← Chapters

အခန်း (၆၀၀)

Vol. 50 Ch. 600

အခန်း (၆၀၀)

Vol. 50 Ch. 600

ပိုဆိုးသည့်အချက်မှာ သခင်မသည် ချစ်ရသူနှင့် ခိုးရာလိုက်ပြေးသွားခြင်း ဖြစ်နိုင်ပေသည်။ ခေါင်းဆောင်အား ဦးခေါင်းထက် မြက်ခင်းစိမ်းကြီး တင်ပေးခဲ့ကာ ထားရစ်ခဲ့ခြင်းပင်။

ထိုသို့တွေးမိသည်တွင် ထန်ဇီယွဲ့ ဆိုရိုးစကားတစ်ခုကို သတိရသွားခဲ့သည်

“သိုင်းပညာထူးချွန်ပြောင်မြောက်မှုနဲ့ လောကကြီးကို အုပ်စိုးနိုင်ခဲ့ပေမဲ့ ဇနီးသည်‌ကို ဆုံးရှုံးရပြီး ယခုတော့ ဖရိုမရဲဖြင့် ခေါင်းငိုက်စိုက်ချရလေပြီ”

ထိုစဉ် နန်ပါးထျန်းမှ ထန်ဇီယွဲ့ကို ပြောသည်။

“ဇီယွဲ့ ဖြေရှင်းဖို့နည်းလမ်းတစ်ခုခု အမြန်စဉ်းစားကြည့်စမ်းပါ။ ငါ့ဇနီးကို လူယုတ်မာတစ်ယောက်ယောက်က ဖမ်းခေါ်‌သွားတာဖြစ်လိမ့်မယ်။ ငါတို့ ကယ်တင်ဖို့နည်းလမ်းရှာရမယ်”

ထိုအခါ ထန်ဇီယွဲ့သည် အချိန်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောသည်။

“ခေါင်းဆောင် ကျွန်တော်တို့ သခင်မနဲ့ ရင်းနှီးတဲ့လူတွေကို စဉ်းစားကြည့်ရမယ်။ အထူးသဖြင့် အမျိုးသားတွေ”

“ရင်းနှီးတဲ့အမျိုးသားလား.. အဲဒါငါပဲလေ”

နန်ပါးထျန်းသည် ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။ ထို့နောက် ဆက်ပြောသည်။

“ဇီယွဲ့ မင်းဘာလို့ ဒီလိုအသုံးမဝင်တဲ့မေးခွန်းတွေကို မေးနေရတာလဲ။ မင်းရဲ့ အဲဒီမေးခွန်းက ငါ့ကိုရည်ရွယ်နေတာကြီးလေ”

ထန်ဇီယွဲ့သည် နန်ပါးထျန်းကို ကြည့်လိုက်သည်။ နန်ပါးထျန်းမှ ဆက်ပြောသည်။

“ဟုတ်တယ်။ ဒီကိစ္စက သေချာပေါက် ငါ့ကိုပစ်မှတ်ထားတာပဲ။ ဒီကိစ္စရဲ့နောက်ကွယ်က လူက ချန်ကျိုစစ်ဖြစ်မယ်လို့ ငါခံစားနေရတယ်”

“ဟမ်”

ထန်ဇီယွဲ့ အံ့အားသင့်မှုကြောင့် မျက်လုံးပြူးသွား၏။

ချန်ကျိုစစ်လား။ ချန်ကျိုစစ်က သခင်မ ပျောက်သွားတာနဲ့ ဘာဆိုင်လို့တုန်း။

ထန်ဇီယွဲ့ မေးလိုက်သည်။

“ဘာလို့ ချန်ကျိုစစ်လဲ”

နန်ပါးထျန်းမှ ပြန်ပြောသည်။

“ငါတို့ကြားမှာ ရန်ငြိုးရှိလို့ပေါ့”

ထို့နောက် ထန်ဇီယွဲ့မှ ပြောသည်။

“ခေါင်းဆောင်လျိုကလည်း ခေါင်းဆောင်နဲ့ ရန်ငြိုးရှိတာပဲ။ ဘာလို့ ခေါင်းဆောင်လျိုကိုကျ သံသယမဝင်တာလဲ”

နန်ပါးထျန်းမှ ပြန်ဖြေသည်။

“ငါ လျိုလောင်ကွေ့နဲ့ တိုက်ခိုက်လာတာ နှစ်၂၀ကျော်နေပြီ။ တစ်ခါမှ ဒီလိုစက်ဆုပ်ဖို့ကောင်းတဲ့ နည်းလမ်းမျိုးအထိ မသုံးဖူးဘူး။ သေချာပေါက် ချန်ကျိုစစ် လက်ချက်ပဲ ဖြစ်လိမ့်မယ်။ ငါ ချန်ကျိုစစ်ကို သွားရှာပြီး ငါ့ဇနီးကို ကယ်ရမယ်”

“အာ ခေါင်းဆောင်”

ထန်ဇီယွဲ့မှ လှမ်းခေါ်သော်လည်း နန်ပါးထျန်းသည် သူ့ကို အရေးမစိုက်တော့ဘဲ အမိန့်ပေးလိုက်သည်။

“တစ်ယောက်ယောက်လာခဲ့စမ်း။ ချင်းယင်ကို တပ်သားတွေစုဖို့ သွားပြောချည်။ ကျားဖြူခန်းမဆီသွားပြီး ချန်ကျိုစစ်လက်ထဲကနေ သခင်မကို သွားကယ်ရမယ်”

အဖွဲ့သားလေးမှ ချက်ချင်းတုံ့ပြန်သည်။

“ဟုတ်ကဲ့”

အဖွဲ့သားများသည် လျင်မြန်စွာပင် ပြင်ဆင်ပြီးသွားကြသည်။ ထိုစဉ် ထန်ဇီယွဲ့မှ ကြားဖြတ်ပြောသည်။

“ခေါင်းဆောင် ချန်ကျိုစစ်လုပ်တာ မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။ ချန်ကျိုစစ်လိုလူမျိုးက သခင်မကို အသုံးချပြီး ခေါင်းဆောင်ကို ခြိမ်းခြောက်တဲ့လုပ်ရပ်မျိုး လုပ်မှာ မဟုတ်ပါဘူး။ တရားခံက တခြားသူလည်း ဖြစ်နိုင်ပါတယ်”

“ဘယ်သူလဲ”

နန်ပါးထျန်း၏ မေးခွန်းသည် ထန်ဇီယွဲ့ကို အငိုက်မိသွားစေသည်။

တကယ့်ကို တခြားသူစဉ်းစားမရဘူးပဲ။

သခင်မကို ဆွဲဆောင်ဖျားယောင်းခဲ့တဲ့သူက ဘယ်သူလဲ။ ဘယ်သူက မယားခိုးမှုကျူးလွန်တာဖြစ်မလဲ။

ထန်ဇီယွဲ့ ဘယ်လိုမှ စဉ်းစားမရပါချေ။ ခေါင်းဆောင်နန်၏ မသိစိတ်မှ အလို‌အလျောက် ထင်မြင်မှုမှာ မှန်ကန်နေသည်လည်း ဖြစ်နိုင်ပါ၏။

ထန်ဇီယွဲ့မှ ပြောသည်။

“ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ခေါင်းဆောင်၊ အခုအချိန်မှာ ချန်ကျိုစစ်ကို ပြဿနာသွားရှာရင် သခင်ကြီးယဲ့လု မနှစ်ခြိုက်မှာ စိုးရပါတယ်”

နန်ပါးထျန်းမှ ပြောသည်။

“ငါ့ဇနီးကို သွားရှာတဲ့ကိစ္စက သခင်ကြီးယဲ့လုနဲ့ ဘာမှမဆိုင်ဘူး။ ငါ ဒီနေ့ ဝမ်အာကို ကျိန်းသေပေါက် ကယ်ရမယ်”

ထိုအခါ ထန်ဇီယွဲ့မှ ပြန်ပြောသည်။

“အင်း… ဒါဆိုလည်း ကောင်းပါပြီ”

ထန်ဇီယွဲ့မှာ မျက်နှာမကောင်းပေ။ ဤတစ်ကြိမ်သည်တော့ ချန်ကျိုစစ်ကို အမှန်တကယ် မှားယွင်းစွပ်စွဲမိခြင်း ဖြစ်နိုင်ပေသည်။ ဤကိစ္စအတွက် တာဝန်ရှိသူမှာ မယားခိုးမှုကျူးလွန်သည့် တရားခံသာဖြစ်ပြီး ချန်ကျိုစစ်နှင့် မသက်ဆိုင်ကြောင်း သိသာထင်ရှားလှပေသည်။

ဒီလိုကပ်ဘေးကြီးဖြစ်အောင် လုပ်နေဖို့ မတန်လိုက်တာ။

သို့သော် ခေါင်းဆောင်သည် သခင်မ ပျောက်သွားသည့်ကိစ္စဖြင့် ပြဿနာရှာချင်နေပုံရ၏။

သနားဖို့ကောင်းတဲ့ချန်ကျိုစစ်ကတော့ နောက်ထပ် နာကျည်းမုန်းတီးမှုတစ်ခု ပိုလာဦးတော့မှာပဲ။

ဤတစ်ကြိမ်တွင် နန်ပါးထျန်း၏ ထင်မြင်မှု မှန်ကန်ကြောင်းကို မသိပါဘဲ ထန်ဇီယွဲ့သည် ထိုသို့တွေးတောနေခဲ့၏။ ဟွမ်ဝမ်အာကို ခေါ်ဆောင်သွားသူမှာ ချန်ကျိုစစ် အမှန်ဖြစ်ပြီး ချန်ကျိုစစ်ကို သွားရှာခြင်းသည် မှန်ကန်ပါသည်။

ချန်ကျိုစစ်သည် ထန်ဇီယွဲ့ပြောသည့် မယားခိုးမှုကျူးလွန်သည့် တရားခံဖြစ်ပါသည်။

အဖွဲ့သားများသည် လျင်မြန်စွာ စုဝေးလိုက်ကြသည်။ ဤအဖွဲ့သားများသည်လည်း နန်ပါးထျန်းနှင့်အတူ တစ်နေ့ကုန် ပြေးလွှားနေခဲ့ရပြီး ခုနကမှ အိမ်ပြန်ကြရသည့် အဖွဲ့သားခုနစ်ရာအုပ်စု ဖြစ်ပေသည်။ အဖွဲ့သားအချို့မှာ ညစာစားနေဆဲ ထလာရလေရာ ပါးစပ်တွင် ပေါက်စီတန်းလန်းကိုက်လျက် ရောက်လာသူပင် ရှိသည်။

နန်ပါးထျန်းသည် နေရာရှာရပ်လိုက်ပြီးနောက် ပြောသည်။

“ညီနောင်တို့က အရမ်းလွန်လွန်းသွားပြီ။ ငါ့ဇနီး မင်းတို့ရဲ့သခင်မကို ဖမ်းခေါ်သွားခဲ့တယ်။ ဒါဟာ ဘယ်လိုမှ သည်းခံနိုင်ဖွယ်ရာမရှိတဲ့ စော်ကားမှုကြီးပဲ။ အားလုံးပဲ ငါနဲ့အတူ ကျားဖြူခန်းမ‌ဆီ လိုက်ခဲ့ပြီး လူပြန်လွှတ်ပေးဖို့ တောင်းဆိုကြမယ်။ အကယ်၍ လူပြန်လွှတ်မပေးခဲ့ရင် ကျားဖြူခန်းမကို အမှုန့်ကြိတ်ပစ်မယ်”

“ဘာရယ်။ ခေါင်းဆောင် သခင်မက တကယ်ကြီး ချန်ကျိုစစ်ပြန်ပေးဆွဲတာ ခံလိုက်ရတာလား”

နန်ပါးထျန်း၏စကားအဆုံး၌ သူ၏နံပါတ်တစ်‌လက်အောက်ငယ်သားဖြစ်သူ ချင်းယင်မှ ချက်ချင်း မေးမြန်းလာခဲ့သည်။

နန်ပါးထျန်း ခပ်ဖျော့ဖျော့ ခေါင်းညိတ်ပြ၏။

“အမှန်ပဲ”

ထိုအခါ ချင်းယင်သည် အော်ဟစ်ပြောဆိုတော့သည်။

“ကျားဖြူခန်းမကို နင်းခြေပြီး သခင်မကို ကယ်တင်ကြမယ်”

“ကျားဖြူခန်းမကို နင်းခြေပြီး သခင်မကို ကယ်တင်ကြမယ်”

ချင်းယင်မှ အော်ဟစ်ကြွေးကြော်သောအခါ အဖွဲ့သားများသည်လည်း လိုက်လံကြွေးကြော်ကြသည်။ ထိုအခါ ထန်ဇီယွဲ့မှ ကြားဝင်ပြောဆိုသည်။

“ဟေး ဟေး သခင်မကို ကယ်မယ်တဲ့လား။ ငါတို့က စီရင်စုအုပ်ချုပ်ရေးမှူးရဲ့အမိန့်နဲ့ ကျားဖြူခန်းမကို ရှာဖွေစစ်ဆေးပြီး မိန်ဂိုဏ်းသားမိစ္ဆာတွေကို ဖမ်းဆီးရမှာလေ။ သခင်မကို ဆွဲမထည့်ကြစမ်းနဲ့”

“အဲဒီလိုအသေးအဖွဲလေးတွေကို မေ့ထားလိုက်စမ်းပါ”

ထန်ဇီယွဲ့၏ ပြင်ဆင်မွန်းမံထားသည့် ဖော်ပြချက်ကို ကြားသည်တွင် နန်ပါးထျန်းသည် လက်မခံဘဲ ခေါင်းမော့ရင်ကော့လျက် ပြောသည်။

“သခင်မကို ကယ်ဖို့ သွားမှာ အမှန်ပဲ။ ကိုယ့်ဇနီး ဖမ်းခေါ်သွားခံရတာကိုတောင်မှ အသံမထွက်ရဲရင် ကိုယ့်ကိုယ်ကိုယ် ယောက်ျားလို့ ခေါ်နိုင်ပါဦးမလား”

“သခင်ကြီးယဲ့လု ရှေ့မှာရှိနေရင်တောင် ဒီအတိုင်း ကြွေးကြော်နေဦးမှာပဲ”

နန်ပါးထျန်းမှ ပြောလိုက်သည်။

“ချင်းယင် ရှေ့ကဦးဆောင်သွား။ ငါတို့ စထွက်ကြမယ်”

“ဟုတ်ကဲ့”

“အားလုံးပဲ ကျားဖြူခန်းမဆီ ချီတက်ကြမယ်”

“ဟုတ်ကဲ့”

အမိန့်နှင့်အတူ အဖွဲ့သားခုနစ်ရာသည် ကျားဖြူခန်းမသို့ ဦးတည်ချီတက်ကြသည်။

…

ထိုစဉ် ကျားဖြူခန်းမ၌ ချန်ကျဲ့သည် လျိုလောင်ကွေ့နှင့်အတူ လက်ဖက်ရည်သောက်သုံးနေ‌၏။

သို့သော် လျိုလောင်ကွေ့၏ မျက်နှာအမူအရာသည်တော့ စိုးရိမ်ပူပန်မှုများ ထင်ဟပ်လျက် အနည်းငယ် ဂနာမငြိမ် ဖြစ်နေပေသည်။

“ကျိုစစ် မင်းဒီကိစ္စကို ဘာမှမလုပ်တော့ဘူးလား။ နန်ပါးထျန်းက ဘယ်လိုလုပ်လိုက်လို့ သခင်ကြီးယဲ့လုရဲ့ အလေးပေးမှုကို ပြန်ရသွားလဲတော့ ငါမသိဘူး။ ဒါပေမဲ့ သခင်ကြီးယဲ့လုက တကယ်ကြီး နန်ပါးထျန်းကို ငါတို့ဆိပ်ကမ်းတွေကို ချိတ်ပိတ်ခွင့်ပေးလိုက်တယ်တဲ့လေ။ အခု သူက ငါ့ရဲ့အကြီးဆုံးသင်္ဘောဆိပ်ကို ချိတ်ပိတ်ထားတဲ့အပြင် ကုန်တင်သင်္ဘော၂၅စင်းနဲ့ လှေအသေး၆၀ကျော်ကိုလည်း တရားဝင်သိမ်းယူသွားသေးတယ်။ တကယ် ငါ့ကို ချောင်ပိတ်ရိုက်နေတာပဲ”

“မင်းသိရဲ့လား၊ သံသတ္တုတွင်းကို ပိတ်သိမ်းလိုက်ကတည်းက ငါတို့ချောင်ကုန်သည်အဖွဲ့မှာ ဒီသင်္ဘောနည်းနည်းကို မှီခိုပြီး ဝင်ငွေရှာနေရတာ။ အခုကျ ဆိပ်ကမ်းတွေကို ပိတ်ထားပြီး သင်္ဘောတွေလည်း ထွက်ခွင့်မပေးဘူး။ အခု ချောင်ကုန်သည်အဖွဲ့က ဝင်ငွေတစ်ပြားတစ်ချပ်မှ မရှိဘဲ အဖွဲ့ရဲ့အရင်းအမြစ်တွေ တငွေ့ငွေ့ ပျောက်ကွယ်သွားနေတာကို ထိုင်ကြည့်နေရတယ်ကွ။ ဒီအခြေအနေကို ငါတို့ ဘယ်လိုဖြတ်ကျော်ရမလဲ”

လျိုလောင်ကွေ့သည် စိတ်မွန်းကြပ်စွာဖြင့် ချန်ကျဲ့ကို ပြောနေခဲ့သည်။

ချန်ကျဲ့မှ ဘာမှပြန်မပြောမီတွင် ရှောင်ဟူမှ ပြောလာခဲ့သည်။

“ခေါင်းဆောင်လျိုပြောတာ မှန်တယ်။ နန်ပါးထျန်းက တကယ်ယုတ်မာတဲ့ကောင်ပဲ။ ရှန်းထောင်ကူးတို့ဆိပ်က ကျွန်တော်တို့ရဲ့သင်္ဘောတွေနဲ့ လှေတွေလည်း အကုန်သိမ်းယူခံလိုက်ရပြီ။ ကျွန်တော်တို့လည်း ဒီကိစ္စကို စိုးရိမ်နေတာပါ။ အဲဒါကြောင့် ခန်းမအရှင်သခင် ကျွန်တော်တို့ရဲ့ ဆုံးရှုံးနစ်နာမှုအတွက် စီရင်စုအုပ်ချုပ်ရေးမှူးကို လျှောက်တင်လိုက်ကြမလား”

All Chapters