← Chapters

အခန်း (၂၃၈-၂၄၀)

Vol. 16 Ch. 238-240

အခန်း (၂၃၈-၂၄၀)

Vol. 16 Ch. 238-240

အခန်း ၂၃၈

“အခု ဧရာမသတ္တဝါကြီးက သင်္ဘောကို ကိုက်ထားတယ်။ ခဏနေရင် မင်းတို့ကို သင်္ဘောရဲ့အပြင်ဘက်မှာ အမာရွတ်တွေရှိ၊ မရှိ ပြပေးမယ်။”

ရှောင်းယီက ဆက်ပြောသည်။

မိနစ်ဆယ်ခန့်ကြာပြီးနောက် ရှေးဦးသတ္တဝါကြီးမှာ ပျင်းရိသွားပုံရလေသည်။ သူသည် ထိုအရာကို စား၍လည်းမရ၊ ကိုက်၍လည်းမရ၊ ဆော့ရသည်မှာလည်း မပျော်စရာမကောင်းဖြစ်နေခဲ့သည်။

ထို့ကြောင့် ၎င်းသည် သင်္ဘောကို စွန့်ပစ်ကာ ပင်လယ်အောက်သို့ ပြန်လည်နစ်ဝင်သွားတော့သည်။

သင်္ဘောသည် ခရီးဆုံးသို့ရောက်ရန် ဆက်လက်မောင်းနှင်နိုင်ခဲ့ပြီး ရောက်ရှိပြီးနောက် ငှားရမ်းမှုလုပ်ငန်းကို ပြီးမြောက်စေကာ ရှောင်းယီ၏ ကျွန်းနားရှိ ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ထို့နောက် ရှောင်းယီသည် သင်္ဘော၏အစိတ်အပိုင်းများစွာကို အနီးကပ်ရိုက်ချက်များဖြင့် ရိုက်ကူးလိုက်၏။

သတ္တဝါကြီးကိုက်ခဲ့သည့်နေရာသည် မှန်တစ်ချပ်ကဲ့သို့ ချောမွေ့နေပြီး ခြစ်ရာများ လုံးဝမရှိပေ။

ထိုဗီဒီယိုကို ဂရုထဲသို့ တင်ပို့လိုက်ပြီးနောက် ဂရုထဲတွင် ချက်ချင်းပင် အပူအပြင်း ဆွေးနွေးမှုများ စတင်တော့လေသည်။

“သောက်ကျိုးနည်း ဒီသင်္ဘောက အရမ်းခိုင်တာပဲ။”

“ရှေးဦးသတ္တဝါကြီး: ငါမင်းကို အဲ့လောက်ကိုက်ခဲ့တာတောင်မှ ခြစ်ရာတစ်ခုမှ မကျန်ဘူးပေါ့။ ဒါက ငါ့မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ။”

“သူဌေး ဒီသင်္ဘောက သတ္တဝါကြီးရဲ့ပါးစပ်ထဲကနေ ဘယ်လိုလွတ်သွားတယ်ဆိုတာ ကျုပ်တို့ကို ပြောပြနိုင်မလား။”

“ဧရာမသတ္တဝါကြီးက နောက်ဆုံးမှာ လက်လျှော့လိုက်တာပဲ။ အဲ့ဒါကြောင့် သူက ခရီးရှည်ကို အဆုံးသတ်ပြီး ပြန်လာခဲ့တာ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဧရာမသတ္တဝါကြီးက ဒီလောက်ကြာအောင် ဆော့ပြီးတာတောင် အကောင်းအတိုင်း ပြန်လာနိုင်တယ်ဆိုတော့ ဒီသင်္ဘောက အရမ်းအံ့ဩစရာကောင်းတာပဲ။”

“သံမဏိပြားတွေကိုတောင် အပေါက်ဖောက်ပစ်နိုင်တဲ့ ဧရာမသတ္တဝါကြီးတောင်မှ ဒီသင်္ဘောကိုကျတော့ မဖျက်ဆီးနိုင်ဘူးလား။”

“မင်းပြောနေတာတွေက နည်းနည်းထူးဆန်းနေတယ်လို့ ငါဘာလို့ခံစားရတာလဲ။”

“ကားမောင်းတဲ့အနံ့တွေ ရနေတာလား။ မင်းတို့ ဒါကို နည်းနည်းအကျင့်ပါသွားပြီထင်တယ်။”

ရှောင်းယီက ဂရုထဲတွင် ဆက်ပြောလိုက်သည်။

“ရှေးဦးသတ္တဝါနဲ့ တွေ့ခဲ့ရတဲ့အတွက် စွမ်းအင်သုံးစွဲမှု အနည်းငယ်မြင့်မားသွားတယ်။ လက်ရှိအချိန်မှာ ကီလိုမီတာ ၁၀၀၀ အောက်သာရှိတဲ့ အသက်ရှင်ကျန်ရစ်သူတစ်ဦးကိုပဲ ငှားရမ်းနိုင်တော့မယ်။ ပြီးရင် ဒီနေ့အတွက် ငှားရမ်းမှုက ပြီးဆုံးပါပြီ။ သင်္ဘောကို ပြန်အားသွင်းထို့ လိုပါတယ်။”

“အား ဒါဆို ငါ့မှာအခွင့်အရေး မရှိတော့ဘူးပေါ့။ ငါနဲ့ သွားရမယ့်နေရာကြား အကွာအဝေးက ကီလိုမီတာ နှစ်ထောင်နီးပါးရှိတယ်။”

“အို ဒါက တကယ်ကို ကံပေါ်တူတည်တာပဲ။ တကယ်လို့ သင်္ဘောပေါ်တက်သွားနိုင်တယ်ဆိုရင်တောင်မှ ရှေးဦးသတ္တဝါကြီးတွေနဲ့ တွေ့နိုင်သေးတယ်။ တကယ်ကို ခေါင်းကိုက်စရာပဲ။”

“ဟုတ်တယ်။ ဒီကမ္ဘာမှာ ဘာတွေဖြစ်နေတာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား။”

“ဒီအချိန်မှာ ဘိုလိုလာမမှုတ်နဲ့ကွ။”

ရှေးဦးသတ္တဝါကြီးတစ်ကောင်၏ တိုက်ခိုက်ခြင်းခံရသည့် ဖြစ်ရပ်ပြီးနောက် လူတိုင်းက ပိုပြီးရိုးသားလာခဲ့ကြသည်။

ရွှမ်းယွမ်ဝူဝေ့နှင့် တိလင်းထျန်းရှားတို့၏ လက်အောက်ငယ်သားများပင်လျှင် ပို၍ရိုးသားလာကြ၏။

ဆုဝမ်သည် သင်္ဘောငှားရန် တောင်းဆိုထားသော အသက်ရှင်ကျန်ရစ်သူများထဲမှ ကီလိုမီတာ ၁၀၀၀ အောက်သာရှိသော အသက်ရှင်ကျန်ရစ်သူတစ်ဦးကို ရှာဖွေတွေ့ရှိသွားခဲ့ပြီး သင်္ဘောကို ငှားရမ်းခဲ့သည်။

အလုပ်ကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ပြီးနောက် ဆုဝမ်သည် မီးဖိုချောင်သို့ လျှောက်သွားလိုက်တော့သည်။

ယွမ်နွန်သည် စပျစ်စေ့များကို စိုက်ပျိုးပြီးနောက် SS အဆင့်ရေသန့်ကို လောင်းပေးလိုက်၏။

အနီးရှိ စက်ရုပ်စိုက်ပျိုးရေးလက်ထောက်သည် သူ၏လှုပ်ရှားမှုများကိုကြည့်ကာ “ဒီအလုပ်ကို ကျွန်တော့်ကို လွှဲပေးလို့ရပါတယ်။” ဟုပြောလိုက်သည်။

“လူသားတွေလည်း လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်တယ်လေ။”

ယွမ်နွန်က ပြုံးကာ ဖြေလိုက်သည်။

လယ်အကူက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူပြောလိုက်၏။

“အရင်ကစိုက်ထားတဲ့ မက်မွန်သီးတွေက ဒီမနက် ၂:၅၀ မှာ ရင့်မှည့်နေလို့ ရိတ်သိမ်းပြီးတော့ ခြံထဲကဂိုဒေါင်ထဲမှာ ထည့်ထားပါတယ်။”

ယွမ်နွန်တစ်ယောက် အံ့အားသင့်သွားသည်။ ထို့နောက် သူက ဝမ်းသာအားရပြောလိုက်၏။

“အရမ်းကောင်းတယ်။”

ထို့သို့ပြောရင်းဖြင့် ယွမ်နွန်သည် ခြံဝင်းထဲရှိ ဂိုဒေါင်ဆီသို့ အလျင်အမြန်လျှောက်သွားလိုက်သည်။ ထို့နောက် သူသည် ဂိုဒေါင်ထဲတွင် သပ်သပ်ရပ်ရပ်စီထားသော မက်မွန်သီးများကို တွေ့လိုက်ရလေသည်။ ထိုနောက် နှစ်လုံးကိုကောက်ယူကာ ကျေးလက်အိမ်သို့ လျှောက်သွားလိုက်သည်။

“အားလုံးပေါင်း ၃၂ လုံးရှိတယ်။”

နုန်ကျူးက သူ၏အနောက်မှလိုက်လာရင်း ပြောလိုက်၏။ ယွမ်နွန်သည် ထိုမက်မွန်သီးများထဲမှ နှစ်လုံးကိုကောက်ယူကာ ဗီလာဆီသို့ လျှောက်သွားလိုက်သည်။

“ရှောင်းယီရေ ပစ္စည်းကောင်းတစ်ခုတော့ ရောက်လာပြီဟေ့။”

ခြံဝင်းထဲဝင်သို့ ရောက်သည်နှင့်တပြိုင်နက် ယွမ်နွန်က အော်ဟစ်လိုက်သည်။

ရှောင်းယီသည် သူ၏အိပ်ခန်းထဲမှ လသာဆောင်သို့ လျှောက်လာပြီး အောက်သို့ကြည့်လိုက်၏။ ထို့နောက် သူသည် ယွမ်နွန်၏လက်ထဲတွင် ပန်းရောင်မက်မွန်သီးကြီးနှစ်လုံး ကိုင်ထားသည်ကိုတွေ့လိုက်ရလေသည်။

“မက်မွန်သီးတွေတောင် မှည့်သွားပြီလား။”

ရှောင်းယီက အံ့အားသင့်စွာမေးလိုက်သည်။

ယွမ်နွန်က ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူကပြောလိုက်သည်။

“ဟုတ်တယ်။ မနေ့က ညသန်းခေါင်လောက်မှာ မှည့်သွားတာ။ အားလုံးပေါင်း ၃၂ လုံးရှိပြီး နုန်ကျူးက အကုန်လုံး ရိတ်သိမ်းပြီးသွားပြီ။ ဒါက ပထမဆုံးအကြိမ် အသီးသီးတာမို့လို့ အများကြီးမရှိသေးဘူး။ နောက်တစ်ခါကျရင်တော့ အသီးတွေ ပိုများလာလိမ့်မယ်။”

“ကောင်းပြီ။ ဒါဆို ဒီနှစ်လုံးကို ကျုပ်ကို အရင်းပေးလိုက်ပါ။ ပြီးရင် ဂိုဒေါင်ထဲကနေ တချို့တစ်ဝက်သွားယူလာခဲ့ဦး။ အနည်းဆုံး တစ်ယောက်တစ်လုံးစီပေါ့။ ဒီနေ့ မနက်စာအတွက် မက်မွန်သီးစားကြရအောင်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ပြီ။”

ယွမ်နွန်သည် သူ့လက်ထဲရှိ မက်မွန်သီးနှစ်လုံးကို ချက်ချင်းပင် ရှောင်းယီ၏အခန်းထဲသို့ ပို့ပေးလိုက်ပြီး ခြံထဲက ဂိုဒေါင်ဆီသို့ ပြန်လျှောက်သွားလိုက်သည်။

ထို့နောက် ရှောင်းယီသည် ချူရှန်းကို ရှာလိုက်ပြီး သူ့ဆီသို့ စာပို့လိုက်လေသည်။

“မင်းပေးတဲ့ မက်မွန်သီးအစေ့က အခု အသီးသီးနေပြီ။ ငါပေးထားတဲ့ကတိအတိုင်း မင်းကို နှစ်လုံးလက်ဆောင်ပေးမယ်။”

“[မက်မွန်သီး] (S အဆင့်) ၂ (စုစုပေါင်း ၄၃၀ ဂရမ်) - အခမဲ့လဲလှယ်ခြင်း။”

ချူရှန်းသည် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် အမြဲရှိနေရ၏။ သူသည် အော်ဒါများရယူခြင်းနှင့် လမ်းကြောင်းများစီစဉ်ခြင်းတို့ကို တာဝန်ယူထားခြင်းဖြစ်သည်။ ဤလုပ်ငန်းဆောင်တာများကို ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ပြီးမြောက်အောင် လုပ်ဆောင်ရန် လိုအပ်ပေသည်။

ထို့ကြောင့် ရှောင်းယီ သူ့ဆီသို့ စာပို့လိုက်သောအခါ သူက ချက်ချင်းမြင်လိုက်ရသည်။

“အဲ့ဒါ တကယ်သီးနေပြီလား။”

ချူရှန်းက အံ့ဩတကြီး ပြောလိုက်သည်။

မက်မွန်သီးများ စိုက်ပျိုးရန်အတွက် S အဆင့် မြေဆီလွှာလိုအပ်ကြောင်း သိထားရပေမည်။ မက်မွန်ပင်များကဲ့သို့ သစ်မာပင်များအတွက် မြေဆီလွှာတစ်ယူနစ် သို့မဟုတ် နှစ်ယူနစ်သည်ပင် မလုံလောက်နိုင်ပေ။

ဒုတိယအချက်အနေဖြင့် ဤအရာကို စိုက်ပျိုးရမည့် နည်းလမ်းကို သိထားသည့်သူတစ်ဦးရှိရန်လည်း လိုအပ်သည်။ ပြီးခဲ့သည့်နှစ်ရက်အတွင်း သူတို့သည် ဖောက်သည်များစွာကို ပို့ဆောင်ခဲ့ပြီး လူများစွာက စိုက်ပျိုးရေးသည် လွယ်ကူသောအလုပ်မဟုတ်ကြောင်း ပြောနေကြသည်ကို ကြားခဲ့ရ၏။

ထို့ကြောင့် ချူရှန်းသည် ထို S အဆင့်မက်မွန်သီးနှစ်လုံးကိုမြင်သောအခါ အလွန်အံ့အားသင့်သွားခဲ့ရခြင်းဖြစ်သည်။

အံ့အားသင့်နေရင်းဖြင့်ပင် ချူရှန်းသည် လဲလှယ်မှုကို ချက်ချင်းသဘောတူလိုက်၏။

“သူဌေးက တကယ်ကို အရမ်းအံ့ဩစရာကောင်းတာပဲ။ မက်မွန်သီးတွေကို ဒီလောက်မြန်မြန် စိုက်ပျိုးနိုင်မယ်လို့ ကျုပ် တကယ် မထင်ခဲ့မိဘူး။”

“ကံကောင်းလို့ပါ။ အဲ့ဒီအပင်ကို စိုက်တတ်တဲ့သူရှိတော့ သိပ်မခက်ခဲဘူးလေ။”

ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“သူဌေးရဲ့အဖွဲ့က ပါရမီရှင်တွေနဲ့ ပြည့်နေပုံပဲ။”

ချူရှန်းက ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။

“အဆင်ပြေပါတယ်။ အဖွဲ့မှာက ကဏ္ဍအားလုံးကို တတ်ကျွမ်းတဲ့သူတွေရှိတော့ အတန်အသင့်တော့ ဟန်ချက်ညီတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“သူဌေးက တကယ်တော်တာပဲ။”

ချူရှန်းက ပြောလိုက်သည်။

“ဒီနေရာမှာ အခြေအနေအချို့နဲ့ ကြုံခဲ့ရတယ်။ သူဌေး ကျုပ်ကို အကြံဉာဏ်တစ်ချို့ပေးနိုင်မလား။”

“အို ပြောကြည့်ပါဦး။”

ရှောင်းယီက ပြောလိုက်သည်။

“ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ ကျုပ်တို့ရဲ့သင်္ဘောတွေကို တိုက်ခိုက်တဲ့ ပင်လယ်သတ္တဝါတွေက ပိုပိုများလာတယ်။ အခုလေးတင်ပဲ ကံကောင်းစွာနဲ့ ပင်လယ်ငါးတစ်ကောင်ကို သတ်လိုက်နိုင်တယ်။ အဲ့ဒါနဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ကို တင်ကြည့်လိုက်တော့ C အဆင့်ငါးဖြစ်နေတာကို တွေ့လိုက်ရတယ်။”

ချူရှန်းက ပြောပြလိုက်သည်။

သူတို့၏ သင်္ဘောဦးပိုင်းရုပ်ထုများသည် ဧရာမပင်လယ်သတ္တဝါများကို လျစ်လျူရှုစေနိုင်သော်လည်း ရေနေသတ္တဝါများ၏ တိုက်ခိုက်မှုများကိုမူ ကာကွယ်၍မရပေ။

“ဒါက ဒီကမ္ဘာရဲ့စည်းမျဉ်းတွေက တမင်တကာ စီစဉ်ထားတာ ဖြစ်နိုင်တယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ငါပေးနိုင်တဲ့အကြံဉာဏ်က ရုပ်ခန္ဓာအဆင့်မြင့်တဲ့ လက်အောက်ငယ်သားတစ်ဦးကို ပျိုးထောင်ဖို့ပဲ။ ဒါမှ အဆင့်မြင့်ရေနေသတ္တဝါတွေနဲ့ တွေ့တဲ့အခါ ကိုင်တွယ်ရ လွယ်ကူလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ လက်နက်တွေကိုလည်း အကောင်းဆုံးဖြစ်အောင် လုပ်ထားရမယ်။ မတူညီတဲ့ အခြေအနေတွေမှာ မတူညီတဲ့ အသုံးဝင်မှုတွေ ရှိနိုင်တယ်။”

ချူရှန်းက ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့ ကျုပ်နားလည်ပါပြီ။ လက်နက်တွေအကြောင်းပြောရရင် ပေါင်ယွမ်ကို လေးနဲ့မြားတချို့လုပ်ဖို့ ကူညီခိုင်းလို့ရမလား။”

“အဲ့ဒါကိုတော့ ပေါင်ယွမ်နဲ့ပဲ တိုက်ရိုက်ဆက်သွယ်လိုက်ပါ။ ငါ့အတွက်က ပြဿနာမရှိပါဘူး။ သူလုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလားဆိုတာကိုပဲ ကြည့်ရမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကောင်းပါပြီ။ ဒါဆို ကျုပ် သူ့ကိုအရင်မေးလိုက်ပါမယ်။”

ထိုသို့ပြောပြီးနောက် ချူရှန်းက စကားပြောဆိုမှုကို အဆုံးသတ်လိုက်တော့သည်။

ရှောင်းယီ အောက်ထပ်သို့ဆင်းလာသောအခါ အန်းရန်နှင့် ဆုဝမ်တို့သည် မနက်စာ ပြင်ဆင်ပြီးဖြစ်ကာ စားပွဲပေါ်တွင် မက်မွန်သီးဆယ့်နှစ်လုံးကို ဆေးကြောထားသည်။

ရှောင်းယီ ထိုနေရာသို့ သွားကာ မက်မွန်သီးတစ်လုံးကို ကိုက်ကြည့်လိုက်၏။ ၎င်း၏အသားမှာ နူးညံ့ပြီး အရည်ရွှမ်းသည်။

“တိုင်ကွန်းက မက်မွန်သီးတွေတောင် ဒီလောက်မကောင်းဘူးထင်တယ်။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“လူတိုင်း မြည်းကြည့်သင့်တယ်။”

ထိုစဉ် အခြားသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာခဲ့ကြသည်။

ရှောင်းယီ မက်မွန်သီးစားနေသည်ကို မြင်သောအခါ အန်းယွဲ့က မေးလိုက်သည်။

“မနက်စာမစားခင် မက်မွန်သီးစားတာက နည်းနည်းဖြုန်းတီးရာ ကျမနေဘူးလား။”

“ပြဿနာမရှိပါဘူး။ ဒီမှာ အများကြီးရှိတယ်။ အရင် မြည်းကြည့်လိုက်ကြပါ။ နောက်ပိုင်းမှာလည်း မက်မွန်သီးတွေ အများကြီးရှိလာဦးမှာပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်တယ်။ ပုံမှန်အားဖြင့် မက်မွန်သီးပင်တစ်ပင်က အသီး ၄၀၀ ကနေ ၅၀၀ အထိ သီးနိုင်တယ်။ ဒီနေရာရဲ့ အခြေအနေတွေက အရမ်းကောင်းနေတာဆိုတော့ ပိုပြီးတော့တောင် များနိုင်သေးတယ်။ ဒီနေရာရဲ့ သံသရာစက်ဝန်းက အရမ်းတိုတယ်။ ငါတို့ ကုန်အောင် စားနိုင်မှာတောင် မဟုတ်ဘူး။”

ယွမ်နွန်က ရှင်းပြလိုက်၏။ ထိုအခါ လူတိုင်း မက်မွန်သီးများကို ကောက်ယူကာ စားလိုက်ကြတော့သည်။

“ဒီဒီဒီ...”

ထိုစဉ် ဧည့်ခန်းထဲရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က သတိပေးချက်များ အဆက်မပြတ် မြည်ဟီးလာ၏။ ရှောင်းယီသည် မတတ်သာတော့ဘဲ ထိုနေရာသို့ ထသွားလိုက်ရလေတော့သည်။

အခန်း ၂၃၉

ဧည့်ခန်းနံရံတွင် တပ်ဆင်ထားသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ယီထျန်းဂရုထဲတွင် လူများစွာရှိပြီး သူတို့သည် ယီရန်ပင်းနှင့် သစ်သားလှေလေး ဟု မန်းရှင်းခေါ်ထားကြလေသည်။

သူတို့အားလုံးသိကြသည်မှာ ထိုသစ်သားလှေလေးသည်လည်း သူဌေးကြီး၏ဘက်မှဖြစ်ပေသည်။

“သူဌေး ကျုပ်ဆီကို သင်္ဘောကြီးတစ်စီး လာနေတာတွေ့တယ်။ ကျုပ် ဘာလုပ်ရမလဲ။”

“ဒီမှာလည်း သင်္ဘောတစ်စီးတွေ့တယ်။ ဘာလို့ဒီလောက်မြန်မြန် ရောက်လာကြတာလဲ။ ငါ့အဖော်တွေက မရောက်လာကြသေးဘူး။”

“ဒီနေ့ အရမ်းအခြေအနေဆိုးနေတာလား။ မနက်စောစော အိပ်ရာထရုံရှိသေးတယ်ပြီး ဒေသခံတွေနဲ့ ကြုံနေကြရတာလား။”

“မင်း သူဌေးကို @ လုပ်နေတာက မင်းအတွက် အသုံးမဝင်ဘူး။ လက်နက်တစ်ခုကောက်ယူပြီး ခုခံနိုင်ရင် ခုခံလိုက်။ မခုခံနိုင်ရင် မင်းအသက်ကို ချမ်းသာပေးဖို့ သူတို့ဆီမှာ တောင်းဆိုလိုက်တော့။”

“ဟမ့် ငါက သူတို့ကို အဲ့လိုလုပ်စရာလား။ သူတို့က ငါတို့ထက် ဘယ်လောက်တောင် ပိုကောင်းနိုင်မှာလဲ။ ငါမယုံဘူး။”

“ဟုတ်တယ်။ တစ်ယောက်ယောက် မင်းတို့ရဲ့လေးနဲ့မြားတွေကို ငှားပေးနိုင်မလား။ ဒါက အနည်းဆုံးတော့ သူတို့ ငါ့ကျွန်းနားကို အလွယ်တကူ မချဉ်းကပ်နိုင်အောင် ကာကွယ်ပေးနိုင်တယ်။”

“ဟုတ်တယ်။ @ပေါင်ယွမ် လေးနဲ့မြားတွေ အဆင်သင့်ဖြစ်ပြီလား။ ကျုပ် အရေးတကြီးငှားဖို့လိုနေပြီ။”

ထိုသတင်းကို မြင်လိုက်ရသောအခါ ပေါင်ယွမ်က မျက်မှောင်ကြုံ့ကာ ပြောလိုက်သညါ။

“အခုချက်ချင်းတော့ မဖြစ်နိုင်သေးဘူး။ အနည်းဆုံး ညနေအထိစောင့်ရမယ်။ လူတိုင်းပဲ လေးနဲ့မြားရှိရင် ဒီကာလကိုကျော်ဖြတ်နိုင်ဖို့ ငှားပေးလိုက်ကြပါ။”

“ဟုတ်တယ် ဟုတ်တယ်။ လူတိုင်းပဲ အမြန်အကူအညီပေးကြပါ။ ဘာပဲဖြစ်ဖြစ် အလကားမယူပါဘူး။”

ရှောင်းယီသည် ဧည့်ခန်းထဲရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်ရန် ရောက်ရှိချိန်လာတွင် လူများစွာသည် ၎င်းတို့၏ လေးနှင့်မြားများကို ယူဆောင်လာပြီး ငှားရမ်းခဲ့ကြပြီးဖြစ်သည်။

စျေးနှုန်းမှာ သဘာဝအတိုင်းပင် ယခင်က ပေါင်ယွမ်နှင့် ရှောင်းယီတို့ ဆွေးနွေးခဲ့သည့်အတိုင်းသာ ဖြစ်ပေသည်။

ရှောင်းယီသည် ဂရုထဲတွင် အချို့သော လေးနှင့်မြားများကို ငှားရမ်းမထားကြောင်း တွေ့လိုက်ရပြီး ဒေသခံများနှင့် တွေ့ဆုံပြီးသူများသည် လေးနှင့်မြားများ ရရှိသွားပြီးဖြစ်ကြောင်း သဘောပေါက်လိုက်၏။ ထို့ကြောင့် သူ၏လက်ထဲရှိ လေးနှင့်မြားများကို ၎င်းတို့ထဲသို့ မထည့်တော့ပေ။

“လူတိုင်းပဲ စိတ်မပူကြပါနဲ့။ ဒီမှာရှိတဲ့ ဒေသခံတွေကလည်း လူသားတွေပါပဲ။ ဒီတစ်လတာ လေ့ကျင့်ပြီးတဲ့နောက် လူတိုင်းကြီးပြင်းလာကြပြီလို့ ငါယုံကြည်တယ်။ မင်းတို့က သူတို့ထက် ဘယ်‌နေရာမှာမှ နိမ့်ကျနေတာမျိုး မရှိဘူး။”

ရှောင်းယီက အုပ်စုထဲတွင် ပြောလိုက်သည်။

“ဟုတ်တယ်။ ဒါကလည်း ငါတို့ဘက်မှာ လူအရေအတွက် နည်းနေတယ်သေးတယ်လို့ ဆိုလိုချင်တာပဲ။ သူတို့ထဲက တစ်ယောက်လောက်ပဲ သတ်နိုင်တယ်ဆိုရင်တောင်မှ ငါတို့ရဲ့မြေကို ငါတို့ကာကွယ်ရမယ်။ တစ်ယောက်ထပ်ပိုပြီး သတ်နိုင်ရင်တော့ ငါတို့အတွက် အကျိုးရှိလိမ့်မယ်။”

“ဟုတ်တယ်။ တစ်ယောက်ချင်းယှဉ်ချရမှာကို ဘာကြောက်စရာရှိလို့လဲ။”

“နှစ်ပေါင်းများစွာကြာအောင်တောင်မှ ကျူးကျော်မှုကို ခုခံတိုက်ခိုက်လာခဲ့ကြ‌သေးတာပဲ။ ဒီဒေသခံတွေက ဘာတွေမို့လို့လဲ။ ပြန်သွားကြစမ်း။”

လူတိုင်းသည် တူညီသော အမုန်းတရားများကို မျှဝေနေပြီး အရှိန်အဟုန်လွန်ကဲနေချိန်တွင် ကုထောင်ချွေ့ရှန်းဆီမှ သီးသန့်စာတစ်စောင် ရောက်လာခဲ့လေသည်။

“သူဌေး ဒီမှာလူနှစ်ယောက်တွေ့ထားတယ်။ သူတို့နှစ်ယောက်လုံးက စာချုပ်ကတ်ကို သုံးဖို့သဘောတူတယ်။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။

“သူတို့ကျွန်းနဲ့ မင်းကျွန်းက ဘယ်လောက်ဝေးလဲ။”

ရှောင်းယီက မေးလိုက်သည်။

“တစ်ယောက်က ၈၀၀ ကီလိုမီတာ၊ နောက်တစ်ယောက်က ၅၆၀ ကီလိုမီတာ။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။

“ကောင်းပြီ။ သူတို့ရဲ့တည်နေရာအတိအကျကို ပို့ခိုင်းလိုက်ပါ။ သင်္ဘောပြန်ရောက်လာရင် အဲ့ဒါကို ငှားပြီး သူတို့ကို မင်းရဲ့ကျွန်းဆီ ပို့လိုက်မယ်။ စာချုပ်ကတ်သုံးတဲ့အချိန် စိတ်အေးအေးထားဖို့ မမေ့နဲ့။ နားလည်လား။”

ရှောင်းယီက သတိပေးလိုက်သည်။

“နားလည်ပါပြီ။”

ကုထောင်ချွေ့ရှန်းက တုံ့ပြန်လိုက်ပြီးနောက် စကားပြောခြင်းကို အဆုံးသတ်လိုက်သည်။

“မင်းတို့နှစ်ယောက်လုံး မင်းတို့ရဲ့တည်နေရာကို သစ်သားလှေလေးဆီ ပို့ထားလိုက်ပါ။ ပြီးရင် သင်္ဘောတစ်စီး မင်းတို့ကို လာခေါ်လိမ့်မယ်။ ပစ္စည်းအားလုံးကိုတော့ ငါ့ဆီကို အရင်ပို့ထားလိုက်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ချေမှုန်းပြီးရင် အုတ်မြစ်ကျောက်တွေ အားလုံးကို ယူလာဖို့လည်း မမေ့နဲ့။”

ကုထောင်ချွေ့ရှန်းသည် သူတို့သုံးယောက်တည်းရှိသော ဂရုလေးထဲတွင် ပြောလိုက်သည်။

“လောင်တ မင်းက တကယ်ပဲ သူဌေးယီရန်ပင်းရဲ့နောက်လိုက်လား။”

‘လှေလှော်တက်မပါဘဲရွက်လွှင့်မယ်’ ဟူသောအိုင်ဒီနှင့် ရှင်သန်သူတစ်ဦးက မေးလိုက်သည်။

“နောက်လိုက်လား။ ငါမှာ အခုထိ အဲ့လိုကောင်းချီးမျိုး မရှိသေးဘူး။ အခုအချိန်မှာ သူဌေးကြီရဲ့ လက်အောက်မှာ တောက်တိုမယ်ရလုပ်ပေးရတဲ့သူတစ်ယောက်အဖြစ်ပဲ မှတ်ယူနိုင်တယ်။ ဒါပေမယ့် လက်တိုလက်တောင်း အခိုင်းခံရတဲ့လူတစ်ယောက်အနေနဲ့တောင် အကျိုးကျေးဇူးတွေ အများကြီးရထားပြီးပြီ။ ငါက အစကတည်းက အရမ်းကျေနပ်စရာဖြစ်နေပြီးသားပါ။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။

“အစ်ကိုကြီး ပြောတာမှန်တယ်။ သူဌေးကြီးနဲ့ ဆက်သွယ်နိုင်တာနဲ့ကို အရမ်းကောင်းနေပြီ။”

‘အဆုံးထိရှင်သန်မယ်’ ဟူသည့် အိုင်ဒီနှင့် အခြားရှင်သန်သူတစ်ဦးကလည်း ထိုအချက်ကို ထောက်ခံလိုက်သည်။

“ကောင်းပြီ အပိုတွေမပြောတော့ဘူး။ မင်းတို့ရဲ့တည်နေရာကို အမြန်ပို့လိုက်တော့။ ပြီးရင် သင်္ဘောရောက်တဲ့အထိစောင့်ပြီးမှ နောက်ဆုံးတစ်ခေါက်ထပ်ပြောမယ်။ မင်းတို့ ငါ့ကျွန်းကိုရောက်ရင် စာချုပ်ကတ်သုံးရမယ်။ မင်းတို့မှာ သံသယတစ်စုံတစ်ရာရှိရင် အခုအချိန်မှာ စဉ်းစားလို့ရသေးတယ်။”

ကုထောင်ချွေ့ရှန်းက ထပ်မံ၍ အလေးပေးပြောကြားလိုက်သည်။

“ပြဿနာမရှိပါဘူး။ လောင်တ မင်းက ငါ့ကိုစာချုပ်ကတ်နှစ်ခုသုံးရင်တောင် လုံးဝပြဿနာမရှိဘူး။”

“ဟုတ်တယ် အစ်ကိုကြီးနဲ့လက်တွဲဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ လုံးဝတွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။”

“ဒါဆိုရင် အဆင်ပြေပြီ။ အမြန်ပြင်ဆင်ကြတော့။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။

ကုထောင်ချွေ့ရှန်းနှင့် သူ၏ညီငယ်နှစ်ဦးသည် ၎င်းတို့၏ကျွန်းတည်နေရာကို ရှောင်းယီထံသို့ ပို့ပေးလိုက်ကြ၏။ ရှောင်းယီ ထိုနေရာများကို ကြည့်လိုက်သောအခါ အမှန်တကယ်ပင် မဝေးလှပေ။

ယခင်က ငှားရမ်းထားသည့် သင်္ဘောသည်လည်း ဆိပ်ကမ်းကို ပြန်ရောက်လာပြီဖြစ်သည်။

လှေ၏ဘက်ထရီစွမ်းအင်ကို ခန့်မှန်းပြီးနောက် ကီလိုမီတာတစ်ထောင်ပင် ထပ်မသွားနိုင်တော့ကြောင်း သေချာသွားရာ ကုထောင်ချွေ့ရှန်းဆီသို့ စာပို့လိုက်သည်။

“မင်း ခဏစောင့်တော့ စောင့်ရဦးမယ်။ သင်္ဘောကို အားသွင်းရဦးမှာမို့လို့။”

ရှောင်းယီက ပြောလိုက်သည်။

ကုထောင်ချွေ့ရှန်း ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“အဆင်ပြေပါတယ်။ ဒီနေ့အတွက် စိတ်မပူပါနဲ့။”

ရှောင်းယီက ခေါင်းညိတ်ပြီး ထမင်းစားခန်းသို့ ပြန်လျှောက်သွားကာ မနက်စာကို ဆက်လက်စားသုံးလိုက်သည်။

မနက်စာစားပြီးနောက် ရှောင်းယီသည် တတိယထပ်ရှိ အိပ်ခန်းသို့ ပြန်သွားပြီး ဂရုထဲရှိ ဒေသခံများနှင့် တွေ့ဆုံခဲ့သူများ၏ တိုက်ခိုက်မှုအခြေအနေကို ကြည့်ရှုလိုက်သည်။

“ဟားဟားဟား...ဒေသခံကတွေလည်း သိပ်ကြောက်တတ်တာပဲ။ ငါ မြားနဲ့ပစ်တာကိုလည်းမြင်ရော နောက်ပြန်ဆုတ်သွားကြတယ်။”

“ဟုတ်တယ်။ ဒီမှာလည်းအတူတူပါပဲ။ သူတို့က ကျောက်လှံတွေနဲ့ ပစ်နိုင်ပေမယ့် ပစ်လိုက်တဲ့အကွာအဝေးက လေးနဲ့မြားရဲ့တိုက်ခိုက်မှုအကွာအဝေးထက် ပိုတိုနေသေးတယ်။”

“ဒါဆို အဲ့ဒီဒေသခံတွေက ငကြောက်တွေပဲ ဖြစ်ရမယ်။”

“အဲ့ဒါကြောင့် ပြောတာပေါ့။ မင်းတို့ တကယ် အရမ်းကြောက်နေစရာ မလိုဘူး။ ဒါပေမယ့် အရမ်းလည်း သတိမလျှော့လိုက်နဲ့ဦး။”

“ငါ့ရဲ့ လေးကိုင်ထားတဲ့လက်က အရမ်းတုန်နေလို့ ပစ်လိုက်တဲ့မြားတွေအားလုံးနီးပါး လွဲသွားခဲ့တယ်။ ဒါပေမယ့် အဲ့လိုဆိုရင်တောင်မှ သူတို့ကိုတော့ ကြောက်အောင်လုပ်နိုင်သေးတယ်ကွ။”

“အမ် ဒါဆို လေးနဲ့မြားသာရှိရင် ဒေသခံတွေလာမှာကို စိတ်ပူစရာမလိုတော့ဘူးလို့ ဆိုလိုချင်တာလား။”

“ဒါကိုတော့ အတပ်မပြောနိုင်ဘူး။ ငါခံစားမိတာက သူတို့မှာ ဒီလိုလက်နက်မျိုးတွေ မရှိလို့ဖြစ်ရမယ်။ မသိတဲ့အရာကို ပထမဆုံးတွေ့တဲ့အခါ ကြောက်တတ်ကြတာက သဘာဝပဲ။ အဲ့ဒါကြောင့် နောက်ပြန်ဆုတ်သွားတာပေါ့။ သူတို့နဲ့ ရင်းနှီးသွားရင် ဒါမှမဟုတ် ဒီလက်နက်ရဲ့ အားနည်းချက်ကို သူတို့ရှာတွေ့သွားရင် ဒီလိုဖြစ်မှာ မဟုတ်တော့ဘူး။”

ရှောင်းယီသည်လည်း နောက်ဆုံးလူ၏ ခွဲခြမ်းစိတ်ဖြာမှုကို မြင်သောအခါ ထောက်ခံလိုက်မိသည်။

“ဟုတ်တယ်။ အပေါ်ကလူပြောတဲ့အချက်ကို ငါထောက်ခံတယ်။ ဒေသခံတွေရဲ့ လက်နက်တွေကိုကြည့်လိုက်ရင် အများစုက ကျောက်လှံတွေ ဖြစ်နေတာကို တွေ့ရတယ်။ ဒါက သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအဆင့်က မြင့်မားမနေသေးဘူးဆိုတာကို ပြသနေတာပဲ။ သူတို့မှာ လေးနဲ့မြားလိုမျိုး အဝေးပစ်လက်နက်မျိုး မရှိသေးဘူး။ အဲ့ဒါကြောင့် ပထမဆုံးတွေ့တဲ့အခါ အမြဲတမ်းသတိထားရမယ်။ ရင်းနှီးသွားပြီဆိုရင်တော့ မင်းထွက်ပြေးရုံပဲရှိတော့မှာ။!”

“အင်း အပေါ်က အစ်ကိုကြီးနှစ်ယောက်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက အရမ်းယုတ္တိရှိတယ်။ အခုချိန်မှာ ငါတို့အတွက် အပျော်စောလို့ မရသေးဘူး။”

“ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ပျော်နိုင်မှာလဲ။ ဒေသခံတွေကို တစ်ခါအနိုင်ယူပြီးသွားပြီဆိုပေမယ့် ဒီကျွန်းလေးပေါ်မှာ ပိတ်မိနေတုန်းပဲ။”

“ဘယ်သူကပြောတာလဲ။ ဒါကလည်း တစ်နေ့ထက်တစ်နေ့ ပိုပြီးအသက်ရှင်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲလေ။”

“မင်းက ဒီနေ့ဒီအချိန်မှာ အသက်ရှင်နေနိုင်တယ်။ ဒါပေမယ့် ဒီကစားပွဲကို မင်းဘယ်လိုပြောင်းပြန်လှန်ပစ်နိုင်မှာလဲ။”

ရှောင်းယီသည် သင်္ဘောကို အလျင်အမြန်အားသွင်းပြီးနောက် ကုထောင်ချွေ့ရှန်း ရှာတွေ့ခဲ့သော လူနှစ်ဦးထဲမှ ပိုနီးသည့်လူတစ်ဦးထံသို့ ငှားရမ်းလိုက်သည်။

“[အပျော်စီးရွက်သင်္ဘော] (SSS အဆင့်) တစ်နာရီအသုံးပြုခွင့် - အခမဲ့လဲလှယ်ခြင်း။”

ကိုးသည် နောက်ဆုံးတွင် လဲလှယ်မှုကို မြင်လိုက်ရပြီးနောက် ချက်ချင်းပင် သဘောတူလိုက်ပြီး အပိုစကားများပြောမနေတော့ဘဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ချေမှုန်းကာ အုတ်မြစ်ကျောက် ၁၁ ခုနှင့်အတူ အပျော်စီးသင်္ဘောပေါ်သို့ တက်လိုက်တော့သည်။

“သူဌေးက တကယ်အရမ်းအံ့ဩစရာတာပဲ။ ဒီလောက်ကောင်းတဲ့ သင်္ဘောမျိုးကိုတောင် မောင်းနိုင်တယ်။”

နောက်ဆုံးတွင် ကိုးသည် ရှောင်ယောက်၏ ညွှန်ကြားချက်အတိုင်း ခါးပတ်ပတ်ထားလိုက်၏။

ထို့နောက် သင်္ဘောသည် ကုထောင်ချွေ့ရှန်း၏ကျွန်းဆီသို့ အလျင်အမြန် မောင်းနှင်ထွက်ခွာသွားတော့သည်။

တစ်နာရီမပြည့်ခင်မှာပင် အပြာရောင်သင်္ဘောသည် ကုထောင်ချွေ့ရှန်းကျွန်း၏ ကမ်းစပ်တွင် ရပ်နားလာခဲ့သည်။

ကုထောင်ချွေ့ရှန်းသည် ရှောင်းယီထံမှ အကြောင်းကြားစာကို ရရှိထားပြီးပြီဖြစ်ပြီး ကမ်းစပ်တွင် ဒူးလေးနှင့် စောင့်ဆိုင်းနေခဲ့သည်။

“အစ်ကိုကြီး ကျုပ်က အဆုံးထိရှင်သန်မယ် ဆိုတဲ့ အိုင်ဒီနဲ့တစ်ယောက်ပါ။ ကျုပ်နာမည်အစစ်က မဂတ္တမပါ။”

အဆုံးထိရှင်သန်မယ်ဟူသည့် အိုင်ဒီနှင့်လူသည် ကုထောင်ချွေ့ရှန်းကိုမြင်သောအခါ ချက်ချင်းပင် နှုတ်ဆက်လိုက်လေသည်။

အခန်း ၂၄၀

“ဆင်းလာခဲ့ ပြီးရင် ငြိမ်ငြိမ်နေ။ မဟုတ်ရင် ငါ့လက်ထဲက ဒူးလေးက အလိုလိုပစ်မိသွားလိမ့်မယ်။”

ကုထောင်ချွေ့ရှန်းက လုံးဝသတိမလျှော့ထားရဲပေ။

မဂတ္တမသည် ချက်ချင်းပင် သူ၏လက်များကို အပေါ်မြှောက်ကာ လှေပေါ်မှ ဆင်းလာပြီး ကမ်းစပ်တွင်ရပ်လိုက်၏။

“အစ်ကိုကြီး ကျုပ် လုံးဝမလှုပ်ပါဘူး။”

ကုထောင်ချွေ့ရှန်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် စာချုပ်ကတ်ကိုအသုံးပြုရန် အဆင်သင့်ဖြစ်သောအခါ မဂတ္တမကို လက်ညိုးထိုးကာ ပြောလိုက်သည်။

“မင်းမှတ်ထားရမှာက လုံးဝမခုခံနဲ့။ ငါ့ကို စိတ်ရင်းမှန်နဲ့ အညံ့ခံရမယ်။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။

“ဟုတ်ကဲ့။”

မဂတ္တမသည် ကုထောင်ချွေ့ရှန်း၏လက်ထဲရှိ ဒူးလေးကိုကြည့်ကာ အနည်းငယ်မျှပင် မလှုပ်ရှားဝံ့ပေ။

ကုထောင်ချွေ့ရှန်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် စာချုပ်ကတ်ကို အသုံးပြုရန် ရွေးချယ်လိုက်သည်။

“အသုံးပြုမည့်ပစ်မှတ်ကို ရွေးချယ်ပါ။”

“မဂတ္တမ!”

ကုထောင်ချွေ့ရှန်းက ပြန်ပြောလိုက်သည်။

စာချုပ်ကတ်သည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အနီရင့်ရောင်သံကြိုးတစ်ချောင်းက မဂတ္တမဆီသို့ ပျံသန်းသွားခဲ့သည်။

မဂတ္တမ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူသည်လည်း ထိုသံကြိုးကိုမြင်နိုင်ပြီး ကြောက်ရွံ့မှုကြောင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။

“မလှုပ်နဲ့။ မခုခံနဲ့ မဟုတ်ရင် ငါ မင်းကို တစ်ခါတည်းပစ်လိုက်မယ်။”

ကုထောင်ချွေ့ရှန်းက ထပ်မံအော်ဟစ်လိုက်၏။

မဂတ္တမသည် ချက်ချင်းပင် သူ့ကိုယ်သူ ရပ်တန့်လိုက်ပြီး ထိုသံကြိုး သူ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်ကို ကြောက်ရွံ့စွာကြည့်နေလိုက်ရသည်။

လူသားတို့သည် မသိသောအရာများကို အမြဲကြောက်ရွံ့တတ်ကြသည် မဟုတ်ပါလော။

သံကြိုးသည် သူ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီးနောက် အခြားပုံမှန်မဟုတ်သောအရာများ မဖြစ်ပေါ်လာခဲ့ပေ။

ထို့နောက် ကုထောင်ချွေ့ရှန်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အကြောင်းကြားချက် ရရှိလိုက်တော့သည်။

“စာချုပ်ကတ်အသုံးပြုမှု အောင်မြင်ပါသည်။ မဂတ္တသည် သင့်၏ စာချုပ်အစေခံ ဖြစ်သွားပါပြီ။”

“ဟူးး”

ကုထောင်ချွေ့ရှန်းသည် နောက်ဆုံးတွင် သက်ပြင်းချလိုက်မိ၏။ မဂတ္တမသည် ကျွန်းပေါ်သို့ တက်လာပြီး သူနှင့် အမှန်တကယ်တိုက်ခိုက်ခဲ့လျှင် သူ အားစိုက်ထုတ်ရမည်ဖြစ်သည်။

“အစ်ကိုကြီး ဒါက... အဆင်ပြေသွားပြီလား။”

မဂတ္တမက မေးလိုက်သည်။ ကုထောင်ချွေ့ရှန်းက ခေါင်းညိတ်ပြလိုက်သည်။

“အင်း အခုချိန်ကစပြီး ငါတို့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကူညီပြီး အတူတူဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြမယ်။”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။”

မဂတ္တမသည် သူယူလာသော အုတ်မြစ်ကျောက် ၁၁ ခုကို ကုထောင်ချွေ့ရှန်းထံသို့ လွှဲပြောင်းပေးလိုက်သည်။

“အစ်ကိုကြီး ကျုပ် အရင်က ကျုပ်ကျွန်းကို ကောင်းကောင်းဖွံ့ဖြိုးတိုးတင်အောင် မလုပ်နိုင်ခဲ့ဘူး။ ကျုပ်ရဲ့ကျွန်းက ၁၁ စတုရန်းမီတာပဲရှိပါတယ်။”

“၁၁ စတုရန်းမီတာဆိုတာကလည်း အတော်လေးများတာပါပဲ။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။

“မင်းအရင်ဆုံး တစ်ခုခု စားလိုက်ဦး။ ဒီနေ့ ဒေသခံတွေ ရောက်လာမလား မသိဘူး။ ငါ့နေရာက ဒေသခံတွေနဲ့တွေ့ဖို့ အလွယ်ကူဆုံးပဲ။”

ကုထောင်ချွေ့ရှန်း၏စကားကို ကြားသောအခါ မဂတ္တမသည် တစ်ခဏတာတုန်လှုပ်သွားပြီး “ဘာကြောင့်လဲ” ဟုမေးလိုက်သည်။

“ဘာဖြစ်လို့လဲဆိုတော့ ငါတို့ရဲ့ကျွန်းက တားမြစ်ချက်နဲ့ ကပ်နေလို့ပဲ။ အရင်ကတားမြစ်ချက်ကို ဖျက်စီးခဲ့တာကလည်း ငါပဲလေ။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်၏။

စာချုပ်ချုပ်ဆိုသူဖြစ်လာပြီ ဖြစ်သောကြောင့် သူသည် သူ၏ကိုယ်ပိုင်လူတစ်ဦး ဖြစ်သွားပြီဖြစ်သည်။ ထို့ကြောင့် ဘာမျှကွယ်ဝှက်ထားစရာ မလိုတော့ပေ။

“အစ်ကိုကြီးက တကယ်ကြမ်းတာပဲ။”

မဂတ္တမက ချက်ချင်းပြောလိုက်သည်။

“ဂရုထဲမှာ အစ်ကိုကြီး ဒေသခံတွေနဲ့ တွေ့ဖူးတယ်လို့ပြောတာကို ကြားဖူးတယ်။”

“အင်း အရင်တုန်းက ဒေသခံနှစ်ယောက်ပဲရှိခဲ့တာ။ ငါ့မှာ သူဌေးကြီးပေးထားတဲ့ ဒူးလေးရှိတော့ သူတို့ကိုပြန်တိုက်ရတာ အရမ်းလွယ်တယ်။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။

မဂတ္တမက ခေါင်းညိတ်ပြီး ပင်လယ်ငါးကို ယူကာ ကိုင်တွယ်ပြီး ကင်လိုက်သည်။

ဤအချိန်တွင် ရှောင်းယီသည် သင်္ဘောကို အခြားလူတစ်ဦးထံသို့ ငှားရမ်းလိုက်ပြီး ထိုသူသည်လည်း မည်သည့်သံသယမျှမရှိဘဲ သင်္ဘောပေါ်တက်လိုက်၏။ ထို့နောက် လိုအပ်ချက်အတိုင်း ခါးပတ်ပတ်ကာ ကုထောင်ချွေ့ရှန်းဆီသို့ ဦးတည်ထွက်ခွာလာခဲ့လိုက်သည်။

မဂတ္တမသည် ငါးကင်ပြီးနောက် ကုထောင်ချွေ့ရှန်းကို ခေါ်လိုက်၏။

“အစ်ကိုကြီး နည်းနည်းလောက် ထပ်စားပါဦး။”

ကုထောင်ချွေ့ရှန်းသည် မဂတ္တမပေးသော ပင်လယ်ငါး၏ တစ်ဝက်ကိုယူကာ စားနေရင်း အဝေးသို့ လှမ်းကြည့်နေသည်။

“ဒီဒီဒီ!! ကျွန်း၏အုတ်မြစ်ကျောက်ကို တိုက်ခိုက်ခံနေရပါသည်။ အချိန်မီကိုင်တွယ်ပါ။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အကြောင်းကြားချက်တစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

“သွားကိုင်တွယ်လိုက်။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။

“ဟုတ်ကဲ့”

မဂတ္တမသည် သူ့ဘေးရှိ လှံကိုကောက်ယူကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ညွှန်ပြသည့်နေရာသို့ ပြေးသွားလိုက်သည်။

ခဏအကြာတွင် သူ ပြန်ရောက်လာခဲ့ပြီး ရုန်းကန်နေသော ပင်လယ်ငါးတစ်ကောင်ကို လှံနှင့် ထိုးစိုက်လာခဲ့သည်။

“မင်းကို ဒီလောက်ထိ ကျွမ်းကျင်မယ်လို့ ငါမထင်ထားခဲ့ဘူး။”

ကုထောင်ချွေ့ရှန်းသည် မဂတ္တမမှ ပင်လယ်သတ္တဝါ၏ တိုက်ခိုက်မှုကို အလွယ်တကူ ကိုင်တွယ်လိုက်နိုင်ပုံအား မြင်လိုက်ရပြီးနောက် ချီးကျူးလိုက်သည်။

“မဟုတ်ပါဘူး။ ကျုပ်က တစ်လလောက် လေ့ကျင့်ထားတာဆိုတော့ လက်တွေက ကျင့်သားရသွားတာပါ။”

မဂတ္တမက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။

“ဒီပင်လယ်ငါးက စားလို့ရလား။”

ကုထောင်ချွေ့က ပခုံးတွန့်ပြလိုက်၏။

“ငါလည်း မသိဘူး။ အရင်ဘေးမှာချထားလိုက်ဦး။ နောက်မှ သူဌေးကို မေးလိုက်မယ်။”

“ဟုတ်ကဲ့။”

မဂတ္တမသည် ပင်လယ်ငါးကို ဘေးနားရှိ သဲသောင်ပြင်ပေါ်သို့ ပစ်တင်လိုက်သည်။ ထို့နောက် သူ နောက်လှည့်ကြည့်လိုက်သည့်အချိန်တွင် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ထိတ်လန့်ကာ အော်ဟစ်မိလိုက်၏။

“သင်္ဘော....သင်္ဘောကြီးပဲ”

ကုထောင်ချွေ့ရှန်းသည် ချက်ချင်းပင် နောက်သို့လှည့်ကြည့်လိုက်သောအခါ အဝေးတစ်နေရာတွင် သူ၏ကျွန်းဆီသို့ ရွက်လွှင့်လာသော သင်္ဘောကြီးတစ်စီးရှိနေသည်ကို တွေ့လိုက်ရလေသည်။

“သူတို့က အရမ်းမြန်မြန် ရောက်လာတာပဲ။ အဲ့ဒီဒေသခံနှစ်ယောက်က ငါ့တို့ကို တကယ်လှည့်စားသွားပြီ။

ကုထောင်ချွေ့ရှန်းက ကျိန်ဆဲလိုက်၏။

ယခင်က ဒေသခံနှစ်ဦး၏ ဝန်ခံချက်အရ အနည်းဆုံး သုံးလေးရက်အတွင်း ပြန်မလာနိုင်ဟု ဆိုထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း နောက်တစ်ရက်အကြာတွင် သင်္ဘောကြီးတစ်စီး ရောက်ရှိလာခဲ့လေသည်။

ဟုတ်ပါသည်။ သူတို့သည် တူညီသော ဒေသခံမျိုးနွယ်မှ မဟုတ်နိုင်သော်လည်း ကုထောင်ချွေ့ရှန်းသည် အပြစ်အားလုံးကို ထိုဒေသခံနှစ်ဦးပေါ်၌သာ ပုံချလိုက်၏။

“ကျုပ်တို့နှစ်ယောက်တည်းနဲ့ ဒီသင်္ဘောကြီးကို ကိုင်တွယ်ဖို့ခက်ခဲမှာကို စိုးရိမ်မိတယ်။”

မဂတ္တမက စိုးရိမ်တကြီး ပြောလိုက်သည်။

ကုထောင်ချွေ့ရှန်းသည် ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ အပြေးအလွှားသွားပြီး ရှောင်းယီကို အလျင်အမြန် ဆက်သွယ်လိုက်၏။

“သူဌေး ဒီမှာသင်္ဘောကြီးတစ်စီးတွေ့တယ်။ ဒေသခံ‌တွေပဲ ဖြစ်ရမယ်။”

သူက ပြောလိုက်သည်။

“မြန်လှချည်လား။”

ရှောင်းယီက အံ့အားသင့်စွာပြောလိုက်သည်။

“အခု မင်းရဲ့လူတွေပေါ်မှာ စာချုပ်ကတ် သုံးပြီးပြီလား။”

“သုံးပြီးပြီ။”

ကုထောင်ချွေ့ရှန်းက ပြန်ဖြေလိုက်သည်။

ရှောင်းယီ ခေါင်းညိတ်လိုက်ပြီး သူ၏ကျွန်းပေါ်ရှိ သာမန်လေးတစ်ခုနှင့် B အဆင့်လေးတစ်ခုကို တိုက်ရိုက်ငှားရမ်းပေးလိုက်သည်။

ထိုလေးနှစ်ခုကိုမြင်သောအခါ ကုထောင်ချွေ့ရှန်း၏မျက်လုံးများတောက်ပသွားပြီး လဲလှယ်မှုကို ချက်ချင်းသဘောတူလိုက်သည်။

ထို့နောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် သစ်သားမြားများစွာ ပြုလုပ်လိုက်ပြီး မဂတ္တမကို ခေါ်လိုက်၏။

“မဂတ္တမ ဒီကိုလာခဲ့ မင်းဒီ B အဆင့်လေးကို သုံးလိုက်။”

မဂတ္တမသည် သူ့ဆီသို့ အပြေးအလွှားရောက်လာပြီး B အဆင့် လေးကိုကြည့်ကာ အံ့အားသင့်သွားခဲ့သည်။

“ဒါကိုလည်း သူဌေးကြီးပေးတာပဲလား။”

“ဟုတ်တယ်။ သူဌေးကပဲ ငါတို့ကို အကုန်လုံးထောက်ပံ့ပေးနေတာ။ အဲ့ဒါကြောင့် ငါတို့ကလည်း သူဌေးကြီးပေါင်ကို အမိအရ ပွေ့ဖက်ထားရမယ်။”

ကုထောင်ချွေ့ရှန်းက ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့။”

မဂတ္တမသည် စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်ပြီး လေးနှင့်အတူ ကမ်းစပ်သို့သွားကာ သင်္ဘောကြီးရှိရာသို့ မျက်နှာမူလိုက်တော့သည်။

မြားများ ပြုလုပ်ပြီးနောက် ၎င်းတို့ကို ကျောက်တုံး၏အနောက်တွင် ထားလိုက်၏။

မြားများ အလုံအလောက်ပြုလုပ်ပြီးနောက် ကုထောင်ချွေ့ရှန်းသည်လည်း အပြင်သို့ထွက်လာခဲ့ပြီး မဂတ္တမကို ကျောက်တုံးနောက်တွင် ပုန်းနေရန်ပြောလိုက်သည်။

“အစ်ကိုကြီး သူဌေးကြီးယီရန်ပင်းနဲ့ ဘယ်လိုဆက်သွယ်မိခဲ့တာလဲ။”

မဂတ္တမသည် သင်္ဘောကြီးနှင့် အတော်‌လေးဝေးကွာနေသေးသောကြောင့် ကုထောင်ချွေ့ရှန်းကို ကြည့်ကာ မေးလိုက်၏။

“ငါ ဒုတိယပတ်မှာတည်းက သူဌေးကြီးနဲ့ ပူးပေါင်းခဲ့တာ။”

ကုထောင်ချွေ့ရှန်းက ပြန်ဖြေလိုက်သည်။

“အဲဒီတုန်းက ငါက တားမြစ်ချက်နားမှာနေတယ်လို့ပြောတော့ ဘယ်သူမှ မယုံကြည်ခဲ့ကြဘူး။ ငါ့ကို ရယ်စရာလိုတောင် သဘောထားခဲ့ကြတယ်။ ဒါပေမယ့် သူဌေးကြီးက ငါ့ကိုသီးသန့်စာပို့ပြီး ဆက်သွယ်ခဲ့တယ်လေ။”

“သူဌေးကြီးက တကယ်ပဲ ဉာဏ်ပညာနဲ့ ပြည့်စုံပြီး အမြော်အမြင်ရှိတာပဲ။”

မဂတ္တမသည် သူတို့နှစ်ယောက်စလုံးကို လိမ္မာပါးနပ်စွာဖြင့် မျက်နှာချိုးသွေးလိုက်၏။

ကုထောင်ချွေ့ရှန်းက ပြန်ဖြေလိုက်သည်။

“သူဌေးကြီးရဲ့ အသိပညာက သာမန်လူသားတွေနဲ့ လုံးဝခြားနားတယ်။”

သူတို့စကားပြောနေစဉ်အတွင်း သင်္ဘောကြီးသည် သူတို့ကျွန်းနှင့် တဖြည်းဖြည်းချင်း နီးကပ်လာခဲ့ပြီး အရှိန်သည်လည်း နှေးကွေးသွားခဲ့သည်။

ထိုဒေသခံများသည်လည်း သူတို့ကို အလွန်သတိထားနေသည်မှာ ထင်ရှားပေသည်။

“သူတို့ ပစ်ခတ်နိုင်တဲ့အကွာအဝေးထဲကို ရောက်လာရင် တစ်ခါတည်းပစ်လိုက်။”

ကုထောင်ချွေ့ရှန်းက တိုးတိုးလေးပြောလိုက်သည်။

“နည်းနည်းလောက် မအော်တော့ဘူးလား။”

မဂတ္တမက မေးလိုက်သည်။

“သူတို့ပြောတာကို ငါတို့ လုံးဝနားမလည်ဘူး။ ဆိုတော့ ဘာမှပြောစရာမလိုဘူး။”

ကုထောင်ချွေ့ရှန်းက ပြန်ဖြေလိုက်သည်။

မဂတ္တမက ခေါင်းညိတ်ပြီး သစ်သားမြားတစ်ချောင်းကိုယူကာ လေးကြိုးပေါ်သို့ တင်လိုက်၏။

သင်္ဘောသည် ကျွန်းမှ မီတာတစ်ရာခန့်အကွာသို့ ရောက်လာသောအခါ မဂတ္တမသည် လုံးဝတုံ့ဆိုင်းမနေဘဲ သင်္ဘောပေါ်ရှိ လူတစ်ဦးဆီသို့ ပစ်လွှတ်လိုက်တော့သည်။

ဝှစ်ရှ်

သစ်သားမြားသည် သင်္ဘောဆီသို့ အလျင်အမြန်ပျံသန်းသွားသော်လည်း ပစ်မှတ်လူဆီသို့မဟုတ်ဘဲ သင်္ဘောဦးပိုင်းရှိ လက်ရန်းဆီသို့ တည့်တည့်ထိမှန် သွားခဲ့သည်။

ဘန်း

သစ်သားမြားသည် လက်ရန်းကို အပြင်းအထန်ထိုးဖောက်ကာ တစ်ချိန်တည်းမှာပင် သင်္ဘောပေါ်ရှိ ဒေသခံများကို ချက်ချင်းပင် နောက်သို့ဆုတ်ပြီး အော်ဟစ်စေလိုက်သည်။

မဂတ္တမသည်လည်း ထိုလူများ၏အော်ဟစ်သံကိုများကို ကြားလိုက်ရ၏။

“တကယ်ပဲ သူတို့က ငှက်တွေရဲ့ဘာသာစကားနဲ့ ပြောနေကြတာပဲ။ ငါလုံးဝနားမလည်နိုင်ဘူး။”

All Chapters