အခန်း (၂၂၉-၂၃၁)
Vol. 16 Ch. 229-231
အခန်း ၂၂၉
“သားရဲဘုရင်ကို အထင်မသေးလိုက်နဲ့။ သူက သားရဲတိရစ္ဆာန်တွေရဲ့ဘုရင်ဖြစ်တဲ့အတွက် ဒဏ်ရာရနေရင်တောင် သာမန်သားရဲတွေက သူနဲ့ မယှဉ်နိုင်ဘူး။”
ရှောင်းယီက ပြုံးရယ်ရင်း ပြန်ဖြေလိုက်၏။
“ပြီးတော့ တကယ်တမ်း မနိုင်ဘူးဆိုရင်တောင် သူထွက်ပြေးဖို့ဆုံးဖြတ်လိုက်ရင် တောထဲက သားရဲတွေက သူ့ကို ဘယ်လိုမှ မထိန်းထားနိုင်ဘူး။”
သားရဲဘုရင်သည် တောထဲမှ ယုန်လေးကောင်၊ ဆိတ်နှစ်ကောင်တို့အပြင် အားကောင်းသည့် ဝက်ဝံတစ်ကောင်ကို အလျင်အမြန်ဆွဲယူလာပြီး ဗီလာ၏ ခြံထဲတွင် အကုန်စုပုံထားလိုက်သည်။
“ဟိုဘက်က သွေးနံ့ရတယ်။”
ရှောင်းယီသည် မျက်မှောင်ကျုံ့လိုက်ပြီး ဗီလာ၏ လသာဆောင်ဆီသို့ လျှောက်သွားလိုက်၏။ ထို့နောက် ဗီလာ၏ခြံဝင်းထဲတွင် စုပုံထားသော တိရစ္ဆာန်အလောင်းများကို မြင်လိုက်ရလေသည်။ ခြံတစ်ခုလုံးနီးပါး သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
“သားရဲဘုရင်..”
ရှောင်းယီက ဒေါသတကြီး အော်ဟစ်လိုက်၏။
“ဘာလို့ ခြံကို အဲ့လောက်တောင် သွေးစွန်းအောင် လုပ်လိုက်တာလဲ။ “
သားရဲဘုရင်သည် သူ၏ခေါင်းကို ပုလိုက်ပြီး နှစ်ချက်ဟိန်းလိုက်သည်။
“ခြံထဲမှာ မထားရဘူးလို့ သခင်မှ မပြောခဲ့ဘဲဟာကို။”
ရှောင်းယီသည် သူ့၏တိုးညှင်းသောအော်သံကို ကြားလိုက်ရသောအခါ ပြောစရာစကားများ ကင်းမဲ့သွားပြီး နောက်သို့လှည့်ကာ ဆုဝမ်ကို ပြောလိုက်သည်။
“အများသုံးချန်နယ်ပေါ်မှာ အချက်အလက်တွေ ထပ်မရှိတော့ဘူး ထင်တယ်။ မင်းနဲ့ အန်းရန်တို့ ခြံထဲက တိရစ္ဆာန်တွေကို သွားပြီးကိုင်တွယ်လိုက်ကြဦး။ သွေးတွေကို ဆေးပစ်ဖို့လည်း မမေ့နဲ့။”
“အိုကေ။”
ဆုဝမ်က ပြန်ဖြေပြီး ထရပ်ကာ အောက်ထပ်သို့ ဆင်းသွားလိုက်သည်။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားပြီး ယီထျန်းဂရုကို ပြောင်းကာ ပြောလိုက်သည်။
“ဒီနေ့ တစ်ကမ္ဘာလုံးက အသက်ရှင်ကျန်ရစ်သူ ၂၀ လောက်ကို ဒေသခံတွေက ရှင်းပစ်လိုက်တယ်။ ဖြစ်နိုင်ရင် လူတိုင်း အမြန်ဆုံး စုစည်းကြပါ။ လူတစ်ယောက်ပိုလာရင် အသက်ရှင်ဖို့ အခွင့်အလမ်းပိုများလာလိမ့်မယ်။”
ယီထျန်းဂရုထဲရှိ လူအများစုက အများသုံးချန်နယ်ရှိ စကားဝိုင်းများကို သတိမထားမိကြပေ။ အဓိကအချက်မှာ လူတိုင်း၏ နိုင်ငံခြားဘာသာစကား အရည်အချင်းက ကန့်သတ်ချက်ရှိသောကြောင့်ပင်။
တကယ်တမ်းတွင် နိုင်ငံခြားဘာသာစကား တော်သည့်သူတချို့လည်းရှိပြီး သူတို့သည် အများသုံးချန်နယ်ပေါ်တွင် ဖြစ်ပျက်သမျှကို သိထားကြသည်။
“ဘာ...တစ်ခါတည်းနဲ့ လူအယောက် ၂၀ လောက်ကို သတ်လိုက်တယ်လို့ ဆိုလိုချင်တာလား။”
“ဟုတ်တယ်။ အများသုံးချန်နယ်ပေါ်မှာ ဒီကမ္ဘာကြီးက အရမ်းအန္တရာယ်များတယ်လို့ ပြောနေကြတယ်။”
“အများသုံးချန်နယ်ပေါ်က စကားဝိုင်းတွေကို လိုက်ဖတ်နိုင်တယ်ဆိုတော့ မင်းက ထိပ်တန်းကျောင်းသားပဲဖြစ်ရမယ်။ ဟုတ်တယ်မလား။”
“ငါက ထိပ်တန်းကျောင်းသားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံခြားဘာသာစကားကို အဓိကထား လေ့လာနေတာလေ။”
“မင်းလိုနိုင်ငံခြားဘာသာစကား နားလည်တဲ့သူတွေကို ငါအရမ်းအားကျတာပဲ။”
“နိုင်ငံခြားဘာသာစကား ကျွမ်းကျင်ဖို့က အရေးကြီးပုံပဲ။”
“ဟုတ်တယ်။ အဲ့လိုမှမဟုတ်ရင် ရုပ်ရှင်ကြည့်တဲ့အခါ စာတန်းထိုးလိုက်ရလိမ့်မယ်။ စာတန်းမပါရင် လှုပ်ရှားမှုတွေပဲ ကြည့်လို့ရမှာပေါ့။”
“အခု ဘယ်အချိန်ရှိနေပြီလဲ။ မင်းတို့က ကားမောင်းနေသေးတယ်။ လူတိုင်းပဲ အဓိကအချက်ကို အာရုံစိုက်ကြပါ။ အသက်ရှင်ကျန်ရစ်သူ ၂၀ ကို ရှင်းပစ်လိုက်ပြီဟ။”
“ဟုတ်တယ်။ ငါတို့ဂရုထဲက လူတွေကျ ဘာလို့ ဒေသခံတွေနဲ့ မတွေ့ကြသေးတာလဲ။”
“ဘာလို့မှန်းတော့ ငါလည်းမသိဘူး။ ကုထောင်ချွေ့ရှန်းက သူတို့နဲ့ တွေ့ပြီး တိုက်ခိုက်ခဲ့တယ်လို့ သူဌေးကြီးပြောခဲ့တယ် မဟုတ်ဘူးလား။”
“ဒါဆို အရမ်းကြမ်းတာပဲ။ @ကုထောင်ချွေ့ရှန်း အစ်ကိုကြီး ဒေသခံတွေကို ဘယ်လိုနိုင်အောင် တိုက်ခိုက်ရမလဲဆိုတာ သင်ပေးပါဦး။”
“ငါလည်း တောင်းဆိုချင်တယ်။”
ကုထောင်ချွေ့ရှန်းသည် လူတိုင်းက သူ့ကို ညွှန်းနေသည်အား မြင်သောအခါ ဂရုထဲတွင် ချက်ချင်းပြောလိုက်သည်။
“ငါ့မှာ ဘာနည်းလမ်းကောင်းမှ မရှိပါဘူး။ ဒါပေမယ့် သူဌေးကြီးယီရန်ပင်းက ထောက်ပံ့မှုတချို့ပေးခဲ့တယ်။ ဒါပေမယ့် လူတိုင်းလက်ထဲမှာ အဝေးကနေ တိုက်ခိုက်နိုင်တဲ့ လက်နက်တွေရှိရင် အဲ့ဒီဒေသခံတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ပိုပြီး လွယ်ကူသွားလိမ့်မယ်။”
“အာ...သူဌေးကြီးယီရန်ပင်းရဲ့ ထောက်ပံ့မှုလား။ မင်းနဲ့ သူဌေးကြီးရဲ့ ဆက်ဆံရေးက အရမ်းကောင်းတာပဲလား။”
“ကုထောင်ချွေ့ရှန်းကို ငါအားကျလိုက်တာ။ သူက တကယ်ကို သူဌေးကြီးနဲ့ အဆက်အသွယ်ရှိနေတာပဲ။”
“အဆက်အသွယ်ရှိတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။ သူဌေးကြီးယီရန်ပင်းမှာ လုံယန်ရဲ့အစွမ်းမျိုးရှိတယ်လို့ မင်းတကယ်ထင်နေတာလား။”
“လေးနဲ့မြားလို လက်နက်တွေက ဈေးကြီးပေမယ့် သုံးရတာ တကယ်ကောင်းတယ်။”
“ငါလည်း အဝေးကနေ တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ စုဆောင်းချင်တယ်။ သီးသန့်စကားပြောကြမယ်ကွာ။”
ရှောင်းယီသည် အနည်းငယ်စဉ်းစားကြည့်လိုက်ပြီးနောက် အုပ်စုထဲတွင် ပြောလိုက်သည်။
“နိုင်ငံခြားဘာသာစကား နားလည်တဲ့သူတွေ အချိန်ရရင် အများသုံးချန်နယ်ကို ပိုပြီးစောင့်ကြည့်ထားကြပါ။ အရေးကြီးတဲ့သတင်းတွေရှိရင် ငါတို့ဂရုထဲမှာ ပြန်ပြောပေးကြပါဦး။”
“ဟုတ်ကဲ့ပါ သူဌေးကြီး ခင်ဗျားမှာ လေးနဲ့မြားတွေ အများကြီးရှိလား။ အုတ်မြစ်ကျောက်နဲ့ လဲပါ့မယ်။”
“ငါလည်း အုတ်မြစ်ကျောက်နဲ့ လဲမယ်။”
ဂရုထဲက လူအများစုသည် ရှောင်းယီကို လေးနှင့်မြားကဲ့သို့ အဝေးကနေ တိုက်ခိုက်နိုင်သော လက်နက်များ ဝယ်ယူရန် ရှာဖွေနေကြသည်။
သို့သော်လည်း ရှောင်းယီ၏လက်ထဲတွင်ရှိသော လေးနှင့်မြားများသည် သူ၏လူများအတွက်သာ လုံလောက်ပေသည်။
သူသည် လူတိုင်းကို လေးနှင့်မြား အပိုမရှိကြောင်း ပြောရန်ပြင်နေစဉ် ပေါင်ယွမ်က ရုတ်တရက် စကားလိုက်၏။
“တကယ်တော့ လိုအပ်တဲ့ပစ္စည်းတွေ လုံလောက်ရင် လေးနဲ့မြားကို ငါလုပ်ပေးနိုင်တယ်။”
ပေါင်ယွမ်က ပြောလိုက်သည်။
တောတွင်းရှင်သန်ရေး ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ လေးနှင့်မြားများ ပြုလုပ်ခြင်းသည် သူ့အတွက်တော့ ကလေးကစားစရာသာသာပင်ဖြစ်သည်။ သို့သော်လည်း သူ့ကျွန်းပေါ်ရှိ ဆင့်ကဲဖြစ်စဉ်အဆင့်သည် နိမ့်ကျနေသေးသောကြောင့် ပစ္စည်းများ အများကြီး မရရှိနိုင်ပေ။
ရှောင်းယီသည် ပေါင်ယွမ်၏စကားကို မြင်သောအခါ မျက်လုံးများ တောက်ပလာပြီး မေးလိုက်သည်။
“ဘာပစ္စည်းတွေ လိုအပ်တာလဲ။”
“လေးကိုယ်ထည်အတွက် သစ်သား၊ ဝါးနဲ တိရစ္ဆာန်ဦးချိုတစ်မျိုးမျိုးလိုတယ်။ လေးကြိုးအတွက် တိရစ္ဆာန်အရွတ်၊ လျှော်ကြိုး၊ ဒါမှမဟုတ် အားကောင်းတဲ့ပိုးချည်တစ်မျိုးမျိုးလိုတယ်။”
ပေါင်ယွမ်က ချက်ချင်းပြန်ဖြေလိုက်သည်။
ရှောင်းယီသည် အနည်းငယ်စဉ်းစားကြည့်ပြီးနောက် ထပ်မေးလိုက်သည်။
“ဘယ်ဟာက ပိုလွယ်လဲ။”
“ဝါးလေးက အလွယ်ဆုံးပဲ။ ဒါပေမယ့် ဆွေးလွယ်ပြီး ကျိုးလွယ်တယ်။ အသုံးပြုချိန်နဲ့ ပစ်လွှတ်နိုင်တဲ့အကြိမ်အရေအတွက်ကလည်း အကန့်အသတ်ရှိတယ်။”
“ပြဿနာမရှိဘူး။ ဝါးလေးနဲ့ပဲ အရင်စလုပ်ကြတာပေါ့။”
ရှောင်းယီက ပြောလိုက်သည်။
“ငါ မင်းကို ဝါးနဲ့ လျှော်ကြိုးတွေ ထောက်ပံ့ပေးမယ်။ မင်းလုပ်ပြီးရင် ဂရုထဲမှာ ငှားရမ်းမယ်။ တစ်နေ့ကို လေးတစ်ခုငှားခ အုတ်မြစ်ကျောက်တစ်ခု။ အဆုံးမှာ ငှားခတွေကို အညီအမျှ ခွဲဝေကြမယ်။ ဘယ်လိုသဘောရလဲ။”
“ပြဿနာမရှိဘူး”
ပေါင်ယွမ်သည် အနည်းငယ်စဉ်းစားပြီးနောက် ရှောင်းယီ၏အကြံပြုချက်ကို သဘောတူလိုက်သည်။
ရှောင်းယီသည် ပြန်ရောက်လာပြီဖြစ်သော ကျန်းယွင်ထျန်းကို ခေါ်ပြီး သူတို့နှစ်ယောက်သား သားရဲဘုရင်နှင့်အတူ တောထဲကို ဝါးခုတ်ရန် ထွက်သွားလိုက်သည်။
ထိုကဲ့သို့ရိုးရှင်းသော လေးနှင့်မြှားကို ပြုလုပ်ရန် သာမန်ဝါးမျိုးကိုသာ အသုံးပြုရမည်ဖြစ်သည်။ ရှောင်းယီ၏ သစ်တောထဲတွင် ဝါးပင်များ အများကြီးရှိပေသည်။
နာရီဝက်ခန့်ကြာသည့်အခါ ရှောင်းယီနှင့် ကျန်းယွင်ထျန်းသည် ဝါးများကို ဆွဲကာ ပြန်ရောက်လာခဲ့ကြသည်။
ရှောင်းယီသည် ဝါးအားလုံးကို ပေါင်ယွမ်ဆီသို့ လဲလှယ်ပေးလိုက်ပြီး လီယန်ဆီမှ လျှော်ကြိုးတချို့ကို တောင်းယူလိုက်သည်။
လီယန်သည် ထိုလျှော်ကြိုးများကိုပေးရန် အနည်းငယ် မလိုလားပေ။ အစကတည်းက လျှော်ပင်များမှာ အများကြီးမရှိပေ။ ယခု တစ်ချို့ကို ထပ်မံယူဆောင်သွားဦးမည်ဖြစ်သည်။
သို့သော်လည်း ဒေသခံများကို ခုခံကာကွယ်ရန်အတွက် လက်နက်များပြုလုပ်ရန်ဖြစ်ကြောင်း သိလိုက်ရသောအခါ မတတ်သာဘဲ ပေးလိုက်ရတော့သည်။
သူမ၏ နှလုံးသားနာကျင်နေသည့်အမူအရာကို မြင်သောအခါ ရှောင်းယီက ပြုံးရယ်ရင်း ပြောလိုက်သည်။
“လယ်သမားက လျှော်ပင်တွေ စိုက်ထားပြီးပါပြီ။ မကြာခင်မှာ လျှော်ကြိုးတွေ အဆက်မပြတ် ရနိုင်တော့မှာပါ။ ပြီးတော့ မန်ဟွားစိုက်ခင်းကိုလည်း တိုးချဲ့ထားပြီးပြီ။ နောက်ပိုင်းမှာ ဒီပစ္စည်းတွေ ပြတ်လတ်မှာမဟုတ်တော့ပါဘူး။”
“နောက်ပိုင်းမှာ မပြတ်သွားဘူးဆိုတာ သေချာပေမယ့် အခုထိတော့ နည်းနေတုန်းပဲလေ။”
လီယန်က သက်ပြင်းချပြီး ပြောလိုက်သည်။
“ကျန်တဲ့ဟာတွေနဲ့ဆိုရင် အနည်းဆုံး အင်္ကျီအနည်းငယ်လောက်တော့ လုပ်နိုင်တယ်။”
ထို့နောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားပြီး လျှော်ကြိုးများကို ပေါင်ယွမ်ဆီသို့ လဲလှယ်ပေးလိုက်သည်။
ပေါင်ယွမ်သည် ပြင်ဆင်ထားသော လျှော်ကြိုးများကို မြင်သောအခါ အံ့သြသွားပြီး တွေးလိုက်မိ၏။
‘ဒီလူရဲ့ကျွန်းမှာ ကျွမ်းကျင်သူတွေ ရှိနေပုံပဲ။’
“ဒီပစ္စည်းတွေနဲ့ လေးဘယ်နှစ်ခုလောက် လုပ်နိုင်မလဲ။”
ရှောင်းယီက မေးလိုက်သည်။
ပေါင်ယွမ်သည် ထိုပစ္စည်းများကို ကြည့်ပြီး စိတ်ထဲတွင် တွက်ချက်ကြည့်ကာ ပြန်ဖြေလိုက်သည်။
“လေး ၁၁ ခုလောက် လုပ်နိုင်လိမ့်မယ်။ ပြီးတော့ ကျုပ်အတွက် တစ်ခုချန်ထားချင်တယ်။”
“ပြဿနာမရှိဘူး။”
ရှောင်းယီက ပြောလိုက်သည်။ ပေါင်ယွမ်ဘက်မှ လျှို့ဝှက်ချက်မထားဘဲ ပွင့်ပွင့်လင်းလင်းပြောလာသည့်အတွက် သူ့တွင်လည်း ကန့်ကွက်စရာမရှိပေ။
“အိုကေ။ ဒါဆို ကျုပ် ဝါးလေးကို အရင်လုပ်လိုက်မယ်။ ခဏနေရင် ရပြီ”
ပေါင်ယွမ်က ပြောလိုက်သည်။
ထိုဒေသခံများသည် သူတို့ကို အချိန်အများကြီး ပေးမည်မဟုတ်ပေ။
စဉ်းစားပြီးနောက် ရှောင်းယီက ဂရုထဲတွင် ဆက်ပြောလိုက်သည်။
“အချိန်ရရင် သစ်သားနဲ့ မြားတွေ ပိုလုပ်ထားကြပါ။ နောက်ပိုင်းမှာ ဝါးလေးငှားတဲ့အခါ မြားမရှိရင် အဆင်မပြေ ဖြစ်နေရလိမ့်မယ်။”
“သူဌေးကြီး အဲ့ဒါကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာ တိုက်ရိုက်လုပ်လို့ရတယ်လေ။”
တစ်စုံတစ်ယောက်က ပြောလိုက်သည်။
“သံမြားခေါင်းနဲ့ အတောင်ပံတပ်ဖို့ လိုတဲ့မြားမျိုးဆို ထုတ်လုပ်မှုပုံစံ လိုအပ်တယ်။ ဒါပေမယ့် သစ်သားကို သစ်သားမြှားအဖြစ် ပြောင်းတဲ့အရာမျိုးဆိုရင်တော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ တစ်ခါတည်းလုပ်လို့ရတယ်။”
ရှောင်းယီသည် ခဏတာ အံ့သြသွားပြီး ပြောလိုက်၏။
“ငါ အဲ့ဒါကို မသိသေးဘူး။ ဒီလိုဆိုရင်တော့ ပိုပြီးအဆင်ပြေသွားတာပေါ့။”
၎င်းသည် အထူးလက်မှုပညာမလိုဘဲ အခြေခံပစ္စည်းများကို ပုံစံအားဖြင့် ပြောင်းလဲခြင်းဖြစ်သည်။ ထုတ်လုပ်မှုပုံစံများ မလိုအပ်ပေ။ အရင်က ရှောင်းယီလုပ်ခဲ့သော အပ်များကဲ့သို့ပင်ဖြစ်သည်။
“သူဌေးကြီးက ဒီလိုနိမ့်ကျတဲ့ထုတ်လုပ်မှုပရောဂျက်တွေကို ဘယ်တုန်းကမှ အာရုံမစိုက်ခဲ့ဘူးထင်တယ်။”
“ဟုတ်တယ်။ သူဌေးကြီးက ဒီလိုနိမ့်ကျတဲ့ လက်နက်တွေ မလိုအပ်ပုံပဲ။”
“သူဌေးကြီးလက်ထဲမှာ အခုဆိုရင် ဘယ်လိုလက်နက်မျိုးတွေရှိမလဲဆိုတာ ငါသိချင်မိတယ်။”
“ဟုတ်တယ်။ သူဌေးကြီးရဲ့လက်ထဲမှာ သေနတ်ရှိမယ်လို့ထင်လား။”
အခန်း ၂၃၀
“သေနတ်တွေလား။ လှံတွေတော့ ရှိရမယ်။ ဒါပေမယ့် အဲ့လိုမျိုး အဖျက်စွမ်းအားပြင်းတဲ့ လက်နက်တွေတော့ မရှိသင့်ဘူး။ အခုချိန်မှာ လူတိုင်းက လယ်ယာစိုက်ပျိုးရေးခေတ်မှာပဲ ရှိနေကြသေးတယ်။ အဲ့ဒါကိုမှ သူဌေးကြီးက သေနတ်တွေရနေရင် ဟန်ချက်ပျက်သွားမှာပေါ့။”
“သူဌေးကြီးကိုယ်တိုင်က ဟန်ချက်ညီမှုကို ဖျက်စီးနေတာပဲ မဟုတ်ဘူးလား။”
“အင်း အဲ့ဒါကိုတော့ ငြင်းလို့မရဘူး။”
ရှောင်းယီသည် လူထု၏ ဆွေးနွေးမှုများကို ကြည့်ပြီး ထပ်ပြောလိုက်သည်။
“ငါ့မှာ အဖျက်စွမ်းအား ပြင်းထန်တဲ့လက်နက်မျိုး မရှိပါဘူး။ ငါ့ဟာတွေက ဒူးလေးနဲ့ မြားတွေပါပဲ။”
“ဒူးလေးလား။ လေးနဲ့မြားလား။ အဲ့ဒါကို စွန့်ကျဲလိုက်တာလား။ သူဌေးကြီးကတော့ တကယ့်ကို သူဌေးကြီးပါပဲ။”
“ငါတော့ ဓားကြီးတစ်လက်ပဲ ရခဲ့တယ်။”
“အနည်းဆုံးတော့ မင်းမှာက ဓားကြီးတစ်လက် ရှိသေးတယ်။ ငါ့မှာဆို မီးဖိုချောင်သုံဓားပဲရှိတယ်။”
“ငါ့မှာတော့ ဓားသေးသေးလေး တစ်ချောင်းပဲရှိတယ်။ အဲ့ဒါကလည်း ပန်းသီးအခွံခွာဖို့ပဲ သုံးလို့ရတယ်။ အဓိကပြဿနာက ငါ့မှာ အဲ့လိုမျိုး အခွံခွာစရာပန်းသီးတောင် မရှိဘူး။”
“ငါကတော့ မင်းကို ဓားပစ်လေ့ကျင့်ဖို့ အကြံပေးချင်တယ်။ ရှောင်းလီရဲ့ ဓားပျံတွေက တစ်ခါမှမလွဲဖူးဘူး။”
“ချီး ငါလည်း လေ့ကျင့်ပြီးရော ကျွန်းတွေလည်း ပျောက်ကုန်လောက်ပြီ။”
ရှောင်းယီသည် သူ၏ခေါင်းကို ခါယမ်းပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီမှ အောက်ထပ်သို့သာ ဆင်းလာခဲ့လိုက်၏။
ခြံထဲတွင် အန်းရန်တို့နှစ်ယောက်မှာ တောရိုင်းတိရစ္ဆာန်များကို ကိုင်တွယ်နေကြသည်။ သူသည်လည်း ထိုနေရာသို့ ချဉ်းကပ်သွားခဲ့သည်။
“ဟမ်...”
ရှောင်းယီသည် သူတို့လက်ထဲက တောရိုင်းသားကောင်များကိုကြည့်ပြီး အံ့ဩသွား၏။
“ဘာဖြစ်လို့လဲ။”
အန်းရန်က ရှောင်းယီကို သံသယအပြည့်ဖြင့် မေးလိုက်သည်။
“ဒီသားရဲဘုရင်က သားကောင်ရွေးတဲ့နေရာမှာ တကယ်တော်တာပဲ။”
ရှောင်းယီသည် ထိုသားကောင်များ၏အနီးသို့ တိုးသွားပြီး ထပ်မံစစ်ဆေးလိုက်၏။
“ဒါတွေအားလုံး B အဆင့်သားကောင်တွေချည်းပဲ။”
အန်းရန်နှင့် ဆုဝမ်တို့၏မျက်လုံးများသည်လည်း ပြူးကျယ်သွားပြီး မယုံကြည်နိုင်ဟန်များဖြင့် ပြည့်နှက်သွားတော့သည်။
“B အဆင့်သားကောင်တွေကို လွယ်လွယ်ရနိုင်လို့လား။”
အန်းရန်က သင်္ကာမကင်းဟန်ဖြင့် မေးလိုက်၏။
“အလွယ်တကူရနိုင်တာမျိုးတော့ မဟုတ်ပေမယ့် သစ်တောက သားရဲဘုရင်ရဲ့အိမ်ပဲ။ B အဆင့်သားကောင်တွေရှိတဲ့နေရာကို သူက ငါတို့ထက်ပိုသိတယ်။”
ရှောင်းယီက ပြုံးပြီး ပြန်ဖြေလိုက်သည်။
“အခုကစပြီး ငါတို့ဆီမှာ အဆင့်မြင့်သားကောင်တွေ ပြတ်လပ်မှာ မဟုတ်တော့ဘူး။”
ခြံကို ရေဆေးရန် ကူညီနေသော ကျန်းယွင်ထျန်းသည်လည်း ရှောင်းယီ၏စကားကို ကြားလိုက်ရလေသည်။
“ဒါဆို ငါတို့တွေ B အဆင့်သားကောင်တွေကို နေ့တိုင်းစားရတော့မှာပေါ့။”
“ဒါကိုတော့ သားရဲဘုရင်ကို မေးရမယ်။”
ရှောင်းယီက သားရဲဘုရင်ကို ညွှန်ပြပြီး ပြောလိုက်သည်။
“ဒီနေ့ အကင်စားကြရအောင်။ သိုးသားဟင်းချိုလည်း ချက်ရမယ်။”
“အိုကေ။”
အန်းရန်က ခေါင်းညိတ်လိုက်သည်။
“ဒါပေမယ့် အကင်စက်က တစ်လုံးပဲရှိတယ်။ တပိုင်နဲ့ အခြားလူတွေနဲ့ရောဆိုရင် လူတွေက အများကြီးပဲ။ အချိန်က အရမ်းကြာသွားလိမ့်မယ်။”
ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“ငါသိပါတယ်။ ဂရုထဲသွားမေးပြီး အကင်စက်ရှိတဲ့သူရှိရင် နောက်ထပ်နည်းနည်းလောက် စုဆောင်းလိုက်မယ်။”
ဤသို့ဖြင့် ရှောင်းယီသည် သူ၏အိပ်ခန်းဆီသို့ပြန်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ရောက်လာသောအခါ ယီထျန်းဂရုထဲတွင် မက်ဆေ့ချ်ပို့လိုက်သည်။
“မင်းတို့မှာ အကင်စက်ရှိသူရှိလား။ ရှိရင် ငါ့ကိုစာပို့ပါ။”
“သူဌေးက ဒီည အကင်စားမလို့လား။ ငါအရမ်းမနာလိုတာပဲ။ ငါလည်းစားချင်လိုက်တာ။”
“ငါ့မှာအကင်စက်မရှိလို့ ဘော့စ်နဲ့နီးစပ်ဖို့အခွင့်အလမ်း နောက်တစ်ခါ ထပ်လွတ်သွားပြန်ပြီ။”
“ငါ့မှာတော့ အကင်စက်ရှိတယ်။ ဒါပေမယ့် ငါလည်း အဲ့ဒါကိုသုံးနေရတယ်။ မဟုတ်ရင် လက်နဲ့ပဲကင်စားလို့ မရဘူးလေ။”
“အပေါ်ကလူ အကင်စက်ရှိရင် သူဌေးနဲ့ဆက်ဆံရေးကောင်းအောင်လုပ်လိုက်။ သိပ်မကြာခင် သူဌေးရဲ့ကျွန်းကို ပထမဆုံးရောက်မယ့်သူတွေထဲမှာ မင်းပါသွားနိုင်လောက်တယ်။”
“ဟုတ်တယ်။ တွေဝေမနေနဲ့။ အကင်စက်ကိုယူပြီး အမြန်ဆုံး သွားလိုက်တော့။”
ရှောင်းယီသည် ထိုစကားများကိုကြည့်ပြီး ပြောစရာစကားများ ကင်းမဲ့သွားခဲ့သည်။
“လောလောဆယ် ကျုပ်ရဲ့ကျွန်းက လူမလက်ခံသေးဘူး။ မဟုတ်ရင် တခြားသူတွေအထင်မှားသွားလိမ့်မယ်။”
သူက ပြောလိုက်သည်။
“ကျစ်ကျစ်ကျစ်...သူဌေးက အရမ်းကြင်နာတတ်တာပဲ။ လူတွေကိုလှည့်စားတာမျိုးတောင် မလုပ်ဘူး။”
“ဟုတ်တယ်။ တချို့လူတွေဆိုရင် ပုံပြင်တွေပြောပြီး ငါတို့ဆီကနေ အကျိုးအမြတ်တွေကို ညှစ်ထုတ်ချင်နေကြတာ။”
“တချို့လူတွေဆိုတာ ဘယ်သူတွေကိုပြောတာလဲ။”
“အားလုံးသိပြီးသားပဲကို ဘာလို့ထပ်ရှင်းပြရမှာလဲ။”
ရှောင်းယီ အကင်စက်စုဆောင်းနေသောသတင်းသည် ရွှမ်းယွမ်ဝူဝေ့နှင့် တိလင်းထျန်းရှားတို့၏ နားထဲသို့ ရောက်ရှိသွားလေသည်။
ရွှမ်းယွမ်ဝူဝေ့က အထင်သေးသောအကြည့်ဖြင့် ကြည့်လိုက်၏။
“အခုချိန်ထိ အကင်စက်တောင် မရသေးဘဲနဲ့ သူ့ကိုယ်သူ သူဌေးကြီးလို့ထင်နေတယ်။ တကယ့်ကို သုံးစားမရဘူးပဲ။”
တိလင်းရှားသည်မူ အနည်းငယ်စိတ်ရှုပ်ထွေးနေခဲ့သည်။
“သူ့မှာလည်း အကင်စက်ရှိမှာပဲကို ဘာလို့ထပ်စုဆောင်းနေတာလဲ။ အကင်စက်တွေက အနာဂတ်မှာ ရှားပါးမယ့် ဗျူဟာမြောက်ပစ္စည်းတွေလား။ မဖြစ်သေးဘူး။ ချင်းလုံကို အဖွဲ့အစည်းထဲက အပိုအကင်စက်တွေအားလုံးကို အမြန်ဆုံး သိမ်းဆည်းခိုင်းရမယ်။”
တိလင်းထျန်းရှား၏ အထိခိုက်မခံနိုင်သည့်သဘောကို အပြစ်တင်၍လည်း မရနိုင်ပေ။ ယခင်က ယီရန်ပင်း မည်သည့်ပစ္စည်းများကို စုဆောင်းစေကာမူ ထိုပစ္စည်းများမှာ အလွန်အသုံးဝင်ခဲ့သည်ချည်းဖြစ်သည်။
ထိုအချင်းအရာသည် သူ၏ တစ်လကျော်ကြာ ခံစားခဲ့ရသည့် အတွေ့အကြုံများမှ ရရှိလာခဲ့သော တန်ဖိုးရှိသည့် သင်ခန်းစာပင်ဖြစ်သည်။
တိလင်းချင်းလုံသည် ထိုအမိန့်ကို လက်ခံရရှိသောအခါ စိတ်ရှုပ်ထွေးသွားသော်လည်း ယီရန်ပင်းသည် သူ၏ဂရုထဲတွင် ထိုအရာကို စုဆောင်းနေကြောင်း ကြားသိလိုက်ရသောအခါ အလိုလိုနားလည်သွားခဲ့သည်။
ယီရန်ပင်းသည် သူတို့၏ လမ်းပြမီးရှူးတန်ဆောင်ဟုပြောလျှင်ပင် မမှားနိုင်ပေ။
ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ရှောင်းယီဆိုသို့ သီးသန့်စာတိုပို့လိုက်လေသည်။
“သူဌေး ကျွန်တော့်မှာ ဒါယီဟာရှိပါတယ်။ လိုချင်ပါသလား။ [မုန့်ဖုတ်အိုဗန်] ၁။”
ထိုအရာကိုမြင်သောအခါ ရှောင်းယီသည် အနည်းငယ်အံ့ဩသွားပြီး နည်းနည်းလည်း နောင်တရသွားမိ၏။
လူသားများတွင် ဂျုံမှုန့်များမရှိသေးသည့်အချိန်၌ ထိုထူးဆန်းသည့်လျှပ်စစ်ပစ္စည်းမျိုးကို တစ်စုံတစ်ယောက်က ရရှိနိုင်ခဲ့သည်ကို အံ့ဩသွားမိသည်။
ကံမကောင်းစွာဖြင့် သူလိုချင်သောအရာမှာ အကင်စက်ဖြစ်ပြီး မုန့်ဖုတ်စက်မဟုတ်ပေ။
သို့သော်ဘည်း ရှောင်းယီသည် နောက်ဆုံးတွင် ထိုပစ္စည်းကို လက်ခံရန် ဆုံးဖြတ်လိုက်၏။ တစ်ခါတရံ ထိုပစ္စည်းဖြင့် မုန့်ဖုတ်စားရန် အသုံးပြုနိုင်ပေသည်။
“လိုချင်တယ်။ မင်းဘာလိုချင်လဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အလကားပေးပါ့မယ်။ အဲ့ဒါက ကျုပ်အတွက်အသုံးမဝင်ဘူး။ [မုန့်ဖုတ်အိုဗန်] ၁ - အခမဲ့လဲလှယ်ခြင်း။”
ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ငွေကြေးလဲလှယ်မှုတစ်ခုကို စတင်လိုက်သည်။
“[ပင်လယ်ငါး] (C အဆင့်) ၂၀၀ ဂရမ် - အခမဲ့လဲလှယ်ခြင်း။”
ယခုဆိုလျှင် C အဆင့်ငါးများကို နေ့စဉ် ၁၀ တန်ခန့် ရရှိနေခြင်းဖြစ်ပြီး သူတို့လူများဖြင့် အကုန်လုံးစားရန်မှာ မဖြစ်နိုင်ပေ။
ထိုလူသည် ထိုငွေကြေးလဲလှယ်မှုကို မြင်သောအခါ စိတ်လှုပ်ရှားကာ ပြောလိုက်၏။
“သူဌေး ဒါကအရမ်းတန်ဖိုးကြီးတယ်။”
“ယူထားလိုက်၊ မင်းရဲ့ပစ္စည်းတစ်ခုကို အလကားသက်သက် မဆုံးရှုံးစေချင်ဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကျေးဇူးတင်ပါတယ်သူဌေး။”
ထိုလူက ချက်ချင်းပင် သဘောတူလိုက်၏။
ထိုလူနှင့် စကားဝိုင်းကို အဆုံးသတ်ပြီးသောအခါ ရှောင်းယီသည် ယီထျန်းဂရုထဲသို့ နောက်ထပ်မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။
“အကင်စက်ငှားပါမယ်။ ည ၁၀ နာရီမှာ ပြန်ပေးပါမယ်။ ငှားရမ်းခက ရေနွေး ၁ လီတာနဲ့ ပင်လယ်ငါး ၂ ကီလိုပါ။ အကင်စက် ၃ လုံးပဲငှားပါမယ်။ ငှားချင်တယ်ဆိုရင် တိုက်ရိုက်ဆက်သွယ်ပေးပါ။”
အကင်စက်ထုတ်လုပ်နိုင်သောအခွင့်အလမ်းသည် အထူးမြင့်မားတာနေခြင်းမျိုး မဟုတ်ပေ။ မိမိအတွက်ရှိနေလျှင် အလွယ်တကူ ရောင်းချကြမည်မဟုတ်ပေ။
ငှားရမ်းခြင်းသည် အသုံးပြုရန် ပြဿနာကို ဖြေရှင်းပေးနိုင်သည့်အပြင် အကင်စက်ရှိသူများသည်လည်း ရောင်းချခြင်းထက် ငှားရန်းခြင်းကို ပိုနှစ်သက်ကြမည်ဖြစ်သည်။
ရေနှင့်အစားအစာကို မလိုအပ်သောအချိန်တွင် ရရှိခြင်းဖြစ်စေကာမူ မည်သည့်လူသားမဆို ငှားရမ်းရန်သာ ရွေးချယ်ကြမည်ဖြစ်၏။
ဈေးကွက်တွင်လည်း အကင်စက်ငှားရမ်းခြင်းများရှိသော်လည်း မည်သူမှမငှားကြပေ။ တဖြည်းဖြည်းဖြင့် လူများသည် ထိုငှားရမ်းမှုများကို ဖြုတ်ချလိုက်ကြလေသည်။
အကင်စက်ငှားရမ်းရန် အရင်းအမြစ်များကို မဖြုန်းတီးနိုင်သောကြောင့် ထင်းဖြင့်သာ ချက်စားလိုက်ကြပြီး အခြားတောင်းဆိုမှုများလည်း မရှိနိုင်တော့ပေ။
“ငါတော့သွားပြီဟေ့။ သူဌေးက တကယ်ပဲ အကင်စက်ငှားရမ်းဖို့ကို အရင်းအမြစ်တွေ အများကြီးသုံးလိုက်တယ်။”
“ဟုတ်တယ်။ ငါဆိုရင် ရေနဲ့အစားအစာ မရတော့တာ အတော်ကြာပြီ။ သူဌေးရဲ့ ဈေးကွက်မှာ နေ့စဉ်တင်ထားတဲ့ ရေနဲ့ အစားအစာတွေနဲ့ပဲ အသက်ရှင်နေရတာ။”
“သူဌေးက တကယ်သတ္တိရှိတာပဲ။ ကျွန်တော် သီးသန့်စာပို့ထားပြီးပါပြီ။ သူဌေးရေ ကျေးဇူးပြုပြီး ကဒ်လှန်ပေးပါဦး။”
အချိန်မှာ တစ်လကျော်ပြီဖြစ်သော်လည်း အစာနှင့် ရေမှာ ရှားပါးနေဆဲပင်။
ထပ်စောင်းအနေဖြင့် ယခုအချိန်တွင် ထောက်ပံ့ရေးသေတ္တာများမှ ရေနှင့်အစားအစာများ ရရှိရန် ပိုမိုခက်ခဲလာပြီဖြစ်၏။ ၎င်းသည် လူတိုင်း၏စိတ်ထဲ၌ အကြောက်တရားများကို တိုးပွားလာစေခဲ့သည်။
ရှောင်းယီ၏သီးသန့်ချန်နယ်တွင် ငှားရမ်းမှုတောင်းဆိုချက် ၄၀ ကျော် ရောက်ရှိလာခဲ့၏။ စောစောက သဘောတူထားသည့်အတိုင်း ရှောင်းယီသည် အစဉ်လိုက်ထိပ်ဆုံး ၃ ဦးကို ရွေးချယ်ကာ ငှားရမ်းလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ မီးကင်စက် ၃ လုံးကို ငှားပြီးသွားပါပြီ။ ကျန်တဲ့သူတွေက ကိုယ့်ဘာသာကိုယ် ပယ်ဖျက်နိုင်ပါတယ်။”
ရှောင်းယီက ဂရုထဲသို့ ပြောလိုက်လေသည်။
အခန်း ၂၃၁
“အား ငါနောက်ထပ် လက်နှေးသွားပြန်ပြီ။”
“အိုး ဟုတ်သားပဲ။ ငါ့မီးဖိုက ငှားထားတာကိုး။”
“မင်းပဲ ဖြစ်ပြန်ပြီနော်။ ကလေးက အမေနဲ့ တစ်ယောက်တည်း အနှစ်နှစ်ဆယ်လောက်ထိ နေလာခဲ့ရတာကိုး။”
“ဟားဟား... ငါ့ကိုအခွင့်အရေးပေးနေသ၍ မင်းတို့မှာ အခွင့်အရေးမရှိဘူးကွ။”
ရှောင်းယီသည် သူငှားရမ်းထားသော အကင်စက်သုံးလုံးကို ဗီလာ၏ ခြံထဲတွင် ထားကာပြောလိုက်၏။
“ဒီအကင်စက်သုံးလုံးကို ဒီည ၁၀ နာရီအထိ ငှားထားတယ်။ ဘယ်သူမှ သူတို့ကိုယ်ပိုင်အကင်စက်တွေကို မရောင်းချင်ကြဘူး။”
“အရင်းအမြစ်တွေနဲ့ လဲလှယ်ရင်တော့ သိပ်မရနိုင်လောက်ဘူး။ ဒါပေမယ့် ဒါမရှိရင်လည်း အစားအစာက ကိုင်တွယ်ရခက်တယ်။ အဲ့ဒါကြောင့် ဘယ်သူမှ လက်ခံချင်ကြမှာမဟုတ်ဘူးလေ။”
ကျန်းယွင်ထျန်းက ပြုံးရယ်ကာ ပြောလိုက်သည်။
လက်ရှိ အသက်ရှင်ကျန်ရစ်သူအများစုသည် မီးကင်နည်းဖြင့်သာ ချက်ပြုတ်စားသောက်ကြပြီး ရှောင်းယီဆီတွင်ကဲ့သို့ မီးဖိုခန်းသုံးပစ္စည်းများ အစုံအလင်မရှိကြပေ။
ထို့ကြောင့် အကင်စက်မှာ သူတို့အတွက် အရေးကြီးနေဆဲပင်။
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ အဲ့ဒါကြောင့်ပဲ ငါက နောက်တစ်နည်းအနေနဲ့ ငှားသုံးဖို့ပဲ ရွေးချယ်လိုက်တာ။”
ရှောင်းယီသည် ဝယ်ယူမှုမှ ငှားရမ်းမှုသို့ ပြောင်းလဲပြီးနောက် တိလင်းထျန်းရှားက ကြက်သေသေသွား၏။
“ဒီလူက တကယ်ပဲ အကင်စက် လိုအပ်ရုံလေးပဲလား။”
တိလင်ထျန်းရှားတစ်ယောက် ဘာပြောရမှန်းပင် မသိအောင် ဖြစ်သွားခဲ့၏။ သူသည် အကင်စက်မှာ နည်းဗျူဟာဆိုင်ရာ အသုံးဝင်မှုရှိသည်ဟု ထင်နေခဲ့ခြင်းဖြစ်ပေသည်။
“အခုအချိန်မှာတော့ ဟုတ်ပုံရတယ်။”
တိလင်းချင်းလုံက ပြန်ဖြေ၏။
“ဒါဆို အကင်စက်တွေ ဆက်ပြီး စုဆောင်းရဦးမှာလား။”
“ချီးကို စုဆောင်းရမှာလား။”
တိလင်းထျန်းရှားက ဒေါသတကြီး ပြန်ဖြေလိုက်၏။ သူသည် ယီရန်ပင်းဆီက လှည့်စားခံရသည်ဟုပင် ခံစားလိုက်ရသည်။
ရှောင်းယီသည် အကင်စက်ကို တပ်ဆင်ပြီးနောက် တံစို့တံများကို ကူညီပြင်ဆင်ပေးလိုက်သည်။
ထိုအချိန်တွင် အန်ယွဲ့က အပြင်မှ ဝင်လာခဲ့လေသည်။
“ရှောင်းယီ ငါ ထောက်ပံ့ရေးသေတ္တာအားလုံးကို ဂိုဒေါင်ထဲထည့်ထားပြီးပြီ။”
“ဟုတ်ကဲ့ ကျုပ် သွားကြည့်လိုက်မယ်။”
ရှောင်းယီက ပြန်ဖြေပြီး ထထွက်သွားလိုက်သည်။
သူ ဂိုဒေါင်သို့ရောက်သောအခါ ထောက်ပံ့ရေးသေတ္တာ ၄၆ လုံး ရှိနေ၏။
အားလုံးကို ဖွင့်လိုက်သည်။
“ရရှိသော ထောက်ပံ့ရေးပစ္စည်းများ: အုတ်မြစ်ကျောက် ၄၊ သံ ၃၊...”
“ရရှိသော ထောက်ပံ့ရေးပစ္စည်းများ: စာချုပ်ကတ် ၁၊ ကြေး ၁၊...”
“ရရှိသော ပစ္စည်းများ: လတ်ဆတ်သော မြားဝါးပင်(ကျန်းကျူး) မျိုးစေ့ (B အဆင့်) ၄၊ ဖန် ၁၊...”
စုစုပေါင်း အုတ်မြစ်ကျောက် ၅၀၊ စာချုပ်ကတ် ၈ ခုနှင့် လက်ရှိတွင် ရှောင်းယီအလိုချင်ဆုံး မြားဝါးမျိုးစေ့များကို ရရှိခဲ့၏။
ကျန်သည့်အရာများမှာမူ အခြေခံထောက်ပံ့ရေးပစ္စည်းများသာဖြစ်သည်။
“စာချုပ်ကတ်ရနိုင်ခြေက တကယ်ကို ပိုများလာတာပဲ။ ဒီကမ္ဘာက ဘာကိုဆိုလိုချင်နေတာလဲ။”
ရှောင်းယီ သူ့ဘာသာသူ ရေရွတ်လိုက်မိသည်။
ခဏကြာပြီးနောက် ရှောင်းယီသည် ခေါင်းခါလိုက်ကာ B အဆင့် မြားဝါးမျိုးစေ့လေးခုနှင့်အတူ သူ၏ခြံဝင်းဆီသို့ လမ်းလျှောက်သွားလိုက်သည်။
“ဦးလေးယွမ်...”
ရှောင်းယီသည် ဝေါ်ကီတော်ကီမှတစ်ဆင့် ယွမ်နွန်ကို ဆက်သွယ်လိုက်၏။
“ဦးလေး ဘယ်ခြံထဲမှာလဲ။ ဒီမှာ ကျုပ် မြားဝါးမျိုးစေ့တွေ ရလာတယ်။”
“မြားဝါးမျိုးစေ့တွေလား။”
ယွမ်နွန်က အလွန်အမင်း အံ့ဩသွား၏။
“ငါအရှေ့ဘက်ခြံထဲမှာ။”
ရှောင်းယီသည် ယွမ်နွန်ရှိနေသော အရှေ့ဘက်ခြံသို့ သွားလိုက်သည်။
“ဦးလေးက ကျုပ် မြားဝါးမျိုးစေ့တွေရလာတာကို ဘာလို့အံ့ဩနေတဲ့ပုံ ပေါက်နေတာလဲ။”
သူက မေးလိုက်သည်။
ယွမ်နွန်သည် ရှောင်းယီလက်ထဲက မြားဝါးမျိုးစေ့များကိုယူလိုက်ပြီး ပြုံးရယ်ကာ ရှင်းပြလိုက်သည်။
“ငါက မင်းမြားဝါးမျိုးစေ့တွေရလာတာကို အံ့ဩနေတာမဟုတ်ဘူး။ ငါ အံ့ဩနေတာက ဝါးမျိုးစေ့တွေရလာလို့ပဲ။”
“ဘာလို့လဲ။”
ရှောင်းယီက နားမလည်နိုင်ဖြစ်သွားခဲ့သည်။
“ဘာလို့လဲဆိုတော့ ဝါးအများစုက မျိုးစေ့နဲ့ မျိုးမပွားကြဘူးလေ။ သူတို့က အပင်ခွဲတာ၊ အကိုင်းမြှုပ်တာ၊ ပြီးတော့ ကိုင်းဖြတ်ပြီး ရွေ့စိုက်တာမျိုးတွေနဲ့ပဲ မျိုးပွားကြတယ်။ ဝါးမျိုးစေ့တွေရဲ့ သက်ဝင်လှုပ်ရှားမှုက ယေဘုယျအားဖြင့် အရမ်းနည်းလွန်းတယ်။”
ယွမ်နွန်က ရှင်းပြလိုက်သည်။
ရှောင်းယီ ခေါင်းညိတ်လိုက်၏။
ယွမ်နွန်က ဆက်ပြောသည်။
“ဒါပေမယ့် ဒီမှာက SS အဆင့်ရေသန့်ရှိနေတယ်ဆိုမှတော့ သက်ဝင်လှုပ်ရှားမှုနည်းတာက သိပ်ပြီးပြဿနာမရှိပါဘူး။”
“ဟုတ်တယ်။ ဒီမြားဝါးကို အမြန်စိုက်လိုက်တော့။ ဒါဆိုရင် နောက်ပိုင်းမှာ မြားတွေကို အဆက်မပြတ် ထုတ်လုပ်နိုင်လိမ့်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ပြဿနာမရှိဘူး။”
ယွမ်နွန်က ပြန်ဖြေလိုက်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် သစ်သားမြားများကို ပြုလုပ်ပေးနိုင်သော်လည်း ပိုမိုအားကောင်းသည့် မြားများရှိနေလျှင် ထိုကဲ့သို့ပိုမိုအားကောင်းသောအရာများကိုသာ အရင်ဆုံး ရွေးချယ်ရမည်ဖြစ်သည်။
ဗီလာသို့မပြန်မီတွင် ရှောင်းယီသည် ယွမ်နွန်ကို ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
“စိုက်ပြီးသွားရင် အမြန်ပြန်လာနော်။ ဒီည စားသောက်ပွဲကြီးကျင်းပကြမယ်။”
“ဟုတ်ပြီ။”
ထို့နောက် ရှောင်းယီသည် ဗီလာသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဗီလာအတွင်းရှိ လေထုတစ်ခုံးလုံးသည်လည်း အသားကင် အနံ့များ ပျံ့နှံ့နေပြီဖြစ်သည်။
အန်းရန်တို့ လေးဦးစလုံးသည် အကင်စက်တစ်လုံးစီကို စောင့်ကြည့်နေကြပြီး ကင်ပြီးသား အသားတုတ်ထိုးအချို့သည်လည်း ဘေးတွင်ရှိနေပြီဖြစ်၏။
ရှောင်းယီသည် ထိုအသားကင်များအနားသို့ လျှောက်သွားလိုက်ပြီး တစ်စုံကို ကောက်ယူကာ မြည်းကြည့်လိုက်သည်။
“မင်းရဲ့ကျွမ်းကျင်မှုတွေက တကယ် ပိုပိုပြီးကောင်းလာတာပဲ။”
ရှောင်းယီသည် အန်းရန်ဘေးတွင်ရပ်ပြီး ပြုံးရယ်ကာ မှတ်ချက်ပေးလိုက်သည်။
“ဒါပေါ့ ဒီလောက်လေ့ကျင့်နေတာကို ပိုဆိုးသွားရမှာလား။”
အန်းရန်က ပြုံးကာ ပြန်ဖြေလိုက်၏။
မကြာခင်မှာပင် ယွမ်နွန်နှင့် လီယန်တို့သည်လည်း ပြန်ရောက်လာခဲ့ကြလေသည်။
“မွှေးလိုက်တာ။”
လီယန်က ပြုံးရင်းပြောလိုက်၏။
“ဒီနေ့ ဘယ်လိုဖြစ်ပြီး အကင်စားဖို့ စဉ်းစားမိသွားတာလဲ။”
ရှောင်းယီသည် ကင်ထားသည့် သိုးခြေထောက်ကို ငမ်းကာ သားရေများထွက်ကျနေပြီဖြစ်သော သားရဲဘုရင်ကို လက်ညိုးထိုးပြလိုက်၏။
“ဒါက သူငတ်လို့လေ။ သူက သစ်တောထဲမှာ အမဲလိုက်ပြီး ဒီသားကောင်တွေကို ဖမ်းလာတာ။ အဲ့တော့ ကျုပ်တို့အားလုံးအတွက်လည်း အကျိုးရှိသွားတာပေါ့။”
လီယန်က ပြုံးလိုက်မိ၏။
“ဒါဆိုရင်တော့ ငါတို့အားလုံး သားရဲဘုရင်ကို ကျေးဇူးတင်ရမယ်။”
သားရဲဘုရင်သည် သူ၏နှုတ်ခမ်းများကိုသာ လျှာဖြင့်သပ်နေပြီး လီယန်၏စေတနာကို လုံးဝဂရုမစိုက်ပေ။
“ကြည့်ရတာ အားလုံးက စားဖို့စောင့်နေကြပုံပဲ။”
ရှောင်းယီက ပြောလိုက်သည်။
“ကင်ရင်းနဲ့ပဲ စားကြရတာပေါ့။”
“ကောင်းပြီ။”
လူတိုင်းလည်း သဘောတူလိုက်ကြသည်။
လီယန်နှင့် လုပင်းအာတို့သည် အသားကင်တံနှစ်ခုကို ကောက်ယူပြီး အကင်စက်ပေါ်တွင်တင်ကာ ကင်လိုက်ကြ၏။
“အမေ၊ အရင်စားလိုက်ပါ သမီးကင်လိုက်မယ်။”
အန်းရန်က ပြောလိုက်သည်။
အန်းရန်၏စကားကိုကြားသောအခါ လီယန်က ပြုံးလိုက်၏။
“မိသားစုလိုက် ဘာဘီကျူးစားတဲ့အခါ အကောင်းဆုံးအရာက ကိုယ်တိုင်ကင်စားရတာပဲ။ ကိုယ်တိုင်လုပ်တာကမှ အကောင်းဆုံးပဲ။”
“ဟုတ်တယ်။ ကိုယ်ကြိုက်တဲ့ဟာကို ကင်စားလို့ရတယ် “
ရှောင်းယီက ပြုံးကာပြောလိုက်၏။ ထို့နောက် အနည်းငယ်စိတ်မကောင်းဟန်ဖြင့် ဆက်ပြောလိုက်သည်။
“ဘီယာလေးနည်းနည်းပဲ လိုတော့တယ်။”
ရှောင်းယီသည် အရင်က အပင်မျိုးစေ့များ စုဆောင်းခဲ့စဉ်တွင် ဟင်းခတ်အမွှေးအကြိုင်မျိုးစေ့တချို့ကိုလည်း ရရှိခဲ့ပြီး ယွမ်နွန်က စိုက်ပျိုးပေးထားခဲ့သည်။
ထို့ကြောင့် ရှောင်းယီ၏ကျွန်းပေါ်ရှိ အကင်များသည် အရင်ကမ္ဘာက အကင်များထက် ပို၍ အရသာရှိပေသည်။
အဓိကအချက်မှာ အသား၏အရည်အသွေးက ပို၍ကောင်းမွန်သောကြောင့်ပင်။
“အစားအစာတွေ လုံလောက်သွားရင် ငါစမ်းကြည့်လို့ရတယ်။ ဒါပေမယ့် ဝိုင်ချက်တာကိုတော့ သိပ်မကျွမ်းဘူး။”
ယွမ်နွန်က ပြုံးပြီးပြောလိုက်သည်။
“အဆင်ပြေပါတယ်။ ဦးလေး ချက်တတ်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ မချက်တတ်ရင်လည်း ပြဿနာမရှိပါဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်၏။
ရှောင်းယီသည် အသားကင်တံနှစ်ချောင်းကို ကောက်ယူပြီး ဧည့်ခန်းထဲက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့သွားကာ အကင်စားရင်း ယီထျန်းဂရုထဲရှိ စကားဝိုင်းကို ကြည့်နေလိုက်သည်။
“ဒီနေ့ ပင်လယ်သတ္တဝါတွေက ငါ့ကို အနှောင့်အယှက်မပေးသေးဘူး။ အခုဆို ညနေခင်းတောင် ဖြစ်နေပြီ။ သူတို့ ရပ်သွားတာများလား။”
“အို...မင်းက အိပ်မက်မက်နေတာပဲ။ စိတ်မပူနဲ့။ ဒီနေ့အတွက် တိုက်ခိုက်မှုက ကျိန်းသေရောက်လာလိမ့်မယ်။”
“ညသန်းခေါင်မှ ထပ်ဖြစ်မယ်ဆိုရင်တော့ သေပြီပဲ။”
“ဒါဆို အရင်အိပ်ထားလိုက်လေ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က နှိုးမှထပေါ့။”
“ငါက အိပ်ပျော်သွားရင် သေနေသလိုပဲ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က နှိုးတာကို ထားဦး။ ပင်လယ်သတ္တဝါတွေက အုတ်မြစ်ကျောက်တွေအားလုံးကို ဖျက်ဆီးပစ်လိုက်ရင်တောင် ငါလုံးဝနိုးမှာမဟုတ်ဘူး။”
“ချီး မင်းက အိပ်ရမှာကိုတောင် အရမ်းပျင်းနေတယ်ပေါ့။”
“အိပ်တဲ့အကြောင်းပြောရင်း ရုတ်တရက်တွေးမိတာက အဲ့ဒီဒေသခံတွေကရော ညဘက်ရောက်လာလောက်မလား။”
“အဲ့ဒါက သေချာသလောက်ပဲ။”
အမ် ဟုတ်တယ်နော်။ ဒေသခံတွေ ညဘက်မှာ တိုက်ခိုက်လာရင် ဘာဖြစ်နိုင်မလဲ။”
“ဟားဟား...ငါကတော့မကြောက်ဘူး။ ဘာလို့လဲဆိုတော့ ငါ့ကျွန်းကို ကောင်မလေးတစ်ယောက် ရောက်နေတယ်။ ငါတို့ အလှည့်ကျအိပ်လို့ရတယ်။”
“အတူအိပ်လိုက်။ ဒါဆိုရင် ပျော်စရာတစ်ခုခု ဖြစ်နိုင်တယ်။”
“ဟုတ်သားပဲ မင်းပြောတာ ဟုတ်ပုံရတယ်။”
“ဒီအခြေအနေက ငါတို့ကို ပေါင်းစည်းဖို့ ဖိအားပေးနေတာပဲ။”
“ဟုတ်တယ်။ လူများလေလေ ပိုလွယ်လေလေပဲ။”
“ငါလည်း တစ်ယောက်ယောက်နဲ့ ပေါင်းစည်းချင်ပါတယ်။ ငါ့လိုမျိုး တွေးမိတဲ့သူများရှိလား။ သီးသန့်စကားပြောကြမယ်လေ။”
“ကျုပ် မင်းကို လေးလေးနက်နက် ဖိတ်ခေါ်ပါတယ် မိန်းကလေး။ ကျုပ်နဲ့လာပြီး ပေါင်းစည်းလို့ရပါတယ်။ ဒါက အကျိုးတူပူးပေါင်းမှု တစ်ခုပါပဲ။”
“မမတစ်ယောက်လောက်ရှာပြီး အတူနေမယ်။”
“အပေါ်ကလူ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အတူတူပါပဲကွာ။ မင်းက ဘာလို့ ဆန့်ကျင်ဘက်လိင်ကိုပဲ ရှာနေရတာလဲ။”
“ဟမ့် ငါက မင်းတို့လိုအမျိုး အမြတ်ထုတ်တတ်တဲ့လူမျိုးမဟုတ်ဘူးကွ။ ငါက မမတွေပဲ ရှာမယ်။”