← Chapters

အခန်း (၉၅၂-၉၅၄)

Vol. 64 Ch. 952-954

အခန်း (၉၅၂-၉၅၄)

Vol. 64 Ch. 952-954

အခန်း (၉၅၂) အလုပ်ပိုများလာသည်

"အကိုလုယန်၊ အဆင်ပြေရဲ့လား"

လန်ထင် အပြစ်သားခန်းမသို့ ရောက်လာသည်။ ဝိညာဉ်သစ်သီး ခြင်းတစ်လုံးအပြည့်ဆွဲလာသည်။

"အဆင်ပြေပါတယ် ညီမလန်"

နတ်မယ်က ပြုံး၍ပြောသည်။ ဝိညာဉ်သစ်သီးမျိုးစုံပါသည့် ဝါးခြင်းကို သူသတိထားမိသည်။ လန်ထင်အတော်ကြိုးစားအားထုတ်ထားမှန်း သိသာသည်။

"ခင်ဗျားလည်း နည်းနည်းစားပါဦး"

ထောင်ကျဖက်ဖြစ်သည့် ကျွေးယွဲ့ကို နတ်မယ်က သစ်သီးတစ်လုံးပေးသည်။

ကျွေးယွဲ့ကမငြင်း။ ကျေးဇူးတင်စကားပြောပြီး ချက်ချင်းစားသည်။

နတ်မယ်က သစ်သီးတစ်လုံး ရွေးယူလိုက်သည်။ သစ်သီးပုံစံက လှပသည်။ သို့သော် ဘာသစ်သီးမှန်တော့မသိ။ လန်ထင်ကို သူလှမ်းပေးသည်။

"မင်းလည်းစားပါ ညီမလန်"

ခြင်းထဲမှ ဝိညာဉ်သစ်သီးများကို နတ်မယ် သုံးပိုင်းခွဲလိုက်သည်။

နတ်မယ်သစ်သီးစားသည်က ဝတ္တရားအရသာဖြစ်သည်။ သူတစ်ယောက်တည်း စားသောက်လေ့မရှိ။ အစားအသောက်ကောင်းမှန်လျှင် တစ်ခြားလူများကို မျှဝေရသည်။ ရှေးဟောင်းခေတ်က အောင်းလင်း၊ ကျန်းလျန်ယိတို့နှင့် အတူစားသောက်ခဲ့ရသည်ကို သူပြန်သတိရလာသည်။

သုံးယောက်သား အေးချမ်းသည့်ပတ်ဝန်းကျင်တွင် အတူထိုင်နေကြသည်။

လန်ထင်က ကျွေးယွဲ့ကို စိတ်ဝင်တစားကြည့်နေသည်။

"အကိုပြောတဲ့ ပိုင်ယဲ့ဆိုတာ ရှင်လား"

မှန်သည်။ ထိုမိန်းကလေးကို သူမသိ။ သို့သော် ဆေးဂိုဒေါင်သို့ဝင်သည့် မှော်စက်ဝန်းလျှို့ဝှက်ချက်များကို သိသည်ဆိုလျှင် ထိုလူသည် လနန်းတော်မှ ဘိုးဘေးတစ်ယောက်သာဖြစ်ရမည်။

သူ့ဆရာကိုလည်း ပိုင်ယဲ့အကြောင်းမေးကြည့်ခဲ့သည်။ သို့သော် လော်ဟုန်ရှားက သိပ်ပြောပြချင်ပုံမပေါ်။

ကျွေးယွဲ့ကလည်း သူ့သရုပ်မှန်ထုတ်ပြောရမည်ကို ရှက်သည်။ ထို့ကြောင့် ပိုင်ယဲ့နာမည်ကို ခဏသုံးသည်။

"ဟုတ်တယ်၊ ပိုင်ယဲ့ဆိုတာ ငါပဲ"

ကျွေးယွဲ့က ပိုင်ယဲ့ကို တိတ်တဆိတ်တောင်းပန်သည်။ သူ့ဘဝတွင် ပထမဆုံးအကြိမ် လိမ်ညာဖူးခြင်းဖြစ်သည်။

"ဒါနဲ့နတ်မယ်၊ ညီမလန်ကို သူ့မသေမျိုးခန္ဓာ ဘယ်လိုကျင့်ကြံရမလဲဆိုတာ နည်းနည်းလမ်းညွှန်ပေးနိုင်လား"

လုယန်က မေးသည်။ လနန်းတော်သို့ရောက်ကတည်းက လန်ထင်သူ့ကို ကောင်းကောင်းဂရုစိုက်ခဲ့သည်။ သူအကြွေးတင်နေသည်။

"သူ့ရဲ့ မူလမသေမျိုးခန္ဓာကိုပြောတလား"

"ဟုတ်ပါတယ်"

"အင်း..ကောင်းပြီလေ"

နတ်မယ်သိပ်စိတ်မပါသော်လည်း လုယန်တောင်းဆိုလာသဖြင့် သူတတ်နိုင်သမျှဖြည့်ဆည်းပေးရမည်။

"ညီမလန်၊ မင်းရဲ့မူလမသေမျိုးခန္ဓာကျင့်ကြံတာ ဘယ်လိုအခြေအနေရှိလဲ"

လန်ထင်မချိပြုံးပြုံးသည်။

"အကိုလုကို ဖုံးကွယ်မထားချင်ပါဘူး။ ကျွန်မနည်းနည်းအခက်တွေ့နေတယ်။ အစက ကျွန်မရဲ့ရွှေသန္ဓေ၊ နတ်ဝိညာဉ်နဲ့ မူလဝိညာဉ်တွေကို သန့်စင်ယင်ကျင့်စဉ်လမ်းဘက်ကို ဦးတည်ဖို့ရည်ရွယ်ခဲ့တာ။

ဒါပေမယ့် ကျွန်မရွှေသန္ဓေနဲ့ မူလဝိညာဉ်က ကိုယ်ပိုင်သိစိတ်ရှိနေသလိုပဲ။ သန့်စင်ယန်စွမ်းအားကို ဆက်မပြတ်စုပ်ယူနေတယ်။ ဒီတော့ ယန်စွမ်းအားပဲတဖြေးဖြေးတိုးလာတယ်။ မူလဝိညာဉ်ကို ယင်စွမ်းအားနဲ့ သန့်စင်ဖို့လည်း ကြိုးစားပြီးပြီ။ မရဘူး"

လနန်းတော်ကျင့်စဉ်ပညာများအားလုံးက ယင်ဓာတ်ကိုအလေးထားသည်။ သို့သော် သူ့ရွှေသန္ဓေ၊ နတ်ဝိညာဉ်နှင့် မူလဝိညာဉ်တို့က ယန်ဓာတ်လမ်းကြောင်းကို ဦးတည်နေသည်။ ထို့ကြောင့် သူ့ကျင့်စဉ်ပညာ တိုက်ခိုက်ရေးပညာအများစုကို တစ်ခြားဂိုဏ်းများမှ သင်ယူခဲ့ရသည်။ ထို့ကြောင့် သူစိုးရိမ်ပူပန်နေခြင်းဖြစ်သည်။

အကြီးအကဲအတော်များများကို သူမေးမြန်းကြည့်သည်။ ရှေးဟောင်းကျမ်းများ လေ့လာကြည့်သည်။ အကျိုးမထူး။ မူလမသေမျိုးခန္ဓာက အလွန်ရှားပါးသည်။ သင့်တော်သည့်ကျင်စဉ်နည်းမျိုး မှတ်တမ်းမကျန်ခဲ့။

အမှန်တော့ ကျွေးယွဲ့ကလည်း လန်ထင်ကို အတော်အလေးထားပါသည်။ မူလမသေမျိုးခန္ဓာနှင့်သင့်တော်သည့် ကျင့်စဉ်နည်းလမ်းများ လျှို့ဝှက်ရှာဖွေဖူးသည်။ သို့သော် တစ်ခုမှမတွေ့။

"အဲလောက်ဒုက္ခခံစရာမလိုပါဘူး ညီမလန်။ ညီမအခုသွားနေတဲ့လမ်းကြောင်းကလည်း မူလမသေမျိုးခန္ဓာကျင့်စဉ်ပညာရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။။ မူလဆိုတာဘာလဲ။ ယင်နဲ့ယန်မခွဲပြားခင် အခြေအနေကိုပြောတာပါ။ မင်းရဲ့ရွှေသန္ဓေနဲ့ မူလဝိညာဉ်က ယန်ဓာတ်သဘောရှိပေမယ့် မင်းခန္ဓာကိုယ်က သန့်စင်ယန်ဓာတ်ရှိတယ်လေ။

စုစည်းခြင်းအဆင့်ထိ တစ်ဆင့်ချင်းကျင့်ကျင့်ကြံပြီးရင် မူလဝိညာဉ်က ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားမယ်။ အဲဒီအချိန်ကျရင် အားလုံး သူ့ဘာသာအစီစဉ်တကျဖြစ်သွားလိမ့်မယ်။

မူလမသေမျိုးခန္ဓာလည်း ပြည့်စုံတဲ့အခြေအနေကို ရောက်လာမယ်။ မင်းရဲ့မူလဝိညာဉ်ကို ယန်စွမ်းအင်များများစုပ်ယူဖို့သုံးတာ အကောင်းဆုံးပဲ။ စုစည်းခြင်းအဆင့်ရောက်တဲ့အခါ အများကြီးအကျိုးရှိလိမ့်မယ်"

နတ်မယ်က စိတ်အားထက်သန်စွာ အကြံပြုသည်။

"တကယ်လား"

လန်ထင်မျက်လုံးများ အရောင်တောက်လာသည်။ သူ့ရင်ထဲမှ စိုးရိမ်သောကများ ပျောက်ကွယ်သွားသည်။

"ဒီနည်းလမ်းကို မသေမျိုးကျမ်းစာမှတ်တမ်းတစ်ခုမှာ ငါတွေ့ခဲ့တာပါ"

နတ်မယ် သူ့ဘာသာတွေးနေသည်။ လန်ထင်က မသေမျိုးမှတ်တမ်းအကြောင်းမေးလာလျှင်လည်း သူချက်ချင်းရေးပြီး ထုတ်ပြလိုက်ရုံသာရှိသည်။

လုယန်စကားကို လန်ထင်သံသယဝင်စရာအကြောင်းမရှိ။ ခုနက 'တကယ်လား'ဆိုသည်က စကားအရ ပြန်မေးခြင်းသာဖြစ်သည်။

နတ်မယ်၊ ကျွေးယွဲ့တို့နှင့်အတူ အတော်ကြာအောင်စကားပြောပြီးနောက် လန်ထင် ထွက်သွားသည်။

"မင်းက ညီမလန်နဲ့ အတော်ရင်းနှီးပုံပဲ"

ကျွေးယွဲ့က ပြုံး၍မှတ်ချက်ပေးသည်။ လုယန်သည် နည်းနည်းထူးဆန်းပြီး လျှို့ဝှက်တတ်သည့်စရိုက်မျိုးရှိသည်ဟု သူခံစားရသည်။ သို့သော် စိတ်ရင်းကောင်းသည်။ အခွင့်ကြုံလျှင် ထိုနှစ်ယောက်ကို လက်ထပ်ပေးမည်ဟု တွေးနေသည်။

ထို့နောက် လနန်းတော်မှ နောက်ထပ်တပည့်တစ်ယောက် သစ်သီးခြင်းတစ်လုံးဆွဲ၍ ရောက်လာသည်။

"အကိုလုယန်၊ အဆင်ပြေရဲ့လား"

ထိုမိန်းကလေး၏ ပုံမှန်ရုပ်သွင်ကို မြင်ဖူးသော်လည်း ယခုခန္ဓာကိုယ်ကျုံ့နေသဖြင့် လုယန် မှတ်မိအောင် အတော်ကြိုးစားလိုက်ရသည်။

လက်နက်သွန်းဆောင်မှ ဟဲမြောင်ဖြစ်သည်။

"ညီမဟဲ၊ ကျုပ်အဆင်ပြေပါတယ်။ ကျုပ်အတွက် အခုလိုစဉ်းစားပေးတာ ကျေးဇူးတင်ပါတယ်"

လုယန်၏လမ်းညွှန်မှုဖြင့် အခြေအနေကို နတ်မယ်သက်တောင်သက်သာ ကိုင်တွယ်နိုင်သည်။

"အဆင်ပြေတယ်ကြားရလို့ ဝမ်းသာပါတယ်"

ဟဲမြောင်က နတ်မယ်ကိုကြည့်ရင်း ရှက်ရွံ့ဟန်ဖြင့် ပါးနှစ်ဘက်နီရဲလာသည်။ နည်းနည်းရှက်တတ်သူဖြစ်၍ လုယန်နှင့် စကားများများမပြောရဲဘဲ ချက်ချင်းပြန်ထွက်သွားသည်။

"မင်းက ဟဲမြောင်နဲ့လည်း ရင်းနှီးတယ်ထင်တယ်"

ကျွေးယွဲ့က မပွင့်တပွင့်ပြုံး၍ မှတ်ချက်ပြုသည်။

"အကိုလုယန်၊ အဆင်ပြေရဲ့လား"

နောက်တစ်ယောက် သစ်သီးခြင်းဆွဲ၍ ရောက်လာပြန်သည်။

"စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် အမအန်း။ ဒီအကျဉ်းထောင်က တကယ်တိတ်ဆိတ်အေးချမ်းတယ်။ ကျင့်ကြံဖို့နဲ့ ဆင်ခြင်သုံးသပ်ဖို့ အ‌တော်ကောင်းတဲ့နေရာပါ။ ကြုံတောင်ကြုံခဲအခွင့်အရေးလို့တောင် ပြေလို့ရပါတယ်"

နတ်မယ်က လိမ္မာပါးနပ်စွာ တုံ့ပြန်သည်။

"အန်းချွေ့ရှားနဲ့လည်း ရင်းနှီးတာပဲလား"

ကျွေ့ဟွား၏အပြုံးက နည်းနည်းလျော့ပါးလာသည်။

ညီမ ရှားထန်...

ညီမ ဟွမ်ရှန်...

အမပုလျန်ရှင်း...

နတ်မယ်၏အခန်းတစ်ခုလုံး သစ်သီးခြင်းများပြည့်သွားသည်။

အစောပိုင်းက လန်ထင်လမ်းပိတ်ထားသဖြင့် လုယန်အနားသို့ကပ်ဖို့ သူတို့ရှက်နေကြသည်။ ယခု လုယန်က အပြစ်သားခန်းမသို့ ရောက်နေသဖြင့် လနန်းတော်တပည့်များအတွက် လွတ်လွတ်လပ်လပ် လာတွေ့ခွင့်ရသွားသည်။

ကျွေးယွဲ့ "..."

ကျမ်းစာတိုက်မှာ ငါထားခဲ့တဲ့ ဝတ္ထုစာအုပ်တွေကို မင်းတို့ဖတ်ထားတာ အလကားဖြစ်ကုန်ပြီလား။ ဒီကောင်လေးလုယန်က အဲလောက်ထူးခြားလို့လား။

သူက နောက်ခံနည်းနည်းပိုကောင်းတာရယ်၊ ပါရမီနည်းနည်းပိုထူးခြားတာရယ်၊ ကျင့်စဉ်အဆင့်နည်းနည်းပိုမြင့်တာရယ်၊ ထူးထူးခြားခြားအဖြစ်တွေ နည်းနည်းပိုကြုံဖူးတာရယ်၊ အကျင့်စာရိတ္တနည်းနည်းပိုကောင်းတာရယ်၊ ဗဟုသုတနည်းနည်းပိုများတာရယ်လောက်ပဲရှိတာပါ။

အဲဒါကလွဲရင် တစ်ခြားကျင့်ကြံသူတွေနဲ့ ဘာမှမကွာပါဘူး...

"သစ်သီးနည်းနည်းထပ်စားဦးမလား"

ကျွေးယွဲ့မကျေမနပ်ကြည့်နေသည်ကို နတ်မယ်သတိထားမိသည်။ သစ်သီးခြင်းများကို မျက်စိကျနေခြင်းဖြစ်မည်ဟု သူယူဆသည်။

"ငါထပ်မစားနိုင်‌တော့ဘူး"

"ဟုတ်ပါပြီလေ"

နတ်မယ် သူ့ဘာသာဆက်စားသည်။

သူသည် အလွန်အစားရွေးသည်။ ထိုဝိညာဉ်သစ်သီးများကို လုံးဝသဘောမကျ။ သို့သော် တစ်ခြားဘာမှလည်း လုပ်စရာမရှိ။ သစ်သီးခြင်းများကလည်း အခန်းအပြည့်ရှိနေသည်။ ထို့ကြောင့် အပျင်းပြေစားနေခြင်းဖြစ်သည်။

တစ်ခြားအကျဉ်းသားများက နတ်မယ်ကို မနာလိုဝန်တိုသည့်မျက်လုံးဖြင့် လှမ်းကြည့်နေကြသည်။

ထိုကောင်လေးသည် အပြစ်သားခန်းမသို့ အားလပ်ရက်လာအပန်းဖြေျမခြင်းလားမသိ..

"မိတ်ဆွေလုယန်၊ ဓားပညာနဲ့ပတ်သက်ပြီး မေးချင်တာလေးတွေရှိတယ်။ ကျုပ်ကို လမ်းညွှန်ပေးနိုင်မလား"

တစ်ဘက်ဘေးခန်းမှ ရွှဲ့ရှီလုန်ကပြောသည်။

နတ်မယ်ခဏစဉ်းစားသည်။ အမျိုးသမီးကျင့်ကြံသူများနှင့် သူကောင်းကောင်းဆက်ဆံတတ်သည်။ သို့သော် ဓားပညာအကြောင်း သိပ်မသိ။

"ရှောင်ယန်၊ ဒီတစ်ယောက်ကတော့ နင့်အလှည့်ပဲ"

လုယန် မျိုးဆက်သစ်နံပတ်တစ်ဟူသည့်နာမည်နှင့် တကယ်လိုက်ဖက်သည်။ နှစ်ပေါင်းကြာမြင့်စွာ အခက်တွေ့နေသည့် ရွှဲ့ရှီလုန်၏ ပြဿနာများကို လမ်းညွှန်ချက်နည်းနည်းသုံးရုံဖြင့် ဖြေရှင်းပေးနိုင်သည်။ ရှေ့ဆက်ရမည့်လမ်းကို ပြသနိုင်သည်။

"အကိုလုယန်၊ ဒီည ဇာတ်လမ်းတစ်ပုဒ်လောက်ပြောပါဦး"

ပိုင်ယဲ့စကားသံက သူတို့နောက်ဘက်မှပေါ်လာသည်။

ရွှဲ့ရှီလုန်ကိုသင်ပြရင်း နေ့မှညသို့ကူးပြောင်းသွားသည်။ ယခု ကိုယ်ပွားခန္ဓာကို ပိုင်ယဲ့က ထိန်းချုပ်နေသည်။

လုယန်နှင့်အတူရှိနေသဖြင့် ပိုင်ယဲ့အပြင်ထွက်စရာမလိုတော့။

"ပြောပါ့မယ်"

...ထူးဆန်းနေသလိုပဲ။ အပြင်မှာတုန်းက ငါအဲလောက်အလုပ်မများဘူး...အပြစ်သားခန်းမရောက်မှ အလုပ်ပိုများလာပါလား...

*************************

အခန်း (၉၅၃)စတင်သူ

အေးစက်ခြောက်ကပ်နေခဲ့သည့် အပြစ်သားခန်းမက အခုရက်ပိုင်း ထူးထူးခြားခြား သက်ဝင်လှုပ်ရှားနေသည်။ ထိုအဖြစ်ကိုကြည့်၍ လန်ထင်စိုးရိမ်ပူပန်ပြီး ဂဏာမငြိမ်ဖြစ်လာသည်။

ဂိုဏ်းတူညီအမများကို သူတားခွင့်မရှိ။ သူတို့အားလုံး ဧည့်သည်လာတွေ့ဖို့ တရားဝင်အခွင့်အရေးရထားသည်။

သို့သော် သူတို့ရည်ရွယ်ချက်က ဧည့်သည်လာတွေ့ရုံသက်သက်မဟုတ်။

တစ်ခုတော့ ကံကောင်းသည်။ ညနေပိုင်းရောက်လျှင် ထိုညီအမများအားလုံး အလိုက်တသိပြန်သွားသည်။ လုယန်အနားယူချိန်ကို မနှောက်ယှက်ကြ။ ထိုအချိန်ကျမှ လန်ထင်အသက်ရှူချောင်သည်။

သို့သော် လုယန်က ညဘက်တွင်လည်း မနားရပါ။

....

"ဆရာ၊ အခု လုယန်အခြေအနေက အဲလိုပါ"

ကျင်းဟုန်က သူ့လက်မှ ရှေးဟောင်းအနက်ရောင်လက်စွပ်ထဲသို့ သိစိတ်အာရုံမှလှမ်းပြောသည်။

သူ့ဆရာ ဘာကိုစိုးရိမ်နေသည်မသိ။ ဝိညာဉ်အာရုံလည်း ဖြန့်မကြည့်။ သူကသာ လနန်းတော်ထဲမှ လုယန်၏လှုပ်ရှားမှုများကို သတင်းပို့ရသည်။

လက်စွပ်ထဲမှ ဝိညာဉ်ပိုင်ရှင် ခဏစဉ်းစားသည်။ ထို့နောက် စကားသံထွက်လာသည်။

"ဒီကလေးက ထူးခြားတဲ့ရုပ်ခန္ဓာမျိုးရှိတယ်။ မိန်းမတွေကို ဆွဲဆောင်နိုင်တဲ့ သဘာဝဓာတ်ခံရှိတယ်။ ရွှေသန္ဓေအဆင့်မှာ ဟာရမ်ရွှေသန္ဓေကို တည်ဆောက်ခဲ့တာဖြစ်နိုင်တယ်။ မင်းသူနဲ့ ဝေးဝေးနေပါ။ သူရုပ်ခန္ဓာရဲ့ လွှမ်းမိုးမှုမခံရစေနဲ့။

ဟာရမ်ရွှေသန္ဓေ တည်ဆောက်တဲ့လူတွေကို မိုးမြေက လက်မခံဘူး။ ဆိုးဝါးတဲ့အဆုံးသတ်မျိုး ကြုံကြတာများတယ်"

"ဟုတ်ကဲ့ပါ"

ကျင်းဟုန် လက်စွပ်ကိုပွတ်ရင်း စိတ်သက်သာရရသွားသည်။

ထိုလက်စွပ်ကို လျှို့ဝှက်မြေတစ်ခုမှ သူရခဲ့သည်။ အရာအားလုံးကို သိနေဟန်ရှိသည့် ရှေးဟောင်းစွမ်းအားမြင့်ဝိညာဉ်တစ်ခုပါလာသည်။ ထိုဝိညာဉ်က သူ့ကျင့်ကြံမှုကို လမ်းညွှန်ပေးသည်။ လက်စွပ်ဝိညာဉ်လမ်းညွှန်မှုကြောင့် သူ့ရုပ်ခန္ဓာစွမ်းအားတိုးတက်ခဲ့သည်။

လက်နက်သွန်းပညာကို ကျွမ်းကျင်လာပြီး ဝိညာဉ်ပြောင်းအဆင့်သို့ ရောက်ခဲ့သည်။ လက်ရှိသူ့ရာထူးကိုရခဲ့သည်။

သူ့စွမ်းရည်များကို လျှို့ဝှက်ထားဖို့ လက်စွပ်ဝိညာဉ်က ညွှန်ကြားသည်။ လနန်းတော်တွင် သူ့စွမ်းအားအစစ်ကို ဘယ်သူမှမသိကြ။

.....

"အကို့ရဲ့အတွေ့အကြုံတွေက တကယ်စိတ်ဝင်စားစရာကောင်းတာပဲ"

လုယန်ပြောသည့်ဇာတ်လမ်းကို အထပ်ထပ်ပြန်စဉ်းစားသည်။ ထိုအဖြစ်အပျက်များကို ကိုယ်တိုင်ကြုံခွင့်မရခဲ့သဖြင့် အတော်ဝမ်းနည်းမိသည်။

"ငါ့ကိုယ်ပိုင်နယ်မြေကနေ ထွက်မသွားနိုင်တာဆိုးတာပဲ။ မဟုတ်ရင် အကိုလုနဲ့အတူ ကျင့်ကြံသူလောကထဲမှာ စွန့်စားလို့ရတယ်"

လုယန်တွေးနေသည်။ ကူးဖြတ်ခြင်းအဆင့်ရှိသည့်ပိုင်ယဲ့ တောင်ပေါ်မှဆင်းလျှင် စွန့်စားသည့်သဘောဖြစ်မည်ဟုတ်။ ကျင့်ကြံသူလောကကို လွှမ်းမိုးသည့်သဘောသာဖြစ်မည်။

အချိန်မသေမျိုးလိုပင် ပိုင်ယဲ့လည်း သိစိတ်ဝိညာဉ်ရကတည်းက ကူးဖြတ်ခြင်းအဆင့်စွမ်းအားမျိုး ပိုင်ဆိုင်သည်။

"အဲ ဟုတ်ပြီ။ တောင်တစ်လုံးယူပြီး ထွက်သွားရင် ရတာပဲ"

လုယန်ပုံပြင်များကို နားထောင်ရင်း ပိုင်ယဲ့၏အတွေးအခေါ်များ အလိုလိုထက်မြက်လာသည်။

မဟာနှင်းတောင်တန်းပေါ်တွင် တောင်စဉ်တောင်တန်း များစွာရှိသည်။ တောင်တစ်လုံးယူသွားသည်က ဘာမှမပြောပလောက်။

"တောင်တစ်လုံးသယ်ပြီး ခရိးထွက်ရင် ထင်သာမြင်သာဖြစ်လွန်းမနေဘူးလား"

လုယန်က ဟာကွက်ကိုထောက်ပြသည်။ သူလည်း ပိုင်ယဲ့ကို အပြင်လောကသို့ အတူခေါ်သွားချင်ပါသည်။ သို့သော် မဖြစ်နိုင်။

သံလွင်ဘိုးဘေး နှင်းတောင်တစ်ခုသယ်သွားမည့်စိတ်ကူးက တွေးကြည့်ရုံဖြင့်ပင် ကြက်သီးထစရာကောင်းသည်။ သူ့ကိုမြင်သည်နှင့် ဘယ်သူမဆို ထွက်ပြေးကြလိမ့်မည်။

ပိုင်ယဲ့ခေါင်းထဲ ထူးခြားသည့်စိတ်ကူးသစ်တစ်ခု ရလာသည်။

"တောင်တန်းကို အကိုတို့တာအိုလမ်းစဉ်ဂိုဏ်းဆီ ယူသွားလို့ရတာပဲမဟုတ်လား"

လုယန်နှင့်အတူ လှည့်ပတ်လျှောက်သွားပြီး စွန့်စားခန်းမဖွင့်နိုင်သော်လည်း နေရာအပြောင်းအလဲလုပ်နိုင်လျှင်ပင် မဆိုးလှ။

လုယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဘယ်လိုပြန်ပြောရမှန်းမသိတော့။

သိစိတ်နယ်မြေတွင် နတ်မယ်က စိတ်ကျေနပ်ဟန်ဖြင့် ခေါင်းငြိမ့်သည်။ လုယန်အတွေးက သူနှင့်တစ်ထပ်တည်းကျသည်။

"ရှောင်ယန်က တောင်တန်းကိုသယ်သွားရင် မြင်သာထင်သာဖြစ်လွန်းတယ်လို့ တမင်စကားခေါ်တယ်။ ဒီတော့ ပိုင်ယဲ့က နှင်းတောင်ကို တာအိုလမ်းစဉ်ဂိုဏ်းထဲကိုရွှေ့ဖို့ အလိုလိုတွေးမိလာတယ်။ လိမ္မာပါးနပ်မှုက ငါ့ထက်မညံ့လှဘူးပဲ"

"နတ်မယ်၊ အဓိပ္ပါယ်မရှိတာတွေ မပြောပါနဲ့။ ပိုင်ယဲ့ကိုယ်တိုင်က လိုလိုလားလားနဲ့ တာအိုလမ်းစဉ်ဂိုဏ်းကိုလိုက်မယ်လို့ ပြောတာပါ"

လုယန် သေချာရှင်းအောင်ပြောသည်။ ပိုင်ယဲ့ကို ဂိုဏ်းသို့မျှားခေါ်သလိုဖြစ်နေလျှင် အမယွမ်နှင့်အကိုတိုင်တို့ သူ့အပေါ်အထင်လွဲသွားနိုင်သည်။

"ဟုတ်တယ်၊ ပိုင်ယဲ့ဆန္ဒပါလို့ပဲ ငါတို့ပြောရမှာပေါ့"

နောက်တစ်နေ့ မနက်စေစာစောတွင် ကျွေးယွဲ့က လုယန်ကို မကျေမနပ်စိုက်ကြည့်နေသည်။

"လုယန်၊ လနန်းတော်တပည့်တွေနဲ့ မင်းရင်းနှီးတာကိစ္စမရှိဘူး။ အခုမင်းက ရှောင်ယဲ့ကိုပါ သွေးဆောင်ဖျားယောင်းချင်တယ်ပေါ့"

သူနှင့်လုယန် ရက်ပိုင်းလောက်သာ ပြောဆိုဆက်ဆံရသေးသည်။ ယခုလုယန်က တောင်တန်းများကို တာအိုလမ်းစဉ်ဂိုဏ်းသို့ရွှေဖို့ တွေးနေသည်။ လုယန်နှင့်သာ ရေရှည်ဆက်ဆံလျှင် ဘာဖြစ်လာမည်မသိ။

"အားရိ၊ ဒါက ငါ့ဆန္ဒပါ။ အကိုလုယန်နဲ့ ဘာမှမဆိုင်ပါဘူး"

ပိုင်ယဲ့က အမြန်ရှင်းပြသည်။

"ပြီးတော့ ငါတာအိုလမ်းစဉ်ဂိုဏ်းကိုသွားရင် နင်လည်းသွားနိုင်မှာပဲမဟုတ်လား"

ပိုင်ယဲ့သည် သံလွင်ဘိုးဘေးနယ်မြေမှ ထွက်၍မရ။ ကျွေးယွဲ့လည်း ထွက်မသွားနိုင်။

ကျွေးယွဲ့ ခဏတုံ့ဆိုင်းသွားသည်။ သို့သော် ဘာမှထပ်မပြော။

သူတည်ထောင်ခဲ့သည့် လနန်းတော်အတွက် နည်းနည်းမတရာသလို ခံစားရသည်။ သို့သော် သူလည်းနေရာပြောင်းပြီး အသစ်အဆန်းများ ခံစားချင်သည်။

"ရှောင်ယန်တကယ်တော်တာပဲ။ ပိုင်ယဲ့ကို သိမ်းသွင်းနိုင်ရင် ပိုင်ရိလည်း ငါတို့တာအိုလမ်းစဉ်ဂိုဏ်းကို လိုက်လာရမယ်ဆိုတာ သူသိနေတယ်"

နတ်မယ်က လုယန်လုပ်ရပ်များကို ချီးကျူးသည်။ လုယန်ကို နောက်ထပ်တိုးပေးစရာ ရာထူးနေရာမရှိ၍သာနေရသည်။ ရှိလျှင် အမြင့်ဆုံးရာထူးထိ သူတိုးပေးလိုက်ချင်သည်။

"ရှောင်ယန်၊ နင်အခု ပဲဝါအင်ပါယာလုပ်ချင်လား"

နတ်မယ် ဘယ်ကဘယ်လို ထိုအတွေးမျိုး ရုတ်တရက်ပေါ်လာသည်ကို လုယန်စဉ်းစားမရ။

"အကိုလုယန်၊ ကျုပ်လည်း ဓားပညာနဲ့ပတ်သက်လို့ မရှင်းတာလေးတွေမေးချင်တယ်"

တစ်ဘက်အကျဉ်းခန်းတံခါးမှ ရွှမ်ယွ်ထန်ဟန်က လှမ်းပြောသည်။

မနေ့က လုယန်လမ်းညွှန်မှုကြောင့် သူ့ညီရွှဲ့ရှီလုန် အတော်လေးအကျိုးထူးခဲ့သည်။ ထို့ကြောင့် သူလည်းမနေနိုင်တော့။

"ရပါတယ်။ ဒါပေမယ့် ရွှဲ့ရှီလုန်ကနေ တစ်ဆင့်မေးလို့ရမလား"

လုယန်က အကြံပြုသည်။ ရွှဲ့ရှီလုန်အကျဉ်းခန်းက သူတို့နှစ်ယောက်ကြားတွင်ရှိနေသည်။ ရွှမ်ယွမ်ထန်ဟန် အတော်လေးအားစိုက်၍ အော်ပြောနေရသည်။

"ညီလေးရွှဲ့၊ မိတ်ဆွေလုကို မေးပေးပါ။ ငန်းရိုင်းသဲပြင်ကျဓားပညာကို ငါလေ့ကျင့်တုန်းက တစ်ခုခုလိုသလို အမြဲခံစားရတယ်။ အဲတာဘာလိုနေတာဖြစ်မလဲ"

ရွှဲ့ရှီလုန်က သူ့အကိုကို ထူးဆန်းသည့်အကြည့်ဖြင့် လှည့်ကြည့်သည်။

"ဒီမေးခွန်းလောက်တော့ ကျုပ်လည်းဖြေနိုင်ပါတယ်"

ရွှမ်ယွမ်ထန်ဟန် သူ့ညီကို သံသယမျက်လုံးဖြင့်ကြည့်သည်။

"မင်းဖြေနိုင်တယ်ပေါ့။ ဒါဆိုဘာလို မင်းအရင်ကတည်းက ဘာလို့မပြောတာလဲ"

"အကိုတမင်တကာ လျှော့ပေါ့ပြီး သရုပ်ပြနေတယ်ထင်လို့ပါ"

"ဘာလျှော့ပေါ့ရမှာလဲကွာ။ အဲဒါ ငါ့ကျင့်စဉ်စွမ်းအားအစစ်ပဲ"

ရွှမ်ယွမ်ထန်ဟန် ဒေါသတကြီးအော်လိုက်သည်။

"တိုးတိုးလုပ်ပါအကို၊ အဲလိုအော်နေတော့ အကို့ဓားပညာ အဆင့်မမီတာ အကျဉ်းထောင်တစ်ခုလုံး သိသွားမှာပေါ့"

"ဘာလျှော့ပေါ့ရမှာလဲကွာ။ အဲဒါ ငါ့ကျင့်စဉ်စွမ်းအားအစစ်ပဲ"

"နှစ်ခါအော်စရာမလိုပါဘူး။ ပထမတစ်ခါပြောကတည်းက ကျုပ်ကောင်းကောင်းကြားပါတယ်"

ရွှဲ့ရှီလုန် စိတ်ပျက်လက်ပျက်ပြောသည်။ ရွှမ်ယွမ်ထန်ဟန်ကို သူ့အကိုရင်းများဖြစ်လေသလားဟု မကြာခဏတွေးမိသည်။

"မရဘူး။ နှစ်ခါအော်ရမယ်။ မဟုတ်ရင် ငါစိတ်မကျေနပ်ဘူး"

ရွှမ်ယွမ်ထန်ဟန်ကပြောသည်။ သူ့အတွေးများကို အမြဲတမ်းရှင်းလင်းအောင်ထားသည်။ ကိုယ့်ကိုယ်ကို လုံးဝမညှာ။

"ကောင်းပြီလေ"

ရွဲ့ရှီလုန်က သူ့မေးခွန်းများကို တစ်ခုချင်းဖြေသည်။ သို့သော် အားလုံးဖြေနိုင်သည်တော့မဟုတ်။ ခက်ခဲသည့်မေးခွန်းမျိုးအတွက် လုယန်ကိုအကူအညီတောင်းရသည်။

"မိတ်ဆွေလုရှေ့မှာနေရတာ ကျုပ်ကိုယ်ကျုပ်ရှက်မိတယ်"

ရွှဲ့ရှီလုန်က နည်းနည်းရှက်နေဟန်ဖြင့်ပြောသည်။

"အဲလိုမဟုတ်ပါဘူး။ ဒီလိုဓားပညာဖလှယ်တာက မင်းနဲ့ရွှမ်ယွမ်ကို ကူညီရုံသက်သက်မဟုတ်ဘူး။ ငါ့အတွက်လည်း အများကြီးအကျိုးရှိပါတယ်"

ရွှဲ့ရှီလုန် စကားပြန်ပြောရန်ပြင်နေစဉ် သူရုတ်တရက် အမူအရာပြောင်းသွားသည်။ မျက်နှာတွင် ချွေးသီးချွေးပေါက်များပေါ်လာပြီး မြေပေါ်လူးလှိမ့်၍ အော်ဟစ်နေသည်။

"ဆူလိုက်တာ"

တစ်ခန်းကျော်တွင်ရှိနေသည့် ကျွေးယွဲ့ကပြောသည်။

ခဏစဉ်းစားပြီးနောက် ဘယ်သူမှမမြင်အောင် အရိယဖလသန္ဓေစွမ်းအားဖြင့် ရွှဲ့ရှီလုန်ကိုချိန်ရွှယ်၍ တစ်ချက်လှုပ်ရှားလိုက်သည်။ ချက်ချင်းအော်သံရပ်သွားသည်။

ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေဆဲဖြစ်သော်လည်း ရွှဲ့ရှီလုန်မျက်နှာက ပျော်ရွှင်ကြည်နူး၍ သက်တောင့်သက်သာခံစားနေရဟန်မျိုးရှိသည်။

ကျွေးယွဲ့၏လှုပ်ရှားမှုကို ဘယ်သူမှမရိပ်မိ။ သို့သော် ထိုလူများထဲတွင် နတ်မယ်တော့မပါ။

"ဝေဒနာကို ပျော်စရာလို့ထင်အောင် လုပ်လိုက်တာပဲ။ သူက ခံစားချက်ခုနစ်မျိုးအရိယဖလသန္ဓေရထားတာလား"

**********************************

အခန်း (၉၅၄) ခံစားချက်အရိယဖလသန္ဓေ

"ခံစားချက်ခုနစ်မျိုး အရိယဖလသန္ဓေလား။ အရိယဖလသန္ဓေစွမ်းအားနဲ့ ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့သဘောလား"

မြေပေါ်တွင် ပိုးလောက်လန်းလိုတွန့်လိမ်နေပြီး မျက်နှာက ထူးထူးဆန်းဆန်းပြုံးရွှင်နေသည့် ရွှဲ့ရှီလုန်ကို လုယန်ကြည့်နေသည်။

ရွှဲ့ရှီလုန်နိုးလာလျှင် ဘယ်လိုဖြစ်မည်မသိ။ သေချင်စိတ်ပေါက်ချင်လည်း ပေါက်သွားနိုင်သည်။

"ဝေဒနာကို သည်းမခံနိုင်ရင် လက်ခံပြီး ပျော်စရာအဖြစ်ခံစားရမယ်ဆိုတာမျိုးလား"

"ရွှဲ့ရှီလုန်က ဒီလိုစိတ်ကျင့်စဉ်မျိုးကို နားလည်ထားတယ်ပေါ့။ တကယ်လေးစားစရာပဲ"

"သူက ငါတို့မျိုးဆက်ရဲ့ တကယ့်စံပြတစ်ယောက်ပါပဲ"

ရွှဲ့ရှီလုန်အဖြစ်ကိုကြည့်၍ အကျဉ်းသားများ လေးစားနေကြသည်။ ထူးခြားသည့် စိတ်ဓာတ်မျိုးရှိပြီး ‌နောင်တစ်ချိန်အောင်မြင်လာမည်လူဟု ယူဆကြသည်။

"ဟုတ်တယ်။ ခံစားချက်ခုနစ်မျိုးအရိယဖလသန္ဓေက လူတစ်ယောက်ကို ပျော်အောင် ဒေါသထွက်အောင် ကြောက်လန့်အောင်..ဒါမျိုးတွေလုပ်နိုင်တယ်။ ရှေးဟောင်းခေတ်က ဒီလိုအရိယဖလမျိုးတည်ဆောက်နိုင်တဲ့လူတွေ အတော်များများရှိတယ်။

သုခုအရှင်ဆိုတဲ့တစ်ယောက်ကို ငါမှတ်မိသေးတယ်။ တစ်ခြားလူတွေရဲ့ စိတ်ခံစားချက်ကို သူ့စိတ်ကြိုက်ထိန်းချုပ်နိုင်တယ်။ တစ်ဘက်လူက အရိုက်ခံရရင်တောင် ဒေါသမထွက်ဘဲ ‌ပျော်နေတာမျိုးပေါ့။ ဥပမာ ဘယ်သူ့ကိုမဆို သူ့ကိုချစ်လာအောင် ထိန်းချုပ်နိုင်တယ်။ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်ပေါ့။

သူ့စိတ်ထဲက အကြောက်တရားကိုလည်း ပယ်ဖျောက်နိုင်တယ်။ ဘယ်လောက်အန္တရာယ်ကြုံကြုံ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်တယ်။ နောက်တစ်မျိုးက သူ့ရန်သူကို ဝမ်းနည်းပြီး တိုက်ခိုက်ချင်စိတ်ပျောက်သွားအောင် လုပ်နိုင်တယ်။ ဒါမှမဟုတ် ဒေါသထွက်ပြီး ဆင်ခြင်ဉာဏ်ကင်းမဲ့အောင်လုပ်နိုင်တယ်။

သူ့စွမ်းအားကို သုံးနိုင်တဲ့အခြေအနေတွေ အများကြီးရှိတယ်"

"နောက်ပိုင်း သူဘာဖြစ်သွားလဲ"

"ကိုးဆမသေမျိုးနဲ့ တိုက်ခိုက်တယ်။ အဲဒီတုန်းက နှစ်ယောက်လုံး မသေမျိုးတစ်ဝက်အဆင့်တွေပေါ့။ စွမ်းအားချင်း သိပ်မကွာဘူး။ အနိုင်အရှုံးပေါ်ဖို့ ခက်ခဲတယ်။

သုခအရှင်က ကိုးဆမသေမျိုးကို ဝမ်းနည်းတဲ့အခြေအနေရောက်အောင် တွန်းပို့တယ်။ အဲဒါကြောင့်ပဲ သူဒုက္ခရောက်သွားတာ။

ဝမ်းနည်းစိတ်ဆိုတာက ဒေါသနဲ့ဆက်စပ်နေတာလေ။ ကိုးဆမသေမျိုးက ဝမ်းနည်းနေရာကနေ ရုတ်တရက်ဒေါသထွက်လာတယ်။ သွေးကြောတွေဖောင်းထပြီး မျက်လုံးတွေနီရဲလာတယ်။

ခံစားချက်ပေါက်ကွဲထွက်တော့ သူ့စွမ်းအားတွေတိုးလာတယ်။ နှစ်ခါလောက်မာန်သွင်းအော်ဟစ်ပြီးတော့ သုခအရှင်ကိုသတ်လိုက်တယ်။

အဲ...ပြီးတော့ ဟာရမ်ရွှေသန္ဓေတည်ဆောက်ခဲ့တဲ့လူကလည်း အဲဒီ့ခံစားချက်တာအိုလမ်းစဉ်ပဲ။ ဟာရမ်ကနေ 'အချစ်'ကို သူနားလည်လာတယ်။ ပြီးတော့ ခံစားချက်ခုနစ်မျိုးကို သဘောပေါက်လာတယ်။

ခံစားချက်ခုနစ်မျိုးအရိယဖလသန္ဓေရတော့ သူ့ကိုစွဲလန်းတဲ့မိန်းကလေးကျင့်ကြံသူတွေ ပိုများလာတယ်။ သူ့အဆုံးသတ်ကတော့ နင်သိထားတဲ့အတိုင်းပဲ။ မိန်းမတွေက သူ့အပေါ်အချစ်လွန်ကဲပြီး တစ်ယောက်တစ်ပိုင်းစီဖဲ့ယူကြတယ်။

အဲဒီတုန်းက ငါအဝေးကကြည့်နေတာ။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မိန်းကလေးတွေအားလုံး ကိုယ်စီကိုင်ထားတယ်။ သူတို့မျက်နှာနဲ့ခန္ဓာကိုယ်မှာ သွေးတွေစွမ်းပြီး အေးစက်စက်သွားဖြဲပြုံးနေကြတယ်။ တကယ်ကြောက်စရာကောင်းတယ်"

လုယန် တုန်လှုပ်သွားသည်။ ထိုမြင်ကွင်းမျိုးသည် တကယ်ခြောက်ခြားစရာကောင်းသည်ည်။ သူထိုသို့မကြုံရသည်မှာ များစွာကံကောင်းသည်။

သစ်သီးခြင်းထဲမှ ဝိညာဉ်သစ်သီးတစ်လုံးယူ၍ သူစားလိုက်သည်။

"အရသာ တော်တော်ကောင်းတာပဲ။ ဂိုဏ်းကိုပြန်ရင် အမယွမ်အတွက် လက်ဆောင်ဝယ်သွားဦးမယ်"

စားနေသည့်သစ်သီးက အဖြူရောင်သစ်သီးဖြစ်သည်။ အမျိုးအမည်တော့မသိ။ အတော်လေးအရသာရှိသည်။

"ဒါကို‌ကောင်းတယ်လို့ခေါ်တယ်ပေါ့။ ငါမသေမျိုးသစ်သီးတစ်လုံး စိုက်နိုင်တဲ့အချိန်ထိစောင့်ပါ။ တကယ့်အရသာအစစ်က ဘယ်လိုလဲဆိုတာ နင့်ကိုလက်တွေ့ပြမယ်"

အတွေးတိမ်သည့်လုယန်ကို နတ်မယ်နှာခေါင်းရှုံ့သည်။

"...ကျုပ်အမှတ်မလွဲရင် ခင်ဗျားရဲ့မသေမျိုးသစ်သီးအာနိသင်က အလောင်းမပုပ်မသိုးအောင် တားနိုင်တာမဟုတ်လား"

နတ်မယ်၏မသေမျိုးသစ်သီးသည် ဖုတ်ကောင်များစားသည့်အရာဖြစ်နိုင်သည်ဟု သူအမြဲတွေးခဲ့သည်။

"အာနိသင်က အာနိသင်၊ အရသာက အရသာပဲ။ ဒီိနှစ်ခုက ဘာမှမဆိုင်ဘူး"

နတ်မယ်ကိုယ်တိုင် စိုက်ပျိုးသည့် မသေမျိုးသစ်သီးသည် အာနိသင်ကို ထည့်မစဉ်းစားလျှင် အရသာက တကယ်ထိပ်တန်းဖြစ်သည်။

"ငါ့နောက်ကိုလိုက်ရတဲ့ အကျိုးကျေးဇူးတွေကိုသာ ခံစားစမ်းပါ။ ရှေးဟောင်းခေတ်တုန်းကဆိုရင် မသေမျိုးတွေနဲ့ ရှောင်လင်းတို့လူနည်းစုပဲ ဒီသစ်သီးကို မြည်းစမ်းခွင့်ရတာ"

လုယန် ပြန်မဖြေ။ အကျိုးကျေးဇူးခံစားရခြင်းလား ဒုက္ခခံနေရခြင်းလား သူမဝေခွဲတတ်။

သူ့လှုပ်ရှားမှုကို သတိထားမိသူမရှိမှန်းသိပြီးနောက် ကျွေးယွဲ့ စိတ်အေးလက်အေး ကျင့်စဉ်ဝင်သည်။

ခံစားချက်ခုနစ်မျိုးအရိယဖလသန္ဓေရဖို့ အဓိကကျသည့်သော့ချက်သည် လောကီလမ်းကိုလျှောက်ပြီး သေမျိုးလောက၏ ခံစားချက်များကို နားလည်အောင်ကြိုးစားရခြင်းဖြစ်သည်။

ဒေါသ၊ သောက၊ အကြောက်တရား၊ စက်ဆုပ်ရွံရှာမှု စသည့်ခံစားမျက်များပြည့်နေသည့် အပြစ်သားခန်းမသည် ကျင့်ကြံဖို့အကောင်းဆုံးနေရာဖြစ်သည်။

ပျော်ရွှင်စရာလည်းရှိပါသည်။

ကျွေးယွဲ့ ညာမျက်လုံးကိုဖွင့်၍ ညာဘက်ခန်းမှလုယန်ကို တစ်ချက်ကြည့်သည်။ ပျော်ရွှင်စရာက ထိုနေရာတွင်ရှိနေသည်။

"အကိုလုယန်၊ အဆင်ပြေရဲ့လား"

ဧည့်သည်တစ်ယောက်လာမှန်း သိလိုက်သဖြင့် မျက်နှာကိုပြုံးထားပြီး လုယန်ခေါင်းလှည့်ကြည့်သည်။

"အဆင်ပြေ...အဲ ညီမထောင်လား"

သရဲတစ်ကောင်မြင်လိုက်ရသလို ထင်မိသည်။ ထောင်ယော်ယဲ့က ဤနေရာသို့ ဘယ်လိုရောက်လာသည်မသိ။

"ဟုတ်ပါတယ်"

ထောင်ယော်ယဲ့က ကြည်လင်စွာပြုံး၍ပြောသည်။ အထုပ်တစ်ထုပ်ကိုင်ထားသည်။

"အကိုလုနဲ့မတွေ့ရတာ သိပ်မကြာသေးဘူး။ အခု အရမ်းသေးသွားပါလား"

ထောင်ယော်ယဲ့က ဆောင့်ကြောင့်ထိုင်၍ သံဘားတိုင်များကြားမှ လုယန်ကို လှမ်းပြောသည်။ သူ့စကားသံတွင် အပျော်ရိပ်လွှမ်းနေသည်။

"လနန်းတာ်ကို မင်းဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"

လုယန် မချိပြုံးပြုံးနေရသည်။ ထောင်ယော်ယဲ့ ဂိုဏ်းသို့ပြန်ရောက်လျှင် သူခန္ဓာကိုယ်ကျုံ့သည့်သတင်း လျှောက်ဖြန့်လိုက်မည်ကို စိုးရိမ်နေသည်။

အပြစ်သားခန်းမမှ လူအားလုံး သူ့အဖြစ်ကို သိကြသည်။ သို့သော် ထိုလူများသည် လောလောဆယ် ထောင်ထဲမှထွက်နိုင်ဦးမည်မဟုတ်။

သို့သော် ထောင်ယော်ယဲ့က ထိုလူများနှင့်မတူ။ သူ့လက်ရှိပုံစံကို မှတ်တမ်းယူသွားပြီး အိပ်မက်ရေပွက်ထဲ ထည့်သုံးချင်သုံးလိမ့်မည်။

"အကိုဒီကိုရောက်နေတယ်ကြားလို့ပါ။ ကျွန်မလည်း ဒီကိုရောက်ဖူးချင်တာနဲ့ အလည်လာခဲ့တာ။ အကိုဒီလိုအဖြစ်မျိး ကြုံနေမယ်ထင်မထားဘူး"

ထောင်ယော်ယဲ့ လုယန်ကို ကြည့်နေသည်။ သေးငယ်သည့်ဦးခေါင်းကို ပွတ်သပ်ချင်စိတ် မနည်းထိန်းထားရသည်။

လုယန်စိုးရိမ်နေသည့်အဖြစ်ကို ရိပ်စားမိသဖြင့် သူစပြောသည်။

"ဒါပေမယ့် စိတ်ချပါအကိုလု၊ အကိုခန္ဓာကိုယ်သေးသွားတဲ့အကြောင်း ဘယ်သူ့ကိုမှမပြောပါဘူး"

"ကျေးဇူးတင်ပါတယ် ညီမထောင်"

လုယန် အသက်ရှူချောင်သွားသည်။ ညီမထောင်သည် တကယ်ယုံကြည်အားထားရသည်။

ကျွေးယွဲ့က သူတို့နှစ်ယောက်၏ ခံစားချက်အပြောင်းအလဲကို လျှို့ဝှက်စောင့်ကြည့်နေသည်။ မှန်သည်။ အတော်လေး ပြဇာတ်ဆန်သည်။

"အကို၊ ဘာလို့ဒီမှာ သစ်သီးခြင်းတွေအများကြီးရှိနေတာလဲ။ အကိုအားလုံးကုန်အောင် စားနိုင်လို့လား"

သစ်သီးခြင်းများကိုကြည့်၍ ထောင်ယော်ယဲ့ တအံ့တဩပြောသည်။

လုယန် မချိပြုံးပြုံးသည်။ သူဘယ်လိုကုန်အောင်စားနိုင်မည်နည်း။

"အကိုမစားနိုင်ရင် ဒါတွေဒီမှာထားလို့ နေရာကြပ်တာပေါ့။ ညီမနည်းနည်းယူသွားမယ်။ ဂိုဏ်းကိုပြန်ရောက်ရင် ညီအကိုမောင်နှမတွေကို လက်ဆောင်ပေးလိုက်မယ်လေ"

"ဒါဆိုရင် ညီမထောင်ကိုပဲ ဒုက္ခပေးရတော့မယ်"

ထေင်ယော်ယဲ့ကပြုံး၍ သစ်သီးခြင်းတစ်ခုပြီးတစ်ခုယူသည်။

"အကို့ကိစ္စက ညီမကိစ္စပါပဲ။ ဒုက္ခလို့ မတွေးပါဘူး"

ထောင်ယော်ယဲ့က ပါလာသည်အထုပ်ကိုဖြေသည်။ အထပ်လေးခုပါသည့် နေ့လည်စာဘူးဖြစ်သည်။

"အကို၊ ကျွန်မ အခုရက်ပိုင်း အချက်အပြုတ်ပညာလေ့ကျင့်နေတာ။ အစားအသောက်နည်းနည်းအပိုလုပ်ထားတယ်။ အကိုကြိုက်မကြိုက်တော့မသိဘူး။ စားကြည့်ပါဦး"

"ညီမထောင်လုပ်ထားတဲ့ အစားအသောက်ဆိုမှတော့ အရသာက ပြိုင်ဘက်ကင်းပဲဖြစ်မှာပေါ့"

လုယန်က ပြုံး၍ပြောသည်။ အနည်းဆုံးတော့ ဝိညာဉ်သစ်သီးများ နေ့တိုင်းစားနေစရာမလိုတော့။

ခဏစကားပြောပြိးနောက် ထောင်ယော်ယဲ့က နှုတ်ဆက်သည်။

"ကျွန်မ လုပ်စရာကိစ္စလေးတွေရှိလို့ သွားတော့မယ်။ မနက်ဖြန်မှ အကို့ဆီ ထပ်လာခဲ့မယ်"

"ဖြေးဖြေးသွားပါ ညီမထောင်"

လုယန် လက်ပြနှုတ်ဆက်သည်။

ထောင်‌ယော်ယဲ့က အင်္ကျီလက်ထဲတွင် မှော်ဖန်လုံးတစ်ခုဝှက်ထားပြီး မှတ်တမ်းယူသွားသည်ကို လုယန်မသိလိုက်။

ထောင်ယော်ယဲ့၏ ဟင်းချက်လက်ရာက အတော်ကောင်းသည်။ ဝိညာဉ်ပြောင်းအဆင့်စားဖိုမှူးများနှင့်ပင် ယှဉ်နိုင်လောက်သည်။ အစားအသောက်များက အဟာရလည်းမျှတသည်။ အမျိုးအမည်စုံလင်သည်။ ကျင့်ကြံမှုအတွက် များစွာအကျိုးရှိသည်။

စားသောက်နေရင်း မေးခွန်းတစ်ခုကို သူစဉ်းစားနေသည်။

"ငါလနန်းတော်ကိုရောက်တာ ရက်အတော်ကြာပြီ။ ညီမထောင်က ဘာလို့အခုမှလာတွေ့တာလဲ။ တာအိုလမ်းစဉ်ဂိုဏ်းကနေ လနန်းတော်ကိုလာဖို့ အဲလောက်အချိန်ကြာပါ့မလား။

ဒါမှမဟုတ် သူငါ့အကြောင်းကို အရိုးရိုင်းဆီကနေတစ်ဆင့် သိခဲ့ရလို့များလား"

......

ထောင်ယော်ယဲ့ အပြစ်သားခန်းမထဲမှ ထွက်လာသည်။ စူးရှသည့်နေရောင်ခြည်ကိုကာဖို့ ညာလက်ကိုမြှောက်လိုက်သည်။ တံခါးဝါတွင် သူ့ကိုစောင့်နေသည့် လူတစ်ယောက်ရှိသည်။

"အကိုလုအခြေအနေကို ပြောပြဖို့ ညီမလန်က ငါ့ဆီအရင်ဆက်သွယ်လာမယ်လို့ ထင်မထားခဲ့ဘူး"

********************************

All Chapters