← Chapters

အခန်း (၉၃၄-၉၃၆)

Vol. 63 Ch. 934-936

အခန်း (၉၃၄-၉၃၆)

Vol. 63 Ch. 934-936

Chapter 934 ယင်ယန်လောကမှ သတင်းစကား

စကြဝဠာအတွင်း၌ များစွာသော သိုင်းပညာရှင်များသည် နတ်ဘုရားနှင့် နတ်ဆိုးတို့၏ စစ်ပွဲကြီးမှ ရလဒ်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

ထိုအချိန်တွင် စကြဝဠာတစ်ခုလုံး၏ ကောင်းကင်ယံမှ မိုးကြိုးပစ်သံများ တစ်ကြိမ်ပြီး တစ်ကြိမ် ထွက်ပေါ် လာသည်။ ထို့အတူ လျှပ်စီးများက အမည်နာမ တစ်ခုပြီးတစ်ခုအား ပုံဖော်လာသဖြင့် စကြဝဠာတစ်ခုလုံး ပွက်လောရိုက် သွားသည်။

“မြတ်စွာဘုရား လောကသခင် သုံးပါးလုံး ကျဆုံးသွားပြီ၊ ကမ္ဘာဦး အုပ်ချုပ်သူတို့ သားအဖတောင်မှ သေသွားရပြီပဲ”

“မသေမျိုး အကြီးအကဲယန်နဲ့ မိုးကြိုးတောင်ကြား ကွမ်းဟန်ဆိုတာတွေက ဘယ်သူလဲ၊ သူတို့ရဲ့ သဘာဝ ဖြစ်စဉ်က ကမ္ဘာဦး အုပ်ချုပ်သူ အဖြစ်နဲ့ သိပ်မကွာဘူး၊ သူတို့က ကမ္ဘာဦး အုပ်ချုပ်သူရဲ့ ဘိုးဘေးတွေလား”

“မယုံနိုင်စရာပဲ၊ ကမ္ဘာဦး အုပ်ချုပ်သူလို လူမျိုးတောင်မှ နတ်ဆိုးဧကရာဇ်လက်ထဲမှာ သေသွားရတာပဲ၊ နတ်ဆိုး မျိုးနွယ်က စကြဝဠာရဲ့ ကံကြမ္မာကို တိုက်ပွဲတစ်ပွဲထဲနဲ့ ဆုံးဖြတ်သွားတာပဲ”

“…”

များစွာသော သိုင်းပညာရှင်များသည် အလွန်အမင်း စိတ်လှုပ်ရှားနေကြလေသည်။ သူတို့သည် နတ်ဆိုး ဧကရာဇ်၏ ဇာတ်ကြောင်းများကို နားထောင်ရင်း ကြီးပြင်းခဲ့ကြသူများ ဖြစ်သည်။

သူတို့စိတ်ထဲတွင် နတ်ဆိုးဧကရာဇ်သည် သူတို့၏ စံပြပုဂ္ဂိုလ်သာ ဖြစ်လေသည်။ လက်ရှိအချိန်တွင် နတ်ဆိုးမျိုးနွယ်က အောင်ပွဲခံနေပြီး နတ်ဆိုးဧကရာဇ်က လောကကို စိုးမိုးနိုင်တော့မည် ဖြစ်သဖြင့် စကြဝဠာထဲမှ သိုင်းပညာရှင်များအားလုံး အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ အားလုံးက ဝမ်းသာအားရ ကြွေးကြော် လာသည်။

“နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ”

“နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ”

“…”

ကောင်းကင်ယံ၌ ကြွေးကြော်သံများ ပဲ့တင်ထပ်နေသည်။ ကြွေးကြော်သံများကြောင့် စကြဝဠာတစ်ခုလုံး တုန်ယင်မတတ် ဖြစ်သွားရသည်။

များစွာသော သိုင်းပညာရှင်များထဲမှ မိန်းမပျိုလေး တစ်ယောက်သည် ကောင်းကင်ယံမှ သဘာဝ ဖြစ်စဉ်ကို ငြိမ်သက်စွာ မော့ကြည့်၍ ယဲ့ဖန် သတ်လိုက်သော လူများ၏ နာမည်များကို ကြည့်နေလေသည်။ သူမ မချိပြုံး ပြုံးနေ၏။

“နတ်ဆိုးဧကရာဇ် ယဲ့ဖန်၊ နောက်ဆုံးတော့ ရှင် လုပ်နိုင်ပြီပဲ”

သူမသည် ခရမ်းပြာ နတ်မိမယ်ပင် ဖြစ်သည်။ သူမသည် ယဲ့ဖန်နောက်သို့ အမီလိုက်နိုင်အောင် ထပ်ခါထပ်ခါ ကြိုးစား ကျင့်ကြံခဲ့သည်။ ယခုအခါတွင် သူမသည် နတ်သခင်အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

သို့သော် သူမ အသည်းအသန် အမီလိုက်နိုင်ရန် ကြိုးစားသော်လည်း ထိုသူက လောကသခင်ကိုသာမက ကမ္ဘာဦး အုပ်ချုပ်သူကိုပါ အလွယ်တကူ သတ်နိုင်နေသည်။

“ရှင့်ကို သိကျွမ်းခဲ့ရတာကတင် ကျွန်မဘဝရဲ့ ဒဏ္ဍာရီပုံပြင် ဖြစ်လာတော့မယ်နဲ့ တူပါရဲ့”

ခရမ်းပြာ နတ်မိမယ်၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။ သူမ မျက်ရည်ကျသော်လည်း ရယ်နေမိသည်။ ထိုသူနှင့် သိကျွမ်းခဲ့ရသဖြင့် ရယ်မောမိခြင်း ဖြစ်သည်။

သူမသည်သာမက ဝိညာဉ်မြို့တော်၌ များစွာသော သိုင်းပညာရှင်များသည် စုဝေး၍ ကောင်းကင်ယံကို မော့ကြည့် နေကြသည်။

မြို့တော်သခင် ရှုံးပါ့က မြို့ထဲမှ အမျိုးသားများနှင့် အမျိုးသမီးများကို အနှိင်ကျင့် နှိပ်စက်ပြီး ရှောင်ရွှမ်အား အဓမ္မကျင့်ရန် ကြံခဲ့ချိန်တွင် ယဲ့ဖန်က သူတို့ကို ကူညီခဲ့ပြီး ထိုအမျိုးယုတ်အား သတ်ခဲ့သည်။

ဝိညာဉ်မြို့တော်မှ သိုင်းပညာရှင်များအားလုံးနီးပါးက ယဲ့ဖန်ကို အသက်သခင် ကျေးဇူးရှင်အဖြစ် မှတ်ယူ ကြသည်။ ကောင်းကင်ယံမှ သဘာဝဖြစ်စဉ်များကို မြင်ပြီးနောက် သိုင်းပညာရှင်များအားလုံး ဝမ်းသာအားရ ဖြစ်လာသည်။ ထို့နောက် အားလုံး မြေကြီးပေါ် ဒူးထောက်၍ ကြွေးကြော်လေ၏။

“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ”

“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ”

“…”

ကြွေးကြော်သံက ဝိညာဉ်မြို့တော်အနှံ့သို့ ပဲ့တင်ထပ်နေသည်။ ထိုလူအုပ်ထဲတွင် ရွှံ့စေးရုပ်တုဆိုင်မှ အဘိုး ဖြစ်သူနှင့် ရှောင်ရွှမ်တို့လည်း ရှိနေလေသည်။ ရှောင်ရွှမ်၏ ပခုံးထက်၌ ရှောင်ယဲ့နှင့် ရှောင်ဖန်ဟူသော ရွံ့စေး ရုပ်တုလေးနှစ်ခု ထိုင်နေသည်။

ကောင်းကင်ယံမှ သဘာဝဖြစ်စဉ်ကို ကြည့်ပြီး ရှောင်ရွှမ်၏ မျက်နှာလေးက ဖူးပွင့်စ ပန်းပွင့်သဖွယ် ရွှင်လန်း လာသည်။ သူမက ရွှံ့စေးရုပ်တုလေးနှစ်ခုကို ပြန်ပြောလိုက်သည်။

“ရှောင်ယဲ့၊ ရှောင်ဖန်၊ နင်တို့ မြင်တယ်မလား”

“နင်တို့ကို ဖန်တီးခဲ့တဲ့ အစ်ကိုကြီးလေ၊ သူ … နိုင်သွားပြီ”

ရှောင်ရွှမ်သည် ကောင်းကင်ယံကို မော့ကြည့်ပြီး ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် ရေရွတ်လေသည်။

“အစ်ကိုယဲ့၊ တစ်နေ့ကျင်ရင် ရှောင်ရွှမ် ရှင့်ဘေးနားမှ ရပ်တည်လာနိုင်မှာပါ”

“နတ်ဆိုးအားလုံးလိုပဲ ရှင့်အတွက် တိုက်ခိုက်မယ်”

ထိုစကားနှင့်အတူ ရှောင်ရွှမ်၏ ခန္ဓာကိုယ်မှ တာအိုချီဓာတ်များ ပျံ့လွင့်လာသည်။

…

လက်ရှိအချိန်၌ မျိုးနွယ်စုများ တုန်လှုပ်၍ ဂြိုဟ်များအားလုံး တုန်လှုပ်ခြောက်ခြားနေချိန်တွင် နတ်ဘုရား တောင်တန်းက သုဿန်အလား တိတ်ဆိတ်နေ၏။

ဝိညာဉ်နန်းတော်သခင်နှင့် နတ်ဆိုးများအားလုံးတို့သည် ပျော်ရွှင်ပုံ မပေါ်ဘဲ ကောင်းကင်ယံကိုသာ စူးစိုက်ကြည့် နေကြသည်။ သူတို့၏ မျက်နှာထားများက သုန်မှုန်နေသည်။

ယဲ့ဖန်သည်လည်း ကောင်းကင်ယံ၏ တစ်နေရာကို စူးစိုက်ကြည့်နေပြီးနောက် ရုတ်တရက် မျက်မှောင်ကြုတ် လာသည်။ ဤစကြဝဠာကို ဖြတ်သန်း၍ ရောက်လာနေသော ဆန်းကြယ်သော စွမ်းအားတစ်ခုကို သူ ရှင်းလင်းစွာ ခံစားမိနေ၏။

“ကြောက်စရာကောင်းတဲ့ အငွေ့အသက်ပဲ”

ယဲ့ဖန် မျက်ခုံးလှုပ်နေသည်။ ယခုလက်ရှိအချိန်၌ သူသည် နတ်ဘုရင် အထွတ်အထိပ်အဆင့်သို့ ရောက်နေ သော်လည်း တိုက်ပွဲဝင်ခွန်အားက လောကသခင်နှင့် ကမ္ဘာဦး အုပ်ချုပ်သူတို့ကို အလွယ်တကူ သတ်နိုင်ပေသည်။ သို့ရာတွင် ထိုထူးခြားဆန်းကြယ်သော စွမ်းအားကို ခံစားမိချိန်တွင် စိတ်ထဲ၌ တုန်လှုပ်မိသွားသည်။

ခန့်မှန်းမရနိုင်သော သက်ရှိတစ်မျိုး မကြာခင် ရောက်ရှိလာတော့မည့်ပုံပင်။ အားလုံး အာရုံစိုက်၍ ကြည့်နေစဉ် မှာပင် ကောင်းကင်ယံအား ချွန်ထက်သော လက်သည်းတစ်စုံက စုတ်ဖြဲလာသည်။

ထိုလက်သည်းသည် ချွန်ထက်လှပြီး အရိုးကွဲမတတ် အေးစက်ခြင်းအား ပေးစွမ်းလာသည်။ ၎င်းသည် လောကအား စုတ်ပိုင်းနိုင်ပြီး လူတိုင်းအား ခေါင်းမွေးထောင်သွားအောင် ပြုလုပ်နိုင်နေသည်။

ထိုလက်သည်းအောက်၌ ကောင်းကင်ယံက ပါးလွှသော စက္ကူစကဲ့သို့ ပျက်စီးလာသည်ကို လူတိုင်း တွေ့လိုက် ရသည်။ ကောင်းကင်ယံနှင့်‌ လေဟာနယ်တို့ စုတ်ပြဲလာပြီးနောက် ဗလာနတ္ထိနယ်ပယ်ထဲမှနေ၍ တစ်စုံတစ်ရာ ဆင်းလာသည်။

ထိုအရာ ဆင်းလာသည်နှင့် ယဲ့ဖန် အပါအဝင် အားလုံး တုန်လှုပ်သွားသည်။ ဝိညာဉ်နန်းတော်သခင်နှင့် နတ်ဆိုးများ အားလုံး နောက်ဆုတ်သွားရသည်။ ယဲ့ဖန်တောင်မှ တစ်ချက်တုန်သွားပြီး မျက်နှာအမူအရာ မသိမသာ ပြောင်းလဲသွားသည်။

ထိုအရာသည် ကြွက်တစ်ကောင်ပင် ဖြစ်သည်။ တစ်ကိုယ်လုံး မှင်ကဲ့သို့ နက်မှောင်ပြီး တောင်တစ်လုံးစာမျှ ကြီးမားလေသည်။

၎င်းထံမှ ရှေးခေတ်အခါကတည်းက အသက်ရှင်နေခဲ့သော ကြွက်မိစ္ဆာကဲ့သို့သော အငွေ့အသက်မျိုး ရနေသည်။ ၎င်းသည် ရောက်လာပြီးသည်နှင့် အားလုံးကို ဝေ့ကြည့်လေသည်။ ထို့နောက် ကြွက်ဖြူလေးထံသို့ အကြည့် ရောက်လာသည်။ ထိုအခါ ၎င်း၏ ကြောက်လန့်ဖွယ် ကောင်းသော အရှိန်အဝါက ရုတ်ချည်းဆိုသလို ပျောက်ကွယ် သွားသည်။

မည်းမှောင်နေသော ကြွက်ကြီးသည် ပြုံးလာပြီး မျက်နှာချိုသွေးဟန် ပေါ်လာသည်။ ၎င်းသည် ရှေ့သို့ ဝမ်းသာအားရ ပြေးတက်လာပြီး အမြီးကိုထောင်၍ ပြောလာလေသည်။

“မမလေး နောက်ဆုံးတော့ မမလေးကို ရှာတွေ့ပြီ”

“သခင်မကြီးက ဒီငယ်သားကို မမလေးကို ပြန်ခေါ်လာခဲ့ဖို့ အမိန့်ပေးလိုက်ပါတယ်”

*ဘာ*

၎င်း၏ ချိုသာသော စကားသံကြောင့် အားလုံး မှင်တက်သွားသည်။

*မမလေး*

*ငယ်သား*

ဤကြောက်စရာကောင်းသော ကြွက်ကြီးက ကြွက်ဖြူလေး၏ ငယ်သား ဖြစ်နေလိမ့်မည်ဟု အားလုံး ထင်မထားမိချေ။

ထို့အပြင် ဤကြွက်က ကမ္ဘာဦး အုပ်ချုပ်သူထက် အဆပေါင်းများစွာ ကြောက်ဖို့ကောင်းသည်ကို သူတို့ ခံစားမိသည်။

ယဲ့ဖန်တောင်မှ အံ့အားသင့်နေသည်။ ယခုအခါတွင်မှ ကြွက်ဖြူလေးသည် ကောင်းကင်မိစ္ဆာကြွက်မျိုးနွယ်၏ မျိုးနွယ်ဝင် တစ်ယောက် ဖြစ်နေရုံသာမက သူမ၏ အဆင့်အတန်းက ထူးကဲနေသည်ကို သိလိုက်ရသည်။

“ကျွိ…”

ထိုအခါ ကြွက်ဖြူလေးသည် လက်တစ်ဝါးစာ အရွယ်သို့ ပြောင်းလဲလိုက်သည်။ သူမ သက်ပြင်းချလိုက်မိသည်။ သူမ ဆင့်ကဲပြောင်းလဲသွားစဉ်က သူမ၏ချီဓာတ်ကို ထုတ်ဖော်လိုက်မိသဖြင့် ယဲ့ဖန်ဘေး၌ တစ်ချိန်လုံး အတူမနေနိုင်တော့မည်ကို ရိပ်စားခဲ့မိသည်။

ထို့နောက် သူမက ယဲ့ဖန်ထံသို့ ဖြည်းဖြည်းချင်း လှမ်းလာသည်။

“မောင်လေးရှောင်ယဲ့”

*စကားပြောတတ်တယ်လား*

သူမ၏ ဆည်းလည်းသံသို့ သာယာနာပျော်ဖွယ် ကောင်းရုံသာမက ကြားလိုက်ရသူတိုင်း လေညင်း တိုက်ခတ် လာသကဲ့သို့ လန်းဆန်းသွားသလို ခံစားမိသည်။

ယဲ့ဖန်သည်လည်း မှင်တက်နေမိသည်။ ကြွက်ဖြူလေးသည် ဆင့်ကဲပြောင်းလဲသွားပြီးနောက်ပိုင်း စကားပြော လာနိုင်လိမ့်မည်ဟု သူ ထင်မထားမိပါ။

“ကြွက်ကလေး ပြန်လိုက်သွားလေ”

ယဲ့ဖန် ဆက်ဆွဲမထားချင်ပါ။ သူ၏ လက်ရှိခွန်အားက ကြွက်ဖြူလေးအား ကာကွယ်ရန် မလုံလောက်မှန်း သူ သိနေသည်။ ကြွက်ဖြူလေးက ယဲ့ဖန်ကို မလိုလားဟန်ဖြင့် ကြည့်လာသည်။

“တောင်းပန်ပါတယ် အစ်ကိုရှောင်ယဲ့၊ ကျွန်မ အခု သွားတော့မယ်”

“ကျွန်မကို တစ်ချိန်လုံး စောင့်ရှောက်ခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်၊ ကျွန်မကို အရသာရှိတဲ့ အစာတွေ အများကြီး ကျွေးခဲ့လို့လည်း ကျေးဇူးတင်ပါတယ်”

ထိုသို့ပြောနေချိန်တွင် ကြွက်ဖြူလေးသည် ယဲ့ဖန်က မိစ္ဆာသားရဲကို မီးကင်၍ သူမအား ကျွေးခဲ့သော မြင်ကွင်းကို ပြန်မြင်ယောင်လာ၏။ ထိုကဲ့သို့ အရသာရှိလှသော အသားကို စားခဲ့ရသည်ကို သူမ မမမေ့နိုင်ပါ။

“ဒီအချိန်တွေက ကျွန်မရဲ့ အပျော်ဆုံး အချိန်တွေပါပဲ၊ ကျွန်မ ရှင့်ကို သတိရနေမှာပါ”

ထိုသို့ပြောပြီး ကြွက်ဖြူလေးက ယဲ့ဖန်၏ပခုံးပေါ် ပြေးတက်လာသည်။ ထို့နောက် ယဲ့ဖန်၏ မျက်နှာကို ဖျတ်ခနဲ နမ်းလေသည်။

ထိုအနမ်းကြောင့် ယဲ့ဖန် မှင်တက်သွားသည်။ ကြွက်ဖြူလေး၏ မျက်နှာကလည်း ရှက်သွေးဖြာကာ နီမြန်းနေ၏။ ထို့နောက် သူမသည် ရှက်သွေးဖြာကာ ကောင်းကင်ယံမှ ဗလာနတ္ထိနယ်ပယ်ထံသို့ ပြေးသွားလေသည်။ ထွက်မသွားခင်၌ သူမ ရှက်ကိုးရှက်ကန်းဖြင့် နှုတ်ဆက်လာ၏။

“နှုတ်ဆက်ပါတယ် မောင်လေးယဲ့၊ ကျွန်မ ရှင့်ကို ယင်ယန်လောကမှာ စောင့်နေပါ့မယ်”

ထိုစကားအဆုံး၌ ကြွက်ဖြူလေးသည် ဗလာနတ္ထိ နယ်ပယ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ကြွက်ဖြူလေး ထွက်သွားသည်နှင့် မည်းနက်နေသော ကြွက်က ယဲ့ဖန်ကို လှမ်းကြည့်လာသည်။

“မင်းက ယဲ့ဖန်လား”

“သခင်မကြီးက ငါတို့မိသားစုရဲ့ မမလေးကို စောင့်ရှောက်ပေးဖို့ ကျေးဇူးတင်ကြောင်း သူ့ကိုယ်စား ပြောပေးဖို့ ငါ့ကို မှာလိုက်တယ်”

“မင်းရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်တဲ့အနေနဲ့ သခင်မကြီးက မင်းကို သတင်းတစ်ခု ပြောခိုင်းလိုက်တယ်”

မည်းနက်နေသော ကြွက်က ခပ်ဖွဖွ သက်ပြင်းချလာပြီး ဆက်ပြောလိုက်သော စကားကြောင့် ယဲ့ဖန် မျက်နှာပျက်သွားသည်။

“ကျိုထျန်းရွှမ်နွီ နတ်သမီးရဲ့ နန်း‌တော် ဖျက်ဆီးခံလိုက်ရပြီ၊ ကျိုထျန်းရွှမ်နွီ နတ်သမီးက လူသားအရှင်သခင်ရဲ့ ဖိအားပေးခြင်း ခံနေရတယ်၊ မကြာခင် ကာလအတွင်း သူက လူသားအရှင်သခင်ရဲ့ အကြီးဆုံး တပည့် ရွှယ်ယွမ်နဲ့ လက်ထပ်ရတော့မယ်”

Chapter 935 ကမ္ဘာဦးချောက်နက်၏ အောက်ခြေ

လောကသခင်တို့နှင့် စစ်ပွဲအပြီး၌ နတ်ဆိုးမျိုးနွယ်က စကြဝဠာအား စုစည်း၍ လွှမ်းမိုးအုပ်ချုပ်လာသည်။ ဂြိုဟ်နယ်မြေ တစ်ခုပြီးတစ်ခုက နတ်ဆိုးမျိုးနွယ်၏ လက်အောက်သို့ ရောက်ရှိသွားသည်။

များစွာသော သိုင်းပညာရှင်များက နတ်ဆိုးစစ်တပ်သို့ ဝင်ရောက်လာသဖြင့် နတ်ဆိုးစစ်တပ်၏ စစ်သည် အင်အားက တစ်မဟုတ်ခြင်း ထိုးတက်လာ၏။

စစ်သည် တစ်သိန်း၊ ငါးသိန်း၊ တစ်သန်း။

ကျယ်ပြောလှသော စကြဝဠာကြီးသည် နတ်ဆိုးမျိုးနွယ်၏ လောက ဖြစ်လာပေသည်။ ထို့အပြင် နတ်ဆိုးများသည် ကမ္ဘာဦး အင်မော်တယ် နန်းတော်၊ နတ်ဘုရားတောင်တန်းနှင့် အဓိက နတ်ဘုရားများ၏ ဂူစံအိမ် များမှနေ၍ အံ့အားသင့်စရာကောင်းသော အရင်းအမြစ်များကို ရရှိခဲ့သည်။

မရေတွက်နိုင်သော ကျင့်ကြံခြင်း အရင်းအမြစ်များ ရရှိလာပြီးနောက် သန်မာသော နတ်ဆိုးမျိုးနွယ် သိုင်းပညာရှင်များ မှိုသဖွယ် ထွက်ပေါ်လာလေသည်။

ထို့အပြင် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များလည်း စကြဝဠာထဲသို့ ရောက်ရှိလာသည်။ စကြဝဠာနှင့် ယန်ဝမ် ဟင်းလင်းပြင်ကို ပိုင်းခြားထားသည့် အကာအရံက အပြီးတိုင် ပျက်သုန်းသွားသဖြင့် စကြဝဠာနှင့် ယန်ဝမ် ဟင်းလင်းပြင်တို့က တစ်သားတည်း ပေါင်းစပ်သွားသည်။ ယန်ဝမ် နတ်ဆိုးမျိုးနွယ်များက စကြဝဠာအား အုပ်စိုးလေတော့သည်။

နတ်ဆိုးမျိုးနွယ်များနှင့် ယန်ဝမ် ဟင်းလင်းပြင်မှ လူများ အောင်ပွဲခံနေချိန်တွင် ယဲ့ဖန်က ဝိညာဉ်စား ပုရွက်ဆိတ်များနှင့် နတ်ဆိုးနဂါးကို ခေါ်၍ ကမ္ဘာဦး ချောက်နက်သို့ ထွက်သွားလေသည်။

နတ်ဆိုးမျိုးနွယ်က စကြဝဠာကြီးကို စုစည်းလိုက်သော်လည်း လင်းလန်၊ အန်းရှီ၊ သံလက် ဝံပုလွေရိုင်း၊ ဝိညာဉ်သခင်နှင့် အခြားသူများ မည်သည့်နေရာသို့ ရောက်ရှိနေသလဲ ဆိုသည်ကို မသိရသေးပေ။

နတ်ဆိုးမျိုးနွယ်များအားလုံး စကြဝဠာ၏ နေရာအနှံ့သို့ လိုက်လံရှာဖွေခဲ့သော်ငြားလည်း သူတို့၏ သတင်းအား တစ်စွန်းတစမျှ မရရှိခဲ့ချေ။ သူတို့သည်လည်း ပိုင်ယီကဲ့သို့ ယင်ယန်လောကထဲ ရောက်ရှိသွားသည်ဟု ယဲ့ဖန် သံသယ ဝင်မိသည်။

“လူသား အရှင်သခင်၊ ကောင်းကင်ဘုံ ယန်နယ်မြေ”

ယဲ့ဖန်၏ အကြည့်များက ခက်ထန်လာသည်။ ကျိုထျန်းရွှမ်နွီ နတ်သမီး နေထိုင်သော နန်းတော်က လူသားအရှင်သခင်ကြောင့် ပျက်စီးသွားပြီဟူသော သတင်းကို မည်းနက်နေသော ကြွက်ကြီးထံမှ သူ ရခဲ့သည်။

ထို့အပြင် ကျိုထျန်းရွှမ်နွှီက လူသားအရှင်သခင်၏ အကြီးဆုံး တပည့်ဖြစ်သော ရွှယ်ယွမ်နှင့် အတင်းအကျပ် လက်ထပ် ထိမ်းမြားခြင်း ခံရပေတော့မည်။

“ဟွမ်အာ”

ကျိုထျန်းရွှမ်နွီ နတ်သမီးသည် အတိတ်မေ့နေသော ဟွမ်အာ ဖြစ်သည်။ ယဲ့ဖန် ကောင်းကင်မျက်လုံးကို ပထမဆုံး အကြိမ် ဖွင့်နိုင်ခဲ့စဉ်က သူ၏ စိတ်ဝိညာဉ်သည် ယင်ယန်လောကသို့ ရောက်ရှိသွားခဲ့သည်။ များစွာသော နတ်မင်း များက ကျိုထျန်းရွှမ်နွီ နတ်သမီး၏ နန်းတော်သို့ လာရောက်၍ ရိုသေလေးစားစွာ ပြောဆိုနေကြသည်ကို သူ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။ ယခုအခါတွင်မူ ….

“လူသားအရှင်သခင်၊ မိုးကြိုးနတ်ဘုရား၊ ငါ လာပြီ …”

ယဲ့ဖန်က ကြမ်းကြုတ် ခက်ထန်သော မျက်လုံးများဖြင့် ကြုံးဝါးပြီးနောက် ကမ္ဘာဦး ချောက်နက်ထဲသို့ ခုန်ချ လိုက်သည်။

ကမ္ဘာဦး ချောက်နက်သည် အလွန်တရာ ထူးခြားဆန်းကြယ်လှသည်။ အစပိုင်း၌ ယဲ့ဖန်သည် ကောင်းကင်ခွင်း ခေါင်းလောင်းကြောင့် စိတ်ဝိညာဉ်အေးခဲသွားပြီး ကမ္ဘာဦး ချောက်နက်ထဲသို့ ပြုတ်ကျခဲ့သည်။ သို့သော် မထင်မှတ်ဘဲ သူ၏ စိတ်ဝိညာဉ်က ကမ္ဘာဂြိုဟ်၌ ပြန်လည်မွေးဖွားလာလေသည်။

သို့သော် ဟွမ်အာကမူ ကမ္ဘာဦး အုပ်ချုပ်သူ၏ အလစ်ဝင်တိုက်ခြင်းကြောင့် ကမ္ဘာဦး ချောက်နက်ထဲ ပြုတ်ကျကာ ယင်ယန်လောကသို့ ရောက်သွားရသည်။

“ကမ္ဘာဦး ချောက်နက်မှာ ကမ္ဘာဂြိုဟ်နဲ့ ယင်ယန်လောကကို သွားနိုင်တဲ့ အာကာသ ဥမင်လိုဏ်ခေါင်း ရှိနေတာပဲ”

ယဲ့ဖန်သည် ခန္ဓာကိုယ်ကို ထိန်းချုပ်၍ ကမ္ဘာဦး ချောက်နက်၏ အောက်ခြေသို့ ဖြည်းဖြည်းချင်း လျှောက်သွား လိုက်သည်။

ကမ္ဘာဦး ချောက်နက်ထဲ၌ မြူခိုးများက ထူထဲလှပြီး ထာဝရ မည်းမှောင်နေသော အမှောင်လောကထဲ ရောက်သွားသကဲ့သို့ အလင်းရောင် နည်းနည်းလေးမျှ မရှိပေ။

ယဲ့ဖန်သည် ကောင်းကင်မျက်လုံးကို ဖွင့်ထားသောကြောင့် ကမ္ဘာဦး ချောက်နက်၏ အောက်ခြေမှ မြင်ကွင်းကို ရှင်းလင်းစွာ မြင်ရလေသည်။

ဂျွတ်! ဂျွတ်!

ချောက်နက်၏ အောက်ခြေသို့ ရောက်ရှိလာပြီး ခြေချလိုက်မိသည်နှင့် အရိုးစုတစ်ခုကို နင်းမိလိုက်သောကြောင့် ကျိုးပဲ့သံ ထွက်ပေါ်လာသည်။

ထို့အပြင် ကမ္ဘာဦး ချောက်နက်၏ အောက်ခြေ၌ အရိုးစုများဖြင့် ပြည့်နှက်နေသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။ မိစ္ဆာသားရဲများ၏ အရိုးများ ရှိနေသလို လူအရိုးများလည်း ရှိနေသည်။

ထိုအရိုးစုများသည် မရေတွက်နိုင်သော နှစ်ပေါင်းများစွာက သေဆုံးခဲ့သော်လည်း ယခုထက်ထိ ခြောက်ခြားဖွယ် ကောင်းသော အရှိန်အဝါများ ရှိနေဆဲပင်။

ကမ္ဘာဦး ချောက်နက်အောက်ခြေ၌ ယဲ့ဖန် ဖြည်းဖြည်းချင်း လမ်းလျှောက်နေ၏။ သူ လျှောက်လာလေ ပို၍ ထိတ်လန့် လာလေ ဖြစ်သည်။

“ဒါက ရှေးခေတ်ကာလက အရိုးတွေပဲ၊ ဒီချီလင်အရိုးစုကလည်း ရှေးခေတ်ကတည်းက ဟာတွေ ထင်တယ်”

“ဒါက ဘာလဲ၊ ဒါက စက်ရုပ်နဲ့ တူနေသလိုပဲ၊ ဒီလောက မဟုတ်ပါလား”

“ပြီးတော့ ဒီမြွေအရိုးစု၊ သူ့အရိုးက မီတာ ထောင်သောင်းချီ ရှည်လှချည်လား၊ ဒါ ရှေးရှေးခေတ်ကာလက ကြီးမားတဲ့ သတ်ဖြတ်သူ ဖြစ်ခဲ့မယ့်ပုံပဲ”

ထိုအခိုက်တွင် ယဲ့ဖန်သည် ပိုပို၍ ထိတ်လန့်နေလေသည်။ ကမ္ဘာဦးချောက်နက်၏ အောက်ခြေ၌ အရိုးစုများမှလွဲ၍ ဘာမှမရှိပေ။ ချောက်နက်ကြီးသည် ထောင်ချီသော လောကများ၏ သင်္ချိုင်းမြေလိုပင်။

“သင်္ချိုင်းမြေကြီး”

ထိုစကားလုံးကို တွေးမိပြီးနောက် ယဲ့ဖန်၏မျက်လုံးများက တောက်ပသွားသည်။ သူ ကြည့်လေလေ ကမ္ဘာဦး ချောက်နက်ကြီးက များစွာသော သက်ရှိသတ္တဝါများ၏ သင်္ချိုင်းမြေနှင့် တူလေလေပင်။ တစ်ချို့သော မျိုးစိတ် များကို သူ သိသော်လည်း သူ မသိသော မျိုးစိတ်များလည်း ရှိနေသည်။ ဤသည်က သူ့အား ပိုမို၍ ထိတ်လန့် စေသည်။

တပေါ်အရှင်သခင်ဘဝ၏ မှတ်ဉာဏ်များ နိုးထလာပြီးနောက် မဟာနတ္ထိ ရှေးဧကရာဇ် ခေတ်ကာလက မျိုးနွယ်များ အားလုံးနီးပါးကို သူ သိရှိလာသည်။

သို့ရာတွင် ကမ္ဘာဦး ချောက်နက်၏ အောက်ခြေ၌ သူ လုံးဝ မခွဲခြားနိုင်သော အရိုးစုပေါင်းများစွာ ရှိနေသည်။ ကြောက်မက်ဖွယ်ကောင်းသော အခြားလောကများမှ သက်ရှိများလိုပင်။

ကမ္ဘာဦး ချောက်နက်၏ အနက်ရှိုင်းဆုံးနေရာသို့ ယဲ့ဖန် ရောက်လာချိန်တွင် အရှေ့မှမြင်ကွင်းကြောင့် တုန်လှုပ် သွားရသည်။

*ဥမင်လိုဏ်ခေါင်းတွေပါလား*

ကမ္ဘာဦး ချောက်နက်၏ အနက်ရှိုင်းဆုံး အောက်ခြေတစ်နေရာ၌ ဥမင်လိုဏ်ခေါင်းများ သန်းချီ၍ ရှိနေသည်။ ဥမင်လိုဏ်ခေါင်း တစ်ခုချင်းစီမှ ကမ္ဘာဦး ချီစွမ်းအင် အငွေ့အသက်များနှင့် မရဏ အငွေ့အသက်များ ရနေ၏။ ဥမင်လိုဏ်ခေါင်း တစ်ခုချင်းစီက လောကငယ်တစ်ခုစီကို ဦးတည်ပုံ ရသည်။

“လောကငယ်တွေ အများကြီး ရှိနေတာများလား၊ ပြီးတော့ လောကငယ်တိုင်းက ဒီကမ္ဘာဦး ချောက်နက်နဲ့ ဆက်စပ်နေတာပေါ့”

ယဲ့ဖန် တုန်လှုပ်ခြောက်ခြားသွားသည်။ သို့သော် ထိုသို့သောအချိန်၌ ဥမင်လိုဏ်ခေါင်းများစွာရှိ တစ်ခုမှနေ၍ မိုးခြိမ်းသံများနှင့် လျှပ်စီးလက်သံများ ထွက်ပေါ်လာသည်။ ထွက်ပေါ်သော အငွေ့အသက်ကြောင့် ယဲ့ဖန် မျက်နှာပျက် သွားသည်။

“အဲ့လိုဏ်ခေါင်းကနေ တစ်ခုခု ထွက်လာတော့မှာပဲ”

ယဲ့ဖန် စဉ်းစားမနေတော့ဘဲ မီတာထောင်ချီဝေးသော တစ်နေရာသို့ ဆုတ်ခွာလိုက်သည်။ သူ ဆုတ်ခွာလိုက်သည့် အခိုက်မှာပင် လိုဏ်ခေါင်းတစ်ခုမှနေ၍ တောင်တစ်လုံးစာ ရှိသော တစ်စုံတစ်ရာ ထွက်လာသည်။

ထိုအရာသည် မျက်လုံးခြောက်လုံးရှိသော ပုရစ်ကောင် ဖြစ်နေသည်။ ၎င်း၏ ခန္ဓာကိုယ်၌ သွေးများနှင့် ပေကျံနေပြီး ဒဏ်ရာတိုင်းက ကြောက်စရာ ကောင်းလှသည်။ အလောင်းတောင် ပင်လယ်ထဲမှ ရုန်းထွက်လာ သကဲ့သို့ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေ၏။

ချောက်နက်ထဲသို့ ကျလာပြီးသည်နှင့် မျက်လုံးခြောက်လုံး ပုရစ်ကောင်သည် နာကျည်းမုန်းတီးဟန်ဖြင့် အော်ဟစ် လာသည်။ ကမ္ဘာဦး ချောက်နက်ထဲ ပြုတ်ကျလာသည်ကို အလွန် မလိုလားသင့်ပုံပင်။

၎င်းသည် လောကသခင်အဆင့်ရှိသော မိစ္ဆာသားရဲတစ်ကောင် ဖြစ်နေ၏။ ၎င်း၏ အရှိန်အဝါက လောကသခင် သုံးပါးထက်ပင် ပို၍ ကြောက်စရာကောင်းလှသည်။

၎င်း ဒဏ်ရာ အပြင်းအထန် ရထားသည်က စိတ်မကောင်းစရာပင်။ ဒဏ်ရာတိုင်းမှ ဥပဒေသ၏ အဖျက်စွမ်းအင် အငွေ့အသက်များ ထင်ကျန်နေသဖြင့် ဒဏ်ရာအား မကုသနိုင်ဘဲ သွေးများသာ ပို၍ စိမ့်ထွက်နေသည်။

“ဘယ်လိုအရာမျိုးက မျက်လုံးခြောက်လုံး ပုရစ်ကောင်ကို ဒီလိုဒဏ်ရာရအောင် လုပ်လိုက်တာပါလိမ့်”

ယဲ့ဖန် ထိတ်လန့်နေ၏။ ဤမျက်လုံးခြောက်လုံး ပုရစ်ကောင်သည် သန်မာလာပြီး ဤစကြဝဠာ၌ လောကသခင် သုံးပါးကို အနိုင်ယူပြီး စကြဝဠာတစ်ခုလုံးကို စိုးမိုးနိုင်မှန်း သူ တပ်အပ် ပြောနိုင်သည်။

သို့သော်ငြားလည်း ထိုသို့သော မိစ္ဆာသားရဲမျိုးက အမှိုက်သဖွယ် ဒဏ်ရာ အပြင်းအထန် ရလာပြီး‌ သေလု မျောပါးဖြင့် ကမ္ဘာဦးချောက်နက်ထဲသို့ ကျလာရသည်။

ယဲ့ဖန် မှင်တက်နေစဉ်မှာပင် မျက်လုံးခြောက်လုံး ပုရစ်ကောင်က သူ၏တည်ရှိမှုကို ခံစားမိသွားပုံရသည်။ ၎င်း၏ မျက်လုံးများက စူးလက်တောက်ပလာ၏။ နတ်ဘုရင်အဆင့်လေးသာ ရှိသော ယဲ့ဖန်ကို မြင်လိုက်သောအခါ ဒေါသူပုန် ထသွားလေသည်။

၎င်းသည် တုန်လှုပ်ဖွယ် ကောင်းလောက်အောင် ကြွေးကြော်၍ ရုတ်တရက် ပျံတက်ကာ ပါးစပ်ကိုဟပြီး ယဲ့ဖန်ကို ဝါးမျိုရန် ပြင်လာသည်။

သို့သော် ယဲ့ဖန်က နေရာ၌ ရပ်မြဲတိုင်း ရပ်နေသည်ကို မြင်ပြီး အံ့ဩသွားသည်။ အထူးသဖြင့် ယဲ့ဖန်က ၎င်းအား အလောင်းကောင် တစ်ခုကို ကြည့်သကဲ့သို့ ကြည့်နေသဖြင့် ပို၍ဒေါသထွက်သွားလေသည်။

ချက်ချင်းဆိုသလိုပင် မျက်လုံးခြောက်လုံး ပုရစ်ကောင်၏ အရှိန်က ပို၍ပြင်းထန်လာပြီး ယဲ့ဖန်နားသို့ နီးကပ် လာသည်။

၎င်း၏ပါးစပ်က ယဲ့ဖန်ကို ဝါးမျိုမိတော့မည့်အချိန်၌ ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ မျက်လုံးခြောက်လုံး ပုရစ်ကောင်၏ ခန္ဓာကိုယ်ကြီးက ရုတ်တရက် တောင့်တင်းသွားလေသည်။ ၎င်း၏ မျက်နှာတွင် မယုံနိုင်ဟန်များ ထင်ဟပ်နေ၏။

၎င်း၏ ကြီးမားသော ဦးခေါင်းကြီးသည် လည်ပင်းမှနေ၍ တိခနဲ ပြတ်ကျသွားသည်။ ၎င်းသည် သေဆုံးချိန်အထိ နတ်ဘုရင်အဆင့်လေး၏ လက်ထဲ၌ သေရသည်ကို မယုံနိုင်သေးသည့်ပုံပင်။

“တစ်ခြားသူတွေအတွက် ဒီနေရာက သုဿန်ဖြစ်ပင်မယ့် ငါ့အတွက်ကတော့ ရတနာသိုက်ပဲ”

ယဲ့ဖန်သည် တစ်စုံတစ်ရာကို နားလည်သွားပြီးနောက် လက်ကိုလှုပ်၍ နတ်ဘုရား အမြုတေ ကိုးခုကို ထုတ်လိုက်သည်။ ဤအမြုတေ ကိုးခုသည် လောကသခင်သုံးပါးနှင့် ကမ္ဘာဦး အုပ်ချုပ်သူတို့ အဖွဲ့၏ နတ်ဘုရား အမြုတေများ ဖြစ်သည်။

ထို့နောက် မျက်လုံးခြောက်လုံး ပုရစ်ကောင်၏ အမြုတေကိုပါ ထုတ်လိုက်သောအခါ အမြုတေပေါင်း ဆယ်ခုတိတိ ရှိသွားလေသည်။

ယဲ့ဖန်သည် တင်ပျဉ်ခွေထိုင်လိုက်ပြီး အမြုတေများကို သန့်စင်လေသည်။ သို့သော် ထိုမျှနှင့် မလုံလောက်ချေ။ ယဲ့ဖန် သန့်စင်နေချိန်တွင် များစွာသော ဥမင်လိုဏ်ခေါင်းများမှ ကြောက်စရာကောင်းသော သတ္တဝါများ တစ်ကောင်ပြီး တစ်ကောင် ပြုတ်ကျလာ၏။

Chapter 936 မင်းလည်း သေသင့်တယ်

လက်ရှိအချိန်တွင် ကမ္ဘာဦးချောက်နက်၏ အောက်ခြေ၌ ခြောက်ခြားဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်ပွားနေ၏။

ဂျိန်း! ဂျိန်း! ဂျိန်း!

များစွာသော ဥမင်လိုဏ်ခေါင်းများထဲမှ ကြောက်စရာကောင်းသော သတ္တဝါများ တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျလာသည်။ ထိုသတ္တဝါတိုင်းသည် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသော်လည်း ၎င်းတို့၏ အရှိန်အဝါက ကြောက်စရာကောင်းလှသည်။

၎င်းတို့အားလုံးသည် လောကသခင်အဆင့်များ ဖြစ်လေသည်။ ထိုသတ္တဝါများထဲတွင် ငါးတစ်ပိုင်း ငှက်တစ်ပိုင်း ဖြစ်သော ခွန်ပန်လည်း ပါသလို၊ မိကျောင်း၊ နဂါးနှင့် ကျားတို့လည်း ပါသည်။

ထို့အပြင် စက်ရုပ်မျိုးနွယ်၊ အင်းဆက်မျိုးနွယ်၊ ရှေးဟောင်းနတ်မင်းများနှင့် ရှေးဟောင်း အင်မော်တယ်များလည်း ပါလေသည်။ သူတို့သည် လောကငယ်တစ်ခုစီမှ ကမ္ဘာဦး ချောက်နက်ထဲသို့ ကျလာသည့်ပုံပင်။

သို့သော် ထိုကဲ့သို့ သန်မာသော သတ္တဝါများ ပြုတ်ကျလာသည်နှင့် သေခြင်းတရားက သူတို့ကို ဆီးကြိုနေ၏။

ရွှစ်! ရွှစ်! ရွှစ်!

သတ္တဝါတိုင်း ပြုတ်ကျလာပြီးသည်နှင့် ရွှေရောင်အလင်းတန်းက သူတို့ထံ ကျရောက်လာသည်။ ထိုသတ္တဝါ များသည် မည်သို့မျှ မတုံ့ပြန်နိုင်သေးခင်မှာပင် နှစ်ပိုင်းကွဲ၍ သေဆုံးသွားကြသည်။ ထိတ်လန့်တုန်လှုပ်နေသော အမူအရာများဖြင့် သတ္တဝါအားလုံး နှစ်ပိုင်းကွဲကာ သေဆုံးသွားလေသည်။

ထိုအလောင်းများထဲမှ အမြုတေများ ထွက်လာပြီး ယဲ့ဖန်ထံသို့ ပျံဝဲလာသည်။ ယဲ့ဖန်၏ ခန္ဓာကိုယ်တွင်းမှ ပြင်းထန်သော ဆွဲငင်အား ထွက်ပေါ်လာပြီး အမြုတေထဲမှ စွမ်းအင်ကို အရူးအမူး စုပ်ယူလေသည်။

ထိုသို့စွမ်းအင်များကို စုပ်ယူပြီးနောက် သူ၏ခွန်အားက လျင်မြန်သောနှုန်းဖြင့် ထိုးတက်သွားသည်။ ထို့အပြင် နတ်ဆိုးချီမျှင်စုများ ထွက်ပေါ်လာပြီး သတ္တဝါများ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ အရိုးအသားများနှင့် စွမ်းအင် များကို စုပ်ယူလေတော့သည်။

လောကသခင်အဆင့်များ ဖြစ်သော ထိုသတ္တဝါများသည် နတ်ဆိုးချီမျှင်စုအောက်၌ ပြာအဖြစ်သို့ ပြောင်းလဲ သွားသည်။

နတ်ဆိုးချီမျှင်စုသည်လည်း ပိုမို၍ သန်မာလာသည်။ နောက်ဆုံးသော သတ္တဝါကို ဝါးမျိုပြီးနောက် ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ယဲ့ဖန်၏ သေမင်းနတ်ဆိုးဆုဒြာက စတုတ္ထအဆင့်သို့ ချက်ချင်း တက်သွားသည်။

သူ၏ ပတ်လည်၌ ရစ်ဝဲနေသော နတ်ဆိုးချီမျှင်စုများသည်လည်း သေမင်းနတ်ဆိုးနဂါးငယ်အဖြစ် ပြောင်းလဲ သွားပြီး ဦးချိုနှစ်ခုပါ ထွက်လာသည်။

ယခုအခါတွင် နတ်ဆိုးချီမျှင်စုများသည် နတ်သခင်အဆင့်ကိုပင် အလွယ်တကူ ဝါးမျိုနိုင်လေပြီ။ ထိုစဉ် ယဲ့ဖန် မျက်လုံးပြန်ဖွင့်လာပြီး သူ၏မျက်ဝန်းတွင်းမှ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

“အဆင့်တက်တော့မှာပဲ”

ခန္ဓာကိုယ်တွင်းမှ နတ်ဆိုးစွမ်းအင်များ တစ်ဟုန်ထိုး တိုးပွားနေသည်ကို ယဲ့ဖန် ခံစားမိသည်။ သူ အလိုရှိသော မည်သည့်အချိန်၌မဆို နတ်တစ်ပိုင်းအဆင့်သို့ တက်နိုင်လေသည်။

သို့သော် ကမ္ဘာဦး ချောက်နက်၏ အောက်ခြေသည် အဆင့်တက်ရန် နေရာကောင်းတစ်ခု မဟုတ်ပေ။ ထိုသို့ တွေးတောပြီးနောက် ယဲ့ဖန်သည် သန်းချီသော ဥမင်လိုဏ်ခေါင်းများကို ဆက်တိုက် လိုက်ကြည့်လေသည်။

ထိုလိုဏ်ခေါင်းများထဲမှ တစ်ခု၏ အငွေ့အသက်က အလွန် ရင်းနှီးလှသည်ဟု ခံစားလိုက်မိသည်။ ထိုဥမင် လိုဏ်ခေါင်းသည် ကမ္ဘာဂြိုဟ်သို့ သွားသည့် လိုဏ်ခေါင်း ဖြစ်လေသည်။ သူသည် ယင်ယန်လောကသို့ သွားချင်နေခြင်း ဖြစ်သည်။

“ဒီတစ်ခုပဲ”

ယဲ့ဖန်သည် သိပ်မဝေးသော ဥမင်လိုဏ်ခေါင်းတစ်ခုကို ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။ ထို့နောက် ထိုနေရာသို့ ခုန်ဆင်း၍ လိုဏ်ခေါင်းထဲ ဝင်ရောက်သွားလေသည်။

လိုဏ်ခေါင်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် လေဟာနယ် စွမ်းအင်လှိုင်းကို ခံစားလိုက်မိသည်။ စွမ်းအင် လှိုင်းတိုင်းက လူသားခန္ဓာကိုယ်အား စုတ်ဖြဲနိုင်လောက်အောင် ခြောက်ခြားဖွယ်ကောင်းလေသည်။ ထို့အပြင် ထိုစွမ်းအင်လှိုင်းသည် ခေါင်းစခြေဆုံး တိုက်ခတ်နေခြင်း ဖြစ်သည်။

ယဲ့ဖန်သည် ထိုစွမ်းအင်လှိုင်းကို အံတု၍ ရှေ့သို့ဆက်လှမ်းသွားလေသည်။ ခြေလှမ်းတိုင်းက လှမ်းရခက်လှပြီး ပြင်းထန်လှသော စွမ်းအင်လှိုင်းကို ဆက်တိုက် ခုခံနေရသည်။

လောကသခင်အဆင့်တောင်မှ ခပ်ဝေးဝေး မသွားနိုင်ဘဲ စွမ်းအင်လှိုင်းကြောင့် တစ်စစီ စုတ်ပြတ်သွား လောက်သည်။

သို့သော် ယဲ့ဖန်ကမူ ခြေလှမ်းတိုင်းအား ခိုင်မာစွာ လျှောက်လှမ်း၍ အမှောင်လမ်းထဲ၌ အထီးကျန် ခရီးသွား တစ်ယောက်ကဲ့သို့ လျှောက်လှမ်းနေ၏။ တဖြည်းဖြည်းနှင့် ငရဲဘုံမှနေ၍ ယင်ယန်လောကသို့ ရောက်ရှိလာသည်။

တစ်ရက်၊ နှစ်ရက်။

….

ယဲ့ဖန်သည် အချိန်မည်မျှ ကုန်ဆုံးသွားလဲ မသိဘဲ အမှောင်ထုထဲ၌ ဆက်သာလျှောက်နေ၏။ မည်သည့်အချိန်သို့ ရောက်လို့ရောက်နေမှန်း မသိသောအချိန်တွင် အရှေ့မှ အလင်းရောင်ကို တွေ့လိုက်ရသဖြင့် ယဲ့ဖန် တုန်လှုပ် သွားသည်။

ဤနေရာက ယင်ယန်လောက ဖြစ်ကြောင်း သူ သိလိုက်သည်။ ဤသည်ကို တွေးမိပြီးနောက် ယဲ့ဖန် ခပ်သွက်သွက် လျှောက်လိုက်မိသည်။

မီတာတစ်သောင်း၊ မီတာငါးထောင်၊ နှစ်ထောင်။ ကမ္ဘာဦး ချောက်နက်၏ လိုဏ်ခေါင်းထဲမှ ယင်ယန်လောကသို့ ရောက်ရန် မီတာတစ်ထောင်မျှသာ လိုတော့သောအချိန်၌ အရှေ့မှ အနီရောင် အလင်းတန်း ဖြတ်ပြေးလာသည်။

ထိုအရှိန်သည် လေဟာနယ်အား ထိုးခွင်းနိုင်လောက်အောင် အလွန် လျင်မြန်လှသည်။ ထိုကဲ့သို့သော လျင်မြန်မှု နှင့်အတူ တုန်လှုပ်ဖွယ် အရှိန်အဝါကလည်း ဖြာထွက်နေ၏။

“ဒါ … ယင်ယန်ထိပ်တန်း ရတနာပဲ”

ထိုအနီရောင် အလင်းတန်းက တူတစ်လက်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ယဲ့ဖန် တွေ့လိုက်ရသည်။ တူသည် မှင်ကဲ့သို့ မည်းနက်နေသော်လည်း ၎င်းပေါ်၌ မီးလျှံကဲ့သို့ နီရဲသော မှော်စာလုံးများ ရေးထွင်းထားသည်။ တုန်လှုပ်ဖွယ် အရှိန်အဝါက ထိုတူထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်ယန် ထိပ်တန်းရတနာများက အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်နှင့် ထိပ်တန်းအဆင့်ဟူ၍ ခွဲခြား ထားသည်။

ဥပမာပြရမည်ဆိုလျင် ယင်ယန်လောကမှ ယဲ့ဖန် ခြိမ်းခြောက်၍ ရခဲ့သော ရတနာ နှစ်ဆယ့်လေးမျိုးလုံးသည် အဆင့်နိမ့် ရတနာများသာ ဖြစ်သည်။

ဝိညာဉ်ချုပ်အပ်တောင်မှ အဆင့်မြင့်အဆင့်သာ ရှိသည်။ သို့သော် ယခု မှော်တူသည် ထိပ်တန်းအဆင့် ရတနာ တစ်ခု ဖြစ်လေသည်။ ၎င်းသည် ဝိညာဉ်ချုပ်အပ်ထက်ပင် ပို၍ အစွမ်းထက်သေးသည်။

ဤသည်ကိုကြည့်ပြီး ယဲ့ဖန် တွေဝေမနေတော့ဘဲ တူ ပြုတ်ကျလာမည့် နေရာသို့ ဖျတ်ခနဲ လှမ်းသွားပြီး လက်တစ်ဖက်ဖြင့် တူကို လှမ်းဖမ်းလိုက်သည်။

ဝုန်း!

မီးပွားများ ပွင့်ထွက်လာပြီးနောက် ယဲ့ဖန် လွင့်ထွက်သွားသည်။ ထိုတူကြောင့် သူ ထိခိုက်သွားရသည်။ ထို့နောက် သူ ခြေကိုဆောင့်၍ ဟန်ချက်ပြန်ထိန်းလိုက်သည်။ ထိုအခါတွင်မှ သူ လွင့်ထွက်သွားရာမှ ရပ်တန့်သွားသည်။

ယဲ့ဖန် မျက်နှာတစ်မျိုး ပြောင်းသွားပြီး ရုတ်တရက် လျှာကိုကိုက်လိုက်သည်။ ထို့နောက် လျှာကိုက်ခြင်းမှ ထွက်လာသော သွေးအား တူပေါ်သို့ ထွေးထုတ်လိုက်လေသည်။

ထိုအခါ ယဲ့ဖန်၏သွေးကို တူက စုပ်ယူသွားသည်။ တစ်ခဏကြာသော် ဂနာမငြိမ်သော တူသည် ဖြည်းဖြည်းချင်း ငြိမ်ကျသွား၏။

ထူးဆန်းသော ခံစားချက်တစ်မျိုးက ယဲ့ဖန်၏ အတွေးထဲသို့ ဝင်ရောက်လာသည်။ သူနှင့် တူတို့ တစ်သားတည်း ဖြစ်သွားသည့် ပုံပင်။ သူ တစ်ချက်တွေးလိုက်သည်နှင့် တူကို ထိန်းချုပ်၍ ထုနှက်နိုင်သည်။

“ချမ်ခွန်းတူ”

“ဒီတူတစ်လက်နဲ့ လောကကို ထိန်းချုပ်နိုင်ပြီ”

‘လတ်စသက်တော့ ဒီတူက ရှေးခေတ်ကာလက ဆရာချမ်ခွန်း ထုလုပ်ခဲ့တဲ့တူကိုး”

ယဲ့ဖန်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားလေသည်။ ဤချမ်ခွန်းတူ၏ မူလကို သူ နားလည်သွားရသည်။ ဆရာ ချမ်ခွန်းသည် ရှေးခေတ်ကာလက အကျော်အမော်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

ဤမှော်တူကို သူ ထုလုပ်ပြီးနောက် များစွာသော သိုင်းပညာရှင်များကို ဆွဲဆောင်မိသွားသည်။ ထိုလူများထဲတွင် တော်ဝင်အဆင့်နှင့် ရှေးအာဏာပိုင်အဆင့် သိုင်းပညာရှင်များလည်း ပါဝင်လေသည်။

သို့သော် နောက်ဆုံးတွင် သူသည် သူ၏နတ်ခန္ဓာကိုယ်ကို လောင်ကျွမ်းစေပြီး ချမ်ခွန်းတူနှင့် ပေါင်းစပ်ခဲ့သည်။ ထိုအခါ ချန်ခွန်းတူ၏ အစွမ်းက အလွန်တရာ ကြောက်စရာ ကောင်းသွားသည်။

ရှေးခေတ်ကာလက သိုင်းပညာရှင်များကို ဖျက်ဆီးနိုင်ခဲ့ပြီး လောကအား ဖျက်ဆီးနိုင်ခဲ့လေသည်။ ထိုတိုက်ပွဲအား ချမ်ခွန်း သွေးတိုက်ပွဲညဟု ခေါ်ဝေါ်ခဲ့သည်။

ချမ်ခွန်းတူမှ ဖော်ပြလာသော အချက်အလက်အရ ထိုခေတ်အခါက အသတ်ခံလိုက်ရသော သိုင်းပညာရှင်ပေါင်း တစ်သိန်းအထိ ရှိခဲ့သည်။

ယဲ့ဖန်၏ မျက်နှာတွင် အံ့ဩရိပ်များဖြင့် ပြည့်နှက်နေ၏။ ယင်ယန်လောကသို့ ခြေချမိသည်နှင့် ဤသို့ အဖိုးတန်သော လက်နက်တစ်ခုကို ရရှိရလိမ့်မည်ဟု သူ ထင်မထားမိပေ။

ယဲ့ဖန် ပျော်ရွှင်နေချိန်တွင် အပေါ်မှနေ၍ ပြင်းထန်သော ဖိအားတစ်ခု ပျံ့လွင့်လာသည်။ ထို့နောက် ယင်ယန် လောက၏ ထွက်ပေါက်မှ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် ဆင်းလာလေသည်။ ထိုသူသည် တစ်ကိုယ်လုံး အနက်ရောင်ဝတ်ရုံဖြင့် လွှမ်းခြုံထားပြီး ရှေးခေတ်ကတည်းက တည်ရှိလာသော လူတစ်ယောက်ဟု ထင်မှတ်ရသည်။

သူ၏မျက်နှာကို သေချာမမြင်ရပေ။ သို့သော် သူ၏ ခြောက်ခြားဖွယ်ကောင်းသော အရှိန်အဝါအရ ထိပ်တန်း သိုင်းပညာရှင်တစ်ယောက် ဖြစ်ကြောင်း သိလိုက်ရသည်။

ထို့အပြင် ချမ်ခွန်းတူက ယဲ့ဖန်၏လက်ထဲသို့ ရောက်နေသည်ကို မြင်လိုက်သောအခါ သူ၏ မျက်လုံးများက မီးဝင်းဝင်း တောက်လာသည်။

“ကောင်လေး၊ ချမ်ခွန်းတူကို ထားခဲ့ပြီး မင်း သွားတော့”

ယဲ့ဖန် တစ်ခဏမျှ မှင်တက်သွားပြီးနောက် လေသံမာမာဖြင့် ပြောလိုက်သည်။

“အဲ့လိုမလုပ်နိုင်ဘူးဆိုရင်ရော”

*မလုပ်နိုင်ဘူးတဲ့လား*

အနက်ရောင်ဝတ်ရုံနှင့်လူသည် ထိုကဲ့သို့သော စကားမျိုးကို မကြားရသည်မှာ အတော်ကြာနေသောကြောင့် အံ့အားသင့် သွားလေသည်။ ထို့နောက် သူက ထီမထင်ဟန် ပြုံးလာသည်။

“ဟားဟား … ငါ ရွှမ်ကျိုးမှာ သွေးအဆိပ်ဂိုဏ်း ထောင်ခဲ့တာ အတော်ကြာခဲ့ပြီ၊ ငါလို သွေးအဆိပ်ဂိုဏ်း ဘိုးဘေးရှေ့မှာ ဘယ်သူမှ မငြင်းဆန်ရဲကြဘူး”

“ကောင်လေး၊ မင်းက ငါ့ကို အံ့ဩလောက် လုပ်ခဲ့တာတော့ အမှန်ပဲ၊ ပြီးတော့ မင်းလည်း သေရမယ်”

All Chapters