အခန်း (၉၄၆-၉၄၈)
Vol. 64 Ch. 946-948
Chapter 946 ငရဲဘုံစစ်ကျွန်
ရင်ဟွမ်မြို့၌ နာမည်တစ်ခုက မြို့အနှံ့ ပျံ့နေ၏။ ထိုနာမည်ကား ယဲ့ဖန်ပင်။ သိုင်းပညာရှင် အယောက် ငါးဆယ်ကို ထုသတ်ခဲ့ပြီး ကျန်အယောက် ငါးဆယ်အား ပြာဖြစ်အောင် ပြုလုပ်ခဲ့သူ။ အသက်တစ်ခါ ရှူထုတ်လိုက်သည်နှင့် ရွှမ်ကျူးအား ပျောက်ကွယ်သွားအောင် ပြုလုပ်ခဲ့သူ။
ရင်ဟွမ်တစ်မြို့လုံးကို ပွက်လောရိုက်သွားစေခဲ့သည်က ဟွမ်မိသားစုနှင့် အခြားသူများက ယဲ့ဖန်ကို လူကြီးမင်းယဲ့ဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ဤသို့သော အဖြစ်အပျက်များကြောင့် ရုတ်တရက် ယဲ့ဖန်ဟူသော နာမည်က ရင်ဟွမ်မြို့၌ မီးတောက်သဖွယ် မြင့်မားလာ၏။ လမ်းမထက်၌သာမက ချောင်ကြိုချောင်ကြားမကျန် ယဲ့ဖန်အကြောင်း ပြောဆိုလာကြသည်။
လူတစ်ချို့က သူသည် ယင်ယန်လောကမှ ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းမိသားစုမှ လာသည်ဟု ထင်ကြေးပေးကြသည်။ တစ်ချို့ကမူ ကြောက်စရာကောင်းသည့်လူ၏ တပည့်တစ်ယောက်ဖြစ်ပြီး ရင်ဟွမ်မြို့သို့ ခရီးထွက်လာခြင်း ဖြစ်မည်ဟု ခန့်မှန်းကြလေသည်။
ဤသို့သော ခန့်မှန်းချက်များကြောင့် ယဲ့ဖန်၏ နောက်ကြောင်းက ပိုမို၍ ထူးခြားဆန်းကြယ်လာသည်။ သို့ရာတွင် သိုင်းပညာရှင်များ မည်မျှပင် စုံစမ်းမေးမြန်းပါသော်လည်း ဟွမ်မိသားစုဝင်များက ယဲ့ဖန်၏ မူလနောက်ခံကို တစ်လုံးတစ်ပါဒမှ ထုတ်မပြောကြချေ။
ထိုအခါ ယဲ့ဖန်၏ နောက်ကြောင်းရာဇဝင်က ဆန်းကြယ်မှုများနှင့် ပြည့်နှက်လာတော့သည်။
….
တစ်ချိန်တည်းမှာပင် ဟွမ်မိသားစု၏ အိမ်တော်တွင်း၌ ရောင်စုံလက်ဆွဲမီးအိမ်များ ချိတ်ဆွဲထားပြီး ဟွမ်မိသားစုဝင် များအားလုံး ပြုံးပျော်နေ၏။
ခန်းမအတွင်း၌ ယဲ့ဖန်သည် နံရံမှ သူ၏ ပုံတူပန်းချီကားချပ်ကို စိုက်ကြည့်နေ၏။ သူ၏မျက်လုံးက တဖျပ်ဖျပ် လှုပ်နေသောကြောင့် သူ ဘာတွေတွေးနေသလဲ ခန့်မှန်းမရနိုင်ပေ။
ဤသည်ကိုကြည့်ပြီး ဘေးနားမှ ဟွမ်ကျီက အလျင်အမြန် စကားစလိုက်သည်။
“လူကြီးမင်းယဲ့၊ မျိုးနွယ်သုံးခုက လူကြီးမင်း ကျဆုံးသွားပြီဆိုတဲ့ သတင်းကို ထုတ်ပြောခဲ့တုန်းက မသေမျိုး ဖီးနစ်ဘုရင်နဲ့ ကမ္ဘာဂြိုဟ်ပေါ်က ဘိုးဘေးတွေအားလုံး အလွန် ဝမ်းနည်းခဲ့ကြပါတယ်”
“အဲ့နောက် အရှင်ထျန်းကျစ် ဦးဆောင်ပြီး အဓိက နတ်ဘုရားခြောက်ပါးနဲ့အတူ ကမ္ဘာဂြိုဟ်ကို အငိုက်ဖမ်း တိုက်ခိုက်ခဲ့လို့ လူတိုင်း မပြင်ဆင်လိုက်ရဘဲ တန်ပြန်တိုက်ခိုက်ခဲ့ရပါတယ်”
“ကျွန်တော့်ဘိုးဘေး ဟွမ်ထျန်းပါ့ အပါအဝင် ဘုရင်မကျစ်ဝေ့နဲ့ အခြားသူတွေလည်း အပြင်းအထန် ဒဏ်ရာရပြီး သေလုနီးပါး ဖြစ်သွားခဲ့ပါတယ်”
လက်ရှိအချိန်အထိ ဟွမ်ကျီသည် ထိုတိုက်ပွဲနှင့် ပတ်သက်၍ စိုးရိမ်ကြောက်လန့်နေသေးသည့်ပုံပင်။ နတ်ဆိုးများ တစ်ယောက်ပြီး တစ်ယောက် သေဆုံးခဲ့ရသည်ကို သူ မြင်တွေ့ခဲ့ရသည်။ သူ၏ဘိုးဘေးက ထိုကိစ္စကြောင့် ရူးမတတ် ဖြစ်ခဲ့သည်ကိုလည်း သူ တွေ့မြင်ခဲ့ရသည်။
ဘိုးဘေးဖြစ်သူ ဟွမ်ထျန်းပါ့က နတ်ဘုရား စိတ်ဝိညာဉ် အခြေအနေ၌သာ ရှိနေခဲ့သည်က စိတ်မကောင်းစရာပင်။ အခြားသော ဘိုးဘေးများနှင့် သူ အတူတူ ပူးပေါင်း၍ တိုက်ခိုက်ခဲ့တာတောင်မှ သူ၏ နတ်ဘုရား စိတ်ဝိညာဉ် ပျက်ဆီးပြီး ကမ္ဘာဂြိုဟ်၌ သေဆုံးလုနီးပါး ဖြစ်ခဲ့သည်။
“ကျွန်တော်တို့ အပြေးသွားခဲ့ပင်မယ့်လည်း နောက်ကျသွားခဲ့ပါတယ်”
“နတ်ဆိုးမျိုးနွယ်အားလုံးနီးပါး သေသူကသေပြီး ထွက်ပြေးတိမ်းရှောင်သူက တိမ်းရှောင်ကြပါတယ်၊ ဖီးနစ်ဘုရင် ကိုတောင်မှ မသေမျိုးမျိုးနွယ်က ဖမ်းသွားပြီး ယင်ယန်လောကကို ပြန်ခေါ်သွားတာပါ”
“ပြီးတော့ ငရဲဘုံရဲ့ ဖိနှိပ်ခြင်း ဥပဒေသက ပြင်းထန်လွန်းပါတယ်၊ ယင်ယန်လောကက သိုင်းပညာရှင်တွေ ဆင်းလာတာတောင်မှ နတ်သခင် အထွတ်အထိပ်အဆင့်ရဲ့ ခွန်အားလောက်ပဲ ထုတ်သုံးနိုင်ခဲ့ပါတယ်”
“အန္တိမအဆင့် သိုင်းပညာရှင်မှပဲ ဥပဒေသကို ချိုးဖောက်နိုင်မယ့်ပုံပါ”
ဟွမ်ကျီက ထပ်ခါထပ်ခါ ပင့်သက်ရှိုက်၍ ရှင်းပြလေ၏။
“နောက်ဆုံး ကျွန်တော်တို့ ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုက လူတော်တော်များများ သေဆုံးခဲ့တာကြောင့် ဘိုးဘေးတွေကိုပဲ ယင်ယန်လောကဆီ ပြန်ခေါ်လာရပါတယ်”
ဟွမ်ကျီက ယဲ့ဖန်အား အလွန် ရှက်ရွံ့အားနာဟန်ဖြင့် ကြည့်ကာ အလေးအနက် အရိုအသေပေး၍ တောင်းပန် လေသည်။
“လူကြီးမင်းယဲ့၊ ဟွမ်မိသားစုကိုယ်စား ကျွန်တော်ကပဲ ခင်ဗျားကို တောင်းပန်ပါတယ်၊ ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ကို မကာကွယ်နိုင်ခဲ့ပါဘူး”
ထိုသို့ပြောပြီး ဟွမ်ကျီက ကြမ်းပြင်ပေါ် ဒူးထောက်ဝပ်တွား၍ တောင်းပန်လိုက်သည်။ ထိုအခါ ယဲ့ဖန်က ခေါင်းအသာ ခါလိုက်သည်။
ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခုက အင်အားကြီးသော်လည်း ငရဲဘုံ၌ သူတို့၏ ခွန်အားအစစ်အမှန်ကို မထုတ်နိုင်မှန်း သူ သိပြီးသားပင်။ ထို့ကြောင့် ထိုတိုက်ပွဲအတွက် သူတို့ကို အပြစ်မတင်လိုပါ။
“ဟွမ်ထျန်းပါ့ရဲ့ ဒဏ်ရာ အခြေအနေကရော ဘယ်လိုလဲ”
ဟွမ်ထျန်းပါ့သည် နှစ်နှစ်သိန်းကြာအောင် ချိပ်ပိတ်ခံထားရပြီး နတ်ဘုရား စိတ်ဝိညာဉ်အဖြစ်၌သာ ရှိနေခဲ့သောကြောင့် အလွန် အားနည်းနေခဲ့ပြီးသား ဖြစ်သည်။ ကမ္ဘာဂြိုဟ်သို့ လာရောက် တိုက်ခိုက်သည့် တိုက်ပွဲကြောင့် သူ၏ ဒဏ်ရာက ပို၍ဆိုးရွားလာခဲ့သည်။
သူ၏အမေးကြောင့် ဟွမ်ကျီ၏ မျက်နှာ၌ ဝမ်းနည်းရိပ် စွန်းထင်းလာသည်။
“အခြေအနေ မကောင်းပါဘူး၊ နတ်ဘုရား စိတ်ဝိညာဉ်က တော်တော်လေး ဒဏ်ရာရထားလို့ အလွန်ဆုံး နှစ်ဝက် လောက်ပဲ အသက်ရှင်နိုင်ပါတော့မယ်”
*နှစ်ဝက်*
သူ့စကားကြောင့် ယဲ့ဖန် မျက်နှာပျက်သွားသည်။ ထိုမျှနှင့် မပြီးသေးဘဲ ဟွမ်ကျီက ဝမ်းနည်းနေသော အမူအရာဖြင့် ခေါင်းကိုငုံ့ကာ စိတ်ဓာတ်ကျစွာ ဆက်ပြောလာသည်။
“ကျွန်တော်တို့ ဘိုးဘေးတင်မကဘဲ ကျန်ဘိုးဘေးသုံးဆယ့်တစ်ယောက်လုံး တစ်နှစ်အတွင်း သူတို့ရဲ့ စိတ်ဝိညာဉ်တွေ ပျက်စီးသွားပါတော့မယ်”
ထိုစကားကြောင့် ယဲ့ဖန်၏ မျက်နှာက အလွန်အမင်း ပျက်ယွင်းလာသည်။ အစပိုင်း၌ ထိုနတ်ဘုရား စိတ်ဝိညာဉ် များကို သူ လေလံတင် ရောင်းချသလို လုပ်ခဲ့သော်လည်း ထိုစိတ်ဝိညာဉ်များက ကမ္ဘာဂြိုဟ်၌ ဆက်နေပြီး ကမ္ဘာမြေသားများကို သိုင်းပညာအကြောင်း သင်ပြပေးခဲ့ပြီး ကမ္ဘာဂြိုဟ်က သူတို့၏ အိမ်အဖြစ် သတ်မှတ်ခဲ့ သောကြောင့် ယဲ့ဖန်သည်လည်း သူတို့အား သူ့လူအဖြစ် မှတ်ယူလာခဲ့သည်။ ထို့အပြင် သူတို့သည် ကမ္ဘာဂြိုဟ်အတွက် ဒဏ်ရာရခဲ့ကြသည် မဟုတ်ပါတကား။
“စိတ်အေးအေးထားပါ၊ သူတို့ကို ကုသနိုင်မယ့် နည်းလမ်းတစ်ခုကို ငါ ရှာမှာပါ၊ ငါ ဖီးနစ်ဘုရင်ကိုလည်း ကယ်မှာ”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်က တွေဝေစွာ မေးလိုက်သည်။
“လူအိုကြီးဟွမ်က အခု ဘယ်မှာလဲ”
ယဲ့ဖန် ရောက်လာကတည်းက ဟွမ်ထျန်းပါ့၏ အရိပ်အယောင်ကို မတွေ့ရသေးပေ။ ထို့အပြင် ဟွမ်မိသားစု ခေါင်းဆောင်နှင့် အကြီးအကဲများအားလုံး အိမ်တော်၌ ရှိမနေပေ။ သူ့အမေးကြောင့် ဟွမ်ကျီက ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။
“လူကြီးမင်းယဲ့၊ သိပ်မကြာသေးခင်က မိုင်တစ်ရာအကွာက ထုံချန်မြို့ကနေ သတင်းတစ်ခု ရလာပါတယ်”
“အဲ့ဒီမှာ ငရဲဘုံက အံ့ဩစရာကောင်းတဲ့ တိုက်ပွဲဝင်ခွန်အားကို ပိုင်ဆိုင်ထားတဲ့ သိုင်းပညာရှင်တစ်ယောက်ကို ဖမ်းထားတယ်လို့ ပြောပါတယ်”
“သူ့ထက် အဆင့်ပိုမြင်တဲ့ လူတွေကို အနိုင်ယူနိုင်ပြီး ထူးခြားတဲ့ မွေးရာပါ ပါရမီကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်”
“အဓိကနတ်ဘုရားအဆင့်ပဲ ရှိသေးပင်မယ့် လောကသခင်အဆင့်ကို အနိုင်ယူနိုင်ပါတယ်၊ ထုံချန်ရဲ့ မိသားစုကြီးတစ်ခုက လောကသခင်သုံးယောက် သေသွားပြီးမှ အဲ့လူကို ဖမ်းမိနိုင်တယ်လို့ ဆိုပါတယ်”
“ပြီးတော့ ဒီရက်ပိုင်းအတွင်း ငရဲဘုံက စစ်ကျွန်ကို လေလံတင် ရောင်းချပွဲ ရှိပါတယ်”
“အဲ့စစ်ကျွန်က ကမ္ဘာဂြိုဟ်က ဖြစ်မယ်လို့ ဘိုးဘေး ထင်နေတာကြောင့် ဟွမ်မိသားစုက လူကြီးအားလုံးကို ခေါ်ပြီး သူ့ကို ကယ်ဖို့ ထွက်သွားပါတယ်”
*ငရဲဘုံ စစ်ကျွန်*
*အဆင့်ကျော် တိုက်ခိုက်နိုင်တယ်*
ထိုစကားကြောင့် ယဲ့ဖန် အကြီးအကျယ် မျက်နှာပျက်ယွင်းသွားသည်။ ကမ္ဘာဂြိုဟ်မှ နတ်ဆိုးများထဲတွင် သံလက် ဝံပုလွေရိုင်း၊ အန်းရှီ၊ လင်းလန်၊ ရှောင်ချီရှို့ စသည့်လူများက ဝိညာဉ်သခင်နောက်လိုက်သွားပြီး ခြေရာလက်ရာ မကျန်အောင် ပျောက်သွားခဲ့သည်။
ထိုလူအများစုသည် သူတို့ထက် အဆင့်သာသူများကို တိုက်ခိုက်နိုင်စွမ်းရှိသည်။ ဤသည်ကို တွေးမိပြီးနောက် ယဲ့ဖန်သည် ဟွမ်ထျန်းပါ့၏ ခန့်မှန်းချက်က ဖြစ်နိုင်သည်ဟု ခံစားမိသွားကာ ရုတ်တရက် ထရပ်လိုက်သည်။
“သွားမယ်၊ ထုံချန်မြို့ဆီကို သွားမယ်”
ထိုစဉ် ဟွမ်မိသားစု စံအိမ်တစ်ခုလုံး၏ အပူချိန်က သုညမှတ်သို့ ရုတ်တရက် ထိုးကျသွားသည်။ ဟွမ်ကျီတောင်မှ တုန်လှုပ်သွားရသည်။
မြေအောက်ငရဲဘုံမှ မိစ္ဆာတစ်ကောင် လူ့ပြည်သို့ တက်လာပြီး သွေးချောင်းစီးအောင် ပြုလုပ်တော့မည်ဟု ထင်မှတ်မှား ရသည်။
ထိုသို့သော လူသတ်လိုစိတ် အရှိန်အဝါကြောင့် ဟွမ်မိသားစုဝင်များအားလုံး ထုံချန်မြို့ အနာဂတ်ကို မြင်ယောင်ပြီး တိတ်ဆိတ်သွားသည်။ ထုံချန်မြို့ ပျက်စီးတော့မည်ကို သူတို့ ရိပ်မိနေ၏။
…
ထုံချန်မြို့သည် ရွှမ်ကျိုး၏ မြို့ဆယ့်ရှစ်မြို့ထဲမှ တစ်ခု ဖြစ်သည်။ ထူးချွန်သော သိုင်းပညာရှင်များဖြင့် ပြည့်နှက်နေသော နေရာတစ်ခုလည်း ဖြစ်သည်။
ယနေ့တွင် ထုံချန်တစ်မြို့လုံး သက်ဝင်လှုပ်ရှားနေပြီး မြို့ပေါင်းများစွာမှ လူများက မြို့ထဲသို့ ဝင်လာကြသည်။ သူတို့သည် ရွှမ်ကျိုး၏ မြို့တိုင်းမှ လာရောက်ကြခြင်း ဖြစ်သည်။ အားလုံးသည် ဩဇာအာဏာ ကြီးမားသော လူများသာ ဖြစ်ပေသည်။
သူတို့အားလုံးသည် ငရဲဘုံ စစ်ကျွန်အား ဝယ်ယူရန်ဟူသော ရည်ရွယ်ချက်တစ်ခုတည်းဖြင့် လာရောက်ကြခြင်း ဖြစ်လေသည်။
ကောလာဟလများအရ ထိုစစ်ကျွန်သည် ထုံချန်မြို့အပြင်ဘက်၌ လွန်ခဲ့သော လပိုင်းကမှ ပေါ်လာခြင်း ဖြစ်သည်။ ထိုအချိန်က ၎င်းစစ်ကျွန်သည် နတ်သခင်အဆင့်သာ ရှိသေးသော်လည်း အဓိက နတ်ဘုရားအဆင့်ကို အလွယ်တကူ သတ်နိုင်နေသည်။
ထုံချန်မြို့မှ အဓိက နတ်ဘုရားအဆင့် ဆယ်ယောက်ကို သူ ဆက်တိုက် သတ်ဖြတ်ခဲ့ပြီးနောက် ထုံချန်တစ်မြို့လုံး ပွက်လောရိုက်သွားသည်။ ထို့နောက် ထုံချန်မြို့မှ သိုင်းပညာရှင် အားလုံး ပုန်းကွယ်နေရာမှ ထွက်လာပြီး ထိုလူကို ဝိုင်းဖွဲ့၍ တိုက်ခိုက်ကြသည်။ လောကသခင်အဆင့် သုံးယောက်နှင့် အဓိကနတ်ဘုရားအဆင့် ငါးဆယ်ကျော် သေဆုံးပြီးမှ ထိုလူကို ဖမ်းမိခဲ့သည်။
လအနည်းငယ် ကြာပြီးနောက် ယခုအခါ၌ ထိုလူ၏ သိုင်းအဆင့်သည် အဓိက နတ်ဘုရားအဆင့်သို့ ထိုးတက် သွားသည်။ သူ၏ တိုက်ပွဲဝင် ခွန်အားက အန္တိမအဆင့်နှင့် ယှဉ်နိုင်နေလောက်ပြီဟု လူအချို့က ခန့်မှန်းနေကြသည်။
အန္တိမအဆင့် တိုက်ပွဲဝင် ခွန်အားကို ပိုင်ဆိုင်ထားသော စစ်ကျွန်။ ဤသည်က အားလုံး လိုချင်ကြသည့် ကြောက်စရာကောင်းသော လူသတ်စက်တစ်ခုပင်။
ထိုသတင်း ထွက်လာပြီးနောက် ရွှမ်ကျိုးတစ်ခုလုံး ပွက်လောရိုက်သွားသည်။ ထိုစစ်ကျွန်၏ အမည်မှာ ရှောင်ချီရှို့။
Chapter 947 ရှောင်ချီရှို့အား လေလံတင် ရောင်းချခြင်း
ထုံချန် လေလံခန်းမ၌ လက်ရှိအချိန်တွင် လူပေါင်းများစွာဖြင့် ပြည့်နှက်နေ၏။ လူတိုင်း၏ ခန္ဓာကိုယ်မှ အင်အားကြီးသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ထိုသူများထဲမှ အားအနည်းဆုံးသူပင် အဓိက နတ်ဘုရား အဆင့် ရှိလေသည်။
ထိုသူများသည် ရွှမ်ကျို့၏ မြို့ပေါင်းဆယ့်ရှစ်မြို့မှာ လာရောက်ကြခြင်း ဖြစ်ပြီး အားလုံးက ငရဲဘုံ စစ်ကျွန်အတွက် ရောက်လာခြင်း ဖြစ်ပေသည်။
လက်ရှိအချိန်တွင် လေလံပွဲသည် အဆုံးသတ်ရန် နီးကပ်လာ၏။ လေလံတင် ရောင်းချသော အရာအများစုမှာ အဖိုးတန် ရှားပါးရတနာများ ဖြစ်သည့် လက်နက်များ၊ ကျင့်စဉ်များ၊ ဆေးလုံးများနှင့် အခြားသော အရာများ ဖြစ်သည်။
လူတိုင်း စောင့်နေကြသော အပိတ်ပွဲ လေလံပစ္စည်း စတင်လာသည်။ ထိုအရာမှာ စစ်ကျွန်အား လေလံတင် ရောင်းချခြင်း ဖြစ်သည်။
“ထုံချန် စစ်ကျွန်တွေမှာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိတယ်၊ အတိတ်တုန်းက သူတို့တွေ အန္တိမအဆင့် စစ်ကျွန်တွေကိုပါ လေလံတင်ခဲ့တာ”
“အန္တိမအဆင့်ဖြစ်တော့ရော ဘာဖြစ်လဲ၊ အခု ရှောင်ချီရှို့ဆိုတဲ့လူက အဓိက နတ်ဘုရားအဆင့်ပဲ ရှိသေးတာကို တိုက်ပွဲဝင် ခွန်အားက အန္တိမအဆင့်ကို ယှဉ်နိုင်နေပြီ”
“ဟုတ်တယ်၊ သူက တကယ့် ရတနာပဲ၊ ရှောင်ချီရှို့ကိုသာ လောကသခင်အဆင့် ရောက်အောင် လေ့ကျင့်ပေးနိုင်ရင် အန္တိမအဆင့်ကို စက္ကန့်ပိုင်းအတွင်း သတ်နိုင်မှာပဲ”
“…”
လက်ရှိအချိန်တွင် သိုင်းပညာရှင်များစွာတို့က ငြင်းခုန်ဆွေးနွေးနေကြ၏။ အားလုံး၏ မျက်နှာထက်၌ လောဘရိပ်များဖြင့် ပြည့်နှက်နေသည်။
အန္တိအဆင့်ကို ယှဉ်နိုင်သည့် တိုက်ပွဲဝင်ခွန်အားရှိသော စစ်ကျွန်အား သူတို့ အရူးအမူး လိုချင်နေကြသည်။ လူအများ၏ ပြောဆိုဆွေးနွေးနေသော အသံများကို နားထောင်ပြီး လူအုပ်၏ နောက်ဆုံးတန်းမှ အဘိုးအို တစ်ယောက် မျက်နှာပျက်နေလေသည်။
“ချီးတဲ့မှပဲ၊ ဒီလူတွေကို ကြည့်ရတာ ရှောင်ချီရှို့ကို ရတဲ့ဘယ်သူ့ကိုမဆို ဖြတ်တိုက်ပြီး လုမယ့်ပုံပဲ”
ထိုအဘိုးအိုသည် ဟွမ်ထျန်းပါ့ပင်။ သူ၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်အား အနက်ရောင်ဝတ်ရုံနှင့် ဖုံးကွယ်ထားပြီး မျက်နှာက ဖြူရော်နေသည်။ သူ၏ စိတ်ဝိညာဉ် ဒဏ်ရာက ပြင်းထန်သည့်ပုံပင်။ သူ့စကားကြောင့် ဘေးနားမှ မိသားစုခေါင်းဆောင် ဟွမ်ချန်က မချိပြုံး ပြုံးလိုက်မိသည်။
“ဘိုးဘေး၊ ဒီတစ်ခေါက်တော့ ကျွန်တော်တို့ မတတ်နိုင်ဘူး ထင်တယ်”
“အန္တိမအဆင့်နဲ့ ယှဉ်နိုင်တဲ့ စစ်ကျွန်ဆိုတော့ ဈေးက ခေါင်ခိုက်နေမှာ၊ ပြီးတော့ ကျွန်တော်တို့ ဟွမ်မိသားစုက လူကြီးမင်းယဲ့ အရင်က ခြိမ်းခြောက် အကျပ်ကိုင်တာ ခံခဲ့ရတဲ့အပြင် အခြားအကြွေးတွေလည်း ရှိနေသေးတယ်”
“ကျွန်တော်တို့ လေလံလိုက်ဆွဲရင်တောင်မှ လုပ်နိုင်တာ ဘာမှမရှိဘူး”
မိသားစုခေါင်းဆောင် ဟွမ်ချန်၏ စကားကို ကြားပြီး ဘေးနားမှ ဟွမ်မိသားစု အကြီးအကဲများ ဝမ်းနည်းဟန် ပေါ်လာသည်။
လက်ရှိ ဟွမ်မိသားစုသည် အင်အားကြီးသည်ဟု ထင်ရသော်လည်း ပုန်းကွယ်နေသော အန္တရာယ်များ ရှိနေသည်။ အစပိုင်း၌ သူတို့သည် ယဲ့ဖန်၏ ခြိမ်းခြောက် အကျပ်ကိုင်ခြင်း ခံခဲ့ရသဖြင့် သူတို့၏ ဘဏ္ဍာရေး ခမ်းခြောက်လုနီးပါး ဖြစ်ခဲ့ရသည်။
ဘိုးဘေးဖြစ်သူ ပြန်ရောက်လာသော်လည်း စိတ်ဝိညာဉ်က အပြင်းအထန် ဒဏ်ရာရခဲ့သဖြင့် သာမန် နတ်သခင် အဆင့်နှင့် မထူးခြားနား ဖြစ်နေ၏။ ထို့အပြင် လက်ရှိ၌ ဟွမ်မိသားစုသည် ပြိုင်ဘက် ရင်မိသားစု၏ ဖိနှိပ်ခြင်းကို ခံနေရသည်။ အိမ်တော် အတွင်းရော အပြင်၌ပါ ပြဿနာများ ရှိနေသည်။
ဟွမ်မိသားစုဝင်များ၏ အမူအရာကို ကြည့်ပြီး ဘိုးဘေး ဟွမ်ထျန်းပါ့က အောင့်သက်သက် ပြုံးလိုက်သည်။
“အခု ဟွမ်မိသားစု အခြေအနေက ဆိုးရွားလာတာကို ငါ သိပါတယ်၊ ဒါပေမဲ့ ရှောင်ချီရှို့လေးက ကလေးပဲ ရှိသေးတယ်၊ ငါ သူ့ကို ကမ္ဘာဂြိုဟ်ပေါ်မှာ ကိုယ်တိုင် သင်ပေးလာခဲ့တာ၊ သူ့ကို ငါ့ကို သူ့ဆရာတစ်ယောက်လို သဘောထား နေတာ”
“သူ ကျွန်ဖြစ်လာပြီး တခြားသူ အသုံးချခံရတာကို ငါ ကြည့်မနေနိုင်ဘူး”
“အဲ့လိုဖြစ်သွားခဲ့ရင် ငါ သေရင်တောင်မှ ကောင်လေးယဲ့ကို တောင်းပန်နိုင်မှာ မဟုတ်ဘူး”
ဟွမ်ထျန်းပါ့၏ စကား၌ ဝမ်းနည်းဟန်များ ပါဝင်နေသည်။ အစပိုင်း၌ သူသည် ယဲ့ဖန်ကို အလွန် ရွံရှာစက်ဆုပ်ပြီး မတရား လောဘကြီး၍ ကောက်ကျစ်သည်ဟု ထင်ခဲ့သည်။
သို့သော် ယဲ့ဖန်က ကမ္ဘာဦး ယန်ကျောက်တုံးများကို သုံး၍ ကမ္ဘာဂြိုဟ်၌ ယန်ချီဓာတ်များ ပေါများလာအောင် ပြုလုပ်သည်ကို တွေ့လိုက်ရပြီးနောက် ယဲ့ဖန်အတွက်နှင့် နတ်ဆိုးများနှင့် ကမ္ဘာမြေသားများက အသက်နှင့်ရင်း၍ တိုက်ခိုက်ရသည့် အကြောင်းရင်းကို နားလည်သွားရသည်။
ဤအချက်ကြောင့် သူ အရှိုက်ထိသွားသည်။ နတ်ဘုရား စိတ်ဝိညာဉ်များအားလုံး အရှိုက်ထိသွားရသည်။ ဟွမ်ထျန်းပါ့နှင့် ထောင်လွှားသော နတ်ဘုရား စိတ်ဝိညာဉ်များ အားလုံးသည် ယဲ့ဖန်နှင့် ကမ္ဘာဂြိုဟ်မှ လူအားလုံးကို မိသားစုအဖြစ် သတ်မှတ်ထားခဲ့သည်။
ဟွမ်ထျန်းပါ့က ဟွမ်မိသားစုဝင်များအားလုံးဘက် လှည့်ကြည့်၍ ပြောလိုက်သည်။
“အားလုံးပဲ၊ ငါ မကြာခင် သေရတော့မယ်၊ ငါ့စိတ်ဝိညာဉ်က သေရတော့မယ်”
“ဒါပေမဲ့ ငါ မသေခင် ကမ္ဘာဂြိုဟ်အတွက်၊ ကောင်လေးယဲ့အတွက် တစ်ခုခု လုပ်ပေးချင်တယ်”
ဟွမ်ထျန်းပါ့က ထိုင်နေရာမှထ၍ ဟွမ်ချန်နှင့် ဟွမ်မိသားစု အကြီးအကဲများအားလုံးကို အရိုအသေ ပေးလေသည်။ သူ၏ အပြုအမူကြောင့် အားလုံး အံ့ဩကာ သွေးပျက်သွားသည်။
အားလုံး မျက်နှာပျက်သွားပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်ဟန်ဖြင့် ခါးကြားမှ ဟင်းလင်းပြင် အိတ်များကို ထုတ်ယူလိုက်သည်။
“ဘိုးဘေး ကျွန်တော် ဟွမ်ချန်က ကမ္ဘာဂြိုဟ်နဲ့ လူကြီးမင်းယဲ့အတွက် ပိုင်ဆိုင်မှုအားလုံးကို ပေးပါ့မယ်”
ထို့နောက် မိသားစုခေါင်းဆောင် ဟွမ်ချန်က ဟင်းလင်းပြင်အိတ်ကို ဟွမ်ထျန်းပါ့အား ပေးလိုက်သည်။ ထို့နောက် ဟွမ်မိသားစု အကြီးအကဲ တစ်ယောက်ပြီးတစ်ယောက်က ဟွမ်ထျန်းပါ့ကို မိမိတို့၏ ဟင်းလင်းပြင်အိတ်များ ပေးလာသည်။
တစ်ခဏအတွင်းမှာပင် ကမ္ဘာဦး ယန်ကျောက်တုံး တစ်သိန်းနီးနီး ရလာလေသည်။ ဤသည်မှာ ဟွမ်မိသားစု အကြီးအကဲများအားလုံး၏ တစ်ဘဝလုံး စုဆောင်းထားသမျှ အကုန်ပင်။ သာမန်လူများ၏ မျက်လုံးတွင် ဤပမာဏက ချမ်းသာကြွယ်ဝလွန်းနေပြီ ဖြစ်သော်လည်း သူတို့အတွက်က လုံလောက်ရန်ပင် လိုနေသေး၏။
“ဘိုးဘေး ကမ္ဘာဦး ယန်ကျောက်တုံး တစ်သိန်းပဲ ရှိတယ်”
မိသားစုခေါင်းဆောင် ဟွမ်ချန်က မချိပြုံးပြုံးလိုက်ပြီး ထောင့်နားမှ လူတစ်စုကို လက်ညှိုးထိုးပြလာသည်။
“အဲ့ဒါ ရင်မိသားစုက လူတွေပဲ၊ ဒီတစ်ခေါက် သူတို့က ရှောင်ချီရှို့ကို မရရအောင် လိုချင်နေကြတယ်၊ ကျုပ် ကြားထားတဲ့ သတင်းအရဆို သူတို့က … ကမ္ဘာဦး ယန်ကျောက်တုံး သုံးသိန်းတောင် ပြင်လာတာ”
သူ့စကားကြောင့် ဟွမ်မိသားစုဝင်များအားလုံး မျက်နှာ မည်းမှောင်သွားသည်။ ထိုပမာဏက သူတို့ ပိုင်ဆိုင်မှုထက် သုံးဆပင် များနေသေးသည်။
သူတို့ မည်သို့ လေလံဝင်ဆွဲနိုင်ပါမည်နည်း။ ဟွမ်ထျန်းပါ့တောင်မှ စိတ်လေးလာ၏။
ဒေါင်! ဒေါင်! ဒေါင်!
ထိုစဉ် ခန်းမအလယ်ရှိ စင်မြင့်ထက်မှ မောင်းထုသံ ပေါ်လာပြီးနောက် အဘိုးအိုတစ်ယောက် ရှေ့တိုးလာသည်ကို တွေ့လိုက်ရသည်။ ထိုသူသည် ထုံချန်မြို့၏ မြို့တော်သခင် ကွေမူပင်။
သူသည် လောကသခင်အဆင့်ရှိသူ ဖြစ်သည်။ ထိုသူကိုမြင်သည်နှင့် လေလံခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ် သွားသည်။ အပိတ်ပွဲ လေလံပစ္စည်း ရောင်းရခြင်း စတင်တော့မည်ဟု လူတိုင်း ရိပ်မိလိုက်သည်။
“အဟမ်း အဟမ်း …”
ကွေမူက ချောင်းဟန့်လိုက်ပြီးနောက် ခန်းမထဲမှ လူများစွာတို့ကို အားရကျေနပ်ဟန်ဖြင့် ကြည့်ကာ ပြုံးလာသည်။
“အားလုံးပဲ တိတ်တိတ်နေပေးပါ၊ အခု ကျုပ်တို့ နောက်ဆုံး ရတနာကို လေလံတင်ပါတော့မယ်”
“အဲ့ဒါကတော့ … ငရဲဘုံ စစ်ကျွန်ပါ”
ကွေမူ၏ စကားအဆုံး၌ လေလံခန်းမတစ်ခုလုံး ဆူညံသွားသည်။ သိုင်းပညာရှင်များအားလုံး ငရဲဘုံ စစ်ကျွန်၏ ပုံပန်းသဏ္ဌာန်ကို သိချင်နေကြ၏။
“အားလုံးပဲ စိတ်အေးအေးထားပါ”
ကွေမူက အသာပြုံး၍ ဆက်ပြောလေသည်။
“အခု ကျုပ် ခင်ဗျားတို့ကို ဒီစစ်ကျွန်နဲ့ မိတ်ဆက်ပေးပါရစေ”
“ဒီစစ်ကျွန်က ငရဲဘုံက လာတာ ပြီးတော့ အရမ်း ထူးချွန်တယ်၊ နာမည်က … ရှောင်ချီရှို့ပါ”
“သူ့မှတ်ဉာဏ်ကို ကျုပ် လုံးဝ ချိပ်ပိတ်ထားတယ်၊ သူ့စိတ်ထဲမှာ မှတ်ကျောက်ထင်နေတဲ့ လူတစ်ယောက်ကိုပဲ ဖျက်လို့ မရနိုင်ခဲ့ဘူး”
*စိတ်ထဲမှာ လူတစ်ယောက် ရှိနေတယ်တဲ့လား*
ထိုစကားကြောင့် လူတိုင်း အချင်းချင်း တအံ့တဩ ကြည့်လာကြသည်။ စစ်ကျွန်များသည် မှတ်ဉာဏ် အားလုံး အဖျက်ခံထားရသူသည့် လူသက်စက်များဖြစ်ပြီး ပိုင်ရှင်ကိုသာ အရှင်သခင်အဖြစ် သိရှိကြလေသည်။
စစ်ကျွန်တို့၏ စိတ်ထဲ၌ လူတစ်ယောက် ရှိနေပါက တစ်နေ့၌ မှတ်ဉာဏ်အားလုံး ပြန်အမှတ်ရလာနိုင်ချေ ရှိသည်။ ထိုသို့ဆိုလျင် အန္တရာယ် ရှိလာနိုင်၏။
ထိုသို့တွေးမိပြီးနောက် အားလုံး တွေဝေဟန်ပြလာသည်။ သူတို့သည်သာမက ကွေမူတောင်မှ ခေါင်းတခါခါနှင့် ထူးဆန်းနေ၏။
“ကျုပ် သန့်စင်မွမ်းမံခဲ့တဲ့ စစ်ကျွန်တွေက ထောင်သောင်းချီ ရှိတာ၊ နှစ်ပေါင်းများစွာအတွင်း ဒီလို ထူးခြားတဲ့ ကိစ္စ ဖြစ်တာ ဒါ ပထမဆုံးအကြိမ်ပဲ”
“အဲ့လူက ရှောင်ချီရှို့ရဲ့ ဆရာပဲ၊ သူ့စိတ်ထဲမှာ အဲ့လူရဲ့ အဆင့်အတန်းက အရမ်း မြင့်မားနေတာ၊ သူက အဲ့လူ သေဆိုသေ၊ ရှင်ဆိုရှင်မယ့် လူပဲ”
ထိုစကားကြောင့် အားလုံး ပို၍ ထိတ်လန့်သွားကြသည်။ ဤလူပင် အလွန် ကြောက်စရာကောင်းနေသဖြင့် သူ၏ဆရာဆိုလျင် မည်မျှ ကြောက်စရာကောင်းနိုင်သလဲ မတွေးဝံ့စရာပင်။
“ဒါပေမဲ့ အားလုံး စိတ်မပူပါနဲ့”
“အဲ့ဒါကြောင့်လည်း ဒီစစ်ကျွန်က ပိုအမိန့်နာခံတာ”
ထိုသို့ပြောပြီး ကွေမူက လက်ကိုတစ်ချက်လှုပ်၍ ဓားကျိုးတစ်ခုကို ထုတ်လိုက်သည်။
“ဒီဓားကျိုးက ဒီစစ်ကျွန်ရဲ့ ဆရာဖြစ်သူ ပိုင်တဲ့ပစ္စည်းပဲ”
“ခင်ဗျားတို့ လက်ထဲမှာ ဒီဓားကျိုး ရှိနေသရွေ့ ခင်ဗျားတို့က ရှောင်ချီရှို့ရဲ့ ဆရာပဲ”
“ခင်ဗျားတို့က သေစေချင်ရင် သူ သေပေးလိမ့်မယ်၊ ခင်ဗျားတို့က သတ်စေချင်ရင် သူ သတ်လိမ့်မယ်”
Chapter 948 သူက ငါ့အပိုင်ပဲ
ကွေမူ၏စကားကြောင့် အားလုံး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားလေသည်။ အရာဝတ္ထုလေး တစ်ခုတည်းနှင့် ဤကြောက်စရာကောင်းသော ငရဲဘုံ စစ်ကျွန်က နာခံရိုကျိုးပါမည်လား။
ဤသည်က ငရဲဘုံ စစ်ကျွန်၏ ရင်ထဲတွင် ဆရာဟူသော လူ၏ပုံရိပ်က ထင်မှတ်မထားသော အခြေအနေတစ်ခုထိ လွှမ်းမိုးနေရာယူထားသည်ကို ပြသနေ၏။
အားလုံး၏ အံ့ဩနေသော အမူအရာကိုကြည့်ပြီး ကွေမူက အသာပြုံးလိုက်ပြီး ဓားကို လက်တစ်ဖက်ဖြင့် ကိုင်၍ အော်ခေါ်လိုက်သည်။
“စစ်ကျွန် ထွက်လာခဲ့စမ်း”
ထိုအသံကြောင့် လေလံခန်းမတစ်ခုလုံး ရုတ်တရက် တိတ်ကျသွားပြီး စင်မြင့်၏ အနောက်ဘက်အား စူးစမ်းစိတ်ဖြင့် ကြည့်လာကြသည်။
ဒေါက်! ဒေါက်! ဒေါက်!
အားလုံး၏ စိတ်ဝင်တစား ကြည့်နေသော အကြည့်အောက်၌ ခြေသံတစ်သံ ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက် စင်ပေါ် တက်လာသည်ကို တွေ့လိုက်ရသည်။
သူ၏ခန္ဓာကိုယ်က ပိန်ပါးပြီး ခိုင်မာပြတ်သားသော မျက်နှာ ရှိသည်။ သူ၏မျက်နှာ၌ မည်သည့် အမူအရာမှ မရှိဘဲ နှစ်ထောင်ချီ တည်ရှိသော ရေခဲတောင်ကဲ့သို့ အေးစက်နေသည်။
ထို့အပြင် ထိုကောင်လေး စင်မြင့်ပေါ် တက်လာသည်နှင့် လေလံခန်းမတစ်ခုလုံး အေးစိမ့်သွားလေသည်။ လောကသခင်အဆင့်တောင်မှ မတုန်လှုပ်ဘဲ မနေနိုင်ပေ။
သူ့ထက်မှ ထွက်ပေါ်လာသော အန္တရာယ်ပေးနိုင်သည့် အရှိန်အဝါကြောင့် အားလုံး ခေါင်းမွေးထောင်သွားရသည်။ အားလုံး၏ အမြင်တွင် သူသည် ကောင်လေး တစ်ယောက် မဟုတ်ဘဲ မြေအောက်ငရဲမှ ကုန်းထွက်လာသော ဘုရင်တစ်ပါးနှင့် တူနေ၏။
ထိုအချိန်တွင် စင်မြင့်ပေါ်၌ ထိုကောင်လေးက ကွေမူကို ရိုရိုကျိုးကျိုးဖြင့် အရိုအသေ ပေးလာသည်။
“ဆရာ၊ ရှောင်ချီရှို့ ရောက်ပါပြီ”
သူ၏အသံက အေးစက်မာကြောနေ၏။ သူ၏ အမူအရာကိုကြည့်ပြီး ကွေမူက ကျေနပ်သလို ခေါင်းညိတ်ကာ ရက်စက် ကောက်ကျစ်စွာ ပြုံးလိုက်သည်။
“မတ်တပ်ပြန်ရပ်ပြီး မင်းဓားကို ထုတ်လိုက်”
“ပြီးရင် မင်းလက်မောင်းကို ပြန်ဖြတ်”
ကွေမူ၏ စကားအဆုံး၌ ခန်းမထဲမှ လူများအားလုံး မှင်တက်သွားကြသည်။
*ကိုယ့်လက်ကို ပြန်ဖြတ်ခိုင်းနေတာလား*
*ဒီ … ဒီလူ ရူးနေပြီ*
ခန်းမထဲမှ လူများအားလုံး၏ မျက်နှာတွင် ကြောက်လန့်မှုများ ထင်ဟပ်နေသည်။ စစ်ကျွန်တိုင်းသည် သူတို့၏ အရှင်သခင်များ ပေးသော အမိန့်ကို နာခံသော်ငြားလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုသော အသိစိတ် ရှိသည်။
အကယ်၍ အရှင်သခင်ဖြစ်သူက စစ်ကျွန်အား မိမိအသက်အား အန္တရာယ်ပေးနိုင်သော တစ်စုံတစ်ရာကို လုပ်ခိုင်းပါက စစ်ကျွန်အများစု၌ ငြင်းဆန်လိုသော ဉာဉ်ရှိကြသည်။ ပို၍ဆိုးရွားလာပါက စစ်ကျွန်က အရှင်သခင်ကို ပြန်သတ်၍ ထွက်ပြေးနိုင်သေးသည်။
လက်ရှိအချိန်တွင်မူ ခန်းမတစ်ခုလုံးမှ လူများအားလုံး ဆက်လက်စောင့်ကြည့်နေကြသည်။ ထိုစစ်ကျွန်ကို သူတို့ သတိထား၍ ကြည့်နေကြသည်။ အကယ်၍ ဤစစ်ကျွန်က အန္တိမအဆင့်နှင့် အမှန်တကယ် ယှဉ်နိုင်နေပါက ကံဆိုးမိုးမှောင် ကျလာနိုင်သည်။
ထို့အပြင် ရှောင်ချီရှို့က ကိုယ့်လက်မောင်းကိုယ် ပြန်ဖြတ်လိမ့်မည်ဟု သူတို့ မယုံကြချေ။ ထိုစဉ် ထိုကောင်လေးက ခါး၌ ချိတ်ဆွဲထားသော ဓားကို ဆွဲထုတ်လာသည်။ ထို့နောက် သူ၏လက်မောင်းတစ်ဖက်ကို ခုတ်ချလာ၏။
ထိုကောင်လေး၏ ပခုံးမှ ရဲရဲနီသော သွေးများ ပန်းထွက်လာပြီး လက်ပြတ်က ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ ထိုကောင်လေးက မည်သို့သော နာကျင်ဟန်မှ မပြဘဲ ရေသေသဖွယ် တည်ငြိမ်နေသဖြင့် လူတိုင်း အံ့ဩသွား ကြသည်။ သူက သွေးသံတရဲရဲနှင့် ပြတ်သွားသော လက်ပြတ်ကို ပြန်ကောက်ပြီး ကွေမူကို ရုတ်တရက် အရိုအသေ ပေးလာသည်။
“တပည့်က ဆရာ့အတွက် အသက်ပေးထားပြီးသားပါ”
သူ၏အပြုအမူ၌ မည်သို့သော ဆန့်ကျင်လိုဟန်မျှ မရှိပေ။ လက်ရှိ၌ ကွေမူအား သူ၏ ဆရာဟု မှတ်ထင်နေပြီး ကွေမူ သေခိုင်းပါက မဆိုင်းမတွ သေမည့်ပုံပင်။ ဤမြင်ကွင်းကြောင့် အားလုံး တုန်လှုပ်ချောက်ချားသွားသည်။
“မြတ်စွာဘုရား၊ မယုံနိုင်စရာပဲ၊ ဒီကောင်လေးက ဆရာက ဘယ်လိုလူများလဲ၊ ဘယ်လိုလူက ဒီမိစ္ဆာလိုလူမျိုးကို အရမ်း ရိုကျိုးအောင် လုပ်နိုင်တာလဲ”
“ဟုတ်တယ်၊ မယုံနိုင်စရာပဲ၊ ဆရာဆိုတဲ့လူက ဘယ်လောက် သန်မာနေပါစေ၊ လူတစ်ယောက်ကို ဒီလောက် ယုံကြည်လေးစားဖို့က မဖြစ်နိုင်ဘူး”
“ဆရာရဲ့အမိန့်ကို တသွေမတိမ်း လိုက်နာတယ်၊ သေရမှာကို မကြောက်တဲ့ ဒီလိုမိစ္ဆာမျိုးကို ရလိုက်လို့ကတော့ … မတွေးရဲတော့ဘူးဟေ့”
“…”
လက်ရှိအချိန်တွင် လေလံခန်းမတစ်ခုလုံး ဆူညံနေ၏။ အားလုံးက ထိုကောင်လေးအား ထိပ်တန်းရတနာတစ်ခုကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
သူ့အား အပိုင်ဝယ်နိုင်ပါက အသက်ကယ် အဆောင်တစ်ခု ဖြစ်လာမှာ အသေအချာပင်။ ထို့အပြင် လူသက်စက်တစ်ခုလည်း ဖြစ်သေးသည်။
အကယ်၍ သန်မာသော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရလျင်တောင်မှ မိမိကို သတ်ချင်လျင် ဤမိစ္ဆာကဲ့သို့သော ကောင်လေး၏ အလောင်းကို နင်းချေပြီးမှသာ ရနိုင်ပေမည်။
ချက်ချင်းဆိုသလိုပင် ထိုဆယ်ကျော်သက်အရွယ် ကောင်လေးအား ကြည့်နေသော လူများ၏ မျက်လုံးများက ပို၍ အရောင်လက် လာသည်။
လေလံလုဆွဲရန် အဆင်သင့် ဖြစ်နေကြသည်။ အထူးသဖြင့် လူအုပ်ထဲမှ ရင်မိသားစုမှ လူများပင်။ ယခု ဤနေရာသို့ ရင်ဟွမ်မြို့မှ မိသားစုကြီး နှစ်ခုထဲမှ တစ်ခုဖြစ်သော ရင်မိသားစု၏ သခင်လေး ရင်ဝူသော် ရောက်နေ၏။
သူတို့နှင့် ဟွမ်မိသားစုသည် ရန်ဘက်များ ဖြစ်သည်။ အထူးသဖြင့် ရင်မိသားစုက ဟွမ်မိသားစုထက် အမြဲ အသာစီး ရလိုသည်။ သို့သော် တိုက်ပွဲဝင် ခွန်အားက ဟွမ်မိသားစုထက် မကောင်းသဖြင့် ဟွမ်မိသားစုကသာ အမြဲ အသာစီး ရနေ၏။
“ငါသာ ဒီစစ်ကျွန် ရှောင်ချီရှို့ကို ရလိုက်မယ်ဆိုရင် ဟွမ်မိသားစုက ဘယ်တော့ လာဖျက်ဆီးမလဲ ဆိုတာကို စိုးရိမ်စရာ မလိုတော့ဘူး”
ထိုသို့တွေးမိပြိးနောက် ရင်ဝူသော်က ရက်စက်ကောက်ကျစ်စွာ ပြုံးလိုက်ပြီး အနားမှ သူ့လူများကို ပြောလိုက်သည်။
“ကမ္ဘာဦး ယန်ကျောက်တုံးတွေ အသင့်ပြင်ထား၊ ငါ ဒီစစ်ကျွန်ကို ရအောင်ဝယ်ချင်တယ်”
“ဟုတ်ကဲ့ပါ သခင်လေး”
ရင်မိသားစု အကြီးအကဲများက ချက်ချင်း ပြန်ဖြေ၍ ကမ္ဘာဦး ယန်ကျောက်တုံးများအားလုံးကို စုစည်း၍ လေလံဆွဲရန် ပြင်ဆင်လေသည်။
လက်ရှိအချိန်တွင် စင်မြင့်ပေါ်၌ ကွေမူသည် ထိုကောင်လေး၏ ဆောင်ရွက်မှုကြောင့် အလွန် ကျေနပ်အားရနေ၏။ သူသည် ရှေ့သို့လှမ်း၍ လက်ပြတ်ကို ယူလိုက်သည်။
ထို့နောက် ထိုကောင်လေး၏ ပခုံးနှင့် ပြန်ဆက်၍ နတ်ဆေးတစ်မျိုးကို သုတ်လိမ်းလိုက်သည်။ တစ်ခဏအတွင်းမှာပင် ပြတ်သွားသော လက်မောင်းနေရာမှ လင်းခနဲ ဖြစ်သွားကာ လက်မောင်းတစ်ခုလို အရင်အတိုင်း ပြန်ဖြစ်သွားသည်။
“လူကြီးမင်းတို့”
ထိုစဉ် ကွေမူက လေလံခန်းမထဲမှ သိုင်းပညာရှင်များကို ဝေ့ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“အားလုံးပဲ ရှောင်ချီရှို့ရဲ့ စွမ်းဆောင်မှုကို ကျေနပ်ပါရဲ့လား”
ထိုအခါ လေလံခန်းမတစ်ခုလုံး ပွက်ပွက်ညံသွားသည်။ သိုင်းပညာရှင်များအားလုံး စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီမြန်းလာ၏။
“ကျေနပ်တယ်၊ ကဲ လေလံပွဲ စတော့ဗျာ၊ ပိုက်ဆံ ဘယ်လောက်ကုန်ကုန် ကိစ္စမရှိဘူး၊ ရှောင်ချီရှို့ကို ငါ မရရအောင် ဝယ်မယ်”
“ဟားဟားဟား … သူက တကယ့် သူရဲကောင်းပဲ၊ ငါတို့က မိသားစု ဖြစ်လာဖို့ ကံပါလာတဲ့ လူတွေပဲ”
“…”
ချက်ချင်းဆိုသလိုပင် လေလံခန်းမတစ်ခုလုံး၏ အခြေအနေက စုစုရုံးရုံး ဖြစ်နေ၏။ အားလုံး၏ မျက်လုံးထဲတွင် လောဘရိပ်များ ထင်ဟပ်နေလေသည်။
ဤသည်ကိုကြည့်ပြီး ကွေမူက အားပါးတရ ရယ်၍ ခေါင်းညိတ်လိုက်သည်။
“ကြမ်းခင်းဈေးက ကမ္ဘာဦး ယန်ကျောက်တုံး ရှစ်သောင်းပါ”
“လေလံပွဲ စပြီ”
ကမ္ဘာဦး ယန်ကျောက်တုံး ရှစ်သောင်းသည် သာမန်မိသားစုအတွက် များပြားသော စည်းစိမ် ဖြစ်သော်လည်း လက်ရှိတွင် အားလုံးက ဈေးများသည်ဟု မထင်ကြချေ။ တစ်ယောက်ပြီး တစ်ယောက် အသည်းအသန် လေလံဆွဲ လေတော့သည်။
“ကျုပ်က ကိုးသောင်းဗျာ”
“တစ်သိန်းကွာ၊ ဒီစစ်ကျွန်က ငါ့ဟာပဲ၊ ဘယ်သူမှ လာလုခွင့် မရှိဘူး”
“ချီးပဲကွာ၊ ငါ တစ်သိန်း နှစ်သောင်း ပေးမယ်ကွာ၊ မင်းထက် နှစ်သောင်း ပိုများတယ် ဘာတတ်နိုင်သေးလဲ”
“…”
လက်ရှိအချိန်တွင် လေလံခန်းမထဲမှ လူများအားလုံး ရူးမတတ် ဖြစ်နေသည်။ ဈေးက တက်သထက် တက်လာသည်။
တစ်သိန်းခွဲ၊ နှစ်သိန်း၊ နှစ်သိန်းခွဲ၊ သုံးသိန်း။ လေလံဈေးက သုံးသန်းသို့ ရောက်လာချိန်တွင် တော်တော်များများက အရှုံးမခံလိုတော့ပေ။
သူတို့ ရှောင်ချီရှို့ကို လိုချင်ကြသော်လည်း သုံးသိန်းဟူသော ပမာဏသည် လူတိုင်း တတ်နိုင်သော ပမာဏ မဟုတ်ပေ။
အထူးသဖြင့် ဟွမ်မိသားစုပင်။ သူတို့၏ မျက်နှာက ခံရခက်နေပုံ ပေါ်နေသည်။ သူတို့ ရှိသမျှ အရာအားလုံး ထုတ်လိုက်တာတောင်မှ ကြမ်းခင်းဈေးထက် အနည်းငယ်မျှသာ ပိုများသဖြင့် မည်သို့ လေလံဆွဲနိုင်ပါမည်နည်း။
လက်ရှိအချိန်၌ ဟွမ်ထျန်းပါ့နှင့် ဟွမ်မိသားစုဝင်များအားလုံး မျက်နှာပျက်နေကြသည်။ ထိုစဉ် အသံတစ်သံ ထွက်လာ၏။
“ကမ္ဘာဦး ယန်ကျောက်တုံး ငါးသိန်း ပေးမယ်”
“သူက ငါ့အပိုင်ပဲ”