အခန်း (၉၅၅-၉၅၇)
Vol. 64 Ch. 955-957
အခန်း (၉၅၅)ရန်သူကိုအတူရင်ဆိုင်
လုယန် လနန်းတော်သို့သွားသည့်ကိစ္စ အရိုးရိုင်းက တိုင်ပုဖန်ကိုသာပြောသည်။ တစ်ခြားဘယ်သူ့ကိုမှ အသိမပေးခဲ့။
လန်ထင်ထံမှ အရေးပေါ်သတင်းရပြီးနောက် လနန်းတော်သို့ ထောင်ယော်ယဲ့ ချက်ချင်းသွားသည်။ လုယန်ကို အနီးကပ်မြင်ခွင့်ရလျှင် သွားရသည့်ခရီးက ထိုက်တန်သည်။
လန်ထင် အေးစက်စက်နှာခေါင်းရှုံ့နေသည်။
"ဝန်ထမ်းမလုံလောက်လို့ပါ"
အပြစ်သားခန်းမတွင် လုယန်အကျဉ်းကျနေသဖြင့် လနန်းတော်တပည့်များလည်း သူ့ဆီ အဆက်မပြတ်လာလည်ကြသည်။ လန်ထင် အားလုံးကို တစ်ယောက်တည်းမထိန်းနိုင်သဖြင့် ထောင်ယော်ယဲ့ကို အကူအညီတောင်းသည်။
"ညီမလန်လည်း ဒီလောက်သေးသွားမယ်မထင်မိဘူး"
လူကြီးအသွင်ရှိနေသည့် ထောင်ယော်ယဲ့စိတ်ထဲ ဝါစဉ်ကြီးသူတစ်ယောက်လို ခံစားနေရသည်။ လန်ထင်လို ကလေးတစ်ယောက်နှင့် သူပြိုင်မငြင်း။
လန်ထင်က တည်ငြိမ်စွာ ပြန်ပြောသည်။
"သေးသွားလို့ဖြစ်လာတဲ့ ကောင်းကွက်တွေလည်းရှိပါတယ်။ ဥပမာ အကိုလုနဲ့ ငယ်ရည်းစားတွေအဖြစ် အတူကြီးပြင်းလာတာမျိုးလေ။ အပြစ်ကင်းတဲ့ ခြစ်ခြင်းမေတ္တာတို့ဘာတို့ပေါ့။ ဒီလိုအတွေ့အကြုံတွေကို ညီမထောင်နားလည်နိုင်မယ်မထင်ပါဘူး"
နှစ်ယောက်သား ထိုးနှက်ရမည့်အကွက်စဉ်းစားရင်း တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေသည်။
လန်ထင်က နဖူးကြောရှုံ့နေဆဲ။
"အဆိုးမြင်တာရယ်တော့မဟုတ်ဘူး။ အကိုလုအပေါ် မရိုးမသားစိတ်ဖြစ်နေတဲ့ လနန်းတော်တပည့်တွေ ဘယ်လောက်များမှန်းကိုမသိဘူး။ မနေ့က ဧည့်တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာကြတဲ့လူတွေ အတော်များတယ်။
အကိုလုယန် အပြင်ထွက်လာတဲ့အချိန်ကျရင်လည်း ဒီရင်းနှီးမှုကိုအကြောင်းပြပြီး သူ့ဆီလာလည်ကြဦးမှာပဲ"
"တကယ်ဒုက္ခများတာပဲ"
လုယန်ကို အပြိုင်ဆွဲဆောင်မည့် လန်ထင်လိုပြိုင်ဘက်တစ်ယောက် ရှိနေပြီးဖြစ်သည်။ လနန်းတော်မှ မိန်းကလေးများ လုယန်နှင့်ရင်းနှီး၍ ပြိုင်ဘက်အသစ်များဖြစ်လာလျှင် ယှဉ်ပြိုင်ဖို့ပိုခက်ခဲလာမည်။
"အခုအရေးကြီးဆုံးက အပြစ်သားခန်းမရောက်နေတဲ့ အကိုလုဆီ ဧည့်သည်လာမလည်နိုင်အောင် တားဖို့ပဲ"
"အကိုလု ကျင့်စဉ်ဝင်နေလို့ မနှောက်ယှက်ပါနဲ့လို ပြောလိုက်ရင်ရော"
ထောင်ယော်ယဲ့က အကြံပြုသည်။
"အလုပ်မဖြစ်နိုင်ဘူး။ အကိုလုထွက်လာရင် တစ်ခွန်းမေးလိုက်ရုံနဲ့ အလိမ်ပေါ်မှာပဲ။ ပြီးတော့ တစ်ခြားလူတွေဝင်လို့မရဘူးဆိုရင် ငါတို့လည်း ဝင်လို့ရမှာမဟုတ်ဘူး"
လုယန်နှင့် အပြစ်သားခန်းမလို သီးခြားနေရာတွင် တွေ့ဆုံနိုင်ဖို့အခွင့်အရေးက အတော်ရှားပါးသည်။ လုယန်ဆီ သွားလည်လျှင် ရင်းနှီးမှုတိုးလာနိုင်သည်။ သီးသန့်စကားများ ပြောနိုင်သည်။ ပြောဆိုရယ်မောနိုင်သည်။ ဘယ်သူမှ အလွယ်တကူလက်မလျှော့နိုင်သည့် အခွင့်အရေးဖြစ်သည်။
အားလုံးအဆင်ပြေမည့် အဖြေတစ်ခုကို သူတို့စဉ်းစားရမည်။
"အမလန်ထင်၊ ဒီမှာဘာရပ်လုပ်နေတာလဲ။ ဒါကဘယ်သူလဲ..."
စကားသံတစ်ခုကြောင့် သူတို့အတွေးပြတ်သွားသည်။
လန်ထင် လှည့်ကြည့်သည်။ ဆေးကျိုဆောင်မှ ဟဲမြောင်ဖြစ်သည်။
"ညီမဟဲမြောင်လည်း အကိုလုဆီ လာလည်တာလား။ ငါမိတ်ဆက်ပေးမယ်။ ဒါက တာအိုလမ်းစဉ်ဂိုဏ်းက ထောင်ယော်ယဲ့တဲ့။ အိပ်မက်ရေပွက်ကို တီထွင်ခဲ့တဲ့လူပေါ့"
ထောင်ယော်ယဲ့ လက်ကာပြပြီးတားသည်။
"အိပ်မက်ရေပွက်ကို ငါတစ်ယောက်တည်းတီထွင်ခဲ့တာမဟုတ်ပါဘူး။ အကိုလုယန်က ငါ့ကို အများကြီးကူညီခဲ့တယ်။ 'အိပ်မက်ရေပွက်'ဆိုတဲ့နာမည်တောင် သူပေးခဲ့တာပါ"
"တွေ့ရတာ ဝမ်းသာပါတယ် အမထောင်ယော်"
နာမည်ကျော်ထောင်ယော်ယဲ့ကို တွေ့ခွင့်ရသဖြင့် ဟဲမြောင်အံ့ဩတမ်းသာဖြစ်နေသည်။ အကိုလုယန်နှင့်လည်း အတော်ရင်းနှီးပုံရသည်။
"ကျွန်မက အကိုလုယန် အပြစ်သားခန်းမကို ရောက်နေတယ်ကြားလို့ လာလည်ရုံပါပဲ။ ဘာရယ်မဟုတ်ပါဘူး"
ထောင်ယော်ယဲ့ သက်ပြင်းချသည်။
"ငါအခုပဲ အကိုလုဆီက ပြန်လာတာ။ သူ့အခန်းမှာ သစ်သီးခြင်းတွေအပြည့်ပဲ။ သူခြေချဖို့နေရတောင်မရှိဘူး။ ဒီလောက်များတဲ့ ဝိညာဉ်သစ်သီးတွေကို သူတစ်ယောက်တည်း ဘယ်လိုကုန်အောင်စားနိုင်မှာလဲ...မဟုတ်ဘူးလား။
ပြီးတော့ အကိုလုဆီကို လနန်းတော်ဂိုဏ်းညီအမတွေ တစ်နေကုန်လာလည်နေကြတာ။ သူအရမ်းပင်ပန်းနေတယ်။ သူ့ဘေးမှာအကျဉ်းကျနေတဲ့လူတစ်ယောက်ကလည်း ကျန်းမာရေးသိပ်ကောင်းပုံမရဘူး။ ကြမ်းပြင်ပေါ်မှာ တွန့်လိမ်ပြီး အရူးလိုရယ်နေတယ်။
မနေ့ညက အကိုလု သိပ်အနားယူခဲ့ရပုံမပေါ်ဘူး။ ဒီမနက်ငါသူနဲ့သွားတွေ့တော့ လန်းလန်းဆန်းဆန်းသိပ်မရှိဘူး"
ဟဲမြောင်ထွက်သွားပြီးနောက် နောက်ထပ် လနန်းတော်တပည့်များ ထပ်ရောက်လာသည်။ အန်ချွေ့ဟွား၊ ရှထန်၊ ဟွမ်ရှန်၊ ပုလျန်ရှင်း..
ဘယ်သူမှ အပြစ်သားခန်းမထဲ ဝင်သည်ကိုမတွေ့ရ။ ထောင်ယော်ယဲ့နှင့်လန်ထန်ကလည်း တံခါးဝတွင် စိတ်အားထက်သန်စွာ စကားပြောနေကြသည်။ သူတို့နှစ်ယောက်ကြားမှဖြတ်ပြီး အထဲဝင်ရမည်ကိုလည်း အားတုံ့အားနာဖြစ်နေကြသည်။
"သူကဘယ်သူလဲ"
"ထောင်ယော်ယဲ့တဲ့။ အိပ်မက်ရေပွက် တီထွင်တဲ့သူလေ။ အကိုလုနဲ့ ဂိုဏ်းချင်းအတူတူပဲ။ သူလည်း အကိုလုဆီလာလည်တာ"
"ထောင်ယော်ယဲ့ဆိုတာသူလား"
အိပ်မက်ရေပွက်ဖန်တီးရှင်ဆိုသည့်စကားသည် ဝိညာဉ်ကျောက်များ အိတ်ထဲသို့ဒလဟောဝင်နေသည့်သဘောကို ဆိုလိုသည်။ သူ့ချမ်းသာကြွယ်ဝမှုကို သက်တူရွယ်တူများ မယှဉ်နိုင်။ စုစည်းခြင်းအဆင့်များပင် ယှဉ်နိုင်သူရှားလိမ့်မည်။
ထောင်ယော်ယဲ့၏ နောက်ခံကိုသိထားကြသည်။ လုယန်နှင့် ဘာလိုလိုဖြစ်ကြောင်း သတင်းကြားကြသည်။ ထို့ကြောင့် လနန်းတော်တပည့်များ ထောင်ယော်ယဲ့နှင့်ယှဉ်လျှင် စိတ်အားငယ်သလိုခံစားြရသည်။
"အကိုလုက အပြစ်သားခန်းမမှာ သိပ်အဆင်မပြေဘူးထင်တယ်။ လောလောဆယ် အကိုလုဆီ သွားမလည်ကြဖို့ နန်းတော်သခင်လော်ကိုသွားပြောရင် ကောင်းမလားစဉ်းစားနေတာ။ အဲဒါ အားလုံးအတွက် အဆင်ပြေလိမ့်မယ်"
"ဒါတော့လက်မခံဘူး"
လန်ထင်က ချက်ချင်းငြင်းသည်။ လနန်းတော်တပည့်များလည်း သူ့လေသံအတိုင်း သံယောင်လိုက်ကြသည်။
လုယန်ဆီ သွားမလည်ဖို့ နန်းတော်သခင်အမိန့်ထုတ်လျှင် သူတို့လည်း သွားခွင့်ရတော့မည်မဟုတ်။
ထောင်ယော်ယဲ့က လန်ထင်ကို စိတ်ဝင်စားဟန်ဖြင့်ကြည့်သည်။
"ညီမလန်က ငါ့ကိုဘာလို့တားနေတာလဲ။ လနန်းတော်တစ်ခုလုံးမှာ နင်တစ်ယောက်ပဲ အကိုလုနဲ့ အရင်းနှီးဆုံးဖြစ်နေလို့လား။ ဒါမှမဟုတ် သူနဲ့အတူ ဂိုဏ်းတာဝန်ထမ်းဆောင်ထမ်းဆောင်ခဲ့လို့လား။ အသက်အန္တရာယ်ကို ထည့်မစဉ်းတွက်ပဲ သူနဲ့အတူ နှလုံးမဲ့ဂိုဏ်းအကြီးအကဲကို တိုက်ခိုက်ခဲ့တာကြောင့်လား"
လန်ထင် သက်ပြင်းချသည်။
"ငါ့မှာ ဘာမှထွေထွေထူးထူးပြောစရာမရှိပါဘူး။ အကိုလုက ငါဖိတ်ခေါ်လာတဲ့ဧည့်သည်မို့ပါ။ တစ်ခုခုအမှားအယွင်းဖြစ်ရင် ငါ့တာဝန်ဖြစ်လာမယ်လေ။ မနေ့က နန်းတော်ညီအမတွေ အကိုလုဆီလာလည်တယ်။ အကိုလု ကောင်းကောင်းမနားရဘူး။ ဒါပေမယ့် ငါမတားခဲ့ဘူး။
အဲဒါက လနန်းတော်ဘက်က မှားတာပါ။ ဒီအမှားကို အချိန်မီပြင်ဆင်ချင်လို့ပါ။ အကိုလုဆီလာလည်တဲ့လူတွေ များလွန်းတယ်လို့ ညီမထောင်ထင်ရင် ဒီနေ့ကစပြီး အရေအတွက်လျော့အောင် လုပ်ကြတာပေါ့။ ငါပြောတဲ့အကြံကို စဉ်းစားကြည့်ပါ ညီမထောင်"
ထောင်ယော်ယဲ့ လန်ထင်ကို စိုက်ကြည့်နေသည်။ စိတ်ရင်းနှင့်ပြောနေခြင်းဟုတ်မဟုတ် သူဝေခွဲမရ။ နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချ၍ ပြောသည်။
"ကောင်းပြီလေ။ ဒီတစ်ခါတော့ နင့်ကိုငါယုံလိုက်မယ်"
နန်းတော်သခင်လော်ဆီ ထောင်ယော်ယဲ့ သွားမတွေ့တော့သဖြင့် လန်ထင်နှင့် တစ်ခြားလနန်းတော်တပည့်များ စိတ်သက်သာရာရသွားကြသည်။
လန်ထင်က ကျောက်တုံးကြီးတစ်ခုပေါ်တွင် မတ်တပ်ရပ်၍ လူစုသည်။
"နန်းတော်ညီအမတို့။ ခုနက ညီမထောင်ယော်နဲ့ ညှိနှိုင်းခဲ့တာကို မင်းတို့လည်းကြားမှာပါ"
လန်ထင်၏အဆင့်အတန်းကို အားလုံးအသိအမှတ်ပြုကြသည်။ လုယန်ကို သူဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ လုယန်နှင့်အတူ သေရေးရှင်ရေးအခြေအနေများ ဖြတ်ကျော်ခဲ့သည်။
ထောင်ယော်ယဲ့ကိုလည်း နန်းတော်သခင်နှင့်သွားမတွေ့ဖို့ တားဆီးခဲ့သည်။ သူတို့ကိုယ်စား ထောင်ယော်ယဲ့နှင့် ညှိနှိုင်းနိုင်ခဲ့ခြင်းဖြစ်သည်။
"အကိုလုက ငါတို့လနန်းတော် ဧည့်ဝတ်ကျေတာကို သိပြီးပါပြီ။ ဒါပေမယ့် သူ့ဆီကို ဆက်တိုက်လာလည်နေရင် သူ့အတွက် တကယ်အဆင်မပြေဘူး။ ငါပဲ ပင်တိုင်တာဝန်ယူပါ့မယ်။
အကိုလုလည်း ကောင်းကောင်းနားလို့ရအောင် အကောင်းဆုံးနည်းလမ်းကတော...အစားအသောက်တွေ မင်းတို့ပြင်ပေးပါ။ အားလုံးရဲ့ကိုယ်စား အကိုလုဆီ ငါသွားပို့ပေးမယ်။
အကိုလုလည်း အားလုံးရဲ့စေတနာကို နားလည်သွားအောင် ဘယ်သူချက်ပေးတဲ့ အစားအသောက်လဲဆိုတာ သူ့ကိုပြောပြမယ်"
လူအုပ်ကြားတွင် တီးတိုးစကားသံများထွက်လာသည်။ သူတို့ချက်ပြုတ်ပေးသည့်အစားအသောက်ကို အကိုလုစားပြီး စိတ်ထဲစွဲထင်သွားသည်ဆိုလျှင် သူတို့လက်ခံနိုင်သည်။
ထောင်ယော်ယဲ့ မျက်မှောင်ကျုံ့သွားပြီး ရှေ့ထွက်လာသည်။
"အကိုလုက သိပ်များများမစားနိုင်ဘူး။ အစားအသောက်များလွန်းရင် အလဟဿဖြစ်ကုန်မယ်။ တစ်နေ့သုံးနပ်ဆိုရင် လုံလောက်တယ်"
"ဒါဆို ချက်ပြုတ်မယ့်လူကို ဘယ်လိုရွေးမှာလဲ။ မဲနှိုက်မှာလား"
လန်ထင်က ချက်ချင်းပြန်ဖြေသည်။
"ငါတို့အကိုလုဆီသွားတာက သူကောင်းကောင်းနားပြီး ကောင်းကောင်းစားရသလားဆိုတာ စစ်ဆေးဖို့ပါ"
"အဲလိုဆို ဟင်းချက်စွမ်းရည်ပေါ်မူတည်ပြီး ရွေးချယ်ကြတာပေါ့။ လက်ရာအကောင်းဆုံး ချက်ပြုတ်နိုင်တဲ့လူ အကိုလုဆီ အစားအသောက်သွားပို့ခွင့်ရမယ်"
ထောင်ယော်ယဲ့၏ ရည်ရွယ်ချက်ကို လန်ထင်နားလည်သည်။ ဟင်းချက်ပြိုင်ပွဲလုပ်လျှင် လုယန်ဆီသွားတွေခွင့်အတွက် သူနှင့်လာယှဉ်ပြိုင်သူများကို တားဆီးနိုင်မည်။
လုယန်စွဲမက်စေမည့် အကောင်းဆုံးဟင်လျာချက်ပြုတ်ဖို့သာ ယှဉ်ပြိုင်ကြလိမ့်မည်။
***********************************
အခန်း (၉၅၆) ထိန်းမနိုင်သိမ်းမရ
ဤရက်ပိုင်းအတွင်း သိသိသာသာအားလပ်ချိန်ပိုရလာသည်ကို လုယန်သတိထားမိသည်။ ထောင်ယော်ယဲ့နှင့်လန်ထင်သာ အစားအသောက်လာပို့သည်။ တစ်ခြားလူများ လုံးဝလာမလည်ကြ။
ပုံမှန်အကျဉ်းသားဘဝသည် ထိုသို့ဖြစ်သင့်သည်။ လာလည်သူအဆက်မပြတ်ရှိနေသည်က ပုံမှန်မဟုတ်။
ပုံမှန်ဟုတ်ဟုတ်မဟုတ်ဟုတ် သူနှင့်သိပ််မဆိုင်လှသော်လည်း အကျဉ်းခန်းထဲဲတွင်ရှိနေသူက နတ်မယ်ဖြစ်သည်။
ကျွေးယုက နေ့ခင်းပိုင်းတွင် လုယန်ကို တိတ်တဆိတ်အကဲခတ်နေသည်။ အချိန်အများစုကို လုယန် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသည်ဟု သူမြင်သည်။ သူတစ်ခါမှမမြင်ဖူးသည့် သန့်စင်သည့်ပျော်ရွှင်မှုမျိုးဖြစ်သည်။
သူ့အရိယဖလသန္ဓေစွမ်းအားဖြင့် ပျော်ရွှင်မှုဖန်တီးလျှင်ပင် ထိုမျှဖြူစင်သည့် အပျော်စိတ်မျိုး ရမည်မဟုတ်။
"ဒါဟာ ဒဏ္ဍာရီထဲမှာကြားဖူးတဲ့ အပြစ်ကင်းတဲ့ကလေးစိတ်ဆိုတာများလား"
ဖြူစင်သည့် ကလေးတစ်ယောက်၏စိတ်ဓာတ်မျိုးကို ကျင့်ကြံသူတိုင်းလိုချင်ကြသည်. သို့သော် ကျွေးယွဲ့သိသလောက် ထိုစိတ်ဓာတ်မျိုး ဘယ်သူမှမရဖူးသေး။
"အတော်ထူးဆန်းတဲ့ ကောင်လေးပဲ"
"အဲ..ငါ့ကျင့်စဉ်စွမ်းအားတွေ ပြန်ရလာပြီလား"
ကျင့်စဉ်အဆင့် တဖြေးဖြေးတက်လာသည်ကို လုယန်ခံားမိသည်။ ချီသန့်စင်အဆင့်မှ အခြေတည်အဆင့်....နောက်ဆုံး ဝိညာဉ်ပြောင်းအခြေခံအဆင့်သို့ ရောက်လာသည်။
"ငါ့ခန္ဓာကိုယ်လည်း မကြာခင်ပုံမှန်ပြန်ဖြစ်တော့မယ်ထင်တယ်"
နတ်မယ်က ပြောသည်။ လုယန် တဖြေးဖြေးအရွယ်အစားကြီးလာသည်ကို သူနည်းနည်းတော့ဘဝင်မကျ။
မှန်သည်။ နေ့တစ်ပိုင်းကုန်လွန်ပြီးနောက် မီးခိုးဖြူများ လုယန်ခန္ဓာကိုယ်မှထွက်လာပြီး မြင်ကွင်းတစ်ခုလုံးဝေဝါးသွားသည်။ ထိုအချိန်ကို လက်လွတ်မခံဘဲ ကျောက်စိမ်းတံဆိပ်ထဲမှ သင့်တော်သည့်အဝတ်အစားတစ်ချို့ကို လုယန်အမြန်ထုတ်ဝတ်သည်။ နောက်ဆုံးတွင် မူလခန္ဓာကိုယ် ပြန်ရလာသည်။
"ဟူး...ပုံမှန်ခန္ဓာကိုယ်နဲ့ သွားလာလှုပ်ရှားရတာက အများကြီးပိုအဆင်ပြေတာပဲ"
တစ်ခြားကိစ္စများမပြောသေး။ အနည်းဆုံးတော့ ဝိညာဉ်သစ်သီးတစ်လုံးကို လက်တစ်ဘက်တည်း ကိုင်ထားနိုင်ပြီဖြစ်သည်။ ကလေးအသွင်ပြောင်းနေသည့်အချိန်က လက်နှစ်ဘက်ဖြင့် ကိုင်ရသည်။
"ငါပုံမှန််ဖြစ်သွားပြီဆိုတော့ လနန်းတော်ညီအမတွေအားလုံးလည်း ပုံမှန်ပြန်ဖြစ်ကြလောက်ပြီ။ ရွှဲ့ရှီလုန်၊ ငါအရင်သွားနှင့်တော့မယ်"
လုယန်က ရွှဲ့ရှီလုန်ကို လက်နှစ်ဘက်ဆုပ်၍ နှုတ်ဆက်သည်။
ငါးရက်ကုန်လွန်သွားသည်။ အပြစ်သားခန်းမထဲမှ သူထွက်ခွင့်ရပြီဖြစ်သည်။
လုယန် မြင်ကွင်းမှပျောက်သွားသည်အထိ ကျွေးယွဲ့စိုက်ကြည့်နေသည်။ တစ်ခုခု သဘောပေါက်သွားဟန်ရှိသည်။
ခံစားချက်ခုနစ်မျီုးအရိယဖလသန္ဓေပြည့်စုံဖို့ အရေးကြီးဆုံးအချက်က လူ့လောက၏ ခံစားချက်မျိုးစုံကို တွေ့ကြုံခံစားကြည့်ဖို့ဖြစ်သည်။ ဤရက်ပိုင်း လုယန်ကို စောင့်ကြည့်ခဲ့သည်။ ပျော်ရွှင်မှုခံစားချက်အကြောင်း သူအတော်နားလည်လာသည်။
အရိယဖလသန္ဓေကို သူလျှို့ဝှက်ဆင့်ခေါ်သည်။ ခုနစ်ထပ်အဆောက်အဦးသဏ္ဌာန်ရှိသည်။ သန္ဓေက တဖြေးဖြေးစတင်ခိုင်မာလာလာသည်။
"သန့်စင်တဲ့ပျော်ရွှင်မှု...ထူးဆန်းတယ်။ ပျော်ရွှင်တဲ့ခံစားချက်အပြင် ဒီကောင်လေးလုယန်က သူ့ကိုယ်သူလည်းသဘောကျနေသလိုပဲ..."
ကျွေးယွဲ့ မျက်မှောင်ကျုံ့သွားသည်။ လုယန်အခြေအနေကို သူနားမလည်။
"အတ္တဆန်တဲ့အချစ်မျိုးလား...ဒါလည်း မဟုတ်လောက်ဘူး။...သန့်စင်တဲ့ပျော်ရွှင်မှု...ကိုယ့်ကိုယ်ကို သဘောကျတယ်..."
လုယန်ကိုစောင့်ကြည့်ခဲ့သည့် မှတ်ဉာဏ်များကို ပြန်သုံးသပ်သည်။ တွေးလေလေ နားမလည်နိုင်လေဖြစ်လာသည်။
ခံစားချက်အရိယဖလသန္ဓေက သူလက်ဝါးပေါ်တွင် အဆက်မပြတ်တုန်ခါလာသည်။ ကွဲထွက်တော့မလိုဖြစ်နေသည်။
သူမျက်နှာအကြီးအကျယ်ပျက်သွားသည်။
"အခြေအနေမကောင်းတော့ဘူး..."
.........
"အကြီးအကဲမိုရန်၊ ကျုပ်သွားတော့မယ်"
လုယန်က တံခါးစောင့်မိုရန်ကိုနှုတ်ဆက်၍ အပြစ်သားခန်းမထဲမှ တရားဝင်ထွက်သွားသည်။
အမှန်တော့ မိုရန် ထိုကောင်လေးကို ထွက်မသွားစေချင်။ ထိုကောင်လေးရှိနေလျှင် အပြစ်သားခန်းမက သက်ဝင်စည်ကားနေသည်။ သူစာရေးဖို့အတွက် စိတ်ကူးစိတ်သန်း များစွာရသည်။
"အခုမှပဲ ထွက်နိုင်တော့တယ်"
လုယန် လည်ပင်းအကြောအချဉ်ဆန့်ရင်း အပြစ်သားခန်းမထဲမှ ထွက်သည်။ မှော်စက်ဝန်းဖိနှိပ်မှုမရှိတော့သဖြင့် သူ့ကျင့်စဉ်စွမ်းအားကို လွတ်လပ်စွာအသုံးချနိုင်လာသည်။
"ညီမထောင်ကို အရင်သွားတွေ့ရမယ်"
ပထမဧည့်သည်ဆောင်တွင် သူနေသည်။ ထို့ကြောင့် ညီမထောင်သည် သူနှင့်ကပ်လျက် ဧည့်သည်ဆောင်တွင် ရှိလိမ့်မည်။
အပြစ်သားခန်းမနှင့် ဧည့်သည်ဆောင်က အတော်ဝေးသည်။ လနန်းတော်ထဲတွင် ပျံသန်းမှုကို တားမြစ်ထားသည်။ ထို့ကြောင့် လမ်းလျှောက်၍သာ ပြန်ရသည်။
"ရှောင်ယန်၊ ခဏနေရင် နင်ဒုက္ခနည်းနည်းရောက်လိမ့်မယ်"
နတ်မယ်က ရုတ်တရက် သတိပေးလာသည်။
"ဒုက္ခနည်းနည်း...ဟုတ်လား"
လုယန် နားမလည်။ ဤနေရာသည် လသံလွင်နန်းတော်ဖြစ်သည်။ ဘာဒုက္ခရောက်စရာရှိမည်နည်း။
"အကိုလုယန်၊ ထွက်လာပြီလား"
ရင်းနှီးနေသည့်စကားသံကို ကြားလိုက်ရသည်။ ခေါင်းလှည့်ကြည့်သည်။ သူ့ဆီလာလည်ဖူးသည့် ဟဲမြောင်ဖြစ်သည်။
"ညီမဟဲမြောင်ပါလား၊ ကျုပ်အတွက် စိတ်ပူပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းလည်း ပုံမှန်ပြန်ဖြစ်သွားပြီပဲ။ ဒီကိစ္စအတွက် ဂုဏ်ပြုပွဲလုပ်-"
လုယန်စကားမဆုံးမီ ဟဲမြောင်က သူ့ရင်ခွင်ထဲသို့ ပြေးဝင်လာသည်။ ရွှန်းလဲ့သည့် မျက်လုံးအစုံဖြင့် သူ့ကိုမော့ကြည့်သည်။
"ညီမဟဲမြောင်၊ ဘာအန္တရာယ်ကြုံလာလို့လဲ"
ဟဲမြောင်လုပ်ရပ်ကြောင့် လုယန်အံ့အားသင့်နေသည်။
"အကို၊ ကျွန်မ အကို့ကိုသဘောကျတယ်"
"ဟာ.."
ပို၍အံ့အားသင့်သွားသည်။
"အကို၊ ကျွန်မတို့နှစ်ယောက် တောင်ပေါ်ကဆင်းပြီး မိုးမြေအဆုံးထိ လျှောက်သွားကြမယ်။ လောကကြီးရဲ့ ထူးခြားဆန်းကြယ်မှုတွေကို ခံစားကြမယ်လေ"
"နေပါဦး နေပါဦး ညီမဟဲ။ ခဏလေး စိတ်အေးအေးထားပါဦး"
လုယန်က ဟဲမြောင်ပုခုံးကို ဆွဲထူသည်။ တစ်ခုခုမူမမှန်ကြောင်း ရိပ်စားမိသည်။
"အဲလောက်ကြီး စိတ်မလှုပ်ရှားပါနဲ့။ အေးအေးဆေးဆေးထိုင်ပြီး ပြောကြတာပေါ့..."
"အကိုမှာ တစ်ခြားသဘောကျတဲ့လူရှိနေပြီလား။...မရဘူး၊ အကိုကျွန်မကိုပဲ ကြိုက်ရမယ်"
ဟဲမြောင်နောက်ဘက်မှ ကျောက်စိမ်းပန်းအိုးတစ်ခု လွင့်ပျံလာသည်။ ပန်းအိုးအဝမှ နူးညံ့သည့်အလင်းတန်းတစ်ခု ထွက်လာသည်။
လုယန် ဆံပင်မွှေးများ ထောင်သွားသည်။ လန်ထင်ပြောဖူးသည်။ ထိုအလင်းတန်းမျိုးသည် နူးညံ့သည်ထင်ရသော်လည်း ချုပ်နှောင်သည့် စွမ်းအင်တစ်မျိုးပါဝင်သည်။ လုံးဝအထိခံ၍မရ။
လုယန် ခြေတစ်လှမ်းအမြန်ဆုတ်ပြီး ခန္ဓာကိုယ်ကို လှည့်ရှောင်သည်။ ပန်းအိုးထိခါနီးမှ သီသီလေးကပ်လွတ်သွားသည်။ ထို့နောက် ခြေနှင့်တင်ပါး တစ်သားတည်းကျေအောင် ထွက်ပြေးသည်။
"အကို ပြေးမလွတ်ပါဘူး"
ဟဲမြောင်ခြေထောက်အောက်တွင် သစ်ရွက်တစ်ခုပေါ်လာသည်။ လှေငယ်အရွယ်အစားထိ ပြန့်ကားလာသည်။ နှင်းသားပြင်ပေါ်တွင် လျှောစီးနိုင်သည်။
လွတ်သည်မလွတ်သည် နောက်ထား။ အရင်ဆုံး ထွက်ပြေးရမည်။
ဟဲမြောင်၏ ကျင့်စဉ်အဆင့်က လုယန်လောက်မမြင့်။ မှော်သစ်ရွက်သုံးသည့်တိုင် လုယန်ကို အမီမလိုက်နိုင်ခဲ့။
လုယန် စိတ်သက်သာရာရသွားသည်။
ထိုစဉ် လူတစ်ယောက် သူ့ရှေ့တွင် ပေါ်လာသည်။ လုယန်ပြေးလာသည်ကိုကြည့်၍ ထိုလူအံ့ဩနေသည်။
"ညီမအန်းချွေ့ရှား၊ ညီမဟဲမြောင်ကို သွားစစ်ဆေးကြည့်ပါဦး။ သူတစ်ခုခုမူမမှန်ဘူး..."
"ညီမဟဲကိုမေ့လိုက်ပါတော့။ အကိုက ကျွန်မအပိုင်ပဲ"
အန်းချွေ့ရှားက ရွှေစက္ကူတစ်ရွက်ကို ဆင့်ခေါ်သည်။ နေရောင်အလင်းတွင် တောက်ပနေသည်။ စက္ကူထဲမှ စာလုံးများ ပျံထွက်လာသည်။ ကြိုးများအဖြစ်အသွင်ပြောင်း၍ လုယန်ဆီ ဆန့်ထွက်လာသည်။
ထိုကြိုးများကို လုယန်မထိရဲ။ လွတ်အောင်အမြန်ရှောင်တိမ်းပြီး နောက်တစ်ကြိမ် ထွက်ပြေးရသည်။
"ဘာလို့ပြေးတာလဲ၊ ရပ်ပါ"
အန်းချွေ့ရှားက ညုတုတုလေသံဖြင့်လှမ်းခေါ်ပြီး ရွှေစက္ကူပေါ်ခုန်တက်၍ လုယန်နောက်သို့ လေထဲမှလိုက်လာသည်။
အန်းချွေ့ရှားက ရှေ့တွင်ရှိသည်။ ဟဲမြောင်က နောက်တွင်ရှိည်။ ထို့ကြောင့် ဘယ်ဘက်သို့ လှည့်ပြေးသည်။
သိပ်မကြာမီ ရှထန်က သူ့ကိုလမ်းပိတ်သည်။ ချင်ဖုန်၊ မိန်ကျင်း, လော်လော်..စသည့် နန်းတော်တည့်များ ထပ်ရောက်လာသည်။ အားလုံးက စွမ်းအားကိုယ်စီထုတ်၍ လုယန်ကိုအမိဖမ်းရန် ကြိုးစားကြသည်။
"ဘာတွေဖြစ်ကုန်တာလဲ"
နတ်မယ်ပြောခဲ့သည့် 'ဒုက္ခနည်းနည်'ဆိုသည့်စကားကို ပြန်သတိရလာသည်။
ဤဒုက္ခက နည်းနည်းမဟုတ်။
"ဟိုကောင်မလေးပိုင်ရိက သူ့ကျင့်စဉ်ပညာကို မကျွမ်းကျင်သေးဘူး။ ခံစားချက်ခုနစ်မျိုး အရိယဖလသန္ဓေကက အထိန်းအချုပ်လွတ်သွားပြီ။ သူ့အာနိသင်သက်ရောက်လို့ လနန်းတော်က ကျင့်ကြံသူတွေအားလုံး နင့်ကိုကြိုက်လာကြတာဖြစ်မယ်။
အရိယဖလသန္ဓေစွမ်းအားက ငါ့ကိုတောင်ထိန်းချုပ်ဖို့ကြိုးစားသေးတယ်။ ဒါပေမယ့် ငါ့ကျင့်စဉ်အဆင့်က မြင့်တယ်လေ။ အရိယဖလသန္ဓေလောက်က ငါ့ကို ဒုက္ခမပေးရဲဘူး။ ဒါပေမယ့် ဒီကျင့်ကြံသူတွေကတော့ ခံနိုင်ရည်ဘယ်ရှိမလဲ"
"ကျွေ့ယွဲ့ဘိုးဘေးကို သွားရှာပြီး အရိယဖလသန္ဓေစွမ်းအားကို ပြန်ရုတ်သိမ်းခိုင်းကြမလား"
"အရိယဖလသန္ဓေတစ်ခု အထိန်းအချုပ်လွတ်ရင် ပိုင်ရိလိုကောင်မလေးမျိုး မထိန်းချုပ်နိုင်ဘူး။ ဒါပေမယ့် သိပ်တော့ ပြဿနာမရှိပါဘူး။ ညရောက်လို့ ပိုင်ယဲ့ပေါ်လာရင် အရိယဖလသန္ဓေစွမ်းအားက အလိုလိုပျောက်သွားမှာပါ။
သူ့ကိုတစ်ပိုင်းစီဖဲ့ယူဖို့ ဆုံးဖြတ်ထားဟန်ရှိသည့် နန်းတော်တပည့်မများကိုလှည့်ကြည့်ရင်း လုယန်အတော်စိတ်ပျက်သွားသည်။
"ဒါပေမယ့် အခုမှ မနက်ပိုင်းပဲရှိသေးတာလေ"
.....
"အခြေအနေမကောင်းဘူး။ ခံစားချက်အရိယဖသန္ဓေ အထိန်းအချုပ်လွတ်သွားပြီ။ လူတိုင်းက ဟိုကောင်လေးလုယန်ကို ပိုင်ဆိုင်လိုစိတ်တွေ ပြင်းထန်လာကြတော့မယ်"
ကျွေးယွဲ့ ချွေးသီးချွေးပေါက်ကျနေသည်။ သူ့အရိယဖလသန္ဓေကို ပြန်ထိန်းချုပ်နိုင်ဖို့ အတင်းကြိုးစားနေသည်။ သို့သော် ဘာမှမထူးခြားသေး။
*******************************
အခန်း (၉၅၇) တော်ဝင်တိုက်ပွဲ
"မစွန်စားရတဲ့ ကျင့်စဉ်လမ်းရယ်လို့ ဘယ်တော့မှမရှိဘူး။ ကျင့်စဉ်လမ်းပေါ်ရောက်တာနဲ့ တိုက်ပွဲတွေ၊ ကောင်းကင်ဆင်းရဲတွေ ကျရှုံးမှုတွေ ကြုံရမယ်။ မသေမျိုးတစ်ဝက်ဖြစ်ရင်တောင် ဒီအတိုင်းပဲ။
မသေမျိုးကောင်းကင်ဆင်းရဲဖြတ်တဲ့အချိန် ကျရှုံးနိုင်တယ်။ ဒါမှမဟုတ် အရိယဖလသန္ဓေက ထိန်းချုပ်မှုလွတ်သွားနိုင်တယ်"
နတ်မယ်က သဘာဝဖြစ်စဉ်တစ်ခုအကြောင်း အလေးအနက်ရှင်းပြနေသည်။
"ပိုင်ရိက သူနားမလည်နိုင်တဲ့ ခံစားချက်တစ်မျိုးကို နားလည်အောင်ကြိုးစားခဲ့တာဖြစ်မယ်။ ဒါကြောင့် ခံစားချက်အရိယဖလသန္ဓေက အထိန်းအချုပ်လွတ်သွားတာ။ အရိုင်းနယ်မြေမှာတုန်းက နင့်အဖြစ်ကို ပြန်တွေးကြည့်ပါ။
အချစ်ရေးကံမကောင်းဘူးလို့ နင်ညည်းနေခဲ့တာလေ။ အခုကြည့်လိုက်၊ နင့်အချစ်ကံဇာတာ ဘယ်လောက်ကောင်းလဲ။ နင့်ကိုကြိုက်နေတဲ့လူတွေ အများကြီးပဲ။ စကားမစပ်ပြောရရင် ဟာရမ်ရွှေသန္ဓေတည်ဆောက်ခဲ့တဲ့ကောင်လည်း သူမသေခင်က ဒီလိုအခြေအနေမျိုး ရင်ဆိုင်ခဲ့ရတယ်။
နင်ကိုယ်နင် ရှေးဟောင်းမသေမျိုးတစ်ဝက်တစ်ယောက်ရဲ့ ကိုယ်ပွားလို့ တွေးကြည့်လို့ရပါတယ်"
"ဒါပေမယ့် ကျုပ်က ဟာရမ်ရွှေသန္ဓေ တည်ဆောက်ခဲ့တာမှမဟုတ်တာ"
လုယန် စိတ်ပျက်လက်ပျက်ပြောသည်။
"အကိုလုယန်၊ ရပ်လိုက်ပါ"
"အကို့ကို ကျွန်မအရမ်းသဘောကျတယ်"
"ကျွန်မတို့နှစ်ယောက် ကျေးလက်တောရွာမှာ အနားယူပြီး တစ်သက်လုံးအတူနေသွားကြမယ်လေ"
လုယန် ခြေတစ်လှမ်းမှမရပ်ရဲ။ ခြေလှမ်းနည်းနည်းနှေးသွားလျှင် နန်းတော်ညီအမများ သူ့ကိုတွန်းလှဲကြမည်။ အဆုံးဝါးဆုံးကံကြမ္မာနှင့်ကြုံရမည်။
နောက်ဘက်မှ မိန်းကလေးများဆီ သူလှမ်းပြောသည်။ အချင်းချင်းသွေးထိုးပေးရန် ကြိုးစားသည်။
"ညီအမအားလုံးရဲ့ ခံစားချက်တွေကို ကျုပ်တန်ဖိုးထားပါတယ်။ ဒါပေမယ့် ကျုပ်ကတစ်ယောက်တည်းလေ။ ခင်ဗျားတို့က လူအများကြီး။ ကျုပ်ကိုဖမ်းမိရင်တောင် ဘယ်သူရသင့်တယ်ဆိုတာ ဘယ်လိုဆုံးဖြတ်မှာလဲ"
"အဲလိုဆို အကို့ကို ကျွန်မတို့ ခွဲယူရုံပေါ့"
လုယန် ကြက်သီးထသွားသည်။ ထိုနည်းလမ်းကို သူကောင်းကောင်းရင်းနှီးနေသည်။
"အဲ..ဟုတ်ပြီ၊ နာမည်ပြောင်းပြီး ငါ့ကံကြမ္မာကို ပြောင်းလဲလို့ရတာပဲ"
သူ့ဝှက်ဖဲကို ပြန်သတိရလာသည်။ ကံကြမ္မာပြောင်းပြန်လှန်စွမ်းအားပညာ။
ဝိညာဉ်အာရုံကို နောက်ဘက်သို့ဖြန့်လိုက်သည်။ လနန်းတော်ညီအမများက လုံးဝအရှိန်လျော့မသွား။
"လုယင်၊ ကျွန်မတို့ တစ်သက်လုံးအတူနေရအောင်။
"အကိုသေသေရှင်ရှင် အကိုက ကျွန်မအတွက်ပဲ"
"နတ်မယ်၊ ကံကြမ္မာစွမ်းအားက ဘာလို့အလုပ်မဖြစ်တာလဲ"
လုယန် အမြန်မေးသည်။
"ဘယ်အလုပ်ဖြစ်မလဲ။ နင့်ကိုနင်နာမည်ပေးတယ်ဆိုတာက ချန်ကောင်းကင်ဆင်းရဲလို အဆင့်နိမ့်ကောင်းကင်လျှပ်စီးတွေကိုပဲ အရူးလုပ်လို့ရမှာပေ့ါ။
အခုနင့်ကို ထိန်းချုပ်ထားတာက အရိယဖလသန္ဓေလေ။ ချန်ကောင်းကင်လျှပ်စီးထက် အများကြီးပိုအဆင့်မြင့်တယ်။ သူ့ကိုအရူးလုပ်လို့မရဘူး။
ကူးဖြတ်ခြင်းအဆင့်ထိ နင်ကျင့်ကြံနိုင်ရင်တော့ ဒီနာမည်ပြောင်းနည်းလမ်းနဲ့ ခံစားချက်အရိယဖလသန္ဓေကို အရူးလုပ်လို့ ရကောင်းရမှာပါ"
"ကျုပ်သာ ကူးဖြတ်ခြင်းအဆင့်ရောက်နေရင် သူများလိုက်ဖမ်းတာ ခံနေစရာလိုလို့လား။ ကျုပ်ကပဲ လိုက်ဖမ်းမှာပေါ့"
...မဟုတ်သေးဘူး။ ငါကဘာလို့ သူတို့ကိုလိုက်ဖမ်းရမှာလဲ...
နာမည်ပြောင်းပညာ အလုပ်မဖြစ်သဖြင့် မူလနာမည်ကိုသာ ပြန်ပြောင်းရသည်။
အရေးကြီးသည့်အချိန်ဖြစ်၍ ပျံသန်းမှုတားမြစ်ထားသည့် လနန်းတော်စည်းမျဉ်းကို သူဂရုမစိုက်နိုင်တော့။ ဓားဆေးကန်ပေါ်ခုန်တက်ပြီး ပျံသန်းသည်။
ဤအခြေအနေသည် နန်းတော်က ပျံသန်းခွင့်ပြုထားသည့် 'ထူးခြားသည့်အခြေအနေ'နှင့် အကျုံးဝင်လောက်သည်။
ဓားကျင့်ကြံသူဖြစ်၍ ဓားဆေးကန်ပေါ်ရောက်သည်နှင့် သူ့အမြန်နှုန်းက တစ်ရှိန်ထိုးမြင့်တက်လာသည်။ လိုက်ဖမ်းနေသည့်လူစုကို ချက်ချင်းနောက်ချန်ထားနိုင်ခဲ့သည်။ ကျယ်ပြန့်သည့် နှင်းပြင်ထဲတွင် မှုန်ဝါးဝါးအရိပ်တစ်ခုအဖြစ်သာ ကျန်ခဲ့သည်။
ရုတ်တရက် ဘေးဘယ်ညာနှစ်ဘက်မှ တိုက်ခိုက်မှုများဝင်လာသည်။ သူ့ကို ချုပ်နှောင်ရန်ကြိုးစားသည့် တိုက်ကွက်များဖြစ်သည်။ ကိုယ်ပိုင်သိစိတ်ဝိညာဉ်ရှိသည့် ဓားဆေးကန်က ချက်ချင်းအထက်သို့ရှောင်ထွက်သည်။ နှစ်ဘက်ညှပ်တိုက်သည့်စက်ကွင်းမှ ပွတ်ကာသီကာလွတ်သွားသည်။
သူ့ကိုအမိဖမ်းချင်သည့် နောက်ထပ်လနန်းတော်တပည့်နှစ်ယောက် ထပ်တိုးလာသည်။
"အခြေအနေမဟန်ဘူး။ ဒီအတိုင်းဆို နောက်ဆုံးကျရင် ငါအဖမ်းခံရမှာပဲ"
လုယန် နားလည်လာသည်။ ပျံသန်းနှုန်းမြန်ဆန်သော်လည်း ထိုမျှများပြားသည့် လိုက်ဖမ်းနေသူများ၊ ညှပ်ပူးညှပ်ပိတ်ဖမ်းနေသူများလက်မှ လွတ်အောင်ပြေးနိုင်မည်မဟုတ်။ အချိန်မရွေး အလစ်တိုက်ခိုက်ခံရနိုင်သည်။ သူ့စွမ်းအင်များ တဖြေးဖြေးလျော့သွားမည်။ တစ်ချက်မှားသည်နှင့် အဖမ်းခံရမည်။
ဓားဆေးကန်ကို အရှိန်ထပ်မြှင့်ဖို့ အမိန့်ပေးလိုက်သည်။ နောက်မှလိုက်ဖမ်းသူများကို ယာယီမျက်ခြေဖြတ်သည်။ ထို့နောက် အောက်သို့ခုန်ဆင်းပြီး မြေကြီးထဲသို့အောင်းသည်။
"သစ်ပင်စိုက်မှော်စွမ်းအား"
လုယန်နှစ်ယောက် မြေကြီးထဲမှထွက်လာသည်။ တစ်ယောက်က အစစ်။ တစ်ယောက်က သစ်ရွက်ဝတ်စုံဝတ်ထားသည့်ကိုယ်ပွား။
မူလဝိညာဉ်ပျံထွက်လာပြီး ကိုယ်ပွားထဲသို့ဝင်သွားသည်။ ထို့ကြောင့် ကိုယ်ပွားခန္ဓာကို သိစိတ်အာရုံခွဲ၍ ထိန်းချုပ်နေစရာမလိုတော့။
သစ်သားကိုယ်ပွားကို ဆင်တူဝတ်စုံတစ်ခု ပြောင်းပေးသည်။ ထို့နောက် ဓားဆေးကန်ထဲထည့်ပေးလိုက်သည်။ ဓားဆေးကန်က အဝေးသို့ ချက်ချင်းပျံထွက်သွားသည်။
"ဟိုမှာ အကိုလုယန်ပဲ"
"လိုက်ကြဟေ့"
လုယန် မြေအောက်တွင်ပုန်းနေသည်။ မူလဝိညာဉ် ရှက်ကိုးရှက်ကန်းဟန်ဖြင့် ထွက်ပြေးသည်ကိုကြည့်၍ သူတကယ်ကျေးဇူးတင်သွားသည်။
"မင်းအဖမ်းခံရလို့မဖြစ်ဘူး"
ဘယ်သူမှ သူ့နောက်သို့ လိုက်မလာတော့သဖြင့် လုယန်စိတ်ဖိအားများစွာ လျော့ကျသွားသည်။
အပြေးရပ်လိုက်သည့််တိုင် သူနှလုံးခုန်သံက မြန်နေဆဲဖြစ်သည်။ လိပ်ပြာလွင့်မတတ် သူထိတ်လန့်ခဲ့ရသည်။
"အပြစ်သားခန်းမကိုသွားရင်ကောင်းမလား...မသွားတော့ပါဘူးလေ။ ကျွေးယွဲ့ဘိုးဘေးကို အားကိုးလို့မဖြစ်ဘူး။ နန်းတော်သခင်လော်ကို အကူအညီသွားတောင်းရမယ်...
စုစည်းခြင်းအဆင့်တွေကိုတော့ ခံစားချက်အရိယဖလစွမ်းအားက မသက်ရောက်လောက်ဘူးထင်တာပဲ။ ခုနကငါ့နောက်ကို လိုက်လာတဲ့လူတွေထဲမှာ စုစည်းခြင်းအဆင့် တစ်ယောက်မှမပါဘူး"
စုစည်းခြင်းအဆင့်များအပေါ် ထိုစွမ်းအားမသက်ရောက်ဟု သူအခိုင်အမာကောက်ချက်မချရဲ။ ထောင်ချောက်ထဲ တိုးဝင်မိလျှင် သူသာလူဟားစရာဖြစ်မည်။
"ဧည့်ခန်းဆောင်ကို ပြန်ရောက်လာပြီထင်တယ်"
လုယန် မြေကြီးထဲမှ ခေါင်းပြူထွက်၍ မော့ကြည့်လိုက်သည်။ မြေအောက်မှပြေးလွှားရင်း သူနေသည့်ဧည့်ခန်းဆောင်ဆီ တကယ်ရောက်လာသည်။
"အရင်ဆုံး အခန်းထဲဝင်ပြီး အနားယူမှဖြစ်မယ်"
မြေကြိးထဲမှ ထွက်လိုက်သည်။ ဝိညာဉ်အာရုံမဖြန့်ရဲ။ လနန်းတော်တပည့်များ သတိထားမိသွားမည်ကို စိုးရိမ်သည်။
နားကိုသေချာစွင့်၍ နံရံများဆီ သူလျှောက်သွားသည်။ ဦးခေါင်းထက်မှ တံစက်မြိတ်များကြောင့် သူအကာအကွယ်ပိုရလာသည်။
အိမ်တံခါးဖွင့်ရန်ပြင်နေစဉ် သစ်သားတံခါးက ရုတ်တရက်ပွင့်သွားပြီး အေးစက်ဖြူဖွေးသည့်လက်တစ်ဘက်က သူ့ကိုအခန်းထဲသို့ ဖျတ်ခနဲဆွဲလိုက်သည်။ သူအတော်ထိတ်လန့်သွားသည်။
ကျောက်စိမ်းလက်ပိုင်ရှင်ကို မြင်လိုက်ရမှ သူစိတ်သက်သာရာရသွားသည်။ ကြောက်စိတ်မပြေသေးသည့်ရင်ဘတ်ကို လက်ဖြင့်ဖိထားသည်။
"ငါသေမတတ်ကိုလန့်သွားတာပဲ ညီမလန်"
"အကိုအဆင်ပြေရဲ့လား။ ခုနက လူတွေအများကြီး အကို့ကိုလိုက်ဖမ်းနေတာ မြင်လိုက်တယ်"
လန်ထင်က စိုးရိမ်တကြီးမေးသည်။
"အဆင်ပြေပါတယ်။ လှည့်ကွက်တစ်ခုသုံးပြီး သူတို့ကိုပ,ထုတ်လိုက်တယ်"
"အဆင်ပြေလို့ တော်သေးတာပေါ့"
လန်ထင်ကပြောသည်။ သူ့နှုတ်ခမ်းထောင့်တွင် မပွင့်တပွင့်အပြုံးရိပ်တစ်ခု ပေါ်လာသည်။ အခန်းတံခါးကို အသာပြန်ပိတ်သည်။
ကိုယ်နေသည့်နေရာ ပြန်ရောက်လာသဖြင့် လုယန်စိတ်အေးသွားသည်။ လန်ထင်ကိုကျောပေး၍ ပုံမှန်အတိုင်း သူပြောသည်။
"ကျွေးယွဲ့ဘိုးဘေးရဲ့ အရိယဖလသန္ဓေလွတ်သွားလို့ လနန်းတော်ကလူတွေအားလုံး ငါ့ကိုကြိုက်-..."
လုယန် မူမမှန်သည့်အချက်ကို ရုတ်တရက် တွေးမိလာသည်။ လန်ထင်လည်း 'လနန်းတော်မှလူအားလုံး'ထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်မဟုတ်လော။
ထို့ပြင် လန်ထင်ဘာကြောင့် သူ့အခန်းထဲ ရောက်နေသနည်း...
"ဝှစ်"
လန်ထင်၏ အပြာင်ရောင်ဖဲကြိုးနှစ်ချောင်းလွင့်ပျံလာပြီး လုယန်ကို ချက်ချင်းရစ်ပတ်သွားသည်။
"ညီမလန်၊ မင်း..."
လုယန် နည်းနည်းမျက်နှာပျက်သွားသည်။ သူတကယ်ပေါ့ဆခဲ့ခြင်းဖြစ်သည်။
လန်ထင်က ဖြူဖွေးသေးသွယ်သည့်လက်ကို ဆန့်ထုတ်၍ လုယန်၏ ရင်ဘတ်ကို အဝတ်ပေါ်မှပွတ်သည်။ ထို့နောက် လုယန်ကို ကုတင်ပေါ်သို့ အသာအယာတွန်းလှဲသည်။
ထို့နောက် လုယန်အပေါ် ကိုယ်ချင်းဖိကပ်၍ နူးညံ့ချိုသာသည့်လေသံဖြင့် တိုးတိုးကပ်ပြောသည်။
"အကို၊ အကို့က ကျွန်မအပိုင်ပဲ"
အခန်းတံခါး ဝုန်းခနဲပွင့်သွားသည်။ စက္ကူထီးနီကိုင်ထားသည့် ထောင်ယော်ယဲ့ တံခါးဝတွင်ပေါ်လာသည်။ ဒေါသထွက်နေသည်။
"ညီမလန်၊ နင်က ထွက်ပြေးရဲတယ်ပေါ့"
"ထွက်ပြေးတော့ ဘာဖြစ်လဲ။ ဦးသူအရင်ယူကြေးပဲလေ"
ထောင်ယော်ယဲ့က ထီးကိုဓားအဖြစ်သုံး၍ လန်ထင်ကိုထိုးလိုက်သည်။ လန်ထင်က ဘယ်ကထုတ်လိုက်မှန်းမသိသည့် ပုဆိန်တစ်လက်ဖြင့် ရင်ဘတ်ရှေ့တွင် ကန့်လန်ခံ၍ စက္ကူထီးကို ကာကွယ်သည်။
ပုဆိန်က သူ့လက်ထဲတွင် ချောမွေ့စွာလှုပ်ရှားနေသည်။ ကောင်းကောင်းလေ့ကျင့်ထားမှန်း သိသာသည်။
မိန်းမနှစ်ယောက် တိုက်ခိုက်နေချိန်ကို အခွင့်ကောင်းယူ၍ လုယန် ကုတင်ပေါ်မှ ခုန်ဆင်းသည်။ ဖဲကြိုးများတုပ်နှောင်ခံထားရသဖြင့် ဖုတ်ကောင်လို ခုန်ဆွခုန်ဆွသွားရသည်။
"အကိုဘယ်ပြေးမလို့လဲ"
လန်ထင်က လုယန်ကိုဆွဲယူသည်။ လက်တစ်ဘက်ဖြင့်ထိန်းချုပ်ထားပြီး ကျန်လက်တစ်ဘက်ဖြင့် ထောင်ယော်ယဲ့ကို တိုက်ခိုက်သည်။
ထောင်ယော်ယဲ့က ထီးနီကိုဖွင့်ပြီး ပုံရိပ်နယ်မြေတစ်ခု ဖန််တိးသည်။ လန်ထင်မျက်လုံးများ ငေးကြောင်၍ ပုံရိပ်ယောင်စက်ကွင်းမိသွားသည်။
"အကိုလုယန်က ငါ့အပိုင်ပဲ"
ထောင်ယော်ယဲ့က အခွင့်အရေးလက်လွတ်မခံဘဲ လုယန်ကို ဆွဲယူသည်။
"စဉ်းတောင်မစဉ်းစားနဲ့"
လန်ထင်က ယာယီဖန်တီးထားသည့် ပုံရိပ်ယောင်ကို အလွယ်တကူချိုးဖျက်ပြီး ဖဲကြိုးများသုံး၍ လုယန်ကို ပြန်ဆွဲယူသည်။
မိန်းမနှစ်ယောက်ကြားတွင် လုယန် သက်မဲ့ပစ္စည်းတစ်ခုလို ဟိုလူးဒီလိမ့်ဖြစ်နေသည်။
မိန်းမနှစ်ယောက်က လက်ရည်ညီသည်။ လုယန်ကို ထိန်းထားသူက အရေးနိမ့်မည်မှန်း နားလည်လာသည်။ ထို့ကြောင့် စိတ်မပါ့တပါဖြင့် လုယန်ကို ခဏဘေးဖယ်ထားလိုက်သည်။
"လုယန်က ဘယ်သူမှမထိနဲ့"
တတိယလူတစ်ယောက် တံခါးဝတွင်ပေါ်လာသည်။ သူလည်း ဝင်တိုက်ခိုက်သည်။
"အမကျင်းဟုန်"