အခန်း (၅၈၉-၅၉၁)
Vol. 40 Ch. 589-591
အပိုင်း ၅၈၉ - ရုပ်ပိုင်းဆိုင်ရာ သိုင်းပညာ၏ ဒီဗိုင်းဆန်းကြယ်စွမ်းအား၊ အတွေးတစ်ချက်ဖြင့် ပြန်လည်မွေးဖွားခြင်း(၂)
"မင်းတို့နှစ်ယောက်... သူများကိုလျှောက်ပြီး ဒေါသမဆွနဲ့လေ.."
လီရွှမ်မှာ ပြောစရာ စကားမဲ့နေ၏။ ရှီအာနှင့် မုန့်ရှူရှူတို့သည် အမှန်တကယ်ကို တစ်ခုခုပင်။ လူကို ဒေါသထွက်ကာ ပေါက်ကွဲလုမတတ် ဖြစ်စေနိုင်၏။
တိုက်ခိုက်ရန် ဟန်ပြင်နေသည့် လိင်ထုံးသည် ဦးခေါင်းထဲ၌ တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ ဒီဗိုင်းဝိဉာဉ်မှာ တုန်ခါနေပြီး လီရွှမ်၏ ချောင်းဟန့်သံသည် စိတ်အစဉ်၌ မိုးကြိုးပစ်ချသည့်နှယ် ကျယ်လောင်လှသည်။
သူ၏ မျက်လုံးများထဲ၌ ထိတ်လန့်မှုနှင့် အကြောက်တရားတို့ ပြည့်နက်လာခဲ့၏။ မည်သည့်စကားကိုမှ မဆိုဘဲ အလျှင်အမြန် ထွက်ခွာခဲ့သည်။
"အရမ်း စွမ်းအားကြီးလွန်းတယ်..."
"ဒီလောက် ကြောက်စရာကောင်းတဲ့လူ..."
လိင်ထုံး၏ နှလုံးသားထဲတွင် ထိတ်လန့်မှုတို့ဖြင့် ပြည့်နက်နေ၏။ ချန်ချင်းစံအိမ်သည် အလွန် အကြောက်အလန့် ကင်းမဲ့တာ အံ့သြစရာမရှိပေ။ သူတို့တွင် ယခုကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထား၏။ ဤသည်မှာ သူတို့၏ ယုံကြည်ချက်အရင်းအမြစ် ဖြစ်ပေလိမ့်မည်။
"ဝူထန်းနန်ထက်တောင် စွမ်းအားကြီးတာလား... ဘယ်လို ဖြစ်နိုင်မှာလဲ.."
သူသည် မဲမှောင်နေသောမျက်နှာနှင့် လိင်ယွင်တောင်စံအိမ်ဆီသို့ အမြန်ပြန်ခဲ့၏။ ဒီကိစ္စကို စံအိမ်သခင်အား တင်ပြရပေမည်။ လင်းနယ်မြေတွင် ယခုကဲ့သို့သော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး တည်ရှိနေ၏။
ချန်ချင်းစံအိမ်၏ ဂုဏ်သတင်းသည် တဖြည်းဖြည်းနှင့် ပျံ့နှံလာခဲ့ပြီး ဒန်ဆေးနတ်သမီး စုလင်းရှုံ၏အမည်မှာလည်း လင်းနယ်မြေတလျှောက် ကျော်ကြားလာခဲ့သည်။
လူပေါင်းများစွာတို့သည် သူမကို လေးစားကာ ဒေသအသီးသီးမှ လာရောက် လည်ပတ်သူများရှိပြီး သတင်းအချက်အလက်များကို ပိုမိုမြန်ဆန်စွာ ရောက်ရှိလာစေသည်။
ဥပမာအားဖြင့် ရွှီယန်၏ သချွမ်သို့ သွားရောက်သည့်အကြောင်း ဖြစ်၏။ ရွှီယန်သည် သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်များကို သတ်ဖြတ်ခဲ့ပြီး မုန့်ချုံမှာတော့ အံ့ဖွယ်သုံးပါးမျှော်စင်ကို ခြောက်မီတာရွှေခန္ဓာအားအသုံးပြုကာ ပြိုလဲစေခဲ့သည်... အစရှိသဖြင့် ဖြစ်၏။ ယခုအချိန်၌ စုလင်းရှုံလည်းပဲ မူလဒီဗိုင်း အဆင့်သို့ ချိုးဖျက်ရန် ပြင်ဆင်နေ၏။
'နောက်ထပ် နည်းနည်းလောက်ဆိုရင်... ငါ စာမျက်နှာ၉က ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမတွေကို နားလည်မှုရလာတော့မယ်..'
လီရွှမ်သည် အလွန် စိတ်လှုပ်ရှားနေ၏။ စာမျက်နှာ၉တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအနှစ်ချုပ်ပါရှိ၏။ ၎င်းကို ရေးဆွဲနိုင်သည်နှင့် ဆိုလိုသည်မှာ သူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို နှံ့စပ်စွာ နားလည်ပြီဟု ဖြစ်၏။
မိုးပျံသင်္ဘော ပြုလုပ်ခြင်းသည် အဆုံးသတ်တော့မည်ဖြစ်၏။ ဖန်းဟောင်သည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေပြီး ဆရာဖြစ်သူ၏ သင်္ဘောအား ပြီးဆုံးပါက သူ၏ ကိုယ်ပိုင်သင်္ဘောကို ပြုလုပ်ရန် မျှော်လင့်နေမိသည်။
ကိုယ်ပိုင် မိုးပျံသင်္ဘော တစ်ခုကိုသာ အောင်မြင်စွာပြုလုပ်ပြီးပါက မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ဌာနချုပ်သို့ သွားရောက်ပြီး သူ၏စွမ်းအားကို ပြသမည်ဖြစ်သည်။ ထိုကိစ္စသည် အချိန်အတော်ကြာအောင် နှောင့်နှေးနေပြီးဖြစ်၏။
'နောက်ဆုံးတော့... အားလုံးကို ရေးဆွဲပြီးပြီ..'
လီရွှမ်သည် ထိုက်ချန်းစာအုပ်ကို ချလိုက်၏။ သူသည် စာမျက်နှာ၉ရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို လုံးဝ ရေးဆွဲနိုင်ခဲ့ပြီ ဖြစ်သည်။
သူ၏မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး ဝိဉာဉ်အခြေ၏အထက်၌ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကွန်ရက်တစ်ခု ပေါ်လာခဲ့၏။ သူ၏ မူလစိတ်ဝိဉာဉ်သည် ထိုနိယာမကွန်ရက်ကို စူးစမ်းရင်းက ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို ဆက်လက် နားလည်မှုရလာသည်။
ထိုအချိန်၌ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအပေါ် သူ၏အာရုံခံနိုင်မှုမှာ ပိုမိုရှင်းလင်းလာခဲ့၏။ ၎င်းတို့သည် သူရေးဆွဲထားသည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများနှင့် တစ်ခုပြီးတစ်ခု ကိုက်ညီနေကြသည်။
အတိုင်းအတာတစ်ခု အထိပင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို သူ၏ ကိုယ်ပိုင်အသုံးပြုမှုအတွက် ထိန်းချုပ်နိုင်၏။
သို့ပေမယ့် သူ၏ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ခွန်အားနှင့် နိယာမတို့ကို နားလည်မှု ရလျှင်တောင် ထိန်းချုပ်နိုင်သည့် ပမာဏမှာ အလွန် သေးငယ်နေသေးသည်။
'ငါသာ ဒီဗိုင်းအသွင်အဆင့်ကို ဝင်ရောက်ပြီးရင် ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမတွေအပေါ် ပြီးပြည့်စုံစွာ ထိန်းချုပ်မှု ရလာလောက်တယ်..'
လီရွှမ်သည် မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။ ဒီဗိုင်းအသွင်အဆင့်သို့သာ ဝင်ရောက်ပြီးပါက သူသည် လက်တစ်ချက် မြှောက်လိုက်တိုင်းတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမတို့ကို လက်နက်အဖြစ် အသုံးပြုနိုင်မှာဖြစ်သည်။
ဤသည်မှာ သူ၏ ထိုက်ချန်း၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအပေါ် နားလည်သဘောပေါက်မှုကြောင့် ဖြစ်၏။
မဟုတ်ပါက သာမန် ဒီဗိုင်းအသွင်အဆင့် သိုင်းသမားများအတွက် နိယာမများကို ခြယ်လှယ်အသုံးပြုရန် ထိုမျှလွယ်ကူနေမည် မဟုတ်ပေ။
ခွန်အားမှာ ထပ်မံမြင့်တက်လာပြန်ရာ လီရွှမ်သည် အလွန်စိတ်လှုပ်ရှားနေ၏။
'ရွှီယန် ဒီဗိုင်းအသွင်အဆင့်ရဲ့ သိုင်းပညာကျင့်စဉ်ကို ဘယ်တော့များမှ နားလည်သဘောပေါက်လာမှာလည်း မသိဘူး..'
'အခုမှ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ကို ဝင်ရောက်ခါစရှိသေးတာ အလျှင်မလိုပါဘူး... ပြီးရင် ငါ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေကို ထပ်ပြီးတော့ ဖန်တီးသင့်တယ်..'
သူသည် ထိုက်ချန်း၏ ၁၀ခုမြောက် စာမျက်နှာကို လှန်ကြည့်၏။ ပိုမိုအဆင့်မြင့်မားသည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို ရေးဆွဲထားသလားဟု သိလိုနေပါသည်။
ပြီးလျှင် သူသည် ဒီဗိုင်းဆန်းကြယ် စွမ်းအားများကို ဖန်တီးရင်းနှင့် ထိုက်ချန်းစာအုပ်၏ စာမျက်နှာ၁၀ကိုလည်း မှတ်သားမှုပြုမည် ဖြစ်၏။
၎င်းတို့ကို တာအိုရွှေစာအုပ်အတွင်းသို့ ရေးချကာ ၁၀ခုမြောက်စာမျက်နှာ၏ အချက်အလက်များကို ရရှိလာမည် ဖြစ်သည်။
'မသေခြင်း ရွှေခန္ဓာရဲ့အထက်က ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကျင့်ကြံမှု ကျင့်စဉ်ကိုလည်း ဖန်တီးရဦးမယ်...'
သူ၏ ခန့်မှန်းချေအရ မုန့်ချုံသည် မသေခြင်းရွှေခန္ဓာ၏ ဒုတိယအဆင့်သို့ ချိုးဖျက်ပေတော့မည်။ တတိယအဆင့်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့် ဖြစ်၏။
လီရွှမ်သည် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် သိုင်းပညာစနစ်မှ မည်သည့် ဒီဗိုင်းဆန်းကြယ်စွမ်းအားများ ရရှိလာမည်နည်းဟု မျှော်လင့်နေမိသည်။
'စာမျက်နှာ၁၀က ပိုပြီးတော့နက်ရှိုင်းတယ်... ငါ့ရဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့် ကျင့်ကြံမှုခွန်အား အခြေခံနဲ့... ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမအပေါ် ဒီလောက်နားလည်ထားတာတောင်... အဲ့ဒါတွေကို ရေးဆွဲဖို့အတွက် အချိန်တစ်ခုကြာဦးမှာ..'
ထိုက်ချန်းစာအုပ်၏ စာမျက်နှာ၁၀ကိုကြည့်ကာ လီရွှမ်သည် နှလုံးသားထဲ၌ သက်ပြင်းချ၏။ ၎င်းပေါ်တွင် ဖော်ပြထားသည့် သင်္ကေတတို့သည် အများကြီးပြောင်းလဲသွားခြင်း မရှိပေ။ ၎င်းတို့သည် တည်မြဲနေပုံပေါ်ပြီး အလွန်နက်ရှိုင်းလှ၏။
သူသည် သင်္ကေတတစ်ခုကိုပင် ရေးဆွဲရန်အတွက် အလွန်ခက်ခဲကြောင်းကို တွေ့လိုက်ရသည်။ ထိုအထဲရှိ လျှို့ဝှက်နက်နဲမှုတို့ကို နားလည်သဘောပေါက်ရန် ဆိုလျှင် ပိုတောင်ဆိုးသေး၏။
သူက ထိုက်ချန်းစာအုပ်၏ စာမျက်နှာ၁၀ကို လေ့လာနေစဉ်၌ ရုတ်တရက် ဝိဉာဉ်အခြေပေါ်ရှိ တာအိုရွှေစာအုပ်က ပွင့်ထွက်လာကာ ရွှေရောင်အလင်းတို့ ထွက်ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းသည် အလွန် ရင်းနှီးလှ၏။ လီရွှမ်၏ မျက်နှာသည် တည်ငြိမ်စွာ ရှိနေနိုင်ပြီ ဖြစ်၏။ သိသာစွာပင် ဤသည်မှာ တန်ပြန်အကျိုးပြုမှု ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ရွှီယန်က ရန်သူကို သတ်ဖြတ်ခြင်း သို့မဟုတ် မုန့်ချုံက ရန်သူကို သတ်ဖြတ်ခြင်း ဖြစ်ပေလိမ့်မည်။
"သင်၏တပည့် မုန့်ချုံသည် မသေခြင်းရွှေခန္ဓာ၏ တတိယအဆင့်ကို နားလည်သဘောပေါက်လာခဲ့သည်။ သင်သည် မသေခြင်းရွှေခန္ဓာ၏ တတိယအဆင့်သို့ ချိုးဖျက်သွားသည်.."
လီရွှမ်သည် တာအိုရွှေစာအုပ်ကို ချကာ အလွန်စိတ်လှုပ်ရှားနေ၏။ မုန့်ချုံသည် မသေခြင်းရွှေခန္ဓာ၏ တတိယအဆင့်ကို နားလည်သဘောပေါက်ခဲ့လေသည်။
သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းစနစ်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ချိုးဖျက်ပြီးဖြစ်၏။ ထိုသို့ဆိုပါက မည်ကဲ့သို့သော ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့ ပေါက်ဖွားလာမည်နည်း။
ဒီအချိန်၌ သူ၏ခန္ဓာကိုယ်သည် အဆင့်မြင့်တက်လာကာ ပြောင်းလဲလာသည်ဟု ခံစားလိုက်ရ၏။ မူလစိတ်ဝိဉာဉ်မှာ သန်မာလာပြီး ဒီဗိုင်းဝိဉာဉ်မှာ ပိုမိုစွမ်းအားကြီးမားလာခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သည့် အခြေအနေတစ်ခု အတွင်းသို့ ဝင်ရောက်သွား၏။
ပင်မ သိုင်းပညာစနစ်နှင့် ရုပ်ပိုင်းဆိုင်ရာ သိုင်းပညာနှစ်ခုလုံး ဒီဗိုင်းဆန်းကြယ်အဆင့်သို့ ချိုးဖျက်ခဲ့လေသည်။ ထို့ကြောင့် သူ၏ခွန်အားသည် ကြီးစွာ ထပ်မံတိုးတက်လာခဲ့ပြန်၏။
"သင်၏ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာသည် ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်သွားသည်။ သင်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအား- အတွေးတစ်ချက်နှင့် ပြန်လည်မွေးဖွားခြင်းကို ရရှိသည်.."
အတွေးတစ်ချက်နှင့် လူတစ်ယောက်ကို ပြန်လည်ရှင်သန်စေနိုင်သည်လား...
လီရွှမ်မှာ အလွန် စိတ်လှုပ်ရှား ဝမ်းသာနေ၏။
'ဒီ ဒီဗိုင်းဆန်းကြယ်စွမ်းအားက အံ့သြဖို့ ကောင်းလိုက်တာ..'
မူလစိတ်ဝိဉာဉ်သာ ရှိနေပါက အသွေးအသားတို့ကို အတွေးတစ်ချက်နှင့် ပြန်လည် ပေါက်ဖွားစေနိုင်သည်။ သူသာ တစ်ချက်တည်းနှင့် သုတ်သင်ခြင်း မခံရပါက မူလစိတ်ဝိဉာဉ် တစ်စွန်းတစ်စ ကျန်ရှိနေသေးလျှင် အတွေးတစ်ချက်နှင့် အသွေးအသားတို့ကို ပြန်လည်ရရှိနိုင်မည် ဖြစ်၏။
သို့ပေမယ့် ဒီ ဒီဗိုင်းဆန်းကြယ်စွမ်းအားမှာ စွမ်းအားကြီးပေမယ့် အကန့်အသတ်လည်း ရှိပါသည်။ အဆုံးမသတ်နိုင်အောင် အသုံးပြုလို့ မရပေ။
တစ်ကြိမ် အသုံးပြုတိုင်းတွင် နောက်ထပ်တစ်ကြိမ် ထပ်မံအသုံးမပြုခင်၌ ပြန်လည်မွေးဖွားခြင်း စွမ်းအားတို့ကို စုစည်းရန် အချိန်တစ်ခုကို လိုအပ်သည်။
သို့ရာတွင် ခွန်အားအဆင့် ပိုမိုမြင့်မားလာလေလေ ပိုမိုစွမ်းအားကြီးမားလာလေလေ အချိန်မှာ ပိုမိုတိုတောင်းလာလေ ဖြစ်၏။
သက်ဆိုင်ရာအဆင့်တစ်ခုသို့ ရောက်ရှိပြီးပါက ဆက်တိုက် ပြန်လည်မွေးဖွားနိုင်မည်မှာ မဖြစ်နိုင်တာမဟုတ်ပေ။
'ငါသာ တစ်ချက်တည်းနဲ့ အပြီးတိုင် သုတ်သင်မခံရဘူးဆိုရင် ပြန်ပြီးတော့ မြင့်တက်လာနိုင်တယ်..'
ဒီ ဒီဗိုင်းဆန်းကြယ်စွမ်းအားသည် အပိုအသက် တစ်ခုနှင့် တူညီ၏။ တစ်ချက်တည်းနှင့် သတ်ဖြတ်ခြင်းခံရပြီးနောက် မူလစိတ်ဝိဉာဉ်က အစစ်အမှန်သို့ ပြန်ခြင်းအတတ်ကို လျှပ်တပြက်အတွင်း အသုံးပြုကာ ရန်သူ၏ရှာဖွေမှုကို ရှောင်ကျဉ်ပြီး တစ်ဖက်လူကို သေဆုံးသွားပြီးဖြစ်သည်ဟု အထင်မှားအောင် ပြုလုပ်နိုင်သည်။
ရန်သူထွက်သွားပြီးနောက် နေရာတစ်ခုကို ရှာဖွေပြီး အတွေးတစ်ချက်နှင့် အသွေးအသား ခန္ဓာကိုယ်တို့ကို ပြန်လည်ပေါက်ဖွားလာစေမည် ဖြစ်သည်။
ထို့နောက် တိတ်ဆိတ်စွာဖြင့် စွမ်းအားကို မြှင့်တင်ပြီး လုံလုံလောက်လောက် သန်မာလာမှသာလျှင် သွားရောက်လက်စားချေရပေမည်။
ထို့ကြောင့် ဒီဒီဗိုင်းဆန်းကြယ်စွမ်းအားသည် သံသယဝင်စရာမကောင်းလောက်အောင် ဒုတိယ အခွင့်အရေးအား ပေးမည်ဖြစ်၏။
'ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်ရဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေက တကယ့်ကို ထူးကဲတယ်။ သူတို့ရဲ့ ခန္ဓာကိုယ် ပြန်လည်ဖြစ်တည်နိုင်တဲ့ စွမ်းအားက မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားလွန်းတယ်..'
လီရွှမ်သည် ဝမ်းသာသွား၏။
'ငါ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေကို ဖန်တီးတဲ့အခါမှာလည်း တူညီတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားကို ဖန်တီးကြည့်ရမယ်။ ပြီးရင် ရွှီယန်ကို သင်ပေးရမယ်..'
လီရွှမ်၏ မျက်လုံးများက လင်းလက်သွားပြီး စိတ်ကူးတစ်ခု ရလာခဲ့၏။
"သင်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံမှု စနစ်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သို့ ချိုးဖျက်သွားသည်။ သင်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအား - ကောင်းကင်နှင့်ကမ္ဘာမြေကြီးအား ခုတ်ပိုင်းခြင်းကို ရရှိသည်.."
ကောင်းကင်နှင့်ကမ္ဘာမြေကြီးအား ခုတ်ပိုင်းခြင်းသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တစ်ချက်တည်းနှင့် ပိုင်းဖြတ်နိုင်၏။ ဤသည်မှာ တိုက်ခိုက်မှု ဒီဗိုင်းဆန်းကြယ်စွမ်းအား ဖြစ်သည်။
'ဒီ ဒီဗိုင်းဆန်းကြယ်စွမ်းအားကို ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမနဲ့ ဒီဗိုင်းသုတ်သင်ခြင်းနဲ့ ပေါင်းလိုက်မယ်ဆိုရင် ပိုပြီးတော့တောင် စွမ်းအားကြီးလာမှာ..'
လီရွှမ်သည် ကျေနပ်စွာ စဉ်းစား၏။
"သင်၏ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအဆင့်သို့ ချိုးဖျက်သွားသည်။ သင်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအား - ကောင်းကင်နဲ့ကမ္ဘာမြေကြီး၏ လေမိုးကြိုးကို ရရှိသည်.."
ကောင်းကင်နဲ့ကမ္ဘာမြေကြီး၏ လေမိုးကြိုး...
အသုံးပြုလိုက်သည်နှင့် လူတစ်ယောက်၏ ခန္ဓာကိုယ်သည် တောင်တစ်ခုကဲ့သို့ မြင့်မာလာပြီး လက်ထဲတွင် လေနှင့်မိုးကြိုးတို့ကို ကိုင်ဆွဲကာ လောကကြီးကို ဖြတ်သန်းနိုင်သည်။
'မူလဒီဗိုင်းအဆင့်မှာ ၉မီတာရွှေခန္ဓာကို ပိုင်ဆိုင်နိုင်တယ်... ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်မှာတော့ ၁၈မီတာ ရွှေခန္ဓာကို ပိုင်ဆိုင်နိုင်တယ်... ဒီ ဒီဗိုင်းဆန်းကြယ်စွမ်းအားက အဲ့ဒီ့ပြောင်းလဲမှုကနေ ဖြစ်တည်လာတာပဲ..'
လီရွှမ်သည် နှလုံးသားထဲတွင် နားလည်မှုရလိုက်၏။
'ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်က ဒီဗိုင်းဆန်းကြယ်စွမ်းအား ၃ခုကို ရရှိလာစေတယ်... မဆိုးပါဘူး..'
ဒီတစ်ကြိမ်တွင် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သို့ ချိုးဖျက်ချိန်၌ သူသည် ဒီဗိုင်းဆန်းကြယ်စွမ်းအား ၃ခုအား ပေါက်ဖွားလာခဲ့၏။
လီရွှမ်၏ မျက်နှာပေါ်၌ ကျေနပ်မှုတို့ ပြည့်နှက်နေပါသည်။ သူ၏ တပည့်များအပေါ် ကြိုးစား သင်ကြားပေးခဲ့မှုသည် အလကားမဖြစ်ပေ။ ရရှိမှုများမှာ အလွန်များပြား၏။
'မုန့်ချုံ အဆင့်ချိုးဖျက်ပြီး ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ကို ရောက်ရှိတဲ့အခါ တန်ပြန်အကျိုးပြုမှုကနေ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေ ထပ်ပြီးတော့ ရလာဦးမယ်ထင်တယ်..'
လီရွှမ်သည် မုန့်ချုံ၏ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ချိုးဖျက်မည့်အချိန်ကို မျှော်လင့်နေမိ၏။
'ဒီကောင်မလေး စုလင်းရှုံလည်း... ဒန်ဆေးသိုင်းပညာစနစ်ရဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ကျင့်စဉ်ကို နားလည်သဘောပေါက်ခါနီးပြီမလား..'
ဒန်ဆေးသိုင်းပညာ၏ ကျင့်ကြံမှုနည်းလမ်းသည် ပင်ရင်းသိုင်းပညာနှင့် တူညီ၏။ အများကြီး ခြားနားမှုမရှိပေ။
ရွှီယန်သည် စုလင်းရှုံကို ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်အား မည်ကဲ့သို့ ကျင့်ကြံရမည်ကို ရှင်းပြပြီးဖြစ်၏။
ဒီနေ့များအတွင်းတွင် စုလင်းရှုံသည် သူမ၏နားလည်သဘောပေါက်မှုများကို ပြန်လည်သုံးသပ်နေပြီး ရှင်းလင်းစွာ ဉာဏ်အလင်းရတော့မည် ဖြစ်သည်။
'ဒန်ဆေးသိုင်းပညာ စနစ်ကရော... ဘယ်လိုမျိုး ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေကို ရရှိလာစေနိုင်မလဲ..'
ဒန်ဆေးသိုင်းပညာ၏ ထူးကဲမှုအရ ထူးခြားသည့် ဒီဗိုင်းဆန်းကြယ်စွမ်းအားများ ပေါက်ဖွားလာသင့်ပေသည်။
'သက်တမ်းများ ပိုပြီးရှည်လာမလား... ဒါမှမဟုတ် ဒဏ်ရာတွေကို ကုသနိုင်တဲ့ စွမ်းအားများရလာမလား..'
လီရွှမ်သည် နှလုံးသားထဲ၌ ခန့်မှန်းကြည့်၏။ ခွန်အားတိုးတက်လာမှုနှင့်အတူ သူ၏ စိတ်အခြေနေသည်လည်း ပိုမိုတက်ကြွလာခဲ့သည်။ ထိုကဲ့သို့သော အချိန်မျိုးတွင် သူသည် ရှီအာ၊ မုန့်ရှူရှူနှင့် ကျိုးယင်တို့ကို ကျင့်ကြံမှု၌ ညွှန်ကြားချက်ပေးလေ့ရှိ၏။ သိုင်းပညာ ကျင့်စဉ်တို့ကို သင်ကြားပို့ချသည်။
လက်တစ်ဝှေ့နှင့်အတူ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားက စတင်စုစည်းလာခဲ့၏။
"ဒါကို ဂရုတစိုက်နဲ့ သေသေချာချာလေ့လာ.."
သူသည် ဂရုစိုက်ခြင်းမရှိဘဲ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားတို့ကို စုစည်းကာ ယွဲ့ချန်မင်ဆီသို့ ပစ်ပေးလိုက်သည်။
ဤသည်မှာ တစ်စွန်းတစ်စသာ ဖြစ်လျှင်တောင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားသည် မည်သည့် နိယာမအငွေ့အသက်နှင့်မှ တူညီခြင်းမရှိပဲ များစွာ ပိုမိုသာလွန်၏။
ယွဲ့ချန်မင်မှာ အလွန် စိတ်လှုပ်ရှားသွား၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားအား တစ်စွန်းတစ်စကို လက်ခံရရှိပြီးနောက် သူ၏ဒီဗိုင်းဝိဉာဉ်မှာ ပြောင်းလဲလာခဲ့သည်ဟု ခံစားလိုက်ရသည်။ ဆုပ်ဖြဲခြင်း ခံရသကဲ့သို့ပင် ခံစားရ၏။ ထို့အပြင် သူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမတို့၏ တည်ရှိမှုကို အာရုံခံနိုင်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ် ဆရာကြီး..."
သူသည် ကျေးဇူးတင်စွာနှင့် စိတ်လှုပ်ရှားစွာ ဦးညွှတ်၏။ ထို့နောက် ချက်ချင်းပင် ကျင့်ကြံမှု၌ ဆက်လက် နှစ်မြုပ်သွားသည်။
ထိုကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားကို လေ့လာကာ သန့်စင်မှုပြု၏။ ယွဲ့ချန်မင် ယုံကြည်ပါသည်။ သူသာ ဒီကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအား တစ်စွန်းတစ်စကို သန့်စင်နိုင်ပါက အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ အတွင်းတွင်ပင် မည်သူမှ သူ၏ပြိုင်ဖက် ဖြစ်မည်မဟုတ်တော့ပေ။
အပိုင်း ၅၉၀ - ဆရာသခင်တစ်ပါး၏ အခွင့်ပေးမှု၊ ဝူထန်းနန်၏ အရိုအသေပေးခြင်း
လီရွှမ်ကို စိတ်ဝိဉာဉ်လက်ဖက်ရည်အား ဆက်သနေသည့် ချိုင်လင်းအာမှာ အံ့သြသွားသည်။ လက်တစ်ဝှေ့နှင့် သူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားကို စုစည်းနိုင်သည်လား။
ဤသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအား ဖြစ်သည်။ ယွဲ့ချန်မင်ကို ကြည့်ကာ သူမ၏မျက်နှာပေါ်၌ အားကျသည့်အကြည့်တို့ ပေါ်လာခဲ့၏။
ဆရာသခင်တစ်ယောက်ကို တွေ့ဆုံရခြင်းမှာ အမှန်တကယ်ကို ထူးကဲလှသည့် ကံတရားဖြစ်၏။ သူမ၏ ကံတရားသာလျှင် အလွန် မှေးမှိန်နေသည်လား။ အားကျမိပေမယ့် သူမသည် တောင်းဆိုရဲခြင်း မရှိပေ။
လီရွှမ်သည် စိတ်အခြေအနေ ကောင်းမွန်စွာဖြင့် စိတ်ဝိဉာဉ်လက်ဖက်ရည်ကို သောက်လိုက်၏။ ထိုအခါမှသာ ချိုင်လင်းအာအား မည်သည့်အခွင့်အရေးမှ ပေးအပ်ပြီးခြင်း မရှိကြောင်းကို အမှတ်ရလိုက်သည်။
သူသည် မြင့်မြတ်သည့် လူတစ်ယောက်ဖြစ်ပြီး စိတ်အခြေအနေ ကောင်းမွန်နေစဉ်၌ အခွင့်အရေးတို့ကို ပေးသနားရာတွင် ဘယ်လိုလုပ်ပြီး ကျန်ရစ်မှုတို့ ရှိစေမည်နည်း။ ထို့အပြင် ဒီကောင်မလေး ချိုင်လင်းအာသည် သူ့ကို ကြိုးကြိုးစားစားနှင့် ခစားလေ့ရှိသည်။
လက်ကို မြှောက်လိုက်ပြီးနောက် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားတစ်မျှင်က ဖွဲ့စည်းလာပြီး ချိုင်လင်းအာကို ကြည့်သည်။ ထို့နောက် ခေါင်းကိုရမ်းကာပြော၏။
"နင်က အားနည်းလွန်းသေးတယ်.."
သူသည် ဆုပ်ထားသည့်လက်ကို အနည်းငယ် ဖြေလျှော့လိုက်၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားမှာ အလွန် မှေးမှိန်လာခဲ့သည်။ ထိုအခါမှသာ ချိုင်လင်းအာဆီသို့ ပေးလိုက်၏။
ချိုင်လင်းအာသည် ဒီမှေးမှိန်သည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအား တစ်စွန်းတစ်စကိုသာ ခံနိုင်ရည်ရှိပါသည်။ မဟုတ်ပါက သူမ၏အဆင့်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမ အငွေ့အသက်ကိုပင် စုစည်းနိုင်ခြင်း မရှိသေးရာ ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိမည်နည်း။
စိတ်လှုပ်ရှားမှုတို့ မြင့်တက်လာသည့် ချိုင်လင်းအာက ဒူးထောက်ကာ ကျေးဇူးတင်သည်။
"ဒီချီးမြှင့်မှုအတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး.."
သူမသည် ကိုယ်ကိုယ်တိုင်၏ အားနည်းမှုအတွက် နောင်တရမိ၏။ ယခုမျှ ကြီးမားသည့် အခွင့်အရေးတို့ကို ခံနိုင်ရည်မရှိခဲ့ပေ။
"အင်း... ဒါကို သေသေချာချာလေ့လာပြီး နားလည်အောင်လုပ်.."
လီရွှမ်က ခေါင်းငြိမ့်၏။ ချိုင်လင်းအာသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအမျှင်ကို ဒီဗိုင်းဝိဉာဉ်အတွင်းသို့ စုပ်ယူလိုက်သည်။ ချက်ချင်းပင် စူးရှသည့်နာကျင်မှုကို ခံစားလိုက်ရ၏။
သူမ၏ မျက်လုံးများက ဝေဝါးသွားပြီး ဒီဗိုင်းဝိဉာဉ်မှာ ဖိအားအောက်တွင် ခံနိုင်ရည်မရှိလုနီးပါး ဖြစ်သွားခဲ့သည်။
နေရာတစ်ခုကိုရှာကာ အလျှင်အမြန် တင်ပျဉ်ခွေထိုင်ပြီးနောက် စုလင်းရှုံဆီမှ ရရှိထားသည့် ဝိဉာဉ်အားဖြည့်ခြင်းဆေးလုံးအား သောက်လိုက်၏။ ထိုအခါမှသာ ထိုကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားအမျှင်ကို လေ့လာကာ စတင်သန့်စင်နိုင်ခဲ့သည်။
လီရွှမ်မှာတော့ အလွန်ဝမ်းသာနေပြီး သီချင်းတအေးအေးနှင့် ရှိနေ၏။ သို့ရာတွင် သူ၏ ဉာဏ်ပညာကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး၏ အသွင်အပြင်ကို ထိန်းသိမ်းထားရန် ကျယ်လောင်စွာ သီဆိုလိုစိတ်ကို ဖိနှိပ့်ထားရသည်။
'ဘယ်သူတွေများ ဒီမဟာပညာရှိကို လာရောက်တွေ့ဆုံကြဦးမလဲ... ငါ့လို မဟာပညာရှိတစ်ယောက်ကို တွေ့ဆုံနိုင်တာက ကြီးမားတဲ့ကံကောင်းခြင်းပဲ..'
လီရွှမ်သည် ကိုယ့်ကိုယ်ကိုယ် ရေရွတ်၏။ ဒီအချိန်၌ စိတ်အခြေအနေကောင်းမွန်နေရာ တစ်ယောက်ယောက်သာ သူ့ကို လာတွေ့ပါက အခွင့်အရေးတစ်ခုအား ရရှိရန် ကံပါလာခြင်း ဖြစ်သည်။
ဒဏ်ရာများကို လာရောက်ကုသသည့် လူများမှာတော့ ထည့်သွင်းစဉ်းစားခြင်း မပြုပေ။ ထိုလူများသည် သူ့ဆီသို့ လာခြင်းမဟုတ်ပါ။
ဖန်းဟောင်က ကပြာကယာ လျှောက်လာပြီးနောက် တင်ပြသည်။
"ဆရာ... ဆရာ့ကို တစ်ယောက်ယောက်က တွေ့ချင်တယ်လို့ ပြောပါတယ်.."
လီရွှမ်မှာ အနည်းငယ် ပဟေဠိဖြစ်သွား၏။ သူ့ကို မည်သူက လာရောက်တွေ့ဆုံ ချင်နေသနည်းဟု စဉ်းစားသည်။ လင်းနယ်မြေတွင် မည်သည့် မိတ်ဆွေမှ မရှိပေ။ အတွင်းဘက်နယ်မြေ၌ ပင်လျှင် သူကဲ့သို့သော ပုဂ္ဂိုလ်တစ်ပါးကို တွေ့ချင်သည့်လူတိုင်း လာရောက်တွေ့ဆုံခွင့် မရှိပေ။
"ရှဲ့ထန်းဟန်များလား..."
သူ၏စိတ်ထဲသို့ ပထမဆုံး ဝင်ရောက်လာသည့် အမည်မှာ လင်းနယ်မြေသို့ ဝင်ရောက်ခဲ့သည့် ရှဲ့ထန်းဟန်ဖြစ်သည်။
သို့ရာတွင် မကြာခင် ထိုအတွေးကို ဖယ်ထုတ်လိုက်၏။ ရှဲ့ထန်းဟန်မှာ သူ၏ ဓားတာအိုတပည့်တစ်ဦး ဖြစ်ရာ ရောက်ရှိလာသည်နှင့် တစ်ခါတည်း လာရောက်တွေ့ဆုံမှာဖြစ်၏။
"ဒီဆရာသခင်ကို... ဘယ်သူကများ တွေ့ဆုံချင်တာလဲ.."
သူသည် လက်ဖက်ရည်ကို သောက်ရင်းက အသာမေးလိုက်၏။
"ယွိကောင်းက ကျွန်တော့်ဆီကို စာတစ်ခု ပို့လာခဲ့တာပါ... တစ်ဖက်လူပြောတာက သူက အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီရဲ့ ကျောင်းအုပ် ဝူထန်းနန်ဖြစ်ပြီး စီနီယာအစ်ကိုကြီးရဲ့ ညွှန်ကြားမှုအောက်ကနေ ယွီကျိုးရဲ့ မဟာမိတ်အဖွဲ့ခွဲကို ရောက်ရှိလာတာလို့ ဆိုတယ်။ ပြီးတော့ ဆရာ့ကို တွေ့ဆုံခွင့်တောင်းခဲ့ပါတယ်.."
ဖန်းဟောင်က ဆက်သွယ်ရေးအဆောင်ကို ကိုင်ဆောင်ထားရင်းက ပြော၏။
အဆုံးမဲ့ကြယ်တာရာအကယ်ဒမီ၏ ကျောင်းအုပ်လေလား...
ဤသည်မှာ သူ၏တပည့်ကြီးမှ တိုက်ရိုက်စေလွှတ်ခဲ့ခြင်းဖြစ်ရာ တွေ့ဆုံခြင်းက ကိစ္စမရှိပေ။ ယခုအချိန်၌ အဆင့်ချိုးဖျက်ပြီးခါစ ရှိသေးရာ စိတ်အခြေအနေသည် ကောင်းမွန်နေ၏။ ဒီအချိန်၌ လာရောက် လည်ပတ်သူတိုင်းသည် စစ်မှန်စွာ ကံကောင်းသည့်လူများ ဖြစ်ကြသည်။ ဘာပဲဖြစ်ဖြစ် ဆရာသခင်တစ်ပါးကို တွေ့ဆုံခဲ့ခြင်းက ကံကောင်းမှုဖြစ်၏။
"အဲ့ဒါဆိုလည်း သူ့ကို လာခိုင်းလိုက်.."
လီရွှမ်က ခေါင်းငြိမ့်ကာ သဘောတူ၏။
"ကျွန်တော်အခုပဲ ယွိကောင်းကို စာပြန်လိုက်ပါမယ်... ဧည့်သည်ကို ခွင့်ပြုကြောင်း ပြောခိုင်းလိုက်ပါမယ်.."
ဖန်းဟောင်က ခေါင်းငြိမ့်သည်။
"အင်း.."
လီရွှမ်က သဘောတူပြီးနောက် ဖန်းဟောင်သည် သူ၏ မိုးပျံသင်္ဘော ပြုလုပ်ခြင်း၌ ဆက်လက်အလုပ်သွားရှုပ်၏။
"အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီရဲ့ ကျောင်းအုပ်... ယွဲ့ချန်မင်က တစ်ချိန်က ဝမ်ရှင်းရဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ဒါ့ကြောင့်မို့လို့ သူတို့တွေက အသိအကျွမ်းဟောင်းတွေ ဖြစ်နေလောက်တယ်မလား.."
အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီမှာ ပျက်စီးသွားခဲ့၏။ သို့ပေမယ့် ၎င်း၏ ကျောင်းအုပ်မှာတော့ အသက်ရှင်ကျန်ဆဲ ရှိသေးသည်။ ဤသည်က တစ်ဖက်လူ၏ စွမ်းအားကြီးမားပုံကို ပြသနေ၏။
ဝူထန်းနန်မှာ ရွှီယန်၏ ဆရာဖြစ်သူသည် လော့ဒေသ၏ ချန်ချင်းစံအိမ်၌ တည်ရှိနေကြောင်းကို သိရပြီးနောက် ပဟေဠိဖြစ်သွား၏။
ဖြစ်နိုင်တာက ဒီဒဏ္ဍာရီဆန်တဲ့ ဒန်ဆေးနတ်သမီးက ရွှီယန်ရဲ့ ဆရာများလား...
တစ်ဖက်လူသည် သိုင်းသမားတစ်ယောက်၏ အခြေခံကိုပင် ပြန်လည်ကောင်းမွန်အောင် ကုသနိုင်လေသည်။အမှန်တကယ်ကို အံ့သြဖို့ကောင်း၏။
သူသည် ချန်ချင်းစံအိမ်ဆီသို့ အမြန် သွားရောက်ခဲ့သည်။ အကွာအဝေးက ကြီးမားရာ ခရီးစဉ်မှာ ရှည်ကြာ၏။
"ဘယ်လိုရှိလဲ..."
ချန်ချင်းစံအိမ်တွင် လီရွှမ်က ယွဲ့ချန်မင်ကိုကြည့်ကာမေးသည်။
"ဂျူနီယာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမအမျှင်ကို လုံးဝ သန့်စင်ပြီးလု နီးနေပါပြီ။ ဒါပေမယ့် ပြီးမြောက်ဖို့အတွက် အချိန်နည်းနည်းလောက် ပိုယူရပါဦးမယ်.."
ယွဲ့ချန်မင်က လေးစားစွာဖြင့် ဖြေကြားသည်။
"ဒီကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမအမျှင်ကို ဒီလောက် အချိန်တိုအတွင်းမှာ လက်ခံနိုင်တာကလည်း မင်းရဲ့ ထူးကဲတဲ့ပါရမီပဲ.."
လီရွှမ်က အသိအမှတ်ပြုစွာ ခေါင်းငြိမ့်၏။
ယွဲ့ချန်မင်၏ စိတ်ဝိဉာဉ်ခန္ဓာသည် ဒဏ်ရာရရှိခဲ့ပေမယ့် သူသည် ပြန်လည်ကောင်းမွန်လာပြီးနောက် ဖီးနစ်တစ်ကောင်၏ ပြန်လည်မွေးဖွားသည့်နှယ် တူညီသည့် စွမ်းဆောင်ရည်တို့ကို ပြသလာခဲ့သည်။
စိတ်ဝိဉာဉ်ခန္ဓာတစ်ခု၏ ပါရမီမှာ အမှန်တကယ်ကို ထူးကဲ၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအပေါ် ဆက်သွယ်နိုင်မှုမှာ အခြား သိုင်းသမားများထက် များစွာပိုမိုသာလွန်သည်။
ချိုင်လင်းအာမှာလည်း ပါရမီလစ်ဟင်းနေသည် မဟုတ်ပေ။ ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်၏ တော်ဝင်သွေးမျိုးဆက်တစ်ယောက် အနေနှင့် သူမသည် သွေးမျိုးဆက်စွမ်းအားကို အသက်သွင်းရသေးခြင်း မရှိသည်သာ ရှိ၏။
ထို့ကြောင့် ပါရမီမှာ ယွဲ့ချန်မင်လောက် မြင့်မားခြင်း မရှိသေးဘဲ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားအမျှင်ကို သန့်စင်ရန် အချိန်ပိုယူရသည်။
"ဆရာကြီးရဲ့ အခွင့်အရေးပေးမှုကိုပဲ ကျေးဇူးတင်ရပါမယ်... မဟုတ်ရင် ကျွန်တော်ယွဲ့ချန်မင် ဒီအခြေအနေအထိ ရောက်နိုင်မှာ မဟုတ်ဘူး.."
ယွဲ့ချန်မင်က ကျေးဇူးတင်စွာ ပြော၏။
"မကြာခင်မှာ အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီရဲ့ ကျောင်းအုပ် ဝူထန်းနန် လာပြီးတော့ လည်ပတ်လိမ့်မယ်... သူက မင်းရဲ့ အသိအကျွမ်းတစ်ယောက် မလား... သူရောက်လာရင် ဧည့်ခံတဲ့တာဝန်ကို မင်းယူလို့ရတယ်.."
လီရွှမ်က ခဏတာ စဉ်းစားပြီးနောက် ပြော၏။
ယွဲ့ချန်မင်မှာ အံ့သြသွားသည်။
"ကျောင်းအုပ် မသေသေးဘူးလား..."
"သူသေသွားပြီလို့ မင်းထင်ထားတာလား.."
လီရွှမ်၏ မျက်ခုံးများက မြင့်တက်သွား၏။
ယွဲ့ချန်မင်က နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။
"အရင်တုန်းက... အကယ်ဒမီမှာ သစ္စာဖောက်တစ်ယောက် ရှိခဲ့တယ်။ ပြောကြတာက ကျောင်းအုပ်က အဆိပ်ခပ်ခံရပြီး လုပ်ကြံတိုက်ခိုက်တာလည်း ခံခဲ့ရတယ်တဲ့။ ပြီးတော့ ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ သိုင်းတစ်ထောင်ခန်းမရဲ့ အရှင်သခင်ဟောင်းက သတ်လိုက်တာကို ခံခဲ့ရတယ်လို့တောင် ကြားတယ်။ အဲ့ဒီ့ကတည်းက သူ့ရဲ့သတင်းလည်း ဘာမှမကြားတော့ဘူး။ ပြောကြတာက သူသေဆုံးခဲ့ပြီးပြီတဲ့.."
လီရွှမ်မှာ တိတ်တဆိတ် အံ့သြသွားသည်။ ဒီဝူထန်းနန်သည် သာမန်လူတစ်ယောက် မဟုတ်ပေ။ သူသည် အသက်ရှင်သန်ကာ ပြန်လာနိုင်ခဲ့၏။
ထို့အပြင် သူ့ဆီသို့လည်း လာရောက်လည်ပတ်ဦးမည်ဖြစ်သည်။ ရှင်းလင်းစွာပင် ထူးကဲသည့် ကံတရားကို ပိုင်ဆိုင်ထားသူ ဖြစ်၏။
"ငါသိပြီ.."
သူက ခေါင်းငြိမ့်သည်။
ယွဲ့ချန်မင်က သိလိုစွာမေး၏။
"ဆရာကြီး... ကျောင်းအုပ်ကို သိတာလားမသိဘူး.."
"မသိဘူး.."
လီရွှမ်က ခေါင်းကိုရမ်းသည်။
"သူ ငါ့ဆီကို လာလည်နိုင်ဖို့ ရွှီယန်က လမ်းညွှန်ပေးလိုက်တာ... အခုတလော ငါလည်း အချိန်အားနေတာနဲ့ တွေ့ဖို့ဆုံးဖြတ်လိုက်တာ.."
李 望舒:
အပိုင်း ၅၉၁ - ဆရာသခင်တစ်ပါး၏ အခွင့်ပေးမှု၊ ဝူထန်းနန်၏ အရိုအသေပေးခြင်း(၂)
ယွဲ့ချန်မင် ရုတ်တရက် နားလည်သွားသည်။ ကျောင်းအုပ်သည် ဘယ်လိုလုပ်ပြီး ယခုကဲ့သို့သော အဆင့်လွန်ပုဂ္ဂိုလ်တစ်ယောက်နှင့် သိကျွမ်းနိုင်မည်နည်း။ ဒီမြင့်မြတ်သည့် ဆရာကြီးသည် အလွန်မြင့်မားစွာ အလှမ်းကွာလွန်းလှသည်။
"ဒါက ချန်ချင်းစံအိမ်လား..."
နောက်ဆုံးတွင် ဝူထန်းနန်သည် ချန်ချင်းစံအိမ်သို့ ရောက်ရှိလာခဲ့၏။ သူသည် ရောဂါကုသရန်အတွက် တန်းစီနေသည့် သိုင်းသမားများကို ကြည့်လိုက်သည်။
အားလုံးတို့သည် ဒဏ်ရာအပြင်းအထန်ရထားပြီး အချို့ဆိုလျှင် အခြေခံများ ထိခိုက်ထားခြင်း သို့မဟုတ် ကုသရန်ခက်ခဲသည့် ဒဏ်ရာဟောင်းများပင် ရှိနေကြသည်။
ဘာပဲဖြစ်ဖြစ် ချန်ချင်းစံအိမ်၏ ကုသမှုစရိတ်မှာ စျေးပေါခြင်းမရှိရာ အသေးစားဒဏ်ရာများအတွက် လာရောက်ကုသလေ့ရှိသည့် နေရာမဟုတ်ပေ။
ဝူထန်းနန်သည် အသက်ကိုနက်ရှိုင်းစွာရှူပြီး ချန်ချင်းစံအိမ်ဆီသို့ လျှောက်လှမ်းသွား၏။ သူသည် အနည်းငယ်စိုးရိမ်နေပါသည်။ ရွှီယန်၏ ဆရာဖြစ်သူသည် မည်ကဲ့သို့သော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်နေမည်နည်း။ အဆင့်လွန်ပုဂ္ဂိုလ်တစ်ယောက် လေလား။ စိတ်ကူးကြည့်ရန် ခက်ခဲလွန်းလှသည်။
'မဖြစ်နိုင်ဘူး... လုံးဝမဖြစ်နိုင်ဘူး... ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို ကျော်လွန်နိုင်တဲ့ လူဆိုတာကို ငါတစ်ခါမှ မကြားခဲ့ဖူးဘူး..'
ဝူထန်းနန်သည် ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် ရေရွတ်နေ၏။ သို့ပေမယ့် ရွှီယန်၏ စကားများမှာ လိမ်ပြောခဲ့ခြင်း မဟုတ်စေရန်လည်း အတွင်းစိတ်၌ မျှော်လင့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် အမှန်သာ ဖြစ်ပါက သူ၏ဒီခရီးစဉ်မှာ အလွန်ထိုက်တန်လှမှာ ဖြစ်၏။
"ဝူထန်းနန်က ဆရာကြီးကို နှိမ့်ချစွာနဲ့ တွေ့ဆုံခွင့်တောင်းပါတယ်.."
ဝူထန်းနန်သည် အသက်ကို နက်ရှိုင်းစွာရှူပြီး သူ၏အသွင်အပြင်ကို နှိမ့်ချကာ တစ်ဖက်လူကို ဆရာကြီးအဖြစ် သုံးစွဲ၏။
"ဝင်လာခဲ့.."
တည်ငြိမ်သည့်အသံတစ်ခု ထွက်ပေါ်လာ၏။
"ကျေးဇူးပါ.."
ဝူထန်းနန်သည် ချန်ချင်းစံအိမ်အတွင်းသို့ ခြေလှမ်းဝင်သွားသည်။
"ကျောင်းအုပ်... တကယ်ပဲ ခင်ဗျားကို.."
ရုတ်တရက် အံ့သြမှုတို့ဖြင့် ပြည့်နက်နေသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဝူထန်းနန်က ခေါင်းမော့ကြည့်လိုက်ပြီးနောက် အံ့သြသွား၏။
"မင်းက... ယွဲ့ချန်မင်လား.."
သူသည် ခဏတာအချိန်ယူပြီးမှသာ ရှေ့ရှိလူမှာ ယွဲ့ချန်မင်ဖြစ်ကြောင်းကို မှတ်မိလိုက်သည်။ ဤသည်မှာ ကျောင်းတော်ရှိ ဂုဏ်ယူရသော ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သူ ဖြစ်၏။
"ကျွန်တော်ပါ.."
ဒီအချိန်၌ ယွဲ့ချန်မင်၏ မျက်လုံးများထဲ၌ မျက်ရည်တို့ဖြင့် ပြည့်လျှံလာခဲ့သည်။
"မင်း... မင်းရဲ့ကျင့်ကြံမှုက ဒီအဆင့်ထိတောင် ရောက်ပြီးပြီလား.."
ဝူထန်းနန်မှာ မယုံကြည်နိုင်စရာကောင်းလှစွာ အံ့ဩသွားသည်။ ထို့နောက် ဤသည်မှာ ဆီလျော်မှုရှိသည်ဟု ခံစားလိုက်ရ၏။
"ငါ့ကျောင်းတော်ရဲ့ ထိပ်တန်းပါရမီရှင်တွေထဲက တစ်ယောက် ပီသလှတယ်... မင်းရဲ့ စိတ်ဝိဉာဉ်ခန္ဓာက တကယ့်ကို ထူးကဲတယ်။ ဒီလောက် အချိန်ကြာပြီးတဲ့နောက်မှာ ဒီအဆင့်ကိုရောက်နေတာ အံ့သြစရာမရှိဘူး.."
သို့ပေမယ့် ယွဲ့ချန်မင်က အရှက်ရစွာပြော၏။
"ကျောင်းအုပ်မသိတာ ဖြစ်လိမ့်မယ်... ဆရာကြီးက ကျွန်တော့်ကို တွေ့ဆုံပြီး ကံကောင်းမှုကို မချီးမြှင့်ခဲ့ချိန်အထိ ကျွန်တော် အသက်ရှင်ရုံတမယ်ပဲ မနည်းနေနိုင်ခဲ့တာ... အခုမှသာ ဒီလိုမျိုး စွမ်းဆောင်နိုင်လာခဲ့တာ.."
ထိုစကားကို ကြားရပြီးနောက် ဝူထန်းနန်မှာ ထပ်မံအံ့သြသွားပြန်၏။ သူသည် ယွဲ့ချန်မင်ကို ကြည့်ရှု့ပြီးနောက် ခြံဝန်းအတွင်းရှိ ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာထိုင်နေသည့် လူငယ်ဆီသို့ ခေါင်းလှည့်ကြည့်သည်။ တစ်ဖက်လူသည် စာအုပ်တစ်အုပ်ကို လက်ထဲတွင်ကိုင်ထား၏။
တစ်ချက်ကြည့်လိုက်သည်နှင့် ဝူထန်းနန်သည် မှင်သက်သွား၏။ သူ၏မျက်လုံးများက လေးစားမှုတို့ဖြင့် ပြည့်နှက်လာခဲ့သည်။ ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်ကာ ထည်ဝါလှ၏။
ခေတ်အခါများစွာ၏ အလယ်တွင် ထိုင်နေသကဲ့သို့... လောကကြီး၏ အစိတ်အပိုင်းများတွင် မပါဝင်တော့သကဲ့သို့ ရှိ၏။ ပိုမိုကြည့်လေလေ တစ်ဖက်လူသည် ပိုမိုဆန်းကြယ်ကာ ဖော်ပြရန် ခက်ခဲလာပုံ ပေါ်သည်။
"ဆရာသခင်တစ်ပါးပဲ..."
ဤသည်မှာ အနှိုင်းမဲ့သည့် ဆရာသခင်တစ်ပါး ဖြစ်သည်။
ရုတ်တရက် သူသည် ရွှီယန်၏ စကားလုံးများကို အနည်းငယ် ယုံကြည်လာခဲ့၏။ သူ၏ ဆရာဖြစ်သူမှာ အမှန်တကယ်ကို ထူးကဲသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သူသည် ယွဲ့ချန်မင်နှင့် စကားဆက်လက်ပြောကာ အချိန်ဖြုန်းမနေတော့ပေ။ လီရွှမ်ဆီသို့ လျှောက်သွားပြီး လေးစားစွာ ဦးညွှတ်၏။
"ဝူထန်းနန်က ဆရာကြီးကို တွေ့ဆုံပါတယ်.."
"အင်း... ထိုင်လေ... အရမ်းကြီးယဉ်ကျေးနေဖို့ မလိုပါဘူး.."
လီရွှမ်က ခေါင်းငြိမ့်သည်။
"ကျေးဇူးတင်ပါတယ် ဆရာကြီး.."
ဝူထန်းနန်က ကုလားထိုင်ပေါ်တွင် ဂရုတစိုက်ဖြင့် ထိုင်သည်။ သူသည် ထိုင်ခုံတစ်ဝက်ကိုသာ နေရာယူထားပြီး အနည်းငယ် တောင့်တင်းနေ၏။ ဒီပုဂ္ဂိုလ်ကြီးကို တိုက်ရိုက် ကြည့်ရှု့ရဲခြင်း မရှိပေ။
လီရွှမ်က သူ၏ လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်ကို ရုတ်သိမ်းလိုက်သည်။ ဒီအချိန်၌ သူသည် လုံးဝကို သာမန်ဖြစ်လာခဲ့၏။ စိတ်ထဲ၌ လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်အပေါ်လည်း ချီးကျူးမိလိုက်သည်။ ဤသည်မှာ အမှန်တကယ်ကို အသုံးဝင်၏။
ယွဲ့ချန်မင်က ရောက်ရှိလာကာ ဝူထန်းနန်အတွက် စိတ်ဝိဉာဉ်လက်ဖက်ရည်ကို ငှဲ့ပေးသည်။ ပြီးနောက် အတိတ်အကြောင်းများကို ပြန်ပြောင်းပြောကြားရင်း ဒီနှစ်များအတွင်း ကျောင်းအုပ်၏ အတွေ့အကြုံများကို မေးမြန်း၏။
ဝူထန်းနန်က ပုံပြင်ဟောင်းအချို့နှင့် အတွေ့အကြုံများကို စတင် ဖြေးညှင်းစွာ ရှင်းပြသည်။ ဤသည်မှာ သူ၏ တင်းကြပ်နေသည့် စိတ်အခြေအနေကို ပြေလျော့စေရန် ဖြစ်ပြီး အတိတ်ကို လွမ်းဆွတ်ရင်းက သူ၏ အတွေ့အကြုံများကို ဆရာကြီးဆီသို့ သွယ်ဝိုက်စွာ မျှဝေပေးခြင်းလည်း ဖြစ်သည်။
"ဝူထန်းနန်က... တော်တော်လေး ထူးချွန်တာပဲ.."
ဝူထန်းနန် လျှောက်ဝင်လာပြီးနောက် လီရွှမ်သည် တစ်ဖက်လူ၏ ကျင့်ကြံမှု ခွန်အားအဆင့်ကို ကြည့်ရှု့ပြီးဖြစ်သည်။
မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် အရှိန်အဟုန်ကြီးစွာ ထွက်ပေါ်လာပြီး အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ရန်ပြုမှုကို တောင့်ခံနိုင်သည်မှာ ဝူထန်းနန်ကြောင့် ဖြစ်ပေလိမ့်မည်။
ယွဲ့ချန်မင်သည် ထိုကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားအမျှင်ကို သန့်စင်ပြီးလျှင်တောင် ဝူထန်းနန်၏ပြိုင်ဖက် ဖြစ်မည်မဟုတ်သေးပေ။ ဝူထန်းနန်ဆီတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအငွေ့အသက် ၉ခုတို့ကို သန့်စင်ထား၏။
သို့ပေမယ့် ထိုမျှသာဆိုပါက နိယာမအငွေ့အသက် ၉ခုမှ စုစည်းလာမည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားသည် ယွဲ့ချန်မင်၏ ထိုကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားအမျှင်ကို သန့်စင်ထားသည်နှင့်သာ တူညီနိုင်မှာဖြစ်သည်။
သို့ရာတွင် ဝူထန်းနန်၏ နိယာမအငွေ့အသက်၉ခု အတွင်းတွင် တစ်ခုချင်းစီတိုင်း၌ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားတို့ ပါဝင်နေ၏။
အငွေ့အသက် တစ်ခုချင်းစီ၏ နိယာမစွမ်းအားသည် ယွဲ့ချန်မင်အား ပေးအပ်ထားသည့် နိယာမစွမ်းအား အမျှင်ထက် အားနည်းပေမယ့် သူ့တွင် ထိုကဲ့သို့သော စွမ်းအား၉ခုအား ပိုင်ဆိုင်ထားပါသည်။
"သူက ဖုံးကွယ်ရာမှာ တော်တော်လေး ကျွမ်းကျင်တာပဲ.."
လီရွှမ်သည် နှလုံးသားထဲတွင် ရေရွတ်၏။ ကြည့်ရသည်မှာ ဝူထန်းနန်သည်လည်း ဉာဏ်ကောင်းသည့်လူတစ်ယောက် ဖြစ်ပေလိမ့်မည်။
ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားကို ဖော်ထုတ်ခြင်းမပြုဘဲ ဖုံးကွယ်ထား၏။ ဖြစ်နိုင်သည်မှာ အတိတ်တုန်းက ကြီးမားသည့် ဆုံးရှုံးမှုတို့ ဖြစ်ပေါ်ခဲ့ဟန် ပေါ်သည်။
ထို့ကြောင့် သူ၏ အစစ်အမှန်ခွန်အားကို တတ်နိုင်သမျှဖုံးကွယ်ထားပြီး ရန်သူများအား အထင်သေးစေရန် ပြုလုပ်ထား၏။
"စိတ်ဝိဉာဉ်နယ်မြေရဲ့ အထွတ်အထိပ်ကို ရောက်ရှိပြီးနေပြီပဲ.."
လီရွှမ်သည် သက်ပြင်းချ၏။ ဝူထန်းနန်သည် ဒီအဆင့်အထိ ကျင့်ကြံပြီးဖြစ်သည်။ ဤသည်မှာ စိတ်ဝိဉာဉ်နယ်မြေ၏ အကန့်အသတ်ဖြစ်၏။
နောက်တစ်ဆင့်မှာ နိယာမအငွေ့အသက် ၉သွယ်လုံးကို နိယာမများအဖြစ် ပြောင်းလဲပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းစေမည် ဖြစ်၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို ခန္ဓာကိုယ်အတွင်း၌ စုစည်းစေမည် ဖြစ်၏။
သိသာစွာပင် ထိုအဆင့်သည် စိတ်ဝိဉာဉ်နယ်မြေ၌ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ အကြောင်းပြချက်မှာ စိတ်ဝိဉာဉ်နယ်မြေ၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီသည် သိုင်းသမားတစ်ယောက်အား ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို စစ်မှန်စွာနားလည်ပြီး ခန္ဓာကိုယ်အတွင်း၌ စုစည်းနိုင်ရန်အတွက် ထောက်ပံ့ပေးရန် လုံလောက်ခြင်း မရှိပေ။
ဝူထန်းနန်သည် သူ၏ အတွေ့အကြုံများကို ရှင်းပြနေဆဲရှိ၏။ ဝမ်ရှင်းသိုင်းပညာအကယ်ဒမီ ပြိုလဲပြီးနောက် ကျန်ရှိနေသည့် ပုဂ္ဂိုလ်များသည် မိုးပြာရောင်ပင်လယ်ဆီသို့ ထွက်ပြေးခဲ့ကြသည်။
ယွင်ထန်း၏ မိုးပြာရောင်ပင်လယ်မြို့တွင် သိုင်းပညာအကယ်ဒမီအသစ် တစ်ခုကိုပင် တည်ထောင်ခဲ့၏။ ယွင်ထန်း မိုးပြာရောင်ပင်လယ်မြို့၏ မြို့သခင်သည် ဝူထန်းနန်နှင့် ကောင်းမွန်သည့်ဆက်ဆံရေး ရှိသည်။
ထိုမြို့သည် အဆင့်လွန်ဂိုဏ်းများထဲ၌ ပါဝင်ပေမယ့် မိုးပြာရောင်ပင်လယ်ကိုသာ အုပ်စိုးပြီး ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်များနှင့် တူညီစွာ ယှဉ်တွဲနေထိုင်ကြသည်။ ထို့ကြောင့် ဒေသ၁၈ခုတို့ကဲ့သို့ တင်းကြပ်သည့် အဆင့်အတန်းခွဲခြားမှုတို့ ရှိမနေပါ။
"တံခါးပိတ်ကျင့်ကြံပြီးတဲ့ နောက်မှာ ငါ့ရဲ့ခွန်အားက အခုဆိုရင် စိတ်ဝိဉာဉ်နယ်မြေရဲ့ အကန့်အသတ်ကို ရောက်နေပြီးပြီ။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်က ဒီဗိုင်းဝိဉာဉ်ကို စုစည်းနိုင်တယ်။ ဒီဗိုင်းဝိဉာဉ်ကို စုစည်းပြီးရင် နောက်တစ်ဆင့်က ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီကို ဒီဗိုင်းဝိဉာဉ်ထဲမှာ ပေါင်းထည့်ဖို့ပဲ..."
ဝူထန်းနန်သည် သူ၏ သိုင်းပညာအတွေ့အကြုံများကို စတင်ပြောပြ၏။ ကြည့်ရသည်မှာ ယွဲ့ချန်မင်အား ရှင်းပြနေဟန်ရှိသည်။
သို့ပေမယ့် တကယ်တော့ ဒီအခွင့်အရေးကိုယူပြီး သူ၏ သိုင်းပညာအပေါ် ကိုယ်ပိုင်မေးခွန်းများအား ဖော်ပြနေခြင်း ဖြစ်၏။
စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်လာပြီးနောက် ဆက်လက်ကျင့်ကြံရန်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို ဒီဗိုင်းဝိဉာဉ်အတွင်းသို့ ပေါင်းစပ်ခြင်းဖြစ်သည်။
ပြောရလျှင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီ၉မျှင်အား သန့်စင်ခြင်းသည် အကန့်အသတ်ဖြစ်၏။ ပြီးနောက် ထို၉မျှင်တို့သည် ပေါင်းစပ်သွားပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအငွေ့အသက်အား စုစည်းမည်ဖြစ်သည်။
နောက်တစ်ဆင့်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားကို စုစည်းရန်ဖြစ်၏။ သို့ရာတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအငွေ့အသက် ၉ခုတို့ကို စုစည်းပြီးနောက် အထွတ်အထိပ်သို့ ရောက်ရှိလုနီးနေပါပြီ။
ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားကို စုစည်းရန်အတွက် လုံလောက်စွာ ထောက်ပံ့ပေးနိုင်ခြင်း မရှိသောကြောင့် ထပ်မံ အဆင့်ချိုးဖျက်ရန် ခက်ခဲလှ၏။
"မိုးပြာရောင်ပင်လယ်မှာတုန်းက အမွေအနှစ်နေရာ တစ်ခုကနေပြီး ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ပိုပြီးလှုပ်ရှားတက်ကြွတဲ့ လင်းကျီကို အာရုံခံစားနိုင်ခဲ့တယ်... အဲ့ဒါကြောင့်မလို့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမအငွေ့အသက်၉ခုကို စုစည်းပြီးတဲ့နောက်မှာ နိယာမအမျှင်တွေကို ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမအငွေ့အသက်ထဲမှာ ဖုံးကွယ်ထားခဲ့တယ်.."
"ဒါပေမယ့် အဲဒါတွေကို တစ်ခုတည်းအဖြစ် မပေါင်းစည်းနိုင်ဘူး ဖြစ်နေတယ်။ အဲ့ဒါကြောင့်ပဲ ဆက်လက်တိုးတက်ဖို့အတွက် မလုံလောက်ဘူးဖြစ်နေတာ.."
ဝူထန်းနန်က သက်ပြင်းချသည်။
ယွဲ့ချန်မင်လည်းပဲ နက်ရှိုင်းစွာသက်ပြင်းချ၏။ အဆင့်တစ်ခုချင်းစီတိုင်း၏ ကျင့်ကြံမှုသည် အလွန် ခက်ခဲလွန်းလှသည်။ သန့်စင်ခြင်နည်းလမ်းအပြင် လုံလောက်သည့် ပါရမီကိုလည်း လိုအပ်၏။ စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင် ပါရမီရှင်များ၏ ခွန်အားသည် သူတို့၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်နှင့် လင်းကျီအပေါ် နီးကပ်မှုအပေါ်၌ မှီခိုနေပါသည်။
ဤသည်က သူတို့ကို ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီအား ပိုမိုလွယ်ကူစွာ နားလည်သဘောပေါက်နိုင်ပြီး သန့်စင်နိုင်စေ၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကိုလည်း ပိုမိုလွယ်ကူစွာ နားလည်မှုရလာနိုင်သည်။
"ကျောင်းအုပ်တောင်မှ ဆက်ပြီးတော့ အဆင့် မချိုးဖျက်နိုင်ခဲ့ဘူး... အခြား သိုင်းသမားတွေဆိုရင် ပိုဆိုးမှာပေါ့.."
ယွဲ့ချန်မင်သည် သက်ပြင်းချ၏။
"အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ လျှို့ဝှက်ချက်က အဲ့ဒါနဲ့ သက်ဆိုင်နေလိမ့်မယ်... ငါ့အထင်တော့ ဒီဗိုင်းတံတားက အဓိကကျလိမ့်မယ်.."
ဝူထန်းနန်သည် သူသိရှိသည့် လျှို့ဝှက်ချက်အချို့ကိုလည်း ပြန်ပြောင်းပြောပြ၏။ ဥပမာအားဖြင့် ဒီဗိုင်းတံတား၏ တည်ရှိမှုဖြစ်သည်။
သို့ပေမယ့် သူသည် ဒီဗိုင်းတံတား၏ တည်ရှိမှုကိုနှင့် ဒီဗိုင်းတံတားအား ဖြတ်ကျော်ပြီးလျှင် အဆင့်ချိုးဖျက်ရန် အခွင့်အရေး ရှိနေသည်ဟုသာ နားလည်ထား၏။ ဒီဗိုင်းတံတားနှင့်ပတ်သက်ပြီး သက်ဆိုင်ရာအသေးစိတ်အချက်အလက်များကိုတော့ သိရှိခြင်း မရှိပေ။
ဤသည်မှာ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အဓိကလျှို့ဝှက်ချက် ဖြစ်၏။ သူသည် ယွင်ထန်းမိုးပြာရောင်ပင်လယ်မြို့၏ မြို့သခင်နှင့် ကောင်းမွန်သည့်ဆက်ဆံရေး ရှိပေမယ့် တစ်ဖက်လူသည် ထိုလျှို့ဝှက်ချက်အကြောင်းကို ပြောပြလိုခြင်း မရှိပေ။
'ဒီဗိုင်းတံတားလား... ထိုက်ချန်းရဲ့ နောက်ထပ် နယ်မြေတစ်ခုကို ဦးတည်တဲ့ တံတားတစ်ခုလား..'
လီရွှမ်သည် ကိုယ့်ကိုယ်ကိုယ် စဉ်းစား၏။
အတွင်းဘက်နယ်မြေပဲဖြစ်ဖြစ် စိတ်ဝိဉာဉ်နယ်မြေပဲဖြစ်ဖြစ် အားလုံးတို့မှာ ထိုက်ချန်းအတွင်း၌ ပါဝင်ကြသည်။ ထိုက်ချန်းမှာတော့ ရှင်းလင်းစွာပင် စိတ်ဝိဉာဉ်နယ်မြေနှင့် အတွင်းဘက်နယ်မြေတို့သာ ရှိနေခြင်းမဟုတ်ပေ။
'ထိုက်ချန်းရဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးက ဘယ်လိုလုပ်ပြီးတော့ နယ်မြေတွေအများကြီး ကွဲပြားနေရတာလဲ... ကြည့်ရတာ လျှို့ဝှက်ချက်အချို့တော့ ရှိရမယ်..'
လီရွှမ်သည် နှလုံးသားထဲတွင် သုံးသပ်၏။ သို့ပေမယ့် သူသည် ၎င်းတို့ကို အရမ်းကြီး အာရုံစိုက်ခြင်း မရှိပါ။ ဘာပဲဖြစ်ဖြစ် သူဖန်တီးခဲ့သည့် သိုင်းပညာသည် သူ၏ကိုယ်ပိုင်ဖြစ်ပြီး ထိုက်ချန်းသိုင်းပညာ မဟုတ်ပေ။ ထို့ကြောင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကြောင့် ကန့်သတ်မနေပါ။
"ပါရမီရှင်ရှင်တွေအကြား ယှဉ်ပြိုင်ပွဲက အဲ့ဒါနဲ့ ပတ်သက်နေတယ်... ငါ သိုင်းတစ်ထောင်ခန်းမ၊ လိင်ယွင်တောင်စံအိမ်နဲ့ ယွီလင့်စံအိမ်တို့ကို ဖိအားပေးပြီးတော့ စည်းမျဉ်းတွေကို လက်ခံစေခဲ့တယ်။ ဒီဗိုင်းတံတားပွင့်လာတဲ့အချိန်ကျရင် ငါအဲ့ဒီ့ကနေ တက်လှမ်းသွားလိမ့်မယ်.."
"တစ်ချက်က ငါ့ကိုယ်ငါ အဆင့်ချိုးဖျက်နိုင်ဖို့နဲ့ နောက်တစ်ချက်က တစ်ယောက်ယောက်ကို ရှာဖို့အတွက်ပဲ.."
ယွဲ့ချန်မင်က အံ့သြသွားပြီး မေး၏။
"ကျောင်းအုပ်က... လူတစ်ယောက်ကို ရှာနေတာလား.."
"သူမက ငါ့ရဲ့ သိုင်းပညာလမ်းညွှန်သူပဲ.."
ဝူထန်းနန်၏ မျက်နှာပေါ်၌ အတိတ်၏အရိပ်တို့ ပေါ်လာခဲ့သည်။
"ငါဝူထန်းနန်က အတွင်းဘက်နယ်မြေက ဆင်းရဲတဲ့ တောင်ပေါ်ရွာလေးတစ်ခုက လာခဲ့တာ... ပြီးတော့ ခြေတစ်လှမ်းချင်းစီနဲ့ စိတ်ဝိဉာဉ်နယ်မြေရဲ့ အထွတ်အထိပ်အထိ ရောက်ရှိလာခဲ့တယ်။ ဒါတွေအားလုံးက အဲ့ဒီ့အစ်မရဲ့ ညွှန်ကြားမှုကြောင့်ပဲ.."
လီရွှမ်မှာ အံ့သြသွားသည်။ ဝူထန်းနန်သည် အတွင်းဘက်နယ်မြေမှ လာခဲ့လေသည်လား။
"အဲ့ဒါဆိုရင် ခုနှစ်စင်ကြယ်အကယ်ဒမီရဲ့ တည်ထောင်သူဘိုးဘေးက..."
သူသည် ချက်ချင်းပင် ဝူထန်းနန်မှာ မည်သူဖြစ်သည်ကို တွေးမိလိုက်သည်။
"ကျောင်းအုပ်က အတွင်းဘက်နယ်မြေက လာတာလား.."
ယွဲ့ချန်မင်က အံ့ဩစွာအသံပြု၏။
"ဟုတ်တယ်.."
ဝူထန်းနန်က ခေါင်းငြိမ့်သည်။ ထို့နောက် သူ၏ ငယ်ရွယ်စဉ်က အတွေ့အကြုံများနှင့် အတွင်းဘက်နယ်မြေ၌ မြင့်တက်လာပုံတို့ကို ပြောပြသည်။
တိတ်ဆိတ်စွာ နားထောင်နေသည့် စုလင်းရှုံမှာ မနေနိုင်ဘဲ အနားသို့တိုးလာပြီး လီရွှမ်၏ဘေး၌ ဝင်ထိုင်၏။ သူမ၏ မျက်လုံးများက ပြူးကျယ်နေပြီး ဝူထန်းနန်ကို အထက်အောက် ကြည့်နေမိသည်။
တစ်ဖက်လူသည် အတွင်းဘက်နယ်မြေမှဖြစ်၏။ ထို့အပြင် ခုနစ်စင်ကြယ်အကယ်ဒမီ၏ တည်ထောင်သူဘိုးဘေးဖြစ်ကာ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။