← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အပိုင်း (၁၄၁) - ချင်းကျိုး သူရဲကောင်းကိုးဖော်

ကူချူတုန်းက အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။

"မဟာသိုင်းဆရာကြီးတွေတောင် ပါဝင်နေတာလား... အဲဒီလောက်တောင် အစွမ်းထက်တာလား..."

လင်းချီရှားက ခေါင်းညိတ်ပြလျက် ပြန်လည်ရှင်းပြလေသည်။

"ချင်းကျိုး သူရဲကောင်းကိုးဖော်ထဲမှာ ကျန်းချီစံအိမ်ရဲ့ အရင်သခင် လုချန်ယန်၊ မျက်ခုံးရှည်ဓားဂိုဏ်းကို တည်ထောင်ခဲ့တဲ့ သွမ့်ချန်မေ၊ ချန်မိသားစုရဲ့ သခင် ချန်ထုံနဲ့ ရွှေဓားဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဝမ်တင်းထောင်တို့လို ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားခဲ့တဲ့ သူတွေကလွဲရင်... အခုလေးတင် အသတ်ခံလိုက်ရတဲ့ ဆံဖြူနတ်မင်း ပိုင်ယင်းက နာမည်အနည်းဆုံးပဲ... ကျန်တဲ့ လေးယောက်ထဲမှာ အဆင့် ၃ ရှိတဲ့ ကူဟွာထုံရဲ့ နာမည်ကို သိပ်မမှတ်မိကြပေမယ့် နောက်ထပ် နာမည်တစ်ခုကို ပြောလိုက်ရင်တော့ သိုင်းလောကမှာရှိတဲ့ လူတိုင်းနီးပါး သိကြလိမ့်မယ်... အခု ချင်းပြည်နယ်ရဲ့ နံပါတ် ၁ ဆရာကြီးအဖြစ် အသိအမှတ်ပြုခံထားရပြီး ကန်တိုင်းပြည် ကောင်းကင်စာရင်းမှာ အဆင့် ၁၀ ရှိတဲ့ ကွမ်မင်ကျောင်းတော်ရဲ့ ကျောင်းထိုင် တင်းချန်ဆရာတော်ပဲ..."

ချင်းကျိုး သူရဲကောင်းကိုးဖော်မှာ ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားပြီဖြစ်သော ခေတ်နောက်ကျသည့် သိုင်းအဖွဲ့အစည်းတစ်ခုဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအချိန်အထိ ထင်ရှားနေဆဲ ဖြစ်ခြင်းအပေါ် ကူချူတုန်းမှာ အံ့အားသင့်သွားရ၏။ လင်းချီရှားက ဆက်လက်၍ ပြောပြပေသည်။

"နောက်တော့ အဆင့် ၅ မှာ ရှိတဲ့သူက ရန်ရှန်းမေ့ဆိုတဲ့ အမျိုးသမီး တစ်ယောက်ပဲ... တင်းချန်ဆရာတော်လိုပဲ သူမရဲ့ နာမည်ကို သိတဲ့သူ နည်းပေမယ့် သူမရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို လူတိုင်းနီးပါး သိကြတယ်... သူမက ရွှမ်နွီနန်းတော်ကို တည်ထောင်ခဲ့တဲ့သူပဲ... ငယ်ရွယ်စဉ်က သိုင်းလောကမှာ ကျောက်စိမ်းဟင်းလင်းပြင် နတ်သမီးလို့ နာမည်ကြီးခဲ့ပြီး အခုတော့ ကျောက်စိမ်းဟင်းလင်းပြင် ဘိုးဘေးလို့ လူသိများတယ်... သူမက ငါ့ရဲ့ ဆရာ့ဆရာလည်း ဖြစ်တယ်..."

ပထမဆုံးအကြိမ် ကြားဖူးခဲ့သော ချင်းကျိုး သူရဲကောင်းကိုးဖော်မှာ ဤမျှ အလေးစားခံရလိမ့်မည်ဟု ကူမော့လည်း မထင်ထားခဲ့မိပေ။ တင်းချန်ဆရာတော်မှာ ကန်တိုင်းပြည် ကောင်းကင်စာရင်းတွင် အဆင့် ၁၀ ၌ ရှိနေပြီး ကျောက်စိမ်းဟင်းလင်းပြင် ဘိုးဘေးမှာလည်း ကန်တိုင်းပြည်၏ နံပါတ် ၁ အမျိုးသမီး သိုင်းဆရာကြီးအဖြစ် သတ်မှတ်ခံထားရ၏။ ကူမော့နှင့် ကူချူတုန်းတို့၏ အံ့သြနေသော မျက်နှာများကို မြင်သောအခါ လင်းချီရှားက ပြုံးလျက် ဆိုချေသည်။

"နောက်ထပ် နှစ်ယောက်ကလည်း အတော်လေး နာမည်ကြီးပြီး သြဇာရှိတဲ့သူတွေပဲ... တစ်ယောက်က အဆင့် ၆ ရှိတဲ့ ထျဲ့ကျူပဲ၊ သူက ခုနက ထွားကျိုင်းပြီး ရိုးအတဲ့ ထျဲ့ထိုရဲ့ ဆရာပေါ့... သိုင်းလောကမှာတော့ စစ်သူတော်စင်လို့ နာမည်ကြီးတယ်... သူက လောကရဲ့ ထိပ်တန်း လက်နက်ဖန်တီးမှု ဆရာကြီး ဖြစ်ပြီး နာမည်ကျော် နတ်လက်နက် များစွာကို ဖန်တီးခဲ့တယ်... သူ့ရဲ့ လက်နက်ဖန်တီးမှု စွမ်းရည်က ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ငါ အကျယ်တဝင့် ပြောပြနေစရာ မလိုတော့ပါဘူး... ဒီ ကောချန်မိစ္ဆာဓားက ဒီမှာ ရှိနေပြီးသားပဲ၊ အားလုံးလည်း ခုနက မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပြီလေ..."

ကူချူတုန်းက ခေါင်းညိတ်လျက် မေးမြန်းလိုက်၏။

"အဲဒီ ထျဲ့ထိုက သူ့ရဲ့ ဆရာတူဦးလေးက ချီမြောင်ရွှမ်လို့ ပြောတယ်နော်... ချီမြောင်ရွှမ်က ချင်းကျိုး သူရဲကောင်းကိုးဖော်ထဲက နောက်ဆုံး အသက်ရှင်ကျန်ရစ်တဲ့သူလား..."

လင်းချီရှားက အတည်ပြု ဖြေကြားလေသည်။

"သေချာတာပေါ့... အဲဒါက ဆေးသူတော်စင် ချီမြောင်ရွှမ် အစစ်အမှန်ပါပဲ... သူက ချင်းကျိုး သူရဲကောင်းကိုးဖော်မှာ အဆင့် ၉ ရှိပြီး ထိပ်တန်း ဆေးပညာရှင် တစ်ယောက်ပဲ... တိတိကျကျ ပြောရရင် ကန်တိုင်းပြည် တစ်ခုလုံးမှာ ဆေးနတ်ဘုရား ဝေ့ဝူဝေ့ တစ်ယောက်ပဲ သူနဲ့ ယှဉ်နိုင်တာ..."

ကူချူတုန်းက သူမ၏ ပြာများကို လက်ညှိုးထိုးပြရင်း သံသယဖြင့် မေးမြန်းပေ၏။

"ဒါဆိုရင် ဒီစကားတွေအရဆို သူက နင့်ရဲ့ စီနီယာအကြီးကဲ ဖြစ်နေတာပေါ့..."

လင်းချီရှားက ခေါင်းညိတ်ပြလျက် ဆိုလေသည်။

"အဲဒီ လူအကြီး အပါအဝင် သူ့ကိုလည်း ငါ့ရဲ့ စီနီယာအကြီးကဲလို့ သတ်မှတ်လို့ ရတာပေါ့... ဒါပေမယ့် ဒီဆံပင်ဖြူ လူက ငါတို့ ရွှမ်နွီနန်းတော်နဲ့ အဆက်အသွယ် ပြတ်သွားတာ ကြာပြီ... သူက မိစ္ဆာလမ်းစဉ်ကို လိုက်သွားတာ ကြာပြီလေ... လွန်ခဲ့တဲ့ ဆယ်နှစ်က သူ့ကို ငါ တွေ့ခဲ့ဖူးတယ်၊ မိစ္ဆာလမ်းစဉ်က လူတွေနဲ့ ပေါင်းသင်းနေလို့ ငါ့ဆရာက ဖမ်းမိခဲ့တာ... ဒါပေမယ့် အဲဒီတုန်းက ငါ့ဆရာက အရင်က သံယောဇဉ်ကို ထောက်ထားပြီး သူ့ရဲ့ သွေးကြောတချို့ကိုပဲ ဖျက်ဆီးလိုက်တယ်၊ သူ့ရဲ့ သိုင်းပညာ နည်းနည်းလေးကို ချန်ထားပေးပြီး လွှတ်ပေးလိုက်တာ... သိပ်မကြာခင်မှာပဲ သူ့ရန်သူတွေရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတယ်လို့ ကြားရတယ်၊ သူ အသက်ရှင်နေသေးတယ်လို့ ငါ မထင်ထားမိဘူး..."

ကူချူတုန်းက ရုတ်တရက် နားလည်သွားဟန်ဖြင့် ရေရွတ်လိုက်၏။

"ဒါကြောင့် ချင်းကျိုး သူရဲကောင်းကိုးဖော်ထဲက အသက်ရှင်ကျန်ရစ်သူတွေ အားလုံးက အရမ်း အစွမ်းထက်နေပေမယ့် ဒီဆံပင်ဖြူ လူကတော့ သူ့ရဲ့ မြေးတပည့်ဖြစ်တဲ့ နင့်ကို ရင်ဆိုင်ဖို့တောင် လှည့်ကွက်တွေ၊ အကြံအစည်တွေ သုံးခဲ့ရတာ... သူ့ရဲ့ သိုင်းပညာတွေ ဖျက်ဆီးခံလိုက်ရတာကိုး..."

လင်းချီရှား၏ မျက်နှာမှာ ချက်ချင်း အရှက်ရသွားတော့၏။ ယမန်နေ့ညက ကျန်းချီစံအိမ်တွင် သူမ၏ အပြုအမူမှာ အလွန်ပင် မိုက်မဲလှပေသည်။ ပိုင်ယင်း၏ ရိုးရှင်းသော စကားများကြောင့် အလွယ်တကူ ဒေါသထွက်သွားပြီး အခြေအနေကို ဂရုမစိုက်ခဲ့မိခြင်း ဖြစ်၏။ သူမသည် ကူချူတုန်းနှင့် ကူမော့တို့ကို တစ်ချက်ကြည့်၍ မျက်နှာရဲတက်လာကာ ရှင်းပြလေသည်။

"တကယ်တော့... မနေ့ညက ကိစ္စက... ကျွန်မ... ကျွန်မမှာ အကြောင်းပြချက်တွေ ရှိပါတယ်... ကျွန်မက သူများ အရည်အချင်းရှိတာကို မနာလိုဖြစ်နေတာ တကယ် မဟုတ်ပါဘူး... နန်ကုန်းယွဲ့ရှီးက တကယ်ကို..."

အခြားသူများကို ကွယ်ရာတွင် အတင်းပြောခြင်းက သူမကို ပို၍ စိတ်ထားသေးသိမ်သူအဖြစ် ပေါ်လွင်စေမည်ကို သတိပြုမိသွားသဖြင့် စကားကို ရပ်လိုက်၏။ ကူချူတုန်းကလည်း ပြန်လည်အားပေးလိုက်ပေသည်။

"ရပါတယ်... နတ်သမီးလင်း... ကျွန်မတို့ မောင်နှမက အဲဒီကိစ္စတွေကို နားမလည်ပါဘူး... နင် ရှင်းပြစရာ မလိုပါဘူး... နင့်ရဲ့ စရိုက်ကို ငါ ယုံကြည်ပါတယ်... အန္တရာယ်ကြုံလာရင် ရှေ့ကို တိုးထွက်ပြီး တခြားသူတွေကို အရင်သွားခိုင်းတာ... အဲဒီအတွက်တင် နင့်ကို ငါ ယုံကြည်ပါတယ်..."

လင်းချီရှားက အားတုံ့အားနာ ပြန်လည်ပြောကြားချေ၏။

"ကျေး... ကျေးဇူးတင်ပါတယ်..."

ထိုစဉ် လင်းချီရှားမှာ ရုတ်တရက် ရင်ဘတ်ထဲတွင် အောင့်သွားပြီး သွေးတစ်လုတ် အန်ထုတ်ကာ လဲကျသွားသဖြင့် ကူချူတုန်းက အလျင်အမြန် ထူပေးလျက် စိုးရိမ်တကြီး ခေါ်လိုက်သည်။ "နတ်သမီးလင်း... ဘာဖြစ်တာလဲ..."

လင်းချီရှားမှာ အမှန်တကယ်ပင် သတိလစ်သွားပြီ ဖြစ်ရာ အခြား ရွှမ်နွီနန်းတော်မှ တပည့်အချို့လည်း ပြေးလာကြတော့၏။ ကူချူတုန်းက လင်းချီရှား၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ကာ မျက်မှောင်ကြုတ်လျက် ဆိုလေသည်။

"အစ်ကို... လင်းချီရှားရဲ့ သွေးခုန်နှုန်းက အရမ်းကို ကမောက်ကမ ဖြစ်နေတယ်၊ သူမကိုယ်ထဲမှာ စွမ်းအင်တွေ ဆူပွက်နေတယ်... အဲဒီ မိစ္ဆာဓားကြောင့် ရခဲ့တဲ့ ဒဏ်ရာက ဖြစ်ရမယ်... သူ ကိုယ်တွေ ပူနေတယ်..."

ကူမော့လည်း ညင်သာစွာ စမ်းသပ်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ်၊ အဲဒီ မိစ္ဆာဓားရဲ့ စွမ်းအားပဲ... မနေ့ညက သူမ အထိခံလိုက်ရတဲ့ တိုက်ခိုက်မှုကနေ ကျန်ခဲ့တဲ့ စွမ်းအင်တွေ ဖြစ်မယ်... ဒီစွမ်းအင်က အရမ်းကို ကြမ်းတမ်းတယ်၊ အချိန်မီ မကုသရင် သူမရဲ့ သွေးကြောတွေကို ပြတ်တောက်သွားစေနိုင်တယ်၊ ဒါမှမဟုတ် ပေါက်ကွဲပြီး သေဆုံးသွားနိုင်တယ်..."

ရွှမ်နွီနန်းတော်မှ တပည့်တစ်ဦးက အလောတကြီး မေးမြန်းပေသည်။ "ဆရာကြီးကူ... စီနီယာ အစ်မလင်းကို ကယ်ပေးနိုင်မလား..."

ကူမော့က ခေါင်းယမ်းလျက် ပြန်ပြောလေ၏။

"ငါ ဆေးပညာကို နားမလည်ဘူး... အဲဒီ စွမ်းအင်ကို ယာယီ ဖိနှိပ်ထားပေးလို့ပဲ ရမယ်... ဘယ်လို ကုသရမလဲ ဆိုတာတော့ ဆရာဝန်ကို ရှာရမှာပဲ..."

ကူမော့ ပြောသည်မှာ အမှန်ပင် ဖြစ်၏။ သည်စွမ်းအင်က သူမ၏ အရေပြားမှတစ်ဆင့် သွေးကြောများအတွင်းသို့ တိုက်ရိုက် စိမ့်ဝင်သွားပြီး အဆိပ်နှင့် အနည်းငယ် တူညီနေပေသည်။ သင့်လျော်သော ကုသမှုတစ်ခုကို ပြုလုပ်ရန်အတွက် ကျွမ်းကျင်သော ဆရာဝန်နှင့် အထူးနည်းလမ်းများ လိုအပ်၏။ ကူမော့သည် လင်းချီရှား၏ ခန္ဓာကိုယ်အတွင်းသို့ အေးစက်သော အတွင်းအားတစ်မျှင် ထည့်သွင်းပေးလိုက်ချေသည်။ ကူမော့သည် ရိုးရှင်းသော အတွင်းအားတစ်မျှင်ဖြင့် သူမ၏ ခန္ဓာကိုယ်တွင်းရှိ ထူးဆန်းသော စွမ်းအားကို အလွယ်တကူ ဖိနှိပ်လိုက်၏။ ခေတ္တမျှ ကြာပြီးနောက် လင်းချီရှားမှာ ဖြည်းညင်းစွာ သတိပြန်လည်လာပြီး ကျေးဇူးတင်စကား ဆိုလေသည်။ ကူမော့က လက်ဝှေ့ယမ်းပြပြီး ကောချန်မိစ္ဆာဓားကိုသာ ဆက်လက် လေ့လာနေလိုက်၏။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းမှာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိလာကြပေသည်။ သံသေတ္တာကို သွားယူရန် ကျန်းချီစံအိမ်သို့ ပြန်သွားသော အုပ်စုမှာ ယခုအချိန်အထိ ပြန်မလာသေးချေ။ အသက် ဆယ့်နှစ်နှစ်အရွယ် ထျဲ့ထိုနှင့်အတူ လျှိုဖေးယန်တို့ ပြန်သွားခဲ့ခြင်း ဖြစ်သဖြင့် လူတိုင်းမှာ စိုးရိမ်ပူပန်လာကြတော့၏။

ကူမော့က ပြောလိုက်လေသည်။

"သွားကြစို့..."

သူသည် မြင်းပေါ်သို့ တက်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်ရာ ရေခဲနေသော မိစ္ဆာဓားမှာ သူ၏ လက်ထဲသို့ ရောက်ရှိလာချေသည်။ ထို့နောက် ချက်ချင်းပင် ကူချူတုန်းနှင့် အစောင့်အရှောက် နှစ်ဦးလည်း မြင်းပေါ်တက်ကာ ကူမော့နောက်သို့ လိုက်ပါသွားကြ၏။ လင်းချီရှားကလည်း ရှဲ့လျှူယင်းနှင့် အခြားသူများကို အမိန့်ပေးလိုက်ပေသည်။

"ဂျူနီယာ ညီမလေး... နင်တို့အားလုံး အတူတူ သွားကြ..."

ဆယ့်ငါးမိနစ်ခန့် မြင်းစီးပြီးနောက် အုပ်စုသည် ကျန်းချီစံအိမ်သို့ ပြန်လည် ရောက်ရှိလာကြ၏။ ကူမော့က အတွင်းမှ သဲ့သဲ့မျှ ထွက်ပေါ်နေသော အသက်ရှူသံများကို အာရုံခံမိ၍ စံအိမ်အတွင်းသို့ ပြေးဝင်သွားချေသည်။ ထိုအခါ မြေပြင်ပေါ်၌ လဲကျနေသည့် လျှိုဖေးယန်နှင့် အခြား အစောင့်အရှောက် တစ်ဦးကို တွေ့လိုက်ရ၏။ ကူမော့က သူတို့၏ လည်ပင်းနောက်ဘက်ကို နှစ်ချက်ခန့် အလျင်အမြန် ခေါက်လိုက်ရာ သူတို့နှစ်ဦး ဖြည်းညင်းစွာ သတိပြန်လည်လာကြလေသည်။ ကူချူတုန်းက မေးမြန်းလိုက်၏။

"အစောင့်အရှောက်ခေါင်းဆောင် လျှို... ဘာဖြစ်တာလဲ... ထျဲ့ထိုရော ဘယ်မှာလဲ..."

လျှိုဖေးယန်က ခေါင်းယမ်းလျက် ဖြေကြားလေသည်။

"ကျုပ်တို့ အဲဒီ ထျဲ့ထိုနောက်ကနေ အထဲ ဝင်လာတာ... ဒါပေမယ့် တံခါးဝရောက်တာနဲ့ သူက ကျုပ်တို့ကို ခြုံခိုတိုက်ခိုက်တယ်... အဲဒီကလေးက ဟန်ဆောင်နေတာ၊ သူက သေချာပေါက် သိုင်းဆရာကြီးပဲ... သူ့ရဲ့ တိုက်ခိုက်မှုတွေက မြန်တယ်၊ တိကျတယ်၊ ပြီးတော့ ရက်စက်တယ်... ကျုပ်တို့ တုံ့ပြန်ဖို့တောင် အချိန်မရလိုက်ဘဲ လဲကျသွားတာပဲ..."

ရှဲ့လျှူယင်းကလည်း ဝင်ရောက်ပြောဆိုပေ၏။

"တစ်ခုခု မှားနေတယ်လို့ ငါ သိသားပဲ... အဲဒီ ဆံပင်ဖြူ လူက အဲဒီ လူအကြီးနောက်ကို အကြာကြီး လိုက်လာတာတောင် တိုက်ခိုက်ဖို့ တွေဝေနေခဲ့တာ၊ အဲဒီ လူအကြီးကတော့ အရမ်းကို အားနည်းပြီး သတ္တကြောင်တဲ့ ပုံစံဖမ်းနေတာ... အဲဒါက ယုတ္တိမရှိဘူး... ဒါပေမယ့် အဲဒီ လူအကြီးက ဘာကို လိုချင်နေတာလဲ... သူက ငါတို့ကို မသတ်သွားဘူးဆိုတော့ သူ အန္တရာယ်ပေးဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတဲ့ သဘောပဲ..."

ကူချူတုန်းက သံသယဖြင့် မေးမြန်းလိုက်လေသည်။

"ဒါဆို တုံးအတဲ့ ပုံစံ ဟန်ဆောင်ပြီး ငါတို့ကို လှည့်စားရတဲ့ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ..."

ကူမော့သည် ရေခဲအဖြစ် ကိုင်ဆောင်ထားသော မိစ္ဆာဓားကို အနက်ရောင် သံသေတ္တာအတွင်းသို့ ဖြည်းညင်းစွာ ထည့်လိုက်၏။ ကူချူတုန်းက ကူမော့အနီးသို့ လျှောက်လာပြီး မေးမြန်းပေသည်။

"အစ်ကို... အဲဒီ ထျဲ့ထိုက ဘာလုပ်ဖို့ ကြိုးစားနေတာလို့ အစ်ကို ထင်လဲ..."

ကူမော့သည် သံသယတ္တာကို ကျောပေါ်တွင် လွယ်လိုက်ကာ ဖြည်းညင်းစွာ ပြန်လည်ဖြေကြားလေ၏။

"သူ့အတွက် ဒီမိစ္ဆာဓားက ကိုင်ရခက်တဲ့ ပြဿနာကြီး ဖြစ်ကောင်းဖြစ်နိုင်တယ်... တိတိကျကျ ပြောရရင် ဒီအရာက ဘယ်သူ့အတွက်မဆို ပြဿနာကြီးပဲ... အကြာကြီး ကိုင်ထားရင် ကိုယ့်ဆီ ဘေးဒုက္ခ ရောက်လာနိုင်တယ်... လွှင့်ပစ်လိုက်ရင်လည်း ဘယ်လို ဘေးအန္တရာယ်မျိုး ဆောင်ကြဉ်းလာမလဲဆိုတာ ဘယ်သူ သိမှာလဲ... သတိမထားရင် သိုင်းလောကမှာ ကပ်ဘေးကြီးတစ်ခု ဖြစ်သွားနိုင်ပြီး သေဆုံးမှုတွေ အများကြီး ဖြစ်သွားနိုင်တယ်..."

ကူချူတုန်းက မေးမြန်းချေသည်။

"ဒါဆို အစ်ကို... ဒီအရာကို ငါတို့ ဘယ်လို လုပ်ကြမလဲ..."

ကူမော့က ဆုံးဖြတ်ချက်ပေးလိုက်၏။

"ချီမြောင်ရွှမ်ကို အရင် သွားရှာကြတာပေါ့... သူ့ရဲ့ ရေခဲဝိညာဉ်က တကယ်ပဲ အဲဒါကို နှိမ်နင်းနိုင်မလား ကြည့်ရအောင်..."

ရှဲ့လျှူယင်းက မိစ္ဆာဓားကို ရွှမ်နွီနန်းတော်သို့ အပ်နှံရန် ပြောဆိုသော်လည်း ကူမော့က လက်ဝှေ့ယမ်းပြလျက် ဆိုလေသည်။

"ချီမြောင်ရွှမ်ကို အရင် ရှာကြတာပေါ့..."

ကူမော့သည် ထွက်ခွာသွားစဉ် ကူချူတုန်းကို အသံလှိုင်းဖြင့် တိတ်တဆိတ် မှာကြားလိုက်ပေ၏။

"ချင်းပြည်နယ် မြို့တော်ကို ရောက်ရင် ချန်းလန်ဓားဂိုဏ်းရဲ့ စခန်းကို ရှာပြီး ဂိုဏ်းချုပ်ချီဆီ စာတစ်စောင် ပို့ခိုင်းလိုက်... ချန်းလန်ဓားဂိုဏ်းရဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် ဒီမိစ္ဆာဓားကို ကိုင်တွယ်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့နိုင်မှာပါ..."

တစ်ချိန်တည်းမှာပင် မန်ဆန်းတောင်ခြေရှိ ချောက်ကမ်းပါး တစ်ခုပေါ်တွင် ထျဲ့ထိုမှာ မြင်းကို အစွမ်းကုန် စီးနှင်လျက်ရှိ၏။ တောင်အောက်သို့ ရောက်သောအခါမှသာ သက်ပြင်းချလျက် ရေရွတ်လိုက်လေသည်။

"နောက်ဆုံးတော့ အဲဒီ ပြဿနာကြီးကို ရှင်းပစ်လိုက်နိုင်ပြီ..."

ထိုစဉ် သူ၏ အနောက်မှ တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာချေ၏။

"ဒါဆိုရင်တော့ မင်းက အသုံးမကျတော့ဘူးပေါ့..."

ထျဲ့ထို တုန်ယင်သွားပြီး လှည့်ကြည့်ရာ မျက်နှာဖုံးတပ် အနက်ရောင်ဝတ် လူတစ်ယောက်ကို တွေ့လိုက်ရ၏။ ထျဲ့ထိုက ချက်ချင်းပင် လက်သီးဖြင့် ထိုးလိုက်သော်လည်း အနက်ရောင်ဝတ် လူက ၎င်းကို အလွယ်တကူ ဖမ်းဆုပ်လိုက်ပေသည်။ ထျဲ့ထိုမှာ အနက်ရောင်ဝတ် လူ၏ လက်မထိပ်ရှိ အမာရွတ်ကို မြင်လိုက်ရသောအခါ အော်ဟစ်လိုက်လေ၏။

"ခင်ဗျား မသေသေးဘူးပဲ... ရွှေဓားဂိုဏ်း၊ မျက်ခုံးရှည်ဓားဂိုဏ်းနဲ့ ချန်မိသားစုတို့ကို ဖျက်ဆီးခဲ့တာ ပိုင်ယင်း မဟုတ်ဘူး၊ ခင်ဗျားပဲ..."

ဖျောက်ဟူသော အသံနှင့်အတူ ထျဲ့ထို၏ လက်သီးမှာ ကျေမွသွားပြီး အနက်ရောင်ဝတ် လူက ထျဲ့ထို၏ ခေါင်းကို ထိုးချလိုက်တော့၏။ ထျဲ့ထိုက ရုတ်တရက် အော်ဟစ်လိုက်ရာ နားစည်ကွဲမတတ် ဟိန်းဟောက်သံကြီးက ချိုင့်ဝှမ်းတစ်ခွင် ပဲ့တင်ထပ်သွားချေသည်။ သူသည် သူ၏ လက်နှစ်ဖက်ကို ရုတ်တရက် မြှောက်ကာ ကာကွယ်လိုက်သော်လည်း ရွှေခေါင်းလောင်းမှာ အပိုင်းပိုင်းအစစ ကျိုးကြေသွားသဖြင့် ထျဲ့ထိုမှာ သွေးတစ်လုတ် အန်ထုတ်လျက် ချောက်ကမ်းပါးအောက်သို့ ကျဆင်းသွားတော့၏။ အနက်ရောင်ဝတ် လူသည် ရေရွတ်လျက် မြင်းစီး၍ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။

"ဒီကလေးရဲ့ ရွှေခေါင်းလောင်း ကာကွယ်ရေးကျင့်စဉ်က သူ့ဆရာထက်တောင် ပိုအားကောင်းနေလိမ့်မယ်လို့ မထင်ထားမိဘူး..."

အပိုင်း (၁၄၂) - ချီမြောင်ရွှမ် ပျောက်ဆုံးသွားခြင်း

ကူမော့တို့ အုပ်စုသည် လူသတ်ပွဲ ဖြစ်ပွားခဲ့သော ရွာငယ်လေးသို့ တစ်ဖန် ပြန်လည် ရောက်ရှိလာကြ၏။ ထိုအချိန်တွင် လင်းချီရှားမှာ မတ်တတ်ရပ်ကာ လှုပ်ရှားသွားလာနေပြီ ဖြစ်ချေသည်။ လင်းချီရှားနှင့် ရွှမ်နွီနန်းတော်မှ တပည့်များမှာ ကူမော့မှာ ယွင်ပြည်နယ်၏ သူရဲကောင်းဖြစ်ကြောင်း သိရှိပြီးနောက် အလွန် စိတ်အားထက်သန်လာကြပေသည်။ လင်းချီရှားက ကူမော့အနီးသို့ အလျင်အမြန် လျှောက်သွားကာ လက်ပူးဆုပ်လျက် မေးမြန်းလေ၏။

"အဲဒီ လူအကြီးက စစ်သူတော်စင် ထျဲ့ကျူရဲ့ တပည့်ပဲ... ဒါက အမှန်ပဲ ဖြစ်ရမယ်၊ ဒါပေမယ့် တခြားဟာတွေကတော့ အမှန်လား အမှားလား ပြောရခက်တယ်... သူ့ရဲ့ သွားလာလှုပ်ရှားမှုတွေကို ခြေရာခံဖို့ ရွှမ်နွီနန်းတော်ကို ကျွန်မ စာတစ်စောင် ပို့လိုက်ပါ့မယ်..."

ကူမော့က မေးမြန်းလိုက်သည်။

"မင်းရဲ့ ဒဏ်ရာတွေကို ကုဖို့ ရွှမ်နွီနန်းတော်ကို မပြန်တော့ဘူးလား..."

လင်းချီရှားက ချက်ချင်းပင် ပြန်ဖြေလေ၏။

"သူရဲကောင်းကူက ချီမြောင်ရွှမ်ကို သွားရှာမှာဆိုတော့ အတော်ပဲ... ကျွန်မလည်း လမ်းကြုံ လိုက်သွားပြီး ဒဏ်ရာကို ကုလို့ ရတာပေါ့... လောကမှာ ချီမြောင်ရွှမ်ထက် ပိုပြီး ယုံကြည်ရတဲ့သူ မရှိပါဘူး..."

ကူမော့က သံသယဖြင့် မေးမြန်းလိုက်ပေသည်။

"မင်းရဲ့ ဒဏ်ရာကို ကုဖို့ ချီမြောင်ရွှမ်ကို တောင်းဆိုဖို့ဆိုတာ အရမ်း ခက်ခဲတဲ့ သတ်မှတ်ချက်တွေ ရှိတယ်ဆိုတာ မင်း မသိဘူးလား..."

လင်းချီရှားက ရှင်းပြလေ၏။

"ကျွန်မရဲ့ ဒဏ်ရာကို ကုပေးဖို့ ချီမြောင်ရွှမ်ကို တောင်းဆိုဖို့ မဖြစ်နိုင်ဘူး ဆိုတာကို ကျွန်မ သိပါတယ်၊ ဒါပေမယ့် သူ့ရဲ့ တပည့်တွေကို တောင်းဆိုလို့ ရတယ်လေ... ချီမြောင်ရွှမ်မှာ သူ့အနား အမြဲနေတဲ့ တပည့်သုံးယောက် ရှိတယ်... သူတို့က အခု ချင်းပြည်နယ် မြို့တော်က ထင်းဆုန်းတောင်ကြောမှာ ချီမြောင်ရွှမ်နဲ့အတူ ဧည့်သည်အဖြစ် ရှိနေကြတာ... သူ့ရဲ့ တပည့်သုံးယောက်က ချီမြောင်ရွှမ်လောက် မတော်ပေမယ့် အားလုံးက သိုင်းလောကမှာ ပထမတန်းစား ဆရာဝန်တွေချည်းပဲ..."

ကူမော့က ရယ်မောလျက် မေးမြန်းချေသည်။

"မင်းက ဒီ ကောချန်မိစ္ဆာဓားကို ငါ သေချာ မကိုင်တွယ်နိုင်မှာကို စိုးရိမ်နေတာ မဟုတ်လား..."

လင်းချီရှားမှာ အလွယ်တကူပင် ဝန်ခံလိုက်၏။

"ရိုးရိုးသားသား ပြောရရင် သူရဲကောင်းကူ... ကျွန်မ တကယ်ပဲ အဲဒီလို တွေးမိပါတယ်... ဒီ ကောချန်မိစ္ဆာဓားက အရမ်းကို ဆိုးရွားတယ်၊ အကယ်၍ သိုင်းလောကထဲကို ရောက်သွားရင် သေချာပေါက် ပျက်စီးမှုတွေ အများကြီး ဖြစ်စေလိမ့်မယ်... ရှင့်လက်ထဲမှာရှိတဲ့ မိစ္ဆာဓားက သိုင်းလောကကို သေချာပေါက် အန္တရာယ် ပေးမှာ မဟုတ်ပါဘူး... ဒါပေမယ့် ဒါက နောက်ဆုံးတော့ ယာယီ ဖြေရှင်းနည်း တစ်ခုပါပဲ... ကျွန်မ အဓိက စိုးရိမ်တာက ချီမြောင်ရွှမ်ရဲ့ ရေခဲဝိညာဉ်က မိစ္ဆာဓားရဲ့ ဆိုးရွားမှုကို တကယ်ပဲ နှိမ်နင်းနိုင်မလား ဆိုတာပါပဲ...

နှိမ်နင်းလို့ မရဘူးဆိုရင်လည်း ကျွန်မတို့ ရွှမ်နွီနန်းတော်မှာ ဖြေရှင်းနည်း မရှိဘူးဆိုရင်တောင် ကွမ်မင်ကျောင်းတော်က တင်းချန်ဆရာတော်ကို အကူအညီ တောင်းလို့ ရသေးတယ်... တင်းချန်ဆရာတော်ရဲ့ ဗုဒ္ဓစွမ်းအားက အဆုံးအစမရှိဘူး၊ သူက မိစ္ဆာဓားရဲ့ ဆိုးရွားတဲ့ စွမ်းအားကို သေချာပေါက် နှိမ်နင်းနိုင်မှာပါ..."

ကူမော့ အနည်းငယ် ခေါင်းညိတ်လိုက်မိပေသည်။ ရွှမ်နွီနန်းတော်မှာ ချင်းပြည်နယ် သိုင်းလောကတွင် ငြင်းဆိုဖွယ်မရှိသော နံပါတ် ၁ တရားမျှတသည့် အင်အားစုအဖြစ် ရှိနေဆဲဖြစ်ရာ သိုင်းလောကကို ခြိမ်းခြောက်နိုင်ခြေရှိသော မိစ္ဆာဓားနှင့် ရင်ဆိုင်ရချိန်တွင် လင်းချီရှား သတိထားနေခြင်းမှာ နားလည်ပေးနိုင်စရာ ဖြစ်၏။

ကူချူတုန်းက အံ့အားသင့်စွာ မေးမြန်းလိုက်ချေသည်။

"နင်က တင်းချန်ဆရာတော်ကို တကယ်ပဲ စည်းရုံးနိုင်လို့လား..."

လင်းချီရှားက ပြန်လည်ဖြေကြားလေ၏။

"သေချာတာပေါ့... တင်းချန်ဆရာတော်က ချင်းကျိုး သူရဲကောင်းကိုးဖော်ထဲက တစ်ယောက်လေ၊ ပြီးတော့ သူက ကျွန်မတို့ ရွှမ်နွီနန်းတော်ရဲ့ တည်ထောင်သူနဲ့ သွေးသောက်မောင်နှမတွေပဲ... ကျွန်မတို့ရဲ့ ဘိုးဘေးက စာတစ်စောင် ရေးလိုက်ရင် တင်းချန်ဆရာတော် လာဖို့ သေချာပေါက် စည်းရုံးနိုင်မှာပါ..."

ထို့နောက် လင်းချီရှားသည် ရွာလူသတ်မှုအကြောင်း အစိုးရကို အကြောင်းကြားရန် စီစဉ်ပြီး ကျန်သူများက ချင်းပြည်နယ် မြို့တော်သို့ ဆက်လက် ထွက်ခွာသွားကြပေသည်။ ရွှမ်နွီနန်းတော်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ကူမော့သည် မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိဘဲ ခရီးဆက်နိုင်ခဲ့၏။ ၎င်းတို့သည် နောက်ထပ် သုံးရက်ကြာ ခရီးသွားပြီးနောက် ချင်းပြည်နယ် မြို့တော်သို့ ရောက်ရှိလာကြလေသည်။

ကူမော့တို့ အုပ်စုသည် မြို့ပြင်ရှိ ထင်းဆုန်းတောင်ကြောသို့ သွားကြရာ ထိုနေရာရှိ ထင်းဆုန်းစံအိမ်သို့ ရောက်ရှိသောအခါ တံခါးခြောက်ချပ်အဖွဲ့က တင်းကျပ်စွာ လုံခြုံရေး ယူထားသည်ကို တွေ့လိုက်ရချေ၏။ စံအိမ်တံခါးဝရှိ အစောင့်က မေးမြန်းလေသည်။

"မင်းတို့ ဒီမှာ ဘာလာလုပ်တာလဲ..."

လင်းချီရှားက သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ရှင်းပြလျက် ဆိုပေသည်။

"ကျွန်မက ရွှမ်နွီနန်းတော်က လင်းချီရှားပါ... သခင်ကြီးဖေ့ကို လာရောက် ဂါရဝပြုတာပါ... ထင်းဆုန်းစံအိမ်မှာ ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ သိပါရစေ..."

အစောင့်က ပြန်လည်ဖြေကြားလေ၏။

"နတ်သမီးလင်း ကိုယ်တိုင် ဖြစ်နေတာကိုး... သခင်ကြီးဖေ့ကို တွေ့ဖို့ မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်... လွန်ခဲ့တဲ့ သုံးရက်က ထင်းဆုန်းစံအိမ်မှာ လူသတ်ပွဲ ဖြစ်သွားခဲ့တယ်... ဖေ့မိသားစုဝင် ၇၃ ယောက်လုံး သေဆုံးသွားခဲ့တယ်... ချီမြောင်ရွှမ်ကတော့ ပျောက်ဆုံးနေပါတယ်... သူ့ရဲ့ တပည့်သုံးယောက်ထဲက နှစ်ယောက် သေဆုံးသွားပြီး တစ်ယောက် ပျောက်နေပါတယ်..."

ကူချူတုန်းက အလောတကြီး မေးမြန်းလိုက်သည်။

"ချီမြောင်ရွှမ်ရဲ့ သဲလွန်စ တစ်ခုခု ရှာတွေ့သေးလား..."

အစောင့်က ကူမော့ကို ကြည့်ကာ မေးလေ၏။

"ဒီလူကြီးမင်းက... ယွင်ပြည်နယ်ရဲ့ မဟာသူရဲကောင်း ဖြစ်နိုင်မလား..."

ကူမော့က ဖြေကြားပေသည်။

"ငါက ကူမော့ပါ..."

အစောင့်က အလွန် စိတ်လှုပ်ရှားစွာဖြင့် ဆိုချေ၏။

"တကယ်ပဲ သူရဲကောင်းကူ ဖြစ်နေတာကိုး... ခင်ဗျားအကြောင်း ကြားဖူးနေတာ ကြာပါပြီ... ဒီမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ကျွန်တော်တို့ အထက်က ခွင့်ပြုချက် မရှိဘဲ ပြောပြခွင့် မရှိပါဘူး... ဒါပေမယ့် ကျွန်တော်တို့ တပ်မှူး ချန်ယွင်ချောင်နဲ့ ခင်ဗျားရဲ့ မိတ်ဆွေ ကျိုးချင်းဖုန်းတို့ အထဲမှာ ရှိပါတယ်..."

ခဏအကြာတွင် ကျိုးချင်းဖုန်းက လှမ်းခေါ်လိုက်လေသည်။

"ညီလေးကူ... မင်း ဒီကို လာမယ်လို့ ငါ ခန့်မှန်းထားပေမယ့် ဒီလောက် တိုက်ဆိုင်လိမ့်မယ်လို့ မထင်ထားဘူး..."

ကူမော့ကလည်း ကျိုးချင်းဖုန်းကို နှုတ်ဆက်ကာ အမှုအခြေအနေကို မေးမြန်းရာ ကျိုးချင်းဖုန်းက ဖြေကြားလေ၏။

" ဓားသမားဆရာကြီး တစ်ယောက်တည်းက လုပ်သွားတာ... တိုက်ခိုက်သူက ချီမြောင်ရွှမ်ကို လိုချင်လို့ လာတာ၊ ဖေ့ကျီးယွီရဲ့ မိသားစုက ချီမြောင်ရွှမ် ထွက်ပြေးဖို့ ကူညီရင်း အသတ်ခံလိုက်ရတာပဲ..."

ကူမော့က မေးမြန်းလိုက်ပေသည်။

"သိုင်းပညာတွေကို ခြေရာခံလို့ ရမလား..."

ကျိုးချင်းဖုန်းက မျက်နှာပျက်ပျက်ဖြင့် ပြန်လည်ဖြေကြားလေ၏။

"သဲလွန်စတွေအရဆိုရင် ကောင်းကင်မေးခွန်း ဓားကွက်ဆယ့်နှစ်ကွက်ပဲ... ဓားဧကရာဇ် ရဲ့ကျင်းလန်ရဲ့ အမြင့်ဆုံး ပညာရပ်လေ..."

All Chapters