← Chapters

အခန်း (၉၅၅-၉၅၇)

Vol. 64 Ch. 955-957

အခန်း (၉၅၅-၉၅၇)

Vol. 64 Ch. 955-957

Chapter 955 သတ်ဖြတ်ခြင်း စတင်ပြီ

“နတ်ဓား”

“တပေါ်အရှင်သခင်”

ကွေမူ၏ ထိတ်လန့်တကြား ရေရွတ်လိုက်သော အသံကို ကြားလိုက်ရချိန်တွင် လမ်းမထက်မှ လူများအားလုံး တုန်လှုပ်သွားလေသည်။

ယင်ယန်လောက၌ တပေါ် အရှင်သခင်၏ နာမည်ကို မည်သူမှ မခေါ်ရဲကြပေ။ အားလုံးက ထိုပုဂ္ဂိုလ်ဟုသာ သုံးစွဲ ခေါ်ဝေါ်ကြသည်။

ယခုအခါတွင် အားလုံးက ယဲ့ဖန်၏ လက်ထဲမှ နတ်ဓားကို စိုက်ကြည့်လိုက်မိသည်။ ထို့နောက် ဓားရိုးပေါ်မှ ကောင်းကင်ဘုံဟူသော စာလုံးကိုမြင်ပြီး မျက်ခုံးလှုပ်သွားကြလေသည်။

“ဘယ်လိုလုပ် အဲ့လို ဖြစ်နိုင်မှာလဲ၊ သူ … သူ့မှာ ဘယ်လိုလုပ် တပေါ်အရှင်သခင်ရဲ့ နတ်ဓား ရှိနေရတာလဲ”

“မြတ်စွာဘုရား၊ တပေါ်အရှင်သခင်က ဒီနတ်ဓားနဲ့ အထက်ကို တက်သွားပြီ မဟုတ်ဘူးလား”

“နတ်ဘုရင်အဆင့် သိုင်းပညာရှင်တစ်ယောက်က တပေါ်အရှင်သခင်ရဲ့ နတ်ဓားကို သုံးနိုင်နေတယ်လား … ဒါကြီးက”

“…”

လက်ရှိအချိန်၌ သိုင်းပညာရှင်များအားလုံး တုန်လှုပ်ခြောက်ခြားနေကြသည်။ တပေါ် အရှင်သခင်နှင့် နတ်ဓားတို့သည် ဒဏ္ဍာရီလာ ဖြစ်ရပ်များ ဖြစ်သည်။ ထိုသို့သော ဖြစ်ရပ်အား မိမိမျက်လုံးနှင့် မျက်ဝါးထင်ထင် မြင်ရလိမ့်မည်ဟု အားလုံး ထင်မထားမိပေ။

ထိုအခိုက်တွင် ယဲ့ဖန်က အားလုံး၏ ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို အရေးမလုပ်ဘဲ ရှေ့သို့ လှမ်းလာ နေ၏။ သူ ခြေလှမ်း လှမ်းလိုက်သည့် နေရာတိုင်း၌ ဦးခေါင်းပြတ်များ ရှိနေသောကြောင့် ခြေချလိုက်သည်နှင့် ထိုဦးခေါင်းပြတ်များကို နင်းမိသွားလေသည်။

ဂျွတ်! ဂျွတ်!

ထိုဦးခေါင်းပြတ်များထဲမှ သွေးများ ပန်းထွက်လာသည်။ အဆိုပါမြင်ကွင်းက ကြက်သီးမွေးညင်း ထဖွယ် ကောင်းလှသည်။

လူတိုင်း၏ စိတ်ထဲတွင် ယဲ့ဖန်သည် လူ့လောကထဲသို့ ရောက်လာသော မိစ္ဆာတစ်ကောင်ဟု ထင်မှတ်မိပြီး သူ၏ အပြုအမူကြောင့် တုန်လှုပ်နေကြသည်။

“မင်းတို့ ယင်ယန်လောကကလူတွေ၊ ကိုယ့်ဘဝကိုယ် မေ့နေကြပြီးတော့ ယန်နယ်မြေက သတ္တဝါတွေကို ဘယ်သူ တားဆီးပေးခဲ့လဲဆိုတာကို မေ့နေကြတယ်”

“မင်းတို့ ဆောက်တည်ရာမရဘဲ အော်ဟစ်နေကြတဲ့အချိန် မင်းတို့ကို သေဘေးကနေ ကယ်ခဲ့တာက ဘယ်သူလဲ”

ယဲ့ဖန်၏ အေးစက်စက် စကားသံ ထွက်လာချိန်တွင် သိုင်းပညာရှင်များအားလုံး တုန်ယင် သွားသည်။

*ယန်နယ်မြေက သတ္တဝါတွေကို တားဆီးပေးခဲ့တဲ့လူလား*

သိုင်းပညာရှင်များအားလုံး မှင်တက်သွားသည်။ သူတို့ သေချာပေါက် မှတ်မိနေပါ၏။ ရှေးခေတ်အခါက သေမျိုးကမ္ဘာထဲသို့ ယန်နယ်မြေမှ သတ္တဝါများ နှစ်ကြိမ်တိတိ ဆင်းလာခဲ့ဖူးသည်။

ပထမတစ်ကြိမ်က မဟာနတ္ထိ ရှေးဧကရာဇ် အဆင့်တက်သောအချိန်တွင် ဖြစ်ပြီး ကျန်တစ်ကြိမ်မှာ မဟာနတ္ထိ ရှေးဧကရာဇ် တစ်ဟုန်ထိုး တိုးတက်ကျော်ဇောလာချိန်တွင် ဖြစ်လေသည်။

ထိုနှစ်ကြိမ်လုံးက ယန်နယ်မြေမှ မရေတွက်နိုင်သော ကြောက်စရာကောင်းသည့် သတ္တဝါများကို ဆွဲဆောင် သွားခဲ့ပြီး အန္တရာယ်ရှိလာသလို ခံစားသွားရစေခဲ့သည်။ သူတို့သည် မဟာနတ္ထိ ရှေးဧကရာဇ်အား ဒဏ်ရာ အပြင်းအထန်ရအောင် ပြုလုပ်ခဲ့ရုံသာမက ရှေးခေတ်အခါမှ လူပေါင်းများစွာတို့အား သတ်ဖြတ်ခဲ့သည်။

ထိုအချိန်တွင် ရှေးခေတ်မှလူများသည် သူတို့ သေရတော့မည်ဟု ထင်ခဲ့မိကြသည်။ လူပေါင်းများစွာ သေဆုံး၍ မီးခိုးများ တလူလူထခဲ့သည်။

အားလုံး ပျက်သုဉ်းရတော့မည်ဟု ထင်မှတ်ခဲ့ကြသောအချိန်တွင် လူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ ထိုသူသည် တပေါ် အရှင်သခင် ဖြစ်သည်။

သူသည် များစွာသော စွမ်းအင်များကို သုံးစွဲ၍ ယန်နယ်မြေမှ သတ္တဝါများအား တစ်ကောင်ပြီးတစ်ကောင် သုတ်သင်ခဲ့သည်။ မျိုးနွယ်စုများစွာတို့အား ဘေးဒုက္ခမှ ကယ်ဆယ်ခဲ့သည်။

ထိုသူသည် ရှေးခေတ်တစ်ခေတ်လုံးသာမက လက်ရှိယင်ယန်လောကမှ လူများအားလုံး၏ နတ်ဘုရား ဖြစ်ပေသည်။

ထို့အပြင် ကြောက်စရာကောင်းလှသော ထိုစစ်ပွဲနှစ်ကြိမ်လုံးအား မှတ်တမ်းတင်ထားသော အဖိုးတန် မှတ်ဉာဏ် ပုံရိပ်များစွာ ရှိလေသည်။ ထိုမှတ်တမ်းများအား ယနေ့အထိ ထိန်းသိမ်းထားသည်။

လူသားအရှင်သခင်မှစ၍ ကလေးငယ်များအထိ ထိုစစ်ပွဲများ၏ မှတ်ဉာဏ်ပုံရိပ် အားလုံးနီးပါးကို မြင်ဖူးကြသည်။ ထိုပုံရိပ်များထဲမှ တပေါ်အရှင်သခင်၏ ပုံစံကိုလည်း မြင်ဖူးကြလေသည်။

“တူတယ်၊ သူ နတ်ဓားကို ကိုင်ထားတဲ့ပုံက ဘယ်လိုလုပ် အဲ့ဒီပုဂ္ဂိုလ်နဲ့ တူနေရတာလဲ”

သိုင်းပညာရှင်တစ်ယောက်၏ စကားကြောင့် အားလုံး တုန်လှုပ်သွားပြီး တစ်ဒင်္ဂမျှ ကြက်သေ သေသွားသည်။ သူတို့သည် တပေါ်အရှင်သခင်၏ မျက်နှာကို သေချာမမြင်ဖူးသော်လည်း တပေါ်အရှင်သခင်၏ ပုံရိပ်ကို မြင်ဖူးကြသည်။ သူ၏ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်ပုံစံက ယဲ့ဖန်နှင့် အလွန်တရာကို တူလွန်းလှ၏။

*ဖြစ်နိုင်တာက*

ဖြစ်နိုင်ချေတစ်ခုကို တွေးမိပြီး လမ်းတစ်လျှောက်မှ သိုင်းပညာရှင်များအားလုံး ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ တပေါ်အရှင်သခင်က အထက်ကို တက်သွားပြီ၊ ဘယ်လိုနည်းနဲ့မှ သူ မဖြစ်နိုင်ဘူး”

ရင်ဝူသော်သည် မျက်ခုံးတလှုပ်လှုပ်နှင့် ရင်ကွဲမတတ် အော်ဟစ်ပြောဆိုလာသည်။ သူသည် သိုင်းပညာရှင်များအား ဝေ့ကြည့်၍ အာခေါင်ခြစ်ကာ ပြောဆိုလေသည်။

“ခင်ဗျားတို့အားလုံး ရူးနေလား၊ သူက ခင်ဗျားတို့ကို လိမ်နေတာ”

“တပေါ်အရှင်သခင်က ဘယ်လိုလုပ် နတ်ဘုရင်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်နိုင်မှာလဲ၊ သူက လူလိမ်၊ နတ်ဓားကလည်း အတုပဲ”

သူ ထိုသို့ပြောလိုက်ပြီးနောက် သိုင်းပညာရှင်များ၏ တွေဝေနေဟန်များ ပျောက်ကွယ်သွားပြီး ရက်စက် ကြမ်းကြုတ်ဟန်များ ပေါ်ထွက်လာသည်။

“သတ်၊ ဒီလူလိမ်ကို မြန်မြန်သတ်၊ သူက တပေါ်အရှင်သခင်ရဲ့ သိက္ခာကို ဖျက်ဆီးနေတာ”

သူ၏ စွပ်စွဲပြောဆိုသော စကားများက သိုင်းပညာရှင်များအားလုံးကို သတိဝင်လာစေသည်။ တပေါ်အရှင်သခင်က နတ်ဘုရင်အဆင့် လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူတို့လည်း မယုံပါ။ ဤသည်က ဟာသတစ်ခုသာ ဖြစ်သည်။

ထိုအခိုက်တွင် သိုင်းပညာရှင်များအားလုံးက ယဲ့ဖန်အား နီရဲသော မျက်လုံးများဖြင့် စူးစိုက်ကြည့်လာ၏။

“ဟေ့ကောင် မင်း သေချင်နေတာပဲ၊ လူလေး အယောက်ခြောက်ဆယ်နီးပါးလောက်ကို မင်း သတ်လိုက်တာနဲ့ ငါတို့ ကြောက်သွားမယ်လို့ ထင်နေတာလား”

“တစ်မြို့လုံးက သိုင်းပညာရှင်တွေကိုပါ ပေါင်းလိုက်မယ်ဆို တစ်ယောက်တစ်ချက် ခုတ်ရုံနဲ့တင် မင်း သေနေလောက်ပြီ”

သိုင်းပညာရှင်များ၏ ရင်ထဲမှ လူသတ်ချင်စိတ်များက တစ်ဖန်ပြန်၍ မြင့်တက်လာပြန်သည်။ ထို့နောက် ညာသံပေး၍ ယဲ့ဖန်ထံ ပြေးဝင်လာပြန်သည်။

“သတ်၊ သတ်၊ သတ်”

လူသတ်လိုသော အရှိန်အဝါများက ယဲ့ဖန်ထံ ထပ်မံ၍ ပျံ့လွင့်လာ၏။ ယဲ့ဖန်ကမူ ယခင်ကတိုင်း အေးတိအေးစက် အမူအရာဖြင့် ပြန်ပြောလေသည်။

“မင်း ငါ့တပည့်ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်”

“မင်း ငါ့မိတ်ဆွေတွေကို အနိုင်ကျင့်တယ်”

“မင်း … သေသင့်တယ်”

ထိုသို့ပြောပြီးနောက် ယဲ့ဖန်၏ ကိုယ်တွင်းမှ အနက်ရောင် နတ်ဆိုးချီမျှင်စုများက ဒီရေသဖွယ် များပြားစွာ ထွက်ပေါ်လာပြီး လမ်းမတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ထို့အပြင် နတ်ဆိုးချီမျှင်စုများက နဂါးငယ်များအသွင် ပြောင်းလဲသွားပြီး ပါးစပ်ကိုဟ၍ သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက်၏ ခန္ဓာကိုယ်ကို ကိုက်ဖြတ်စားသောက်လေသည်။

“အား…”

လမ်းမထက်၌ သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်နေသဖြင့် အော်သံများ ပဲ့တင်ထပ်နေ၏။ သူတို့၏ ခန္ဓာကိုယ်‌ပေါ်၌ ထောင်ချီသော မြွေပေါက်လေးများ လူးလွန့်သွားလာ၍ အသားများကို စားသုံးနေသည်ဟု ခံစားနေရသည်။

အော်သံများ တိခနဲ ရပ်သွားချိန်တွင် အဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင်များ ပြာဖြစ်ကာ ပျောက်ကွယ် သွားလေသည်။

ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။ နတ်ဆိုးချီမျှင်စုများက သေမင်းတမန်၏ တံစဉ်ကဲ့သို့ လူ့အသက်များကို ရိတ်သိမ်းလေတော့သည်။

ထိုမျှနှင့် မလုံလောက်သေးဘဲ ယဲ့ဖန်က လက်ကိုလှုပ်ခါလိုက်သည်။ ထိုအခါ အင်္ကျီလက်ထဲမှ ဝိညာဉ်စား ပုရွက်ဆိတ်များ ပျံသန်း၍ ထွက်လာသည်။

ဝိညာဉ်စား ပုရွက်ဆိတ်များသည် အပြင်သို့ ထွက်လာပြီးသည်နှင့် အရှေ့မှ လူများကို သည်းကြီးမည်းကြီး ကိုက်ဖြတ် လေတော့သည်။

သိုင်းပညာရှင်များ၏ အရေပြားများ စုတ်ပြဲလာသည်။ သူတို့၏ အရေပြားနှင့် သွေးများအား ပွဲတော်သဖွယ် စားသုံးနေကြသည်။ သွေးစက်များနှင့် အသားစများကြောင့် လမ်းမတစ်ခုလုံး ပို၍သွေးရောင်လွှမ်းလာသည်။

ဂါး!

ထိုစဉ် ကျောချမ်းဖွယ်ကောင်းသော နဂါးဟိန်းသံ ထွက်ပေါ်လာ၏။ အားလုံး၏ အံ့ဩနေသော အကြည့်အောက်၌ ယဲ့ဖန်၏ အင်္ကျီလက်တွင်းမှနေ၍ အနက်ရောင် နဂါးလေးတစ်ကောင် ထွက်လာလေသည်။ သို့ရာတွင် အပြင်သို့ ထွက်လာသည်နှင့် ရုတ်တရက် သူ့ခန္ဓာကိုယ်က ကြီးမားရှည်လျားလာပြီး မီတာတစ်ထောင်ကျော် ရှည်လျားသော ဧရာမ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

၎င်း၏ ကြီးမားသော ပါးစပ်ကြီးကို ဟ၍ ပြန်ပိတ်လိုက်သည်နှင့် ဒါဇင်ချီသော လောကသခင် တစ်ပိုင်းအဆင့်များ မျိုချခံလိုက်ရသည်။

ဂျွတ်! ဂျွတ်!

ကျောချမ်းဖွယ် ကိုက်ဝါးနေသံနှင့်အတူ နဂါး၏ပါးစပ်မှ သွေးများ ဆက်တိုက် စီးကျနေကာ ပါးစပ်ထဲမှ သိုင်းပညာရှင်များ၏ အော်သံများပါ ထွက်ပေါ်နေ၏။

နတ်ဆိုးနဂါးသည် ယန်ဝင်ဟင်းလင်းပြင်၌ နတ်သခင်အဆင့်ကို ဖိနှိပ်နိုင်သော တိုက်ပွဲဝင်ခွန်အား ရှိခဲ့သည်။ ထိုမှနေ၍ အပြင်လောကသို့ ထွက်လာနိုင်ချိန်တွင် များစွာသော နတ်ဘုရားများ၊ အင်မော်တယ်များနှင့် မကောင်းဆိုးဝါးများကို ဝါးမျိုခဲ့သည်။

သူ၏ခွန်အားက တစ်ဟုန်ထိုး မြင့်တက်လာပြီး ယခုအချိန်၌ လောကသခင်အဆင့်ကို တစ်ချက်တည်းဖြင့် ဝါးမျိုနိုင်နေ၏။ ဤအဖြစ်ကြောင့် ထုံချန်မြို့၏ လမ်းမထက်၌ နေရာလပ်မကျန်အောင် အော်သံများ ပြည့်နှက် နေသည်။

နတ်ဆိုးချီမျှင်စုများက ထုံချန်မြို့ကို ဖုံးလွှမ်းနေပြီး ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များက ထုံချန်မြို့ကို လွှမ်းခြုံနေ၏။

လောကသခင်အဆင့် တစ်ယောက်ပြီးတစ်ယောက်သည် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ကိုက်ဖြတ်ခြင်း ခံနေရသည်။ ကြောက်စရာကောင်းလှသော သိုင်းအဆင့်ရှိသောသူများသည် နတ်ဆိုးနဂါး၏ စားဖွယ်များ ဖြစ်နေကြလေ၏။

ဤမြင်ကွင်းကြောင့် ကွေမူနှင့် အခြားသူများ မှင်တက်သွားသည်။

“ဒါ … ဒါက တပေါ်အရှင်သခင်ရဲ့ သေမင်းနတ်ဆိုးဆုဒြာ၊ သေစမ်း … နတ်သခင်အဆင့်ကို ခဏလေးနဲ့ သတ်လိုက်ပြီ”

“ပြီးတော့ ဒါက … ဝိညာဉ်စား ပုရွက်ဆိတ်တွေ၊ ဘယ်လိုလုပ် …”

“နတ်ဆိုးနဂါး၊ သူ … သူက မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်က နတ်မိမယ် အရှင်သခင်မ သတ်တာ ခံလိုက်ရပြီးတော့ ချိပ်ပိတ်ခံလိုက်ရတဲ့ နတ်ဆိုးနဂါး ဧကရာဇ် မဟုတ်လား”

Chapter 956 မင်းက တကယ် သေဖို့ ထိုက်တန်တယ်

သေမင်းနတ်ဆိုးဆုဒြာ၊ ဝိညာဉ်စား ပုရွက်ဆိတ်၊ နတ်ဆိုးနဂါးဧကရာဇ်။

လက်ရှိအချိန်တွင် မျက်စိရှေ့မှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကိုကြည့်ပြီး အသက်ရှင်နေသေးသော သိုင်းပညာရှင်များအားလုံး ကြက်သီးမွေးညင်း ထသွားလေသည်။

ထိုအရာတစ်ခုချင်းစီသည် အိပ်မက်ဆိုးကဲ့သို့သော အရာများဖြစ်ပြီး ထိုကဲ့သို့သော အရာများက သုံးမျိုးတိတိ ပြိုင်တူထွက်လာနေ၏။

“သေမင်းနတ်ဆိုးဆုဒြာလား၊ ဒါ … ဒါကလည်း တပေါ်အရှင်သုံးတဲ့ ကျင့်စဉ်ပဲလေ၊ သူက တကယ်ပဲ တပေါ်အရှင်သခင်လား”

သိုင်းပညာရှင်တိုင်း ရင်တဒိန်းဒိန်း ခုန်နေကြသည်။ နတ်ဓားအား အတုဟု ပြောလျင် ဖြစ်နိုင်သေးသည်။ တပေါ် အရှင်သခင်ဆိုသည်က ဟန်ဆောင်နေတာလည်း ဖြစ်နိုင်သည်။

သို့ရာတွင် ဤအရာများအား မည်သို့ အတုလုပ်နိုင်မည်နည်း။ နတ်ဆိုးချီမျှင်စုများကြောင့် အဓိက နတ်ဘုရား အဆင့်များ အော်ဟစ်ရင်း ပြာဖြစ်ကာ လေနှင့်အတူ ပျောက်ကွယ်သွားသည်ကို အားလုံး တပ်အပ် မြင်တွေ့ နေရသည်။ ဤနည်းလမ်းက မယုံနိုင်စရာ ကောင်းလွန်းလှသည်။

“သွားပြီ၊ အရင်တုန်းက အထက်ကို တက်သွားတဲ့ တပေါ်အရှင်သခင်က မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့လို့ ပြန်လည် မွေးဖွားလာတာပဲ ဖြစ်မယ်”

“အဲ့လိုမှမဟုတ်ရင် နတ်ဓားနဲ့ သေမင်းနတ်ဆိုးဆုဒြာက သာမန်လူတစ်ယောက်ရဲ့ လက်ထဲမှာ ပေါ်လာမှာ မဟုတ်ဘူး”

လူတိုင်း ပိုစဉ်းစားလေ ပိုသေချာလေ ဖြစ်လာကြသည်။ တပေါ်အရှင်သခင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်မျိုးကသာ ဝိညာဉ်စား ပုရွက်ဆိတ်နှင့် နတ်ဆိုးနဂါးကို ထိန်းချုပ်နိုင်ပေ၏။

ထိုသို့ စဉ်းစားမိပြီးနောက် လူတိုင်း ရေခဲအိုင်ထဲ ပြုတ်ကျသွားသကဲ့သို့ ချမ်းစိမ့်သွားကြသည်။ အားလုံး ထိတ်လန့် တုန်လှုပ်နေစဉ်မှာပင် ယဲ့ဖန်က လက်ထဲမှ နတ်ဓားကို ဝှေ့ယမ်းလာသည်။ ထိုအခါ သူ့အရှေ့မှ ဒါဇင်ချီသော လောကသခင် တစ်ပိုင်းအဆင့်များ ကိုယ်နှစ်ခြမ်း ပြတ်သွားလေသည်။

သူသည် သွေးအိုင်များကို ဖြတ်ကျော်လာနေပြီး သူ၏ဓားချက်တိုင်းက ဒါဇင်ချီသော သိုင်းပညာရှင်များ၏ ခါးအား ဖြတ်တောက်သွားသည်။

သူသည် အသက်များကို နုတ်ယူနေသော ငရဲမှ သေမင်းတမန်လိုပင်၊ သူ သွားသည့်နေရာတိုင်း၌ အလောင်းများက တောင်လိုပုံနေသည်။

ထို့အပြင် ယဲ့ဖန်၏ သတ်ဖြတ်ခြင်း၌ နတ်ဆိုးနဂါး၊ ဝိညာဉ်စား ပုရွက်ဆိတ်နှင့် နတ်ဆိုးချီမျှင်စုတို့ကပါ ထပ်လောင်း အားဖြည့်လိုက်သောအခါ သိုင်းပညာရှင် အရေအတွက်က သိသိသာသာ လျော့ကျသွားသည်။

လူသုံးထောင်၊ နှစ်ထောင်၊ ရှစ်ရာ။

….

လူသေအလောင်းများက နေရာအနှံ့ ရှိနေပြီး သွေးများက မြစ်သဖွယ် စီးဆင်းနေ၏။ ဤသို့ သွေးသံတရဲရဲနှင့် သတ်ဖြတ်နေသော မြင်ကွင်းကြောင့် ဟွမ်မိသားစုဝင်များအားလုံး မှင်တက်သွားကြသည်။

“တကယ့်ကို … တော်တော်သန်မာတာပဲ”

မိသားစုခေါင်းဆောင် ဟွမ်ချန်နှင့် ဟွမ်မိသားစု အကြီးအကဲများအားလုံး မျက်ခုံးလှုပ်နေကြသည်။ ထိုလောကသခင် အဆင့်များသည် ယဲ့ဖန်၏ လက်ထဲတွင် သိုးပေါက်များသဖွယ် ဖြစ်နေကြသည်။ ဓားချက်တစ်ချက် ဝှေ့ယမ်းလိုက်တိုင်း ဒါဇင်ချီသော အသက်များ နှုတ်ယူခံလိုက်ရလေသည်။ သို့သော် သူတို့ကို ပို၍ ထိတ်လန့်စေသည့် အချက်မှာ …

“တပေါ် အရှင်သခင်၊ လတ်စသက်တော့ သူက တပေါ်အရှင်သခင် ပြန်ဝင်စားတဲ့သူကိုး”

ဟွမ်မိသားစုဝင်များ ဝမ်းသာအားရ ဖြစ်နေကြပြီး ယဲ့ဖန်အား အလွန်တရာ လေးစားကြည်ညိုဟန်များဖြင့် လှမ်းကြည့်နေကြသည်။ ဟွမ်ထျန်းပါ့တောင်မှ ငေးငိုင်သော အမူအရာမျိုး ဖြစ်နေ၏။

“မသေမျိုး ဖီးနစ်ဘုရင်က ငါတို့ကို ကောင်လေးယဲ့ဆီမှာ သေတဲ့အထိ အမှုထမ်းခိုင်းတာက အံ့ဩစရာ မရှိတော့ဘူးပဲ”

“သူက ယင်ယန်လောကရဲ့ စစ်မှန်တဲ့ နတ်ဘုရား၊ ရှေးခေတ်လောကရဲ့ အရှင်သခင် ဖြစ်နေခဲ့တာကိုး”

သူတို့သည်သာမက ရှောင်ချီရှို့သည်လည်း ယဲ့ဖန်၏ အရူးအမူး သတ်ဖြတ်နေသော ပုံစံကို ကြည့်ပြီး တုန်လှုပ် လာသည်။ ဤမြင်ကွင်းကို ကြည့်ပြီး သူ ရင်းနှီးသလို ခံစားလာရသည်။ သူတို့ အချင်းချင်း သိကျွမ်းပုံရပြီး ဤကဲ့သို့သော အဖြစ်မျိုးကို အကြိမ်ပေါင်းများစွာ မြင်ဖူးနေသည်ဟု ခံစားနေရသည်။

“ဆရာ….”

ရှောင်ချီရှို့ထံမှ တွေဝေစွာ ခေါ်ဆိုလိုက်သော အသံထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏ အတွေးထဲမှ ချိပ်ပိတ်ခံထားရသော မှတ်ဉာဏ်သည်လည်း ကျိုးပျက်သွားလေ၏။

ချိပ်ပိတ်ခြင်း ပျက်စီးသွားသောကြောင့် မှတ်ဉာဏ်များက အတွေးထဲသို့ တစ်ရှိန်ထိုး ပြန်စီးဝင်လာသဖြင့် သူ၏ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်လာသည်။

ကျားနက်ဂြိုဟ်မှ လက်ဝှေ့ထိုးသော အားကစားရုံ၏ အတွင်းဘက်ကို သူ မြင်နေရသည်။ ပိန်ပါးသော ပုံရိပ်တစ်ခုက ကတုံးနှင့် လူတစ်ယောက်၏ တရစပ် ထိုးနှက်ခြင်း ခံနေရ၏။ ထိုပုံရိပ်ပိုင်ရှင်က သူပင်။ သူ ထပ်ခါထပ်ခါ ထိုးနှက်ခံနေရပြီး အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သည်။ သို့သော် သူ အကြိမ်တိုင်း ရုန်းကန်၍ ပြန်ထခဲ့သည်။

ထို့ကြောင့်ပင် တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေ၏။ သူ၏ ပိန်ပါးပါး ခန္ဓာကိုယ်က ကတုံးနှင့်လူကြောင့် ကျိုးကြေလုနီးပါး ဖြစ်နေ၏။

သူ သေရတော့မည့်အချိန်၌ အသံတစ်သံက သူ့အား ရှုံးနိမ့်နေရာမှ အနိုင်ရအောင် ပြုလုပ်ပေးခဲ့သည်။ ထိုအချိန်မှ သူ ယဲ့ဖန်ကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့ရသည်။ ထူးခြားဆန်းကြယ်၍ ကြောက်စရာကောင်းသော ထိုသူက သူ့အား အပြီးတိုင် လွှမ်းမိုးသွားခဲ့သည်။

ထိုအချိန်မှစ၍ ရှောင်ချီရှို့သည် သူ့နောက်လိုက်၍ ကျားနက်ဂြိုဟ်တွင် ယှဉ်ပြိုင်ခဲ့သည်။ သူ တိုက်ပွဲဟူသော စကားလုံးကို မှတ်မိလာသည်။ ယဲ့ဖန်ပေးသော တာဝန်တိုင်းကိုလည်း သူ အမှတ်ရလာ၏။ ယဲ့ဖန်ဘေး၌ အမှုထမ်းရင်း သူ လျင်မြန်စွာ ကြီးပြင်းလာပြီး သန်မာလာခဲ့သည်။

ရှောင်ချီရှို့၏ အတွေးထဲ၌ အတိတ်မှ အဖြစ်များကို ပြန်ထင်ဟပ်နေသဖြင့် သူ မျက်ရည်များ စီးကျလာရသည်။

“ဆရာ”

သူ စိတ်လှုပ်ရှား၍ ဝမ်းသာအားရ အော်ခေါ်လိုက်သည်။ ကမ္ဘာဂြိုဟ် ကျဆုံးသွားချိန်၌ ယဲ့ဖန်ကို ဘယ်သောအခါမှ ပြန်မတွေ့နိုင်တော့ပြီဟု ရှောင်ချီရှို့ ထင်ခဲ့မိသည်။ ဆရာဖြစ်သူ တန်ဖိုးထားသော လူများစွာတို့ အသတ်ခံ ခဲ့ရသည်ကို သူ ကြည့်နေခဲ့ရသည်။ သို့သော် သူ၏ အခက်ခဲဆုံးအချိန်၊ သူ ဆိုးရွားသော အခြေအနေနှင့် ကြုံတွေ့နေရသောအချိန်၌ … ထိုသူ ရောက်လာခဲ့သည်။

သူ၏ အော်ခေါ်သံကြောင့် ယဲ့ဖန် တုန်ယင်သွားသည်။ ထို့နောက် သူက ရှောင်ချီရှို့ဘက်သို့ လှည့်ကြည့်၍ နွေးထွေးစွာ ပြုံးပြလိုက်သည်။

“ဟေ့ကောင်လေး မင်း ဘာလုပ်နေတာလဲ”

“လာ … ဒီယင်ယန်လောကက လူတွေကို ငါတို့ စစ်နတ်ဘုရား ပေါက်စ ရှောင်ချီရှို့လေးအကြောင်း သိအောင် ပြလိုက်”

ထိုစကားက ရှောင်ချီရှို့အား ရိုးတွင်းချဉ်ဆီထဲအထိ နွေးထွေးသွားစေသည်။ သူက တငိုငို တရယ်ရယ်နှင့် ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။

ထို့နောက် သူသည် လှောင်အိမ်ထဲမှ လွတ်လာသော ကျားပေါက်သဖွယ် သွက်သွက်လက်လက် လှုပ်ရှား၍ များစွာသော ယင်ယန်လောကမှ သိုင်းပညာရှင်များထံ ပြေးဝင်၍ သတ်ဖြတ်လေတော့သည်။

ရှောင်ချီရှို့၏ ဖမ်းဆီးခြင်း ခံလိုက်ရသည့် သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက် တစ်စစီ ဖြစ်သွားကြသည်။ အော်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး သိုင်းကွက်တစ်ကွက်အတွင်း လူတစ်ယောက် သတ်ဖြတ်ခံလိုက် ရလေသည်။

ရှောင်ချီရှို့၏ သတ်ဖြတ်သည့်ပုံစံက ယဲ့ဖန်နှင့် တစ်ထပ်တည်း တူညီလှသည်ဟု လူတိုင်း သတိထားမိလာသည်။ သူပါ ပါဝင်လာသောအခါ ယင်ယန်လောကမှ သိုင်းပညာရှင်များ၏ သေဆုံးမှုက ပို၍တိုးလာသည်။

ဆိုးရွားလှသော အော်သံများနှင့် ရဲရဲနီသော သွေးများကြောင့် ထုံချန်တစ်မြို့လုံးသည် ငရဲမှ မြင်ကွင်းအား သရုပ်ဖော် နေသလိုပင်။

အလောင်းပုံများနှင့် စီးဆင်းနေသော သွေးများကို ကြည့်ပြီး ထုံချန် မြို့တော်သခင် ကွေမူတစ်ယောက် တစ်ကိုယ်လုံးမှ အင်အားများ စုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး မြေကြီးပေါ် လဲကျသွား၏။

“သွားပြီ၊ ငါ့ထုံချန်မြို့တော့ … ဇာတ်သိမ်းပြီ”

သူ နောင်တရကာ ရင်ထဲနာကျင်နေ၏။ ယဲ့ဖန်က တပေါ် အရှင်သခင် ပြန်လည်ဝင်စားလာသူ ဖြစ်မှန်း သူ ကြိုသိခဲ့ပါလျင်၊ ရှောင်ချီရှို့က တပေါ် အရှင်သခင် ဂုဏ်ယူရသော တပည့်ဖြစ်သည်ကို သူ ကြိုသိခဲ့ပါက သူ့အား တစ်ခြားသူများ သတ်မည်ဆိုလျင်တောင်မှ ရှောင်ချီရှို့ကို လုံးဝ ထိခိုက်အောင် လုပ်ရဲခဲ့မည် မဟုတ်ပါ။

သို့သော် ယခုအခါတွင်မှ နောင်တရခြင်းက အချိန်နှောင်းသွားလေပြီ။

ရွှစ်!

ထိုစဉ် အလင်းတန်းတစ်ခုက ကွေမူ၏ ဦးခေါင်းနား ဖြတ်သန်းသွားပြီး ကွေမူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်း သွားသည်။

တောက်! တောက်!

သူ၏လည်ပင်းမှ သွေးများ တတောက်တောက် စီးကျလာ၏။ သူသည် ဖြည်းဖြည်းချင်း လျှောက်လာနေသော ယဲ့ဖန်အား ကြောက်လန့်နေသော အကြည့်များဖြင့် လှမ်းကြည့်နေမိသည်။

“တပေါ် အရှင်သခင် … ကျုပ် … ကျုပ် တောင်းပန်ပါတယ်”

ထိုစကားအဆုံးတွင် ကွေမူ၏ ဦးခေါင်းမှ လည်ပင်းမှ တိခနဲ ပြတ်ကျသွားလေပြီး သွေးများက ရေတံခွန်သဖွယ် ပန်းထွက်လာ၏။ ပူနွေးလှသော သွေးစက်များကြောင့် ရင်ဝူသော် တုန်လှုပ်သွားသည်။

*သေပြီ*

*အားလုံး သေကုန်ပြီ*

*မြို့ငယ် ဆယ့်ရှစ်မြို့က လာတဲ့ သိုင်းပညာရှင်တိုင်း သေသွားပြီ*

ထုံချန်မြို့တစ်ခုလုံးမှ ထောင်သောင်းချီသော သိုင်းပညာရှင်များအားလုံး ဝိညာဉ်စား ပုရွက်ဆိတ်များ၊ နတ်ဆိုးနဂါးနှင့် ယဲ့ဖန်တို့ လက်ချက်ကြောင့် ပြာဖြစ်သွားလေသည်။

ယခုအခါ၌ ရင်ဝူသော် တစ်ယောက်တည်းသာ ကျန်ရစ်လေတော့သည်။ ရင်ဝူသော်တစ်ယောက် ဒူးများ ပျော့ခွေလာသလို ခံစားမိကာ ချက်ချင်း ယဲ့ဖန်ရှေ့၌ ဒူးထောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်က တုန်ယင်နေပြီး ကျော၌ ဇောချွေးကြောင့် ရွှဲစိုနေသည်။

“တ … တပေါ်အရှင်သခင်၊ အသက်ချမ်းသာပေးပါ”

“ကျွန်တော် မသိခဲ့လို့ပါ၊ ကျွန်တော် သေသင့်ပါတယ်၊ ကျွန်တော့်ကိုသာ အသက်ချမ်းသာပေးမယ်ဆိုရင် ကျွန်တော်တို့ ရင်မိသားစု တစ်ခုလုံးရဲ့ ပိုင်ဆိုင်မှုတွေ လွှဲပြောင်းပေးဖို့ ကျွန်တော့်အဖေ ရင်ရှုံးကို ပြောပေးပါ့မယ်”

ထိုသို့ပြောနေစဉ်တွင် ရင်ဝူသော်က ဆက်တိုက် ဦးညွှတ်နေ၏။ သူသည် ဒုတိယမျိုးဆက်၏ ဆက်ခံသူသာ ဖြစ်သည်။ သူ အနည်းငယ် ဉာဏ်ကောင်းလျင်တောင်မှ သေဘေးကို ကြောက်ရွံ့မြဲ ကြောက်ရွံ့ဆဲပင်။

*အသက်ချမ်းသာပေးရမယ်တဲ့လား*

ယဲ့ဖန်က ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။

“တကယ်တော့ မင်း ပြောတဲ့ စကားထဲမှ တစ်ခွန်းကတော့ မှန်တယ်”

ရင်ဝူသော် အနည်းငယ် မှင်တက်သွားပြီး ယဲ့ဖန်၏ စကားကို နားမလည်ဖြစ်နေ၏။

“မင်းက တကယ် သေသင့်တယ်”

ထိုစကားကြောင့် ရင်ဝူသော် ကံဆိုးမိုးမှောင် ကျသလို ခံစားလိုက်ရသည်။ သူ ကြောက်လန့်တုန်လှုပ်နေစဉ်မှာပင် နတ်ဓားက လှစ်ခနဲ ရောက်ရှိလာ၏။ ထို့နောက်တွင်မူ ကြောက်လန့်မှုများနှင့် ပြည့်နှက်နေသော ဦးခေါင်းတစ်လုံးက လေပေါ် မြောက်တက်သွားလေသည်။

Chapter 957 မိသားစုကြီးများ စုဝေးလာပြီး မိုးသက်လေပြင်းထန်လေပြီ

ဝူရွှမ်မြို့၊ ရွှမ်ကျိုး၏ မြို့ငယ် ဆယ့်ရှစ်မြို့ထဲမှ တစ်မြို့။

ဤရှေးဟောင်းမြို့တော်သည် အလွန် အင်အားကြီးမားပြီး ရွှမ်ကျိုးတစ်ခုလုံး၌ ထိပ်တန်းမြို့သုံးမြို့ စာရင်းဝင် လေသည်။

ထို့အပြင် ဝူရွှမ်မြို့၏ ဝူမိသားစု၌ သိုင်းပညာရှင်များက မှိုသဖွယ် ပေါလှသည်။ လောကသခင် နောက်ဆုံးအဆင့် သိုင်းပညာရှင်က ရှစ်ယောက်နီးပါး ရှိပြီး မိသားစုခေါင်းဆောင်တောင်မှ လောကသခင် အထွတ်အထိပ်အဆင့်သို့ ရောက်နေသူ ဖြစ်သည်။

ထို့အပြင် လောကသခင် စဦးအဆင့်က ဆယ်ယောက်ကျော်ရှိပြီး လောကသခင် တစ်ပိုင်းအဆင့်များက မရေတွက်နိုင်အောင် ရှိပေသည်။

သို့ရာတွင် ယနေ့၌ ဝူမိသားစု၏ သိုင်းပညာရှင်များအားလုံး စုဝေးနေပြီး အခြေအနေက တင်းမာခက်ထန်နေ၏။ မိသားစုခေါင်းဆောင် ဝူယွင်ရှန်၏ မျက်နှာဆိုလျင် မည်းမှောင်၍နေသည်။

မကြာသေးခင်ကမှ ဝူမိသားစု၏ စိတ်ဝိညာဉ် မီးအိမ်ခန်းမမှနေ၍ ထုံချန်မြို့သို့ ထွက်သွားသော ဝူမိသားစု၏ မဟာအကြီးအကဲ သုံးယောက်နှင့် မျိုးနွယ်ဝင်များ၏ ဝိညာဉ်မီးအိမ်များ ငြိမ်းသွားသည်ဟူသော သတင်း ရောက်လာခဲ့သည်။

“မင်းတို့အားလုံး ဒီရောက်ပြီလား”

မိသားစုခေါင်းဆောင် ဝူယွင်ရှန်က မျိုးနွယ်ဝင်များကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူ့စကားကြောင့် အကြီးအကဲ တစ်ယောက်က လျင်မြန်စွာ ပြောလိုက်သည်။

“မိသားစုခေါင်းဆောင်၊ ဝူမိသားစုရဲ့ ထိပ်တန်းအလွှာက ငါးရာခုနစ်ဆယ့်နှစ်ယောက်လုံး ရောက်နေပါပြီ”

ထိုလူငါးရာခုနစ်ဆယ့်နှစ်ယောက်တွင် အားအနည်းဆုံးလူပင် အဓိက နတ်ဘုရားအဆင့် ရှိသည်။ လောကသခင် တစ်ပိုင်းအဆင့် သိုင်းပညာရှင်များကလည်း မရေတွက်နိုင်လောက်အောင် ရှိနေသည်။ ထိုသူများအားလုံး စုစည်းနေ သောအခါ ထွက်ပေါ်လာသည့် အရှိန်အဝါက တုန်လှုပ်ဖွယ်ကောင်းလှသည်။

“ကောင်းပြီ”

ဝူယွင်ရှန်က ခေါင်းညိတ်ကာ ထုံချန်မြို့ရှိရာ အရပ်ဘက်သို့ လှမ်းကြည့်ကာ အလွန် ဒေါသထွက်ကာ ခံရခက်ဟန်ဖြင့် ရေရွတ်လေသည်။

“ငါ့ဝူမိသားစုကလူတွေ ဘယ်သူမှ အသတ်မခံရတော့တာ နှစ်တစ်ထောင်နီးပါး ရှိတော့မယ်”

“ဒီနေ့တော့ မဟာ အကြီးအကဲ သုံးယောက် အပါအဝင် လူအယောက်ခြောက်ဆယ်ကျော်လောက် သေသွားပြီ”

“တော်တော် ဟုတ်နေတဲ့ ထုံချန်မြို့ပဲ”

ဝူယွင်ရှန်က လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“သွားကြမယ်၊ ထုံချန်မြို့ကို သွားမယ်”

“လူသတ်သမားက ဘယ်သူပဲဖြစ်ဖြစ် ငါ့ဝူမိသားစုဝင်တွေကို သတ်ခဲ့တဲ့အတွက် သူ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်”

ထိုသို့ပြောဆိုပြီးနောက် မိသားစုခေါင်းဆောင် ဝူယွင်ရှန်က အလွန်တရာ ပြင်းထန်သော ဖိအား အရှိန်အဝါနှင့်အတူ ထုံချန်မြို့ရှိရာသို့ ဦးတည်ထွက်ခွာလာသည်။

….

ဤသည်မျာ ရွှမ်ကျိုး၏ တစ်ထောင့် တစ်နေရာမျှသာ ရှိသေးသည်။ ထုံချန်မြို့ ဖျက်ဆီးခံလိုက်ရချိန်တွင် အဆိုပါမြို့မှလွဲ၍ ကျန်မြို့ငယ် ဆယ့်ခုနစ်မြို့လုံး၌ အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။

ရှေးဟောင်းမိသားစု အားလုံးနီးပါးမှ မိသားစုဝင်များ၏ ဝိညာဉ်မီးအိမ်များ ငြိမ်းကုန်သည်။ ဒေါသထွက်သော အသံများက တစ်သံပြီးတစ်သံ ထွက်ပေါ်လာ၏။

ရွှမ်ကျိုးတစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ လှုပ်ခါနေသည်။ အချိန်အတော်ကြာပြီးနောက် ထုံချန်မြို့ဘက်သို့ ဝူမိသားစု ရောက်လာသည်။ ထိုအခါ မြို့အပြင်ဘက်၌ လူများစွာတို့ဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

အဆိုပါမြင်ကွင်းကြောင့် ဝူမိသားစုခေါင်းဆောင် ဝူယွင်ရှန်တစ်ယောက် ရင်ထဲ လေးလံသလို ခံစားလိုက်ရသည်။

“ဟွိုင်နန်မြို့က ထျန်းဟော် တာအိုသခင်”

“ဝံပုလွေမြို့တော်က ပိုင်ရီရှုံး”

“ချွမ်ရွှေမြို့က ရေဘုရင် ယန်ရီဖေး”

“…”

ရင်းနှီးနေသော မျက်နှာထားများကိုကြည့်ပြီး ဝူယွင်ရှန် ပိုပို၍ မျက်နှာပျက်ယွင်းလာသည်။ ထုံချန်မြို့ခံလူများမှလွဲ၍ ကျန်မြို့ငယ် ဆယ့်ခုနစ်မြို့မှ မိသားစုကြီးများအားလုံး ရောက်လာကြောင်း သူ တွေ့လိုက်ရသည်။

“ဝူမိသားစုခေါင်းဆောင်”

ဝူယွင်ရှန်ကို မြင်လိုက်ရချိန်တွင် ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံး မျက်နှာပြာနှမ်းသွားကြသည်။ သူတို့၏ အမူအရာက အလွန်တရာ ဆိုးရွားသော တစ်စုံတစ်ရာကို မြင်လိုက်ရသည့်ပုံပင်။

ဤသည်ကြောင့် ဝူယွင်ရှန် ပို၍ စိတ်လေးလာပြီး လက်သီးနှစ်ဖက်ကို ဆုပ်၍ နှုတ်ဆက်လိုက်သည်။

“အားလုံးပဲ၊ ခင်ဗျားတို့အားလုံး နေရပ်ကနေ ထွက်လာတယ်ဆိုတော့ ထုံချန်မြို့မှာ ခင်ဗျားတို့ မျိုးနွယ်ဝင်တွေ မတော်တဆ ဖြစ်လို့လား”

*မတော်တဆမှု*

ထိုစကားလုံးကြောင့် အားလုံး၏ နဖူးမှ ချွေးစေးများ စီးကျလာပြီး မျက်နှာထားများက ပို၍ ဖြူရော်လာသည်။ ထိုသူများထဲမှ ချွမ်ရွှေမြို့၏ ရေဘုရင် လန်ရီဖေးက ဝူယွင်ရှန်ကို လှမ်းပြောလိုက်သည်။

“ဝူမိသားစုခေါင်းဆောင်၊ ထုံချန်မြို့ထဲ ဝင်ကြည့်ကြတာပေါ့”

ထိုစကားကြောင့် ဝူယွင်ရှန် မျက်နှာပျက်သွားသည်။ သူ ခေါင်းညိတ်လိုက်ပြီး ဝူမိသားစုဝင်များအားလုံးကို ဦးဆောင်၍ ထုံချန်မြို့ထဲသို့ ဝင်သွားလေသည်။

ထုံချန်မြို့တံခါးအား ခိုင်မာစွာ ပိတ်ထားသည်။ မြို့တံခါးရှေ့မှ လူများအားလုံးသည် ကြောက်စရာကောင်းသော တစ်ခြားကမ္ဘာ တစ်ခုအား ဝင်ရတော့မည်ဟု ခံစားမိပြီး အေးစိမ့်ကာ တုန်ယင်သွားသည်။ ထိုအဖြစ်ကြောင့် ဝူယွင်ရှန်နှင့် အခြားသူများ ပို၍ စိတ်လေးလံလာရသည်။

ကျွီ!

ထိုစဉ် သိုင်းပညာရှင်တစ်ယောက်က ထုံချန်မြို့တံခါးနားသို့ တိုးသွားပြီး မြို့တံခါးအား ဖြည်းဖြည်းချင်း တွန်းဖွင့် လိုက်သည်။ ထိုအခါ သွေးနံ့များ လှိုင်လှိုင်ထလာပြီး သွေးသံတရဲရဲ မြင်ကွင်းများကို တွေ့လိုက်ရလေသည်။

ထုံချန်တစ်မြို့လုံး နေရာလပ်မကျန် သွေးများနှင့် ဆေးကြောထားသကဲ့သို့ ရဲရဲနီနေ၏။ လေနှင့်အတူ လွင့်ပါလာသော သွေးနံ့ကြောင့် ဝူမိသားစုဝင်များအားလုံး တုန်လှုပ်လာသည်။

ထို့အပြင် အလောင်း အပိုင်းအစများက နေရာတိုင်း၌ ရှိနေသည်။ တစ်ချို့က ကိုယ်နှစ်ခြမ်း ပိုင်းခံထားရသည်။ တစ်ချို့က တစ်စစီ အကိုက်ခံထားရသည်။ တစ်ချို့က ပြာပုံ ဖြစ်နေ၏။

လက်ရှိအချိန်၌ ဝူမိသားစုဝင်များအားလုံး ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။

*အလောင်းတွေချည်းပါပဲလား*

ထုံချန်မြို့၏ လမ်းကြိုလမ်းကြားမကျန် အလောင်းများဖြင့် ပြည့်နှက်နေ၏။ မိသားစုခေါင်းဆောင်များ အနောက်မှ လိုက်ပါလာသော သိုင်းပညာရှင်များသည် မြောင်းဘက်သို့ ပြေး၍ ထိုးအန်ကြလေသည်။

သူတို့ဘဝတစ်ခုလုံး ဤမျှ များပြားသော အလောင်းများကို တစ်ခါမှ မမြင်ဖူးကြချေ။ သူတို့အမြင်တွင် ထုံချန်တစ်မြို့လုံး သားသတ်ရုံနှင့် တူနေသည်ဟု ခံစားမိနေသည်။

“အကြီးအကဲ သုံးယောက် …”

ဝူမိသားစုဝင်များသည် တောင်သဖွယ် ပုံနေသော အလောင်းများကိုကြည့်ပြီး တုန်ယင်နေ၏။ ထိုအလောင်းများထဲမှ အလောင်း သုံးလောင်းသည် ဝူမိသားစု၏ မဟာ အကြီးအကဲ သုံးယောက် ဖြစ်နေလေသည်။ ထိုသုံးယောက်၏ ဦးခေါင်းပြတ်များက မြေကြီးပေါ်၌ လိမ့်နေသည်။

အားလုံး၏ နဖူးမှ နတ်ဘုရား အမြုတေများ ထုတ်ယူခံထားရသည်။ ထိုဦးခေါင်းပြတ်များ၏ မျက်နှာတွင် ထိတ်လန့် ကြောက်ရွံ့ဟန်များ ထင်ဟပ်နေ၏။

ထိုအချိန်တွင် ဝူယွင်ရှန်သည် မြို့တံခါးကို ပြန်ပိတ်ပြီးသည်နှင့် ပါးစပ် အဟောင်းသား ဖြစ်သွားရသည်။

“သေကုန်ပြီ၊ အားလုံး သေကုန်ပြီ”

ရင်ဝူသော် ထိတ်လန့်တုန်လှုပ်နေ၏။ ထုံချန်တစ်မြို့လုံး၌ မည်သည့်အသက်ဓာတ်ကိုမှ သူ မခံစားရပေ။ ဤသည်က ထုံချန် တစ်မြို့လုံး အသတ်ခံလိုက်ရကြောင်း ပြသနေ၏။

မည်သို့သော မကောင်းဆိုးဝါးမျိုးက ရှေးဟောင်းမြို့တော်တစ်ခုမှ လူများအားလုံးကို သတ်သွားသလဲ သူ စဉ်းစား မရပေ။ ထိုအခိုက်တွင် ဝူယွင်ရှန်က ဖြူရော်နေသော မျက်နှာထားဖြင့် ရေဘုရင် လန်ရီဖေးကို မေးလိုက်သည်။

“ရေဘုရင် ဘယ်သူလုပ်သလဲ ခင်ဗျား သိလား”

သူ့အမေးကြောင့် အားလုံး ငြိမ်ကျသွားသည်။ အားလုံးက သုန်မှုန်နေသော မျက်နှာထားဖြင့် ခေါင်းခါပြလာသည်။

“ဘယ်သူ့လက်ချက်လဲ ကျုပ် သိတယ်”

ထိုစဉ် အော်ပြောလိုက်သော အသံတစ်သံကြောင့် လူတိုင်း မှင်တက်သွားသည်။ ထို့နောက် လူတစ်စုက သူတို့ ရှိရာသို့ ဖြည်းဖြည်းချင်း လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။

ထိုလူစုအား လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ဦးဆောင်လာ၏။ သူ၏မျက်လုံးများက စူးရှ ထက်မြက်၍ အလွန်တရာ ရက်စက်ကာ နာကျည်းဟန်များ ထင်ဟပ်နေသည်။ ဒေါသထွက်နေသော အဆိပ်ပြင်းသည့် မြွေတစ်ကောင်ကဲ့သို့ တစ်စုံတစ်ယောက်ကို ဝါးမျိုရန် အဆင်သင့်ဖြစ်နေသည့်ပုံပင် သူ့ကိုမြင်သည်နှင့် အားလုံးက အလျင်အမြန် မေးလာသည်။

“ရင်မိသားစုခေါင်းဆောင် ဘယ်သူ လုပ်တာလဲ”

အားလုံး၏ မျက်နှာ၌ ဒေါသတရားများ စွဲထင်နေသည်။ သူတို့သည်လည်း မိသားစု၏ ကျောထောက်နောက်ခံ တစ်ချို့အား ဆုံးရှုံးခဲ့ရသည် မဟုတ်ပါတကား။

ထိုသူသည် ရင်မိသားစုခေါင်းဆောင်ဖြစ်ပြီး ရင်ဝူသော်၏ ဖခင်ပင်။ ရင်ဟွမ်မြို့၏ ဩဇာကြီးသော ရင်မိသားစုခေါင်းဆောင် ရင်ရှုံးပင်။

လက်ရှိအချိန်တွင် သူက ဘေးပတ်လည်မှ လူများကို ဝေ့ကြည့်၍ လူသတ်ချင်သော အရိပ်အယောင်တို့ ဖြတ်ပြေးနေသည့် အကြည့်များဖြင့် ပြောလာသည်။

“ကျုပ် လူတိုင်းကို ပြောစရာ တစ်ခု ရှိတယ်”

“ခင်ဗျားတို့ မျိုးနွယ်ဝင်တွေတင် မကဘူး၊ ကျုပ်သား ရင်ဝူသော်လည်း ထုံချန်မြို့မှာ သေသွားတယ်”

“ကျုပ် လူလွှတ်ပြီး စုံစမ်းခိုင်းခဲ့တော့ ဒီကိုလာတဲ့ မိသားစုတွေက လူတိုင်း သေသွားကြတယ်”

“မထိခိုက်တဲ့ မိသားစု တစ်ခုပဲ ရှိတယ်”

ရင်ရှုံး၏ စကားအဆုံး၌ အားလုံး ဆူညံပွက်လောရိုက်သွားသည်။ သို့သော် ရင်ရှုံးက ထိုမျှနှင့် မရပ်သေးဘဲ ခက်ထန် ကြမ်းကြုတ်စွာ ဆက်ပြောလေသည်။

“အဲ့အပြင်ကိုမှ အဲ့ဒီမိသားစုမှာ သိုင်းပညာရှင်နှစ်ယောက် ထပ်ရှိနေတယ်”

“တစ်ယောက်က ထုံချန်မြို့က စစ်ကျွန် ရှောင်ချီရှို့ပဲ၊ နောက်တစ်ယောက်ကတော့ ရှောင်ချီရှို့ရဲ့ ဆရာ”

“ကျုပ်သား ရင်ဝူသော်နဲ့ ခင်ဗျားတို့ မျိုးနွယ်ဝင်အားလုံး အဲ့ဒီစစ်ကျွန်ရဲ့ ဆရာဖြစ်သူ လက်ထဲမှာ သေသွားတာ ဖြစ်လိမ့်မယ်လို့ ကျုပ် သံသယ ရှိတယ်”

All Chapters