← Chapters

အခန်း (၉၇၀-၉၇၂)

Vol. 65 Ch. 970-972

အခန်း (၉၇၀-၉၇၂)

Vol. 65 Ch. 970-972

Chapter 970 ပြိုင်ဘက်ကင်း စစ်သူကြီး ဟွမ်ဖုယို

ရွှမ်ချန်မြို့၊ ရွှမ်ကျိုး၏ ဗဟိုမြို့တော်။

ထိုနေရာ၌ သိုင်းပညာရှင်ပေါင်း သန်းချီရှီနေပြီး ရွှမ်ချန်မြို့၌ လောကသခင်တစ်ပိုင်းအဆင့်များ ပေါများစွာ ရှိလေသည်။ လောကသခင်အဆင့်များအား နေရာတိုင်းလိုလို၌ မြင်တွေ့နိုင်ပေသည်။

ထို့အပြင် အသန်မာဆုံးသောလူများမှာ မြို့တော်သခင်၏ စံအိမ်အတွင်း၌ နေထိုင်ကြသည်။ မြို့တော်သခင် စံအိမ်နှင့် နီးလာလေလေ ပိုသန်မာသော သိုင်းပညာရှင်များကို တွေ့ရလေလေ ဖြစ်သည်။

လက်ရှိအချိန်တွင် မြို့တော်သခင်၏ စံအိမ်ခန်းမအတွင်း၌ အသက်အရွယ် ကြီးရင့်နေသော လူအိုကြီးတစ်ယောက် ထိုင်နေသည်။

သူ၏ဆံပင်များက ဖြူဖွေးနေပြီး မျက်လုံးများက ခန့်မှန်းရခက်သော မျက်လုံးများပင်။ သူ၏ပုံစံက နှစ်ပေါင်းများစွာ အသက်ရှင်နေသော မိစ္ဆာအိုကြီးနှင့် ဆင်တူလှပြီး ထူးခြားသော ခံစားချက်မျိုး ပေးစွမ်း လေသည်။

ထို့အပြင် သူ့ထံမှ အဆက်မပြတ် ထွက်ပေါ်လာသော အန္တရာယ် ပေးနိုင်သည့် အငွေ့အသက်ကြောင့် အနား၌ ရပ်နေသည့်လူများပင် တုန်လှုပ်နေရသည်။

ထိုအဘိုးအိုရှေ့၌ လက်ရှိ ဟွမ်ဖုမိသားစု၏ မိသားစုခေါင်းဆောင်ပင် အသက်ပြင်းပြင်း မရှူရဲပေ။

“ဖုန်းအာ ပြန်လာပြီလား”

လူအိုကြီးက လက်ရှိ ဟွမ်ဖုမိသားစုခေါင်းဆောင်ဖြစ်သော သွမ့်မူကို မေးလာသည်။ ဟွမ်ဖု သွမ့်မူသည် ဟွမ်ဖုမိသားစု၏ လက်ရှိ မိသားစုခေါင်းဆောင် ဖြစ်သည်။ ထို့အပြင် သခင်လေး ဟွမ်ဖုဖုန်းသည် ဟွမ်ဖုသွမ့်မူ၏ သားဖြစ်ပြီး ရွှမ်ချန်တစ်မြို့လုံးတွင် နံပါတ်တစ် လူငယ်ပါရမီရှင် ဖြစ်လေသည်။

သူသည် အသက်ငယ်ငယ်လေးနှင့် အန္တိမတစ်ပိုင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ ဟွမ်ဖုဖုန်းအား ဟွမ်ဖုမိသားစု၏ မျှော်လင့်ချက်အဖြစ် ဘိုးဘေးဖြစ်သော ဟွမ်ဖုယိုသာမက မိသားစုခေါင်းဆောင် ဟွမ်ဖုသွမ့်မူ ကပါ မှတ်ယူထားလေသည်။

တစ်နေ့နေ့၌ ဟွမ်ဖုဖုန်းက ဟွမ်ဖုမိသားစုထံသို့ ယခင်ရှေးခေတ်က ဂုဏ်ကျက်သရေအား ပြန်လည်ယူဆောင် ပေးလိမ့်မည်ဟု ခိုင်မာစွာ ယုံကြည်ထားကြသည်။

ဘိုးဘေး၏ မေးခွန်းအား ဟွမ်ဖုသွမ့်မူ လျစ်လျူမရှုရဲသဖြင့် ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။

“ဘိုးဘေး ဖုန်းအာ ပြန်မလာသေးပါဘူး၊ နောက်ဆုံးရတဲ့ သတင်းအရဆို သူ အခုထိ ငရဲဘုံ နတ်ဆိုးတွေကို လိုက်စုပြီး ဖမ်းနေတုန်းပါ”

*ငရဲဘုံ နတ်ဆိုး*

ထိုစကားကိုသာ ယဲ့ဖန် ကြားခဲ့ပါက ထိတ်လန့်သွားလောက်သည်။ အဘယ်ကြောင့်ဆိုသော် ရွှမ်ကျိုး၌ ရှောင်ချီရှို့သာမက အချို့သော ငရဲဘုံမှ လူများလည်း လိုက်လံဖမ်းဆီးခြင်း ခံနေရသည်။ သူတို့၏ စွမ်းရည်က ဟွမ်ဖုမိသားစု၏ အာရုံကို ဆွဲဆောင်မိသွားလေသည်။

အထူးသဖြင့် ယဲ့ဖန်နှင့် ရှောင်ချီရှို့တို့၏ ဖြစ်ရပ်အပြီး၌ ဟွမ်ဖုယိုက လူငယ်မျိုးဆက်ထဲမှ သူ ဂုဏ်အယူရဆုံးနှင့် တန်ဖိုးအထားရဆုံးသော ဟွမ်ဖုဖုန်းကို တာဝန်ပေး၍ စေလွှတ်ခဲ့သည်။

“ဟမ့် နှစ်နှစ်သိန်းကြာအောင် တည်ငြိမ်ပြီး ကြယ်ဝနေတဲ့ ငါတို့ရွှမ်ကျိုးက ငရဲဘုံက ပုရွက်ဆိတ်တစ်ချို့ကြောင့် အုတ်အောင်သောင်းတင်း ဖြစ်သွားမယ်လို့ ငါ ထင်မထားမိဘူး”

ဟွမ်ဖုမိသားစုခေါင်းဆောင်၏ မျက်လုံးများက တင်းမာခက်ထန်နေ၏။

“ဒီတစ်ခေါက်တော့ ဖုန်းအာက ငရဲဘုံက လူတွေကို ဖမ်းနိုင်နေသလို ဟွမ်ဖုလင်း၊ ဝေ့ပင်းနဲ့ ဟန်ကျင်းတို့ကလည်း ယဲ့ဖန်နဲ့ ရှောင်ချီရှို့ကို သွားဖမ်းနေပါပြီ”

“အချိန်ကျလာရင် ကျွန်တော်တို့ သူတို့ကို အတူတူ သုတ်သင်မှာပါ”

ထိုအခါ ဟွမ်ဖုယို၏ အကြည့်များက ပို၍တင်းမာ ခက်ထန်လာသည်။

“ငါ အဲ့ဒီငရဲဘုံက ပုရွက်ဆိတ်တွေကို ကိုယ်တိုင် ခေါင်းဖြတ်ပြီး အဲ့ခေါင်းတွေကို ရွှမ်ကျိုးမြေအနှံ့ ပစ်ထားလိုက် ချင်တယ်”

“အားလုံးကို ငရဲဘုံက လူတွေဆိုတာ တွားသွားသတ္တဝါတစ်ကောင်ထက် မပိုတာကို အားလုံး သိစေရမယ်၊ တစ်ယောက် တက်လာရင် တစ်ယောက် သတ်ပစ်မယ်၊ အဖွဲ့နဲ့လာရင် အဖွဲ့လိုက် သတ်ပစ်မယ်”

ဟွမ်ဖုယို၏ စကားများက မိသားစုခေါင်းဆောင် ဟွမ်ဖု သွမ့်မူကိုပင် တုန်လှုပ်သွားစေပြီး နဖူးမှ ချွေးစေးများ စီးကျလာ၏။ ဘိုးဘေးဖြစ်သူ၏ ရက်စက်ကြမ်းကြုတ်မှုကို သူ အသိဆုံးပင်။

တစ်ချိန်က သူ၏ဘိုးဘေးသည် ဖီချူးမျိုးနွယ်အား တစ်ယောက်တည်း သတ်ပစ်ခဲ့ပြီး ယင်ယန်လောက တစ်ခုလုံးအား တုန်လှုပ်စေခဲ့သည်။ ထို့နောက် ပြိုင်ဘက်ကင်း ဟွမ်ဖုယိုဟူ၍ အမည်တွင်ခဲ့သည်။

ယခုအခါတွင် ငရဲဘုံမှ လူနှစ်ယောက်က ရွှမ်ကျိုး၏ မြို့ငယ်ဆယ့်ရှစ်မြို့မှ မိသားစုကြီးများကို သတ်ပစ် လိုက်သဖြင့် ဤမိစ္ဆာအိုကြီးအား ဒေါသူပုန်ထသွားစေသည်။

တစ်စုံတစ်ရာကို တွေးမိပြီးနောက် ဟွမ်ဖုသွမ့်မူက ခေါင်းကိုငုံ့၍ တွန့်ဆုတ် တွန့်ဆုတ်နှင့် ပြောလိုက်သည်။

“ဘိုးဘေး တကယ်လို့ ဟွမ်ဖုလင်းက ယဲ့ဖန်နဲ့ ရှောင်ချီရှို့ကို ခေါ်မလာနိုင်ရင် ဘယ်လိုလုပ်မလဲ”

“အဲ့ဒီ ရှေးဟောင်း မိသားစုကြီးတွေက အဲ့လူတွေကို ထည့်မပေးလိုက်မှာကို ကျွန်တော် စိုးရိမ်တယ်”

*မထည့်ပေးလိုက်မှာကိုလား*

သူ့စကားကြောင့် ဟွမ်ဖုယိုက အသာပြုံးလိုက်သည်။ ထိုအပြုံး၌ ကြောက်လန့်ဖွယ်ရာများဖြင့် ပြည့်နှက်နေ၏။ သူက လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ရက်စက်စွာ ပြုံးလိုက်သည်။

“ငါ အဲ့မိသားစုတွေကို အခွင့်အရေး ပေးလိုက်ပြီးသားပဲ၊ သူတို့တွေ အဲ့အခွင့်အရေးကို မယူဘဲ ဟိုလူတွေကို မလွှတ်ပေးရင်တော့ ငါ လာသတ်ရင် အပြစ်မတင်ကြနဲ့ပေါ့”

ထိုသို့ပြောနေချိန်တွင် ဟွမ်ဖုယို စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။ ထိုစဉ် ခန်းမအပြင်ဘက်မှ ခပ်သွက်သွက် လှမ်းလာနေသော ခြေသံများ ထွက်ပေါ်လာသည်။

ထို့ကြောင့် ဟွမ်ဖုယိုနှင့် ဟွမ်ဖုသွမ့်မူတို့ အံ့ဩသွားလေသည်။ သူတို့ ကြည့်နေစဉ်မှာပင် ဟွမ်ဖုမိသားစုဝင် နှစ်ယောက်က ထမ်းစင်တစ်ခုကို သယ်၍ အလျင်အမြန် ဝင်လာသည်ကို တွေ့လိုက်ရသည်။ ထမ်းစင်ပေါ်မှ သွေးသံတရဲရဲနှင့် လူက သေခါနီး ဝက်တစ်ကောင်သဖွယ် အော်ဟစ်နေ၏။

“အား….”

ထိုအသံက ကြောက်လန့်စိတ်များဖြင့် ပြည့်နှက်နေသည်။ ထိုသွေးသံတရဲရဲနှင့်လူသည် ကြေးချွတ်သန့်စင်ဘုံမှ နှိပ်စက်မှုများကို ခံလာခဲ့ရပုံ ပေါ်သည်။

ထိုသွေးသံတရဲရဲနှင့်လူကို မြင်လိုက်ရချိန်တွင် ဟွမ်ဖုယို ထိုင်နေရာမှ ထရပ်လိုက်မိသည်။ ထိုလူသည် ရင်ဟွမ်မြို့သို့ သူ လွှတ်လိုက်သည့် ဟွမ်ဖုလင်း ဖြစ်နေ၏။

ဟွမ်ဖုလင်း တစ်ယောက်လည်း ပြန်ရောက်လာရုံသာမက အန္တိမအဆင့်ဖြစ်သော ဝေ့ပင်းနှင့် ဟန်ကျင်း တို့ကိုလည်း အရိပ်အယောင်မျှ မတွေ့ရပေ။ ပြန်ရောက်လာသော ဟွမ်ဖုလင်းသည် ခြေလက်များ ပြတ်နေပြီး သွေးကြောများ ဖျက်ဆီးခံထားရသည်။

*ဒါက …*

ဟွမ်ဖုယို၏ စိတ်ထဲတွင် ဒေါသရိပ်များ တလိပ်လိပ် တက်လာ၏။

“ပါးစပ်ပိတ်ထားစမ်း”

သူ အော်လိုက်သောကြောင့် ငယ်သံပါအောင် အော်နေသော ဟွမ်ဖုလင်း တုန်ယင်ကာ ငြိမ်ကျသွားသည်။ သူသည် ကြောင်ကို တွေ့လိုက်ရသော ကြွက်တစ်ကောင်သဖွယ် ဖြစ်နေပြီး နာကျင်နေသော်လည်း တစ်စက်ကလေးမျှ မအော်ရဲတော့ချေ။

ဒေါက်! ဒေါက်! ဒေါက်!

ဘိုးဘေး ဟွမ်ဖုယိုက ဟွမ်ဖုလင်းရှိရာ ထမ်းစင်သို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး အေးတိအေးစက် မျက်လုံးများဖြင့် ပြောလာသည်။

“ရှင်းပြစမ်း”

ဟွမ်ဖုလင်း တံတွေးမျိုချလိုက်ပြီးနောက် နည်းနည်းလေးမျှ မဖုံးကွယ်ရဲသဖြင့် ရင်ဟွမ်မြို့သို့ သွားခဲ့သော သူ၏ခရီးစဉ်မှ အကြောင်းအရာအားလုံးကို မခြွင်းမချန် ပြောပြလိုက်သည်။

ရှေးဟောင်း ဝိညာဉ် သုံးဆယ့်နှစ်ခုက အန္တိမအဆင့်သို့ ရောက်သွားကြောင်း ပြောပြလိုက်ချိန်တွင် ဟွမ်ဖုယို မျက်နှာ ပျက်ယွင်းသွားသည်။

“အဲ့ဒီ ရှေးဟောင်းဝိညာဉ်တွေအားလုံး အန္တိမအဆင့် ရောက်နေတာ သေချာလား”

ဟွမ်ဖုယို၏ မျက်နှာထားက တဖြည်းဖြည်း မည်းမှောင်လာသည်။ ဤပြောင်းလဲမှုက သူ့အား သတိလက်လွတ် ဖြစ်သွားစေသည်။

“ဟုတ်ပါတယ် …. ဟုတ်ပါတယ်”

ဟွမ်ဖုလင်း၏ မျက်နှာ၌ ကြောက်စိတ်များ စွန်းထင်းနေ၏။

“ဦးလေးဝေ့၊ ဦးလေးဟန်နဲ့ လောကသခင် အထွတ်အထိပ်အဆင့် ရှစ်ယောက်လုံး ဘုရင်မကျစ်ဝေ့ရဲ့ လက်ဝါးချက်ကြောင့် သေသွားပါပြီ”

“ပြီးတော့ ကျွန်တော့်ခြေလက်တွေကို ဖြတ်လိုက်တာကလည်း ဘုရင်မကျစ်ဝေ့ပါပဲ”

ထိုဘုရင်မအကြောင်း ပြောနေချိန်တွင် ဟွမ်ဖုလင်းသည် အိပ်မက်ဆိုးအား ပြန်မြင်ယောင်လာသကဲ့သို့ ခြောက်ခြားနေသည်။

“ပြီးတော့ အဲ့ဒီယဲ့ဖန်က ဘိုးဘေးကို စကားတစ်ခွန်း ပြောလိုက်ပါသေးတယ်”

ဟွမ်ဖုလင်း တုန်ယင်နေ၏။ သူသည် ဘိုးဘေး ဟွမ်ဖုယိုအား ကြောက်လန့်စွာ ကြည့်နေပြီး တစ်ခုခုပြောရန် တွန့်ဆုတ်နေမိသည်။ ထိုပုံစံကြောင့် ဟွမ်ဖုယို မျက်မှောင်ကြုတ်သွားသည်။

အေးစက်လှသော ဖိအားကြောင့် ဟွမ်ဖုလင်းသည် ချောက်နက်ထဲ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် သူသည် မတတ်သာဘဲ အားတင်း၍ ပြောလိုက်လေသည်။

“သူ … သူ ပြောတာက သွေးအဆိပ် ဘိုးဘေးကို သတ်လိုက်တာက သူပဲ၊ သူ နောက်ထပ် သတ်မယ့်လူက … ဘိုးဘေးတဲ့”

ထိုစကားအဆုံး၌ ဟွမ်ဖုမိသားစုဝင်များအားလုံး မျက်နှာပျက်ယွင်းသွားကြသည်။

“တော်တော် လေကျယ်တဲ့ကောင်”

မိသားစုခေါင်းဆောင် ဟွမ်ဖုသွမ့်မူ ဒေါသထွက်သွားသည်။ ဤအမူအရာကိုမြင်ပြီး ဟွမ်ဖုလင်း သေမတတ် ကြောက်လန့်ကာ အလျင်အမြန် ရှင်းပြလိုက်သည်။

“မိသားစုခေါင်းဆောင် စိတ်လျှော့ပါဦး၊ ဒါ … ဒါ ကျွန်တော် ပြောတာ မဟုတ်ဘူးလေ၊ အဲ့ … အဲ့ဒါ ယဲ့ဖန် ပြောလိုက်တာပါ”

*ယဲ့ဖန်*

ထိုစကားနှစ်လုံးကြောင့် ဘိုးဘေး ဟွမ်ဖုယို၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူ အမျက်ထွက်နေ၏။

“ကောင်းတယ်၊ အရမ်းတော်နေတဲ့ ယဲ့ဖန်ပေါ့၊ စောက်ရမ်း ကြမ်းနေတဲ့ ငရဲဘုံက တွားသွားကောင်”

“ရှေးဟောင်းမိသားစုလေးတစ်သိုက်နဲ့ ရွှမ်ကျိုးကို သိမ်းပိုက်နိုင်မယ်လို့ မင်း ထင်နေလား”

“အရူးကောင်”

ထိုသို့ပြောပြီးနောက် ဟွမ်ဖုယို၏ မျက်လုံး၌ ရက်စက်ခက်ထန်မှုများ ထင်ဟပ်လာသည်။

“ငါ့မိတ်ဆွေဟောင်းတွေ နိုးထလာဖို့ အချိန်တန်ပြီထင်တယ်”

ထိုစကားကြောင့် မိသားစုခေါင်းဆောင် ဟွမ်ဖုသွမ့်မူ မျက်နှာပျက်သွားသည်။ ဘိုးဘေးက ဘာကို ရည်ညွှန်း ပြောဆိုနေသလဲ သူ နားလည်သည်။

လွန်ခဲ့သော နှစ်နှစ်သိန်းက မိစ္ဆာအိုကြီးများ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာသည့် အဖြစ်ကို ပြန်တွေးမိပြီး ဟွမ်ဖုသွမ့်မူ ကြက်သီးတဖြန်းဖြန်း ထသွားသည်။

ထိုအရာအားလုံးကို ဟွမ်ဖုယိုက အရေးမလုပ်ချေ။ သူသည် ဟွမ်ဖုလင်းအား တစ်ချက်ကြည့်၍ အေးတိအေးစက် ပြောလိုက်သည်။

“အသုံးမကျတဲ့ကောင်၊ မင်းက ငါ့ဟွမ်ဖုမိသားစု မျက်နှာပျက်အောင် လုပ်ခဲ့တယ်”

သူ၏ လေသံက တင်းမာခက်ထန်နေ၏။ ဟွမ်ဖုလင်း ရှင်းပြချင်နေသော်လည်း သူ စကားမစခင်မှာပင် ဟွမ်ဖုယိုက လက်တစ်ဖက် လှုပ်လိုက်သည်ကို တွေ့လိုက်ရသည်။

ဝုန်း!

ပြင်းထန်သော စွမ်းအင်တစ်မျိုးက ဟွမ်ဖုလင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပေါက်ကွဲစေပြီး သွေးအိုင်အဖြစ် ပြောင်းသွားစေတော့သည်။

Chapter 971 နှစ်နှစ်သိန်းတိတိ မွေးမြူထားသော မိစ္ဆာများ

ရွှမ်ချန်မြို့၏ လမ်းမထက်၌ လူပေါင်းများစွာဖြင့် ပြည့်နှက်နေသည်။ ထိုလူများကြား၌ထဲတွင် အနက်ရောင် ဝတ်ရုံနှင့် လူတစ်ယောက် ဖြည်းညင်းစွာ သွားလာနေ၏။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား အနက်ရောင်ဝတ်ရုံဖြင့် အုပ်ထားသောကြောင့် သူ၏ပုံစံနှင့် မျက်နှာကိုပါ မမြင်ရချေ။ သို့ရာတွင် သူ့ထံမှ ထူးခြားဆန်ကြယ်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။

သူ ဖြတ်သွားသည့်နေရာမှ လမ်းသွားလမ်းလာများအားလုံး ချွေးပြန်ကာ ကြက်သီးမွေးညင်း ထသလို ခံစားလိုက် ရသည်။ အထူးသဖြင့် အပူချိန်က သုညမှတ်အထိ လျော့ကျသွားသလို ခံစားနေရသည်။

လမ်းသွားလမ်းလာများသည် ထိုအနက်ရောင်ဝတ်ရုံနှင့်လူကို ဆက်တိုက် ရှောင်ရှားလေတော့သည်။ ထိုသူအား လူတစ်ယောက်ဟု မမြင်ဘဲ ကြောက်စရာကောင်းသော မိစ္ဆာကောင်ဟု ထင်မြင်နေလေသည်။

နောက်ဆုံးတွင် ထိုအနက်ရောင်ဝတ်ရုံနှင့်လူက စွန့်ပစ်ထားသော အလုပ်ရုံတစ်ခုရှေ့၌ ရပ်လိုက်သည်။ ထိုအခါမှ သူ၏ အနက်ရောင်ဝတ်ရုံကို ပင့်မလိုက်သည်။ ထိုအခါ အဘိုးအိုတစ်ယောက်၏ မျက်နှာ ပေါ်လာလေသည်။ ထိုသူသည် ဟွမ်ဖုမိသားစု၏ ဘိုးဘေး ဟွမ်ဖုယိုပင်။

“နှစ်နှစ်သိန်း ကြာသွားခဲ့ပြီပဲ၊ ငါ့မိတ်ဆွေအိုကြီးတွေ မင်းတို့ မွေးဖွားလာဖို့ အချိန်တန်ပြီ”

ဟွမ်ဖုယိုက စွန့်ပစ်ထားသော ထပ်ခိုးအား ဝမ်းနည်းသော အမူအရာဖြင့် ကြည့်၍ ချက်ချင်း အရှေ့သို့ လှမ်းသွား လိုက်သည်။ သူ အထဲသို့ ဝင်သွားလိုက်သည်နှင့် အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်က ဟွမ်ဖုယိုရှေ့သို့ ရောက်လာသည်။

အခြားသူများသာ ထိုလူနှစ်ယောက်ကို မြင်သွားပါက ထိတ်လန့်သွားလောက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်သည် အန္တိမအဆင့်များ ဖြစ်နေသောကြောင့်ပင်။

ရွှမ်ချန်တစ်မြို့လုံးမှာတောင်မှ အန္တိမအဆင့် သိုင်းပညာရှင်များ အနည်းငယ်သာ ရှိလေသည်။ သို့ရာတွင် အန္တိအဆင့် သိုင်းပညာရှင် နှစ်ယောက်အား စွန့်ပစ်ထားသော အလုပ်ရုံတစ်ခုကိ စောင့်ကြပ်ရန် ထားရှိထားသည်။ ဤသည်ကိုသာ အပြင်လူများ သိသွားပါ ရွှမ်ကျိုးတစ်ခုလုံးမှ လူများအားလုံး ထိတ်လန့်သွားလောက်သည်။

ထိုအခိုက်တွင် အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်သည် ဟွမ်ဖုယိုရှေ့ ရောက်သည်နှင့် ဒူးတစ်ဖက်ထောက်၍ အရိုအသေ ပေးလေသည်။

“ဟွမ်ဖုထျန်းကျန်းကို ကြိုဆိုပါတယ်”

ဟွမ်ဖုထျန်းကျန်း၊ လွန်ခဲ့သော နှစ်နှစ်သိန်းက ဟွမ်ဖုယိုသည် လူသားအရှင်သခင် လက်အောက်ရှိ ပြိုင်ဘက်ကင်း စစ်သူကြီး သုံးဆယ့်ခြောက်ယောက်ထဲမှ တစ်ယောက် ဖြစ်ခဲ့သည်။ ထျန်းကျန်းဟူသည် ဟွမ်ဖုယို၏ ဘွဲ့ဖြစ်လေသည်။

“ဖွင့်လိုက်တော့”

ဟွမ်ဖုယိုက စိတ်မဝင်စားသော အမူအရာဖြင့် ပြောလိုက်သည်။ သူ့စကားအဆုံး၌ အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်က တလေးတစား ပြန်ဖြေလေသည်။

“ဟုတ်ကဲ့”

ထို့နောက် အန္တိမအဆင့် အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်သည် မတ်တပ်ပြန်ရပ်၍ ဟွမ်ဖုယို၏ အရှေ့မှနေ၍ စွန့်ပစ်ထားသော အလုပ်ရုံထဲမှ စင်္ကြံလမ်းတစ်ခုသို့ ဦးဆောင်ကာ ခေါ်သွားလေသည်။

ထိုစွန့်ပစ်ထားသော စင်္ကြံလမ်းတွင် ဖုန်မှုန့်များဖြင့် ပြည့်နှက်နေပြီး နှစ်ပေါင်းများစွာကြာအောင် မည်သူမှ သွားလာခြင်း မရှိသည့်ပုံပင်။ လမ်း၏ ဘယ်ညာနှစ်ဖက်လုံး ပျက်စီးယိုယွင်းနေ၏။

အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်က ဟွမ်ဖုယိုအား သံမဏိ တံခါးပေါက်ရှေ့သို့ ခေါ်လာလေသည်။ ထိုသံမဏိ တံခါးပေါက်သည် အလွန် ကြီးမားပြီး သံချေးများပင် တက်နေသည်။ သံမဏိ တံခါးပေါက်၌ မှော်စာလုံးများ ရေးထွင်းထားသည့် သံကြိုးများ ရစ်နှောင်ထားသည်။ ၎င်းအား နှစ်ပေါင်းများစွာကြာအောင် တစ်ခါမှ မဖွင့်ခဲ့ပေ။

ဤတံခါးပေါက်ရှေ့သို့ ရောက်သောအခါ အန္တိမအဆင့် သိုင်းပညာရှင်ထံတွင် တုံ့ဆိုင်း၍ ကြောက်ရွံ့ဟန်များ ဖြစ်ပေါ်လာသည်။

သူတို့က အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် ဟွမ်ဖုယိုကို ပြန်လှမ်းကြည့်ကာ အမိန့်ကို စောင့်နေလိုက်သည်။ ဟွမ်ဖုယိုက ခေါင်းအသာ ညိတ်ပြလိုက်ချိန်တွင် တစ်ယောက်က သော့ကိုထုတ်၍ တံခါးကို ဖွင့်လိုက်သည်။

ကျွီ!

သံကြိုးများ ပြေသွားချိန်တွင် အနက်ရောင်ဝတ်စုံနှင့် သိုင်းပညာရှင်နှစ်ယောက်သည် မိစ္ဆာကို လွှတ်လိုက်ရသကဲ့သို့ ကြက်သီးမွေးညင်းထကာ ကြောက်လန့်တကြားဖြင့် ဘေးသို့ ရှောင်ထွက်ကြလေသည်။

သံမဏိ တံခါးပေါက်၏ တစ်ဖက်မှနေ၍ ကျောချမ်းဖွယ် မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်လာ၏။ ထိုနေရာတစ်ခုလုံးသည် မိစ္ဆာဝိညာဉ်တို့၏ နယ်မြေ ဖြစ်လာလေသည်။

အထဲ၌ ကြောက်စရာကောင်းသော မိစ္ဆာအား အကျဉ်းချထားသည်ဟု ထင်မှတ်ရပြီး သူတို့အား တုန်ယင် သွားစေသည်။ အထူးသဖြင့် ထိုမိစ္ဆာအငွေ့အသက်များက သံကြိုးနှင့် သံမဏိတံခါးပေါက်သို့ ပျံ့လွင့်လာချိန်တွင် သံကြိုးနှင့် တံခါးပေါက်တို့၌ အက်ရာများ ထင်လာ၏။

ဂျွတ်!

ထို့နောက် သံမဏိ တံခါးပေါက်နှင့် သံကြိုးများ အက်ကွဲပျက်စီးကာ မြေကြီးပေါ် ပြုတ်ကျသွားပြီး တစ်ဖက်မှ မြင်ကွင်းက လူတိုင်းရှေ့သို့ ပေါ်ထွက်လာသည်။

အထဲ၌ မည်းမှောင်နေပြီး မိမိလက်ချောင်းကိုပင် ပြန်မမြင်ရနိုင်ပေ။ ကြီးမားသော မှော်ဂူကြီးတစ်လုံးနှင့် သဏ္ဌာန် တူ လှပြီး လူအများအား ကျောချမ်းစေသည်။

အပြင်ဘက်မှ အလင်းရောင်က အထဲသို့ တိုးဝင်သွားသောအခါ ထိုနေရာက ဗလာဟင်းလင်း ဖြစ်နေသော ခန်းမတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အလျားနှင့်အနံ့က ပေထောင်ချီ၍ ကျယ်ပြောလှသည်။

ခန်းမထဲသို့ အလင်းဝင်လာသောအခါ ရုတ်တရက် သွေးကဲ့သို့ ရဲရဲနီနေသော မျက်လုံးတစ်စုံ ပွင့်လာ၏။ မျက်လုံးတစ်လုံးစီက သားရေဘောလုံးတစ်လုံး၏ အရွယ်အစားမျှ ရှိပြီး ခက်ထန်ကြမ်းကြုတ်ပေသည်။

ထိုမျက်လုံးသည် တစ်ချက်ကြည့်မိသည်နှင့် ကြက်သီးမွေးညင်း ထလာအောင် ပြုလုပ်နိုင်၏။ ထို့အပြင် ခန်းမထဲမှ မာန်ဖီသံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာပြီး သားရဲများ ထွက်လာလေသည်။

“ဖီချူးတွေ”

ထိုမိစ္ဆာများကို မြင်ပြီး အနက်ရောင်ဝတ်စုံနှင့် အန္တိမအဆင့် သိုင်းပညာရှင်နှစ်ယောက်လုံး ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။

သူတို့၏ ဘိုးဘေးများသည် ဟွမ်ဖုယို၏ ယုံကြည်ခြင်း ခံရကာ မျိုးဆက်အလိုက် ဤစွန့်ပစ်ထားသော အလုပ်ရုံကို စောင့်ရှောက်ခဲ့ရသည်။ သို့ရာတွင် အထဲ၌ မည်သို့ ကြောက်စရာကောင်းသော အရာမျိုး ရှိနေသလဲ ဆိုသည်ကို သူတို့၏ ဘိုးဘေးများ မသိသလို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ယခုအခါတွင်မှ ရက်စက်သော ဖီချူးများ ဖြစ်နေသည်ကို သူတို့ သိလိုက်ရသည်။ အထူးသဖြင့် ထိုအရာများ၏ အရေအတွက်က သူတို့အား ကြောက်လန့်သွားစေသည်။

တစ်ကောင်၊ ဆယ်ကောင်၊ အကောင် ငါးဆယ်။ တစ်ခဏအတွင်းမှာပင် ခန်းမထဲမှ ဖီချူး ခြောက်ဆယ့်ငါးကောင် ထွက်လာသည်။ တစ်ကောင်ချင်းစီက အန္တိမအဆင့် တိုက်ပွဲဝင်ခွန်အားများ ပိုင်ဆိုင်ထား၏။

ထို့အပြင် ခန်းမတွင်း၌ ဒါဇင်ချီသော အရိုးစုများ ရှိနေသည်ကို အန္တိမအဆင့် သိုင်းပညာရှင်နှစ်ယောက်လုံး တွေ့လိုက်ရသည်။ ထိုအရိုးစုများက လွန်လေပြီးသော နှစ်များစွာက သေဆုံးသွားသော ဖီချူးများ၏ အရိုးများ ဖြစ်လေသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်သိန်းက ဟွမ်ဖုမိသားစုရဲ့ ဘိုးဘေး ဟွမ်ဖုယိုက သူတစ်ယောက်တည်း ဖီချူးမျိုးနွယ်ထဲ ဝင်သွားပြီး ဖီချူးအကောင်ပေါင်း တစ်ရာသုံးဆယ့်နှစ်ကောင်ကို သတ်ပြီး ဖီချူးမျိုးနွယ်ကို မျိုးသုဉ်းစေခဲ့တယ်လို့ ပြောခဲ့ကြတာ”

“အဲ့ဒီတုန်းက ဖီချူးတွေ အသတ်ခံလိုက်ရတာ မဟုတ်ဘဲ ဟွမ်ဖုဘိုးဘေးရဲ့ ထိန်းချုပ်တာ ခံရပြီး ဒီနေရာမှာ အကျဉ်းချ ခံထားရတာများလား”

ဖြစ်နိုင်ချေကို တွေးမိပြီး အန္တိမအဆင့် သိုင်းပညာရှင် နှစ်ယောက်လုံး တုန်လှုပ်သွားသည်။ သူတို့သည် ဖီချူး ခြောက်ဆယ့်ငါးကောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခန်းမထဲက ဖီချူး အရိုးစုများကို ပြန်ရေတွက် ကြည့်မိသည်။

စုစုပေါင်း တစ်ရာသုံးဆယ့်နှစ်ကောင် ရှိနေသည်။ ပိုလည်းမပိုသလို လိုလည်း မလိုပေ။ ဤသည်ကြောင့် သိုင်းပညာရှင် နှစ်ယောက်လုံး ခြောက်ခြားသွားလေ၏။ ထိုစဉ် ဟွမ်ဖုယို၏ အေးစက်စက် စကားသံ ထွက်ပေါ်လာသည်။

“အင်း … နှစ်နှစ်သိန်း ရှိသွားပြီ၊ ငါ အရင်းအမြစ်အားလုံးကို သုံးစွဲပြီး သူတို့ကို ထောက်ပံ့ထားခဲ့တာတောင်မှ တစ်ဝက်လောက်က ဒီလျှို့ဝှက်ခန်းထဲ သေသွားရသေးတယ်”

သူ့စကား၌ ဝမ်းနည်းရိပ်များ စွန်းထင်းနေသော်လည်း မျက်နှာ၌ ဝမ်းနည်းနေပုံ မပေါ်ချေ။ သူ့ရှေ့မှ ဖီချူး ခြောက်ဆယ့်ငါးကောင်ကိုကြည့်ပြီး ပြုံးနေ၏။

“အရင်တုန်းက ငါ ဖီချူးမျိုးနွယ်ကို သွားပြီး အညံ့ခံအောင် လုပ်ခဲ့တယ်”

“ဝိညာဉ်စား ကျင့်စဉ်ကို သုံးပြီး ဖီချူး အကောင်ရေ တစ်ရာသုံးဆယ့်နှစ်ကောင်ကို အနိုင်ယူပြီး ဒီနေရာမှ ဝှက်ထားခဲ့တာ၊ တစ်နေ့နေ့ ဘေးအန္တရာယ်နဲ့ ကြုံလာခဲ့ရင် သူတို့ကို ထုတ်ပြီး ရှင်းလင်းမယ်လို့ စဉ်းစားထားခဲ့တာ”

ဟွမ်ဖုယို၏ အပြုံးက ပို၍ ကြောက်စရာကောင်းလာသည်။

“ကဲ အခု ယဲ့ဖန်၊ ရှောင်ချီရှို့နဲ့ သောက်ရှေးဟောင်း မိသားစုတွေ …”

“မင်းတို့ ငါ့လက်ဆောင်ကို လက်ခံဖို့ အဆင်သင့်ပဲလား”

ဟွမ်ဖု၏ အသံက ငရဲမှ ထွက်လာသော သေမင်းအသံလိုပင်။ သူ့စကားကို ကြားလိုက်ရသော အနက်ရောင် ဝတ်စုံနှင့် သိုင်းပညာရှင်နှစ်ယောက်လုံး ချွေးပြန်သွားကြသည်။

သူတို့နှစ်ယောက်သည် ဖီချူးများ ထွက်ပေါ်လာသည်နှင့် ရွှမ်ကျိုးနယ်မြေတစ်ခုလုံး သွေးချောင်းစီးတော့မည်ဟု မြင်ယောင်လာသည်။

ဘေးဒုက္ခဖြစ်အောင် ဖန်တီးခဲ့သော ငရဲဘုံမှ လူနှစ်ယောက်နှင့် ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုလုံး ဒုက္ခရောက်တော့မည်ဟု တွေးကာ သနားသွားလေသည်။ ထိုသူများအားလုံးသည် ဖီချူး၏ ခံတွင်းဝ၌ သက်ဆင်းရတော့မည်ဟု ထင်မှတ်သွားလေသည်။

Chapter 972 နှုတ်ဆက်ပါတယ် နတ်ဆိုးမျိုးနွယ်တွေ

ရွှမ်ကျိုး၏ တစ်နေရာ၌ ယဲ့ဖန်နှင့် ရှောင်ချီရှို့တို့ အပြေးလှုပ်ရှားသွားလာနေကြသည်။ သူတို့နှစ်ယောက်သည် ဘုရင်မ ကျစ်ဝေ့နှင့် အခြားသူများနည်းတူ ရွှမ်ချန်သို့ လိုက်မသွားပေ။

အဘယ်ကြောင့်ဆိုသော် ခရီးထွက်လာသောလမ်း၌ နတ်ဆိုးများ၏ အလောင်းကို တွေ့လိုက်ရသောကြောင့်ပင်။ ငရဲဘုံမှ နတ်ဆိုးများ၏ အလောင်းများပင်။ အလောင်းများ ရှိရာသို့ လိုက်သွားရာမှ ခြောက်ကပ်နေသော တောအုပ်တစ်ခုသို့ ရောက်သွားလေသည်။

“ဆရာ ကြည့်ပါဦး”

ရှောင်ချီရှို့၏ အမူအရာက အလွန် သုန်မှုန်နေပြီး တောအုပ်အစပ်မှ မြေကြီးအား အေးတိအေးစက် မျက်နှာထားဖြင့် လက်ညှိုးထိုးပြလေသည်။

ထိုနေရာသို့ လှမ်းကြည့်လိုက်သောအခါ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပုံ ပေါ်ပြီး အားလုံး ယိုယွင်း ပျက်စီးနေ၏။ မြေကြီးသည် သွေးများကြောင့် ရဲရဲနီနေပြီး အလောင်းများ ပျံ့ကြဲနေ၏။

ရဲရဲနီသော သွေးများ စီးကျနေသောကြောင့် တောအုပ်သည် သွေး‌ရောင်လွှမ်းကာ နီမြန်းနေသည်။ ဤနေရာသို့ သားရဲအုပ်ကြီး ဝင်မွှေထားသကဲ့သို့ သစ်ပင်များ ကျိုးကြေပျက်စီးနေသည်။

ထို့အပြင် မြေကြီးပေါ်၌ ခြေပြတ်လက်ပြတ်များ ပျံ့ကြဲနေ၏။ ထိုခြေပြတ်လက်ပြတ်များနှင့် ကိုယ်တွင်း အင်္ဂါများအား သန်မာသော သားရဲများ စုတ်ဖြဲသွားသည့်ပုံပင်။

“အသတ်ခံလိုက်ရတဲ့ သိုင်းပညာရှင်တွေအားလုံးက ငါတို့ ငရဲဘုံက နတ်ဆိုးတွေပဲ”

ယဲ့ဖန်၏ အမူအရာက အေးစက်သထက် အေးစက်လာ၏။ ထိုအလောင်းများမှ နတ်ဆိုးစွမ်းအင်များ ပျံ့လွင့်နေသည်ကို သူ သေချာခံစားမိသည်။

ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်မှာ ထိုနတ်ဆိုးများ၏ ဝိညာဉ်များပါ သုတ်သင်ခံထားရခြင်းပင်။ မရဏကျင့်စဉ် နဲ့တောင်မှ အသက်ပြန်သွင်းရန် ခက်ခဲလှပေသည်။

ယခင် ကမ္ဘာဂြိုဟ်မှ စစ်ပွဲအတွင်း၌ သံလက် ဝံပုလွေရိုင်း၊ ဝိညာဉ်သခင်၊ မျက်လုံးတစ်လုံး နတ်ဆိုး၊ သွေးဝိညာဉ်၊ အန်းရှီ၊ ချီယန် အစရှိသည့် နတ်ဆိုးများသည် မည်သို့မျှ ခြေရာခံ၍မရဘဲ ပျောက်ဆုံးသွားခဲ့သည်။

ထိုအချိန်က ရှောင်ချီရှို့သည်လည်း ပျောက်ဆုံးသွားခဲ့သည်။ ရှောင်ချီရှို့၏ ပြန်ပြောင်းပြောပြချက်အရဆိုလျင် ကမ္ဘာဂြိုဟ်မှ စစ်ပွဲအတွင်း၌ နတ်ဆိုးများစွာတို့သည် အဓိက နတ်ဘုရားများကြောင့် ထိခိုက်သေကြေခဲ့ရသည်။

ထိုအခါ ဝိညာဉ်သခင်က ဦးဆောင်၍ အသက်ရှင်နေသေးသော နတ်ဆိုးများကို ကယ်၍ ထွက်ပြေးခဲ့သော်လည်း ဟင်းလင်းပြင်း မုန်တိုင်းနှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့ကြောင့် မည်သည့် အစအနမျှ ရှာမတွေ့ဘဲ လူကွဲသွားကြလေသည်။ ရှောင်ချီရှို့ သတိရလာသောအခါ ယင်ယန်လောက၏ ထုံချန်မြို့ပြင် တောအုပ်ထဲသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။

ယခု ရှောင်ချီရှို့ကို ပြန်ရှာတွေ့သော်လည်း သံလက်ဝံပုလွေရိုင်းနှင့် အခြားသူများ၏ သတင်းကို အချိန်အတော် ကြာသည်အထိ မတွေ့ရသေးပေ။

ယခုအချိန်၌ သူ၏ နတ်ဆိုးမျိုးနွယ်များ ရက်ရက်စက်စက် အသတ်ခံခဲ့ရသည်ကို တွေးမိပြီး ယဲ့ဖန်ထံမှ အလွန်တရာ လူသတ်ချင်သော အရှိန်အဝါများ ထွက်ပေါ်လာ၏။

“သွားမယ်၊ နောက်ကဆက်လိုက်မယ်”

ထို့နောက် ရှောင်ချီရှို့နှင့်အတူ အရှေ့မှ တောအုပ်ထဲသို့ လှစ်ခနဲ ပြေးဝင်သွားသည်။

…

တစ်ချိန်တည်းမှာပင် ရွှမ်ချန်၏ မြောက်ဘက်ခြမ်း မိုင်ရှစ်ဆယ် အကွာမှ ကန္တာရတစ်ခု၌ သွေးအလိမ်းလိမ်းနှင့် လူတစ်ချို့ ခပ်သွက်သွက် ထွက်ပြေးနေကြသည်။

လူတိုင်း ဒဏ်ရာဗလပွ ဖြစ်နေပြီး ခန္ဓာကိုယ်မှ သွေးများ စိမ့်ထွက်နေ၏။ ထိုသူတို့သည် ဝိညာဉ်သခင်၊ မရဏနတ်ဆိုး၊ မျက်လုံးတစ်လုံး နတ်ဆိုးနှင့် ငရဲနတ်ဆိုးတို့ ဖြစ်လေသည်။ ကျန်လူများသည် မြေကမ္ဘာနတ်ဆိုး လျှိုကျီနှင့် ထို့ပါယင် အစရှိသည့် နတ်ဆိုးမျိုးနွယ်များ ဖြစ်သည်။

အားလုံး အခြေအနေဆိုးရွားနေပြီး တစ်ကိုယ်လုံး သွေးများ ပေကျံနေကာ အချိန်အတော်ကြာ လိုက်လံ ဖမ်းဆီးခြင်း ခံနေရသည့်ပုံပင်။

ထွက်ပြေးနေရသောကြောင့် မြေကမ္ဘာနတ်ဆိုး လျှိုကျီသည် မျက်ဖြူလန်ကာ မြေကြီးပေါ် လဲကျသွားသည်။

“လျှိုကျီ”

ထိုအဖြစ်ကြောင့် ဝိညာဉ်သခင်နှင့် အခြားသူများ ထိတ်လန့်သွားပြီး နောက်ပြန်လှည့်၍ သူ့အား ထူမလိုက်သည်။ ထိုအခိုက်တွင် မြေကမ္ဘာနတ်ဆိုး လျှိုကျီ၏ ရင်ဘတ်၌ သွေးအလိမ်းလိမ်းနှင့် အပေါက်တစ်ခု ရှိနေပြီး သွေးများက တရစပ် စီးကျနေသည်။ သူ အလွန်အမင်း အားယုတ်ကာ မောပန်းနေ၏။

“ဝိ … ဝိညာဉ်သခင်၊ မြန်မြန်ပြေးပါတော့၊ ကျုပ် မလုပ်နိုင်တော့ဘူး … မြန်မြန်သွား၊ ကျုပ်ကို ထားခဲ့တော့”

မြေကမ္ဘာနတ်ဆိုး လျှိုကျီ၏ မျက်လုံး၌ စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်။ သူတို့အား လိုက်လံ ဖမ်းဆီးနေသော ရန်သူများသည် အလွန်တရာ အင်အားကြီးလှသည်။

ယခင်က သူတို့ဘက်၌ နတ်ဆိုးအယောက်တစ်ရာကျော် ရှိခဲ့သော်လည်း ယခုအခါတွင် အသတ်ခံလိုက်ရသဖြင့် အယောက် နှစ်ဆယ်၊ သုံးဆယ်မျှသာ ကျန်ရစ်တော့သည်။

မြေကမ္ဘာနတ်ဆိုး လျှိုကျီသည် သူ့အတွက်ကြောင့်နှင့် ကျန်သော ညီအစ်ကိုများပါ အသတ်မခံရစေလိုပေ။ သူ့စကားကြောင့် ဝိညာဉ်သခင်နှင့် အခြားသူများ မျက်နှာပျက်သွားလေသည်။ ထို့နောက် ဝိညာဉ်သခင်က မရဏ နတ်ဆိုးကို ပြောလိုက်သည်။

“မရဏ မြန်မြန် မရဏကျင့်စဉ်ကို သုံးလိုက်တော့၊ မဟုတ်ရင် လျှိုကျီကို ကယ်လို့ရမှာ မဟုတ်ဘူး”

သူ့အသံက အလွန်တုန်ယင်နေ၏။ နတ်ဆိုးမျိုးနွယ်များသည် အားနည်းသူ ဖြစ်စေ၊ သန်မာသူဖြစ်စေ အချင်းချင်း ညီအစ်ကို မောင်နှမအရင်းအချာကဲ့သို့ ပြုမူဆက်ဆံ သဘောထားကြသည်။

အကောင်းအဆိုးကို အတူတူ မျှဝေခံစားကြပြီး သေမတူ ရှင်မကွာ နေထိုင်ကြသည်။ ယခုအခါတွင်လည်း မြေကမ္ဘာ နတ်ဆိုး လျှိုကျီ သေရတော့မည့်အဖြစ်ကို သူတို့ မခံစားနိုင်ပေ။

ထိုအခါ မရဏ နတ်ဆိုးက မချိပြုံးပြုံးလာသည်။

“ဟိုလူသုံးတဲ့လက်နက်က ယင်ယန် ထိပ်သီးရတနာ ဝိညာဉ်သတ်ဓားပဲ၊ အဲ့ဓားက ခန္ဓာကိုယ်ကို ထိခိုက်စေရုံ တင်မကဘဲ စိတ်ဝိညာဉ်ကိုပါ ထိခိုက်သေဆုံးစေတယ်”

“ငါ အခု လျှိုကျီကို သက်သာအောင် ကူညီလေ သူ မြန်မြန် သေသွားလေ ဖြစ်လိမ့်မယ်”

ထိုစကားက ဝိညာဉ်သခင်နှင့် အခြားသူများ မျက်နှာပြာနှမ်းသွားသည်။

*ဘယ်လိုလုပ်ကြမလဲ*

ဝိညာဉ်သခင်နှင့် အခြားသူများ စိုးရိမ်ပူပန်သထက် ပူပန်လာ၏။ အကယ်၍ ထူးခြားသည့်နည်းလမ်း တစ်ခုမှ မရှိပါက လျှိုကျီ အမှန်တကယ် သေဆုံးရပေတော့မည်။

ထိုစဉ် လျှိုကျီသာမက ဘေးနားမှ နတ်ဆိုးမျိုးနွယ်များ တစ်ယောက်ပြီးတစ်ယောက် မြေကြီးပေါ် လဲကျသွားသည်။ သူတို့ကိုယ်ပေါ်မှ ဒဏ်ရာများက ပိုဆိုးလာပြီး သေမင်းခံတွင်းဝသို့ ရောက်လုနီးပါး ဖြစ်နေ ကြသည်။

“သွေးဝိညာဉ်”

“ငရဲနတ်ဆိုး”

“…”

သေလုနီးပါး ဖြစ်နေသော နတ်ဆိုးများကို ကြည့်ပြီး ဝိညာဉ်သခင်နှင့် ကျန်လူများသည် နှလုံးသားမှ သွေးစိမ်းရှင်ရှင် ယိုလာသကဲ့သို့ ခံစားလိုက်ရသည်။

ဝိညာဉ်သခင်နှင့် ကျန်လူများ မျက်ရည်ကျလာသည်။ သူတို့မျက်စိရှေ့၌ ညီအစ်ကိုများ တစ်ယောက်ပြီး တစ်ယောက် သေကြေရသည်ကို ထပ်မံ၍ မမြင်ချင်တော့သောကြောင့် ခံရခက်ကာ ရူးမတတ် ဖြစ်နေကြသည်။

“ဝိညာဉ်သခင် အချိန်ဆွဲမနေနဲ့တော့”

“မြန်မြန် ထွက်ပြေးပါတော့”

လျှိုကျီက ဝိညာဉ်သခင်ကို ရူးမတတ် အော်ပြောလိုက်သည်။

“ကျုပ်တို့ သေလို့ရပင်မယ့် ခင်ဗျား သေလို့တော့ မဖြစ်ဘူး၊ သခင်ကြီးအတွက် လက်စားချေရမှာကို မေ့နေပြီလား၊ ကျုပ်တို့ နတ်ဆိုးတွေ အရှက်ရခဲ့ရတာကို မေ့နေပြီလား”

“အသက်ရှင်အောင်နေပါ၊ ကျုပ်ရဲ့ အသက်ကို စတေးပြီး နတ်ဆိုးတွေ အမြင့်ကို ပြန်ရောက်လာအောင် လုပ်ပါ၊ သခင်ကြီးအတွက် လက်စားချေပါ၊ မျိုးနွယ်သုံးခုကို သွေးကြွေးဆပ်ပေးပါ”

လျှိုကျီ၏ စကားက ဝိညာဉ်သခင်နှင့် အခြားသူများကို တုန်လှုပ်သွားစေည်။ သူသည်သာမက မြေကမ္ဘာနတ်ဆိုး သွေးဝိညာဉ်နှင့် မြေကမ္ဘာနတ်ဆိုး ကောင်းကင်မိစ္ဆာတို့ကလည်း အော်ပြောလေသည်။

“ဝိညာဉ်သခင် သွားပါတော့၊ နတ်ဆိုးမျိုးနွယ်အတွက်၊ သခင်ကြီးအတွက် အသက်ရှင်မှ ဖြစ်မယ်”

“ကျုပ်တို့အတွက် ဝမ်းမနည်းပါနဲ့၊ ကျုပ်တို့က သခင်ကြီးနောက်ကို လိုက်ရရုံလေးပါ၊ ကျုပ်တို့ သေရမယ် ဆိုရင်တောင်မှ နောင်တမရဘူး”

နတ်ဆိုးများက ဆက်တိုက် အော်ပြောလာကြသည်။ သူတို့သည် ဘယ်သောအခါမှ သေဆုံးရမည်ကို မကြောက်လန့်ကြပါ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ယုံကြည်မှုအား အမြဲယုံကြည် မှတ်ယူ ထားကြ သောကြောင့်ပင်။ သူတို့သည် နတ်ဆိုးများ မသေဆုံးနိုင်သလို နတ်ဆိုးဧကရာဇ် ထာဝရ အသက်ရှင်လိမ့်မည်ဟု ယုံကြည်ထားကြသည်။

သူတို့၏ အပြုအမူကြောင့် ဝိညာဉ်သခင်နှင့် အခြားသူများ မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းလာ၏။ ထိုစဉ် ကောက်ကျစ်စဉ်းလဲသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

“ဟား … အရမ်း ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းပဲ၊ ငရဲဘုံက ပုရွက်ဆိတ်တစ်သိုက်က ဒီလောက် သွေးကြီးလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

ထိုအသံက အလွန်တရာ အေးစက်လှသည်။ ထို့အပြင် ထိုစကားသံအဆုံး၌ ကောင်းကင်ယံမှ လူရိပ်များ ဆင်းသက်လာ၏။

တစ်ယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ။ တစ်ခဏအတွင်းမှာပင် လူနှစ်ရာကျော် ရှိလာသည်။ ထိုသူများအား ဦးဆောင်လာသူမှာ လူငယ်တစ်ယောက် ဖြစ်သည်။

ထိုသူသည် ခန္ဓာကိုယ် ပိန်ပါး၍ ခက်ထန်ကြမ်းကြုတ်သော မျက်နှာထား ရှိသည်။ အထူးသဖြင့် မျက်လုံးများက မြွေကဲ့သို့ စူးရှ၍ ဉာဏ်များပုံ ပေါ်နေသည်။ သူ မည်သူ့ကို သတ်ရမလဲဆိုတာကို ရွေးရန် အဆင်သင့် ဖြစ်နေသည့်ပုံပင်။ ထို့အပြင် သူသည် အန္တိမတစ်ပိုင်းအဆင့်သို့ ရောက်နေလေသည်။

“ဟွမ်ဖုဖုန်း”

ထိုသူကိုမြင်သည်နှင့် ဝိညာဉ်သခင်နှင့် အခြားသူများ၏ မျက်နှာအမူအရာက အေးစက်ခက်ထန်လာသည်။

လျှိုကျီ၊ သွေးဝိညာဉ်၊ ကောင်းကင်မိစ္ဆာ တို့သာမက ယခင်က သေသွားခဲ့သော နတ်ဆိုးမျိုးနွယ် အယောက်တစ်ရာကျော် တို့သည် ဤလူငယ်လေး၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရသည်။

သူသည် ရွှမ်ချန်မြို့၏ သခင်လေးဖြစ်ပြီး ဟွမ်ဖုယို၏ နောက်မျိုးဆက်ဖြစ်သော ဟွမ်ဖုမိသားစု၏ အကြီးဆုံးသား ဟွမ်ဖုဖုန်းပင်။

“တကယ်ဗျာ … သိပ်ကို ကြည်နူးစရာကောင်းတယ်”

ဟွမ်ဖုဖုန်းက ဝိညာဉ်သခင်နှင့် အခြားသူများအား စိတ်ဝင်စားစရာကောင်းသော သားကောင်ကို တွေ့လိုက်ရသည့် မုဆိုးတစ်ယောက်သဖွယ် စိတ်လှုပ်ရှားပျော်ရွှင်၍ လောဘတက်နေသော အမူအရာဖြင့် ကြည်နေသည်။

“ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ … သေရမှာက သေရမှာပဲလေ”

All Chapters