← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁)

“အစ်ကိုကြွယ်... ဒါ... ဒါက... ”

ဝမ်တန်ကျိတစ်ယောက် အလွန်အမင်း ထိတ်လန့်သွားသဖြင့် ပြောစကားများ ထပ်မံထစ်အကုန်သည်။

“ငါသာ မင်းကို ကြားဖြတ်မပြောခဲ့ရင် မင်းက ဒီလိုမျိုး ‘ဘိဘိ’ မြည်နေတာကို ရပ်မှာမဟုတ်ဘူးမလား”

ဖုန်းပုကြွယ်က မေးလိုက်သည်။

လုံအောင်းမင်က လှည့်ကြည့်လာပြီး “ညီလေးဖုန်း၊ မင်းက ‘အဆဲစကား’ ကို အသံဖျောက်ခံရအောင် ဘယ်လို ပြောလိုက်တာလဲ”

“ရှင်းပါတယ်၊ ကျွန်တော် ကျိန်ဆဲတဲ့ စကားလုံးကိုပြောတဲ့အခါ စော်ကားလိုတဲ့စိတ်နဲ့ ပြောတာမဟုတ်လို့ စနစ်က ကျွန်တော့်ကို မတားတာလေ၊ ဒါပေမဲ့ စကားလုံးက သိပ်မယဉ်ကျေးတော့ အသံဖျောက်ခံလိုက်ရတာပေါ့”

ဖုန်းပုကြွယ်က ရှင်းပြသည်။

“ဒါနဲ့ ပြောရဦးမယ်၊ အခုက အဲ့ဒါတွေကို အချိန်ကုန်ခံ ပြောနေရမယ့်အချိန် မဟုတ်ဘူးမလား”

‘ဖောင်း ဖောင်း... ခလွမ်း...’

မီးသီးများ ပေါက်ကွဲသံနှင့် ဖန်ကွဲသံများ ထွက်ပေါ်လာသည်။ စားသောက်ခန်းအတွင်းရှိ မီးများအားလုံး တစ်ပြိုင်နက် ပေါက်ကွဲသွားပြီး အခန်းတစ်ခုလုံး မှောင်အတိ ကျသွားတော့သည်။

ဖုန်မှုန့်များ မငြိမ်သက်သေးမီ ဖုန်းပုကြွယ်သည် ပစ္စည်းသိုလှောင်အိတ်ထဲမှ လက်နှိပ်ဓာတ်မီးကို ထုတ်ယူလိုက်ပြီးဖြစ်သည်။ သူသည် မီးကိုဖွင့်၍ အပေါ်ဘက်ထိုးလိုက်ပြီး သူ့မျက်နှာကို လင်းထိန်စေလိုက်သည်။

“ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ၊ မီးပိတ်လိုက်ရုံနဲ့ ရတာပဲကို၊ ဘာလို့ ဒီလောက်အထိ အုတ်အော်သောင်းနင်း လုပ်နေရတာလဲ”

ပြောရင်း ရန်လိုမှုမျက်လုံးကို တပ်ဆင်လိုက်သည်။

ရှောင်တန်နှင့် အစ်ကိုလုံတို့သည် အမှောင်ထုထဲတွင် အပေါ်သို့ ထိုးထားသော အလင်းရောင်ကို မြင်လိုက်ရသည်။ သူတို့သည် ဖုန်းပုကြွယ်ကို ကျောပေး၍ သူ့ဘေးနားသို့ ဖြည်းဖြည်းချင်း ဆုတ်ခွာလာကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည်လည်း လက်နှိပ်ဓာတ်မီးများကို ထုတ်ဖွင့်လိုက်ကြပြီး သူတို့ရှေ့ရှိ ဧရိယာများကို အသီးသီး လင်းထိန်စေလိုက်သည်။

အမည် - အမြဲလင်းနေသော မီးအိမ်

ပစ္စည်းအမျိုးအစား - ကိရိယာ

အရည်အသွေး - ပျက်စီးနေသော

လုပ်ဆောင်ချက် - အလင်းရောင်

အထူးအာနိသင် - ဘယ်တော့မှ မငြိမ်းသေခြင်း

ရီရူလီက ထိုမီးအိမ်ကို စားပွဲရှည်ကြီးပေါ် တင်ထားလိုက်သည်။ ပစ္စည်း၏ ဖော်ပြချက်အတိုင်းပင် မီးအိမ်မှာ အမြဲလင်းနေပြီး အလင်းရောင်ရရှိမှု အဝန်းအဝိုင်းမှာ ငါးမီတာပတ်လည် ရှိသည်။

ရီရူယွီကမူ အဝါရောင် မိုင်းတွင်းလုပ်သားဦးထုပ်တစ်လုံးကို ထုတ်ယူလိုက်သည်။ သူမသည် ဦးထုပ်ရှေ့ရှိ မီးလုံးကိုဖွင့်ကာ လက်ထဲတွင် ကိုင်ဆောင်ထားသည်။ ၎င်းကို ဆောင်းထားရသည်မှာ အဆင်မပြေခြင်း သို့မဟုတ် ရုပ်ဆိုးသည်ဟု ခံစားရသောကြောင့် သူမခေါင်းပေါ်တွင် ဆောင်းမထားရခြင်း ဖြစ်နိုင်သည်။

သူတို့အားလုံး သူတို့အသက်ရှူသံကို နှိမ့်ထားကြလိုက်ပြီး တိတ်ဆိတ်မှောင်မိုက်နေသော ပတ်ဝန်းကျင်တွင် အန္တရာယ်တစ်စုံတစ်ရာ ချဉ်းကပ်လာခြင်း ရှိ၊ မရှိကို အသေအချာ နားစွင့်နေကြသည်။

ရုတ်တရက် အပေါ်ဘက်မှ ချွတ်ခနဲ အသံတချို့ ထွက်ပေါ်လာသည်။ လူတိုင်း အပေါ်သို့ မော့ကြည့်လိုက်သောအခါ စားပွဲအပေါ်ဘက်ရှိ ဖန်မီးဆိုင်းကြီးသည် အင်အားတစ်မျိုးကြောင့် စောင်းနေသည်ကို တွေ့လိုက်ရပြီး ၎င်းဦးတည်နေသောသူမှာ... ဖုန်းပုကြွယ် ဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် မီးဆိုင်းအပေါ်ဘက်ရှိ သံမဏိဆိုင်းကြိုးသည် ရုတ်တရက် ပြတ်တောက်သွားပြီး အဝတ်လျှော်စက်တစ်ဝက်ခန့် အရွယ်အစားရှိသော အရာဝတ္ထုကြီးက ဖုန်းပုကြွယ်ထံသို့ တည့်တည့်မတ်မတ် ပြုတ်ကျလာတော့သည်။ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ စားပွဲအောက်သို့ ဝင်ရောက်ပုန်းခိုရန် ဖြစ်သည်။

သို့သော်လည်း တစ်စုံတစ်ယောက်က ဖုန်းပုကြွယ်ထက် ပိုမိုမြန်ဆန်သောတုံ့ပြန်မှုနှင့် လှုပ်ရှားမှုရှိကာ ခြေတစ်လှမ်းမက သာလွန်နေလေသည်။

ရီရူလီသည် သူမခြေထောက်ကို အသာအယာကန်ကာ ကုလားထိုင်ပေါ်သို့ နင်းပြီး လေထဲသို့ ခုန်တက်လိုက်သည်။ သူမ၏ လှုပ်ရှားမှုများသည် ဖျတ်လတ်သော်လည်း အမျိုးသမီးတစ်ဦး၏ ထူးခြားသော နူးညံ့သိမ်မွေ့မှုကိုလည်း ဆုံးရှုံးမသွားစေပေ။ သူမ၏ ဓားသွားက အေးစက်နေသကဲ့သို့ သူမ၏ အကြည့်များသည်လည်း အေးစက်နေ၏။ ဓားသည် လျှပ်စီးကဲ့သို့ မြန်ဆန်စွာထွက်ပေါ်လာပြီး ပြုတ်ကျလာသော မီးဆိုင်းကြီးကို တိတိရိရိထက်ပိုင်း ပိုင်းဖြတ်ပစ်လိုက်သည်။ မီးဆိုင်းအိမ်၏ သံမဏိဘောင်ကြီး ထက်ပိုင်းပြတ်သွားပြီးနောက် ၎င်း၏စွမ်းအားများ ဆုံးရှုံးသွားသကဲ့သို့ ဒေါင်လိုက် ပြုတ်ကျသွားကာ ကြမ်းပြင်ပေါ်တွင် ကြီးမားသောဖန်သားစများ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။

ရီရူလီ မြေပြင်ပေါ်သို့ အသာအယာ ပြန်လည်ဆင်းသက်လာသည်။ သူမသည် လက်တစ်ဖက်ဖြင့် နဖူးပေါ်သို့ ကျနေသော ဆံပင်တစ်မျှင်ကို သပ်လိုက်သည်။ အခြားလက်တစ်ဖက်ကမူ ဓားကို ကိုင်ထားဆဲဖြစ်ပြီး သူမ၏အသက်ရှူသံပင် အနည်းငယ်မျှ မြန်ဆန်မသွားပေ။ သူမကို ကြည့်ရသည်မှာ ရဲရင့်ပြတ်သားကာ သူရဲကောင်းဆန်လှသည်ဟု ဆိုနိုင်ပေသည်။

ရှောင်တန်နှင့် အစ်ကိုလုံတို့မှာ အံ့အားသင့်သွားကြသည်။ မနေ့က ဖုန်းပုကြွယ် အစိမ်းရောင် ဖုတ်ကောင်၏ ဦးခေါင်းကို အရူးအမူးထုရိုက်နေသော မြင်ကွင်းက သူတို့စိတ်ထဲတွင် ချက်ချင်းအဆင့်နိမ့်သွားတော့သည်... ။ သူတို့ရှေ့ရှိ ရက်စက်ကြမ်းကြုတ်သော အမျိုးသမီးဓားသမားသည် ကျွမ်းကျင်မှုနှင့် ပြင်းထန်မှုအပိုင်းတွင် သူ့ထက် ဆယ်ဆမက ပိုမို သာလွန်နေလေသည်...။ သူတို့နှစ်ဦး၏ တိုက်ပွဲဝင်ပုံချင်း နှိုင်းယှဉ်ရသည်မှာ မိုးနဲ့မြေလို ကွာခြားလွန်းလှသဖြင့် ကြည့်ရသည်ပင် အဆင်မပြေလှပေ။

“ကျေးဇူးတင်စရာ မလိုပါဘူး”

ရီရူလီက ဖုန်းပုကြွယ် တစ်ခုခုပြောတော့မည်ကို မြင်လိုက်ရသဖြင့် သူမကပင် အရင်ဦးအောင် ပြောလိုက်သည်။

ဖုန်းပုကြွယ်သည် သူ့ရင်ထဲမှ “ငါ့အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်” ဟူသော စိတ်လှုပ်ရှားဖွယ် စကားလုံးများကို ပြန်လည်မျိုချလိုက်ရသည်။ သူ စိတ်ထဲတွင် ကျိတ်၍ တွေးနေမိသည်မှာ ‘တော်သေးတာပေါ့ ငါအဲ့ဒါကို အပြင်ထုတ်မပြောမိလို့၊ အဲ့ဒါက ဝူရှသိုင်းကားတွေထဲက ငါးကြော်သေးသေးလေးတွေပြောတဲ့ စကားပဲဟာ’

သူချောင်းတစ်ချက် ဟန့်လိုက်ပြီး မေးလိုက်သည်။

“အမ်း... ရူလီ၊ မင်းရဲ့ အဲ့ဒီမီးအိမ်ကို နည်းနည်းလောက် ပိုလင်းအောင် လုပ်လို့ ရမလား”

“မရဘူး”

ရီရူလီက တိုက်ရိုက်ပင် ပြန်ဖြေသည်။

“အင်း... အဲ့ဒါကို ငါ့ကိုတစ်ချက်လောက် ကြည့်ခွင့်ပေးမလား”

ဖုန်းပုကြွယ်က မေးသည်။

“ဘာဖြစ်လို့လဲ”

ရီရူလီက မေးလိုက်သည်။

“ငါ့မှာ ပျက်စီးနေတဲ့အသုံးအဆောင်တွေနဲ့ ကိရိယာတွေကို အချိန်တိုအတွင်း ပြုပြင်ပေးနိုင်တဲ့ ကျွမ်းကျင်မှုတစ်ခု ရှိတယ်”

ဖုန်းပုကြွယ်က ပြောသည်။

“တကယ်လို့ မင်းရဲ့ မီးအိမ်က သာမန်အရည်အသွေးအောက်မှာဆိုရင်...”

သူ စကားမဆုံးမီ ရီရူလီက စားပွဲပေါ်ရှိ မီးအိမ်ကို သူမဓားဖြင့် ဖျတ်လတ်စွာ ကော်ယူလိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း သူ့ထံသို့ ပို့ဆောင်ပေးလိုက်သည်။

“ပျက်စီးနေတယ်”

ရီရူလီသည် လိုရင်းတိုရှင်း ပြောရသည်ကို နှစ်သက်ပြီး ဖုန်းပုကြွယ်ကလည်း သဘာဝကျစွာပင် နားလည်သည်။ သူ မီးအိမ်ကိုယူကာ အလျင်အမြန်ပြုပြင်ခြင်းကို အသုံးပြုလိုက်သော်လည်း စနစ်က “ကျွမ်းကျင်မှု အသက်သွင်းခြင်း မအောင်မြင်ပါ” ဟု ဆိုသည်။ မအောင်မြင်ခြင်းမှာ ပုံမှန်သာဖြစ်သဖြင့် ဖုန်းပုကြွယ်က သိပ်စိတ်ထဲမထားပေ။ သူ၏ လက်မှုပညာကျွမ်းကျင်မှုသည် အဆင့် F သာရှိပြီး ကျွမ်းကျင်မှုကို အောင်မြင်စွာ အသက်သွင်းနိုင်မှုမှာ ၂၀ ရာခိုင်နှုန်းသာ ရှိသည်။ ပြီးခဲ့သည့်တစ်ခေါက် လက်နှိပ်ဓာတ်မီးကို ပြုပြင်စဉ်က ပထမအကြိမ်မှာတင် အောင်မြင်ခဲ့ခြင်းက သူကံကောင်းခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ခေါက်တွင်မူ သူ ထိုမျှ ကံမကောင်းခဲ့ပေ။ သူ နှစ်ကြိမ်တိုင်တိုင် ထပ်မံအသုံးပြုလိုက်ပြီးမှ နောက်ဆုံးတွင် အောင်မြင်သွားတော့သည်။ သက်လုံအမှတ် ၁၀၀ ကုန်ကျမည့် ကျွမ်းကျင်မှုကို အသက်သွင်းရန်အတွက် သက်လုံအမှတ် ၃၀၀ အထိ အသုံးပြုလိုက်ရသည်။ မီးအိမ်သည် သာမန်အရည်အသွေးအဖြစ် ပြန်လည်ပြုပြင်ခံရပြီးနောက် ၎င်းမှာ ရုတ်တရက် လင်းထိန်သွားပြီး စားသောက်ခန်းတစ်ခုလုံးကိုပါ လင်းထိန်သွားစေသည်။

စားသောက်ခန်းမှာ အတော်လေး ကျယ်ဝန်းလှသည်။ တကယ်တမ်းတွင်မူ ၎င်းမှာ သူတို့ ယခုအချိန်အထိ ဖြတ်သန်းခဲ့ရသော အခန်းများထဲတွင် အကြီးမားဆုံး ဖြစ်သည်။ ထိုအချိန်တွင် သူတို့နှင့် အဝေးဆုံးထောင့်စွန်းတစ်နေရာတွင် အရိပ်တစ်ခု သို့မဟုတ် သရဲတစ်ကောင်ကို သူတို့ မြင်လိုက်ရသည်။

၎င်းမှာ သက်လတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ရှေးဟောင်းစတိုင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့အသားအရေက ဖြူဖျော့နေပြီး မျက်လုံးများမှာလည်း ချိုင့်ဝင်နေလေသည်။ သူ၏ မျက်နှာသွင်ပြင်များမှာ ထင်ရှားပြီး နဖူးကျယ်ပြန့်သည်။ သူ၏ မေးရိုးမှာ စတုရန်းပုံစံ ဖြစ်နေပြီး တစ်ခါမြင်ရုံနှင့် မေ့ရန်ခက်ခဲသောသူမျိုး ဖြစ်သည်။

ကျော်ကြားသော ဒဏ္ဍာရီများအရ သရဲတစ်ကောင်၏ ပုံသဏ္ဌာန်သည် ဥပမာ - သူတို့၏ ဝတ်စားဆင်ယင်မှုမှာ သူတို့ အသက်ရှင်စဉ်ကပုံစံမျိုး သို့မဟုတ် သေဆုံးခါနီးကပုံစံမျိုး ဖြစ်လေ့ရှိသည်။ ဤအမျိုးသား၏ ပုံသဏ္ဌာန်အရ သူသည် ရိုဒါရစ်အက်ရှာ ဖြစ်နိုင်ပေသည်။

အစောပိုင်းတွင် ထိုသရဲသည် လက်နှိပ်ဓာတ်မီးပင် မရောက်နိုင်သော ထောင့်စွန်းတစ်နေရာရှိ အမှောင်ရိပ်ထဲတွင် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ မီးအိမ်မှ ထွက်ပေါ်လာသော ရုတ်တရက် အလင်းရောင်ကြောင့် သူပုန်းအောင်းရန် မဖြစ်နိုင်တော့ပေ။

ရိုဒါရစ်သည် အလင်းရောင်ကို ကြောက်ရွံ့နေပုံရသည်။ သူသည် သူ့မျက်လုံးများကို ကွယ်ရန် လက်များကိုအသုံးပြုကာ ကိုယ်ကိုကွေးထားပြီး ဟိန်းဟောက်သံ ပြုလုပ်လိုက်သည်။

ဖုန်းပုကြွယ်သည် မီးအိမ်ကို ကိုင်ထားပြီး မည်သည့်ကြောက်ရွံ့မှုကိုမျှ မပြသပေ။ သူသည် တည်ငြိမ်သော ခြေလှမ်းများဖြင့် ထိုဝိညာဉ်ထံသို့ ချဉ်းကပ်သွားပြီး ယုံကြည်ချက်ရှိသော အသံဖြင့် ပြောလိုက်သည်။

“မစ္စတာအက်ရှာ၊ ကျေးဇူးပြုပြီး ငါတို့ကို ပြောပြပါ၊ ငါတို့ ဒီနေရာကနေ ဘယ်လိုထွက်ရမလဲ”

“အနားကို ထပ်မတိုးနဲ့...”

ရိုဒါရစ်က ပြောသည်။

“မဟုတ်ရင် မင်းက...”

ရိုဒါရစ်၏ အသံသည် အစပိုင်းတွင် နူးညံ့နေပြီး လူတစ်ဦးကို အားနည်းနေသည်ဟုပင် ခံစားရစေသည်။ သို့သော် သူ နောက်ဆုံးစကားလုံးအချို့ဆီသို့ ရောက်သောအခါတွင်မူ သူ့လက်များကို မျက်နှာမှ ဖယ်လိုက်ပြီး ပုံပျက်နေသော မျက်နှာတစ်ခုကို ဖော်ပြလိုက်သည်။ သူသည် ရူးသွပ်နေသော သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။

“... ပေးဆပ်ရလိမ့်မယ်”

ဖုန်းပုကြွယ်သည် သူနှင့် တစ်မီတာအကွာတွင် ရပ်နေသော်လည်း မည်သည့် တုံ့ပြန်မှုမှ မရှိချေ။ သူ့နောက်မှ လူများမှာမူ ရိုဒါရစ်၏ ရုတ်တရက် ပြောင်းလဲမှုကြောင့် အတိုင်းအတာတစ်ခုအထိ တုန်လှုပ်သွားကြသည်။

“မင်း ဘာလုပ်မှာလဲ၊ ငါ့ရဲ့ ခေါင်းနောက်ကို ရိုက်ဖို့ ကုလားထိုင်ကို ထိန်းချုပ်မှာလား”

ဖုန်းပုကြွယ်သည် ဤလူမှာ ထိတွေ့မရသော ဝိညာဉ်တစ်ခုသာ ဖြစ်ကြောင်း သိသည်။ သူသည် သူ့ကို တိုက်ခိုက်ရန်အတွက် အခန်းအတွင်းရှိ အရာဝတ္ထုများကိုသာ ထိန်းချုပ်နိုင်သည်။ ထိုအချိန်မှာပင် ကုလားထိုင်တစ်လုံး လေထဲပျံတက်လာပြီး ဖုန်းပုကြွယ်၏ ကျောဘက်သို့ ပျံဝဲလာတော့သည်။

ယခုတစ်ခေါက်တွင် လုံအောင်းမင်က ပိုမို နီးကပ်စွာ ရှိနေခဲ့သည်။ သူသည် ခြေလှမ်းကျယ်ကြီး တစ်လှမ်း လှမ်းလိုက်ပြီး အာထရွန်၏ အပိုင်းအစဖြင့် ဖုန်းပုကြွယ်အတွက် ထိုတိုက်ခိုက်မှုကို ကာကွယ်ပေးရန် လက်ကို ဆန့်ထုတ်လိုက်သည်။

“ဒီမှာ ငါတို့ငါးယောက် ရှိနေတာကို မင်းက ငါ့ကိုပဲ စိတ်ဝင်စားနေပုံရတယ်နော်”

ဖုန်းပုကြွယ်က ခြိမ်းခြောက်သော လေသံဖြင့် ပြောလိုက်သည်။

“မက်ဒလင်းရဲ့ အလောင်း ဘယ်မှာလဲ၊ မင်းက အဲ့ဒါကို မင်းဘေးနားမှာပဲ ထားထားတာမလား”

“အား”

ရိုဒါရစ်က ဟိန်းဟောက်လိုက်သောအခါ စားပွဲပေါ်ရှိ ပန်းကန်များ၊ ဇွန်းခက်ရင်းများ၊ ဖယောင်းတိုင်ခုံများနှင့် အခြားအရာဝတ္ထုများ လေထဲသို့ ပျံတက်လာကြသည်။

ဖုန်းပုကြွယ်သည် နောက်ထပ် စကားတစ်ခွန်းမှ မပြောတော့ဘဲ သူ့ပစ္စည်းသိုလှောင်အိတ်ထဲမှ နှေးကွေးစေသောသဲကို ထုတ်ကာ ပုလင်းကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ထိုအိုင်တမ်သည် မီတာတစ်ရာအတွင်းရှိ မကောင်းဆိုးဝါးများကို ဆယ်ဆခန့် နှေးကွေးသွားစေနိုင်သော်လည်း ‘အရာဝတ္ထု’များ၏ လှုပ်ရှားမှုကိုမူ ရုပ်ပိုင်းဆိုင်ရာအရ နှေးကွေးသွားစေနိုင်ခြင်း မရှိပေ။ သို့သော်လည်း ရိုဒါရစ် နှေးကွေးသွားပြီးနောက်တွင်မူ အရာဝတ္ထုများကို လေထဲတွင်ပျံဝဲနေစေသော အမည်မသိအင်အားမှာလည်း ထိခိုက်မှုရှိသွားပုံရပြီး လေထဲသို့ ပျံတက်နေသော အရာဝတ္ထုများ ကြမ်းပြင်ပေါ်သို့ ပြန်လည် ပြုတ်ကျသွားတော့သည်။

အကယ်၍ ဥပမာပေးရမည်ဆိုလျှင်... ထိုသရဲများ၏ ‘စိတ်အင်အားဖြင့် အရာဝတ္ထုများကို ရွှေ့ပြောင်းနိုင်စွမ်း’ (Telekinesis) မှာ စက်ဘီးစီးရသကဲ့သို့ပင် ဖြစ်သည်။ အကယ်၍ လှုပ်ရှားမှုက ဆယ်ဆခန့် နှေးကွေးသွားမည်ဆိုပါက ယင်းမှာ နှေးကွေးသွားခြင်းမျိုး မဟုတ်ဘဲ လဲကျသွားခြင်းမျိုးသာ ဖြစ်လိမ့်မည်။

ဖုန်းပုကြွယ်သည် မီးအိမ်ကို မြှောက်လိုက်ပြီး လက်နှိပ်ဓာတ်မီးဖြင့်လည်း ရိုဒါရစ်ထံသို့ တည့်တည့် ထိုးလိုက်သည်။ ရုပ်ခန္ဓာမရှိသော ထိုဝိညာဉ်ကို ရင်ဆိုင်ရာတွင် သူတိုက်ခိုက်နိုင်စွမ်း မရှိသဖြင့် ထိုဝိညာဉ် အလွန်အမင်းကြောက်ရွံ့နေသော အလင်းရောင်ကို အသုံးပြုကာ သူ့အပေါ် သြဇာလွှမ်းမိုးနိုင်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

ရိုဒါရစ်သည် ရှည်လျားအက်ကွဲသော အသံတစ်ခုကို ထုတ်ဖော်လိုက်သည်။ သူသည် အလင်းရောင်ကို ကွယ်ရန်နှင့် ထွက်ပြေးရန်အတွက် လက်ကိုအသုံးပြုရန် ကြိုးစားရင်း အလွန်နှေးကွေးစွာ လှည့်ထွက်သွားသည်။ သို့သော် သူ့လှုပ်ရှားမှုများက အလွန်နှေးကွေးနေသဖြင့် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိပေ။

“ဒီဇာတ်လမ်းရဲ့ ခက်ခဲမှုက အဲ့လောက် မမြင့်ပါဘူး... ငါတို့မှာ အားကောင်းတဲ့ အလင်းရောင်ရှိသရွေ့၊ အခန်းထဲက ထောင်ချောက်တွေကို ရင်ဆိုင်တဲ့အခါမှာ သတိနဲ့ နေသရွေ့၊ ပြီးတော့ ပုံရိပ်ယောင်တွေနောက်ကို ပါမသွားသရွေ့ ငါတို့ရဲ့ အသက်အမှတ်တွေအတွက် စိတ်ပူစရာ မလိုဘူး”

ဖုန်းပုကြွယ်က ပြောသည်။

“ဒါက တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်တာမဟုတ်ဘဲ သတ္တိကို အဓိကစမ်းသပ်တဲ့ ဇာတ်လမ်းမျိုး ဖြစ်ရမယ်”

မီးအိမ်ကို ကိုင်ထားသော သူ့လက်က ရိုဒါရစ်၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားသည်။ အလင်းရောင်က ထိုဝိညာဉ်ကို ပိုမို ကြည်လင်သွားစေသော်လည်း ၎င်းမှာ သူ့ကို သတ်ရန်အတွက်တော့ မလုံလောက်ပေ။

မကြာမီ တစ်မိနစ်ကုန်ဆုံးသွားပြီး ရိုဒါရစ်သည် နံရံအတွင်းသို့ ဆုတ်ခွာသွားတော့သည်။ ဖုန်းပုကြွယ် စိတ်ပျက်လက်ပျက်ဖြင့် ပခုံးတွန့်လိုက်သည်။ သူသည် စားပွဲဆီသို့ ပြန်သွားပြီး မီးအိမ်ကို ချထားလိုက်သည်။

“ငါတို့ရဲ့ အတွေးတွေကို စနစ်တကျ ပြန်စီစဉ်ရအောင်”

ဖုန်းပုကြွယ် သစ်သားကုလားထိုင်တစ်လုံးကို ယူကာ ထိုင်လိုက်သည်။

“အစ်ကိုမရှုံးနိမ့် သေဆုံးပြီးနောက် လွှဲပြောင်းပေးလိုက်တဲ့ ဇာတ်လမ်းပစ္စည်းက ဒီအနီးအနားမှာပဲ ရှိရမယ်၊ ငါတို့ အဲ့ဒါကို အရင်ဆုံး ရှာရမယ်...”

ရီရူယွီက စာကို ထုတ်လိုက်ပြီး ပြောသည်။

“ဒါပဲလေ၊ ဒါပေမဲ့ ပေးထားတဲ့ အချက်အလက်တွေကတော့ အကန့်အသတ် ရှိနေတယ်၊ ကျွန်မတို့ အများဆုံး ကောက်ချက်ချနိုင်တာကတော့... စာရေးတဲ့သူက စိတ်မတည်မငြိမ် ဖြစ်နေပြီး ဖျားနာမှုကြောင့် နှိပ်စက်ခံနေရတယ်၊ သူက သူငယ်ချင်းတစ်ယောက်ကို လာလည်ဖို့ ဖိတ်ခေါ်ထားတယ် ဆိုတာပဲ”

“ငါ အဲ့ဒါကို တစ်ချက်လောက်ကြည့်လို့ ရမလား”

ဖုန်းပုကြွယ်က မေးသည်။

“ရတာပေါ့”

ရီရူယွီက စာကို သူ့ထံ ကမ်းပေးလိုက်ပြီး ထပ်ပြောလိုက်သည်။

“တကယ်လို့ ရှင်က စာလုံးတွေရဲ့ ပထမဆုံးစာကြောင်းတွေ ဒါမှမဟုတ် ရောမအက္ခရာတွေလိုမျိုး လျှို့ဝှက်စကားတွေကို ရှာနေတာဆိုရင်တော့ ဒီစာထဲမှာ ဘာမှမရှိဘူး”

သူမသည် ထိုစာကို အပေါ်ယံမျှသာ ဖတ်ကြည့်ခဲ့ခြင်းဖြစ်သော်လည်း ၎င်းကို အတည်ပြုနိုင်ခဲ့သည်။

ဖုန်းပုကြွယ်သည် စာကို တစ်မိနစ်ခန့် လေ့လာပြီးနောက် ပြောလိုက်သည်။

“ဝတ္ထုကို ဖတ်ဖူးတဲ့ ကစားသမားတွေဆိုရင်တော့ ဒီစာရဲ့ အကြောင်းအရာကနေ ဒါက အက်ရှာအိမ်တော်ဆိုတာကို ခန့်မှန်းနိုင်ကြလိမ့်မယ်၊ ဝတ္ထုကို မဖတ်ဖူးတဲ့ ကစားသမားတွေကတော့ ဒါကနေ အခြေခံ ဇာတ်လမ်းနောက်ခံကို နားလည်နိုင်ကြလိမ့်မယ်”

သူသည် စာကို ရီရူယွီထံ ပြန်ပေးလိုက်သည်။

“ဒီအိုင်တမ်ကို ဇာတ်လမ်းအပြင်ဘက်ကို ယူသွားလို့ မရဘူး၊ ကြည့်ရတာ ဒါက သာမန် ဇာတ်လမ်းပစ္စည်းတစ်ခုပဲ ဖြစ်ရမယ်၊ ဂိမ်းကို ရှေ့ဆက်တိုးဖို့တော့ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး”

ရီရူယွီက ပြောသည်။

“ဒါဆိုရင် အခြေအနေကို အသေးစိတ်ရှင်းပြပေးပါဦး၊ ရှင်က ဒီဇာတ်လမ်းကို ကောင်းကောင်းသိပုံပဲ၊ ပြီးတော့... သရဲက ရှင့်ကိုပဲ သိသိသာသာပစ်မှတ်ထားနေတာ၊ ဒါပေမဲ့ ကျွန်မက ဇာတ်လမ်းပစ္စည်းကို ကိုင်ထားတာတောင် ဘာမှမဖြစ်ဘူး၊ ဒါအတွက် အကြောင်းပြချက်တစ်ခုခုတော့ ရှိရမယ်မလား”

အခန်း (၄၂)

ဖုန်းပုကြွယ်သည် ဝတ္ထု၏ဇာတ်အိမ်ကို အကျဉ်းချုပ်ရှင်းပြပြီးနောက် သူမြေအောက်ခန်းသို့ ရောက်ရှိသွားပုံနှင့် လက်ခံရရှိခဲ့သည့် လျှို့ဝှက်မစ်ရှင်အကြောင်းကိုပါ မျှဝေလိုက်သည်။ ထို့နောက် အဖွဲ့သားများအားလုံးသည် မစ်ရှင်မီနူးတွင် သူ၏မစ်ရှင်ကို မြင်တွေ့နိုင်ကြသော်လည်း ယင်းမှာ သူတို့ မြင်နိုင်သမျှသာ ဖြစ်သည်။ ဖုန်းပုကြွယ်က ယင်းကို အောင်မြင်အောင် ဖြေရှင်းနိုင်ခဲ့လျှင်ပင် သူတစ်ဦးတည်းသာ ဆုလာဘ်ရရှိမည်ဖြစ်သည်။

သူရှင်းပြနေချိန် တစ်ဝက်ခန့်တွင် စားပွဲပေါ်ရှိ မီးအိမ်သည် ကျွမ်းကျင်မှု၏ အချိန်ကန့်သတ်ချက်ကြောင့် ပြန်လည် မှိန်ဖျော့သွားခဲ့သည်။ သို့သော်လည်း ရီရူလီနှင့် ရီရူယွီတို့က သူ့ကို ကြားဖြတ်ခြင်းမပြုဘဲ အသေအချာ နားထောင်နေကြသည်။

ဖုန်းပုကြွယ်သည် သူသိသမျှကို ရှင်းပြပြီးနောက် နိဂုံးချုပ်သည့်လေသံဖြင့် ပြောလိုက်သည်။

“ဒါကြောင့်... ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရဆိုရင် ဒီဇာတ်လမ်းရဲ့ ဇာတ်အိမ်က ဒီလိုဖြစ်ရမယ်၊ ဒီမိသားစုက မျိုးဆက်အလိုက် ဟန်တင်တန်ရောဂါကို ခံစားနေရတာ၊ ပြီးတော့ ဒီအိမ်ကြီးကိုယ်တိုင်ကလည်း ကျိန်စာနဲ့ ဆင်တူတဲ့ သဘာဝလွန်စွမ်းအားတစ်ခု ရှိနေတယ်၊ ညီမဖြစ်သူအပေါ် အစွဲအလမ်းကြီးတဲ့ ရိုဒါရစ်က စိတ်ဝေဒနာခံစားနေရပြီး မက်ဒလင်း အသက်ရှင်နေမှန်းသိရက်နဲ့ အရှင်လတ်လတ် မြှုပ်ခဲ့တာပဲ၊ အဲ့ဒီနောက်မှာတော့ သူက ဒီကိစ္စကြောင့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲတဲ့အထိ နှိပ်စက်ခံခဲ့ရတယ်၊ ဇာတ်လမ်းအဆုံးသတ်တဲ့ညမှာ သူ့ညီမက အိမ်ရဲ့ ထူးဆန်းတဲ့စွမ်းအားကို အသုံးချပြီး အိမ်ကြီးဆီ ပြန်လာခဲ့တယ်၊ သူက သူ့အစ်ကိုကို ကြောက်လန့်ပြီး သေအောင်လုပ်ခဲ့ပြီးနောက်တော့ သူကိုယ်တိုင်လည်း အင်အားကုန်ခမ်းပြီး သေဆုံးသွားခဲ့တာပဲ။

“မက်ဒလင်းရဲ့ ဝိညာဉ်နဲ့ အလောင်းကို ရိုဒါရစ်က အိမ်ထဲက တစ်နေရာရာမှာ ပိတ်လှောင်ထားတာ ဖြစ်ရမယ်၊ ပြီးတော့ ဒီအိမ်ကြီးကိုယ်တိုင်က ငါတို့လို ‘သက်ရှိ သတ္တဝါတွေ’ အပေါ် ရန်လိုနေတာပဲ။

“ဂိမ်းရဲ့ အမြင်ကနေ ကြည့်မယ်ဆိုရင်...

“ပင်မမစ်ရှင်က ဒီအိမ်ရဲ့ ပုံစံ ဒါမှမဟုတ် အားနည်းချက်ကိုရှာပြီး ထွက်ပြေးဖို့ပဲ၊ ရှင်းပါတယ်၊ ငါတို့က ဘေးထွက်တာဝန်ကို မလုပ်ဘဲနေလို့ရတယ်၊ အဲ့ဒါက မြေပုံကို ဘယ်လောက်အထိ အဆုံးစွန် ရှာဖွေနိုင်မလဲဆိုတာကို စမ်းသပ်တာထက် မပိုပါဘူး၊ တကယ်လို့ ငါတို့က အခန်းတွေကို ပိုရှာဖွေမယ်၊ ပိုသေသေချာချာ ရှာမယ်ဆိုရင် ‘သရဲစံအိမ်’ ရဲ့ အစိတ်အပိုင်းခြောက်ခုစလုံးကို ရှာတွေ့ပြီး ဆုလာဘ် ရနိုင်မှာပါ၊ မောင်နှမနှစ်ယောက်ရဲ့ ဝိညာဉ်တွေ ရှိနေတဲ့နေရာကတော့ ဇာတ်လမ်းရဲ့ အဆက်တစ်ခုပဲ၊ အဲ့ဒါက လျှို့ဝှက်မစ်ရှင်အနေနဲ့ ရှိနေတာဆိုတော့ ငါတို့ မလုပ်ဘဲ ထားခဲ့လို့ ရပါတယ်”

သူ့ရှင်းပြချက်ကို ကြားပြီးနောက် ပထမဆုံး စကားပြောလာသူမှာ ရီရူလီ ဖြစ်သည်။

“ရပါတယ်၊ ကျွန်မတို့ ရှင်နဲ့ ပူးပေါင်းပေးနိုင်ပါတယ်”

ဖုန်းပုကြွယ်က အခြေအနေကို ရှင်းပြခဲ့ပြီးဖြစ်သည်။ ဇာတ်လမ်းကို အောင်မြင်အောင် ဖြေရှင်းရန်မှာ မခက်ခဲသလို ဘေးထွက်တာဝန်ကိုလည်း မလုပ်ဘဲနေလို့ရသည်။ လျှို့ဝှက်မစ်ရှင်ကလည်း ထိုမျှ အရေးမကြီးပေ။ သူသည် ရီရူလီနှင့် ရီရူယွီတို့ကို ဘေးထွက်တာဝန်နှင့် လျှို့ဝှက်မစ်ရှင်ကို ကူညီလုပ်ဆောင်ပေးနိုင်မလားဟု မေးရန် ပြင်နေဆဲတွင် သူတို့က သူမမေးမီ ကြိုတင်ဖြေကြားလိုက်ခြင်း ဖြစ်သည်။

“ဒါဆိုရင် ကျေးဇူးတင်ပါတယ်”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

ယခုတစ်ခေါက်တွင် ရီရူလီက ပြန်မဖြေတော့ပေ။ သူမသည် စကားပြောရသည်ကို အမှန်တကယ် မနှစ်သက်သူ ဖြစ်သည်။

ရီရူယွီကမူ ယဉ်ကျေးစွာ ပြန်ဖြေသည်။

“ရပါတယ်၊ ကျွန်မတို့က ဘာပဲဖြစ်ဖြစ် ဘေးထွက်တာဝန်လုပ်ဖို့ ရည်ရွယ်ထားပြီးသားပါ၊ လျှို့ဝှက်မစ်ရှင်ကတော့ သေချာပေါက် မလွယ်လောက်ဘူး၊ ကျွန်မတို့ ရှင့်ကို အစွမ်းကုန် ကူညီပေးပါ့မယ်”

ဖုန်းပုကြွယ်သည် ချက်ချင်းပင် ထရပ်လိုက်ပြီး မေးသည်။

“အခု စောစောက ကြားဖြတ်ခံလိုက်ရတဲ့ မေးခွန်းဆီ ပြန်သွားရအောင်... ဘာဖြစ်လို့ ငါတို့အားလုံးက ဒီနေရာကို တစ်ချိန်တည်း ရောက်လာကြတာလဲ”

ရှောင်တန်က ချက်ချင်းပင် “ဒီအိမ်က ပြောင်းလဲနေတာ မဟုတ်လား၊ ကော်ရစ်ဒါလမ်းတချို့ ပြောင်းလဲသွားပြီး နေရာတွေကို ဆက်သွယ်ပေးလိုက်ရုံနဲ့ ငါတို့ကို ဒီကို သဘာဝကျကျ ခေါ်ဆောင်လာပေးမှာပေါ့” ဟု ပြောသည်။

လုံအောင်းမင်ကမူ “မင်းပြောနေတာက ‘ဘယ်လို’ ရောက်လာတာလဲဆိုတာကို ပြောနေတာလေ၊ ‘ဘာဖြစ်လို့’ ဆိုတာကို မဟုတ်ဘူး” ဟု ဆိုသည်။

ရီရူယွီသည် သူမနှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး ရေရွက်လိုက်သည်။

“ဒီလိုမျိုး ဖြစ်ပေါ်လာအောင် လုပ်နိုင်တဲ့ အချက်နည်းနည်းပဲ ရှိတယ်... အချိန်တစ်ခု ရောက်လာတာ ဖြစ်ဖြစ်၊ အိုင်တမ်တစ်ခု ရသွားတာ ဖြစ်ဖြစ်၊ ဒါမှမဟုတ်...”

ဖုန်းပုကြွယ်က ဆက်ပြောပေးလိုက်သည်။

“မြေပုံရှာဖွေမှုက အရေးကြီးတဲ့အချက်ကို ရောက်ရှိသွားတာမျိုးပေါ့”

“ဘာကို ဆိုလိုတာလဲ”

ရှောင်တန်က မေးသည်။

“မင်း သရဲခြောက်တဲ့ တောင်ပေါ်အိမ်အကြောင်း ကြားဖူးတယ်မလား”

ဖုန်းပုကြွယ်က မေးသည်။

“အဲ့ဒီ ဘုတ်ဂိမ်း (Board game) လား”

“ဟုတ်တယ်၊ အဲ့ဒါပဲ၊ တကယ်လို့ ငါတို့က အထပ်တစ်ခုမှာ မြေပုံတွေကုန်သွားရင် ဘာဖြစ်မလဲ”

ဖုန်းပုကြွယ်က မေးလိုက်သည်။

“ဒါဆိုရင် ဒီအထပ်မှာ...”

ဝမ်တန်ကျိ ပြဿနာကို သဘောပေါက်သွားပုံရသည်။

“မြေပုံအသစ် ရှာတွေ့မှာ မဟုတ်တော့ဘူး”

“ငါတို့ မြင်တွေ့ရသလောက်ဆိုရင် ပထမထပ်ကို ရှာဖွေပြီးသွားလို့ပဲ ဖြစ်ရမယ်၊ တကယ်လို့ ငါတို့က ဆက်ရှာနေမယ်ဆိုရင် စောစောက နေရာကိုပဲ ပြန်ရောက်နေမှာပဲ၊ ဒါကြောင့် ငါတို့အားလုံး အခန်းတစ်ခုတည်းကို တစ်ချိန်တည်းမှာ ရောက်လာကြတာ၊ ဒီစားသောက်ခန်းက မဖွင့်ရသေးတဲ့ နောက်ဆုံးပဟေဠိအပိုင်းအစလေးလိုပဲ”

“ဒါဆိုရင်... ငါတို့ ဒုတိယထပ်ကို တက်သင့်လား”

လုံအောင်းမင်က မေးသည်။ သူက စိုးရိမ်တကြီးဖြင့် ဖုန်းပုကြွယ်ကို သတိပေးလိုက်သည်။

“မရှုံးနိမ့်သော ချန်ပီယံက အဲ့ဒီမှာပဲ အကြောင်းရင်းမသိဘဲ သေသွားတာနော်”

“သရဲစံအိမ်ရဲ့ အပိုင်းသုံးပိုင်းက ပထမထပ်မှာ ရှိတယ်၊ တစ်ပိုင်းက မြေအောက်ခန်းမှာ ဝှက်ထားတယ်၊ ဒါကြောင့် ကျန်တဲ့နှစ်ပိုင်းကတော့ သေချာပေါက် ဒုတိယထပ်မှာ ရှိနေမှာပဲ၊ တကယ်လို့ ငါတို့ ဘေးထွက်တာဝန်လုပ်ချင်တယ်ဆိုရင်တော့ အပေါ်ကို တက်ရမှာပဲ”

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

“ဒါ့အပြင် ငါတို့က ပထမထပ်ရဲ့ နေရာအတော်များများကို ရှာပြီးသွားပြီ၊ ဒါပေမဲ့ ပင်မတာဝန်ကတော့ မပြောင်းသွားသေးဘူး၊ ဒါကြောင့်... ပင်မတာဝန်ပဲဖြစ်ဖြစ်၊ ဘေးထွက်တာဝန်ပဲဖြစ်ဖြစ်၊ လျှို့ဝှက်မစ်ရှင်ဖြစ်ဖြစ် တစ်ခုခုကို အောင်မြင်အောင် လုပ်ဖို့ဆိုရင် ငါတို့ အပေါ်ကို တက်ကိုတက်ရမယ်”

ရီရူယွီက ထပ်လောင်းပြောကြားသည်။

“ဇာတ်လမ်းရဲ့ အဆုံးသတ်အပိုင်း ဖြစ်နေတာမို့ ဒုတိယထပ်ရဲ့ ခက်ခဲမှုက... ဒါမှမဟုတ် အပေါ်ထပ်က ကျိန်စာစွမ်းအားက ဒီထက် ပိုမြင့်နေမှာ သေချာတယ်၊ ဒုတိယထပ်က ထောင်ချောက်တွေက ပိုအန္တရာယ်များလိမ့်မယ်၊ ပြီးတော့ ပုံရိပ်ယောင်တွေနဲ့ ကြောက်စရာကောင်းတဲ့ အရာတွေ ပိုများလာလိမ့်မယ်၊ အဲ့ဒါကြောင့်လည်း မရှုံးနိမ့်သော ချန်ပီယံ သေသွားတာ ဖြစ်ရမယ်”

ရှောင်တန်က ထိုစကားကို ကြားသောအခါ ဖုန်းပုကြွယ်ဘက် လှည့်လာသည်။

“အစ်ကိုပုကြွယ်၊ အဲ့ဒါကို နားထောင်ကြည့်ဦး၊ လူစုခွဲလိုက်လို့ လူတစ်ယောက် သေသွားပြီလေ”

“အစ်ကိုမရှုံးနိမ့် သေသွားတာက သူမသန်မာလို့ပဲ”

ပြောရင်း ဖုန်းပုကြွယ် မျက်နှာလွှဲလိုက်ပြီး “ဒီနေ့ လေက အရမ်းတိုက်တာပဲ” ဟူသော အမူအရာမျိုး လုပ်လိုက်သည်။

...

ဆယ်မိနစ်ခန့်ကြာပြီးနောက် ငါးယောက်သား ကော်ရစ်ဒါအချို့ကို ဖြတ်သန်းသွားပြီး ဒုတိယထပ်သို့ ဦးတည်သော လှေကားတစ်စင်းကို ရှာတွေ့ခဲ့ကြသည်။

သစ်သားလှေကားတွင် မှိုနံ့များ ထွက်ပေါ်နေခဲ့သည်။ ယင်းကို နင်းလိုက်သောအခါ တကျွိကျွိဖြင့် ဆူညံစွာ လှုပ်ခါနေတော့သည်။ ရှောင်တန်မှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် ဆွေးမြည့်နေသော လှေကားလက်ရန်းကို မတော်တဆချိုးမိသွားကာ သူ့ကိုယ်သူ ပြန်လန့်သွားရသည်။

သူတို့ ဒုတိယထပ်သို့ ရောက်လာသောအခါ လုံအောင်းမင်က ထုံးစံအတိုင်း ရှေ့ဆုံးမှ ဦးဆောင်လိုက်သည်။ သူ၏ အဖွဲ့ကို ကာကွယ်သူဟူသော ဘွဲ့အသစ်က သူ့ကို အလားတူအမည်ရှိသော ပင်ကိုယ်ကျွမ်းကျင်မှုတစ်ခုကို ပေးထား၏။ သူ့နားတွင် အဖွဲ့သားအသစ်တစ်ဦး ရှိနေတိုင်း သူ၏ ခုခံနိုင်စွမ်းသည် ၁၀ ရာခိုင်နှုန်း တိုးတက်လာမည် ဖြစ်သည်။ သည်းထိတ်ရင်ဖို သုခဘုံတွင် တိုက်ခိုက်မှု၊ ခုခံမှုနှင့် အသက်အမှတ်များကို ပြသထားခြင်း မရှိသော်လည်း ထိုကဲ့သို့သော အကျိုးသက်ရောက်မှုများ၏ တွက်ချက်မှုကို ထိခိုက်မှု မရှိပေ။ လိုရင်းပြောရလျှင် အစ်ကိုလုံ၏ ခုခံနိုင်စွမ်းသည် တစ်ဦးတည်း ရှိနေစဉ်ကထက် ၄၀ ရာခိုင်နှုန်းခန့် ပိုမို သန်မာလာခြင်း ဖြစ်သည်။ အကယ်၍ သူသည် ထိုသန်မာသော သွေးအလောင်းကောင်နှင့် ထပ်မံ ရင်ဆိုင်ရပါက တစ်ချက်တည်းနှင့် လွင့်ထွက်သွားတော့မည် မဟုတ်ပေ။

ဖုန်းပုကြွယ်နှင့် ဝမ်တန်ကျိတို့က လုံအောင်းမင်၏ နောက်မှ လိုက်လာကြပြီး သူတို့နောက်တွင်မူ ရီရူယွီနှင့် ရီရူလီတို့ လိုက်ပါလာကြသည်။

အချိန်ခဏမျှ လမ်းလျှောက်ပြီးနောက် ရီရူယွီသည် ဝမ်တန်ကျိပုခုံးကို ရုတ်တရက် ပုတ်လိုက်သည်။ သူမလုပ်ရပ်ကြောင့် ဝမ်တန်ကျိမျက်နှာမှာ ဖြူဖျော့သွားသော်လည်း တော်သေးသည်မှာ သူ မအော်ဟစ်မိခြင်းပင်။

“ဟေး ဟေး... အစ်ကိုရှောင်တန်”

“ဟုတ်ကဲ့”

“ကျွန်မ ရှင်နဲ့ တစ်ခုလောက်ဆွေးနွေးချင်လို့၊ အိုင်တမ်ချင်း လဲရအောင်”

ဝမ်တန်ကျိက မေးသည်။

“ဘယ်ဟာနဲ့လဲ”

“ဟ... ရှင့်မှာ ဘာတွေ ရှိလို့လဲ”

ရီရူယွီက ပြုံးလျက် မေးလိုက်သည်။

ရှောင်တန်သည် ရှေ့သို့ လမ်းနေရင်း သူ၏ သိုလှောင်အိတ်ထဲက ပစ္စည်းများကို စာရင်းပြုစု၍ ပြောပြနေတော့သည်။

“အမ်... ငါ့မှာ အနောက်တိုင်း မီးဖိုချောင်သုံး ဓားတစ်လက် ရှိတယ်၊ ဘေ့စ်ဘောတုတ်တစ်ချောင်း ရှိတယ်၊ ပြီးတော့ နှေးကွေးစေတဲ့...”

သူ့ရှေ့တွင် လမ်းလျှောက်နေသော ဖုန်းပုကြွယ်မှာမူ မျက်နှာကို လက်နှင့်အုပ်ကာ ခေါင်းခါယမ်းလိုက်ပြီး စိတ်ထဲ သက်ပြင်းချလိုက်သည်။ ဒီငတုံးတော့...။

ရီရူယွီသည် ရှောင်တန်ကြောင့် ကြည့်ကာ တခစ်ခစ်ရယ်လိုက်သည်။ သူမ ရယ်ချင်စိတ်ကို ထိန်းရင်း သူ့ကို အမြန်ကြားဖြတ်ပြောလိုက်သည်။

“ရပါပြီ ရပါပြီရှင်၊ ရှင်က တကယ်ကြီး အကုန်လုံးကို ပြောပြနေတာလား”

ဝမ်တန်ကျိ လန့်သွားသည်။

“ဟင်… ဟုတ်တယ်လေ၊ မင်းက ငါနဲ့ လဲချင်တယ်ဆို၊ ငါက ဘာလို့ အကုန်ပြောမပြရမှာလဲ”

အဖွဲ့ကို ဦးဆောင်နေသော လုံအောင်းမင်ပင်လျှင် မျက်လုံးပြူးသွားပြီး နူးညံ့စွာ ပြောလိုက်သည်။

“ဒီကလေးကတော့ တကယ့်ပါရမီရှင်ပဲ...”

“ကလေးကို အနိုင်မကျင့်ပါနဲ့”

ရီရူလီက နောက်ဘက်မှ အေးစက်စွာ ပြောလိုက်သည်။

ရီရူယွီက လျှာလေးထုတ်ပြကာ ရှောင်တန်ကို ပြောသည်။

“တောင်းပန်ပါတယ်၊ ကျွန်မက နောက်လိုက်တာပါ၊ ရှင်က တကယ်ကြီး အပြင်ထုတ်ပြောလိမ့်မယ်လို့ ကျွန်မမထင်ထားဘူးလေ”

ဝမ်တန်ကျိသည် စောစောက ရီရူလီ၏ စကားကို ပြန်လည်တုံ့ပြန်နေဆဲဖြစ်သည်။

“ငါဒီနှစ်ဆို ၂၄ နှစ် ရှိပြီနော်”

ဖုန်းပုကြွယ်သည် နောက်ဆုံးတွင် ဆက်လက်အောင့်ထားနိုင်ခြင်း မရှိတော့ပေ။ သူလှည့်ကြည့်ကာ ရှောင်တန်ကို စိုက်ကြည့်လိုက်သည်။

“မကြာသေးခင်ကမှ မင်းရဲ့ EQတွေ တိုးတက်လာတာ ငါသတိထားမိတယ်”

“ဟင်”

ရှောင်တန် ဇဝေဇဝါ ဖြစ်သွားသည်။

ရီရူယွီက သူ့အင်္ကျီလက်ကို ထပ်မံ ဆွဲလိုက်ပြန်သည်။

“ရပါပြီ၊ ကျွန်မအတည်ပြောနေတာပါ”

သူမသည် မိုင်းတွင်းလုပ်သားဦးထုပ်ကို သူ့ထံကမ်းပေးလိုက်ပြီး “ကျွန်မ ဒါကို ရှင့်ရဲ့ လက်နှိပ်ဓာတ်မီးနဲ့ လဲချင်လို့”

ရှောင်တန် ပစ္စည်းဖော်ပြချက်ကို ကြည့်လိုက်သည်။ ၎င်းမှာ အကာအကွယ်ပစ္စည်း တစ်ခုဖြစ်ပြီး အလင်းရောင်ပေးနိုင်သည့် အာနိသင်လည်း ရှိသည်။

ပစ္စည်းအမည် - မိုင်းတွင်းလုပ်သားဦးထုပ်

ပစ္စည်းအမျိုးအစား - ချပ်ဝတ်

အရည်အသွေး - သာမန်

ခုခံနိုင်စွမ်း - အလယ်အလတ်

ဓာတ်သဘာဝ - မရှိ

အထူးအာနိသင် - အလင်းရောင်ပေးနိုင်စွမ်း ရှိသည်။ ဘက်ထရီ အသုံးပြုသည်။

တပ်ဆင်ရန် လိုအပ်ချက် - အထွေထွေစွမ်းရည် F သို့မဟုတ် လက်မှုပညာ F

မှတ်ချက် - ဘေးကင်းပြီး စိတ်ချရသော ချပ်ဝတ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဦးထုပ်ရှေ့က မီးလုံးက အလွန်အသုံးဝင်သည်။

“ဘယ်လိုထင်လဲ၊ ရှင့်ခေါင်းမှာ ဘာအကာအကွယ်မှ မပါတာ ကျွန်မတွေ့မိလို့ပါ၊ ဒါကို ရှင့်ရဲ့ လက်နှိပ်ဓာတ်မီးနဲ့ လဲတာက တရားမျှတတဲ့ လဲလှယ်မှုပဲမလား”

ရီရူယွီက ပြောသည်။

ရှောင်တန်က ၎င်းကို ကြည့်လိုက်သည်။

“ဒါပေမဲ့ မင်းက ပိုရှုံးနေသလို မဖြစ်ဘူးလား”

“အဝါရောင်က ကျွန်မနဲ့ မလိုက်ဘူးလေ၊ ပြီးတော့ မိန်းကလေးတစ်ယောက်ရဲ့ ခေါင်းမှာ ဒါကြီး ဆောင်းထားတာက ကြည့်ရတာ တစ်မျိုးကြီးပဲ”

သူမက ကောက်ကျစ်စွာ ပြုံးလိုက်သည်။

“ရှင်နဲ့ဆိုရင်တော့ လိုက်ဖက်မယ်လို့ ထင်ပါတယ်”

“ရပါတယ်၊ ငါ့မှာ ခေါင်းအတွက် အကာအကွယ်ပါပါတယ်”

ရှောင်တန်ပြန်ဖြေရင်း သူအိတ်ထဲမှ လက်နှိပ်ဓာတ်မီး အသစ်တစ်လုံးကို ထုတ်လိုက်သည်။ (ဈေးဝယ်စင်တာတွင်ရှိစဉ်က ဖုန်းပုကြွယ်သည် လူတိုင်းကို လက်နှိပ်ဓာတ်မီးနှစ်လုံးစီ ယူရန် အကြံပြုခဲ့သော်လည်း ရှောင်တန်ကမူ အားလုံးကို သူ့အိတ်ထဲတွင်သာ ထည့်ထားခဲ့ခြင်း ဖြစ်သည်)။ သူက ဓာတ်မီးကို ရီရူယွီထံ ကမ်းပေးလိုက်ပြီး ပြောသည်။

“ငါ့မှာ လက်နှိပ်ဓာတ်မီးနှစ်လက်ရှိတယ်၊ မင်းကို တစ်လက်ပေးမယ်”

ရီရူယွီက သူမ၏ကြီးမားလှသော မျက်လုံးအစုံကို တဖျတ်ဖျတ်ခတ်လိုက်ပြီး ရှောင်တန်၏ မျက်နှာကို သုံးစက္ကန့်မှ ငါးစက္ကန့်ခန့်အထိ စိုက်ကြည့်နေမိသည်။

“ဟေး၊ ရှင် ကျွန်မကို မပြောဘဲနေရင် အသုံးအဆောင်ပစ္စည်းတစ်ခုကို အလကားရမှာလေ”

“မင်းခေါင်းပေါ်မှာဆိုရင် ကြည့်ရတာ ရယ်စရာကြီး ဖြစ်နေမှာပေါ့၊ မင်းပဲ သိမ်းထားလိုက်ပါ”

ရှောင်တန်က ပြုံးကာ ပြန်ဖြေသည်။

ထိုစကားကို ကြားသောအခါ ရီရူယွီသည် ‘ရိုးသားလွန်းတဲ့သူတွေက တကယ်တမ်းကျတော့ အကွက်စေ့တတ်တယ်’ ဟူသော စကား၏ အဓိပ္ပာယ်ကို ရုတ်တရက် နားလည်သွားတော့သည်။

သူမသည် လက်နှိပ်ဓာတ်မီးကို လက်ခံလိုက်ပြီး မိုင်းတွင်းလုပ်သားဦးထုပ်ကို သူမ၏အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ ရှုပ်ထွေးနေသော စိတ်ခံစားမှုများနှင့်အတူ သူမ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

သူမမျက်နှာတွင်မူ မည်သည့် ပျော်ရွှင်မှုကိုမျှ မတွေ့ရပေ။

“ဒါ နင်နဲ့ ထိုက်တန်ပါတယ်”

ရီရူလီက အချိန်ကိုက်ပင် ကြားဖြတ်ပြောလိုက်သည်။

“တစ်ခုခုတော့ မှားနေပြီ...”

လုံအောင်းမင်က ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် မူမမှန်မှုကို သတိပြုမိသွားခြင်း ဖြစ်သည်။

“ငါတို့ အခုပဲ ဒီနေရာကို ဖြတ်လာခဲ့တာ မဟုတ်ဘူးလား”

“ငါတို့အပေါ်ကို ရောက်လာပြီးကတည်းက ဒီလိုမျိုး စင်္ကြံလမ်းထဲမှာပဲ ရှိနေခဲ့တာ”

ဖုန်းပုကြွယ်က ဆက်ပြောသည်။

“အဲ့ဒီနောက်မှာ ငါတို့ ဘယ်ဘက်ကို တစ်ခါကွေ့တယ်၊ ညာဘက်ကို နှစ်ခါကွေ့တယ်၊ ကွေ့ပြီးတိုင်း ဖြောင့်နေတဲ့ လမ်းကြောင်းတွေက မတူကြဘူး၊ ဒါပေမဲ့ ငါတို့က တစ်ပတ်ပြန်လည်နေတာမျိုး မဟုတ်ဘူးဆိုတာတော့ ရှင်းတယ်...”

“ငါတို့ စိတ်လှည့်စားခံနေရတာလား၊ ဒါမှမဟုတ်...”

လုံအောင်းမင်က စကားကို ခေတ္တရပ်လိုက်သည်။ သူသည် ဖုန်းပုကြွယ်၏ ထင်မြင်ချက်ကို ကြားချင်နေခြင်း ဖြစ်သည်။

“ဒါက စိတ်လှည့်စားတာ ဖြစ်ရမယ်”

အဖွဲ့နောက်ဘက်မှ ရီရူလီက ဝင်ထောက်ခံလိုက်သည်။ ထိုအချိန်တွင် သူမသည် မှန်ရှည်ကြီး တစ်ချပ်ရှေ့တွင် ရပ်နေခြင်းဖြစ်သည်။ သူမသည် မှန်ထဲတွင် သူမကိုယ်သူမ ပြန်ကြည့်လိုက်သည်။ သူမ၏ ခြေဆုံးခေါင်းဆုံးမှာ ပုံမှန်အတိုင်းပင် ရှိနေသေးသည်။ သူမ၏ အဝတ်အစားများနှင့် အသုံးအဆောင်များမှာလည်း ပြောင်းလဲသွားခြင်း မရှိပေ။ သို့သော် သူမဝမ်းဗိုက်ထဲမှ အူများမှာတော့ အပြင်သို့ ပြူထွက်နေလေသည်။

နောက်တစ်စက္ကန့်တွင် စင်္ကြံလမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် မှန်များဖြင့် ပြည့်နှက်သွားတော့သည်။ ထိုပြောင်းလဲမှုက ရုတ်တရက် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မည်သည့် ဟင်းလင်းပြင်ပုံပျက်မှုလက္ခဏာမှ မရှိပေ။

ဖုန်းပုကြွယ်သည်လည်း လှည့်ကြည့်လိုက်ပြီး သူ့အနားတွင် အနီးဆုံးရှိနေသော မှန်တစ်ချပ်ကို ရွေးချယ်လိုက်သည်။ သူက ယင်းကို ကြည့်ရင်း ပြောလိုက်သည်။

“မဆိုးပါဘူး၊ ဒါက MRI ရိုက်တာထက်တောင် ပိုရှင်းနေသေးတယ်”

သူသည် ပိုမို အသေးစိတ်ကျကျ ကြည့်ရှုရန်အတွက် အနားသို့ ခြေလှမ်းအနည်းငယ် ထပ်တိုးလိုက်သည်။

“အိုး... အူတွေထဲကနေတောင် စင်္ကြံလမ်းရဲ့ အသေးစိတ်အချက်အလက်တွေကို မြင်နေရတာပဲ၊ ဒါက အရမ်းစိတ်ဝင်စားစရာ ကောင်းတာပဲ...”

All Chapters