← Chapters

ခင်ဗျားက သူ့နာမည်ကိုပြန်သတိရလာလိမ့်မယ်

Vol. 001 Ch. 51

ခင်ဗျားက သူ့နာမည်ကိုပြန်သတိရလာလိမ့်မယ်

Vol. 001 Ch. 51

အတန်ကြာငိုပြီးမှ ဟွာဂျီယူက သူမ၏အဖေအား ကြည့်ကာ မျက်လုံးများ နီရဲလျက် မေးလိုက်သည်... “အဖေ... သမီး ထွက်သွားပြီး ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ...”

"အရူးမလေး... ဒါတွေက ပြီးသွားခဲ့ပြီ... ငါအခု အန္တရာယ်ကင်းကင်းနဲ့ ထိုင်နေတာ မတွေ့ဘူးလား...” ဟွာဖန်းလူက သူမအား ညင်သာစွာ နှစ်သိမ့်လိုက်သည်။

ဟွာဂျီယူက မတ်တတ်ရပ်လိုက်ပြီး ရီဖူရှင်းအား ကြည့်လိုက်သည်... “ဘာဖြစ်ခဲ့တာလဲ...”

"မြေခွေးမ... ဆရာကို ဂရုမစိုက်နိုင်ခဲ့တဲ့ ငါ့အပြစ်တွေပဲ... နင်ထွက်သွားပြီးတော့... သားရဲအုပ်တွေက ချင်းကျူမြို့ကို ကျူးကျော်လာခဲ့တယ်... လူတချို့က ငါ့ကို သတ်ချင်ခဲ့တယ်... ဆရာက ငါ့ကို ကာကွယ်ရင်း ဒီလို အခြေအနေမျိုး ဖြစ်သွားခဲ့တာ...” ရီဖူရှင်းက ပြောလိုက်သည်။ သူကား ဖြစ်ပျက်ခဲ့သမျှ မိမိကိုယ်ကို အပြစ်မကင်းသလို ခံစားနေရဆဲဖြစ်သည်။ ထို့အပြင် ရှာဖန်မှာ သည်မြို့တော်တွင် ရှိနေဆဲဖြစ်သည်ကို သတိရလိုက်သည်။ သူကား သည်ကိစ္စအတွက် ရှာဖန်ကို လက်စားချေရဦးမည်။

"ဒါက ရီဖူရှင်းရဲ့ အမှားမဟုတ်ဘူး... အဲဒီအချိန်က သူသာ ကံမကောင်းရင် တီအန်ယွာတောင်မှာ ကတည်းက သူသေပြီ... ငါက ဒေါသကြီးတာ နင်လည်းသိတာပဲ... ငါက သူ့အတွက် လက်စားချေချင်ခဲ့တာ... ဒါပေမဲ့ ငါက အသုံးမကျဘူး... ရန်သူကို မသတ်နိုင်ခဲ့တဲ့အပြင် ငါ့ကိုယ်ငါလည်း အခြေအနေ ဆိုးရွားစေခဲ့တယ်...” သူက ပြုံးလျက် ပြောလိုက်သည်။

"ဒါတကယ်လား...” ဟွာဂျီယူက ရီဖူရှင်းအား မေးလိုက်သည်။ ရီဖူရှင်းက အသာအယာ ခေါင်းညိတ်လိုက်သည်။

သူမက နောက်တစ်ကြိမ် မျက်ရည်ကျလာပြန်သည်။ သူမက ရီဖူရှင်းထံသို့ လှမ်းသွားလိုက်ပြီး ရီဖူရှင်း၏ရင်ခွင်တွင် အသာအယာ မှီလိုက်ကာ တိုးတိုးလေး ပြောလိုက်သည်... “အန္တရာယ်ထဲသို့ ရောက်အောင် ဘယ်သူက ခွင့်ပြုလဲ... နင်သေသွားရင် ငါဘာလုပ်ရမှာလဲ...”

ဟွာဂျီယူကား ရှိုက်ကြီးတငင် ငိုကြွေးနေသည်။ သူမ၏အဖေ ဒဏ်ရာပြင်းထန်စွာ ရခြင်းနှင့် ရီဖူရှင်း သေလုနီးပါး ဖြစ်သွားခြင်းက သူမအား အလွန်အမင်း ထိတ်လန့်စေသည်။

သူမ၏ညင်သာစွာ ပွေ့ဖက်မှုက ရီဖူရှင်း၏ရင်ထဲ နွေးထွေးသွားစေသည်။ ရီဖူရှင်းကလည်း ပြန်ထွေးပွေ့ထားလိုက်သည်။ သူက သူမအား နောက်တစ်ကြိမ် မငိုကြွေးစေရဟု စိတ်ထဲမှ ဆုံးဖြတ်ထားသည်။

တန်ဝမ်ကား သူတို့နှင့် မနီးမဝေးသော နေရာတွင် ရပ်နေသည်။ သူမ၏ရှေ့မှ မြင်ကွင်းအား ကြည့်ကာ ပခုံးတွန့်လိုက်သည်။ မှန်ပေသည်။ ဒွန်ဟိုင်ကျောင်းတော်၏ နတ်သမီးလေးမှာ သူမ၏နှလုံးသားအား နောက်တစ်ယောက်ကို ပေးအပ်ပြီးဖြစ်သည်။ အကယ်၍ ဒွန်ဟိုင်ကျောင်းတော်မှ ကျောင်းသားများက သည်ကိစ္စကို သိရှိခဲ့ကြလျှင် သူတို့က ရီဖူရှင်းအား အသေသတ်ရန် ကြိုးပမ်းကြမည် ဖြစ်သည်။ တန်ဝမ်က ကျောင်းတော်၏ ထိပ်သီးပါရမီရှင် အချို့ပင်လျှင် ဟွာဂျီယူကို ပိုးပန်းရာတွင် ကျရှုံးခဲ့ကြောင်း သိထားသည်။

"အဲဒီအချိန်က ငါမင်းကိုမှ မမြင်ရသေးတာ... သေချာတာပေါ့... ငါမသေနိုင်ဘူးဆိုတာ... မင်းငါ့ကို အကြွေး မဆပ်ရသေးဘူးလေ...” ရီဖူရှင်းက ညင်သာစွာ ပြောလိုက်သည်။ သူမက ရီဖူရှင်းအား ခေါင်းမော့၍ ကြည့်လိုက်သည်။ သူမက အတန်ကြာ ကြည့်ပြီးမှ ပွေ့ဖက်ထားရာမှ လူချင်း ပြန်ခွာလိုက်ပြီး ပြောလိုက်သည်... “ငါအကြွေးဆပ်ပြီးပြီ...”

"ဘာ...” ရီဖူရှင်းကား မျက်လုံးပြူးကာ မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်... “ဒါပဲလား...”

"တခြားဘာကို မျှော်လင့်နေသေးတာလဲ...” ဟွာဂျီယူက ရီဖူရှင်းအား ထူးဆန်းသလို ကြည့်လိုက်သည်။

"ဒါဆို ငါ့ကို နည်းနည်းကြာအောင် ဖက်ပေးထားပါလား...” ရီဖူရှင်းက ရှေ့သို့ အနည်းငယ် တိုးသွားကာ တောင်းဆိုလိုက်၏။ ဟွာဂျီယူက ရီဖူရှင်းအား ရှောင်ဖယ်ကာ ပြန်ပြောလိုက်သည်...” စကားလမ်းကြောင်း မလွှဲနဲ့... အဖေ့ကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲ...”

ဟွာဂျီယူက သူမအား အားပေးနှစ်သိမ့်ရန် ကြိုးပမ်းနေသည်ကို သိသည်။ သူ့ကို ကြည့်ရသည်မှာ သည်နေရာမျိုးတွင် သဘာဝအားဖြင့် ထူးချွန်ပုံရသည်။ သူ၏ဘေးတွင် ရှိနေရသည်ကို သူမ အမြဲပျော်ရွှင်ရ၏။ ထိုသုံးလတာ ကာလတွင် နေ့ရက်တိုင်းအား အတူတူ ဖြတ်ကျော်ခဲ့သော်လည်း တစ်ယောက်နှင့် တစ်ယောက် ရန်စရင်း။ စနောက်ရင်းသာ အချိန်များ ကုန်ဆုံးခဲ့သည်။ သို့သော်လည်း တစ်ချိန်တည်းတွင်ပင် သူကား သူမ၏ရင်ထဲသို့ သူမ မသိလိုက်ခင် နေရာယူပြီးဖြစ်သည်။

"မင်းငါ့ကို မယုံနိုင်ဘူးလား... ဆရာ့အတွက် ငါလက်စားချေမယ်... ဆရာ့ဒဏ်ရာကိုလည်း တစ်နည်းနည်းနဲ့ကုဖို့ ငါကြိုးစားမယ်...” ရီဖူရှင်းက ပြောလိုက်သည်။ သည်ကိစ္စကား သူ့စိတ်ထဲတွင် အမြဲတမ်း ရှိနေသော လုပ်ကိုလုပ်ရမည့် အကြောင်းအရာ ဖြစ်သည်။ သို့သော် ဟွာဂျီယူအား သည်ကိစ္စတွင် ဝင်မပါစေလို။

"ဟွာဂျီယူ... ရီဖူရှင်းဘာသာ ဖြေရှင်းလိမ့်မယ်... ဒါက သူ့အတွက် ကောင်းမွန်တဲ့ တွန်းအားလည်း ဖြစ်တယ်...” ဟွာဖန်းလူက ရီဖူရှင်း ပြောသည်များကို သဘောတူသည်။

ဟွာဂျီယူက သူတို့နှစ်ယောက်လုံးအား ကြည့်ကာ ပြောလိုက်သည်... “ဒါဆို နင်အောင်မြင်ရမယ်လို့ ငါ့ကို ကတိပေး...”

"ငါက ဒါကိုတောင်မှ မအောင်မြင်ရင် မင်းကို ဘယ်လို လက်ထပ်မှာလဲ...” ရီဖူရှင်းက မေးလိုက်သည်။

"ငါ နင့်ကို လက်ထပ်မယ်လို့ ဘယ်သူပြောလဲ...” ဟွာဂျီယူက မျက်နှာနီရဲလျက် ရှက်ရွံ့စွာ ပြန်ပြောလိုက်သည်။

"မင်းတို့ သမီးရည်းစားတွေ စကားပြောရင် အသံနှိမ့်ပြီး ပြောလို့မရဘူးလား... ငါတစ်ယောက်တည်းရှိရင် တော်သေးတယ်... ဒါပေမဲ့ တခြားလူတွေလည်း ရှိသေးတယ်...” ဟွာဖန်းလူက ပြောလိုက်သည်။

ဟွာဂျီယူက နောက်ပြန်လှည့် ကြည့်လိုက်လျှင် တန်လန်နှင့် တန်ဝမ်မှာ အနားတွင် ရှိနေသေးသည်ကို သိလိုက်သည်။ သူမ၏မျက်နှာကား ပို၍ပင် နီရဲလာသည်။ သို့သော် အခြားတစ်ဖက်တွင် ရီဖူရှင်းကား မည်သို့မျှ ခံစားရဟန်မတူပေ... “နောက်ဆို သူတို့လည်း အသားကျသွားလိမ့်မယ်...” သူက ပြောလိုက်သည်။

"ဆရာမ... တန်ဝမ်တို့ ပြန်ကြမလား...” တန်ဝမ်က တိုးတိုးလေး ပြောလိုက်သည်။ ရီဖူရှင်းကား မျက်နှာ ပြောင်လွန်းလှသည်။

"သူက သူ့ဆရာထက် ပိုဆိုးတယ်...” တန်လန်က ဖျော့တော့စွာ ပြောလိုက်သည်။ ထို့နောက် ရီဖူရှင်းတို့ အုပ်စုအား ထားကာ ထိုနေရာမှ ထွက်သွားကြသည်။

"အဖေ... သမီး ဒီမှာနေပြီး အဖေ့ကို ဂရုစိုက်ပေးမယ်...” ဟွာဂျီယူက ပြောလိုက်သည်။ ငိုကြွေးပြီး ရီဖူရှင်းနှင့် စနောက်ခြင်းဖြင့် သူမ၏အခြေအနေမှာ အတော် တည်ငြိမ်သွားပြီဟု ဆိုနိုင်သည်။ သို့သော်လည်း ထိုဝမ်းနည်းမှုများအား လုံးဝ သက်သာမည်ကိုကား အချိန် အတော်ယူရပေဦးမည်။

"အရူးမလေး... နင်က တန်ခိုးကျင့်ရဦးမယ်... ငါဒီမှာ အဆင်ပြေတယ်... ရီဖူရှင်းနဲ့ တန်လန်တို့က ငါ့ကို ဂရုစိုက်ကြတယ်... နင့်ကိုမြင်ကတည်းက အများကြီး သက်သာသွားပြီးပြီ...” ဟွာဖန်းလူက ဟက်ခနဲ ရယ်ရင်း ပြောလိုက်သည်။

"ဒါဆို ဒီနေ့တော့ ဒီမှာ နေမယ်... သမီးကို အတင်းလွှတ်လို့မရဘူး...” ဟွာဂျီယူက ပြောလိုက်သည်။

"ကောင်းပြီ... ကောင်းပြီ... နေလို့ရတယ်... နင်က ရီဖူရှင်းနဲ့ မတွေ့ရတာ ကြာပြီဆိုတာ ငါသိတယ်...” ဟွာဖန်းလူက ရယ်မောလျက် ပြောလိုက်သည်။

"သမီး သူ့ကို မတွေ့ချင်ဘူး...”ဟွာဂျီယူက ပြောလိုက်သည်။

"တကယ်လား...” ဟွာဖန်းလူက သူ၏သမီးအား ကြည့်ကာ ရယ်မောရုံမှတပါး တခြား မတတ်နိုင်တော့။

"သေချာတာပေါ့...” ဟွာဂျီယူက ခေါင်းညိတ်လိုက်သည်။

"ဘယ်လောက် ဝမ်းနည်းဖို့ ကောင်းလဲ...” ရီဖူရှင်းက သက်ပြင်းချလိုက်သည်... “ပြီးတော့ ငါမင်းအကြောင်းကို နေ့တိုင်း တွေးဖြစ်နေတာ... တခြား မိန်းကလေးတွေကို ရှောင်ဖယ်နေတာတွေကို ပြန်စဉ်းစားကြည့်ရင်... ဟင်း... ဒီအခွင့်အရေးတွေကို လက်မလွှတ်သင့်တော့ဘူး ထင်တယ်...”

"နင်လုပ်ရဲလို့လား...” ဟွာဂျီယူက မျက်စောင်းထိုးလျက် ပြောလိုက်သည်။

"ဒါဆို နင်ငါ့ကို သတိရလား...” ရီဖူရှင်းက ဟက်ခနဲ ရယ်မော၍ မေးလိုက်သည်။

"အဖေ... သူက တခြား မိန်းကလေးတွေနဲ့ စနောက်နေတာလား...” သူမက သူမ၏အဖေကို မေးလိုက်၏။ ရီဖူရှင်း မျက်လုံး ပြူးသွားသည်။

ရီဖူရှင်းအား ကြည့်ကာ ဟွာဖန်းလူကား ရယ်ချင်စိတ်ကို ထိန်းမရတော့ပေ။ ရီဖူရှင်းပုံစံကား အကူအညီမဲ့ကာ သနားစဖွယ် ဖြစ်နေလေပြီ။ ဟွာဖန်းလူက တဟားဟား ရယ်မောလျက် ပြောလိုက်သည်... “သူ ထိန်းထိန်းသိမ်းသိမ်း နေတယ်...”

ထိုအခါမှ ရီဖူရှင်း စိတ်ချလက်ချ သက်ပြင်းချ နိုင်တော့သည်။

"ဒါဆို... ဟုတ်တယ်... ငါနင့်ကို နေ့တိုင်း သတိရတယ်...” ဟွာဂျီယူက အသာအယာ ပြောလိုက်သည်။ သို့သော် ရီဖူရှင်းအတွက်မူ ထိုစကား တစ်ခွန်းက ထိုမိန်းကလေးများ အားလုံးနှင့် လဲနိုင်လောက်အောင် တန်ဖိုးရှိလှသည်။

"ငါသွားတော့မယ်...” ယူချင်းက ပြောလိုက်သည်။ သူကား ဆက်လက်၍ နားမခံသာတော့။ သူတို့က ချစ်တမ်းစကားများအား ထိုသို့ အမြဲတမ်း သူ့ရှေ့တွင် ပြောနေသည်ကို စိတ်ညစ်လှသည်။

ယူချင်း၏ စကားအားကြားပြီး ဟွာဖန်းလူနှင့် ရီဖူရှင်းတို့အတွဲ ရယ်မောလိုက်ကြသည်။ ရီဖူရှင်းက အော်ပြောလိုက်သည်... “ယူချင်း... ဒွန်ဟိုင်မြို့တော်မှာ မိန်းမလှလေးတွေ အများကြီးပဲ... မင်းကြိုက်တဲ့လူတွေ့ရင် မင်းဘေးက လိုက်ပေးဖို့ ငါတွေးထားတယ်...”

"အဖေက ငါရည်းစား မထားရဘူးတဲ့...” ယူချင်းက နောက်လှည့်မကြည့်ဘဲ ပြန်အော်ပြောလိုက်သည်။

"ဒါပေမဲ့ မင်းအဖေက ဒီမှာမှ မရှိတာ စိတ်မပူနဲ့...” ရီဖူရှင်းက အော်လိုက်သည်... သို့သော် ယူချင်းကား ဝါးတောလေးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားပြီ။

အဆောက်အဦ၏အရှေ့တွင် လူသုံးယောက်သာလျှင် မတ်တတ်ရပ်၍ ကျန်ရစ်သည်။ နေရောင်အောက်တွင် သူတို့၏ဝမ်းနည်းမှုများ အရည်ပျော်သွားကာ နွေးထွေးသော ခံစားချက်များ ထိုပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။

ထိုအခိုက် ကု့ချင်းဥယျာဉ် အပြင်ဘက်မှ လူကြီးတစ်ဦး ချဉ်းကပ်လာနေသည်။ သူက ဥယျာဉ်ထဲသို့ ဝင်လိုက်သည်နှင့် အားကောင်းသော ရေခဲဓာတ်က ကု့ချင်းဥယျာဉ် တစ်ခုလုံးအား အေးစက်သော အငွေ့အသက်များ လွှမ်းခြုံသွားစေသည်။

ပုံရိပ်တစ်ခုက ထိုလူကြီး၏ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ သူမကား တန်လန်ဖြစ်၏။ သူမ၏ရှေ့မှ လူအား မြင်လိုက်သည်နှင့် သူမ ခဏတာ မှင်တက်သွားသည်။ ထို့နောက် သူမက အေးစက်စွာ မေးလိုက်သည်... “ရှင် ဒီကို ဘာလာလုပ်တာလဲ...”

"ကျုပ်တို့ရဲ့ သခင်မလေးက ဒီမှာရှိနေတာ အတော်ကြာပြီ... မင်းတို့တွေ သူမကို ခေါ်လာတာ ဘယ်သူနဲ့ တွေ့ခိုင်းမလို့လဲ...” ထိုလူကလည်း အေးစက်စွာ ပြန်ပြောလိုက်သည်။

"ရှင်က သူမကို နောက်ယောင်ခံ လိုက်နေတာလား...” တန်လန်က မေးလိုက်သည်။

"ဒါက နောက်ယောင်ခံတာ မဟုတ်ဘူး...” ထိုလူက ပြောလိုက်သည်။ သူက ရှေ့သို့လှမ်းလိုက်လျှင် သူမ၏ရှေ့မှ ပျောက်ကွယ်သွားသည်။ သူကား အလင်းထက်ပင် မြန်ပုံရ၏။

"အတင့်ရဲတယ်...” တန်လန်က အော်ဟစ်လိုက်သည်။ ကု့ချင်းဥယျာဉ်တစ်ခုလုံး သူမ၏အသံအား ကြားရသည်။ ထိုအသံကြောင့် ဟွာဖန်းလူနှင့် ရီဖူရှင်းတို့လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ထိုစဉ် ကောင်းကင်မှ အလင်းတန်းနှစ်ခု ဆင်းသက်လာသည်။

"ဟွာဖန်းလူ...” ထိုလူ၏အကြည့်က ဟွာဖန်းလူထံ ရောက်လာသည်... “မင်းက ဒွန်ဟိုင်မြို့တော်ကို ခြေချရဲသေးတာလား...”

"နန်ဒူကူ...” ဟွာဖန်းလူက ထိုလူအား ကြည့်လိုက်သည်။

"ရှင်က ကျွန်မနောက်ကို လိုက်နေတာလား...” ဟွာဂျီယူက မေးလိုက်သည်။

"သခင်မလေး... သခင်မလေးက အရမ်းအရေးကြီးတဲ့ လူတစ်ယောက်ပါ... အပြင်ကို တစ်ယောက်တည်း ထွက်ရင် ကျုပ်တို့မိသားစု တစ်ခုလုံး စိတ်အေးရမှာ မဟုတ်ဘူး... ဒွန်ဟိုင်ကျောင်းတော် အတွင်းမှာ သခင်မလေးရဲ့ လှုပ်ရှားမှုတွေကို ဝင်မစွက်ဖက်ရဲပေမဲ့ ကျောင်းတော် အပြင်ဘက်မှာတော့ သခင်မလေးရဲ့ ဘေးကင်းမှုက ကျုပ်တာဝန်ပါ...” နန်ဒူကူက ရှင်းပြလိုက်သည်။

"နန်ဒူကူ... ငါက အခု စွမ်းအင်ပျက်စီးနေတဲ့ အခြေအနေပဲ... ငါက ဒွန်ဟိုင်မြို့တော်ကို အလည်လာတာပဲရှိတယ်... မင်းတို့တွေ ဒီလောက်တောင် လွှတ်မပေးနိုင်ဘူးလား...” နန်ဒူကူ အံ့သြသွားသည်။ ကု့ချင်းမိစ္ဆာမှာ ယခု စွမ်းအင်ပျက်စီးသွားပြီ။

"ကောင်းပြီ... မင်းက စွမ်းအင်မရှိတော့ဘူး ဆိုမှတော့ မင်းကိစ္စတွေကို ငါစိတ်မဝင်စားတော့ဘူး... ကျုပ်တို့မိသားစုက သခင်မလေးကို မင်းနဲ့အဖော်လုပ်ဖို့ သုံးနှစ်ခွင့်ပြုပေးခဲ့တယ်... ဒါပေမဲ့ အခု သခင်မလေးက တန်ခိုးကျင့်တာ အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီ... ကျုပ်တို့မိသားစုက သူ့ကို ဆက်ပြီး အနှောင့်အယှက်တွေ မရှိစေချင်တော့ဘူး...” နန်ဒူကူက ပြောလိုက်သည်။

"ကျွန်မက အဖေနဲ့ အချိန်အနည်းငယ် အတူရှိချင်တာပဲ ရှိတာ... ပြီးတော့ ဒွန်ဟိုင်ကျောင်းတော်ကို ပြန်သွားမယ်...” ဟွာဂျီယူက အေးစက်စွာ ပြောလိုက်သည်။

"သခင်မလေး... ကျုပ်ကို ခက်ခဲအောင် မလုပ်ပါနဲ့... အရင်နှစ်တွေတုန်းက သခင်မလေးရဲ့ ခေါင်းမာလှတဲ့ တောင်းဆိုချက်ကို နန်ဒူမိသားစုက ခွင့်ပြုပေးခဲ့ပြီးပြီ... ဒီလို ဆက်လုပ်နေရင် သခင်မလေးရဲ့အဖေကို ဒီမြို့မှာ ဆက်နေခွင့်ပြုမှာ မဟုတ်တော့ဘူး...” နန်ဒူကူက ပြောလိုက်သည်။

"ရှင်တို့တွေ လုပ်ရဲလား...” ဟွာဂျီယူ ပေါက်ကွဲသွားသည်။

"ဟွာဂျီယူ... နင်ပြန်သင့်တယ်...” ဟွာဖန်းလူက သက်ပြင်းချကာ ပြောလိုက်သည်။

"အဖေ...” ဟွာဖန်းလူဘက်သို့လှည့်ကာ ခေါ်လိုက်လျှင် သူမ၏ခန္ဓာမှ အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါမှာ ပြန်လည် ပျောက်ကွယ်သွားသည်။ ဟွာဖန်းလူက နွေးထွေးစွာ ပြုံးလျက် ပြောလိုက်သည်... “ကလေး... ငါဒီမှာ အဆင်ပြေတယ်... ကျောင်းတော်ကို ပြန်ပြီး တန်ခိုးကျင့်... ငါ့ကို စိတ်မပူနဲ့...”

ဟွာဂျီယူ ဆိုးရွားစွာ ခံစားလိုက်ရသည်။ သူမက နန်ဒူကူအား အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်... “ရှင်တို့တွေက အဖေ့ကို ဒီလိုဆက်ဆံရဲတယ်... ကျွန်မ တန်ခိုး အဆင့်မြင့်လာတဲ့အခါ ရှင်တို့တွေကို ပြန်ဖိနှိပ်မှာ မကြောက်ဘူးလား...”

"သခင်မလေး... ဒီကိစ္စတွေက မိသားစုက ဆုံးဖြတ်ထားတာတွေ... အသေးစိတ်နဲ့ ပတ်သက်ပြီး ကျုပ်လည်း နားမလည်ဘူး... တကယ်လို့ သခင်မလေးက ကျုပ်တို့မိသားစုရဲ့ ဂုဏ်ကို ပြန်ဆည်ပေးနိုင်ရင် သူတို့က သခင်မလေး ဖြစ်ချင်တာတွေ အကုန်လုပ်ပေးမယ်လို့ ကျုပ်ယုံတယ်...”နန်ဒူကူက ပြောလိုက်သည်။

"ကောင်းပြီ... အဲဒီနေ့ ရောက်လာလိမ့်မယ်...” ဟွာဂျီယူက ပြန်ပြောလိုက်သည်။ ထို့နောက် ဟွာဖန်းလူဘက်သို့ လှည့်၍ ပြောလိုက်သည်... “အဖေ... သမီး သွားတော့မယ်...”

"အင်း...” ပြုံးလျက်ပင် ဟွာဖန်းလူက ပြောလိုက်သည်။

ထို့နောက် ဟွာဂျီယူက ရီဖူရှင်းအား ကြည့်လိုက်သည်။ သူတို့၏ မျက်လုံးများက လွမ်းဆွေးမှုများ အပြည့်ဖြင့် ဆုံမိကြလျှင် ရီဖူရှင်းက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ စကားလုံးများ ကင်းမဲ့သော်လည်း ထိုခဏတွင် သူတို့ချင်းသာ နားလည်သော အဓိပ္ပာယ်များစွာ ပါဝင်သည်။ ထို့နောက် ဟွာဂျီယူက ကု့ချင်းဥယျာဉ်က ထွက်သွားသည်။

နန်ဒူကူက သူမနှင့်အတူ ထွက်မသွားသေးပေ။ သူမ ထွက်သွားပြီးသည်နှင့် သူက ဟွာဖန်းလူအား ကြည့်ကာ သတိပေးလိုက်သည်... “အရင်နှစ်တွေတုန်းက ကျုပ်တို့မိသားစုက မင်းကို လက်မခံလိုဘူးဆိုတာ မင်းလည်း သိပြီးသားပဲ... မင်းက ကျုပ်တို့မိသားစုဝင် ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး... ဒါပေမဲ့ မင်းက အရမ်း ခေါင်းမာလွန်းတယ်... ပြီးတော့ ဒီလို အခြေအနေဆိုးတွေ ဖြစ်လာတယ်... သခင်မလေးက မင်းနဲ့ သူမရဲ့အမေတို့ရဲ့ ပါရမီတွေ အပြည့်ပါလာတာက မင်းအတွက် ကံကောင်းသွားတယ်... ဒါပေမဲ့ ကျုပ်တို့ မိသားစုက သခင်မလေးရဲ့ တန်ခိုးကျင့်တာမှာ ဘယ်သူ့ကိုမှ ဝင်နှောင့်ယှက်ခွင့်ပေးမှာ မဟုတ်ဘူး...”

ဟွာဖန်းလူက နန်ဒူကူအား တစ်ချက်မျှပင် မကြည့်ပေ။ ထိုလူက ရီဖူရှင်းအား ကြည့်လိုက်သည်... “သူက ဘယ်သူလဲ...”

"ကျုပ်တပည့်... ရီဖူရှင်း...” ဟွာဖန်းလူက ပြန်ပြောလိုက်သည်။

"မင်းက မင်းရဲ့တပည့်ကို မင်းနဲ့အတူ ခေါ်လာတယ်ပေါ့... မင်းရဲ့မျှော်လင့်ချက်တွေ အကုန်လုံးကို သူ့ဆီပုံထားတာလား...” နန်ဒူကူက ရယ်မောလိုက်သည်... “ဒါက အရမ်း စိတ်ကူးယဉ်တာပဲ... မင်းက သူ့ကို အတိတ်က ရှုံးပြီးပြီ... ငါထင်တယ်... အခု မင်းရဲ့တပည့်တောင်မှ မင်းထက် စွမ်းသေးတယ်...”

သူက ထိုသို့ပြောပြီး နောက်လှည့်ကာ ထွက်ခွာသွားသည်။

ထိုလူထွက်သွားသည်ကို ကြည့်ပြီး ဟွာဖန်းလူက ပြောလိုက်သည်... “တစ်နေ့ သူ့နာမည်ကို မင်း မှတ်မိရလိမ့်မယ်...”

"အဲဒီနေ့ကို ငါစောင့်နေတယ်...” နန်ဒူကူက ကု့ချင်းဥယျာဉ်မှ ပျောက်ကွယ်မသွားမီ သူ၏နောက်ဆုံး စကားအား ချန်ထားခဲ့သည်။

***

All Chapters