အခန်း (၉၄၀-၉၄၂)
Vol. 63 Ch. 940-942
Chapter 940 ဟွမ်အာ၏ သတင်း
ရင်ဟွမ်မြို့၊ ဤမြို့သည် မိုင်တစ်ရာအတွင်း တည်ရှိသည့် တစ်ခုတည်းသော လူသားမြို့တော် ဖြစ်သည်။ မြို့ထဲ၌ လူပေါင်းများစွာတို့ဖြင့် ပြည့်နှက်နေ၏။
ယဲ့ဖန်သည် ရင်ဟွမ်မြို့ထဲသို့ ဝင်လိုက်သည်နှင့် ဤမြို့ထဲတွင် နတ်အဆင့် သိုင်းပညာရှင်များက နေရာတကာ၌ ရှိနေသည်ကို တွေ့လိုက်ရသည်။ နတ်အဆင့်များ ပေါများလှပြီး ကလေးအချို့တောင်မှ နတ်ဘုရင်အဆင့်သို့ ရောက်နေလေသည်။
ဤမြင်ကွင်းကြောင့ ယဲ့ဖန် တစ်ခဏမျှ စိတ်ဓာတ်ကျသွားသည်။ ယင်ယန်လောကက အမှန်တကယ် ကြောက်စရာ ကောင်းသည်ကိုတော့ သူ ဝန်ခံရပေမည်။
ဤမြို့ငယ်လေးတစ်ခုမှ သိုင်းပညာရှင်များ၏ တိုက်ပွဲဝင်ခွန်အားနှင့်တင် ငရဲဘုံမှ စကြဝဠာအား ရှင်းလင်း နိုင်ပေသည်။
ယဲ့ဖန် စိတ်ဓာတ်ကျနေရုံသာမက ရင်ဟွမ်မြို့ထဲမှ လမ်းသွားလမ်းလာများကလည်း ယဲ့ဖန်အား မကောင်းဆိုးဝါး တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။
*လူကြီးတစ်ယောက်က နတ်ဘုရင်အဆင့်ပဲ ရှိသေးတာလား*
သိုင်းပညာရှင်တိုင်းက အထင်သေးဟန်အပြည့်ဖြင့် ကြည့်နေကြသည်။ သူတို့အမြင်တွင် ယဲ့ဖန်သည် သူတို့ ရင်ဆိုင်ရန်ပင် အရည်အချင်း မရှိသူ ဖြစ်သည်။
သူတို့သည် ယဲ့ဖန်ကိုတောင်မှ လက်ညှိုးထိုး၍ သုံးစားမရသော အမှိုက်ကို ကြည့်သကဲ့သို့ ကြည့်ကာ ဟားတိုက် ရယ်မောနေလေသည်။
လူတိုင်းက အထင်အမြင်သေးနေကြသော်လည်း ယဲ့ဖန်သည် ဆင်တစ်ကောင်က ပုရွက်ဆိတ်အုံကို အရေးမစိုက် သကဲ့သို့ အဖက်မလုပ်ဘဲ လမ်းဆက်လျှောက်၍ ဆိုင်များကိုသာ ဆက်ကြည့်နေသည်။
ဆိုင်းဘုတ်တစ်ခုကို မြင်လိုက်ရပြီးနောက် သူ ရပ်သွားသည်။ ထိုဆိုင်းဘုတ်၌ ရွှမ်ဖုန်းအာ သတင်းစုဆောင်းရေး ဟူသော စာလုံးအား ရေးထွင်းထားသည်။ ဤဆိုင်သည် သတင်းအမျိုးအစား မျိုးစုံကို စုစည်းရောင်းချသော ဆိုင် ဖြစ်သည်။
ယဲ့ဖန်သည် ဟွမ်အာ၏ သတင်းကို စုံစမ်းချင်သဖြင့် ဆိုင်ထဲ ဝင်လိုက်သည်။ ထိုအချိန်တွင် ဆိုင်ထဲ၌ မည်သူမှ မရှိဘဲ စူးရှသော မျက်လုံးများနှင့် ဆိုင်ရှင်တစ်ယောက်တည်းသာ ရှိပြီး ပျင်းရိပျင်းတွဲဖြင့် လက်ဘက်ရည် သောက်နေ၏။
ယဲ့ဖန် ဝင်လာသည်ကို မြင်သည်နှင့် ဆိုင်ရှင်က ခပ်သွက်သွက် ထရပ်ကာ ပြုံး၍ နှုတ်ဆက်လေသည်။
“ဧည့်သည်ကြီး၊ ခင်ဗျား သတင်း ဝယ်ချင်လို့လား”
“ကျုပ် ကြွားတာတော့ မဟုတ်ပင်မယ့် ရင်ဟွမ်တစ်မြို့လုံးမှ ကျုပ် မသိတာ ဘာမှ မရှိဘူးဗျ”
ဆိုင်ရှင်က ကိုယ့်ရင်ဘတ်ကိုယ် ပုတ်၍ ကြွားဝါပြောဆိုလေသည်။ သူ့စကားကြောင့် ယဲ့ဖန် အသာပြုံးလိုက်သည်။
“ကျုပ် ရင်ဟွမ်မြို့အကြောင်း မေးချင်တာ မဟုတ်ဘူး၊ လူတစ်ယောက်ရဲ့ သတင်းကို မေးချင်တာ”
ယဲ့ဖန်၏ အမူအရာကို ကြည့်ပြီး ဆိုင်ရှင်၏ မျက်နှာက လေးနက်သွားကာ တည်တည်ငြိမ်ငြိမ် ပြန်မေးလာသည်။
“မေးပါ”
“ကျိုထျန်းရွှမ်နွီ”
ထိုနာမည်ကို ကြားလိုက်ရသည့်အခိုက်တွင် ဆိုင်ရှင် တုန်လှုပ်သွားပြီး နောက်သို့ ဆုတ်မိသွားသည်။ သူ့မျက်နှာက သရဲသဘက်နှင့် တွေ့လိုက်ရသကဲ့သို့ ကြောက်ရွံ့ပုံ ပေါ်လာသည်။
“ဧည့် … ဧည့်သည်ကြီး၊ ခင်ဗျားက သူ ဘာလုပ်နေသလဲ ဆိုတာကို သိချင်တာလား၊ လူသားအရှင်သခင်က ကျိုထျန်းရွှမ်နွီအကြောင်း ဘယ်သူမှ မပြောဖို့ အမိန့်ပေးထားတာကို မသိဘူးလား”
“ပြောမိရင် အသတ်ခံရမှာ”
ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ လူသားအရှင်သခင်က ကျိုထျန်းရွှမ်နွီ နတ်သမီးအား ဤမျှ အလေးထားပြီး သတိပေးစာ ထုတ်ထားလိမ့်မည်ဟု သူ ထင်မထားမိပါ။
တစ်စုံတစ်ရာကို တွေးမိပြီးနောက် ယဲ့ဖန်၏ မျက်လုံးများက နက်မှောင်လာသည်။
“ကမ္ဘာဦး ယန်ကျောက်တုံး တစ်ရာ၊ ငါ့ကို သိသမျှ အကုန်ပြောပြ”
ကမ္ဘာဦး ယန်ကျောက်တုံးသည် ယင်ယန်လောက၌ သိုင်းပညာရှင်များအတွက် အလွန်အရေးပါသော အရာ ဖြစ်သည်။ ကမ္ဘာဦး ယန်ကျောက်တုံး တစ်တုံးစီ၌ တုန်လှုပ်ဖွယ်ကောင်းသော ယန်ချီဓာတ်များ ပါဝင်၏။
ခန္ဓာကိုယ်ကို သန်မာလာအောင် ပြုလုပ်ပေးနိုင်ရုံသာမက နတ်ဘုရားစွမ်းအင်ကိုပါ သိပ်သည်းအောင် ပြုလုပ် ပေးနိုင်သည်။
အထူးသဖြင့် ကမ္ဘာဦး ယန်ကျောက်တုံး၏ တန်ဖိုးသည် အလွန် ဈေးကြီးလှသည်။ ရှေးဦး ယန်ကျောက်တုံး ဆယ်တုံးက ယင်ယန်ဒင်္ဂါး တစ်သိန်းနှင့် ညီမျှသည်။ ထိုတန်ဖိုးက ဆိုင်တစ်ဆိုင် ဝယ်နိုင်သည်ထက်ပင် ပိုနေသေးသည်။
ယခုအခါတွင် ယဲ့ဖန်က ကမ္ဘာဦး ယန်ကျောက်တုံး တစ်ရာကို ပေးလာသဖြင့် ထိုပမာဏကို တွေးပြီး သူ နှလုံးခုန် ရပ်မတတ် ဖြစ်သွားသည်။ သူ့ဘဝ၌ ကမ္ဘာဦး ယန်ကျောက်တုံး တစ်ရာကို တစ်ခါမှ မမြင်ဖူးချေ။
ဆိုင်ရှင်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်ထဲမှ ထိတ်လန့်မှုနှင့် လောဘစိတ်ကို ဖိနှိပ်လိုက်သည်။ ထို့နောက် သူသည် တစ်ခဏမျှ တွေဝေနေပြီးနောက် ပြောပြလိုက်သည်။
“ကျုပ် … ငါးရာ လိုချင်တယ်”
သာမန်လူများသာ ကြားသွားပါက ဤဆိုင်ရှင် ရူးသွားပြီဟု ထင်မိသွားလောက်သည်။ ထိုပမာဏသည် မိသားစုလေး တစ်ခု၏ ပိုင်ဆိုင်မှုအားလုံးနှင့် ညီမျှလေ၏။
သို့ရာတွင် ယဲ့ဖန်က ခေါင်းညိတ်ပြပြီး လက်ကိုလှုပ်၍ ဟင်းလင်းပြင်အိတ် တစ်အိတ်ကို ထုတ်ပေးလိုက်သည်။ ဆိုင်ရှင်သည် ထိုအိတ်ကို ဖွင့်ကြည့်လိုက်ပြီးနောက် စိတ်လှုပ်ရှားကာ သွေးခုန်နှုန်း ရပ်မတတ် ဖြစ်သွားသည်။ သူ၏ လောဘစိတ်နှင့် ပူလောင်မှုတို့ကို မဖုံးဖိနိုင်တော့ချေ။
“ကမ္ဘာဦး ယန်ကျောက်တုံး ငါးရာ၊ ဟားဟားဟား … ငါ နောက်ဆုံးတော့ ရှေးဦးယန် ကျောက်တုံး ငါးရာကို ပိုင်ဆိုင်ပြီကွ”
ဆိုင်ရှင်၏ ဝမ်းသာပီတိဖြစ်နေဟန်ကို ယဲ့ဖန် အရေးမစိုက်ပေ။ ကမ္ဘာဂြိုဟ်ပေါ်၌ သူ ရှေးဟောင်းလက်စွပ် သုံးဆယ့်နှစ်ကွင်းကို စုဆောင်းခဲ့ပြီး ရှေးဟောင်း နတ်ဘုရား စိတ်ဝိညာဉ် သုံးဆယ်နှစ်ခုကို ဖမ်းဆီးခဲ့သည်။
ထို့နောက် ယင်ယန်လောကမှ ရှေးဟောင်းမိသားစုကြီးများကို ခြိမ်းခြောက်၍ အကျပ်ကိုင်ခဲ့သည်။ ထို့ကြောင့် သူ့၌ ရှေးဦး ယန်ကျောက်တုံးများ မရေတွက်နိုင်အောင် ရှိလေသည်။
ရှေးဦး ယန်ကျောက်တုံး ငါးရာသည် သူ့အတွက် ရေတစ်စက်လောက်မျှသာ ရှိသည်။
“အခု မင်း ပြောတော့”
ယဲ့ဖန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ သူ့စကားကြောင့် ဆိုင်ရှင် တုန်ယင်သွားပြီး ဝမ်းသာနေဟန်လည်း ပျောက်သွားသည်။ ထို့နောက် သူက ဘေးဘီကို ဝေ့ကြည့်လေသည်။ မည်သူမှ ဖြတ်သန်းသွားလာခြင်း မရှိတာ သေချာသည့်အချိန်ကျမှ သူ ခပ်တိုးတိုး ပြောလေသည်။
“ဧည့်သည်ကြီး ကျိုထျန်းရွှမ်နွီ နတ်သမီးက အရင်က နတ်သမီး နန်းတော်ရဲ့ အရှင်သခင်ပဲ၊ အင်အားကြီးလွန်းလို့ ဘယ်သူမှ ရန်မစရဲဘူး”
“ဒါပေမဲ့ တစ်နေ့ကျတော့ လူသားအရှင်သခင်ရဲ့ အကြီးဆုံးတပည့်ဖြစ်တဲ့ ယင်ယန်လောကက နံပါတ်တစ် ပါရမီရှင်က နတ်သမီးရဲ့ နန်းတော်နားကနေ ဖြတ်သွားခဲ့တယ်၊ အဲ့ကနေ ကျိုထျန်းရွှမ်နွီ နတ်သမီးကို အမှတ်မထင် မြင်သွားပြီးတော့ ဇနီးအဖြစ် သိမ်းပိုက်ချင်တော့ ဆက်တိုက် လိုက်ပိုးပန်းတယ်လေ”
“ဒါပေမဲ့ သူက ကျိုထျန်းရွှမ်နွီကို ဒေါသထွက်အောင်ပဲ လုပ်လိုက်မိတော့ တိုက်ခိုက်မိသွားတယ်လေ၊ နောက်တော့ သူ ရှုံးသွားတယ်”
*ရှုံးသွားတာလား*
ရွှယ်ယွမ်သည် ယင်ယန်လောက၏ နံပါတ်တစ် ပါရမီရှင်ဟု ခေါ်ဆိုခြင်း ခံရသဖြင့် သူ၏ခွန်အားက မထင်မှတ်လောက်အောင် သန်မာပေသည်။ သို့သော် မထင်မှတ်ဘဲ ကျိုထျန်းရွှမ်နွီက သူ့ထက် ပိုသန်မာနေ၏။ ရွှယ်ယွမ်တောင်မှ သူမထံ၌ ရှုံးသွားရသည်။
ဆိုင်ရှင်၏ မျက်နှာတွင် လေးစားအားကျဟန်များ ပြည့်နှက်နေ၏။
“အဲ့တိုက်ပွဲက ယင်ယန်လောကတစ်ခုလုံးကို တုန်လှုပ်သွားစေတာလေ၊ ကျိုထျန်းရွှမ်နွီရဲ့ နာမည်ကို လူတိုင်း သိသွားကြတယ်”
“ပြီးတော့ ရွှယ်ယွမ်က နံပါတ်တစ် ပါရမီရှင် ဖြစ်နေပြီးတော့ သူ့သိက္ခာ ကျသွားရတော့ အရှက်ရသွားတယ်လေ၊ အဲ့ဒါကြောင့် သူက ဒေါသထွက်ပြီး သူ့ဆရာ လူသားအရှင်သခင်ကို သတင်းပို့လိုက်တာ”
လူသားအရှင်သခင်၏ နာမည်ကို ပြောနေချိန်တွင် ဆိုင်ရှင်သည် ကြောက်စိတ်ကြောင့် တုန်ယင်နေ၏။
“လူသားအရှင်သခင် အံ့ဩသွားသလို ဒေါသလည်း ထွက်သွားတယ်၊ သူက တော်ဝင်နန်းတော်က မဟာ အရှင်သခင် လေးယောက်ကို ခေါ်ပြီး ကျိုထျန်းရွှမ်နွီရဲ့ နန်းတော်ကို သွားတယ်”
“သူက တစ်ခုပဲ ပြောတယ်၊ အဲ့ဒါက ကျိုထျန်းရွှမ်နွီ နတ်သမီးကို သူ့တပည့် ရွှယ်ယွမ်နဲ့ အတင်း လက်ထပ် ခိုင်းတာပဲ”
“ကျိုထျန်းရွှမ်နွီမှာ တစ်သက်လုံး ပုံအပ်ချစ်ရမယ့်သူ ရှိနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ သူမက သေရင်တောင် လက်မထပ်နိုင်ဘူးတဲ့”
“သူ စစ်ပွဲကို စမယ့်အချိန်မှာပဲ နန်းတော်က မိုးကြိုးနတ်ဘုရား၊ မီးနတ်ဘုရား စတဲ့လူအားလုံးရဲ့ သစ္စာ ဖောက်တာကို ခံလိုက်ရတယ်၊ ပြီးတော့ သူ အငိုက်ဖမ်း တိုက်ခိုက်တာ ခံလိုက်ရပြီးတော့ ဒဏ်ရာ အပြင်းအထန် ရသွားတယ်”
ဟွမ်အာက သူမလူများ၏ သစ္စာဖောက်ခြင်း ခံရပြီး အငိုက်ဖမ်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရသွားကြောင်း သိလိုက်ရချိန်တွင် ယဲ့ဖန်၏ မျက်လုံးများက အေးစက်လာသည်။
“ီးပဲ”
သူ့စိတ်ထဲတွင် လူသတ်လိုစိတ်များ ပြည့်နှက်လာ၏။
*ဒီတစ်ခါလည်း မိုးကြိုးနတ်ဘုရားပဲလား*
*ပြီးတော့ မီးနတ်ဘုရား၊ လေနတ်မင်းနဲ့ တစ်ခြားသူတွေတောင် ပါလိုက်သေးတယ်*
*အားလုံး … သေသင့်တယ်*
ယဲ့ဖန်၏ အမူအရာကို ကြည့်ပြီး ဆိုင်ရှင် တုန်ယင်သွားသည်။ ထို့နောက် သူ မျက်မှောင်ကြုတ်ကာ တွေးလိုက် မိသည်။
“ဘယ်လိုလုပ် နတ်ဘုရင်အဆင့်လေးက ငါ့ကို ခေါင်းမွေးထောင်သွားသလို ခံစားချက်မျိုး ရအောင် လုပ်နိုင် ရတာလဲ”
သူ ယဲ့ဖန်၏ ခွန်အားကို သေချာလေ့လာလိုက်သည်။ တစ်ဖက်လူက နတ်ဘုရင်အဆင့်သာ ရှိသည်ကို အတည်ပြု မိပြီးနောက် ဆိုင်ရှင်သည် ခေါင်းခါ၍ ထိုအတွေးကို မေ့ပစ်လိုက်သည်။
“ပြီးတော့ ဘာဆက်ဖြစ်လဲ”
ယဲ့ဖန်က လေသံမာမာဖြင့် မေးလိုက်သည်။
“ကျိုထျန်းရွှမ်နွီ အပြင်းအထန် ဒဏ်ရာရပြီးတော့ လူသားအရှင် ဖမ်းချုပ်တာကို ခံလိုက်ရတယ်၊ သုံးလကြာရင် ကျိုထျန်းရွှမ်နွီနဲ့ ရွှယ်ယွမ်တို့ရဲ့ လက်ထပ်ပွဲကို ကျင်းပတော့မှာ”
“ပြီးတော့ ကျိုထျန်းရွှမ်နွီရဲ့ နန်းတော်က အရာအားလုံးကို လူသားအရှင်သခင် သိမ်းသွားပြီးတော့ နန်းတော်က လူအားလုံးက လူသားအရှင်သခင် လက်အောက်ကို ဝင်သွားကြပြီ”
Chapter 941 ငါ မင်းတို့ကို ပေးလိုက်မယ်
*ဒဏ်ရာ အပြင်းအထန်ရပြီး အဖမ်းခံလိုက်ရတယ်*
*သုံးလအတွင်း လက်ထပ်ရလိမ့်မယ်*
ကြားလိုက်ရသည့် သတင်းများကြောင့် ယဲ့ဖန်၏ မျက်လုံးက ပို၍အေးစက်လာသည်။
“အခမ်းအနားကို တက်နိုင်ဖို့ ဘာတွေ လိုအပ်လဲ”
လူသားအရှင်သခင်၏ အင်အားသည် အလွန် ကြီးမားပြီး ယင်ယန်လောကအား နှစ်သန်းချီ အုပ်စိုးနေခဲ့သူ ဖြစ်သည်။
ယာမာတောင်မှ လူသားအရှင်သခင်၏ နောက်ကွယ်၌ ကောင်းကင်ဘုံ ယန်နယ်မြေမှလူ ရှိနေလိမ့်မည်ဟု သံသယ ဝင်နေခဲ့သည်။ ထို့ကြောင့် ယဲ့ဖန် ထောင်ချောက်ထဲသို့ မိမိသဘောနှင့် မိမိ ဝင်မည် မဟုတ်ပါ။ သူ အခြားသော နောက်ခံတစ်ခု ရှိရန် လိုအပ်သည်။
“ပွဲတော်အခမ်းအနားကို နှစ်တစ်ရာပြည့်တိုင်း ကျင်းပလေ့ ရှိတယ်၊ အဲ့ပွဲကို တက်ရောက်ခွင့် ရသူတိုင်းက ယင်ယန် ပြည်နယ် ခုနစ်ခုက ထိပ်သီးပုဂ္ဂိုလ်တွေချည်းပဲ”
“ပြီးတော့ ငါတို့ ရွှမ်ကျိုးက ယင်ယန်ပြည်နယ်ခုနစ်ခုထဲမှာ အားအနည်းဆုံးပဲ၊ အဲ့တော့ အခမ်းအနားကို တက်နိုင်တဲ့ပုဂ္ဂိုလ်က တစ်ယောက်စ နှစ်ယောက်စပဲ ရှိတယ်”
ဆိုင်ရှင်သည် ပြောပြီးသည်နှင့် ယဲ့ဖန်အား စပ်စုချင်ဟန်ဖြင့် ကြည့်လာသည်။
“လူငယ်လေး မင်းက ကျိုထျန်းရွှမ်နွီ အကြောင်းလဲ မေးတယ်၊ ပြီးတော့ အခမ်းအနားကိုလည်း တက်ချင်နေတယ် ဆိုတော့”
“မင်းက ကျိုထျန်းရွှမ်နွီရဲ့ ငယ်ချစ်ဦးလား၊ အလှလေးကို လာကယ်တဲ့ သူရဲကောင်းလေးပေါ့ ဟုတ်လား၊ ဟားဟားဟား …”
ဆိုင်ရှင်က ဟက်ဟက်ပက်ပက် ရယ်မောလေသည်။ နတ်ဘုရင်အဆင့်လေးက ဘယ်လိုလုပ် ကျိုထျန်းရွှမ်နွီ၏ ငယ်ချစ်ဦး ဖြစ်နိုင်ပါမည်နည်း။ သူက ယဲ့ဖန်ကို လှောင်ပြောင်ချင်၍သာ ထိုသို့ ပြောလိုက်ခြင်း ဖြစ်ပေသည်။
သူ၏ အပြုအမူအား ယဲ့ဖန်က အရေးစိုက်မနေတော့ဘဲ တစ်ဖက်လှည့်၍ ထွက်သွားရန် ပြင်လိုက်သည်။ လက်ရှိအချိန်တွင် သူသည် အားနည်းလွန်းသေးသည်။ သုံးလအတွင်း လူသားအရှင်သခင်နှင့် ယင်ယန်လောက တစ်ခုလုံးမှ သိုင်းပညာရှင်များကို တိုက်ခိုက်ရန် သူ မြန်နိုင်သမျှမြန်မြန် ခွန်အားကြီးလာမှ ဖြစ်မည်။
ယဲ့ဖန် ဆိုင်ထဲက ထွက်မသွားရသေးခင်မှာပင် ကောင်းကင်ယံမှနေ၍ ငှက်တစ်ကောင်က လျှပ်စီးသဖွယ် လျင်မြန်စွာ ပျံသန်းလာ၏။ ထို့နောက် ဆိုင်ထဲသို့ ဝင်လာပြီး ဆိုင်ရှင်၏ ပခုံးထက်၌ နားနေလေသည်။
ထိုငှက်ကိုကြည့်ပြီး ဆိုင်ရှင်က အားပါးတရ ပြုံးလိုက်ပြီး ငှက်ပေါ်မှာ မှော်စာလုံးကို ဆွဲယူလိုက်သည်။
“ကဲ ဘာသတင်းလေးများ ရလာသလဲ ကြည့်ရတာပေါ့”
ထိုသို့ပြောပြီး ဆိုင်ရှင်က လက်တစ်ဖက်ကို လှုပ်ခါလိုက်သည်။ ထိုအခါ မှော်စာလုံးထဲမှ သတင်းက သူ၏ အတွေးနယ်ပယ်ထဲသို့ ဝင်ရောက်လာသည်။ သို့သော် သတင်းကို သိလိုက်ပြီးသည်နှင့် သူ ထိတ်လန့်သွားသည်။ ထို့နောက် သူ့မျက်လုံး၌ ဝမ်းသာအားရ ဖြစ်ကာ လောဘရိပ်များ ထင်ဟပ်လာ၏။
ထို့အပြင် သူက ထွက်သွားရန် ပြင်နေသည့် ယဲ့ဖန်ကို ရုတ်တရက် လှမ်းတားလေသည်။
“ဧည့်သည့်ကြီး ခဏနေပါဦး”
ထိုအခါ ယဲ့ဖန်က ဇဝေဇဝါဖြင့် ဆိုင်ရှင်ကို ပြန်လှည့်ကြည့်လိုက်သည်။
“ဘာကိစ္စ ရှိလို့လဲ”
ဆိုင်ရှင်က ယဲ့ဖန်ကို သေသေချာချာ ကြည့်လာသည်။ သူ ကြည့်လေလေ ပိုပြုံးလာလေလေ ဖြစ်သည်။ ထို့နောက် သူက ယဲ့ဖန်ကို ပြုံး၍ ပြောလေသည်။
“နောက်ထပ် သတင်းတစ်ခုကို ငါ အလကား ပေးမလို့”
*သတင်း*
ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ဤလောဘကြီးသော ဆိုင်ရှင်က ထိုမျှ ကြင်နာလိမ့်မည်ဟု သူ မယုံကြည်ပါ။ သူ နှုတ်ခမ်းတွန့်ရုံမျှ ပြုံး၍ ပြန်ပြောလိုက်သည်။
“ပြော”
“အဟမ်း အဟမ်း ကျုပ် ပြောမယ့် သတင်းက …”
ထိုသို့ပြောနေချိန်တွင် ဆိုင်ရှင်သည် ပြုံးနေရာမှ ကောက်ကျစ်သော အမူအရာမျိုး ဖြစ်လာပြီး သတ်ဖြတ် ချင်ဟန်ဖြင့် ပြောလာသည်။
“မင်း သေတော့မယ်ဆိုတာပဲ”
ဆိုင်ရှင်၏ စကားအဆုံး၌ ဆိုင်တံခါးအား အပြင်ဘက်မှ ဖျက်ဆီးလာပြီးနောက် လူရိပ်များ ဝင်လာသည်။ တစ်ယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ။ မျက်တောင်တစ်ခတ် အတွင်းမှာပင် လူတစ်ရာက ဆိုင်၏ အတွင်းနှင့် အပြင်ဘက်တို့၌ နေရာယူလာကြပြီး ယဲ့ဖန်ကို ဝိုင်းလာသည်။
အားလုံးက လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေ၏။ ထိုလူတစ်ရာထဲတွင် နတ်သခင်အဆင့်များ ပါရှိသလို အဓိက နတ်ဘုရားအဆင့်လည်း ပါဝင်လေသည်။
အားလုံးက ယဲ့ဖန်ကို အမဲဖြတ်ခံရတော့မည့် သိုးပေါက်ကို ကြည့်သကဲ့သို့ ရက်စက်ခက်ထန်စွာ ကြည့်နေကြသည်။ ထို့အပြင် ဆိုင်ရှင်က အဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်ထံ ပြေးသွားပြီး ပြုံး၍ ပြောသည်။
“အရှင်ရွှမ်ကျုံး၊ ခင်ဗျား ပြောတာမှန်သမျှကို ကျွန်တော် လုပ်ပြီးပါပြီ”
“အဲ့ဒါ ကျွန်တော့်အတွက် ဆုက …”
ဆိုင်ရှင်က လက်ကိုပွတ်ရင်း လောဘတက်နေသော မျက်နှာဖြင့် ပြောလေသည်။ သူ၏အမူအရာကြောင့် အဓိက နတ်ဘုရားအဆင့် ရွှမ်ကျုံးက အထင်သေးသလို ပြုံး၍ ဟင်းလင်းပြင်အိတ်တစ်အိတ်ကို ပစ်ပေးလိုက်သည်။
“ဒါ ကမ္ဘာဦး ယန်ကျောက်တုံး တစ်ရာပါတဲ့အိတ်ပဲ၊ ယူလိုက်”
ဆိုင်ရှင်က အလျင်အမြန် ဖမ်းယူလိုက်ပြီး အိတ်ကိုဖွင့်ကြည့်လိုက်သည်။ ထိုအခါ သူ၏အပြုံးက ပို၍ ပီပြင်လာသည်။ သူ အိတ်ကို သတိထား၍ ပြန်သိမ်းဆည်းလိုက်ပြီး ကျိတ်၍ ဂုဏ်ယူနေ၏။
အချိန်တိုအတွင်း၌ ကမ္ဘာဦး ယန်ကျောက်တုံး ခြောက်ရာတိတိ ရလာလိမ့်မည်ဟု သူ ထင်မထားမိပေ။ ထို့နောက် ဆိုင်ရှင်က အဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင်နှင့် လူအုပ်ကြီးကို ပြုံး၍ ပြောလေသည်။
“အရှင်၊ ဒီလူက ကျွန်တော့်ကို ကျိုထျန်းရွှမ်နွီ နတ်သမီးအကြောင်း မေးနေခဲ့တာပါ”
“ပြီးတော့ အခမ်းအနားကို တက်နိုင်ဖို့ ဘာတွေလိုလဲလို့လဲ မေးပါသေးတယ်၊ သူ ပြောတဲ့စကားကို နားထောင်ကြည့်ရသလောက်ဆို သူက ကျိုထျန်းရွှမ်နွီရဲ့ ငယ်ချစ်ဦး ဖြစ်ပြီးတော့ မိန်းမလှလေးကို ကယ်ချင်တဲ့ သူရဲကောင်းပုံစံ ချိုးချင်နေတဲ့ပုံပါပဲ”
ထိုစကားကြောင့် ရွှမ်ကျုံးနှင့် အခြားသူများ မှင်တက်သွားသည်။ ထို့နောက် ယဲ့ဖန်၏ ခွန်အားကို ပြန်ကြည့်၍ ခွက်ထိုးခွက်လန် ရယ်မောကြသည်။
“ဟားဟားဟား … နတ်ဘုရင်အဆင့်လေးက ကျိုထျန်းရွှမ်နွီအကြောင်း စုံစမ်းတယ်ဟုတ်လား၊ တကယ်ကို ငန်းသား စားချင်တဲ့ ဖားပဲကွ”
“ဟေ့ကောင် မင်းကိုယ်မင်း မှန်ထဲ ပြန်မကြည့်ခဲ့ဘူးလား၊ မင်းအဆင့်လေးနဲ့ လူသား အရှင်သခင်လက်ထဲကနေ မိန်းမလှလေးကို ကယ်ချင်နေတယ်ပေါ့”
“လူသားအရှင်သခင်ဆီ သွားဖို့ မပြောနဲ့၊ ဒီနေ့ မင်း ဒီတံခါးကနေတောင် ဖြတ်သွားလို့ မရနိုင်ဘူးကွ”
“…”
သိုင်းပညာရှင် အယောက်တစ်ရာတို့သည် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။ ထိုအခိုက်တွင် ယဲ့ဖန်က အလွန်အမင်း တည်ငြိမ်နေ၏။ ဤအဖွဲ့က သူ မြို့ပြင်၌ တွေ့ခဲ့သော လူများ ဖြစ်သည်ကို သူ တန်း၍ မှတ်မိပါသည်။ ဤလူများသည် တူကို လိုချင်နေသော လူများပင်။
ထိုစဉ် အဓိကနတ်ဘုရားအဆင့် ရွှမ်ကျုံးသည် ရှေ့သို့ တိုးလာပြီး ယဲ့ဖန်အား စဉ်းလဲစွာပြုံး၍ စိုက်ကြည့်လေသည်။
“လူငယ်လေး၊ အရှင်ခေးမူနဲ့ တစ်ခြားသူတွေ သေသွားတဲ့ကိစ္စက မင်းနဲ့ ပတ်သက်နေလား”
“ချမ်ခွန်းတူက မင်းလက်ထဲမှာလား”
အရှင်ရွှမ်ကျုံး၏ စကားက လမ်းသွားလမ်းလာများကို အံ့ဩသွားစေသည်။
*အရှင်ခေးမူ သေသွားတယ်*
*ချမ်ခွန်းတူ*
ထိုအခိုက်တွင် လမ်းသွားလမ်းလာများသည် သွားလာနေရာမှ ရပ်တန့်၍ ဆိုင်တွင်းသို့ လှမ်းကြည့်လာသည်။ အားလုံး၏ လောဘတက်နေသော အကြည့်အောက်၌ ယဲ့ဖန်က အသာပြုံးလိုက်သည်။
“ဟုတ်တယ်ဆို ဘာလုပ်မလို့လဲ”
သူ့စကားကြောင့် လူတိုင်း ဆူညံပွက်လောရိုက်သွားသည်။ ယဲ့ဖန် ဝန်ခံလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ အားလုံး၏ မျက်လုံးတွင် ထိတ်လန့်ကြောက်ရွံ့မှုနှင့် လောဘစိတ်တို့ ပြည့်နှက်လာသည်။ ယဲ့ဖန်က အရှင်ခေးမူကို မည်သို့ သတ်လိုက်သလဲ သူတို့ မစဉ်းစားတတ်တော့ပေ။ ချမ်ခွန်းတူကို သူ မည်သို့မည်ပုံရသွားသလဲ ဆိုသည်ကို ပို၍ မတွေးတတ်တော့ချေ။
အရှင်ရွှမ်ကျုံးက နှုတ်ခမ်းသပ်၍ ပို၍လောဘကြီးလာသော အမူအရာဖြင့် ပြောလာသည်။
“အဲ့တူကို ငါ့ကို ပေး၊ ဒါဆို ငါ မင်းကို မြန်မြန်သေအောင် လုပ်ပေးမယ်”
“မဟုတ်လို့ကတော့ မင်း ဟွမ်မိသားစုရဲ့ ဧည့်သည်တော် အရှင်ခေးမူကို သတ်လိုက်တဲ့သတင်းသာ ဟွမ်မိသားစုရဲ့ နားထဲ ရောက်သွားမယ်ဆိုရင် မင်း ဘယ်လိုသေလို့ သေသွားရမှန်း သိမှာ မဟုတ်ဘူး”
အရှင်ရွှမ်ကျုံးသည် ယဲ့ဖန်ကို အလွန် မနာလိုဖြစ်ကာ ထိတ်လန့်နေသည်။ တစ်ဖက်သူက အရှင်ခေးမူကို သတ်ခဲ့ကြောင်း ဝန်ခံထားသည် မဟုတ်ပါတကား။
သို့သော် သူနှင့် နတ်သခင်အဆင့် သိုင်းပညာရှင် အယောက်တစ်ရာတို့ ရှိနေသည်ကို တွေးမိပြီး သူ၏ ကြောက်စိတ်က လွင့်ပြယ်သွားပြီး ယဲ့ဖန်အား သိုးပေါက်ကို ကြည့်သကဲ့သို့ ကြည့်လာ၏။ သူသည်သာမက ဘေးနားမှ နတ်သခင်အဆင့် သိုင်းပညာရှင်များကလည်း ဆက်တိုက် အော်ပြောလေသည်။
“ချမ်ခွန်းတူကိုပေး၊ မပေးရင် မင်းကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်”
“ဟမ့် သုံးစားမရတဲ့ နတ်ဘုရင်အဆင့်က ချမ်ခွန်းတူလို ရတနာမျိုးကို လိုချင်နေတယ်လား၊ စိတ်ကူးယဉ်မနေဘဲ မြန်မြန်ပေး”
“သူ့ကို သတ်ပြီး ချမ်ခွန်းတူကို ယူလိုက်တာ ပိုကောင်းမယ်၊ ပြီးမှ သူ့အလောင်းကို ဟွမ်မိသားစုဆီ ကြိုက်သလို လုပ်ဖို့ ပေးလိုက်တာပေါ့”
“…”
လက်ရှိအချိန်၌ ဘေးပတ်လည်မှ လူများအားလုံးက ကြမ်းတမ်းစွာ ပြောဆိုနေကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်အား ထိပ်တန်း ရတနာနှင့် မထိုက်တန်သော သေးနုပ်သော လူတစ်ယောက်ဟု သတ်မှတ်ထားသည်။
အော်သံများ တစ်သံပြီးတစ်သံ ထွက်လာပြီး သူတို့၏ အမူအရာကြောင့် ယဲ့ဖန်၏ မျက်လုံးက ပိုမိုအေးစက် လာသည်။
“ကောင်းပြီလေ၊ မင်းတို့က တူကို လိုချင်မှတော့ ပေးရတာပေါ့”
ထိုသို့ပြောပြီး သူက လက်တစ်ဘက်ဖြင့် အနီရောင် မှော်စာလုံးများ ဖြာထွက်နေသာ တူကို ထုတ်ယူလိုက်ပြီး အရှေ့သို့ အားဖြင့် ထုချလိုက်သည်။
ဒုန်း!
ချမ်ခွန်းတူသည် ရုတ်တရက် တောင်တစ်လုံးနီးနီး ကြီးမားလာပြီး အရှေ့မှ သိုင်းပညာရှင်များကို ထုသတ် လေသည်။
Chapter 942 ဟွမ်မိသားစု၏ သခင်လေး ဟွမ်ကျီ
“မင်းတို့က တူကိုလိုချင်မှတော့ ပေးရတာပေါ့”
ထိုစကားကြောင့် လူတိုင်း ဝမ်းသာအားရ ဖြစ်သွားကြသည်။ အထူးသဖြင့် ယဲ့ဖန် ချမ်ခွန်းတူကို ထုတ်လိုက်သည်ကို မြင်ပြီး အားလုံး၏ လောဘစိတ်က ဒီရေအလား တိုးပွားလာ၏။
ထိုတူသည် ယင်ယန် ထိပ်သီးရတနာများထဲမှ ထိပ်တန်းအဆင့်ရှိသော ချမ်ခွန်းတူ ဖြစ်သည်။ တူကို မြင်သည်နှင့် အားလုံး သွေးပွက်ပွက်ဆူလာသလို ခံစားလိုက်ရသည်။
အားလုံး ရှေ့တိုး၍ လုယူရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် ချမ်ခွန်းတူက အပေါ်သို့ မြောက်တက်သွားပြီး တောင်တစ်လုံးနီးနီး ကြီးမားလာကာ အောက်မှလူများကို အရှိန်ဖြင့် ထုချလေသည်။
ဒုန်း!
သိုင်းပညာရှင်များသည် တစ်စက်ကလေးမှပင် မအော်လိုက်ရဘဲ တူအောက်၌ ပေါက်ကွဲပိပြား၍ သေဆုံး သွားကြသည်။ ဦးခေါင်းခွံ ပေါက်ကွဲကာ အရိုးများ ကျိုးကြေသွားပြီး အသားပြား ဖြစ်သွားကြလေသည်။
တူဖြင့်ထုလိုက်သောကြောင့် ကြမ်းပြင်၌ တွင်းချိုင့်တစ်ခု ဖြစ်သွားသည်။ ချမ်ခွန်းတူမှနေ၍ ရဲရဲနီသော သွေးစက်များ စီးကျနေသည်။ လူတစ်ဒါဇင်ကျော်မျှ သေသွားရသည်။
ကျန်သိုင်းပညာရှင်များသည် ရင်တုန်ပန်းတုန်ဖြစ်ကာ ထိတ်လန့်တုန်လှုပ်နေကြသည်။ အားလုံး မျက်လုံး အပြူးသားဖြင့် သွေးအိုင်ကို ငေးကြည့်ပြီး အသက်ရှူရပ်လာသလို ခံစားလိုက်ရသည်။
*သေသွားပြီ*
*သိုင်းပညာရှင် တစ်ဒါဇင်ကျော်လောက်က၊ နတ်သခင် အထွတ်အထိပ်အဆင့် ရောက်နေတဲ့သူတွေက*
*ပုရွက်ဆိတ်တွေကို သတ်သလိုမျိုး အသတ်ခံလိုက်ရတယ်*
အားလုံး သတိပြန်ဝင်လာပြီးနောက် ဆိုင်အတွင်းနှင့် အပြင်ဘက်တွင် အုတ်အော်သောင်းနင်း ဖြစ်လာလေသည်။
“ီးပဲ၊ မင်း လူသတ်သမား၊ လူမြင်ကွင်းမှာတောင် လူသတ်ရဲတယ်ပေါ့လေ”
“ဂျူနီယာညီလေး၊ အား … မင်း ငါ့ဂျူနီယာညီလေးကိုတောင်မှ သတ်ရဲတယ်”
“နတ်ဘုရင်အဆင့်လေးနဲ့ ငါတို့လူ တစ်ဒါဇင်ကျော်ကို သတ်တယ်ပေါ့လေ၊ သူ့ကို သတ်ကွာ”
“…”
ထိုအခိုက်တွင် လူတစ်ဒါဇင်ကျော်လောက် အသက်ခံလိုက်ရသဖြင့် ကျန်လူများအားလုံး ဒေါသူပုန်ထသွားကြပြီး ယဲ့ဖန်ထံ ပြေးဝင်လာသည်။
ဤအဖြစ်ကြောင့် အနားမှ ဆိုင်ပိုင်ရှင် မှင်တက်နေ၏။ ယဲ့ဖန်က ဤမျှ သေလမ်းရှာနေလိမ့်မည်ဟု သူ ထင်မထားမိချေ။ ယခု လူအားလုံး ဒေါသထွက်နေသဖြင့် သူ မလွဲမသွေ သေရပေတော့မည်။
ဤသို့တွေးမိပြီးနောက် ဆိုင်ရှင်သည် ခေါင်းတခါခါဖြင့် ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လေသည်။ သို့သော် ထိုအခိုက်တွင် သူ အလွန်အမင်း တုန်လှုပ်သွားရသည့် မြင်ကွင်းတစ်ခု ဖြစ်ပွားလာ၏။
ဒုန်း! ဒုန်း! ဒုန်း!
ယဲ့ဖန်က ချမ်ခွန်းတူကို ကိုင်ဆွဲ၍ ပြေးတက်လာသည့် လူများအား ဆက်တိုက် ထုနှက်၍ သတ်ဖြတ်လေသည်။
ဂျွတ်!
နတ်သခင်အဆင့်တစ်ယောက် သေသွားလေသည်။
ဂျွတ်!
နောက်ထပ် နတ်သခင်အဆင့်တစ်ယောက် သေသွားပြန်သည်။
….
ယဲ့ဖန်လက်ထဲမှ ချမ်ခွန်းတူသည် တူတစ်လက်နှင့် မတူတော့ဘဲ ယင်ရိုက်တံတစ်ခုနှင့် တူနေ၏။ ၎င်းဖြင့် ရိုက်သတ်လိုက်သည့် လူတိုင်း သေဆုံးသွားရသည်။
လက်ရှိအချိန်တွင် ဆိုင်အတွင်းနှင့် အပြင်ဘက်တို့၌ တွင်းချိုင့်များ ဖြစ်ပေါ်လာပြီး ထိုချိုင့်ထဲ၌ သွေးများဖြင့် ပြည့်နှက်နေ၏။ ထို့နောက် သွေးများက ရောစပ်သွားပြီး ချောင်းသဖွယ် စီးဆင်းလာသည်။
တစ်ခဏအတွင်းမှာပင် သိုင်းပညာရှင် အယောက်ငါးဆယ်ကျော်မျှ အသတ်ခံလိုက်ရသဖြင့် ကျန်လူများသည် တိုက်ခိုက်နေရာမှ တိခနဲ ရပ်တန့်သွားသည်။ သူတို့အားလုံးက ယဲ့ဖန်အား သရဲသဘက်ကို ကြည့်သကဲ့သို့ ကြောက်လန့်တကြား ကြည့်နေကြသည်။
တိုတောင်းလှသော အချိန်အတွင်း၌ လူအယောက်ငါးဆယ်ကျော် ပိပြား၍ သေဆုံးသွားကြသည်။ ထိုသူများထဲတွင် အဓိက နတ်ဘုရားအဆင့် နှစ်ယောက်၊ သုံးယောက်မျှ ပါနေသေးသည်။ ပို၍ ထိတ်လန့်စရာ ကောင်းသည့်အချက်မှာ ထိုလူများအားလုံး မည်သို့မျှ ခုခံချိန် မရလိုက်ခြင်းပင်။
“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”
သူသည် တွင်းချိုင့်များကို လိုက်ကြည့်နေမိပြီး တွင်းချိုင့်ထဲမှ သွေးအိုင်များကို မြင်ပြီး ခေါင်းစခြေဆုံး အေးစိမ့် သွားသည်။ သေသွားရသည့် လူများထဲတွင် သူ့ထက်ပို၍ သန်မာနေသူများပါ ရှိနေသဖြင့် ပို၍ ထိတ်လန့် သွားရသည်။ ထိုသို့သောလူများက ယဲ့ဖန်၏လက်ထဲတွင် ပုရွက်ဆိတ်များကဲ့သို့ ရိုက်သတ်ခံနေရသည်။
အသက်ရှင်နေသေးသော သိုင်းပညာရှင် အယောက်ငါးဆယ်မျှသည် ဤသို့ အဆုံးသတ်ရမည်ဟု မထင်ထား သဖြင့် ချွေးပြန်နေ၏။ ဆိုင်ရှင်ဆိုလျင် ဖင်ထိုင်ရက်လဲကျကာ ပေါင်ခြံမှ ကျင်ငယ်ရည်များ စီးကျနေ၏။
….
သိုင်းပညာရှင် အယောက်တစ်ရာက ယဲ့ဖန်ကို ဝိုင်းထားကြသော အချိန်တွင် ရင်ဟွမ်မြို့၏ မိသားစုကြီး နှစ်ခုထဲမှ တစ်ခုဖြစ်သော ဟွမ်မိသားစု၌။
ဟွမ်မိသားစု၏ သမိုင်းကြောင်းသည် ရှည်လျားလှ၏။ သူတို့သည် မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်ကာလမှ ဆင်းသက်လာသော ရှေးဟောင်း မိသားစုကြီးတစ်ခု ဖြစ်သည်။
ယခုအခါတွင် အတိတ်ကာလကထက် အင်အား နည်းလာသော်ငြားလည်း ရင်ဟွမ်မြို့တွင် ဟွမ်မိသားစုနှင့် ရင်မိသားစုအား အင်အားကြီးမိသားစုအဖြစ် သတ်မှတ်ထားကြဆဲ ဖြစ်သည်။
အထူးသဖြင့် မကြာသေးသော အချိန်က ဟွမ်မိသားစု ဘိုးဘေး ပြန်ရောက်လာသဖြင့် ဟွမ်မိသားစု၏ အခြေအနေက ပိုအင်အားကြီးလာပြီး ရင်မိသားစုအား မသိမသာ ဖိနှိပ်၍ ရင်ဟွမ်မြို့၏ နံပါတ်တစ် မိသားစုကြီး ဖြစ်လာလေသည်။
ယနေ့တွင် ဟွမ်မိသားစု၏ ခန်းမတွင်း၌ လူငယ်တစ်ယောက်က ခန်းမမှ ပန်းချီကားချပ်တစ်ခုကို စိုက်ကြည့်နေ၏။ ထိုသူသည် ဟွမ်မိသားစု၏ နံပါတ်တစ် ပါရမီရှင် ဟွမ်ကျီပင်။
ငယ်ငယ်ရွယ်ရွယ်နှင့် လောကသခင်တစ်ပိုင်းအဆင့်သို့ ရောက်နေသဖြင့် သူ၏အနာဂတ်က အကန့်အသတ် မရှိတော့ချေ။
သို့သော် လက်ရှိအချိန်၌ သူသည် နံရံမှ ပန်းချီကားချပ်ကို တွေဝေ၍ လေးစားဟန်ဖြင့် ကြည့်နေသည်။
“အပြင်လောကမှာ ကိုယ့်ထက်သာသူ ရှိစမြဲဆိုတာကို ကျုပ် နားလည်လာအောင် ခင်ဗျားပဲ လုပ်ခဲ့တာ”
“ခင်ဗျားဆီမှာ ကျုပ် ရှုံးခဲ့ရလို့လည်း ဒီနေ့လိုလူမျိုး ကျုပ် ဖြစ်လာရတာ”
ဟွမ်ကျီ၏ လေသံက လေးနက်လှသည်။ သူ့စကားကြောင့် ခန်းမအပြင်ဘက်မှ အစောင့်များ တွေဝေသွားသည်။ ခန်းမထဲမှ ပန်းချီကားချပ်သည် ဟွမ်မိသားစု၏ ဘိုးဘေးပုံ မဟုတ်ဘဲ ငရဲဘုံမှ လူတစ်ယောက်၏ ပုံတူ ပန်းချီကားချပ် ဖြစ်သည်။
တစ်ချိန်က ဟွမ်မိသားစုသည် မိသားစု၏ နံပါတ်တစ် ပါရမီရှင် ဟွမ်ကျီနှင့် ထိပ်တန်း တပည့်များကို စေလွှတ်၍ ဟွမ်မိသားစုဘိုးဘေးကို ကယ်တင်စေခဲ့သည်။ သို့သော် မထင်မှတ်ဘဲ ငရဲဘုံမှ လူတစ်ယောက်က လက်ဝါး တစ်ချက်တည်းဖြင့် ဟွမ်မိသားစု၏ ပါရမီရှင်များကို လွင့်ထွက်သွားအောင် ပြုလုပ်ခဲ့သည်။
သူသာ မစာနာခဲ့ပါက ထိုလက်ဝါးချက်နှင့် ဟွမ်ကျီတို့အားလုံး အသတ်ခံရလောက်သည်။ ထိုတိုက်ပွဲမှ ပြန်လာပြီးနောက် ဟွမ်ကျီ လုံးဝ ပြောင်းလဲသွားတော့သည်။ သူသည် ယခင်ကဲ့သို့ ဘဝင်မြင့် ထောင်လွှားမနေဘဲ နေ့ညမပြတ် ကျင့်ကြံခဲ့သည်။
သူ အဆင့်တက်ပြီးရင်း တက်လာခဲ့သည်။ အချိန်တိုအတွင်း၌ အဆင့်ငယ် ခြောက်ခုကို ကျော်ဖြတ်၍ နတ်သခင် အထွတ်အထိပ်အဆင့်မှ လောကသခင်တစ်ပိုင်းအဆင့်သို့ အဆင့်တက်လာခဲ့သည်။ ဤသို့သော အရည်အချင်းနှင့် ပြောင်းလဲမှုကြောင့် လူတိုင်း မယုံသင်္ကာ ဖြစ်သွားသည်။
ဒေါက်! ဒေါက်! ဒေါက်!
လက်ရှိအချိန်၌ အပြင်ဘက်မှ အလျင်အမြန် ပြေးဝင်လာသော ခြေသံတစ်သံ ထွက်လာပြီး ဟွမ်မိသားစုဝင် တစ်ယောက် ခန်းမထံ ပြေးလာသည်ကို တွေ့လိုက်ရသည်။ ထိုသူက ဟွမ်ကျီရှေ့၌ ဒူးတစ်ဖက်ထောက်၍ သတင်းပို့ လာ၏။
“သခင်လေး ဧည့်သည်တော် ခေးမူ သေသွားပါတယ်”
ထိုစကားကြောင့် အတိတ်၌ နစ်မျောနေရာမှ ရုတ်တရက် သတိဝင်လာသည်။ ခေးမူသည် ဟွမ်မိသားစု၏ အရေးပါသော ဧည့်သည်တော်များထဲမှ တစ်ယောက် ဖြစ်သည်။ သူ၏နောက်ကွယ်၌ ဟွမ်မိသားစုကို ကျောထောက် နောက်ခံပေးသူ ရှိသည်။
ပုံမှန်အားဖြင့် ရင်ဟွမ်မြို့တွင် သူ အေးအေးလူလူ လျှောက်သွား၍ရသည်။ သို့သော် ယခုအခါ၌ သူက သေသွားလေ၏။ ဤသည်က ဟွမ်မိသားစု၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။
ထိုသို့တွေးမိပြီး ဟွမ်ကျီ၏ မျက်နှာထားက အလွန် သုန်မှုန်လာပြီး ထိုမိသားစုဝင်အား အေးစက်စွာ မေးလိုက်သည်။
“ဘယ်သူလုပ်တာလဲ”
“သခင်လေး၊ တိကျတဲ့သတင်းအရဆို အရှင်ခေးမူက နတ်ဘုရင်အဆင့်လူရဲ့ လက်ထဲမှာ သေသွားတာပါ”
“ပြီးတော့ အဲ့နတ်ဘုရင်အဆင့်လူက ချမ်ခွန်းတူကို ပိုင်ထားတဲ့ပုံပါပဲ၊ အခု သူ့ကို အရှင်ရွှမ်ကျုံးနဲ့ တစ်ခြားသူတွေက ဆိုင်တစ်ဆိုင်မှာ ဝိုင်းထားပါတယ်”
ဟွမ်မိသားစုဝင်၏ စကားကြောင့် ဟွမ်ကျီ၏ မျက်လုံးများက စူးရှလင်းလက်လာသည်။
*ချမ်ခွန်းတူ*
ထိုစကားလုံးသုံးလုံး၌ မယုံနိုင်လောက်သော ဆွဲဆောင်မှုများ ပါဝင်နေပြီး ဟွမ်ကျီ၏ မျက်နှာထားက ချက်ချင်း စိတ်လှုပ်ရှားဟန် ပေါ်လာသည်။
“ကောင်းပြီ၊ သိပ်တော်နေတဲ့ နတ်ဘုရင်အဆင့်လေးပေါ့လေ”
“မင်းကို ငါ သတ်ပြီး၊ မင်းရတနာကို ငါ ရယူပြမယ်”
ဟွမ်ကျီက လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။
“မျိုးနွယ်ဝင်အားလုံကို ခေါ်ပြီး ငါ့နောက်လိုက်ခဲ့၊ လူသတ်သမားကို သွားဖမ်းမယ်”