← Chapters

အခန်း (၉၇၃-၉၇၅)

Vol. 65 Ch. 973-975

အခန်း (၉၇၃-၉၇၅)

Vol. 65 Ch. 973-975

Chapter 973 ရူးသွပ်နေသော နတ်ဆိုးများ

“စိတ်မပူနဲ့ ငါ မင်းတို့ တစ်ယောက်ချင်းစီကို ခေါင်းဖြတ်ပေးမယ်၊ ငါ မင်းတို့ကို တစ်ယောက်ပြီး တစ်ယောက် နှလုံးသားတွေ ဆွဲထုတ်ပေးမှာ”

“မင်းတို့က နတ်ဆိုးတွေ မဟုတ်လား”

“ဟဲဟဲ … ငါတို့ ရွှမ်ကျိုးမြေက လူတွေ နတ်ဆိုးရဲ့ အလောင်းကို မမြင်ဖူးကြဖူးလေ၊ အဲ့တော့ မင်းတို့ကို အသုံးချပြီး သူတို့ အမြင်ကျယ်အောင် လုပ်ပေးရမယ်”

ဟွမ်ဖုဖုန်းက အကြင်နာတရား ခေါင်းပါးစွာ ပြုံးနေ၏။ သူ့စကားကို ကြားပြီးနောက် ဝိညာဉ်သခင်နှင့် အခြားသူများ ပို၍ မျက်နှာပျက်လာကြသည်။

မကြာသေးခင်က သူတို့၏ ခွန်အား တိုးတက်လာသောလည်း သူတို့သည် လောကသခင်အဆင့်သို့သာ ရောက်သေးသည်။ ဟွမ်ဖုဖုန်းမှာမူ အန္တိမ တစ်ပိုင်းအဆင့်သို့ ရောက်နေပြီး အဆင့်ကျော်၍ တိုက်ခိုက်နိုင် သောကြောင့် သာမန် အန္တိမအဆင့်များက သူ၏ပြိုင်ဘက် မဟုတ်ပေ။

ဤသည်ကို စဉ်းစားမိပြီးနောက် ဝိညာဉ်သခင်နှင့် အခြားသူများ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်လာပြီး သူတို့ အပြီးတိုင် ဇာတ်သိမ်းရတော့မည်ဟု ရိပ်မိလိုက်ကြသည်။

ထိုစဉ် မြေကမ္ဘာနတ်ဆိုး လျှိုကျီ၊ မြေကမ္ဘာနတ်ဆိုး သွေးဝိညာဉ်၊ မြေကမ္ဘာနတ်ဆိုး ကောင်းကင်မိစ္ဆာနှင့် အခြားသူများအားလုံး လဲကျနေရာမှ မတ်တပ်ထရပ်လာသည်။ သူတို့သည် ဒဏ်ရာ အကြီးအကျယ် ရထားသော်ငြားလည်း သွေးနှင့်ရင်း၍ တိုက်ခိုက်ချင်စိတ် ရှိနေသေး၏။

“ဝိညာဉ်သခင် ထွက်သွားတော့”

“ကျုပ်တို့ သူတို့ကို ထိန်းထားလိုက်မယ်”

ထိုသို့ပြောပြီးနောက် မြေကမ္ဘာနတ်ဆိုးနှင့် အခြားသူများသည် ရူးသွပ်နေသော အကြည့်များဖြင့် စိတ်ဝိညာဉ်အား လောင်ကျွမ်းစေတော့သည်။

ခန္ဓာကိုယ်မှ အသွေးအသားနှင့် စိတ်ဝိညာဉ်တို့ကို လောင်ကျွမ်းစေလိုက်သောအခါ သူတို့၏ တိုက်ပွဲဝင်ခွန်အားက တစ်ဟုန်ထိုး မြင့်တက်သွားသည်။ ထို့နောက် ဟွမ်ဖုဖုန်းထံသို့ တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်သွားကြသည်။

“သေပေတော့”

ထိုနတ်ဆိုးများသည် မိမိတို့ သေရတော့မည်ကို သိနေသောကြောင့် မိမိတို့၏ တိုက်ပွဲဝင်ခွန်အားကို အဆုံးစွန်အထိ ထုတ်သုံးနေကြသည်။ သူတို့၏ ဒဏ်ရာများကို တစ်စက်ကလေးမျှ အဖက်မလုပ်ဘဲ သူရူးသဖွယ် အသွေးအသားနှင့် စိတ်ဝိညာဉ်အား လောင်ကျွမ်းစေလေသည်။

အေးစက်သော အရှိန်အဝါများက ဟွမ်ဖုဖုန်းအား ဆက်တိုက် လွှမ်းခြုံလာသည်။ ဤအခြေအနေကြောင့် အန္တိမတစ်ပိုင်းအဆင့် ရောက်နေသော ဟွမ်ဖုဖုန်းတောင်မှ မျက်နှာပျက်သွားရသည်။

“ရူးနေတဲ့ နတ်ဆိုးတစ်သိုက်ပဲ”

“မင်းတို့က သေလမ်းရှာနေမှတော့ ငါက မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

ဟွမ်ဖုဖုန်းက သရော်ပြုံး ပြုံးလိုက်ပြီး ဝိညာဉ်သတ်ဓားကို ထုတ်လိုက်သည်။ ထို့နောက် ဓားကိုဝင့်၍ ပြန်လည် တိုက်ခိုက်လေသည်။

ချွင်! ချွင်! ချွင်!

သံသံချင်း ခိုက်မိသံများ ထွက်ပေါ်လာသည်။ ဝိညာဉ်သတ်ဓားသည် အမှန်တကယ်ပင် ယင်ယန် ရတနာ ဖြစ်လေသည်။ ဓားချက်အနည်းငယ်မျှ ထုတ်ဖော်ပြီးသည်နှင့် လျှိုကျီနှင့် အခြားသူများ၏ လက်နက်များတွင် အက်ရာများ ထင်လာပြီး ချက်ချင်း ပျက်စီးသွားသည်။

ထို့အပြင် မရဏ အငွေ့အသက်များက မြေကမ္ဘာနတ်ဆိုး လျှိုကျီနှင့် အခြားသူများထံသို့ လွှမ်းခြုံလာသည်။

“မင်းက လျှိုကျီဆိုတော့ လက်ခြောက်ချောင်း ရှိတာ မဟုတ်လား၊ ဒါဆိုလည်း ငါ မင်းလက်ချောင်းတွေကို တစ်ချောင်းချင်းစီ ဖြတ်ပေးမယ်”

ဟွမ်ဖုဖုန်းက စဉ်းလဲစွာ ပြုံးလိုက်ပြီး ဓားသွားကို လှုပ်ခါ၍ လျှိုကျီ၏ လက်တစ်ဖက်ကို ခုတ်လိုက်သည်။ သွေးများ ပန်းထွက်လာပြီး လျှိုကျီ၏ လက်ချောင်းတစ်ချောင်း ပြတ်ကျသွားသည်။

ပြင်းထန်လှသော ဝေဒနာကြောင့် လျှိုကျီ၏ ခန္ဓာကိုယ် တုန်ယင်သွားသည်။ သို့သော် သူသည် တစ်ချက်ကလေးမျှ အော်ဟစ်ခြင်း မရှိဘဲ နာကျင်မှုကို တောင့်ခံ၍ ဟွမ်ဖုဖုန်းအား သည်းကြီးမည်းကြီး ပြန်လည် တိုက်ခိုက်လေသည်။

ဤအဖြစ်ကြောင့် ဟွမ်ဖုဖုန်း၏ ကြမ်းကြုတ်သော စိတ်အဟုန်က ပိုမိုမြင့်တက်လာပြီး ထီမထင်ဟန် ပြုံးကာ ဝိညာဉ်သတ်ဓားဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။

“ကောင်းပြီလေ၊ အကြောမာတယ်ပေါ့ ဟုတ်လား”

“မင်း ဘယ်လောက် မာလဲ ကြည့်ရသေးတာပေါ့”

ထို့နောက် ဟွမ်ဖုဖုန်း၏ ဓားချက်က ပို၍ လျင်မြန်လာပြီး ယှဉ်မနိုင်အောင် ဖြစ်လာသည်။

“ပြတ်စမ်း”

“ပြတ်စမ်း”

“ပြတ်စမ်း”

သူ၏ ဓားချက်တစ်ချက်တိုင်း၌ အနိဓ္ဓာရုံမြင်ကွင်းများ ဆက်လက် ဖြစ်ပေါ်လာ၏။ လျှိုကျီ၊ သွေးဝိညာဉ်၊ ကောင်းကင်မိစ္ဆာနှင့် အခြားသူများ၏ ခန္ဓာကိုယ်မှ သွေးများ ဆက်တိုက် ပန်းထွက်နေသည်။

လျှိုကျီ လက်တစ်ချောင်းပြီးတစ်ချောင်း အဖြတ်ခံနေရပြီး သွေးဝိညာဉ်၏ လက်များလည်း အဖြတ်ခံနေရသည်။ ကောင်းကင်မိစ္ဆာသည်လည်း ခြေထောက်များ တတိတိ အဖြတ်ခံနေရလေသည်။

အသေသတ်ခြင်း မဟုတ်ဘဲ တမင်တကာ နှိပ်စက်ညှင်းဆဲနေခြင်းသာ ဖြစ်သည်။ ဤသည်ကိုမြင်ပြီး ကျန်သော နတ်ဆိုးများ သွက်သွက်ခါမတတ် ရူးသွပ်လာ၏။

“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ”

“သခင်ကြီး ကျွန်တော်တို့ လိုက်လာပြီ”

ဟွမ်ဖုဖုန်း၏ အရှေ့သို့ ပြေးဝင်သွားသော နတ်ဆိုးမျိုးနွယ်တစ်ယောက်သည် ဝိညာဉ်သတ်ဓားကြောင့် ရင်ဘတ် ထုတ်ချင်းဖောက်သွားသည်။ သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသော်လည်း အပြုံးကြီး ပြုံးနေသည်။ ထိုအဖြစ်ကြောင့် ဟွမ်ဖုဖုန်း အံ့ဩနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်က မှန်ချပ်သဖွယ် ကြည်လင်လာ၏။

“ချီးတဲ့မှပဲ”

ဟွမ်ဖုဖုန်း နောက်ပြန်ဆုတ်လိုက်မိသည်။ တစ်ချိန်တည်းမှာပင် ထိုနတ်ဆိုး၏ ခန္ဓာကိုယ်မှ ဖောက်ခွဲခြင်း စွမ်းအင်များ ထွက်ပေါ်လာ၏။

ဝုန်း!

ထိုနတ်ဆိုး၏ မိမိကိုယ်ကိုယ် ဖောက်ခွဲလိုက်သည့် အဖြစ်ကြောင့် ထိုနေရာ၌ တွင်းချိုင့်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုဖောက်ခွဲမှုကြောင့် ဟွမ်ဖုဖုန်းသည်လည်း အလန့်တကြား နောက်ဆုတ်လိုက်ရသည်။ ထို့အပြင် သူ၏ ဝိညာဉ်သတ်ဓား၌ အက်ရာတစ်ခု ထင်လာသည်ကိုပါ တွေ့လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားလေသည်။

“အား … သောက်ငရဲဘုံက ကောင်တွေ၊ ဒီသခင်လေးရဲ့ ယင်ယန်ရတနာဓားကို ပျက်စီးအောင် လုပ်ရဲတယ်ပေါ့”

ဟွမ်ဖုဖုန်း မကျေမချမ်းဖြစ်ကာ မုန်းတီးသွားလေသည်။ သို့ရာတွင် သူ့စကားအဆုံး၌ နတ်ဆိုးမျိုးနွယ် နောက်တစ်ယောက်က ရှေ့သို့ လှမ်းလာသည်။

ထိုသူသည် လုံးဝ တိုက်ခိုက်ခြင်း မပြုဘဲ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်း စွမ်းအင်များကို လည်ပတ်စေပြီး ဟွမ်ဖုဖုန်းထံသို့ ပြေးဝင်လေ၏။

“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ”

ထိုကြွေးကြော်သံအဆုံး၌ နတ်ဆိုး၏ ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲသွားလေတော့သည်။ ဖောက်ခွဲခြင်း စွမ်းအင်ကြောင့် ဘေးပတ်လည်မှ လောကသခင်အဆင့်များ လွင့်ထွက်သွားကြသည်။

ဟွမ်ဖုဖုန်းသည် ပြင်းထန်သော စွမ်းအင်လှိုင်းကို ခံစားမိပြီး ကြက်သီးထသွားလေသည်။ ထို့နောက် လက်ထဲမှ ဝိညာဉ်သတ်ဓားဖြင့် ထိုစွမ်းအင်လှိုင်းကို ခုခံလိုက်သည်။

ထိုနတ်ဆိုး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်း စွမ်းအင်အား ဝိညာဉ်သတ်ဓားဖြင့် ခုခံလိုက်ချိန်တွင် ဓားသွား၌ ဒုတိယမြောက် အက်ရာတစ်ခု ဖြစ်ပေါ်လာသည်။

“သေစမ်း”

ဤသည်ကြောင့် ဟွမ်ဖုဖုန်း ပို၍ မျက်နှာပျက်သွားသည်။ သူ ထိတ်လန့်တုန်လှုပ်ရမည့် အဖြစ်က ယခုမှ အစသာ ရှိပေသေးသည်။

လက်ရှိတွင် အပြင်းအထန် ဒဏ်ရာရထားသော နတ်ဆိုးများက ရှေ့သို့ ပြေးတက်လာကာ တစ်ယောက်ပြီး တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲကြလေသည်။

ငါးယောက်၊ ဆယ်ယောက်၊ ဆယ့်ငါးယောက်။ ထိုသူတို့က ဟွမ်ဖုဖုန်းအား စက်ဝိုင်းသဖွယ် ဝိုင်းထားကြသည်။ သူတို့သည် မိမိတို့ သေရတော့မည်ကို သိနေသောကြောင့် ရှေ့တိုး၍ ဟွမ်ဖုဖုန်းကို ဝိုင်းရံကာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလေတော့သည်။

“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ”

“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ”

“…”

ကြွေးကြော်သံများ၌ စိတ်အား တက်ကြွ၍ ယုံကြည်ချက်ခိုင်မာဟန်များ ပါဝင်နေသည်။

ဝုန်း! ဝုန်း! ဝုန်း!

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်။ နတ်ဆိုးများထံမှ ဖောက်ခွဲခြင်း စွမ်းအင်များ ဆက်တိုက် ပျံ့လွင့်လာပြီး တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲသေဆုံးသွားသည်။

အသားစများနှင့် သွေးစက်များက အရပ်မျက်နှာအနှံ့သို့ လွင့်စဉ်သွားသည်။ ထိုနတ်ဆိုးများသည် လျင်မြန်စွာ တိုးတက်နေသော သိုင်းအဆင့် ရှိကြသူများ ဖြစ်သည်။

ထိုသူများထဲမှ အားအနည်းဆုံးသူပင် အဓိကနတ်ဘုရား အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီး လောကသခင် တစ်ပိုင်းအဆင့်များလည်း ရှိလေသည်။

ထိုသူများ ပူးပေါင်း၍ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်သောအခါ ထွက်ပေါ်လာသော စွမ်းအင်က တုန်လှုပ်ဖွယ် ကောင်းလှသည်။

ထိုနတ်ဆိုးများကြောင့် ဘေးနားမှ လောကသခင်အဆင့်များ ပေါက်ကွဲကာ သေဆုံးသွားလေသည်။ ဟွမ်ဖုဖုန်းပင် မီတာ ရာချီ၍ လွင့်ထွက်သွားရသည်။

သူ၏ ယင်ယန်ရတနာဖြစ်သော ဝိညာဉ်သတ်ဓားပင် အက်ကွဲ၍ ပျက်စီးသွားလေသည်။ သူ၏လက်နှစ်ဖက်မှ သွေးများ စိမ့်ထွက်နေ၏။

ဤအဖြစ်ကြောင့် ဟွမ်ဖုဖုန်း မှင်တက်သွားသည်။ သူသာ တုံ့ဆိုင်းစွာ လှုပ်ရှားမိပါက အပြင်းအထန် ထိခိုက်သွား လောက်သည်။ ဤသည်ကို တွေးမိပြီးနောက် ဟွမ်ဖုဖုန်း၏ မျက်နှာထားက တင်းမာခက်ထန်လာသည်။

ထို့နောက် သူသည် လက်တစ်ဖက်ကိုလှုပ်၍ ယင်ယန်ရတနာ ဓားတစ်လက်ကို ထပ်ထုတ်လိုက်သည်။ ထိုရတနာသည် ယင်ယန် ထိပ်တန်းရတနာ ဖြစ်ရုံသာမက ချမ်ခွန်းတူနှင့်ပင် ယှဉ်နိုင်စွမ်း ရှိလေသည်။

သူသည် ဓားကိုဝင့်၍ လျှိုကျီ၊ သွေးဝိညာဉ်၊ ကောင်းကင်မိစ္ဆာနှင့် အခြားသူများကို သည်းကြီးမည်းကြီး သတ်ဖြတ်လေတော့သည်။

“မဖြစ်ရဘူး”

ထိုမြင်ကွင်းကြောင့် ဝိညာဉ်သခင်နှင့် အခြားသူများ သွေးပျက်သွားသည်။ ထိုဓားချက်အောက်၌ တစ်လောကလုံး ပျက်စီးသွားလောက်သည်ဟု သူတို့ ခံစားမိနေ၏။ ထို့ကြောင့် လျှိုကျီနှင့် ကျန်လူများ ခြွင်းချက်မရှိ သေဆုံးသွားနိုင်သည်။

ထို့ကြောင့် ဝိညာဉ်သခင်၊ မျက်လုံးတစ်လုံး နတ်ဆိုး၊ မရဏနတ်ဆိုး၊ ငရဲနတ်ဆိုး အစရှိသည့် နတ်ဆိုးများက ရှေ့သို့ ပြေးတက်၍ ထိုယင်ယန်ရတနာ ဓားအား ခုခံတိုက်ခိုက်လေသည်။

ထိုဓားသည် အလွန်တရာ အစွမ်းထက်ပုံရပြီး အရှေ့မှ ပြေးတက်သွားသည့် လူတစ်ချို့သည် ဓား၏ စွမ်းအင်လှိုင်းကြောင့် ရင်ဘတ်မှ သွေးများ ပန်းထွက်ကာ လွင့်ထွက်သွားသည်။ ပြင်းထန်သော စွမ်းအင်က လျှိုကျီနှင့် အခြားသူများကို လွှမ်းခြုံလာ၏။

“လျှိုကျီ”

ဝိညာဉ်သခင်နှင့် ကျန်နတ်ဆိုးများသည် သွေးအန်ရင်း ခေါင်းမွေးများပါ ထောင်လာလေည်။ သို့ရာတွင် လျှိုကျီတို့သည် မရဏ အငွေ့အသက်ကို ခံစားမိသော်လည်း ရင်ဘတ်ပေါ် လက်တင်၍ ကျယ်လောင်စွာ ကြွေးကြော် လေသည်။

“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ”

သူတို့ထံမှ ဖောက်ခွဲခြင်း စွမ်းအင်များ ပျံ့လွင့်လာ၏။ ထိုစဉ် သူတို့ အရိုးထဲအထိ ရင်းနှီးနေသော ရွှေရောင် အလင်းတန်း တစ်ခုက သူတို့ရှေ့မှ ဖြတ်ပြေးသွားလေသည်။

Chapter 974 နတ်ဆိုးတွေအတွက်

“သေပေတော့ သောက်ရေးမပါတဲ့နတ်ဆိုးတွေ”

ဟွမ်ဖုဖုန်း၏ ယင်ယန်ဓားက လျှိုကျီနှင့် အခြားသူများအား လွှမ်းခြုံလာသည်။ ဟွမ်ဖုဖုန်း၏ အမူအရာက ရူးသွပ်နေပုံ ပေါ်နေသည်။

သူ့စိတ်ထဲ၌ ဤငရဲဘုံမှ လူများအား မုန်းတီးစိတ်က ဒီရေအလား တိုးပွားလာသည်။ သူ၏ စိတ်ထဲတွင် ဤလူများသည် ဘာမဟုတ်သော တွားသွားသတ္တဝါများသာ ဖြစ်သည်။ ထိုသို့သောလူမျိုးများက သူ၏ ယင်ယန်ရတနာ ဓားကို ဖျက်ဆီးလိုက်သဖြင့် သူ ဒေါသူပုန်ထသွားရသည်။

ထိုဓားချက်အောက်၌ လေဟာနယ်တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်လာ၏။ ပြင်းထန်သော မရဏ အငွေ့အသက်များက လျှိုကျီနှင့် အခြားသူများကို လွှမ်းခြုံလာသည်။

ထိုအခိုက်တွင် ဟွမ်ဖုဖုန်းသည် ဝိညာဉ်သခင်နှင့် အခြားသူများကိုပါ သူကိုယ်တိုင်း ဓားဖြင့် ထက်ပိုင်း ခုတ်နိုင်ပြီဟု ထင်မှတ်ကာ ခက်ထန်ကြမ်းကြုတ်သော မျက်နှာထားမျိုး ဖြစ်လာလေသည်။

ဝှစ်!

မသဲမကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံကြောင့် ဟွမ်ဖုဖုန်း ပျော်ရွှင်သွားပြီး ပြုံးလိုက်မိသည်။ ထိုစဉ် ယင်ယန် ရတနာ ဓားကို ကိုင်ထားသော သူ၏လက်က အောက်သို့ ပြတ်ကျသွားသဖြင့် သူ အံ့အားသင့် သွားရသည်။

ဘုတ်!

လက်တစ်ဖက် အောက်သို့ ပြတ်ကျသွားသည်နှင့် လက်မောင်းမှ ပြင်းထန်သော ဝေဒနာက ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့လာသည်။

“အား…”

ပြင်းထန်လှသော ဝေဒနာကြောင့် ဟွမ်ဖုဖုန်း တုန်ယင်လာသည်။ သူ၏ မယုံကြည်နိုင်သော အကြည့်အောက်မှာပင် သူ၏ လက်တစ်ဖက်က သွေးအလိမ်းလိမ်းဖြင့် ပြတ်ကျနေသည်ကို တွေ့လိုက်ရသည်။

“ဘယ်သူလဲ၊ ဘယ်ကောင်လဲကွ”

အဖြစ်အပျက်က အလွန် လျင်မြန်လှသဖြင့် ဟွမ်ဖုဖုန်း တုံ့ပြန်ချိန် မရလိုက်ပေ။ သူသည်သာမက သူ့အနားမှ လောကသခင်အဆင့် သိုင်းပညာရှင်များလည်း အံ့အားသင့်နေ၏။

ဟွမ်ဖုဖုန်းသည် အန္တိမတစ်ပိုင်းအဆင့်သို့ ရောက်နေသောသူဖြစ်ပြီး သူ၏ တိုက်ပွဲဝင်ခွန်အားက သာမန် အန္တိမအဆင့် သိုင်းပညာရှင်ထက်ပင် သာလွန်သေးသည်။ သို့ရာတွင် ထိုသို့သောလူမျိုးသည်ပင် သတိမမူ လိုက်မိဘဲ လက်တစ်ဖက် အဖြတ်ခံလိုက်ရသည်။

ဝိညာဉ်သခင်နှင့် နတ်ဆိုးမျိုးနွယ်များလည်း အံ့အားသင့်နေကြသည်။

“ရွှေရောင်ဓား၊ ငါ … ငါ အခု သခင်ကြီးရဲ့ ရွှေရောင်ဓားကို မြင်လိုက်သလိုပဲ”

လျှိုကျီနှင့် အခြားသူများ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်နေကြသည်။ ယဲ့ဖန်သည် ယန်ဝမ် ဟင်းလင်းပြင်၌ သေဆုံးသွားပြီဟု သူတို့ အမြဲ ထင်ခဲ့ကြလေသည်။ ထို့ကြောင့် ယဲ့ဖန်အတွက် လက်စားချေရန် မျိုးနွယ်သုံးခုကို သတ်ပစ်မည်ဟု သွေးသစ္စာ ကျိန်ဆိုခဲ့သည်။ သို့သော် ယခု သူတို့ အလွန် မျှော်လင့်ချက် ပျက်သုဉ်းနေသော အချိန်၌ ရင်းနှီးနေသော ရွှေရောင်ဓားကို မြင်လိုက်ရ၏။

“ထင်ယောင်ထင်မှား ဖြစ်နေတာများလား”

မြေကမ္ဘာနတ်ဆိုး လျှိုကျီနှင့် အခြားသူများ မယုံကြည်နိုင်သေးပေ။ ထိုစဉ် ခြေသံများ ထွက်ပေါ်လာကြောင့် သူတို့ တုန်လှုပ်သွားသည်။

ခြေသံနှင့်အတူ အနီးအနားရှိ တောအုပ်ထဲမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ဖုန်များ ပေကျံနေပြီး သူတို့နောက်သို့ တောက်လျှောက် လိုက်လာပုံရသည်။

ထိုသူနှစ်ယောက်ကို တွေ့လိုက်ရချိန်တွင် မြေကြီးပေါ်မှ အသားစများနှင့် အရိုးများထံမှ နတ်ဆိုးချီမျှင်စုများ ထွက်ပေါ်လာသည်။

ထိုသူနှစ်ယောက်ထဲမှ တစ်ယောက်ကို မြင်လိုက်ရသောအခါ လျှိုကျီ၊ သွေးဝိညာဉ်၊ ကောင်းကင်မိစ္ဆာတို့ တုန်လှုပ်သွားသည်။ ဝိညာဉ်သခင်၊ မရဏနတ်ဆိုး၊ မျက်လုံးတစ်လုံး နတ်ဆိုး၊ ငရဲနတ်ဆိုး၊ ထို့ပါယွင်နှင့် အခြားသူများသည်လည်း စိတ်လှုပ်ရှားလာကြသည်။

“သ … သခင်ကြီးလား”

လူတိုင်း နားဝေတိမ်တောင် ဖြစ်နေလေသည်။ သူတို့ နေ့ရောညပါ အမှတ်ရနေသောသူ၊ သူတို့ သေပြီဟု ထင်မှတ်ခဲ့သောလူက လက်ရှိတွင် သူတို့၏ မျက်စိရှေ့သို့ ပေါ်လာသဖြင့် ယုံရခက်နေကြလေ၏။ ထိုစဉ် နတ်ဓားသည် လေထဲမှ လှစ်ခနဲ ပျံဝဲ၍ ယဲ့ဖန်ထံ ပြန်ရောက်သွားသည်။

တောက်! တောက်!

နတ်ဓား၏ ဓားသွားမှ သွေးစက်များ တတောက်တောက် စီးကျနေသည်။ ဤအဖြစ်ကြောင့် ဟွမ်ဖုဖုန်း ရူးမတတ် ဖြစ်သွားရသည်။

“မင်း ဘယ်သူလဲ”

ယဲ့ဖန်က နတ်ဘုရင် အထွတ်အထိပ်အဆင့်သာ ရှိသေးသည်ကို သူ သေချာ ခံစားမိသဖြင့် စိတ်ထဲ၌ အံ့ဩနေသည်။

နတ်ဘုရင်အဆင့်တစ်ယောက်ကြောင့် သူ၏လက်တစ်ဖက် ပြတ်သွားရသည်က မယုံနိုင်စရာပင်။ ရှက်ဖွယ်ကောင်းလိုက်ပါဘိ။

သို့ရာတွင် ယဲ့ဖန်က ပြန်မဖြေချေ။ သူက ဒဏ်ရာရနေသော ဝိညာဉ်သခင်၊ မရဏနှင့် အခြားသူများကို တစ်ချက်ကြည့်လိုက်ပြီး သေလုမျောပါး ဒဏ်ရာရနေသော လျှိုကျီတို့ကို လှမ်းကြည့်ပြီး မျက်ရည်ဝဲ လာလေသည်။

ဤလူများသည် သူ၏ ညီအစ်ကိုများ ဖြစ်သည်။ သူ ချစ်ရသော မိသားစုဝင်များ ဖြစ်သည်။ ယခု ဤလူများက … ဆိုးရွားသော အခြေအနေသို့ ရောက်နေရသည်။

ဝိညာဉ်သခင်နှင့် အခြားသူများသည် သတိပြန်ဝင်လာပြီးနောက် ဝမ်းသာအားရ ဖြစ်သွားကြသည်။ သူတို့သည် ယဲ့ဖန်ရှေ့၌ ဒူးတစ်ဖက်ထောက်၍ စိတ်လှုပ်ရှားစွာဖြင့် ဂါဝရပြုလေသည်။

“ဝိညာဉ်သခင်က သခင်ကြီးကို ဂါဝရပြုပါတယ်”

“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ”

“မြေကမ္ဘာနတ်ဆိုး လျှိုကျီက သခင်ကြီးကို ဂါဝရပြုပါတယ်”

“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ”

“…”

လက်ရှိတွင် ကျယ်လောင်သော နှုတ်ဆက်သံများ တရစပ် ထွက်ပေါ်နေ၏။ ဤသည်ကိုမြင်ပြီး ဟွမ်ဖုဖုန်းနှင့် လောကသခင်အဆင့်များ မှင်တက်သွားကြသည်။

ယခင်က သူရူးသဖွယ် ဖြစ်နေသော နတ်ဆိုးများက ယခုအခါ၌ မျက်ရည်များ ကျနေပြီး အချိန်အတော်ကြာ ကွဲကွာနေသည့် မိသားစုဝင်များကို ပြန်တွေ့လိုက်ရသည့် ကလေးသဖွယ် ငိုကြွေးနေကြသည်။ သူတို့၏ စိတ်လှုပ်ရှားမှု၊ ဝမ်းသာစိတ်တို့က ထင်မှတ်မထားလောက်အောင် မယုံနိုင်စရာ‌ ကောင်းလှသည်။

*သခင်ကြီးလား*

*ဒါဆို ငရဲဘုံက နတ်ဆိုးပေါ့*

ထိုအခိုက်တွင် ဟွမ်ဖုဖုန်းနှင့် လောကသခင်အဆင့်များ၏ မျက်နှာထားက ပို၍ တင်းမာကာ သုန်မှုန်လာ၏။ ထိုစဉ် ယဲ့ဖန်က အားလုံးကို ပြန်ထခိုင်းလိုက်သည်။ သူတို့၏ ဒဏ်ရာများကို ကြည့်ပြီး ယဲ့ဖန် မျက်ရည်ကျကာ စိတ်ထဲ၌ ဝမ်းနည်းစိတ်များဖြင့် ပြည့်နှက်လာသည်။

“ပင်ပန်းသွားပြီ ငါ့လူတို့”

ထိုကဲ့သို့ ရိုးရှင်းလှသော စကားလေးက ဝိညာဉ်သခင်နှင့် အခြားများကို ပြိုလဲကျသွားစေသည်။ ကမ္ဘာဂြိုဟ်မှ စစ်ပွဲအတွင်း၌ သူတို့သည် ဟင်းလင်းပြင်မုန်တိုင်းနှင့် ကြုံတွေ့ခဲ့ရပြီး ယင်ယန်လောကသို့ ရောက်ခဲ့ရသည်။

ဤသည်မှာ သူတို့ အိမ်မက်ဆိုး၏ အစပင်။ ဤနေရာမှ လူများသည် သူတို့ထက် ပို၍ သန်မာလှသည်။ သူတို့သည် မဆုံးနိုင်သော အရှက်ရခြင်းများကို အံတုခဲ့ရပြီး အကြိမ်ကြိမ် လိုက်လံဖမ်းဆီးခြင်း ခံခဲ့ရသည်။

သူတို့ အကြိမ်ကြိမ် တိုက်ခိုက်၍ တိုက်ပွဲဆင်နွှဲခဲ့ရသည်။ နေ့စဉ်နေ့တိုင်း သေမင်းခံတွင်းဝသို့ ရောက်နေရပြီး နေ့တိုင်း သွေးပင်လယ်ထဲမှ ရုန်းထွက်၍ သန်မာလာအောင် ပြုလုပ်ခဲ့သည်။

တစ်နေ့နေ့တွင် သူတို့ ငရဲဘုံသို့ ပြန်သွားနိုင်ပြီး အိမ်သို့ ပြန်နိုင်မည်ဟု မှတ်ထင်ထားကြသည်။ ယဲ့ဖန်အတွက်၊ နတ်ဆိုးများအတွက် လက်စားချေရမည် ဖြစ်သည်။

ယခု ယဲ့ဖန်ကို တွေ့လိုက်ရချိန်တွင် သူတို့၏ အရှက်ကွဲခံရခြင်းများ ပျောက်ကွယ်သွားလေသည်။

*သူ အသက်ရှင်နေသေးတယ်*

*ငါတို့ ယုံကြည်မှုတွေ မသေဆုံးတော့ဘူး*

ထိုအခိုက်တွင် ဝိညာဉ်သခင်၊ မရဏနတ်ဆိုး၊ မျက်လုံးတစ်လုံး နတ်ဆိုး၊ ထို့ပါယွင်၊ လျှိုကျီ၊ သွေးဝိညာဉ်နှင့် ကောင်းကင်မိစ္ဆာ အစရှိသည့် နတ်ဆိုးများအားလုံးက ရင်ဘတ်ပေါ် လက်တင်၍ ရူးမတတ် ကြွေးကြော်ကြသည်။

“နတ်ဆိုးတွေအတွက်”

ထိုစကားကြောင့် ယဲ့ဖန်၏ မျက်လုံးများက ပိုမို၍ အေးစက်လာ၏။ သူသည် တစ်ဖက်လှည့်၍ မြေကြီးပေါ်မှ ပေါက်ကွဲ သေဆုံးသွားသော လူများကို ကြည့်လိုက်မိသည်။ ဝမ်းနည်းစိတ်များ ဖုံးလွှမ်းလာပြီး ရင်ဘတ်ပေါ် လက်တင်၍ ပြောလိုက်သည်။

“နတ်ဆိုးတွေအတွက်”

ယဲ့ဖန်က ဟွမ်ဖုဖုန်းကို စူးစိုက်ကြည့်၍ ရက်စက်ခက်ထန်ပြီး သွေးဆာသော အပြုံးမျိုး ပြုံးလာသည်။

“မင်း သေရတော့မှာ”

ထိုအခါ ယဲ့ဖန်၏ စူးရဲသော အကြည့်ကြောင့် ဟွမ်ဖုဖုန်း တုန်လှုပ်သွားရသည်။ ထိုခံစားချက်က ဒေါသူပုန် ထနေသော သားရဲကောင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားမိပြီး ကြက်သီးတဖြန်းဖြန်း ထသွား လေသည်။

“မဟုတ်ဘူး၊ ထင်ယောင်ထင်မှားပဲ၊ ထင်ယောင်ထင်မှား ဖြစ်နေတာပဲနေမယ်”

ဟွမ်ဖုဖုန်းက ခေါင်းတွင်တွင်ခါ၍ သူ့စိတ်ထဲမှ ထူးဆန်းသော အတွေးကို မေ့ပျောက်လိုက်သည်။ အစောပိုင်းက သူ့စိတ်ထဲတွင် ဝိညာဉ်သခင်နှင့် အခြားသူများကို သတ်ပစ်ရန်သာ တွေးနေမိသည်။ ထို့ကြောင့်ပင် နတ်ဘုရင် အဆင့်ကောင်က အခွင့်အရေး ရသွားခြင်း ဖြစ်လေသည်။

ယခု ထိုအတွက် ယဲ့ဖန် ပေးဆပ်ရပေမည်။ ထိုသို့တွေးတောပြီးနောက် ဟွမ်ဖုဖုန်းသည် ကျန်နေသော လက်တစ်ဖက်ဖြင့် ဆေးပုလင်း တစ်ပုလင်းကို ထုတ်၍ အထဲမှ ဆေးကို သောက်လိုက်သည်။ ထို့နောက် သူသည် ကိုယ်ကိုကိုင်း၍ ပြတ်သွားသော လက်နှင့် ယင်ယန်ဓားကို ကောက်ယူလိုက်လေသည်။ ထို့နောက် ယဲ့ဖန်ကို စူးစိုက်ကြည့်ပြီး ပြောလိုက်သည်။

“ဟေ့ကောင် မင်းက ငါဆိုတဲ့ ဟွမ်ဖုဖုန်းကို ထိခိုက်အောင် လုပ်နိုင်တဲ့ ပထမဆုံးလူပဲ”

“မင်းကို လေးစားသမှု ပြုတဲ့အနေနဲ့ မင်းကို တစ်ရာ့ရှစ်ပိုင်းတိတိ ခုတ်ဖြတ်ပစ်မယ်”

ဟွမ်ဖုဖုန်းက ထီမထင်ဟန်ပြုံး၍ ပြတ်သွားသောလက်နှင့် လက်မောင်းကို ပြန်တေ့ပြီး အားဖြင့် ဖိလိုက်သည်။ ထိုအခါ အစောပိုင်းက ဆေးအစွမ်းကြောင့် ပြတ်သွားသော လက်မောင်းနေရာက ပြန်ဆက်သွားသည်။ တစ်ခဏ အတွင်းမှာပင် ပြတ်သွားသော လက်က ပကတိအတိုင်း ပြန်ဖြစ်သွားသည်။ ထို့နောက် ယဲ့ဖန်ကို ကြည့်၍ မချိုမချဉ် ပြုံးလေသည်။

ဤအပြုအမူကိုကြည့်ပြီး ယဲ့ဖန်က ပိုမို၍ သွေးဆာလာသော အပြုံးမျိုး ပြုံးလေသည်။

“တစ်ရာ့ရှစ်ပိုင်းတိတိ ခုတ်ဖြတ်မယ်တဲ့လား”

“ရတယ်လေ၊ ဒီနေ့ ငါ ဟွမ်ဖုယိုကို လက်ဆောင်ကြီးတစ်ခု ပေးရတာပေါ့”

Chapter 975 မင်း အရေးမပါတာတွေ ပြောလွန်းတယ်

“ဟွမ်ဖုယိုကို လက်ဆောင်ကြီးတစ်ခု ပေးရတာပေါ့”

ယဲ့ဖန်ကလည်း သူ့အား တစ်ရာ့ရှစ်ပိုင်းတိတိ ခုတ်ဖြတ်၍ ဟွမ်ဖုမျိုးနွယ်၏ ဘိုးဘေးထံ လက်ဆောင် ပေးချင်သည်ဟု ပြောလာသောအခါ ဟွမ်ဖုဖုန်း၏ မျက်နှာထားက ချက်ချင်း ပျက်ယွင်းသွားသည်။

သူ ဒေါသထွက်လာသည်။ ဤနတ်ဘုရင်အဆင့်လေးသာရှိသော လူက အလွန် ထောင်လွှားနေလိမ့်မည်ဟု သူ ထင်မထားမိပေ။

“စောက်ရေးမပါတဲ့ ငရဲဘုံက တွားသွားကောင်ကများ”

“အစောပိုင်းက အလစ်တိုက်တာ အောင်မြင်သွားတာနဲ့ မင်းက ဘဝင်မြင့်နေပြီလား”

ဟွမ်ဖုဖုန်းက စိတ်ကြီးဝင်၍ ဖိနှိပ်ချုပ်ခြယ်လိုသော မျက်နှာထားဖြင့် ဆက်ပြောလေသည်။

“ဒီသခင်လေးက ရွှမ်ချန်မြို့ကြီးရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ၊ ပြီးတော့ အနာဂတ်မှာ လူသားအရှင်သခင်ရဲ့ တပည့်ဖြစ်လာဖို့ ကံပါလာတဲ့လူ၊ ယင်ယန်လောကကြီးရဲ့ ပြိုင်ဘက်ကင်း ဖြစ်လာတော့မယ့်လူကွ”

“မင်းနဲ့ မင်းရဲ့တွားသွားကောင်တွေက ဒီသခင်လေး နင်းချသွားမယ့် ကျောက်တုံးအဆင့်ပဲ ရှိတာ”

ထိုသို့ပြောနေချိန်တွင် ဟွမ်ဖုဖုန်း၏ အပြုံးက ပို၍ ခက်ထန်လာသည်။

“စိတ်ချလက်ချသာနေ၊ ဒီသခင်လေးက မင်းကို တစ်ရာ့ရှစ်ပိုင်းတိတိလေးပဲ ခုတ်ဖြတ်ပစ်မှာ၊ မင်းကို ချက်ချင်း အသေမသတ်ပါဘူး”

“မင်းရဲ့ ညီအစ်ကိုတွေ၊ မျိုးနွယ်ဝင်တွေ မင်းရှေ့မှာ တစ်ယောက်ပြီး တစ်ယောက် သေရမှာကို မင်းမျက်လုံးနဲ့ တပ်အပ်မြင်ရအောင် လုပ်ပေးမှာ”

“ဟားဟားဟား … မင်းရဲ့ ကြံရာမရဖြစ်ပြီး ရူးမတတ် ဖြစ်နေပုံကို စဉ်းစားကြည့်ရုံနဲ့တင် ငါ စိတ်လှုပ်ရှားလာပြီ”

ဟွမ်ဖုဖုန်း၏ စကားများက ပို၍ ရက်စက်ကြမ်းကြုတ်လာ၏။ ယဲ့ဖန်၏ မျက်လုံးများသည်လည်း ပို၍ ခက်ထန် မာကြောလာသည်။

“မင်း အရေးမပါတာတွေ ပြောလွန်းတယ်”

ထိုသို့ပြောပြီး ယဲ့ဖန်က လက်တစ်ဖက်ဖြင့် ဓားကိုကိုင်ဆွဲ၍ ဟွမ်ဖုဖုန်းထံ တစ်လှမ်းခြင်း လှမ်းသွားလေသည်။

ဒေါက်! ဒေါက်! ဒေါက်!

ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ခန္ဓာကိုယ်မှ နတ်ဆိုးချီမျှင်စုက ပို၍ ကျစ်လျစ် သန်မာလာသည်။ သူ၏ အပြုအမူကြောင့် ဟွမ်ဖုဖုန်းက အထင်သေးသလို ပြုံးလိုက်ပြီး ယင်ယန်ဓားကို ကိုင်ဆွဲ၍ ယဲ့ဖန်အား အားဖြင့် ခုတ်ပိုင်းလေသည်။

“ပထမဓားချက်နဲ့ မင်းလက်ကို ဖြတ်ပစ်မယ်ကွ”

သူ၏ ဓားကို မြှောက်လိုက်ချိန်တွင် ဓား၏အရှိန်က လေဟာနယ်အား ထက်ပိုင်းခွဲလုနီးပါး ဖြစ်လာပြီး မရဏ အငွေ့အသက်များက ယဲ့ဖန်ကို လွှမ်းခြုံလာသည်။

ဓား၏ အရှိန်အဝါကြောင့် ဝိညာဉ်သခင်နှင့် အခြားသူများ နောက်သို့ အသည်းအသန် ဆုတ်လိုက်ရသည်။ သူတို့၏ မျက်နှာထက်တွင် စိုးရိမ်စိတ်များ ထင်ဟပ်လာ၏။

ဤဓားချက်အောက်၌ ငရဲဘုံမှ လောကသခင် သုံးပါးလုံး ခြွင်းချက်မရှိ သေဆုံးသွားလောက်သည်။ အန္တိမအဆင့် သိုင်းပညာရှင်တစ်ယောက်ပင် ဤဓားချက်ကြောင့် ဒဏ်ရာ အပြင်းအထန် ရသွားနိုင်သည်။ နတ်ဆိုးများအားလုံး စိုးရိမ်စိတ် ကြီးနေကြီးပြီး ဟွမ်ဖုဖုန်း၏ အထင်သေးသောအပြုံးက ပို၍ ပီပြင်လာသည်။

“လက်ပြတ်စမ်းကွာ”

သူ၏စိတ်ထဲ၌ ယုံကြည်ချက်များဖြင့် ပြည့်နှက်နေ၏။ ဤဓားချက်တွင် သူ၏ ခွန်အားအကုန် စိုက်ထုတ် ထားသည်။ အန္တိမ စဦးအဆင့်တောင်မှ ဓားတစ်ချက်တည်းဖြင့် သေသွားနိုင်ပေသည်။ ယဲ့ဖန်ကဲ့သို့ နတ်ဘုရင် အဆင့်လေးက ဤဓားချက်အောက်၌ အသက်ရှင်နိုင်မည်ဟု ဟွမ်ဖုဖုန်း မယုံကြည်ပါ။

ဓားသွားက ယဲ့ဖန်နားသို့ ရောက်တော့မည့်အချိန်တွင် ယဲ့ဖန်က လက်ထဲမှ နတ်ဓားအား အသာလှုပ်ခါ၍ ရှေ့သို့ ပိုင်းချလိုက်သည်။

ဤဓားချက်သည် အလွန် ညင်သာလှသည်။ သို့သော် ဓားဖြင့် ခုတ်ပိုင်းလိုက်ချိန်တွင် လေဟာနယ်ပင် အက်ကွဲသွားလေသည်။ ထို့နောက် ရွှေရောင် အလင်းတန်းတစ်ခုက ဟွမ်ဖုဖုန်း၏ မျက်နှာထံသို့ ဥက္ကာခဲသဖွယ် ကျဆင်းလာ၏။

ရွှစ်!

မသဲမကွဲအသံ ထွက်ပေါ်လာပြီးနောက် ဟွမ်ဖုဖုန်း၏ အထင်သေးသော အပြုံး ပျောက်ကွယ်သွားသည်။ သူ၏ လက်ကောက်ဝတ်၌ သွေးစင်းကြောင်းတစ်ခု ပေါ်ထွက်လာသဖြင့် အံ့အားသင့်သွားလေသည်။

ထို့နောက် သူ၏ လက်က လက်ကောက်ဝတ်မှနေ၍ တိခနဲ ပြတ်ကာ မြေကြီးပေါ် ပြုတ်ကျသွားသည်။ ထိုအဖြစ်ကြောင့် ဟွမ်ဖုဖုန်း မှင်တက်သွားပြီး မယုံသင်္ကာ ဖြစ်သွားရသည်။ ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့လာသည့် ဝေဒနာကြောင့် သူ နောက်သို့ အနည်းငယ်မျှ ဆုတ်လိုက်သည်။

“မဟုတ်ဘူး … ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”

ဟွမ်ဖုဖုန်း မယုံသင်္ကာ ဖြစ်နေ၏။ အစပိုင်းက သူသည် ဓားချက်တစ်ချက်တည်းဖြင့် ယဲ့ဖန်၏ လက်ကို ဖြတ်ချင်ခဲ့သော်လည်း မထင်မှတ်ဘဲ တစ်ဖက်လူကသာ သူ၏လက်တစ်ဖက်ကို ဖြတ်သွားသည်။

အထူးသဖြင့် ရွှေရောင် အလင်းတန်း ဖြတ်သွားချိန်ကို ပြန်တွေးမိပြီး သူ တုန်လှုပ်သွားရသည်။ ထိုအချိန်က သူ မည်သို့မျှ တုံ့ပြန်ချိန် မရလိုက်ပေ။ ဤသည်ကို စဉ်းစားမိပြီးနောက် သူ ကတုန်ကယင်ဖြစ်ကာ ခြောက်ခြား သွားသည်။

သူသည်သာမက ဝိညာဉ်သခင်နှင့် အခြားသူများလည်း အံ့အားသင့်နေ၏။

“သခင်ကြီးရဲ့ ခွန်အားက …”

သူတို့ သတိပြန်ဝင်လာပြီးနောက် ဝမ်းသာအားရ ဖြစ်လာကြသည်။ ဟွမ်ဖုဖုန်းသည် အန္တိမတစ်ပိုင်းအဆင့်သို့ ရောက်နေသူ ဖြစ်သောကြောင့် ယဲ့ဖန်ကထက် အဆင့်ငယ် နှစ်ဆယ့်တစ်ဆင့်မျှ မြင့်သူ ဖြစ်သည်။ ထို့အပြင် သူ၏ တိုက်ပွဲဝင် ခွန်အားက သာမန် အန္တိမ စဦးအဆင့် သိုင်းပညာရှင်ထက်ပင် သန်မာသေးသည်။

ဤမျှ ကြီးမားသော သိုင်းအဆင့် ကွာဟချက် ရှိသော်လည်း ယဲ့ဖန်က သူ၏လက်ကို ဓားဖြင့် ခုတ်လိုက်နိုင်သည်။ ဤသည်က ယဲ့ဖန်သည် အန္တိမ စဦးအဆင့်အား အလွယ်တကူ သတ်ဖြတ်နိုင်သော အစွမ်းရှိနေကြောင်း ပြသနေ၏။

ယဲ့ဖန်၏ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို စဉ်းစားမိပြီးနောက် ဝိညာဉ်သခင်နှင့် အခြားသူများ ထိတ်လန့်လာရသည်။

“သခင်လေး …”

ထိုအခိုက်တွင် ဟွမ်ဖုဖုန်း၏ အခြေအနေကို သတိထားမိပြီး ဘေးနားမှ ရာချီသော လောကသခင်အဆင့်များ ထိတ်လန့်သွားကြသည်။ သူတို့အားလုံး ရှေ့သို့ ပြေးတက်လာပြီး သူတို့၏ သခင်လေးကို ကာကွယ်ရန် ပြင်လေသည်။

သို့သော် သူတို့ စလှုပ်ရှားလိုက်သည်နှင့် ပိန်ပါးပါး လူတစ်ယောက်က သူတို့ရှေ့၌ ပိတ်ရပ်လာ၏။ ထိုသူကား ရှောင်ချီရှို့ပင်။

“ဟွမ်ဖုဖုန်းက ငါ့ဆရာ အပိုင်ပဲ”

“မင်းတို့ကတော့ …”

ရှောင်ချီရှို့က ရာချီသော လောကသခင်အဆင့် သိုင်းပညာရှင်များကို စူးစိုက်ကြည့်ပြီး ရက်စက် သွေးဆာသော အပြုံးမျိုး ပြုံးလိုက်သည်။

“ငါ့အပိုင်ပဲ”

ထိုသို့ပြောပြီးနောက် သူသည် လှစ်ခနဲ လှုပ်ရှား၍ ရာချီသော လောကသခင်အဆင့် သိုင်းပညာရှင်ထံ ပြေးဝင်ပြီး သတ်ဖြတ်လေတော့သည်။ သူသည် ရှေ့သို့ ပြေးတက်သွားပြီးသည်နှင့် လက်သီးကိုဝင့်ကာ ထိုးနှက်လိုက်သည်။

ဝုန်း! ဝုန်း! ဝုန်း!

လောကသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်သည် ခုခံချိန်ပင် မရလိုက်ဘဲ လက်သီးချက်အောက်၌ ပေါက်ကွဲ၍ သေဆုံးသွားလေသည်။ လူအုပ်များကြားထဲ၌ သွေးအိုင်တစ်ခု ဖြစ်ပေါ်လာ၏။ ရှောင်ချီရှို့သည် သိုးအုပ်ကို ဝင်ဆွဲသော ကျားတစ်ကောင်ကဲ့သို့ အဆက်မပြတ် သတ်ဖြတ်နေသည်။

ငါးယောက်၊ ဆယ်ယောက်၊ အယောက်နှစ်ဆယ်။ အချိန်တိုအတွင်းမှာပင် ရှောင်ချီရှို့၏ လက်ချက်ကြောင့် လောကသခင်အဆင့် အယောက်နှစ်ဆယ်ကျော် အသတ်ခံလိုက်ရသည်။ ထိုသို့သောအချိန်၌ ဝိညာဉ်သခင်နှင့် အခြားသူများ ပို၍ ထိတ်လန့်တုန်လှုပ်နေကြသည်။

“ရှောင် … ရှောင်ချီရှို့လေးက တော်တော် သန်မာလာတာပဲ၊ သူ့ရဲ့ တိုက်ပွဲဝင်ခွန်အား အန္တိမအဆင့်နီးနီး ဖြစ်နေပြီ”

ဝိညာဉ်သခင်၊ မရဏနတ်ဆိုးနှင့် အခြားသူများ အံ့ဩဝမ်းသာနေကြသည်။ ရှောင်ချီရှို့က ဤမျှ ကြောက်စရာ ကောင်းလာလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။

ဟွမ်ဖုဖုန်းတောင်မှ အံ့အားသင့်သွားရသည်။ ဟွမ်ဖုဖုန်း၏ စိတ်ထဲတွင် ယဲ့ဖန်နှင့် ရှောင်ချီရှို့တို့အား မိစ္ဆာကောင်ကြီးများဟု ထင်မှတ်လာသည်။

တစ်ယောက်က မိမိထက် အဆင့်ငယ် နှစ်ဆယ်ကျော်မျှမြင့်သော အန္တိမတစ်ပိုင်းအဆင့်၏ လက်တစ်ဖက်အား ဓားတစ်ချက်တည်းဖြင့် ဖြတ်တောက်နိုင်နေသည်။

နောက်တစ်ယောက်က အသက်ငယ်ငယ်လေးနှင့် လှောင်အိမ်ထဲမှ လွတ်လာသော ကျားတစ်ကောင်သဖွယ် လောကသခင်အဆင့်များအား သတ်ဖြတ်နေ၏။ နှစ်ယောက်စလုံးက အန္တိမအဆင့် တိုက်ပွဲဝင်ခွန်အားကို ပိုင်ဆိုင်ထားသဖြင့် မယုံနိုင်စရာ ကောင်းလှသည်။

*ထွက်ပြေးရမယ်*

ထိုအခိုက်တွင် ဟွမ်ဖုဖုန်းသည် ဆိုးရွားသော တစ်စုံတစ်ရာ ဖြစ်လာတော့မည်ဟု မြင်ယောင်နေသဖြင့် လက်အောက်ငယ်သားများ၏ အော်သံများကို လျစ်လျူရှု၍ နောက်လှည့်ကာ အသည်းအသန် ထွက်ပြေးလေသည်။

သူသည် သားရဲရိုင်းတစ်ကောင်၏ လိုက်ဖမ်းခြင်း ခံနေရသကဲ့သို့ သည်းခြေပျက်မတတ် ထွက်ပြေးနေ၏။ သူ၏ နဖူးမှ ချွေးစေးများ စီးကျနေသည်။ ပြောင်းလဲသွားသော အခြေအနေက သူ ထင်ထားသည်ထက် ကျော်လွန် နေသည်။

ထိုစဉ် အရိုးကွဲမတတ် အေးစက်သော စကားသံ ထွက်ပေါ်လာ၏။

“ထွက်ပြေးမလို့လား”

ထိုအသံနှင့်အတူ အနောက်ဘက်မှ ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးလာသည်။

“သေစမ်း”

ဟွမ်ဖုဖုန်း ထိတ်လန့်သွားသည်။ သူသည် ထွေထွေထူးထူး တွေးမနေဘဲ နောက်လှည့်၍ နတ်ဓားကို ခုခံလိုက်သည်။ ရွှေရောင်အလင်းတန်း၏ စွမ်းအင်က ကြောက်စရာကောင်းသော အဆင့်တစ်ခုသို့ ရောက်နေလေ၏။

သူ၏ ယင်ယန်ရတနာ ဓားသည် ချက်ချင်း ပျက်စီးလုနီးပါး ဖြစ်သွားသည်။ ထို့အပြင် ရွှေရောင် အလင်းတန်းက သူ၏ ခြေထောက်နားမှ ဖြတ်သန်းသွားလေသည်။

ရွှစ်!

သွေးများ ပန်းထွက်လာပြီးနောက် ဟွမ်ဖုဖုန်းသည် ခြေထောက်တစ်ဖက် ပြတ်သွားသဖြင့် ဟန်ချက် မထိန်းနိုင်တော့ဘဲ မြေကြီးပေါ် လဲကျသွားသည်။

“အား…”

ဟွမ်ဖုဖုန်း အလွန်အမင်း ခြောက်ခြားနေ၏။ ခြေတစ်ဖက်၊ လက်တစ်ဖက် ပြတ်သွားသဖြင့် ပြင်းထန်သော ဝေဒနာက တစ်ကိုယ်လုံးကို စိုးမိုးလာသည်။

သို့ရာတွင် ဤသည်က အိပ်မက်ဆိုး၏ အစသာ ရှိပေသေးသည်။ ယဲ့ဖန်၏ ခြေသံကို ကြားလိုက်ရပြီးချိန်တွင် သူ လိပ်ပြာလွင့်မတတ် တုန်လှုပ်အံ့ဩသွားရသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာလေ၏။

စာစဉ် ၆၅ ဤတွင်ပြီးပါပြီ။

All Chapters