အခန်း (၂၃၅-၂၃၇)
Vol. 16 Ch. 235-237
အခန်း ၂၃၅
“ဒါဆို ကျွန်တော်တို့ အခုဘာလုပ်သင့်လဲ။”
ဝူကျိက မေးလိုက်၏။
ရွှမ်းယွမ်ဝူဝေ့သည် အနည်းငယ် စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။
“ရေတပ်တချို့ကိုရှာပြီး ယီထျန်းဂရုထဲမှာ စာတင်ခိုင်းလိုက်။ ယီရန်ပင်းသာ ငါ့ဆီ သင်္ဘောကိုအရင်ဆုံးပေးအပ်မယ်ဆိုရင် အရင်ကိစ္စတွေကို မေ့ပစ်ပေးမယ်။ ပြီးတော့ သူ့ကို ငါတို့အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်စေပြီး ဒုခေါင်းဆောင်လုပ်ခွင့်ပေးမယ်။”
“ဟုတ်ကဲ့”
ဝူကျိက ပြန်ဖြေလိုက်သည်။
မကြာခင်မှာပင် ယီထျန်းဂရုထဲတွင် ဤကဲ့သို့မှတ်ချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။
“ယီရန်ပင်း ငါတို့ရဲ့ သူဌေးကြီးရွှမ်းယွမ်ဝူဝေ့က မင်းရဲ့သင်္ဘောကို သူဆီလက်ဆောင်ပေးမယ်ဆိုရင် အရင်က ကိစ္စတွေကို မေ့ပစ်ပြီး မင်းကို ရွှမ်းယွမ်မိသားစုရဲ့ ဒုခေါင်းဆောင် လုပ်ခွင့်ပေးမယ်။”
သို့သော်လည်း ဝူကျိသည် ရေတပ် ၁၀ ယောက်ရှာထားခဲ့သော်လည်း တစ်ယောက်သာ ထိုစာကိုတင်လိုက်ခြင်းက သူ့ကိုအလွန်အံ့ဩသွားစေခဲ့သည်။
“ဒီလူတွေက ဘာလုပ်နေကြတာလဲ။”
ဝူကျိသည် သူ၏စိတ်ထဲတွင်တွေးလိုက်ပြီး ချက်ချင်းပင် အခြား ၉ ယောက်ကို သီးသန့်စာတို ပို့လိုက်၏။
“သင်ပို့ချင်သည့်သူက သင့်ကိုပိတ်ပင်ထားပါသည်။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အသိပေးသံထွက်ပေါ်လာလေသည်။
ဝူကျိ ကြောင်အသွားခဲ့သည်။
သူ စဉ်းစားကြည့်လိုက်ပြီးနောက် ထိုလူ ၉ ယောက်စလုံးက သူတို့ကို သစ္စာဖောက်သွားပြီဖြစ်ကြောင်း သဘောပေါက်သွားတော့လေသည်။
ယီထျန်းဂရုထဲ၌ နှစ်ရက်ပြည့်အောင် မနေရသေးခင်မှာပင် လူ ၁၀ ယောက်တွင် ၉ ယောက်က ရှောင်းယီကို သဘောကျသွားကြလေပြီ။
ထိုအချက်က သင်္ဘောဝယ်ယူခြင်းထက် ပိုပြီးအရေးကြီးပေသည်။ သူသည် ချက်ချင်းပင် ရွှမ်းယွမ်ဝူဝေ့ကို အစီရင်ခံလိုက်တော့၏။
“သခင်လေး မကောင်းတော့ဘူး။”
ဝူကျီက ပြောလိုက်၏။
“ကျုပ် တို့လူတွေအများကြီးက ယီရန်ပင်းရဲ့လူတွေ ဖြစ်သွားပြီ။”
“သူရဲ့လူဖြစ်သွားပြီ ဟုတ်လား။ မင်း ဘာပြောချင်တာလဲ။”
ရွှမ်းယွမ်ဝူဝေ့က မေးလိုက်သည်။
“ဒီနေ့ ကျုပ် ကျုပ်တို့လူ ၁၀ ယောက်ကို စီစဉ်ပြီး ယီထျနိးဂရုထဲမှာ သခင်လေးရဲ့အမိန့်ကို တင်ဖို့ပြောခဲ့တာ တစ်ယောက်ပဲ တင်ခဲ့တယ်။ ကျန်တဲ့ ၉ ယောက်က ကျုပ်ကို ဘလော့ခ်လိုက်တယ်။”
ဝူကျိက ပြောလိုက်သည်။
ရွှမ်းယွမ်ဝူဝေး၏ မျက်ခုံးများ စုကြုတ်သွား၏။
“အဲ့ဒီလူ ၉ ယောက်ကို ငါတို့ဂရုထဲကနေ ချက်ချင်းထုတ်ပစ်လိုက်။”
သူက အေးစက်စွာ ပြောလိုက်သည်။
“ဟုတ်ကဲ့”
ဝူကျိက ပြန်ဖြေ၏။
ထိုအချိန်၌ ယီထျန်းဂရုထဲတွင် လူတိုင်းသည် ရေတပ်သားများကို စကားလုံးများဖြင့် စတင်တိုက်ခိုက်နေကြပြီဖြစ်သည်။
“မင်းက ရွှမ်းယွမ်ဝူဝေ့ရဲ့ ခွေးလား။ ယီထျန်းဂရုထဲမှာ ဒီလိုမိုက်မဲတဲ့စကားတွေကို ပြောရဲတယ်ပေါ့။”
“ဟုတ်တယ်။ သူက စိတ်ကြီးဝင်နေတာပဲ။ သူဌေးကြီးယီရန်ပင်း သူ့ကိုမြန်မြန်ကန်ထုတ်လိုက်ပါတော့။”
“ဟုတ်တယ်။ ဒီလိုခွေးမျိုးကို အမြန်ကန်ထုတ်ပစ်လိုက်တော့။ သူ့ကို နှစ်သစ်ကူးတဲ့အထိ ထားထားမလို့လား။”
ရှောင်းယီသည် ထိုလူ၏စာကိုဖတ်ပြီးနောက် အကြံတစ်ခုဖြင့် ပြောလိုက်သည်။
“ရွှမ်းယွမ်ဝူဝေ့ကို ပြန်သွားပြောလိုက်ပါ။ ငါ့ကိုအထက်စီးကနေလာပြီး အမိန့်မပေးနဲ့။ ဒီကမ္ဘာမှာဘယ်သူတစ်ဦးတစ်ယောက်ကမှ ဘယ်သူ့ထက်ပိုပြီး မမြင့်မြတ်ဘူး။”
“ဟုတ်တယ်။ သူဌေးကြီးပြောတာ အမှန်ပဲ။ အခုချက်ချင်း ပြန်သွားလိုက်တော့။”
“မှန်တယ်။ ဒီကမ္ဘာမှာ လူတိုင်းက တကယ်ကို တန်းတူညီတူပဲ။ မောက်မာနေတဲ့ခွေးကောင် အမြန်ထွက်သွားစမ်း။”
“သူဌေးကြီးပြောတာ အရမ်းမှန်တယ်။ ဒီတစ်ခါတော့ကျုပ်အရမ်းသဘောကျသွားပြီ။”
လူတိုင်း၏ တောင်းဆိုမှုနှင့်အတူ ရှောင်းယီသည် ထိုလူကို ယီထျန်းဂရုထဲမှ ချက်ချင်း ထုတ်ပစ်လိုက်တော့သည်။
ထို့သို့ထုတ်ပစ်လိုက်သောအခါ ချက်ချင်းပင် အဖွဲ့ဝင်အားလုံး လက်ခုပ်ဩဘာများ ပေးလိုက်ကြလေသည်။
“ငါအမုန်းဆုံးက နို့စို့ရင်း မိခင်ကိုပြန်ဆဲတဲ့ လူမျိုးပဲ။”
“ငါ အခုလေးတင် စစ်ကြည့်လိုက်တာ။ အဲ့ဒီလူက ယီရန်ပင်းဆီကနေ ပစ္စည်းတွေအများကြီး ခိုးထားတဲ့လူပဲ။ တကယ်ကို အရှက်မရှိဘူး။”
“အီး..ဒီလိုမျက်နှာပြောင်တဲ့သူတွေလည်း တကယ်ရှိသေးတာပဲ။”
“နောက်တစ်ခါ ငါနဲ့မတွေ့ရအောင်နေ။ မဟုတ်လို့ကတော့ တွေ့တိုင်းမင်းကို ဆဲပစ်မယ်။”
“ငါရောပဲ...ဒေါသထွက်လိုက်တာ။”
အထုတ်ခံလိုက်ရသည့် လူသည်လည်း အငိုက်မိသွားခဲ့၏။ သူသည် ထိုအမိန့်စာကို တစ်ယောက်ထက်ပိုပြီး တင်လိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်လေသည်။ ဝူကျိက ထိုအမိန့်စာအား လူတစ်ရာကျော်တင်မည်ဖြစ်ကြောင်း ပြောထားခဲ့ခြင်းဖြစ်ပေသည်။
ဥပဒေက လူအများကြီးကို အပြစ်မပေးဘူးဟူသည့် ဆိုရိုးလည်း ရှိသည် မဟုတ်ပါလော။
ဝူကျိသည် လူအများကို စည်းရုံးရန် ထိုဆိုရိုးကို အသုံးပြုခဲ့ခြင်းဖြစ်သော်လည်း အဆုံးတွင် သူတစ်ယောက်သာ အညာမိသွားခဲ့လေသည်။
ကျန်သည့်သူများသည် ရွှမ်းယွမ်ဝူဝေ့ ပြောချင်သည့်စကားများကို ရှောင်းယီဆီသို့ မပို့ခဲ့ကြပေ။
“ငါက တကယ်ကိုစောက်ရူးပဲ။”
ထိုလူသည် အလွန်နောင်တရသွားခဲ့ပြီး ခံစားရလွန်းသောကြောင့် သူ၏အူကလီစာများပင်လျှင် အပြာရောင်ပြောင်းသွားခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် နောင်ပြန်လှည့်၍ မရတော့ပေ။ သူသည် ရွှမ်းယွမ်ဝူဝေ့ထံတွင်သာ ခိုလှုံရတော့မည်ဖြစ်သည်။
ထို့နောက် သူသည် ဝူကျိဆီသို့ သစ္စာခံစာတိုတစ်စောင် ပို့လိုက်တော့၏။
ထိုလူကိုထုတ်ပစ်လိုက်ပြီးနောက် ရှောင်းယီသည် ဂရုကို ကြည့်လိုက်ပြီး သတင်းအချက်အလက်များ သိပ်မရှိတော့သောကြောင့် အိပ်ရာထဲ၌ ပြန်လှဲလိုက်သည်။
အန်းရန်သည်လည်း ဧည့်ခန်းထဲတွင် သင်္ဘောငှားရန် ကမ်းလှမ်းချက်များကို စိစစ်နေ၏။
“ဒီတစ်ခုက နီးသလိုပဲ။ ဒီတစ်ခုကို အရင်ငှားကြည့်လိုက်မယ်။”
အန်းရန်က ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် လူငယ်တစ်ယောက်သည် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် စိုးရိမ်စွာနှင့် သတင်းကို စောင့်စားနေခဲ့သည်။
“မင်္ဂလာပါ...အခု ရှင့်ကိုသင်္ဘောငှားလိုက်ပါပြီ။ ပျော်ရွှင်စရာခရီးဖြစ်ပါစေ။”
အန်းရန်သည် ထိုစာတိုကို ပေးပို့ပြီးနောက် သင်္ဘောကို ငှားရန်းလိုက်တော့သည်။
ထိုလူငယ်သည် ထိုစာတိုကိုတွေ့သောအခါ အားရပါးရ အော်ဟစ်လိုက်၏။
“ငါက သင်္ဘောကို ပထမဆုံးသုံးရမယ်လို့ မထင်ခဲ့မိဘူး။”
လဲလှယ်မှုကို သဘောတူလိုက်သည်နှင့် တစ်ပြိုင်နက် အပြာရောင်သင်္ဘောတစ်စီး ထိုလူငယ်၏ကျွန်းဘေးတွင် ထွက်ပေါ်လာခဲ့တော့လေသည်။
လူငယ်သည် သူ၏ပစ္စည်းအားလုံးကို သူ၏အစ်မဆီသို့ လွှဲပေးလိုက်ပြီး ကမ်းစပ်ကို သွားလိုက်သောအခါ သင်္ဘောကို မြင်လိုက်ရသည်။
“ဒီသင်္ဘောကိုကြည့်ရတာ နည်းနည်းရင်းနှီးနေသလိုပဲ။”
လူငယ်၏မျက်လုံးထဲတွင် သံသယအကြည့်များ ထင်ဟပ်သွားခဲ့သည်။
“ဟုတ်သားပဲ။ ဒါက ငါအရင်ကမြင်ဖူးတဲ့ အပြာရောင်သင်္ဘောပဲ။”
ထိုလူငယ်သည် ယခင်က သူ၏ကျွန်းမှနေ၍ အပြာရောင်သင်္ဘောတစ်စီးကို တွေ့ခဲ့ဖူးပေသည်။
သူသည် ထိုအကြောင်းကို အများသုံးချန်နယ်တွင် ပြောခဲ့ဖူးသော်လည်း သူ့ကို မည်သူမျှ မယုံခဲ့ကြပေ။
ဤတစ်ကြိမ်တွင် သူသည် မနေမနိုင်တော့ဘဲ သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မဖျက်စီးမီ ထိုအကြောင်းကို ပြောလိုက်တော့လေသည်။
“ငါအရင်က အပြာရောင် သင်္ဘောတစ်စီး တွေ့ခဲ့တယ်လို့ပြောဖူးတယ်မလား။ အဲ့ဒါ ယီရန်းပင်းရဲ့ပစ္စည်းပဲ။ မင်းတို့ ငါ့မယုံသေးဘူး မဟုတ်လား။ အခု ငါသူဌေးကြီးရဲ့သင်္ဘောကို ငှားထားပြီးပြီ။ အဲ့ဒါကလည်း အပြာရောင်ပဲ။ အခု ငါ့ကိုယုံပြီလား။”
“ငါယုံပြီ၊ ငါယုံပြီ။ အရင်က ငါဗဟုသုတနည်းခဲ့တာပဲ။ သူဌေးကြီးရဲ့သင်္ဘောကို မင်း ဒီလိုမျိုး မြန်မြန်ရသွားမယ်လို့ မထင်ခဲ့မိဘူး။”
“ဟုတ်တယ်။ သူဌေးကြီးက ဒီလောက် ကြီးကျယ်မြင့်မြတ်လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။”
“မင်း အခု အဲ့ဒီသင်္ဘောကို သုံးနေပြီလား။ ဘယ်လိုခံစားရလဲ ပြောပါဦး။”
“ငါ အခု ငါ့ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ချိုးဖျက်တော့မယ်။ ငါ့အစ်မရဲ့ ကျွန်းကိုရောက်ရင် အသေးစိတ် ထပ်ပြောပြမယ်။”
ထိုသို့ပြောပြီးသည်နှင့် ထိုလူငယ်သည် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ခွဲပစ်လိုက်ပြီး အုတ်မြစ်ကျောက် ၁၈ ခုနှင့်အတူ သင်္ဘောပေါ်သို့ တက်သွားခဲ့တော့သည်။
“ခါးပတ်ပိတ်ထားပေးပါ။ ယခုချက်ချင်း ထွက်ခွာပါတော့မယ်။”
ရှောင်ယောက်က ချက်ချင်းသတိပေးလိုက်သည်။
လူငယ်သည် ချက်ချင်းပင် မောင်းသူနေရာတွင်ထိုင်လိုက်ပြီး ညွှန်ကြားချက်အတိုင်း ခါးပတ်ပတ်လိုက်၏။
ထို့နောက် သင်္ဘောသည် ချက်ချင်းထွက်ခွာသွားပြီး အနောက်တွင် ကျန်ခဲ့သောကျွန်းလေးသည်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
“ဒါက အရမ်းမြန်တာပဲ။”
လူငယ်သည် သူ၏ဘေးနှစ်ဖက်ရှိ ရှုခင်းများကိုကြည့်ရင်း အံ့အားသင့်သွားခဲ့၏။
ဤအပျော်စီးသင်္ဘော၏ အမြန်နှုန်းမှာ တစ်နာရီလျှင် ၆၀၀ ကီလိုမီတာရှိကြောင်း သိထားသော်လည်း ကိန်းဂဏန်းနှင့် ကိုယ်တွေ့ခံစားမှုမှာ အမှန်တကယ်ကွာခြားပေသည်။
သူနှင့် သူ့၏အစ်မကြားရှိ အကွာအဝေးသည် ၈၀၀ ကီလိုမီတာသာရှိသောကြောင့် ဤအမြန်နှုန်းဖြင့်ဆိုလျှင် တစ်နာရီနှင့် မိနစ် ၂၀ သာ ကြာမြင့်ပေလိမ့်မည်။
အပျော်စီးသင်္ဘောသည် ပင်လယ်ပြင်တွင် အရှိန်ပြင်းပြင်းဖြင့်သွားနေပြီး အနောက်ဘက်တွင် အဖြူရောင်လှိုင်းတံပိုးရှည်ကြီးများကို ချန်ထားရစ်ခဲ့၏။
မကြာခင်မှာပင် အပျော်စီးသင်္ဘောသည် သူ၏ခရီးအဆုံးသို့ ရောက်ရှိလာခဲ့သည်။
“မင်္ဂလာပါ သင်၏လမ်းခရီးအဆုံးကို ရောက်ပါပြီ။ သင့်ပစ္စည်းများကို ယူဆောင်ပြီး ဆင်းဖို့ပြင်ဆင်ပါ။”
လူငယ်သည် မည်သည့်ပစ္စည်းမျှ ယူမလာခဲ့သောကြောင့် ခါးပတ်ကိုဖြုတ်ကာ တံခါးဖွင့်ပြီး ကုန်းပက်ပေါ်သို့ ထွက်သွားလိုက်သည်။
သူ၏ရှေ့တွင် စတုရန်းမီတာ ၂၀ ခန့်သာရှိသော ကျွန်းလေးနှင့် ကမ်းစပ်တွင် အလှပဆုံး ပုံရိပ်တစ်ခုက သူ့ကို စောင့်ကြိုနေခဲ့သည်။
သင်္ဘောသည် ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့သည်။ လူငယ်သည် ကမ်းစပ်တွင် စောင့်နေသည့် ပုံရိပ်ကိုကြည့်ပြီး သူ၏စိတ်ထဲတွင် တစ်စုံတစ်ခု ခံစားနေရ၏။
သူသည် သူ၏အစ်မကို နောက်တစ်ခါ မတွေ့ရတော့ဟု ထင်ထားခဲ့ခြင်းဖြစ်ပြီး ဤကဲ့သို့ အလွယ်တကူ ပြန်ဆုံရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
လူငယ်သည် သင်္ဘောပေါ်မှ ခုန်ဆင်းပြီး သူ၏အစ်မဖြစ်သူအား တင်းကြပ်စွာပွေ့ဖက်ထားလိုက်၏။
“မောင်လေး နောက်ဆုံးတော့ နင်တကယ်ရောက်လာခဲ့ပြီပဲ။ ငါ နင့်ကို မျှော်နေခဲ့တာ။”
“ဟုတ်တယ်။ အဲ့ဒါက ယီရန်ပင်းရဲ့ ကျေးဇူးကြောင့်ပဲ။”
အခန်း ၂၃၆
အပျော်စီးသင်္ဘောသည် ခရီးသည်ကို သူ၏ပန်းတိုင်သို့ ပို့ဆောင်ပေးပြီးနောက် ငှားရမ်းမှုလုပ်ငန်းစဉ်မှာ အလိုအလျောက် ပြီးဆုံးသွားခဲ့ပြီး ရှောင်ယောက်သည်လည်း ကျွန်းရှိဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် ယီထျန်းအဖွဲ့ထဲ၌ လုံဖေးဖုန်းဝူဆိုသည့် အိုင်ဒီရှိသူတစ်ဦးက စကားပြောလာခဲ့သည်။
“သူဌေးရဲ့သင်္ဘောက တကယ်အရမ်းမြန်တာပဲ။ ငါအခု ငါ့အစ်မရဲ့ကျွန်းကို ဘေးကင်းကင်းနဲ့ ရောက်သွားပြီ။ ဒီညအတွက် ထပ်ပြီးစိတ်ပူစရာ မလိုတော့ဘူး။”
“ဝိုး အရမ်းမြန်တာပဲ။ လမ်းမှာ ဘာအန္တရာယ်မှ မတွေ့ခဲ့ရဘူးလား။”
“မတွေ့ခဲ့ဘူး။ အရမ်းကိုမှ ချောချောမွေ့မွေ့ပဲ။ သင်္ဘောကလည်း တည်ငြိမ်ပြီး အရမ်းမြန်တယ်။ ကျေးဇူးတင်ပါတယ် သူဌေးယီရန်ပင်း။”
လုံဖေးဖုန်းဝူက ပြန်ဖြေလိုက်သည်။
“မင်းက အရမ်းကံကောင်းတာပဲ။ သူဌေးရေ ကျုပ်ကိုလည်း အလှည့်ပေးပါဦး။ ကျုပ်လည်း ကျုပ်ရဲ့ ခရီးအဆုံးနဲ့ သိပ်မဝေးပါဘူး။ ကီလိုမီတာတစ်ထောင်အောက် နည်းပါတယ်။”
“ကျွန်မရောပဲ။ တစ်ယောက်တည်း မအိပ်ရဲတော့ဘူး။”
“ကျွန်တော်လည်း လိုချင်တယ်။ မစောင့်နိုင်တော့ဘူး။”
အန်းရန်သည် သီးသန့်စုပို့သူများထဲမှ အနီးစပ်ဆုံးလူများကိုသာ ရွေးချယ်ပြီး ငှားရမ်းပေးခဲ့သည်။
ဤနည်းဖြင့် အနည်းဆုံး ခရီးစဉ်အနည်းငယ် ထပ်မံပြုလုပ်နိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်္ဘောသည် ခရီးကီလီုမီတာတစ်သောင်းသာ သွားနိုင်သောကြောင့်ပင်။
ဤသို့ငှားရမ်းမှု ငါးကြိမ်ပြုလုပ်ပြီးနောက် အချိန်သည် မနက် ၆ နာရီသို့ပင် ရောက်ရှိလာခဲ့သည်။
အန်းရန်နှင့် ဆုဝမ်တို့မှာ အလှည့်ကျအနားယူခဲ့ကြ၏။ ယခုအခါတွင် ၎င်းတို့၏ရုပ်ခန္ဓာများသည် အရင်ကထက် ပိုမိုကောင်းမွန်လာပြီး ပင်ပန်းနွမ်းနယ်မှုကို သိပ်မခံစားရတော့ပေ။
ရှောင်းယီသည် အိပ်ရာနိုးလာပြီးနောက် ပထမထပ်ရှိ ဧည့်ခန်းသို့ တစ်ခါတည်းသွားလိုက်သည်။ သူရောက်သွားသောအခါ ဆုဝမ်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဘေးတွင် ထိုင်ကာ တီဗီကြည့်နေပြီး အန်းရန်မှာ ဆိုဖာပေါ်တွင် အိပ်ပျော်နေသည်ကို တွေ့လိုက်ရလေသည်။
ရှောင်းယီ ရောက်လာသည်ကို တွေ့သောအခါ ဆုဝမ်က ချက်ချင်းထလာပြီး စကားပြောရန် ပြင်လိုက်သော်လည်း ရှောင်းယီက အသံမထွက်ရန် အချက်ပြကာ ဘေးနားရှိ အန်းရန်ကို လက်ညိုးထိုးပြလိုက်သည်။
“ဘယ်နှစ်ကြိမ်ငှားပြီးပြီလဲ။”
ရှောင်းယီသည် ဆုဝမ်နားသို့ ချဉ်းကပ်သွားကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ဒါက ခြောက်ကြိမ်မြောက် ငှားရမ်းမှုပဲ။ ခရီးအကွာအဝေးက ၁၂၀၀ ကီလိုမီတာရှိတယ်။ နောက်မိနစ် ၄၀ လောက်ဆိုရင် ပန်းတိုင်ကို ရောက်လိမ့်မယ်။”
ဆုဝမ်ကလည်း အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“မင်း အိပ်ခန်းထဲပြန်ဝင်ပြီး အနားယူတော့လေ။ ငါဆက်ကြည့်ထားလိုက်မယ်။”
“ရပါတယ်။ ငါနဲ့ အန်းရန်က တစ်ယောက်တစ်လှည့် နားယူထားတာမလို့ လုံးဝ မပင်ပန်းပါဘူး။ အခု ငါ့ရဲ့ရုပ်ခန္ဓာကလည်း အရင်ကထက် ပိုကောင်းနေပါပြီ။”
ဆုဝမ်က ပြန်ဖြေလိုက်သည်။
“ခန္ဓာကိုယ်က ကောင်းနေရင်တောင် အနားယူဖို့လိုတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့ သိပါပြီ”
ဆုဝမ်က ပြုံးကာ ဖြေလိုက်၏။
သူတို့စကားပြောနေစဉ်အတွင်း အန်းရန်သည်လည်း အိပ်ရာနိုးလာပြီး ရှောင်းယီဆင်းလာသည်ကို တွေ့သောအခါ “ဘယ်နှစ်နာရီရှိပြီလဲ” ဟု မေးလိုက်သည်။
“၆ နာရီကျော်သွားပြီ။ အစောကြီးရှိသေးတယ် နည်းနည်းလောက် ထပ်ပြီးအနားယူလိုက်ပါဦး။”
ရှောင်းယီက ပြန်ဖြေလိုက်၏။
“ငါ အနားယူပြီးသွားပြီ။ မနက်စာ ပြင်လိုက်တော့မယ်။
အန်းရန်က အကြောဆန့်ရင်း ပြောလိုက်၏။
“သိပ်လည်း မစိုးရိမ်ပါနဲ့။ ငါတို့လည်း ကိုယ်ဘာသာ လုပ်စားတတ်ပါတယ်။”
“ဘာမှမဖြစ်ပါဘူး။ ငါလည်း ဘာမှလုပ်စရာမှမရှိတာ။
အန်းရန်က အပြုံးဖြင့် ပြန်ဖြေလိုက်ပြီးနောက် ထွက်သွား၏။
ဆုဝမ်သည် ဆိုဖာပေါ်က စောင်များအားလုံးကို ပထမထပ်ရှိ အိပ်ခန်းထဲသို့ ပြန်သယ်သွားခဲ့သည်။
ကျန်းယွင်ထျန်းသည်လည်း အစောကြီးထပြီး နံနက်ခင်းလေ့ကျင့်ခန်းများ ပြုလုပ်နေပြီဖြစ်သည်။ ယနေ့တွင် သူသည် နံနက်ခင်း လေ့ကျင့်ခန်းအတွက် စုရုံးခြင်းကို မရွေးချယ်ခဲ့ပေ။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ချိန်က သူ၏စိတ်အခြေအနေအပေါ်တွင် မူတည်ပေသည်။
“အားလုံးပဲ အစောကြီး နိုးနေကြတာလား။”
ကျန်းယွင်ထျန်းသည် ရှောင်းယီနှင့် အခြားသူများ ဧည့်ခန်းထဲတွင်ရှိနေသည်ကို တွေ့သောအခါ မေးလိုက်၏။
“အန်းရန်နဲ့ ဆုဝမ်က မနေ့ညကတည်းက သင်္ဘောငှားရမ်းရေးလုပ်ငန်း လုပ်နေခဲ့တာလေ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ကျန်းယွင်ထျန်း၏ မျက်နှာပေါ်၌ ရှုပ်ထွေးနေသည့်အမူအရာကို တွေ့လိုက်ရသောအခါ ရှောင်းယီက သင်္ဘောငှားရမ်းခြင်းအကြောင်းကို ရှင်းပြလိုက်၏။
ကျန်းယွင်ထျန်း ရုတ်တရက် သဘောပေါက်တော့သည်။
“အဲ့ဒါကြောင့်ကိုး။ အဲ့ကိစ္စကို အလောတကြီး မလုပ်ပါနဲ့။ နောက်ပိုင်း နေ့ဘက်မှာ စီးပွားရေးလုပ်ပြီး ညဘက်မှာ သင်္ဘောကို အားပြန်သွင်းလို့ရတယ်လေ။”
သူက ပြောလိုက်၏။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ အခုကစပြီး အဲ့လိုလုပ်မယ်။ ငါတို့ တစ်ညလုံး အလှည့်ကျနေစရာ မလိုတော့ဘူးပေါ့။ အဲ့လိုလုပ်တာက ပင်ပန်းလွန်းတယ်။”
ဆုဝမ်သည်လည်း အိပ်ခန်းထဲမှ ထွက်လာပြီး ထိုစကားကို ကြားသောအခါ ထိုအကြံကို ထောက်ခံလိုက်၏။
“အဲ့အကြံကောင်းတယ်။”
“ဒါဆို ဂရုထဲမှာ အရင်ရှင်းပြလိုက်ဦးမယ်။”
ထို့သို့ပြောပြီးနောက် ရှောင်းယီ အပေါ်ထပ်သို့ တက်သွားလိုက်တော့သည်။
သူ၏ကျွန်းအထိမ်းအမှတ်တိုင်သို့ ပြန်ရောက်သောအခါ ယီထျန်းဂရုထဲသို့ စာပို့လိုက်သည်။
“အားလုံးပဲ။ သင်္ဘောရဲ့အားသွင်းနိုင်မှု အကန့်အသတ်ကြောင့် ဒီနေ့ မနက်ပိုင်းမှာ လျှပ်စစ်အားကုန်သွားမယ်ဆိုရင် အားပြန်သွင်းရပါမယ်။ သင်္ဘောအားပြည့်သွားရင် အချိန်နဲ့တစ်ပြေးညီ အသိပေးပါမယ်။”
“အာ...ဒါက ဘာလဲ။ သူဌေး မကြာခင်မှာ အားကုန်တော့မှာလား။”
“သင်္ဘောရဲ့ဖော်ပြချက်ကို အားလုံးလည်း မြင်ပြီးသားဖြစ်မှာပါ။ ခရီးက ကီလိုမီတာတစ်သောင်းပဲ သွားနိုင်တယ်။ ငါတို့ကြားမှာရှိတဲ့ ခရီးအကွာအဝေးက ၁၀၀၀ ကီလိုမီတာ မကဘူး။ အဲ့ဒါကြောင့် ကိုးကြိမ်လောက် ပို့ပြီးသွားရင် အားကုန်သွားလိမ့်မယ်။”
“ဟုတ်သားပဲ။ ဒါဆိုရင် ငါတို့ တန်းစီရတော့မှာပဲ။”
“ဒါဆိုလည်း တန်းစီရုံပဲပေါ့။ ဒီသင်္ဘောက ကျူးချန်းကလန်ရဲ့ လှေဦးပိုင်းရုပ်ထုထက် ရနိုင်ချေနည်းတယ်။ ဒုတိယတစ်စီးပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
“အားလုံးပဲ မင်းတို့ အာရုံစိုက်နေတဲ့အချက်က လွဲနေတယ်နော်။ သူဌေးက သင်္ဘောကိုအားပြန်သွင်းမယ်လို့ပြောနေတာ။”
“ဟမ် ဟုတ်တယ်လေ။ သင်္ဘောအားကုန်သွားရင် အားပြန်သွင်းရမှာပေါ့။ ဘာမှားလို့လဲ။”
“သော့ချက်က အားသွင်းတဲ့နေရာမှာပဲ။ မင်းရဲ့ကျွန်းမှာ လျှပ်စစ်ဓာတ်အားပေးစက်ရှိလို့လား။”
“အမ် တကယ်ပဲ မရှိသလိုပဲ။”
“ငါ ရိုးရှင်းတဲ့ ဓာတ်အားပေးစက် ထုတ်လုပ်မှာပုံစံတစ်ခု ရထားတယ်။ ဒါပေမယ့် အဲ့ဒီရိုးရှင်းတဲ့စက်က သင်္ဘောကိုအားသွင်းဖိုအတွက်တော့ မလုံလောက်ဘူး။”
“အပေါ်ကလူက သူဌေးပဲ။ မင်း တကယ်ပဲ ဓာတ်အားပေးစက် ထုတ်လုပ်ထားနိုင်တာလား။”
“အဲ့ဒါက အသုံးမဝင်ဘူး။ ငါ့မှာ လျှပ်စစ်ပစ္စည်းတွေ မရှိဘူးလေ။ ဒါပေမယ့် သူဌေးရဲ့သင်္ဘောက အားသွင်းဖို့လိုတယ်။ နည်းနည်းလေးနဲ့ မလုံလောက်ဘူး။ သူဌေးမှာ ပိုကောင်းတဲ့ဓာတ်အားပေးစက်ရှိတယ်ထင်တယ်။”
“ငါလည်း အဲ့လိုပဲထင်တယ်။ မဟုတ်ရင် ဒီတစ်ခါအားကုန်သွားရင် ဘယ်တော့အားပြန်ပြည့်မလဲဆိုတာ သိမှာမဟုတ်ဘူး။”
“သူဌေးနဲ့ ပိုပြီးဆက်ဆံရလေလေ သူ့ကို ပိုပြီးနက်နက်ရှိုင်းရှိုင်း သိလာလေလေပဲ။”
“သူဌေးနဲ့ နက်နက်ရှိုင်းရှိုင်းဆွေးနွေးချင်လိုက်တာ။ ဒါဆို သူလည်း ငါ့အနက်ကိုသိပြီး ငါလည်း သူ့ရဲ့အားနည်းချက်၊ အားသာချက်တွေကို သိရမှာပဲ။”
“လခွီး...။ မိန်းမတွေက ယောက်ျားတွေထက်တောင် သွက်နေပါလား။”
ရှောင်းယီသည် လူအများ ဆွေးနွေးနေသော စကားများကိုကြည့်ပြီး ခေါင်းခါကာ “စနစ်၊ လက်မှတ်ထိုးဝင်မယ်။” ဟု ပြောလိုက်သည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - စပျစ်မျိုးစေ့ (S အဆင့်) ၁။”
ထိုဆုလာဘ်ကိုမြင်သောအခါ ရှောင်းယီ တစ်ကိုယ်တည်းရေရွတ်လိုက်မိ၏။
“စနစ်က ထောက်ပံ့ရေးသေတ္တာကနေ S အဆင့်နဲ့အထက်မျိုးစေ့ရဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သိသွားပြီပဲ ဖြစ်ရမယ်။ ဒါကြောင့် လက်မှတ်ထိုးဝင်ခြင်းကနေ ဆုချပေးတာပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ စနစ်က ငါ့ကို လှည့်စားသွားပြီ။ စပျစ်မျိုးစေ့တစ်စေ့တည်းရယ်။”
ရှောင်းယီသည် စပျစ်မျိုးစေ့ကိုယူပြီး ထွက်လာချိန်တွင် တိုက်ဆိုင်စွာပင် သူ၏ခြံထဲသို့ သွားနေသည့် ယွမ်နွန်ကို တွေ့လိုက်ရသည်။
“ဦးလေးနဲ့တွေ့တာ အတော်ပဲ။ ဒါက S အဆင့် စပျစ်မျိုးစေ့ပဲ။ ခြံထဲမှာ စိုက်လိုက်ဦး။”
ရှောင်းယီသည် စပျစ်မျိုးစေ့ကို ယွမ်နွန်ထံသို့ ပေးလိုက်သည်။
ထိုအခါ ယွမ်နွန်၏မျက်လုံးများ ပြူးကျယ်သွားပြီး ပြောလိုက်၏။
“နောက်ထပ် S အဆင့်မျိုးစေ့ ရလာပြန်ပြီလား။”
ရှောင်းယီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“မြန်မြန်စိုက်လိုက်တော့။ အဲ့ဒါနဲ့ ဝိုင်လုပ်ရမယ်။”
အိမ်တွင်ဝိုင်ချက်ရန်မှာ အလွန်ရိုးရှင်းပါသည်။ အိုးကြီးတစ်လုံးရှာပြီး စပျစ်သီးများကို ဆေးကြောကာ ရေစစ်ထားပြီးနောက် အိုးထဲထည့်ကာ ဖျစ်ညှစ်ပြီး သကြားထည့်ကာ ရက် ၂၀ ခန့် အုပ်ရုံပင်ဖြစ်သည်။
ယခုအချိန်၌ ရှောင်းယီတွင် သကြားဖြူမရှိသော်လည်း ကြံပင်ရှိပြီး ရိုးရာနည်းလမ်းဖြင့် သကြားဖြူအနည်းငယ်ကို ချက်လုပ်နိုင်သည်။
ယွမ်နွန်က ခေါင်းညိတ်ပြီး SS အဆင့်ရေသန့်အနည်းငယ်ယူကာ စပျစ်မျိုးစေ့နှင့်အတူ ခြံထဲသို့ ထွက်သွားခဲ့သည်။
ဆုဝမ် ငှားရမ်းထားသောသင်္ဘောသည်လည်း ခရီးသည်ကို ပို့ဆောင်ပြီးနောက် အချိန်မီ ပြန်လည်ရောက်ရှိလာခဲ့သည်။
အန်းရန် ယခင်က ရွေးချယ်ထားသည့် ဦးတည်ချက်အလိုက် ဆုဝမ်သည် သင်္ဘောကို နောက်ထပ်လူတစ်ဦးဆီုသို့ ထပ်မံငှားရမ်းလိုက်၏။
ထိုသူသည် ဆုဝမ် ငှားလိုက်သောလှေကို ရရှိသောအခါ ချက်ချင်းမစီးသေးဘဲ သူ၏ကျွန်းအထိမ်းအမှတ်တိုင်ပေါ်တွင် စာပို့လိုက်သည်။
“ဥက္ကဋ္ဌ ကျုပ် အဲ့ဒီအပျော်စီးသင်္ဘောကို ငှားထားပြီးပါပြီ။”
အခန်း ၂၃၇
အဖြစ်မှန်မှာ ရှောင်းယီသည် သူ၏သင်္ဘောကို ဂရုထဲသို့ ပို့လိုက်သည့်အခါ တိလင်းထျန်းရှား၏ ဘက်တော်သားတစ်ဦးကလည်း ထိုသင်္ဘောအကြောင်းကို အချိန်နဲ့တပြေးညီ အစီရင်ခံခဲ့ပေသည်။
တိလင်းထျန်းရှားသည် ထိုသင်္ဘောကို မြင်သောအခါ အလွန်အံ့အားသင့်သွားခဲ့၏။ ယီရန်ပင်း၏ သဘောသဘာဝအရ ထိုပစ္စည်းကို ဘယ်တော့မှရောင်းချမည်မဟုတ်ကြောင်း သူသိထားသည်။
ထို့ကြောင့် သူသည် ရွှမ်းယွမ်ဝူဝေ့ကဲ့သို့ တစ်စုံတစ်ဦးကိုခိုင်းပြီး သင်္ဘောကိုဝယ်ယူရန် မကြိုးစားခဲ့ပေ။
ထိုအစား သူသည် ချက်ချင်းပင် သင်္ဘောကိုငှားရမ်းရန် လူတစ်ယောက်စေလွှတ်လိုက်၏။ ထိုသင်္ဘော၏စွမ်းအားကို သူမြင်ချင်နေခဲ့သည်။
ထိုအရာသည် ဖြစ်ခဲ့သမျှ အရာအားလုံးဖြစ်သည်။
လက်အောက်ငယ်သား၏ အစီရင်ခံစာကို ရပြီးနောက် တိလင်းထျန်းသည် ချက်ချင်းပင် “ဗီဒီယိုဖွင့်ပြီး ငါကြည့်ခွင့်ပြုပေး” ဟု ပြောလိုက်၏။
“ဟုတ်ကဲ့။”
ထိုလူသည် ချက်ချင်းပြန်ဖြေပြီး သူ၏ရွက်ဖျင်တဲကိုဇစ်ဖြုတ်ကာ သင်္ဘောဘက်သို့ မျက်နှာမူပြီး ဗီဒီယိုကောလ်တစ်ခု စတင်လိုက်သည်။
ထိုခေတ်မီအပျော်စီးသင်္ဘောကိုကြည့်ရင်း တိလင်းထျန်းရှားက သူ၏စိတ်ထဲတွင် ကြုံးဝါးလိုက်၏။
“ဒီလိုအဆင့်မြင့်သင်္ဘောမျိုးကို ဘယ်လိုရနိုင်မှာလဲ။ ငါကျတော့ ဒီလိုသင်္ဘောမျိုး ဘာကြောင့်မရတာလဲ။”
“ခရီးသည်များ အချိန်မီလှေပေါ်တက်ပါ။ အချိန်ကျော်လျှင် ငှားရမ်းမှုပြီးဆုံးမည်ဖြစ်ပါသည်။ အုတ်မြစ်ကျောက်များကို ပြန်အမ်းမည်မဟုတ်ပါ။”
ထိုအချိန်တွင် ရှောင်ယောက်သည် သူ၏အီလက်ထရွန်းနစ်အသံဖြင့် ပြောလိုက်သည်။
“ဥက္ကဋ္ဌ ရပြီလား။ ကျွန်တော် လှေပေါ်မြန်မြန်တက်ရတော့မယ်။”
ထိုလူက စိုးရိမ်တကြီး ပြောလိုက်၏။
“ကောင်းပြီ။ မင်း အဲ့ဒီကိုရောက်ရင် အတွင်းပိုင်းဖွဲ့စည်းပုံကိုလေ့လာပြီး အချက်အလက်တွေ စုဆောင်းထားလိုက်။”
တိလင်းထျန်းရှားက သတိပေးလိုက်သည်။
“ဟုတ်ကဲ့။”
ထိုလူသည် ချက်ချင်းပင် ဆက်သွယ်မှုကို ဖြတ်တောက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ခွဲဖျက်ကာ လှေပေါ်သို့ တက်သွားလိုက်သည်။
“သင့်ဘေးကင်းရေးအတွက် ခါးပတ်ပတ်ထားပေးပါ။ သင်္ဘော မကြာမီ ထွက်ခွာပါတော့မယ်။”
သို့သော်လည်း ထိုလူသည် တိလင်းထျန်းရှား ပေးအပ်ထားသော တာဝန်ဖြင့် ရောက်လာခြင်းဖြစ်သည့်အတွက် ခါးပတ်လုံးဝမပတ်ဘဲ လှေ၏အတွင်းခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
“ချက်ချင်းထိုင်ပြီး ခါးပတ်ပတ်ထားပေးပါ။ သင်္ဘော စတင်ထွက်ခွာပါပြီ။”
သင်္ဘောသည် စတင်ထွက်ခွာသွားပြီဖြစ်သော်လည်း ထိုလူသည် ခါးပတ်မပတ်ရသေးပေ။
“ခါးပတ်မပါဘဲတောင် ဒီလောက်တည်ငြိမ်နေတယ်။ အတွင်းပိုင်းကလည်း အရမ်းခမ်းနားတယ်။ ဒီလှေက ငါ့ဟာဆိုရင် အရမ်းကောင်းမှာပဲ။ ဒါသာရှိရင် ကျွန်းဆိုတာ မလိုတော့ဘူး။”
ထိုလူက ဂရုမစိုက်သလို ပြောလိုက်၏။
“ဒါကို သူဌေးရဲ့အိမ်မှာထားလိုက်ရင် ငါ့လက်ထဲက အရင်းအမြစ်တွေကို ဖြုန်းတီးရာကျသွားမှာပေါ့။”
ဘေးနားတွင် ရှောင်ယောက်က သူ့ကို ခါးပတ်ပတ်ရန် အကြိမ်ကြိမ်တောင်းဆိုနေဆဲပင်။
သို့သော်လည်း သူသည် လုံးဝဂရုမစိုက်ဘဲ လှည့်ပတ်ကြည့်ရှုပြီးနောက် သင်္ဘော၏ အပေါ်ထပ်သို့ တက်သွားလိုက်သည်။ သူသည် နေထွက်ရာဘက်ကိုမျက်နှာမူကာ လက်နှစ်ဖက်ကိုမြှောက်ပြီး ပျော်ရွှင်စွာအော်ဟစ်လိုက်၏။
“ဘမ်း!”
ရုတ်တရက် သင်္ဘော၏ညာဘက်ခြမ်းတွင် ပြင်းထန်သည့် ထိတိုက်မှုတစ်ခု ဖြစ်ပွားသွားခဲ့သည်။
ခါးပတ်မပတ်ထားသော ထိုလူသည် တိုက်ရိုက်ပင် သင်္ဘော၏ အပြင်ဘက်သို့ လွင့်ထွက်သွား၏။ သူသည် ဖြတ်ခနဲဆိုသလိုပင် ရေထဲသို့ ပြုတ်ကျသွားလေသည်။ သူကျသွားသောနေရာသည် သင်္ဘောမှ အကွာအဝေး မီတာနှစ်ဆယ်ကနေ သုံးဆယ်ခန့် ရှိပေသည်။
ရေထဲကျပြီးသွားနောက် ထိုလူသည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး သင်္ဘောဆီကို အသည်းအသန်ကြိုးစား ပြန်လည်ကူးခတ်လေတော့သည်။
သို့သော်လည်း ရုတ်တရက် သွေးစွန်းနေသောပါးစပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို မျိုချသွားလေသည်။
ထိုလူကိုမျိုချပြီးနောက် ပါးစပ်ကြီးသည် သင်္ဘောကိုထပ်ကိုက်ချလိုက်ပြီး သင်္ဘော၏အနောက်ပိုင်းကို ကိုက်မိသွားခဲ့၏။
သင်္ဘောသည် အားအပြည့်သွင်းထားသော်လည်း လုံးဝမရွေ့လျားနိုင်တော့ပေ။
ရှောင်ယောက်သည် ထိုသတင်းကို ရှောင်းယီဆီသို့ ချက်ချင်းပေးပို့လိုက်သည်။
“ဒီဒီ!! သင်္ဘောကို ရှေးဦးသတ္တဝါတစ်ကောင်က ကိုက်ထားပြီး လက်ရှိမှာ လွတ်အောင်လုပ်ဖို့ နည်းလမ်းမရှိပါ။”
ရှောင်းယီသည် ထိုသတင်းကိုမြင်သောအခါ ချက်ချင်းပင် ရှေ့တက်ပြီး မေးလိုက်သည်။
“သင်္ဘောပေါ်ကလူတွေရော ဘယ်လိုရှိလဲ။”
“သေသွားပြီ။”
ရှောင်ယောက်က ပြန်ဖြေ၏။
“သေပြီလား။ ဘာဖြစ်သွားတာလဲ။”
ရှောင်းယီက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
“ဖြစ်ခဲ့တာက ဒီလိုပါ။”
ရှောင်ယောက်သည် ထိုလူ၏ အစပိုင်းကတည်းက ထူးဆန်းသည့် အပြုအမူများကို ရှင်းပြလိုက်၏။
ထိုစကားများကိုနားထောင်ပြီးနောက် ရှောင်းယီ၏ မျက်လုံးထဲ၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားခဲ့သည်။
“သူသေချင်တယ်ဆိုရင်တောင် ငါတို့ကို အပြစ်တင်လို့မရဘူး။ ကင်မရာဗီဒီယိုကို ငါ့ဆီပို့လိုက်။”
“ဟုတ်ကဲ့။”
ရှောင်ယောက်က တုံ့ပြန်လိုက်သည်။
ရှောင်းယီသည် ရှောင်ယောက်၏ ကင်မရာဗီဒီယို ရပြီးနောက် ချက်ချင်းပင် ယီထျန်းဂရုထဲ၌ ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်တော့သည်။
“အားလုံးပဲ။ မင်းတို့ရဲ့အဖော်တွေနဲ့ ပြန်ပေါင်းစည်းတဲ့နေရာမှာ ဘေးကင်းလုံခြုံချင်တယ်ဆိုရင် လှေပေါ်ကညွှန်ကြားချက်တွေကို လိုက်နာကြပါ။”
ရှောင်းယီ၏ ဒေါသထွက်နေပုံရသည့် သတင်းအကြောင်းအရာများကို မြင်သောအခါ လူအများ အနည်းငယ် ဒွိဟဖြစ်သွားခဲ့ကြသည်။
“သူဌေး ဘာက သူဌေးကို ဒီလောက်တောင် ဒေါသထွက်သွားစေတာလဲ။”
“ဟုတ်တယ်။ သူဌေးရဲ့လှေကို ဖျက်ဆီးချင်တဲ့ တစ်စုံတစ်ယောက် ရှိနေသေးတာလား။”
“တစ်ယောက်ယောက်ကသာ ဖျက်ဆီးလာရင် တိုက်ရိုက်သာ ကန်ပစ်ထုတ်လိုက်။ ဒီနေရာမှာ အရေးမပါတဲ့လူတွေအတွက် အချိန်ဖြုန်းမနေပါနဲ့။”
“သူဌေး စိတ်အေးအေးထားပါနော်။ ရှင့်ရဲ့ဒေါသငြိမ်းပေးဖို့ ရှင့်ရဲ့ ကျွန်းကိုလာပေးရမလား။”
“ကျေးဇူးပြုပြီး နည်းနည်းလောက် လေးစားမှုရှိစမ်းပါ။ သူဌေးကိုပဲ အမြဲတမ်း ကလူမနေနဲ့။ ဘာဖြစ်ခဲ့တာလဲဆိုတာ ပြောပြပါဦး။ ကျုပ်တို့ ကူညီနိုင်မလားဆိုတာ ကြည့်ရအောင်။”
ရှောင်းယီသည် စကားအများကြီး ပြောမနေတော့ဘဲ သင်္ဘောမှရလာသော ကင်မရာဗီဒီယိုကို ဂရုထဲသို့ တိုက်ရိုက်တင်ပေးလိုက်သည်။
လူအများသည် ထိုဗီဒီယိုကို ကြည့်ပြီးနောက် ထိုလူသည် သင်္ဘော၏ညွှန်ကြားချက်များကို လုံးဝမလိုက်နာကြောင်း နားလည်သွားကြလေသည်။
“ဒီလူသေတာကို ငါတို့ဘက်က တာဝန်ယူမှာမဟုတ်ဘူး။”
ရှောင်းယီက ဆက်ပြောသည်။
“သူက ငါတို့ရဲ့တောင်းဆိုချက်ကိုလိုက်နာပြီး ကံမကောင်းလို့သေခဲ့တာဆိုရင် သူ့ရဲ့ခရီးပန်းတိုင်နေရာက လူတွေကို နှစ်ဆပြန်ပေးမယ်။ ဒါပေမယ့် သူက ငါတို့ရဲ့ တောင်းဆိုချက်ကို လုံးဝမလိုက်နာဘူး။”
“ဒီလူက ကိုယ့်သေတွင်းကိုယ်တူးတယ်ဆိုတဲ့အဓိပ္ပါယ်ကို အကောင်းဆုံးရှင်းပြနေတာပဲ။”
“ဒီလူက စူးစမ်းလိုစိတ်ရှိတဲ့ကလေးလို သင်္ဘောပေါ်မှာ လျှောက်သွားနေတာလို့ ငါထင်တယ်။”
“ဟမ့်...။ ဘာအစူးစမ်းလိုစိတ်ရှိတာလဲ။ တခြားအင်အားစုက သူ့ကို ဒီလှေကိုကြည့်ခိုင်းထားတာပဲ ဖြစ်ရမယ်။”
“ဒီလိုပြောမယ်ရဆိုရင်တော့ တကယ်ဖြစ်နိုင်တယ်။”
“ရွှမ်းယွမ်ဝူဝေ့ရော မဖြစ်နိုင်ဘူးလား။ ဒီလူက အရမ်းမျက်နှာပြောင်တယ်။”
“ဟုတ်တယ်။ အရင်တုန်းက သူ့လူတွေလာပြီး သူဌေးရဲ့သင်္ဘောကို ဝယ်ချင်တယ်လို့ပြောတယ်။ သူဌေးကငြင်းလိုက်တော့ အခုလိုမျိုး လှုပ်ရှားမှုသေးသေးလေးတွေ လုပ်နေတာပဲဖြစ်ရမယ်။”
“ချီး...။ မင်းက လူယုတ်မာရဲ့မျက်နှာကို အပြည့်အဝဖော်ပြနေတာပဲ။”
ထိုလူများ၏ ဆွေးနွေးမှုများသည် ရွှမ်းယွမ်ဝူဝေံ၏နားထဲသို့ ရောက်ရှိသွားခဲ့၏။ သူသည် သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို ကိုင်ပေါက်ပစ်လိုက်လေသည်။
“ငါက ဒီလိုလုပ်ဖို့ တစ်ခါမှမခိုင်းဖူးဘူးကွ။”
ရွှမ်းယွမ်ဝူဝေ့သည် မည်းမှောင်နေသောမျက်နှာဖြင့် အော်ဟစ်လိုက်၏။
“ယီရန်ပင်းက ဒီဖြစ်ရပ်အားလုံးကို သူကိုယ်တိုင်ဖန်တီးပြီး သရုပ်ဆောင်နေတာလား။”
သူ၏ဘေးနားတွင်ရှိနေသော ဦးလေးချန်းပြောလိုက်သည်။
တိလင်းထျန်းရှားသာ ဦးလေးချန်း၏စကားကိုကြားလျှင် သူ၏အကူအညီအတွက် အပြေးအလွှား ကျေးဇူးတင်မိပေလိမ့်မည်။
“သေစမ်း ဒါသေချာပေါက်ဖြစ်နိုင်တယ်။!”
ရွှမ်းယွမ်ဝူဝေ့က ဆဲဆိုလိုက်၏။
“သူက ငါ့ကိုဆန့်ကျင်ဖို့ ဆုံးဖြတ်ထားတာပဲ။ အဲ့ဒါကြောင့် ငါတို့ဘက်ကလည်း ယဉ်ကျေးနေစရာမလိုတော့ဘူး။ တိုက်ရိုက် စစ်ကြေညာလိုက်တော့။”
“မဟုတ်သေးဘူး သခင်လေး။”
ဦးလေးချန်းက အကြံပေးလိုက်သည်။
“ကျုပ်တို့က ဒေသခံတွေရဲ့ အခြေအနေကို အပြည့်အဝနားမလည်သေးဘူး။ ပထမဆုံး ပြည်တွင်းစစ်ကို စတင်လို့မရဘူး။ ကျုပ်တို့ဘက်က အနိုင်ရနိုင်တယ်ဆိုရင်တောင် အဆုံးမှာ အဲ့ဒီဘာမှမသိရသေးတဲ့ ဒေသခံတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျုပ်တို့ဘက်က အရေးနိမ့်တဲ့ဘက်မှာ ရှိနေလိမ့်မယ်။”
ရွှမ်းယွမ်ဝူဝေ့က အသက်ပြင်းပြင်း ရှူထုတ်လိုက်၏။
“ဒါဆိုသူ့ကို နောက်ထပ် နှစ်ရက်လောက် ပိုပြီးခုန်ပေါက်ခွင့်ပေးထားလိုက်မယ်။”
သူသည် ရေတပ်ကို ထိုကိစ္စအား မရှင်းခိုင်းခဲ့ပေ။ ထိုသို့ပြုလုပ်လိုက်လျှင် ပိုမိုပြီး မှောင်မိုက်လာမည်ကို သူသိပေသည်။
ယီထျန်းဂရုထဲတွင် လူများသည် သင်္ဘောနှင့် ရှေးဦးသတ္တဝါကြီးတို့ တွေ့ကြုံခဲ့ရသည့်ဖြစ်ရပ်ကို ဆက်ဆွေးနွေးနေကြ၏။
“ဒီကင်မရာဗီဒီယိုထဲက ရှေးဦးသတ္တဝါကြီးကဘာလဲ။ ဘာလို့ အရမ်းကြီးနေရတာလဲ။”
“ငါ အစွယ်တွေပြည့်နေတဲ့ ပါးစပ်ကြီးတစ်ခုပဲ မြင်ရတယ်။ အရမ်းကြောက်စရာကောင်းတာပဲ။”
“ဟုတ်တယ်။ အရမ်း ကြောက်စရာကောင်းတာပဲ။”
“သူဌေးကြီးယီရန်ပင်း ခါးပတ်ပတ်ထားရင်တောင် ဒီလိုသတ္တဝါကြီးနဲ့တွေ့ရင် အသက်ရှင်နိုင်ပါ့မလား။”
“ဟုတ်တယ်။ ငါတော့ အသက်ရှင်နိုင်မယ်လို့မထင်ဘူး။”
“ခါးပတ်ပတ်ထားရင် အနည်းဆုံးတော့ အသက်ရှင်နိုင်ခြေရှိသေးတယ်။ ငါထပ်ပြောမယ်။ ဒီသင်္ဘောက အရမ်းခိုင်ခံ့တယ်။ ဒီကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သက်ရှိကမှ မဖျက်ဆီးနိုင်ဘူး။”
ရှောင်းယီက ပြောလိုက်သည်။