အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အပိုင်း (၄၃)
“ညီလေးဖုန်း... မင်းက အရမ်းတည်ငြိမ်လွန်းနေတာမဟုတ်လား...”
လုံအောင်းမင်ပင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားနေရသည်။
သို့သော် ရှောင်တန်ကမူ ယခုတစ်ခေါက်တွင် ပို၍ တည်ငြိမ်နေလေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကိုယ်တွင်းအင်္ဂါများကို ထိုမျှ မကြောက်သောကြောင့် ဖြစ်သည်။
ရီရူယွီကမူ ထူးထူးခြားခြား တုံ့ပြန်မှုမရှိပေ။ သူမသည် ရွံစရာကောင်းသည်ဟု ခံစားရသဖြင့် မျက်မှောင် အနည်းငယ်သာ ကြုတ်လိုက်သည်။ တစ်ဖက်တွင်မူ ရီရူလီသည် ဖုန်းပုကြွယ်ကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်သည်။
“အစ်ကိုမရှုံးနိမ့်က ဒုတိယထပ်မှာ ဒီလိုအခြေအနေမျိုးနဲ့ ကြုံခဲ့ရတယ်လို့ပဲ ယူဆကြည့်ရအောင်”
ဖုန်းပုကြွယ်က ပြောသည်။
“သူက တစ်ယောက်တည်း ရှိနေတာ၊ ပြီးတော့ ဒီစင်္ကြံလမ်းတွေပဲ ထပ်ခါတလဲလဲ ဖြစ်နေမယ်၊ မှန်ထဲက ပုံရိပ်ကလည်း သူက သူ့ရဲ့ ကိုယ်ပိုင်အူတွေထဲမှာ ပိတ်မိနေတယ်လို့ ပြနေမယ်... ဒါဆိုရင် သူ ဘာဖြစ်သွားနိုင်မလဲ”
“ပြေးမှာပေါ့”
ရီရူလီ၏ အဖြေသည် အမြဲတမ်းလိုလို လိုရင်းတိုရှင်းနှင့် တိုက်ရိုက်ကျပေသည်။ သူမ၏ စကားလုံးများသည် ရွှေထက်ပင် တန်ဖိုးကြီးလှသည်။
“ဟုတ်တယ်”
ဖုန်းပုကြွယ် ခေါင်းညိတ်သည်။
“ဒါကြောင့် ငါတို့ ပြေးလို့ မရဘူး၊ တကယ်တော့ ငါတို့က ပိုတောင်နှေးနှေးသွားရဦးမယ်”
“သူက ထိတ်လန့်တကြားပြေးရင်း သေသွားတာလား”
လုံအောင်းမင်က ယင်းကို စဉ်းစားကြည့်ပြီး ပြော၏။
“ဒါဆိုရင်... ဒီလို ထပ်ခါထပ်ခါဖြစ်နေတဲ့ စင်္ကြံလမ်းမှာ ထောင်ချောက်တစ်ခုခု ရှိနေလို့လား၊ ဒါမှမဟုတ် လေထဲမှာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ သံကြိုးတွေ ချိတ်ထားတာလား”
ရှောင်တန်က ဝင်ပြောသည်။
“ငါတို့က ဒီစင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့တာပဲ၊ ဘာလို့ ဘာထောင်ချောက်မှ မတွေ့ရတာလဲ ဒါမှမဟုတ်...”
“စောစောက ဒီနေရာမှာ မှန်ရှိလို့လား”
ဖုန်းပုကြွယ်က ကြားဖြတ်မေးလိုက်သည်။
“ပတ်ဝန်းကျင်က အချိန်မရွေးပြောင်းလဲနိုင်တာဆိုတော့ အဲ့ဒါက အဓိပ္ပာယ်မရှိပါဘူး”
သူက နံရံကို လက်ဖြင့် ပုတ်ကြည့်လိုက်သည်။
“နံရံပဲ၊ ဒါက နံရံလို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ တံခါးတစ်ချပ်ဖြစ်နိုင်တယ်၊ ပြတင်းပေါက် ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ဘာမှမရှိတာလည်း ဖြစ်နိုင်တယ်”
သူ သူ့ကျောပိုးအိတ်ထဲမှ ဘေ့စ်ဘောတုတ်ကို ထုတ်ယူလိုက်သည်။
“အခုကစပြီး ငါတို့ ‘မြင်ရတဲ့’ ပတ်ဝန်းကျင်ကို ကိုးကားချက်အနေနဲ့ အသုံးမပြုတော့ဘူး”
ဖုန်းပုကြွယ်က လုံအောင်းမင်ရှေ့တွင် သွားရပ်လိုက်သည်။
“ငါ မျက်လုံးမှိတ်ပြီး လမ်းပြပေးမယ်”
သူသည် ဘေ့စ်ဘောတုတ်ကို လမ်းပြတုတ်ကဲ့သို့ အသုံးပြုကာ ရှေ့သို့ ချိန်ရွယ်ထားလိုက်သည်။
“မင်းတို့ မျက်လုံးမှိတ်စရာ မလိုပါဘူး၊ ငါ့နောက်ကနေပဲ လိုက်ခဲ့ကြ”
“ငါက နံရံကို တိုက်တော့မလို ဒါမှမဟုတ် လေကို နင်းမိတော့မလို ဘယ်လိုပဲ ‘မြင်ရမြင်ရ’ ငါ့ကို သတိပေးစရာ မလိုဘူး၊ ငါ့နောက်ကသာ လိုက်ခဲ့ပါ”
သူက ခေတ္တစဉ်းစားပြီး ထပ်ပြောလိုက်သည်။
“ငါအာရုံစိုက်ပြီး တတ်နိုင်သမျှ မြန်မြန်သွားဖို့ ကြိုးစားမယ်၊ ဒါကြောင့် လမ်းကြောင်းမှတ်တာကိုတော့ မင်းတို့ဆီ လွှဲထားမယ်၊ လမ်းကြောင်းတစ်ခုလုံးကို မှတ်နေစရာမလိုဘူး၊ ပထမဆုံး ကွေ့တဲ့ နှစ်ခါရဲ့ ဦးတည်ချက်ကိုပဲ မှတ်ထားပေး၊ တကယ်လို့ ငါက တတိယအကြိမ်မြောက်မှာလည်း အဲ့ဒီဦးတည်ချက်အတိုင်းပဲ ထပ်ကွေ့မယ်ဆိုရင်တော့ ငါ့ကို တားလို့ရတယ်”
“ကျွန်မပြောရဦးမယ်... အစ်ကိုကြွယ်၊ ရှင့်ရဲ့ တကယ့်အလုပ်အကိုင်က ဘာလဲ”
ရီရူယွီသည် လုံအောင်းမင် ယခင်က မေးခဲ့ဖူးသည့် မေးခွန်းကိုပင် ထပ်မမေးဘဲ မနေနိုင်တော့ပေ။
“စာပေလောကရဲ့ ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးပေါ့”
ဖုန်းပုကြွယ်က အရှက်မရှိ ပြန်ဖြေလိုက်သည်။
ရီရူလီ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သံသယရှိသော လေသံဖြင့် မေးလိုက်သည်။
“ဝတ္ထုရေးဆရာလား”
“ဝိုး... သူရဲကောင်းမလေး၊ မင်းက တကယ်တော်တာပဲ၊ အဲ့ဒါကိုတောင် ခန့်မှန်းမိတယ်နော်”
ရှောင်တန်က ပြောသည်။
ဖုန်းပုကြွယ်သည်လည်း စိတ်ရှုပ်ထွေးသွားသည်။ သူ စိတ်ထဲတွင် ကျိတ်တွေးနေမိသည်မှာ ‘သူက ငါ့ကို ဘယ်နှစ်ခါတောင် ထိုးဖောက်မြင်နေတာလဲ... ဘာတွေ ဖြစ်နေတာလဲ’
“အာ… ဒါဆို ရှင်က ဆယ်လီတစ်ယောက်ပေါ့”
ရီရူယွီက မေးသည်။
“အဆင့် B ဒါမှမဟုတ် အဆင့် C သရုပ်ဆောင်တစ်ယောက်လောက်တော့ နာမည်မကြီးပါဘူး”
ဖုန်းပုကြွယ်က တဲ့တိုးပင် ပြောလိုက်သည်။
ရီရူယွီ လန့်သွားသည်။ သူမသည် ချက်ချင်းမီနူးကိုဖွင့်ကာ အဖွဲ့ဝင်စာရင်းရှိ ကစားသမား ID ကို ကြည့်ပြီး တွေးလိုက်မိသည်။
‘ဖုန်းပုကြွယ်... ဖုန်းပုကြွယ်... မဖြစ်နိုင်တာ၊ သူက အဲ့ဒီ ‘ပုကြွယ်’ လား၊ သူက ကလောင်နာမည်ရော အွန်လိုင်းနာမည်ရောကို ပုကြွယ်လို့ ပေးထားတာလား’
“ဝမ်းကွဲ... သူကလေ...”
ရီရူယွီ လှည့်ကြည့်လိုက်ပြီး ရီရူလီကို တစ်ခုခု ခပ်တိုးတိုးပြောရန် ပြင်လိုက်သည်။
“ငါ သိတယ်”
ရီရူလီက သူမကို ကြားဖြတ်ပြောလိုက်ပြီးနောက် အသံကိုမြှင့်ကာ ပြောလိုက်သည်။
“အခုက စကားပြောနေရမယ့် အချိန်မဟုတ်ဘူး၊ လမ်းပြပါတော့၊ စာပေလောကရဲ့ ကြီးကျယ်တဲ့ပုဂ္ဂိုလ်ကြီး”
ဖုန်းပုကြွယ်မှာမူ ဘာမှသတိမထားမိပေ။ သူ ပခုံးတွန့်လိုက်ပြီး လှည့်ထွက်လာခဲ့သည်။ သူသည် မျက်လုံးမှိတ်ကာ ဘေ့စ်ဘောတုတ်ကို ရှေ့သို့ ဆန့်ထုတ်ပြီး စတင်လှုပ်ရှားတော့သည်။ သူသည် ကိုယ်ကို ကိုင်းထားရသည်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။ ဘေ့စ်ဘောတုတ်သည် စင်တီမီတာ တစ်ရာခန့် ရှည်လျား၏။ တုတ်၏ အရှည်မှာ ပုံမှန်အားဖြင့် အသုံးပြုသူ၏ ရင်ဘတ်အထိ ရောက်နိုင်သော်လည်း ယခုမူ တုတ်မှာ ခါးအထက်ကိုသာ ကျော်လွန်ပေသည်။
သူတို့ ငါးယောက်၏ ရှေ့တိုးနှုန်းက ယခင်ကထက် အနည်းငယ် နှေးကွေးသွားသော်လည်း မျက်မမြင်တစ်ဦးအတွက်မူ ယင်းမှာ မြန်ဆန်သည်ဟုပင် ဆိုနိုင်သည်။
ပထမဆုံးကွေ့သော နေရာသို့ ရောက်သည့်တိုင် အရာအားလုံးမှာ ပုံမှန်အတိုင်းပင် ဖြစ်သည်။ စင်္ကြံလမ်းအဆုံးက နံရံသည် အစစ်အမှန် ဖြစ်သည်။ ဖုန်းပုကြွယ်သည် နံရံကို စမ်းကြည့်ပြီး ဘယ်ဘက်သို့ ကွေ့လိုက်သည်။ ထူးဆန်းသည်မှာ သူကွေ့လိုက်ပြီးနောက်တွင် သူသည် ဘယ်ဘက် စင်္ကြံလမ်းသို့ တည့်တည့်ရောက်မသွားဘဲ အနည်းငယ် စောင်းနေခြင်းပင်။ မျက်လုံးဖွင့်ထားသော ကျန်လေးဦးမှာမူ သူ့နောက်မှ လိုက်ပါလာကြပြီး ထိတ်လန့်ဖွယ်တစ်ခုကို သတိထားမိသွားကြသည်။ ဖုန်းပုကြွယ်၏ ခန္ဓာကိုယ်သည် သူ့ညာဘက်ခြမ်းရှိ နံရံထဲသို့ တဖြည်းဖြည်း နစ်ဝင်သွားခြင်း ဖြစ်သည်။ သူတို့ စကားမပြောကြဘဲ သူ့နောက်မှသာ လိုက်သွားကြသည်။ ဖုန်းပုကြွယ် ရှေ့သို့ တိုးသွားသော မျဉ်းဖြောင့်လမ်းကြောင်းသည် စင်္ကြံလမ်း၏ လမ်းကြောင်းနှင့် ဖြတ်ကျော်သွားသည့်အတွက် ကျန်အဖွဲ့သားများသည်လည်း နံရံကို တစ်ဦးပြီးတစ်ဦး ဖြတ်ကျော်သွားကြတော့သည်။
လူသားမျက်စိသည် အလွယ်တကူ လှည့်စားခံရနိုင်သော်လည်း လူ့ခန္ဓာကိုယ်၏ သဘာဝ အာရုံခံစားမှုကမူ အမြင်အာရုံ၏ အကူအညီမပါဘဲ မျဉ်းဖြောင့်အတိုင်း လမ်းလျှောက်နိုင်စေသည်။
စင်္ကြံလမ်းသည် ထောင့်မှန်ပုံစံရှိနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အနည်းငယ် စောင်းနေခြင်း ဖြစ်သည်။ ဖုန်းပုကြွယ်သည် မျက်လုံးမှိတ်ပြီး ဆက်လျှောက်လာသည်။ သူ လမ်းအဆုံးသို့ ရောက်သောအခါ အသိစိတ်အရ ကိုးဆယ်ဒီဂရီ လှည့်လိုက်သည်။ ထိုအခါမှသာ သူသည် စင်္ကြံလမ်း၏ ဦးတည်ချက်မှ သွေဖည်သွားခြင်း ဖြစ်သည်။
သူ့ဦးဆောင်မှုအောက်တွင် ငါးယောက်သား နံရံများအကြားတွင် လှုပ်ရှားလျက်ရှိကြသည်။ သူတို့ခြေဖဝါးအောက်က ကြမ်းပြင်၊ လှေကားများနှင့် ဘေးတစ်ဖက်တစ်ချက်စီရှိ အလှဆင်ပစ္စည်းများမှာ အားလုံးမယုံကြည်နိုင်စရာ ကောင်းလှသည်။ ဤအိမ်ကြီး၏ ဒုတိယထပ်သည် အလွန်ထူးဆန်းသော ဟင်းလင်းပြင်တစ်ခု ဖြစ်နေလေသည်။ လူတစ်ဦးမြင်တွေ့ရသမျှ တံခါး၊ ပြတင်းပေါက်၊ နံရံ သို့မဟုတ် ကြမ်းပြင်ပေါ်က အပေါက်ကြီးပင် အစစ်ရော အတုရော ဖြစ်နေခြင်းဖြစ်သည်။ ယင်းမှာ သာမန်ဝင်္ကပါတစ်ခုထက်ပင် နားလည်ရ ခက်ခဲလှသည်။ ဖြောင့်တန်းသည်ဟု ထင်ရသော စင်္ကြံလမ်းမှာလည်း ကွေးကောက်နေပြီး နံရံဟု ထင်ရသော နေရာများကိုလည်း ဖြတ်ကျော်သွားနိုင်သည်။
မျက်လုံးမှိတ်ထားမှသာ သူတို့သည် မျဉ်းဖြောင့်အတိုင်း လမ်းလျှောက်နိုင်ပြီး စိတ်မပျံ့လွင့်ဘဲ သူတို့စိတ်ထဲက လမ်းကြောင်းအတိုင်း လိုက်နိုင်မည် ဖြစ်သည်။ မဟုတ်လျှင် သူတို့ သေချာပေါက် စိတ်ရှုပ်ထွေးသွားကြပေလိမ့်မည်။
ဤထူးဆန်းသော ခရီးစဉ်က မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့သည်။ ဤအချိန်အတွင်း သူတို့ မည်သည့် ထောင်ချောက်နှင့်မှ မတွေ့ကြုံခဲ့ရသလို ဝိညာဉ်များ၏ တိုက်ခိုက်ခြင်းကိုလည်း မခံခဲ့ရပေ။ နံရံများကို ဖြတ်ကျော်နိုင်သော သရဲများပင်လျှင် ဤပုံရိပ်ယောင်နယ်မြေထဲသို့ မဝင်ရဲကြပုံရသည်။
လမ်းတစ်လျှောက်တွင် ကစားသမားများကို စိတ်ရှုပ်ထွေးအောင် ပြုလုပ်ထားသော ပတ်ဝန်းကျင် အပြောင်းအလဲများအပြင် ‘အူလမ်းကြောင်းကြည့်မှန်’ များစွာလည်း ရှိနေသည်။ ကြည့်လိုက်ရုံနှင့် ခေါင်းမူးသွားစေသော ပုံပျက်နေသည့် ပုံတူပန်းချီကားများစွာလည်း ရှိ၏။ ဤလမ်းအတိုင်း ဆက်လျှောက်လေလေ ပို၍ ကြက်သီးထလာလေလေဟု ဆိုနိုင်သည်။ အကယ်၍ လူတစ်ဦးတည်းသာ ဤဇာတ်လမ်းထဲရှိနေပြီး မျက်လုံးဖွင့်ကာ ရှာဖွေနေမည်ဆိုပါက ဇာတ်လမ်းကို အောင်မြင်အောင် ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်ပေလိမ့်မည်။ သို့သော် ထိုလူသည် အလွန်ခိုင်မာသောစိတ်ဓာတ် ရှိနေရန် လိုအပ်သည်။
ရှည်လျားလှသော တိတ်ဆိတ်မှုက အဖွဲ့သားများ၏ စိတ်ဓာတ်ကို ကျဆင်းစေသော်လည်း ကျေးဇူးတင်ရမည်မှာ အရာအားလုံးက အဆုံးသတ်သွားခြင်းပင်။
ဖုန်းပုကြွယ် တံခါးတစ်ခုဆီသို့ ရောက်လာသည်။ ၎င်းမှာ တံခါးအစစ်ဖြစ်ပြီး ဘေးတစ်ဖက်တစ်ချက်စီတွင်လည်း နံရံအစစ်များ ရှိသည်။ ကြည့်ရသည်မှာ ဤနေရာသည် ပုံရိပ်ယောင်စင်္ကြံလမ်း၏ ‘အဆုံးသတ်’ ဖြစ်ပုံရသည်။
တကယ်တမ်းတွမူ ယင်းမှာ သာမန် စင်္ကြံလမ်းသာဆိုပါက ၁၅ မိနစ်အတွင်း သူတို့ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ခရီးစဉ်ကို အဆုံးသတ်ရန် မိနစ်သုံးဆယ်ခန့် အချိန်ယူခဲ့ရသဖြင့် ဖုန်းပုကြွယ်မှာ အင်အားကုန်ခမ်းနေပြီ ဖြစ်သည်။ သူ၏ သက်လုံအမှတ်က အဆင်ပြေသေးသော်လည်း အဓိကပြဿနာကား စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုပင်။ သူသည် မျက်မမြင်တစ်ယောက် မဟုတ်သလို ကျွမ်းကျင်သောလေ့ကျင့်မှုမျိုးလည်း ရရှိထားသူ မဟုတ်ပေ။ မျက်လုံးမှိတ်ပြီး ဤမျှကြာအောင် လမ်းလျှောက်ရသည်မှာ အလွန်ပင် ခက်ခဲလှသည်။ အကယ်၍ စာဖတ်သူများ စိတ်ဝင်စားပါက စမ်းကြည့်နိုင်ပါသည်။ မျက်လုံးကို မှိတ်ထားပါ၊ လမ်းတစ်ဝက်တွင်လည်း မဖွင့်ပါနှင့်။ သင်ရင်းနှီးပြီးသားဖြစ်သော အိမ်ထဲက အခန်းတိုင်းဆီသို့ သွားကြည့်ပါ။ ထိုအခါမှသာ ခက်ခဲမှုအဆင့်ကို သင်နားလည်ပါလိမ့်မည်။ ဒါနဲ့... သတိတော့ထားဦး။
“ငါတို့ ရောက်ပြီထင်တယ်”
ဒုတိယမြောက် လိုက်လာသော လုံအောင်းမင်က ပြောသည်။
ဖုန်းပုကြွယ်သည် မှိန်ပျပျအလင်းရောင်နှင့် ကျင့်သားရစေရန် မျက်လုံးကို ဖွင့်လိုက်သည်။ ထို့နောက် သူသည် ‘အဆုံးသတ်’ ကို မြင်လိုက်ရသည်။ ၎င်းမှာ လူအသားများဖြင့် ပြုလုပ်ထားပုံရသော တံခါးတစ်ခု ဖြစ်သည်။
ထို ‘အသားတံခါး’ ပေါ်တွင် သွေးကြောများကဲ့သို့သော အကြောအချို့ ရှိနေပြီး ၎င်းတို့က ‘သရဲစံအိမ်’ မှ ကဗျာတစ်ပုဒ်အဖြစ် ပေါ်လွင်နေခဲ့သည်။
“ဝင်းလက်နေသော ပုလဲတွေ တောက်ပနေသော ရတနာတွေ
သရဲစံအိမ်ကြီးရဲ့ တံခါးဝမှာပေါ့
သူတို့ရဲ့ အင်္ကျီလက်တွေ လေထဲ တဖျတ်ဖျတ်လွင့်လို့
မျက်နှာတွေဝင်းပ နတ်သမီးတွေ ရောက်ရှိလာကြ
သူတို့ရဲ့ သီကြူးသံတွေ အဝေးကို ပျံ့လွင့်
သူတို့ရဲ့ သီချင်းသံတွေ လေထဲမှာ ပြည့်နှက်သွားကြ
သူတို့ရဲ့ တာဝန်က သီဆိုဖို့ပါ
သူဟာ သူ့အရှင်ရဲ့ ဉာဏ်ပညာနဲ့ အမြော်အမြင်ကို ချီးမြောက်လို့”
“ဘေးထွက်တာဝန်တိုးတက်မှုကို အဆင့်မြင့်တင်လိုက်ပါပြီ။
‘သရဲစံအိမ်’ ရဲ့ အစိတ်အပိုင်း ခြောက်ခုလုံးကို ရှာဖွေပါ။ လက်ရှိ တိုးတက်မှု - ၁/၆”
“ဒါက စတုတ္ထမြောက်အပိုင်းပဲ၊ ဒါဆိုရင်... ဆဋ္ဌမမြောက်အပိုင်းပဲ ကျန်တော့တယ်”
ဖုန်းပုကြွယ်က ပြောရင်း အရိုးများဖြင့် ပြုလုပ်ထားသော တံခါးလက်ကိုင်ကို အမှုမဲ့အမှတ်မဲ့ ကိုင်လိုက်သည်။
“ညီလေးဖုန်း၊ ငါ့ကို ရှေ့က သွားခွင့်ပြုပါ”
လုံအောင်းမင်က အကြံပြုသည်။
“ရပါတယ်”
ဖုန်းပုကြွယ်သည် ဘေ့စ်ဘောတုတ်ကို သိမ်းဆည်းလိုက်ပြီးဖြစ်သည်။ ယခုတစ်ခေါက်တွင် သူသည် ရန်လိုမှုမျက်လုံးကိုပင် တပ်ဆင်မထားပေ။
အစောပိုင်းက စားသောက်ခန်းတွင် ရိုဒါရစ်သည် ဖန်မီးဆိုင်းကို အသက်သွင်းလိုက်စဉ်က မှောင်မိုက်နေသောကြောင့် ရန်လိုမှုမျက်လုံးက သူ့ကို မမြင်တွေ့ခဲ့ရပေ။ နောက်ပိုင်းတွင် သူသည် ကုလားထိုင်ကို ထိန်းချုပ်လိုက်သောအခါ ဖုန်းပုကြွယ်က ရိုဒါရစ်၏ ပစ်မှတ်မှာ သစ်သားကုလားထိုင်ကိုယ်တိုင် ဖြစ်ကြောင်း သတိပြုမိခဲ့သည်။ ယင်းက ရန်လိုမှုမျက်လုံးသည် သွယ်ဝိုက်သော နည်းလမ်းဖြင့် တိုက်ခိုက်သည့် မကောင်းဆိုးဝါးများအပေါ် အသုံးမဝင်ကြောင်း ပြသနေခြင်း ဖြစ်သည်။
တံခါးကို တွန်းဖွင့်လိုက်ရာ အလယ်အလတ် အရွယ်အစားရှိသော အခန်းတစ်ခုက သူ့ကို ကြိုဆိုနေလေသည်။ ဘေးပတ်ပတ်လည်တွင် ပြတင်းပေါက် သို့မဟုတ် မီးများမရှိဘဲ အသားစများဖြင့် ပြုလုပ်ထားသော နံရံများနှင့် အရိုးများဖြင့် ပြုလုပ်ထားသော ကြမ်းပြင်သာ ရှိသည်။ မျက်နှာကျက်ကိုမူ ရှည်လျားသော အနက်ရောင်ဆံပင်များဖြင့် ဖုံးအုပ်ထားပြီး ထိုဆံပင်များကို အမိုးခုံးပုံစံ ဖြစ်ပေါ်စေရန် ထူးခြားသောနည်းလမ်းဖြင့် ရက်လုပ်ထားသည်။
ထိုတံခါးမှလွဲ၍ ဤအခန်းထဲတွင် အခြားထွက်ပေါက် မရှိပေ။
အခန်းအလယ်ရှိ လူသားအရိုးများဖြင့် ပြုလုပ်ထားသော ယက်မတစ်ခုပေါ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းနှစ်ခုကို ချိတ်ဆွဲထားလေသည်။ သူတို့ခန္ဓာကိုယ်များကို အူများနှင့် တူသော အရာတစ်ခုဖြင့် ရစ်ပတ်ထားပြီး လေထဲတွင် တွဲလောင်းချိတ်ဆွဲထားခြင်း ဖြစ်သည်။
အမျိုးသားသည် ရှေးဟောင်းစတိုင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အမျိုးသမီးမှာမူ အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထား၏။ အလောင်းနှစ်ခုလုံး ပုပ်သိုးသည့်လက္ခဏာ မပြသော်လည်း သူတို့၏အသားအရေမှာ ဖြူဖျော့နေလေသည်။ သူတို့၏ မျက်လုံးများက ပိတ်နေပြီး သူတို့ဆီမှ ဖော်ပြမရသော ‘သေခြင်းတရားအငွေ့အသက်’ များ ဖြာထွက်နေခဲ့သည်။
အခန်း (၄၄)
ဖုန်းပုကြွယ်သည် ထိုအခန်းကို မြင်လိုက်ရသောအခါ အလိုအလျောက် ရေရွတ်လိုက်မိသည်။
“ဒါ... SCP-002 များလား...”
“အဲ့ဒါက ဘာလဲ”
လုံအောင်းမင်က မေးလိုက်သည်။
“အား”
ဝမ်တန်ကျိ ရုတ်တရက် အော်ဟစ်လိုက်သည်။
“သူ့ကို သွားမမေးနဲ့၊ သူက ခင်ဗျားကို နာရီပေါင်းများစွာကြာအောင် လျှောက်ပြောနေလိမ့်မယ်”
ဖုန်းပုကြွယ်က သူ့ကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။
“ဒါက ဝါသနာရှင်အုပ်စုတစ်စုက ဖန်တီးထားပြီး အွန်လိုင်းပလတ်ဖောင်းတစ်ခုပေါ်မှာ တည်ရှိနေတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်အိမ်တစ်ခုပဲ”
“မင်းက တစ်ကြောင်းတည်းနဲ့ အကျဉ်းချုပ်နိုင်တာပဲ”
ဝမ်တန်ကျိက အံ့သြတကြီး ပြောလိုက်သည်။
“ငါ့ကို အစက ရှင်းပြတုန်းက သုံးနာရီတောင် ကြာခဲ့တာကို ငါမှတ်မိသေးတယ်”
“အဲ့ဒီတုန်းက မင်းက ငါပြောတာကို ယုံနေတာလေ၊ ငါဘယ်လောက်အထိ လိမ်လို့ရမလဲဆိုတာ သိချင်လို့ စမ်းကြည့်တာပါ”
(TL note – SCP (Secure Contain Project) ဆိုတာ အပေါ်က ဖုန်းပုကြွယ်ပြောခဲ့သလိုပဲ အွန်လိုင်းသိပ္ပံကြောင်တွေ ဖန်တီးထားတဲ့ အမည်မသိသဘာဝလွန်တည်ရှိမှုတွေပါ ၊ SCP002 ဆိုတာကတော့ ကမ္ဘာ့အပြင်ဘက်ကနေပြုတ်ကျလာတဲ့ အသားခန်းကြီးလို့ ဆိုကြပါတယ်၊ အဲ့အခန်းထဲက ပရိဘောဂတွေအားလုံးကို အသွေးအသားတွေနဲ့ လုပ်ထားပြီး အထဲဝင်မိတဲ့လူတွေကို အခန်းရဲ့အစိတ်အပိုင်းအသားတွေဖြစ်လာအောင် လုပ်တတ်တယ်လို့ ဆိုကြပါတယ်၊ TitTok ဆရာကြီးများ သိကြမှာပါ)
ဖုန်းပုကြွယ်က ပြုံးလျက် ပြောလိုက်ရင်း အသားများဖြင့် ပြုလုပ်ထားသော အခန်းထဲသို့ လှမ်းဝင်လိုက်သည်။ ကျန်လေးယောက်လုံးလည်း သူ့နောက်မှ လိုက်ဝင်လာကြသည်။ သူတို့ထဲမှ ဘယ်သူမှ အမြဲတမ်းပြောင်းလဲနေသော အပြင်ဘက်ကော်ရစ်ဒါတွင် မနေလိုကြပေ။
“ဒီနေရာကို အက်ရှာအိမ်တော်ရဲ့ ကျိန်စာဗဟိုချက်လို့ပဲ ယူဆလိုက်ရအောင်”
ဖုန်းပုကြွယ်က အလောင်းနှစ်လောင်းရှိရာသို့ လျှောက်သွားလိုက်သည်။
“ဒီအခန်းတစ်ခုလုံးကို အက်ရှာမျိုးဆက်အလိုက် လူတွေရဲ့ ဝိညာဉ်တွေ၊ ခန္ဓာတွေနဲ့ တည်ဆောက်ထားတာပဲ၊ ဒါဆိုရင် ရိုဒါရစ်နဲ့ မက်ဒလင်းတို့ရဲ့ ခန္ဓာကိုယ်တွေကလည်း နောက်ဆုံးမှာ ဒီအခန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မယ်”
သူ မက်ဒလင်း၏ ခြေထောက်ကို ဆွဲဖြုတ်ရန် ကြိုးစားလိုက်သော်လည်း အူလမ်းကြောင်းများက ကျစ်ကျစ်ပါအောင် ရစ်ပတ်ထားသဖြင့် အောက်ခြေမှ ဆွဲထုတ်ရန်မှာ အချည်းနှီးသာ ဖြစ်နေရသည်။ ဖုန်းပုကြွယ်သည် ကျောပိုးအိတ်ထဲမှ မီးဖိုချောင်သုံးဓားကို ထုတ်ကာ ပါးစပ်ဖြင့် ကိုက်ထားလိုက်သည်။ သူသည် ခန္ဓာကိုယ်ပေါ်တက်ကာ အူများကို ဖြတ်တောက်ရန် ပြင်ဆင်နေပုံရသည်။
“ကျွန်မ လုပ်ပါရစေ”
ရီရူလီက ဖုန်းပုကြွယ်၏ ပခုံးကို သူမလက်ဖြင့်ကိုင်ကာ တားလိုက်သည်။ ဖုန်းပုကြွယ် လှည့်ကြည့်လိုက်သောအခါ ရီရူလီက သူ့မျက်လုံးများကို စိုက်ကြည့်နေလေသည်။ သူမက စကားမပြောသော်လည်း ဖုန်းပုကြွယ်ကို လက်ညှိုးထိုးပြပြီးနောက် ကြမ်းပြင်ကို ပြလိုက်သည်။
“အိုကေလေ...”
ဖုန်းပုကြွယ်က သူမဆိုလိုသည်ကို နားလည်သွားသည်။ သူသည် ဒူးတစ်ဖက်ထောက်ကာ ခန္ဓာကိုယ်ကို အရှေ့သို့ ကိုင်းညွှတ်လိုက်ပြီး ကောင်မလေးကို ကျောပေးလိုက်သည်။
ရီရူလီသည် သူမ၏ဓားကို မြှောက်ကာ သူ့ပခုံးကို နင်းလိုက်သည်။ သူမသည် လေထဲသို့ ခုန်တက်လိုက်ပြီး ဓားဖျားဖြင့် စက်ဝိုင်းခြမ်းပုံစံ ဝေ့ယမ်းလိုက်သည်။ တွဲလောင်း ဆွဲထားသော အလောင်းနှစ်လောင်း၏ အူများကို သေသပ်စွာဖြတ်တောက်လိုက်ရာ အလောင်းနှစ်လောင်းမှာ ကြမ်းပြင်ပေါ်သို့ ချက်ချင်း ပြုတ်ကျသွားတော့သည်။
ရီရူလီ ကြမ်းပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် ဖုန်းပုကြွယ်ကို ကြည့်ကာ “ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။
“ရ... ရပါတယ်...”
ဖုန်းပုကြွယ်မှာမူ သူကသာ ထိုကောင်မလေးကို ဒုက္ခပေးနေရသကဲ့သို့ ခံစားနေရသည်။
ထိုအချိန်တွင် ရိုဒါရစ်၏ ဝိညာဉ်မှာ ထပ်မံပေါ်ထွက်လာပြန်သည်။ သူသည် တံခါးအပြင်ဘက်တွင် ပေါ်လာပြီး ရီရူယွီ၏ နောက်တွင် ရပ်လာခြင်းဖြစ်သည်။
“မင်းတို့... ဘာမှ... မပြောင်းလဲနိုင်ပါဘူး...”
ရိုဒါရစ်က ပြောလိုက်သည်။
သူရုတ်တရက်ပြောလိုက်သော စကားကြောင့် ရီရူယွီမှာ ထိတ်လန့်သွားရသည်။ သူမ ချက်ချင်း လှည့်ကြည့်ကာ တံခါးဆီသို့ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်သော်လည်း ဘာမှမတွေ့ရပေ။ သို့သော် ကြမ်းပြင်ပေါ်တွင်မူ ရိုဒါရစ်၏ ရုပ်အလောင်းက စတင်လှုပ်ရှားလာပြီး အလောင်းပတ်လည်ရှိ အူများ အလိုအလျောက် လျော့ရဲသွားသည်။ လူတိုင်း၏အကြည့်များ တံခါးဆီသို့ ရောက်နေချိန်တွင် ဝိညာဉ်သည် သူ၏ရုပ်အလောင်းကို ထိန်းချုပ်ကာ ကြမ်းပြင်မှထရပ်လိုက်ပြီး ဖုန်းပုကြွယ်ကို ထပ်မံ တိုက်ခိုက်တော့သည်။
ဖုန်းပုကြွယ်ကား အလွန်သတိသူဖြစ်သည်။ သူ့အကြည့်များက တံခါးဆီ ရောက်နေသော်လည်း သူ့နောက်မှ လှုပ်ရှားသံကို ကြားလိုက်သည်နှင့် ချက်ချင်းတုံ့ပြန်လိုက်သည်။ သူသည် မီးဖိုချောင်သုံးဓားကို မြှောက်၍ နောက်လှည့်ခုခံလိုက်ရာ ဓားသွားက ရိုဒါရစ်၏ လက်မောင်းနှင့် ထိမိသွားသည်။ ထိုအလောင်းမှာ ပြန်လည်လှုပ်ရှားနိုင်စွမ်း ရရှိလာသော်လည်း အသွေးအသားနှင့်သာ ဖြစ်နေသေးသည်။ ဖုန်းပုကြွယ် လက်ထဲရှိ ဓားသွားမှာ ရိုဒါရစ်၏ ညာဘက်လက်ဖျံကို ဖြတ်ဝင်သွားသော်လည်း အရိုးတွင် တစ်သွားသဖြင့် ပြတ်ထွက်မသွားပေ။
လုံအောင်းမင်၏ တုံ့ပြန်မှုသည်လည်း မနှေးလှပေ။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူသည် ရှေ့တိုးလာပြီး ဒိုင်းကိုမြှောက်ကာ ရိုဒါရစ်၏ နားထင်ကို ဝေ့ယမ်းတိုက်ခိုက်လိုက်သည်။ အဆုံးသတ်တွင် အာထရွန်၏ အပိုင်းအစသည် ထူးကဲအဆင့်ပစ္စည်းတစ်ခုဖြစ်ပြီး လက်ဆာ အာဒမန်တီယမ်ဟူသော သတ်မှတ်ချက်မှာလည်း နောက်ပြောင်နေခြင်း မဟုတ်ပေ။ လုံအောင်းမင်၏ ခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါ တစ်ချက်တည်းဖြင့်ပင် ရိုဒါရစ်၏ ဦးခေါင်းအပေါ်ပိုင်းက ပျံထွက်သွားတော့သည်။
ပေါ်ထွက်လာသော ဦးနှောက်က မွဲပြာရောင် သန်းနေလေသည်။ ၎င်းသည် အပိုင်းပိုင်း ပြတ်တောက်နေသော ပဲပြားနှင့်တူနေပြီး အလွန်ရွံရှာဖွယ်ကောင်းသော အနံ့ဆိုးတစ်ခုကို ထုတ်လွှတ်နေသည်။
ထိုလူ၏ ဦးခေါင်းတစ်ဝက်ခန့် ပြတ်ထွက်သွားသည်ကို ဖုန်းပုကြွယ် မြင်လိုက်ရသောအခါ သူ၏ အခြားလက်တစ်ဖက်ဖြင့် မာရီယို၏ ဂွကို အမြန်ထုတ်ယူလိုက်သည်။ သူသည် ၎င်းကို အလောင်း၏ မေးစေ့ဆီသို့ ချိန်ရွယ်ကာ အကြိမ်ပေါင်းများစွာ ထိုးနှက်လိုက်တော့သည်။ သူ၏ စိတ်မရှည်သော လှုပ်ရှားမှုသည်... တကယ်လို့ သူသာ တစ်ခုခုအမြန်မလုပ်လိုက်ရင် အဲ့ဒီခေါင်းကို သူ ဆက်ကိုင်ထားနိုင်တော့မှာ မဟုတ်တော့ဘူးလို့ ခံစားနေရသလိုမျိုး ဖြစ်သည်။
ရီရူလီသည် ထိုနှစ်ယောက်ကိုင်တွယ်နိုင်သည်ကို မြင်သဖြင့် ဝင်မကူတော့ပေ။ မကြာမီတွင် ဖုန်းပုကြွယ် တစ်ယောက်တည်းသာ ‘အလောင်းကို ထပ်ခါတလဲလဲ ထုရိုက်နေသူ’ အဖြစ် ကျန်ရစ်တော့သည်။ သူသည် လက်တစ်ဖက်တွင် မီးဖိုချောင်သုံးဓား၊ အခြားလက်တစ်ဖက်တွင် ဂွကို ကိုင်ဆောင်ထားသည်။ သူသည် အသားလှီးနေသကဲ့သို့ လက်နှစ်ဖက်စလုံးဖြင့် ထိုအလောင်းကို တရစပ်လှည့်ပတ် လွှဲယမ်းနေတော့သည်။ ရိုဒါရစ်၏ အလောင်းသည် သွေးပျက်ဖွယ်အခြေအနေသို့ ရောက်ရှိသွားပြီး ကိုယ်တွင်းအင်္ဂါများ ပြုတ်ထွက်ကာ ခြေလက်ရှိအရိုးအများစု ကြေမွသွားတော့မှသာ သူ ရပ်တန့်လိုက်သည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း ပြောလာသည်။
“ဟူး... သူ နောက်တစ်ခါ ပြန်ထလာနိုင်တော့မယ် မထင်ဘူး”
ယခုတစ်ကြိမ်တွင် အလောင်းများကို မြင်တွေ့နေကျဖြစ်သော ရှောင်တန်ပင် အံ့သြတကြီး ဖြစ်သွားရသည်။
“မင်းက ပြန်ထလာမှာကို ပြောနေတာလား၊ ဒီလိုပုံစံမျိုး ဖြစ်သွားတာကို ဘယ်လိုလုပ်ပြီး ‘ထလာဖို့’ လှုပ်ရှားမှုမျိုး လုပ်နိုင်ဦးမှာလဲ၊ မင်းလုပ်ထားတာနဲ့တင် ဖက်ထုပ်တောင် လုပ်စားလို့ ရနေပြီ...”
ရိုဒါရစ်၏ အလောင်းက ပျက်စီးသွားသော်လည်း သူ့ဝိညာဉ်မှာ အခန်းထောင့်တွင် ထပ်မံ ပေါ်ထွက်လာပြန်သည်။
“အသုံးမဝင်ဘူး... ငါ့ရဲ့ အသားနဲ့ သွေးတွေက ဒီအခန်းနဲ့ ပေါင်းစပ်သွားပြီ၊ မင်းတို့လည်း... ချွင်းချက် မဟုတ်ဘူး။”
သူ စကားမဆုံးမီ တံခါးက အလိုအလျောက် ပိတ်သွားတော့သည်။ နံရံပေါ်ရှိ အသားစများမှာလည်း စတင်လှုပ်ရှားလာ၏။ နံရံပေါ်တွင် ပါးစပ်များ တစ်ခုပြီးတစ်ခု ပေါ်လာပြီး အပြင်ဘက်သို့ ပြူးထွက်နေသော ချွန်ထက်သည့် အစွယ်များ ပါရှိကြသည်။ ၎င်းတို့၏ အရွယ်အစားအရဆိုလျှင် လူတစ်ယောက်၏ မျက်နှာကို ကိုက်ဖြတ်ပစ်နိုင်သည်အထိ ကြီးမားလှသည်။
“ဟေး... အစ်ကိုကြွယ်၊ ငါတို့ အခု ဘာလုပ်ကြမလဲ”
ဝမ်တန်ကျိက မီးဖိုချောင်သုံးဓားကို ထုတ်လိုက်သော်လည်း ဘာကို တိုက်ခိုက်ရမှန်း မသိဖြစ်နေလေသည်။ နံရံက အသားတွေကို လိုက်ခုတ်နေရမှာလား။
“တကယ်လို့ နံရံထဲကနေ လျှာလိုမျိုး တစ်ခုခုထွက်လာမယ်ဆိုရင်တော့ ကျွန်မ ရှင်တို့ကို အဖော်မလုပ်ပေးနိုင်တော့ဘူး...”
ရီရူယွီက နံရံပေါ်ရှိ ပါးစပ်များကို ရွံရှာစွာကြည့်ရင်း ပြောလိုက်သည်။
“ငါတို့က တစ်ချိန်မဟုတ်တစ်ချိန် ဝါးမြိုခံရမှာပဲဆိုတော့ မင်းက ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ၊ ဘာလို့ ကိုယ့်အလောင်းကိုယ်ပြန်ဝင်ပြီး ငါ့ကို တိုက်ခိုက်နေတာလဲ”
ဖုန်းပုကြွယ်က ညည်းညည်းညူညူ ပြောလိုက်သည်။ သူသည် ရိုဒါရစ်၏ ဝိညာဉ်ထံသို့ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သော်လည်း ထိုဝိညာဉ်မှာ အလင်းရောင်ကို မကြောက်တော့ပုံရသည်။
“အို... ဒီအခန်းထဲမှာဆိုရင် မင်းက အလင်းရောင်ကို မကြောက်ဘူးပေါ့”
ဖုန်းပုကြွယ်က ပြောရင်း မက်ဒလင်း၏ အလောင်းရှိရာသို့ လျှောက်သွားကာ ထိုင်ချလိုက်ဟန် ပြုလိုက်သည်။
ရိုဒါရစ်မှာ သိသိသာသာ အံ့အားသင့်သွားသည်။
“မင်း ဘာလုပ်မလို့လဲ”
“မက်ဒလင်းရဲ့ ဝိညာဉ်က အက်ရှာအိမ်တော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့ ဆန္ဒမရှိဘူးတဲ့၊ သူ့ပုံရိပ်က မြေအောက်ခန်းမှာ ခဏပေါ်လာခဲ့ပြီး ငါ့ကို ကူညီဖို့ တောင်းဆိုခဲ့တယ်”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“အခု ပြန်စဉ်းစားကြည့်ရင်... ‘ငါ့ကို အပြင်ထုတ်ပေးပါ’ ဆိုတာက သူအသက်ရှင်နေတုန်းက ခေါင်းတလားထဲကနေ လွတ်မြောက်ခဲ့ပြီးပြီဆိုတော့ ခေါင်းတလားထဲက ကယ်ထုတ်ဖို့ ပြောတာ မဟုတ်လောက်ဘူး”
ရိုဒါရစ်၏ တုံ့ပြန်မှုကို အတည်ပြုပြီးနောက် သူထရပ်ကာ ပြုံးလိုက်သည်။
“မက်ဒလင်းက မင်းလိုမျိုး ဒီအိမ်ကြီးထဲမှာ ပေါင်းစပ်မခံရအောင် သူ့အလောင်းကို ဒီအခန်းထဲကနေ ထုတ်ပေးဖို့ ငါ့ကို ပြောတာပဲ”
ရိုဒါရစ်၏ မျက်နှာမှာ ပိုမို ကြောက်မက်ဖွယ်ကောင်းလာပြီး လူသားပုံစံမှ မကောင်းဆိုးဝါးပုံစံသို့ လုံးဝ ပြောင်းလဲသွားသည်။
“မင်း ပတ်ပတ်လည်ကို ကြည့်လိုက်စမ်း... မင်း သူ့ကို ဘယ်လိုအပြင်ထုတ်မှာလဲ”
ဖုန်းပုကြွယ်က ပြန်မေးလိုက်သည်။
“ဒီအရာတွေက တကယ်ပဲ တည်ရှိနေလို့လား၊ တကယ်လို့ ဒီအိမ်ကြီးက လူတွေကို ဒီလောက် မြန်မြန်ဆန်ဆန် ဝါးမြိုနိုင်တယ်ဆိုရင် မင်းတို့နှစ်ယောက်ရဲ့ အလောင်းက ဘာမှ ကျန်နေတော့မှာ မဟုတ်ဘူး ”
သူသည် နံရံဆီသို့ ဝင့်ကြွားစွာ လျှောက်သွားပြီး နံရံပေါ်ရှိ ဟစိစိဖြစ်နေသော ပါးစပ်ကြီးကို လက်ဖြင့် ထိလိုက်သည်။
အခြားလူများက ဘာမှမပြောသလို သူ့ကိုတားဆီးရန်လည်း မကြိုးစားကြပေ။ ဖုန်းပုကြွယ်၏ ယုံကြည်ချက်ရှိသော လေသံနှင့် တည်ငြိမ်သော လှုပ်ရှားမှုများက ယုံကြည်မှုကို ဖြစ်ပေါ်စေသည်။
ရိုဒါရစ်မှာ သူ့ကို ဒေါသတကြီး စိုက်ကြည့်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။
ဖုန်းပုကြွယ်၏ လက်က အသားပုံရိပ်ယောင်ကို ဖြတ်ကျော်သွားပြီး စစ်မှန်သော သာမန်သစ်သားနံရံသို့ ရောက်ရှိသွားသည်။
“ငါ ထင်တဲ့အတိုင်းပဲ... ပုံရိပ်ယောင်တွေက ဒီအခန်းရဲ့ တကယ့်ရုပ်သွင်ကို ဖုံးကွယ်ထားတာပဲ၊ ဒါဆိုရင် အခု ငါရှာဖို့ပဲ ...”
သူ ရုတ်တရက် ရပ်လိုက်သည်။
“ဟားဟား၊ ငါက အတော်လေးနှေးတာပဲ၊ ဒါက တခြားဘယ်နေရာများ ရှိနိုင်ဦးမှာလဲ”
ဖုန်းပုကြွယ်သည် ရိုဒါရစ်ရပ်နေသော ထောင့်သို့ လျှောက်သွား၏။ ရိုဒါရစ်၏ မျက်နှာက ထိတ်လန့်သွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သို့သော် ဖုန်းပုကြွယ်က ထိုဖောက်ထွင်းမြင်ရသော ဝိညာဉ်ကို လုံးဝလျစ်လျူရှုထားသည်။ သူသည် ထိုဝိညာဉ်ကို ဖြတ်ကျော်သွားပြီး ရိုဒါရစ်နောက်ကွယ်ရှိ နံရံကို လက်ဖြင့် လိုက်စမ်းကြည့်လိုက်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ဖုန်းပုကြွယ်သည် သူ့လက်ကို ခါးထက် အနည်းငယ်မြင့်သော အနေအထားသို့ မြှောက်လိုက်သည်။ သူ့လက်ဖဝါးများကို ရှေ့သို့ ဆန့်ထုတ်ကာ ပြတင်းပေါက်တစ်ခုကို ဆွဲဖွင့်လိုက်တော့သည်။
[လက်ရှိမစ်ရှင် ပြောင်းလဲသွားပါပြီ။ ပင်မမစ်ရှင်ကို အဆင့်မြှင့်တင်လိုက်ပါပြီ။]
အသံမက်ဆေ့ ထွက်ပေါ်လာခဲ့သည်။
မစ်ရှင်မီနူးတွင် ပင်မမစ်ရှင်မှာ “အိမ်ကြီးကို စူးစမ်းရှာဖွေပြီး ထွက်ပြေးရန် နည်းလမ်းရှာပါ” မှ “မှော်အစီအရင်ကို ဖျက်ဆီးပြီး အိမ်ကြီးမှ ထွက်ပြေးပါ” ဟူသော မစ်ရှင်အသစ်သို့ ပြောင်းလဲသွား၏။
သွေးနီရောင်လမင်း၏ အနီရောင်အလင်းတန်းက ပြတင်းပေါက်မှတစ်ဆင့် ဖြာကျလာလေသည်။ ရိုဒါရစ်သည် ထိုအနီရောင်အလင်းနှင့် ထိတွေ့လိုက်ရသောအခါ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။ တစ်ချိန်တည်းတွင် ထိုအလင်းရောင်က ပုံရိပ်ယောင်အားလုံးကို ဖယ်ရှားပစ်လိုက်ပြီး အိမ်ကြီးကို မူလပုံစံသို့ ပြန်လည် ရောက်ရှိသွားစေသည်။
ဤနေရာသည် သစ်သားနှင့် အုတ်ခဲများဖြင့်သာ ပြုလုပ်ထားသော ထပ်ခိုးတစ်ခုသာ ဖြစ်သည်။ အသားများ၊ အရိုးများ သို့မဟုတ် ဆံပင်များ မရှိတော့ပေ။ အလောင်းကို ဆွဲချိတ်ထားသော အရာမှာလည်း အူများမဟုတ်ဘဲ ထူထဲသော ကြိုးနှစ်ချောင်းသာ ဖြစ်သည်။
အခန်းအလယ်တွင် ကြမ်းပြင်ပေါ် ရေးဆွဲထားသော ထူးဆန်းသည့် မှော်အစီအရင်တစ်ခုမှလွဲ၍ အခြား ဘာမှမရှိပေ။ ၎င်းမှာ ဂိမ်းမှဖန်တီးထားသော ကျပန်းပုံစံကွက်တစ်ခု ဖြစ်နိုင်သော်လည်း သက်သေပြရန် နည်းလမ်းမရှိပေ။
ထိုအချိန်တွင် အခန်းထဲ၌ တစ်ခုတည်းသော ကြောက်စရာကောင်းသည့်အရာမှာ ဖုန်းပုကြွယ် ခုတ်ဖြတ်ထားသော အလောင်းသာ ဖြစ်သည်။
ကျန်လူလေးယောက်စလုံး စိတ်သက်သာရစွာ သက်ပြင်းချနိုင်သွားကြသည်။ ဝမ်တန်ကျိက နဖူးမှ ချွေးအေးများကို သုတ်ရင်း ပြောလိုက်သည်။
“မင်းကတော့ ငါ့ကို စိတ်ပူအောင် လုပ်နေတာပဲ၊ ဒါဆိုရင် ဒီအိမ်ထဲမှာရှိတဲ့ အရာတွေက ဘယ်သူ့ကိုမှ မထိခိုက်နိုင်ဘူးပေါ့”
ဖုန်းပုကြွယ်က ကြမ်းပြင်ပေါ်ရှိ မှော်အစီအရင်ဆီသို့ လျှောက်သွားပြီး ဓားဖြင့် အစင်းရာအချို့ကို ရေးခြစ်ကာ ဖျက်ဆီးလိုက်သည်။
“ဒီအခန်းက အိမ်ကြီးတစ်ခုလုံးရဲ့ ‘ခေါင်းပိုင်း’ လိုပဲ၊ အက်ရှာမိသားစုဝင်တွေ သေဆုံးပြီးတဲ့နောက်မှာ ဒီနေရာကို ပို့ခံရပြီး အိမ်ကြီးအတွက် ‘အစာ’ အဖြစ် ကျွေးမွေးခံရတာပဲ”
ဘေးနားရှိ အသားစများကို သူတစ်ချက်ကြည့်လိုက်သည်။
“သူတို့ရဲ့ အလောင်းတွေ ပျောက်ကွယ်သွားတယ် ၊ပြီးတော့ ဝိညာဉ်တွေက ဒီအိမ်ကြီးနဲ့ ပေါင်းစပ်သွားပြီး ထူးဆန်းတဲ့အရာတွေအဖြစ် ပြောင်းလဲသွားတယ်၊ ဖြစ်နိုင်တာကတော့ အဲ့ဒီပုံပျက်နေတဲ့ရုပ်ထုတွေနဲ့ ရုပ်ဆိုးတဲ့ ပုံတူပန်းချီကားတွေက အက်ရှာမိသားစုဝင်တွေရဲ့ ပုံရိပ်တွေ ဖြစ်လိမ့်မယ်”
သူသည် မှော်အစီအရင်ကို ဖျက်ဆီးပြီးနောက် လက်နက်ကို ပြန်သိမ်းကာ ထရပ်လိုက်သည်။
“ဒါ့အပြင် ငါဝင်လာပြီး အလောင်းနှစ်လောင်းကို မြင်လိုက်ရတဲ့အချိန်မှာ သံသယတချို့ ရှိခဲ့တယ်၊ မက်ဒလင်းက ခေါင်းတလားထဲမှာ ‘သူ သိတယ်’ ဆိုတဲ့ စကားလုံးကို ရေးထွင်းခဲ့တယ်၊ ဖြစ်နိုင်တာက သူရည်ညွှန်းတဲ့ ‘သူ’ ဆိုတာ ရိုဒါရစ် မဟုတ်လောက်ဘူး...”
“ဘာလဲ၊ ဝတ္ထုထဲက ပင်မဇာတ်လိုက်ကို ပြောတာလား”
လုံအောင်းမင်က မေးလိုက်သည်။
“မဟုတ်ဘူး၊ ပင်မဇာတ်လိုက်က သိသိသာသာကို အပြစ်ကင်းစင်ပါတယ်၊ ဒါပေမဲ့...”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။
“အက်ရှာအိမ်တော်ရဲ့ ပိုင်ရှင်နှစ်ယောက်အပြင် တခြားလူတွေလည်း ရှိသေးတယ်... အဲ့ဒီအကြောင်းကို ဝတ္ထုထဲမှာ တစ်ကြောင်းနှစ်ကြောင်းလောက်ပဲ ဖော်ပြထားတာ၊ ငါမှတ်မိသလောက်ဆိုရင် ‘ခြေဖျားထောက်ပြီး လမ်းလျှောက်တတ်တဲ့ တိတ်တဆိတ်အစေခံ’ တစ်ယောက်နဲ့ ‘ပင်မဇာတ်လိုက်ကို မြင်တာနဲ့ ထိတ်လန့်သွားတဲ့ ကောက်ကျစ်တဲ့ မျက်နှာသွင်ပြင်ရှိတဲ့ မိသားစုဆရာဝန်’ တစ်ယောက် ရှိသေးတယ်”
“ရှင်ပြောချင်တာက အက်ရှာမိသားစုဝင်တွေကလည်း နစ်နာသူတွေဖြစ်နိုင်တယ်လို့ ဆိုလိုတာလား”
ရီရူယွီက မေးလိုက်သည်။
ဖုန်းပုကြွယ်က တစ်ခုခုလိုက်ရှာနေသကဲ့သို့ ပတ်ဝန်းကျင်ကို ကြည့်ရင်း အာရုံမစိုက်ဘဲ ပြန်ဖြေလိုက်သည်။
“ဖြစ်နိုင်တာကတော့ အက်ရှာမိသားစုဟာ ထူးဆန်းတဲ့ ဘာသာရေးအုပ်စုတစ်စုရဲ့ ပစ်မှတ်ထားခံခဲ့ရပြီး သူတို့ရဲ့ စမ်းသပ်ချက်... မဟုတ်ဘူး၊ ယဇ်ကောင်တွေ ဖြစ်သွားခဲ့တာပဲ၊ သူတို့ သေဆုံးပြီးတဲ့နောက်မှာ ဒီအိမ်ကြီးဆီကို ယဇ်ပူဇော်ခံလိုက်ရတာ၊ ဒီအိမ်ကြီးမှာ ဘာတွေဖြစ်နေသလဲဆိုတာ ဘယ်သူသိမှာလဲ... ဖြစ်နိုင်တာကတော့ ဒီအိမ်ကြီးရဲ့ စွမ်းအားတွေက လုပ်ကြံဖန်တီးထားတဲ့ နတ်ဆိုးနတ်ဘုရားတစ်ပါးဆီက လာတာလည်း ဖြစ်နိုင်တာပဲ”
“ဟိုအပေါ်မှာ”
ရီရူလီက ရုတ်တရက် ပြောလိုက်သည်။
ဖုန်းပုကြွယ် ချက်ချင်းခေါင်းမော့ကြည့်လိုက်သည်။ စောင်းနေသော အမိုးပေါ်တွင် သူသည် သရဲစံအိမ်၏ နောက်ဆုံးအပိုင်းကို တွေ့လိုက်ရသည်။
“ယခု ဧည့်သည်တော်တို့သည် ချိုင့်ဝှမ်းအတွင်းသို့ လှမ်းဝင်ခဲ့ကြလေပြီ
သွေးရောင်အလင်းပြန်နေသော ပြတင်းပေါက်မှတစ်ဆင့်
ခြောက်ခြားဖွယ်အရိပ်တို့ကို မြင်တွေ့ခဲ့ရ
စူးရှသော တေးသံတို့နှင့်အတူ ကခုန်နေကြသည်
ကြောက်မက်ဖွယ် စတိုင်ဇ် (Styx) မြစ်ကဲ့သို့ပင် လှိုင်းထန်လှသည်
ဖြူဖျော့သော နန်းတော်တံခါးဆီသို့ တိုးဝင်လာကြသည်
နတ်ဆိုးတို့ ရောက်ရှိလာလေပြီ
ရယ်မောသံတို့ နားထဲပြည့်လျှံနေသော်လည်း ပြုံးရယ်ခြင်း မရှိတော့”
[ဘေးထွက်တာဝန် ပြီးဆုံးပါပြီ] စနစ်က အကြောင်းကြားလိုက်သည်။
ဖုန်းပုကြွယ်က သက်ပြင်းချကာ ပြောလိုက်သည်။
“ကောင်းပြီ၊ အခု မှော်အစီအရင်ပျက်စီးသွားပြီဆိုတော့ အိမ်ကြီးက ပုံမှန်ပြန်ဖြစ်သွားလောက်ပြီ၊ ငါတို့ မကြာခင် ထွက်ပေါက်ကို ရှာတွေ့နိုင်တော့မှာပါ”
“ငါတို့ ဒီပြတင်းပေါက်ကနေပဲ ခုန်ချလိုက်ရင်ရော ဘယ်လိုလဲ၊ ထွက်ပေါက်ရှာဖို့ အတော်လေး ကြာခဲ့ပြီဆိုတော့”
ဝမ်တန်ကျိက အကြံပြုလိုက်သည်။
“ဒါဆိုလည်း ခုန်လိုက်လေ”
ဖုန်းပုကြွယ်က မက်ဒလင်း၏ အလောင်းကို ကောက်မကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။
“မင်း အောင်မြင်ပါစေလို့ ငါဆုတောင်းပေးပါတယ်”