အခန်း (၉၆၄-၉၆၆)
Vol. 65 Ch. 964-966
Chapter 964 အားလုံး အသတ်ခံလိုက်ရလေပြီ
လက်ရှိအချိန်၌ ထောင်သောင်းချီသော သိုင်းပညာရှင်များက ယဲ့ဖန်ရှေ့၌ ဒူးထောက်နေသည်ကို မြင်ပြီး ရင်ရှုံး၊ ဝူယွင်ရှန်နှင့် ရွှမ်ကျိုးမှ ထောင်ချီသော သိုင်းပညာရှင်များအားလုံး မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားလေသည်။
ထောင်သောင်းချီသော သိုင်းပညာရှင်များ ပြိုင်တူ ဂါဝရပြုနေသည့် မြင်ကွင်းက မယုံနိုင်စရာ ကောင်းလှသည်။
“တပေါ်အရှင်သခင် … တပေါ်အရှင်သခင်၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ရင်ရှုံး၏နဖူးမှ ချွေးစေးများ စီးကျလာသည်။ သူသည် ယဲ့ဖန်အား မိစ္ဆာတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။ သူ မြင်နေရသည့်အရာကို လက်မခံနိုင် ဖြစ်နေလေသည်။ ဘေးနားမှ ဝူယွင်ရှန်ဆိုလျင် မြေကြီးပေါ် ဖင်ထိုင်လျက် လဲကျသွားပြီး မျက်နှာ ပြာနှမ်းနေ၏။
သူသည် ယဲ့ဖန်၏ လက်ထဲမှ ရွှေရောင်ဓားကို လှမ်းကြည့်လိုက်ပြီးနောက် ဓားရိုးမှ ကောင်းကင်ဘုံဟူသော စကားလုံးကိုမြင်ပြီး တုန်လှုပ်သွားသည်။
“ဒါတွေက အမှန်ပဲလား၊ နတ်ဓား၊ တပေါ်အရှင်သခင်ဆိုတာတွေလေ”
“ငါ … ငါ ဘာတွေ လုပ်ခဲ့တာပါလိမ့်”
ဝူယွင်ရှန် စိတ်ထဲ၌ နောင်တရလာသည်။ ရှေးဟောင်း စိတ်ဝိညာဉ် သုံးဆယ့်တစ်ခုနှင့် ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုအား ဤသို့ ဂါဝရပြုလာအောင် လုပ်နိုင်သူဟူ၍ တပေါ်အရှင်သခင်မှတစ်ပါး အခြား မည်သူ ရှိနိုင်ဦး မည်နည်း။
မိမိက မျိုးနွယ်စုကို ဦးဆောင်၍ တပေါ်အရှင်သခင်အား သတ်ချင်ခဲ့သည်ကို ပြန်တွေးမိပြီး ဝူယွင်ရှန် မျက်လုံးပြူး သွားသည်။ လူတိုင်း ထိတ်လန့်၍ မယုံသင်္ကာ ဖြစ်နေချိန်တွင် ယဲ့ဖန်က အသာပြုံး၍ ပြောလိုက်သည်။
“ထပါ၊ ပင်ပန်းသွားခဲ့ပြီပဲ”
ထိုရှေးဟောင်း စိတ်ဝိညာဉ်များနှင့် ရှေးဟောင်းမျိုးနွယ်များသည် မိုင်ပေါင်းထောင်ချီသော ကွာဝေးသော ခရီးအား အပြေးနှင်၍ ဤသို့ အရောက်လာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ရောက်လာခြင်းမှာလည်း သူ့အတွက်သာ ဖြစ်သည်။ ဤသည်က ယဲ့ဖန်အား အလွန် ကြည်နူးသွားစေသည်။
သူ့စကားအဆုံး၌ ရှေးဟောင်း စိတ်ဝိညာဉ်များနှင့် ထောင်သောင်းချီသော သိုင်းပညာရှင်များအားလုံး ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လာသည်။ ထို့နောက် အားလုံးက ရင်ရှုံးအား အေးစက်စက်အကြည့်များဖြင့် လှည့်ကြည့်လေသည်။
“ခုနတုန်းက ဘယ်သူက ဘယ်သူ့ထက် လူပိုများတယ်လို့ မင်း ပြောလိုက်တာလဲ”
ဘုရင်မကျစ်ဝေ့သည် အလွန် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါဖြင့် ရင်ရှုံးအား စူးစိုက်ကြည့်၍ မေးလိုက်သည်။
“အခု ဘယ်သူ့မှာ လူပိုများလဲ ငါ့ကို ပြောစမ်း”
ထိုစကားက ရင်ရှုံး ပို၍ တုန်လှုပ်သွားကာ မျက်နှာ ပျက်ယွင်းသွားရသည်။ ထိုအခိုက်တွင် သူသည် အံကျိတ်၍ လက်သီးနှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေး၍ ပြန်ပြောလိုက်သည်။
“ဘုရင်မကျစ်ဝေ့၊ ခင်ဗျား ဒီလူနဲ့ ဘယ်လိုပတ်သတ်နေလဲ ကျုပ် မသိပါဘူး၊ ဒါပေမဲ့ သူက တပေါ်အရှင်သခင် ဆိုတာကိုတော့ ကျုပ် လုံးဝ မယုံဘူး”
ထိုသို့ပြောနေချိန်တွင် ရင်ရှုံးက လေးနက်သော အကြည့်ဖြင့် တစ်ချက်လှမ်းကြည့်၍ ဆက်ပြောလေသည်။
“တပေါ်အရှင်သခင်က မဟာနတ္ထိ ရှေးဧကရာဇ်ကို ခေါ်ပြီး အခြားလောကတစ်ခုကို တက်သွားခဲ့ပြီးသားပါ၊ သူက ဘယ်လိုလုပ် နတ်ဘုရင်အဆင့်ကောင်လေးတစ်ယောက် ဖြစ်နေမှာလဲ”
“ပြီးတော့ ဒီကိစ္စကို စီနီယာတို့ ဝင်မနှောင့်ယှက်ဘူးလို့ ကျုပ် မျှော်လင့်ပါတယ်”
“ကျုပ်တို့ သိုင်းပညာရှင် အယောက်တစ်သောင်းသာ ဒီလူကို သတ်ခွင့်ရမယ်ဆိုရင် ကျုပ် ရင်ရှုံးက ရင်မိသားစုတစ်ခုလုံးရဲ့ လုပ်ငန်းပိုင်ဆိုင်မှုတွေကို ပေးပါ့မယ်”
*ရင်မိသားစုရဲ့ လုပ်ငန်းပိုင်ဆိုင်မှုတွေကို လွှဲပေးမယ်တဲ့လား*
ထိုစကားကြောင့် အားလုံး ထိတ်လန့်သွားသည်။ ရင်မိသားစုသည် အလွန်အမင်း ကြွယ်ဝချမ်းသာပြီး သူတို့၏ လုပ်ငန်းများက ရွှမ်ကျိုးနေရာအနှံ့အပြား၌ တည်ရှိလေသည်။ ပိုင်ဆိုင်မှု များပြားသလို ရန်သူလည်း များပြားပေ၏။
ယဲ့ဖန်ကို သတ်ရန်အတွက်နှင့် ရင်ရှုံးက ဤမျှတန်ဖိုးမြင့်မြင့်မားမား ပေးဆပ်လိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။
သူသည်သာမက ဘေးနားမှ ဝူယွင်ရှန်သည်လည်း မျက်ခုံးတလှုပ်လှုပ်ဖြင့် ပြန်မတ်တပ်ရပ်၍ ဘုရင်မကျစ်ဝေ့ကို ဝင်ပြောလာသည်။
“ဒီကိစ္စကို စီနီယာတို့ ဝင်မပါသရွေ့ ဒီလူကို သတ်ပြီးတာနဲ့ ကျုပ် ဝူယွင်ရှန်လည်း ဝူမိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို ပေးပါ့မယ်”
ယဲ့ဖန်က တပေါ် အရှင်သခင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူနှင့် အခြားသူများ၏ ရန်ငြှိုးက ရှိထားပြီးသား ဖြစ်သည်။ လက်ရှိအခြေအနေ၌ ယဲ့ဖန်သာ ဆက်လက်၍ အသက်ရှင်နေပါက ဝူမိသားစု ပျက်စီး သွားရလိမ့်မည်။ ယဲ့ဖန် သေပါမှ ဝူမိသားစု အသက်ရှင်ပေမည်။
ရှေးဟောင်းမိသားစုများ ဝင်ပါလာခြင်းအား တားဆီးနိုင်ရန် သူ ဘာမဆို သုံးစွဲပစ်မည်ဖြစ်သည်။ ဤနည်းတစ်ခု တည်းကသာ သူနှင့် အခြားသူများ ယဲ့ဖန်ကို သတ်ပစ်နိုင်ပေမည်။
ရင်မိသားစုသာမက ဝူမိသားစုကပါ ထိုသို့ပြောလာသဖြင့် လူတိုင်း ထိတ်လန့်သွားလေသည်။ မိသားစုကြီးနှစ်ခုက ယဲ့ဖန်ကို သတ်ရန် ရူးမတတ် ဖြစ်နေလိမ့်မည်ဟု လူတိုင်း ထင်မထားမိချေ။ ထိုမျှနှင့် မပြီးသေးပေ။ နောက်ထပ် မိသားစုကြီးတစ်ခု၏ ခေါင်းဆောင်တစ်ယောက်ကလည်း ရှေ့တိုး၍ လက်သီးနှစ်ဖက်ကို ဆုပ်ကာ အရိုအသေ ပေးပြီး ပြောလာသည်။
“ဟွိုက်ချန်က ကျုပ်ရဲ့ ကျန်းမိသားစုကလည်း ကျုပ်တို့ လုပ်ငန်းအားလုံးကို လွှဲပေးချင်စိတ် ရှိပါတယ်”
“ကျုပ်တို့ ရွှယ်မိသားစုကလည်း ဒီခွေးကောင်ကိုသာ သတ်ရမယ်ဆိုရင် ကျုပ်တို့စီးပွားရေး လုပ်ငန်းတွေကို လက်လွှဲ ပေးပါ့မယ်”
“…”
လက်ရှိအချိန်၌ အားလုံး၏ အကြည့်အောက်မှာပင် ရွှမ်ကျိုးမှ မိသားစုကြီးများ၏ မိသားစုခေါင်းဆောင်များက ရှေ့တိုး၍ ရှေးဟောင်း စိတ်ဝိညာဉ်များနှင့် ရှေးဟောင်း မိသားစုကြီးများကို ဆက်တိုက် ပြောနေကြလေသည်။
တစ်ခဏအတွင်းမှာပင် အားလုံး ပြော၍ ပြီးသွားလေသည်။ ရှေးဟောင်း စိတ်ဝိညာဉ်များနှင့် ရှေးဟောင်း မိသားစုများသာ ဝင်မပါက ရွှမ်ကျိုးတစ်ခုလုံးက သူတို့အပိုင် ဖြစ်လာပေမည်။
မြို့ဆယ့်ရှစ်မြို့မှ မိသားစုကြီးများ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာသော လုပ်ငန်းများ ဖြစ်သောကြောင့် စည်းစိမ်က ကြွယ်ဝလောက်သည်။ ဤသို့သော စည်းစိမ်ချမ်းသာမျိုးက အန္တိမအဆင့် သိုင်းပညာရှင်ကိုပင် တုန်လှုပ်သွား စေလောက်သည်။
ထိုအခါ ဘုရင်မကျစ်ဝေ့က အသာပြုံးလာ၏။
“နင်တို့ ရွှမ်ကျိုးက လုပ်ငန်းအားလုံးကို ပေးချင်တာ သေချာလား”
ဘုရင်မကျစ်ဝေ့၏ အမေးကြောင့် သူမ လက်ခံလိုက်ပြီဟု ရင်ရှုံး ထင်သွားပြီး ဝမ်းသာအားရ ပြန်ပြောလိုက်သည်။
“ဟုတ်ပါတယ် ဘုရင်မကျစ်ဝေ့၊ လူကြီးမင်းတို့အားလုံးသာ ဝင်မပါဘဲ ကျုပ်တို့ကို ဒီနတ်ဘုရင်အဆင့်ကောင်ကို သတ်ခွင့်ပေးမယ်ဆိုရင် ရွှမ်ကျိုးတစ်ခုလုံးက ခင်ဗျားတို့ အပိုင်ပါပဲ”
“ကျုပ်တို့မှာ မရေတွက်နိုင်တဲ့ ကမ္ဘာဦး ယန်ကျောက်တုံးနဲ့ အရင်းအမြစ်တွေ ရှိပါတယ်၊ အဲ့အခါကျရင် လူကြီးမင်းတို့ ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းနိုင်ပြီး အရင်ဘဝက ဂုဏ်သိက္ခာကို ပြန်ဖန်တီးနိုင်တော့မှာပါ၊ ဒါတွေ အားလုံးက လက်တစ်ကမ်းအကွာမှာတင် ရှိနေတာပါ”
ရင်ရှုံးက မက်လောက်စရာ လောဘများ ပေး၍ ပြောလေသည်။ လူတစ်ယောက်က မည်မျှ သန်မာနေပါစေ များစွာသော ဖြားယောင်းမှုတို့နှင့် ရင်ဆိုင်ရလျင် တောင့်ခံရန် ခက်ခဲသည်ဟု သူ ယုံကြည်ထားသည်။
ထိုအချိန်တွင် ဘုရင်မကျစ်ဝေ့ ဆက်ပြောလာသည့် စကားက သူ့အပြုံးအား ချက်ချင်း ပျက်ယွင်းသွားစေသည်။
“နင် မှားနေပြီ၊ ငါတို့ လိုချင်တာ ရွှမ်ကျိုး မဟုတ်ဘူး ယင်ယန်လောကတစ်ခုလုံးကို”
*ဘာ*
*ယင်ယန်လောကတစ်ခုလုံးတဲ့လား*
ရင်ရှုံး၊ ဝူယွင်ရှန်နှင့် အခြားသူများအားလုံး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်။ ထိုစဉ် ဘုရင်မကျစ်ဝေ့က ယဲ့ဖန်အား ရိုသေလေးစားသော အမူအရာဖြင့် လှမ်းကြည့်လေသည်။
“ပြီးတော့ သူတစ်ယောက်တည်းကသာ ငါတို့ဦးဆောင်ပြီး ယင်ယန်လောကတစ်ခုလုံးကို သိမ်းပိုက်နိုင်တဲ့ အရည်အချင်း ရှိတာ”
ရင်ရှုံး၊ ဝူယွင်ရှန်နှင့် ရွှမ်ကျိုးမှ ထောင်ချီသော သိုင်းပညာရှင်များသည် ဘုရင်မကျစ်ဝေ့ ရူးနေပြီဟု ထင်မှတ် သွားသည်။
ယင်ယန်လောကတစ်ခုလုံးကို စိုးမိုးချင်လျင် လူသားအရှင်သခင်ကို အနိုင်ယူနိုင်မှ ဖြစ်မည်။ နတ်ဘုရင်အဆင့် သိုင်းပညာရှင်လေးတစ်ယောက်ကို အားကိုးနေခြင်းသည် စိတ်ကူးယဉ်မှုသာ ဖြစ်လေသည်။
သူတို့အားလုံး အံ့ဩသင့်နေစဉ်တွင် ဘုရင်မကျစ်ဝေ့က ယဲ့ဖန်ကို အရိုအသေပေး၍ ပြောလာသည်။
“အရှင်၊ ဒီလူတွေကို ဘယ်လို ရှင်းလိုက်ရမလဲ”
ရှင်းမည်ဟူသော စကားက အလွန် ရက်စက်သွေးဆာလွန်းလှပြီး ရွှမ်ကျိုးမှ သိုင်းပညာရှင်များအားလုံး ခိုက်ခိုက်တုန်သွားသည်။ ထိုအခါ ယဲ့ဖန်က အသာပြုံး၍ ပြောလိုက်သည်။
“လောကသခင် သုံးဆယ့်နှစ်ယောက်ကို ချန်ထားပြီး ကျန်တဲ့လူအားလုံးကို … သတ်ပစ်လိုက်”
ယဲ့ဖန်၏စကားကြောင့် ရွှမ်ကျိုးမှ သိုင်းပညာရှင်များအားလုံး ထိတ်လန့်သွားလေသည်။
*အားလုံးကို သတ်ပစ်လိုက်တဲ့လား*
ယဲ့ဖန်၏လေသံက ကြက်ကလေး၊ ငှက်ကလေးအား သတ်ရန် ပြောနေသကဲ့သို့ လွတ်လပ်အေးဆေးနေ၏။ သူ့စကားအဆုံး၌ ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခုလုံးက ချက်ချင်း လှုပ်ရှားလာသည်။ တစ်ယောက်ချင်းစီက လျင်မြန်စွာလှုပ်ရှား၍ ရွှမ်ကျိုးမှ သိုင်းပညာရှင်များကို သတ်ဖြတ်လေသည်။
“သတ်”
ထိုသို့သောအချိန်၌ ထိုနေရာတစ်ဝိုက်တွင် သွေးပင်လယ် ဝေနေ၏။ ထောင်သောင်းချီသော ရှေးဟောင်း မိသားစုဝင်များသည် ရွှမ်ကျိုးမှ သိုင်းပညာရှင်များကို ဖိနှိပ်လာပြီး တစ်ယောက်ပြီး တစ်ယောက် အသတ်ခံ လိုက်ရသည်။ အော်သံများက ပဲ့တင်ထပ်၍ ပျံ့နှံ့နေသည်။
“မလုပ်နဲ့”
လက်သီးဖြင့် ထိုးနှက်ရန် ပြင်လာသည့် သိုင်းပညာရှင်တစ်ယောက်သည် ဓားတစ်လက်ဖြင့် ခုတ်ပိုင်းခြင်း ခံလိုက်ရသဖြင့် ခန္ဓာကိုယ် နှစ်ခြမ်းကွဲသွားလေသည်။
သုံးဆယ့်နှစ်ယောက်သော လောကသခင်အဆင့် သိုင်းပညာရှင်များသည် ရွှမ်ကျိုးမှ သိုင်းပညာရှင်များ အတုံးအရုံး သေဆုံးနေကြသည်ကို မြင်နေရသည်။
လူဆယ်ယောက်၊ အယောက်တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း။ ထိုအခိုက်တွင် ရွှမ်ကျိုးမှ သိုင်းပညာရှင် များသည် ယဲ့ဖန်၏ စကားတစ်ခွန်းကြောင့်နှင့် ဆိုးရွားသော အိပ်မက်ဆိုးတစ်ခုအား ရင်ဆိုင်လိုက်ရလေသည်။
Chapter 965 အန္တိမအဆင့် သိုင်းပညာရှင်များ မွေးဖွားလာပြီ
“အား….”
လက်ရှိအချိန်တွင် ရင်ဟွမ်မြို့၏ အပြင်ဘက်လမ်းမထက်၌ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေ၏။ ယင်ယန်လောကတစ်ခုလုံးကို လှုပ်ခါစေတော့မည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း စတင်နေသည်။
လမ်း၏ အရပ်မျက်နှာအနှံ့၌ အလောင်းများဖြင့် ပြည့်နှက်နေသည်။ ထိုအလောင်းများ၏ မျက်နှာတွင် ကြောက်လန့်၍ ကြံရာမရ ဖြစ်နေဟန်များ စွန်းထင်းနေသည်။ သူတို့ သေဆုံးချိန်အထိ ရန်စမိလိုက်သည့်လူက ကြောက်စရာကောင်းသော မိစ္ဆာဖြစ်နေလိမ့်မည်ဟု မယုံနိုင်သည့်ပုံပင်။
သွေးစက်များကြောင့် မြေကြီးပင် ရဲရဲနီလာသည်။ ကိုယ်လက်အင်္ဂါ အပိုင်းအစများက ဟိုဟိုဒီဒီ ပျံ့ကြဲနေ၏။ သွေးပျက်ဖွယ်ကောင်းသော မြင်ကွင်းကိုကြည့်ပြီး ရင်ရှုံး၊ ဝူယွင်ရှန်နှင့် အခြားသူများ မျက်နှာ ဖြူရော်သွားသည်။
“သေပြီ၊ အားလုံး သေသွားပြီ”
“ငါ့ရွှမ်ကျိုးက မိသားစုတွေ၊ ငါတို့ ဒီလိုတိုက်ပွဲမျိုး တစ်ခါမှ မကြုံဖူးဘူး”
ဝူယွင်ရှန် အလွန်အမင်း နောင်တရနေ၏။ ဤသို့သော အဆုံးသတ်နှင့် ကြုံတွေ့ရမည်ကို သူ ကြိုသိခဲ့ပါက သူ မိစ္ဆာကောင် ယဲ့ဖန်အား ရန်စမိမည် မဟုတ်ပါ။ သို့ရာတွင် ယခုအခါတွင်တော့ … သူတို့လူများအားလုံး အလောင်းများ ဖြစ်သွားလေပြီ။
လူဦးရေ တစ်သောင်းရှိခဲ့ရာမှ လောကသခင်အဆင့် သုံးဆယ့်နှစ်ယောက်မှလွဲ၍ ကျန်လူများအားလုံး အသတ်ခံ လိုက်ရလေသည်။
“ဘာလို့လဲ၊ မင်း ဘာလို့ ငါ့ကို မသတ်တာလဲ”
ရင်ရှုံးက ဝမ်းနည်းသော အမူအရာဖြင့် ယဲ့ဖန်ကို လှမ်းကြည့်၍ ဟစ်အော်လေသည်။ သူ၏ မျိုးနွယ်ဝင်များ အသတ်ခံနေရသည်ကို ကြည့်နေရခြင်းက ရင်ရှုံးအား ရူးမတတ် ဖြစ်သွားစေသည်။ ဤသည်က သူကိုယ်တိုင် အသတ်ခံလိုက်ရသည့် ခံစားချက်ထက် ပို၍ ခံရခက်လှသည်။
ကျန်သော လောကသခင်အဆင့်များမှာမူ ငြိမ်နေပြီး ယဲ့ဖန်အား သွေးဆာနေသော မိစ္ဆာတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။
“မင်းကို သတ်ဖို့ ဟုတ်လား”
ယဲ့ဖန်က ခေါင်းခါပြလိုက်သည်။
“စိတ်ရှည်စမ်းပါ”
ထိုသို့ပြောပြီး သူက လက်တစ်ဖက်ကို လှုပ်လိုက်သည်။ ထိုအခါ သူ၏ခန္ဓာကိုယ်ထဲမှ နတ်ဆိုးချီမျှင်စုများ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်သို့ လွှမ်းမိုးသွားသည်။
နတ်ဆိုးချီမျှင်စုတိုင်းက နတ်ဆိုးနဂါးပေါက်အသွင် ပြောင်းသွားပြီး အလောင်းများကို ဝါးမျိုလေသည်။ ရင်ရှုံးနှင့် အခြားသူများ၏ ခြောက်ခြားနေသော အကြည့်အောက်မှာပင် အလောင်းတစ်ခုက ချက်ချင်း အက်ရာထင်လာပြီး ပြာကျသွားလေ၏။
ထို့အပြင် နတ်ဆိုးချီမျှင်စုများဖြင့် ဖွဲ့စည်းထားသော နဂါးပေါက်များက နတ်ဘုရား အမြုတေများကို ယဲ့ဖန်ထံ ပြန်အပ်လာသည်။
နဂါးပေါက်များက နတ်ဘုရား အမြုတေများကို ပစ်ချလာသဖြင့် တောင်သဖွယ် ပုံလာသည်။ အမြုတေများကို ဆက်တိုက် ပစ်ချလာသဖြင့် ထုထည်ကလည်း တဖြည်းဖြည်း မြင့်မားလာ၏။
အခုတစ်ရာ၊ တစ်ထောင်၊ တစ်သောင်း။
မျက်စိရှေ့မှ ထိတ်လန့်ဖွယ်မြင်ကွင်းကြောင့် ရင်ရှုံးနှင့် အခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။ ထိုအမြုတေများသည် သူတို့လူများ၏ နတ်ဘုရား အမြုတေများ ဖြစ်သည်။
ယခု ထိုအမြုတေများကို တောင်သဖွယ် ပုံထားသဖြင့် အားလုံး မယုံကြည်နိုင် ဖြစ်နေကြသည်။
“သေမင်းနတ်ဆိုးဆုဒြာ၊ နတ်ဓား”
“သူက တကယ်ပဲ တပေါ် အရှင်သခင်လား”
ယခင်က ရင်ရှုံး မယုံနိုင်ခဲ့သော်လည်း ယခု သူ ယုံမှဖြစ်ပေတော့မည်။ ကျန်သော လောကသခင် အဆင့်များသည်လည်း ထိတ်လန့်ဖွယ်မြင်ကွင်းများ ဆက်တိုက် မြင်နေရသဖြင့် သေမတတ် ခြောက်ခြား နေကြသည်။
တောက်! တောက်!
သူတို့၏နဖူးမှ ချွေးစေးများ ဆက်တိုက် စီးကျလာသည်။ အမြုတေပုံပေါ်သို့ နောက်ဆုံးသော အမြုတေတစ်ခု ပစ်ချလိုက်စဉ်တွင် ဘေးပတ်လည်မှ အလောင်းများအားလုံး ပြာကျသွားလေပြီ။ ဤအမြုတေပုံကသာလျင် သူတို့ တည်ရှိခဲ့ကြောင်း ပြနိုင်သည့် တစ်ခုတည်းသောအရာအဖြစ် ကျန်ရစ်ခဲ့လေသည်။
“အင်း … စဖို့ အချိန်တန်ပြီ”
ယဲ့ဖန်က အသာပြုံး၍ ရင်ရှုံးနှင့် အခြားသူများအား သိုးပေါက်များကို ကြည့်သကဲ့သို့ ကြည့်လာသည်။
*ငါတို့ သေရတော့မှာလား*
ရင်ရှုံးနှင့် ကျန်လောကသခင်အဆင့်များအားလုံး မျက်နှာ ပြာနှမ်းလာလေသည်။
“မဟုတ်ဘူး၊ ငါ မသေချင်ဘူး … ငါ မသေချင်သေးဘူး”
ဝူယွင်ရှန် အလွန် ကြံရာမရဖြစ်ကာ အကြိမ်ကြိမ် ဟစ်အော်နေမိသည်။ သူသည် အင်အားကြီးသောသူ ဖြစ်သော်လည်း သေဘေးနှင့် ကြုံရလျင် ကြောက်ရွံ့မိဆဲပင်။ သူ အော်ဟစ်နေသော စကားကြောင့် ယဲ့ဖန်က ခပ်ဖွဖွ ပြုံးလိုက်သည်။
“ခင်ဗျား အထင်လွဲနေပြီ”
“ခင်ဗျားတို့ ခန္ဓာကိုယ်က သေဆုံးမှာ မဟုတ်ဘူး၊ သေသွားမှာက … ခင်ဗျားတို့ရဲ့ စိတ်ဝိညာဉ်တွေ”
ထိုစကားကို ကြားလိုက်ရချိန်တွင် ဝူယွင်ရှန်နှင့် အခြားသူများ မှင်တက်သွားကြသည်။ ယဲ့ဖန်၏ ဆိုလိုရင်းကို သူတို့ နားမလည်ကြသေးပေ။
ထိုစဉ် ယဲ့ဖန်က လက်ကိုဆန့်၍ သူတို့အား ဖမ်းချုပ်ရန် ပြင်လာသည်ကို တွေ့လိုက်ရသည်။ သူ၏ လက်ဝါးများက ဧရာမ လက်ဝါးများအဖြစ် ပြောင်းလဲသွားပြီး သူတို့အား အားဖြင့် ဖမ်းချုပ်လာ၏။
ရင်ရှုံးနှင့် ကျန်သော လောကသခင်အဆင့်များသည် ဤဧရာမ လက်ဝါးထံမှ ပြင်းထန်သော ဆွဲငင်အားတစ်ခု ရှိနေသည်ကို ခံစားလိုက်မိပြီး သူတို့၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်များကို အတင်းအကျပ် ဆွဲထုတ်နေသည်ဟု ခံစားနေရသည်။
“အား…”
“ငါ သဘောပေါက်ပြီ၊ မင်း … မင်းက ရှေးဟောင်း စိတ်ဝိညာဉ်တွေ ပြန်မွေးဖွားနိုင်အောင် ငါတို့ခန္ဓာကိုယ်ကို အသုံးချချင်နေတာပဲ”
ထိုစကားကြောင့် လောကသခင်အဆင့်များအားလုံး ကြက်သီးတဖြန်းဖြန်း ထသွားလေ၏။
*ဟုတ်သားပဲ*
*လောကသခင်အဆင့် သုံးဆယ့်နှစ်ယောက်*
*ရှေးဟောင်း စိတ်ဝိညာဉ် သုံးဆယ့်နှစ်ခု*
ယဲ့ဖန်က အားလုံးကို အကွက်ချထားပြီးသားပင်။ သူတို့ သူ့ကို လာသတ်မည်ကို ကြိုသိနေသဖြင့် ဤသို့ ကြိုတင်၍ လာစောင့်နေခြင်း ဖြစ်သည်။
သူက ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုက မကြာခင် လိုက်လာလိမ့်မည်ကိုလည်း အတိအကျ ရိပ်စားမိ နေသည်။ မိမိနှင့် အခြားသူများ၏ ခန္ဓာကိုယ်ကို အသုံးချ၍ ရှေးဟောင်း စိတ်ဝိညာဉ် သုံးဆယ့်တစ်ခုအတွက် ရက်ရောသော လက်ဆောင်သဖွယ် ပေးအပ်ရန်ပင် ကြံစည်ထားသေးသည်။
ဤသည်ကို စဉ်းစားမိပြီးနောက် ရင်ရှုံးနှင့် အခြားသူများ ကြက်သီးမွေးညင်း ထလာသည်။ ယဲ့ဖန်၏ မျက်လုံးထဲတွင် သူတို့သည် အစကတည်းက သေလူများ ဖြစ်လေသည်။
အိပ်မက်ဆိုးက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး လောကသခင်အဆင့်များ၏ စိတ်ဝိညာဉ်များက ဧရာမ လက်သည်းများ၏ ဆွဲထုတ်ခြ်ငး ခံနေရသည်။
ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်များ ဆွဲထုတ်လိုက်သည်နှင့် ယဲ့ဖန်၏အသံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
“လူအိုကြီးတွေ စလိုက်ရအောင်”
ထိုစကားကို ကြားသည်နှင့် တမင်ကျင်းဖမ်း၊ ဟွမ်ထျန်းပါ့၊ ဘုရင်မကျစ်ဝေ့နှင့် အခြားသူများအားလုံး အလွန်အမင်း စိတ်လှုပ်ရှားသွားကြပြီး စိတ်ဝိညာဉ်မရှိသော ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ခုန်ဝင်သွားကြသည်။
တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်။ ပြန်လည်မွေးဖွားခြင်းက ဆက်လက်ဖြစ်ပွားနေ၏။ ထို့အပြင် ရှေးဟောင်း စိတ်ဝိညာဉ်များက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ယဲ့ဖန်အား အမြုတေတောင်ပုံဘက်သို့ လက်ဝှေ့ယမ်းလိုက်သည်။
ထိုအခါ အမြုတေ တစ်ခုပြီးတစ်ခုက ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။ ကောင်းကင်ယံရှိ အမြုတေများထံမှ ပေါများကြွယ်ဝလှသော စွမ်းအင်များ စိမ့်ထွက်လာပြီး ရှေးဟောင်း စိတ်ဝိညာဉ်များ ဝင်ရောက်နေသည့် ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းသွားသည်။
စွမ်းအင်များ ဝင်ရောက်လာတိုင်း ရှေးဟောင်း စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်အသစ်၏ ပေါင်းစပ်မှုက ပို၍ကျစ်လျစ် သိပ်သည်းလာ၏။
“မဟုတ်ဘူး၊ အဲ့ဒါ ငါ့ခန္ဓာကိုယ်”
စိတ်ဝိညာဉ် ဆွဲထုတ်ခံလိုက်ရသည့် လောကသခင်အဆင့်များက ကြောက်လန့်တကြား အော်ဟစ်ကြသည်။ သူတို့၏ ခန္ဓာကိုယ်ထံမှ အာရုံငါးပါးအား ဆုံးရှုံးလာသည်ကို သူတို့ ခံစားမိလာသည်။ သူတို့သည် မိမိတို့၏ ခန္ဓာကိုယ်များ လုယူခံနေရသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ဤမြင်ကွင်းကြောင့် ရင်ရှုံးနှင့် အခြားသူများ သွေးပျက်ကြောက်လန့်လာ၏။ ရင်ရှုံးနှင့် ဝူယွင်ရှန်တို့၏ စိတ်ဝိညာဉ် များလည်း ဆွဲထုတ်ခံခဲ့ရသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် လောကသခင်အဆင့် သိုင်းပညာရှင် သုံးဆယ့်နှစ်ယောက်၏ စိတ်ဝိညာဉ်များ ဆွဲထုတ်ခံလိုက်ရပြီး ရှေးဟောင်း စိတ်ဝိညာဉ် သုံးဆယ့်နှစ်ခုက ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားလေသည်။
ထိုရှေးဟောင်း စိတ်ဝိညာဉ်များထံမှ ထိတ်လန့်ဖွယ် အရှိန်အဝါများ ဆက်လက်ပျံ့လွင့်လာ၏။ အမြုတေထံမှ စွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းလာလေ သူတို့၏ ခွန်အားများက တစ်ဟုန်ထိုး မြင့်တက်လာလေ ဖြစ်နေသည်။
လောကသခင် နောက်ဆုံးအဆင့်၊ လောကသခင် အထွတ်အထိပ်အဆင့်၊ အန္တိမ တစ်ပိုင်းအဆင့်။
ရှေးဟောင်း စိတ်ဝိညာဉ်များထံမှ တောပြို၍ မုန်တိုင်းထန်နေသော အသံများ ထွက်ပေါ်လာ၏။ ထို့အတူ တစ်ယောက်ပြီး တစ်ယောက် အန္တိမအဆင့်သို့ အဆင့်တက်သွားကြပြီး သူတို့၏ ရှေးဟောင်း စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်က တစ်သားတည်း ဖြစ်သွားလေတော့သည်။
ထိုအခိုက်တွင် အမြုတေတောင်ပုံက သေးသထက်သေးလာပြီး နောက်ဆုံးသော အမြုတေတစ်ခု အက်ကွဲ သွားချိန်တွင် အန္တိမအဆင့် သိုင်းပညာရှင် သုံးဆယ့်နှစ်ယောက် မွေးဖွားလာလေ၏။
Chapter 966 ရွှမ်ကျိုး၏ အရှင်သခင် ဟွမ်ဖုယို
*အန္တိမအဆင့် သုံးဆယ့်နှစ်ယောက်*
ထိုအခိုက်တွင် ခန္ဓာကိုယ်သုံးဆယ့်နှစ်ခုမှ အန္တိမအဆင့် အရှိန်အဝါများ ထွက်ပေါ်လာသဖြင့် ရင်ရှုံးနှင့် အခြားသူများ၏ စိတ်ဝိညာဉ်များ တုန်လှုပ်သွားလေသည်။
ရွှမ်ကျိုး၏ မြို့ငယ် ဆယ့်ရှစ်မြို့လုံးရှိ ချမ်းသာကြွယ်ဝသော မိသားစုကြီးများတွင်တောင်မှ အန္တိမအဆင့် တစ်ယောက်တစ်လေမျှ မရှိခဲ့ဖူးချေ။
အန္တိမအဆင့် သိုင်းပညာရှင်အား ရွှမ်ကျိုး၏ အလယ်ဗဟိုဖြစ်သော ရွှမ်ချန်မြို့၌သာ တွေ့နိုင်ပေသည်။ သို့သော်ငြားလည်း ထိုမြို့၌ အန္တိမအဆင့် သိုင်းပညာရှင်ကား အနည်းငယ်မျှသာ ရှိသည်။
ယခု ဤနေရာတွင်မူ သုံးဆယ့်နှစ်ယောက်တိတိ ထွက်ပေါ်လာသဖြင့် ရင်ရှုံးနှင့် အခြားသူများ သွေးပျက် ခြောက်ခြားသွားသည်။
ဤအင်အားစုက ရွှမ်ကျိုးအား အထိန်းအချုပ်မဲ့အောင် ပြုလုပ်နိုင်ပြီး အရာအားလုံးကို ရှင်းလင်းနိုင်လိမ့်မည်ဟု သူတို့ မြင်ယောင်လာသည်။
ထို့အပြင် ဘုရင်မကျစ်ဝေ့၊ ဟွမ်ထျန်းပါ့နှင့် အခြားသူများသည် ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးနောက် အားအင်များ တိုးတက်လာသည်။ ယခင်က သူတို့ ရခဲ့သော စိတ်ဝိညာဉ် ဒဏ်ရာများလည်း ပျောက်ကင်းသွားသည်။ သူတို့အားလုံး၏ မျက်နှာ၌ အံ့ဩပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသည်။
“နှစ်ပေါင်း နှစ်သိန်း ကြာပြီးမှ ငါ ဟွမ်ထျန်းပါ့ ခန္ဓာကိုယ် ရလာလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”
ဟွမ်ထျန်းပါ့၏ မျက်လုံးမှ မျက်ရည်များ စီးကျလာ၏။ သူ၏ ဝမ်းသာပျော်ရွှင်စိတ်ကို ထိန်းချုပ်၍ မရနိုင် ဖြစ်နေသည်။
မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်အခါက စစ်ပွဲအတွင်း၌ သူတို့၏ ခန္ဓာကိုယ်များ ပျက်စီးသွားပြီး စိတ်ဝိညာဉ်က ကမ္ဘာဂြိုဟ်၌ နှစ်ပေါင်း နှစ်သိန်းကြာအောင် ချိပ်ပိတ်ခြင်း ခံခဲ့ရသည်။
စိတ်ဝိညာဉ် အခြေအနေဖြင့် အချိန်အတော်ကြာ ရှိနေခဲ့ပြီးနောက် ရရှိလာသည့် ဒဏ်ရာများကြောင့် နှစ်ဝက်မျှသာ အသက်ရှင်နိုင်တော့မည်ဟု မှတ်ထင်ခဲ့သည်။
သို့ရာတွင် မထင်မှတ်ထားဘဲ သူတို့၏ စိတ်ဝိညာဉ် ဒဏ်ရာများ ပျောက်ကင်းသွားရုံသာမက ခန္ဓာကိုယ်ပင် ဖွဲ့စည်း နိုင်ခဲ့လေပြီ။ ထို့အတူ ယခင်ဘဝက စွမ်းအင်ကိုပင် ပြန်လည် ရရှိလိုက်သဖြင့် ယင်ယန်လောကအား လှုပ်ခါနိုင် ပေတော့မည်။
သူသည်သာမက ဘေးနားမှ ဘုရင်မကျစ်ဝေ့၊ တမင်ကျင်းဖမ်းနှင့် အခြားသူများလည်း တူညီသော ခံစားချက်များဖြင့် ပြည့်နှက်နေ၏။ အားလုံးက ယဲ့ဖန်ကို လေးစားသော အကြည့်များဖြင့် ကြည့်လာသည်။
ဤပုဂ္ဂိုလ်ကြောင့်ပင် ယခုကဲ့သို့ ဖြစ်လာခြင်း ဖြစ်သည်။ သူ့ကြောင့်သာ မဟုတ်ပါက သူတို့အားလုံး ခန္ဓာကိုယ် ရရှိလာမည် မဟုတ်ပါ။ သူ့ကြောင့်သာမဟုတ်ပါက သူတို့အားလုံး သေရမည့်အချိန်ကိုသာ စောင့်နေရ လောက်သည်။
ထိုသို့တွေးတောပြီးနောက် အန္တိမအဆင့် သိုင်းပညာရှင် သုံးဆယ့်နှစ်ယောက်သည် ဝမ်းသာစိတ် အပြည့်ဖြင့် ယဲ့ဖန်ရှေ့၌ ဒူးတစ်ဖက်ထောက်ကာ ခေါင်းကိုငုံ့၍ ပြောလာသည်။
“ဒီနေ့ကစပြီး ကျုပ် ဟွမ်ထျန်းပါ့က တပေါ်အရှင်သခင်ရဲ့ ကျေးကျွန်အဖြစ် ခစားပါ့မယ်၊ အရှင့်ကို သစ္စာဖောက် ခဲ့မယ်ဆိုရင် မိုးမြေရဲ့ အပြစ်ပေးခြင်း ခံရပြီး ထာဝရ ပျောက်ကွယ်သွားပါစေ”
“ဒီနေ့ကစပြီး ကျွန်မ ကျစ်ဝေ့က တပေါ်အရှင်သခင်ရဲ့ ကျေးကျွန်အဖြစ် ခစားပါ့မယ်၊ အရှင့်ကို သစ္စာဖောက် ခဲ့မယ်ဆိုရင် မိုးမြေရဲ့ အပြစ်ပေးခြင်း ခံရပြီး ထာဝရ ပျောက်ကွယ်သွားပါစေ”
“…”
ကြွေးကြော်သံများက ကျယ်လောင်စွာ ဆက်တိုက် ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော အန္တိမအဆင့် သိုင်းပညာရှင်တိုင်းက ကျေးကျွန်အဖြစ် ခစားပါ့မည်ဟု သစ္စာဆိုနေကြလေသည်။
ထို့အပြင် သူတို့သည် ထိုသို့ သစ္စာဆိုပြီးသည်နှင့် တစ်ယောက်ပြီးတစ်ယောက် လျှာကိုကိုက်ကာ သွေးသစ္စာ ကျိန်ဆိုလေ၏။
အန္တိမအဆင့် သိုင်းပညာရှင် သုံးဆယ့်နှစ်ယောက်က ကျေးကျွန်အဖြစ် ခစားပါ့မည့်ဟု သစ္စာဆိုနေသည့် မြင်ကွင်းက ရင်ရှုံးနှင့် အခြားသူများအား ပို၍ ထိတ်လန့်တုန်လှုပ်သွားစေသည်။
တစ်ချိန်တည်းမှာပင် ဟွမ်မိသားစု၊ ရွှမ်မိသားစု၊ ကျင်းမိသားစု အစရှိသည့် ရှေးဟောင်းမိသားစု တစ်ခုပြီးတစ်ခုက မြေကြီးပေါ် ဒူးထောက်၍ လျှာထိပ်ကိုကိုက်ကာ မိုးမြေကို တိုင်တည်ပြီး သွေးသစ္စာ ဆိုလာကြသည်။
“ကျုပ် ဟွမ်ချန်နဲ့ ဟွမ်မိသားစုဝင်အားလုံးက ထပ်မံပြီး သစ္စာဆိုပါတယ်၊ ဒီနေ့ကစပြီး ကျုပ်တို့ကနေ နောက်မျိုးရိုးစဉ်ဆက်မပြတ် တပေါ်အရှင်သခင်ရဲ့ ကျေးကျွန်မိသားစုအဖြစ် ခံယူပြီး ဘယ်သောအခါမှ သစ္စာမဖောက်ဖျက်ပါ”
“ကျုပ်တို့ ကျင်းမိသားစုဝင်အားလုံးကလည်း မိုးမြေကို တိုင်တည်ပါတယ်၊ ယနေ့ကစပြီး ကျုပ်တို့ တပေါ်အရှင်သခင်ရဲ့ ကျေးကျွန်အဖြစ် ခစားပါ့မယ်၊ နောက်လာမယ့်မျိုးဆက်တွေကလည်း ဆက်လက်၍ ခစားပြီး တပေါ်အရှင်သခင်အား ထာဝရ သစ္စာရှိပါမယ်”
“…”
ထိုအခိုက်တွင် ရှေးဟောင်း မိသားစု တစ်ခုပြီးတစ်ခုက သွေးသစ္စာဆိုနေကြသည်။ ထောင်သောင်းချီသော လူများစွာတို့က ယုံကြည်မှု ခိုင်မာစွာဖြင့် သစ္စာဆိုနေသည့် မြင်ကွင်းက ရင်ရှုံးနှင့် အခြားသူများအား အလွန်တရာ သွေးပျက်သွားစေသည်။
သူတို့၏ မျက်နှာ၌ ကြောက်လန့်၍ မယုံနိုင်ဟန်များဖြင့် ပြည့်နှက်နေသည်။ သူတို့စိတ်ထဲ၌ အထင်သေးနေသော နတ်ဘုရင်အဆင့် သိုင်းပညာရှင်လေးက ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုနှင့် ရှေးဟောင်း စိတ်ဝိညာဉ် သုံးဆယ့်နှစ်ခုအား လွှမ်းမိုးနိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
ဤထောင်သောင်းချီသော လူအုပ်ကြီးက ယင်ယန်လောက၌ သွေးမုန်တိုင်း ထန်အောင် ပြုလုပ်နိုင်တော့မည်ဟု သူတို့ ရိပ်စားမိလာသည်။
မိသားစုများအားလုံး သွေးသစ္စာဆိုပြီးချိန်တွင် ယဲ့ဖန်၏ အကြည့်က ရင်ရှုံးတို့ထံသို့ ကျရောက်လာ၏။ ထိုအကြည့်ကြောင့် ရင်ရှုံးတို့အားလုံး အေးစိမ့်သွားပြီး ကြက်သီးထလာရသည်။ အထူးသဖြင့် ဝူယွင်ရှန်ပင်၊ သူ၏ စိတ်ထဲ၌ အတောမသတ်နိုင်သော ကြောက်စိတ်များဖြင့် ပြည့်နှက်နေသည်။
“တပေါ်အရှင်သခင်၊ ကျုပ် … ဝူယွင်ရှန်ကလည်း ခင်ဗျားရဲ့ ကျေးကျွန်အဖြစ် ခစားချင်စိတ် ရှိပါတယ်၊ ကျေး … ကျေးဇူးပြုပြီး ကျုပ်ကို အခွင့်အရေး တစ်ကြိမ်လောက် ပေးပါ၊ ကျုပ် မသေချင်သေးဘူး”
ဝူယွင်ရှန် ကြောက်လန့်နေ၏။ သူသည်သာမက ကျန်စိတ်ဝိညာဉ်များကလည်း အသက်ချမ်းသာပေးရန် တောင်းဆို လာကြသည်။ သူတို့ တောင်းပန်နေစဉ်မှာပင် အေးစက်စက် စကားသံ ထွက်ပေါ်လာလေသည်။
“ကျေးကျွန်ဟုတ်လား”
“မင်းတို့က အဲ့လိုနေဖို့ မထိုက်တန်ဘူး”
ထိုသို့ပြောပြီး ယဲ့ဖန်က လက်တစ်ဖက်ကို မြှောက်လိုက်သည်။ ထိုအခါ နတ်ဆိုးချီမျှင်စုများက လေထဲ၌ စုဝေးလာပြီး ဧရာမ လက်ဝါးတစ်ဖက်အဖြစ် ဖွဲ့စည်းလာပြီး စိတ်ဝိညာဉ်တိုင်းကို ဖမ်းချုပ်လာ၏။
“မလုပ်နဲ့”
ဝူယွင်ရှန်သည် သူ၏ စိတ်ဝိညာဉ် လုံးဝ ဖမ်းချုပ်ခံလိုက်ရသလို ခံစားလိုက်ရပြီး ခံရခက်လှသော ဖိအားကြောင့် သူ၏ စိတ်ဝိညာဉ် အက်ကွဲလုနီးပါး ဖြစ်လာရသည်။ အော်သံများ ဆက်တိုက် ထွက်ပေါ်လာသလို ယဲ့ဖန်၏ ဧရာမ လက်ဝါးကလည်း အားဖြင့် ဖိညှစ်လာ၏။၏
ဂျွတ်!
စိတ်ဝိညာဉ် တစ်ခုပြီးတစ်ခု ဖိချေခံလိုက်ရသည်။
“ငါ မလိုလားဘူးကွ”
ရင်ရှုံးသည် စိတ်ဝိညာဉ်မှ ပြင်းထန်သော ဝေဒနာကို ခံစားလိုက်ရသဖြင့် မျက်လုံး၌ နာကျည်းမုန်းတီးသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
“ဟေ့ကောင်၊ မင်း ဝဋ်ပြန်လည်မှာပဲကွ၊ မြို့ငယ် ဆယ့်ရှစ်မြို့လုံးက မိသားစုတွေကို မင်း သတ်ခဲ့တာမို့ ရွှမ်ကျိုးရဲ့ အရှင်သခင်က မင်းကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး”
“မင်း သေရမယ်ကွ၊ မင်းရဲ့ လက်အောက်ငယ်သားတွေအားလုံးလည်း သေရမယ်”
မုန်းတီးခက်ထန်သော အသံအဆုံး၌ ရင်ရှုံး၏ စိတ်ဝိညာဉ်က ယဲ့ဖန်ကြောင့် ပျက်စီးသွားလေပြီး စိတ်ဝိညာဉ် အပိုင်းအစများက အောက်သို့ ပြုတ်ကျလာလေသည်။ လောကသခင်အဆင့် သုံးဆယ့်နှစ်ယောက်၏ စိတ်ဝိညာဉ်များ သုတ်သင်ခံလိုက်ရလေတော့သည်။
…
ရင်ဟွမ်မြို့မှ တိုက်ပွဲအပြီး၌ သတင်းများက ရွှမ်ကျိုးမြေအနှံ့သို့ ပျံ့နှံ့သွားပြီး ရွှမ်ကျိုး၏ အလယ်ဗဟိုဖြစ်သော ရွှမ်ချန်မြို့ထံသို့ ရောက်ရှိသွားလေသည်။
“နောက်ဆုံးသတင်းပါ၊ ထုံချန်မြို့တစ်ခုလုံး သုတ်သင်ခံလိုက်ရပြီးတော့ မြို့တော်သခင် ကွေမူလည်း သေသွားပါပြီ၊ အခု ထုံချန်မြို့ကို ရှေးဟောင်းမိသားစုဖြစ်တဲ့ ကျင်းမိသားစုက အုပ်စိုးသွားပါတယ်”
“ဝူရွှမ်မြို့က သတင်းပါ၊ ဝူမိသားစု ပျက်စီးသွားပါပြီ၊ ဝူယွင်ရှန်နဲ့ ဝူမိသားစုဝင်အားလုံး သုတ်သင်ခံလိုက်ရပါပြီ၊ ဝူရွှမ်မြို့ကို အခု ရှေးဟောင်းမိသားစုဖြစ်တဲ့ ရွှမ်မိသားစုက စိုးမိုးသွားပါပြီ”
“…”
ထွက်ပေါ်လာသော သတင်းတိုင်းက တုန်လှုပ်ဖွယ်ကောင်းသော သတင်းများပင်။ ရွှမ်ချန်တစ်မြို့လုံး ဆူညံ ပွက်လောရိုက် လာ၏။
မြို့ငယ်ဆယ့်ရှစ်မြို့လုံး ကျဆုံးသွားပြီး ထိုနေရာအားလုံးကို ရှေးဟောင်းမိသားစုများက ချုပ်ကိုင်သွားသည်။ ထိုသတင်းများက ရွှမ်ချန်မြို့ တစ်ခုလုံးအား အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။
မြို့ငယ် ဆယ့်ရှစ်မြို့သည် ရွှမ်ချန်မြို့၏ လက်အောက်ခံ မြို့ငယ်များ ဖြစ်သည်။ ထိုမြို့များမှ မိသားစုကြီးများနှင့် မြို့တော်သခင်များသည် ရွှမ်ကျိုးမြို့ အရှင်သခင်၏ အမိန့်ကို နာခံရသူများ ဖြစ်လေသည်။
ယခုအခါတွင် တစ်နေ့တည်း၌ မြို့အားလုံး ကျဆုံးသွားပြီး မိသားစုကြီးများအားလုံး သုတ်သင်ခံလိုက်ရလေသည်။ ရွှမ်ကျိုးမှ လူများအားလုံး ရေခဲသဖွယ် တိတ်ဆိတ်ငြိမ်သက်နေပြီး ရွှမ်ကျိုး အရှင်သခင်၏ အမိန့်ကိုသာ စောင့်နေကြသည်။
ရွှမ်ကျိုး၏ အရှင်သခင်ကား ဟွမ်ဖုယိုဟု အမည်တွင်လေသည်။ တစ်ချိန်က လူသားအရှင်သခင်သည် ယင်ယန်လောကကို စိုးမိုးပြီး မျိုးနွယ်အားလုံးကို ဖိနှိပ်၍ အုပ်စိုးခဲ့သည်။
လူသားအရှင်သခင်၏ လက်အောက်၌ ကြောက်စရာကောင်းသော မဟာဘုရင် လေးပါး၊ မိစ္ဆာ နတ်ဘုရား ရှစ်ပါးနှင့် ပြိုင်ဘက်ကင်း စစ်သူကြီး သုံးဆယ့်ခြောက်ယောက် ရှိသည်။
ဟွမ်ဖုယိုသည် ထိုပြိုင်ဘက်ကင်း စစ်သူကြီး သုံးဆယ့်ခြောက်ယောက်ထဲမှ တစ်ယောက် ဖြစ်လေသည်။ ထိုလူအိုကြီးသည် အသက် နှစ်ထောင်ချီနေပြီ ဖြစ်သည်။
ဒဏ္ဍာရီများအရ သူသည် တစ်ချိန်က အန္တိမအဆင့်ထက် ကျော်သော အဆင့်တစ်ခုသို့ ရောက်နေခဲ့ပြီး သူတစ်ယောက်တည်းနှင့် မိသားစုကြီးများစွာကို သတ်နိုင်သည်ဟု ဆိုလေသည်။
ထိုတိုက်ပွဲ၌ သူ့ကြောင့် အန္တိမအဆင့် တစ်ရာသုံးဆယ့်နှစ်ယောက်တိတိ သေဆုံးသွားသည်။ သူ့လက်တွင်း၌ သေဆုံးသွားသော နတ်ဘုရားများက ထောင်သောင်းချီခဲ့သည်။ အလောင်းများ တောင်သဖွယ် ပုံခဲ့ပြီး သွေးများက မြစ်သဖွယ် စီးဆင်းခဲ့လေသည်။
သူသည် ရှေးခေတ်အခါက ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်း နတ်ဘုရား ဖြစ်သည်။ ထိုအချိန်က စစ်ပွဲ၌ သူသည် ဒဏ်ရာ အပြင်းအထန် ရခဲ့ပြီး အန္တိမအဆင့်သို့ လျှောကျမသွားခဲ့ပါက လက်ရှိတွင် သူသည် လူသား အရှင်သခင်ဘေး၌ ရှိနေမည်သာ။
ရွှမ်ကျိုးမှ လူများအားလုံး ဟွမ်ဖုယို၏ လှုပ်ရှားမှုကို စောင့်နေချိန်တွင် သတင်းတစ်ခု ထွက်ပေါ်လာ၏။ ထိုသတင်းမှာ ရွှမ်ကျိုးအရှင်သခင် ထုတ်ပြန်လိုက်သော အမိန့်ပင်။ ထိုအမိန့်မှာ …
“ရင်ဟွမ်မြို့ကို ရွှမ်ကျိုးက သံတမန် စေလွှတ်ပြီး ရှေးဟောင်း မိသားစုအားလုံးကို ထိန်းချုပ်ခိုင်းလိုက်”