← Chapters

အခန်း (၉၆၇-၉၆၉)

Vol. 65 Ch. 967-969

အခန်း (၉၆၇-၉၆၉)

Vol. 65 Ch. 967-969

Chapter 967 အချက်သုံးချက်

ရင်ဟွမ်မြို့၌ လူဆယ့်တစ်ယောက်က လမ်းမထက်တွင် ဖြည်းဖြည်းချင်း လျှောက်လှမ်းနေသည်။ သူတို့ တစ်ယောက်ချင်းစီက ဝင့်ကြွားသော မျက်နှာထားများဖြင့် ခေါင်းကိုမော့ ရင်ကိုကော့၍ လျှောက်နေကြသည်။ သူတို့ထံမှ ထိတ်လန့်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာဖြင့် လမ်းသွားလမ်းလာများကို ထိတ်လန့်သွားစေသည်။

သူတို့သည် ရွှမ်ကျိုးမှ သံတမန်များ ဖြစ်လေသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသော လူငယ်လေးမှာ ရွှမ်ကျိုး အရှင်သခင်၏ ဟွမ်ဖု မိသားစုမှ တိုက်ရိုက်မျိုးဆက်ဖြစ်သူ ဟွမ်ဖုလင်း ဖြစ်သည်။

ဟွမ်ဖုလင်းနှင့် သူ့အဖွဲ့များ ဖြတ်သွားသည့် နေရာတိုင်း၌ အရှေ့မှ လမ်းသွားလမ်းလာများအားလုံးက သူတို့ကို ရှောင်ဖယ်ကြလေသည်။

ထိုလမ်းသွားလမ်းလာများက ဟွမ်ဖုလင်းနှင့် အခြားသူများအား မျောက်အုပ်တစ်အုပ်ကို ကြည့်သကဲ့သို့ တွေဝေ၍ ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်။

ထိုအကြည့်များအား ဟွမ်ဖုလင်းက ထိတ်လန့်ကြောက်ရွံ့နေသော အကြည့်များဟု ထင်မှတ်ကာ ပို၍ဂုဏ်ယူ ဝင့်ကြွားနေ၏။ ထိုအချိန်တွင် ဟွမ်ဖုလင်းက အသာပြုံး၍ စကားစလာသည်။

“ဦးလေးဝေ့၊ ဦးလေဟန်၊ ဘေးနားက လူတွေရဲ့ အမူအရာကို ကြည့်ပါဦးဗျာ၊ သရဲသဘက်ကို တွေ့လိုက်ရတဲ့အတိုင်းပဲ ကြောက်လန့်နေကြတာ၊ သူတို့ တစ်သက်လုံး အန္တိမအဆင့် သိုင်းပညာရှင် တစ်ယောက်ကို တစ်ခါမှ မမြင်ဖူးတဲ့ပုံပဲ”

“တကယ့်ကို ရေတွင်းအောက်ခြေက ဖားတွေပဲ”

ဟွမ်ဖုလင်းက မာနဘဝင်မြင့်နေ၏။ သူ့အနောက်မှ နီးကပ်စွာ လိုက်ပါလာသော အဘိုးအိုနှစ်ယောက်၏ အရှိန်အဝါက တုန်လှုပ်ဖွယ် ကောင်းလှပြီး အန္တိမအဆင့် သိုင်းပညာရှင်နှစ်ယောက် ဖြစ်လေသည်။

ထို့အပြင် သူတို့နောက်မှ လူရှစ်ယောက်သည် လောကသခင် အထွတ်အထိပ်အဆင့်များ ဖြစ်ပြီး ဟွမ်ဖုလင်း သည်လည်း အန္တိမ တစ်ပိုင်းအဆင့် ဖြစ်သည်။

သူတို့သည် မြို့တော်ကြီးမှ ဂုဏ်ယူစရာကောင်းသော သိုင်းပညာရှင်များ ဖြစ်လေသည်။ ဟွမ်ဖုလင်း၏ စကားကြောင့် ဟန်မျိုးနွယ် အဘိုးအိုက ပြုံးလိုက်သည်။

“သခင်လေး မြို့ငယ်ဆယ့်ရှစ်မြို့မှာ အန္တိအဆင့် သိုင်းပညာရှင် တစ်ယောက်မှမရှိတာ၊ ကျုပ်တို့ကို မြင်လိုက်ရတော့ သူတို့ အဲ့လို အမူအရာမျိုး ဖြစ်လာတာ မဆန်းပါဘူး”

“ပုရွက်ဆိတ်တစ်ကောင်က ဆင်တစ်ကောင်ကို မြင်လိုက်ရသလိုပဲ ကြောက်ကြမှာပေါ့”

ဟန်မျိုးနွယ် အဘိုးအိုနှင့် ဝေ့မျိုးနွယ် အဘိုးအိုတို့က ဂုဏ်ယူဝင့်ကြွားနေ၏။ သူတို့ကဲ့သို့ အန္တိမအဆင့် သိုင်းပညာရှင်များ၏ အမြင်တွင် ကျန်လူများအားလုံးသည် ပုရွက်ဆိတ်သာသာအဆင့်သာ ရှိလေသည်။

ဟွမ်ဖုလင်းက ခေါင်းညိတ်၍ ထီမထင်ဟန်ဖြင့် ပြုံးလိုက်သည်။

“လူတစ်ယောက်က ရွှမ်ကျိုးတစ်ခုလုံးကို ဒေါသထွက်အောင် လုပ်လိမ့်မယ်လို့ ကျုပ် တစ်ခါမှ မမြင်ဖူးဘူး”

“ကျုပ် ယဲ့ဖန်ကို တွေ့ချင်လှပြီ”

ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုအား လူတစ်ယောက်တည်းက မစိုးမိုးနိုင်ကြောင်း ဟွမ်ဖုလင်း သိထားသည်။ သို့သော် ယဲ့ဖန်က ထိုကဲ့သို့ ဖြစ်အောင် လုပ်ခဲ့သည့်အပြင် ရှေးဟောင်းမိသားစုများကိုသုံး၍ ရွှမ်ကျိုး၏ မြို့ငယ်များမှ မိသားစုကြီးများ ရှင်းလင်းခဲ့သဖြင့် မယုံနိုင်စရာ ကောင်းလှပေသည်။

သူ၏ ဘိုးဘေးဖြစ်သူ ဟွမ်ဖုယိုတောင်မှ ယဲ့ဖန်ကို စိတ်ဝင်စားစပြုနေ၏။

“ယဲ့ဖန်က ကျုပ်တို့ ဟွမ်ဖုမိသားစုရဲ့ လက်အောက်ခံ မိသားစုတွေကို ရှင်းပစ်တာတော့ ကံဆိုးတာပဲ၊ သူ သေချာပေါက် သေရမှာ”

ဟွမ်ဖုလင်းက ရက်စက်သော အပြုံးမျိုး ပြုံးလာသည်။ သူ့စကားကြောင့် သူ့အနောက်မှ အစောင့်အရှောက် ဆယ်ယောက်လုံးပါ ပြုံးလာလေသည်။

ဟွမ်ဖုလင်းနှင့် အခြားသူများသည် စကားတပြောပြောနှင့် ဟွမ်မိသားစု၏ အိမ်တံခါးဝသို့ ရောက်လာကြသည်။

ဟွမ်မိသားစုသည် သတင်းကြားထားပြီးပုံရပြီး ခြံတံခါးဝကို ဖွင့်ထားပြီး ဟွမ်မိသားစုဝင်များက တံခါး၏ တစ်ဖက်တစ်ချက်၌ ငြိမ်သက်စွာ ရပ်နေကြသည်။

လူဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။ လူအုပ်ကြီးက အချိန်အတော်ကြာ စောင့်နေပုံ ရသည်။ ဤမြင်ကွင်းကြောင့် ဟွမ်ဖုလင်း အလွန်အမင်း စိတ်ကျေနပ်သွားလေသည်။

“ဟမ့်၊ ကြည့်ရတာ ဟွမ်ထျန်းပါ့က ငတုံး မဟုတ်ဘူးထင်တယ်”

“ကျုပ်တို့ လာမှာကို သိလို့ ဒီလို ခမ်းခမ်းနားနား ကြိုဆိုတာပဲ၊ သိပ်ကောင်းတယ်”

ဟွမ်ဖုလင်းက ဝင့်ကြွားမှုအပြည့်ဖြင့် ပြုံးနေ၏။ ဤသို့ ကြိုဆိုနေသဖြင့် သူ စိတ်ကျေနပ်သွားပြီး ထောင်ထောင် ထောင်ထောင်ဖြင့် အထဲသို့ လျှောက်သွားလိုက်သည်။

သူ့အနောက်မှ အန္တိမအဆင့် သိုင်းပညာရှင် နှစ်ယောက်နှင့် လောကသခင် အထွတ်အထိပ်အဆင့် ရှစ်ယောက် တို့က မာနတစ်ခွဲသားဖြင့် လိုက်ပါလာသည်။ သူသည် တံခါးဝသို့ ရောက်သည်နှင့် ဟွမ်မိသားစုများအား အော်ပြောလိုက်သည်။

“ရွှမ်ကျိုး အရှင်သခင်ရဲ့ တိုက်ရိုက်မျိုးဆက် ဟွမ်ဖုလင်း ရောက်လာပြီ”

“မင်းတို့ဘိုးဘေး ဟွမ်ထျန်းပါ့ကို မြန်မြန်ထွက်လာပြီး ကြိုဆိုခိုင်းစမ်း”

ထိုစကား၌ မာနသိက္ခာများ ပါဝင်နေ၏။ သို့သော် သူ ထိုသို့ပြောလိုက်သော်လည်း ဟွမ်မိသားစုဝင်များက မကြားသကဲ့သို့ ခံစားချက်မဲ့စွာ ရပ်နေဆဲပင်။

ထို့အပြင် ထောင်ချီသော ဟွမ်မိသားစုဝင်များက သူတို့ကို မကြည့်သည့်အပြင် ပြောင်ပြောင်တင်းတင်း လျစ်လျူရှု ထား၏။ ဟွမ်ဖုလင်းနှင့် အခြားသူများအားလုံး မျက်မှောင်ကြုတ်သွားပြီး မကျေချမ်းဟန်များ ပေါ်လာသည်။

“မင်းတို့ နားကန်းနေလား၊ ရွှမ်ကျိုးက သံတမန် ရောက်လာပြီလေ၊ မင်းတို့ဘိုးဘေးကို ထွက်လာပြီး ကြိုခိုင်းနေတယ် မဟုတ်ဘူးလား”

ဟွမ်ဖုလင်းက မကျေနပ်သော မျက်နှာထားနှင့် ဟွမ်မိသားစုအား စူးစိုက်ကြည့်လေသည်။ သို့သော် မည်သူမှ ဘာမှ ပြန်မဖြေသလို မည်သူမှလည်း လာမနှုတ်ဆက်ကြချေ။

ခြံတံခါးဝ၌ ရပ်နေသော ဟွမ်မိသားစုဝင်များကတောင်မှ ဟွမ်ဖုလင်းတို့အား မမြင်သယောင် ပြုမူနေ၏။ သူတို့၏ အကြည့်များက တံခါးအပြင်ဘက်သို့ ကြည့်နေဆဲ ဖြစ်ပြီး တစ်စုံတစ်ယောက်ကို စောင့်နေသည့်ပုံပင်။

“ချီးတဲ့မှပဲ”

ချက်ချင်းဆိုသလိုပင် ဟွမ်ဖုလင်း၏ မျက်နှာထားက မည်းမှောင်လာပြီး မျက်လုံး၌ ဒေါသရိပ်များ ထင်ဟပ် လာသည်။ ဘေးနားမှ ဟန်မျိုးနွယ် အဘိုးအိုသည်လည်း မျက်မှောင်ကြုတ်သွားပြီး ဟွမ်ဖုလင်းအား အနားကပ်၍ ပြောလိုက်သည်။

“သခင်လေး သူတို့ကို ကြည့်ရတာ ကျုပ်တို့ကို ကြိုဆိုတာ မဟုတ်သလိုပဲ”

*ငါတို့ကို ကြိုတာ မဟုတ်ဘူးတဲ့လား*

“မဖြစ်နိုင်ဘူး”

ဟွမ်ဖုလင်းက လက်ကာပြပြီး မကျေမနပ် ပြန်ပြောလိုက်သည်။

“ကျုပ်တို့ကို ကြိုတာ မဟုတ်ရင် ဘယ်သူ့ကို ကြိုတာ ဖြစ်မှာလဲ”

“ကျုပ်တော့ ဒီဟွမ်မိသားစုဝင်တွေက လူ့ယဉ်ကျေးမှုကို နားမလည်ဘူး ထင်တာပဲ၊ ကျုပ် ဟွမ်ထျန်းပါ့နဲ့ တွေ့ပြီး သူ့ကို ဘယ်လိုဖြေရှင်းမလဲ စောင့်ကြည့်လိုက်၊ ဟမ့်”

ဟွမ်ဖုလင်းက မောက်မာ၍ ဒေါသထွက်နေသော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။ သို့ရာတွင် သူ့စကားအဆုံး၌ ခြံဝန်းအပြင်ဘက်မှ မာန်ပါသော စကားသံ ထွက်ပေါ်လာ၏။

“မင်းက ဘယ်သူ့ကို ပညာပြချင်တာလဲ”

ထိုစကားကြောင့် ဟွမ်ဖုလင်းနှင့် အခြားသူများသည် တစ်ခဏမျှ မှင်တက်သွားပြီးနောက် ချက်ချင်း နောက်သို့လှည့်ကာ ခြံအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ထို့နောက် အနက်ရောင်ဝတ်စုံနှင့် ဆံပင်အဖြူရောင်ရှိသော လူငယ်တစ်ယောက်က ဟွမ်မိသားစုခေါင်းဆောင် ဟွမ်ချန်နှင့် အခြားသူများကို ဦးဆောင်၍ ဝင်လာသည်ကို တွေ့လိုက်ရသည်။

ထိုလူငယ်လေးက ခြံတံခါးဝသို့ ခြေချလိုက်သည်နှင့် ခြံတံခါး၏ တစ်ဖက်တစ်ချက်၌ ကျောက်ရုပ်သဖွယ် ရပ်နေကြသော ဟွမ်မိသားစုဝင်များက ချက်ချင်း လှုပ်ရှားလာပြီး ဒူးတစ်ဖက်ထောက်ကာ ရိုသေလေးစားဟန် အပြည့်ဖြင့် နှုတ်ဆက်လေသည်။

“ကြိုဆိုပါတယ် အရှင်”

ထောင်ချီသော လူများ၏ သံပြိုင်နှုတ်ဆက်သံက နားကွဲလုမတတ် ကျယ်လောင်လှသည်။ ထိုနှုတ်ဆက်သံကို ကြားပြီး ဟွမ်ဖုလင်းနှင့် အခြားသူများ ပို၍ ထိတ်လန့်တုန်လှုပ်သွားသည်။

*အရှင် ဟုတ်လား*

ဟွမ်ဖုလင်းတို့ မယုံသင်္ကာဖြစ်နေကြသည်။ သူတို့သည် ယဲ့ဖန်၏ ခွန်အားကို လေ့လာလိုက်ချိန်တွင် နတ်ဘုရင် အထွတ်အထိပ်အဆင့်သာ ရှိနေသေးသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ဒူးထောက်နေသော လူအုပ်ကြီးအား ပြန်ကြည့်လိုက်မိသည်။

သူတို့ နားဝေတိမ်တောင် ဖြစ်နေကြသည်။ ဤဟွမ်မိသားစုဝင်များသည် သူတို့ကို ကြိုဆိုခြင်း မဟုတ်ဘဲ ထိုသူကို ကြိုဆိုခြင်း ဖြစ်နေ၏။

ဟွမ်ဖုလင်းတို့ လူစုသည် အလွန် အရှက်ရသွားပြီး သတ်ဖြတ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။ ဟွမ်မိသားစုက သူတို့ကို ပေါ်ပေါ်ထင်ထင် လျစ်လျူရှုပြီး နတ်ဘုရင်အဆင့်လေးအား တလေးတဆား ဆက်ဆံ၍ အရှင်ဟုပင် ခေါ်လိမ့်မည်ဟု ထင်မထားမိပေ။

“မင်းက ဘယ်သူလဲ”

ဟွမ်ဖုလင်းက ယဲ့ဖန်အား ခက်ထန်သော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်သည်။ သူ့စကားကြောင့် ယဲ့ဖန်က အသာ ပြုံးလေသည်။

“ယဲ့ဖန်”

ထိုစကားလေးနှစ်လုံးက ဟွမ်ဖုလင်းအား အကြီးအကျယ် မျက်နှာပျက်သွားစေသည်။ ယဲ့ဖန်နှင့် ရှေးဟောင်း မိသားစုများသည် ရင်းနှီးသော ဆက်ဆံရေး ရှိလိမ့်မည်ဟု သူတို့ ထင်ထားခဲ့သော်လည်း ယဲ့ဖန်က ရှေးဟောင်း မိသားစုများ၏ ခေါင်းဆောင် ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့မိချေ။

“ကောင်းပြီလေ၊ တော်တော်ဟုတ်တဲ့ ဟွမ်မိသားစုပါလား”

ဟွမ်ဖုလင်းက ထိုလူစုထံ လှမ်းသွားပြီး ဟွမ်ချန်ကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။

“ဟွမ်မိသားစုခေါင်းဆောင်၊ ကျုပ် ဒီကို လာတာ ရွှမ်ကျိုး အရှင်သခင်ရဲ့ အမိန့်ကို ကြေညာဖို့ပဲ”

“တစ်အချက် ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခုက ရွှမ်ကျိုး အရှင်သခင်ဆီမှာ အညံ့ခံပါ့မယ်လို့ သွေးသစ္စာ ကျိန်ဆိုရမယ်”

“နှစ်အချက် တရားခံ ယဲ့ဖန်နဲ့ ငရဲဘုံ စစ်ကျွန်ကို လက်လွှဲပေး၊ ကျုပ် သူတို့ကို ရွှမ်ချန်မြို့ဆီ ဖမ်းခေါ်သွားပြီး ခေါင်းဖြတ် သုတ်သင်မယ်”

“သုံးအချက် သွေးအဆိပ် ဘိုးဘေးက ရင်ဟွမ်မြို့နားမှ ပျောက်သွားခဲ့တယ်၊ လူသတ်သမားကို လိုက်ရှာပြီး နေရာမှာတင် ချက်ချင်း သတ်ပစ်လိုက်”

Chapter 968 အန္တိမအဆင့်က သန်မာလို့လား

*အချက်သုံးချက်*

ဟွမ်ဖုလင်း၏ အချက်သုံးချက်ကို နားထောင်ပြီးနောက် ဘေးပတ်လည်မှ ဟွမ်မိသားစုဝင်များအားလုံး ပိုပို၍ မျက်နှာ မည်းမှောင်လာကြသည်။

*ရွှမ်ကျိုး အရှင်သခင်ဆီမှာ အညံ့ခံရမယ်*

*ယဲ့ဖန်နဲ့ ရှောင်ချီရှို့ကို လက်လွှဲပေးရမယ်*

*သွေးအဆိပ် ဘိုးဘေးကို သတ်သွားတဲ့ လူသတ်သမားကို ရှာရမယ်*

ယဲ့ဖန်က ကမ္ဘာဦးချောက်နက်မှနေ၍ ယင်ယန်လောကသို့ တက်လာခြင်းဖြစ်ကြောင်း ဟွမ်မိသားစုဝင်များ သိထားကြသည်။ ထို့ကြောင့် သွေးအဆိပ် ဘိုးဘေးကို သတ်လိုက်သည့်လူက ယဲ့ဖန်ပင်။

ထို့အတူ ဤအချက်သုံးချက်ထဲမှ မည်သည့်အချက်မဆိုသည် လက်ခံနိုင်စရာ အကြောင်းမရှိပေ။ ထို့အပြင် ဟွမ်ဖုလင်းက မိသားစုခေါင်းဆောင် ဟွမ်ချန်အား ထီမထင်သော အကြည့်များဖြင့် ကြည့်ကာ ဆက်ပြော လေသည်။

“ဟွမ်ချန်၊ ခင်ဗျား ရွှမ်ကျိုးမြေက မိသားစုတွေ တော်တော်များများကို သတ်ခဲ့ပြီးတော့ ရှေးဟောင်း မိသားစုတွေနဲ့ ပူးပေါင်းလိုက်တာကို ကျုပ်တို့ သိတယ်၊ ဒါက ရာဇဝတ်မှုကြီးဆိုတာ ခင်ဗျား သိမှာပါ”

“ရွှမ်ကျိုး အရှင်သခင်က မေတ္တာ ကရုဏာတရား ကြီးမားတဲ့သူမို့လို့ ဒီသတင်းစကား ပါးလိုက်တယ်၊ ခင်ဗျားတို့ သူ့ဆီမှာ အညံ့ခံသရွေ့ ခင်ဗျားတို့ကို အပြစ်မပေးဘဲ ခွင့်လွှတ်ပေးမယ်လို့ ပြောလိုက်တယ်”

“အဲ့ဒါအပြင် မိသားစုကြီးတွေဆီက ခင်ဗျားတို့ သိမ်းထားတဲ့ နယ်မြေတွေကို သူ့ဆီ ဆက်သရမယ်”

ဟွမ်ဖုလင်းက ပျက်ရယ်ပြုနေသည်။ သူ့စိတ်ထဲတွင် ဟွမ်မိသားစုသာမက ရှေးဟောင်းမိသားစုများသည် ရွှမ်ကျိုး၏ အရှင်သခင် ဟွမ်ဖုယိုနှင့် ရန်သူ မဖြစ်ရဲဟု ထင်မှတ်နေ၏။

အဘယ်ကြောင့်ဆိုသော် ဟွမ်ဖုယို၏ နောက်ကွယ်၌ ရှိနေသောသူသည် ယင်ယန်တစ်လောကလုံး၏ အရှင်သခင်ဖြစ်သော လူသား အရှင်သခင် ဖြစ်နေသောကြောင့်ပင်။

လူသားအရှင်သခင်နှင့် ရန်သူဖြစ်သွားပါက ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုလုံး မိနစ်ပိုင်းအတွင်း ရှင်းလင်းခံရပေလိမ့်မည်။

“ပြီးတော့ …”

ဟွမ်ဖုလင်းက စိတ်ကြီးဝင်နေဟန်နှင့် ယဲ့ဖန်အား မချိုမချဉ် မျက်နှာပေးဖြင့် ကြည့်ပြီး စဉ်းလဲစွာ ပြောလေသည်။

“ဒီလူနဲ့ ငရဲဘုံ စစ်ကျွန်ကို ကျုပ် ခေါ်သွားမယ်”

“သူတို့ သေသွားမှပဲ ကျုပ်တို့ ဟွမ်ဖုမျိုးနွယ်က ရန်ကြွေးကို ပယ်ဖျက်ပေးနိုင်မယ်”

ဟွမ်ဖုလင်း၏ စကားအဆုံး၌ ဘေးပတ်လည်တစ်ခုလုံး ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ထောင်သောင်းချီသော ဟွမ်မိသားစုဝင်များက သူတို့အား ဒေါသတကြီး စူးစိုက်ကြည့်လာ၏။

သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်သည် အသက်သခင် ကျေးဇူးရှင်ဖြစ်သလို အရှင်သခင်လည်း ဖြစ်သည်။ ယဲ့ဖန်ကို သတ်ချင်သည်ဆိုပါက သူတို့ကို အရင်သတ်မှပဲ ဖြစ်နိုင်ပေမည်။

ထိုအခိုက်တွင် ဟွမ်မိသားစု၏ ခြံဝန်းအတွင်း၌ အခြေအနေက တင်းမာလာသည်။ ဟွမ်ဖုလင်းနှင့် အခြားသူများလည်း တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိထားမိလာ၏။ ဟွမ်ဖုလင်းက သုန်မှုန်နေသော မျက်နှာထားဖြင့် ဆက်ပြောလိုက်သည်။

“ဘာလဲ၊ ခင်ဗျားက နတ်ဘုရင်အဆင့် လူတစ်ယောက်အတွက်နဲ့ ပုန်ကန်ချင်နေသေးတာလား”

“ဟွမ်မိသားစုကို သေချာစဉ်းစားဖို့ ကျုပ် အကြံပေးချင်တယ်”

“ကျုပ် အန္တိမအဆင့် နှစ်ယောက်ဖြစ်တဲ့ ဦးလေးဝေ့နဲ့ ဦးလေးဟန်ကို ခေါ်လာခဲ့တာ၊ မင်းတို့ ပုန်ကန်ရဲမယ်ဆိုရင် အခုချက်ချင်း မင်းတို့ ဟွမ်မိသားစု ရှင်းလင်းခံရမယ်”

ဟွမ်ဖုလင်း၏ စကားက မီးပုံထဲသို့ လောင်စာ ဖြည့်ပေးလိုက်သလို ဖြစ်သွားပြီး အခြေအနေက ပို၍ သတ်ဖြတ်ချင်သော အနေအထားသို့ ရောက်သွားလေသည်။

ထိုစဉ် ထောင်သောင်းချီသော ဟွမ်မိသားစုဝင်များက သူတို့၏ ခါးကြားမှ ဓားရိုးပေါ်သို့ လက်တင်လာကြသည်။ အားလုံး အဆင့်သင့် ဖြစ်နေကြလေသည်။ ယဲ့ဖန် စကားတစ်ခွန်း ဟလိုက်သည်နှင့် သူတို့ တိုက်ခိုက်ရန် အဆင်သင့်ပင်။

အခြေအနေ အလွန်အမင်း တင်းမာနေစဉ်တွင် လက်ခုပ်တီးသံ ထွက်ပေါ်လာပြီး ယဲ့ဖန် ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းလာသည်။

“တော်တယ်၊ မင်းရဲ့ ဟိတ်ဟန်ထုတ်တဲ့ အမူအရာကို ငါ သဘောကျတယ်”

ယဲ့ဖန်၏ စကားကြောင့် ဟွမ်ဖုလင်း မှင်တက်သွားသည်။

*ဟိတ်ဟန်ထုတ်တယ်တဲ့လား*

*ဒီကောင်က ငါ့ကို နိုင်ထက်စီးနင်းလုပ်ဖို့ ဟန်ထုတ်နေတယ်လို့ ပြောချင်တာလား*

ဟွမ်ဖုလင်း ဒေါသူပုန်ထသွားသည်။ သူသည် ယဲ့ဖန်အား ခက်ထန်သော အကြည့်များဖြင့် စူးစိုက်ကြည့်ပြီး ပြန်ချေပ ပြောဆိုရန် ဟန်ပြင်လိုက်သည်။ သို့သော် သူ ပါးစပ်မဟရသေးခင်မှာပင် ယဲ့ဖန်၏ အေးစက်စက် စကားသံ ထွက်ပေါ်လာပြန်သည်။

“ပြီးတော့ အန္တိမအဆင့်က သိပ်သန်မာတာလား”

ထိုစကားကြောင့် ဟွမ်ဖုလင်းနှင့် အနောက်မှ သိုင်းပညာရှင် ဆယ်ယောက်လုံး အံ့အားသင့်သွားသည်။

*အန္တိမအဆင့်က သန်မာလို့လားတဲ့လား*

*ဒီကောင် ဦးနှောက်ချောင်နေတာလား*

အန္တိမအဆင့် သိုင်းပညာရှင်တစ်ယောက်ကပင် ဟွမ်မိသားစုတစ်ခုလုံးကို သုတ်သခင်နိုင်၏။ လက်ရှိတွင် သူတို့ဘက်၌ အန္တိမအဆင့် နှစ်ယောက် ပါနေသောကြောင့် အဘယ်ကြောင့် မသန်မာဘဲ ရှိမည်နည်း။

“အရူးပဲ”

ယဲ့ဖန်ကြောင့် ဟွမ်ဖုလင်း ရယ်ချင်သွားသည်။ သူက ယဲ့ဖန်အား အထင်သေး ပျက်ရယ်ပြုချင်သော မျက်နှာပေးဖြင့် ကြည့်ကာ ပြန်ပြောလိုက်သည်။

“အန္တိမအဆင့် သိုင်းပညာရှင်က လက်လေးတစ်ဖက် လှုပ်လိုက်ရုံနဲ့ ကြွယ်ဝတဲ့ မိသားစုတစ်ခုကို ဖျက်ဆီးနိုင်ပြီးတော့ မိသားစုဝင်အားလုံးကို သုတ်သင်နိုင်တယ်”

“ဟမ့်၊ မင်းတို့ မြို့ငယ်ဆယ့်ရှစ်မြို့နဲ့ ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုမှာ အန္တိမအဆင့် တစ်ယောက်တောင် မရှိတာ”

“အဲ့ဒါက သန်မာတာ မဟုတ်ရင် ဘာဖြစ်ရဦးမှာလဲ”

ဟွမ်ဖုလင်း၏ စကားအဆုံး၌ ဟန်အဘိုးအိုနှင့် ဝေ့အဘိုးအိုတို့က ရင်ကိုကော့၍ ခေါင်းကိုမော့ထားကြသည်။ အန္တိမအဆင့်ဟူသည် သူတို့ ဂုဏ်ယူရသော ဂုဏ်ဒြပ်ဖြစ်သည်။ အန္တိမအဆင့်ဟု ကြားလိုက်ရသည်နှင့် မည်သူမျှ ရန်မပြုဝံ့တော့ချေ။

သူတို့အမြင်၌ ဤနတ်ဘုရင်အဆင့် လူငယ်လေးအား လက်တစ်ဖက်တည်းဖြင့် သတ်နိုင်ပြီး ဟွမ်မိသားစုအား ချက်ချင်း ဖျက်ဆီးနိုင်သည်ဟု ထင်ထားကြသည်။

သို့ရာတွင် ဟွမ်ဖုလင်း၏ စကားကို ကြားလိုက်ရပြီးနောက် ယဲ့ဖန်က ပြုံးလာပြီး ဟွမ်ဖုလင်းအား အရူးကို ကြည့်နေသကဲ့သို့ ကြည့်လေသည်။

“မြို့ငယ်ဆယ့်ရှစ်မြို့နဲ့ ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခုမှ အန္တိမအဆင့် တစ်ယောက်မှ မရှိဘူးလို့ မင်းကို ဘယ်သူ ပြောလဲ”

ယဲ့ဖန်စကားကြောင့် ဟွမ်ဖုလင်းနှင့် သိုင်းပညာရှင် ဆယ်ယောက်လုံး အံ့ဩသွားရပြန်သည်။ သူတို့ ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူတို့ ရထားသော သတင်း၌ အမှားအယွင်း မရှိပေ။ ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုလုံး၌ အန္တိမအဆင့် တစ်ယောက်မှ မရှိချေ။

သူတို့၏ ဘိုးဘေးများ ပြန်ရောက်လာသော်လည်း ထိခိုက်ဒဏ်ရာရထားသော စိတ်ဝိညာဉ်များသာ ဖြစ်ပြီး အချိန်ကြာကြာ အသက်မရှင်နိုင်ဘဲ ပျောက်ကွယ်ရတော့မည့် လူများ ဖြစ်လေသည်။

“ဟွမ်မိသားစုမှာ အန္တိမအဆင့် သိုင်းပညာရှင်တစ်ယောက် ရှိနေတယ်လို့ ပြောချင်တာလား”

ဟွမ်ဖုလင်း မျက်ခုံးလှုပ်လာသည်။ အကယ်၍ အန္တိမအဆင့် တစ်ယောက်သာ ရှိနေပါက သူ သတိထားမှ ဖြစ်ပေမည်။ သို့ရာတွင် ယဲ့ဖန်က ခေါင်းခါပြလာ၏။

*ဟမ်*

*မရှိဘူးလား*

ယဲ့ဖန် ခေါင်းခါပြလိုက်သဖြင့် ဟွမ်ဖုလင်း မျက်နှာ မည်းမှောင်သွားပြီး သူ့အား စနောက်နေသည်ဟု ထင်သွားလေသည်။ သူ ပြစ်တင်ကြိမ်းမောင်းရန် ပြင်လိုက်စဉ်တွင် ယဲ့ဖန်ထံမှ စကားသံ ထွက်လာသည်။

“မဟုတ်ဘူး၊ တစ်ယောက်တည်း မဟုတ်ဘူး”

“ဒါဇင်နဲ့ချီပြီး ရှိတာ”

ယဲ့ဖန်၏ စကားကြောင့် ဟွမ်ဖုလင်းတို့ ချက်ချင်း မှင်တက်သွားလေသည်။

*ဒါဇင်နဲ့ချီတယ်တဲ့လား*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

သတိပြန်ဝင်လာပြီးနောက် ဟွမ်ဖုလင်း ချက်ချင်း ဟားတိုက် ရယ်မောလိုက်သည်။ သူက ယဲ့ဖန်ကို လက်ညှိုးထိုး၍ လောက၌ အရယ်ရဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ ခွက်ထိုးခွက်လန် ရယ်မောနေသည်။

“ဟားဟားဟား … ဟေ့ကောင် ယင်ယန်လောကရဲ့ အန္တိမအဆင့် သိုင်းပညာရှင်ကို တရုတ်ဂေါ်ဖီထုပ်လိုများ မှတ်နေလား”

“ဘာမဟုတ်တဲ့ ဟွမ်မိသားစုလေးမှာ အန္တိမအဆင့် ဒါဇင်ချီပြီး ရှိတယ်တဲ့လား၊ ဟားဟားဟား … ရယ်လိုက်ရတာ အူတောင်နာတယ်”

ဟွမ်ဖုလင်းက ဟက်ဟက်ပက်ပက် ရယ်မောလေသည်။ သူ့အနောက်မှ အန္တိမအဆင့် အဘိုးအိုနှစ်ယောက်နှင့်‌ လောကသခင် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် ရှစ်ယောက်တို့ကလည်း ပျက်ရယ်ပြုနေ၏။

သူတို့စိတ်ထဲတွင် ယဲ့ဖန်က ဝမရှိဘဲ ဝိလုပ်နေသည်ဟု ထင်မှတ်ကာ မဟုတ်တမ်းတရားများ ပြောဆိုနေသည်ဟု ထင်နေလေသည်။

ထိုအချိန်မှပင် ယဲ့ဖန်က လက်ခုပ်တီးလိုက်သည်။ ထိုလက်ခုပ်သံအဆုံး၌ ဟွမ်မိသားစု၏ အိမ်တော်ခန်းမတွင်းမှ ခြေသံများ ထွက်ပေါ်လာ၏။

တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်၊ အယောက်သုံးဆယ်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် လူ သုံးဆယ့်နှစ်ယောက် ထွက်လာ၏။

ထိုလူများကို မြင်လိုက်ရသည်နှင့် ဟွမ်ဖုလင်း၏ ရယ်သံ ပျောက်ကွယ်သွားသလို အနောက်မှ သိုင်းပညာရှင် ဆယ်ယောက်တို့၏ လှောင်ရယ်သံများလည်း တိတ်ဆိတ်သွားလေသည်။

“ဘုရင်မကျစ်ဝေ့၊ ဟွမ်ထျန်းပါ့၊ တမင်ကျင်းဖမ်း …”

ရင်းနှီးနေသော မျက်နှာများကို မြင်လိုက်ရသဖြင့် အန္တိမအဆင့် ဝေ့အဘိုးအိုနှင့် ဟန်အဘိုးအိုတို့ မျက်လုံးပြူး သွားပြီး ထိတ်လန့်၍ မယုံသင်္ကာဟန်များ ဖြစ်ပေါ်လာသည်။ သူတို့သည်သာမက ဟွမ်ဖုလင်းသည်လည်း မိုးကြိုးပစ်ချ ခံရသကဲ့သို့ ဖြစ်နေသည်။

“အန္တိမအဆင့်၊ အားလုံးက အန္တိမအဆင့်တွေပဲ”

“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ၊ ဒါ … ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ဟွမ်ဖုလင်း တုန်လှုပ်နေသည်။ ရွှမ်ချန်တစ်မြို့လုံးမှာပင် အန္တိမအဆင့် သိုင်းပညာရှင်က အနည်းငယ်မျှသာ ရှိသည်။ ယခုအခါတွင်မူ မြို့ငယ်လေးတစ်မြို့၌ အန္တိမအဆင့် သိုင်းပညာရှင်ပေါင်း သုံးဆယ့်နှစ်ယောက်တိတိ ရှိနေ၏။

ထို့အပြင် ထိုအန္တိမအဆင့် သိုင်းပညာရှင် သုံးဆယ့်နှစ်ယောက်သည် အနားသို့ ရောက်လာသည်နှင့် ယဲ့ဖန်ဘက် လှည့်ကာ ဒူးတစ်ဖက်ထောက်၍ အရိုအသေ ပေးလေသည်။

“အရှင့်ကို ဂါဝရပြုပါတယ်”

Chapter 969 ငါ မင်းကို မသတ်ပါဘူး

*အရှင်*

ထိုစကားနှစ်လုံးကို ကြားလိုက်ရချိန်တွင် ဟွမ်ဖုလင်းနှင့် အနောက်မှ သိုင်းပညာရှင် ဆယ်ယောက်တို့ ကြက်သီး မွေးညင်း ထသွားသည်။

ယခင်က ထောင်သောင်းချီသော ဟွမ်မိသားစုဝင်များကို သူတို့ ထွေထွေထူးထူး အလေးမထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ဘက်၌ အန္တိမအဆင့် သိုင်းပညာရှင်များ ရှိနေသောကြောင့် ဟွမ်မိသားစုက ယဲ့ဖန်ဘက်၌ ရပ်တည်မည်ဆိုပါက ထိုသူအားလုံးကို သူတို့ သုတ်သင်နိုင်သည်ဟု ထင်ခဲ့ကြသည်။

သို့သော် ယခုအခါတွင် အန္တိမအဆင့် သိုင်းပညာရှင် သုံးဆယ့်နှစ်ယောက် ထွက်ပေါ်လာသောကြောင့် သူတို့၏ အရှိန်အဝါက ဝေ့အဘိုးအိုနှင့် ဟွမ်အဘိုးအိုတို့ကို ဖိနှိပ်သွားသည်။ ထို့အပြင် အရေအတွက်ကလည်း သူတို့ထက် သာနေ၏။

ထိုအန္တိမအဆင့် သိုင်းပညာရှင်များ၏ အရှင်ဟု နှုတ်ဆက်သံက ကျယ်လောင်လွန်းလှသည်။

“ခန္ဓာကိုယ် အသစ်ပြန်ဖွဲ့စည်းပြီးတော့ စိတ်ဝိညာဉ် ဒဏ်ရာလည်း ပျောက်ကင်းနေပြီ၊ ချီးတဲ့မှပဲ …”

ဝေ့အဘိုးအိုနှင့် ဟန်အဘိုးအိုတို့ တုန်လှုပ်နေကြပြီး ချွေးစေးပြန်နေသည်။ ဘုရင်မကျစ်ဝေ့နှင့် အခြားသူများ၏ ကြောက်စရာကောင်းပုံကို သူတို့ အသိဆုံးပင်။

တစ်ဖက်လူက ဝိညာဉ်အဖြစ် ရှိနေစဉ်က အန္တရာယ် မရှိသော်လည်း ခန္ဓာကိုယ် ပြန်ဖွဲ့စည်းပြီး ဒဏ်ရာများ ပျောက်ကင်းလာသောအခါ အန္တရာယ်ပေးနိုင်စွမ်းက မြင့်တက်လာသည်။

*ဘယ်လိုလုပ်ရမလဲ*

အန္တိမအဆင့် အဘိုးအိုနှစ်ယောက် အချင်းချင်း ခြောက်ခြားစွာ ပြန်ကြည့်မိကြသည်။

“ငါ လူဒါဇင်ချီတယ်လို့ ပြောခဲ့သားပဲ၊ အခု မင်းတို့ ယုံပြီလား”

ယဲ့ဖန်က ဟွမ်ဖုလင်းနှင့် အခြားသူများကို ပြုံးစိစိဖြင့် လှမ်းကြည့်၍ ပြောလာသည်။ ထိုစကားကြောင့် ဟွမ်ဖုလင်းနှင့် အခြားသူများ ခိုက်ခိုက်တုန်သွားလေ၏။

“အင်း … ဟုတ်တယ်၊ ငါတို့ နေရာမှားလာခဲ့မိတာပဲ”

ဟွမ်ဖုလင်းက ဖြူရော်နေသော မျက်နှာထားဖြင့် လက်ပြနှုတ်ဆက်လေသည်။

“သွားလိုက်ဦးမယ်”

ထိုသို့ပြောပြီးနောက် သူသည် ကြောက်လန့်နေသော ခွေးတစ်ကောင်သဖွယ် ခြံဝန်းအပြင်သို့ ထွက်ပြေး လေသည်။ သူသည်သာမ ဝေ့အဘိုးအိုနှင့် ဟန်အဘိုးအိုတို့သည်လည်း ပို၍ တုန်လှုပ်ဟန်ဖြင့် လောကသခင် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် ရှစ်ယောက်နှင့်အတူ အနောက်မှ ခပ်သွက်သွက် လိုက်သွား လေသည်။

ဒေါက်! ဒေါက်! ဒေါက်!

သူတို့အားလုံး တံခါးဝသို့ ခပ်သုတ်သုတ် လျှောက်သွားနေသည်။ သူတို့ တံခါးဝသို့ ရောက်သည်နှင့် ဟွမ်အိမ်တော်၏ တံခါးက ချက်ချင်း ပိတ်သွားသည်။

ဤမြင်ကွင်းက ဟွမ်ဖုလင်းနှင့် အခြားသူများက အပြင်းအထန် တုန်လှုပ်သွားစေသည်။ ယခု ပြဿနာ ကြီးတော့မည်ဟု သူတို့ သိလိုက်သည်။

ထိုသို့တွေးမိပြီးနောက် ဟွမ်ဖုလင်းသည် သူ ထောင်လွှားနေခဲ့သည်ကို နောင်တရလာပြီး မည်သို့လုပ်ရမလဲ မသိတော့ချေ။

“ယဲ့ … ယဲ့ဖန်၊ မင်း ဘာလုပ်ချင်နေတာလဲ”

“ငါ ဟွမ်ဖုမိသားစုက သားမှန်း မင်း သိတယ်မလား၊ ငါ့ဘိုးဘေးက ဟွမ်ဖုယိုနော်၊ လူသား အရှင်သခင်ရဲ့ လက်အောက်က ပြိုင်ဘက်ကင်း စစ်သူကြီး သုံးဆယ့်ခြောက်ယောက်ထဲက တစ်ယောက်ပဲ”

“မင်း ငါ့ကို ထိခိုက်အောင် လုပ်ရဲမယ်ဆိုရင် ငါ့ဟွမ်ဖုမိသားစုရဲ့ ရန်သူ ဖြစ်သွားမှာနော် ပြီးတော့ လူသား အရှင်သခင်ရဲ့ ရန်သူ ဖြစ်လာမှာ”

ဟွမ်ဖုလင်း၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ဟွမ်ဖုမိသားစုနှင့် လူသားအရှင်သခင်၏ နာမည်ကို ထုတ်ပြောရုံသာ တတ်နိုင်တော့သည်။

ယဲ့ဖန်က လူသားအရှင်သခင်၏ ရန်ဘက်ဖြစ်လောက်သည်အထိ စွန့်စားရဲလိမ့်မည်ဟု သူ မယုံကြည်ပေ။

“ဟွမ်ဖုမိသားစု ဟုတ်လား၊ လူသားအရှင်သခင်”

ယဲ့ဖန်က မျက်လုံးကို စင်း၍ ကြည့်လေသည်။ ဤသည်ကိုကြည့်ပြီး ဟွမ်ဖုလင်းက ယဲ့ဖန် တွန့်ဆုတ်သွားပြီဟု ထင်မှတ်ကာ ကြောက်လန့်စိတ်များလည်း ပျောက်ကွယ်သွားသည်။

“ဟုတ်တယ်၊ ငါ့ဟွမ်ဖုမိသားစုရဲ့ ပထမဘိုးဘေးက လွန်ခဲ့တဲ့ နှစ်နှစ်သိန်းတုန်းက လူသားအရှင်သခင်နောက် လိုက်ပြီး အမှုထမ်းခဲ့တဲ့ ပြိုင်ဘက်ကင်း စစ်သူကြီး သုံးဆယ့်ခြောက်ယောက်ထဲက တစ်ယောက်ပဲ”

“အခမ်းအနား ကျင်းပတိုင်း သူက လူသားအရှင်သခင်နဲ့အတူ သေရည် အတူသောက်တယ်”

“မင်း လိမ်လိမ်မာမာနဲ့ ငါ့ကို လွှတ်ပေးမယ်ဆိုရင် ဘိုးဘေးကို မင်းအသက်ကို ချမ်းသာပေးဖို့ ငါ ပြောပေးမယ်”

“ဘယ်လိုလဲ”

လက်ရှိအချိန်၌ ဟွမ်ဖုလင်းသည် ဤနေရာမှ ထွက်သွားချင်နေ၏။ သူ၏စိတ်ထဲတွင် အလွန် မကျေမနပ် ဖြစ်နေသည်။ သူ ဤနေရာမှ ထွက်သွားနိုင်သည်နှင့် ဘိုးဘေးကို ချက်ချင်း သတင်းပို့ကာ သိုင်းပညာရှင်များကို စုဝေး၍ ဤလူများကို သတ်ပစ်ခိုင်းရမည်။

သူ့စကားကို ကြားသောအခါ ယဲ့ဖန်က အသာပြုံးလိုက်ပြီး မျက်လုံး၌ အေးတိအေးစက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

“ငါ ယင်ယန်လောကကို လာတာ လူသားအရှင်သခင်ကို သတ်ပစ်ဖို့ပဲ”

ယဲ့ဖန်၏စကားက ဟွမ်ဖုလင်းနှင့် အခြားသူများကို မှင်တက်သွားစေသည်။ သို့သော် သူတို့ မည်သို့မှ မတုံ့ပြန်နိုင်သေးခင်မှာပင် ယဲ့ဖန်က လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“စတော့”

သူ့စကားအဆုံး၌ ဘေးနားမှ ဘုရင်မကျစ်ဝေ့က ချက်ချင်း လှုပ်ရှားလာ၏။ သူမ၏ လက်ဝါးချက်က ဝေ့အဘိုးအို၊ ဟန်အဘိုးအိုနှင့် လောကသခင် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် ဆယ်ယောက်ထံသို့ ကျရောက်လာ လေသည်။

လေထုပင် အက်ကွဲလာပြီး ပြင်းထန်သော အရှိန်အဝါက လောကသခင် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် ဆယ်ယောက်အား လွှမ်းခြုံလာသည်။

“ကျစ်ဝေ့ ကောင်းကင်လက်ဝါး”

ထိုလှုပ်ရှားမှုကြောင့် ဝေ့အဘိုးအို၊ ဟန်အဘိုးအိုနှင့် အခြားသူများ ထိတ်လန့်သွားသည်။ တစ်ချိန်က ဘုရင်မ ကျစ်ဝေ့သည် ကျစ်ဝေ့ ကောင်းကင်လက်ဝါးချက်ဖြင့် ရှေးဟောင်း နတ်ဘုရား တစ်ယောက်ပြီး တစ်ယောက်အား သတ်ခဲ့သည်ကို သူတို့ သိထားကြသည်။ ထိုအချိန်က လူသားအရှင်သခင်ပင် ထိုတိုက်ကွက်အား အလွန်အမင်း မနာလိုဖြစ်ခဲ့ရသည်။

“မလုပ်နဲ့”

အန္တိမအဆင့် သိုင်းပညာရှင်များဖြစ်သော ဝေ့အဘိုးအိုနှင့် ကျင်းအဘိုးအိုတို့ ခုခံရန် ပြင်လိုက်ကြသည်။ သို့သော် ကျစ်ဝေ့ ကောင်းကင်လက်ဝါးချက်အောက်၌ သူတို့၏ လက်သီးများ ပေါက်ကွဲ ပျက်စီးသွားလေသည်။

နှစ်ယောက်လုံးသည် ကြီးမားလှသော တောင်ကြီးတစ်လုံး ကောင်းကင်ယံမှ ကျဆင်းလာသည်ဟု ခံစားမိကာ မခုခံနိုင်ကြတော့ချေ။

သူတို့အနောက်မှ လောကသခင် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် ရှစ်ယောက်သည် ထိုလက်ဝါးချက် အောက်၌ သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်အက်ကွဲလာပြီး ပေါက်ကွဲသွားသည်ကို တွေ့လိုက်ရသည်။

တစ်ယောက်၊ ငါးယောက်၊ ရှစ်ယောက်။ လောကသခင် အထွတ်အထိပ်အဆင့် ရှစ်ယောက်လုံး ပေါက်ကွဲ သေဆုံးသွားလေသည်။

သူတို့သည်သာမက ဝေ့အဘိုးအိုနှင့် ဟန်အဘိုးအိုတို့သည်လည်း ဘုရင်မကျစ်ဝေ့၏ လက်ဝါးချက်အောက်၌ သူတို့၏ အရိုးများ အက်ကွဲလာသည်ကို ခံစားနေရသည်။ သူတို့၏ အသွေးအသားများ အရည်ပျော်စပြုလာသည်။

“အား…”

အော်သံနှစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ နောက်ဆုံးတွင် ကျစ်ဝေ့ ကောင်းကင်လက်ဝါးချက်အောက်၌ အန္တိမအဆင့် သိုင်းပညာရှင် နှစ်ယောက်နှင့် လောကသခင် အထွတ်အထိပ်အဆင့် ရှစ်ယောက်လုံး သေဆုံး သွားလေသည်။ ထိုလက်ဝါးချက်ကြောင့် မြေဆီလွှာပင် အက်ကွဲပြီး တွင်းချိုင့် ဖြစ်ပေါ်နေသည်။ ထိုတွင်းချိုင့်အတွင်းမှ သွေးများ စိမ့်ထွက်လာသည်။

ထိုအခိုက်တွင် ဟွမ်ဖုလင်းသည် နားဝေတိမ်တောင်ဖြစ်ကာ ငေးငိုင်နေမိသည်။ ဘုရင်မကျစ်ဝေ့၏ တိုက်ခိုက်မှု အဆုံး၌ သွေးအိုင်နှင့် အရိုးအစအနများကိုသာ သူ တွေ့လိုက်ရသည်။

ဝေ့အဘိုးအို၊ ဟန်အဘိုးအိုနှင့် လောကသခင် အထွတ်အထိပ်အဆင့် ရှစ်ယောက်လုံး လက်ဝါးချက် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရလေပြီ။

“တစ်ချက်တည်း၊ သူ … သူ အန္တိမအဆင့် သိုင်းပညာရှင်နှစ်ယောက်ကို လက်ဝါးချက် တစ်ချက်တည်းနဲ့ သတ်ပစ် လိုက်တယ်ပေါ့”

ဟွမ်ဖုလင်းသည် ဘုရင်မကျစ်ဝေ့အား မိစ္ဆာကောင်ကို ကြည်သကဲ့သို့ ကြည့်လိုက်မိသည်။ လက်ရှိအချိန်တွင် သူသည် ရှေးဟောင်းမိသားစုမှ လူများ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သတိပြုမိသွားသည်။

ဤလူအိုကြီးများက သူတို့၏ အထွတ်အထိပ်အချိန်၌ လူသားအရှင်သခင်နှင့် တိုက်ခိုက်နိုင်ခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။ သူတို့၏ အစွမ်းက ထင်မှတ်မထားလောက်အောင် ကြောက်စရာကောင်းလှသည်။

ထိုစဉ် ဟွမ်ဖုလင်းသည် ဒူးများ ပျော့ခွေလာပြီး ယဲ့ဖန်ရှေ့၌ ဒူးထောက်လိုက်မိသည်။ သူ၏ခန္ဓာကိုယ်က တုန်ယင်နေပြီး ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်လာသည်။

“အရှင် ခွင့်လွှတ်ပေးပါ၊ ဒီလူငယ်လေး … မဟုတ်၊ မဟုတ်ဘူး … ဒီငယ်သားက အမိန့်ကို လာပြောရုံပဲ ရှိတာပါ”

“အရှင်နဲ့ ဘိုးဘေးတို့ကြားက တိုက်ပွဲကို လုံးဝ ဝင်မပါရဲပါဘူး”

“ပြီးတော့ ဒီငယ်သားကို မရှိခဲ့သလို သဘောထားပြီး လွှတ်ပေးဖို့ အရှင့်ကို တောင်းဆိုပါရစေ”

လက်ရှိအချိန်တွင် ဟွမ်ဖုလင်းသည် အစောပိုင်းကကဲ့သို့ မမောက်မာနိုင်တော့ပေ။ ဘုရင်မကျစ်ဝေ့၏ စွမ်းအင်က သူ့အား တုန်လှုပ်သွားစေသည်။ ယခုအချိန်၌ သူသည် အသက်ပဲ ရှင်ချင်လေသည်။ ထို့ကြောင့် သူ ထပ်ခါထပ်ခါ ဦးတိုက်၍ တောင်းပန်နေ၏။

ဤသည်ကိုကြည့်ပြီး ဘေးနားမှ ဟွမ်မိသားစုဝင်များက အလွန် အထင်သေးသော အကြည့်ဖြင့် ကြည့်နေ ကြသည်။

လူသားအရှင်သခင်နောက်လိုက်၍ ယင်ယန်လောကအား သိမ်းပိုက်ခဲ့သော သိုင်းပညာရှင်၏ မျိုးဆက်က ယခုကဲ့သို့ ဆုတ်ယုတ်ပျက်စီးနေသည်က အံ့ဩစရာ ကောင်းလှသည်။ သူတို့၏ မျိုးဆက်များက စည်းစိမ်ချမ်းသာများထဲ၌ ကြီးပြင်းခဲ့ရသဖြင့် စိတ်ဓာတ်က ပျော့ပျောင်းလှသည်။

“မကြောက်ပါနဲ့”

ယဲ့ဖန်က ဟွမ်ဖုလင်းအား သရော်ပြုံးပြုံး၍ ပြောလိုက်သည်။

“ငါ မင်းကို မသတ်ပါဘူး”

“ငါ့လူတွေကို မင်းရဲ့ ခြေလက်တွေ ဖြတ်ပစ်ပြီး သွေးကြောတွေ ပျက်စီးအောင်ပဲ လုပ်ခိုင်းမှာ၊ ပြီးမှ မင်းကို ပြန်လွှတ်ပြီး ဟွမ်ဖုယိုဆီ သတင်းစကား ပါးခိုင်းမှာလေ”

ယဲ့ဖန်၏ အပြုံးနှင့် ခက်ထန်သော စကားများကို နားထောင်ပြီး ဟွမ်ဖုလင်း ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။ ယဲ့ဖန်အား မိစ္ဆာကောင်ဟု သူ မြင်လာ၏။

“ဟွမ်ဖုယိုကို ပြောလိုက်”

“သွေးအဆိပ်ဘိုးဘေးကို သတ်ခဲ့တာ ငါပဲ၊ ပြီးတော့ နောက်ထပ် အသတ်ခံရမယ့်လူက … သူပဲ”

All Chapters