← Chapters

အခန်း (၉၃၇-၉၃၉)

Vol. 63 Ch. 937-939

အခန်း (၉၃၇-၉၃၉)

Vol. 63 Ch. 937-939

Chapter 937 ယင်ယန်လောကသို့ ခြေချခြင်း

“သေသင့်တယ်”

ထိုစကားကြောင့် ယဲ့ဖန်၏ မျက်လုံးများ အေးစက်သွားပြီး နှုတ်ခမ်းကိုတွ့န်၍ ပြုံးလိုက်သည်။

“ခင်ဗျား ကျုပ်ကို သတ်ချင်တယ်ဆိုတာ သေချာလား”

ယဲ့ဖန်၏ လေသံနှင့် အမူအရာတို့ကို ကြည့်ပြီး သွေးအဆိပ် ဘိုးဘေးသည် ရုတ်တရက် တစ်ဖက်လူက ကြောက်ရွံ့သွားပြီဟု ထင်မှတ်ကာ ကောက်ကျစ်စွာ ပြုံးလိုက်သည်။

“ကောင်လေး၊ မင်းက ဒီကမ္ဘာဦး ချောက်နက်ထဲ ဝင်လာရဲတယ်ဆိုတော့ သတ္တိရှိသားပဲ၊ ဒါပေမဲ့ မင်းက ဘာမှမဟုတ်တဲ့ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုတာတော့ စိတ်မကောင်းစရာပဲ”

“ဒီဘိုးဘေး လိုချင်တဲ့တူကို မင်း ယူထားမှတော့ ဒါ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ”

“ငါ မင်းကို နောက်ဆုံး အခွင့်အရေး ပေးလိုက်မယ်၊ ငါ သုံးအထိ ရေနေတဲ့ အတောအတွင်း တူကို ပေး”

သွေးအဆိပ် ဘိုးဘေးသည် အပြုံးကြီး ပြုံး၍ ချွန်ထက်သော လက်ချောင်းများကို တစ်ချောင်းချင်းစီ ထောင်၍ ရေတွက်လေသည်။

“တစ်”

“နှစ်”

“သုံး”

သုံးဟု ရေရွတ်လိုက်သည်အထိ ယဲ့ဖန်က နေရာ၌ ရပ်မြဲရပ်၍ သတ်ဖြတ်ချင်သော ဟန်ပန်ဖြင့် ကြည့်နေဆဲ ဖြစ်သည်ကို သွေးအဆိပ် ဘိုးဘေး တွေ့လိုက်ရသည်။

“မင်းက သေချင်နေတာပဲ”

သွေးအဆိပ် ဘိုးဘေး ဒေါသူပုန် ထသွားသည်။ နှစ်ပေါင်းများစွာအတွင်း ယဲ့ဖန်က သူ့အမိန့်ကို မနာခံရဲသည့် ပထမဆုံးလူပင်။

နတ်ဘုရင်အဆင့်လေးက သူ၏ ချမ်ခွန်းတူကို ကိုင်ထားရဲသည်က သေလမ်းရှာနေသည်မှလွဲ၍ မည်သည့် အဓိပ္ပာယ်မျိုး ရှိနိုင်ဦးမည်နည်း။

ထိုအခိုက်တွင် သွေးအဆိပ် ဘိုးဘေးက သူ၏ ချွန်ထက်သော လက်သည်းကို ဆန့်ထုတ်၍ ယဲ့ဖန်ကို ကုတ်ဖဲ့ လေသည်။ သူ၏ အရှိန်အဝါက ပြင်းထန်လှပြီး အရှိန်ကလည်း လျှပ်စီးသဖွယ် လျင်မြန်လှသည်။ သူ၏ လက်သည်းချက်ကြောင့် လေဟာနယ်ပင် ပျက်စီးသွားရသည်။

သူ၏ ပြင်းထန်သော အစွမ်းနှင့် လောကသခင်အဆင့် သိုင်းပညာရှင်ပင် ဒဏ်ရာ အကြီးအကျယ် ရသွား လောက်သည်။

လေတိုးသံက ကျယ်လောင်လှပြီး လက်သည်းချက်က ယဲ့ဖန်ထံသို့ တဖြည်းဖြည်း နီးကပ်လာ၏။ ဤသည်ကို ကြည့်ပြီး သွေးအဆိပ် ဘိုးဘေးက အားပါးတရ ပြုံးလိုက်သည်။ သူ့ကြောင့် ယဲ့ဖန် တစ်စစီ စုတ်ပြဲသွား တော့မည်ဟု ထင်မှတ်နေ၏။

သို့သော် သူ၏ ချွန်ထက်သော လက်သည်းက ယဲ့ဖန်ကို ကုတ်ဖဲ့မိတော့မည့်အချိန်၌ မသဲမကွဲ အသံတစ်သံ ထွက်ပေါ်လာပြီး ရုတ်တရက် လက်တစ်ဖက်က သူ့လက်သည်းကို အားဖြင့် ဖမ်းချုပ်လာသည်။

ထိုလက်သည် အလွန် သန်မာ မာကျောလှသည်။ ထိုလက်၏ သန်မာမှုကြောင့် သွေးအဆိပ် ဘိုးဘေး တုန်ယင်သွားသည်။ ထိုလက်၏ ဖမ်းချုပ်ထားခြင်းမှ သူ နည်းနည်းလေးမျှ မရုန်းကန်နိုင်ပေ။

“ဒါ …”

သွေးအဆိပ် ဘိုးဘေး တွေဝေသွားသည်။ နတ်ဘုရင်အဆင့်လေးက သူ၏တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်ဟု ထင်မထားမိပေ။ သူ အံ့အားသင့်နေစဉ်မှာပင် တူတစ်လက်က သူ့ပေါ် ကျရောက်လာ၏။

ထိုတူ၏ အရှိန်အဝါကြောင့် သွေးအဆိပ် ဘိုးဘေး ခေါင်းမွေးထောင်သွားသည်။ ထိတ်လန့်ဖွယ်ကောင်းသော ချမ်ခွန်းတူကို ကြည့်ပြီး တစ်သက်နှင့်တစ်ကိုယ် ဇောချွေးပြန်လာရသည်။

သူ ကြက်သီးမွေးညင်း ထလာသည်။ သူ ထွက်ပြေးရန် ကြိုးစားပါသော်လည်း ယဲ့ဖန်၏ ဖမ်းချုပ်ခြင်း ခံထားရသည့် သူ၏လက်သည်းက တစ်စက်ကလေးမျှ ရုန်းထွက်၍ မရသည်ကို သတိထားလိုက်မိသဖြင့် လန့်ဖြန့်သွားသည်။

“မလုပ်နဲ့”

သူ အလန့်တကြား အော်ဟစ်လိုက်သော်လည်း ချမ်ခွန်းတူက သူ့ပေါ် ကျရောက်လာသည်။

ဂျွတ်!

အသံတစ်သံ ထွက်ပေါ်လာပြီးနောက် အော်ဟစ်သံသည်လည်း တိခနဲ ရပ်တန့်သွားသည်။ သွေးအဆိပ်ဘိုးဘေး ဦးခေါင်း ကွဲကြေသွားပြီး တစ်ကိုယ်လုံး ကျိုးကြေ၍ ရွှံ့စေးသဖွယ် ပျော့ဖတ်သွားသည်။

ဤမြင်ကွင်းကိုသာ ယင်ယန်လောကမှ သိုင်းပညာရှင်များ မြင်သွားလျင် ခြောက်ခြားသွားလောက်သည်။ ရွှမ်ကျိုးမြို့၏ နံပါတ်တစ် ဂိုဏ်းကြီးဖြစ်သော သွေးအဆိပ်ဂိုဏ်း၏ ဘိုးဘေးက ဘာမဟုတ်သော လူငယ်လေးထံ၌ တူဖြင့် ထုချေခံလိုက်ရမည်ဟု မည်သူက ထင်ထားမည်နည်း။

“ကောင်းလိုက်တဲ့အစွမ်း”

ယဲ့ဖန်သည် ပုရွက်ဆိတ်တစ်ကောင်ကို သတ်လိုက်သကဲ့သို့သာ ပြုမူနေပြီး နှုတ်ခမ်းတွန့်ရုံမျှ ပြုံးကာ အလွန် စိတ်ကျေနပ်ဟန်ဖြင့် ချမ်ခွန်းတူကို ကောက်ယူလိုက်သည်။

ယဲ့ဖန် ထွက်သွားရန် ပြင်လိုက်ချိန်တွင် သွေးအဆိပ်ဘိုးဘေး၏ အသားထဲမှ သွေးရောင် ခေါင်းလောင်းတစ်ခု ထွက်ကျလာသည်။

ပြုတ်ကျလာချိန်တွင် ထွက်ပေါ်လာသောအသံကြောင့် ယဲ့ဖန် မျက်ခုံးလှုပ်သွားရသည်။ ထို့နောက် လက်ကိုဆန့်၍ ထိုသွေးရောင် ခေါင်းလောင်းကို ကောက်ယူလိုက်ပြီး သေချာ ကြည့်လိုက်သည်။

ဤခေါင်းလောင်းလေးသည် အလွန်တရာ ရိုးစင်းလှသော်လည်း ခေါင်းလောင်းသံက နှလုံးခုန်နှုန်းက မြန်ဆန် လာစေသည်။ ဤခေါင်းလောင်းသံက လူတစ်ယောက်၏ နှလုံးခုန်နှုန်းကို ထိန်းချုပ်နိုင်ပုံ ရ၏။

လူတစ်ယောက်၏ နှလုံးကို တည်ငြိမ်အောင် လုပ်နိုင်သလို ပေါက်ကွဲအောင်လည်း လုပ်နိုင်လေသည်။

“ထူးဆန်းတဲ့ ရတနာပဲ”

ယဲ့ဖန် အသာပြုံးလိုက်သည်။ ဤသွေးရောင် ခေါင်းလောင်းက ထိပ်တန်း ရတနာ မဟုတ်ဘဲ သင်္ကေတတစ်ခု ဖြစ်သည်ကို သတိထားမိသည်။

ထို့နောက် ယဲ့ဖန်သည် ခေါင်းလောင်းနှင့် ချမ်ခွန်းတူတို့ကို အတူတူ သိမ်းဆည်းလိုက်ပြီး ချောက်နက်၏ ထွက်ပေါက်ဘက်သို့ ဦးတည်ကာ လျှောက်သွားလေသည်။

အလင်းရောင် ထွက်နေသော ထွက်ပေါက်ထဲမှ အပြင်သို့ ယဲ့ဖန် ထွက်လာလိုက်သည်။ ထိုအခါ သူ ခြေချလိုက် သည်နှင့် ကမ္ဘာဦး ချောက်နက်မှ ကျောက်ဆောင်များအစား မြေကြီးပေါ် ခြေချမိသွားသည်။

ချောက်နက်ထဲမှ ထွက်လာသည်နှင့် အပြင်မှ လေဖိအားက သူ့အား ဖိနှိပ်နေသလို ခံစားလိုက်ရသည်။ ဤနေရာမှ လေထုသည် ငရဲဘုံထက် အဆတစ်ရာ ပို၍ လေးလံလေသည်။

ထို့အပြင် လေဟာနယ်က အလွန် မာကြော လှသဖြင့် ထိပ်တန်းအဆင့် သိုင်းပညာရှင်တောင်မှ ဖြိုခွဲရန် ခက်လှသည်။ ဤနယ်မြေတွင် ပျံသန်းရန် ခက်ခဲလှသည်။

“တကယ်ကို သန်မာတဲ့ ဖိနှိပ်ခြင်းစွမ်းအင်ပဲ၊ ယင်ယန်လောကက ငရဲဘုံထက်လည်း ပိုပူသေးတယ်”

“တကယ်လို့ ငရဲဘုံက သာမန်လူတစ်ယောက်သာ ဒီကို လာမိရင် မတ်မတ်တောင် မရပ်နိုင်သေးဘဲ ပူပြင်းတဲ့နေကြောင့် လောင်ကျွမ်းပြီး ပြာဖြစ်သွားလောက်တယ်”

ယဲ့ဖန်၏ အမူအရာက အနည်းငယ် မည်းမှောင်လာသည်။ ဤသို့ ပူပြင်းလှသော နေအပူချိန်နှင့်အတူ ယင်ယန်လောကမှ သိုင်းပညာရှင်များသည် မွေးကတည်းက နတ်ဘုရင်အဆင့်သို့ ရောက်နေလောက်သည်။

ထို့အတူ အရွယ်ရောက်လာပါက ဤလောက၏ လေဖိအားနှင့် ပေါများလှသော ချီဓာတ်များကြောင့် သိုင်းပညာရှင်များသည် ငရဲဘုံက လူများထက် အဆတစ်ရာမက သန်မာနေလေ၏။

“ဒါ ရွှမ်ကျိုးလား”

ယဲ့ဖန်သည် အရှေ့မှ တောအုပ်ကို တစ်ချက်ကြည့်၍ ဆက်လျှောက်လာလိုက်သည်။ ကမ္ဘာဦး ချောက်နက်၏ အစွန်း၌ ရှေးကတည်းက ဖြစ်တည်နေသော တောအုပ်တစ်ခု ရှိသည်။ ဤတောအုပ်တွင်း၌ သစ်ပင်ကြီးများက မိုးထိုးမတတ် မြင့်မားလှပြီး အမြစ်များက ရောယှက်နေသည်။

တောအုပ်တွင်းမှ ရှေးဦးလေများ လွင့်မျောနေသည်။ တောအုပ်အပြင်ဘက်၌ များစွာသော သိုင်းပညာရှင်များ စုဝေးနေ၏။ ထိုလူများထဲမှ အားအနည်းဆုံးလူပင် နတ်သခင်အဆင့် ရှိလေသည်။ ထိုသူများထဲတွင် လောကသခင်အဆင့်များလည်း ရှိပေသည်။ လူပေါင်း ရာချီ၍ စုဝေး၍ စကားပြောဆိုနေကြသည်။

“ချမ်ခွန်းတူ ထွက်ပေါ်လာပြီ၊ မြတ်စွာဘုရား အဲ့ဒါ ဆရာချမ်ခွန်းရဲ့ ရတနာ မဟုတ်လား၊ ဆရာ ချမ်ခွန်းက ရှေးခေတ်က ထိပ်တန်း လူသတ်သမား ဆယ်ယောက်ထဲက တစ်ယောက်လို့လည်း နာမည်ကြီးတာမလား၊ သူ့ရဲ့ သတ်ဖြတ်တဲ့ နည်းလမ်းတွေက မတွေးဝံ့စရာပဲ”

“အဲ့ရတနာက ဘယ်လောက် ကောင်းကောင်းပါကွာ၊ ဒီနေရာကို ချိပ်ပိတ်ထားတာ မင်းတို့ မမြင်ဘူးလား၊ သွေးအဆိပ် ဘိုးဘေးက အထဲဝင်သွားတာ ဆိုတော့ အဲ့တူကို လုရဲတဲ့လူက သေမှာပဲ”

“သွေးအဆိပ်ဘိုးဘေးလား၊ အဲ့ဒီ ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးကလေ၊ ဘယ်လိုလုပ် ငါတို့ ရွှမ်ကျိုးက ရင်ဟွမ်မြို့ကို ရောက်လာတာလဲ”

“…”

များစွာသော သိုင်းပညာရှင်များက ဆူညံပွက်လောရိုက်စွာ ပြောဆိုနေကြသည်။ မည်သူမျှ ချိပ်ပိတ်ထားသည့် အကာအရံထဲသို့ မဝင်ရဲကြချေ။ အထဲ၌ ကြောက်စရာကောင်းသော တစ်စုံတစ်ရာ ရှိနေပြီး ခြေချလိုက်သည်နှင့် သေရမည်ကို ကြောက်နေသည့်ပုံပင်။

တဖြည်းဖြည်းနှင့် အချိန်ကုန်လွန်လာသော်လည်း သွေးအရိပ်ဘိုးဘေး၏ ပုံရိပ်ကို သိုင်းပညာရှင်များ မမြင်ရ သေးပေ။ ထိုအခါ လူအုပ်ကြီးသည် လှုပ်လှုပ်ရွရွ ဖြစ်လာလေသည်။

“အချိန် တော်တော်ကြာနေပြီကို သွေးအဆိပ်ဘိုးဘေးက ထွက်မလာသေးပါလား၊ သူ တူကြောင့် သေသွားတာ များလား”

“ဖြစ်နိုင်တယ်၊ ချမ်ခွန်းတူမှာ ဆရာချမ်ခွန်းရဲ့ သွေးစွမ်းအင်တွေ ပါနေတာ၊ သာမန်လူတွေ လုံးဝ မသိမ်းပိုက်နိုင်ဘူး”

တွေဝေနေသော သိုင်းပညာရှင်တိုင်း၏ မျက်လုံး၌ လောဘ အရိပ်အယောင်များ ယှက်သန်းလာသည်။ ထို့အပြင် သူတို့သည် လောဘစိတ်ကြောင့် ချိပ်ပိတ်အကာအရံထဲ ခြေချရန်ပင် အစီအစဉ် ဆွဲပြီးနေကြသည်။

အားလုံး အထဲသို့ ဝင်ရန် ပြင်လိုက်စဉ်တွင် ခြေသံတစ်သံ ထွက်လာပြီး ယဲ့ဖန်၏ ပုံရိပ်က တဖြည်းဖြည်း ထွက်ပေါ် လာ၏။

ထိုမြင်ကွင်းကြောင့် လူတိုင်း မှင်တက်သွားသည်။ ချိပ်ပိတ် အကာအရံထဲမှ တစ်စုံတစ်ယောက် ထွက်လာ လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ ထို့အပြင် ယဲ့ဖန်က နတ်ဘုရင် အထွတ်အထိပ်အဆင့်မျှသာ ရှိသေးသည်ကို မြင်လိုက်ရပြီးနောက် အားလုံး ဆူညံ ပွက်လောရိုက်သွားသည်။

Chapter 938 ဒါကို ကိုင်နိုင်တဲ့ အရည်အချင်း ရှိလို့လား

ယဲ့ဖန်ကို မြင်လိုက်ရသောအခိုက်တွင် အားလုံး ဆူညံပွက်လောရိုက်သွားသည်။

“နတ်ဘုရင် အဆင့်လား၊ ဟားဟားဟား … လူကြီးတစ်ယောက်က နတ်ဘုရင်အဆင့် သိုင်းပညာရှင်ပဲ ရှိသေးတယ်တဲ့ကွာ၊ အံ့ဩစရာပဲဟေ့၊ မိုက်တယ်ကွာ”

“စဉ်းစားကြည့်ရင်ကွာ ငါတို့ ယင်ယန်လောကက ကလေးတွေတောင် မွေးလာတာနဲ့ နတ်ဘုရင်အဆင့် ရောက်နေပြီ၊ လူကြီးဆို အလိုလို နတ်အဆင့်ကို အဆင့်တက်နေပြီ၊ အစွမ်းကုန် ကြိုးစားမယ်ဆို နတ်သခင် အဆင့်တောင် ရောက်နေမှာကို၊ ဒီကောင်က အခုထိ ကလေးအဆင့်မှာပဲ ရှိနေသေးပါလား”

“ရယ်ရလွန်းလို့ အူတောင်နာတယ်ကွာ၊ ငါ နတ်ဘုရင် အထွတ်အထိပ်အဆင့်ကို ဆယ်နှစ်သားတုန်းက ရောက်ခဲ့တာ၊ ဒီကောင်က ငါ ဆယ်နှစ်သားအရွယ်တုန်းက ခွန်အားပဲ ရှိနေတာပဲ”

“….”

ဘေးပတ်လည်၌ လှောင်ပြောင်ရယ်မောသံများဖြင့် ပြည့်နှက်နေသည်။ ယင်ယန်လောကမှ သိုင်းပညာရှင် တိုင်းသည် ယဲ့ဖန်အား အထင်သေး လှောင်ပြောင်သော အကြည့်များဖြင့် ကြည့်နေကြသည်။

ခွန်အားသည်သာ လေးစားရာ ဖြစ်လေသည်။ အားနည်းသူများသည် အားကြီးသူ၏ သားကောင်သာ ဖြစ်သည်။ ဤသည်မှာ တောဥပဒေသ ဖြစ်လေ၏။ ငရဲဘုံ၌ ထိုဥပဒေသ ရှိသလို ယင်ယန်လောက၌လည်း ထိုနည်းတူပင်။

နတ်ဘုရင်အဆင့် ခွန်အားသည် ယင်ယန်လောက၌ တကယ်ပင် ကလေးငယ်များ၏ အဆင့်သာ ရှိလေသည်။ ဤလောက၏ ဖိအားကြောင့် သာမန် နတ်ဘုရင်အဆင့်တစ်ယောက်သည် သာမန်လူတစ်ယောက်နှင့် အတူတူ လောက်ပင်။

ထိုစဉ် အဓိကနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်က လက်ကာပြ၍ ပြောလာသည်။

“တော်လောက်ပြီ၊ မရယ်နဲ့တော့”

ထိုအဓိကနတ်ဘုရားအဆင့် သိုင်းပညာရှင်၏ စကားကြောင့် ဘေးပတ်လည်မှ လူများအားလုံး ချက်ချင်း တိတ်ကျ သွားသည်။ မည်သူမျှ ပြန်ခံမပြောရဲပေ။ ဤသည်မှာ ခွန်အား၏ သင်္ကေတပင်။

ထိုအဓိကနတ်ဘုရားအဆင့် သိုင်းပညာရှင်က ယဲ့ဖန်အား သိချင်သော အမူအရာဖြင့် စူးစိုက်ကြည့်ကာ လိုရင်း ကိုသာ တန်းမေးလေသည်။

“လူငယ်လေး မင်း ကမ္ဘာဦး ချောက်နက်အစွန်းက လာတာလား”

ထိုမေးခွန်းကြောင့် လူတိုင်း နားစွင့်လာကြသည်။ သူတို့အားလုံး၏ စိတ်ထဲတွင် ချိပ်ပိတ်အကာအရံကို ကျော်ဖြတ်၍ ကမ္ဘာဦး ချောက်နက်အစွန်းသို့သွားပြီး ချမ်ခွန်းတူကို လိုက်ရှာချင်ကြသည်။ သို့သော် သွေးအဆိပ် ဘိုးဘေး၏ ချိပ်ပိတ် အကာအရံကို ကြောက်လန့်၍သာ မလှုပ်ရှားဘဲ ငြိမ်နေခြင်း ဖြစ်သည်။

နတ်ဘုရင်အဆင့်သာ ရှိသော ယဲ့ဖန်က ချိပ်ပိတ် အကာအရံထဲမှ ထွက်လာသောကြောင့် အထဲမှ အကြောင်းအရာ များကို သိပေလိမ့်မည်။

လူတိုင်း၏ လောဘဇောကပ်နေသော အမူအရာကို ကြည့်ပြီး ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ဖန် ဝန်ခံသည်ကို တွေ့လိုက်ရပြီးနောက် ဘေးပတ်လည်မှ လူများအားလုံး ပို၍ စိတ်လှုပ်ရှားလာကြသည်။ နတ်ဘုရင်အဆင့် သိုင်းပညာရှင်တောင်မှ ချိပ်ပိတ် အကာအရံထဲမှ အန္တရာယ်ကင်းကင်းဖြင့် ထွက်လာနိုင် သောကြောင့် သွေးအဆိပ် ဘိုးဘေး ထွက်သွားခြင်း သို့မဟုတ် သေသွားခြင်း ဖြစ်လောက်သည်။

ထိုသို့တွေးမိပြီးနောက် အဓိကနတ်ဘုရားအဆင့် သိုင်းပညာရှင်သည် စိတ်လှုပ်ရှားကာ မျက်နှာ နီမြန်းလာ၏။ ထို့နောက် သူ အလျင်အမြန် ထပ်မေးလိုက်သည်။

“မင်း အနက်ရောင်ဝတ်ရုံနှင့်လူကို မြင်လိုက်လား”

“အနက်ရောင်ဝတ်ရုံနဲ့မို့ သူ့မျက်နှာကို သေချာ မမြင်ရဘူးလေ၊ သူ့အရှိန်အဝါက အေးစက်ပြီး ကြောက်စရာ ကောင်းတယ်”

ထိုအဓိကနတ်ဘုရားအဆင့် သိုင်းပညာရှင် ပြောနေသောသူသည် သွေးအဆိပ်ဘိုးဘေးပင် ဖြစ်သည်။ ယဲ့ဖန်ကမူ ပခုံးတွန့်၍ ခေါင်းခါပြလိုက်လေသည်။

ထိုအခါ သိုင်းပညာရှင် အယောက်တစ်ရာလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။ သူတို့ မစောင့်နိုင် ကြတော့ချေ။

ယခု သွေးအဆိပ် ဘိုးဘေးက အထဲ၌ မရှိတော့သည်မှာ သေချာနေသဖြင့် ချိပ်ပိတ် အကာအရံထံသို့ အသည်းအသန် ပြေးသွားကြလေသည်။

တစ်ခဏအတွင်းမှာပင် အဓိက နတ်ဘုရား တစ်ပါးနှင့် နတ်သခင်အဆင့်အချို့သာ ကျန်ရစ်ခဲ့သည်။ ချိပ်ပိတ် အကာအရံထံသို့ ပြေးသွားကြသော လူများကို ကြည့်ပြီး မေးခွန်းများ မေးနေခဲ့သော အဓိကနတ်ဘုရားအဆင့် သိုင်းပညာရှင်က ပျက်ရယ်ပြုလာသည်။

“အရူးတွေ”

“နတ်ဘုရင်အဆင့်လေးက ကမ္ဘာဦး ချောက်နက်အစွန်းကနေ ထွက်လာတာလေ၊ ဒါက မူမမှန်ဘူးဆိုတာကို သူတို့ သတိမထားမိကြဘူးလား”

ထိုသို့ပြောပြီးနောက် အဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင်က ယဲ့ဖန်အား လောဘတက်၍ ကောက်ကျစ်သော အမူအရာဖြင့် လှည့်ကြည့်လာသည်။

“ငါ ခန့်မှန်းရမယ်ဆိုရင် ဩဇာကြီးတဲ့ သွေးအဆိပ်ဘိုးဘေးက ဒီနေရာကို တစ်ခါလေးမှ ပေါ်မလာခဲ့လောက်ဘူး”

“ချမ်ခွန်းတူ ထွက်ပေါ်လာတော့ လူတစ်ယောက်က သွေးအဆိပ်ဘိုးယေးအဖြစ် ဟန်ဆောင်ပြီး အားလုံးကို ဟန့်တားလိုက်တာပဲ ဖြစ်မယ်၊ ဒါမှ သူတို့ တူကို လုမယူရဲမှာပေါ့”

“နောက်တော့ အဲ့လူက ချမ်ခွန်းတူကို ရသွားမယ်၊ ပြီးရင် အဲ့လူက နတ်ဘုရင်အဆင့်အဖြစ် ဖုံးဖိပြီး ထောင်ထောင် ထောင်ထောင်နဲ့ ထွက်လာမယ်”

“အဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင်၏ စကားကြောင့် ကျန်နတ်သခင်အဆင့်များ ထိတ်လန့်သွားသည်။

*သွေးအဆိပ် ဘိုးဘေးအဖြစ် ဟန်ဆောင်တယ်*

*နတ်ဘုရင်အဆင့်အဖြစ် ဖုံးဖိတယ်*

နတ်သခင်အဆင့် သိုင်းပညာရှင်များသည် မျက်မှောင်ကြုတ်၍ စဉ်းစားနေကြသည်။ သူတို့ စဉ်းစားလေလေ အဓိက နတ်ဘုရားအဆင့်၏ စကားများက ဖြစ်နိုင်သည်ဟု တွေးမိလာလေလေ ဖြစ်လာသည်။

သွေးအဆိပ်ဘိုးဘေးသာ ဤနေရာသို့ အမှန်တကယ် ရောက်နေပါက နတ်ဘုရင်အဆင့်လေးက သူ ချိပ်ပိတ် ထားသော အကာအရံထဲ၌ ဘယ်လိုလုပ် ဟိုသွားဒီသွား လုပ်နေနိုင်မည်နည်း။

နတ်သခင်အဆင့် သိုင်းပညာရှင်များ ဝမ်းသာအားရ ဖြစ်သွားကြသည်။ ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန် ပြောင်းလဲ ထားခြင်း ဖြစ်မည်ဟု ထင်သွားကြလေသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ယဲ့ဖန် ထွက်မပြေးနိုင်အောင် ဝိုင်းဖွဲ့၍ ပိတ်ဆို့လိုက်သည်။

အားလုံးက ယဲ့ဖန်ကို ထီမထင်ဟန်ဖြင့် အေးစက်စွာ ကြည့်နေကြသည်။ အဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင်သာ အမိန့်ပေးလိုက်ပါက သူတို့ ချက်ချင်း ယဲ့ဖန်ကိုသတ်၍ ရတနာကို လုယူမည် ဖြစ်သည်။

ထိုစဉ် အဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင်က ရှေ့သို့လှမ်းလာပြီး ယဲ့ဖန်ကို ပြုံး၍ စိုက်ကြည့်နေသည်။

“လူငယ်လေး ဟန်ဆောင်မနေနဲ့တော့၊ ချမ်ခွန်းတူ ထုတ်ပေး”

ထိုအခိုက်တွင် လေထုအခြေအနေက လေးလံ ထိုင်းမှိုင်းလာသည်။ နတ်သခင်အဆင့် သိုင်းပညာရှင်အချို့သာမက အဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင်သည်လည်း ယဲ့ဖန်ကို အသေသတ်ရန် အဆင်သင့် ဖြစ်နေကြသည်။

ထိုအခါ ယဲ့ဖန် ရယ်မောလိုက်မိသည်။ ဤအဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင်က ထက်မြက်ပြီး မိုက်ရူးရဲ ဆန်လိမ့်မည်ဟု သူ ထင်မထားမိပေ။ ထိုအဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင်ပြောသော စကား၌ တစ်ခွန်းသာ မှန်သည်။

“မင်းက ဒါကို လိုချင်တာလား”

ထိုသို့ပြောပြီး ယဲ့ဖန် လက်ကိုလှုပ်၍ တူတစ်လက်ကို ထုတ်လိုက်သည်။ ထိုတူ၏ အပေါ်၌ ရဲရဲနီသော မှော်စာလုံးများ ထွင်းထုထားသည်။

အနီရောင် အလင်းများ ဖြာထွက်နေသဖြင့် သွေးများဖြင့် ရွှဲနစ်နေသည်ဟု ထင်မှတ်ရပြီး ခက်ထန် ကြမ်းကြုတ်သော အငွေ့အသက်မျိုး ထွက်ပေါ်နေ၏။

ယဲ့ဖန်လက်ထဲမှ ချမ်ခွန်းတူကို မြင်ပြီး အဓိက နတ်ဘုရားအဆင့်နှင့် နတ်သခင်အဆင့်များ ဝမ်းသာအားရ ဖြစ်သွားလေသည်။

*တကယ်ပဲကိုး*

*အဓိက နတ်ဘုရား သိုင်းပညာရှင်က တကယ် ထက်မြက်တာပဲ၊ သူက တစ်ချက်ကြည့်ရုံနဲ့ အဲ့လူငယ်ကို ထိုးဖောက်ကြည့်သလို သိနေတယ်*

လက်ရှိအချိန်တွင် ဘေးနားမှ နတ်သခင်အဆင့် သိုင်းပညာရှင်များက အဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင်အား အလွန်အမင်း လေးစားလာကြသည်။

“လူငယ်လေး မင်း ငါ့ဆီ တူကို ပေးမယ်ဆိုရင် ငါ မင်းကို အသက်ချမ်းသာခွင့် ပေးမယ်၊ ဘယ်လိုလဲ”

အဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင်သည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီမြန်းနေ၏။ သူသည် ယဲ့ဖန်၌ ချမ်ခွန်းတူ ရှိလောက်သည်ဟုသာ ခန့်မှန်းမိသဖြင့် ချဲ့ကားပြောဆိုလိုက်ခြင်း ဖြစ်သည်။ သို့သော် မထင်မှတ်ဘဲ ကြက်ကန်းဆန်အိုး တိုးသွားလေသည်။

ထိုအဓိကနတ်ဘုရားအဆင့် သိုင်းပညာရှင်၏ မျက်လုံးတွင် လောဘဇောများ ကပ်နေပြီး စိတ်လှုပ်ရှားလွန်းသဖြင့် နှလုံးပေါက်ထွက်မတတ် ဖြစ်နေသည်။ သူ့စိတ်ထဲတွင် အသေသတ်ရန် စဉ်းစားထားပြီးသား ဖြစ်သည်။

ယဲ့ဖန်သာ တူကို ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ သတ်ပစ်မည်ဟု ဆုံးဖြတ်ထားသည်။ ယဲ့ဖန် သေသွားမှာသာ သူ သတင်းကို ပိတ်ဆို့နိုင်မည် ဖြစ်ပြီး ချမ်ခွန်းတူက မည်သူ့လက်ထဲ ရောက်နေသလဲ ဆိုသည်ကို ဘယ်သူမှ မသိနိုင်တော့ပေ။

သူ လှုပ်ရှားရန် အဆင်သင့် ပြင်လိုက်ချိန်တွင် ယဲ့ဖန်က လက်ကိုဆန့်၍ ချမ်ခွန်းတူကို ပေးလာသည်။ ထို့နောက် တစ်ခြားသို့ လှည့်ထွက်သွား၏။

“ရော့ မင်းကို ပေးလိုက်ပြီ”

ဤအဖြစ်ကြောင့် ထိုသူသာမက နတ်သခင်အဆင့် သိုင်းပညာရှင်များပင် အံ့အားသင့်သွားလေသည်။ ဤလက်နက်သည် အစွမ်းထက်သော လူသတ်လက်နက် ဖြစ်ပြီး အဖိုးတန် ရတနာလည်း ဖြစ်သည်။ ဤသည်ကို ယဲ့ဖန်က တွေဝေမနေဘဲ ပေးလာသဖြင့် အားလုံး မယုံသင်္ကာ ဖြစ်သွားကြသည်။

“ဟားဟားဟား … လက်ရှိ အခြေအနေကို နားလည်တဲ့ လူတော်တစ်ယောက်ပဲ၊ ငါ မင်းကို တကယ် ကျေးဇူးတင်တယ်”

ထိုအဓိကနတ်ဘုရားအဆင့် သိုင်းပညာရှင် ဝမ်းသာပီတိဖြစ်နေ၏။ ထိုသို့ပြောနေရင်းနှင့် သူက လှုပ်ရှားလာသည်။

“စိတ်ချ ငါ မင်းကို သေချာပေါက် ဆုချမှာ”

ထိုသို့ပြောပြီး သူက လက်ထဲမှ ချမ်ခွန်းတူကို မြှောက်လိုက်သည်။ ထို့နောက် သူက ကောက်ကျစ်စဉ်းလဲစွာ ပြုံးလေသည်။

“မင်းအတွက် ဆုက … သေဒဏ်ပဲ”

ထို့နောက်တွင်မူ သူက ချမ်ခွန်းတူကို ကိုင်၍ ရုတ်တရက် ခုန်ပျံလိုက်ပြီး ယဲ့ဖန်ကို တူဖြင့် ထုချလေသည်။ ဤအဖြစ်အား နတ်သခင်အဆင့် သိုင်းပညာရှင်များက ဂရုမစိုက်ပေ။ ဤသို့ ဖြစ်လာလိမ့်မည်ဟု သူတို့ ခန့်မှန်းမိပုံ ရသည်။

သူတို့စိတ်ထဲတွင် နတ်ဘုရင်အဆင့်လေး တစ်ယောက်ကို သတ်လိုက်ခြင်းက ပုရွက်ဆိတ်တစ်ကောင်ကို နင်းသတ်လိုက်သည်ဟုသာ သဘောထားလေသည်။

သို့သော် အားလုံး ပျက်ရယ်ပြုနေရာမှ ကြက်သေ သေသွားကြသည်။ အဘယ်ကြောင့်ဆိုသော် အဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင် ကိုင်ဆွဲထားသော ချမ်ခွန်းတူက အောက်သို့ ကျမလာသည်ကို သူတို့ တွေ့လိုက်ရ သောကြောင့်ပင် ထိုအစား ထိုသိုင်းပညာရှင်သည် အေးခဲနေသကဲ့သို့ နေရာမှာတင် တောင့်တင်းနေ၏။

သူတို့ ထိတ်လန့်နေစဉ်မှာပင် ထိုအဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင်၏ ခန္ဓာကိုယ်၌ အက်ရာများ ထင်ဟပ် လာသည်။ ထို့နောက် ထိုသူသည် ချက်ချင်း ကွဲကြေကာ ပြာဖြစ်သွားလေတော့သည်။

ထိုသူ သေသွားသဖြင့် ချမ်ခွန်းတူ အောက်သို့ ပြုတ်ကျလာတော့မည့်အချိန်တွင် ယဲ့ဖန်က တူကို လှမ်းယူလိုက်သည်။

“ဒီတူကို ငါ ကိုင်နိုင်လို့လားလို့ မင်းတို့ ပြောခဲ့တာလေ ဟုတ်တယ်မလား”

Chapter 939 နတ်ဆိုး

“ဒီတူကို ကိုင်နိုင်လို့လား”

ယဲ့ဖန်၏ စကားကြောင့် ဘေးနားမှ နတ်သခင်အဆင် သိုင်းပညာရှင်များ တုန်လှုပ်သွားသည်။ သူတို့အားလုံးသည် မြေကြီးပေါ်မှ ပြာပုံကို ကြည့်ပြီး မျက်လုံးပြူးနေကြသည်။

အဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်က မည်သို့မျှ တုံ့ပြန်ချိန်မရလိုက်ဘဲ ပြာဖြစ်ကာ သေဆုံး သွားရသည်။ ဤအဖြစ်က သူတို့အားလုံးကို ရင်တုန်သွားစေသည်။ ထို့အပြင် ယဲ့ဖန်၏ ပြုံးနေသော အမူအရာကြောင့် သူတို့ အိပ်မက်မက်နေသည်ဟု ထင်မှတ်မိသွားသည်။

“ဒါ … ဒါကို သူ လုပ်လိုက်တာလား”

ယဲ့ဖန် မည်သို့လှုပ်ရှားလိုက်သလဲ သူတို့ မမြင်လိုက်ပေ။ ဤသို့ တုန်လှုပ်ဖွယ်ကောင်းသော နည်းလမ်းကြောင့် နတ်သခင်အဆင့် သိုင်းပညာရှင်များ လိပ်ပြာလွင့်မတတ် ကြောက်လန့်လာသည်။

“မဟန်တော့ဘူး၊ ဒီလူမှာ ဖုံးကွယ်ထားတဲ့ အစွမ်း ရှိတယ်”

“မြန်မြန် … ပြေးတော့”

ထိုအခိုက်တွင် နတ်သခင်အဆင့် သိုင်းပညာရှင်များသည်‌ ကြောက်လန့်နေသော ယုန်များသဖွယ် အရပ်မျက်နှာ အနှံ့သို့ ထွက်ပြေးလေတော့သည်။

လက်ရှိအချိန်တွင် နတ်သခင်အဆင့် သိုင်းပညာရှင်များသည် အားကုန်သုံး၍ သုတ်ခြေတင် ပြေးနေကြသည်။ သူတို့၏ သွေးပျက်နေပုံက နတ်ဆိုးတစ်ကောင်နှင့် ဆုံတွေ့လိုက်ရသလိုပင်။

ဤသည်ကိုကြည့်ပြီး ယဲ့ဖန်က ခေါင်းအသာခါလိုက်သည်။ ထို့နောက် သူတို့ကို ကြည့်မနေဘဲ ရှေ့သို့ ဆက်လှမ်းသွားသည်။

သူ ခြေလှမ်းလှမ်းလိုက်သည်နှင့် ထွက်ပြေးနေသော နတ်သခင်အဆင့် သိုင်းပညာရှင်များ ရုတ်တရက် တုန်လှုပ်သွားသည်။ သူတို့၏ ခန္ဓာကိုယ်များသည် ခဲဆွဲထားသကဲ့သို့ မလှုပ်နိုင်ဘဲ ရပ်နေကြသည်။ သူတို့သည် အကြောများ သေသကဲ့သို့ ဖြစ်ကာ တစ်စက်ကလေးမျှ မလှုပ်နိုင်တော့ပေ။

အားလုံး ကြောက်လန့်လာကြသည်။ ထို့နောက် နဂါးပေါက်ကဲ့သို့သော အနက်ရောင် မြူခိုးမျှင်က သူတို့၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသည်။

“အား…”

အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။ အနက်ရောင် မြူခိုးက ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက် သွားချိန်တွင် ထိုမြူခိုးက နဂါးပေါက်အသွင် ပြောင်းသွားပြီး သွေးကြောများအတွင်း၌ လှုပ်ရှား သွားလာကာ သူတို့၏ အသားနှင့် သွေးတို့ကို ဆက်တိုက်ဝါးမျိုလေသည်။

ပြင်းထန်လှသည့် ဝေဒနာကြောင့် သူတို့ ဟစ်အော်မိသည်။ သူတို့ဘေးမှ ယဲ့ဖန် ဖြတ်လျှောက်သွားချိန်တွင် နတ်သခင်အဆင့် သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက် အက်ကွဲကာ ပြာဖြစ်သွားကြသည်။

ထိုအရာအားလုံးကို ယဲ့ဖန်က အရေးမထားချေ။ ပုရွက်ဆိတ်တစ်ချို့ကိုသာ သတ်လိုက်သည်ဟု သဘောထား နေ၏။

“ယင်ယန်လောကကို သွေးနဲ့ ရှင်းလင်းချိန်တန်ပြီ”

ယဲ့ဖန်က ကျယ်ပြောလှသော ယင်ယန်လောကကို ကြည့်ပြီး အသာပြုံးလိုက်သည်။ ထို့နောက် အရှေ့၌ ရှိနေသော မြို့ထံသို့ ဦးတည်၍ လျှောက်သွားလေသည်။

ယဲ့ဖန် ထွက်သွားပြီးသည်နှင့် ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထိုနေရာ၌ ပြာပုံအချို့သာ ကျန်ရစ် ခဲ့သည်။

တစ်ခဏအကြာ၌ လေတိုးသံများ ထွက်ပေါ်လာပြီး ကမ္ဘာဦး ချောက်နက်အစွန်းထံသို့ ဝင်သွားကြသော သိုင်းပညာရှင်များ ပြန်ထွက်လာသည်။

အပြင်၌ မည်သူမျှ မရှိသည်ကိုမြင်ပြီး အားလုံး မျက်နှာသုန်မှုန်သွား၏။

“ချီးတဲ့မှပဲ၊ နတ်ဘုရင်အဆင့်လေးရဲ့ လှည့်စားတာကို ခံလိုက်ရတယ်လို့ကွာ၊ ချမ်ခွန်းတူက အဲ့ကောင် လက်ထဲမှာပဲ ဖြစ်ရမယ်”

“အဓိကနတ်ဘုရား ခူးမူရော၊ သူ အဲ့နတ်ဘုရင်အဆင့်ကောင်ရဲ့ နောက်ကို လိုက်သွားတာလား”

“…”

သိုင်းပညာရှင်များ အံ့ဩနေကြသည်။ ယခင်က သူတို့သည် ယဲ့ဖန်စကားကို ကြားပြီးသည်နှင့် ကမ္ဘာဦးချောက်နက် အစွန်းသို့ အသည်းအသန် ပြေးဝင်သွားခဲ့သည်။ သို့သော် အထဲ၌ ဘာမှမရှိပေ။

ချမ်ခွန်းတူ မဆိုထားနှင့် ဆံပင်တစ်ချောင်းပင် မတွေ့ရချေ။ ထိုအခါတွင်မျ သူတို့ အလှည့်စားခံလိုက်ရကြောင်း သိလိုက်ကြရသည်။

သူတို့ ယဲ့ဖန်ကို ခေါက်တုံ့ခေါက်ပြန် လိုက်ရှာသော်လည်း ယဲ့ဖန်၏ ခြေရာခက်ရာ အစအနကိုသာ တွေ့ရလေသည်။

“သွားပြီ၊ ငါတို့ ခြေတစ်လှမ်း နောက်ကောက်ကျကျန်ခဲ့ပြီ၊ အဲ့သောက် နတ်ဘုရင်နဲ့ ချမ်ခွန်းတူက အရှင်ခေးမူ လက်ထဲ ရောက်နေတာပဲ ဖြစ်မယ်”

အားလုံး သက်ပြင်းချလာကြသည်။ ထိုစကားကို ကြားပြီးနောက် ဦးဆောင်လာသော နတ်သခင်အဆင့် သိုင်းပညာရှင်များက ခေါင်းခါလာသည်။

“မှားတယ်”

သိုင်းပညာရှင်တိုင်း အံ့ဩသွားပြီး လှည့်ကြည့်လာကြသည်။ ထိုအခါ ဦးဆောင်ခဲ့သော နတ်သခင်အဆင့် သိုင်းပညာရှင်များက မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်ချ၍ ပြာမှုန့်များကို အနံ့ခံကြည့်နေသည်။

ထို့နောက် ထိုသိုင်းပညာရှင်များ မယုံနိုင်စရာကောင်းသော တစ်စုံတစ်ရာကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့် တုန်လှုပ်ကာ ကြောက်လန့်လာသည်။

ဤအဖြစ်ကြောင့် ကျန်လူများအားလုံး တွေဝေသွားသည်။ ထို့နောက် နတ်သခင်အဆင့် သိုင်းပညာရှင်များ အော်ဟစ်ပြောဆိုလိုက်သော အသံကြောင့် လူတိုင်း မှင်တက်သွားလေသည်။

“အလောင်း၊ ဒါ ခေးမူရဲ့ အလောင်းပြာပဲ”

ထိုစကားကြောင့် လူတိုင်း နားကြားမှားသည်ဟုသာ ထင်သွားကြသည်။ သူတို့ ထွက်သွားကြသည်မှာ ဆယ့်ငါးမိနစ်မျှသာ ရှိသေးသည်။ အဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင်ဖြစ်သော ခေးမူက ဘယ်လိုလုပ် သေသွားမည်နည်း။

သို့ရာတွင် ထိတ်လန့်မှုက ဤမျှနှင့် ရပ်မသွားဘဲ အော်ပြောသံများ ဆက်တိုက် ထွက်ပေါ်လာ၏။

“ပြီးတော့ ဒီမှာ၊ ဒါ … ဒါ နတ်သခင်အဆင့် မင်လောင်ရဲ့ ပြာ”

“ချီးပဲဟေ့၊ နတ်သခင်အဆင့် ခုန်ရှင်းလည်း သေသွားပြီ …”

“…”

အော်သံများ တစ်သံပြီးတစ်သံ ထွက်လာပြီးနောက် ခေးမူနှင့် နတ်သခင်အဆင့် သိုင်းပညာရှင်များအားလုံး ပြာဖြစ်သွားသည်ကို အားလုံး ထိတ်လန့်တကြား သိလိုက်ရသည်။

သိုင်းပညာရှင်များ၏ နဖူးမှ ချွေးစေးများ ထွက်လာကာ အံ့ဩမှင်တက်နေကြသည်။ ဆယ့်ငါးမိနစ်ဟူသော အချိန်တိုလေးအတွင်း၌ အဓိက နတ်ဘုရားအဆင့်နှင့် နတ်သခင်အဆင့် သိုင်းပညာရှင်များ အသတ်ခံ လိုက်ရလေသည်။

“ဒါ နတ်ဘုရင်အဆင့် သိုင်းပညာရှင်ရဲ့ လက်ချက်များလား”

သိုင်းပညာရှင်တစ်ယောက် ပြောလာသော စကားကြောင့် အားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။

*နတ်ဘုရင်အဆင့်ကလား*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လူတိုင်း ထိတ်လန့်ကာ အံ့ဩသွားသည်။ ယဲ့ဖန်၌ ဖုံးကွယ်ထားသော ခွန်အားမရှိဘဲ တကယ်ပင် နတ်ဘုရင် အဆင့်သာ ရှိသည်ဟု သူတို့ ခံစားမိခဲ့သည်။

နတ်ဘုရင်အဆင့် သိုင်းပညာရှင်လေးက ခေးမူနှင့် အခြားသူများကို သတ်လိုက်သည်ဟု သူတို့ ပြောပါက မည်သူမှ ယုံမည်မဟုတ်ပါ။ သို့သော် သူ မဟုတ်လျင် မည်သူ ရှိနိုင်ဦးမည်နည်း။

လက်ရှိအချိန်၌ ထိုနေရာတစ်ခုလုံး၏ အခြေအနေက လေးလံထိုင်းမှိုင်းနေ၏။ ဦးဆောင်နေသော နတ်သခင် အဆင့် သိုင်းပညာရှင်များ မျက်နှာမည်းမှောင်နေသည်။ ထိုစဉ် တစ်စုံတစ်ယောက်က ထပြောလာသည်။

“အဲ့နတ်ဘုရင်အဆင့် လုပ်တာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ ဒီကိစ္စက သူနဲ့ ဆက်စပ်နေတာတော့ သေချာပဲ၊ ချမ်ခွန်းတူကလည်း သူ့ဆီမှာပဲ ဖြစ်နိုင်တယ်”

ထိုသူသည် ပြောပြီးသည်နှင့် မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။

“ငါတို့မြို့မှာ မိုင်တစ်ရာအတွင်း မြို့ငယ်လေး တစ်ခုပဲ ရှိတယ်၊ အဲ့ဒါ ရင်ဟွမ်မြို့ငယ်ပဲ၊ အဲ့မြို့ကို သဲကန္တာရနဲ့ ကြောက်စရာကောင်းတဲ့ မိစ္ဆာသားရဲတွေ ဝိုင်းနေတာ”

“အဲ့ကောင်က ရင်ဟွမ်မြို့ကို သွားတာပဲ ဖြစ်ရမယ်”

ထိုအခါ အားလုံး ခေါင်းညိတ်ထောက်ခံကြသည်။ ယင်ယန်လောကတွင် အဆိပ်အင်းဆက်သားရဲသည် ကြောက်စရာ ကောင်းလှသည်။ မိမိ၌ ထိပ်တန်းခွန်အား ရှိနေလျင်တောင်မှ သဲကန္တာရထဲ တစ်ကိုယ်တည်း လျှောက်သွားခြင်းက သေလမ်းရှာခြင်းပင်။

ထိုနတ်ဘုရင်အဆင့် သိုင်းပညာရှင်သည် ရင်ဟွမ်မြို့ကို သွားလိုက်တာ ဖြစ်နိုင်၏။

“ကဲ … ပြန်ပြီး သတင်းဖြန့်လိုက်ကြ”

“ချမ်ခွန်းတူကို အနက်ရောင်ဝတ်စုံနဲ့ နတ်ဘုရင်အဆင့်လူက ယူသွားတယ်လို့ သတင်းဖြန့်လိုက်၊ ပြီးတော့ ခေးမူက ဟွမ်မိသားစုရဲ့ ဧည့်သည်တော်ပဲ၊ သူ သေသွားတဲ့အကြောင်းကို ဟွမ်မိသားစုကိုပါ ပြောပြလိုက်”

“ဘာပဲဖြစ်ဖြစ် အဲ့နတ်ဘုရင်ကို ရှင်းမှရမယ်”

ဟွမ်မိသားစု။ ထိုနာမည်ကို ကြားသည်နှင့် အားလုံး လေးစားဟန်များ ပေါ်လာသည်။ ထိုမိသားစုသည် ရင်ဟွမ်မြို့၏ မိသားစုကြီးနှစ်ခုထဲမှ တစ်ခုဖြစ်ပြီး ရှေးဟောင်း အမွေအနှစ် မိသားစု ဖြစ်သည်။ သာမန်လူများက ထိုမိသားစုကို နည်းနည်းလေးမျှ ရန်မရှာရဲပေ။

ယဲ့ဖန်က ဟွမ်မိသားစု၏ ဧည့်သည်တော်ကို သတ်လိုက်သဖြင့် သူ့အား စောင့်ကြိုနေသည်က ဟွမ်မိသားစု၏ လက်စားချေခြင်းသာ ဖြစ်ပေမည်။

ထိုသို့တွေးမိပြီးနောက် အားလုံးက ခေါင်းညိတ်ပြီး ရင်ဟွမ်မြို့သို့ အတူတကွ ပြန်လာကြသည်။ သို့သော် သူတို့ မသိလိုက်သည်က သူတို့ ရင်ဆိုင်နေရသည့်သူမှာ သားကောင်မဟုတ်ဘဲ နတ်ဆိုးတစ်ကောင် ဖြစ်နေသည်ဟူသော အချက်ပင်။

All Chapters