုရင် အထွတ်အထိပ်အဆင့်ပါလား*
ယဲ့ဖန်၏ အရှိန်အဝါကို ခံစားမိပြီးနောက် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ သုံးယောက်လုံး ရေခဲအိုင်ထဲ ကျသွားသကဲ့သို့ ခိုက်ခိုက်တုန်သွားလေသည်။ နတ်ဘုရင်အဆင့် သိုင်းပညာရှင်တစ်ယောက်ကို သူတို့ အလွန် ကြောက်လာရလိမ့်မည်ဟု တစ်ခါမှ မျှော်လင့်မထားမိပါ။
သို့သော် လက်ရှိအချိန်၌ ထိုအရှိန်အဝါကို ခံစားမိပြီး သုံးယောက်လုံး ခေါင်းမွေးထောင်နေသည်။
“သခင်ကြီး”
“ပထမ အရှင်သခင်”
အမှောင်သခင် နတ်ဆိုးဘုရင်၊ ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများအားလုံး ဝမ်းသာသွားကြသည်။ ယဲ့ဖန်က အခြားသူများ ပြောသကဲ့သို့ သန့်စင်ခြင်း မခံရသည့်အပြင် အဆင့်ငယ် သုံးခုကို ချိုးဖောက်၍ အဆင့်တက် သွားသေးသည်။
စိတ်လှုပ်ရှားမှုကြောင့် သူတို့မျက်နှာက နီမြန်းလာသည်။ တစ်ဖက်မှ အရှင်ထျန်းကျစ်သည် မျက်ခုံးလှုပ်ကာ သွေးပျက် နေ၏။
“ဒီကောင် ထွက်လာနိုင်တာလား၊ ဒါဆို …”
ဆိုးရွားသော တစ်စုံတစ်ရာကို တွေးမိပြီး အရှင်ထျန်းကျစ်က ခန်ထျန်းနှင့် အခြားသူများကို မျက်ရိပ်ပြလိုက်သည်။ ကံဆိုးမှုနှင့် မကြုံရစေရန် သူ ဤနေရာမှ လျင်မြန်စွာ ထွက်ပြေးချင်နေ၏။
သူတို့ လှုပ်ရှားလိုက်သည်နှင့် မရဏ အငွေ့အသက်က အားလုံး၏ နှလုံးသားထဲသို့ စိုးမိုးလာသည်။ အရှင် ထျန်းကျစ်နှင့် အခြားသူများအားလုံး ကြက်သီးထသွားသည်။ သူတို့သာ နောက်တစ်လှမ်း ထပ်လှမ်းလိုက်ပါက သူတို့အား … သေခြင်းတရားက စောင့်ကြိုနေလိမ့်မည်ဟု ခံစားမိလာရသည်။
အရှင်ထျန်းကျစ်နှင့် အခြားသူများ ဇောချွေးပြန်လာသည်။ သူတို့သည် ကြောက်စိတ်ကြောင့် တုန်ယင်ကာ နောက်တစ်လှမ်းပင် မလှမ်းရဲတော့ပေ။
“ဟေ့ကောင်၊ မင်း … မင်း ဘယ်လိုလုပ်လိုက်တာလဲ”
ထျန်းကျစ်၏ မျက်လုံးတွင် ထိတ်လန့်ဟန်များ ထင်ဟပ်သွားသည်။ သူ့အား ပို၍အံ့ဩသွားစေသည့်အချက်မှာ ဝိညာဉ်ခေါင်းလောင်း၏ အပိုင်းအစမှနေ၍ မရဏ အစစ်အမှန်စွမ်းအင်၊ ကမ္ဘာဦး အစစ်အမှန် စွမ်းအင်နှင့် မိုးကြိုး အစစ်အမှန် စွမ်းအင်တို့ ပါဝင်နေသည်ကို သူ ခံစားမိသည်။
ထိုစွမ်းအင်များသည် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ ယဲ့ဖန်ကို သန့်စင်ရန် ဝိညာဉ်ခေါင်းလောင်းသို့ ပို့လွှတ်ထားသည့် စွမ်းအင်များ ဖြစ်လေသည်။ ဝိညာဉ်ခေါင်းလောင်း ပျက်စီးသွားရသည့် လက်သည်တရားခံက သူ ဖြစ်နေလိမ့်မည်ဟု ထင်မထားမိပေ။
“အံ့ဩသွားလား”
ယဲ့ဖန်က သူ့အား ရက်စက်စွာ ပြုံး၍ ပြောလေသည်။
“အံ့ဩမနေနဲ့ ဘာလို့လဲဆိုတော့ မင်း မကြာခင် ထပ်သိလာရဦးမှာ”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်က လက်ဝါးကို အသာဝှေ့ယမ်းလိုက်သည်။ ယဲ့ဖန်၏ လက်ဝါးမှနေ၍ မီးခိုးရောင် အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ထံသို့ ချဉ်းကပ်လာ၏။
ထိုအငွေ့အသက်က အလွန်တရာ ထူးဆန်းလှသည်။ ၎င်းသည် ဖြတ်သန်းလာသည့် နေရာမှ စွမ်းအင်များကို အရူးအမူး စုပ်ယူနေသည်။ ထိုအငွေ့အသက်ကြောင့် လေဟာနယ်ပင် အက်ကွဲလာပြီး ၎င်း ဖြတ်လာသည့် နေရာတိုင်းမှ အရာအားလုံး အမှုန့် ဖြစ်သွားကြသည်။ ပြင်းထန်လှသော အငွေ့အသက်ကြောင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ သုံးယောက် ချွေးပြန်လာသည်။
“ဒါ … ဒါက …”
ကြောက်စရာကောင်းသော မီးခိုးရောင် အငွေ့အသက်ကို မြင်ပြီး ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ တုန်လှုပ် ခြောက်ခြား သွားလေသည်။
“ရှေးဦးလေစွမ်းအင်၊ မင်း … မင်းမှာ ရှေးဦးလေစွမ်းအင် ချီဓာတ် ရှိနေတယ်၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကမ္ဘာဦး အင်မော်တယ် သခင်လေးသည် သူ၏ဖခင် ကမ္ဘာဦး အင်မော်တယ်နန်းတော်၏ အရှင်သခင် ဖြစ်လာခြင်းမှာ တစ်ချိန်က ကမ္ဘာဦး ချောက်နက်ထဲမှ ချီဓာတ်တစ်ချို့ကို စုပ်ယူနိုင်ခဲ့၍ ဖြစ်ကြောင်း သိထားသည်။
ထိုကဲ့သို့သော ချီဓာတ်သည် လူတစ်ယောက်၏ ခန္ဓာကိုယ်အား တိုးတက်မြင့်မားလာအောင် လုပ်ပေးနိုင်သည်။ ရှေးဦး လေစွမ်းအင် ချီဓာတ်မှာမူ ကမ္ဘာဦး ချီစွမ်းအင်ထက် ဆယ်ဆပို၍ အစွမ်းထက်သည်။
၎င်းသည် စကြဝဠာ ဖြစ်တည်လာကာ စကတည်းက ပေါ်ပေါက်လာခြင်း ဖြစ်ပြိး အရာအားလုံး၏ မိခင် ဖြစ်သည်။
ဖခင်ဖြစ်သူ၏ ပြောစကားအရဆိုလျင် လူသားအရှင်သခင်က နတ်ဘုရားများကို လွှမ်းမိုး၍ ရှေးခေတ်ကို စုစည်းအုပ်ချုပ်နိုင်ရလောက်အောင် သန်မာနေသည့် အကြောင်းရင်းမှာ ရှေးဦးလေစွမ်းအင် ချီဓာတ်အချို့ကို စုပ်ယူနိုင်၍ ဖြစ်သည်။
“ချီးတဲ့မှပဲ”
ကမ္ဘာဦး အင်မော်တယ် သခင်လေးသည် သူနှင့် အခြားသူများထံသို့ ရှေးဦးလေစွမ်းအင် ချီဓာတ် ချဉ်းကပ် လာသည်ကို မြင်ပြီး လိပ်ပြာလွင့်မတတ် တုန်လှုပ်လာသည်။ ထို့နောက် မီးခိုးရောင် ရှေးဦးလေစွမ်းအင် ချီဓာတ်က သူတို့ကို ဖုံးအုပ်သွားသည်။
“အား … ဒီအငွေ့အသက်က ငါ့မရဏ စွမ်းအင်ကို စားနေတယ်”
ဝမ်လီ ထိတ်လန့်ဒေါသထွက်စွာ အော်ဟစ်လေသည်။ ရှေးဦးလေစွမ်းအင်က သူ့အား အလုံးစုံ လွှမ်းခြုံသွားသကဲ့သို့ ခံစားမိနေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဆိုးရွားသော ဆွဲငင်အားတစ်ခုက စားသုံးနေသလိုပင်။
ဤသည်က သူ့အား ခန္ဓာကိုယ်တွင်းမှ စွမ်းအင်များကို လျင်မြန်စွာ ဆုတ်ယုတ်သွားစေသည်။ သူသည်သာမက ဘေးနားမှ ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ဇီထျန်းတို့သည်လည်း ထပ်တူထပ်မျှ ခြောက်ခြားနေ၏။
သူတို့၏ ကမ္ဘာဦး ချီစွမ်းအင်နှင့် မိုးကြိုးစွမ်းအင်တို့ အပြင်းအထန် စုပ်ယူခံနေရသည်။ သူတို့ ထွက်ပြေးချင် သော်လည်း ရှေးဦးလေစွမ်းအင်က အရိုးထဲအထိ ဖျစ်ညှစ်ဖမ်းချုပ်ထားသလို ခံစားနေရသည်။ လျင်မြန်စွာ အားယုတ် လာခြင်းကြောင့် သုံးယောက်လုံး ရူးမတတ် ဖြစ်လာလေသည်။
“မဖြစ်ရဘူး၊ ငါ ဒီအငွေ့အသက်ကြောင့် အသတ်မခံချင်ဘူးကွ”
ဝမ်လီ ရူးမတတ် ဖြစ်နေ၏။ သူက ယဲ့ဖန်ကို လှမ်းကြည့်လာပြီး အော်ဟစ်လေသည်။
“သူ့ကို သတ်ရမယ်၊ ဒီကောင်ကို သတ်နိုင်တာနဲ့ ရှေးဦးလေစွမ်းအင်လည်း ဆုတ်ခွာသွားမှာပဲ”
ထိုသို့အတွေးတဝင်ပြီးနောက် ဝမ်လီသည် အားနည်းလာသော်လည်း ယဲ့ဖန်ထံသို့ ပြေးဝင်သွားသည်။
“မသေမျိုးဘုရင်ကျိန်စာ”
သူ မန္တန်ကို စရွတ်လိုက်သည်နှင့် သူ၏ခွန်အားက ရုတ်ချည်းဆိုသလို မြင့်တက်လာသည်။ မန္တန်ကြောင့် သူ သားရဲတစ်ကောင်ကဲ့သို့ သန်မာကြမ်းကြုတ်လာပြီး ယဲ့ဖန်ကို သတ်ရန် ပြင်လေသည်။
“ခင်ဗျား အဆုံးထိ ချတော့မှာလား”
ထိုအခိုက်တွင် အရှင်ထျန်းကျစ် ချွေးပြန်ကာ တုန်လှုပ်နေ၏။ ဝမ်လီက စွမ်းအားများကို အဆုံးထိ ထုတ်သုံး နေသည်ကို သူ သတိထားမိသည်။
မသေမျိုး ဘုရင်ကျိန်စာ၏ အစွမ်းကပင် ယခင်ထက် ပို၍ ကြောက်စရာကောင်းနေသည်။ ဝမ်လီ၏ လက်သီး တစ်ချက်သာ မိသွားပါက လောကသခင်ပင် အပြင်းအထန် ဒဏ်ရာရသွားနိုင်သည်။
“အောင်မြင်မှဖြစ်မယ်”
အရှင်ထျန်းကျစ်၊ ကမ္ဘာဦး အင်မော်တယ် သခင်လေး၊ ဇီထျန်းနှင့် အခြားသူများအားလုံးတို့သည် ဝမ်လီကိုသာ စူးစိုက်၍ ကြည့်နေကြသည်။
ရွှစ်!
ထိုစဉ် ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး တစ်လောကလုံး အရောင်ပြောင်းလဲသွားသည်။
Chapter 926 ဒါက အသက်ဝင်နေတယ်လေ၊ ပြီးတော့ … ဗိုက်ဆာနေတယ်
“တော်တော် ကြောက်စရာကောင်းတဲ့ အရှိန်အဝါပဲ”
ထိုသို့သောအချိန်၌ ယဲ့ဖန်ထံသို့ ပြေးဝင်လာသော ဝမ်လီ၏ အရှိန်အဝါကို မြင်ပြီး ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများ မှင်တက်သွားကြသည်။
ဝမ်လီ၏ အရှိန်အဝါက ပြင်းထန်လှသဖြင့် ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများသည် မိမိတို့ ဒဏ်ရာ မရထား လျင်တောင်မှ ဝမ်လီကို တားဆီးရန် ခက်လှသည်ဟု ခံစားမိလာသည်။
“အရှင်သခင်က သူ့ကို သေချာပေါက် အနိုင်ယူနိုင်မှာပါ၊ သေချာပေါက်”
ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များနှင့် နတ်ဆိုးများအားလုံးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ စိုးရိမ် တုန်လှုပ်နေကြသည်။ ထိုစဉ် ဝမ်လီက ကြမ်းကြုတ်ခတ်ထန်သော အကြည့်များဖြင့် ကြုံးဝါးလာ၏။
“ဟေ့ကောင် မင်း ငါ့ညီ ဟေးဒီးစ်ကို သတ်ခဲ့တယ်၊ ငါ့ဝိညာဉ်ခေါင်းလောင်းကိုလည်း ဖျက်ဆီးခဲ့တယ်”
“ငါ မင်းကို ဒီလက်သီးနဲ့အတူ အဆုံးသတ်ပစ်မယ်ကွ”
ဝမ်လီ၏ မသေမျိုး ဘုရင်လက်သီးက အလွန်အမင်း စွမ်းအားပြင်းလှသည်။ ထိုလက်သီးချက်သည် ဂြိုဟ်ပေါ်သို့ ဥက္ကာခဲ ကျလာသော အရှိန်မျိုးဖြင့် ကျဆင်းလာသောကြောင့် လေဟာနယ်၌ မီးများပွင့်လာရသည်။ ပြင်းထန်သော အရှိန်အဝါက ယဲ့ဖန်ကို လွှမ်းမိုးလာ၏။
ယဲ့ဖန်က ခံစားချက်မရှိသကဲ့သို့ ရပ်မြဲရပ်နေသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်စရာ ကောင်းလှသည်။ သူသည် တာအိုသဘောတရားထဲ နစ်မျောနေသကဲ့သို့ ရောက်ရှိလာမည့် ဘေးအန္တရာယ်ကို လျစ်လျူရှုထားသည်။
“သေချင်နေတာပဲ”
ယဲ့ဖန်၏ အရေးမလုပ်သောပုံစံကြောင့် ဝမ်လီ ဒေါသူပုန် ထသွားသည်။ မသေမျိုးမျိုးနွယ်ဝင် တစ်ယောက်ဖြစ်သော သူ့အား ဤစကြဝဠာ၌ လျစ်လျူရှုရဲသူ မရှိခဲ့ချေ။ လောကသခင်သုံးပါးတောင်မှ သူ့အား နည်းနည်းလေးမျှ ပြန် မပြောရဲပေ။ ယခုအခါတွင်မူ နတ်ဘုရင်အဆင့်လေးက သူ့ကို ထီမထင်ဟန် ပြုမူနေသဖြင့် ထိုသူသည် ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာ ဖြစ်ပေသည်။
သူ၏ ပြင်းထန်လှသောလက်သီးချက်က ယဲ့ဖန်ထံသို့ အရှိန်ဖြင့် ကျရောက်လာသည်။ မီတာတစ်ရာ၊ ဆယ်မီတာ၊ တစ်မီတာ။ တစ်ခဏလေး အတွင်းမှာပင် ဝမ်လီ၏ လက်သီးချက်က ယဲ့ဖန်၏ ဦးခေါင်းထက်သို့ အရှိန်ဖြင့် ကျလာ လေသည်။ ထိုအဖြစ်ကြောင့် အားလုံး ထိတ်လန့်သွားကြသည်။
ရွှစ်!
ထိုစဉ် ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ ထိုအလင်းတန်း ဖြတ်ပြေးသွားပြီးနောက် ယဲ့ဖန်ရှေ့သို့ ရောက်လာသည့် ဝမ်လီ တောင့်ခနဲ ဖြစ်သွားသည်ကို လူတိုင်း တွေ့လိုက်ရသည်။ သူ၏ လက်သီးချက်လည်း လေထဲမှာတင် တန့်သွားသည်။
အရှင်ထျန်းကျစ်၊ ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ဇီထျန်းတို့ အကြီးအကျယ် ရင်တုန်နေကြသည်။ အထူးသဖြင့် အစောပိုင်းက ဖြတ်ပြေးသွားသည့် ရွှေရောင် အလင်းတန်းကြောင့် လူတိုင်း ပို၍ခြောက်ခြားနေသည်။
ထိုအချိန်တွင် မသဲမကွဲသံ ထွက်ပေါ်လာပြီး ဝမ်လီ၏ ခန္ဓာကိုယ်မှနေ၍ သွေးများ ပန်းထွက်လာသည်။ ထိုသို့ သွေးများ ပန်းထွက်လာပြီးသည်နှင့် ဝမ်လီ၏ ခန္ဓာကိုယ်မှ ရေကာတာ ကျိုးပေါက်သကဲ့သို့ သွေးများ ဒလဟော ပန်းထွက် လာလေသည်။
“ဘယ်လိုဖြစ်သွားတာလဲ”
ဝမ်လီသည် တစ်ကိုယ်လုံး တောင့်တင်းကာ ထိတ်လန့်ခြောက်ခြားနေသည်။ ထို့နောက် သူ၏ဦးခေါင်းထက်မှ သွေးများ ပန်းထွက်လာပြီး တစ်ကိုယ်လုံး နှစ်ခြမ်းကွဲထွက်ကာ အောက်သို့ ပြုတ်ကျသွားသည်။
နှစ်ခြမ်းကွဲသွားသော ခန္ဓာကိုယ်ကိုကြည့်ပြီး အရှင်ထျန်းကျစ်၊ ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ဇီထျန်းတို့ အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*တစ်ချက်တည်း*
*သူက ဓားချက်တစ်ချက်တည်းနဲ့ မသေမျိုးမျိုးနွယ်ကို သတ်လိုက်တာလား*
သူတို့ ပို၍ထိတ်လန့်သွားသည့်အချက်မှာ ဝမ်လီ၏ နှစ်ခြမ်းကွဲသွားသော ခန္ဓာကိုယ်မှ မည်သည့် စိတ်ဝိညာဉ်ကိုမှ သူ မခံစားမိပေ။
ထိုသို့ဆိုလျင် ယဲ့ဖန်၏ နတ်ဓားက ဝမ်လီ၏ ခန္ဓာကိုယ်ကို ဖြတ်တောက်နိုင်ရုံသာမက သူ၏စိတ်ဝိညာဉ်ကိုပါ ဖျက်ဆီးနိုင် နေလေ၏။ စိတ်ဝိညာဉ်ပါ သေဆုံးသွားလျင် မသေမျိုးမျိုးနွယ်ဝင်ဆိုလျင်တောင်မှ ပြန်မွေးဖွားနိုင်မည် မဟုတ်ပါ။
“မဖြစ်နိုင်ဘူး၊ ဓားချက်တစ်ချက်တည်းက ခန္ဓာကိုယ်ကို ခုတ်ပိုင်းနိုင်တဲ့အပြင် စိတ်ဝိညာဉ်ကိုပါ သတ်နိုင်နေတယ်၊ ဒီကောင် ဘယ်လိုလုပ်လိုက်တာလဲ”
လက်ရှိအချိန်တွင် အရှင်ထျန်းကျစ်နှင့် အခြားသူများ ချွေးပြန်လာသည်။ အဘယ်ကြောင့်ဆိုသော် မသေမျိုး မျိုးနွယ်ဝင်များသည် အသားစလေး တစ်စရှိရုံနှင့် ခန္ဓာကိုယ်အသစ်ကို ပြန်ဖွဲ့စည်းနိုင်သည်ကို သူတို့ သိထား ကြသည်။
သို့သော် ယခုအခါတွင် ဝမ်လီ၏ အသားစ၌ မည်သည့် စိတ်ဝိညာဉ်ဓာတ်မှ ရှိမနေပေ။ ထို့ကြောင့် ဝမ်လီကဲ့သို့ သန်မာသောလူတောင်မှ ပြန်မမွေးဖွားနိုင်တော့ပေ။
ထိုစဉ် ရှေးဦးလေစွမ်းအင်က ဝမ်လီ၏ ခန္ဓာကိုယ်အား ချက်ချင်း ရစ်ပတ်သွားပြီး မသေမျိုးမျိုးနွယ်၏ ချီစွမ်းအင်ကို စုပ်ယူနေသည်။ တစ်ဒင်္ဂအတွင်းမှာပင် ဝမ်လီ၏ ခန္ဓာကိုယ်က ပြာဖြစ်ကာ ပျောက်ကွယ်သွားလေသည်။
ဤမြင်ကွင်းကြောင့် ထျန်းကျစ်နှင့် အခြားသူများ ထိတ်လန့်တုန်လှုပ်သွားပြီး ငိုင်ကျသွားသည်။
*သေသွားပြီလား*
*လောကသခင်ထက်တောင် ပိုသန်မာတဲ့ မသေမျိုးမျိုးနွယ်ကလူက ဒီလို အသတ်ခံလိုက်ရတယ်တဲ့လား*
ထျန်းကျစ်နှင့် အခြားသူများ၏ စိတ်ထဲတွင် ကြောက်စိတ် စိုးမိုးလာပြီး ကြက်သီးမွေးညင်း ထလာသည်။ ထိုအချိန်တွင် စကြဝဠာတစ်ခုလုံး၌ မိုးခြိမ်းသံများနှင့်အတူ မိုးပြိုတော့မတတ် အသံများ ထပ်မံ၍ ထွက်ပေါ် လာသဖြင့် စကြဝဠာတစ်ခုလုံး ထပ်မံ၍ မှင်တက်သွားရပြန်သည်။
ကောင်းကင်ယံ၌ လျှပ်စီးများက လီဟူသော စကားလုံးကို ပုံဖော်နေ၏။ စကြဝဠာထဲမှ လူများအားလုံး ထိတ်လန့်မဆုံး ဖြစ်နေကြသည်။ လီ ဟူသော စကားလုံးကို သူတို့မသိသော်လည်း ကောင်းကင်၏ သဘာဝ ဖြစ်စဉ်က လောကသခင်နှစ်ပါးဖြစ်သော တိကျူးနှင့် ရွှမ်ကျူးဆို့ ကျဆုံးချိန်ကထက် ပို၍ ကြောက်စရာ ကောင်းနေသည်။
ဤသည်က လောကသခင်ထက် အဆင့်ပိုကြီးသောသူ ကျဆုံးသွားပြီကို ဖော်ပြနေ၏။ ထိုအခါ စကြဝဠာ တစ်ခုလုံး ပွက်လောရိုက်သွားသည်။ တတိယမြောက် လောကသခင် သေဆုံးသွားပြီဟု သူတို့ ထင်နေကြသည်။
ယနေ့သည် တကယ်ပင် ပျက်ကိန်းဆိုက်သောနေ့ပင်။ အထူးသဖြင့် နတ်ဘုရားတောင်တန်း၌ ဝမ်လီ သေဆုံးသွား ပြီးနောက် ထျန်းကျစ်နှင့် အခြားသူများသည် ဆက်တိုက်ချင်စိတ် မရှိတော့ပေ။
“ပြေး”
ထိုအခါ အပြေးအမြန်ဆုံးသူမှာ အရှင်ထျန်းကျစ်ပင် ဖြစ်သည်။ ဝမ်လီ သေဆုံးသွားသည်ကို မြင်ပြီးနောက် သူက အော်ဟစ်၍ ထွက်ပြေးလေသည်။
သူ့အနားမှ ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ဇီထျန်းတို့ အပါအဝင် ခန်ထျန်းနတ်ဘုရားနှင့် အခြားသူများ သည်လည်း လမ်းဘေးခွေးကဲ့သို့ အသည်းအသန် ထွက်ပြေးကြလေသည်။
ဤမြင်ကွင်းမှာ အလွန် အံ့ဩဖွယ်ကောင်းလှသည်။ စကြဝဠာထဲမှ အခြားသူများသာ ဤမြင်ကွင်းကို မြင်သွားပါက သေမတတ် ထိတ်လန့်သွားလောက်သည်။
လူတိုင်းကို ထိတ်လန့်ကြောက်ရွံ့အောင် လုပ်နိုင်သည့်လူများက ကြောက်လန့်တကြား ထွက်ပြေးလိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။
သူတို့ ထွက်ပြေးသည်ကိုကြည့်ပြီး ယဲ့ဖန်က သရော်ပြုံး ပြုံးလေသည်။
“မင်းတို့ တိုက်ခိုက်နိုင်တုန်းက တိုက်ပြီးတော့မှ အခု ထွက်ပြေးတော့မလို့လား”
“မင်းတို့တွေက တကယ် တုံးအပြီး အသုံးမကျတာပဲ”
ထိုသို့ပြောပြီးသည်နှင့် ယဲ့ဖန်၏ပုံရိပ်က လှစ်ခနဲ ပျောက်ကွယ်သွားလေသည်။ သူ ပျောက်ကွယ်သွားသည်နှင့် ထွက်ပြေးနေသော ဇီထျန်းသည် ကျောနောက်မှနေ၍ အေးခနဲ ဖြစ်သွားသလို ခံစားလိုက်ရသဖြင့် မှင်တက် သွားသည်။
“ချီးတဲ့မှပဲ”
သူ နောက်လှည့်ကြည့်လိုက်သောအခါ ယဲ့ဖန်က သူ့အနောက်သို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ယဲ့ဖန်က နက်မှောင်နေသော မီးတုတ်တစ်ခုကို ကိုင်ထားသေးသည်။ ထိုတုတ်ပေါ်၌ စိမ်းစိုနေသော အတက် နှစ်ခုပင် ထွက်နေလေ၏။
“ကျို့ရွှမ်း မိုးကြိုးတုတ်၊ မင်း … မင်း ဒါကို အသက်သွင်းလိုက်တာလား”
ဤသည်ကိုမြင်ပြီး ဇီထျန်း မျက်လုံးပြူးသွားသည်။ ထိုရတနာသည် မိုးကြိုးတောင်ကြား၏ နှစ်ထောင်ချီ၍ တည်ရှိနေသော ရတနာဖြစ်ပြီး တစ်ချိန်လုံး အသက်မရှိခဲ့ပေ။
*သူ ဘယ်တုန်းက ဒါကို အသက်သွင်းလိုက်တာလဲ”
အံ့ဩနေသော ဇီထျန်းကိုကြည့်ပြီး ယဲ့ဖန်က အသာပြုံးလိုက်သည်။
“ဟုတ်တယ်၊ ဒါက အသက်ဝင်နေတယ်၊ ပြီးတော့ … ဗိုက်ဆာနေတာလေ”
ထိုစကားကြောင့် ဇီထျန်း တွေဝေသွားရသည်။ ထို့နောက် တစ်စုံတစ်ရာကို တွေးမိပြီး ကြက်သီးထကာ သုတ်ခြေတင်၍ ထွက်ပြေးလေသည်။
သို့သော် ထိုအချိန်မှာပင် ယဲ့ဖန်က လက်ထဲမှ ကျို့ရွှမ်းမိုးကြိုးတုတ်အား ဇီထျန်းထံ ချိန်ရွယ်၍ လွှဲလိုက်သည်။
ဂျိန်း!
ဇီထျန်းထံသို့ တုန်လှုပ်ဖွယ်ကောင်းသော ကောင်းကင်ကိုးသွယ် ဆက်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးက ချက်ချင်း ပစ်ချလာသည်။
Chapter 927 မင်းအဖေက ငါ့ဟွမ်အာကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်
ဂျိန်း! ဂျိန်း! ဂျိန်း!
လက်ရှိအချိန်တွင် ကောင်းကင်ယံ၌ လျှပ်စီးများလက်၍ မိုးခြိမ်းသံ ထွက်ပေါ်နေကာ မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်ပွားနေ၏။
*ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးပါလား*
နတ်မိုးကြိုး၏ စွမ်းအင်ကို ခံစားမိပြီးနောက် ကမ္ဘာဦး အင်မော်တယ် သခင်လေး၊ အရှင်ထျန်းကျစ်နှင့် အခြားသူများ အားလုံး တုန်လှုပ်ခြောက်ခြားသွားသည်။
“ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုး”
ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် အခြားသူများအားလုံး ကြက်သီးမွေးညင်း ထသွားသည်။ ဤနတ်မိုးကြိုး၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူတို့ သိထားကြသည်။
ရှေးခေတ်အခါက သိုင်းပညာရှင်တစ်ယောက် ဖြစ်လျင်တောင်မှ ဤကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးအား ခုခံရန် ခက်ခဲလှသည်။
ကျို့ရွှမ်းမိုးကြိုးတုတ်သည် ယင်ယန် မိုးကြိုးတောင်ကြား၏ ထိပ်တန်း ရတနာ ဖြစ်ပြီး စကြဝဠာ၏ မိုးကြိုးကို ထိန်းချုပ်နိုင်သည်။
သူတို့၏ ရတနာကို ယဲ့ဖန်လက်ထဲ၌ ပြန်တွေ့ရလိမ့်မည်ဟု ဇီထျန်း ထင်မထားမိပေ။ အထူးသဖြင့် ကျို့ရွှမ်း မိုးကြိုးတုတ်ပေါ်မှ ထွက်နေသော အစိမ်းရောင် အတက်နှစ်ခုကြောင့် ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးက ယခင်ကထက် ပို၍ ကြောက်စရာကောင်းနေသည်နေ၏။
လက်ရှိအချိန်တွင် စကြဝဠာတစ်ခုလုံး ပျက်စီး၍ အရာအားလုံး ပျောက်ကွယ်သွားတော့မည်ဟု ထင်မှတ်ရသည်။ ပြင်းထန်သော မိုးကြိုးမုန်တိုင်းကို ကြည့်ပြီး ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် အခြားသူများအားလုံး တစ်ကိုယ်လုံး ခိုက်ခိုက်တုန်၍ လိပ်ပြာလွင့်မတတ် ဖြစ်နေလေသည်။
“ဇီထျန်း”
ကမ္ဘာဦး အင်မော်တယ် သခင်လေးသည် ယင်ယန်လောကမှလူကို ကယ်ချင်သော်လည်း မိုးကြိုးမုန်တိုင်း၏ စွမ်းအားကို ခံစားမိပြီးနောက် ဂရုမစိုက်နိုင်ဘဲ ထွက်ပြေးလေတော့သည်။
“အား…”
ထိုစဉ် မိုးကြိုးမုန်တိုင်းထဲမှ ငယ်သံပါအောင် အော်ဟစ်သံ ဆက်တိုက် ထွက်ပေါ်လာသည်။ ဇီထျန်းက မိုးကြိုး အစစ်အမှန် စွမ်းအင်ကို ပိုင်ဆိုင်ထားသော်လည်း ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးအား မည်သို့ ခုခံနိုင်ပါမည်နည်း။
ထိုအခိုက်တွင် ဇီထျန်း၏ ခန္ဓာကိုယ်မှ ကြွက်သားများက တစစီ ကွဲအက်လာသည်။ တစ်ခဏအတွင်းမှာပင် သူ၏ခန္ဓာကိုယ် တစ်ခုလုံး လောင်ကျွမ်းလာ၏။ ပြင်းထန်လှသော နာကျင်မှုကြောင့် သူ ဆက်တိုက် အော်ဟစ် နေမိသည်။
ဂျိန်း!
ထိုစဉ် သူ၏လက်မောင်းတစ်ဖက် ပြတ်ထွက်သွားပြီးနောက် ခြေဖဝါးတစ်ဖက်ပါ လျှပ်စီးကြောင့် ပေါက်ကွဲ သွားသည်။ ကောင်းကင်ယံ၌ သွေးစက်များက အရပ်မျက်နှာအနှံ့သို့ လွင့်စဉ်လျက် ရှိသည်။ တစ်ဒင်္ဂအတွင်း သူ၏ခန္ဓာကိုယ်က တစ်စစီ ပေါက်ကွဲပျက်စီးလုနီးပါး ဖြစ်နေ၏။
“မဟုတ်ဘူး၊ ရပ် … ရပ်လိုက်”
ဇီထျန်းက ထိတ်လန့်ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ယဲ့ဖန်ကို ဆက်တိုက် အော်ပြောနေသည်။
“ယဲ့ဖန် မင်း ငါ့ကို သတ်လို့မရနိုင်ဘူး၊ အခု ငါ့ဆရာနဲ့ မသေမျိုးမျိုးနွယ်က အရေးပါတဲ့လူတစ်ယောက်က စကြဝဠာ အစွန်းဘက်က ကမ္ဘာဦး အင်မော်တယ် နန်းတော်ကို ရောက်နေတာနော်”
“မင်း ငါ့ကို သတ်မယ်ဆိုရင် မင်းကို ငါ့ဆရာတင်မကဘဲ မသေမျိုးမျိုးနွယ်ကလူနဲ့ ကမ္ဘာဦး အုပ်ချုပ်သူကပါ သတ်မှာ၊ အဲ့အခါကျရင် မင်း … သေချာပေါက် သေမှာပဲ”
ဇီထျန်း၏ စကားက ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်နန်းတော်သခင်တို့နှင့် နတ်ဆိုးများအား တုန်လှုပ်သွားစေသည်။
*မသေမျိုးမျိုးနွယ်က အရေးပါတဲ့လူ*
*ဇီထျန်းရဲ့ဆရာ*
*ကမ္ဘာဦး အုပ်ချုပ်သူ*
ကမ္ဘာဦး အင်မော်တယ်သခင်လေးနှင့် အခြားသူတို့ထက် ဆယ်ဆပို၍ သန်မာသော ယင်ယန်လောကမှ လူများ ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ ထိုကဲ့သို့သော လူမျိုးသာ ရောက်လာပါက အကျိုးဆက်က မတွေးဝံ့ စရာပင်။
“ပထမ အရှင်သခင်…”
ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများ ကြောက်လန့်တုန်လှုပ်သွားသည်။ ထိုကဲ့သို့သော ယင်ယန်လောကမှ သိုင်းပညာရှင်များကို ဆွဲဆောင်မိသွားပါက စကြဝဠာတစ်ခုလုံး ဘေးသင့်ပေလိမ့်မည်။ ထိုသို့ဖြစ်လာခဲ့လျင် ယန်ဝမ် လျှို့ဝှက်နယ်မြေထဲမှ ပုဂ္ဂိုလ်များသာ ခုခံနိုင်တော့မည့်ပုံပင်။
လက်ရှိအချိန်တွင် ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများ၏ စိုးရိမ်နေပုံကို ကြည့်ပြီး ဇီထျန်းက နတ်မိုးကြိုးကို ခုခံရင်း ယဲ့ဖန်ကို ဆက်၍ ခြိမ်းခြောက်လိုက်သည်။
“ယဲ့ဖန်၊ ငါ့ဆရာက ယင်ယန်မိုးကြိုးတောင်ကြားက ခယ့်ချင်အကြီးအကဲပဲ”
“ယင်ယန်လောကတစ်ခုလုံးက ထောင်ချီတဲ့ လူတွေ လေးစားတာကို ခံရတဲ့သူပဲ၊ မင်း ငါ့ကို သတ်လိုက်ရင် အကျိုးဆက်က မတွေးဝံ့စရာတွေပဲ”
“မင်း ငါ့ကို လွှတ်ပေးပြီး ကျို့ရွှမ်း မိုးကြိုးတုတ် ပြန်ပေးတာနဲ့ မင်းကို မသတ်ဖို့ ငါ့ဆရာကို ပြောပေးမယ်”
“ဘယ်လိုလဲ”
ထိုအခါ ယဲ့ဖန် မျက်မှောင်ကြုတ်လာသည်။ ယခုအချိန်ထိ ဇီထျန်းက ကျို့ရွှမ်းမိုးကြိုးတုတ်အား လိုချင်နေ သေးသည်ကို သူ ရိပ်စားမိသွားသည်။
“မင်း ဒါကို တကယ် လိုချင်တာလား”
“ကောင်းပြီလေ ငါ မင်းကို ပေးမယ်”
ယဲ့ဖန်က ထိုသို့ပြောပြီး ကျို့ရွှမ်းမိုးကြိုးတုတ်အား ဇီထျန်းထံသို့ ပစ်ပေးလိုက်သည်။ ထိုအဖြစ်ကြောင့် ဇီထျန်း သာမက ထွက်ပြေးနေသော ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ထျန်းကျစ်တို့ပင် အံ့အားသင့်သွားသည်။ ယဲ့ဖန်က လွယ်လင့်တကူ ကတိပေးလာမည်ဟု သူတို့ ထင်မထားမိပေ။
*ဒီကောင်က တကယ် အင်အားကြီးတဲ့လူတွေကို ကြောက်တာပါလား*
ထိုသို့တွေးမိပြီး ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် အခြားသူများ စိတ်အေးသွားရသည်။ သို့သော် ကြောက်စရာ ကောင်းသော မိုးခြိမ်းသံများ ထွက်ပေါ်လာသဖြင့် သူတို့ မှင်တက်သွားလေသည်။
ထိုအသံကြောင့် သူတို့ လှမ်းကြည့်လိုက်သောအခါ ဇီထျန်းထံ ပစ်ပေးလိုက်သော ကျို့ရွှမ်းမိုးကြိုးတုတ်မှနေ၍ နတ်မိုးကြိုး ပစ်ချလာသည်ကို သူတို့ တွေ့လိုက်ရသည်။
ဂျိန်း!
ဇီထျန်း၏ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ပေါက်ကွဲပျက်စီးသွားသည်။
ဂျိန်း!
သူ့ပခုံးနှစ်ဘက်လုံး ပျက်စီးသွားပြန်သည်။
…
ထိုအခိုက်တွင် ကျို့ရွှမ်းမိုးကြိုးတုတ်သည် ဇီထျန်းထံသို့ မိုးကြိုးများ ပစ်ချရင်း ဇီထျန်း၏ အစစ်အမှန် စွမ်းအင်များကို စုပ်ယူနေသည်။ ဇီထျန်း၏ အသွေးအသားထဲမှ မိုးကြိုးစွမ်းအင်များကို ကျို့ရွှမ်း မိုးကြိုးတုတ်က အငမ်းမရ ဝါးမျိုစုပ်ယူ နေ၏။ တစ်ခဏအတွင်းမှာပင် ကျို့ရွှမ်းမိုးကြိုးတုတ်ပေါ်၌ တတိယမြောက် အစိမ်းရောင် အတက် ထွက်လာသည်။
“ချီးပဲ၊ မင်း … မင်းက ငါ့ကို ကျို့ရွှမ်းမိုးကြိုးတုတ်ရဲ့ အစာအဖြစ် အသုံးချနေတာပဲ”
ယဲ့ဖန်က ကျို့ရွှမ်းမိုးကြိုးတုတ်ကို သူ့ထံ ပစ်ပေးလိုက်ရသည့် အကြောင်းရင်းအား ဇီထျန်း နားလည်သွားသည်။ ယဲ့ဖန်က သူ့ကို အသေသတ်နေခြင်းပင်။
ဇီထျန်း ဒေါသထွက် နာကျည်းကာ ဒဏ်ရာကြောင့် တုန်ယင်နေ၏။ မိုးကြိုးပစ်ချခြင်း ခံနေရသည့်အပြင် သူ၏ မိုးကြိုးစွမ်းအင်ကို ကျို့ရွှမ်းမိုးကြိုးတုတ်က ဝါးမျိုနေသေးသည်။
သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့သည် နတ်မိုးကြိုးကြောင့် ပျက်စီးသွားလေသည်။ ဤအဖြစ်ကြောင့် ကမ္ဘာဦး အင်မော်တယ် သခင်လေး၊ ထျန်းကျစ်နှင့် အခြားသူများ ကြောက်လန့်သွားသည်။
သူတို့ ထွက်ပြေးရာမှ ရပ်ပြီး ပြန်ကြည့်ခဲ့မိသည်ကို နောင်တရသွားသည်။ ယခုအခါမှ ထပ်၍ထွက်ပြေးရန် ကြိုးစားလျင် တောင်မှ နောက်ကျသွားလေပြီ။
ယဲ့ဖန်က လျှပ်စီးသဖွယ် သူတို့ရှေ့သို့ ရောက်ရှိလာ၏။ ကမ္ဘာဦး အင်မော်တယ် သခင်လေး ချွေးပြန်လာသည်။
“ဘာလို့ မလာကြသေးတာလဲ”
“ကောင်းကင်ရဲ့ သဘာဝ ဖြစ်စဉ်နဲ့ လောကသခင်တွေ ကျဆုံးသွားတာကို ငါ့အဖေနဲ့ သိုင်းပညာရှင်တွေ သတိထားမိတာ ကြာလောက်ပါပြီ”
“အခုထိ ဘာလို့ ပေါ်မလာသေးတာလဲ”
ကမ္ဘာဦး အင်မော်တယ် သခင်လေးသည် ယဲ့ဖန်ကို ကြည့်ပြီး စိတ်ထဲ၌ ခြောက်ခြား၍နေသည်။ လောကသခင် သုံးယောက်နှင့် ဇီထျန်းတို့ကို သူ တစ်ယောက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။ ဤသို့သော မိစ္ဆာကောင်မျိုးနှင့် ကမ္ဘာဦး အင်မော်တယ် သခင်လေး ရင်မဆိုင်ဝံ့ချေ။
“မင်းအဖေက ငါ့ဟွမ်အာကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်”
ထိုစဉ် အေးတိအေးစက် အသံကြောင့် ကမ္ဘာဦး အင်မော်တယ် သခင်လေး တုန်လှုပ်သွားသည်။ သူ ယဲ့ဖန်ကို ကြည့်ပြီး ခေါင်းမွေးထောင်လာသော်လည်း ဟန်ကိုယ့်၍ လေသံမာမာဖြင့် ပြောလိုက်သည်။
“ဘာဖြစ်လဲ”
“အဲ့ချိန်တုန်းက နတ်ဆိုးဧကရီက စကြဝဠာတစ်ခုလုံးကို ခြိမ်းခြောက်ခဲ့တာ၊ အဲ့ဒါကြောင့် ငါ့အဖေက လောကကြီး ငြိမ်းချမ်းအောင် ဝင်ပါခဲ့ရတာ”
*ငြိမ်းချမ်းအောင် ဟုတ်လား*
ထိုစကားကြောင့် ယဲ့ဖန် ရယ်မောလိုက်သည်။ သူ့ရယ်သံက ရက်စက် ခက်ထန်လှသည်။
“ငါ ငြိမ်းချမ်းမှုဆိုတာကို ဂရုမစိုက်ဘူး၊ သူ ငါ့ဟွမ်အာကို ထိခိုက်အောင် လုပ်ခဲ့တာကိုပဲ ငါ သိတယ်၊ ဒီနေ့ ငါ သူ့သားကို ပြန်သတ်မယ်”
“မင်း သေလို့ရပြီ”
ထိုသို့ပြောပြီးနောက် ရှေးဦးလေစွမ်းအင်က ကမ္ဘာဦး အင်မော်တယ် သခင်လေး၊ ထျန်းကျစ်နှင့် အခြားသူများကို ချက်ချင်း ရစ်ပတ်လာပြီး သူတို့၏ စွမ်းအင်များကို စုပ်ယူလေသည်။
ထို့အပြင် ကျို့ရွှမ်းမိုးကြိုးတုတ်က လေထဲ၌ အလိုလို ရွေ့လျားရင်း ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာ ပျက်သုဉ်း နတ်မိုးကြိုးကို ပစ်ချလေသည်။ နတ်မိုးကြိုးက မုန်တိုင်းသဖွယ် ဖြစ်ပေါ်လာသောကြောင့် ခန်ထျန်းနတ်ဘုရားနှင့် နတ်ဘုရားမျိုးနွယ်မှ အစောင့်များ အပါအဝင် အားလုံး ပေါက်ကွဲ၍ သေဆုံးသွားကြသည်။
ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ထျန်းကျစ်တို့သည်လည်း ပို၍ အဖြစ်ဆိုးကြလေသည်။ သူတို့၏ အရေပြားများ လောင်ကျွမ်း၍ စိတ်ဝိညာဉ်ပါ ထိခိုက်ပျက်စီးလာ၏။ သူတို့၏ သေခြင်းတရားက နီးကပ်၍ လာလေပြီ။