အခန်း (၂၃၂-၂၃၄)
Vol. 16 Ch. 232-234
အခန်း ၂၃၂
ရှောင်းယီသည် ထိုစကားဝိုင်းကိုဖတ်လိုက်ရပြီးနောက် မျက်မှောင်ကြုံ့ကာ ဧည့်ခန်းထဲရှိ လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုကာ ကုထောင်ချွေ့ရှန်းဆီသို့ စာပို့လိုက်သည်။
“ငါ ယီရန်ပင်းပါ။ အဖွဲ့ထဲက စကားဝိုင်းတွေကို မင်းမြင်ပြီးပြီလား။ မင်းရော အိပ်ရင်ဘယ်လိုလဲ။ အိပ်ရေးနက်လား အိပ်ရေးဆတ်လား။”
ရှောင်းယီက မေးလိုက်၏။
“မင်းက ယီရန်ပင်းဟုတ်လို့လား။”
ကုထောင်ချွေ့ရှန်းက ထိုစကားကို မယုံပေ။ ယခင်က သူဆက်သွယ်ခဲ့သည့် အိုင်ဒီနှင့် ယခုအသုံးပြုနေသော အိုင်ဒီနှစ်ခုက တူညီမနေပေ။
“ဟုတ်တယ်။ ဒါက ငါ့ရဲ့လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပဲ။ ငါမင်းကို တားမြစ်ချက်ကိုချိုးဖျက်ဖို့ တောင်းဆိုခဲ့တဲ့အကြောင်းကို ငါတို့နှစ်ယောက်ပဲသိတယ်။ ဟုတ်တယ် မဟုတ်လား။”
ရှောင်းယီက ပြောလိုက်သည်။
ထိုစာတစ်ကြောင်းတည်းနှင့် ကုထောင်ချွေ့ရှန်းသည် ထိုအိုင်ဒီမှာ ယီရန်ပင်းဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။
သူသည် တားမြစ်ချက်ချိုးဖျက်ခဲ့သည့်ကိစ္စကို အခြားသူများရှေ့တွင် တစ်ခါမျှ မပြောဖူးပေ။
ထို့ပြင် ရှောင်းယီကသာ သူ့ကို တားမြစ်ချက်ကို ချိုးဖျက်ရန် အားပေးအားမြှောက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အခြားသူများကို သူတစ်ခါမှ မပြောဖူးပေ။
“စိတ်မပူပါနဲ့ သူဌေး။ အဖွဲ့ထဲက ဆွေးနွေးမှုတွေကို ကျုပ်မြင်ပြီးပါပြီ။ ပြီးတော့ နည်းလမ်းတစ်ခုလည်း ရှာတွေ့ထားတယ်။ ကျုပ်အိပ်ပျော်သွားရင်တောင် မသေနိုင်ပါဘူး။ ကျုပ်ဘေးမှာ ခေါင်းလောင်းတွေနဲ့ ဝိုင်းထားတယ်။”
ကုထောင်ချွေ့ရှန်းက ပြန်ဖြေလိုက်သည်။
“ခေါင်းလောင်းလား။ ခေါင်းလောင်းကို မင်း ဘယ်ကရတာလဲ။”
ရှောင်းယီက စိတ်ဝင်တစားမေးလိုက်၏။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုပြီး သံကို ခေါင်းလောင်းပုံသွင်းထားတာလေ။ ကျုပ်လုပ်ပြီးသွားပြီ။ သူဌေးလည်း လုပ်လို့ရတယ်။”
ကုထောင်ချွေ့ရှန်းက ပြန်ဖြေလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်၏။
“ဒါဆိုရင် ရပါပြီ။ မင်းနဲ့ အနီးအနားမှာ တစ်ယောက်ယောက်ရှိရင်ခေါ်ပြီး ကူညီခိုင်းလို့ရတယ်။ စာချုပ်ကတ်သုံးဖို့လိုတာကိုတော့ သတိရဦး။ ရေနဲ့အစားအစာအတွက်တော့ ငါကူညီပေးမယ်။”
သူက ပြောလိုက်သည်။
ရှောင်းယီ၏စကားကိုကြားသောအခါ ကုထောင်ချွေ့ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
“ဟုတ်ကဲ့ပါ သူဌေး ကျေးဇူးတင်ပါတယ်။”
တကယ်တမ်းတွင် သူသည် သူ့ကျွန်းကိုလာပြီး ပေါင်းစည်းရန် တစ်ယောက်ယောက်ကိုရှာဖို့ စဉ်းစားနေခြင်းဖြစ်သည်။ သို့သော် ရှောင်းယီက အချိန်တိုင်း အဆင့်မြင့်ပစ္စည်းများ ပေးနေခဲ့သည်။ ဥပမာ ယခင်က ပေးခဲ့ဖူးသော SSS အဆင့် ဖာဂါနာမြင်းပင်ဖြစ်သည်။
တစ်ယောက်ယောက်သာ ရောက်လာခဲ့ပါက သူဌေး၏စွမ်းရည်များ ပေါက်ကြားသွားနိုင်၏။
ထို့အပြင် လူတစ်ယောက်ထပ်တိုးလာလျှင် ရေနှင့်အစားအစာကိစ္စကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ အခုဆိုလျှင် ရေနှင့် အစားအစာများကို ထောက်ပံ့သေတ္တာထဲမှ ထုတ်ယူ၍ မရနိုင်တော့ပေ။
ထို့ကြောင့် ကုထောင်ချွေ့ရှန်းသည် သူ၏ကျွန်းပေါ်သို့ လူသစ်ခေါ်ယူရန်ကိစ္စကို တစ်ခါမှ မပြောခဲ့ခြင်းဖြစ်သည်။
ယခု ရှောင်းယီက သူ့ကိုယ်တိုင် အစပျိုးခဲ့ပြီး ရေနှင့် အစားအစာများကို တာဝန်ယူမည်ဆိုသောကြောင့် ကုထောင်ချွေ့ရှန်းက ဝမ်းသာအားရပင် သဘောတူလိုက်လေသည်။
“[ယုန်သားကင်] (B အဆင့်) ၅၀၀ဂရမ် - အခမဲ့ လဲလှယ်ခြင်း။”
“ဒါကို စားပြီးရင် အနားယူလိုက်တော့။ ညနေပိုင်းမှာ ဒေသခံတွေ ရောက်လာမလားဆိုတာ မသိရသေးဘူး။”
ရှောင်းယီသည် သူ့ကို ထိုကဲ့သို့သတိပေးလိုက်ပြီး လဲလှယ်မှုတစ်ခုကို ပို့ပေးလိုက်သည်။
ကုထောင်ချွေ့ရှန်းသည် ထို B အဆင့်ယုန်သားကင်ကို မြင်သောအခါ လုံးဝထိတ်လန့်သွား၏။
ထိုအရာသည် ယခင်က သူပေးခဲ့ဖူးသော ပင်လယ်ငါးထက် အဆင့်တစ်ခုပိုမြင့်ပေသည်။
ထို့အပြင် ထိုအရာမှာ အသားကင်ဖြစ်၏။
“သူဌေး သူဌေးက ကျုပ်ကိုအရမ်းကြင်နာတာပဲ။ ဒီကနေ့ကစပြီး ကျုပ် သူဌေးရဲ့အမိန့်ကိုပဲ နာခံပြီး သူဌေးကို အစေခံပါ့မယ်။”
ကုထောင်ချွေ့ရှန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ကောင်းပြီ။ ကိုယ့်ကိုယ်ကိုကာကွယ်ပြီး ဒေသခံတွေအကြောင်း အချက်အလက်တွေပိုရအောင်သာလုပ်။”
ရှောင်းယီက ပြန်ဖြေလိုက်၏။
“ဟုတ်ကဲ့။”
ကုထောင်ချွေ့ရှန်းသည် ထိုလဲလှယ်မှုကို သဘောတူလိုက်ပြီးနောက် ယခင်က စားခဲ့ဖူးသော အသားကင်၏ အရသာထက် ပိုမိုမွှေးကြိုင်သည့်ရနံ့များ ထွက်ပေါ်လာခဲ့သည်။
“သူဌေးက ဟင်းခတ်အမွှေးအကြိုင်တွေ ထပ်ရထားတာပဲ။ ပိုပိုပြီး မွှေးလာတယ်။”
ကုထောင်ချွေ့ရှန်းက တကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် ပျော်ရွှင်စွာ စားသောက်လိုက်တော့သည်။
ရှောင်းယီ ခြံထဲပြန်ရောက်လာသောအခါ ကျန်းယွင်ထျန်းက သူ့ဆီသို့ ရောက်လာခဲ့သည်။
“အခုထိဆိုရင် ပင်လယ်သတ္တဝါတွေက အကြိမ် ၅၀ တိုက်ခိုက်ခဲ့ပြီးပြီ။ မနေ့က စုစုပေါင်းတိုက်ခိုက်မှု အရ နောက်ထပ်ခြောက်ကြိမ်ကျန်သေးတယ်။ ဘယ်တော့တိုက်ခိုက်လာမလဲဆိုတာတော့ ငါလည်းမသိဘူး။”
သူက ပြောလိုက်၏။
“ခြောက်ကြိမ်ပဲကျန်တော့တာဆိုတော့ တပိုင်နဲ့ သားရဲဘုရင်ကိုပဲ အပ်ထားလိုက်ပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
သားရဲဘုရင်သည် ရေလည်းကူးတတ်သောကြောင့် တိုက်ခိုက်လာသည့် ပင်လယ်သတ္တဝါများကို ကိုင်တွယ်ရန်မှာ ပြဿနာမရှိပေ။
“ကောင်းတာပေါ့။ ဒါဆိုတော့ ဒီနေ့ အေးအေဆေးဆေးအိပ်ရတော့မယ်။”
ကျန်းယွင်ထျန်းက ပြုံးပြီးပြောလိုက်သည်။
ကျန်းယွင်ထျန်းသည် မနေ့ညက အနှောင့်အယှက်မခံရသော်လည်း ပင်လယ်သတ္တဝါများ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာမည်ကို စိုးရိမ်နေသောကြောင့် အိပ်ရာထဲတွင် အိပ်တစ်ဝက်နိုးတစ်ပြက်သာ အိပ်နိုင်ခဲ့၏။
ဤညတွင် သားရဲဘုရင် ထပ်တိုးလာသောကြောင့် တပိုင်နှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ပြဿနာမရှိနိုင်ပေ။
လူတိုင်း အနားယူလို့ရပြီ။
ရှောင်းယီသည် သိုးခြေထောက်ကင်ကို စားနေသော ဝမ်ချိုင်၊ တပိုင်နှင့် သားရဲဘုရင်ဆီသို့ လျှောက်သွားလိုက်သည်။
“ဒီညတော့ မင်းတို့သုံးယောက် စောင့်ကြည့်လိုက်ကြဦး။ ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို မင်းတို့ပဲ ဂရုစိုက်လိုက်တော့။”
“ဝုတ်ဝုတ်”
“ဝေါင်း”
သားရဲသုံးကောင်စလုံးက ဝမ်းသာအားရ သဘောတူလိုက်ကြ၏။
အထူးသဖြင့် သားရဲဘုရင်ဖြစ်သည်။ ဆိုက်ဘေးရီးယန်းကျားတစ်ကောင်အနေနှင့် ညဘက်ကင်းလှည့်ခြင်းကို ကျင့်သားရနေသောကြောင့် ညဘက်တွင် လှုပ်ရှားခိုင်းခြင်းက သူ၏ဆန္ဒနှင့် ကိုက်ညီပေသည်။
“အားလုံးပဲ ဝမ်ချိုင်တို့အတွက် ခွက်မြှောက်လိုက်ကြရအောင်။ သူတို့ရှိနေလို့သာ ငါတို့ အေးအေးချမ်းချမ်းအိပ်ရတာ။”
ရှောင်းယီက ပြုံးပြီးပြောလိုက်၏။
လူတိုင်းသည်လည်း သူတို့၏ ခွက်များကို မြှောက်လိုက်ကြသည်။ ခွက်ထဲတွင်မူ S အဆင့်နွားနို့များဖြင့် ပြည့်နှက်နေခဲ့သည်။
“မင်းတို့သုံးကောင်တွက် ငါ ဝိုင်းအစား နို့သောလိုက်မယ်။ ဒီညကို မင်းတို့နဲ့ အပ်ထားလိုက်ပြီ။”
ကျန်းယွင်ထျန်းသည် ဝမ်ချိုင်တို့သုံးကောင်ကို ပြောလိုက်၏။
“ဟုတ်တယ်။ မင်းတို့အားလုံး အလုပ်ကြိုးစားပေးကြပါဦး။”
အန်းရန်ကလည်း သူတို့ကိုကြည့်ကာ ပြောလိုက်သည်။
“ဝုတ်ဝုတ်”
ဝမ်ချိုင်က သူ၏အမြီးကို လှုပ်ယမ်းပြကာ ပြန်ဖြေ၏။
တပိုင်သည် သူ့ရှေ့တွင်ရှိသော ခွက်ကိုကောက်ယူပြီး S အဆင့်နွားနို့များကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်တော့သည်။
တပိုင်၏လှုပ်ရှားမှုကိုကြည့်ပြီး ဝမ်ချိုင်နှင့် သားရဲဘုရင်တို့က မနာလိုဖြစ်နေခဲ့ကြ၏။ သူတို့သည် လျှာဖြင့်လျက်ရုံသာ လုပ်နိုင်ကြပြီး တပိုင်ကဲ့သို့ ခွက်ကိုလက်နှင့်ကိုင်ပြီး ပါးစပ်ထဲသို့ လောင်းထည့်၍ မရကြပေ။
တပိုင်သည် သူ၏ဝေစုကို သောက်လိုက်ပြီးနောက် သူ့ဘေးက အဖော်နှစ်ကောင်ကို ထပ်ကြည့်လိုက်သည်။
ဝမ်ချိုင်နှင့် သားရဲဘုရင်တို့သည် ချက်ချင်းပင် သူတို့၏ခွက်များကို ဝှက်ထားလိုက်ကြသည်။
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“သူတို့ဟာကို မလုတော့နဲ့။ ဒီနေ့အတွက် နွားနို့တွေအလုံအလောက်ရှိတယ်။”
ထိုသို့ပြောရင်းနှင့် သူသည် တပိုင်အတွက် နောက်ထပ်တစ်ခွက် ထပ်ဖြည့်ပေးလိုက်၏။
တပိုင်သည် နောက်တစ်ခါ ထပ်သောက်လိုက်ပြီး ရှောင်းယီကို မဝသေးဘူးဆိုသည့်ပုံစံဖြင့် ကြည့်လိုက်သည်။
ရှောင်းယီသည်လည်း မတတ်သာတော့ဘဲ နောက်ထပ်တစ်ခွက် ထပ်ဖြည့်ပေးလိုက်ရလေသည်။
ဤသို့ဖြင့် တပိုင်သည် ဆယ်ခွက်တိတိသောက်ပြီးမှသာ ရပ်တန့်လိုက်လေသည်။
“ဂေ့...။”
တပိုင်သည် မြန်မြန်သောက်လွန်းသောကြောင့် အသံကျယ်ကျယ်ဖြင့် လေချဥ်တပ်လိုက်ရလေသည်။
လူတိုင်း သူ့ကိုကြည့်ကာ ရယ်မောလိုက်ကြ၏။
“မင်းရဲ့ဗိုက်ထဲမှာ နွားနို့တွေနဲ့ ပြည့်သွားပြီ။ အကင်စားဖို့ နေရာရှိသေးလားဆိုတာ ကြည့်ရတာပေါ့။”
ရှောင်းယီက ပြုံးပြီးပြောလိုက်သည်။
တပိုင်သည် သူ့ရှေ့ရှိ သိုးခြေထောက်ကင်ကိုကြည့်ပြီး သူ၏မျက်နှာအမူအယာမှာ မျှော်လင့်ချက်မဲ့သွားတော့သည်။
လူတိုင်း ပိုမိုကျယ်လောင်စွာ ရယ်မောမိလိုက်ကြလေသည်။
အကင်စားသောက်ပွဲကြီးသည် ည ၉ နာရီထိ ကြာမြင့်သွားခဲ့၏။ လူတိုင်းသည် ဖောင်းကားနေသောဗိုက်များဖြင့် ဆိုဖာပေါ်တွင် လှဲလျောင်းနေခဲ့ကြသည်။
အန်းရန်က သူမ၏ဗိုက်ကိုပွတ်လိုက်ပြီး “အိုး ငါတော့ ထပ်ဝလာတော့မယ်ထင်တယ်။” ဟု ညည်းညူနေ၏။
လီယန်က ပြုံးပြီးပြောလိုက်သည်။
“ရောင့်ရဲတင်းတိမ်တတ်အောင် နေစမ်းပါဦး။ အခုချိန်ထိ အစာငတ် ရေငတ်ခံနေရသူတွေ ရှိနေသေးတယ်။”
“သမီးက စကားအဖြစ်ပြောတာပါ။ မေမေ သမီးတို့ ဒီလိုအဆင့်မြင့်တဲ့ အစားအစာတွေကို နေ့တိုင်းစားနေရရင် တစ်နေ့မှာ စူပါမန်းတွေ ဖြစ်လာလောက်မလား။”
အန်းရန်က မေးလိုက်သည်။
လီယန်က ခေါင်းခါလိုက်၏။
“အမေလည်း မသိဘူး။ ဒါပေမယ့် အမေ့ရဲ့ရုပ်ခန္ဓာခွန်အားတွေ တိုးတက်လာတာကိုတော့ သတိထားမိတယ်။ အမြင့်ဆုံး ကန့်သတ်ချက် ရှိ၊မရှိတော့ အမေလည်း မသိဘူး။”
“ကန့်သတ်ချက်မရှိဘူးဆိုရင်တော့ အကောင်းဆုံးပဲ။ ဒီလိုဆိုရင် သမီးတို့လည်း ထာဝရ အတူတူ နေနိုင်လိမ့်မယ်။”
အန်းရန်က ပြုံးပြီးပြောလိုက်သည်။
“အခုလို စကားပြောနေရတာကတင် တော်တော်ကောင်းနေပြီး။ ခဏနေရင် အမေ့နားထဲမှာ နားထောင်ရလွန်းလို့ အမြုပ်တွေတောင် ထွက်လာလောက်မယ်။”
လီယန်က အန်းရန်၏နဖူးကို ညင်ညင်သာသာတောက်ပြီး ပြောလိုက်၏။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
အန်းရန်က လီယန်၏လက်မောင်းကိုပွေ့ဖက်ပြီး ကျီစယ်လိုက်လေသည်။
ဆုဝမ်နှင့် လုပင်းအာတို့သည် အကင်တံများအားလုံးကို ပြန်လည်သိမ်းဆည်းပြီး သန့်စင်ဆေးကြောကာ အခြောက်ခံထားလိုက်၏။
ရှောင်းယီသည်လည်း အကင်စက်သုံးလုံးကို ပြန်အပ်ပြီး ဂရုထဲက စကားဝိုင်းကို ကြည့်နေလိုက်သည်။ လူတိုင်းက ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းအကြောင်း ပြောနေကြသည်။
“ကျူးချန်းကလန်ရဲ့လုပ်ငန်းက အခုဆိုရင် အရမ်းကောင်းနေပြီ။ ငါဆို လူတစ်ယောက်နဲ့ ပူးပေါင်းဖို့တောင် ရှာတွေ့ထားပြီးပြီ။ ဒါပေမယ့် သူတို့ချိန်းဆိုတဲ့အချိန်ကို စောင့်ရဦးမယ်။ ကျူးချန်းကလန်ရဲ့အဆိုအရ သုံးရက်လောက်နေရင်တော့ ဖြစ်နိုင်လောက်တယ်။”
“ဟုတ်တယ်။ ငါလည်း သူ့ဆီမှာ စာရင်းပေးထားတယ်။ သူဘယ်တော့ ငါ့ဆီ ရောက်လာမလဲမသိဘူး။”
“ငါလည်း စာရင်းပေးထားတယ်။ ဒါပေမယ့် သူတို့က ငါ့ဆီမလာချင်ကြဘူး။ အဲ့ဒါက စီးပွားရေးလုပ်ငန်းဆိုရင်တောင်မှ လုပ်ချင်မှာမဟုတ်ဘူးလို့ ဆက်ပြောနေတယ်။”
“ဘာတွေပြောနေတာလဲ။ မဖြစ်နိုင်ဘူးလေ။ လုပ်ငန်းရှိနေတာကို ဘာလို့မလုပ်ရမှာလဲ။”
အခန်း ၂၃၃
“ဒါက ပုံမှန်ပါပဲ။ သူတို့က ပိုပြီးအဆင်ပြေတဲ့လမ်းတွေကို ရွေးကြမှာပေါ့။ မင်းရဲ့လမ်းကကျတော့ အရမ်းဝေးလွန်းနေတယ်လေ။”
“ငါလည်း အဲ့လောက်ထိ မဝေးချင်ပါဘူးကွာ။ ငါ့အနားမှာ အဲ့လိုမျိုးသင်္ဘောတွေရှိရင် ကောင်းမှာပဲ။”
“ဟုတ်တယ်။ ငါနေရာကလည်း ဝေးတဲ့နေရာထဲပါတယ်။ သူတို့က မလာနိုင်ဘူးလို့ပဲ ပြောနေတာ။ S အဆင့် ရုပ်ထုကို ရဖို့ဆိုတာကလည်း အရမ်းခက်တယ်လေ။”
“အခုက အရမ်းခက်ခဲနေပြီ။ ပေါင်းစည်းမနေတော့ဘူး။ ငါ့မှာ တစ်နေကုန် စိတ်ပူနေရတယ်။ ပေါင်းစည်းမယ်ဆိုရင်လည်း ဒီလိုမျိုးကျယ်ပြန့်တဲ့ပင်လယ်ကြီးကို ဘယ်လိုဖြတ်သန်းရမလဲ ငါမသိဘူး။”
“ဟုတ်တယ်။ တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုလောက်ရှိရင် ကောင်းမှာပဲ။”
“အပေါ်ကလူ... မင်း ဂိမ်းတွေအရမ်းဆော့ထားတယ်နဲ့တူတယ်။ တည်နေရာကူးပြောင်းခြင်းအစီအရင်ကိုတောင်မှ ထည့်ပြောနေတယ်။ လေယာဉ်ပျံတွေကမှ တည်နေရာကူးပြောင်းခြင်းအစီအရင်ထက် ပိုပြီးစိတ်ချရသေးတယ်လို့ ငါထင်တယ်။”
“အဲ့ဒါလည်း ဖြစ်နိုင်တာပဲ။ စာချုပ်ကတ်တွေတောင် ထွက်နေတာတာပဲလေ။ တည်နေရာကူးပြောင်းခြင်းအစီအရင်လည်း ရှိရင်ရှိလာနိုင်တာပဲ။
ရှောင်းယီသည် သူတို့၏ဆွေးနွေးမှုများကိုကြည့်ရင်း စိတ်ထဲတွင် တွေးတောနေခဲ့သည်။
“ဒီအချိန်မှာ အလုပ်တစ်ခုလုပ်လိုက်ရင် သူများမိသားစုလုပ်ငန်းကို ခိုးလိုက်သလိုများဖြစ်နေမလား။”
ထိုအတွေးပေါ်လာပြီး မကြာမီမှာပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အသိပေးသံ ထွက်ပေါ်လာခဲ့သည်။
“သင့်သူငယ်ချင်း ချူရှန်းက မက်ဆေ့ဂျ်ပို့ထားပါသည်။”
“တွေးလိုက်ရုံရှိသေးတယ် လူက ရောက်လာပြီပဲ။”
ရှောင်းယီက ရေရွှတ်ရင်း ချူရှန်း၏မက်ဆေ့ဂျ်ကို နှိပ်လိုက်၏။
“သူဌေး ကျုပ်တို့ဆီမှာ ရေနဲ့အစားအစာတွေ လိုအပ်နေတယ်။ အုတ်မြစ်ကျောက်တွေနဲ့ ဘယ်လိုလဲလို့ရမလဲ။”
ချူရှန်းက မေးလိုက်သည်။
ရှောင်းယီ အချိန်အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပြန်မေး၏။
“မင်းလိုချင်တာက သာမန်အစားအစာလား။ အဆင့်မြင့်အစားအစာလား။”
ချူရှန်းသည် ရှောင်းယီ၏မေးခွန်းကို ကြားသောအခါ ကြောင်အသွားပြီးနောက် ပြန်ဖြေလိုက်သည်။
“သာမန်အစားအစာကို ပိုလိုအပ်တယ်။ အဆင့်မြင့်အစားအစာရှိရင်လည်း ဝယ်ချင်ပါတယ်။”
ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် ထပ်မေးလိုက်၏။
“မင်းတို့အားလုံး လူဘယ်နှစ်ယောက်ရှိလဲ။”
“ဒီမေးခွန်းကို ဘာလို့မေးတာလဲ။”
ချူရှန်းက စိတ်ရှုပ်ထွေးသွား၏။
“ငါ့မှာအစီအစဉ်တစ်ခုရှိတယ်။ မင်းရဲ့ဦးဆောင်မှုအောက်မှာရှိတဲ့ လူအရေအတွက်ကို အခြေခံပြီး တွက်ချက်ကြည့်မယ်။ လူတစ်ဦးကို အုတ်မြစ်ကျောက်နှစ်ခုနှုန်းနဲ့ တစ်ပတ်တစ်ကြိမ်ပေးမယ်။ အဓိကထောက်ပံ့မှုက ဒီကပင်လယ်ငါးတွေဖြစ်မယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကိုလည်း နေ့တိုင်းပေးမယ်။ ဒါပေမယ့်အများကြီးတော့မဟုတ်ဘူး။ ရေနွေးကိုလည်း အကန့်အသတ်မရှိ ပေးမယ်။ နေ့တိုင်း C အဆင့် အစားအစာ ၅ကီလိုဂရမ်ပေးမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“မင်း ဘယ်လိုထင်လဲ။”
ရှောင်းယီ၏အဆိုကိုကြားသောအခါ ချူရှန်းက တွက်ချက်ကြည့်လိုက်သည်။ လူတစ်ဦးကို အုတ်မြစ်ကျောက်နှစ်ခုနှုန်းနှင့် တစ်ပတ်တစ်ကြိမ်ပေးမည်ဆိုလျှင် သူတို့တွင် လူ ၄၂ ယောက်ရှိသောကြောင့် အုတ်မြစ်ကျောက် ၈၄ ခု လိုအပ်မည်ဖြစ်သည်။
ရှောင်းယီ၏ C အဆင့်ငါးရောင်းသည့် ဈေးနှုန်းအရ အုတ်မြစ်ကျောက် ၈၄ ခုကို C အဆင့် ငါး ၅၀၄၀ ဂရမ်နှင့် လဲလှယ်ရမည်ဖြစ်ပြီး သူပေးထားသော C အဆင့်ငါးပမာဏနှင့် အတူတူပင်ဖြစ်သည်။
တစ်နည်းပြောရလျှင် အခြားအရာများက အခမဲ့နီးပါးပင်။
တစ်ချိန်တည်းမှာပင် ရှောင်းယီသည် ရေနှင့်အစားအစာများကို တာဝန်ယူပေးမည်ဆိုပါက သူတို့သင်္ဘောပေါ်တွင် အစားအစာများ အများကြီးသိုလှောင်ထားစရာမလိုတော့ဘဲ လွတ်သွားသည့်နေရာများတွင် ခရီးသည်များကို ပိုမိုသယ်ဆောင်နိုင်မည်ဖြစ်သည်။
ယခုအချိန်တွင် တန်ဆာခမရှိသောကြောင့် အသက်ရှင်ကျန်ရစ်သူများ၏ သက်တောင့်သက်သာရှိမှုကို ထည့်ပြောရန်ပင် မလိုအပ်ပေ။
ထိုအကြောင်းကို တွေးမိသောအခါ ချူရှန်းက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
“ရတယ်။ ဒါပေမယ့် ကျုပ်မှာ တောင်းဆိုချက်တစ်ခုရှိတယ်။ ရေနဲ့အစားအစာကို သုံးရက်တစ်ကြိမ်ပေးပြီး C အဆင့်အစားအစာတွေ အားလုံးကို ရက်သတ္တပတ်ရဲ့ပထမနေ့မှာ ပေးရမယ်။”
“ပြဿနာမရှိဘူးာ”
ရှောင်းယီက တုန့်ပြန်လိုက်သည်။
ချူရှန်းက ဆက်ပြော၏။
“တစ်ချိန်တည်းမှာပဲ ရေနဲ့ အစားအစာမပေးနိုင်သေးရင် အချိန်မီအသိပေးပါ။ ကျုပ်တို့ အခြားအစားအစာရင်းမြစ်တွေရှာဖို့ လိုအပ်တယ်။”
“မင်းပြောသလိုပဲပေါ့။”
ရှောင်းယီက ပြုံးကာ ဖြေလိုက်သည်။
“ကောင်းပြီ ဒါဆို စာရင်းရှင်းသွားပြီ။ ကျုပ်တို့သင်္ဘောမှာ စုစုပေါင်း လူ ၄၂ ယောက်ရှိတယ်။ သူဌေးကို တစ်ပတ်စာအစားအစာအတွက် အရင်ပေးထားလိုက်မယ်။”
ချူရှန်းက ထိုသို့ပြောပြီးနောက် လဲလှယ်မှုကို စတင်လိုက်သည်။
“[အုတ်မြစ်ကျောက်] ၈၄ - အခမဲ့လဲလှယ်ခြင်း။”
ရှောင်းယီသည် ၎င်းကို သဘောတူလိုက်ပြီးနောက် ဆန်၊ ဟင်းသီးဟင်းရွက်၊ ပင်လယ်ငါး၊ ရေနွေး၊ C အဆင့် ပင်လယ်ငါး ၅ ကီလိုဂရမ်တို့ကို လဲလှယ်ပေးလိုက်သည်။
ချူရှန်းသည် ရှောင်းယီ လဲလှယ်ပေးလိုက်သည့်ပစ္စည်းများထဲတွင် ဆန်ပါနေသည်ကို မြင်သောအခါ သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“သူဌေးကြီးကတော့ သူဌေးကြီးပါပဲ။ သူ့ဆီမှာ ဆန်တောင်ရှိတယ်။ ငါ့မှာတော့ တစ်လလုံး ထမင်းမစားခဲ့ရဘူး။”
ချူရှန်းက ခံစားချက်အပြည့်ဖြင့် ပြောလိုက်ပြီး ထိုအရာများကို ချက်ပြုတ်ရန် သင်္ဘောပေါ်က စားဖိုမှူးကို ခေါ်လိုက်၏။
လဲလှယ်မှုပြီးဆုံးသွားသောအခါ ရှောင်းယီက နောက်ထပ် မက်ဆေ့ဂျ်တစ်ခု ပေးပို့လိုက်သည်။
“ခရီးသည်တင်လုပ်ငန်းက အခုချိန်မှာ အရမ်းကောင်းနေတယ်။ မင်းတို့ လူအကုန်လုံးကို သယ်ယူပို့ဆောင်ဖို့ မလွယ်လောက်ဘူးထင်တယ်။”
“ဟုတ်တယ်။”
ချူရှန်းက ညည်းညူလိုက်သည်။
“ကျုပ်တို့ရဲ့ အခုအရှိန်နှုန်းနဲ့ဆိုရင် အော်ဒါတွေက တစ်ပတ်လောက်တော့ နောက်ကျမှာပဲ။”
“ဒါဆို ငါလည်းဝင်ပါမယ်။ မင်းတို့မှာ ကန့်ကွက်စရာရှိလား။”
ရှောင်းယီက ပြုံးရင်းပြောလိုက်၏။
ချူရှန်သည် ထပ်မံတုန်လှုပ်သွားပြီး ပြန်မေးလိုက်သည်။
“သူဌေးမှာ ဒီလို ရုပ်ထုမျိုးရှိလို့လား။”
“မဟုတ်ဘူး အဲ့ဒါက အပျော်စီးရွက်သင်္ဘောတစ်ခုပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“သူ့ရဲ့အမြန်နှုန်းက သိပ်မဆိုးဘူး။ ခရီးသည်တွေကို ခရီးတိုတွေ ပို့ဆောင်ဖို့ဆိုရင်တော့ အဆင်ပြေတယ်။”
ချူရှန်းတစ်ယောက် တုန်လှုပ်သွား၏။
ရှောင်းယီမှာ အပျော်စီးသင်္ဘောတစ်စီးရှိတယ်လား။
သူသည် သင်္ဘောပေါ်တွင် S အဆင့် ပင်လယ်ဘီလူးရုပ်ထုရှိခြင်းကြောင့် ကံကောင်းသည်ဟု ထင်နေခဲ့ခြင်းဖြစ်ပြီး သူ့ကဲ့သို့ ကံကောင်းသည့် သူတစ်ယောက်မှ ကမ္ဘာပေါ်တွင် မရှိတော့ဘူးဟု ထင်ထားခဲ့ခြင်းဖြစ်သည်။
သို့ငော် ရှောင်းယီက အပျော်စီးသင်္ဘောတောင် ရပြီးနေချေပြီ။
“မဟုတ်သေးဘူး။ ဒီလို အပျော်စီးသင်္ဘောမျိုးကို ဒီကာလမှာ ဘယ်လိုရနိုင်မှာလဲ။ ဒါက လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကျော်လွန်နေပြီ။”
ချူရှန်းတစ်ယောက် နားမလည်နိုင်အောင်ဖြစ်နေခဲ့သော်လည်း မေးလို့မရကြောင်းကိုမူ သိပေသည်။
ချူရှန်းက ခါးသီးစွာရယ်မောရင်း ပြောလိုက်၏။
“သူဌေးမှာ ဒီလိုအဆင့်မြင့်သင်္ဘောမျိုး ရှိတယ်ဆိုမှတော့ ဒီလုပ်ငန်းကို လုပ်နိုင်ပါတယ်။ ကျုပ်မှာ ဘာမှကန့်ကွက်စရာမရှိပါဘူး။”
“ဒါက ပူးပေါင်းဆောင်ရွက်မှုပါပဲ။ နောက်ပိုင်းမှာ မဆုံတွေ့မိဖို့နဲ့ ရေကြီးပြီး နဂါးဘုရင်နန်းတော်ကို မဆေးကြောမိဖို့ သတိရပါ။”
ရှောင်းယီက ပြုံးရင်းပြောလိုက်သည်။
“ကောင်းပြီ အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ချူရှန်းက ပြောလိုက်၏။
“ဟုတ်ပြီ မင်းနဲ့ဝေးတဲ့လုပ်ငန်းတွေကို ငါ့ကိုပေးလိုက်ပါ။ ငါက တိုက်ရိုက်ငှားရမ်းခြင်းကိုသုံးမယ်။ ဒါဆို မင်းလည်း အရမ်းအဝေးကြီး သွားစရာမလိုတော့ဘူးပေါ့။”
ရှောင်းယီက ပြောလိုက်သည်။
“အိုကေ။”
ချူရှန်းက ပြန်ပြောလိုက်သည်။
ထို့နောက် ရှောင်းယီသည် ချက်ချင်းပင် အုပ်စုထဲတွင် သတင်းတစ်ခု ထုတ်ပြန်လိုက်တော့သည်။
“ကျုပ်တို့အဖွဲ့က ကျူးချန်းကလန်နဲ့ သဘောတူညီမှုယူပြီး ဆွေးနွေးပြီးတဲ့နောက် ခရီးသည်တင်ဝန်ဆောင်မှုကို ချက်ချင်း စတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဈေးနှုန်းကတော့ ကျူးချန်းကလန်နဲ့အတူတူပါပဲ။ ဒါပေမယ့် နိုင်ငံအတွင်း ဝေးတဲ့နေရာဒေသတွေအတွက်ပဲ ဖွင့်ပေးမှာဖြစ်ပါတယ်။”
“အား သူဌေးကြီးမှာလည်း bugလို့ ခေါ်လို့ရတဲ့ လှေဦးပိုင်းရုပ်ထုမျိုး ရှိတာလား။”
“သူဌေးက ဒီလုပ်ငန်းရဲ့ အခွင့်အလမ်းတွေကို မြင်သွားပြန်ပြီပေါ့။”
“သူဌေးကြီး ကျုပ်က စာရင်းသွင်းထားပြီးပြီ။ ။ ကျုပ်နေရာနဲ့ သွားမယ့်နေရာကို သီးသန့်ပြောထားပါတယ်
“ဒါက အရမ်းမမြန်လွန်းဘူးလားဟ။ ငါဆို တုန့်ပြန်ဖို့တောင် အချိန်မရသေးဘူး။”
“သူဌေးကြီးယီရန်ပင်း သူဌေးက ကျုပ်တို့ရဲ့ ဘေးကင်းမှုကို အာမခံနိုင်လား။”
လူတစ်ယောက်က မေးလိုက်၏။ သူသည် ရှောင်းယီ၏ အစွမ်းသတ္တိကို မယုံကြည်ပေ။
“သူဌေးကြီးက ခရီးသည်တင်ဝန်ဆောင်မှုစတင်ဖို့ဆုံးဖြတ်ထားမှတော့ မင်းရဲ့ဘေးကင်းမှုကိုလည်း အာမခံနိုင်လို့ပေါ့။ ဒါကို မေးစရာလိုသေးလို့လား။”
“ငါ အသိအမှတ်ပြုပါတယ်။ သူဌေးကြီးယီရန်ပင်းက အရမ်းအစွမ်းထက်တယ်။ ဒါပေမယ့် ပင်လယ်က ဘယ်လောက်အန္တရာယ်များလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ ဘေးမကင်းဘူးဆိုရင် ခရီးသည်တင်ဖို့ဆိုတာ အဓိပ္ပာယ်မရှိဘူး။”
ရှောင်းယီသည်လည်း လူထု၏ဆွေးနွေးမှုကို မြင်သောကြောင့် ချက်ချင်းပင် ပြောလိုက်သည်။
“ငါ့မှာ ဒီပစ္စည်းနှစ်ခုရှိတယ် [အသေးစားဘက်စုံသုံး အပျော်စီးသင်္ဘော] (SSS အဆင့်)၊ [ငါးမောင်းထုတ်စက်] (SSS အဆင့်)။”
ထိုပစ္စည်းနှစ်ခုကို ဂရုထဲသို့ ထည့်သွင်းလိုက်သောအခါ ဂရုတစ်ခုလုံးတိတ်ဆိတ်သွားပြီး ဆွေးနွေးမှုများလည်း ရပ်တန့်သွားလေသည်။
“ဒီပစ္စည်းနှစ်ခုက လူတိုင်းရဲ့ ဘေးကင်းမှုကို ၁၀၀% တော့ အာမခံနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အကွာအဝေးက သိပ်မဝေးဘူးဆိုရင်တော့ ပြဿနာမရှိဘူး။”
ရှောင်းယီက ဆက်ပြော၏။
“အားးးး ငါဘာမြင်နေရတာလဲ။”
“SSS အဆင့် အပျော်စီးသင်္ဘောနဲ့ ငါးမောင်းထုတ်စက်။ ဒါတွေကို ရနိုင်လို့ရလား။”
“သူဌေးကြီး ဒီလိုမျိုးဖွံ့ဖြိုးတိုးတက်နေတာ မဆန်းတော့ဘူး။ ဒီလို အဆင့်မြင့်အပျော်စီးသင်္ဘောမျိုးရှိနေရင် ပင်လယ်ပေါ်မှာ ဘာမဆိုလုပ်လို့ရတယ်။”
“ဒီပစ္စည်းနှစ်ခုက တစ်ခုနဲ့တစ်ခု ဖြည့်စွက်ပေးထားတယ်။ ပေါင်းစပ်လိုက်ရင် ပိုပြီးတော့တောင်အစွမ်းထက်သေးတယ်။”
အခန်း ၂၃၄
“သူဌေးကြီးကို ဒူးထောက်ပါတယ်ဗျာ။ သူဌေးကြီးက ဒီလိုပလပ်အင်(plug-in)ပစ္စည်းမျိုးကို ဘယ်လိုတောင်ရနိုင်ခဲ့တာလဲ။”
“ဒါက ကံကောင်းမှုပဲ။ မနာလိုစရာ မလိုပါဘူး။ သူဌေးကြီးဆီမှာ အမြန်ဆုံး စာရင်းသွင်းလိုက်တော့မယ်။ ငါနဲ့ ငါ့အဖော်ကြား အကွာအဝေးက ၈၀၀ ကီလိုမီတာပဲဆိုတော့ သိပ်မဝေးဘူး။”
“၈၀၀ကီလိုမီတာက မဝေးဘူးလား။”
“မင်း အဲ့ဒီသင်္ဘောအကြောင်း ဖော်ပြချက်ကို မဖတ်ရသေးဘူးလား။ သူ့ရဲ့ အမြန်နှုန်းက တစ်နာရီကို ၆၀၀ ကီလိုမီတာလေ။ သွားလို့ရတဲ့အကွာအဝေးကလည်း ၁၀၀၀၀ ကီလိုမီတာပဲ။”
“ငါက သင်္ချာမကျွမ်းဘူးဟ။ ဒါဆို ၈၀၀ ကီလိုမီတာကို တစ်နာရီကျော်လောက်နဲ့ ရောက်နိုင်တယ်လို့ ဆိုလိုတာလား။”
“ဟုတ်တယ်လေ။ မင်းကိုကြည့်ရတာတော့ သင်္ချာကျွမ်းပုံပါပဲ။”
“ဒါဆို ဘာလို့အချိန်ဆွဲနေတာလဲ။ အမြန်ဆုံး စားရင်းသွင်းကြတော့လေ။”
ထိုအခါ ရှောင်းယီက ထပ်ပြောလိုက်သည်။
“အရင်ဆုံးပြောစရာရှိတာက သင်္ဘောစီးတဲ့အခါ ခါးပတ်ပတ်ရမယ်။ ဒီသင်္ဘောက အရမ်းအကြမ်းခံတယ်။ ဒီကပင်လယ်သတ္တဝါတွေက သင်္ဘောရဲ့ကာကွယ်မှုကို မချိုးဖြတ်နိုင်ဘူး။ ဒါပေမယ့် သင်္ဘောတစ်စီးလုံးကို ရေအောက်ဆွဲချတာမျိုး ဒါမှမဟုတ် တိုက်မိတာမျိုး ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် ခါးပတ်ပတ်ထားမှ လုံခြုံမှုအများဆုံးရလိမ့်မယ်။”
“သင်္ဘောတစ်စီးလုံးကို ရေအောက်ဆွဲချတာလား။ ဒီလိုလုပ်နိုင်တဲ့ ပင်လယ်သတ္တဝါက ဘယ်လောက်တောင်ကြီးတာလဲ။”
“ဟုတ်တယ်။ ယီရန်ပင်းက သူပြောတဲ့အတိုင်း ဖြစ်ဖူးသလိုပဲ။”
“သူဌေးကြီး အဲ့လိုပင်လယ်သတ္တဝါမျိုးနဲ့ တွေ့ဖူးလား။”
ရှောင်းယီက ပြန်ဖြေလိုက်၏။
“တွေ့ဖူးတယ်။ အဲ့ဒီပင်လယ်သတ္တဝါတွေက ငါတို့မတိုင်မီက မျိုးသုဉ်းသွားတဲ့ ရှေးဦးသတ္တဝါတွေနဲ့ ပိုတူတယ်။ တစ်ခါတုန်းက ရှေးဦးမိကျောင်းကြီးတစ်ကောင်က သင်္ဘောကို ရေအောက်ဆွဲချပြီး အရုပ်လုပ်ခဲ့တယ်။ အဲဒီရှေးဦးမိကျောင်းထက် ပိုကြီးတဲ့ ရှေးဦးပင်လယ်မြွေကြီးတစ်ကောင် ပေါ်လာတာကြောင့်သာမဟုတ်ရင် သင်္ဘောနဲ့အတူလိုက်ပါနေတဲ့လူတွေပါ ပျက်စီးသွားမှာပဲ။”
“အဲဒီလောက်တောင် ကြမ်းတယ်လား။”
“ကြောက်စရာကောင်းလိုက်တာ။ ငါ ရုတ်တရက်ကြီး ပေါင်းစည်းချင်စိတ် မရှိတော့ဘူး။ ကိုယ့်ကျွန်းပေါ်မှာ ကိုယ်နေတာက ပိုပြီးဘေးကင်းလိမ့်မယ်။”
“ဒါက ဘယ်လိုကမ္ဘာမျိုးလဲ။ ဘာလို့ ဒီလိုပုံမှန်မဟုတ်တဲ့ သတ္တဝါတွေ အရမ်းများနေရတာလဲ။”
ကျူးချန်းချူရှန်းသည်လည်း ဂရုထဲက စကားဝိုင်းကိုမြင်လိုက်ရပြီး ရှောင်းယီဖော်ပြထားသော SSS အဆင့် သင်္ဘောတစ်စီးနှင့် ငါးမောင်းထုတ်စက်များကို မြင်သောအခါ အံ့အားသင့်ပြီး အတန်ကြာအောင် တုန်လှုပ်သွားခဲ့သည်။
နောက်ပိုင်းတွင် ရှောင်းယီသည် ရှေးဦးမိကျောင်းအကြောင်း ပြောသောအခါ သူ့၏နှလုံးခုန်သံ တစ်ချက်မှားသွားပြီး ဂရုထဲတွင် အလျင်အမြန်မေးလိုက်မိ၏။
“သူဌေးက ရှေးဦးမိကျောင်းကို ဘယ်မှာတွေ့ခဲ့တာလဲ။”
“တိကျတဲ့တည်နေရာမရှိတော့ ငါလည်းမပြောနိုင်ဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“မင်းရဲ့လှေဦးပိုင်းရုပ်ထုက အဲ့ဒီလိုမျိုး ရှေးဦးသတ္တဝါတွေဆီကနေ ပုံးကွယ်နိုင်မလားဆိုတာတော့ ငါလည်းမသိဘူး။”
“အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ချူရှန်းက ပြန်ဖြေလိုက်သည်။
ဂရုထဲရှိ လူများသည်လည်း ကျူးချန်းချူရှန်း၏ အမေးစကားများကို မြင်ပြီးနောက် ပြန်လည်ကာ စကားစပြောလာကြ၏။
“တစ်နည်းပြောရရင် ကျူးချန်းကလန်ရဲ့လှေဦးပိုင်းရုပ်ထုက လုံးဝပြိုင်ဘက်ကင်းနေနိုင်တာတော့ မဟုတ်ဘူး။”
“ဘယ်လိုလုပ် ပြိုင်ဘက်ကင်းနိုင်မှာလဲ။ ဒီကမ္ဘာက မင်းကို ပြိုင်ဘက်ကင်းခွင့်ပေးမှာ မဟုတ်ဘူး။”
“ဒါဆိုရင်တော့ ကျူးချန်းကလန်က ကံကောင်းတာပဲ။ အဲ့ဒီလိုမျိူး ရှေးဦးသတ္တဝါတွေနဲ့ မတွေ့သေးဘူး။”
“အဲ့ဒီလိုပဲ ဖြစ်ရမယ်။ သူတို့နဲ့ တွေ့မိခဲ့ရင်တောင် သူတို့ကိုပင်လယ်ထဲမှာပဲ တွေ့နိုင်တယ်။”
“ဒါဆို ပေါင်းစည်းဖို့တောင် မဝံ့ရဲတော့ဘူး။ ကိုယ့်ကျွန်းပေါ်မှာပဲ ကိုယ်နေချင်တော့တယ်။”
“ကိုယ့်ကျွန်းပေါ်မှာပဲ ကိုယ်နေရင်လည်း ဒေသခံတွေက လာဖမ်းမှာပဲလေ...။”
“သိပ်တော့ စိတ်ပူစရာမလိုပါဘူး။ ငါ့ရဲ့ခန့်မှန်းချက်အရ ဒီရှေးဦးသတ္တဝါတွေ ပေါ်လာနိုင်ချေက အရမ်းနည်းပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က လက်ရှိဖွံ့ဖြိုးတိုးတက်မှုအဆင့်ထက် ကျော်လွန်တဲ့အရာတွေဖြစ်နိုင်တယ်။ ဥပမာ ပျော်စီးသင်္ဘောလိုမျိုးပေါ့။”
ရှောင်းယီက ပြောလိုက်သည်။
“ဒါပေမယ့် ဒါကလည်း ခန့်မှန်းကြည့်ရုံပါပဲ။ ဒီကမ္ဘာရဲ့စည်းမျဉ်းတွေက ဟန်ချက်ကို ညီအောင်လိုက်နေတာပဲလေ။”
“ဟုတ်တယ်။ ပျော်စီးသင်္ဘောက အရမ်းအဆင့်မြင့်နေလို့ ဒီလိုမျိုးအားကောင်းတဲ့ ပင်လယ်သတ္တဝါတွေနဲ့ တွေ့ရတာပဲ။”
“ဒါပေမယ့် ဖြစ်နိုင်ချေနည်းတယ်ဆိုရင်တောင်မှ သူတို့နဲ့တွေ့မိမယ်ဆိုရင်တော့ ဂိမ်းအိုဗာဖြစ်သွားမှာပဲ။”
“အခုချိန်မှာ အသက်ရှင်သန်နိုင်ဖို့က အခွင့်အလမ်းပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူးလား။ အစကတည်းက ရေနဲ့ အစားအစာမပေးခဲ့ရင် ဒါမှမဟုတ် တတိယပတ်မှာ လုံလောက်တဲ့အပူပေးပစ္စည်းတွေ မပေးခဲ့ဘူးဆိုရင်လည်း ဂွတ်ဘိုင်လုပ်ရမှာပဲလေ။”
“အမှန်ပဲ။ ငါတို့ ဘယ်လောက်ကံကောင်းလဲဆိုတာ ကြည့်ကြတာပေါ့။ အကယ်၍ အောင်အောင်မြင်မြင်ပေါင်းစည်းနိုင်မယ်ဆိုရင် နည်းနည်းပိုကြာအောင် ရှင်သန်နိုင်လိမ့်မယ်။”
“ဟုတ်တယ်။ ငါတော့ သူဌေးကြီးယီရန်ပင်းရဲ့ ပျော်စီးသင်္ဘောကို သုံးဖို့ပဲရွေးမယ်။”
“ကျွန်မလည်း အတူတူပဲ။”
“ငါ ပြောစရာရှိတာတွေ အားလုံးကို ပြောပြပြီးပြီ။ ငါ့ရဲ့ခရီးသည်တင်ဝန်ဆောင်မှု လိုချင်၊ မလိုချင်ဆိုတာကတော့ မင်းတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ကျွန်တော်လည်း သုံးမယ်။ သူဌေးကြီး ကျွန်တော့်ဆီကို ဘယ်တော့လောက် လာနိုင်မလဲ။”
ထိုအခါ ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ငါ့ရဲ့ခရီးသည်ပို့ဆောင်နည်းက ကျူးချန်းကလန်နဲ့ မတူဘူး။ ငါက သင်္ဘောကိုငှားမယ်။ ဒါပေမယ့် မင်းက ထိန်းချုပ်လို့မရဘူး။ သင်္ဘောက ကနဦးသတ်မှတ်ချက်အတိုင်း အလိုအလျောက် ရွက်လွင့်လိမ့်မယ်။”
“သောက်ကျိုးနည်း... ဒီသင်္ဘောက အရမ်းမိုက်တာပဲ။ လူမပါဘဲနဲ့တောင် မောင်းနိုင်သေးတာလား။”
“SSS အဆင့်သင်္ဘောဆိုတဲ့အတိုင်း တကယ့်ကို အံ့မခန်းပဲ။”
“သူဌေးကြီးယီရန်ပင်းရဲ့ နည်းလမ်းက ကျူးချန်းကလန်ထက် ပိုမြန်တယ်။”
“သူဌေးကို အမြန်ဆုံးခရီးသည်တင်ဆောင်ခြင်းလုပ်ငန်းစတင်ဖို့ တောင်းဆိုပါတယ်။”
လူတိုင်း အော်ဟစ်နေသည်ကိုမြင်သောအခါ ရှောင်းယီက တစ်စုံတစ်ခု စဉ်းစားမိလိုက်၏။ ထို့နောက် အန်းရန်တို့ကို အမြန်ဆုံးသွားရှာပြီး ပြောလိုက်သည်။
“ဒီညတော့ မင်းတို့ နားမနေရတော့ဘူးနဲ့တူတယ်။”
“ပြဿနာမရှိပါဘူး။ ငါတို့လည်း ဗိုက်အရမ်းပြည့်နေလို့ အစာခြေဖို့လိုနေတာနဲ့ အတော်ပဲ။”
အန်းရန်က ချက်ချင်းပြန်ဖြေလိုက်၏။
ရှောင်းယီသည် သူတို့ကို သူ၏ခရီးသည်တင်ဝန်ဆောင်မှုအကြောင်း အကျဉ်းချုပ်ရှင်းပြလိုက်သည်။
အန်းရန်က ခေါင်းညိတ်လိုက်သည်။
“ပြဿနာမရှိပါဘူး။ ဆုဝမ်နဲ့ ငါ့ကို အပ်ထားလိုက်။”
“ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“သူတို့က သူတို့ရဲ့တည်နေရာနဲ့ သွားမယ့်နေရာကို ပို့ပြီးမှ လှေကိုငှားရမ်းနိုင်မယ်ဆိုတာလည်း မှတ်ထားဦး။ ဈေးနှုန်းက ကျူးချန်းကလန်နဲ့ အတူတူပဲ။ အခုတော့ တစ်ဝက်ဈေးနဲ့ ပေးထားတယ်။ ခန့်မှန်းခြေအားဖြင့် ကီလိုမီတာ ၁၀၀ က အုတ်မြစ်ကျောက်တစ်ခုနဲ့ ညီမျှတယ်။ ပြီးရင် ကျူးချန်းကလန်ကို စောင့်ကြည့်ထား။ ကျူးချန်းကလန်က ငါးဆယ်ကီလိုမီတာကို အုတ်မြစ်ကျောက်တစ်ခုနဲ့ ပြန်ယူတဲ့အခါကျရင် ငါတို့လည်း ငါတို့ရဲ့ဈေးနှုန်းကို မြှင့်တင်ရမယ်။”
“နားလည်ပြီ။”
အန်းရန်က ပြန်ဖြေပြီး ဆုဝမ်ကိုခေါ်ကာ ဧည့်ခန်းထဲသို့ သွားလိုက်တော့လေသည်။
ဧည့်ခန်းထဲရှိ လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ရှောင်းယီက သင်္ဘောငှားရမ်းခွင့်ပေးထားပြီးသားဖြစ်၏။
သူမတို့နှစ်ယောက်သည် ပထမထပ်ရှိ အိပ်ခန်းမှ စောင်နှစ်ထည်ယူပြီး ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် ခင်းလိုက်သည်။
“ရုပ်ရှင်ကြည့်ကြမလား။”
ဆုဝမ်က ပြောလိုက်သည်။
“အိုကေလေ။ ငါတို့လည်း တစ်ညလုံး အလုပ်လုပ်စရာမလိုဘူးဆိုတော့ ကြည့်ကြတာပေါ့။”
အန်းရန်က ပြုံးကာ ပြောလိုက်၏။
“ဟုတ်တယ်။ ငါ ဒီကိုစရောက်တုန်းက အရမ်းစိတ်လှုပ်ရှားနေခဲ့တာ။ ဒါပေမယ့် ညဘက်မှာ ဘာမှလုပ်စရာမရှိခဲ့ဘူး။ အဲ့ဒါကြောင့် ငါ ညအချိန်ကို တကယ်မဖြတ်သန်းဖြစ်သေးဘူး။”
ဆုဝမ်က ပြောလိုက်သည်။
“ကောင်းပြီ နင်အရင်ဆုံး ကြည့်စရာ ရုပ်ရှင်ရှာထားလိုက်လေ။ ငါ လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သွားကြည့်လိုက်ဦးမယ်။”
အန်းရန်က ပြောလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားလိုက်၏။
ရှောင်းယီသည် ယီထျန်းဂရုထဲသို့ အသိပေးစာပို့ပြီး ရှောင်းရှောင်းမုချွမ်းကို ဆက်သွယ်ရန် ပြောထားလိုက်သည်။
လက်အောက်ခံ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုအဖြစ် လက်ခံပြီးသည့်အခါ အမည်ပြောင်းခွင့်လည်း ရှိပေသည်။ ရှောင်းယီသည် လီယုဆီမှ ရယူထားသော သစ်သားလှေလေးပေါ်မှ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ရှောင်းရှောင်းမုချွမ်းဟု အမည်ပြောင်းထားခဲ့သည်။
ရှောင်းယီ အသိပေးစာပို့လိုက်သည်နှင့် လူတစ်ချို့က သီးသန့်စကားပြောခြင်းကို စတင်လိုက်ကြတော့လေသည်။
“ဒီဒီ!! သူစိမ်းတစ်ဦးက သီးသန့်စကားပြောရန် တောင်းဆိုနေပါသည်။”
ရှောင်းယီသည် အနည်းငယ်စိတ်ရှုပ်ထွေးစွာဖြင့် သီးသန့်စကားပြောရန် တောင်းဆိုချက်ကို ကြည့်လိုက်၏။ ထိုအခါ သူတစ်ခါမှမမြင်ဖူးသည့် ဝူကျိဟူသည့်အိုင်ဒီတစ်ခုကို တွေ့လိုက်ရသည်။
“ယီရန်ပင်း မင်းရဲ့ အပျော်စီးသင်္ဘောကို ရောင်းချင်လား။ ငါ ဈေးကြီးပေးမယ်။ [အုတ်မြစ်ကျောက်] ၅၀၊ [ရေသန့်စက်] (C အဆင့်) ၁။”
တစ်ဖက်လူ၏ ကမ်းလှမ်းချက်ကိုကြည့်လိုက်ပြီးနောက် ရှောင်းယီသည် ပြောစရာစကားများ ကင်းမဲ့သွားခဲ့သည်။
“ငါက မင်းဆီက ဒီပစ္စည်းတွေကို လိုအပ်နေတဲ့ပုံပေါက်နေလို့လား။”
ထို့နောက် သူသည် တဖက်လူကို ဘာမှပြန်ပြောမနေတော့ဘဲ တိုက်ရိုက် ဘလော့ပစ်လိုက်၏။
ထိုအချင်းအရာကို တွေ့လိုက်ရသောအခါ ဝူကျိမှာ လန့်ဖျန့်သွားခဲ့ပြီး ရွှမ်းယွမ်ဝူဝေ့ဆီသို့ အလျင်အမြန်သတင်းပို့လိုက်တော့သည်။
“သူဌေး သူက ကျုပ်ကို တိုက်ရိုက်ဘလော့ပစ်လိုက်တယ်။ သူက စကားတောင် မပြောချင်သလိုပဲ။”
“ဟမ့် ဒါက ယီရန်ပင်းရဲ့ပုံစံပဲ။”
ရွှမ်းယွမ်ဝူဝေ့က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။