အခန်း (၉၅၈-၉၆၀)
Vol. 64 Ch. 958-960
Chapter 958 စစ်တပ်ကြီး ချီလာပြီ
*စစ်ကျွန်တစ်ယောက်ရဲ့ ဆရာလက်ထဲမှာ သေသွားတယ်တဲ့လား*
ရင်ရှုံး၏ စကားအဆုံး၌ မိသားစုကြီးများအားလုံး အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။
*လူတစ်ယောက်တည်းကလေ*
*တစ်မြို့လုံးကို သတ်သွားတယ်လို့ ပြောချင်တာလား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
မိသားစုကြီးများအားလုံး၏ မျက်နှာ၌ ထိတ်လန့်၍ မယုံနိုင်ဟန်များ ထင်ဟပ်နေသည်။ ဆူညံသံများက အတောမသတ်နိုင်အောင် ထွက်ပေါ်နေ၏။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ ထုံချန်မြို့ကိုက အားနည်းနေတာမှ မဟုတ်တာ၊ မြို့တော်သခင် ကွေမူက လောကသခင် နောက်ဆုံးအဆင့်ပဲကို၊ ပြီးတော့ ဒီကိုလာတဲ့လူ တော်တော်များများက လောကသခင် အဆင့်တွေပဲ”
“လူပေါင်း သောင်းချီပြီး ရှိနေတာကို ဘယ်လိုလုပ် အဲ့လူက သူတစ်ယောက်တည်းနဲ့ သတ်သွားမှာလဲ”
ရေဘုရင် လန်ရီဖေးက မယုံသင်္ကာ မျက်နှာထားဖြင့် ထုတ်ပြောလေသည်။ သူသည်သာမက အနီးဝန်းကျင်မှ လူများလည်း မယုံကြပေ။
လောကသခင်အဆင့်များ၊ မရေတွက်နိုင်သော လောကသခင် တစ်ပိုင်းအဆင့်များနှင့် အဓိက နတ်ဘုရား အဆင့်များအား လူတစ်ယောက်တည်းက သတ်သွားခြင်းသည် တစ်လောကလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားမှသာ ဖြစ်နိုင်ပေမည်။
“ရေဘုရင် ပြောတာ မှန်တယ်၊ လောကသခင်တွေ စုနေတဲ့ မြို့တစ်မြို့ကို သတ်ဖို့က အန္တိမအဆင့် တစ်ယောက်တောင် လုပ်ဖို့ မဖြစ်နိုင်ဘူး”
“အန္တိမအဆင့် သိုင်းပညာရှင်တွေပါတဲ့ အဖွဲ့တစ်ဖွဲ့ကပဲ လုပ်နိုင်မှာ”
ဟွိုင်နန် မြို့တော်သခင် ကောင်းကင်မီးလျှံ တာအိုသခင်က ပြန်ငြင်းဆိုလေသည်။ ထိုစကားအား ဝူယွင်ရှန် ခေါင်းညိတ်၍ ထောက်ခံမိသည်။
လူတိုင်း၏ အယူအဆက မှန်ပေသည်။ ထိုသို့သောဖြစ်ရပ်က လုံးလုံး မဖြစ်နိုင်ချေ။ ထိုစစ်ကျွန်၏ ဆရာဖြစ်သူက အန္တိမအဆင့်ထက် ကျော်လွန်နေသော လူတစ်ယောက် ဖြစ်နေလျင် ဤဖြစ်ရပ်က ဖြစ်နိုင်သေးသည်။
သို့သော် ထိုသို့သော ပုဂ္ဂိုလ်မျိုး ရှိနေပါက သူ၏ နောက်ကွယ်၌ မိမိတို့ လက်တုံ့မပြန်ဝံ့သည့် အင်အားကြီး အဖွဲ့အစည်းတစ်ခု ရှိနေနိုင်၏။ ထိုသို့စဉ်းစားမိပြီးနောက် ဝူယွင်ရှန်က ရင်မိသားစုခေါင်းဆောင် ရင်ရှုံးအား ခပ်သွက်သွက် မေးလိုက်သည်။
“ရင်မိသားစုခေါင်းဆောင်၊ အဲ့စစ်ကျွန်ရဲ့ ဆရာက ဘယ်သိုင်းအဆင့်ကို ရောက်နေပြီလဲ”
သူ့စကားကြောင့် လူတိုင်း စိတ်ဝင်စားသွားသည်။ လူတိုင်း စိုးရိမ်တုန်လှုပ်နေကြသည်။ အကယ်၍ တစ်ဖက်လူက အန္တိမအဆင့်ထက် ကျော်လွန်နေသူ ဖြစ်နေပါက သူတို့ လက်တုံ့ပြန်ရန် မဆိုထားနှင့် အမြီးကုပ်၍ ပြန်ထွက်ပြေး ရပေမည်။
အားလုံး၏ စိုက်ကြည့်ခြင်းက ရင်ရှုံးက အနည်းငယ် နေရခက်သော အမူအရာ ဖြစ်သွားပြီး ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်သည်။
“ကျုပ် လက်အောက်ငယ်သားတွေရဲ့ သတင်းအရဆို အဲ့လူက … နတ်ဘုရင် အထွတ်အထိပ်အဆင့်ပဲ”
ရင်ရှုံး၏ စကားကြောင့် လူတိုင်း မှင်တက်သွားလေသည်။ နတ်ဘုရင်အဆင့် သိုင်းပညာရှင်တစ်ယောက်က ထုံချန်မြို့ခံများနှင့် သောင်းချီသော လောကသခင်အဆင့်များ၊ လောကသခင် တစ်ပိုင်းအဆင့်များနှင့် အဓိက နတ်ဘုရားအဆင့်များကို သတ်လိုက်သည်တဲ့လား။
လူတိုင်း၏ စိတ်ထဲတွင် ရင်ရှုံးအား ရူးနေပြီဟု ထင်သွားကြလေသည်။ လက်ရှိအချိန်၌ အားလုံးက ရင်ရှုံးအား သုန်မှုန်နေသော အကြည့်များဖြင့် အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။
ရင်ရှုံးကိုယ်တိုင်တောင်မှ ရှက်ရွံ့သလို ခံစားလိုက်ရသည်။ သို့ရာတွင်လည်း အားတင်း၍ ဆက်ပြောလိုက်သည်။
“အားလုံးပဲ၊ ဒါက လုံးဝ ယုတ္တိမရှိတာကို ကျုပ် သိပါတယ်၊ ဒါပေမဲ့ စဉ်းစားကြည့်စမ်းပါ၊ ဘာလို့ စစ်ကျွန်က ထုံချန်မြို့ကနေ အသက်ရှင်လျက် ထွက်သွားနိုင်ရတာလဲ”
“ဟွမ်မိသားစုကလူတွေကရော ဘာလို့ ထိခိုက်မှု မရှိရတာလဲ”
“ဒီအရာအားလုံးကို သူတို့ မလုပ်ရင်တောင်မှ ဒီကိစ္စက သူတို့နဲ့ တစ်နည်းနည်းတော့ ပတ်သက်နေမှာပဲ”
ရင်ရှုံး၏ စကားတိုင်းက အားလုံးကို တုန်လှုပ်သွားစေသည်။ အားလုံး၏ ဒေါသက ရှောင်ချီရှို့နှင့် ဟွမ်မိသားစုထံသို့ စုပုံ ကျရောက်သွား၏။
ထုံချန်တစ်မြို့လုံးကို သတ်သွားသည့် လူများကို သူတို့ ကြောက်ရွံ့သော်လည်း ဟွမ်မိသားစုနှင့် ရှောင်ချီရှို့တို့ ဆရာတပည့် နှစ်ယောက်ကိုမူ ကြောက်ရွံ့ခြင်း မရှိပါ။
ယခုအချိန်၌ မြို့ငယ် ဆယ့်ရှစ်မြို့ရှိ မိသားစုကြီးများမှ လူများအားလုံး ထွက်လာကြသဖြင့် လောကသခင် အထွတ်အထိပ်အဆင့် ဆယ့်သုံးယောက်တိတိ ရှိနေ၏။
ကျန်လောကသခင်အဆင့် သိုင်းပညာရှင်များမှာ အယောက် တစ်ရာ့ငါးဆယ်နီးနီး ရှိသည်။ လောကသခင် တစ်ပိုင်းအဆင့်နှင့် အဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင်များမှာမူ တစ်သောင်းနီးပါး ရှိလေသည်။ သူတို့၏ တိုက်ပွဲဝင်ခွန်အားက သေဆုံးသွားသော ထုံချန်မြို့မှ လူများထက် ပို၍ သာလွန်လှသည်။
သူတို့စိတ်ထဲတွင် ဟွမ်မိသားစုဖြစ်စေ ရှောင်ချီရှို့တို့ ဆရာတပည့်ဖြစ်စေ၊ အားလုံးက ပုရွက်ဆိတ်မျှ သေးနုပ်လှပြီး အသေရိုက်သတ်နိုင်သည်ဟု မှတ်ယူထားကြသည်။
“သွားကြမယ်၊ ဟွမ်မိသားစုဆီ သွားပြီး တရားမျှတမှုကို ပြန်ရယူမယ်၊ သူတို့ မဟုတ်မမှန်တာ လုပ်မယ်ဆိုရင် ဟွမ်မိသားစုကို သတ်ပြီး သေသွားတဲ့ ငါတို့မျိုးနွယ်ဆီမှာ ဝိညာဉ်အဖြစ် လွှတ်လိုက်မယ်”
“ဟုတ်တယ်၊ ဟွမ်မိသားစုက ဘာတွေမို့လဲ၊ ဘာလို့ ငါတို့မျိုးနွယ်ဝင်တွေပဲ သေရပြီး သူတို့က ဘာမှမဖြစ်ရတာလဲ”
“ပြီးတော့ ဟိုစစ်ကျွန် ဆရာတပည့်နှစ်ယောက်၊ သူတို့ သေကိုသေရမယ်”
“…”
လက်ရှိအချိန်တွင် မိသားစုကြီးများအားလုံး ဒေါသူပုန်ထနေကြပြီး သူတို့၏ နာကျည်းမုန်းတီးမှုများကို ဟွမ်မိသားစု၊ ယဲ့ဖန်နှင့် ရှောင်ချီရှို့တို့အပေါ် ပုံချလိုက်လေသည်။
ဤမြင်ကွင်းကိုကြည့်ပြီး ရင်မိသားစုခေါင်းဆောင်က ထီမထင်ဟန် ပြုံးလိုက်သည်။ သူ ဖြစ်လာစေချင်သည့်အတိုင်း ဖြစ်လာလေပြီ။
“ဟွမ်မိသားစုလား၊ စစ်ကျွန် ဆရာတပည့်နှစ်ယောက်လား၊ မင်းတို့ လုပ်ခဲ့တာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ ဒီတစ်ခါတော့ မင်းတို့အားလုံး သေစေရမယ်”
“ဘာလို့လဲဆိုတော့ ဒါ ငါ့သား ရင်ဝူသော်လေးအတွက် … လက်စားချေတာပဲ”
ထိုသို့စဉ်းစားပြီးနောက် ရင်ရှုံး၏ မျက်နှာပေါ်၌ ကောက်ကျစ်စဉ်းလဲသော အမူအရာများ ထင်ဟပ်လာပြီး အားလုံးကို လက်ဝှေ့ယမ်း၍ အချက်ပြလိုက်သည်။
“အားလုံး ကျုပ်နောက်လိုက်ခဲ့ပါ”
ရင်ရှုံးနှင့် အခြားသူများက မြို့ငယ် ဆယ့်ခုနစ်မြို့မှ မိသားစုကြီးများကို ဦးဆောင်၍ ရင်ဟွမ်မြို့သို့ ပြန်လာလေ တော့သည်။
….
သို့သော် ဤသိုင်းပညာရှင် တစ်သောင်းကျော်တို့ ထင်မထားသည့် အချက်တစ်ချက်မှာ သူတို့ ရင်ဟွမ်မြို့သို့ ထွက်သွားချိန်၌ ရွှမ်ကျိုးမြေမှ အခြားသော အင်အားစုများကလည်း ရင်ဟွမ်မြို့သို့ လျင်မြန်စွာ လာနေသည် ဟူသော အချက်ပင်။
ထိုသိုင်းပညာရှင်များက သောင်းချီလှပြီး ဦးဆောင်လာသူတိုင်းက လောကသခင် အထွတ်အထိပ် အဆင့်များ ဖြစ်လေသည်။ အားလုံး၏ မျက်နှာ၌ အလွန် ဝမ်းသာနေဟန်များ စွန်းထင်းနေ၏။
“ဟားဟားဟား … လူကြီးမင်းယဲ့ မသေဘူးကွ၊ အံ့ဩစရာ ကောင်းလိုက်တာ”
“ဟုတ်တယ်၊ အခု ငါတို့ဘိုးဘေးတွေကို ကယ်လို့ ရတော့မယ်၊ သူက တပေါ် အရှင်သခင် ပြန်ဝင်စားတဲ့လူ ဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲကွာ”
“မြန်မြန်လုပ်ကြဟေ့၊ လူကြီးမင်းယဲ့ကို မြန်မြန်သွားတွေ့ကြမယ်”
“…”
တက်ကြွနေသော အသံများ၌ ယဲ့ဖန်ကို လေးစားရိပ်များ စွန်းထင်းနေ၏။ ဤသည်ကိုသာ ရင်ရှုံးနှင့် အခြားသူများ မြင်သွားပါက ထိတ်လန့်သွားလောက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုသောင်းချီသော သိုင်းပညာရှင်များကြားထဲ၌ အလံကြီးတစ်ခုဆီကို လွှင့်ထူထား သောကြောင့်ပင်။
“ရွှမ်ကျား”
“ကျင်းမိသားစု”
“…”
အလံပေါင်း နှစ်ဆယ့်သုံးခု လွှင့်ထူထားပြီး အလံတစ်ခုဆီတိုင်းက ရှေးဟောင်းမိသားစုကြီး တစ်ခုဆီ၏ သင်္ကေတကို ကိုယ်စားပြုနေသည်။
သူတို့ထဲမှ အချို့သည် စံအိမ်များမှ ထွက်လာပြီး တစ်ချို့သည် နာမည်ကျော် တောတောင်များနှင့် အန္တရာယ်များသော နေရာများမှ ထွက်လာကြသည်။ တစ်ချို့မှာမူ မှော်ဂူများထဲမှ ထွက်လာခြင်း ဖြစ်လေသည်။ သို့သော် သူတို့အားလုံးက ခြွင်းချက်မရှိ ကြောက်စရာ ကောင်းသူများ ဖြစ်ပေသည်။
…
သို့သော် ဤအဖြစ်အား ရင်ရှုံး လုံးဝ မသိပေ။ သူသည် သိုင်းပညာရှင် အယောက်တစ်သောင်းကို ဦးဆောင်၍ ရင်ဟွမ်မြို့သို့ ထွက်လာနေ၏။
မိုင်ငါးဆယ်၊ မိုင်နှစ်ဆယ်၊ ဆယ်မိုင်။
ရင်ဟွမ်မြို့တံခါးနှင့် နီးလာလေလေ ရင်ရှုံး ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်လာသည်။
“ငါ့သား မင်း မြင်လား”
“ဒီနေ့ အဖေ မင်းအတွက် လက်စားချေပေးမယ်”
“လူပေါင်း သောင်းချီတဲ့အပြင် လောကသခင်တွေမှ အများကြီးပဲ၊ ဒီတစ်ခါတော့ ဟွမ်မိသားစုက လူတိုင်း သေမှာ၊ ဟိုဆရာတပည့်လည်း … သေရမယ်”
ရင်ရှုံးက သရော်ပြုံး ပြုံးနေသည်။ ထိုစဉ် ရှေ့မှ သွားနေသည့် လူများက ချက်ချင်း ရပ်တန့်သွားသည်။ ထို့အပြင် အရှေ့မှ အချင်းချင်း ပြောဆိုသံများ ထွက်လာ၏။
ထိုအဖြစ်ကြောင့် ရင်ရှုံး အံ့ဩသွားပြီး ချက်ချင်း ရှေ့သို့ လှမ်းကြည့်လိုက်သည်။ ထိုအခါ ရင်ဟွမ်မြို့သို့ သွားမည့်လမ်း၌ လူတစ်ယောက်က ပိတ်ရပ်နေသည်ကို တွေ့လိုက်ရလေသည်။
အနက်ရောင်ဝတ်စုံနှင့် ဆံပင် အဖြူရောင်ရှိသော လူငယ်တစ်ယောက်ပင်။
ထိုသူကို မြင်လိုက်ရသဖြင့် ရင်ရှုံး မျက်မှောင်ကြုတ်သွားပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
“ဟေ့ကောင်လေး လမ်းဖွယ်စမ်း၊ ငါတို့ သွားမယ့်လမ်းကို ပိတ်ရဲတယ်ဆိုတော့ သေချင်နေတာလား”
ရင်ရှုံးသာမက အရှေ့မှ မိသားစုကြီးများကလည်း ဒေါသထွက်နေကြသည်။ ရင်ဟွမ်မြို့က လူများက မဆင်မခြင် ပြုမူလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ ဘာမဟုတ်သော လူလေးတစ်ယောက်က သိုင်းပညာရှင်များစွာ၏ လမ်းကို ပိတ်ရပ်ရဲသည်တဲ့လား။
“မြန်မြန်ဖယ်စမ်း၊ မဟုတ်လို့ကတော့ မင်းကို အညှာအတာမရှိ သတ်ပစ်မယ်”
“ဟမ့် သူ့ကို သေအောင် သတ်လိုက်ပါတော့၊ သုံးစားမရတဲ့ နတ်ဘုရင်အဆင့်ကများ”
“…”
လက်ရှိတွင် ကျိန်ဆဲပြောဆိုသံများ ဆက်တိုက် ထွက်ပေါ်နေ၏။ နတ်ဘုရင်အဆင့်ဟူသော စကားကို ကြားလိုက် ရချိန်တွင် ရင်ရှုံး တုန်လှုပ်သွားသည်။ သူ ချက်ချင်း ခေါင်းမော့၍ အရှေ့မှ လူကို သေချာထပ်ကြည့်လိုက်သည်။
*အနက်ရောင်ဝတ်စုံနဲ့ ဆံပင်အဖြူရောင်ရှိတဲ့လူပါလား*
ချက်ချင်းဆိုသလိုပင် ရင်ရှုံး အကြီးအကျယ် မျက်နှာပျက်သွားသည်။
“သူပဲ၊ သူ … သူက စစ်ကျွန် ရှောင်ချီရှို့ရဲ့ ဆရာ”
Chapter 959 ဓားချက်တစ်ချက်တည်းပဲ သုံးလိုက်တာ
*စစ်ကျွန် ရှောင်ချီရှို့ရဲ့ ဆရာ*
ရင်ရှုံးထံမှ ထိုစကား ထွက်လာသောအခါ သောင်းချီသော သိုင်းပညာရှင်များအားလုံး ထိတ်လန့်သွားကြပြီး ယဲ့ဖန်အား မယုံနိုင်သော အကြည့်များဖြင့် ကြည့်လာသည်။
ယဲ့ဖန်က အမှန်တကယ်ပင် နတ်ဘုရင်အဆင့်သာ ရှိသော သိုင်းပညာရှင်တစ်ယောက်ပင်။ သူ၏ အရှိန်အဝါ ကလည်း အလွန် အားနည်းလှပြီး သေချာမမြင်ရပေ။ ဤသည်က သိုင်းပညာရှင်များကို ပိုမို၍ သုန်မှုန်သွားစေပြီး လူသတ်ချင်စိတ် ပိုပြင်းပြလာစေသည်။
“ဘာလဲ၊ မင်းတို့က ငါ့ကို လမ်းဖယ်ပေးစေချင်သေးတာလား”
ယဲ့ဖန်က ထိုလူများကို ပြုံး၍ ပြောလိုက်သည်။ သူ၏အမူအရာက ပြောင်ချော်ချော်ပုံ ပေါ်နေ၏။ ယဲ့ဖန်က နတ်ဘုရင်အဆင့်သာ ရှိသော်လည်း ကြောက်ရွံ့ခြင်း အလျင်းမရှိသည်ကို ရင်ရှုံးနှင့် အခြားသူများအားလုံး သတိထားမိသွားသည်။ ဤသည်က သူတို့ကို ထိတ်လန့်သွားစေသည်။
*ဖြစ်နိုင်တာက …*
*ချုံခိုတိုက်ခိုက်မလို့များလား*
ရင်ရှုံးနှင့် အခြားသူများ ဘေးပတ်လည်ကို ဆက်တိုက် ဝေ့ကြည့်၍ လေ့လာမိသည်။ သို့သော် ဘေးပတ်ဝန်းကျင်၌ ဖုန်မှုန့်များမှတစ်ပါး အခြား မရှိချေ။ ထိုအခါ သူတို့ ပို၍ တွေဝေသွားလေ၏။
“ဟေ့ကောင် မင်းက ငါတို့ကို စောင့်နေတာလား”
ရေဘုရင် လန်ရီဖေးက မယုံနိုင်သော လေသံဖြင့် မေးလိုက်သည်။
“ဒါက မင်း သေလမ်းရှာနေတာပဲဆိုတာကိုရော သိရဲ့လား”
ယင်ယန်လောကမှ သိုင်းပညာရှင်များသည် ကလေးဘဝကတည်းက နတ်ဘုရင်အဆင့်သို့ ရောက်နေကြသူများ ဖြစ်သည်။ ဤလူတစ်သောင်းထဲမှ တစ်ယောက်တည်းကပင် ယဲ့ဖန်ထက် ဆယ်ဆမက ပို၍ သန်မာသည်ဟု ပြောနိုင်ပေသည်။
သို့ဖြစ်သော်ငြားလည်း ယဲ့ဖန်က တစ်ယောက်တည်း လမ်းပိတ်ရပ်၍ ထောင်လွှားနေ၏။ ဤသို့သော တည်ငြိမ်မှုက ရေဘုရင် လန်ရီဖေးအား စိတ်ဝင်စားသွားစေသည်။ ရေဘုရင်၏ အမေးကြောင့် ယဲ့ဖန်က အသာပြုံး၍ ပခုံးတွန့်ပြ လိုက်သည်။
“ခင်ဗျားတို့က ကျုပ်ဆီ လာတာ မဟုတ်ဘူးလား”
“အဲ့တော့ ခင်ဗျားတို့ ကျုပ်ကို ရှာနေရမယ့်အစား ဒီကနေပဲ စောင့်နေပေးတာလေ”
ယဲ့ဖန်၏ လှောင်ပြုံးက ပိုမို၍ ပီပြင်လာသည်။
“ဒါပေမဲ့ ခင်ဗျားတို့က တော်တော် စိတ်ပျက်စရာကောင်းတာပဲ၊ ဒီလောက် ခရီးတိုလေးကို အချိန်ဆွဲပြီး လာနေတယ်”
“ငကြောက်တွေ”
ယဲ့ဖန်၏ စကားကြောင့် သိုင်းပညာရှင် အယောက်တစ်သောင်းလုံး အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။
*မောက်မာလိုက်တာများ*
*အရူးကောင်*
သေရတော့မည့် နတ်ဘုရင်အဆင့်လေးက အလွန်တရာ ထောင်လွှားနေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ သိုင်းပညာရှင် အယောက်တစ်သောင်းအား သတ္တိမရှိဟု အရှက်မရှိစွာ ပြောရဲသေးသည်။ သူ၏ စကားများက အားလုံးကို ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားစေသည်။
တစ်ခဏအကြာ၌ ရင်ရှုံးတစ်ယောက် သတိဝင်ကာ ဒေါသူပုန် ထလာသည်။ သူက အလွန်တရာ နာကျည်းမုန်းတီးသော အမူအရာဖြင့် ယဲ့ဖန်ကို စူးစိုက်ကြည့်လာ၏။
“ဟေ့ကောင် မင်းက ထောင်လွှားနေတာပဲ၊ အဲ့လို ဘဝင်မြင့်တဲ့ကောင်တွေက အသက်ရှည်ရှည် မနေရဘူးကွ”
“အခု မင်း ဒူးထောက်ပြီး လည်စင်းပေးစမ်း၊ ဒါဆိုရင် ငါ မင်းကို ပျော်ပျော်ကြီး သေရအောင် လုပ်ပေးမယ်”
*ပျော်ပျော်ကြီး သေရအောင် လုပ်ပေးမယ်တဲ့လား*
ထိုစကားကြောင့် ယဲ့ဖန်က ပို၍ ထီမထင်စွာ ပြုံးလာသည်။
“ပျော်ပျော်ကြီး သေရအောင် လုပ်ပေးမယ်ဆိုတာ ဘာကို ပြောချင်တာလဲ၊ ဘယ်လောက် ပျော်ရမှာ မို့လို့လဲ”
“ဓားချက်တစ်ချက်ဆို လုံလောက်ပြီလား”
ထိုစကားကြောင့် ယဲ့ဖန်က အချင်ယောင် ဟန်ဆောင်နေခြင်းလား သို့မဟုတ် ဟန်ကိုယ့်နေခြင်းလား သူတို့ နားမလည်တော့ပေ။ သို့ရာတွင် ဆက်လက်ဖြစ်ပေါ်လာသည့် မြင်ကွင်းကြောင့် ရင်ရှုံး မျက်နှာပျက်သွားသည်။
ယဲ့ဖန်က လက်တစ်ဖက်ကို လှုပ်ခါလိုက်ပြီး တစ်စုံတစ်ရာက ရင်ရှုံးရှေ့သို့ ပြုတ်ကျလာသည်။ ထိုအရာမှာ ဦးခေါင်းပြတ် တစ်လုံး ဖြစ်သည်။
ခေါင်းပြတ်ပေါ်မှ သွေးများပင် ခြောက်သွေ့နေလေ၏။ သို့သော် မျက်နှာအမူအရာက အလွန် ဆောက်တည်ရာ မရဘဲ ကြောက်လန့်နေပုံ ပေါ်နေသည်။ ထိုဦးခေါင်းပြတ်ကို မြင်သည်နှင့် ရင်ရှုံးတစ်ယောက် မိုးကြိုးပစ်ချခံ လိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။
“ငါ့သားလေး”
ရင်ရှုံးထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ အဆမတန် ထွက်ပေါ်လာ၏။ ထိုဦးခေါင်းပြတ်သည် ရင်ဝူသော်၏ ဦးခေါင်း ဖြစ်နေသည်။
သားဖြစ်သူ၏ ကြောက်လန့်နေသော အမူအရာနှင့် ဆိုးရွားလှသော ပုံစံကြောင့် ရင်ရှုံး တစ်ကိုယ်လုံး တုန်ယင်ကာ အေးစက်လာ၏။ သူ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရင်ဝူသော်၏ ဦးခေါင်းပြတ်ကို ညင်သာစွာ ကောက်ယူ လိုက်သည်။
သူ ဒေါသထွက်ကာ ခံရခက်နေ၏။ ရင်ဝူသော်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောများ ပေါက်ထွက်တော့မတတ် ခံစားနေရသည်။
“စိတ်ချလက်ချ နေစမ်းပါ၊ ခင်ဗျားသားက ပျော်ပျော်ကြီး သေသွားရတာပါ”
“ဓားချက် တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလေ”
သူ၏ စကားသံက အေးစက်၍ ကြမ်းကြုတ်လှပြီး ကြားလိုက်ရသူတိုင်း တုန်လှုပ်သွားရသည်။ မိသားစုကြီးများမှ သိုင်းပညာရှင်များအားလုံး အလွန် ထိတ်လန့်အံ့ဩနေ၏။ နတ်ဘုရင်အဆင့်လေးက ဤမျှ ရက်စက်လွန်း လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
*ရင်ဝူသော်ရဲ့ ခေါင်းကိုဖြတ်ပြီး ရင်ရှုံးကို ပေးတယ်တဲ့လား*
*ဒါ … ဒါ သေလမ်းရှာနေတာပဲ*
ရင်ရှုံး၏ မျက်လုံးများက ရဲရဲနီလာပြီး အမူအရာက ခက်ထန်လာ၏။ ထို့နောက် ယဲ့ဖန်အား ဓားဖြင့် အကြိမ်ပေါင်း များစွာ ခုတ်ဖြတ်ရန် မစောင့်နိုင်တော့ဟန်ဖြင့် စူးစိုက်ကြည့်လေသည်။
“ငါ့သားကို မင်း သတ်ခဲ့တယ်၊ အဲ့တော့ ထုံချန်မြို့ကိုရော … မင်း သုတ်သင်ခဲ့တာလား”
ရင်ရှုံး၏ စကားကြောင့် ဘေးပတ်လည်မှ လူများအားလုံး လိပ်ပြာလွင့်မတတ် တုန်လှုပ်သွားသည်။
ရင်ဝူသော်၏ ဒုတိယမျိုးဆက်မှ ဆက်ခံသူသာ ဖြစ်သည်။ သူသည် သန်မာသေးသူ မဟုတ်သဖြင့် အသတ်ခံ လိုက်ရသည်ကို လက်ခံနိုင်၏။
သို့သော် ထုံချန်မြို့၌ သိုင်းပညာရှင်များ ထောင်ချီ၍ ရှိသည်။ နတ်ဘုရင်အဆင့် လူတစ်ယောက်က ဘယ်လိုလုပ် လုပ်နိုင်မည်နည်း။ ထိုအခိုက်တွင် ဘေးပတ်လည်မှ လူများအားလုံး ရူးမတတ် ဖြစ်နေကြသည်။
“ဟေ့ကောင် ဝူမိသားစုရဲ့မဟာ အကြီးအကဲ သုံးယောက်ကို သတ်ခဲ့တာ ဘယ်သူလဲ၊ ငါ့ကို ပြောစမ်း”
“မင်း ပြောပြရင် ကောင်းကောင်းမွန်မွန် သေရမယ်၊ မပြောလို့ကတော့ သေတာကတောင် ပိုကောင်းဦးမယ်လို့ ခံစားမိအောင် လုပ်ပစ်မယ်”
ဝူယွင်ရှန်၏ မျက်နှာထားက မည်းမှောင်နေ၏။ တစ်ဖက်မှ ရေဘုရင် လန်ရီဖေး၊ ပိုင်ရီရှုံး၊ ထျန်းဟော် တာအိုသခင်နှင့် အခြားသူများအားလုံးက ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။
သူတို့စိတ်ထဲတွင် ယဲ့ဖန် သေရမည် ဖြစ်သလို ဟွမ်မိသားစုသည်လည်း သေဆုံးရမည်။ သူတို့အား မသတ်ခင်တွင် လူသတ်သမားက ဘယ်သူလဲ ဆိုသည်ကို သေချာအောင် မေးရပေမည်။
လက်ရှိအချိန်၌ တင်းမာခက်ထန်သော စကားသံများ ဆက်တိုက် ထွက်ပေါ်နေ၏။ အားလုံးက ရက်စက်ခက်ထန်၍ သတ်ဖြတ်ချင်သော အကြည့်များဖြင့် ယဲ့ဖန်ကို ကြည့်နေကြသည်။
ယဲ့ဖန်ကမူ ဒေါသထွက်နေသော လူအုပ်ကြီးအား ထီမထင်ဟန်ဖြင့် ပြုံး၍ ကြည့်နေသည်။
“မင်းတို့ ပြောချင်တာ ဒါလား”
ထိုသို့ပြောပြီး ယဲ့ဖန်က ဟင်းလင်းပြင် အိတ်တစ်အိတ်ကို ထုတ်ကာ ပုံချလိုက်သည်။ ထိုအခါ အိတ်အတွင်းမှ သွေးများ ကပ်နေသော နတ်ဘုရား အမြုတေများ ထွက်လာ၏။
ဆယ်လုံး၊ အလုံးတစ်ရာ၊ တစ်ထောင်၊ တစ်သောင်း။
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ နတ်ဘုရား အမြုတေများက တောင်ကုန်းသဖွယ် ပုံကျလာသည်။ ထိုအရာအားလုံးက သိုင်းပညာရှင် တစ်ယောက်ချင်းစီ၏ မသေဆုံးခင်က ဆိုးရွားသော အဖြစ်များကို မှတ်တမ်းယူ ထားသည့်ပုံပင်။
တုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါက သောင်းချီသော သိုင်းပညာရှင်များအား ပေါက်ကွဲသွားစေသည်။
“ဒီနတ်ဘုရားအမြုတေဆီက ထွက်နေတာက ငါ့မဟာအကြီးအကဲ သုံးယောက်ရဲ့ အရှိန်အဝါပဲ”
“ဒါက ငါ့လန်မိသားစုရဲ့ အရှိန်အဝါ”
“ပြီးတော့ ဒီအမြုတေက ငါ့မိသားစု အကြီးအကဲရဲ့ …”
“…”
ထိုအခိုက်တွင် သိုင်းပညာရှင်များသည် တောင်ကုန်းသဖွယ် ပုံနေသော နတ်ဘုရားအမြုတေများကို ကြည့်ပြီး တုန်ယင်နေကြသည်။ နတ်ဘုရား အမြုတေများအားလုံးသည် သေဆုံးသွားသော သူတို့၏ မျိုးနွယ်ဝင်များ ပိုင်ဆိုင်သော အမြုတေများ ဖြစ်နေ၏။
ထိုသို့သော သိုင်းပညာရှင်များ၏ အမြုတေများကို အတူတကွ စုပုံထားသည်ကို မြင်လိုက်ရသဖြင့် လူတိုင်း မယုံနိုင်ဖြစ်ကာ တုန်လှုပ်နေသည်။ ထို့အပြင် ယဲ့ဖန်ကို ကြည့်လာသော အားလုံး၏ အကြည့်က ပို၍ ရက်စက်လာ၏။
“ကောင်းတယ်၊ သိပ်တော်နေတဲ့ ပုရွက်ဆိတ်ကောင်ပေါ့လေ”
“ငါ့ရဲ့ ကြီးမြတ်တဲ့ မဟာအကြီးအကဲ သုံးယောက်က နတ်ဘုရင်အဆင့် ကောင်တစ်ကောင်ရဲ့ လက်ထဲမှာ သေသွားရတာကိုး၊ ဝမ်းနည်းစရာကောင်းတယ်၊ အဓိပ္ပာယ်မရှိလိုက်တာ”
ထိုသို့ပြောနေစဉ်တွင် ဝူယွင်ရှန်၏ မျက်လုံးများက ပို၍ ခက်ထန်လာသည်။
“ငါ ခုနက ပြောခဲ့တာကို ပြန်ရုတ်သိမ်းတယ်၊ နောက်ကွယ်ကလူကို မင်း ပြောပြော၊ မပြောပြော၊ ငါ မင်းကို မသေခင် ဆိုးရွားတဲ့ နည်းလမ်းတွေနဲ့ နှိပ်စက်ပြီး သတ်ပစ်မယ်”
ထိုသို့ပြောပြီး ဝူယွင်ရှန်က ယဲ့ဖန်ထံသို့ လှစ်ခနဲ ပြေးဝင်သွားပြီး သူ၏လက်အား သိမ်းငှက်လက်သည်းအသွင် ပြောင်းကာ ယဲ့ဖန်အား အားဖြင့် ဖမ်းဆွဲလေသည်။
သူသည်သာမက ရေဘုရင် လန်ရီဖေး၊ ပိုင်ရီရှုံး၊ ထျန်းဟော တာအိုသခင်နှင့် အခြားသော လောကသခင် အထွတ်အထိပ်အဆင့်များနှင့် သိုင်းပညာရှင်များအားလုံး ဒေါသထွက်ကာ ယဲ့ဖန်ထံ ပြေးဝင်လာသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် လောကသခင် အထွတ်အထိပ်အဆင့်များ ဦးဆောင်လာ လူအုပ်ကြီး၏ သတ်ဖြတ်လိုသော အရှိန်အဝါက ယဲ့ဖန်ကို လွှမ်းမိုးလာ၏။
Chapter 960 သူတို့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်
ဝုန်း! ဝုန်း! ဝုန်း!
လက်ရှိအချိန်တွင် လမ်းမထက်၌ လူသတ်ချင်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ လောကသခင် အထွတ်အထိပ်အဆင့် ဖြစ်သော ဝူယွင်ရှန်၊ ထျန်းဟော် တာအိုသခင်၊ ရေဘုရင် လန်ရီဖေးနှင့် ပိုင်ရီရှုံးတို့က ယဲ့ဖန်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသောအခါ လမ်းပေါ်မှ မြေဆီလွှာများ ချက်ချင်း အက်ကွဲလာသည်။
လောကသခင် အထွတ်အထိပ်အဆင့်သို့ ရောက်နေသော လူလေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှု၌ အခြားသူများသာဆိုလျင် ချက်ချင်း သေသွားလောက်သည်။
ဤမြင်ကွင်းကိုကြည့်ပြီး အနောက်မှ ရင်ရှုံးက စဉ်းလဲကောက်ကျစ်သော အကြည့်များဖြင့် ကြည့်၍ ရေရွတ်နေ၏။
“နတ်ဘုရင်အဆင့်လေး တစ်ယောက်က လောကသခင် အထွတ်အထိပ်အဆင့် လေးယောက်နဲ့ ရင်ဆိုင်ရတော့မယ်၊ မင်း ဘယ်လောက် မောက်မာဦးမလဲ ကြည့်ရသေးတာပေါ့”
ထိုလူလေးယောက်က ယဲ့ဖန်ကို ဖမ်းမိသွားသည်နှင့် ယဲ့ဖန်အား သေသည်ထက် ပိုဆိုးရွားသော ရက်စက် ကောက်ကျစ်သော နည်းလမ်းများ သုံး၍ နှိပ်စက်မည်ဟု သူ ဆုံးဖြတ်ထားသည်။
လောကသခင် အထွတ်အထိပ်အဆင့် လေးယောက်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသော်လည်း ယဲ့ဖန်က ခံစားချက်မဲ့စွာ ရပ်နေသည်ကို သိုင်းပညာရှင်များအားလုံး မြင်နေရသည်။ သူသည် နေရာ၌ ရပ်မြဲရပ်၍ ထီမထင်ဟန် ပြုံးနေ၏။ တိုက်ခိုက်ခံရမည့်လူက သူ မဟုတ်သလိုပင်။
ထိုအဖြစ်ကြောင့် ဘေးပတ်လည်မှ သိုင်းပညာရှင်များ ဆူညံပွက်လောရိုက်သွားသည်။ ယဲ့ဖန်သည် အလွန့်ကို ကိုယ့်သေတွင်း ကိုယ်တူးနေသူသာ ဖြစ်သည်။
အပြုအမူက ထောင်လွှားရုံသာမက လောကသခင် အထွတ်အထိပ်အဆင့် လေးယောက်ကိုပါ အထင်သေးဟန် ပြုမူနေ၏။
ယဲ့ဖန်၏ အပြုအမူကိုမြင်ပြီး လောကသခင် အထွတ်အထိပ်အဆင့် လေးယောက်လုံး ပို၍ ဒေါသထွက်သွားသည်။
“ငါ မင်းပါးစပ်ကို ဆွဲဖြဲပစ်မယ်”
ဝူယွင်ရှန်က အော်ပြောလိုက်ပြီး လက်တစ်ဖက်ဖြင့် ယဲ့ဖန်၏ ပါးစပ်ကို ဆွဲစုတ်ရန် ပြင်လာသည်။
“သူ့လက်က ငါ့အပိုင်ပဲ”
ရေဘုရင် လန်ရီဖေးက လေသံမာမာဖြင့် အော်ပြောလေသည်။ ပိုင်ရီရှုံးနှင့် ထျန်းဟော် တာအိုသခင်တို့သည်လည်း နောက်ကောက်ကျ မနေချင်ကြပေ။ ထို့ကြောင့် ယဲ့ဖန်၏ ခြေထောက်တစ်ဖက်ဆီကို ဆွဲဖြုတ်ရန် ပြင်လေသည်။ ယဲ့ဖန်၏ ပခုံးပေါ်သို့ လက်တစ်ဖက် ကျရောက်လာ၏။
လေးယောက်လုံးက ယဲ့ဖန်၏ ကိုယ်လက်အင်္ဂါများကို ပစ်မှတ်ထား တိုက်ခိုက်နေသည်။ ဤသည်ကိုမြင်ပြီး ယဲ့ဖန်က ကျောချမ်းဖွယ်ကောင်းလှအောင် ပြုံးလေသည်။
“သူတို့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်”
ထိုသို့ပြောသော်လည်း ယဲ့ဖန်က ခံစားချက်မဲ့စွာ ရပ်မြဲရပ်နေဆဲပင်။ ထို့ကြောင့် အားလုံးက ယဲ့ဖန်ကို အရူးဟု ပိုမို၍ သတ်မှတ်လာသည်။ ရင်ရှုံးက အထင်သေး ပျက်ရယ်ပြု၍ ကြည့်နေ၏။
သို့ရာတွင် ယဲ့ဖန်၏ စကားအဆုံးတွင် လူရိပ်တစ်ခုက ယဲ့ဖန်ရှေ့သို့ ချက်ချင်း ရောက်လာသည်။ ထိုလူရိပ်သည် အရိပ်ကဲ့သို့ လျင်မြန်လွန်းလှပြီး သူ ပေါ်လာသည်နှင့် လူလေးယောက်လုံး အေးစိမ့်သွားသည်။
“မကောင်းတော့ဘူး”
လေးယောက်လုံး၏ စိတ်ထဲ၌ မရဏ အငွေ့အသက်သို့ ဖုံးလွှမ်းလာသည်။ ယခု အသစ်ပေါ်လာသောလူသည် ကြောက်စရာကောင်းသော သားရဲတစ်ကောင်နှင့် တူနေပြီး အားလုံး ကြက်သီးထသွားကြသည်။
သူတို့ တွေဝေမနေဘဲ ဆက်တိုက် နောက်ဆုတ်လိုက်သည်။ ထိုစဉ် ဝူယွင်ရှန်သည် လက်တစ်ဖက်က သူ့ပါးစပ်ကို ဖမ်းချုပ်လာပြီး ဆွဲစုတ်လာသည်ကို ခံစားလိုက်ရသည်။
ထိုလက်ဝါးကြောင့် ဝူယွင်ရှန်၏ ပါးစပ်သည် စက္ကူစသဖွယ် ပြုတ်ထွက်သွားသည်။
“အား…”
ဝူယွင်ရှန် တုန်လှုပ်သွားပြီး ပို၍လျင်မြန်စွာ ဆုတ်ခွာလိုက်မိသည်။ သို့သော် ထိုမျှနှင့် မပြီးသေးချေ။ ထိုလက်ပိုင်ရှင်က သူ့ပါးစပ်ကို ဆုတ်ဖြဲပြီးသည်နှင့် ရေဘုရင်ထံသို့ ဦးတည်သွားလေသည်။ ထိုအဖြစ်ကြောင့် ဝူယွင်ရှန် တုန်လှုပ်သွားသည်။
“ရေဘုရင် သတိထား”
ဝူယွင်ရှန်က ရေဘုရင် လန်ရီဖေးကို အသည်းအသန် သတိပေးလိုက်သည်။ သူ့စကားအဆုံး၌ လက်တစ်ဖက်က ရေဘုရင်၏ လက်မောင်းကို ဖမ်းချုပ်လာပြီး အားဖြင့် ဆွဲဖြုတ်လေသည်။
ရေဘုရင် လန်ရီဖေး၏ လက်မောင်းနှစ်ဖက်သည် သစ်ကိုင်းခြောက်သဖွယ် ပခုံးမှ ပြုတ်ထွက်သွားပြီး သွေးများ ပန်းထွက်လာသည်။
ရေဘုရင်၏ အော်ဟစ်သံ ထွက်လာချိန်တွင် ထိုလူရိပ်က လှစ်ခနဲ ပျောက်ကွယ်သွားပြီး ပိုင်ရီရှုံး၏ ပခုံးကို လက်သီးဖြင့် ထိုးနှက်သွားသည်။
ဂျွတ်!
ပိုင်ရီရှုံး မည်သို့မျှ မတုံ့ပြန်လိုက်ရဘဲ ပခုံးအား မိုးကြိုးပစ်ချလိုက်သည်ဟု ခံစားမိသွားလေသည်။ ထို့နောက် လူတစ်ကိုယ်လုံး ကြိုးပြတ်သွားသော စွန်သဖွယ် လွင့်ထွက်သွားရသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လောကသခင် အထွတ်အထိပ်အဆင့် သုံးယောက် အပြင်းအထန် ဒဏ်ရာရ သွားကြသည်။ ဤအဖြစ်က ထျန်းဟော် တာအိုသခင်အား ကြက်သီးမွေးညင်း ထသွားစေသည်။
“သေစမ်း”
ထျန်းဟော် တာအိုသခင်သည် သေမတတ် ခြောက်ခြားသွားပြီး နောက်ပြန်ဆုတ်၍ အနောက်မှ လူအုပ်ထဲသို့ ပြန်ရှောင်တိမ်းရန် ပြင်လိုက်သည်။ သို့သော် သူ စလှုပ်ရှားလိုက်သည်နှင့် လက်တစ်ဖက်က သူ၏ခြေနှစ်ဖက်ကို ဖမ်းချုပ်လာပြီး ဆွဲဖြုတ်လေတော့သည်။ ထျန်းဟောင် တာအိုသခင်ထံမှ အရိုးကျိုးသံက ရှင်းလင်းကျယ်လောင်စွာ ထွက်ပေါ်လာ၏။
“အား … ငါ့ခြေထောက်”
ထျန်းဟောင်သခင်သည် မြေကြီးပေါ် လဲကျသွားပြီး ပြတ်သွားသော ခြေထောက်တစ်ဖက်ကို ဖိထားမိသည်။ ထိုအခိုက်တွင် သိုင်းပညာရှင်များအားလုံး မှင်တက်နေကြသည်။
သူတို့ သေချာပြန်ကြည့်မိသောအခါ အရှေ့၌ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်က ပိန်ပါး၍ အမူအရာက အေးစက်လှသည်။
သူ၏ ဘယ်လက်က လက်ပြတ်တစ်ခုကို ကိုင်ထားပြီး ညာလက်က ခြေပြတ်တစ်ခုကို ကိုင်ထားသည်။ သူ၏ လက်ချောင်းများထိပ်တွင် သွေးစများနှင့် အသားစများ ကပ်နေသေးသည်။
ခြေပြတ်၊ လက်ပြတ်မှနေ၍ သွေးများ တတောက်တောက် စီးကျနေ၏။ ထိုအသံက တိုးညှင်းသော်လည်း သိုင်းပညာရှင်များ၏ နားထဲတွင် မိုးခြိမ်းသံသကဲ့သို့ ကျယ်လောင်လှပြီး ခြောက်ခြားနေကြသည်။
“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”
ဝူယွင်ရှန်၊ ရေဘုရင် လန်ရီဖေး၊ ပိုင်ရီရှုံးနှင့် ထျန်းဟော် တာအိုသခင်သာမက ရင်ရှုံးနှင့် သိုင်းပညာရှင်များအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြလေသည်။
သူတို့သည် ယဲ့ဖန်နှင့် ထိုကောင်လေးအား မိစ္ဆာကို ကြည့်သကဲ့သို့ ကြည့်နေမိသည်။ ရုတ်တရက် ပေါ်လာသော ကောင်လေးက အလွန် ရက်စက်လှမည်ဟု သူတို့ ထင်မထားမိချေ။
အသက်တစ်ကြိမ်ရှူရုံမျှ အချိန်အတွင်း လောကသခင် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်လေးယောက်လုံး ဒဏ်ရာ အပြင်းအထန် ရသွားကြသည်။
အားလုံး သတိပြန်ဝင်လာပြီးနောက် အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။ သိုင်းပညာရှင်များ၏ မျက်နှာ၌ ကြောက်လန့်ဟန်များ ဖုံးလွှမ်းနေပြီး ထိုကောင်လေးအား သေမင်းတမန်ကို ကြည့်သကဲ့သို့ ကြည့်နေမိသည်။
“ရှောင်ချီရှို့”
“သူက ထုံချန်မြို့က စစ်ကျွန် ရှောင်ချီရှို့ပဲ”
သိုင်းပညာရှင်တစ်ယောက်က ကြောက်လန့်တကြား ထအော်လေသည်။ သူ၏အော်သံကြောင့် ဝူယွင်ရှန်နှင့် အခြားသူများအားလုံး ထိတ်လန့်ကာ မယုံသင်္ကာ ဖြစ်သွားကြသည်။
“ရှောင်ချီရှို့လား၊ သူ … သူက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ”
သူတို့ ရှောင်ချီရှို့၏ သတင်းကို ကြားဖူးပါသည်။ ထုံချန်မြို့မှ သိုင်းပညာရှင်များအားလုံး ထွက်လာပြီး ဤစစ်ကျွန်ကို ဖမ်းခဲ့ရသည်။ လောကသခင် စဦးအဆင့် သိုင်းပညာရှင်သုံးယောက် သေဆုံးပြီးသွားမှသာ သူ့အား ဖမ်းမိသွား ခဲ့သည်။
ယခုအခါတွင် သူက ရက်အနည်းငယ်လေးနှင့် လောကသခင် အထွတ်အထိပ်အဆင့် လေးယောက်ကို ထိခိုက်အောင် လုပ်နိုင်နေ၏။
“အန္တိမအဆင့် တိုက်ပွဲဝင်ခွန်အား၊ ချီးပဲ … ဒီစစ်ကျွန်က တိုက်ပွဲဝင်ခွန်အား အန္တိမအဆင့် ရှိနေတာပဲ”
သိုင်းပညာရှင်များအားလုံးသည် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ အသည်းအသန် နောက်ဆုတ်ကြသည်။ သူတို့စိတ်ထဲတွင် ရှောင်ချီရှိ့အား ကျားတစ်ကောင်၊ ဝံပုလွေတစ်ကောင်သဖွယ် မြင်ယောင်နေပြီး ရှောင်တိမ်းချင် နေကြသည်။
ထိုအချိန်တွင် ရှောင်ချီရှို့က ထိုသိုင်းပညာရှင် အယောက်တစ်သောင်း၏ ထိတ်လန့် နေဟန်ကို အရေးမလုပ်ပေ။ သူက လက်ထဲမှ ခြေပြတ်၊ လက်ပြတ်ကို ပစ်ချ၍ ယဲ့ဖန်ဘက် လှည့်ကာ အရိုအသေ ပေးလိုက်သည်။
“ဆရာ့ကို အရိုအသေ ပေးပါတယ်”
“ဒီတပည့် သူတို့ဆန္ဒကို ဖြည့်ဆည်းပြီးပါပြီ”
စာစဉ် (၆၄) ဤတွင် ပြီးပါပြီ။