အခန်း (၉၄၉-၉၅၁)
Vol. 64 Ch. 949-951
Chapter 949 ရက်စက်စွာ စီးပွားရှာခြင်း
ကမ္ဘာဦး ယန်ကျောက်တုံး ငါးသိန်း
ထိုအသံ ထွက်လာချိန်တွင် လေလံခန်းမတစ်ခုလုံး တစ်မဟုတ်ချင်း တိတ်ဆိတ်သွားသည်။ သိုင်းပညာရှင်များ အားလုံး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်နေ၏။
ထိုပမာဏသည် အစောပိုင်းက လေလံဈေးထက် နှစ်သိန်း ပိုများနေသည်။ ထိုပမာဏက မိသားစုကြီးတစ်ခုလုံး၏ ပိုင်ဆိုင်မှုအားလုံးနှင့် ယှဉ်နိုင်သည်။
လူတိုင်း အသံ ထွက်လာရာသို့ လှမ်းကြည့်လိုက်ကြသည်။ ထိုအခါ အသံပိုင်ရှင်က ရင်ဟွမ်မြို့၏ မိသားစုကြီးနှစ်ခုထဲက တစ်ခုဖြစ်သည့် ရင်မိသားစုထံမှ ထွက်လာခြင်း ဖြစ်သည်ကို သိလိုက်ရသည်။
“မြတ်စွာဘုရား၊ ဖောဖောသီသီ သုံးလှချည်လား၊ ဒါပေမဲ့လည်း အဲ့လိုမှ မသုံးရင်လည်း ဘယ်ဝယ်နိုင်တော့မလဲ၊ ဒီစစ်ကျွန်က တော်တော်လေးကို သာမန်ထက် ထူးကဲနေတာလေ”
“ရင်မိသားစုရဲ့ လုပ်ငန်းက ရင်ဟွမ်တစ်မြို့ထဲမှာတင် မကဘဲ ရွှမ်ကျိုးတစ်ခုလုံးနီးပါးမှာ ရှိနေတာဆိုတော့ သူတို့ရဲ့ စည်းစိမ်က အံ့မခန်းပဲ၊ ဒီလို ကမ္ဘာဦး ယန်ကျောက်တုံး ငါးသိန်း ထုတ်သုံးတာကို ငါ မအံ့ဩတော့ဘူး”
“ရင်ဝူသော်က စစ်ကျွန် ရှောင်ချီရှို့ကို ဝယ်တယ်ဆိုတော့ တစ်မြို့ထဲက ဟွမ်မိသားစုကို တိုက်ခိုက် သိမ်းပိုက်ချင်နေတာ အသိသာချည်းပဲ၊ ဟွမ်မိသားစုတော့ … ဇာတ်သိမ်းပြီ”
“…”
လက်ရှိအချိန်၌ လေလံခန်းမထဲမှ သိုင်းပညာရှင်များအားလုံး ဆူညံပွက်လောရိုက်စွာ ပြောဆိုနေကြသည်။ အားလုံးက ရင်ဝူသော်အား အားကျလေးစားသော အမူအရာများဖြင့် ကြည့်လာကြသည်။ ဟွမ်မိသားစုဝင်များမှာမူ မျက်နှာပျက်ယွင်းနေ၏။
“ရင်မိသားစုက သုံးသိန်းပဲ ပြင်ထားတယ်လို့ ငါ ထင်ထားခဲ့တာ၊ ဒါပေမဲ့ ဒီလောက်ထိလို့ ငါ မထင်ထားမိဘူး”
မိသားစုခေါင်းဆောင် ဟွမ်ချန် မချိပြုံး ပြုံးနေမိသည်။ ဘိုးဘေးဖြစ်သူ ဟွမ်ထျန်းပါ့သည်လည်း မျက်နှာ မည်းမှောင်နေသည်။
“ရင်ဝူသော်ဆိုတဲ့ကလေးက အရမ်း ကောက်ကျစ်ရက်စက်လွန်းတယ်၊ ရှောင်ချီရှို့က သူ့လက်ထဲ ရောက်သွားပြီ ဆိုတော့ ဘယ်လောက် ညှင်းဆဲနှိပ်စက်ခံရမလဲ မသိဘူး”
ရှောင်ချီရှို့ ရှေ့ဆက်ကြုံတွေ့ရမည်များကို တွေးမိပြီး ဟွမ်ထျန်းပါ့၏ နှလုံးသားမှ သွေးစိမ်းရှင်ရှင် ယိုလာသည်။
“ငါးသိန်း၊ ဒီ့ထက် ပိုပေးမယ့်သူ ရှိသေးလား”
ထိုအခိုက်တွင် ကွေမူက အားရဝမ်းသာသော မျက်နှာဖြင့် မေးလာသည်။ ကမ္ဘာဦး ယန်ကျောက်တုံး ငါးသိန်း ဟူသော ဈေးက သူ့အား အလွန် ကျေနပ်အားရစေ၏။
“ငါးသိန်း တစ်ကြိမ်”
“ငါးသိန်း နှစ်ကြိမ်”
“ငါးသိန်း သုံးကြိမ်၊ ရောင်းထွက်သွားပါပြီ”
လေလံစင်မြင့်ပေါ်မှ တူထုလိုက်ပြီးနောက် လေလံခန်းမတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပြီး အားလုံးက မတ်တပ်ထရပ်၍ ရင်ဝူသော်အား ဂုဏ်ပြုကြလေသည်။
“ရင်ဝူသော်၊ ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်၊ ဒီစစ်ကျွန် ရှောင်ချီရှီု့ကို ဝယ်လိုက်နိုင်ပြီဆိုတော့ ခင်ဗျားရဲ့ ရင်မိသားစုက မြို့ဆယ့်ရှစ်မြို့မှာ အင်အားအကြီးဆုံး ဖြစ်လာတော့မှာပဲ”
“ဟားဟားဟား … နောက်ပိုင်း ကျုပ်ကို အကြံလေး ဘာလေး ပေးပါဦးဗျာ”
“…”
အားလုံး မျက်နှာချိုသွေး၍ ပြောဆိုနေကြသည်။ ထိုအခိုက်တွင် ရင်ဝူသော်နှင့် ရင်မိသားစုတစ်ခုလုံးသည် သူတို့ ရန်စနိုင်သူများ မဟုတ်ဟု မှတ်ယူထားလေသည်။
ဘေးပတ်လည်မှ လူအားလုံး၏ မျက်နှာချိုသွေးမှုကို ခံစားမိပြီး ရင်ဝူသော် အားပါးတရ ပြုံးနေမိသည်။
“လူကြီးမင်းတို့ ခဏလေး နေကြပါဦး၊ ကျုပ် ပွဲလေးတစ်ပွဲ ကျင်းပချင်သေးလို့”
ထို့နောက် ရင်ဝူသော်က မတ်တပ်ထရပ်၍ စင်မြင့်ပေါ် တက်သွားသည်။ လက်ထဲမှ ကမ္ဘာဦး ယန်ကျောက်တုံး အပြည့်ပါသော ဟင်းလင်းပြင်အိတ်အား ကွေမူကို ပေးလိုက်ပြီးနောက် ဓားကျိုးကို လက်လွှဲယူလိုက်သည်။
ဓားကျိုးကို ကိုင်ထားပြီးနောက် ရင်ဝူသော်သည် ရှောင်ချီရှို့၏ အသက်ကို ဆုပ်ကိုင်ထားပြီးဟု ထင်မှတ်သွားကာ ဝမ်းသာအားရ ပြုံးလိုက်သည်။ ထို့နောက် စင်အောက်မှ လူတိုင်းကို အော်ပြောလိုက်လေသည်။
“အားလုံး ကျုပ်နဲ့အတူ ပါဝင်ကြပါဦး၊ ကျုပ် အားလုံး ဆော့ကစားနိုင်မယ့် ကစားပွဲတစ်ခု ပြင်ဆင်ထားတယ်”
*ကစားပွဲ*
ရင်ဝူသော်၏ စကားကိုကြားပြီး လူတိုင်း အံ့ဩသွားကြသည်။ ရင်ဝူသော် ဘာကိုပြောချင်သလဲ သူတို့ နားမလည်ပေ။
သို့သော် ရင်ဝူသော်က စစ်ကျွန် ရှောင်ချီရှို့ကို ခေါ်၍ လေလံခန်းမအပြင်သို့ ထွက်လာသည်ကို တွေ့လိုက်ရသဖြင့် အားလုံး နောက်က လိုက်လာကြသည်။
တစ်ခဏအတွင်းမှာပင် လူတိုင်း လေလံခန်းမ အပြင်ဘက်သို့ ထွက်လာကြသည်။ သိုင်းပညာရှင်ပေါင်း ရာချီအပြင် သူတို့၏ မျိုးနွယ်ဝင်များပါ လိုက်ပါလာသဖြင့် လူဦးရေ ထောင်ချီနေ၏။
ထိုအခါ လမ်းမထက်တွင် လူများစွာတို့ဖြင့် ပြည့်နှက်လာသည်။ ဤသည်ကိုကြည့်ပြီး ဟွမ်မိသားစုခေါင်းဆောင် ဟွမ်ချန်က မျက်မှောင်ကြုတ်သွားသည်။
“ဘိုးဘေး ဒီကိစ္စက နည်းနည်းဆိုးမယ်ထင်တယ်၊ အဲ့ဒီ ကောက်ကျစ်စဉ်းလဲတဲ့ ရင်ဝူသော် ပြောတဲ့ ကစားပွဲ ဆိုတာက ရှောင်ချီရှို့အတွက် မကောင်းနိုင်ဘူး”
ဟွမ်ချန်သာမက ဟွန်ထျန်းပါ့သည်လည်း ရင်တုန်နေ၏။ ရှောင်ချီရှို့ အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရလိမ့်မည်ဟု သူ ခန့်မှန်းမိပြီးသား ဖြစ်သည်။
“အားလုံးပဲ”
ထိုစဉ် လူအုပ်ရှေ့မှ ရင်ဝူသော်က လူတိုင်းကို အော်ပြောလိုက်သည်။
“ခင်ဗျားတို့ အန္တိမအဆင့်ကို တိုက်ခိုက်ဖူးကြလား”
*အန္တိမအဆင့်တဲ့လား*
လူတိုင်း အံ့ဩသွားပြီးနောက် ခေါင်းခါပြသည်။ အန္တိမအဆင့်အား ရွှမ်ကျိုး၏ အချက်အချာ ဖြစ်သော ရွှမ်ချန်၌သာ တွေ့နိုင်သည်။ ဘယ်လိုလုပ် ဤမြို့ငယ် ဆယ့်ရှစ်မြို့၌ ရှိနေနိုင်မည်နည်း။ ထို့အပြင် အန္တိအဆင့်အား တိုက်ခိုက်ခြင်းသည် သေလမ်းရှာခြင်းသာ ဖြစ်ပေသည်။
လူအုပ်ကြီး၏ အမူအရာကိုကြည့်ပြီး ရင်ဝူသော်က ပို၍ဉာဏ်များဟန်ဖြင့် ပြုံးလိုက်သည်။ ထို့နောက် သူ့နားမှ ရှောင်ချီရှို့ကို လက်ညှိုးထိုးကာ ပြောလေသည်။
“ကျုပ်စစ်ကျွန်ရဲ့ တိုက်ပွဲဝင်ခွန်အားက အန္တိမအဆင့်နဲ့ ယှဉ်လို့ရတယ်၊ ပြီးတော့ သာမန် အန္တိမအဆင့်လောက်နီးနီး သန်မာတယ်”
“အခု ကျုပ် ခင်ဗျားတို့ကို အခွင့်အရေးတစ်ခု ပေးမယ်”
ရင်ဝူသော်က အပြုံးကြီးပြုံးကာ ဆက်ပြောလေသည်။
“ခင်ဗျားတို့ တစ်ယောက်ချင်းစီက ဒီစစ်ကျွန်ကို ဓားနဲ့ခုတ်လို့ရတယ်၊ သူ ဘယ်တော့မှ ပြန်တိုက်မှာ မဟုတ်ဘူး၊ ပြီးတော့ ဓားချက်တစ်ချက်ကို ကမ္ဘာဦးယန် ကျောက်တုံး တစ်သောင်း ပေးရမယ်”
ရင်ဝူသော်၏ စကားအဆုံး၌ လမ်းတစ်လျှောက် ဆူညံပွက်လောရိုက်သွားသည်။ ရှောင်ချီရှီု့၏ တိုက်ပွဲဝင် ခွန်အားသည် တကယ်ပင် အန္တိမအဆင့်နှင့် ယှဉ်နိုင်၏။ ဤအချက်အား လူတိုင်း သိထားကြသည်ပင်။
ယခု ထိုကဲ့သို့သော ကြောက်စရာကောင်းသည့်လူမျိုးအား ကမ္ဘာဦး ယန်ကျောက်တုံး တစ်သောင်းတည်းဖြင့် ဓားနှင့် ခုတ်နိုင်မည်ဆိုသဖြင့် မည်သူက စိတ်မလှုပ်ရှားနိုင်ဘဲ နေမည်နည်း။
“ဟားဟားဟား … ကျုပ် ပါမယ်၊ ကျုပ် တစ်သက်လုံး အန္တိမအဆင့်ရှေ့ရောက်ရင် ဦးညွှတ်နေခဲ့ရတာ၊ အခု အန္တိမအဆင့် တိုက်ပွဲဝင်ခွန်အားကို ပိုင်ဆိုင်ထားတဲ့ ရှောင်ချီရှို့ကို ကမ္ဘာဦးယန်ကျောက်တုံး တစ်သောင်းတည်းနဲ့ ဓားနဲ့ ခုတ်နိုင်မယ့် အခွင့်အရေး ရှိနေပြီပဲကို”
“ကျုပ်လည်း ပါမယ်၊ ဒီလို သွေးသံတရဲရဲဖြစ်မယ့် ကစားပွဲမျိုးကို ကျုပ် သဘောကျတယ်”
“ရင်သခင်လေးက စီးပွားရေး ဘယ်လိုလုပ်ရမလဲ ဆိုတာကို နားလည်နေတာပဲ၊ လူအယောက် ငါးဆယ်ပဲ ဝင်ပါမယ်ဆိုရင်တောင် ရှောင်ချီရှို့ကို ဝယ်ဖို့ သုံးခဲ့ရတဲ့ ပိုက်ဆံက ပြန်ရလာတော့မှာ”
“…”
ထိုအခိုက်တွင် သိုင်းပညာရှင် တော်တော်များများသည် ရင်ဝူသော်ကို ပို၍ လေးစားလာကြသည်။ ကမ္ဘာဦး ယန်ကျောက်တုံး ငါးသိန်းလောက် ရလာမည်ဆိုလျင် ရှောင်ချီရှို့ကို ဝယ်ခဲ့သည့် ပမာဏအား ပြန်ရပေတော့မည်။
ဤကစားပွဲတစ်ခုတည်းနှင့် ရှောင်ချီရှို့ကို အသုံးချပြီး ကုန်ကျခဲ့ရသည့် ငွေကြေးကို ပြန်ရှာနိုင်မည် ဖြစ်သလို အန္တိမအဆင့် စစ်ကျွန်ကိုလည်း အလကား ရနိုင်ပေတော့မည်။
သူ၏ စီးပွားရေး အတွေးအမြင်က ထိတ်လန့်စရာ ကောင်းလှသည်။ ကွေမူတောင်မှ ရင်ဝူသော်ကို လေးစား အားကျမိသည်။
ဟွမ်မိသားစု တစ်ခုတည်းသာ ဒေါသူပုန်ထနေ၏။ ဟွမ်မိသားစုဝင်တိုင်း၏ မျက်လုံးတွင် ရင်ဝူသော်သည် မိစ္ဆာတစ်ကောင်သာ ဖြစ်သည်။
သောင်းချီသော ဓားချက်များကို တောင့်ခံရမည်ဆိုလျင် ရှောင်ချီရှို့အတွက် ကြေးချွတ်သန့်စင်ဘုံအလား ခံစားရ ပေတော့မည်။
“အမတဆေးလုံး ထုတ်လိုက်”
ထိုအခါ ရင်ဝူသော်၏ လက်ထဲသို့ ဆေးလုံးတစ်လုံး လာထည့်ပေးလေသည်။
“ဒီဆေးနဲ့ဆိုရင် ဓားချက် အချက်ငါးဆယ် မပြောနဲ့ ဓားချက် တစ်ရာ၊ တစ်ထောင်ဆိုရင်တောင်မှ စစ်ကျွန် ရှောင်ချီရှို့ တောင့်ခံနိုင်လိမ့်မယ်”
“ဒီဆေးက ကျုပ်ရဲ့ ငွေရှာပေးတဲ့ ဆေးဖြစ်သလို လူသတ်နိုင်တဲ့ ဆေးဆိုလည်း မမှားဘူး”
ထိုသို့ပြောပြီး ရင်ဝူသော်က အားပါးတရ ပြုံး၍ အမတဆေးလုံးအား ရှောင်ချီရှို့ထံ ပေးလိုက်သည်။
“မင်း ဒီလမ်းအဆုံးထိ လျှောက်သွား”
“မင်းကို ထိခိုက်အောင် လုပ်တဲ့ ဘယ်သူ့ကိုမဆို ထိခိုက်အောင် မလုပ်ရဘူး၊ မှတ်ထား”
သူ့စကားကြောင့် ရှောင်ချီရှို့သည် တွေဝေမနေဘဲ လက်တစ်ဖက်ဖြင့် ဆေးလုံးကို ယူ၍ အရိုအသေ ပေးလာသည်။
“အမိန့်အတိုင်းပါ”
ရှောင်ချီရှို့က တစ်ဖက်လှည့်ကာ လမ်းအဆုံးထိ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ ရင်ဝူသော်တောင်မှ ထိတ်လန့်သွားရပြီး ရှောင်ချီရှို့၏ ဆရာအစစ်ကို သိချင်စိတ် ပြင်းပြလာမိသည်။
မည်သို့သောလူစားမျိုးက ဤသို့သော မိစ္ဆာကောင်မျိုးအား အလွန် နာခံအောင် လုပ်နိုင်ရသနည်း။
ရွှစ်!
ထိုစဉ် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ဓားတစ်ချောင်းက ရှောင်ချီရှို့၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်သွားသည်။
Chapter 950 ကျုပ်ဆရာက ယဲ့ဖန်လို့ ခေါ်တယ်
ရွှစ်!
ရှောင်ချီရှို့၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာ၏။ သူ၏ ရင်ဘတ်အား ဓားတစ်လက်က ထိုးစိုက်လာလေသည်။
တောက်! တောက်!
ရဲရဲနီသော သွေးစက်များက ရှောင်ချီရှို့ကိုယ်မှ ဆက်လက်၍ တတောက်တောက် စီးကျလာသည်။ သို့သော် သူသည် ဓားထိုးခံလိုက်ရသည့် ခန္ဓာကိုယ်က သူ့ခန္ဓာကိုယ် မဟုတ်သကဲ့သို့ မျက်လုံးများက အေးစက်၍ ခံစားချက် မရှိသလို ဖြစ်နေ၏။
ဓားဖြင့် ထိုးလိုက်သောလူသည် ဓားကို ပြန်ဆွဲထုတ်လိုက်ပြီး ဟင်းလင်းပြင်အိတ်တစ်အိတ်ကို မြေကြီးပေါ် ပစ်ချလိုက်သည်။
“မိုက်တယ်၊ တိုက်ပွဲဝင်ခွန်အား အန္တိမအဆင့် ရှိတဲ့လူရဲ့ ခန္ဓာကိုယ်ကို ဓားနဲ့ ထိုးလိုက်ရတဲ့ ခံစားချက်က စောက်ရမ်း မိုက်တယ်ကွာ”
လူတစ်ယောက်က ပထမဆုံး ဓားဖြင့် ထိုးလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် အခြားသူများအားလုံးက စမ်းကြည့်ရန် စိတ်အား ထက်သန်လာသည်။
သူတို့သည် စစ်ကျွန် ရှောင်ချီရှို့အား လေလံဆွဲ၍ မဝယ်နိုင်သော်လည်း ဤမိစ္ဆာကောင်၏ ခန္ဓာကိုယ်အား ဓားဖြင့် ထိုးခွင့်ရမည်ဆိုလျင် သူတို့ တုံ့ဆိုင်းနေမည် မဟုတ်ပါ။
ထိုအခိုက်တွင် နောက်လူတစ်ယောက်က ဟင်းလင်းပြင်အိတ်တစ်ခုကို မြေကြီးပေါ် ပစ်ချလိုက်သည်။ ထို့နောက် ဓားကိုဆွဲမြှောက်၍ ခုတ်ချလိုက်သည်။
ရွှစ်!
ထိုဓားချက်က ရှောင်ချီရှို့၏ လက်မောင်းတစ်ဖက်ကို ခုတ်ဖြတ်သွားသည်။ ရဲရဲနီသော သွေးစက်များက မြေကြီးပေါ် စီးကျလာသဖြင့် မြေကြီး၌ သွေးရောင်လွှမ်းလာသည်။
ထိုအခါ ရှောင်ချီရှို့သည် ခံစားချက်မဲ့စွာဖြင့် မြေကြီးပေါ်မှ လက်ပြတ်ကို ကောက်၍ ပြန်ဆက်လိုက်သည်။ ထိုစဉ် ဓားတစ်လက်က သူ့ရင်ဘတ်ကို ထပ်၍ ထိုးစိုက်လာ၏။ ထို့အတူ ဓားတစ်လက်ကလည်း ရှောင်ချီရှို့၏ ခြေထောက် တစ်ဖက်ကို ခုတ်ဖြတ်လာသည်။
….
လက်ရှိအချိန်တွင် လမ်းမထက်၌ သွေးသံတရဲရဲနှင့် မကြည့်ဝံ့သော မြင်ကွင်းတစ်ခု ဖြစ်ပွားနေ၏။ ဓားတစ်လက်ပြီး တစ်လက်က ထိုးစိုက်ခုတ်ဖြတ်လာသဖြင့် ရှောင်ချီရှို့၌ ဒဏ်ရာများစွာ ဖြစ်ပေါ်လာပြီး အခြေအနေက ဆိုးရွား လာသည်။
သူ၏ ခြေလက်များ ခုတ်ဖြတ်ခံလိုက်ရပြီး ပြန်မဆက်သေးခင်မှာပင် ထပ်၍ အဖြတ်ခံလိုက်ရသည်။ သွေးအလိမ်းလိမ်း ဖြစ်နေသောကြောင့် ရှောင်ချီရှို့သည် သွေးလူသားသဖွယ် ဖြစ်နေလေသည်။ ကြမ်းပြင်ပေါ်၌ ဟင်းလင်းပြင်အိတ်များ ပုံနေ၏။
တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း။
ရင်ဝူသော် ရလာမည့် ပိုက်ဆံက တိုးသထက် တိုးလာသည်။ တစ်ခဏအတွင်းမှာပင် ကမ္ဘာဦး ယန်ကျောက်တုံး ငါးသိန်း အထိ ရလာပြီး ဆက်လက်၍ ရရှိနေဆဲပင်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ အခု ငါ ကုန်ထားရသလောက်လည်း ပြန်ရနေသလို အန္တိမအဆင့် စစ်ကျွန် တစ်ယောက်လည်း ရလာပြီ”
ရင်ဝူသော် အပြုံးကြီး ပြုံးနေ၏။ သူ့နားမှ ရင်မိသားစုဝင်များသည် သူ့အား ပိုမို၍ လေးစား အားကျလာပြီး ဝမ်းသာ အားရ ဖြစ်နေကြသည်။
“ဟားဟားဟား … သခင်လေး ကြည့်ပါဦး၊ ကမ္ဘာဦး ယန်ကျောက်တုံး ခြောက်သိန်းတောင်”
“မြတ်စွာဘုရား၊ သာမန် ထုံချန်မြို့သားတွေတောင် မစောင့်နိုင်တော့ဘဲ ကမ္ဘာဦး ယန်ကျောက်တုံးတွေ ထုတ်ပြီး ရှောင်ချီရှို့ကို ဓားနဲ့ထိုးဖို့ ပြင်နေကြပြီ”
“ဒါက အန္တိမအဆင့် စစ်ကျွန်ကိုး၊ အဲ့လိုလူမျိုးကို ဓားနဲ့ထိုးခွင့်ရတယ်ဆိုတာကို တစ်သက်လုံး ကြွားဝါနေလို့ ရနေပြီ”
လတ်တလော၌ လမ်းတစ်လျှောက်လုံးမှ လူများ၏ ရူးသွပ်မှုက ရင်ဝူသော်နှင့် အခြားသူများ ထင်ထားသည်ထက်ပင် ကျော်နေသေး၏။
မြို့တိုင်းမှ ကျော်စောသော လူများ၊ သူတို့ လက်အောက်မှ သိုင်းပညာရှင်များနှင့် ထုံချန်မြို့မှ သိုင်းပညာရှင်များ။
အားလုံးက ရှောင်ချီရှို့ကို ဓားဖြင့်ခုတ်ရန်အတွက် သူတို့ စုဆောင်းထားသမျှကို ထုတ်ခြင်း ထိုသို့မဟုတ်ပါက မိတ်ဆွေနှင့် ဆွေမျိုးများထံမှ ချေးငှားလာကြသည်။
ဓားချက် ငါးဆယ်၊ ဓားချက် ရှစ်ဆယ်၊ အချက် တစ်ရာ။
…
ရှောင်ချီရှို့ ဒယိမ်းဒယိုင် ဖြစ်နေပြီး ပြင်းထန်လှသော ဝေဒနာက တစ်ကိုယ်လုံးသို့ ပျံ့နှံ့လာသည်။ သူ့မျက်စိရှေ့မှ အရာအားလုံးတောင်မှ ရဲရဲနီနေသည်။ သူ နာကျင်မှုကို မသိသော်လည်း တောင့်ခံနိုင်ပါသေးသည်။
“ငါ့နာမည်က ရှောင်ချီရှို့ ပြီးတော့ ဆရာ့အမိန့်က ငါ့ဘဝပဲ”
သူ့ထံမှ အက်တက်တက် အသံ ထွက်ပေါ်လာသည်။ ထိုလူအား သူ့ဘဝကို ရင်း၍ စောင့်ရှောက်မည်ဟု သစ္စာဆိုထားပုံရသည်။
ရွှစ်!
သူ့ရင်ဘတ်က ဟက်တက်ကွဲမတတ် ဖြစ်လာသော်လည်း လျစ်လျူရှုထားသည်။ သူ့မျက်လုံး၌ ခိုင်မာရူးသွပ် မှုများနှင့် ပြည့်နှက်နေ၏။
“ငါ့နာမည်က ရှောင်ချီရှို့ ပြီးတော့ ဆရာ့အမိန့်က ငါ့ဘဝပဲ”
နောက်ထပ် ဓားတစ်လက်ကြောင့် သူ့ကျောရိုး ပြင်းထန်စွာ ဒဏ်ရာရသွားပြီး တောင့်ခနဲ ဖြစ်သွားကာ လဲကျလုနီးပါး ဖြစ်သွားရသည်။ သို့သော် သူ အံကို တင်းတင်းကြိတ်၍ တောင့်ခံလေ၏။
“ငါ့နာမည်က ရှောင်ချီရှို့ ပြီးတော့ ဆရာ့အမိန့်က ငါ့ဘဝပဲ”
ရွှစ်!
နောက်ထပ် ဓားချက်တစ်ချက် ကျရောက်လာပြန်သည်။
…
လက်ရှိအချိန်တွင် ဤသွေးသံတရဲရဲ မြင်ကွင်းက အလွန် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသည်။ ရှောင်ချီရှို့ထံသို့ ဓားချက် တစ်ချက်ပြီးတစ်ချက် ကျလာသော်လည်း မည်သို့သော အော်ဟစ်သံကိုမှ မကြားရချေ။
“ငါ့နာမည်က ရှောင်ချီရှို့ ပြီးတော့ ဆရာ့အမိန့်က ငါ့ဘဝပဲ”
လမ်းတစ်လျှောက်မှ လူများအားလုံး ထိတ်လန့်သွားကြပြီး သွေးအလိမ်းလိမ်းဖြစ်နေသော ရှောင်ချီရှို့အား မယုံနိုင်ဟန်ဖြင့် ကြည့်နေကြသည်။
မည်သို့သော ပုဂ္ဂိုလ်မျိုးက ဤမကောင်းဆိုးဝါးအား ဤအတိုင်းအတာအထိ လေးစားကြည်ညို သင်ပြနိုင်ရသနည်း။ ယင်ယန် တစ်လောကလုံး၌ မည်သူမှ ထိုသို့မလုပ်နိုင်ဟု အားလုံး တွေးမိသွားသည်။
အဆိုပါမြင်ကွင်းကြောင့် ဟွမ်ထျန်းပါ့တစ်ယောက် မျက်ရည်ကျလာရသည်။ ရှောင်ချီရှို့အား ခုတ်ပိုင်းလာသည့် ဓားချက်တိုင်းက သူ့ကိုယ်ကို ခုတ်ပိုင်းလာသည်ကို ခံစားမိကာ သေရသည်ထက် ခံစားချက်မျိုး ပေးစွမ်းလာ၏။
“ကောင်လေးယဲ့ရေ၊ မင်းတပည့်က မှတ်ဉာဏ် အပိတ်ခံထားရတောင်မှ မင်းကို မမေ့နိုင်သေးဘူး”
“မင်း ဘယ်မှာလဲ၊ မင်း … တကယ်ပဲ သေသွားပြီလား”
ဟွမ်ထျန်းပါ့ ငိုကြွေးနေ၏။ ဟွမ်မိသားစုဝင်များအားလုံး ဝမ်းနည်းနေကြသည်။ ထိုစဉ် ဟွမ်ထျန်းပါ့က တစ်စုံတစ်ရာကို ဆုံးဖြတ်ချက် ချလိုက်သည့်ပုံပင်။ သူ၏မျက်လုံး၌ ခိုင်မာပြတ်သားဟန်များ ထင်ဟပ်နေ၏။
ထိုစဉ် သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ ထိုခြေသံကြောင့် တစ်လမ်းလုံး ရုတ်တရက် တိတ်ကျသွားသည်။ ဟွမ်မိသားစုဝင်များအားလုံးသည် ဘိုးဘေး ဘာလုပ်ချင်နေသလဲ ရိပ်မိသောကြောင့် ချက်ချင်း မျက်နှာပျက် သွားကြသည်။
“ဘိုးဘေး မလုပ်နဲ့”
“ပြန်လာခဲ့ပါ၊ ဘိုးဘေး သူ့ကို မကယ်နိုင်ဘူး”
“…”
ဟွမ်မိသားစုဝင်များအားလုံး မျက်နှာပြာနှမ်းနေ၏။ သို့သော် ဘိုးဘေး ဟွမ်ထျန်းပါ့က မကြားချင်ယောင် ဆောင်နေလေသည်။ သူသည် ရှေ့သို့ တိုးလာပြီးနောက် သွေးသံတရဲရဲနှင့် ရှောင်ချီရှို့ထံသို့ လှမ်းသွားလေသည်။
“ရပ်လိုက်”
ရူးမတတ် အော်ဟစ်ပြောဆိုလာသော အသံကြောင့် အားလုံး ရပ်တန့်သွားသည်။ ရင်ဝူသော် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
“ခွေးအိုကြီး ခင်ဗျား ဘာလုပ်နေတာလဲ၊ ပိုက်ဆံရှာတာကို နှောင့်နှေးအောင် လုပ်နေတယ်ပေါ့လေ၊ သေလမ်းရှာ နေတာလား”
ရင်ဝူသော်က ရက်စက်ကောက်ကျစ်စွာ ပြုံးလာသည်။ သူ့စိတ်ထဲတွင် ဟွမ်မိသားစု ဘိုးဘေးသည် ဘာမဟုတ်သော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။ သူ စကားတစ်ခွန်း ပြောလိုက်သည်နှင့် ရှောင်ချီရှို့က သူ့ကို အရှင် လတ်လတ် နှိပ်စက်မှာပင်။
ဘိုးဘေး ဟွမ်ထျန်းပါ့ကမူ ရင်ဝူသော်ကို လုံးဝ ဂရုမစိုက်ပေ။ သူသည် ရှောင်ချီရှို့ကို စိုက်ကြည့်ရင်း မျက်ရည်ကျ လာပြန်သည်။
“ရှောင်ချီရှို့၊ ရှောင်ချီရှို့လေး မင်း ငါ့ကို မေ့သွားပြီလား၊ ငါ ဟွမ်ထန်းပါ့လေ၊ မင်းတို့တွေ ငါ့ကို ဆရာဖျံလို့ ခေါ်တယ်လေ”
*ဆရာဖျံ*
ထိုနာမည်သည် ကမ္ဘာဂြိုဟ်ပေါ်၌ ရှောင်ချီရှို့၊ ဖေးချမ်၊ ဝံပုလွေရိုင်း၊ မိုရိုသွေးစွန်းတစ္ဆေနှင့် အခြားသူများက ဟွမ်ထျန်းပါ့ကို ခေါ်သော နာမည်ပြောင် ဖြစ်သည်။
ထိုသို့ခေါ်လျင် ဟွမ်ထျန်းပါ့က ဒေါသတကြီး စိုက်ကြည့်လာပြီး မုတ်ဆိတ်မွေးက တလှုပ်လှုပ် ဖြစ်လာသည်။ သို့သော် ယခုအခါတွင် ရှောင်ချီရှို့က သူ့အား ဆရာဖျံဟု ခေါ်လာရန် မျှော်လင့်မိသည်။
လက်ရှိအချိန်တွင် ရှောင်ချီရှို့၏ မျက်လုံးများက ထိုင်းမှိုင်းနေပြီး ဟွမ်ထျန်းပါ့အား လုံးဝ သိပုံမပေါ်ပေ။ ဟွမ်ထျန်းပါ့၏ မျက်နှာပေါ်သို့ မျက်ရည်များ ဆက်တိုက် စီးကျလာ၏။
“မင်း ကမ္ဘာဂြိုဟ်ကို မှတ်မိလား”
“မင်း ဖေးချမ်၊ ဝံပုလွေရိုင်း၊ မိုရိုသွေးစွန်းတစ္ဆေ၊ အန်းရှီတို့ကို မှတ်မိလား”
“မင်း … မင်းဆရာ ယဲ့ဖန်ကို မှတ်မိလား”
ယဲ့ဖန်ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ရှောင်ချီရှို့၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်က တုန်ယင်လာပြီး သူ့အမူအရာ မသိမသာ ပြောင်းလဲစပြုလာ၏။
“ဆရာ … ယဲ့ဖန်၊ ယဲ့ဖန် … ဆရာ”
ထိုစကား လေးလုံးက သူ့စိတ်ထဲ ရစ်ဝဲနေ၏။ သူ တစ်စုံတစ်ရာကို မှတ်မိစပြုလာသည့်ပုံပင်။ သူ တစ်စုံတစ်ရာကို မေ့နေခဲ့ပုံရသည်။ သူ မျက်ရည်ဝဲလာပြီး သူ့စိတ်ထဲ၌ ဝမ်းနည်းစိတ်များ ဖြစ်ပေါ်လာသည်။
ရှောင်ချီရှို့သည် မျက်ရည်ကျရင်း ဝမ်းနည်းအက်ကွဲနေသော အသံဖြင့် ရေရွတ်လာသည်။
“ငါ့ဆရာက ယဲ့ဖန်လို့ ခေါ်တာလား”
Chapter 951 ယဲ့ဖန် ရောက်လာပြီ
“ငါ့ဆရာက ယဲ့ဖန်လို့ ခေါ်တာလား”
ရှောင်ချီရှို့၏ စကားအဆုံး၌ ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံး မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။
*ယဲ့ဖန်*
စစ်ကျွန် ရှောင်ချီရှို့၏ ဆရာဖြစ်သူ နာမည်ကို သူတို့ ယခုမှ ပထဆုံး အကြိမ် ကြားဖူးခြင်း ဖြစ်သည်။
*အဲ့ယဲ့ဖန်က ဘယ်လိုလူမို့လို့ ရှောင်ချီရှို့လို မိစ္ဆာကောင်က အလွန်အကျွံ လေးစားနေရတာလဲ*
*မှတ်ဉာဏ် ချိပ်ပိတ်ခံထားရတာတောင်မှ မမေ့နိုင်သေးပါလား*
ထိုစဉ် ဟွမ်ထျန်းပါ့က ဝမ်းသာစိတ်ဖြင့် မျက်ရည်ကျကာ ခေါင်းတဆတ်ဆတ် ညိတ်မိသည်။
“ဟုတ်တယ်၊ ရှောင်ချီရှို့လေး ယဲ့ဖန်က မင်းဆရာပဲ”
“မင်း ကမ္ဘာဂြိုဟ်ရဲ့ တိုက်ပွဲကို မေ့သွားတာလား၊ မင်း နတ်ဆိုးမျိုးနွယ်ကို စောင့်ရှောက်ဖို့ မေ့သွားပြီလား”
“ငါနဲ့အတူ အိမ်ပြန်လိုက်ခဲ့၊ ခွန်အား တိုးတက်လာအောင် လုပ်ပြီးတော့ ကမ္ဘာဂြိုဟ်ကို ပြန်သွားရအောင်၊ မင်းဆရာအတွက် ပြီးတော့ နတ်ဆိုးအားလုံးအတွက် လက်စားချေကြမယ်”
ထိုစကားကြောင့် ရှောင်ချီရှို့၏ ခန္ဓာကိုယ်က ပို၍ပြင်းထန်စွာ တုန်ခါလာသည်။ သူ စဉ်းစားနေသော်လည်း ဘာဖြစ်ခဲ့သလဲ ဆိုသည်ကို စဉ်းစားမရပေ။
ထိုအခိုက်တွင် ရှောင်ချီရှို့၏ ပုံမှန်မဟုတ်သော ပြောင်းလဲမှုကြောင့် ကွေမူ မျက်နှာပျက်သွားပြီး ရင်ဝူသော်ကို လှည့်ကြည့်၍ စိုးရိမ်တကြီး ပြောလိုက်သည်။
“ရင်သခင်လေး၊ ဓားကျိုးကို မြန်မြန်သုံးလိုက်ပါ၊ ရှောင်ချီရှီု့က မှတ်ဉာဏ် ချိပ်ပိတ်ထားတာကို ချိုးဖောက်ဖို့ ကြိုးစားနေပြီ”
ကွေမူ၏ စကားကြောင့် ရင်ဝူသော် တုန်လှုပ်သွားသည်။ အကယ်၍ ရှောင်ချီရှို့သာ ချိပ်ပိတ်ထားခြင်းမှ နိုးထလာပါက သူ၏ အန္တိမအဆင့်ကို ယှဉ်နိုင်သော တိုက်ပွဲဝင်ခွန်အားဖြင့်ဆိုလျင် ဤနေရာတစ်ခုလုံး ဘေးသင့် ပေလိမ့်မည်။
ထိုသို့ အတွေးဝင်လာပြီးနောက် ရင်ဝူသော်၏ နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာသည်။ ထို့နောက် ဓားကျိုးကို ကိုင်၍ အောက်သို့ ရိုက်ချလိုက်သည်။
ဒေါင်!
ထိုအသံသည် ရှင်းလင်းကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ထိုအသံလှိုင်း၌ ထူးဆန်းသော မှော်စွမ်းအင်များ ပါဝင်နေကာ တုန်ယင်နေသော ရှောင်ချီရှို့၏ ခန္ဓာကိုယ်က ချက်ချင်း တည်ငြိမ်သွားလေသည်။ ဇဝေဇဝါ ဖြစ်နေသော သူ၏အကြည့်များက ပြန်လည်၍ ထိုင်းမှိုင်းလာသည်။
“မဖြစ်ရဘူး”
ဟွမ်ထျန်းပါ့ ထိတ်လန့်သွားပြီး ရှောင်ချီရှို့အား ဆက်တိုက် အော်ပြောလိုက်သည်။
“ရှောင်ချီရှို့လေး သတိရလာတော့လေ၊ ဒီလူက မင်းဆရာ ယဲ့ဖန် မဟုတ်ဘူး၊ မြန်မြန် သတိရလာတော့”
ဟွမ်ထျန်းပါ့က ရှောင်ချီရှို့၏ ခန္ဓာကိုယ်ကို ကိုင်လှုပ်၍ သတိရလာစေရန် ပြောဆိုနေ၏။ ဤအဖြစ်ကြောင့် ရင်ဝူသော်၏ မျက်နှာထားက ပို၍သုန်မှုန်လာသည်။
“အဘိုးကြီး ခင်ဗျားကများ ကျုပ်ရဲ့ လုပ်ငန်းကောင်းတွေကို ဖျက်ဆီးရဲတယ်လား၊ ခင်ဗျားက သေလမ်း ရှာနေတာပဲ”
“ရှောင်ချီရှို့ အဲ့လူကို သတ်ဖို့ ဆရာ မင်းကို အမိန့်ပေးတယ်”
ထိုစကားကြောင့် ဟွမ်မိသားစုဝင်များအားလုံး မျက်နှာပျက်သွားသည်။ သူတို့အားလုံး စဉ်းစားမနေတော့ဘဲ ရှေ့သို့ ပြေးထွက်လာကြသည်။ သူတို့၏ ဘိုးဘေးကို သူတို့ ကယ်ချင်နေကြသည်။
ထိုစဉ် ရှောင်ချီရှို့က လက်သီးဆုပ်၍ ဟွမ်ထျန်းပါ့၏ ရင်ဘတ်ကို ထိုးနှက်လာသည်။
ဝုန်း!
ဟွမ်ထျန်းပါ့၏ စိတ်ဝိညာဉ် တစ်ခုလုံးသည် လက်သီးချက်ကြောင့် ပေါက်ကွဲသွားသည်။ သူ၏ စိတ်ဝိညာဉ် ပြန်လည် ဖွဲ့စည်းလာသည့်အခါတွင် ဝိညာဉ်က အလွန် ပါးလျှလှ၏။ ဒဏ်ရာက အလွန် ပြင်းထန်လှသဖြင့် သေလုနီးပါး ဖြစ်နေသည်။
“ဘိုးဘေး”
မိသားစုခေါင်းဆောင် ဟွမ်ချန်နှင့် ဟွမ်မိသားစုဝင်များသည် တုန်လှုပ်ခြောက်ခြားသွားပြီး ရှောင်ချီရှို့ကို ခုခံ တိုက်ခိုက် လေသည်။
ဟွမ်ချန်နှင့် ဟွမ်မိသားစုဝင် အကြီးအကဲများသည် သန်မာလှ၏။ သူတို့ထဲ၌ လောကသခင်အဆင့် နှစ်ယောက်နှင့် လောကသခင် တစ်ပိုင်းအဆင့် ဆယ်ယောက် ပါဝင်လေသည်။ သူတို့ အတူတူ တိုက်ခိုက်လာချိန်တွင် အင်အားက ပြင်းထန်လှသည်။
သို့သော် ရင်ဝူသော်က ပုရွက်ဆိတ်တစ်အုံကို ကြည့်သကဲ့သို့ အထင်သေး လှောင်ပြောင်ဟန်ဖြင့် ကြည့်နေသည်။
“မင်းတို့ ဟွမ်မိသားစု ပျက်စီးတော့မှာ”
“ရှောင်ချီရှို့ ဆရာ့အမိန့်ကို နားထောင်စမ်း၊ သူတို့အားလုံးကို အသေသတ်ပစ်လိုက်”
ထိုစကားအဆုံး၌ ရှောင်ချီရှို့၏ မျက်လုံးက ရုတ်တရက် စူးရဲသွားသည်။ ထို့နောက် သားရဲရိုင်းတစ်ကောင်ကဲ့သို့ ဟွမ်မိသားစုဝင်များထံ ပြေးဝင်သွားလေသည်။
ဝုန်း! ဝုန်း! ဝုန်း!
လက်ရှိအချိန်တွင် ကျောက်တုံးကျောက်ခဲများ လွင့်ထွက်နေပြီး လမ်းတစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်နေ၏။ သိုင်းပညာရှင် များအားလုံး ရှောင်တိမ်းနေရသည်။ တိုက်ပွဲအရှိန်အဝါက လူတိုင်းအား ကြက်သီးမွေးညင်း ထသွားစေသည်။
ရှောင်ချီရှို့က သိုးအုပ်ထဲ ဝင်ဆွဲနေသည့် ကျားတစ်ကောင်သဖွယ် ပြုမူနေသည်ကို လူတိုင်း မြင်နေရသည်။ သူ လက်သီးဖြင့် ထိုးလိုက်သည့် အချိန်တိုင်း ဟွမ်မိသားစုဝင် သိုင်းပညာရှင်တစ်ယောက် လွင့်ထွက်သွားရပြီး တိုက်ပွဲဝင် ခွန်အားများ ဆုံးရှုံးသွားရသည်။
တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်။
ရှောင်ချီရှို့၏ လက်ချက်အောက်၌ မည်သည့်ရန်သူမှ မရှိတော့ချေ။ ဟွမ်မိသားစုဝင်များ၏ ပါးစပ်မှ သွေးများ အန်နေသည်။
သူတို့သည် အရိုးများ ကျိုးကြေပြီး ကိုယ်တွင်းအင်္ဂါများ ပျက်စီးလုနီးပါး ဖြစ်နေပြီဟု ခံစားမိကြသည်။ အထူးသဖြင့် ရှောင်ချီရှို့၏ လက်သီးချက် ထပ်မံ၍ ကျရောက်လာသောအခါ မိသားစုခေါင်းဆောင် ဟွမ်ချန်၏ ရင်ညွန့်တစ်ခုလုံး ကျိုးကြေကာ ကြိုးပြတ်သွားသော စွန်သဖွယ် လွင့်ထွက်သွား၏။ ထို့နောက် မြေကြီးပေါ် ပြန်ပြုတ်ကျလာ သောအခါ ဟွမ်ချန် သွေးအန်လေတော့သည်။ သူ၏ ဝမ်းတွင်းကလီစာများပင် တစ်စစီ ဖြစ်နေသည်ဟု ထင်မှတ်ရသည်။
ရှောင်ချီရှို့၏ တိုက်ပွဲဝင်ခွန်အားက တစ်လမ်းလုံးမှ သိုင်းပညာရှင်များကို ကြောက်လန့်တုန်လှုပ်သွားစေသည်။
“ဒါ အန္တိမအဆင့် တိုက်ပွဲဝင်ခွန်အားလား၊ သန်မာတယ်၊ သန်မာလွန်းတယ်”
“သွားပြီ၊ ဟွမ်မိသားစုဝင်အားလုံး ဒဏ်ရာ အပြင်းအထန် ရနေပြီပဲ၊ သူတို့ကို ရှောင်ချီရှို့ သတ်တော့မှာ၊ သူတို့ကို သတ်ဖို့ လက်လေးတစ်ချောင်း မြှောက်ရုံနဲ့တင် ရနေလောက်ပြီ”
“မြတ်စွာဘုရား၊ မိသားစုကြီးတစ်ခုရဲ့ အကြီးအကဲတွေရဲ့ တိုက်ပွဲဝင်ခွန်အားက ရှောင်ချီရှို့ကို တစ်မိနစ် လောက်တောင် နိုင်အောင် မတိုက်နိုင်ပါလား၊ အံ့ဩစရာကောင်းလိုက်တာ”
“…”
သိုင်းပညာရှင်များအားလုံး အလွန် ကြောက်ရွံ့နေကြသည်။ ဤတိုက်ပွဲ ပြီးသွားလျင် ရင်ဟွမ်မြို့၌ ဟွမ်မိသားစု မရှိတော့ဘဲ ရင်မိသားစုကသာ ကြီးစိုးတော့မည်ကို သူတို့ ရိပ်စားမိလိုက်သည်။ ရွှမ်ကျိုး ဆယ့်ရှစ်မြို့ တစ်ခုလုံးတောင်မှ ရင်မိသားစုကို လေးစားလာလောက်သည်။
“ဟားဟားဟား … ကောင်းတယ်၊ ရှောင်ချီရှို့ သူတို့ကို သတ်လိုက်၊ အားလုံးကို သတ်ပစ်လိုက်”
ရှောင်ချီရှို့ကို ဝယ်ယူလိုက်ခြင်းက သူ့ဘဝတွင် အမှန်ကန်ဆုံး အရာဟု ခံစားမိလာ၏။ ဟွမ်မိသားစုမှ လူတိုင်း ဆိုးဆိုးရွားရွား သေဆုံးရတော့မည်ဟူသော မြင်ကွင်းကို မြင်ယောင်နေသည်။
ဒေါက်! ဒေါက်! ဒေါက်!
ရင်ဝူသော်၏ စကားအဆုံး၌ ရှောင်ချီရှို့က ဟွမ်ထျန်းပါ့နှင့် အခြားသူများထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
“ရှောင်ချီရှို့”
ဟွမ်ထျန်းပါ့က ရှောင်ချီရှို့ကို အရူးအမူး အော်ဟစ်လိုက်သည်။
“မင်း ငါ့ကို သတ်မယ်ဆိုရင် ငါ မင်းကို အပြစ်မတင်ဘူး၊ မင်း ငါ့ဟွမ်မိသားစုကို သတ်လိုက်မယ်ဆိုရင်လည်း ငါ အပြစ်မတင်ဘူး”
“ငါ မင်းကို တစ်ခုပဲ သတိရလာစေချင်တာ”
“မင်းက နတ်ဆိုးမျိုးနွယ်တစ်ယောက်၊ မင်းဆရာက ငရဲဘုံက နတ်ဆိုးဧကရာဇ် ယဲ့ဖန်ပဲ”
ယဲ့ဖန်။
ဟွမ်ထျန်းပါ့၏ လည်ချောင်းထဲမှ ထိုနာမည် ထွက်လာချိန်တွင် ရှောင်ချီရှို့၏ ခြေလှမ်းများ တန့်သွားရသည်။ သူ့မျက်နှာ၌ ချီတုံချတုံ ဖြစ်နေဟန်များ ထင်ဟပ်လာ၏။ ဤသည်ကြောင့် ရင်ဝူသော်၏ မျက်နှာက အေးစက် သွားလေသည်။
“ဟမ့် သေခါနီးနေတာတောင် စိတ်ကူးက ယဉ်နေသေးတယ်”
“အခု ရှောင်ချီရှို့ရဲ့ ဆရာက ငါပဲ၊ ငါ့အမိန့်ကို သူ နာခံရမယ်”
ထိုသို့ပြောပြီး ရင်ဝူသော်က လက်ဝှေ့ယမ်း၍ အော်ပြောလိုက်သည်။
“သတ်”
ထိုစကားအဆုံး၌ ရှောင်ချီရှို့၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး တွေဝေနေဟန်များလည်း ချက်ချင်း ပျောက်ကွယ် သွားသည်။ တွေဝေနေရာမှ ရက်စက်ကြမ်းကြုတ်ဟန် ပေါ်လာ၏။
ထို့နောက် သူသည် ဟွမ်ထျန်းပါ့နှင့် အခြားသူများထံ လျှောက်လာပြီးနောက် လက်သီးကိုဝင့်၍ ထိုးနှက်လိုက်သည်။ ထိုလက်သီးချက်၏ အရှိန်အဝါကြောင့် သိုင်းပညာရှင်များအားလုံး တုန်ယင်သွားသည်။
ထိုလက်သီးချက်အောက်၌ ဟွမ်မိသားစုဝင်များ ပျက်စီးရတော့မည်ဟု အားလုံး ထင်မှတ်လာသည်။ ဟွမ်ထျန်းပါ့၊ ဟွမ်ချန်နှင့် ဟွမ်မိသားစုဝင်များအားလုံးတို့တောင်မှ မချိပြုံးပြုံးကာ မျက်လုံးမှိတ်လိုက်ကြသည်။
“နောက်ဆုံးတော့လည်း ငါတို့ မအောင်မြင်ခဲ့ပါလား”
“ကောင်လေးယဲ့၊ ငါ စိတ်မကောင်းပါဘူး”
ဟွမ်ထျန်းပါ့၏ မျက်လုံးမှ မျက်ရည်စီးကျလာပြီးနောက် မျက်လုံးမှိတ်ကာ သေခြင်းတရား ကျရောက်လာ မည်ကိုသာ စောင့်နေလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် လက်သီးချက် ကျလာသောအသံ ထွက်ပေါ်လာ၏။ သို့သော် ဟွမ်ထျန်းပါ့နှင့် ဟွမ်မိသားစုဝင် များအားလုံး အံ့အားသင့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် နာကျင်မှုကို မခံစားရဘဲ ယခင်အတိုင်း ရှိနေသောကြောင့်ပင်။
ထိုအဖြစ်ကြောင့် ရှောင်တိမ်းနေသည့် လူများတောင်မှ အံ့ဩသွားပြီး အလျင်အမြန် လှမ်းကြည့်လာသည်။ ထိုအခါ လူတစ်ယောက်က ဟွမ်မိသားစုဝင်များရှေ့၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူသည် လက်ဝါးတစ်ဖက်ကိုဖြန့်၍ ရှောင်ချီရှို့၏ လက်သီးချက်ကို ဟန့်တားထားသည်။ ထိုသူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင် အဖြူရောင် ရှိသည်။ သူ၏ အမူအရာက စိတ်ထိခိုက်ဝမ်းနည်းနေသည့်ပုံပင်။