← Chapters

တောင်ပေါ်သို့အပြန်

Vol. 7 Ch. 621

တောင်ပေါ်သို့အပြန်

Vol. 7 Ch. 621

ကြိတ်ဆုံကြီးထဲတွင် ပိတ်မိနေလျက်နှင့်ပင် ဆန်းလျန်သည် ချန်ကျန့်မေ စိတ်သဘောထားကို သိရှိနေခဲ့လေသည်။

ချန်ကျန့်မေသည် အနတ္တဓားကို အသုံးပြုရန်အတွက် သူ့ကိုယ်သူ လုံး၀ ဖျက်ဆီးပစ်ပေတော့မည်။

ချန်ကျန့်မေ၏ ဓားသိုင်းအပေါ်တွင် ထားရှိသည့် ရည်မှန်းချက်ကို ဆန်းလျန် ကောင်းကောင်း နားလည်ထားလေသည်။ သို့သော်  … ယခုအချိန်တွင်တော့ ဆန်းလျန်သည် အမှန်တကယ်ပင် စွမ်းအားများအား လျော့နေပြီ ဖြစ်လေသည်။ ဆန်းလျန်က တတ်နိုင်သမျှ နတ်ဘုရား စွမ်းအားများကို စုစည်းလိုက်ကာ စကားပြောလိုက်လေသည်။

"ဂိုဏ်းတူအစ်ကို … ဒီလိုမလုပ်ခင် ထပ်စဉ်းစားပါဦး"

နောက်ဆုံးတော့ ချန်ကျန့်မေသည် သူ၏နှလုံးသားထဲမှ အတိတ် အကြောင်းအရာများ အားလုံးကို မေ့ပစ်လိုက်လေသည်။

သူက တည်ငြိမ် အေးဆေးစွာဖြင့် တစ်ချက်ပြုံးလိုက်ရင်း …

"ဂိုဏ်းတူညီလေး …"

ရိုးရှင်းသည့် အခေါ်အဝေါ်တစ်ခုသာ ချန်ကျန့်မေ၏ နှုတ်ဖျားမှ ထွက်ပေါ်လာလေသည်။

ထိုမျှ ရိုးရှင်းသည့် အခေါ်အဝေါ်လေး တစ်ခုသည် အဓိပ္ပာယ်များစွာဖြင့် ပြည့်နှက်နေခဲ့လေသည်။

ချန်ကျန့်မေရင်ထဲမှ ပြောချင်သည့် စကားများနှင့် မပြောချင်သည့် စကားများအားလုံးသည် ထိုအခေါ်အဝေါ်လေးထဲတွင် ပေါင်းစပ် ပါဝင်နေပါလေ၏။

ဆန်းလျန်၏ ဘဝတစ်လျှောက်လုံးတွင် …

ချန်ကျန့်မေပြောသည့် စကားပေါင်းများစွာကို နားထောင်ခဲ့ဖူးပါသည်။ သို့သော် …  ယနေ့ ချန်ကျန့်မေ၏ နှုတ်ဖျားမှ ထွက်လာသည့် စာကြောင်း တစ်ကြောင်းပင် မဟုတ်သည့် အခေါ်အဝေါ်လေး တစ်ခုသည် အလွန်မှနက်ရှိုင်းပြီး ကျေးဇူးတင် တန်ဖိုးထားခြင်းများဖြင့် ပြည့်နှက်နေခဲ့လေသည်။

ဤသည်မှာ ချင်းရွှမ်နတ်တံခါးတွင် အစပြုခဲ့သည့် သူတို့(၂)ယောက်၏ ခင်မင်မှုနှင့် ညီအစ်ကို သံယောဇဉ်ပင် ဖြစ်လေသည်။

ထို့ထက်ပိုသည့် အချက်မှာ … သူတို့ ညီအစ်ကို (၂)ယောက်လုံး၏ ရင်ထဲမှ ဆရာသခင် ကျန်းရော့ရွှီးအပေါ် ထားရှိသည့် ကိုးကွယ်ယုံကြည် လေးစားမှုများသည် ထပ်တူကျခဲ့ခြင်းပင် ဖြစ်လေတော့သည်။

အတိတ်တစ်ချိန်ကသာ ဆိုလျှင် …

ကျိန်းသေပင် ဆန်းလျန်သည် ချန်ကျန့်မေကို မူးသည်အထိ အရက်တိုက်မိမည် ဖြစ်လေသည်။

သို့သော် … ယခုတော့ အခြေအနေက မတူတော့ပေ။

ဆန်းလျန်၏ တစ်ဘဝလုံးတွင် အစ်ကိုဖြစ်သူ ချန်ကျန့်မေ သူ့အပေါ်တွင် ထားရှိသည့် ခံစားချက်များနှင့် သစ္စာရှိမှုများကို တစ်ခါမှ တွေ့မြင်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။

လောကတွင် ခံစားချက်အများဆုံး လူတစ်ယောက်သည် အတည်ငြိမ်ဆုံး လူတစ်ယောက် ဖြစ်နိုင်လေသည်။

သံယောဇဉ် အကြီးမားဆုံး လူတစ်ယောက်သည် အစွန့်လွှတ်နိုင်ဆုံး လူတစ်ယောက်လည်း ဖြစ်နိုင်ပါပေ၏။

ယခုအချိန်တွင် …

ချန်ကျန့်မေ၏ ခံစားချက်များ အားလုံးကို နားလည်ပေးနိုင်သူမှာ ဆန်းလျန် တစ်ယောက်သာလျှင် ရှိတော့သည်။

လူတစ်ယောက်သည် အတ္တကင်းစင်သည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့မည်ဆိုလျှင် အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ အရေးမကြီးတော့ပါ။

ထိုအရာသည် လွတ်မြောက်ခြင်း အစစ်ဖြစ်လေ၏။

ဆန်းလျန်၏ ရင်ထဲတွင်တော့ …

ချန်ကျန့်မေကို ပြောချင်သည့် စကားများစွာ ရှိနေခဲ့လေသည်။

ထို့ပြင် ချန်ကျန့်မေကို မတားဆီးနိုင်သည့် အတွက်လည်း သူ့ကိုယ်သူ မုန်းတီးနေမိလေသည်။

သူ၏ မူလဝိညာဉ်ခန္ဓာမှ ကြောက်မက်ဖွယ်ရာ ခံစားချက်လှိုင်းများ ထွက်ပေါ်လာလေသည်။ သူ၏ တည်ငြိမ်ခိုင်မာ လွန်းသည့် တာအိုစိတ်နှလုံးသည် ထိုမျှလောက် ပြင်းပြင်းထန်ထန် တစ်ခါမှ မလှုပ်ရှားခဲ့ဖူးပေ။ သူ၏မျက်ခုံးနှစ်ခု ကြားမှ အနီရောင်ပြဒါးရှင် သင်္ကေတသည်ပင်လျှင် တစ်ခါမှမဖြစ်ဖူးသည့် မငြိမ်သက်မှုများ ဖြစ်ပေါ်လျက် ရှိလေသည်။

ခံစားချက်များကို ခုခံရန်ကြိုးစားလေ ဝမ်းနည်း ဒေါသထွက်မှုများက ပိုပြီး ဖြစ်ပေါ်လာလေ ဖြစ်ရလေသည်။ ထိုသို့ ခံစားချက် ပြင်းထန်နေသည့် အတွက် သေခြင်းရှင်ခြင်း စာအုပ်မှ တန်ခိုးစွမ်းအားများမှာ ပိုပြီး မြင့်မားလာလေသည်။ သူ၏ မျက်ခုံးနှစ်ခုကြားမှ လောကအသစ်ကို ဖွင့်လှစ်နိုင်သည့် မျိုးစေ့သည် အက်ကွဲလုမတတ်ပင် ဖြစ်သွားရလေသည်။

သို့သော် ဆန်းလျန်သည် ဂရုမစိုက်တော့ပါ။ သူသည် ချက်ချင်း ကြိတ်ဆုံအတွင်းမှ ထွက်ပြီး အနတ္တဓားကို အသုံးပြုတော့မည့် ချန်ကျန့်မေကို တားဆီး ချင်နေမိလေသည်။

ထိုအချိန်တွင် …

ချန်ကျန့်မေ၏ မျက်ခုံးနှစ်ခုကြားမှ သွေးစက်များ ကျဆင်းလာလေသည်။

ချန်ကျန့်မေသည် သွေးနီရောင် ကြာပန်းပွင့်ချပ် (၉)လွှာမှ သွေးများအားလုံးကို စုပ်ယူလိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ထူးဆန်းသည့် အလင်းတန်းများ ထွက်ပေါ်လာလေသည်။

တစ်နည်းအားဖြင့် ဆိုလျှင် …

သွေးနီရောင် ကြာပန်းသည် ချန်ကျန့်မေဖြစ်သလို ချန်ကျန့်မေသည်လည်း သွေးနီရောင် ကြာပန်းပင် ဖြစ်လေသည်။ တစ်သားတည်း ပေါင်းစပ်သွားသည့် သဘောပင်။

သို့သော် … အနတ္တဓား ထွက်ပေါ်လာသည်နှင့် ချန်ကျန့်မေလည်း ရှိတော့မည် မဟုတ်သလို သွေးနီရောင်ကြာပန်းလည်း ရှိတော့မည်မဟုတ်ပေ။ မိမိကိုယ်ကို သတ်သေသကဲ့သို့ ဖြစ်စေသည့် ကျင့်စဉ်များစွာ လောကတွင် ရှိသည့်တိုင် ချန်ကျန့်မေ၏ အနတ္တဓားနှင့် ယှဉ်ပြိုင်၍ မရနိုင်ပေ။

"အနတ္တဓား" သည် ထိပ်တန်းအဆင့် ဓားသိုင်းတစ်ခု ဖြစ်လေသည်။

အနတ္တဓားဆိုသည်မှာ အထွတ်ထိပ် နတ်ဘုရားတစ်ပါး အဆင့်သို့ ရောက်ရှိနေသည့် တာအိုကျင့်ကြံသူ တစ်ယောက်က အရာအားလုံးကို စတေးခံလိုက်ခြင်းပင် ဖြစ်လေသည်။

လူတစ်ယောက်၏ ကြီးမြတ်သည့် စွန့်လွှတ် အနစ်နာခံမှုသည် ကြီးမားသည့် ပြောင်းလဲမှုကြီးများကိုလည်း ဖြစ်စေနိုင် လေသည်။

ချန်ကျန့်မေသည် ပြုံးလိုက်ပြီး သူ၏ဓားကို ရှေ့သို့ ထိုးညွှန်လိုက်လေသည်။

ဂိုဏ်းတူညီလေးရာ … ဂိုဏ်းတူညီလေး …

ကျုပ် … ချန်ကျန့်မေဆိုတဲ့သူဟာ ဒီနေ့မှာ ဒီလိုလုပ်ရပ်မျိုး လုပ်မိလိမ့်မယ်လို့ ကျုပ်ကိုယ်တိုင်တောင် ကြိုမသိခဲ့ရပါလားကွာ …။

ထျန်းယီမှာ အလွန်ထိတ်လန့် တုန်လှုပ်သွားမိလေသည်။ သွေးနီရောင်ကြာပန်းမှ အသက်ဓာတ် စွမ်းအားများမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့်အတွက် ထျန်းယီမှာ မတုန်လှုပ်ပဲ အဘယ်မှာ နေနိုင်ပါမည်နည်း။

တာအိုဆရာ လုယာကတော့ ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်လေသည်။

ယွမ်ကျွင်းဧကရီ၊ တာ့ရှားဧကရာဇ်၊ လနတ်သမီးတို့သည်လည်း ထူးဆန်းသည့် အဖြစ်အပျက်ကြောင့် တုန်လှုပ် သွားကြရလေသည်။

တာအိုဝါဒတွင် အဆင့်အမြင့်ဆုံးသော တာအိုဆရာသခင်ကြီး လုယာ …

လောကတွင် အသိဉာဏ်ပညာ အမြင့်မားဆုံးနှင့် အတွေ့အကြုံ အများဆုံးဖြစ်သည့် ယွမ်ကျွင်းဧကရီ …

ထိုသူများသည်ပင်လျှင် ချန်ကျန့်မေ အသုံးပြုတော့မည့် "အနတ္တဓား" ၏ ကြည်ညိုလေးမြတ်ဖွယ်ရာ ကောင်းမှုကို ခံစားလိုက်ကြရလေသည်။

သူတို့သာ ချန်ကျန့်မေနေရာတွင် ရှိနေခဲ့မည်ဆိုလျှင် ဂိုဏ်းတူညီငယ် တစ်ယောက်ကို ကယ်တင်ရန်အတွက် ထိုမျှကြီးမားသည့် စတေးခံ ပေးဆပ်မှုမျိုးကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

ချန်ကျန့်မေသည် "ငါ" ဆိုသည့် အတ္တကို ပယ်သတ် နိုင်ခဲ့လေသည်။

သူ၏လုပ်ရပ်သည် အကြီးမြတ်ဆုံး တာအို ဆရာသခင်ကြီး၏ နေရာကို ရယူနိုင်သည်အထိ မြင့်မြတ်လေသည်။ သို့သော် …. ချန်ကျန့်မေ လျှောက်မည့်လမ်းသည် ပြန်လမ်းမဲ့ခဲ့လေပြီ။

သူ၏လုပ်ရပ်သည် အဓိပ္ပာယ်မရှိပါ …။ သို့သော် … သူ၏လုပ်ရပ်သည် အဓိပ္ပာယ်နှင့် ပြည့်ဝလျက် ရှိနေပြန်သည်။

အတ္တကင်းစင်သွားသည့် အခါ တာအိုတရားသည် ကြည်လင် ရှင်းလင်းသွားလေသည်။

ဆန်းလျန်ကို ကြိတ်ဆုံထဲတွင် ကြိတ်ချေနေသည့် သေခြင်းရှင်ခြင်း တန်ခိုးစွမ်းအားများသည် သေခြင်းရှင်ခြင်း စာအုပ်မှ အရင်းခံလာခြင်း ဖြစ်လေသည်။ သေခြင်းရှင်ခြင်း စာအုပ်သည် စကြဝဠာ၏ မပြောင်းလဲနိုင်သည့် မဟာတာအို လမ်းစဉ် ဖြစ်လေသည်။ သေခြင်းရှင်ခြင်း တန်ခိုးစွမ်းအားများကို ဖျက်ဆီးပစ်နိုင်ရန် အတွက် သူနှင့် အဆင့်အတန်း တူညီသည့် တန်ခိုးစွမ်းအားရှိမှ သာလျှင် ပြုလုပ်နိုင်မည် ဖြစ်လေသည်။

ချန်ကျန့်မေ၏ စတေးခံမှုသည် တန်ပါရဲ့လား …။

ချန်ကျန့်မေမှလွဲပြီး မည်သူမှ ထိုအဖြေကို သိနိုင်မည် မဟုတ်ပေ။

အနစ်နာခံပေးဆပ်ရန် အတွက် တန်သည်လား၊ မတန်ဘူးလား ဆိုသည့်အဖြေကို ပေးဆပ်သူ ကိုယ်တိုင်သာ သိပေလိမ့်မည်။ မည်သူမှ သိနိုင်မည် မဟုတ်ပါ။

ချန်ကျန့်မေသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်လေသည်။

ယခင်က …

ကောင်းကင်ကြီး ထိုမျှလှပသည်ကို သူမသိခဲ့ပါ။ သို့မဟုတ် … သူ့ဘဝတွင် မိုးကောင်းကင်ကြီး၏ အလှတရားကို တစ်ခါမှ မခံစားမိခဲ့ခြင်းလည်း ဖြစ်နိုင်လေသည်။

မိုးကောင်းကင် နိယာမများ၊ လူသားများ လူပြန်ဝင်စားခြင်းနှင့် ဓားသိုင်းပညာ …. ထိုအရာများသည် လုံလောက်ခြင်း မရှိပါ။

သွေးနီရောင် ကြာပန်းမှ သွေးများ ခန်းခြောက်သွားပြီး ဖွင့်ဖတ်များသည် လှပစွာဖြင့် လေထဲတွင် လွင့်နေကြလေသည်။

သွေးနီရောင် ကြာပန်း၏ နောက်ဆုံးအချိန်သည် လှပလိုက်သည့်ဖြစ်ခြင်း …။

သွေးနီရောင် ကြာပန်းအတွင်းမှ သွေးနီရောင် ဓားရှည်တစ်လက် ထွက်ပေါ်လာလေသည်။

ထိုဓားရှည်သည် (၃)ပေနှင့် (၃)လက်မတိတိ ရှည်လျားပြီး ဓား၏ဗြက်အကျယ်မှာ (၁)လက်မတိတိ ရှိလေ၏။ ချန်ကျန့်မေသည် ထိုဓားကို ဆုပ်ကိုင်လိုက်လေသည်။

ထို့နောက် သူသည် လေထဲတွင် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ့ရှေ့မှ ကြိတ်ဆုံကြီးကို ဦးတည်ကာ ထိုးခွင်း လိုက်လေတော့သည်။

စကြဝဠာ တုန်လှုပ်သွားစေသည့် တန်ခိုးစွမ်းအား ပေါက်ကွဲမှုကြီး ဖြစ်ပေါ်မလာခဲ့ပါ။ မိုင်ပေါင်းတစ်သောင်း ရှည်လျားသည့် ဓားဝိညာဉ် တန်ခိုးစွမ်းအားများလည်း ထွက်ပေါ်လာခြင်း မရှိပါ။

သေခြင်းရှင်ခြင်း တန်ခိုးစွမ်းအားများဖြင့် ပြည့်နေသည့် ကြိတ်ဆုံကြီးသာလျှင် တိတ်ဆိတ်စွာဖြင့် ကွဲအက်သွားခဲ့လေသည်။

တစ်ချိန်တည်းမှာပင် …

တာအိုဆရာ လုယာဖန်ဆင်းထားသည့် ဗုဒ္ဓခန္ဓာသည် ပြိုကွဲပျက်စီး သွားရသလို ယွမ်ကျွင်းဧကရီ၏ ဧရာမနတ်ဘုရား ခန္ဓာကြီးသည်လည်း ကွဲအက်သွားခဲ့လေသည်။

လုယာသည် သက်တံရောင် အလင်းတန်းအဖြစ်သို့ပင် သူ့ကိုယ်သူ ပြောင်းလဲပစ်နိုင်ခြင်း မရှိတော့ပါ။

တာ့ရှားဧကရာဇ်သည် မိစ္ဆာဓားကောက်ကြီးကို တင်းတင်းဆုပ်ကိုင်ရင်း မတ်တတ် ရပ်နေလေသည်။ ထိုက်စန်းတောင် ကြီးကဲ့သို့ တည်ငြိမ်လွန်းသည့် တာ့ရှားဧကရာဇ်၏ ဓားကိုင်လက်သည် ထိန်းချုပ်နိုင်မှု ကင်းမဲ့စွာဖြင့် တဆတ်ဆတ် တုန်ယင်လျက် ရှိလေသည်။

အနတ္တဓားမှ တိတ်တဆိတ် ပျံ့နှံ့လာသည် မရဏ အငွေ့အသက်များသည် သူတို့အားလုံး၏ ခန္ဓာကိုယ်များကို ထိခိုက် စေခဲ့လေသည်။

ချန်ကျန့်မေ၏ "အနတ္တဓား" သည် အံ့သြစရာ ကောင်းလောက်အောင် သူတို့အားလုံးကို တစ်ကြိမ်တည်းဖြင့် ထိခိုက်စေခဲ့ပြီ ဖြစ်လေသည်။

သူတို့သည်  … တိုက်ပွဲကို ဆက်မတိုက်နိုင်တော့ပါချေ။

သေခြင်းရှင်ခြင်း စာအုပ်သည် အလျင်အမြန် ထွက်ခွာသွားလေသည်။ ထို့နောက် … သေခြင်းရှင်ခြင်း စာအုပ်၏ မူလအရင်းအမြစ်မှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများ သည်လည်း ရပ်တန့်သွားခဲ့လေသည်။

ဆန်းလျန်ကို ကြိတ်ချေနေသည့် ကြိတ်ဆုံကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သဲလွန်စပင် မကျန်တော့ပေ။

ဆန်းလျန်သည် လွတ်မြောက်သွားပြီ ဖြစ်လေသည်။

လေထဲတွင် သူ့ထံသို့ လျှောက်လှမ်း လာနေသည့် ချန်ကျန့်မေကို မြင်တွေ့နေရလေသည်။

ချန်ကျန့်မေသည် မည်သည့်ဒဏ်ရာမှ ရရှိထားခြင်း မရှိပါ။

သို့သော်  … ချန်ကျန့်မေကို တွေ့မြင်နေရသည့် မြင်ကွင်းသည် ဆန်းလျန်၏ဘဝတွင် ရင်အနင့်ရဆုံး မြင်ကွင်းဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် … ချန်ကျန့်မေ၏ ရုပ်ခန္ဓာသည် မရှိမှုဆီသို့ တဖြည်းဖြည်း စီးဝင်ပျက်ပြယ်နေပြီး အသက်ဓာတ် စွမ်းအားများလည်း ပျောက်ကွယ်နေပြီ ဖြစ်လေသည်။

ချန်ကျန့်မေသည် ဆန်းလျန်နှင့် နီးကပ်လာသည်နှင့် သူ၏ဓားကို လေထဲသို့ ထိုးစိုက်ချလိုက်လေသည်။

ထိုအခါ လေထဲတွင် ရေကဲ့သို့သော ကြည်လင်သည့် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာလေသည်။

ထိုအပေါက်ထဲမှ တစ်ဆင့် အခြားသော လောကတစ်ခုကို တွေ့မြင်နိုင်လေသည်။ ထိုလောကသည် ဆန်းလျန်နှင့် အလွန်မှ ရင်းနှီး ကျွမ်းဝင်ရှိလှလေသည်။

ဆန်းလျန်သည် ချန်ကျန့်မေကို ထိကိုင်ကြည့်ရန်အတွက် သူ၏လက်ကို အသာအယာ ဆန့်တန်းလိုက်လေသည်။

သို့သော် … ချန်ကျန့်မေ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် အမှုန့်များအဖြစ်သို့ ပြောင်းလဲကာ လွင့်ပြယ် သွားလေတော့သည်။ ဤသည်မှာ အနတ္တဓားကို ကျင့်ကြံခဲ့ခြင်း၏ စစ်မှန်သည့် အဓိပ္ပာယ်ပင် ဖြစ်လေသည်။

ချန်ကျန့်မေ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။

သို့သော် … သွေးနီရောင် မရဏဓားကတော့ ကျန်ရစ်ခဲ့ပါလေ၏။

ထိုဓားသည် တိတ်ဆိတ်စွာဖြင့် ဆန်းလျန်၏ ခြေရင်းသို့ ကျဆင်းလာလေသည်။

ဆန်းလျန်သည် ဓားကို ကောက်ယူလိုက်လေသည်။

ထို့နောက် … ဓားကို ဆုပ်ကိုင်ထားရင်းဖြင့်ပင် ယွမ်ကျွင်းဧကရီ၊ မြင့်မြတ်သည့် တာအိုဆရာသခင်လုယာ၊ ထျန်းယီ၊ လနတ်သမီးနှင့် တာ့ရှားဧကရာဇ်တို့ ရှိရာသို့ လှည့်ကြည့်လိုက်လေသည်။

ဆန်းလျန်သည် ထိုသူများကို တစ်ချက်မျှ ငေးကြည့်ပြီးသည့်နောက် …

အနတ္တဓားဖြင့် ချန်ကျန့်မေ ဖန်ဆင်းပေးသွားသည့် ရေကဲ့သို့ ကြည်လင်သည့် အပေါက်အတွင်းသို့ ဝင်ရောက် သွားလေတော့သည်။

သူသည် အနောက်သို့ လုံးဝ လှည့်မကြည့်တော့ပါ။

သို့သော် … သူပြန်လာမည် ဖြစ်လေသည်။

***

ချင်းရွှမ်နတ်တံခါး …

ချင်းရွှမ် နတ်တံခါးသည် ကျင့်ကြံသူ လောကတွင် ဒုတိယ အင်အားအကြီးမားဆုံး နတ်ဘုရားဂိုဏ်းကြီး တစ်ခု ဖြစ်နေပြီ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ချင်းရွှမ်နတ်တံခါးသည် တပည့်များကို အားနည်းချက် အားသာချက်များနှင့် အညီ လိုက်လျောညီထွေ သင်ကြားပြသပေးသည့် ကျောင်းတော်ကြီးဖြစ်ပြီး အလွန်အမင်း စည်းကမ်း တင်းကျပ်ခြင်းလည်း မရှိပါချေ။

များပြားလှစွာသော ကျင့်ကြံသူဂိုဏ်းများ၊ တာအိုဂိုဏ်းများသည် ချင်းရွှမ်နတ်တံခါးနှင့် ပူးပေါင်း ခဲ့ကြလေသည်။

ကျင့်ကြံသူ ဂိုဏ်းပေါင်းများစွာသည် သူတို့ကိုယ်ပိုင် ကျင့်စဉ်များကို ချင်းရွှမ်နတ်တံခါးသို့ လွှဲပြောင်းပေးခဲ့ကြပြီး သူတို့ကိုယ်သူတို့ ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းခွဲများအဖြစ် သတ်မှတ်ခဲ့ကြလေသည်။

သူတို့အားလုံးက ချင်းရွှမ်နတ်တံခါးကို သူတို့ဂိုဏ်းများ၏ ခေါင်းဆောင်အဖြစ် သတ်မှတ် ထားခဲ့ကြလေသည်။

ထို့ပြင် … သမုဒ္ဒရာ တစ်ဖက်ကမ်း နေရာဒေသများမှ ကျင့်ကြံသူ ဂိုဏ်းများမှာလည်း ချင်းရွှမ်နတ်တံခါးနှင့် မဟာမိတ်ပြုကြလေသည်။ လုကျိုးရွှမ်သာ ရွှမ်ထျန်း နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းခွဲများ၊ မဟာမိတ်များကို သူ့ဘက်ပါအောင် စည်းရုံးထားနိုင်ခြင်း မရှိပါက လောကပထမ နတ်ဘုရားဂိုဏ်းကြီးသည် ချင်းရွှမ်နတ်တံခါးသာ ဖြစ်လာမည်မှာ အမှန်ပင် ဖြစ်လေသည်။

လက်ရှိအချိန်တွင် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ်သည် ချန်ကျင်းချင် ဖြစ်လေသည်။

သူသည် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ်ဖြစ်ခဲ့သူ ဆန်းလျန်၏ တပည့်ရင်းဖြစ်သည့် အတွက် ဂိုဏ်းချုပ်နေရာကို ဆက်ခံခဲ့ခြင်း ဖြစ်လေသည်။ ချန်ကျင်းချင်သည် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့သူ တစ်ယောက်ဖြစ်ပြီး သူ့ကို ဒုတိယ ဆန်းလျန်ဟုပင် တင်စားကြလေသည်။ ထို့ပြင် ချန်ကျင်းချင်သည် မကြာခင်တွင် လောကကို ကျော်လွန်တော့မည်ဟု လူတိုင်းက ယူဆထားကြလေသည်။

ထို့ပြင် ချင်းရွှမ်နတ်တံခါးတွင် နူးညံ့သိမ်မွေ့ပြီး တရားမျှတသည့် ချန်ကျင်းချင် တစ်ယောက်သာ ရှိသည်မဟုတ်ပါ။ လောကပထမ ဓားတန်ခိုးရှင် ဖန်းယန်ယင်းလည်း ရှိနေခဲ့လေသည်။

ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ ဂိုဏ်းချုပ်သည်ပင် ဖန်းယန်ယင်း နတ်သမီးကို ရှုံးနိမ့်ခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ တန်ခိုးစွမ်းအားများသည် အတိတ်တစ်ချိန်က ကျိလင်နတ်သမီးထက်ပင် အဆင့်မြင့်ကြောင်း သိသာလွန်းလေသည်။

အကယ်၍ ချန်ကျင်းချင်နှင့် ဖန်းယန်ယင်းသာ ယှဉ်ပြိုင် တိုက်ခိုက်ကြမည် ဆိုလျှင် ချန်ကျင်းချင်သည် ဖန်းယန်ယင်းကိုတော့ အနိုင်ရနိုင်မည် မဟုတ်ဟု လူအများက သုံးသပ်ကြလေသည်။

ဖန်းယန်ယင်းသည် ဆရာဖြစ်သူ ချန်ကျန့်မေ၏ သဏ္ဌာန်မဲ့ဓားသိုင်းကို အမွေဆက်ခံခဲ့ပြီး သူမ၏ မရဏဓားအစွမ်းသည် ချန်ကျန့်မေ လူ့လောကမှ ပျောက်ကွယ်သွားစဉ် အချိန်ကထက်ပင် မြင့်မားနေခဲ့ပြီ ဖြစ်လေသည်။

သူတို့(၂)ယောက် ချင်းရွှမ်တွင် ရှိနေသမျှ ကာလပတ်လုံး နတ်မိစ္ဆာ မဟာတန်ခိုးရှင်ကြီး ပင်လျှင် ချင်းရွှမ်နတ်တံခါးကို လာရောက် ရန်စရဲလိမ့်မည် မဟုတ်ပေ။

ရုတ်တရက်ပင် …

ထူးဆန်းသည့် ဖြစ်ရပ်တစ်ခု ချင်းရွှမ်နတ်တံခါးတွင် ဖြစ်ပျက်ခဲ့လေသည်။

ချင်းရွှမ်နတ်တံခါး၏ ကန့်သတ်နယ်မြေ ဖြစ်သည့် ကျီဖူတောင်ထိပ်၊ ထိုက်ဝေ့ထိုင် ခန်းမဆောင်တွင် စိုက်ပျိုးထားသည့် ရှေးဟောင်းမိုးမခပင်သည် မထင်မှတ်စွာပင် ပန်းများ ပွင့်လန်းလာခြင်းပင် ဖြစ်လေသည်။

ပန်းရနံ့များမှာ မွှေးပျံ့လွန်းလှသည့် အတွက် ချင်းရွှမ်နတ်တံခါးမှ ကျင့်ကြံသူများ အားလုံးမှာ တအံ့တသြဖြစ်လျက် ရှိကြလေတော့သည်။

***

All Chapters