အခန်း (၉၄၉-၉၅၁)
Vol. 64 Ch. 949-951
အခန်း (၉၄၉) အမှန်အတိုင်းရှင်းပြသည်
ကျွေးယွဲ့ဘိုးဘေးက သူ့ဘဝကို ခံစားချက်အပြည့်ဖြင့် ပြန်သုံးသပ်သည်။ မဟာယုခေတ်နှောင်းပိုင်းကို စစ်ဘုရင်များ နယ်မြေချဲ့ထွင်ကြသည်ကို သူမြင်ခဲ့သည်။ မဟာယုပျက်စီးပြီး ပြန်လွှမ်းမိုးဖို့ ကြိုးစားသည်ကို မြင်ခဲ့သည်။ ကူးဖြတ်ခြင်းအဆင့် မသေမျိုးတစ်ဝက်အဆင့်များ တိုက်ခိုက်ကြသည့်ခေတ်ကို ဖြတ်သန်းခဲ့သည်။
မုန်ကျင်းဇီနှင့် ဓားချင်းယှဉ်ခဲ့သည်။ ကျန်းပင်ကန်း မဟာရှားတည်ထောင်ရာတွင် ကူညီခဲ့သည်။ တာအိုမိတ်ဆွေများနှင့်အတူ မသေမျိုးငါးဂိုဏ်းကို တည်ထောင်ခဲ့သည်။
ထိုအဖြစ်အပျက်များက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာပြီး နောက်မျိုးဆက်များက လိုအပ်သလိုတည်းပြင်ဆင်တည်းဖြတ်၍ "မဟာရှားသူရဲကောင်းပုံပြင်များ"အဖြစ် အသွင်ပြောင်းလာသည်။
သို့သော် လုယန်၏ အတွေ့အကြုံများနှင့်ယှဉ်လျှင် နည်းနည်းတန်းမမီသလိုခံစားရသည်။
လုယန်စိတ်ထဲတွေးနေသည်။ ပိုင်ရိသိထားအဖြစ်များသည် တစ်စွန်းတစ်စသာရှိနေသေးသည်။ လူသိများသည့် အကြောင်းအရာများသာဖြစ်သည်။
နတ်မယ်ကို ပြန်အသက်သွင်းခြင်း၊ မသေမျိုးတစ်ဝက်နှင့် မသေမျိုးတိုက်ပွဲများနှင့်ပတ်သက်သည့် လျှို့ဝှက်သတင်းများ၊ ပဲပြာအရှင်နှင့်ဆုံခြင်း၊ မဟာရှားကိုသိမ်းယူ၍ မဟာပဲဝါနိုင်ငံတည်ဆောက်ခြင်း စသည့်အကြောင်းများကို မပါသေး။
"စကားကို လမ်းမလွှဲပါနဲ့။ ခင်ဗျားဘာလို့ သံလွင်ပင်တွေကို အဆိပ်ခတ်သလဲဆိုတာပဲပြောပါ"
ရှောင်ယန်၏အတွေ့အကြုံများအပေါ် ပိုင်ရိသုံးသပ်သည့် စကားလုံးကို နတ်မယ်သိပ်သဘောမကျ။
ထိုအတွေ့အကြုံများကို 'အံ့ဖွယ်'ဟု မဆိုနိုင်။ ဘဝကိုအပြည့်ဝဆုံး နေထိုင်ခြင်းသာဖြစ်သည်။ အံ့ဩစရာများ စိန်ခေါ်မှုများပြည့်နေသည့် ရှောင်ယန်၏ ဘဝအတွေ့အကြုံများကို သူသဘောကျသည်။
ကျွေးယွဲ့က အခြေအနေမှန်ကို ရှင်းပြဖို့ ဆုံးဖြတ်ထားပြီးဖြစ်သည်။
"ဒီကိစ္စက ရှောင်ယဲ့ အသိစိတ်ဖွံ့ဖြိုးတဲ့နေ့ကနေ စခဲ့တာပါ။ ရှောင်ယဲံ့သရုပ်မှန်ကို သံလွင်ဘိုးဘေးအဖြစ် သိထားကြတယ်။ ဒီနေ့ခေတ်အထိ ရှင်သန်ခဲ့တဲ့ ရှေးဟောင်းသံလွင်ပင်ပေါ့။ အနည်းဆုံး သက်တမ်းသုံးသိန်းတော့ရှိပြီ။ အချိန်တန်တော့ သူသိစိတ်ဝိညာဉ်ပေါ်လာတယ်။ အဲဒီ့နောက်ပိုင်း အသိဉာဏ်ဖွံ့ဖြိုးပြီး သက်ရှိအစစ်ဖြစ်လာတယ်"
နတ်မယ် ခေါင်းငြိမ့်သည်။ ဝိညာဉ်ပင်တစ်ပင် ဉာဏ်ရည်ဖွံ့ဖြိုးသည်ဖြစ်စဉ်ကို သူနားလည်သည်။ ဖြတ်လမ်းလုံးဝမရှိ။ အချိန်ကာလများစွာ ဖြတ်သန်းရုံသာရှိသည်။
ရှေးဟောင်းခေတ်မှ စတင်ရှင်သန်ခဲ့သည်ဆိုလျှင် ယင်ထန်မသေမျိုးပိုင်ဆိုင်သည့်သစ်ပင် ဖြစ်ဖို့များသည်။
"ငါ့နာမည်က ပိုင်ရိပါ။ ရှောင်ယဲ့က ငါ့မျိုးရိုးနာမည်ကိုယူတယ်။ သူက လစွမ်းအားကို သဘောကျတယ်။ ညဘက်မှာလှုပ်ရှားရတာကို ပိုပျော်တယ်။ ဒါကြောင့် သူ့ကိုယ်သူ ပိုင်ယဲ့လို့ နာမည်ပေးတယ်။ ရှောင်ယဲ့က သံလွင်ဘိုးဘေးရဲ့ခန္ဓာကိုယ်သုံးရတာကို သိပ်သဘောမကျဘူး။ တစ်နေကုန်ငြိမ်ရပ်နေရတာကို ငြီးငွေ့တယ်။
ဒါကြောင့် ရှေးဟောင်းကျမ်းတွေကို ငါလေ့လာကြည့်တယ်။ ဝိညာဉ်ပင်ကိုယ်ပွားခွဲတဲ့နည်းလမ်းတစ်ခု ရှာတွေ့တယ်။ သူကိုယ်ပွားတစ်ခုခွဲထွက်နိုင်အောင် လုပ်ပေးခဲ့တယ်။ အခုသူ့လက်ရှိပုံစံပေါ့။ နောက်ထပ်နှစ်သုံးလေးရာကြာတော့ ငါ့ကျင့်ကြံမှုမှာ အမှားအယွင်းတစ်ခုဖြစ်လို့ ငါ့ရုပ်ခန္ဓာ မီးကျွမ်းပြာကျသွားတယ်။ ငါ့ဝိညာဉ်လည်း အများကြီးထိခိုက်ခဲ့တယ်။
ဝိညာဉ်ထိခိုက်တာက ပြင်းထန်တော့ ဘယ်ဝိညာဉ်ဆေး ဘယ်ရတနာနဲ့မှ ကုသလို့မရဘူး။ အတော်အခြေအနေဆိုးခဲ့တယ်။ ကံကောင်းတာက သံလွင်ပင်မှာ ယင်ဓာတ်သဘာဝရှိတယ်လေ။ ဝိညာဉ်ကို အဟာရပေးနိုင်တဲ့အစွမ်းရှိတယ်။ ဒီသစ်ပင်မှာ အစကတည်းက အခြေတည်ခဲ့တဲ့ စွမ်းရည်ပေါ့။ သံလွင်ဘိုးဘေးဖြစ်တဲ့ ရှောင်ယဲ့ရဲ့ ဝိညာဉ်အားဖြည့်စွမ်းရည်က ပြိုင်ဘက်ကင်းပဲ။
ငါ့ကျင့်စဉ်အမှားအယွင်းဖြစ်တာ သူသိတော့ ငါ့ဝိညာဉ်ကို ဒီကိုယ်ပွားထဲ ချက်ချင်းထည့်ပေးတယ်။ အဲဒီတုန်းက ငါ့စိတ်တွေ ထွေပြားနေတော့ ရှောင်ယဲ့ဘာလုပ်နေလဲဆိုတာ နားမလည်ခဲ့ဘူး။ အနွေးဓာတ်တွေ လွှမ်းခြုံလာပြီး ငါ့ဝိညာဉ်ကို စွမ်းအင်ဖြည့်ပေးနေတာကိုပဲ ခံစားမိတယ်။ ဗီဇစိတ်အရ ဒီစွမ်းအင်ကို ငါလက်ခံလိုက်တယ်။
ဝိညာဉ်အားဖြည့်တယ်ဆိုတာ အတော်နှေးကွေးတဲ့ဖြစ်စဉ်ပါ။ ဒါပေမယ့် သံလွင်ဘိုးဘေးဖြည့်ပေးတဲ့စွမ်းအင်က အရမ်းအားကောင်းတယ်။ ရှင်သန်ချင်တဲ့ ငါ့ဗီဇစိတ်ကလည်း ပြင်းထန်တယ်။ ဒီနှစ်ခုပေါင်းလိုက်တော့ အားဖြည့်တဲ့ဖြစ်စဉ် အများကြီးပိုမြန်သွားတယ်။ နောက်ဆုံးတော့ ငါ့ဝိညာဉ်က ဒီကိုယ်ပွားနဲ့ ခွဲထုတ်မရအောင် တစ်သားတည်းဖြစ်သွားတယ်။
ငါ့ဝိညာဉ် ပုံမှန်အတိုင်း ပြန်ဖြစ်လာပေမယ့် ဒီကိုယ်ပွားထဲကနေ ငါမထွက်နိုင်တော့ဘူး။
ဒါပေမယ့် ဒီကိုယ်ပွားသုံးပြီး သေရေးရှင်ရေးအခြေအနေက ဖြတ်ကျော်လာနိုင်တာလည်း သိပ်တော့မဆိုးပါဘူး။ သံလွင်နန်းတော်ကို စောင့်ရှောက်ရင်း တပည့်တွေတိုးတက်လာတာကို အသံတိတ်စောင့်ကြည့်ခဲ့တယ်။ ကျမ်းစာတိုက်ကို စာဖတ်ဖို့ နေ့တိုင်းသွားတယ်။ ပြီးတော့ ငါကိုယ်တိုင်ကလည်း သံလွင်ပင်လိုဖြစ်လာတယ်လေ"
ကျွေးယွဲ့ဘိုးဘေးသည် သံလွင်ပင်ကို တကယ်သဘောမကျလျှင် မဟာနှင်းတောင်တန်းလို ခက်ခဲကြမ်းတမ်းသည့်နေရာကို တာအိုကျင့်ကြံသည့်နေရာအဖြစ် ရွေးချယ်ခဲ့မည်မဟုတ်။
"ရှောင်ယဲ့က ဒီကိုယ်ပွားနဲ့အသားကျလာတော့ ငါနဲ့အတူမျှသုံးတယ်။ သူ့မူလခန္ဓာဖြစ်တဲ့ သံလွင်ဘိုးဘေးမှာ ဗီဇသိစိတ်လောက်ပဲ ကျန်ခဲ့တယ်။ နောက်ပိုင်းတော့ စွမ်းအားပိုကြီးတဲ့ဝိညာဉ်က ဒီခန္ဓာကိုယ်ကို လွှမ်းမိုးဖို့ကြိုးစားလာနိုင်တာ ငါတို့သေဘောပေါက်လာတယ်။ ဒါက အလိုလိုဖြစ်လာတဲ့ သဘာဝပါ။ ငါတို့လည်း မထိန်းချုပ်နိုင်ဘူး။
ရှောင်ယဲ့ဝိညာဉ်စွမ်းအားက နေ့နဲ့ည အပြောင်းအလဲရှိတယ်။ နေစွမ်းအားက သူဝိညာဉ်ကို အားနည်းစေတယ်။ ဒီတော့ နေ့ခင်းဘက်မှာ ဒီခန္ဓာကိုယ်ကို ငါထိန်းချုပ်ရတယ်။ ညရောက်လို့ လစွမ်းအင်တွေ တိုးလာပြီဆိုတာနဲ့ သူဒီကိုယ်ပွားထဲမှာပဲနေနေ သံလွင်ပင်မှာပဲအိပ်အိပ် သူ့ဝိညာဉ်စွမ်းအားတွေ တိုးလာတယ်။ အဲဒီ့အချိန်ကျရင် ဒီခန္ဓာကိုယ်ကို သူသုံးတယ်။
ဒီကိုယ်ပွားခန္ဓဦက အတော်ခိုင်ခံ့တယ်။ သံလွင်ဘိုးဘေးရဲ့ ဝိညာဉ်သန္ဓေစွမ်းအင်တွေ အဆက်မပြတ်ရတယ်။ ဒဏ်ရာကုသနိုင်စွမ်းလည်း မြင့်တယ်။ ပြဿနာနှစ်ခုပဲ ဖြေရှင်းစရာရှိတယ်။ တစ်ခုကတော့ ငါအခုနကပြောခဲ့တဲ့ကိစ္စပေါ့။ ဒီကိုယ်ပွားဟာ သံလွင်ဘိုးဘေးရဲ့ ပိုင်နက်ထဲကနေ မထွက်နိုင်ဘူး။ နောက်တစ်ခုက ငါ့ပုံစံနဲ့ မကိုက်ညီဘူး"
ကျွေးယွဲ့ဘိုးဘေး သက်ပြင်းချသည်။ တစ်ချိန်ကနေ့ရက်များကို သူပြန်သတိရလာသည်။
"ငါအရွယ်ကောင်းတုန်းက ပြိုင်ဘက်ကင်းအလှပိုင်ရှင်ဖြစ်ခဲ့တာ။ လောကတစ်ခုလုံးကို ဖမ်းစားနိုင်တယ်။ ငါ့ကိုစွဲလန်းခဲ့တဲ့လူတွေ မရေမတွက်နိုင်အောင်ရှိခဲ့တယ်။ ဒါပေမယ့်အခု ရှောင်ယဲ့ရဲ့ ဒီကိုယ်ပွားခန္ဓာကို ကြည့်လေ။ အရပ်ပုလွန်းတယ်။ ဆွဲဆောင်မှုလုံးဝမရှိဘူး။ ဒီလိုပုံစံနဲ့ ငါဘယ်သူ့ကိုမှမတွေ့ရဲဘူး။ ဒီကိုယ်ပွား နေ့ခင်းဘက်ပဲ အရပ်ပိုရှည်လာတယ်ဆိုရင်တောင် ကောင်းမှာပဲလို့ ငါတွေးမိတယ်။
ဒါပေမယ့် ဒီကိုယ်ပွားရဲ့ဖွဲ့စည်းပုံက ပြောင်းလဲဖို့ခက်တယ်။ အသွင်ပြောင်းဖို့ဆို တစ်ခြားလမ်းကြောင်းတစ်ခု ရှာရမှာ။ ဒီကိုယ်ပွားရဲ့ရင်းမြစ်က သံလွင်ပင်ဆိုတော့ သံလွင်ပင်တွေ အမြန်ကြီးထွားအောင် ဆေးတစ်မျိုးဖော်လို့ရမလားဆိုပြီး တွေးမိတယ်။ ဒါကြောင့် ဆေးဂိုဒေါင်ကနေ ဆေးမြစ်တွေသွားယူတယ်။ ဆေးအချိုးအစားအမျိုးမျိုးသုံးပြီး ဆေးရည်ကျိုတယ်။ ပြီးတော့ သံလွင်မြစ်တွေပေါ် လောင်းချတယ်။
ဘယ်ဆေးရည်က ကြီးထွားနှုန်းမြှင့်ပေးနိုင်မလဲ စမ်းသပ်ကြည့်တယ်။ မင်းလည်းမြင်တာပဲ။ မဟာနှင်းတောင်တန်းမှာ သံလွင်ပင်တွေအပြည့်ပဲလေ။ အပင်နည်းနည်းလောက်စမ်းသပ်တာ ပြဿနာမရှိနိုင်ဘူးလို့ ငါတွေးခဲ့တာပါ။ သံလွင်ပွင့်တွေကောက်ပြီး သံလွင်ပန်းမုန့်လုပ်တဲ့လူတွေ သံလွင်ပင်ကိုခုတ်ပြီး အသားကင်တဲ့လူတွေရှိလာမယ်လို့ ဘယ်သူတွေးမိခဲ့မှာလဲ"
ကျွေးယွဲ့ဘိုးဘေးသည် လက်ရှိကိုယ်ပွားပုံစံဖြင့် ဘယ်သူ့ကိုမှမတွေ့ရဲ။ ထို့ကြောင့် တတ်နိုင်သမျှပုန်းအောင်းပြီး သံလွင်ပင်ကြီးထွားစေမည့်ဆေးမျိုးကို စမ်းသပ်နေရခြင်းဖြစ်သည်။
သို့သော် ကံဆိုသည်မှာ ပုံသေတွက်ထား၍မရ။
လုယန် ငြိမ်၍နားထောင်နေသည်။ ကျွေးယွဲ့ဘိုးဘေး၏ခံစားချက်ကို နားလည်သည်။ ကိုယ်ကျုံ့နေချိန်တွင် သူလည်းအရပ်ပိုရှင်ချင်စိတ်ဖြစ်မိသည်။
"ပြောလို့ပြီးပြီလား။ ပြီးရင် ပြစ်ဒဏ်ခံယူဖို့ ကျုပ်နဲ့အတူလိုက်ခဲ့တော့"
နတ်မယ်ကပြောသည်။ ကျွေးယွဲ့ဘိုးဘေး ဘယ်လောက်စကားပြောကျင်လည်သည်ဖြစ်စေ သူ့စိတ်က ယိမ်းယိုင်မသွား။ သူဤနေရာသို့လာသည်မှာ တရားခံဖမ်းဖို့ဖြစ်သည်။
.....
"ထူးဆန်းတယ်။ ဟိုကောင်လေးလုယန် ဘယ်ရောက်သွားတာလဲ"
လော်ဟုန်ရှား သူ့ဘာသာရေရွတ်နေသည်။ လုယန်ကို နောက်ဆုံးတွေ့လိုက်သူများမှာ ရေပူစမ်းတွင် ရေချိုးနေသည့် နန်းတော်တပည့်တစ်စုဖြစ်သည်။
လုယန်ဝိညာဉ်သစ်သီးခြင်းတစ်လုံး ကျောတွင်လွယ်၍ နှင်းလျှောစီးနေသည်ဟုပြောသည်။ မျက်နှာက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြုံးရွှင်နေသည်ဟု ပြောကြသည်။ ထို့နောက်ပိုင်း သူ့ကို ဘယ်သူမှမတွေ့တော့။
ပိုင်ယဲ့ကိုလည်း ဘယ်သူမှရှာမတွေ့။
"နန်းတော်သခင်လော်၊ တံခါးဖွင့်ပါဦး"
လုယန်အသံကြားသဖြင့် လော်ဟုန်ရှား တံခါးသွားဖွင့်သည်။ လုယန်၏စပ်ဖြီးဖြီးမျက်နှာကို မြင်ရသည်။ ထွက်ပြေးမည်စိုးဟန်ဖြင့် ပိုင်ယဲ့လက်ကို ဆွဲထားသည်။
"တရားခံကို ကျုပ်ဖမ်းလာပါပြီ"
နတ်မယ်က ပိုင်ယဲ့ကို လော်ဟုန်ရှားလက်ထဲ လွှဲပေးသည်။
"မင်းသူ့ကို ဘယ်လိုဖမ်းခဲ့တာလဲ"
လော်ဟုန်ရှားအံ့အားသင့်သွားသည်။ သူပင် ပိုင်ယဲ့ကို မဖမ်းနိုင်ခဲ့။
"အဲဒါအရေးမကြီးပါဘူး။ အခုသူက သူ့လုပ်ရပ်တွေအားလုံးကို ရိုးရိုးသားသားဝန်ခံပြီးပြီ"
အငြိမ်းစားယူခါနီး မစ်ရှင်ပြီးမြောက်အောင် ထမ်းဆောင်နိုင်ခဲ့သူတစ်ယောက်လို နတ်မယ်ခံစားနေရသည်။
"အဖြစ်အပျက်ကို ပြောပြပါဦး"
လော်ဟုန်ရှား စိတ်ဝင်တစားမေးသည်။
"ဖြစ်ပုံက ဒီလိုပါ..."
ကျွေးယွဲ့ပြောသည့်ဇာတ်လမ်းကို နတ်မယ်ပြန်ပြောပြသည်။ လော်ဟုန်ရှား ကျောက်ရုပ်လိုဖြစ်သွားသည်။
"တိုတိုပြောရရင် ခင်ဗျားတို့ဘိုးဘေး ကျွေးယွဲ့ပိုင်ရိက အရပ်ရှည်ချင်လို့ ဆေးပစ္စည်းတွေခိုးခဲ့တာ။ ပြစ်ဒဏ်စည်းမျည်းတွေတော့ ကျုပ်သိပ်နားမလည်ဘူး။ ခင်ဗျားတို့ လနန်းတော်က ဥပဒေကျွမ်းကျင်းကြတာပဲ။ ဒီပြစ်မှုအတွက် သူ့ကို ထောင်ဒဏ်ဘယ်နှနှစ်ချမှာလဲ"
*******************************
အခန်း (၉၅၀) ဥပဒေနားမလည်သူ
"နေပါဦး၊ နေပါဦး၊ နေပါဦး။ သူက ငါတို့လနန်းတော်ဂိုဏ်းတည်ဘိုးဘေး ကျွေးယွဲ့ပိုင်ရိလို့ ပြောလိုက်တာလား"
လော်ဟုန်ရှား ခေါင်းကိုလက်ဖြင့်အုပ်၍ ဒလဟောဝင်လာသည့် အချက်အလက်များကို ပြန်သုံးသပ်နေသည်။
"ဟုတ်ပါတယ်"
"ပြီးတော့ ဆေးမြစ်တွေခိုးခဲ့တာ သူပေါ့"
"ဟုတ်တယ်"
"မင်းတစ်နေကုန်လိုက်ဖမ်းပြီးမှ သူ့ကိုမိခဲ့တာပေါ့"
"ဟုတ်တယ်"
နတ်မယ် အလေးအနက်ခေါင်းငြိမ့်နေသည်။ လော်ဟုန်ရှားကို ကြည်လင်တောက်ပသည့် မျက်လုံးအစုံဖြင့် မော့ကြည့်သည်။
"ဒီတော့ ခင်ဗျားတို့ လနန်းတော်က သူ့ကိုဘယ်လိုပြစ်ဒဏ်မျိုးပေးဖို့ စီစဉ်ထားလဲ"
လော်ဟုန်ရှားဦးနှောက်က အမီမလိုက်နိုင်တော့။ အခြေအနေများက အပြောင်းအလဲမြန်လွန်းသည်။ သူတို့ဘိုးဘေးက ဘာကြောင့် ပြစ်ဒဏ်ကျခံရမည့် ရာဇဝတ်သားဘဝသို့ ရုတ်တရက် ရောက်လာသည်မသိ။
စဉ်းစားရခက်သည်။ ယုံနိုင်စရာမရှိ။ ရှုပ်ထွေးသည်။ ထိုခံစားချက်များအားလုံး လော်ဟုန်ရှားမျက်နှာတွင် ပေါ်လွင်နေသည်။
လော်ဟုန်ရှား ငေးကြောင်နေသည်ကိုကြည့်၍ အကင်းပါးသည့်နတ်မယ်က အခက်တွေ့နေသည့်အချက်ကို ချက်ချင်းရိပ်စားမိသည်။ နားလည်မှုအပြည့်ရှိသည့်လေသံဖြင့်
"သခင်မလော် ဆုံးဖြတ်ရခက်နေလို့ လက်လွှဲပေးချင်တာလား။ ကျုပ်နားလည်ပါတယ်။ အခက်အခဲဖြစ်နေရင် သူ့ကို ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းမှာ အကျဉ်းချထားလို့ရပါတယ်"
သိစိတ်နယ်မြေမှစောင့်ကြည့်နေသည့်လုယန် ရုတ်တရက် ချောင်းတဟွတ်ဟွတ်ဆိုးလာသည်။
"နတ်မယ်၊ အဲဒီ့စိတ်ကူးက သိပ်မကောင်းဘူးနော်"
လုယန် အာရုံလွှဲသည်။
"ဘာဖြစ်လို့လဲ"
သူ့စိတ်ကူးက ပြည့်စုံသည်ဟု နတ်မယ်ခံစားရသည်။
"နတ်မယ်၊ ခင်ဗျားမေ့နေပြီထင်တယ်။ ကျွေးယွဲ့ပိုင်ရိက သူ့ကိုယ်ပွားနဲ့ခွာလို့မရဘူး။ သူ့ကိုယ်ပွားကလည်း ပိုင်ယဲ့ရဲ့နယ်မြေကနေ ထွက်သွားလို့မရဘူး"
နတ်မယ်က ထိုကိစ္စကို ကြိုတွေးထားဟန်ရှိသည်။
"ဪ ဒါကလွယ်ပါတယ်။ သံလွင်ဘိုးဘေးကိုပါ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းကို သယ်ခဲ့ရုံပေါ့။ ငါတို့ဂိုဏ်းမှာ နေရာလွတ်တွေ အများကြီးရှိပါတယ်"
လုယန် ဘာမှထပ်မပြောနိုင်မီ သူစိုးရိမ်နေသည့်အချက်ကို နတ်မယ်က သဘောပေါက်သွားဟန်ရှိသည်။
"ဪ...သိပြီ၊ မဟာနှင်းတောင်တန်းကထွက်ရင် သံလွင်ဘိုးဘေးသေသွားမှာလို့ နင်ပြောမလို့မဟုတ်လား။ ဒါကအသေးအဖွဲကိစ္စပါ။ မဟာနှင်းတောင်တန်းကိုပါ ငါတို့ဂိုဏ်းကို သယ်ခဲ့ပေါ့။ ဂိုဏ်းမှာ နေရာလွတ်တွေပေါပါတယ်"
နတ်မယ်က သံလွင်ဘိုးဘေးကို တာအိုလမ်းစဉ်ဂိုဏ်းထဲ စည်းရုံးသိမ်းသွင်းဖို့ထိ စဉ်းစားထားပြီးဖြစ်သည်။
"...အခုပြဿနာက ကျုပ်တို့ဂိုဏ်း နေရာလွတ်ရှိတာမရှိတာနဲ့ မဆိုင်ဘူးထင်တယ်"
တာအိုနှလုံးမခိုင်မာသည့် အကိုတိုင်အတွက် လုယန်စိုးရိမ်သည်။ ဂိုဏ်းပြန်ရောက်လျှင် သူအရိုက်ခံရမလားမသိ။
သူအပြစ်ကင်းကြောင်း ကျိန်ဆိုနိုင်ပါသည်။ ဤကိစ္စသည် သူနှင့်ဘာမှမဆိုင်။ နတ်မယ်လုပ်နေခြင်းသာဖြစ်သည်။
"ငါ့ကိုရော ဖမ်းမှာလား"
ပိုင်ယဲ့က မေးသည်။
ညရောက်လာလျှင် ခန္ဓာကိုယ်ကို သူထိန်းချုပ်ရမည်။ ကျွေးယွဲ့က နေ့ခင်းပိုင်းသာ ပေါ်လာနိုင်သည်။
အမှန်တော့ လော်ဟုန်ရှားနန်းတော်သို့ နတ်မယ်ခေါ်လာသူက ပိုင်ယဲ့ပင်ဖြစ်သည်။
နတ်မယ်ရှင်းပြထားပြီးဖြစ်၍ ပိုင်ယဲ့၏သရုပ်မှန်ကို လော်ဟုန်ရှားသိသည်။ ကျွေးယွဲ့နှင့်ပိုင်ယဲ့တို့၏ သရုပ်မှန်ကို အံ့ဩနေသဖြင့် လောကဝတ်စည်းမျည်းများကို မေ့နေကြောင်း လောဟုန်ရှား ရုတ်တရက်နားလည်လာသည်။
"သံလွင်ဘိုးဘေးကို ဂါရဝပြုပါတယ်"
"ငါ့ကို ပိုင်ယဲ့လို့ပဲခေါ်ပါ"
"ဘိုးဘေးပိုင်ယဲ့ကို ဂါရဝပြုပါတယ်"
ပိုင်ယဲ့ လူရှေ့သူရှေ့မထွက်ချင်သည်မှာ သူ့ကိုမြင်လျှင် လူအားလုံးက ထိုသို့အရမ်းကြည်ညိုလေးစားလွန်း၍ဖြစ်သည်။
လုယန်ကတော့ မဆိုးလှ။ သူ့နောက်ခံကို သိပြီးသည့်တိုင် ဆက်ဆံပုံပြောင်းမသွား။
"အားရိကိုနင်တွေ့ချင်ရင် မနက်ရောက်တဲ့ထိစောင့်မှရမယ်"
ပိုင်ယဲ့က ညာလက်မောင်းကို သစ်ပင်အဖြစ်ပြောင်းသည်။ ထိုသစ်ပင်က ရှည်ထွက်လာပြီး ခွေးခြေထိုင်ခုံအသွင် ဖြစ်လာသည်။ ထို့နောက် ဘယ်လက်ဖြင့်ခုတ်ဖြတ်လိုက်သည်။ ခွေးခြေနှင့်ခွဲထုတ်သည်။ သူ့လက်မောင်းက ပုံမှန်အတိုင်းပြန်ဖြစ်လာသည်။
လုယန် တအံ့တဩကြည့်နေသည်။ ညဘက် ပုံပြင်လာနားထောင်တိုင်း ပိုင်ယဲ့ယူလာသည့် ခွေးခြေထိုင်ခုံကို ပြန်သတိရလာသည်။ ကိုယ်ပိုင်ခန္ဓာကိုယ်ဖြင့် ဖန်တီးထားခြင်းဖြစ်သည်။
ခွေးခြေပေါ်တွင်ထိုင်၍ ပိုင်ယဲ့က နတ်မယ်ကို စိတ်အားထက်သန်စွာ လှည့်ကြည့်သည်။
"အကိုလုယန်၊ ပုံပြင်ဆက်ပြောပါ။ နန်းမြို့တော်ကိုဝင်တဲ့အပိုင်းရောက်ပြီ"
ပုံပြောသည့်အလုပ်ကို နတ်မယ်မကျွမ်းကျင်။ ထို့ကြောင့် သဘောထားကြီးကြီးဖြင့် ခန္ဓာကိုယ်ကို လုယန်အား ပြန်လွှဲပေးသည်။
"အရှေ့ပင်လယ်ခရီးက ပြန်လာတော့ လောင်မုန်က နန်းမြို့တော်ကိုလိုက်ခဲ့ဖို့ ငါ့ကိုအတင်းခေါ်တယ်...."
လော်ဟုန်ရှားလည်း လုယန်၏အတွေ့အကြုံများကို စိတ်ဝင်စားသည်။ မနက်အရုဏ်ချိန်ထိ အလကားထိုင်စောင့်နေမည့်အစား လုယန်ဇာတ်လမ်းကိုနားထောင်သည်က ပိုကောင်းသည်။
"ဒီတော့...စတုတ္ထမင်းသားပုန်ကန်တာကို ငါတိုင်လိုက်တယ်။ သူထောင်ကျသွားတယ်..."
"နောက်တော့ တတိယမင်းသားလည်း အဖမ်းခံရတယ်..."
"ပလ္လင်ခိုးတဲ့အတွက် အင်ပါယာရှားနဲ့ငါပါ ထောင်ကျလုနီးပါးပဲ..."
လုယန်၏ဇာတ်လမ်းများကို နားထောင်နေရင်း လော်ဟုန်ရှား မျက်ခုံးလှုပ်လာသည်။
လုယန်ပုံပြောနေသဖြင့် ညပိုင်းအချိန်က ကုန်မှန်းမသိကုန်သွားသည်။
ညမှနေ့သို့ကူးလာသည်။ လမင်းတွင် မီးတောက်များတဖြေးဖြေးပေါ်လာပြီး မနက်ခင်းသို့ ရောက်လာသည်။
"ရှောင်ယဲ့၊ အခု နင့်ခန္ဓာကိုယ်ကို ငါငှားဦးမယ်"
ရုပ်ရည်မပြောင်းလဲသော်လည်း နောက်ခံသရုပ်မှန် ပြောင်းလဲသည်။ ကျွေးယွဲ့၏မျက်လုံးအကြည့်က ပိုစူးရှလာသည်။ ပိုင်ယဲ့လို ရိုးရိုးအအပုံစံမဟုတ်တော့"
"ဘိုးဘေးကို ဂါရဝပြုပါတယ်"
သူစကားပြောနေသူသည် ကျွေးယွဲ့ဘိုးဘေးဖြစ်မှန်းသိသော်လည်း သေးသေးကွေးကွေးပုံစံက ပုံတူပန်းချီများထဲမှ ပြိုင်ဘက်ကင်းအလှပိုင်ရှင်နှင့် တစ်ထပ်တည်းမြင်နိုင်ဖို့ လော်ဟုန်ရှား အတော်အခက်တွေ့နေသည်။
"ရှောင်လော်၊ လောကဝတ်စည်းမျဉ်းတွေဆိုတာ ကျန်းပင်ကန်းတို့က သူတို့ရုံးတော်မှာ ချမှတ်ခဲ့တာပါ။ ငါတို့လနန်းတော်မှာ အဲလောက်စည်းမျဉ်းတွေအများကြီး လိုက်နာဖို့မလိုဘူး"
"ဟုတ်ကဲ့။ ဘိုးဘေး ဆေးဂိုဒေါင်ကိုသွားပြိး ဆေးမြစ်ခိုးတဲ့ကိစ္စက..."
"ဘာခိုးတာလဲ။ ဒီလနန်းတော်ကို ငါတည်ထောင်ခဲ့တာ။ ဒီတော့ ဆေးမြစ်တွေကလည်း ငါ့အပိုင်ပဲ"
"လနန်းတော်ကို ဘိုးဘေးတည်ထောင်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် နန်းတော်သခင်ရာထူးကို ဘိုးဘေးက ကျင်းချွမ်ကို လွှဲပေးခဲ့တယ်။ နန်းတော်ပိုင်ဆိုင်ခွင့်ကိုလည်း လွှဲပေးခဲ့တယ်။ သူပြီးတော့ တတိယ၊ စတုတ္ထနန်းတော်သခင်တွေ အဆက်ဆက်လွှဲပြောင်းပြီး ကျွန်မတို့မျိုးဆက်ကို ရောက်လာတယ်။
ဒီတော့ အတိအကျပြောရရင် လနန်းတော်ရဲ့ ပိုင်ဆိုင်မှုအားလုံးက အခုကျွန်မလက်ထဲမှာရှိတယ်။ ဆေးမြစ်တွေကို ခွင့်ပြုချက်မရှိဘဲသုံးတာဟာ ခိုးမှုကျူးလွန်တာပါပဲ"
"ငါ...ငါက နန်းတော်တည်ထောင်တဲ့လူလေ"
ကျွေးယွဲ့ စကားနိုင်လုဖို့ အင်အားမရှိတော့။
နတ်မယ်က ကျွေးယွဲ့ပြောချင်သည့်အဓိပ္ပါယ်ကို သဘောပေါက်သည်။ လုယန်ခန္ဓာကိုယ်ကို ပြန်လွှဲယူလိုက်သည်။
"ရာဇဝတ်ဥပဒေအရ သက်တမ်းခုနစ်သောင်းငါးထောင်ကျော်တဲ့ လူသားတွေဟာ ထောင်ဒဏ်ကင်းလွတ်ခွင့်ရှိပြီး ကျင့်ကြံသူတွေလည်း ဒီစည်းမျဉ်းနဲ့ အကျုံးဝင်တယ်လို့ ခင်ဗျားပြောချင်တာလား။
ခင်ဗျားသက်တမ်းက နှစ်တစ်ထောင်လောက်တောင် ရှိပုံမပေါ်ပါဘူး။ အရင်က ကိုယ့်ကိုယ်ကိုအေးခဲပြီး ဂူအောင်းခဲ့ဖူးလို့လား။ ဒီနှစ် ခင်းဗျားအသက်ဘယ်လောက်ရှိပြီလဲ။ ခုနစ်သောင်းငါးထောင်ပြည့်ပြီလား"
"တော်ပါတော့ တော်ပါတော့။ ငါထောင်ထဲကိုပဲ သွားပါ့မယ်"
"အမှန်တော့ ဒီခိုးမှုအတွက် ဘိုးဘေးထောင်ထဲကိုသွားစရာမလိုပါဘူး"
လော်ဟုန်ရှားကပြောသည်။
"လနန်းတော်ကို လျော်ကြေးပြန်ပေးပြီး အသနားခံစာတင်လိုက်ရင် ခံဝန်ကတိနဲ့ လွှတ်ပေးလို့ရပါတယ်။ ပြစ်ဒဏ်ကင်းလွတ်ခွင့်တောင်ရနိုင်တယ်"
ကျွေးယွဲ့ပျော်သွားသည်။
...နင်ငါ့ဘက်က ရပ်တည်ပေးမယ်ဆိုတာ ငါသိသားပဲ ရှောင်လော်...
လနန်းတော်ကို လျော်ကြေးပေး၍ အသနားခံစာတင်သည့်ကိစ္စသည် ဘာမှခက်ခဲသည်မဟုတ်။
"ဒါပေမယ့် သံလွင်ပင်ကို ဆေးခတ်လို့ အန္တရာယ်များတဲ့ နောက်ဆက်တွဲကိစ္စတွေဖြစ်လာတယ်။ ဒါဟာ အန္တရာယ်ရှိတဲ့ပစ္စည်း ဖြန့်ဝေမှုပဲ။ ကျူးလွန်ခဲ့တဲ့ အကြိမ်အရေအတွက်ကများတော့ ဘိုးဘေး အာမခံမရလောက်ဘူး"
"ငါက..."
ဥပဒေနားမလည်၍ ထိခိုက်နစ်နာရသည့်အဖြစ်ကို ကျွေးယွဲ့ ပထဆုံးအကြိမ် ရင်ဆိုင်လိုက်ရသည်။
နတ်မယ်က ထပ်သတိပေးသည်။
"ဥပဒေကိုနားမလည်လို့ပါလို့လည်း အကြောင်းပြလို့မရဘူး"
ထိုစဉ် လော်ဟုန်ရှားက နတ်မယ်ကိုလှည့်ပြောသည်။
"လုယန်၊ ရေပူစမ်းထဲကို မင်းအတင်းဝင်ခဲ့တာက ရာဇဝတ်မှုတော့မမြောက်ဘူး။ ဒါပေမယ့် အများပြည်သူနှောက်ယှက်မှုပဲ။ ဒါက စည်းကမ်းထိန်းသိမ်းရေးပိုင်းနဲ့ဆိုင်တယ်။ မင်းလည်း လေးငါးရက်တော့ ထောင်ကျမယ်"
လုယန်ကို လော်ဟုန်ရှားကြည့်နေသည်က ထိုအကြောင်းကြောင့်ဖြစ်သည်။
"ကျုပ်အဲဒီတုန်းက တရားခံလိုက်ဖမ်းနေတာပါ"
"ဒါပေမယ့် ရေပူစမ်းကိုဖြတ်သွားရလောက်အောင် အရေးပေါ်အခြေအနေမျိုးမဟုတ်ဘူးလေ"
"ကျုပ်က..."
ဥပဒေကိုနားလည်လျှင်လည်း သိပ်အကျိုးမထူးလှကြောင်း နတ်မယ်နားလည်လာသည်။
လုယန် နဖူးကို လက်ဖြင့်အုပ်လိုက်သည်။ အခြေအနေက ထိုသို့ဖြစ်လာမည်ကို သူသိနေသည်။ ဤအဖြစ်သည်လည်း ဘဝအတွေ့အကြုံဟု ခေါ်ရမည်ထင်သည်။
"စိတ်မပူပါနဲ့ရှောင်ယန်၊ ငါနင့်ကို ထောင်ထဲအဝင်မခိုင်းပါဘူး။ ဒီကိစ္စက နင်နဲ့ဘာမှမဆိုင်ဘူး"
နတ်မယ်က တာဝန်ယူစိတ်အပြည့်ဖြင့်ပြောသည်။
လုယန် အံ့အားသင့်သွားသည်။
"နတ်မယ်၊ ခင်ဗျားဘာကိုပြောချင်တာလဲ"
"ငါနင့်ခန္ဓာကိုယ်ကို လေးငါးရက်ယူပြီး နင့်ကိုယ်စား ထောင်ကျခံမယ်"
*********************************
အခန်း (၉၅၁) အကျဉ်းထောင်ကိုလိုက်သွားပါ
ဘာကွာခြားသွားမည်နည်း။
လုယန် တွေးနေသည်။
...နတ်မယ်၊ ခင်ဗျားကျုပ်နေရာဝင်ယူရင် ကျုပ်လည်းသိစိတ်နယ်မြေမှာပဲ နေရမယ်မဟုတ်လား။ ခင်ဗျားထောင်ကျခံလည်း ကျုပ်ကအပြစ်သားခန်းမကနေ ထွက်သွားလို့မှမရတာ...
သူတစ်ပါးကိုယ်စား အပြစ်ခံယူသည့် နတ်မယ်၏စိတ်ဓာတ်မျိုးက တကယ်ရှားသည်။
သိပ်တော့ အကျိုးမထူးလှ။
သို့သော် တန်းဖိုးကြီးသည်။
"ငါလည်း ထောင်ထဲဝင်ရမှာလား"
ပိုင်ယဲ့က ကျွေးယွဲ့နေရာကို အစားထိုးဝင်လာသည်။
"ညရောက်ရင် ဘိုးဘေးက ထွက်လာခဲ့ရုံပါပဲ"
လော်ဟုန်ရှားကပြောသည်။ ပိုင်ယဲ့ ဘာအမှားမှလုပ်မထား။ ဘယ်လိုထောင်ချ၍ဖြစ်မည်နည်း။
"အင်း..ဒါဆိုလည်း ပြီးတာပါပဲ"
ပိုင်ယဲ့ သိစိတ်နယ်မြေသို့ ပြန်ဝင်သွားသည်။ ကျွေးယွဲ့ကို ခန္ဓာကိုယ်လွှဲပေးသည်။
"သံလွင်ဘိုးဘေး။ မသွားပါနဲ့ဦး။ ဘိုးဘေးဆီက ခွင့်ပြုချက်တောင်းစရာရှိသေးလို့ပါ"
လော်ဟုန်ရှားက ပိုင်ယဲ့ကို ပြန်ခေါ်သည်။
"ဘာကိစ္စလဲ"
"အရင်က ဘိုးဘေးအသိစိတ်ဖွံ့ဖြိုးနေမှန်းမသိလို့ လနန်းတော်က ဘိုးဘေးဆီမှာ ခွင့်မတောင်းဘဲ သံလွင်ပင်ခုတ်ရောင်းခဲ့တယ်။ အဲလိုလုပ်ခဲ့တာကို တကယ်ရှက်မိပါတယ်။
အဲဒီ့သံလွင်ပင်တွေက ဘိုးဘေးပိုင်တာပါ။ သံလွင်ပင်ရောင်းလို့ရတဲ့ ဝိညာဉ်ကျောက်တွေကိုလည်း ဘိုးဘေးပဲရသင့်ပါတယ်။ ဒီတော့ ဘိုးဘေး ဘယ်အချိန်ကစပြီး သိစိတ်ဝိညာဉ်ပေါ်ခဲ့သလဲဆိုတာ ပြောပြပါ။
ကျွန်မတို့ စာရင်းဇယား အတိအကျတွက်ချက်ပြီး ဝိညာဉ်ကျောက်တွေ ပြန်ပေးပါ့မယ်"
လော်ဟုန်ရှားပြောနေသည့် စကားလုံးများ၏အဓိပ္ပါယ်ကို ပိုင်ယဲ့သိပ်နားမလည်။ သို့သော် သူ့ကိုဝိညာဉ်ကျောက်များပေးဖို့ကိစ္စဖြစ်ကြောင်း အကြမ်းဖျင်းတော့သိသည်။
"ဝိညာဉ်ကျောက်တွေ ငါ့အတွက်မလိုဘူး။ နင်တို့ပဲသိမ်းထားပါ။ သစ်ပင်ခုတ်ရောင်းတာကိုလည်း ပုံမှန်အတိုင်းပဲဆက်လုပ်ပါ"
"ဘိုးဘေးရဲ့ စိတ်သဘောထားက ကြီးမြတ်လွန်းပါတယ်"
လော်ဟုန်ရှား ဦးညွှတ်အရိုအသေပြုသည်။
မဟာနှင်းတောင်တန်းသံလွင်ဘိုးဘေး အသိစိတ်ဝင်ပြီး 'လူ'ဖြစ်လာချိန်တွင် မဟာနှင်းတောင်တန်း၏ သံလွင်ပင်များပိုင်ဆိုင်ခွင့်က ပိုင်ယဲ့လက်ထဲရောက်သွားသည်။ ထိုစဉ်က ပိုင်ယဲ့အကြောင်း လနန်းတော်ကမသိခဲ့။
ထို့ကြောင့် သစ်ပင်များခုတ်ရောင်းခြင်းသည် ရာဇတတ်မှုမမြောက်။ ရာဇဝတ်မှုကျူးလွန်လိုသည့် ရည်ရွယ်ချက်မရှိသောကြောင့်ဖြစ်သည်။
ယခု ပိုင်ယဲ့အကြောင်း သူတို့သိလာသည်။ ပိုင်ယဲ့ခွင့်ပြုချက်မရှိဘဲ သံလွင်ပင်များကို သူတို့ခုတ်ရောင်း၍မရ။
.....
အပြစ်သားခန်းမ။
"နန်းတော်သခင်၊ ဘာကိစ္စရှိလို့ရောက်လာတာလဲ"
ကြာနက်ဝတ်စုံဝတ်ထားသည့် အကြီးအကဲမိုရန် အတော်အံ့အားသင့်သွားသည်။
ပိုအံ့ဩရသည်က လော်ဟုန်ရှားနှင့်အတူ ကလေးနှစ်ယောက်ပါလာသောကြောင့်ဖြစ်သည်။
"နန်းတော်သခင်မှာ ကလေးတွေရှိတယ်ပေါ့"
အပြစ်သားခန်းမကို ကြီးကြပ်ဖို့ တာဝန်ယူထားရသဖြင့် မိုရန် အပြင်ထွက်ချိန်သိပ်မရ။ အပြင်လောကအဖြစ်အပျက်များကို သူမသိ။
သူ့စိတ်ထဲ အတွေးတစ်ခု ချက်ချင်းပေါ်လာသည်။ လော်ဟုန်ရှားနှင့်တာအိုရှင်ဝစီပိတ် လျှို့ဝှက်အချစ်ဇာတ်လမ်းတစ်ခု ရှိခဲ့ခြင်းဖြစ်မည်။ ဝစီပိတ်က ရန်သူများဝိုင်းနေသဖြင့် သူတို့အချစ်ဇာတ်လမ်းကို လူသိရှင်ကြား ကြေညာဖို့အဆင်မပြေ။
ထို့ကြောင့် တိတ်တိတ်ပုန်းတွဲခုတ်၍ တိတ်တိတ်ပုန်းသားသမီးများ ရလာခြင်းဖြစ်မည်။ ယခု ဝစီပိတ်က ကူးဖြတ်ခြင်းအဆင့်ရောက်လာသည်။ သူ့ရန်သူများကို ကြောက်စရာမလိုတော့။
ထို့ကြောင့် လော်ဟုန်ရှားလည်း သူတို့ပတ်သက်မှုကို တရားဝင်ကြေညာဖို့ ယုံကြည်ချက်ရှိလာပြီး သူ့ကလေးများကို အများရှေ့သို့ထုတ်ပြခြင်းဖြစ်မည်။
လော်ဟုန်ရှား မျက်ခုံးတစ်ချက်ခါသွားသည်။ မိုရန်၏အကြည့်က နည်းနည်းမူမမှန်သလိုခံစားရသည်။
ဂိုဏ်းတူညီမမိုရန်သည် စိတ်ကူးယဉ်အတွေးများသူဖြစ်သည်။ သူ့စိတ်ထဲဘာတွေးနေသည်ကို ဘယ်သူမှမသိနိုင်။
"အခုရက်ပိုင်း အမှားအယွင်းတစ်ခုဖြစ်လို့ လနန်းတော်တပည့်တွေအားလုံး ခန္ဓာကိုယ်ကျုံ့သွားတယ်။ လုယန်လည်း အတူတူပဲ။...ဒီကောင်လေးက လုယန်ပါ"
"အံ့ဩစရာပဲ။ ဒါဆိုလုယန်က အပြစ်သားခန်းမကို လာလည်တာလား"
"သူက ဒီမှာငါးရက်နေရမှာ"
မိုရန် မင်သက်မိသွားသည်။ လော်ဟုန်ရှားပြောလိုသည့်အဓိပ္ပါယ်ကို သူနားလည်သည်။
"မင်းက မင်းဆရာခြေရာကိုတကယ်နင်းပြီး ငါတို့အပြစ်သားခန်းမကို အလှည့်ကျဝင်ဖို့ ပြင်နေတယ်ပေါ့"
လုယန် "..."
အကြီးအကဲမိုရန်...ခင်ဗျားကျုပ်ကို နားလည်မှုနည်းနည်းလွဲနေပြီ။
"ပြီးတော့ ဒါကဘယ်သူလဲ"
"ဒီလူရဲ့သရုပ်မှန်ကို ထုတ်ပြောဖို့အဆင်မပြေဘူး။ သူက ခိုးမှုကျူးလွန်ခဲ့တဲ့လူလို့ပဲ သိထားပါ။ ထူးခြားတဲ့အခြေအနေတစ်ခုကြောင့် နေ့ခင်းပိုင်းပဲ အပြစ်သားခန်းမမှာ သူနေရမှာ။ ညဘက်ရောက်ရင် သူသွားချင်ရာသွားလို့ရတယ်"
ရုပ်ရည်သွင်ပြင်ကို အလေးထားသည့် ကျွေးယွဲ့သည် သူကောင်မလေးဘဝရောက်နေသည့်ကိစ္စကို တစ်ခြားလူများမသိစေချင်။ ထိုကိစ္စလျှို့ဝှက်ပေးထားဖို့ လော်ဟုန်ရှားကိုပြောခဲ့သည်။
"ဆွေမျိုးဦးစားပေးဝါဒလား"
နှစ်တစ်ထောင်ကြာအောင် အပြစ်သားခန်းမကို စောင့်ကြပ်ခဲ့သည့်မိုရန်အတွက် ထိုမျှလွတ်လပ်ခွင့်ရသည့်အကျဉ်းသားမျိုး တစ်ခါမှမတွေ့ဖူး။
လော်ဟုန်ရှား "..."
...ငါဘယ်လိုပြောရမလဲ...ဆွေမျိုးဦးစားပေးဆိုတာလည်း နည်းနည်းတော့မှန်နေတာပဲ...
ပုံမှန်ဆိုလျှင် အကျဉ်းသားများ ထောင်ထဲသွင်းရသည့်အလုပ်က မိုရန်၏တာဝန်ဖြစ်သည်။ သို့သော်ယခု လော်ဟုန်ရှားကိုယ်တိုင် ရောက်လာသဖြင့် သူဘာမှဝင်မစွက်တော့။ အရေးကြီးသည့်ကို နန်းတော်သခင်ကိုယ်တိုင် တာဝန်ယူသည်က ပိုကောင်းသည်။
အပြစ်သားခန်းမထဲရောက်ရောက်ချင်း ချွီလင်း၏ ဒေါသတကြီးအော်သံကို ကြားရသည်။
"တပည့်အလိမ္မာလေး။ မင်းဒီကိုလာရဲမယ်လို့ ငါထင်မထားဘူး။ ဆရာကိုတောင် ထောင်ချရဲတဲ့တပည့်။ တကယ်ရိုသေလေးစားမှုကင်းမဲ့ပြီး ကျေးဇူးကန်းတာပဲ"
"ပါးစပ်ပိတ်ထားစမ်း"
ကျွေးယွဲ့ အော်ငေါက်လိုက်သည်။
"ငါတောင် ငါ့အမှားအတွက် ဒီကိုလာရတယ်။ နင်ကဘာမို့လို့လဲ"
သာမန်အခြေအနေမျိုးတွင် လူတစ်ယောက်က ထိုစကားမျိုးလာပြောလျှင် ချွီလင်း ဒေါသအကြီးအကျယ်ထွက်မိမည်။ သို့သော် ဘာကြောင့်မှန်းမသိ။ ထိုကောင်မလေးအော်ငေါက်ချိန်တွင် အလိုလိုကြောက်စိတ်ဝင်လာသည်။ ဘာမှအတွန့်မတက်ရဲ။
"နင်ကဘယ်သူလဲ"
ချွီလင်း ကျွေးယွဲ့ကို တအံ့တဩကြည့်နေသည်။ ဘာကြောင့်ထိုကလေးမကို သူကြောက်နေမှန်းမသိ။
"နင်သိဖို့မတန်ပါဘူး"
"နင်..."
လော်ဟုန်ရှားက ချွီလင်းကို တစ်ချက်လှမ်းကြည့်သည်။
"ရှင်က ကျွန်မဆရာဆိုတော့ အကြံတစ်ခုပေးမယ်။ သူ့ကို ရိုရိုသေသေဆက်ဆံပါ။ မဟုတ်ရင် နောင်တရလိမ့်မယ်"
ချွီလင်း အေးစက်စက်နှာခေါင်းရှုံ့သည်။ ဘာမှထပ်မပြောတော့။
"မင်း...မင်းက အကိုလုယန်လား"
ရွှဲ့ရှီလုန် မျက်လုံးကိုပွတ်၍ ပြန်ကြည့်သည်။ သွေးဆက်နိုးထသည့်အကျိုးဆက်ကြောင့် သူ့အမြင်အာရုံချို့ယွင်းသွားသလားဟု ထင်နေသည်။
ပြီးခဲ့သည့်နှစ်ရက်က လုယန်သည် အရပ်ခြောက်ပေခန့်ရှိခဲ့သည်။ ယခု သုံးပေပင် ပြည့်မည်မထင်။
နတ်မယ်က လူစိမ်းသူစိမ်းရှေ့တွင် လုယန်၏ဂုဏ်သိက္ခာကို ထိန်းပေးရန်ကြိုးစားသည်။
"အဟမ်း...ကျုပ်က ထာဝရသက်ရှည်ကျင့်စဉ်ပညာ လေ့ကျင့်နေတာပါ။ ကျင့်ကြံရင်းနဲ့ ပြဿနာလေးတစ်ခုကြုံခဲ့တယ်။ နှစ်တိုင်း ဒီလိုခန္ဓာအရွယ်အစားကျုံ့တာမျိုး လေးငါးရက်ဖြစ်တယ်။
အပြင်လောကကြီးက အန္တရာယ်များလွန်းတယ်။ ရန်သူတွေကလည်း များတယ်လေ။ ဒါကြောင့် အပြစ်သားခန်းမကိုလာပြီး အကာအကွယ်ယူတဲ့သဘောပါ"
"ဪ အဲလိုလား"
ရွှဲ့ရှီလုန် နားလည်သွားသည်။
"ကျင့်ကြံတဲ့အချိန်ကျရင် ပိုဂရုစိုက်ပါ မိတ်ဆွေလု၊ ဒီကျင့်စဉ်ပညာက အတော်အန္တရာယ်များသလိုပဲ"
"တကယ်အဲလိုလား"
ရွှမ်ယွမ်ထန်ဟန်က သိပ်မသင်္ကာ။
"တကယ်အမှန်ပါပဲ"
နတ်မယ်က ဣန္ဒြေမပျက်ပြောသည်။ တရားရေးဝန်ကြီးတစ်ယောက် အကျဉ်းထောင်ကိုလာစစ်ဆေးသည့်ဂိုက်မျိုး ဖမ်ထားသည်။ သို့သော် ဘယ်လိုဂိုက်ဖမ်းသည်ဖြစ်စေ လက်ရှိလုယန်ပုံစံက ထိုဟန်ပန်မျိုး လုံးဝမပေါ်လွင်။
အရင်တစ်နေ့က လုယန်တွေ့ခဲ့သည့် ခိုးမှုနှင့်ထောင်ကျနေသူများ ယခုမရှိတော့။ နေရာအတော်လွတ်သွားသည်။ ထို့ကြောင့် ကျွေးယွဲ့နှင့်ကပ်လျက်ထောင်ခန်းတွင် နတ်မယ်နေရာရသည်။
အိပ်ယာပြင်ပြီးနောက် နတ်မယ်က အိပ်ယာပေါ် ပျော်ရွှင်စွာခုန်တက်သည်။ ထိုနေရာမျိုးနှင့် ထူးထူးဆန်းဆန်းရင်းနှီးနေသလို ခံစားရသည်။
"ငါ့သိစိတ်နယ်မြေမှာလိုပဲ ခံစားရတယ်။ ဒါပေမယ့် သိပ်တော့လည်းမတူဘူး။ သိစိတ်နယ်မြေထဲကအိပ်ယာက ပိုပြီးသက်တောင့်သက်သာရှိတယ်"
နတ်မယ်မျက်လုံးမှိတ်လိုက်သည်။ သိစိတ်နယ်မြေသို့ ပြန်သွားသည်။
"ရှောင်ယန်၊ နှင်းလုံးပစ်တမ်းကစားရအောင်"
လုယန် သက်ပြင်းချသည်။
"နတ်မယ်၊ ခင်ဗျားထောင်ကျတာနဲ့မကျတာ ဘာမှမကွာခြားသလိုပါပဲလား"
အရင်က အပြစ်သားခန်းမှ အကျဉ်းသားများသည် ကျင့်စဉ်အဆင့်အတော်နိမ့်သည်ဟု ဆိုနိုင်သည်။ ယခုထိုသို့မဟုတ်တော့။ မသေမျိုးတစ်ယောက်ပင် ရှိနေသည်။
.....
"ဆရာ၊ လုယန်က ရေပူစမ်းကိုဖြတ်ပြီးနောက်ပိုင်း ပျောက်သွားတယ်။ သူအခက်အခဲကြုံနေတာများလား"
လန်ထင် လုယန်ကို တစ်နေ့နှင့်တစ်ည ရှာမတွေ့ခဲ့သဖြင့် စိုးရိမ်ပူပန်နေသည်။
"...အခက်ကြုံရောက်တယ်လိုလည်း ပြောလို့မရပါဘူး။ အခုသူက အပြစ်သားခန်းမမှာ ရောက်နေတာလေ"
"ဘယ်လို၊ အဲဒါ အခက်ကြုံတာမဟုတ်ဘူးလား"
သိပ်မကြာမီ လန်ထင်နားလည်လာသည်။ လုယန် ရေပူစမ်းထဲ ဖြတ်သွားသည့်ကိစ္စဖြစ်သည်။
ထိုသို့ဖြတ်သွားသည်မှာလည်း အကြောင်းတစ်ခုခုရှိ၍သာဖြစ်မည်။ အကိုလုယန်ကို သူယုံကြည်သည်။
"နင်သူ့နဲ့တွေ့ချင်ရင် အပြစ်သားခန်းမကိုသာ လိုက်သွားတော့"
သူ့တပည့်သည် ကုရာနတ္ထိ ဆေးမရှိတော့။ တာအိုလမ်းစဉ်ဂိုဏ်းသို့ မြန်မြန်ပို့လိုက်သည်က ပို၍ကောင်းသည်။