← Chapters

သဏ္ဌာန်မဲ့ဓား၊ အသက်မဲ့ဓား၊ အနတ္တဓား

Vol. 7 Ch. 620

သဏ္ဌာန်မဲ့ဓား၊ အသက်မဲ့ဓား၊ အနတ္တဓား

Vol. 7 Ch. 620

ဓားဝိညာဉ် အလင်းတန်းတစ်ခုသည် သွေးနီရောင် ပင်လယ်ထဲမှ ထွက်ပေါ်လာပြီး တောင်တန်းလေးထက်သို့ ပျံသန်း ထွက်ခွာသွားလေသည်။

တောင်ကုန်းထိပ်မှ သက်တံရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဓားဝိညာဉ် အလင်းတန်းကို တားဆီး ထားလိုက်လေသည်။ ဓားဝိညာဉ် အလင်းတန်းသည် သက်တံရောင် အလင်းတန်းကို ဖြတ်သန်းသွားနိုင်ခြင်း မရှိခဲ့ပေ။

သွေးနီရောင်ပင်လယ် နှစ်ခြမ်းကွဲသွားပြီး ငယ်ရွယ်သည့် တာအိုဆရာတစ်ပါး ပေါ်ထွက်လာလေသည်။

သူ၏ မျက်ခုံးများသည်ကား သွေးနီရောင် တောက်ပလျက်ရှိပြီး သူ၏ တာအိုဝတ်ရုံတွင် သွေးနီရောင်ရေများ စွန်းထင်းလျက် ရှိလေသည်။ သို့သော် … သူသည် မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ သန့်စင်ကြည်လင်သည့် အလင်းတန်းများကို သူ၏ ခန္ဓာကိုယ်အတွင်းမှ ထုတ်ဖော် လိုက်လေသည်။

သူက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်လေရာ ဓားဝိညာဉ်သည် သူ၏ အင်္ကျီလက်အတွင်းသို့ ပြန်ဝင်သွားလေသည်။

သူက သက်တံရောင် အလင်းတန်းရှိရာသို့ တစ်ချက် ကြည့်လိုက်ပြီး …

"ဒီနေ့ ကျုပ်ဒီနေရာက ထွက်သွားနိုင်မလား ဆိုတာ ကြည့်ကြတာပေါ့"

ယခင်အချိန်များက ကဲ့သို့ ထက်မြက်စူးရှသည့် အငွေ့အသက်များ ချန်ကျန့်မေထံတွင် မရှိတော့ပေ။

သို့သော် … ရှည်လျား ဖြောင့်တန်းပြီး သွေးနီရောင် တောက်နေသည့် ဓားသွားပုံသဏ္ဌာန် မျက်ခုံးအစုံကတော့ သူသည် ခပ်ညံ့ညံ့ လူတစ်ယောက် မဟုတ်ကြောင်းကို ပြသလျက်ရှိလေသည်။ သူ၏ မျက်ဝန်းများတွင် ကရုဏာတရားများဖြင့် ပြည့်နေပြီး သူ၏ပုံစံကလည်း အေးဆေးတည်ငြိမ်လျက် ရှိလေသည်။

တစ်ချိန်တုန်းက မရေမတွက်နိုင်အောင် များပြားလှသည့် နတ်မိစ္ဆာများကို သတ်ဖြတ်ပစ်ခဲ့သည့် "အသူရာဘုရင် မရဏဓားသခင်" ဟု မည်သူမှ သူ့ကို ထင်မှတ်ကြလိမ့်မည် မဟုတ်ပေ။

"ကြည့်ရတာ ဒကာလေးချန်ကျန့်မေ ခုတလော တော်တော် တိုးတက်လာတာပဲ၊ ဒါပေမဲ့ မင်းရဲ့လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ ကျုပ်ရဲ့ ဗောဓိသက်တံ အလင်းတန်းကို အနိုင်ယူနိုင်မှာ မဟုတ်သေးဘူး၊ ဒီနေ့ ကျုပ်တို့ မတိုက်ခိုက်ကြတာ ကောင်းမယ်ထင်တယ်"

သက်တံရောင် အလင်းတန်းထဲမှ ဘုန်းတော်ကြီး၏ အသံက ပြောလိုက်လေသည်။

ထိုအချိန်မှာပင် ချန်ကျန့်မေ၏ ခြေဖဝါးအောက်တွင် သွေးနီရောင် ကြာပလ္လင်တစ်ခု ထွက်ပေါ်လာလေသည်။ ကြာပလ္လင်အောက်တွင် သွေးနီရောင် ပင်လယ်မှ ရေများသည် ရေတိုင်လုံးကြီး တစ်ခုအလား မြင့်တက်လာပြီး ကောင်းကင်ထက်မှ သက်တံရောင် အလင်းတန်းဖြင့် မျက်နှာချင်းဆိုင် အနေအထား ဖြစ်သွားလေသည်။

ချန်ကျန့်မေက …

"ကျုပ် ဒီနေ့ ဒီနေရာကနေ ထွက်သွားမှဖြစ်မယ်၊ ဆရာတော် ကျုပ်ကို ထပ်ပြီး တားဆီးနေဦးမယ်ဆိုရင် ဒီသွေးနီရောင် ကြာပန်းကို ဖျက်ဆီးပစ်လိုက်မယ်၊ ဒါဆို ဆရာတော် နှစ်ပေါင်းများစွာ ကျင့်ကြံထားတာတွေက ဘာအဓိပ္ပာယ်မှ ရှိတော့မှာ မဟုတ်ဘူး"

ချက်ချင်းပင် ပွင့်ချပ်ကိုးလွှာပါရှိသည့် သွေးနီရောင် ကြာပန်းသည် ဆူပွက်လာလေသည်။

ကြာပန်းအလွှာများကို ပါးလွှာသည့် သွေးနီရောင် မြူလွှာလေးတစ်ခုက ကာရံထားလေသည်။

ချန်ကျန့်မေသည် သွေးနီရောင် ကြာပန်းကို သန့်စင်ပြီး သူ၏နှလုံးသားဖြင့် ချိတ်ဆက်ထားသည်ကို ဘုန်းတော်ကြီး ရာမ ကောင်းကောင်း သိထားလေသည်။ ထို့ကြောင့် ချန်ကျန့်မေသာ ဆန္ဒရှိမည်ဆိုလျှင် သွေးနီရောင် ကြာပန်းကို ဖောက်ခွဲဖျက်ဆီး ပစ်နိုင်စွမ်း ရှိလေသည်။

သို့သော် … သွေးနီရောင်ကြာပန်းကို ဖျက်ဆီးပစ်ခြင်းက မိုးနှင့်မြေတွင် တန်ဖိုးအရှိဆုံး ရတနာတစ်ပါးကို ဖျက်ဆီးပစ်ခြင်း ဖြစ်သလို ချန်ကျန့်မေ၏ ကျင့်ကြံခြင်း များစွာလည်း ပျက်စီး’သွားမည် ဖြစ်လေသည်။ ထို့အတူ ဘုန်းတော်ကြီးရာမ အတွက်လည်း အကျိုးရှိနိုင်မည် မဟုတ်ပေ။ သူ၏ ကျင့်ကြံထားသမျှသည် အဓိပ္ပာယ်ကင်းမဲ့ သွားရပေလိမ့်မည်။

ဘုန်းတော်ကြီးရာမသည် သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"မင်းသွားပါတော့ …."

ဘုန်းတော်ကြီး ရာမသည် အကျိုးအမြတ်ကို ကောင်းကောင်း နားလည်သူပီပီ တုံ့ဆိုင်းနေခြင်း မရှိတော့ပဲ ချန်ကျန့်မေကို သွားခွင့်ပြုလိုက်လေသည်။

သူသာ သွားခွင့်မပြုလျှင် ချန်ကျန့်မေသည် သွေးနီရောင် ကြာပန်းပွင့်လွှာ (၉)လွှာကို ကျိန်းသေ ဖောက်ခွဲပစ်မည် ဖြစ်လေသည်။

ချန်ကျန့်မေက ခေါင်းတစ်ချက် ညိတ်ပြလိုက်လေသည်။

ထို့နောက် သွေးနီရောင် ကြာပလ္လင်ကိုစီးနှင်ကာ သွေးနီရောင်ပင်လယ်ထဲမှ ထွက်ခွာ သွားလေတော့သည်။ ဘုန်းတော်ကြီး ရာမမှာတော့ သွေးနီရောင် ကြာပန်းကိုကြည့်ပြီး အကြီးအကျယ် နှမြောတသ ဖြစ်နေမိတော့သည်။ သူ့တွင်သာ ထိုသို့သော ရတနာပစ္စည်းမျိုး ပိုင်ဆိုင်ထားမည်ဆိုလျှင် တစ်ချက်ပင် နောင်တမရဘဲ အသူရာချောက်မှ ထွက်ခွာသွားမည် ဖြစ်လေသည်။

သွေးနီရောင် ကြာပန်းသည် စကြဝဠာ စတင်ဖြစ်တည်စဉ်ကပင် တည်ရှိခဲ့သည့် တန်ဖိုးကြီးမားသည့် ရတနာပစ္စည်း (၁)ခု ဖြစ်လေသည်။

သို့သော် … အချိန်ကာလ ပြောင်းလဲလာသည်နှင့်အမျှ မရေမတွက်နိုင်သော စမ်းသပ်မှုများကို ကြုံတွေ့ခဲ့ရပြီး တန်ခိုးစွမ်းအားမှာ တဖြည်းဖြည်း အားနည်း လာခဲ့လေသည်။ နောက်ဆုံးတွင်တော့ သူ၏ ကျင့်ကြံခြင်းမျိုးစေ့ကိုပင် ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့သည်အထိ ဖြစ်ခဲ့ရလေသည်။

သို့ရာတွင် သွေးနီရောင်ကြာပန်း၏ ဝိညာဉ်အစစ်အမှန်သည် ချန်ကျန့်မေဆီသို့ ပြောင်းလဲ ဝင်စားသွားခဲ့လေသည်။ ဤနည်းဖြင့် သွေးနီရောင်ကြာပန်း (၉)လွှာသည် လောကတွင် ဆက်လက်ရှင်သန် တည်ရှိနိုင်ခဲ့လေသည်။

သွေးနီရောင် ကြာပလ္လင်သည် တောင်ပိုင်းဒေသ တစ်ခုလုံးကို ဖြတ်ကျော်ကာ တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်သန်းပြီး ချန်ကျန့်မေကို ခေါ်ဆောင်သွားလေသည်။ ချန်ကျန့်မေ၏ ဆံနွယ်များသည် လေထဲတွင် လွင့်မျောနေပြီး သူ၏ပုံသဏ္ဌာန်သည် သူမတူအောင် တည်ငြိမ်အေးချမ်းလျက် ရှိလေသည်။

ထို့ပြင် ကောင်းကင်ထက်တွင် ချန်ကျန့်မေ ပျံသန်းနေသည့် အရှိန်မှာလည်း အလွန်မှ လျင်မြန်လှလေရာ လေထဲတွင် သွေးနီရောင် သက်တံတစ်ခုကိုသာ တွေ့မြင်ရလေသည်။ အသူရာချောက်မှ လူများအနေဖြင့် ကောင်းကင်ထက်တွင် သွေးနီရောင် သက်တံတစ်ခု ဖြစ်ပေါ်နေသည် ဟူ၍သာ သိမြင်ကြမည် ဖြစ်လေသည်။ မည်သည့်အရာ ဖြစ်သည်ကို မည်သူမှ ခန့်မှန်းနိုင်ကြမည် မဟုတ်ပေ။

အချိန်ခဏလေး အတွင်းမှာပင် …

ချန်ကျန့်မေသည် ကျောက်ကဲမြို့တော်သို့ ရောက်ရှိလာလေသည်။

တိုက်ပွဲသည် ပြင်းထန်နေဆဲ ဖြစ်လေသည်။

ယင်းစန်းတွင် နေထိုင်သော သာမန်လူအချို့နှင့် ကျင့်ကြံသူအချို့မှာ ကြောက်မက်ဖွယ်ရာ တိုက်ပွဲကြီးကြောင့် ထိတ်လန့်တုန်လှုပ်ကာ ကျောက်ကဲမြို့တော်မှ ထွက်ခွာ သွားကြလေသည်။

ထို့ပြင် ကျောက်ကဲမြို့တော်၏ တစ်ဝက်ခန့်မှာလည်း အမှုန့်ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။ ထို့ကြောင့် အချို့သော သက်ရှိသတ္တဝါများမှာ အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက် နိုင်ခဲ့ခြင်း မရှိခဲ့ပါပေ။

လေထုထဲတွင် သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် ပြည့်နေသည်ကို ချန်ကျန့်မေ ခံစားလိုက်ရလေသည်။ ထိုအငွေ့အသက်များသည် သူ၏ တာအိုနှလုံးသားကိုပင် လာရောက် ရိုက်ခတ်နေလေသည်။

သို့သော် ထိုအငွေ့အသက်များက သူ့ကို မည်သို့မျှ ထိခိုက်ခြင်းမရှိပေ။ သူသည် အေးဆေး တည်ငြိမ်လျက်ပင် ရှိလေသည်။

ချန်ကျန့်မေသည် တာအိုဆရာလုယာ၏ တန်ခိုးစွမ်းအားများကို အရေးမစိုက်ပါချေ။

ထိုအချိန်မှာပင် … ထျန်းယီသည် ချန်ကျန့်မေ ရောက်ရှိလာသည်ကို ရိပ်မိလိုက်လေသည်။

အသူရာအရှင် မရဏဓားသခင်သည် သွေးနီရောင် ပင်လယ်ထဲမှ မည်သို့ ထွက်လာပါသနည်း။ ထျန်းယီ၏ စိတ်ထဲတွင် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်သွားခဲ့လေသည်။

သို့သော် … ချန်ကျန့်မေသည် ထျန်းယီကိုလည်း အရေးမစိုက်ပါ။

သူသည် ကြိတ်ဆုံကြီးအထဲတွင် ပိတ်မိနေပြီး သေခြင်းရှင်ခြင်း စာအုပ်၏ တန်ခိုး စွမ်းအားများဖြင့် ကြိတ်ချေခံနေရသည့် ဆန်းလျန်ကိုသာ အရေးစိုက် လိုက်လေသည်။

"ဂိုဏ်းတူညီလေး၊ မင်း တောင့်ခံ ထားနိုင်သေးလား"

ဆန်းလျန်သည် သေခြင်းရှင်ခြင်း စာအုပ်မှ တန်ခိုး စွမ်းအားများကို အားတင်းပြီး ခုခံနေရသည့် အချိန်တွင် ချန်ကျန့်မေ၏ အသံကို ကြားလိုက်ရလေသည်။

သူက ချက်ချင်းပင် နတ်ဘုရား စွမ်းအားများကို မရရအောင် အသုံးပြုပြီး ချန်ကျန့်မေ၏ အမေးကို ဖြေလိုက်လေသည်။

"ခုထိတော့ ကျွန်တော် အဆင်ပြေနေသေးတယ်၊ ဒါပေမဲ့ အစ်ကိုသာ နည်းနည်းနောက်ကျမယ် ဆိုရင်တော့ ကျွန်တော်ဆက်ပြီး တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး"

ချန်ကျန့်မေက …

"မင်းက နောက်ပြောင် နေနိုင်သေးတယ်နော် …"

ချန်ကျန့်မေစကားကို ကြားရသည့်အခါ အားသာ ရှိနေသေးလျှင် ဆန်းလျန်သည် ရယ်မောလိုက်မိမည် ဖြစ်လေသည်။

ထိုအချိန်မှာပင် …

ချန်ကျန့်မေ၏ ကြောက်မက်ဖွယ်ရာ ဓားဝိညာဉ်သည် ပေါက်ကွဲ ထွက်သွားလေသည်။

ထိုဓားဝိညာဉ်သည် တာ့ရှားဧကရာဇ်၏ ဓားဝိညာဉ်ထက် အဆင့်မနိမ့်ပေ။  ထိုဓားဝိညာဉ်သည် မိုးကောင်းကင် ဓားသွားတစ်ခုအလား ဖြစ်ပြီး ဓားဝိညာဉ် နောက်ပိုင်းတွင် နတ်နဂါးအမြီးသဖွယ် ပုံသဏ္ဌာန် ပါရှိလေသည်။

ထိုဓားသွားသည် ဆန်းလျန်ပိတ်မိနေသည့် ကြိတ်ဆုံကြီးကို ထက်ပိုင်း ခွဲပစ်လိုက်လေသည်။

သို့သော် … ကြိတ်ဆုံကြီးသည် သေခြင်းရှင်ခြင်း စာအုပ်မှ အဆုံးမရှိသည့် တန်ခိုးစွမ်းအားများကို စုပ်ယူထားလေရာ ဓားဝိညာဉ်သည် ကြိတ်ဆုံကြီးကို ထိုးဖောက်နိုင်ခြင်း မရှိပါချေ။ ထို့ကြောင့် ဆန်းလျန် လွတ်မြောက်ရန်အတွက် အက်ကြောင်းလေး တစ်ခုပင် ထင်မလာခဲ့ပေ။

တာအိုဆရာ လုယာသည် တိုက်ခိုက်နေမှုကို ခေတ္တရပ်နားလိုက်ပြီး ….

"မိတ်ဆွေလေး … မင်းရဲ့ တန်ခိုးစွမ်းအားတွေကို အကုန်မခံနဲ့၊ အသူရာချောက် တစ်ခုလုံးမှာ ဒီကြိတ်ဆုံကြီးကို ဖျက်ဆီးနိုင်တဲ့ တန်ခိုးစွမ်းအားရှိတဲ့ သူဆိုလို့ ကျုပ်တစ်ယောက်ပဲ ရှိတယ်၊ မင်းရဲ့ညီလေးကို ကယ်ချင်တယ်ဆိုရင် အရင်ဆုံး ထျန်းယီကို သတ်ပစ်လိုက်၊ ပြီးရင် ဒီလူတွေအားလုံးကို ကျုပ်နဲ့အတူ ကူပြီးတိုက်ပေး၊ ဒါဆိုရင် ကျုပ်လည်း ဆန်းလျန်ကို ကယ်နိုင်လိမ့်မယ်၊ တုံ့ဆိုင်းမနေနဲ့တော့၊ ကျုပ်တို့အတွက် အချိန်မရှိတော့ဘူး၊ မဟုတ်ရင် ဆန်းလျန် အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

ထျန်းယီက …

"တာအိုဆရာလုယာ၊ ဒီနေ့သာ ခင်ဗျား လွတ်သွားမယ်ဆိုရင် နောင်တစ်ချိန် ကျုပ်တို့ကို အလွတ်ပေးမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ခင်ဗျားက အသူရာဘုရင်ကိုလည်း အလွတ်ပေးမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သွေးနီရောင်ကြာပန်းက ခင်ဗျားအတွက် သိပ်အသုံးဝင်တယ်လေ"

ထျန်းယီ၏ စကားကြောင့် တာအိုဆရာလုယာက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

သူ၏ ဗုဒ္ဓပုံသဏ္ဌာန် လက်ဖဝါးထက်ဆီမှ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ထိုက်ယင်း ရေစွမ်းအားနှင့် စန့်ချင်နတ်ဘုရား အလင်းတန်းများကို တိုက်ခိုက်လိုက်လေသည်။

"ဂိုဏ်းတူအစ်ကို … ထျန်းယီပြောတာ မှန်တယ်၊ ကျွန်တော့်အတွက် အဆိုးဆုံးအခြေအနေ ဖြစ်လာရင်တောင်မှ ပြန်လည်မွေးဖွားပြီး အသစ်စတင်လို့ ရသေးတယ်၊ အစ်ကိုကတော့ သွေးနီရောင် ပင်လယ်ကိုပြန်ပါ၊ အဲဒီမှာဆိုရင် အစ်ကို့ကို ဘယ်သူမှ အန္တရာယ်မပေးနိုင်ဘူး၊ ကျွန်တော်တို့ ကံမကုန်ရင် ထပ်ဆုံကြဦးမှာပါဗျာ …"

ဆန်းလျန်မှာ သူ့အပေါ်တွင် သက်ရောက်နေသည့် ဖိအားများ ပိုပြီးများလာသလို ခံစားလိုက်ရလေသည်။

အဘယ်ကြောင့်ဆိုသော် သေခြင်းရှင်ခြင်း စာအုပ်မှ တန်ခိုးစွမ်းအားများသည် ချန်ကျန့်မေ၏ ဓားဝိညာဉ်မှ စွမ်းအားများကို စုပ်ယူပြီး စွမ်းအားများ ပိုမို များပြားလာသောကြောင့် ဖြစ်လေသည်။

ချန်ကျန့်မေက အေးစက်သည့် လေသံဖြင့် …

"ဂိုဏ်းတူညီလေး …. ကျုပ်က ရှင်သန်ခြင်း လောကရဲ့ သဏ္ဌာန်မဲ့ ဓားသိုင်းကိုပဲ ကျင့်ခဲ့ကျင့်ခဲ့၊ သေခြင်းလောကရဲ့ အသက်မဲ့ဓားသိုင်းကိုပဲ ကျင့်ခဲ့ကျင့်ခဲ့၊ ကျုပ်ကျင့်ကြံခဲ့တဲ့ မူလ အစစ်အမှန်ဓားသိုင်းဟာ သဏ္ဌာန်မဲ့ဓားသိုင်းလည်း မဟုတ်သလို အသက်မဲ့ ဓားသိုင်းလည်းမဟုတ်ဘူး၊ ကျုပ်လေ့ကျင့်ခဲ့တဲ့ ဓားသိုင်းက အနတ္တဓားသိုင်းပဲ၊ ဒီနေ့ ကျုပ်ရဲ့ အနတ္တဓားကို အသုံးပြုပြီး မင်းကို ချင်းရွှမ်ကို ပြန်ပို့ပေးမယ်၊ ဒီလူတွေအားလုံးကိုလည်း ဓားသိုင်းဆိုတာ ဘာလဲဆိုတာ သိမြင်စေမယ်"

သူသည် ငယ်စဉ်အချိန်ကပင် ချင်းရွှမ်နတ်တံခါးသို့ တပည့်အဖြစ် ဝင်ရောက်ခဲ့လေသည်။

(၃)နှစ်အတွင်း ချူးစန်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး (၁၀)နှစ်အတွင်း ရုဟွအဆင့်ကို အောင်မြင်ခဲ့လေသည်။

နောက်ထပ် နှစ်ပေါင်း(၄၀) ကြာသည့်အခါတွင်တော့ ဓားတစ်လက်ကို ကျင့်ကြံအောင်မြင်ခဲ့ပြီး လောကတစ်ခုလုံးက "ဓားတန်ခိုးရှင် ချန်ကျန့်မေ" ဟု သူ့ကို သိရှိခဲ့ကြသည်။

အနောက်ဘက် ရှီးဟွမ်ဒေသ တစ်လျှောက်မှ နတ်မိစ္ဆာများကို သုတ်သင်ပစ်ခဲ့ပြီး  "သေစေခြင်း ကျောင်းတော်" ကို တည်ထောင်ခဲ့သည်။ သူ၏ မရဏစွမ်းအားများ အပေါ်တွင် ချန်ကျန့်မေသည် တစ်ချက်ကလေးမှ သံသယမဝင်ခဲ့ပါချေ။

ယခုတော့ သူ့ကိုယ်သူ အဆုံးသတ်ရမည့် အချိန်သို့ ရောက်လာခဲ့ရပြီ ….။

ရုပ်ခန္ဓာ ချုပ်ငြိမ်းသွားလျှင် အတ္တလည်းရှိမည် မဟုတ်တော့ပေ။ ထိုသို့ အတ္တမရှိခြင်းကို အနတ္တဟု ခေါ်ဆိုခြင်းဖြစ်ပေ၏။ ထိုအဆင့်သို့ ရောက်ရှိခြင်းကို “စစ်မှန်သည့် မရဏဓား” ဟု သတ်မှတ်နိုင်မည် ဖြစ်လေသည်။

သူ၏ အတွေးများသည် မိုးသီးအစိုင်အခဲများနှင့် တူလေသည်။ အေးစက်ပြီး အကြင်နာတရား ကင်းမဲ့လွန်းသည်။ ထိုအတွေးတိုင်းသည် ချန်ကျန့်မေ၏ နှလုံးသားကို ရောင်ပြန်ဟပ်လျက် ရှိလေသည်။

အတိတ်တစ်ချိန်မှ အကြောင်းအရာများကို လျှပ်တပြက် ပြန်လည် စဉ်းစားမိသည့်တိုင် ထိုအတွေးများက သူ၏ ငြိမ်းချမ်း တည်ငြိမ်မှုကို ဖျက်ဆီးမပစ်နိုင်ခဲ့ပါ။

ဓားကို တင်းတင်းဆုပ်ကိုင်ခဲ့ပြီး ဖြတ်သန်းခဲ့ရသည့် အထီးကျန် ဆန်လွန်းသည့် နှစ်ပေါင်း(၄၀) ကျင့်ကြံခဲ့ရမှုများ …

ရှီးဟွမ်တွင် ရရှိခဲ့သည့် အောင်မြင်မှုများ …

သွေးနီရောင် ပင်လယ်ထဲတွင် ရရှိခဲ့သည့် အောင်မြင်မှုများ …

ထိုအရာများ အားလုံးသည် ဆရာသခင် ကျန်းရော့ရွှီး၏ ကျေးဇူးတရားနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ပါ။ ဆရာသခင် ကျန်းရော့ရွှီး၏ ပုံရိပ်သာလျှင် သူ၏အတွေးထဲတွင် ရှင်းလင်း နေခဲ့လေသည်။

ယနေ့အချိန်တွင်တော့ …

သူသည် ဓားသိုင်းလမ်းစဉ်ကို ကျင့်ကြံခဲ့သည့်အတွက် သူ့ကိုယ်သူလည်း ကျေးဇူးတင်မည် မဟုတ်သလို သူ၏ ရန်သူများကိုလည်း ကျေးဇူးတင်မည် မဟုတ်ပေ။ သူသည် ဆရာသခင် ကျန်းရော့ရွှီးကိုသာလျှင် ကျေးဇူးတင်မည် ဖြစ်လေသည်။

ဆရာသခင် ကျန်းရော့ရွှီးသည် …

သူသည် မွေးရာပါ အကြင်နာတရား ကင်းမဲ့သည့် နှလုံးသားကို ပိုင်ဆိုင်သူဖြစ်လေသည်။ သို့သော် “ဆရာသခင် ကျန်းရော့ရွှီး” က ကိုယ်ချင်းစာတရား ထားတတ်အောင် သူ့ကို သင်ပြပေးခဲ့လေသည်။

အနတ္တဓားကို အောင်မြင်သွားသည့် အခါတွင်တော့ သူ့တွင် နောက်ဆုံးကျန်ရှိသည့် ကိုယ်ချင်းစာစိတ် အနည်းငယ်လေးသည် ပင်လျှင် ပျောက်ကွယ် သွားတော့မည်လား မပြောတတ်ပါပေ။

ချန်ကျန့်မေသည်  …

အနည်းငယ် တွန့်ဆုတ် နေခဲ့လေသည်။

သို့သော် … တွန့်ဆုတ်နေပြီးသည့် နောက်ပိုင်းတွင်တော့ ခိုင်မာသည့် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ် လိုက်လေတော့သည်။

***

All Chapters